Toyotomi Hideyoshi (1536 - 1598)

ဒဏ္ဍာရီထဲက ပုံပြင် တစ်ပုဒ် သို့မဟုတ် Hideyoshi ၏ ငယ်ဘဝ


Toyotomi Hideyoshi ဟာ သာမန် လယ်သမား မျိုးရိုးကနေ ဆင်းသက်လာတဲ့ သူလို့ဆိုပါတယ်။ 1570 မတိုင်ခင်အထိ သူ့အကြောင်းဟာ သမိုင်းမှတ်တမ်းမှာ မရှိခဲ့ပါဘူး။ ပါးစပ်ရာဇဝင်တွေအရကတော့ သူဟာ Owari ပြည်နယ် Nakamura ရွာမှာ မွေးဖွားခဲ့ပြီး Yaemon ဆိုတဲ့ လယ်သမားတစ်ဦးရဲ့ သား ဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ ငယ်နာမည်ကတော့ Hiyoshimaru ဖြစ်ပြီး ငယ်စဉ်က ဘုံကျောင်းကို အပို့ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ Kinoshita Tōkichirō ဆိုတဲ့ နာမည်ပြောင်းခဲ့ပြီး Imagawa Yoshimoto ဆီမှာ အလုပ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 1557 လောက်မှာ Owari ပြည်နယ်ကို ပြန်လာပြီး Oda ဆီမှာ သာမန်စစ်သားဘဝကနေ စခဲ့ပါတယ်။ သူဟာ 1560 မှာ Okehazama တိုက်ပွဲမှာ ပါခဲ့တယ်လို့ ဆိုကြပြီး 1564 မှာ Mino ရဲ့ စစ်သူကြီးတွေကို လာဘ်ထိုးပြီး Oda ဘက်ပါအောင် လုပ်ပေးနိုင်ခဲ့ပြီး Kinoshita Hideyoshi ဆိုတဲ့ နာမည်နဲ့ လူသိများလာခဲ့တယ်။ 1573 မှာတော့ Hideyoshi ဟာ Oda ရဲ့ နာမည်ကြီး စစ်သူကြီး နှစ်ယောက်ဖြစ်တဲ့ Niwa Nagahide နဲ့ Shibata Katsuie တို့ရဲ့ နာမည်ကို ယူပြီး Hashiba Hideyoshi ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ အဲ့အချိန်လောက်မှာပဲ သူဟာ Nene လို့ အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။

Hideyoshi ရဲ့ ပုံပန်းသဏ္ဍာန်ဟာ ထူးခြားတယ်လို့ ဆိုကြပါတယ်။ တစ်ခြား အားကောင်းမောင်းသန် စစ်သူကြီးတွေလိုမဟုတ်ပဲ ပုပြီး ပိန်ပိန်ပါးပါးခန္ဓာကိုယ် ဖြစ်ပါတယ်။ မျက်နှာကလဲ မျောက်နဲ့ ဆင်တူတယ်လို့ ဆိုကြပြီး Nobunaga က သူ့ကို မျောက် သို့ Saru လို့ ခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Hashiba Hideyoshi (1576 - 1582)


1576 မှာတော့ Oda နဲ့ Mori clan စစ်ဖြစ်ပြီး Nobunaga ဟာ Mori clan ကို တိုက်ဖို့ Hideyoshi နဲ့ Akechi Mitsuhide တို့ကို စေလွှတ်ခဲ့ပါတယ်။ Mitsuhide က Tamba ၊ Tango ၊ Tajima ၊ Inaba စတဲ့ ပြည်နယ်တွေကို သိမ်းခဲ့ပြီး Hideyoshi ကတော့ Himeji ၊ Kozuki နဲ့ Sayo Castle တွေကို သူ့ရဲ့ ပွဲဦးထွက် အောင်နိုင်မှုအနေနဲ့ သိမ်းနိုင်ခဲ့ပါတယ်။ Himeji ကို အောင်နိုင်ခဲ့တာဟာ (နောင်တစ်မှာ Hideyoshi ရဲ့ လူယုံ ဖြစ်လာမယ့်) Kuroda Kanbei ဟာ Himeji ခံတပ်မှာရှိတဲ့ သူ့အဖေကို လက်နက်ချဖို့ သိမ်းသွင်းနိုင်ခဲ့တဲ့ အတွက်ကြောင့်ပါပဲ။ Hideyoshi နဲ့ Mori clan တိုက်ခဲ့တဲ့ စစ်ပွဲဟာ ကြာရှည်ခဲ့ပါတယ်။ 1580 မှာမှ Bessho ဒေသကို သိမ်းနိုင်ခဲ့တယ်။

