Oda Nobunaga

(1534 - 1559 - Owari ပြည်နယ်)

သူဟာ Sengoku ခေတ် ဂျပန်သမိုင်းရဲ့ အထင်ကရ Daimyo တစ်ဦးဖြစ်ပြီး Game တွေ၊ ရုပ်ရှင်တွေ၊ anime တွေမှာ မကြာခဏ ပါတဲ့ အတွက် ရင်းနှီးနေတဲ့ နာမည် ဖြစ်မှာပါ။

Nobunaga ဟာ Oda Nobuhide ရဲ့ ဒုတိယမြောက်သားဖြစ်ပြီး Nobuhide ဟာ သူ့ရဲ့ သက်တမ်းတစ်လျှောက်မှာ Mino နဲ့ Mikawa က Daimyo တွေနဲ့ တိုက်ပြီး အချိန်ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Mino မှာ ဩဇာရှိတဲ့ Saito Dosan ရဲ့ သမီး Kichō နဲ့ Nobunaga ကို လက်ထပ်စေခဲ့ပြီးနောက်မှာတော့ Mino ပြည်နယ်နဲ့ ငြိမ်းချမ်းရေးရခဲ့ပါတယ်။

အဲ့နောက်မှာ Nobuhide ဟာ Mikawa ပြည်နယ်ရဲ့ Matsudaira clan နဲ့ Matsudaira ကို အထောက်အပံ့ပေးတဲ့ Imagawa clan ကို ရင်ဆိုင်ခဲ့ပါတယ်။ 1948 မှာ Nobuhide ဟာ Mikawa ရဲ့ Okazaki Castle ကို ဝန်းရံခဲ့တဲ့ အတွက် Matsudaira Hirotada ဟာ Imagawa Yoshimoto ဆီကနေ စစ်ကူတောင်းခဲ့ပါတယ်။ Yoshimoto က စစ်ကူပေးစေချင်ရင်  Hirotada ဟာ သူ့သားကို ဓားစာခံ အနေနဲ့ ပေးရမယ်လို့ ဆိုတဲ့ အတွက် Hirotada ဟာ 6 နှစ်သာ ရှိသေးတဲ့ သူ့သား Takechiyo (နောင်တွင် Tokugawa Ieyasu ဖြစ်လာမည့်သူ) ကို ပို့ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းမှာ Oda  တပ်တွေဟာ Takechiyo ကို ကြားဖြတ်လုခဲ့ပြီး Hirotada ကို သူတို့ဘက် မပါရင် သူ့သားကို သတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့်လဲ Hirotada က လက်မခံခဲ့တဲ့ အတွက် Oda ဟာ Takechiyo ကို မသတ်ပဲ ဆက် ထိန်းသိမ်းထားခဲ့ပါတယ်။ 1949 မှာ Nobuhide သေဆုံးသွားခဲ့ပြီး Oda Clan ဟာ အပိုင်းပိုင်း ကွဲထွက်သွားပါတယ်။ သူ့ပြိုင်ဘက် သေသွားပြီဆိုတဲ့ သတင်းကို ကြားပြီးနောက်မှာ Imagawa Yoshimoto ဟာ Nobunaga ရဲ့ အကို Nobuhiro ရှိတဲ့ Anjo Castle ကို ဝန်းရံခဲ့ပြီး Nobuhiro seppuku လုပ်တာ မမြင်ချင်ရင် Takechiyo ကို Imagawa clan ဆီကို ပြန်ပို့ပါ ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ အတွက် Nobunaga က Takechiyo ကို ပြန်ပို့ ခဲ့ပါတယ်။

Nobunaga က စစပိုင်းမှာ တော်တော်ဆိုးသွမ်းခဲ့တယ်လို့ ဆိုပါတယ်။ သူ့ အဖေရဲ့ အသုဘမှာတောင် ကောင်းကောင်း မပြုမူခဲ့ဘူးလို့ ဆိုကြပါတယ်။ အဲ့ဒါကြောင့်လဲ သူ့ကို Owari ပြည်နယ်ရဲ့ အရူး "Fool of Owari" လို့ ခေါ်ခဲ့ပုံရပါတယ်။ ဒါပေမယ့် 1553 မှာ Oda ရဲ့ စစ်သူကြီး တစ်ယောက်ဖြစ်တဲ့ Hirate Kiyohide ဟာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပြီး Nobunaga ကို ပြုပြင်ဖို့ စာရေးသွားခဲ့ပါတယ်။ အဲ့နောက်မှာ Nobunaga ဟာ သူ့ကိုယ်သူ ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။ Hirate အတွက်ကိုလဲ အုတ်ဂူ ဆောက်ပေးခဲ့ပါတယ်။

