သုံးနိုင်ငံခေတ် (၆၆)

အခန်း(၆၆) ဓားတစ်ချောင်းဖြင့် "ကွမ်းယွီ"(Guan Yu) သည် စားသောက်ပွဲသို့တစ်ကိုယ်တည်း တက်ရောက်ခြင်း။
မိဖုရားဖူမှ တိုင်းပြည်အတွက် အသက်စွန့်ခဲ့ခြင်း။

"ကျန်းကျောက်"(Zhang Zhao) ပြောသောအကြံမှာ အောက်မှာအတိုင်းဖြစ်သည်။
"လျူဘေ့(Liu Bei) အားအကိုးရဆုံးလူက ကျူးကဲလျန့်(Zhuge Liang) ပဲလေ။ အခု သူ့အစ်ကို ကျူးကဲကျင့်(Zhuge Jin) က သခင်ကြီးလက်အောက်မှာရှိတယ်။ သခင်ကြီးလုပ်ရမှာက ကျူးကဲကျင့်(Zhuge Jin) ရဲ့မိသားစုကိုဖမ်းထားပြီးတော့ သူ့ကို ကျူးကဲလျန့်(Zhuge Liang) နဲ့သွားတွေ့စေဖို့ပဲ။ ကျူးကဲလျန့်(Zhuge Liang) က ကျင်ကျိုးကိုပြန်ပေးဖို့ လျူဘေ့(Liu Bei) ကိုတိုက်တွန်းလိမ့်မယ်။ ညီအစ်ကိုသံယောဇဉ်ကို ကျူးကဲလျန့်(Zhuge Liang) က ဖြတ်တောက်နိုင်မှာမဟုတ်ဘူး"
"ဒါပေမယ့် ကျူးကဲကျင့်(Zhuge Jin) က သစ္စာရှိအမှုထမ်းပဲလေ၊ သူ့မိသားစုအပေါ် ကျုပ်အဲ့လိုဘယ်လိုလုပ်နိုင်မလဲ"
"ဒါက တစ်ဖက်လူကိုလှည့်စားဖို့ ပရိယာယ်ဆိုတာ သူ့ကိုရှင်းပြထားပါ။ ဒီလိုဆို သူလည်း စိတ်အေးမှာပေါ့"
ထိုအခါ "စွန်းချွမ်"(Sun Quan) က သဘောတူကာ သူ၏အမှုထမ်း၏မိသားစုဝင်တို့ကို ဖမ်းဆီးသယောင်နှင့် နယ်စားအိမ်တော်အတွင်းတွင် နေစေသည်။ ထို့နောက် "ကျူးကဲကျင့်"(Zhuge Jin) ကို စာတစ်စောင်ပေးကာ ယီကျိုးသို့သွားစေသည်။ "ကျူးကဲကျင့်"(Zhuge Jin) လာမည့်အကြောင်းကို ချန်တူးရှိ "လျူဘေ့"(Liu Bei) အား ကြိုအကြောင်းကြားထားသည်။

"လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge Liang) ထံမှ အကြံတောင်းသည်။
"ခင်ဗျားအစ်ကို ဘာလို့ရောက်လာတယ်လို့ ထင်လဲ"
"သူလာတာဟာ ကျင်ကျိုးပြည်နယ်ကို သူတို့ဆီပြန်ပေးဖို့ တောင်းဖို့အတွက်ပဲဖြစ်မယ်"
"ဒါဆို သူ့ကိုဘယ်လိုပြောရမလဲ"
"သခင်ကြီးက ဒီလိုဒီလိုလုပ်ပါ"
ထိုသို့ပြင်ဆင်ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) သည် မြို့ပြင်သို့ထွက်ပြီး သူ၏အစ်ကိုကို သွားကြိုသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏အစ်ကိုကို သူ၏အိမ်တော်သို့မခေါ်သွားပဲ ဧည့်ဂေဟာသို့သာ ခေါ်သွားလေသည်။

နှုတ်ဆက်ပြီးနောက်ဝယ် ဧည့်သည်မှ ငိုကြွေးလေသည်။
"အစ်ကို၊ ပြဿနာအခက်အခဲတွေရှိရင်ပြောပြပါ။ ဘာလို့ ဒီလိုငိုရတာလဲ"
"ငါ့ မိသားစုကို ဆုံးရှုံးရတော့မယ်"
"ဒါက ကျင်ကျိုးပြည်နယ်ကို ပြန်ပေးဖို့ကိစ္စနဲ့ပတ်သတ်နေတာလား? ကျွန်တော့်ကြောင့် အစ်ကိုရဲ့မိသားစုက အဖမ်းခံရတာဆိုရင် ကျွန်တော်ဘာမှမလုပ်ပဲ ဘယ်နေနိုင်ပါ့မလဲ? အစ်ကို၊ ဘာမှစိတ်မပူနဲ့။ ကျွန်တော် ဒီအခက်အခဲကိုကျော်လွှားဖို့ နည်းလမ်းရှာပါ့မယ်"
ထိုအခါ "ကျူးကဲကျင့်"(Zhuge Jin) မှာ ဝမ်းမြောက်သွားလေသည်။ ညီအစ်ကိုနှစ်ဦးတို့ "လျူဘေ့"(Liu Bei) နှင့်သွားတွေ့ကြသည်။

"စွန်းချွမ်"(Sun Quan) ပေးလိုက်သောစာကိုဖတ်ပြီးနောက် "လျူဘေ့"(Liu Bei) သည် ဒေါသထွက်ပြီး
"သူနဲ့ကျုပ်နဲ့က ယောက်ဖတော်စပ်တယ်လေ။ အဲ့ဒါကိုတောင် ကျင်ကျိုးမှာ ကျုပ်မရှိတာကို အခွင့်ကောင်းယူပြီး သူ့ညီမကို ပြန်ခိုးသွားတယ်။ ဒါနဲ့ပတ်သတ်ပြီး ကျုပ်သည်းမခံနိုင်ဘူး။ ကျုပ်ရဲ့စစ်တပ်ကြီးကိုဦးဆောင်ပြီး လက်စားချေဖို့ တောင်ပိုင်းပြည်နယ်ကိုတိုက်မလို့။ ဒါတောင် သူက အခု ကျင်ကျိုးကိုလိုချင်သေးတယ်ပေါ့"
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် သူ့သခင်၏ခြေရင်းတွင် ဒူးထောက်ကာ
"ဝူနယ်စားက ကျွန်တော့်အစ်ကိုရဲ့မိသားစုကိုဖမ်းထားတယ်။ အကယ်၍ အဲ့ပြည်နယ်ကိုပြန်မပေးရင် သူတို့ကိုသတ်ပစ်လိမ့်မယ်။ အဲ့လိုသာဆိုရင် ကျွန်တော်ကရော ဘယ်လိုအသက်ရှင်ရပါ့မလဲ? ဒါကြောင့် ကျွန်တော့်မျက်နှာကိုထောက်ထားပြီးတော့ သခင်ကြီးက ပြည်နယ်ကိုပြန်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အဲ့လိုမှသာ ကျွန်တော်နဲ့ကျွန်တော့်အစ်ကိုကြားမှာ သံယောဇဉ်ပျက်ပြယ်မှုဆိုတာ မရှိမှာ"
သို့သော် "လျူဘေ့"(Liu Bei) ကလက်မခံပေ။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ အကြိမ်ကြိမ်တောင်းပန်သောကြောင့် နောက်ဆုံးတွင် "လျူဘေ့"(Liu Bei) မှလက်ခံလိုက်သည်။
"အကြံပေးက ဒီလိုပြောလာမှတော့ ကျုပ်က ပြည်နယ်တစ်ဝက်ကိုပြန်ပေးတာပေါ့။ ချန်ဆား၊ လင်လင်နဲ့ ကွေ့ရန်တို့ကို ပြန်ပေးမယ်"
"ဒါဆိုရင် အဲ့ပြည်နယ်တွေပြန်ပေးဖို့ ကွမ်းယွီ(Guan Yu) ဆီကို အကြောင်းကြားစာရေးပေးပါ"
"ခင်ဗျား ကျုပ်ညီနဲ့တွေ့ရင် ကောင်းကောင်းမွန်မွန်စကားပြောပါ။ သူက ဒေါသကြီးတော့ သူဘာလုပ်မယ်ဆိုတာ ကျုပ်မသိဘူး၊ ဒါကြောင့် သတိထားပါ"
စာကိုရသည်နှင့် "ကျူးကဲကျင့်"(Zhuge Jin) သည် ကျင်ကျိုးသို့သွားပြီး အုပ်ချုပ်သူနှင့်တွေ့ရန်အကြောင်းကြားကာ ဧည့်ဆောင်တွင်စောင့်နေခဲ့သည်။ "ကွမ်းယွီ"(Guan Yu) ရောက်လာပြီး နှုတ်ခွန်းဆက်စကားတို့ဆိုပြီးနောက် "လျူဘေ့"(Liu Bei) ထံမှစာကိုထုတ်ပြလေသည်။
"ဦးရီးတော်က မြို့နယ်သုံးခုကို ကျုပ်သခင်ဆီပြန်ပေးမယ်လို့ပြောတယ်။ ဒါကြောင့် စစ်သူကြီးက ဒီမြို့နယ်တွေကို ကျွန်တော်တို့လက်ထဲအပ်ဖို့ တောင်းဆိုပါတယ်"
"မက်မွန်ပန်းခြံမှာ အစပြခဲ့တဲ့ ကျုပ်တို့ညီနောင်သုံးဦးရဲ့သစ္စာဟာ ဟန်တိုင်းပြည်ကြီးအတွက်ပဲ။ ကျင်ကျိုးက ဟန်တိုင်းပြည်ရဲ့နယ်မြေဖြစ်တဲ့အတွက် ဘာလို့တခြားသူကို ပေးရမှာလဲ? ခေါင်းဆောင်တစ်ယောက်က စစ်မြေပြင်မှာရောက်နေရင် ဘယ်သူ့ရဲ့အမိန့်ကိုမှ မနာခံဘူး၊ သူ့အထက်က မင်းသားအမိန့်ကိုတောင် နာခံမှာမဟုတ်ဘူး။ ခင်ဗျားက ကျုပ်အစ်ကိုရဲ့စာကိုယူလာပေမယ့် ခင်ဗျားလက်ထဲကို မြို့နယ်သုံးခုအပ်လို့မဖြစ်ဘူး။"
"ဒါပေမယ့် ဝူနယ်စားက ကျုပ်မိသားစုတွေကို ဓားစာခံလုပ်ထားတယ်။ ဒီနယ်မြေပြန်မအပ်ရင် သူတို့ကိုသတ်ပစ်လိမ့်မယ်။ ဒါကြောင့် ကျွန်တော့်ကိုသနားတဲ့အနေနဲ့ ဒီနယ်မြေတွေကိုပြန်အပ်ပေးပါ"
"ဒါ လုပ်ကြံမှုသက်သက်ပဲ။ ကျုပ်ကိုဒီလိုလာလှည့်စားလို့မရဘူး"
"ခင်ဗျားက ဘာလို့ဒီလောက် ရက်စက်ရတာလဲ"

