သုံးနိုင်ငံခေတ်(၅၆)

အခန်း(၅၆) "ချောင်ချောင်း"(Cao Cao) သည် ကြေးနီငှက်မျှော်စင်တွင် စားသောက်ပွဲကျင်းပခြင်း။ "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျိုးယွီ"(Zhou Yu) ကို တတိယအကြိမ်စိတ်ဆိုးစေခြင်း။

"ကျိုးယွီ"(Zhou Yu) မေ့လဲသွားသောအခါဝယ် တောင်ပိုင်းပြည်နယ်တပ်သည် တပ်ပြန်ဆုတ်လေသည်။ "ကျူးကဲလျန့်"(Zhuge Liang) ကလည်း စစ်တပ်တို့ကိုဆက်မလိုက်စေတော့ပေ။ "လျူဘေ့"(Liu Bei) သည် ကျင်ကျိုးပြည်နယ်သို့ပြန်သွားသည်။
"ကျိုးယွီ"(Zhou Yu) သည် ချိုင်စန်းသို့ရောက်သောအခါ "ကျန်းချင်"(Jiang Qin) တို့သည်လည်း နန်ရွှီသို့ရောက်ပြီး "စွန်းချွမ်"(Sun Quan) အား အကျိုးအကြောင်းပြောလေသည်။ "စွန်းချွမ်"(Sun Quan) မှာ အင်မတန်ဒေါသထွက်ပြီး "ချန်ဖူ"(Cheng Pu) ကိုစေလွှတ်ကာ ကျင်ကျိုးကိုသိမ်းမည်ပြုသည်။ "ကျိုးယွီ"(Zhou Yu) ကလည်း နေမကောင်းသည့်ကြားမှ သူ့သခင်အား လက်စားချေရန်တိုက်တွန်းသည်။ သို့သော် "ကျန်းကျောက်"(Zhang Zhao) မှ
"ချောင်ချောင်း(Cao Cao) က ကမ်းပါးနီမှာ ဆုံးရှုံးခဲ့တာကိုမမေ့သေးဘူး။ အကယ်၍ ဒေါသကြောင့်နဲ့ စွန်းမိသားစုနဲ့လျူဘေ့(Liu Bei) သာ စစ်ဖြစ်ကြရင် ချောင်ချောင်း(Cao Cao) က ဒါကိုအခွင့်ကောင်းယူမယ်ဆိုရင် ဒုက္ခရောက်လိမ့်မယ်" ဟုပြောလေသည်။
"ကူယုံ"(Gu Yong) မှလည်း
"ချောင်ချောင်း(Cao Cao) က ဒီမှာ သူလျှိုတွေရှိမှာအမှန်ပဲ။ သူက စွန်းနဲ့လျူမိသားစုမသင့်မြတ်တာကိုကြားတာနဲ့ လျူမိသားစုကို သူ့ဘက်ပါအောင်ခေါ်မှာပဲ။ လျူဘေ့(Liu Bei) ကလည်း သခင်ကြီးရဲ့ရန်ကြောက်ပြီး သူ့ဘက်ပါသွားနိုင်တယ်။ ဒါကြောင့် လျူဘေ့(Liu Bei) ကို ကျင်ကျိုးနယ်စားအဖြစ်အသိအမှတ်ပြုပြီး နှစ်ဦးနှစ်ဘက် ပိုပြီးချစ်ကြည်ရင်းနှီးအောင်လုပ်သင့်တယ်။ အဲ့လိုသာဆို ချောင်ချောင်း(Cao Cao) က တောင်ပိုင်းပြည်နယ်ကိုကျူးကျော်ရဲမှာမဟုတ်သလို လျူဘေ့(Liu Bei) ကလည်း သခင်ကြီးအပေါ်ကျေးဇူးတင်နေလိမ့်မယ်။ နောက်ပြီး လျူဘေ့(Liu Bei) နဲ့ ချောင်ချောင်း(Cao Cao) မသင့်မြတ်အောင်လုပ်ဖို့ တစ်ယောက်ယောက်ရှာသင့်တယ်။ အဲ့လိုဆိုရင် သခင်ကြီး အောင်မြင်လိမ့်မယ်" ဟု ပြောသည်။
"စွန်းချွမ်"(Sun Quan) မှ
"ဒါ အကြံကောင်းပဲ။ ဒါပေမယ့် အဲ့လိုလုပ်နိုင်မယ့်လူဘယ်မှာသွားရှာမလဲ" ဟုပြောလေသည်။
"အဲ့လိုလူရှိပါတယ်။ ချောင်ချောင်း(Cao Cao) လေးစားတဲ့လူပေါ့"
"ဟန်ရှင်း(Han Xin) ပေါ့။ သူ့ကိုလွှတ်ရင် အသင့်တော်ဆုံးပဲ"
သို့နှင့် "ဟန်ရှင်း"(Han Xin) ကိုမြို့တော်ရွှီချန်သို့စေလွှတ်လေသည်။ "ဟန်ရှင်း"(Han Xin) မြို့တော်သို့ရောက်သောအခါဝယ် "ချောင်ချောင်း"(Cao Cao) မှာ ရဲ့ကျွင်းရှိ ကြေးနီငှက်မျှော်စင်သို့သွားကြောင်းသိလေလျှင် ထိုနေရာသို့လိုက်သွားသည်။
"ချောင်ချောင်း"(Cao Cao) သည် ကမ်းပါးနီတွင် အကြီးအကျယ်စစ်ရှုံးခဲ့သည်ကိုမမေ့နိုင်ပဲ လက်စားချေလိုသည်။ သို့သော်လည်း သူ၏ရန်သူကြီးနှစ်ယောက်ကို ကြောက်ရွံ့သည့်စိတ်က ရင်ထဲတွင်ကိန်းအောင်းနေသည်။