1582 April လမှာတော့ Hideyoshi ဟာ Bitchu ပြည်နယ်ကို ဝင်ရောက်ခဲ့ပြီး Takamatsu castle ကို ဝန်းရံခဲ့ပါတယ်။ တစ်ကယ်လို့ Takamatsu castle သာ ကျသွားရင် Mori ဘက်က Bitchu ပြည်နယ်ကို လက်လွှတ်ရမှာ ဖြစ်ပြီး Bingo နဲ့ Aki ပြည်နယ် နှစ်ခုသာ ကျန်တော့မှာ ဖြစ်တယ်။ Mori clan ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Mori Terumoto ဟာ သတိကြီးတဲ့လူဖြစ်ပြီး Hideyoshi နဲ့ ထိပ်တိုက် မရင်ဆိုင်ခဲ့ပါဘူး။ Takamatsu မှာ ရှိနေတဲ့ စစ်သူကြီးကတော့ Shimizu Muneharu ဖြစ်ပြီး သူ့ကို Hideyoshi က အကြိမ်ကြိမ် လာဘ်ထိုးခဲ့ပေမယ့် လက်နက်မချခဲ့ပါဘူး။ Takamatsu ရဲ့ တည်နေရာဟာ ပင်လယ်ရေမျက်နှာပြင်ရဲ့ အနှိမ့်ပိုင်းမှာရှိတာကို သတိပြုမိတဲ့ Hideyoshi ဟာ အနီးအနားက Ashimori Gawa မှာ ရှိတဲ့ ရေတွေနဲ့ Takamatsu ကို ပတ်ပတ်လည် ဝိုင်းအောင် လုပ်စေခဲ့ပြီး Mori ဘက်က စစ်ကူတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ Mori Terumoto ဟာ စစ်ကူ ရောက်လာခဲ့ပေမယ့်လဲ ဘာမှ မလုပ်ပဲ အခြေအနေကို စောင့်ကြည့်နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Hideyoshi ဟာ Oda ဆီက စစ်ကူ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Oda ဟာ စစ်ကူပို့ဖို့ သဘောတူခဲ့ပြီး စစ်ကူသွားမယ့် စစ်သူကြီးတွေထဲမှာ Akechi Mitsuhide လဲ ပါဝင်ပါတယ်။

Yamazaki စစ်ပွဲ (1582)


စစ်ကူအဖြစ် လာရမယ့် Mitsuhide ဟာ နောက်ကြောင်းပြန်လှည့်သွားပြီး 1582 June 20 မှာ Honno-ji မှာ ရှိနေတဲ့ Nobunaga ကို သတ်ခဲ့ပါတယ်။ အဲ့နောက်မှာ Akechi Mitsuhide ဟာ Mori clan ကို သူနဲ့ ပေါင်းပြီး Hideyoshi ကို ကြားညှပ်တိုက်ဖို့အတွက် စာပို့စေခဲ့ပါတယ်။ အဲ့စာကို Hideyoshi တပ်တွေက ရသွားတဲ့အတွက် Mitsuhide ရဲ့ အကြံပျက်သွားခဲ့ပါတယ်။ အဲ့အချိန်မှာ Mitsuhide ကို တွန်းလှန်နိုင်မယ့်လူဟာ နှစ်ယောက်သာ ရှိတယ်လို့ ဆိုရပါမယ်။ တစ်ယောက်ကတော့ Hideyoshi ကိုယ်တိုင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Oda ရဲ့ သစ္စာရှိ စစ်သူကြီး Shibata Katsuie ပဲ ဖြစ်ပါတယ်။ အဲ့ အချိန်မှာ Shibata Katsuie ဟာ Uesugi clan နဲ့ အပြင်းအထန်တိုက်ပွဲဝင်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် Kyoto ကို အမြန်ဆုံး ရောက်နိုင်မယ့်သူဟာ Hideyoshi ပါပဲ။ အဲ့နောက်မှာတော့ Hideyoshi က Takamatsu Castle လက်နက်ချရင် တစ်ဦးတစ်ယောက်ကိုမှ မသတ်ဘူးလို့ ကတိပေးခဲ့ပါတယ်။ Takamatsu Castle မှာရှိတဲ့ စစ်သားတွေဟာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်တဲ့ အတွက် Shimizu Muneharu ဟာ Hideyoshi ကမ်းလှမ်းတာကို လက်ခံပြီး လက်နက်ချခဲ့ပါတယ်။

အဲ့နောက်မှာတော့ Mori တို့နဲ့ စစ်ပြေငြိမ်းခဲ့ပြီး မြို့တော် ဖြစ်တဲ့ Kyoto ကို ချီတက်ခဲ့ပါတယ်။ အလျင်အမြန် ချီတက်လာတဲ့ Hideyoshi တပ်တွေဟာ လေးရက်အတွင်းမှာ Settsu ကို ရောက်လာခဲ့ပါတယ်။ ရုတ်တရတ်ကြီး ရောက်လာတာကို မျှော်လင့်မထားတဲ့ Mitsuhide ဟာ ဘာမှ မပြင်ဆင်နိုင်ခဲ့ပါဘူး။ Hideyoshi ဘက်မှာတော့ Niwa Nagahide နဲ့ Takayama Ukon စတဲ့ စစ်သူကြီးတွေနဲ့ အင်အားနှစ်သောင်းလောက် ရှိပြီး Mitsuhide ဘက်ကတော့ အင်အား တစ်သောင်းသာ ရှိခဲ့ပါတယ်။ 1582 July 2 ရက်နေ့မှာ အဲ့တပ်ဖွဲ့နှစ်ခုဟာ Yamazaki မှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ Akechi Mitsuhide ရဲ့ သေဆုံးမှုနဲ့ အတူ Yamazaki စစ်ပွဲ ပြီးဆုံးသွားခဲ့ပါတယ်။

Shizugatake (May 1583)