"ကွမ်းယွီ"(Guan Yu) သည် ဓားကိုဆွဲထုတ်လိုက်ပြီး
"ဘာမှထပ်မပြောနဲ့တော့။ ဒီဓားက ဘာမှသက်ညှာမှာမဟုတ်ဘူး"
ထိုအခါ "ကွမ်းဖင်"(Guan Ping) မှ
"အဖေ အဲ့လိုလုပ်ရင် အကြံပေးက စိတ်မကောင်းဖြစ်လိမ့်မယ်။ ဒါကြောင့် ဒေါသမထွက်ပါနဲ့"
ထိုအခါ "ကွမ်းယွီ"(Guan Yu) မှ "ကျူးကဲကျင့်"(Zhuge Jin) အား
"ကျုပ်သာ အကြံပေးပုဂ္ဂိုလ်အပေါ်မလေးစားရင် ခင်ဗျား တောင်ပိုင်းပြည်နယ်ကို ပြန်ရမှာမဟုတ်ဘူး"

"ကျူးကဲကျင့်"(Zhuge Jin) မှာရှက်သွားပြီး ပြန်ထွက်ခွာကာ ချန်တူးသို့သွားပြီး သူ၏ညီထံသွားသည်။ ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) မှာ အခြားတစ်နေရာသို့သွားပြီဖြစ်သည်။ ထိုအခါ "လျူဘေ့"(Liu Bei) နှင့်တွေ့ပြီး "ကွမ်းယွီ"(Guan Yu) က သူ့အားသတ်လိုသည့်အကြောင်းပြောသည်။
"ကျုပ်ညီက စိတ်မြန်လွန်းတယ်။ သူနဲ့အငြင်းအခုန်လုပ်ဖို့ခက်တယ်။ လောလောဆယ်တော့ အရင်ပြန်နှင့်ပါဦး။ ကျုပ် ဟန်ကျုံးကိုသိမ်းပြီးရင် ကွမ်းယွီ(Guan Yu) ကို တခြားနေရာမှာ ပြောင်းထားပြီး ကျင်ကျိုးကိုခင်ဗျားတို့လက်ထဲပြန်အပ်ပါ့မယ်"

"ကျူးကဲကျင့်"(Zhuge Jin) လည်း မတတ်နိုင်တော့သည်နှင့် ပြန်ကာ သူ၏သခင်အားပြောပြသည်။
"စွန်းချွမ်"(Sun Quan) သည် အင်မတန်အမျက်ထွက်ကာ
"ခင်ဗျား တောင်ပြေးလိုက်မြောက်ပြေးလိုက် လုပ်ခဲ့ရတာဟာ ခင်ဗျားညီရဲ့လှည့်စားမှုပဲ"
"ကျူးကဲကျင့်"(Zhuge Jin) ကလည်း ငြင်းလေသည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ ကျူးကဲလျန့်(Zhuge Liang) က ငိုပြီးတော့ လျူဘေ့(Liu Bei) ဆီမှာ အသနားခံခဲ့တာ။ ဒီအကြံပျက်သွားတာ ကွမ်းယွီ(Guan Yu) ကြောင့်ပဲ"
"လျူဘေ့(Liu Bei) က မြို့နယ်သုံးခုကိုပြန်ပေးမယ်လို့ပြောတော့ ကျုပ်တို့က အမှုထမ်းတွေလွှတ်ပြီး အုပ်ချုပ်ရေးကိုကိုင်တွယ်ထားရင် မကောင်းဘူးလား"
"သခင်ကြီးပြောတာ သင့်တော်ပါတယ်"

ထို့နောက် "ကျူးကဲကျင့်"(Zhuge Jin) ၏မိသားစုတို့ကိုပြန်လွှတ်ပေးလိုက်ပြီး မြို့နယ်သုံးနယ်သို့ အမှုထမ်းတို့ကိုစေလွှတ်ကာ စောင့်ကြပ်စေသည်။ မကြာမီတွင်ပင် ထိုအမှုထမ်းတို့ပြန်လာပြီး
"ကွမ်းယွီ(Guan Yu) က ကျွန်တော်တို့ကို လက်မခံဘူးလို့ပြောပြီး မောင်းထုတ်လိုက်တယ်။ ဒါ့အပြင် ကျွန်တော်တို့ကိုသတ်မယ်လို့လည်း ခြိမ်းခြောက်သေးတယ်"
ထိုအခါ "စွန်းချွမ်"(Sun Quan) သည် "လူဆု"(Lu Su) ကိုခေါ်ပြီး အပြစ်တင်လေသည်။
"ခင်ဗျားက ဒီကိစ္စနဲ့ပတ်သတ်ပြီး လျူဘေ့(Liu Bei) အတွက် အာမခံခဲ့တယ်မဟုတ်လား။ အခုတော့ လျူဘေ့(Liu Bei) က လက်မခံတော့ ဘယ်လိုလုပ်မလဲ"
"ကျွန်တော့်မှာ အကြံတစ်ခုရှိပါတယ်။ အခုလေးတင် သခင်ကြီးဆီလာပြောမလို့ပါ"
"ခင်ဗျားအကြံက ဘာတုန်း"

"လုခိုမှာ စခန်းတစ်ခုရှိတယ်၊ ကွမ်းယွီ(Guan Yu) ကို အဲ့နေရာမှာ စားပွဲဖိတ်ပြီး သူ့ကိုသိမ်းသွင်းပြောဆိုကြည့်ပါ။ သူငြင်းဆိုနေသေးရင် လူသတ်သမားတွေလွှတ်ပြီး သတ်လိုက်ပါ။ သူက စားပွဲသတ်ဖို့ငြင်းရင်တော့ ဒါကိုအကြောင်းပြုပြီး စစ်ချီတက်ပါ"
"ဒီအကြံကောင်းတယ်။ ဒါကို အကောင်အထည်ဖော်ရမယ်"
ထိုအခါ "ခန့်ဇယ်"(Kan Ze) မှ ဝင်ရောက်တားမြစ်သည်။
"ဒါ လုပ်လို့မဖြစ်ဘူး။ သူက ကျားတစ်ကောင်လိုရဲရင့်ပြီး သာမန်လူတွေယှဉ်နိုင်သူမဟုတ်ဘူး။ အကြံပျက်သွားရင် အခြေအနေပိုဆိုးသွားမယ်"
"စွန်းချွမ်"(Sun Quan) မှ ဒေါသတကြီးဖြင့်
"ဒါဆို ဘယ်အချိန်မှ ကျင်ကျိုးကို ပြန်ရမှာလဲ"