1556 မှာ Saitô Dosan ရဲ့ သား Saitô Yoshitatsu ဟာ သူ့ အဖေကို ပုန်ကန်ခဲ့ပြီး Saitô Dosan ဟာ သေဆုံးသွားခဲ့ပါတယ်။ Mino မှာ Saitô Yoshitatsu အာဏာရလာပြီးနောက်မှာ Nobunaga ရဲ့ အစ်ကို Nobuhiro ဟာ Yoshitatsu နဲ့ ပေါင်းပြီး Nobuaga ကို ပုန်ကန်ခဲ့ပါတယ်။ Nobuhiro ရှုံးသွားခဲ့ပြီး Nobunaga ဟာ Nobuhiro ကို ခွင့်လွှတ်ခဲ့ပါတယ်။ 1557 မှာတော့ Nobunaga ရဲ့ ညီဖြစ်တဲ့ Nobuyuki ဟာ Shibata Katsuie၊ Hayashi Michikatsu တို့နဲ့ ပေါင်းပြီး ပုန်ကန်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Nobunaga ဟာ Shibata Katsuie နဲ့ Hayashi Michikatsu တို့ကို အသက်ချမ်းသာပေးပြီး သူ့ညီကို သတ်ခဲ့ပါတယ်။ ဒါဟာ Nobunaga က သူ့ကို သစ္စာဖောက်ရင် ဆွေမျိုးဖြစ်ရင်တောင် ခွင့်မလွှတ်ဘူးဆိုပြီး ပြသခဲ့တာ ဖြစ်နိုင်ပါတယ်။ 1558 မှာတော့ Nobunaga ဟာ Owari ပြည်နယ်ကို တစ်ပေါင်းတည်း စုစည်း နိုင်ခဲ့ပါတယ်။

(1560 - Okehazama တိုက်ပွဲ)


1560 မှာ Imagawa Yoshimoto ဟာ Oda ကို အပြီးတိုက်ပြီး မြို့တော် Kyoto ကို ချီတက်ဖို့အတွက် စစ်ကြောင်း နှစ်ကြောင်းနဲ့ Mikwa က Marume ကိုတိုက်ခိုက်ခဲ့ပြီး Imagawa က Washizu Castle ကို တိုက်ခဲ့ပါတယ်။ Imagawa ရဲ့ တပ်တွေဟာ 20 000 - 45 000 အတွင်း ရှိမယ်လို့ ခန့်မှန်းရပါတယ်။ Nobunaga ဟာ တပ်သား 2500 လောက်နဲ့ Imagawa နားနေတဲ့  Dengakuhazama (Okehazama ရွာအနီး) ကို ဝင်တိုက်ပြီး Imagawa Yoshimoto ရဲ့ ခေါင်းကို ဖြတ်နိုင်ခဲ့ပါတယ်။ Imagawa Yoshimoto သေဆုံးပြီးနောက်မှာတော့ Imagawa တပ်ပျက်သွားပြီး ပြန်ဆုတ်သွားခဲ့ပါတယ်။ Marume မှာ ရှိနေတဲ့ Mikawa တပ်ဟာလဲ Yoshimoto ရှုံးနှိမ့်မှုကို ကြားတဲ့ အတွက် Mikawa ကို တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ Dengakuhazama မှာ ဖြစ်ခဲ့ပေမယ့်လဲ အဲ့အနီးက ပိုနာမည်ရှိတဲ့ ရွာဖြစ်တဲ့ Okehazama ကို အစွဲပြုပြီး Okehazama တိုက်ပွဲဆိုပြီး သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ တိုက်ပွဲ ဖြစ်ပါတယ်။

ဒီ တိုက်ပွဲနောက်မှာတော့ Oda ဟာ အကျိုးအမြတ် နှစ်ခုရခဲ့ပါတယ်။ ပထမကတော့ သူ့အဖေ လက်ထက်ကတည်းက ရှိတဲ့ မဟာရန်သူကို အပြတ်ရှင်းနိုင်ခဲ့ပြီး နာမည်ကြီးသွားပါတယ်။ ဒုတိယကတော့ Matsudaira Motoyasu ဟာ Imagawa ရဲ့ အရိပ်အောက်ကနေလွတ်ထွက်ခဲ့ပြီး Oda နဲ့ မဟာမိတ် ဖွဲ့ခဲ့ပါတယ်။

(1561 - 1570 - Kyoto သို့ ချီတက်ခြင်း)