1582 ခု Oda Nobunaga သေပြီးနောက်မှာတော့ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် အငြင်းပွားမှုတွေ ဖြစ်လာပြန်တယ်။ Hideyoshi က Nobutada ရဲ့ သားဖြစ်တဲ့ Hidenobu ကို ထောက်ခံပြီး Shibata Katsuie ကတော့ Nobunaga ရဲ့ တတိယသားဖြစ်တဲ့ Nobutaka ကို ထောက်ခံခဲ့တယ်။ Hideyoshi ဟာ ငယ်ရွယ်တဲ့ Hidenobu ကို Oda clan ခေါင်းဆောင်ဖြစ်ဖို့ ထောက်ခံခဲ့တာဟာ တစ်ကယ်တော့ Hideyoshi ကိုယ်တိုင် အာဏာကို လိုချင်ခဲ့ပုံပေါ်တယ်။
နောက်တော့ Shibata Katsuie ဟာ Echizen ကို ပြန်သွားခဲ့ပြီး Hideyoshi ကို တိုက်ဖို့ ကြံစည်နေခဲ့ပါတယ်။ သူဟာ Hideyoshi နဲ့ စစ်ဖြစ်ခဲ့ရင် Ise နဲ့ Mino ကနေ စစ်ကူပို့ပေးမယ့်ကတိတွေ ရခဲ့ပေမယ့် Tokugawa Ieyasu ကိုတော့ သူ့ဘက်ပါအောင် မစည်းရုံးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ဘက် ပါလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ Meada Toshiie နဲ့ KanaMôri Nagachika ဟာလဲ Hideyoshi နောက် ပါသွားခဲ့ပါတယ်။ 1582 December လောက်မှာ Nobutaka ဟာ Hideyoshi ကို ပေါ်ပေါ်ထင်ထင်ပဲ ဆန့်ကျင်ခဲ့ပါတယ်။ Hideyoshi ကလဲ Gifu ကို ချက်ချင်း တိုက်ခဲ့ပြီး Nobutaka ကို လက်နက်ချစေခဲ့ပါတယ်။ အဲ့အတွက် Shibata Katsuie ဟာ သူ့အတွက် မဟာမိတ်တစ်ဦး ဆုံးရှုံးသွားခဲ့ပါတယ်။

1583 March မှာတော့ Hideyoshi က Ise ကို ဝင်တိုက်ပါတယ်။ အဲ့အတွက် Shibata Katsuie က Nagahama မှာ ရှိတဲ့ သူ့မွေးစားသားကို Hideyoshi ပိုင်တဲ့ Omi ဒေသကို ဝင်တိုက်စေခဲ့ပါတယ်။ ဒါပေမယ့် Hideyoshi ဟာ Nagahama မှာ ရှိတဲ့ စစ်သူကြီးတွေကို လာဘ်ထိုးထားတဲ့ အတွက် Nagahama က လက်နက်ချခဲ့ပါတယ်။ အဲ့နောက်မှာတော့ Shibata Katsuie ဟာ သူ့ရဲ့ စစ်သူကြီး ဖြစ်တဲ့ Sakuma Morimasa ကို Mori မှာရှိတဲ့ Hideyoshi ရဲ့ ခံတပ်တွေကို ဖြိုဖျက်ဖို့ စေလွှတ်ခဲ့ပါတယ်။ Sakuma ဟာ Shizugatake ကို ဝန်းရံခဲ့ပါတယ်။ အဲ့အချိန်မှာ Shibata က Sakuma ကို ပြန်တပ်ဆုတ်ဖို့ စာ အကြိမ်ကြိမ်ပို့ခဲ့ပေမယ့်လဲ Sakuma က အမိန့်မနာခံခဲ့ပါဘူး။ Shizugatake ကို ဝန်းရံထားတယ်ဆိုတဲ့ သတင်းကို ကြားတဲ့ Hideyoshi ဟာ ချက်ချင်း စစ်ကူတွေနဲ့ လေးရက်ခရီးကို တစ်ရက်ခွဲအတွင်း ရောက်လာခဲ့ပါတယ်။ Hideyoshi စစ်ကူရောက်လာမယ် လို့ ကြားတဲ့ အချိန်မှာ Sakuma ဟာ တပ်ဆုတ်ဖို့ ကြိုးစားခဲ့ပေမယ့်လဲ အရမ်းကို နောက်ကျသွားခဲ့ပါပြီ။ အဲတိုက်ပွဲမှာ Sakuma သေဆုံးသွားခဲ့ပြီး Kato Kiyomasa နဲ့Fukushima Masamori အပါအဝင် Hideyoshi ရဲ့ စစ်သူကြီး ခုနှစ်ယောက်ဟာ shichi-hon yari သို့ Shizugatake ရဲ့ လှံခုနစ်စင်းဆိုပြီး နာမည်ကြီးခဲ့ပါတယ်။

Shizugatake မှာ သူ့တပ်တွေရဲ့ ရှုံးနှိမ့်မှုကို ကြားတဲ့ Shibata Katsuie ဟာ လက်နက်ချဖို့ပဲ ကျန်ပါတော့တယ်။ Hideyoshi ရဲ့ တပ်တွေ Echizen ကို ဝင်ရောက်လာတဲ့ အချိန်မှာ သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။ Shibata ရဲ့ ဇနီးလဲဖြစ် Oda Nobunaga ရဲ့ ညီမလဲ ဖြစ်တဲ့ Oichi ဟာလဲ သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။ Oichi ရဲ့ သမီးသုံးယောက်ကိုတော့ လွှတ်ပေးခဲ့ပြီး နောင်မှာ အဲ့ထဲက တစ်ဦးဖြစ်တဲ့ Chacha ဟာ Hideyoshi ရဲ့ ဇနီး ဖြစ်လာပါတယ်။