ထို့နောက် "လူဆု"(Lu Su) အား ထိုအကြံကိုလုပ်ဆောင်ရန် အမိန့်ပေးလိုက်သည်။ "လူဆု"(Lu Su) လည်း လုခိုသို့သွားပြီး "လွီမန်"(Lu Meng) ၊ "ကန်းနင်"(Gan Ning) တို့နှင့်အတူ စားသောက်ပွဲအတွက် ပြင်ဆင်သည်။ နေရာကို မြစ်နံဘေးတွင် ရွေးချယ်လိုက်ပြီး လူတစ်ဦးကိုလွှတ်ကာ စာပို့စေသည်။ ထိုစာကို "ကွမ်းဖင်"(Guan Ping) မှလက်ခံပြီး သူ၏ဖခင်ထံပေးလိုက်သည်။
"လူဆု(Lu Su) က ကျုပ်ကိုဖိတ်မှတော့ မနက်ဖြန်ကျရင် လာမယ်လို့ပြောလိုက်ပါ။ ခင်ဗျားပြန်လို့ရပြီ"
စာပို့သူပြန်သွားသောအခါ "ကွမ်းဖင်"(Guan Ping) မှ သူ့အဖေအား
"အဖေက ဘာလို့သွားဖို့ကတိပေးလိုက်တာလဲ? ဒီလူဆု(Lu Su) က မကောင်းကြံနေပုံရတယ်"
"ဒါ ငါမသိဘူးလို့ထင်လို့လား။ ဒါက ငါမြို့နယ်တွေပြန်မပေးဘူးလို့ငြင်းလိုက်လို့ သူတို့က ငါ့ကိုခြိမ်းခြောက်မလို့လုပ်တာ။ ငါငြင်းလိုက်ရင် သူတို့က ငါကြောက်သွားပြီလို့ထင်နေလိမ့်မယ်။ ငါမနက်ဖြန်မှာ ကိုယ်ရံတော်ဆယ်ယောက်နဲ့အတူ လှေလေးနဲ့သွားမယ်။ လူဆု(Lu Su) က ငါ့နားကပ်ရဲလားလို့ကြည့်တာပေါ့"
"ဒါပေမယ့် အဖေက ကိုယ့်ကိုယ်ကို အန္တရာယ်ထဲကျအောင် ကျားခံတွင်းထဲ ဘာလို့ဝင်ရတာလဲ? ဒီနယ်မြေတွေကိုပြန်မပေးတာက ဘကြီးကြောင့်ပဲမဟုတ်လား"
"ငါ ဓားတွေ၊ မြားတွေ သိန်းသန်းပေါင်းများစွာကြားကိုတောင် ဖြတ်ကျော်နိုင်ခဲ့သေးတာပဲ။ ဒီလိုကြွက်လေးတွေကိုကြောက်မယ်လို့ထင်လို့လား"

သူ၏သားတင်မက "မာလျန့်"(Ma Liang) မှလည်း
"လူဆု(Lu Su) က ကောင်းသတင်းနဲ့ကျော်ကြားပေမယ့်လည်း အခုသူက ချောင်ထဲရောက်နေပြီ။ ဒီတော့ စစ်သူကြီးအပေါ်မကောင်းကြံလိမ့်မယ်။ ဒါကြောင့် သတိထားသင့်တယ်"
"ကျုပ်က ကတိပေးလိုက်ပြီပဲ။ ဒါကိုပြန်ငြင်းရဦးမှာလား? စစ်ပွဲများခေတ်တုန်းက ကျောက်နယ်က လီရှန့်ရု(Liu Xiangru)1 ဟာ ကြက်ကလေး၊ ငှက်ကလေးကိုဖမ်းဖို့တောင် ခွန်အားမရှိဘူး။ ဒါပေမယ့် ရှန်ချီရေကန်က တွေ့ဆုံပွဲမှာတော့ အင်အားကြီးချင်တိုင်းပြည်က မင်းသားနဲ့အမတ်တွေကို ဂရုမစိုက်ပဲ မကြောက်မရွံ့နဲ့ သူ့တာဝန်သူလုပ်ဆောင်ခဲ့တယ်မဟုတ်လား။ ကျုပ်က ရန်သူတွေကိုရင်ဆိုင်နိုင်တာပဲ။ ဒီကတိကိုပြန်ရုတ်လို့မဖြစ်ဘူး"
"စစ်သူကြီးသွားမယ်ဆိုရင် အနည်းဆုံးတော့ ပြင်ဆင်ပြီးသွားပါ"
"ကျုပ်အကူအညီလိုရင် လာကူနိုင်ဖို့ အမြန်သင်္ဘောဆယ်စင်းနဲ့ရေကြောင်းတပ်သားငါးရာကို ကျုပ်သားကိုအဆင်သင့်ပြင်ခိုင်းထားပါ။ အနီရောင်အလံပြတာကိုမြင်တာနဲ့ သူ့ကိုချက်ချင်းလာခိုင်းပါ"
ထိုသို့အမိန့်ပေးပြီးနောက် စားပွဲသို့သွားရန် ပြန်ဆင်သည်။