1561 မှာ Saitô Yoshitatsu သေဆုံးသွားခဲ့ပါတယ်။ (အနာကြီးရောဂါ ကြောင့်လို့ ထင်ရပါတယ်) Oda ဟာ Yoshitatsu   ရဲ့  သား Tatsuoki ရဲ့ အရည်အချင်းညံ့ဖျင်းမှုကို အခွင့်ကောင်းယူပြီး Tatsuoki လက်အောက်က စစ်သူကြီးတွေကို လာဘ်ထိုးပြီး Inabayama ကို တိုက်ပြီးနောက် 1567 မှာ Mino ကိုသိမ်းနိုင်ခဲ့ပါတယ်။ ပါးစပ်ရာဇဝင်တွေအရ ကတော့ Mino ကိုသိမ်းတာဟာ Toyotomi Hideyoshi ရဲ့ အစွမ်းနဲ့ Inabayama အနီးမှာ ခံတပ်တစ်ခုကို ညတွင်းချင်း ဆောက်ပြီး ရန်သူတွေကို လန့်စေခဲ့တဲ့ အတွက် Mino ကို သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မှတ်တမ်းရာဇဝင်တွေထဲမှာတော့ 1576 မှသာ Hideyoshi ပေါ်လာတာ ဖြစ်ပါတယ်။

1568 မှာ Nobunaga ဟာ သူ့စခန်းကို Inabayama ကို ပြောင်းရွေှ့ခဲ့ပြီး ရဲတိုက်နာမည်ကို Gifu ဆိုပြီး ခေါ်တွင်စေခဲ့ပါတယ်။ Gifu ဆိုတဲ့ နာမည်က Tenka Fubu (天下布武) ဆိုတဲ့ စာကြောင်းကနေယူထားပြီး "စစ်တပ်အင်အားနဲ့ လောကကြီးကို သိမ်းပိုက်မယ်" ဆိုတဲ့ အဓိပ္ပာယ် ရပါတယ်။ Mino ကို သိမ်းတာကို Asai က မကျေနပ်တဲ့ အတွက် တိုက်ပွဲ အသေး တစ်ခုဖြစ်ခဲ့ပြီးနောက်မှာ Nobunaga က သူ့ညီမ Oichi ကို Asai Nagamasa နဲ့ ပေးစားခဲ့ပြီး မဟာမိတ်ဖွဲ့ခဲ့ပါတယ်။

1565 မှာ Shogun Ashikaga Yoshiteru ဟာ Miyoshi နဲ့ Matsunaga clan တို့ရဲ့ လုပ်ကြံခံရပြီး 2 နှစ်သား Ashikaga Yoshihide ကို shogun အနေနဲ့ ကြေငြာပြီး Kyoto မှာ ခြယ်လှယ်နေပါတယ်။ အဲဒါကို မကျေနပ်တဲ့ Ashikaga Yoshiteru ရဲ့ ညီ Ashikaga Yoshiaki ဟာ 1567 မှာ Gifu ကို ရောက်လာခဲ့ပြီး သူ့ကို Shogun အနေနဲ့ တင်ပေးဖို့ အတွက် မြို့တော်ကို ပို့ပေးဖို့ Nobunaga ကို တောင်းဆိုခဲ့ပါတယ်။ Nobunaga ကလဲ လက်ခံခဲ့ပြီး 1568 မှာ Kyoto ကို ချီတက်ခဲ့ပါတယ်။ Matsunaga က ချက်ချင်း လက်နက်ချခဲ့ပြီး Miyoshi ကတော့ တပ်ဆုတ်သွားခဲ့ပါတယ်။ Kyoto ဝင်ပြီး သုံးပတ်အကြာမှာ Yoshiaki ဟာ Emperor Ogimachi ရဲ့ အသိအမှတ်ပြုပြီးနောက် shogun ဖြစ်လာပါတယ်။ အဲ့နောက်မှာ "Shogun ရဲ့ ကိုယ်စားလှယ်" ဆိုတဲ့ ရာထူးဖြစ်တဲ့ Kanrei ကို Nobunaga ကို ပေးခဲ့ပေမယ့်လဲ Nobunaga က လက်မခံခဲ့ပါဘူး။ (Nobunaga ဟာ ရာထူးအဆောင်အယောင်တွေ မက်ပုံမရဘူးလို့ ဆိုနိုင်ပါတယ်)

(1570 - 1574)