Komaki စစ်ပွဲ (1584)


Shizugatake တိုက်ပွဲပြီးသွားပြီးနောက် Hideyoshi ဟာ Nobunaga ရဲ့ ဒုတိယသားဖြစ်တဲ့ Nobukatsu နဲ့ တခြား စစ်သူကြီးတွေကို Osaka နန်းတော်မှာ စားသောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါဟာ Nobukatsu အနေနဲ့ဆို Hideyoshi ကို အရိုအသေသွားပြုရာရောက်တဲ့ အတွက် အဲ့ပွဲကို မတက်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ Hideyoshi ဟာ Nobukatsu ရဲ့ စစ်သူကြီးတွေဖြစ်တဲ့ Tsugawa Yoshifuyu ၊ Okada Shigetaka နဲ့ Azai Nagatoki တို့ဟာ Hideyoshi ကို ထောက်ခံကြတယ်ဆိုတဲ့ ကောလဟာလတွေကို လွှင့်ခဲ့ပါတယ်။ Nobukatsu ဟာလဲ သူ့စစ်သူကြီးတွေကို သံသယ မကင်းဖြစ်ပြီး သတ်ခဲ့ပါတယ်။ အဲ့ဒါကို အကြောင်းပြုပြီး Hideyoshi ဟာ Nobukatsu ကို စစ်ကြေငြာခဲ့ပါတယ်။ Nobukatsu ကလဲ Tokugawa Ieyasu ဆီကနေ စစ်ကူတောင်းခဲ့ပြီး Hideyoshi တပ်တွေနဲ့ Tokugawa တပ်တွေ တိုက်ကြတဲ့ Komaki စစ်ပွဲ စတင်ခဲ့ပါတယ်။

Hideyoshi ဟာ Ieyasu နဲ့ ထိပ်တိုက်ရင်ဆိုင်ရင် မလွယ်ဘူးဆိုတာ သိတဲ့ အတွက် အင်အားယုတ်လျော့တဲ့ Nobukatsu ရဲ့ တပ်တွေကို အရင် ဖိနှိပ်ခဲ့ပါတယ်။ 1584 December လောက်မှာတော့ Nobukatsu ဟာ Hideyoshi နဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ အဲ့လို ငြိမ်းချမ်းရေး လိုက်တဲ့ အတွက် Ieyasu ဟာလဲ လက်နက်ချခဲ့ပါတယ်။

တစ်နိုင်ငံလုံးကို စည်းရုံးသိမ်းပိုက်ခြင်း (1585 - 1591)

1585 မှာတော့ Hideyoshi ဟာ Shikoku ဒေသမှာရှိတဲ့ Chosokabe Motochika ဆီက Iyo နဲ့ Awa ပြည်နယ်ကို ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Chosokabe က Awa ပဲ ပေးမယ်လို့ ဆိုခဲ့တဲ့ အတွက် 1585 June မှာ Hideyoshi နဲ့ စစ်ဖြစ်ခဲ့ပါတယ်။ Hideyoshi ရဲ့ ကြီးမားတဲ့ စစ်တပ်တွေကို တစ်လလောက် ခုခံပြီးနောက်မှာတော့ Chosokabe ဟာ လက်နက်ချခဲ့ပါတယ်။ လက်နက်ချခဲ့တဲ့ သူအားလုံးကို Hideyoshi ဟာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ Hideyoshi ဟာ သူ့တပ်တွေအပြင် မဟာမိတ်ဖြစ်တဲ့ Mori ရဲ့ စစ်ကူတွေကြောင့် တစ်လခွဲအတွင်းမှာ Chosokabe ရဲ့ ပြည်နယ် လေးခုကို သိမ်းနိုင်ခဲ့ပါတယ်။

1585 August လ 6 ရက်မှာတော့ Hideyoshi ကို နန်းတော်က Kampaku ဆိုတဲ့ ရာထူးပေးခဲ့ပါတယ်။ ဒီရာထူးဟာ ခေတ်အဆက်ဆက်မှာ Fujiwara မျိုးရိုးက ဆင်းသက်လာတဲ့သူတွေပဲ ရခဲ့တဲ့ ရာထူးဖြစ်တဲ့ အတွက် လယ်သမားမျိုးရိုးက ဆင်းသက်လာတဲ့ Hideyoshi အတွက် အင်မတန် မြင့်တဲ့ ရာထူးလို့လဲ ဆိုနိုင်ပါတယ်။ သူဟာ Kyoto ကို အုပ်ချုပ်ဖို့ bugyô ဆိုတဲ့ အုပ်ချုပ်သူ ငါးယောက်ပါဝင်တဲ့ စနစ်ကို စခဲ့ပါတယ်။ အဲ့ bugyô ငါးယောက်ထဲမှာ Ishida Mitsunari ဟာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။ September 29 မှာတော့ Hideyoshi ဟာ သူ့မျိုးရိုးနာမည်ကို "ကြွယ်ဝတဲ့ ဝန်ကြီး" လို့ အဓိပ္ပာယ်ရတဲ့ Toyotomi ဆိုတဲ့ နာမည်ကို ပြောင်းလိုက်ပြန်ပါတယ်။