စာပို့သည့်ဆက်သားပြန်လာပြီးနောက် အကျိုးအကြောင်းပြောလေသည်။ "လူဆု"(Lu Su) မှ "လွီမန်"(Lu Meng) အား
"ခင်ဗျား ဒါကို ဘယ်လိုထင်လဲ"
"ကွမ်းယွီ(Guan Yu) က စစ်တပ်နဲ့လာရင်တော့ ကျွန်တော်နဲ့ကန်းနင်(Gan Ning) က မြစ်နားမှာ အဆင်သင့်စောင့်နေပါ့မယ်။ အသံတစ်ခုကြားလိုက်ရင် တိုက်ခိုက်ဖို့အချက်ပေးတယ်လို့မှတ်ယူပါ။ သူသာ တပ်သားတွေနဲ့မလာရင်တော့ စားသောက်ပွဲမှာ လူသတ်သမားတွေကိုအဆင်သင့်ပြင်ထားပါ"
နောက်ရက် မြစ်ကမ်းနံဘေးတွေ တပ်သားတို့ကိုလွှတ်ကာ စောင့်ကြပ်ထားစေသည်။ မနက်စောစောအချိန်တွင် လူအနည်းငယ်ပါသော သင်္ဘောတစ်စင်းချဉ်းကပ်လာသည်ကိုတွေ့လေသည်။ သင်္ဘောပေါ်တွင် အနီရောင်အလံစိုက်ထူထားပြီး ထိုအလံတွင် ""(ကွမ်း) ဟူသောစာလုံးရေးထားသည်။
သင်္ဘောပေါ်တွင် အစိမ်းရောင်အင်္ကျီနှင့်အပြာရောင် ခေါင်းပေါင်းပေါင်းထားသော အင်မတန်ခန့်ညားသည့်လူတစ်ဦးကိုတွေ့နိုင်သည်။ ထိုသူ၏နံဘေးတွင် "ကျိုးချန်"(Zhou Cang) ရှိပြီး ၎င်းမှာ ဓားကိုင်သူဖြစ်သည်။ ထို့အပြင် ဘေးဘက်တွင် ဓားကိုင်ဆောင်ထားသော ကိုယ်ရံတော် ရှစ်ဦး၊ ကိုးဦးခန့်ရှိသည်။
"ကွမ်းယွီ"(Guan Yu) သည် သင်္ဘောပေါ်မှဆင်းသောအခါ တုန်လှုပ်နေသော "လူဆု"(Lu Su) က လာကြိုပြီး နှုတ်ခွန်းဆက်စကားတို့ဆိုကာ ခန်းမဆောင်အတွင်းသို့ခေါ်သွားသည်။ "ကွမ်းယွီ"(Guan Yu) နှင့်အတူ အရက်သောက်သောအခါဝယ် "လူဆု"(Lu Su) မှာ မျက်လုံးကိုပင် စေ့စေ့မကြည့်ရဲပေ။ သို့သော်လည်း "ကွမ်းယွီ"(Guan Yu) မှာ ဣနြေ္ဒမပျက်ပေ။
အရက်ရှိန်နည်းနည်းရလာသောအခါ "လူဆု"(Lu Su) မှ
"ခင်ဗျားကို ပြောစရာရှိတယ်။ ခင်ဗျားအစ်ကိုက ယီကျိုးကိုသိမ်းပြီးရင် ကျင်ကျိုးပြည်နယ်ကို ကျုပ်သခင်ကြီးထံပြန်ပေးမယ်လို့ ကတိပြုထားတာကို ခင်ဗျားသိတယ်မဟိုက်လား။ အခု ယီကျိုးကိုသိမ်းပြီးပြီဆိုပေမယ့် ကျင်ကျိုးကိုပြန်မပေးသေးဘူးလေ။ ဒါ ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာ မဟုတ်လား"
"ဒီလို အုပ်ချုပ်ရေးအရေးကိစ္စတွေကို စားသောက်ပွဲမှာ မပြောသင့်ဘူး"
"ကျွန်တော့်သခင်က အရှေ့ဘက်ကိုပဲ ပိုင်တာ။ ခင်ဗျားတို့လိုအပ်နေတဲ့အချိန်တုန်းက ထောက်ညှာပြီး ကျင်ကျိုးကိုခဏငှားရမ်းပေးခဲ့တယ်လေ။ အခု ခင်ဗျားတို့က ယီကျိုးကိုရသွားတော့ ကျင်ကျိုးပြည်နယ်ကို ပြန်ပေးသင့်တာပေါ့။ ဦးရီးတော်က မြို့နယ်သုံးခုကို ပြန်အပ်မယ်လို့တောင် ပြောခဲ့ပြီလေ၊ ခင်ဗျားက ဒါကိုလက်မခံဘူး။ ဒါကို အကျိုးအကြောင်းသင့်တောင် ပြောဖို့ခက်ခဲတယ်"
"ကမ်းပါးနီတိုက်ပွဲပြီးနောက် ဝူလင်တိုက်ပွဲမှာ ကျုပ်အစ်ကိုက ဓားတွေလှံတွေကြားက အသက်နဲ့ရင်းပြီး ရန်သူတွေကိုတွန်းလှန်ခဲ့တယ်။ အဲ့အတွက် သူက မြေတစ်ပေလေးတောင်ရလို့လား။ အခု ခင်ဗျားကလာပြီး သူ့ကို နေရာကဖယ်ခိုင်းနေတယ်"
"မဟုတ်ဘူး၊ အဲ့အချိန်တုန်းက ခင်ဗျားနဲ့ခင်ဗျားအစ်ကိုဟာ တန်းရန်မှာ စစ်ရှုံးပြီး ခိုကိုးရာမဲ့ဖြစ်နေတဲ့အချိန်မှာ ကျုပ်သခင်က သနားပြီး စေတနာနဲ့ နယ်မြေကို ခဏငှားခဲ့တာလေ။ အခုတော့ ခင်ဗျားအစ်ကိုက ယီကျိုးကိုသိမ်းပြီးတာတောင် ကျင်ကျိုးကို ဆက်သိမ်းထားသေးတယ်။ ဒီလိုလောဘနဲ့ သစ္စာမဲ့မှုဟာ လူတွေရဲ့ပျက်ရယ်ပြုစရာမဖြစ်ဘူးလား။ ဒါကို ခင်ဗျားလည်း သိမှာပါ"
"ဒါက ကျုပ်ရဲ့ကိစ္စမဟုတ်ဘူး။ ကျုပ်အစ်ကိုနဲ့ဆိုင်တဲ့ဟာပဲ။ နယ်မြေကို ပေးလို့မဖြစ်ဘူး"
"မက်မွန်ပန်းခြံမှာတုန်းက ခင်ဗျားတို့ညီနောင်သုံးယောက်ဟာ အတူနေပြီး အတူသေဆုံးမယ်လို့ သစ္စာပြုခဲ့တာ သိတယ်။ ဒါပေမယ့် ခင်ဗျားအစ်ကိုတောင် နယ်မြေကိုပြန်ပေးဖို့လက်ခံခဲ့ပြီပဲ။ ခင်ဗျားက ဒီကနေဘယ်လိုထွက်နိုင်မလဲ"

"ကွမ်းယွီ"(Guan Yu) ပြန်မဖြေမီတွင် "ကျိုးချန်"(Zhou Cang) မှ အသံကျယ်လောင်စွာဖြင့်
"မှန်ကန်ဖြောင့်မတ်တဲ့လူတွေသာလျှင် နယ်မြေကိုအုပ်ချုပ်နိုင်တယ်။ အဲ့လိုလူတွေက ခင်ဗျားတို့အရှေ့ဝူမှာပဲရှိတယ်လို့ ထင်တာလား"
ထိုအခါ "ကွမ်းယွီ"(Guan Yu) သည် မျက်နှာအမူအယာပြောင်းသွားပြီး ဒေါသထွက်ကာ သူ၏နေရာမှထပြီး
"တိုင်းရေးပြည်ရေးဆွေးနွေးနေတာက မင်းက ဘာလို့ဝင်ပြောရတာလဲ? သွားစမ်း။ ချက်ချင်းထွက်သွား"
"ကျိုးချန်"(Zhou Cang) မှာ နားလည်လိုက်သည်။ ထို့နောက် ခန်းမအတွင်းမှထွက်ကာ မြစ်အနီးသို့သွားပြီး အလံနီကိုကိုင်ကာ ဝှေ့ရမ်းလေ၏။ "ကွမ်းဖင်"(Guan Ping) ၏သင်္ဘောတို့သည် မြားကဲ့သို့ တဟုန်ထိုးထွက်လာပြီး အဆင်သင့်ပြင်လေသည်။
"ကွမ်းယွီ"(Guan Yu) သည် ညာဘက်တွင်ဓားကိုကိုင်ပြီး ဘယ်ဘက်တွင် "လူဆု"(Lu Su) ကိုဆွဲကိုင်ကာ
"ခင်ဗျားက ဒီနေ့ကျုပ်ကိုဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် ကျင်ကျိုးနဲ့ပတ်သတ်တာကိုမပြောပါနဲ့။ ကျုပ်အရက်မူးလာရင် ကျုပ်တို့ကြားက ခင်မင်ရင်းနှီးမှုကိုမေ့သွားလိမ့်မယ်။ နောက်ရက်မှာ ခင်ဗျားကို ကျင်ကျိုးလာဖို့ဖိတ်ပြီး အဲ့အချိန်မှပြောကြတာပေါ့"

"ကွမ်းယွီ"(Guan Yu) မှ "လူဆု"(Lu Su) ကို ဆွဲကိုင်ပြီး မြစ်ကမ်းအထိခေါ်သွားလေရာ "လူဆု"(Lu Su) မှာ ကိုယ်မှဝိညာဉ်လွင့်ထွက်သွားမတတ်ကြောက်ရွံ့သွားသည်။ ကြိုပြီးစောင့်ဆိုင်းနေသော "လွီမန်"(Lu Meng) နှင့် "ကန်းနင်"(Gan Ning) တို့သည်လည်း တိုက်ခိုက်လျှင် "လူဆု"(Lu Su) သေဆုံးမည်ကိုကြောက်သောကြောင့် မလှုပ်ရှားရဲပေ။ မြစ်ကမ်းနားသို့ရောက်သောအခါ "လူဆု"(Lu Su) ကိုလွှတ်လိုက်ပြီး သင်္ဘောပေါ်သို့တက်ကာ နှုတ်ဆက်စကားဆိုပြီးထွက်သွားလေသည်။ "လူဆု"(Lu Su) မှာ လေပြေနှင့်အတူထွက်သွားသောသင်္ဘောကိုငေးကြည့်ရင်း မှင်သေသေကာ ကျန်ရစ်ခဲ့သည်။
"ကွမ်းယွီ"(Guan Yu) ထွက်သွားသောအခါ "လူဆု"(Lu Su) မှ
"အခု ဘာလုပ်ကြမလဲ"
"လွီမန်"(Lu Meng) : "သခင်ကြီးကိုပြောပြပြီး စစ်ချီတက်ဖို့နည်းပဲကျန်တော့တယ်"
"လူဆု"(Lu Su) သည် ဆက်သားစေလွှတ်ကာ "စွန်းချွမ်"(Sun Quan) သို့အကြောင်းကြားစေသည်။ အမျက်ထွက်နေသော "စွန်းချွမ်"(Sun Quan) သည် စစ်သားတို့ကိုစုဆောင်းစေပြီး ကျင်ကျိုးကိုတိုက်ရန် ပြင်ဆင်သည်။
ထိုအချိန်တွင် တောင်ပိုင်းပြည်နယ်ကိုတိုက်ရန် "ချောင်ချောင်း"(Cao Cao) ၏တပ်ကြီးရောက်လာလေ၏။ ထို့ကြောင့် မလှုပ်ရှားသေးရန် "လူဆု"(Lu Su) အားအကြောင်းကြားစေပြီး "ချောင်ချောင်း"(Cao Cao) ၏တပ်ကိုခုခံရန်အတွက် စစ်တပ်တို့ကို ဟဲဖေးနှင့် ရုရွှီသို့လွှတ်လိုက်သည်။