Nobunaga ဟာ မြို့တော်ကို သိမ်းနိုင်ခဲ့တာဟာ သင့်လျော်တဲ့အချိန်မှာ စစ်မှန်တဲ့ နေရာရောက်နေခဲ့ပြီး ကောင်းမွန်တဲ့ အခြေအနေတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ နာမည်ကြီးပြိုင်ဘက် Daimyo တွေ ဖြစ်တဲ့  Môri Motonari၊ Takeda Shingen ၊ Uesugi Kenshin နဲ့ Hôjô Ujiyasu တို့ဟာ Kyoto နဲ့ ဝေးကွာတဲ့ ပြည်နယ်တွေမှာရှိနေခဲ့တဲ့ အပြင် သူတို့ရဲ့ အိမ်နီးချင်း Daimyo တွေရဲ့ ရန်တွေကြောင့် လှုပ်မရတဲ့ အခြေအနေ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့်လဲ 1570  နှစ်အစောပိုင်းမှာ Nobunaga အတွက် စိန်ခေါ်မှု တစ်ခုရောက်လာခဲ့ပါတယ်။ Oda က Yoshiaki ကို Daimyo တွေကို စားပွဲတစ်ခုတက်ရောက်ဖို့ ဖတ်ခေါ်စေခဲ့ပါတယ်။ အဲ့ပွဲကို Asakura Yoshikage က Oda တစ်ခုခု ကြံနေတယ်ထင်တဲ့ အတွက် မတက်ခဲ့ပါဘူး။ အဲ့ဒါကို ဒါဟာ Emperor နဲ့ Shogun ကို မထီမဲ့မြင်လုပ်တယ်လို့ အကြောင်းပြုပြီး 1570 March လမှာ Oda က Asakura ကို တိုက်ဖို့ ချီတက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှ Asai Nagamasa ဟာ Asakura ဘက်ကနေ Nobunaga ကို တိုက်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့သတင်းကို ကြားတဲ့ Nobunaga ဟာ ချက်ချင်း တပ်ဆုတ်ခဲ့ပါတယ်။ 1570 July မှာတော့ Asai ရဲ့ ခံတပ်ဖြစ်တဲ့ Odani Castle ကို ဝင်တိုက်ခဲ့ပါတယ်။ Oda အနိုင်ရခဲ့ပေမယ့် Asai-Asakura ကို အပြတ်မရှင်းနိုင်ခဲ့ပါဘူး။ နောက်ပိုင်းတော့ Asai-Asakura ဘက်ကို Mt. Hiei က ဘုန်းကြီးစစ်တပ်လို့ ဆိုရမလား.... Warrior Monk တွေ စစ်ကူပို့ခဲ့ပါတယ်။

1571 မှာတော့ Nobunaga ဟာ ဘေးကျပ်နံကျပ် အခြေအနေ ဖြစ်လာပါတယ်။ ရန်သူတွေထဲမှာ Asai-Asakura အပြင် Miyoshi၊ Ikko၊ တို့နဲ့ Honganji, Enryakuji (of Mt. Hiei), Negoroji, နဲ့ Nagashima တို့က ဘုန်းကြီးတွေလဲ ပါလာပါတယ်။ အဲ့ထဲမှာတော့ Mori clan ကနေ အထောက်အပံ့တွေရထားတဲ့ Kennyo Kosa ဆိုတဲ့ ဘုန်းကြီး ဦးဆောင်တဲ့ Honganji ဟာ အဆိုးဆုံးဖြစ်ပါတယ်။ တစ်ချိန်ထဲမှာ Oda ရဲ့ ရုပ်သေးလို ချုပ်ကိုင်ထားတာကို ခံရတဲ့ shogun ဟာလဲ အနောက်ဘက်က Mori clan၊ အရှေ့ဘက်မှာ Takeda၊ Uesugi နဲ့ Hojo clan တွေကို
 Oda ကို ဝိုင်းတိုက်ဖို့အတွက် စာပို့ခဲ့ပါတယ်။ Nobunaga ဟာ သူ့ရဲ့ ရန်သူတွေ လက်ဦးမှု မရခင်မှာ ရက်စက်တဲ့ လုပ်ရပ်တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒါဟာ သူ့ရဲ့ စစ်သူကြီးတွေကိုပါ အံ့ဩစေခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အဲ့ဒါကတော့ 1571 နှောင်းပိုင်းမှာ Nobunaga ဟာ Hiei တောင်ကို ဝန်းရံခဲ့ပြီး တောင်ကို မီးရှို့ပြီးနောက် ရှိသမျှလူတွေကို ရက်ရက်စက်စက် သတ်ခဲ့ပါတယ်။