Hideyoshi ရဲ့ တစ်နိုင်ငံလုံးကို သိမ်းပိုက်မယ့်အိပ်မက် အကောင်အထည်ဖော်ဖို့ အတွက် အတားအဆီး နှစ်ခု ရှိနေခဲ့ပါတယ်။ တစ်ခုကတော့ Kyushu ဒေသမှာရှိတဲ့ Shimazu Clan ဖြစ်ပြီး နောက်တစ်ခုကတော့ Kanto ဒေသက Hojo တွေပဲ ဖြစ်ပါတယ်။ 1585 December မှာ Chosokabe Motochika နဲ့ Sengoku Hidehisa ရဲ့ တပ်တွေဟာ Otomo ရဲ့ မြို့တော် Funai ကို ရောက်ခဲ့ပါတယ်။ Ôtomo Yoshimune နဲ့ Sengoku ဟာ Hideyoshi က ခံစစ် ဆင်ခိုင်းထားတာကို နားမထောင်ပဲ Shimazu ကို ထိုးစစ်ဆင်ခဲ့ပါတယ်။ Ôtomo-Toyotomi မဟာမိတ်တပ်တွေ စစ်ရှုံးသွားခဲ့ပြီး Chosokabe Motochika ရဲ့ သားတစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ တစ်ကယ်တော့ ဒါဟာ Shimazu အတွက် နောက်ဆုံးအောင်ပွဲ ဖြစ်ခဲ့ပါတယ်။

1586 January 20 မှာတော့ Hideyoshi ရဲ့ မအေတူ ဖအေကွဲညီဖြစ်တဲ့ Toyotomi Hidenaga ရဲ့ စစ်ကူ ခြောက်သောင်းအပြင် Kobayakawa Takakage နဲ့ Môri တပ်တွေရဲ့ စစ်ကူ ကိုးသောင်း ရောက်လာခဲ့ပါတယ်။ ဒါ့အပြင် February မှာ Hideyoshi ကိုယ်တိုင် စစ်ကူ သုံးသောင်းနဲ့ ရောက်လာခဲ့ပါတယ်။ Toyotomi Clan ရဲ့ ကြီးမားတဲ့ စစ်အင်အားကြောင့် Shimazu ဘက်က စစ်သူကြီးတွေဟာ တစ်ဦးပြီးတစ်ဦး လက်နက်ချခဲ့ပါတယ်။ June လ 6 ရက်မှာ Shimazu တို့နဲ့ Sendai မြစ်မှာ အကြီးအကျယ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Shimazu Yoshihisa ဟာ သူ့ဆံပင်ကို ဖြတ်ပြီး Hideyoshi လက်အောက်မှာ အညံ့ခံခဲ့ပါတယ်။ Hideyoshi ကလဲ လက်နက်ချတာကို လက်ခံခဲ့ပြီး Yoshihisa ကို Daimyo နေရာကနေ အနားယူစေပြီး သူ့ညီ Yoshihiro ကို ဆက်ခံစေခဲ့ပါတယ်။

အဲ့နောက်မှာတော့ Hideyoshi ဟာ Kyushu ဒေသမှာ အချိန်အနည်းငယ်ကြာနေခဲ့ပါတယ်။ Kyushu ဒေသက ပြည်နယ်တွေရဲ့ အုပ်ချုပ်မှုကို သူ ယုံကြည်ရတဲ့ စစ်သူကြီးတွေကို ပေးအပ်ခဲ့ပါတယ်။ Konishi Yukinaga နဲ့ Kato Kiyomasa ကို Higo ၊ Kuroda Kanbei ကို Buzen ၊ Kobayakawa Takakage ကို Chikuzen စသဖြင့် နေရာချပေးခဲ့ပါတယ်။ ဒီလူတွေဟာ နောင် ကိုရီးယား-ဂျပန် စစ်ပွဲရဲ့ ရှေ့ပြေးတပ်တွေ ဖြစ်လာခဲ့ပါတယ်။
1586 July 24 မှာတော့ Hideyoshi ဟာ ခရစ်ယာန် သာသနာပြုတွေကို နိုင်ငံကနေ ရက်နှစ်ဆယ် အတွင်းထွက်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဒီအချိန်မှာတော့ Hideyoshi ဟာ တစ်နိုင်ငံလုံးနီးပါးကို သိမ်းနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ကျန်နေတဲ့ အတိုက်အခံတွေကတော့ Hojo နဲ့ (Date Masamune ၊ Mogami Yoshiakira ၊ Nambu Nobunao အစရှိတဲ့) မြောက်ဘက်က Daimyo အနည်းငယ်ပဲ ကျန်ပါတော့တယ်။ ဒါပေမယ့်လဲ Hideyoshi ဟာ Hojo ကို မသိမ်းသေးပဲ ကဗျာ စာပေ လေ့လာခြင်း ၊ လက်ဖက်ရည်ပွဲ စတာတွေနဲ့ အချိန်ကုန်စေခဲ့ပါတယ်။