တစ်ဆယ့်ငါးနှစ်မြောက်နွေဦးကာလ (အေဒီ ၂၁၀) တွင် မျှော်စင်ဆောက်လုပ်မှုပြီးစီးသွားသောအခါ "ချောင်ချောင်း"(Cao Cao) သည် လူအများတို့ကိုဖိတ်ခေါ်ကာ အခမ်းအနားအကြီးအကျယ်ပြုလုပ်သည်။ ထိုပွဲတော်ကို ကျန်းမြစ်ကမ်းနံဘေးတွင်ပြုလုပ်သည်။ ကြေးနီငှက်မျှော်စင်သည် အလယ်တွင်ရှိပြီး ဘေးတစ်ဘက်တစ်ချက်စီတွင် အိမ်ဆောင်နှစ်ဆောင်ရှိကာ 'ကျောက်စိမ်းနဂါးအဆောင်' နှင့် 'ရွှေဇာမဏီဆောင်' ဟုခေါ်တွင်စေသည်။ တစ်ခုစီသည် တစ်ရာယူနစ်စီမြင့်ပြီး ထိုအဆောင်နှစ်ခုကို တံတားဖြင့်ချိတ်ဆက်ထားသည်။
ဖွင့်ပွဲအခမ်းအနားတွင် "ချောင်ချောင်း"(Cao Cao) သည် ရွှေရောင်ခေါင်းပေါင်းကိုပေါင်းကာ ပိုးထည်တို့ဝတ်ဆင်ပြီးခါးတွင် ကျောက်စိမ်းခါးပတ် ပတ်ထားသည်။ ဖိနပ်တွင် ပုလဲပါဝင်သည့်ဖိနပ်ကိုဝတ်ဆင်ထားသည်။ "ချောင်ချောင်း"(Cao Cao) သည် ဧည့်ခံသူအနေနှင့်နေရာယူထားပြီး အမှုထမ်းတို့မှာ အောက်ဘက်တွင် ရပ်နေကြသည်။

စစ်ဘက်ဆိုင်ရာအမှုထမ်းများအတွက် မြားပစ်ပြိုင်ပွဲကျင်းပပြီး ရှီးချွမ်းပိုးထည်အနီရောင်ကို ဆုလာဘ်အဖြစ်ပေးစေသည်။ မိုးမခပင်၏အကိုင်းတစ်ခုတွင် ပစ်မှတ်ထားထားကာ ပစ်မှတ်နှင့်လူ ခြေလှမ်းတစ်ရာခန့်ကွာဝေးသည်။ ပြိုင်ဆိုင်သည့်လူတို့ကိုလည်း နှစ်ဖွဲ့ခွဲထားသည်၊ "ချောင်ချောင်း"(Cao Cao) ၏မိသားစုတို့သည် အနီရောင်ဝတ်ဆင်ကာ ကျန်သောလူတို့ကို အစိမ်းရောင်ဝတ်စေသည်။ ပစ်မှတ်ကိုမထိလျှင် အပြစ်ဒဏ်အနေနှင့် ရေတစ်ခွက်သောက်ရမည်ဖြစ်သည်။
မြားပစ်ရန်အချက်ပေးလိုက်သည်နှင့် အနီရောင်ဝတ်ထားသောလူငယ်တစ်ဦးသည် မြင်းစီးကာအရှေ့သို့ထွက်သွားသည်။ ထိုသူမှာ "ချောင်ရှို့"(Cao Xiu) ဖြစ်သည်။ သူသည် မြားနှင့်ကြိုးကိုညှိကာ လေးကိုအဆုံးထိဆွဲတင်ပြီး ပစ်လိုက်ရာ ပစ်မှတ်ကိုတည့်တည့်ထိမှန်သွားသည်။ အကုန်လုံးမှာ အံ့ဩသွားကြသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ငါ့လူတွေထဲက တိုးတက်ဖို့အလားအလာရှိတဲ့လူတစ်ယောက်ပဲ" ဟုပြောကာ ထိုလူငယ်ကို ဆုလာဘ်တို့ပေးစေသည်။

ထိုအခါ အစိမ်းရောင်အဖွဲ့ဘက်ရှိ လူတစ်ဦးမှ
"ဝန်ကြီးချုပ်ရဲ့ပိုးထည်အတွက်ကို တခြားလူစိမ်းတွေကိုလည်း ပြိုင်ဆိုင်စေသင့်တယ်။ မိသားစုထဲကလူကပဲ ဆုတွေရတာမဖြစ်သင့်ဘူး" ဟုပြောလေသည်။ "ချောင်ချောင်း"(Cao Cao) မှ ထိုအသံရှင်ကိုကြည့်လိုက်ရာ "ဝင်ဖင်"(Wen Ping) ဖြစ်နေသည်။ အခြားသောအမှုထမ်းတို့က
"သူ့မြားပစ်စွမ်းရည်ဘယ်လိုလည်းဆိုတာကြည့်ကြတာပေါ့" ဟုပြောလေသည်။ "ဝင်ဖင်"(Wen Ping) မှ မြင်းပေါ်မှ လေးကိုဆွဲတင်ပြီးပစ်လိုက်ရာတွင် ပစ်မှတ်တည့်တည့်ကိုထိမှန်ပြီး ကြည့်ရှုသူတို့အံ့အားသင့်သွားကြသည်။ "ဝင်ဖင်"(Wen Ping) မှ
"ပိုးထည်ကို မြန်မြန်ယူလာခဲ့" ဟုပြောလေသည်။