1572 မှာ Takeda တပ်တွေဟာ Tokugawa ကို ဝင်တိုက်ခဲ့တဲ့ အတွက် Nobunaga ဟာ စစ်တပ်ထောင်ဂဏန်းလောက် လွှတ်ပြီး စစ်ကူပေးခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ Takeda တပ်ဟာ Mino ကို ဝင်တိုက်ပြီး Iwamura Castle ကို သိမ်းခဲ့ပါတယ်။ ဒါက Nobunaga အတွက် အရှက်ရစေခဲ့တဲ့ ရှုံးနိမ့်မှု ဖြစ်ပါတယ်။ သို့သော်ငြားလဲ ကံကြမ္မာက Nobunaga ကို မျက်နှာသာ ပေးတယ်လို့ ဆိုရမလားမသိ..... 1573 May မှာ Takeda Shingen သေဆုံးသွားတဲ့ အတွက် Takeda တပ်တွေ တပ်ဆုတ်သွားခဲ့ပါတယ်။ 1572 August 18 ရက်မှာတော့ Nobunaga ဟာ Ashikaga Yoshiaki ကို Shogun ရာထူးစွန့်စေခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

အဲ့နောက်မှာတော့ Nobunaga ဟာ Asai-Asakura ရှိရာ မြောက်ဘက်ကို စစ်ချီတက်ခဲ့ပါတယ်။ Odani Castle ကို ဝန်းရံပြီးတော့ တစ်ချိန်တည်းမှာပဲ Asakura ရဲ့ Castle ဖြစ်တဲ့ Ichijo-ga-tani ကို သိမ်းခဲ့ပါတယ်။ Asakura Yoshikage ဟာ ထွက်ပြေးသွားပြီး 1573 September 16 မှာ ဘုရားကျောင်း တစ်ခုမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ Asai Nagamasa ဟာလဲ Nobunaga ရဲ့ ညီမနဲ့ သားသမီးတွေကို Oda ဆီပြန်ပို့ပေးခဲ့ပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။

1571 နဲ့ 1573တုန်း ကIkko တွေရဲ့  Nagashima ကို သိမ်းဖို့ ကြိုးစားတာ မအောင်မြင်ခဲ့တဲ့  Oda ဟာ 1574 မှာတော့  ထပ်သိမ်းဖို့ ကြိုးစားပါတယ်။ အဲ့တိုက်ပွဲဟာ Nobunaga ရဲ့ အောင်နိုင်တဲ့ တိုက်ပွဲဖြစ်ပြီး Nagashima ကို ဝန်းရံခဲ့ပြီးနောက် ကလေး၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ မချန် လူအယောက် နှစ်သောင်းလောက်ကို ရက်ရက်စက်စက် သတ်ခဲ့ပါတယ်။

1575 - Nagashino တိုက်ပွဲ


1575 May လမှာ Takeda Shingen ရဲ့ သား Takeda Katsuyori ဟာ Okudaira Sadamasa ရဲ့ Nagashino Castle ကို ဝင်တိုက်ခဲ့ပါတယ်။ Okudaira Sadamasa ဟာ Tokugawa ကို စစ်ကူတောင်းခဲ့ပြီး Tokugawa ဟာ စစ်တပ်အင်အား အလုံအလောက် မရှိတဲ့ အတွက် Oda ကို ထပ် စစ်ကူတောင်းခဲ့ပါတယ်။ Nobunaga ဟာ ပထမတော့ စစ်ကူပေးဖို့ တွန့်ဆုတ်နေခဲ့ပြီး နောက်မှာတော့ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကူပို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့တိုက်ပွဲမှာ Oda ၊ Tokugawa နဲ့ Okudaira မဟာမိတ် တပ်အင်အားဟာ 38,000 လောက်ရှိပြီး Takeda တပ်ဟာ 15,000 ပဲ ရှိပါတယ်။ Takeda စစ်သူကြီးတွေက အင်အား မမျှတဲ့ အတွက် Katsuyori ကို တပ်ဆုတ်ဖို့နဲ့ မဆုတ်ရင် Nagashino Castle ကို ရအောင်အရင် သိမ်းဖို့ အကြံပေးခဲ့ပါတယ်။ Katsuyori ဟာ အကြံနှစ်ခုလုံးကို ပယ်ချခဲ့ပြီး Oda-Tokugawa မဟာမိတ်တပ်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ဖို့ လုပ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ Takeda ရဲ့ နာမည်ကြီး မြင်းတပ်ကို Oda က သေနတ်တပ်နဲ့ ခုခံခဲ့ပါတယ်။ တိုက်ပွဲမှာ Oda အနိုင်ပိုင်းသွားခဲ့ပြီး Takeda ရဲ့ နာမည်ကြီး စစ်သူကြီး နှစ်ဆယ့်လေးယောက်ထဲက ရှစ်ယောက်သေဆုံးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ Takeda ဟာ အရင်ကလောက် အရှိန်အဝါ မရှိတော့ပါဘူး။ Nagashino တိုက်ပွဲဟာ Okehazama တိုက်ပွဲလိုပဲ သမိုင်းမှာ အရေးပါတဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