1590 May လ မှာတော့ Hideyoshi ဟာ Hojo ကို သိမ်းဖို့ လုပ်ခဲ့ပါတယ်။ Hojo Ujimasa နဲ့ Ujinao ဟာ လက်နက်ချဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် Toyotomi တပ်တွေဟာ Hojo ကို စစ်ကြောင်း သုံးကြောင်းကနေ တိုက်ဖို့ လုပ်ပါတယ်။ Tokugawa က Tokaido ကနေ ၊ Sanada နဲ့ Uesugi တပ်တွေက Kozuke ၊ Chosokabe က Izu ကနေ Odawara Castle ကို ဝန်းရံခဲ့ပါတယ်။ Odawara Castle ဟာ ထိုးမဖောက်နိုင်တဲ့ ခံတပ်လို့ နာမည်ကြီးပြီး ရေရှည်ပိတ်ဆို့ထားဖို့အတွက် အထောက်အပံ့တွေ အများကြီးလိုပါတယ်။ ဒီအတွက် Hideyoshi ဟာ ပြင်ဆင်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် Hideyoshi ဟာ သူ့ရဲ့ စစ်တပ်တွေ စိတ်ဓာတ်တက်ကြွအောင် ပျော်ပွဲရွှင်ပွဲတွေ၊ အစားအသောက်ရောင်းချတဲ့နေရာတွေပါ စီစဉ်ပေးခဲ့ပါတယ်။ စစ်သူကြီးတွေကိုလဲ သူတို့ရဲ့ ဇနီးမယားတွေပါ ခေါ်ခွင့် ပြုစေခဲ့တယ်လို့ ဆိုပါတယ်။ 3 လ အကြာ August လ 12 ရက်နေ့မှာ Odawara ရဲ့ တံခါးကို ဖွင့်ပေးခဲ့ကာ လက်နက်ချခဲ့ပြီး Ujimasa ဟာ သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။ Sengoku ခေတ်ရဲ့ ပထမဆုံး Daimyo Clan လို့ ဆိုနိုင်တဲ့ Hojo Clan ဟာ နောက်ဆုံးမှာ နိဂုံးချုပ်ခဲ့ပါတယ်။
အဲနောက်မှာတော့ Date Masamune ဟာ လက်နက်ချခဲ့ပါတယ်။ 1591 January မှာတော့ Hideyoshi ဟာ ဂျပန် တစ်နိုင်ငံလုံးကို စုစည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

1591 September မှာ Hideyoshi ရဲ့ တစ်ဦးတည်းသောသားဟာ သေဆုံးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ Hideyoshi ဟာ သူ့တူဖြစ်တဲ့ Hidetsugu ကို သူ့ရာထူးဆက်ခံစေဖို့ မွေးစားခဲ့ပါတယ်။ 1592 February 11 ရက် မှာတော့ Hideyoshi ဟာ Kampaku ရာထူးက အနားယူခဲ့ပြီး အဲ့ရာထူးကို Hidetsugu ကို လွှဲပေးခဲ့ပါတယ်။

ကိုရီးယား-ဂျပန် စစ်ပွဲ(1592 - 1598) နှင့် Hideyoshi ၏ နိဂုံး (1598)


Hideyoshi ဟာ နဂိုထဲက နယ်ပယ်ချဲ့ထွင်ချင်တဲ့ ဆန္ဒရှိခဲ့တယ် လို့ဆိုနိုင်ပါတယ်။ အစောပိုင်း 1586 Oda လက်အောက်က စစ်သူကြီး ဖြစ်နေတဲ့ အချိန်လောက်မှာ Hideyoshi ဟာ သူ တရုတ်ပြည်ကို သိမ်းလိုစိတ်ရှိတယ်ဆိုတာကို Môri Terumoto ကို ပြောခဲ့တယ်လို့ ဆိုကြပါတယ်။ 1587 မှာ Hideyoshi ဟာ တရုတ်ပြည်ကိုကျူးကျော်ဖို့အတွက် ကိုရီးယားက လမ်းဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကိုရီးယားဘက်က ဘာမှ အကြောင်းမပြန်ခဲ့တဲ့ အတွက် 1591 မှာ နှစ်ကြိမ်တိုင်တိုင် လမ်းဖွင့်ဖို့ တောင်းဆိုပြန်ပါတယ်။ ဒါကိုတော့ ငြင်းဆိုခဲ့တဲ့ အတွက်ကြောင့် Hideyoshi ဟာ 1591 August လမှာ ကိုရီးယားကို တိုက်ရန် ပြင်ဆင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

1592 April လ 13 ရက်မှာတော့ ဂျပန်တွေဟာ ကိုရီးယားမြေပေါ်ကို ကျူးကျော်ဖို့ ခြေချခဲ့ပါတယ်။ ဂျပန်တပ်တွေထဲမှာ Kato ၊ Konishi ၊ Môri နဲ့ Chosokabe အစရှိတဲ့ ဂျပန် အနောက်ဘက်က Daimyo တွေ အများဆုံး ပါဝင်ခဲ့ပြီး စစ်တပ်အင်အား နှစ်သိန်းလောက် ရှိခဲ့ပါတယ်။ Hideyoshi ကိုယ်တိုင်ကတော့ Kyushu က Nagoya မှာ ရှိနေခဲ့ပါတယ်။ Hideyoshi မယုံကြည်ရတဲ့ သူတွေဖြစ်တဲ့ Tokugawa Ieyasu နဲ့ Date Masamune စတဲ့ လူတွေကိုတော့ ကိုရီးယားစစ်ပွဲမှာ မပါဝင်စေခဲ့ပါဘူး။ ဒါနဲ့ ပတ်သတ်ပြီး ဘာကြောင့် Hideyoshi ဟာ သူ့ရဲ့ လက်အောက် သစ္စာခံတွေကိုပဲ လွှတ်ခဲ့လဲဆိုတာ အငြင်းပွားနေကြတုန်းပါပဲ။ တစ်ချို့ဆိုကြတာတော့ ကိုရီးယားကို ကျူးကျော်တာဟာ Daimyo တွေ Hideyoshi ကို ပုန်ကန်ဖို့ အချိန်မရနိုင်အောင်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ စစ်ပွဲကြောင့် Hideyoshi ရဲ့ အင်အားယုတ်လျော့သွားခဲ့တာတော့ အမှန်ပါပဲ။