သို့သော်လည်း "ချောင်ချောင်း"(Cao Cao) သည်တောင်ဘက်သို့ချီတက်မလာပေ။ စစ်တပ်အကြံပေးတစ်ဦးဖြစ်သော "ဖူကန်း"(Fu Gan) မှ အကြံဉာဏ်တစ်ခုတင်ပြသည်။
'ရန်သူတွေကိုတုန်လှုပ်အောင်လုပ်တာဟာ စစ်ပွဲရဲ့အရေးပါတဲ့အရာဖြစ်ပြီး ကောင်းမွန်စွာလုပ်ဆောင်ခြင်းဟာ အုပ်ချုပ်မှုမှာ အရေးပါတဲ့အရာဆိုတာ ကျွန်တော် ဖူကန်း(Fu Gan) သိပါတယ်။ ဒီနှစ်ခုကိုပေါင်းစည်းနိုင်သူက အရှင်သခင်ဖြစ်နိုင်တယ်။ ဟိုးအရင်တစ်ချိန်တုန်းက တိုင်းရေးပြည်ရာရှုပ်ထွေးတဲ့အချိန်မှာ သခင်ကြီးဟာ သူပုန်တွေကိုနှိမ်နှင်းပြီး တိုင်းပြည်ကို ငြိမ်းချမ်းစေခဲ့တယ်။ သိမ်းယူဖို့ကျန်တာကတော့ ဝူနဲ့ရှူပဲလျှည့်တော့မယ်။ ဝူပြည်နယ်က ရန်စီမြစ်ရဲ့ကာကွယ်မှုကိုရရှိပြီး ရှူကတော့ တောတောင်တွေရဲ့အကာအကွယ်ကြောင့် လုံခြုံတယ်။ ဒီနယ်နှစ်ခုလုံးကို တပ်ဖွဲ့နဲ့သိမ်းယူဖို့ခက်ခဲတယ်။
ကျွန်တော်မျိုးရဲ့အမြင်ကတော့ လောလောဆယ်မှာ အုပ်ချုပ်ရေးအာဏာကို ပိုမြဲအောင်လုပ်သင့်ပြီး တိုက်ခိုက်မှုကို ခဏတာလျစ်လျူရှုထားသင့်တယ်။ အခွင့်အလမ်းပေါ်လာတဲ့အထိ တပ်ဖွဲ့တွေကို လေ့ကျင့်ထားစေပါ။ အခုအချိန်မှာ သခင်ကြီးရဲ့ အင်အားကြီးတပ်ဖွဲ့တွေကိုစေလွှတ်ရင် ရန်သူတွေက တောတောင်ရေမြေရဲ့အကာအကွယ်ကိုယူပြီး ခုခံလိမ့်မယ်။ အဲ့လိုဆိုရင် သခင်ကြီးရဲ့တပ်ဖွဲ့တွေက အစွမ်းကုန်တိုက်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် ရန်သူတွေက ထူးထွေဆန်းပြားတဲ့နည်းဗျူဟာတွေသုံးရင် သူပုန်တွေကိုအောင်နိုင်မှာမဟုတ်ဘူး။ အဲ့လိုဆိုရင် သခင်ကြီးရဲ့ ဂုဏ်သရေညှိုးနွမ်းလိမ့်မယ်။ ဒါကြောင့် သခင်ကြီးက ဒါကိုပြန်စဉ်းစားသုံးသပ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်'

ထိုစာကိုဖတ်ပြီးသော် "ချောင်ချောင်း"(Cao Cao) သည် တောင်ပိုင်းပြည်နယ်သို့မချီတော့ပေ။ ထိုအစား ကျောင်းများဖွင့်လှစ်ကာ အရည်အချင်းရှိသူတို့ကို သူ့ထံတွင် အမှုထမ်းစေသည်။
ထိုအချိန်တွင်ပင် သူ၏အမှုထမ်းလေးဦးဖြစ်သော "ဝမ်ချန်"(Wang Can) ၊ "တုရှီး"(Du Xi) ၊" ဝေခိုင်"(Wei Kai) နှင့် "ဟယ်ဟဲ"(He He) တို့က "ချောင်ချောင်း"(Cao Cao) အား " ဝေမင်းသား" ဟူသောရာထူးကိုရစေရန် ကြံစည်ကြသည်။
၎င်းကို "ရွှင်ယို"(XunYou) မှ ကန့်ကွက်သည်။

"ဝန်ကြီးချုပ်ရဲ့ရာထူးဟာ 'မင်းသားငယ်' ရာထူးအထိရောက်နေပြီပဲ။ ဒါ့အပြင် ဂုဏ်ဒြပ်ကိုးမျိုးကိုလည်း ရထားသေးတယ်။ ဒါကြောင့် ရာထူးကအင်မတန်မြင့်နေပြီ။ အကယ်၍ ဘုရင်ရာထူးကိုပါယူမယ်ဆိုရင် အကျိုးအကြောင်းမဆီလျော်ပဲနေမယ်"
ထိုသို့ကန့်ကွက်သည်ကို "ချောင်ချောင်း"(Cao Cao) မှမနှစ်ခြိုက်ပဲ
"သူလည်း ရွှင်ယွိ(Xun Yu) နောက်လိုက်သွားချင်လို့လား" ဟုပြောသည်။
"ချောင်ချောင်း"(Cao Cao) ၏အမျက်ဒေါသအကြောင်းကို "ရွှင်ယွိ"(Xun Yu) ကြားလေလျှင် စိတ်မကောင်းဖြစ်ကာ နေမကောင်းဖြစ်လေ၏။ ရက်အနည်းငယ်အကြာတွင် သေဆုံးသွားခဲ့သည်။ သေဆုံးချိန်တွင် အသက် ငါးဆယ့်ရှစ်နှစ်ရှိလေပြီ။ "ချောင်ချောင်း"(Cao Cao) သည် ကွယ်လွန်သူအား ကောင်းမွန်စွာ သင်္ဂြိုလ်စေပြီး သူ၏ရည်မှန်းချက်ကိုရောက်အောင် အကောင်အထည်ဖော်သည်။

တစ်ရက်သော် "ချောင်ချောင်း"(Cao Cao) သည် ဓားကိုကိုင်ကာ နန်းတော်တွင်းသို့ဝင်ပြီး ဧကရာဇ်နှင့်မိဖုရားခေါင်တို့ရှိရာသို့သွားလေသည်။ မိဖုရားခေါင်ကြီးမှာ လန့်သွားကာ ရုတ်တရတ်ထလိုက်သည်။ ဧကရာဇ်သည်လည်း သူ၏ဝန်ကြီးကို ကြောက်လန့်သည့်အကြည့်ဖြင့် ကြည့်လေသည်။
"စွန်းချွမ်(Sun Quan) နဲ့လျူဘေ့(Liu Bei) တို့ဟာ တိုင်းပြည်ရဲ့တစ်စိတ်တစ်ဒေသကိုသိမ်းထားပြီး နန်းတွင်းကို အလေးမမူတော့ဘူး။ ဒါကိုဘယ်လိုလုပ်ရမလဲ"
ထိုစကားကို ဧကရာဇ်မှ
"ဒီကိစ္စက ဝန်ကြီးရဲ့နယ်နဲ့သက်ဆိုင်တယ်မဟုတ်လား"
"ချောင်ချောင်း"(Cao Cao) သည် ဒေါသတကြီးဖြင့်
"ဒီစကားကို အပြင်ကလူတွေကြားရင် ကျွန်တော်က ဧကရာဇ်အပေါ်မလေးစားဘူးလို့ စွပ်စွဲလိမ့်မယ်"
"ဝန်ကြီးက အကျွန်ုပ်ကိုကူညီရင် အကောင်းဆုံးပဲ။ မကူညီရင်လည်း အကျွန်ုပ်ကိုဒီအတိုင်းပဲထားဖို့ အကြင်နာတရားရှိတယ်လို့ယုံပါတယ်"
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဧကရာဇ်အားဒေါသဖြင့် ကြည့်ကာ ထွက်ခွာသွားသည်။