1576 - 1581


Nagashino တိုက်ပွဲကြောင့် Takeda ရဲ့ အစွယ်ကို ချိုးနိုင်ခဲ့ပြီး Nobunaga ရဲ့ တစ်နိုင်ငံလုံးကို စုစည်းမယ်ဆိုတဲ့ အိပ်မက်က အကောင်အထည်ပေါ်ဖို့ အလင်းရောင် သမ်းလာပါပြီ။ ဒါပေမယ့်လဲ သူ့ရဲ့ အဓိက ပြိုင်ဘက် ရန်သူ သုံးဦး ကျန်နေပါသေးတယ်။ ပထမကတော့ Warrior Monk တွေ ရှိရာ Ishiyama Honganji ဖြစ်ပါတယ်။ ဒုတိယကတော့ Uesugi clan ဖြစ်ပြီး တတိယကတော့ Mori clan ဖြစ်ပါတယ်။

Uesugi Kenshin ဟာ Oda-Takeda တိုက်တဲ့ စစ်ပွဲတွေမှာ Oda ဘက်ကနေ အကူအညီပေးခဲ့ပေမယ့်လဲ နောက်ပိုင်းမှာ Nobunaga ရဲ့ နယ်ပယ်ချဲ့ထွင်မှုကြောင့် နှစ်ဖက် ဆက်ဆံရေး မပြေမလည် ဖြစ်လာပါတယ်။ 1577 မှာတော့ Tedori မြစ်နားမှာ Oda နဲ့ Uesugi နှစ်ဖက်စစ်ဖြစ်ခဲ့ပြီး Oda ရှုံးသွားတဲ့ အတွက် တပ်ဆုတ်ခဲ့ပါတယ်။ Kenshin လဲ Echigo ကို ပြန်သွားပြီး Oda ကို ရင်ဆိုင်ဖို့ အစီအစဉ်တွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လဲ Kenshin ဟာ မီးစာကုန် ရေခမ်းခါနီး အချိန်ဖြစ်နေခဲ့ပါပြီ။ စစ်ဘုရင် နတ်ဘုရား (God of War) လို့ အခေါ်ခံခဲ့ရတဲ့ Uesugi Kenshin ဟာ သေမင်းနဲ့ စစ်ခင်းရာမှာ ရှုံးနိမ့်ခဲ့ပြီး 13 April 1578 မှာ သေဆုံးသွားခဲ့ပါတယ်။ (Kenshin ရဲ့ သေဆုံးမှုဟာ လုပ်ကြံမှု ဆိုပြီး ကောလဟာလတွေ ဖြစ်ခဲ့ပေမယ့်လဲ လုပ်ကြံခံရတာ မဟုတ်ပဲ ဖျားနာပြီး သေဆုံးသွားတာ ဖြစ်နိုင်ပါတယ်။) ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒါဟာ Oda အတွက်တော့ ကံကောင်းမှုတစ်ခုပါပဲ။ Uesugi ရဲ့ နယ်ပယ်တွေကို သိမ်းပိုက်ဖို့အတွက် Nobunaga ဟာ သူ့ရဲ့ စစ်သူကြီးတွေ ဖြစ်တဲ့  Shibata Katsuie၊ Maeda Toshiie နဲ့ Sassa Narimasa တို့ကို လွှတ်ခဲ့ပြီး လေးနှစ်အတွင်းမှာပဲ Uesugi Clan ကို ဖျက်စီးနိုင်ခဲ့ပါတယ်။

Mori Clan ဟာ Môri Motonari ရဲ့ လက်ထက်မှာ အင်အားကြီးလာခဲ့ပြီး 1571 Motonari သေဆုံးပြီးနောက်မှာလဲ အရှိန်အဟုန်မပျက် အင်အားကြီးနေပြီး Oda ကို ဆန့်ကျင်နေခဲ့ပါတယ်။ 1579 မှာ Nobunaga ဟာ Akechi Mitsuhide ကို Mori ရဲ့ Tamba ပြည်နယ်ကို သိမ်းဖို့ စေလွှတ်ခဲ့ပြီး Toyotomi Hideyoshi ကိုတော့ Harima ပြည်နယ်ကို သိမ်းဖို့ လွှတ်ခဲ့ပါတယ်။