စစ်ပွဲအစပိုင်းမှာတော့ ဂျပန်တွေဟာ အောင်မြင်မှု အတော်အတန်ရခဲ့ပါတယ်။ 1592 May လမှာ Seoul ကို သိမ်းနိုင်ပြီးနောက် Konishi Yukinaga ဟာ မြို့တော်ဖြစ်တဲ့ Pyongyang ကို ချီတက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Kato Kiyomasa ဟာ မန်ချူးရီးယားက ဖြတ်ပြီး အရှေ့ဘက်ကနေ ဝင်ရောက်လာခဲ့ပါတယ်။ လေးလ အတွင်းမှာပဲ ဂျပန်တပ်တွေဟာ တရုတ်ပြည်ကို ကျူးကျော်ဖို့ လမ်း ပွင့်သွားစေခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အဲ့လမ်းက အကြောင်းသုံးချက်ကြောင့် ပြန်ပိတ်သွားခဲ့ပါတယ်။ အဲ့ သုံးချက်ကတော့ ၁။ ကိုရီးယားတွေရဲ့ ပြောက်ကျား စစ်ဆင်ရေး ၂။ တရုတ်စစ်ကူတွေ ရောက်လာခြင်း နဲ့ ၃။ Yi Sun Shin (လီဆွန်းရှင်း) ဦးဆောင်တဲ့ ကိုရီးယားရေတပ်ရဲ့ အောင်မြင်မှုတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ပြောက်ကျား စစ်ဆင်ရေးနဲ့ ရေတပ်ဟာ ဂျပန်တွေရဲ့ ရိက္ခာပို့တဲ့ လမ်းကြောင်းကို လုံးဝ ပျက်တောက်စေခဲ့ပါတယ်။ Pyongyang မှာလဲ အင်အားကြီးတဲ့ တရုတ်တပ်တွေ ရောက်လာတဲ့ အတွက် Konishi Yukinaga ဟာ တပ်ဆုတ်ခဲ့ရပါတယ်။ နောက်မကြာခင်မှာပဲ Kato လဲ တပ်ဆုတ်ခဲ့ပါတယ်။

စစ်မြေပြင်မှာ ဂျပန်တပ်တွေ မျက်နှာပန်း မလှတော့တဲ့ အတွက် July လမှာ Hideyoshi ဟာ တရုတ်နဲ့ စစ်ပြေငြိမ်းဖို့လုပ်ပါတော့တယ်။ Hideyoshi တရုတ်ဧကရာဇ်ရဲ့ သမီးတော်ကို ဂျပန် ဧကရာဇ် ဆီ ဆက်သရင် ငြိမ်းချမ်းရေး လုပ်မယ်လို့ တောင်းဆိုခဲ့ပါတယ်။ တရုတ်တွေက စစ်ပြေငြိမ်းဖို့ လက်ခံခဲ့ပေမယ့် Hideyoshi တောင်းဆိုတာကို မလိုက်လျောခဲ့ပါဘူး။

1593 မှာ Hideyoshi ရဲ့ ဒုတိယ ဇနီးဖြစ်တဲ့ Chacha သို့ Yodo ဟာ Hideyori ဆိုတဲ့ သားတစ်ယောက် မွေးဖွားခဲ့ပါတယ်။ အဲ့မှာတော့ Hideyoshi ရဲ့ အရိုက်အရာ ဆက်ခံမယ့်ပြဿနာ ပေါ်လာပြန်ပါတယ်။ Hideyoshi ဟာ သူ့အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သူ့တူ ဖြစ်တဲ့ Hidetsugu ကို ရွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် Hideyoshi ဟာ သူ့သား Hideyori ကို ဦးစားပေးစေချင်တဲ့ပုံပေါ်ပါတယ်။ 1595 မှာတော့ Hidetsugu ဟာ Koya တောင်ကို အပို့ခံရပြီး seppuku လုပ်စေခဲ့ပါတယ်။ Hidetsugu ရဲ့ မိသားစုဝင် သုံးဆယ့်တစ်ယောက်ဟာလဲ Kyoto မှာ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ Hidetsugu သေဆုံးမှု အကြောင်းအရင်းကတော့ မသေချာ မရေရာ ဖြစ်နေခဲ့ပြီး သမိုင်းပညာရှင်တွေ အငြင်းပွားတုန်းပါပဲ။