သို့သော် အနီရောင်အဖွဲ့ဘက်မှ လူတစ်ဦးမှ
"နိုင်ပြီးသားဆုလာဘ်ကို ခင်ဗျားက ဘာလို့ထပ်ယူနိုင်ရမှာလဲ? ခင်ဗျားမြားထပ်သာအောင်ကျုပ်ပစ်ပြမယ်" ဟု ဒေါသဖြင့်ပြောလေသည်။
ထိုသူမှ မြားကိုပစ်လိုက်ရာ ပစ်မှတ်၏နှလုံးသားဗဟိုကိုထိမှန်သွားသည်။ ထိုသူမှာ "ချောင်ဟုန်"(Cao Hong) ဖြစ်သည်။
သို့သော်လည်း အစိမ်းရောင်အဖွဲ့မှ လူတစ်ဦးက
"ခင်ဗျား မြားပစ်စွမ်းရည်က ဘာထူးဆန်းလဲ? ကျုပ်ပစ်တာကြည့်" ဟုပြောလေသည်။ ထိုသူမှာ "ကျန်းဟဲ"(Zhang He) ဖြစ်သည်။ ထို့နောက် မြင်းကိုအရှိန်ဖြင့်စီးပြီး နောက်ပြန်လှည့်ကာ မြားကိုနောက်ပြန်ပစ်လိုက်သည်။ ထိုမြားသည် ပစ်မှတ်၏ဗဟိုတည့်တည့်ကိုထိမှန်သည်။ အကုန်လုံးကလည်း ထိုမြားပစ်စွမ်းရည်ကို ချီးကျူးကြသည်။ "ကျန်းဟဲ"(Zhang He) မှ
"ဆုလာဘ်က ကျုပ်ရသင့်တယ်" ဟုပြောလေသည်။

