သုံးနိုင်ငံခေတ် (၆၆)
အခန်း(၆၆) ဓားတစ်ချောင်းဖြင့် "ကွမ်းယွီ"(Guan Yu) သည် စားသောက်ပွဲသို့တစ်ကိုယ်တည်း တက်ရောက်ခြင်း။ မိဖုရားဖူမှ တိုင်းပြည်အတွက် အသက်စွန့်ခဲ့ခြင်း။ "ကျန်းကျောက်"(Zhang Zhao) ပြောသောအကြံမှာ အောက်မှာအတိုင်းဖြစ်သည်။ "လျူဘေ့(Liu Bei) အားအကိုးရဆုံးလူက ကျူးကဲလျန့်(Zhuge Liang) ပဲလေ။ အခု သူ့အစ်ကို ကျူးကဲကျင့်(Zhuge Jin) က သခင်ကြီးလက်အောက်မှာရှိတယ်။ သခင်ကြီးလုပ်ရမှာက ကျူးကဲကျင့်(Zhuge Jin) ရဲ့မိသားစုကိုဖမ်းထားပြီးတော့ သူ့ကို ကျူးကဲလျန့်(Zhuge Liang) နဲ့သွားတွေ့စေဖို့ပဲ။ ကျူးကဲလျန့်(Zhuge Liang) က ကျင်ကျိုးကိုပြန်ပေးဖို့ လျူဘေ့(Liu Bei) ကိုတိုက်တွန်းလိမ့်မယ်။ ညီအစ်ကိုသံယောဇဉ်ကို ကျူးကဲလျန့်(Zhuge Liang) က ဖြတ်တောက်နိုင်မှာမဟုတ်ဘူး" "ဒါပေမယ့် ကျူးကဲကျင့်(Zhuge Jin) က သစ္စာရှိအမှုထမ်းပဲလေ၊ သူ့မိသားစုအပေါ် ကျုပ်အဲ့လိုဘယ်လိုလုပ်နိုင်မလဲ" "ဒါက တစ်ဖက်လူကိုလှည့်စားဖို့ ပရိယာယ်ဆိုတာ သူ့ကိုရှင်းပြထားပါ။ ဒီလိုဆို သူလည်း စိတ်အေးမှာပေါ့" ထိုအခါ "စွန်းချွမ်"(Sun Quan) က သဘောတူကာ သူ၏အမှုထမ်း၏မိသားစုဝင်တို့ကို ဖမ်းဆီးသယောင်နှင့် နယ်စားအိမ်တော်အ...