တရုတ်တွေဟာ Hideyoshi တောင်းဆိုတာကို လက်မခံပဲ Hideyoshi ကို "ဂျပန်နိုင်ငံ ရဲ့ ဘုရင်" အဖြစ်အသိအမှတ် ပြုမယ်လို့ စာပြန်လာခဲ့ပါတယ်။ ဒါဟာ Hideyoshi ရဲ့ အရှက်ခွဲလိုက်သလိုဖြစ်ခဲ့ပြီး 1597 March လ 19 ရက်မှာ ကိုရီးယား-ဂျပန် စစ်ကို ဒုတိယ အကြိမ် စတင်ခဲ့ပါတယ်။ ဒုတိယ စစ်ပွဲကတော့ August လမှာ Namwon ကို သိမ်းနိုင်တာ အပြင် တစ်ခြားအောင်မြင်မှု အကြီးကြီး မရှိခဲ့ပါဘူး။ 1597 September 19 မှာ Yi Sun Shin ဟာ Myongyang ကို သင်္ဘော 16 စင်းနဲ့ ဝင်တိုက်ခဲ့ပြီး ဂျပန်ဘက်က သင်္ဘော 133 စင်းကို ဖြိုခွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Kato Kiyomasa နဲ့ Asano Yukinaga ဟာလဲ Ulsan မှာ 1598 အထိ ပိတ်မိနေခဲ့ပါတယ်။

1598 ရဲ့ နွေရာသီမှာ Hideyoshi ဟာ နေမကောင်းဖြစ်ပြီး သူ့လက်အောက်က အရေးအရာပါတဲ့ လူတွေကို ခေါ်ခဲ့ပါတယ်။ August လမှာ သူဟာ Tokugawa Ieyasu ၊ Meada Toshiie ၊ Môri Terumoto ၊ Ukita Hideie နဲ့ Uesugi Kagekatsu စတဲ့ Daimyo ငါးဦးပါဝင်တဲ့ ရင်ခွင်ပိုက် အစိုးရ အဖွဲ့ကို ဖွဲ့စေခဲ့ပြီး သူ့သား အရွယ်ရောက်တဲ့ အချိန် အထိ အုပ်ချုပ်စေခဲ့ပါတယ်။ နောက်ပြီး ပြည်တွင်းရေးတွေကိုတော့ bugyô တွေဖြစ်တဲ့ Ishida Mitsunari ၊ Natsuka Masaie ၊ Maeda Gen-I ၊ Mashita NagaMôri နဲ့ Asano Nagamasa တို့ကို တာဝန်ပေးခဲ့ပါတယ်။ နောက်ပြီး တစ်ဦးချင်းဆီကို သူ့သား Hideyori အပေါ် သစ္စာရှိပါ့မယ်လို့ ကတိပြုစေခဲ့တယ်။ ရင်ခွင်ပိုက် အစိုးရ ငါးဦးထဲမှာ Hideyoshi အယုံကြည်ရဆုံးသူကတော့ Hideyoshi နဲ့ ရင်းနှီးတဲ့ Kaga ရဲ့ Daimyo ဖြစ်တဲ့ Meada Toshiie ပဲ ဖြစ်ပါတယ်။
1598 September 18 ရက်မှာတော့ Hideyoshi သေဆုံးသွားခဲ့ပါတယ်။ ကိုရီးယားစစ်ပွဲကိုလဲ အဆုံးသတ်ခဲ့ပြီး ဂျပန်တပ်တွေကို တိုင်းပြည်ပြန်လာစေခဲ့ပါတယ်။ ဒါ့အပြင် Hideyoshi အားကိုးခဲ့တဲ့ Maeda Toshiie ဟာလဲ 1599 မှာ သေဆုံးသွားခဲ့ပါတယ်။ Hideyoshi သေဆုံးပြီး နှစ်နှစ်အတွင်းမှာပဲ ရင်ခွင်ပိုက်အစိုးရ အဖွဲ့ဟာ ပြိုကွဲသွားပြီး Tokugawa Ieyasu ရဲ့ အာဏာစက်က ကျယ်ပြန့်လာခဲ့ပါတယ်။ 1603 မှာ Ieyasu ဟာ Shogun ဖြစ်လာခဲ့ပါတယ်။

Hideyori ဟာလဲ Osaka Castle မှာပဲ ရှိခဲ့ပြီး Tokugawa တပ်တွေနဲ့ နှစ်ကြိမ်တိုက်ပြီးနောက် စစ်ရှုံးသွားပြီး 1615 မှာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။ Lady Yodo ဟာလဲ သူ့ကိုယ်သူ သတ်သေခဲ့တယ်။ အဲ့နောက်မှာတော့ Toyotomi ဆိုတဲ့ နာမည်ဟာ ပျောက်ကွယ်သွားပါတော့တယ်။

Toyotomi Hideyoshi ကို နှောင်းလူတွေဟာ သူရဲကောင်းတစ်ဦးအဖြစ်၊ ဂျပန်နိုင်ငံကို စည်းရုံးသိမ်းသွင်းခဲ့တဲ့ သူအဖြစ် လေးစားကြပါတယ်။ သူလုပ်ခဲ့တာတွေမှာ အကောင်းတွေရော အဆိုးတွေရော ရှိနေခဲ့ပေမယ့်လဲ သူဟာ ဂျပန်သမိုင်းမှာ အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာ ငြင်းလို့ မရတဲ့ အချက်ပါပဲ။

References


http://www.samurai-archives.com/hideyoshi.html

http://en.wikipedia.org/wiki/Toyotomi_Hideyoshi

http://en.wikipedia.org/wiki/Shibata_Katsuie

http://en.wikipedia.org/wiki/Oichi

http://en.wikipedia.org/wiki/Yodo_dono

http://en.wikipedia.org/wiki/Battle_of_Shizugatake

http://en.wikipedia.org/wiki/Battle_of_Komaki_and_Nagakute

http://en.wikipedia.org/wiki/Japanese_invasions_of_Korea_(1592–98)

Comments

Popular posts from this blog

Lookism