ထိုသို့ပြောနေစဉ်မှာပင် နောက်လူတစ်ဦးမှ
"ခင်ဗျား နောက်ပြန်ပစ်တာက သိပ်မထူးဆန်းပါဘူး။ ကျုပ်အစွမ်းကိုကြည့်" ဟုပြောလေသည်။ ထိုသူမှာ "ရှဟိုယွမ်"(Xiahou Yuan) ဖြစ်သည်။ ထို့နောက် "ရှဟိုယွမ်"(Xiahou Yuan) သည် မြင်းကိုအရှိန်ဖြင့်စီးပြီး မြားကိုနောက်ပြန်ပစ်လိုက်ရာ အရှေ့မှလူလေးဦးတို့ပစ်ထားသည့်မြားလေးချောင်းအလယ်သို့ဝင်သွားလေသည်။ "ရှဟိုယွမ်"(Xiahou Yuan) က
"ကျုပ်ပစ်တာ အရှေ့ကလူတွေထက်မသာပေဘူးလား" ဟုပြောလေသည်။ ထိုအခါ အစိမ်းဘက်ကလူမှ
"အဲ့ပိုးထည်က ကျုပ် ရွှီဟွမ်(Xu Huang) အတွက်ပဲ" ဟုပြောသည်။
"ခင်ဗျားက ကျုပ်ပစ်တာထက်သာအောင်ပစ်နိုင်လို့လား"
"ခင်ဗျားပစ်တာ ဘာထူးဆန်းလဲ။ ကျုပ် ဆုဘယ်လိုရအောင်လုပ်မယ်ဆိုတာကြည့်ပါ"
ထို့နောက် "ရွှီဟွမ်"(Xu Huang) သည် ပိုးထည်ချိတ်ထားသော သစ်ပင်၏အကိုင်းကိုချိန်ကာပစ်လိုက်သည်။ ပြုတ်ကျလာသောပိုးထည်ကိုယူပြီးနောက် ဝန်ကြီးချုပ်ကိုကျေးဇူးတင်လေသည်။ ပြီးနောက် ပြန်လှည့်ထွက်ရန်လုပ်သည်။ ထိုအခါ အစိမ်းရောင်အဖွဲ့မှလူက
"ဘာလို့ပိုးထည်နဲ့ ဘယ်သွားမှာလဲ? ကျုပ်ကိုပေးခဲ့" ဟုပြောလေသည်။ ထိုပြောသူမှာ "ရွှီချူ"(Xu Chu) ဖြစ်သည်။ "ရွှီဟွမ်"(Xu Huang) မှ
"ပိုးထည်က ကျုပ်ဟာဖြစ်သွားပြီ။ ခင်ဗျားက အဓမ္မလုရဲသေးလား" ဟုပြောသည်။ "ရွှီချူ"(Xu Chu) သည်မည်သို့မျှမပြောပဲမြင်းကိုကစုန်ဆိုင်းစီးကာ ပိုးထည်ကိုယူမည်ပြုသည်။ ရွှီချူ"(Xu Chu) အနားသို့ရောက်လာသောအခါ "ရွှီဟွမ်"(Xu Huang) မှ လေးဖြင့်လှမ်းရိုက်လိုက်သည်။ "ရွှီချူ"(Xu Chu) က လေးကိုလက်တစ်ဖက်ဖြင့်ဖမ်းထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် တစ်ဖက်လူကိုမြင်းပေါ်မှမ,လိုက်သည်။ "ရွှီဟွမ်"(Xu Huang) က လေးကိုလက်လွှတ်လိုက်သောအခါ မြင်းပေါ်မှပြုတ်ကျသွားလေသည်။ "ရွှီချူ"(Xu Chu) ကလည်း မြင်းပေါ်မှဆင်းကာ တစ်ဦးနှင့်တစ်ဦးထိုးကြိတ်ကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က ရန်ဖြစ်နေသူနှစ်ဦးကိုလူခွဲလိုက်စေသည်။ ထိုသူနှစ်ဦး၏ရန်ပွဲကြားတွင် ပိုးထည်မှာစုတ်ပြဲသွားခဲ့သည်။ "ချောင်ချောင်း"(Cao Cao) က ထိုလူနှစ်ဦးကိုသူ့ရှေ့သို့ခေါ်လာစေသောအခါ တစ်ဦးက ကျန်တစ်ဦးကိုဒေါသဖြင့်ကြည့်ပြီး နောက်တစ်ဦးကလည်း အံကြိတ်ကာ စိတ်တိုနေသည်။
"ချောင်ချောင်း"(Cao Cao) မှပြုံးကာ
"ပိုးထည်က ကိစ္စမရှိပါဘူး။ ငါ မင်းတို့ရဲ့သတ္တိကိုမြင်ရတာ ပိုးထည်ကဘာအရေးကြီးလဲ" ဟုပြောလေသည်။ "ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သူကြီးတို့ကိုတစ်ဦးချင်းစီခေါ်ပြီး ရှီးချွမ်းပိုးထည်များပေးလေ
သည်။ ပြီးနောက် ကိုယ့်နေရာကိုယ်ယူစေကာ အတီးအမှုတ်တို့ဖြင့် ဧည့်ခံပြီးစားသောက်ပွဲတည်ခင်းလေသည်။
"ချောင်ချောင်း"(Cao Cao) မှ
"စစ်ဘက်ဆိုင်ရာအရာရှိတွေကတော့ သူတို့အစွမ်းတွေကိုပြပြီးသွားပြီ။ ခင်ဗျားတို့ပညာရှိတွေကလည်း ကဗျာ၊စာတွေစပ်ပြီး ခင်ဗျားတို့သင်ယူခဲ့တာတွေထုတ်ဖော်ပြသသင့်တယ်" ဟုပြောလေသည်။ အကုန်လုံးက အရိုအသေပြုကာ
"ဝန်ကြီးချုပ်အမိန့်အတိုင်းလုပ်ဆောင်ပါ့မယ်" ဟုပြောကြသည်။
ထိုအချိန်တွင် "ဝမ်လန်"(Wang Lang) ၊ "ကျုံးယောင်"(Zhong Yao) ၊ "ဝမ်ချန်း"(Wang Can) နှင့် "ချန်လင်"(Chen Lin) ဟူသောစာပေပညာရှင်လေးဦးရှိသည်။ တစ်ဦးချင်းစီက ကဗျာတစ်ပုဒ်စီစပ်ဆိုကြသည်။ ထိုကဗျာတို့က "ချောင်ချောင်း"(Cao Cao) ၏စွမ်းဆောင်မှုတို့ကိုချီးမွမ်းထောပနာပြုထားပြီး ယုံကြည်ခြင်းအခံရဆုံးလူဟု အမွမ်းတင်ထားသည်။ ထိုကဗျာတို့ကိုဖတ်ပြီးနောက် "ချောင်ချောင်း"(Cao Cao) မှရယ်ကာ
"ခင်ဗျားတို့က ကျုပ်ကိုချီးကျူးလွန်းပါပြီ။ ဟိုးအရင်က ကျုပ်ဟာစာပေတွေကိုလေ့လာပြီးနေခဲ့တာပါ။ အခက်အခဲတွေရှိလာတော့ ချောင်နယ်နားကတဲအိမ်မှာနေပြီး စာတွေဖတ်၊ အမဲလိုက်ရင်းနဲ့အချိန်ကုန်ခဲ့တယ်။ တိုင်းပြည်ငြိမ်သက်တဲ့အချိန်မှာတော့ ရာထူးတစ်နေရာယူခဲ့တယ်။
ရာထူးတစ်ခုရပြီးနောက်မှာတော့ ကျုပ်ကသူပုန်တွေကိုနှိမ်နှင်းမယ်ဆိုပြီး ရည်မှန်းချက်ပြောင်းသွားခဲ့တယ်။ ကျုပ်သေရင် ကျုပ်အုတ်ဂူပေါ်မှာ 'အနောက်ပိုင်းကိုငြိမ်သက်အောင်လုပ်စေနိုင်ခဲ့သော သခင်ချောင်ချောင်း(Cao Cao) ဆိုပြီးထွင်းနိုင်ဖို့ပေါ့။ အဲ့လိုဆိုရင် ကျုပ်ဘဝပြည့်စုံပြီလို့ထင်ခဲ့တယ်။ အခုပြန်တွေးကြည့်လိုက်တော့ ကျုပ်ဟာ တုန်ကျိုး(Dong Zhuo) ကိုချေမှုန်း၊ အဝါရောင်သူပုန်တွေကိုနှိမ်နှင်းခဲ့ပြီး ယွမ်ရှု(Yuan Shu) နဲ့မဟာမိတ်ဖွဲ့ပြီးတော့ လွီပု(Lu Bu) ကိုရှင်းထုတ်နိုင်ခဲ့တယ်။ ပီးတော့ယွမ်ရှောက်(Yuan Shao) ကိုချေမှုန်းပြီး လျူပြောင်း(Liu Biao) သေပြီးနောက်မှာတော့ တစ်တိုင်းပြည်လုံးကိုစုစည်းနိုင်ခဲ့တယ်။
တိုင်းပြည်ရဲ့ဝန်ကြီးတစ်ယောက်အနေနဲ့အကြီးမားဆုံးသောစွမ်းဆောင်မှုကိုလုပ်နိုင်ခဲ့ပြီပဲ။ ဒီထက်ဘာများမျှော်လင့်ရဦးမလဲ? ကျုပ်သာမရှိရင် ကိုယ့်ကိုယ်ကို ဘုရင်အဖြစ်တင်မြှောက်မယ့်လူတွေ၊ မင်းသားအဖြစ်ခံယူမယ့်လူတွေတစ်ပုံကြီးရှိနေမှာ။ တချို့တွေက ကျုပ်အာဏာကြီးတာမြင်တော့ ကျုပ်ကိုမဟုတ်မမှန်တဲ့အကြံရှိတယ်လို့ထင်ကြတယ်။ ဒါပေမယ့် အဲ့ဒါမဟုတ်ပါဘူး။ ကျိုးဘုရင်ဝင်(King Wen) ဟာ သစ္စာတရားကြီးမားသူလို့ ကွန်ဖြူးရှပ်ကပြောခဲ့ဖူးတယ်။ ကျုပ်က အဲ့စကားကိုအမြဲအမှတ်ရနေတယ်။ ဖြစ်နိုင်မယ်ဆိုရင် တာဝန်တွေကထွက်ပြီး ဝူဖင်သခင်ဆိုတဲ့ဘွဲ့နဲ့ပဲနေချင်တယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလေ။ ကျုပ်သာရှုံးနှိမ့်သွားရင် တိုင်းပြည်ကြီးလည်းပြီးဆုံးသွားပြီပဲ။ ဒါကြောင့် ကျုပ်က ဒီရာထူးကိုမစွန့်နိုင်သေးတာ။ ခင်ဗျားတို့ထဲက တချို့လူတွေက ဒါကိုမသိမှာစိုးလို့ပြောပြတာ"ဟု ပြောလေသည်။
ထိုအခါ လူအကုန်လုံးမှ အရိုအသေပြုကာ
"ဘယ်သူမှ ဝန်ကြီးချုပ်နဲ့မယှဉ်နိုင်ပါဘူး။ ဝန်ကြီးချုပ်က ကျိုးနယ်စားတို့၊ ဝန်ကြီး ယီယင်(Yi Yin) တို့ထက်သာလွန်ပါတယ်" ဟုပြောကြသည်။
ထိုပွဲတွင် "ချောင်ချောင်း"(Cao Cao) သည် အရက်များစွာသောက်သဖြင့် မူးနေခဲ့သည်။ ထို့နောက် ကဗျာဖွဲ့ရန်အတွက် အစေအပါးတို့အား စုတ်တံနှင့်မင်ယူလာစေသည်။ ထိုသို့ကဗျာရေးနေစဉ်တွင်
"ဝူနယ်စားက ဟွာရှင်း(Hua Xin) ကိုလွှတ်လိုက်ပြီးတော့ လျူဘေ့(Liu Bei) ကို ကျင်ကျိုးနယ်စားအဖြစ်သတ်မှတ်ဖို့တောင်းဆိုစေပါတယ်။ စွန်းချွမ်(Sun Quan) ရဲ့ညီမဟာ လျူဘေ့(Liu Bei) ဇနီးဖြစ်သွားပြီး လျူဘေ့(Liu Bei) က ဟန်မြစ်တစ်လျှောက်နယ်ကိုးခုကိုချုပ်ကိုင်ထားတယ်" ဟုသတင်းလာပို့လေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှာ လန့်သွားပြီး လက်ထဲမှစုတ်တံပြုတ်ကျသွားသည်။