1580 မှာတော့ Ishiyama Honganji ဟာ Oda တပ်တွေ ဝန်းရံခံရပြီး Nobunaga က လက်နက်ချဖို့ ကမ်းလှမ်းခဲ့ပါတယ်။ နောက်ဆုံး 1580 August လမှာတော့ ဆယ်စုနှစ်တစ်ခုအကြာ Oda ကို ဆန့်ကျင်ခဲ့တဲ့ Honganji ရဲ့ Kennyo Kosa ဟာ လက်နက်ချခဲ့ပါတယ်။ ဒီမှာတော့ Nobunaga ဟာ ခေါင်းဆောင်တွေ အပါအဝင် လက်နက်ချခဲ့တဲ့ လူတစ်ဦးတစ်ယောက်ကိုမှ မသတ်ခဲ့ပါဘူး။

နောက်တစ်ခုကတော့ Owari ပြည်နယ်နဲ့ နယ်ချင်းကပ်နေတဲ့ Iga ပြည်နယ်ကျန်ပါသေးတယ်။ အဲ့ပြည်နယ်ဟာ တောင်တွေ ထူထပ်တဲ့အပြင် စစ်ရေးဗျူဟာအရလဲ အရေးမပါတဲ့ နေရာဖြစ်တဲ့ အတွက် Nobunaga ဟာ နှစ်ပေါင်းများစွာ လစ်လျူရှူထားခဲ့ပါတယ်။ အဲ့ဒါကြောင့် 1579 မှာ Iga ပြည်နယ်ကို သိမ်းပိုက်တာ မအောင်မြင်ခဲ့ပဲ 1581 မှာတော့ Iga ပြည်နယ်ကို အင်အားအလုံးအရင်းနဲ့ သိမ်းပိုက်အောင်မြင်ခဲ့ပါတယ်။

1582 နှစ်အစောပိုင်းမှာတော့ Oda ဟာ Tokugawa Ieyasu + Hojo clan စစ်ကူတွေနဲ့ ပေါင်းပြီး ကျန်နေတဲ့ Takeda နယ်မြေတွေကို သိမ်းပိုက်ခဲ့ပါတယ်။ Takeda Katsuyori ဟာလဲ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။
21 May 1582 မှာတော့ Nobunaga ဟာ Azuchi Castle ကို ပြန်ခဲ့ပြီး အဲ့အချိန်မှာ နန်းတော်ကနေ သူ့ကို Shogun ရာထူးယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Nobunaga က အကြောင်းမပြန်ခဲ့ပါဘူး။.......နောက်တော့ အကြောင်းလဲ မပြန်ဖြစ်တော့ပါဘူး.........အဲ့အချိန်မှာ Akechi Mitsuhide ဟာ Nobunaga ကို လုပ်ကြံဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

1582 - Honnō-ji, Kyoto


Akechi Mitsuhide ဟာ Nobunaga ကို လုပ်ကြံတဲ့ ဖြစ်နိုင်တဲ့ အကြောင်းအရင်း တစ်ခုကတော့.........
1579 မှာ Akechi Mitsuhide ကို Tamba ပြည်နယ်ကို တိုက်ဖို့ လွှတ်လိုက်ရာမှာ Akechi Mitsuhide မှာTamba ပြည်နယ်ရဲ့ စစ်သူကြီးဖြစ်တဲ့ Hatano Hideharu ကို လက်နက်ချစေခဲ့ပြီး တိုက်ပွဲကို  သွေးမြေမကျပဲ ပြီးဆုံးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Nobunaga ဟာ လက်နက်ချလာတဲ့ စစ်သူကြီးဖြစ်တဲ့ Hatano Hideharu နဲ့ သူ့ညီကို သေဒဏ်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် Hatano Clan က Mitsuhide သစ္စာဖောက်တယ်ဆိုပြီး Mitsuhide ရဲ့အမေကို သတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ Akechi Mitsuhide က Nobunaga ကို မုန်းခဲ့ပုံ ရပါတယ်။

1582 မှာ Mori စစ်တပ်ကို တိုက်နေတဲ့ Toyotomi Hideyoshi ဟာ Nobunaga ဆီကနေစစ်ကူတောင်းတဲ့ အတွက် Nobunaga ဟာ Akechi Mitsuhide ကို စစ်ကူလွှတ်ခဲ့ပါတယ်။ အဲ့ရက်ကတော့ 1582 June 20 ဖြစ်ပြီး Takeda ကို အောင်ပွဲခံလာခဲ့တဲ့ Nobuaga ဟာ Honnō-ji ဘုရားကျောင်းမှာ ရှိနေခဲ့ပါတယ်။ 1582 June 21 မှာတော့ Akechi Mitsuhide ဟာ စစ်ကူ မသွားပဲ Honnō-ji ကို ဝန်းရံခဲ့ပြီး Oda Nobunaga ကို သတ်ခဲ့ပါတယ်။