ထို့နောက် နန်းတွင်းအခြွေရံတို့မှ
"ဝေနယ်စားဟာ ဝေမင်းသား ဖြစ်ချင်တယ်လို့ပြောနေကြတယ်။ မကြာခင်မှာ ရာဇပလ္လင်ကိုပါ မျက်စိကျလာတော့မယ်"
ဧကရာဇ်နှင့် မိဖုရားတို့သည် ငိုကြွေးကြလေ၏။
မိဖုရားမှ
"ကျွန်မ ဖခင် ဖူဝမ်(Fu Wan) ဟာ ဒီလူကိုသတ်ချင်တာကြာပြီ။ အခု ကျွန်မ ဖခင်ဆီ လျှို့ဝှက်စာတစ်စောင်ရေးပြီး လုပ်ကြံစေမယ်"
"အရင်တုန်းကလည်း တုန်းချန်(Dong Cheng) နဲ့အတူလှုပ်ရှားဖို့ပူးပေါင်းပြီး ပေါက်ကြားသွားလို့ဒုက္ခရောက်ခဲ့တယ်မလား။ ဒီတစ်ခါလည်း ထပ်ဖြစ်သွားရင် ငါတို့တတွေ ဒုက္ခရောက်လိမ့်မယ်"
"အခုအခြေအနေက အပ်တွေပေါ်မှာ ထိုင်နေရသလိုပဲ။ ဘဝက ဒီလိုသာဆိုရင် သေတာကမှကောင်းဦးမယ်။ ဒါပေမယ့် အမှုထမ်းတွေကြားမှာ သစ္စာရှိသူတစ်ယောက်ကို ကျွန်မသိပါတယ်။ သူ့နာမည်က မုရွှန်း(Mu Shun) ဖြစ်ပြီး သူ့ကို စာပို့ခိုင်းစေမယ်"

ထို့နောက် ဖူမိဖုရားခေါင်မှ "မုရွှန်း"(Mu Shun) ကိုဆင့်ခေါ်ကာ တခြားသူတို့ကို အပြင်သို့ထွက်စေပြီး အကြောင်းအရာတို့ကိုပြောပြသည်။
ရှန်ဧကရာဇ်မှ
"ချောင်ချောင်း(Cao Cao) က မင်းညီမင်းသားရာထူးကို မက်မောနေတယ်။ မကြာခင်မှာ ပလ္လင်ကိုပါမှန်းလိမ့်မယ်။ ဒါကြောင့် ငါဘုရင်က မိဖုရားရဲ့ဖခင်ထံအမိန့်စာပေးမလို့။ ခက်တာက နန်းတွင်းသူတွေအကုန်လုံးက သူ့လူတွေဖြစ်နေပြီး ငါကိုယ်တော်ယုံရတဲ့လူမရှိဘူး။ ဒါကြောင့် အသင့်ကိုဆင့်ခေါ်ရတာဖြစ်ပြီး စာကို ဖူဝမ်(Fu Wan) ဆီပို့စေတာဖြစ်တယ်။ အသင့်ရဲ့သစ္စာကို ငါဘုရင် ယုံကြည်တယ်"
"ကျွန်တော်မျိုးအပေါ်မှာ အရှင်မင်းကြီးရဲ့ကျေးဇူးတွေရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ကို ဒီတာဝန်ထမ်းဆောင်ခွင့်ပေးပါ"
ထိုစာကို "မုရွှန်း"(Mu Shun) အားပေးလိုက်ပြီးနောက် "မုရွှန်း"(Mu Shun) သည် ဆံပင်ထဲတွင်ဖွက်သွားပြီး "ဖူဝမ်"(Fu Wan) အားပေးလိုက်သည်။ "ဖူဝမ်"(Fu Wan) သည် သူ့သမီးလက်ရေးဖြစ်မှန်းသိကာ စာကိုဖတ်လေသည်။
"ဖူဝမ်"(Fu Wan) မှ စာပို့သူအား
"ဒီလူ့မှာ သူလျှိုတွေအများကြီးရှိတဲ့အတွက် အထူးသတိထားရမယ်။ စွန်းချွမ်(Sun Quan) နဲ့လျူဘေ့(Liu Bei) တို့အကူအညီမရရင် ချောင်ချောင်း(Cao Cao) ရဲ့အကြံအောင်မြင်လိမ့်မယ်။ ဒီအရေးကိစ္စမှာ နန်းတွင်းက သစ္စာရှိအမှုထမ်းတွေအကုန်လုံးရဲ့ထောက်ခံမှုလည်းလိုတယ်။ အတွင်းရောအပြင်ကပါ ဝိုင်းတိုက်မှသာလျှင် အောင်နိုင်မယ်"
"ဒါဆိုရင် မိဖုရားထံစာပြန်ပြီး လျှို့ဝှက်အမိန့်ထုတ်စေပါ။ အဲ့စာကို တောင်ပိုင်းနဲ့အနောက်ပိုင်းကိုပို့ပြီး ပေါင်းတိုက်လို့ရတာပေါ့"
ထိုအခါ "ဖူဝမ်"(Fu Wan) မှ ပြန်စာရေးလိုက်ပြီး ပေးလိုက်သည်။ "မုရွှန်း"(Mu Shun) ကလည်း ဆံပင်ကြားတွင်ဖွက်ကာ ယူသွားသည်။

သို့သော်လည်း အတွင်းတွင် သူလျှိုတစ်ဦးရှိနေပြီး ထိုစာအကြောင်းကို "ချောင်ချောင်း"(Cao Cao) သိသွားလေ၏။ ထို့ကြောင့် "မုရွှန်း"(Mu Shun) အလာကို နန်းတော်တံခါးရှေ့တွင် စောင့်နေသည်။
"မုရွှန်း"(Mu Shun) ရောက်လာသောအခါ "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျား ဘယ်သွားတာလဲ"
"မိဖုရားကြီးက မမာမကျန်းဖြစ်လို့ သမားတော်ခေါ်ခိုင်းတာပါ"
"သမားတော်ကိုခေါ်တဲ့ဆင့်ခေါ်စာကရော"
"ဆင့်ခေါ်စာ မပါပါဘူး"
"ချောင်ချောင်း"(Cao Cao) သည် "မုရွှန်း"(Mu Shun) ကိုယ်ပေါ်တွင်ရှာရန် သူ၏လူတို့ကိုခိုင်းလိုက်သည်။ သို့သော် စာကိုရှာမတွေ့ပေ။ ထို့ကြောင့် သွားခွင့်ပြုလိုက်လေသည်။

ထိုအချိန်တွင်ပင် လေတစ်ချက်တိုက်လိုက်ရာ ဦးထုပ်မှာလွင့်သွားသည်။ "ချောင်ချောင်း"(Cao Cao) သည် မစစ်ရသေးသည့်နေရာကို သတိပြုမိသွားသည်။ ထို့ကြောင့် "မုရွှန်း"(Mu Shun) ကိုခေါ်လိုက်ပြီး ဦးထုပ်ကိုစစ်ဆေးလေသည်။ သို့သော်လည်း ဘာမှမတွေ့ပေ။ ထိုဦးထုပ်ကို ပြန်ပေးလိုက်သောအချိန်တွင် "မုရွှန်း"(Mu Shun) ၏ပုံစံကို သံသယရှိသွားပြီး "ချောင်ချောင်း"(Cao Cao) မှ
ဆံပင်ကိုပါရှာစေသည်။
ထိုအခါ "ဖူဝမ်"(Fu Wan) ၏စာကိုတွေ့လေသည်။ "ချောင်ချောင်း"(Cao Cao) ဖတ်ကြည့်သောအခါဝယ် စာအတွင်းတွင် "လျူဘေ့"(Liu Bei) နှင့် "စွန်းချွမ်"(Sun Quan) တို့အားအကူအညီတောင်းမည်ဟု ပါရှိသည်။ "မုရွှန်း"(Mu Shun) ကို လျှို့ဝှက်နေရာသို့ခေါ်သွားပြီး စစ်ဆေးမေးမြန်းလေသည်။ သို့သော် "မုရွှန်း"(Mu Shun) က ဘာမျှမပြောပေ။