"ချန်ယွီ"(Cheng Yu) မှ
"ဝန်ကြီးချုပ်က တိုက်ပွဲတွေအလျှိုလျှို၊ ဓားတွေ၊ လှံတွေကြားကိုဖြတ်ကျော်လာခဲ့တာ ဘာမှမတုန်လှုပ်ခဲ့ဘူး။ အခု လျူဘေ့(Liu Bei) က နယ်မြေလေးနည်းနည်းလေးကိုသိမ်းနိုင်တာနဲ့ ဘာလို့လန့်သွားရတာလဲ" ဟုမေးသည်။
"လျူဘေ့(Liu Bei) က လူတွေထဲကနဂါးပဲ။ သူ့ဘဝတစ်လျှောက်လုံးမှာ သူနဲ့သင့်တော်တာရှာမတွေ့ခဲ့ဘူး။ အခုတော့ ကျင်ကျိုးကိုရသွားပြီ။ ပိတ်လှောင်ခံထားရတဲ့နဂါးက လွတ်သွားသလိုပဲ။ ကျုပ်လန့်မယ်ဆိုလည်း လန့်လောက်ပါတယ်"
"ဟွာရှင်း(Hua Xin) က ဘာလို့ရောက်လာလည်းသိလား"
"ဒါတော့ မသိဘူး"
"စွန်းချွမ်(Sun Quan) က လျူဘေ့(Liu Bei) ကိုကြောက်နေတာ။ ဝန်ကြီးချုပ်ကိုစိုးရိမ်လို့သာမဟုတ်ရင် သူ လျူဘေ့(Liu Bei) ကိုတိုက်ပြီးလောက်ပြီ။ အခု ဝန်ကြီးချုပ်က ကြားထဲကဝင်ပါမှာကိုစိုးရိမ်တော့ လျူဘေ့(Liu Bei) ရဲ့သံသယကင်းအောင်လုပ်ပြီး တစ်ချိန်ထဲမှာ သခင်ကြီးနဲ့လျူဘေ့(Liu Bei) ကိုရန်တိုက်ပေးတဲ့သဘောပဲ"
"ဟုတ်တယ်"
"ဒါပေမယ့် ကျွန်တော့်မှာ သူတို့နှစ်ယောက်လုံးကိုရှင်းနိုင်မယ့်နည်းရှိတယ်"
"ဘယ်လိုနည်းပါလိမ့်"
"တောင်ပိုင်းပြည်နယ်မှာ ကျိုးယွီ(Zhou Yu) က အခရာကျတယ်။ အဲ့တော့သူ့ကို နန်ကျွင်းမြို့စားအဖြစ်ခန့်ပြီး အဝေးကိုရောက်အောင်လုပ်လိုက်ပါ။ ပြီးရင် ချန်ဖူ(Cheng Pu) ကို ကျန်းရှာမြို့စားအဖြစ်တာဝန်ပေးလိုက်။ ဟွာရှင်း(Hua Xin) ကိုတော့ ဘုရင်မင်းမြတ်ကတဆင့်အရေးကြီးတဲ့တာဝန်ပေးဖို့ဆိုပြီး မြို့တော်မှာပဲခေါ်ထားလိုက်ပါ။ အဲ့လိုဆိုရင် ကျိုးယွီ(Zhou Yu) က လျူဘေ့(Liu Bei) ကိုတိုက်မှာသေချာတယ်။ အဲ့လိုသာဆိုရင် ကျွန်တော်တို့ခွင်ထဲဝင်လာလိမ့်မယ်။ ဒီအကြံမကောင်းပေဘူးလား"
"သူငယ်ချင်း ချန်ယွီ(Chen Yu) ၊ ခင်ဗျားက ကျုပ်စိတ်ကိုနားလည်တဲ့လူပဲ"