Trivia


- Nobunaga ရဲ့ အရပ်အမောင်းဟာ  5'3" ကနေ  5'6" အတွင်းလို့ ခန့်မှန်းကြပါတယ်
- သူဟာ စိတ်မြန်တဲ့သူဖြစ်ပြီး သူ့စိတ်ဓာတ်အကြောင်းကို ပြောထားတဲ့ နာမည်ကြီး စာကြောင်းတစ်ခုကတော့ "ငှက်ကလေးက သီချင်း မဆိုတော့ရင် အဲ့ငှက်ကို သတ်ပစ်မယ်:  If the birds won't sing, I'll kill them." ဆိုတာပဲ ဖြစ်ပါတယ်။
- နောက်ပြီး သူဟာ သူ့လက်အောက်ငယ်သားတွေကို ကောင်းကောင်း မဆက်ဆံခဲ့ဘူးလို့ ဆိုပါတယ်။
(ဒါကြောင့်လဲ သူ လုပ်ကြံခံရတာဟာ ထူးဆန်းတာတော့ မဟုတ်ပါဘူး)
- Atsumori Dance : Atsumori ပြဇာတ်ဟာ Genpei စစ်ပွဲ(1180-1185) တိုက်ခိုက်ပြီး သေဆုံးခဲ့တဲ့ Samurai ကောင်လေးတစ်ယောက်အကြောင်းကို ဖွဲ့နွဲ့ထားတဲ့ ပြဇာတ်လို့ ဆိုပါတယ်။ အဲ့ပြဇာတ်ကို အလယ်ခေတ်က Samurai တိုင်းလိုလို သိကြတယ်လို့ ဆိုပါတယ်။
- ဒါပေမယ့် Nobunaga ကတော့ Atsumori Dance ကို မကြာခဏ ကခဲ့တယ်လို့ ဆိုကြပါတယ်။ အထင်ရှားဆုံးကတော့ Nobunaga ဟာ 1560 - Okehazama တိုက်ပွဲ မတိုင်ခင်မှာ Atsumori Dance ကို ကခဲ့တယ်လို့ ဆိုပါတယ်။
-Atsumori ပြဇာတ်ရဲ့ နာမည်ကြီးတဲ့ စာသား တစ်ခုကတော့.......

" Ningen Gojuunen,
Geten no uchi wo kurabureba,
yumemaboroshi no gotokunari.
Hitotabi sei wo ete,
metsusenu mono no 
arubekika? "

" A man's life of 50 years under the sky
is nothing compared to
the age of this world.
Life is but a fleeting dream, an illusion --
Is there anything that lasts forever? "

လူ့ဘဝ သက်တမ်းနှစ် ၅၀လောက်ဆိုတာ လောကကြီးနဲ့ နှိုင်းယှဉ်ရင် တစ်ကယ်တော့ ဘာမှ မပြောပလောက်ပါဘူး။
ဘဝဆိုတာ အိပ်မက်လိုလို အရိပ်အယောင်လိုလို ပါပဲလား။
လောကမှာ ထာဝရ တည်ရှိမယ့် အရာဆိုတာကော ရှိရဲ့လား?

(အဲ့ဒါကို မကြာခဏ ဆိုတဲ့ Nobunaga ဟာ သူ 47နှစ်အရွယ်မှာ သေလိမ့်မယ်ဆိုတာ သိခဲ့မှာ မဟုတ်ပါဘူး......)

Media concerned with Nobunaga & Sengoku Period

Nobunaga ဒါမှ မဟုတ် အဲ့ခေတ်နဲ့ ဆိုင်တဲ့ game တွေ၊ anime တွေ၊ J-drama တွေကတော့.....

J-drama: Nobunaga Concerto
            : Nobunaga no Chef

Anime: Sengoku Basara
         : Nobunaga Concerto
         : Nobuna no Yabou

Game: Shogun Total War 1, 2 (strategy, PC)
         : Samurai Warriors series (Playstation)
         : Nobunaga's Ambitions series (Playstation)
         : Sengoku Rance (Visual Novel, PC 18+)

References


http://www.samurai-archives.com/nobunaga.html

http://en.wikipedia.org/wiki/Oda_Nobunaga

http://en.wikipedia.org/wiki/Battle_of_Okehazama

http://en.wikipedia.org/wiki/Uesugi_Kenshin

http://en.wikipedia.org/wiki/Honn%C5%8D-ji_Incident

http://www.oocities.org/rainforestwind/atsumori.htm

http://en.wikipedia.org/wiki/Atsumori_(play)

Comments

Popular posts from this blog

Lookism