ထိုညတွင် တပ်သားသုံးထောင်တို့သည် "ဖူဝမ်"(Fu Wan) ၏စံအိမ်ကိုဝန်းရံကာ အိမ်အတွင်းတွင် ဖူမိဖုရား၏လက်ရေးဖြင့်ရေးထားသောစာကို တွေ့လေသည်။ "ဖူဝမ်"(Fu Wan) နှင့် သူ၏မိသားစုတို့ကို ဖမ်းချုပ်ထားလိုက်သည်။
မနက်မိုးသောက်ချိန်တွင် "ချီလု"(Chi Lu) ဦးဆောင်သော နန်းတွင်းတပ်တို့သည် အမိန့်ကိုကိုင်ဆောင်ကာ တားမြစ်မြို့တော်(ဘုရင့်နန်းတော်) အတွင်းသို့ဝင်ပြီး မိဖုရား၏တံဆိပ်ကိုသိမ်းယူရန်ပြုလေသည်။ လမ်းတွင် ဧကရာဇ်နှင့်တွေ့ပြီး လက်နက်များကိုင်ကာ နန်းတော်အတွင်းသို့ဝင်လာရသည့်အကြောင်းကိုမေးသည်။
"ဝေမင်းသားငယ်ရဲ့အမိန့်အရ မိဖုရားကြီးရဲ့တံဆိပ်ကိုလာသိမ်းယူရတာပါ"
ဧကရာဇ်မှာ ထိတ်လန့်သွားလေသည်။ "ချီလု"(Chi Lu) သည် မိဖုရား၏အဆောင်အတွင်းသို့ရောက်သောအချိန်တွင် မိဖုရားနိုးထခါစပင်ရှိသေးသည်။ သူသည် မိဖုရား၏တံဆိပ်တော်ကိုယူပြီး ပြန်ထွက်ခွာသွားသည်။

ထိုအကြောင်းကို မိဖုရားသိလေလျှင် သူ၏အကျဉ်းအကြပ်ထဲရောက်ပြီဟု သိလိုက်ပြီး ပွဲတက်ခန်းမဆောင်၏အနောက်ဘက် ကိုယ်ပိုင်ခန်းဆောင်တို့၏နံရံကြားတွင် ပုန်းနေလေသည်။ ပုန်းနေပြီးမကြာမီတွင်ပင် "ဟွာရှင်း"(Hua Xin) သည် တပ်သားငါးရာနှင့်ရောက်လာပြီး မိဖုရားကိုလာရှာသည်။ နန်းတွင်းသူတို့က မိဖုရား၏တည်နေရာကိုမသိကြောင်းပြောကြသည်။ ခန်းမဆောင်၏တံခါးနီကို ဖွင့်လိုက်သော်လည်း မိဖုရားကိုမတွေ့ပေ။ ထို့နောက် မိဖုရားပုန်းနေလိမ့်မည်ဟုတွေးမိပြီး အမှုထမ်းတို့အား နံရံတို့ကိုဖျက်စေရန်အမိန့်ပေးလိုက်သည်။ ထို့နောက် သူ၏လက်ဖြင့် ကိုယ်တိုင် မိဖုရား၏ဆံပင်ကိုဆွဲကာ ခေါ်လာသည်။
"ငါ့ အသက်ကိုချမ်းသာပေးပါ" ဟု မိဖုရားမှ အသနားခံသည်။
"ပြောစရာရှိရင် ဝန်ကြီးချုပ်နဲ့တွေ့မှပြောပါ"
မိဖုရားသည် သူ၏ဆံပင်ကိုဆွဲချပြီး ဖိနပ်ကိုကန်ကျောက်လိုက်သည်။ သို့သော်လည်း အနောက်ဘက်မှ တပ်သားနှစ်ဦးက မိဖုရားကို တွန်းလိုက်သည်။

"ဟွာရှင်း"(Hua Xin) မှာ အတန်အသင့်အရည်အချင်းရှိသူဟုဆိုနိုင်သည်။ သူနှင့် အခြားသူနှစ်ဦးဖြစ်သည့် "ပင်းယွမ်"(Bing Yuan) နှင့် "ကွမ်းနင်"(Guan Ning) တို့သည် မိတ်ဆွေအဖွဲ့ဖွဲ့ခဲ့ဖူးသည်။ ထိုအဖွဲ့ကို "နဂါး" ဟုခေါ်ပြီး "ဟွာရှင်း"(Hua Xin) မှာ ဦးခေါင်းဖြစ်သည်၊ "ပင်းယွမ်"(Bing Yuan) မှာ "ဗိုက်" ဖြစ်ပြီး "ကွမ်းနင်"(Guan Ning) မှာ အမြီးဖြစ်သည်။ တစ်နေ့သော် "ကွမ်းနင်"(Guan Ning) နှင့် "ဟွာရှင်း"(Hua Xin) အပင်စိုက်ရန် မြေတူးဆွနေစဉ် ရွှေကိုတူးမိသည်။ "ကွမ်းနင်"(Guan Ning) မှာ သူ့အလုပ်ကိုသူဆက်လုပ်နေပြီး ဂရုမပြုပေ။ "ဟွာရှင်း"(Hua Xin) သည် ထိုရွှေကိုကိုင်ကြည့်ကာ အတန်ငယ်စဉ်းစားပြီးနောက် လွှင့်ပစ်လိုက်သည်။
နောက်ရက် "ကွမ်းနင်"(Guan Ning) နှင့် "ဟွာရှင်း"(Hua Xin) တို့စာဖတ်နေစဉ် အပြင်ဘက်မှ အော်သံကိုကြားလိုက်သည်။ နန်းတော်မှ အမှုထမ်းတစ်ဦးကဖြတ်လျှောက်သွားခြင်းဖြစ်သည်။ "ကွမ်းနင်"(Guan Ning) မှာ ဂရုမစိုက်ပဲ စာကိုသာဆက်ဖတ်နေသည်။ သို့သော် "ဟွာရှင်း"(Hua Xin) ကထကာ ပြတင်းပေါက်မှကြည့်လေသည်။ ထိုအချင်းအရာတို့ကြောင့် "ကွမ်းနင်"(Guan Ning) သည် "ဟွာရှင်း"(Hua Xin) နှင့် ဆက်မပေါင်းတော့ပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြလေသည်။

အချိန်အနည်းငယ်ကြာသော် တိုင်းပြည်အတွင်းရှုပ်ထွေးမှုကြောင့် "ကွမ်းနင်"(Guan Ning) မှာ လျောင်တုန်းတွင် အေးချမ်းစွာနေသည်။ အဖြူရောင်ခေါင်းပေါင်းကိုပေါင်းကာ အိမ်၏အပေါ်ပိုင်းတွင် နေပြီး မြေကိုခြေထောက်ဖြင့်မထိပေ။ "ချောင်ချောင်း"(Cao Cao) နှင့်မပတ်သတ်သကဲ့သို့၊ သူ၏လက်အောက်တွင်လည်း အမှုမထမ်းပေ။
သို့သော် "ဟွာရှင်း"(Hua Xin) မှာမူ မတူညီသည့်လမ်းကိုလျှောက်ခဲ့သည်။ "စွန်းချွမ်"(Sun Quan) လက်အောက်တွင် အချိန်အတန်ကြာသည်အထိအမှုထမ်းခဲ့ပြီး နောက်ပိုင်းတွင် "ချောင်ချောင်း"(Cao Cao) ထံတွင် အမှုထမ်းသည်။ အခုသော် သူသည် မိဖုရားကြီးကို လာ၍ဖမ်းဆီးလေသည်။

မိဖုရားကိုဖမ်းခေါ်သွားသည်ကို ဧကရာဇ်မြင်သောအခါ မိဖုရားကို သူ၏ရင်ခွင်အတွင်းသို့ပွေ့ဖက်ကာ ငိုလေသည်။
"ဟွာရှင်း"(Hua Xin) မှ
"ဝေဘုရင်ငယ်က နှောင့်နှေးမှုမရှိဖို့ အမိန့်ပေးထားတယ်"
မိဖုရားသည် ငိုကာ
"ကျွန်မရဲ့နိဂုံးက နီးလာပြီ"
ဧကရာဇ်သည် သက်ပြင်းချကာ
"ဘယ်တော့ ငါဘုရင်ရဲ့အလှည့်လာမလည်းမသိဘူး"
တပ်သားတို့သည် မိဖုရားကိုခေါ်သွားကြပြီး ရင်ထုမနာခံစားနေသောဧကရာဇ်ကို ထားခဲ့သည်။