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သံတမန်ကိုခေါ်ပြီး လက်ဆောင်များပေးလေသည်။ ထိုရက်သည် ပွဲတော်တို့၏နောက်ဆုံးရက်ဖြစ်သည်၊ ပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် မြို့တော်သို့ပြန်ပြီး "ကျိုးယွီ"(Zhou Yu) နှင့် "ချန်ဖူ"(Cheng Pu) တို့ကို နန်ကျွင်းနှင့် ကျန်းရှာမြို့စားအဖြစ်အသီးသီးခန့်အပ်သည်။ "ဟွာရှင်း"(Hua Xin) ကိုမူ ရာထူးတစ်ခုပေးကာ မြို့တော်တွင်နေစေသည်။
"ကျိုးယွီ"(Zhou Yu) သည် ထိုရာထူးကိုလက်ခံပြီးနောက် "စွန်းချွမ်"(Sun Quan) ဆီသို့စာပို့ပြီး "လူဆု"(Lu Su) အား ကျင်ကျိုးပြည်နယ်ကိုထပ်မံတောင်းဆိုစေသည်။ "စွန်းချွမ်"(Sun Quan) မှ "လူဆု"(Lu Su) ကိုခေါ်ကာ
"ခင်ဗျားက လျူဘေ့(Liu Bei) ကို ကျင်ကျိုးပြည်နယ်ကိုခဏအပ်မယ်ဆိုတုန်းက သက်သေအဖြစ်နေခဲ့တာမလား။ အခုထက်ထိ ပြည်နယ်ကိုပြန်မပေးသေးဘူး။ အဲ့ဒါကျုပ်က ဘယ်လောက်စောင့်ရမလဲ" ဟုပြောသည်။
"စာအရကတော့ ယီကျိုးပြည်နယ်ကိုသိမ်းပြီးနောက်မှာမှ ပြန်အပ်မယ်လို့ဆိုတာပဲ"

ထိုအခါ "စွန်းချွမ်"(Sun Quan) မှ ဒေါသဖြင့်
"အေး၊ ဟုတ်တယ်လေ။ ဒါပေမယ့် သူတို့က အဲ့ပြည်နယ်ကိုတိုက်ဖို့စစ်သားတစ်ယောက်တောင်မလွှတ်သေးဘူး၊ ကျုပ်က အသက်ကြီးသွားတဲ့အထိစောင့်နေရမှာလား" ဟု အော်ပြောလေသည်။
"ကျွန်တော် သွားပြီးမေးကြည့်ပါ့မယ်"
သို့နှင့် "လူဆု"(Lu Su) သည် ကျင်ကျိုးပြည်နယ်သို့သွားလေသည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့သည် ကျင်ကျိုးတွင် စစ်သားတို့ကိုစစ်ရေးလေ့ကျင့်နေသည်။ "လူဆု"(Lu Su) လာသည့်သတင်းကိုကြားလျှင် "လျူဘေ့"(Liu Bei) မှ သူ့အကြံပေး၏ထင်မြင်ချက်ကိုမေး၏။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"အခုနောက်ပိုင်းမှာ စွန်းချွမ်(Sun Quan) က သခင်ကြီးကို ကျင်ကျိုးနယ်စားအဖြစ်အသိအမှတ်အပြူခံရဖို့ကြိုးစားနေတယ်။ ဒါက ချောင်ချောင်း(Cao Cao) ကိုကြောက်အောင်လုပ်တာပဲ။ ချောင်ချောင်း(Cao Cao) ကလည်း ကျိုးယွီ(Zhou Yu) ကို နန်ကျွင်းမြို့စားအဖြစ်တာဝန်ပေးပြီး ကျွန်တော်တို့မဟာမိတ်နှစ်ဖွဲ့ကိုစစ်ဖြစ်အောင် ရန်တိုက်ချင်တယ်။ အဲ့လိုဆို သူကကြားကအမြတ်ရမှာမဟုတ်လား။ လူဆု(Lu Su) လာတာဟာ ကျွန်တော်တို့ကို ဒီကမောင်းထုတ်ဖို့အတွက်ပဲ" ဟုပြောသည်။
"ဒါဆို ကျုပ်တို့ဘယ်လိုပြောကြမလဲ"
"လူဆု(Lu Su) က အဲ့အကြောင်းပြောဖို့လုပ်ရင် သခင်ကြီးကကျယ်ကျယ်လောင်လောင်နဲ့ဝမ်းနည်းစွာပြောပါ။ အဲ့လိုဆို ကျွန်တော်ဝင်ပြီးပြောပါ့မယ်"
ထိုသို့တိုင်ပင်ပြီးနောက် "လူဆု"(Lu Su) အားဖိတ်ခေါ်စေသည်။

"လူဆု"(Lu Su) ရောက်လာသောအခါတွင် နေရာယူပြီးနောက်
"ခင်ဗျားက ဝူပြည်နယ် သမီးကညာရဲ့ခင်ပွန်းဖြစ်ပြီဆိုတော့ ကျွန်တော့်သခင်ဖြစ်တယ်လို့ပြောလို့ရတယ်။ အဲ့တော့ ကျွန်တော် မထိုင်ဝံ့ပါဘူး" ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှရယ်ကာ
"ခင်ဗျားက မိတ်ဆွေဟောင်းပဲ။ ဒါတွေမလိုပါဘူး" ဟုပြောသည်။
ထိုအခါ "လူဆု"(Lu Su) မှထိုင်လိုက်သည်။ လက်ဖက်ရည်ချပေးပြီးနောက် "လူဆု"(Lu Su) မှ
"ကျွန်တော် ဒီလာတာက ကျွန်တော့်သခင်ရဲ့အမိန့်အရ ကျင်ကျိုးပြည်နယ်ကိစ္စကိုဖြေရှင်းဖို့ပါ။ ဦးရီးတော်က ဒီပြည်နယ်ကိုသိမ်းခဲ့တာကြာပြီ။ အခု ကျွန်တော်တို့က နှစ်ဦးနှစ်ဖက်ထိမ်းမြားတဲ့မဟာမိတ်ဆိုတော့ ကျွန်တော်တို့ကြားမှာ ချစ်ကြည်ရင်းနှီးတဲ့ခင်မင်မှုရှိသင့်တယ်။ ဒီတော့ ဒီပြည်နယ်ကိုကျွန်တော့်သခင်ဆီပြန်ပေးသင့်တယ်" ဟုပြောလေသည်။
ထိုအခါ "လျူဘေ့"(Liu Bei) မှာ မျက်နှာကိုအုပ်ကာငိုလေသည်။ ဧည့်သည်ဖြစ်သူမှ
"ဘာဖြစ်လို့လဲ" ဟုမေးသည်။
"လျူဘေ့"(Liu Beo) သည် မည်သို့မျှပြန်မဖြေပဲ ကျယ်လောင်စွာငိုသည်။

ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) ထွက်လာပြီး
"ကျုပ် ခုနကတည်းကနားထောင်နေတာ။ ကျုပ်သခင်ကြီးဘာလို့ငိုတာလည်းသိလား" ဟုမေးသည်။
"မသိပါဘူး"
"ဒါ သိသာပါတယ်။ ကျုပ်သခင်က ကျင်ကျိုးနယ်ကိုခဏတာအုပ်ချုပ်နေတာ။ သူက အနောက်ဘက်မြစ်ကနယ်မြေတွေရရင် ကျင်ကျိုးကိုဝူပြည်နယ်ဆီပြန်ပေးမယ်လို့ပြောခဲ့တယ်လေ။ ဒါပေမယ့် ယီကျိုးနယ်စား လျူကျန်း(Liu Zhang) ဟာ မင်းဆွေမင်းမျိုးဖြစ်ပြီး ကျုပ်သခင်ရဲ့ညီလို့ပြောလို့ရတယ်။ ကျုပ်သခင်ကြီးသာ အဲ့နယ်မြေသိမ်းဖို့လုပ်ရင် လူတွေကကဲ့ရဲ့ကြမှာပေါ့။ နောက်ပြီး အဲ့နယ်မြေမရခင် ကျင်ကျိုးကို တခြားလူလက်အပ်လိုက်ရင် ကျုပ်သခင်က ဘယ်မှာသွားနေမလဲ။ ဒါပေမယ့် ဒီနယ်မြေကိုထိန်းထားရင်လည်း ခင်ဗျားအတွက် မကောင်းတော့ သူကဝမ်းနည်းပြီးငိုနေတာပေါ့" ဟုပြောသည်။
"ကျူးကဲလျန့်"(Zhuge Liang) ၏စကားကိုကြားသောအခါ "လျူဘေ့"(Liu Bei) သည် ရင်ဘတ်ကိုထုကာ ခြေကိုဆောင့်ပြီးသည်းထန်စွာငိုလေသည်။

"လူဆု"(Lu Su) မှ
"ဦးရီးတော် စိတ်မကောင်းမဖြစ်ပါနဲ့။ ကျူးကဲလျန့်(Zhuge Liang) မှာ ဘာအကြံရှိလည်း မေးတာပေါ့" ဟုပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ခင်ဗျားက ခင်ဗျားသခင်ဆီပြန်သွားပြီး ဒီအကြောင်းတွေအကုန်ပြောပြပြီးတော့ ကျုပ်တို့ဒီမှာခဏကြာကြာနေလို့ရအောင် ပြောပေးပါ" ဟုပြောသည်။
"သူ လက်မခံရင်ကော"
"ကျုပ်သခင်က သူ့ညီမကိုယူထားတာ၊ လက်မခံပဲနေပါ့မလား။ ခင်ဗျားဆီက သတင်းကောင်းမျှော်နေပါ့မယ်"
"လူဆု"(Lu Su) မှာ ရက်ရောသဘောကောင်းသူဖြစ်လေရကား "လျူဘေ့"(Liu Bei) ငိုသည်ကိုမြင်လျှင် ၎င်းပြောသည့်အတိုင်းလုပ်ဆောင်ပါ့မည်ပြောလိုက်သည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ကလည်း ကျေးဇူးတင်စကားပြောလေသည်။

"လူဆု"(Lu Su) သည် ပြန်ရာလမ်းတွင် ချိုင်စန်းမှ "ကျိုးယွီ"(Zhou Yu) နှင့်တွေ့ပြီး အကြောင်းစုံပြောလိုက်သည်။
"ကျိုးယွီ"(Zhou Yu) သည် ဒေါသဖြင့် ခြေကိုဆောင့်ကာ
"ခင်ဗျားအလိမ်ခံလိုက်ရပြန်ပြီ။ ဟိုးအရင်က လျူဘေ့(Liu Bei) ဟာ လျူပြောင်း(Liu Biao) အရိပ်အောက်မှာနေခဲ့ပေမယ့်လည်း လျူပြောင်း(Liu Biao) ရာထူးကိုမျက်စောင်းထိုးနေခဲ့တာ။ အခု သူ လျူကျန်း(Liu Zhang) ကိုသနားမယ်ထင်လား? အဲ့လိုဆိုရင် ခင်ဗျားပဲ အကျဉ်းအကြပ်ထဲရောက်မှာ။ ဒါပေမယ့် ကျုပ်မှာ ကျူးကဲလျန့်(Zhuge Liang) မဖြေရှင်းနိုင်မယ့် အကြံတစ်ခုရှိတယ်။ ခင်ဗျားကတော့ နောက်ထပ်ခရီးသွားရလိမ့်မယ်" ဟုပြောသည်။
"ခင်ဗျားရဲ့အကြံက ဘာပါလိမ့်"
"ခင်ဗျား သခင်ကြီးဆီမသွားပဲ ကျင်ကျိုးကိုပြန်သွားပြီးတော့ လျူဘေ့(Liu Bei) ကို ဒီလိုပြောပါ။ သူတို့မိသားစုနဲ့စွန်းမိသားစုဟာလက်ထပ်ပြီးမဟာမိတ်ဖြစ်လာတဲ့အတွက် ကျုပ်တို့ကသူ့အစား အနောက်ဘက်နယ်ကိုတိုက်မယ်လို့ပြောပါ။ အဲ့ဒါကိုအကြောင်းပြပြီးတော့ ကျုပ်တို့ကစစ်တပ်အင်အားအလုံးအရင်းနဲ့ချီတက်လို့ရပြီ။ အနောက်ဘက်နယ်ကိုမသွားပဲနဲ့ ကျင်ကျိုးကိုသွားလိုက်ရင် သူမျှော်လင့်ထားမှာမဟုတ်ဘူး။ ပြီးရင် သူ့ဆီကစားနပ်ရိက္ခာတွေတောင်း၊ အဲ့လိုဆို သူထွက်လာပြီး ကျေးဇူးတင်လိမ့်မယ်။ အဲ့အချိန်မှာ သူ့ကိုလုပ်ကြံလိုက်မယ်ဆိုရင် အနာဂတ်ရဲ့ဆူးညှောင့်ရှင်းသွားတာပေါ့"
ထိုအကြံကို "လူဆု"(Lu Su) ကလက်ခံပြီး ကျင်ကျိုးသို့ပြန်သွားသည်။