ဧကရာဇ်သည် ဘေးတွင်ရပ်နေသော "ချီလု"(Chi Lu) အား
"လောကမှာ ဒီလိုမျိုးတွေလည်းဖြစ်သေးတာလား"
ထို့နောက် ဧကရာဇ်သည် မေ့လဲကျသွားသည်။ "ချီလု"(Chi Lu) ဧကရာဇ်ကိုနန်းတော်အတွင်းသို့ ပြန်ခေါ်ဆောင်သွားရန် အမှုထမ်းတို့အား အမိန့်ပေးလိုက်သည်။
မိဖုရားကိုခေါ်ဆောင်လာသောအခါ "ချောင်ချောင်း"(Cao Cao) မှ ဒေါသဖြင့်
"ကျုပ်က ခင်ဗျားကိုကောင်းကောင်းဆက်ဆံခဲ့တာ၊ ခင်ဗျားက ကျုပ်ကိုသေကြောင်းကြံတယ်။ ကျုပ်သေရင်သေ၊ မသေရင် ခင်ဗျားသေရမှာပဲ"

ထို့နောက် အာဏာပါးကွက်သားတို့ကိုခေါ်ကာ မိဖုရားကို အသက်ထွက်သည်အထိ ကြိမ်ဒဏ်ပေးစေလိုက်သည်။ ထို့နောက် နန်းတွင်းသို့ဝင်ပြီး မိဖုရား၏သားတော်နှစ်ဦးကို အဆိပ်သောက်စေကာ သတ်လိုက်လေသည်။ ထိုနေ့ညနေတွင်ပင် "မုရွှန်း"(Mu Shun) နှင့် "ဖူဝမ်"(Fu Wan) တို့တစ်မိသားစုလုံးကို လူလည်ခေါင်တွင် သေဒဏ်ပေးလိုက်လေ၏။ ထိုအဖြစ်အပျက်တို့သည် ကျန်းအန်းနှစ် တစ်ဆယ့်ကိုးနှစ်မြောက် ( အေဒီ ၂၁၄) ဆယ့်တစ်လပိုင်းတွင်ဖြစ်ပျက်ခဲ့လေသည်။

မိဖုရားဆုံးရှုံးသွားသောကြောင့် ဧကရာဇ်သည် စိတ်မကောင်းဖြစ်ပြီး အစာမစားတော့ပေ။ "ချောင်ချောင်း"(Cao Cao) သည် ဧကရာဇ်အစာပြတ်လပ်ကာ အထီးကျန်ပြီး နတ်ရွာမစံစေချင်သောကြောင့် ဧကရာဇ်ကို သူ၏သမီးနှင့်ထိမ်းမြားရန် ပြောသည်။
"ဝမ်းမနည်းပါနဲ့၊ ကျွန်တော်မျိုးက သူပုန်မဟုတ်ပါဘူး။ ကျွန်တော်မျိုးရဲ့သမီးဟာ နန်းတော်အတွင်းမှာ အခြွေအရံအဖြစ်နဲ့ရှိနေနှင့်ပြီ။ သူက ဉာဏ်ပညာထူးချွန်ပြီး တာဝန်သိတတ်တယ်။ ဒါကြောင့် သူက အရှင်မင်းကြီးရဲ့မိဖုရားဖြစ်သင့်ပါတယ်"
ရှန်ဧကရာဇ်မှာ မငြင်းဆန်ဝံ့ချေ။ နှစ်သစ်သို့ရောက်ပြီး ပွဲတော်တို့ကျင်းပချိန် (အေဒီ ၂၁၅) တွင် ချောင်အမျိုးသမီးကို မိဖုရားခေါင်အဖြစ် ချီးမြင့်ခဲ့လေသည်။ ၎င်းအချင်းအရာကို နန်းတော်အတွင်းဝယ် မည်သူမှ မဆန့်ကျင်ရဲကြပေ။

"ချောင်ချောင်း"(Cao Cao) ၏ဩဇာမှာ ပိုမိုကြီးလာပြီး သူ၏ပြိုင်ဘက်ဖြစ်သော "လျူဘေ့"(Liu Bei) နှင့် "စွန်းချွမ်"(Sun Quan) တို့ကိုရှင်းထုတ်ရန်ကြံစည်သည်။
"ကျာရွှီ"(Jia Xu) မှ
"ရှေ့တန်းမှာရောက်နေတဲ့ ရှဟိုတွန်း(Xiahou Dun) နဲ့ ချောင်ရန်(Cao Ren) ကိုခေါ်ပြီး သူတို့အကြံကိုမေးသင့်တယ်"
ထို့ကြောင့် ထိုသူနှစ်ဦးတို့ကိုခေါ်လိုက်ရာ "ချောင်ရန်"(Cao Ren) မှအရင်ရောက်လာသည်။ "ချောင်ချောင်း"(Cao Cao) ၏အမျိုးဖြစ်သည့်အလျှောက် အိမ်တော်အတွင်းသို့တိုက်ရိုက်ဝင်သွားလေသည်။ ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) မှာ အရက်သောက်နေပြီး ကိုယ်ရံတော် "ရွှီချူ"(Xu Chu) မှဝင်ခွင့်မပြုပေ။
"ချောင်ရန်"(Cao Ren) မှဒေါသထွက်ကာ
"ကျုပ်နဲ့ဝန်ကြီးချုပ်က တစ်မိသားစုထဲပဲ။ ခင်ဗျားကိုကျုပ်ကို တားမြစ်ရဲတယ်?"
"စစ်သူကြီးက အမျိုးဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် စစ်သူကြီးရဲ့တာဝန်က ရှေ့တန်းမှာပဲလေ။ ကျွန်တော်က ဒီအိမ်တော်မှာစောင့်ကြပ်တဲ့တာဝန်ဆိုတော့ သခင်ကြီးအရက်မူးပြီး အိပ်နေတဲ့အချိန်မှာ စစ်သူကြီးကိုဝင်ခွင့်မပြုနိုင်ဘူး"
နောက်ပိုင်းတွင် ထိုအကြောင်းကို "ချောင်ချောင်း"(Cao Cao) ကြားလျှင် "ရွှီချု"(Xu Chu) ၏သစ္စာရှိမှုကိုချီးမွမ်းလေသည်။

မကြာမီတွင်ပင် "ရှဟိုတွန်း"(Xiahou Dun) ရောက်လာပြီး သူ့အား ညီလာခံသို့တက်ရောက်စေသည်။ "ရှဟိုတွန်း"(Xiahou Dun) မှ သူ၏အကြံကိုပြောသည်။
"ဟန်ကျုံးက ကျန်းလု(Zhang Lu) ကိုမချေမှုန်းသေးခင် ဒီရန်သူနှစ်ဦးကို ဒီအတိုင်းထားထားသင့်ပါတယ်။ ကျန်းလု(Zhang Lu) ကိုတိုက်ပြီးတဲ့စစ်တပ်ဟာ အနောက်ဘက်မြစ်နယ်ကိုတိုက်ဖို့ သင့်တော်ပြီး အခက်အခဲမရှိပဲ သိမ်းယူနိုင်ပါလိမ့်မယ်"
ထိုအကြံသည် "ချောင်ချောင်း"(Cao Cao) ၏အတွေးနှင့်တူနေသောကြောင့် အနောက်ဘက်ကိုစစ်ချီရန် ပြင်ဆင်သည်။

Translator’s Notes:
လီရှန့်ရု(Liu Xiangru)1 - စစ်ပွဲများခေတ်တွင် ကျောက်ပြည်၏ဝန်ကြီးချုပ်ပြီးပြီး ချင်ပြည်နန်းတွင်းတွင် ရဲဝံ့စွာ ပြုမူခဲ့သည်။ ချင်ဘုရင် ကျောက်ရှန်(Zhaoxiang) သည် ကျောက်ပြည်နယ်၏ ကျောက်စိမ်းရတနာကို ရယူရန်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း လီရှန့်ရု(Li Xiangru) မှ ကျောက်စိမ်းကိုဖျက်စီးပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ဘုရင်မှာလက်လျှော့လိုက်ပြီး ၎င်းကို ကျောက်ပြည်သို့ပြန်စေလိုက်သည်။


<<ဒီအခန်းမှာ စကားပြောတဲ့နေရာတွေမှာ 'ပြောလေသည်' ၊ 'ဆိုလေ၏' အစရှိတဲ့အဆုံးသတ်စာကြောင်းတွေကို ဖြုတ်ထားခဲ့တယ်။ အဲ့လိုဆိုရင် ပိုဖတ်လို့အဆင်ပြေမယ်ထင်တာပဲ။>>

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!