"လူဆု"(Lu Su) ထပ်ရောက်လာသည့်သတင်းကိုကြားသောအခါ "လျူဘေ့"(Liu Bei) သည် အကြံပေးနှင့်တိုင်ပင်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"သူ ဝူနယ်စားနဲ့မတွေ့ဖြစ်ပဲ ချိုင်စန်းမှာ ကျိုးယွီ(Zhou Yu) နဲ့တွေ့ပြီးနောက် နှစ်ယောက်ပေါင်းပြီးတစ်ခုခုကြံစည်တာဖြစ်နိုင်တယ်။ သူ့ကိုစကားပေးပြောပါ၊ သခင်ကြီးက ကျွန်တော့်ကိုကြည့်ပြီး ကျွန်တော်ခေါင်းညိတ်ရင် သူပြောတာမှန်သမျှလက်ခံပါ" ဟုပြောသည်။ ထို့နောက် "လူဆု"(Lu Su) ကိုဝင်လာစေသည်။ "လူဆု"(Lu Su) မှ
"ဝူနယ်စားကြီးက ဦးရီးတော်ရဲ့သစ္စာတရားကိုလေးစားပါတယ်။ သူဟာသူ့လက်အောက်ခံတွေနဲ့တိုင်ပင်ပြီးနောက်မှာ အနောက်ဘက်နယ်ကို ဦးရီးတော်ကိုယ်စားသိမ်းပေးဖို့ဆုံးဖြတ်လိုက်တယ်။ ပြီးရင်တော့ ကျင်ကျိုးကိုကျွန်တော်တို့ပြန်ယူတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့တပ်တွေရဲ့လိုအပ်မယ့်ရိက္ခာတွေကို ဦးရီးတော်ကထောက်ပံ့ပေးပါ" ဟုပြောသည်။
"ကျူးကဲလျန့်"(Zhuge Liang) က ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ
"ကျွန်တော်တို့ဒီလိုကြင်နာမှုမျိုးကိုမျှော်လင့်နေခဲ့တာ" ဟုပြောသည်။ "လျူဘေ့"(Liu Bei) ကလည်း သံတမန်ကိုအရိုအသေပြုကာ
"ဒါက ခင်ဗျားရဲ့ကြိုးစားမှုအတွက် အသိအမှတ်ပြုတာပါ" ဟုပြောလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"စစ်တပ်ကြီးရောက်လာရင် ကျွန်တော်တို့ထွက်လာပြီး စစ်သားတွေကိုဧည့်ခံပါ့မယ်" ဟုပြောလေသည်။

"လူဆု"(Lu Su) သည် သူ့အကြံအောင်ပြီဟုဝမ်းသာကာ ပြန်ထွက်သွားလေသည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ
"သူတို့က ဘာတွေကြံနေတာလဲ" ဟုမေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည်ပြုံးကာ
"ကျိုးယွီ(Zhou Yu) ရဲ့နိဂုံးကမဝေးတော့ဘူး။ သူ့အကြံဉာဏ်က ကလေးကိုတောင်လှည့်စားလို့ရမှာမဟုတ်ဘူး" ဟုပြောသည်။
"ဘာကြောင့်လဲ"
"လမ်းကိုငှားပြီးအိမ်ရှင်ကိုဖျက်စီးတယ် ဆိုတဲ့ဗျူဟာရှိတယ်။ အနောက်ဘက်ကိုသိမ်းမယ်ဆိုပြီး သူတို့ကဒီပြည်နယ်ကိုသိမ်းလိမ့်မယ်။ သခင်ကြီးက သူတို့စစ်တပ်တွေကိုထွက်ကြိုတဲ့အချိန်မှာ အလစ်ဖမ်းလိုက်ပြီးမြို့ထဲကိုဝင်လိမ့်မယ်"
"ဒါဆို ဘယ်လိုလုပ်ရမလဲ"
"စိတ်မပူပါနဲ့။ ကျားကိုဖမ်းဖို့ လျှို့ဝှက်ထားတဲ့ လေးကိုပြင်ထားဖို့လိုတယ်။ ပင်လယ်တိရစ္ဆာန်ကြီးကိုဖမ်းဖို့ ငါးစာကောင်းကောင်းချထားဖို့လိုတယ်။ ကျိုးယွီ(Zhou Yu) လာတဲ့အထိစောင့်ပါ၊ သူမသေရင်တော့ သေလုမြောပါးဖြစ်သွားလိမ့်မယ်။ ပြီးတော့ ကျောက်ယွင်(Zhao Yun) ကိုခေါ်ပြီး တိတ်တဆိတ်လုပ်ရမှာတွေရှိတယ်။ ကျန်တာ ကျွန်တော်စီစဉ်ပါ့မယ်"
"လျူဘေ့"(Liu Bei) သည် အင်မတန်ဝမ်းမြောက်သွားသည်။

"လူဆု"(Lu Su) သည် "ကျိုးယွီ"(Zhou Yu) ထံပြန်သွားပြီး အကျိုးအကြောင်းပြောရာ "ကျိုးယွီ"(Zhou Yu) မှရယ်ပြီး
"နောက်ဆုံးတော့ သူတို့တွေ ကျုပ်ထောင်ချောက်ထဲဝင်သွားပြီ" ဟုပြောလေသည်။
ထို့နောက် "လူဆု"(Lu Su) ကို နယ်စားထံပြန်လွှတ်ပြီး အကြောင်းအရာတို့ကိုပြောပြစေသည်။ ပြီးနောက် "ချန်ဖူ"(Cheng Pu) ကိုလည်း စစ်ကူပို့ရန်တောင်းဆိုလိုက်သည်။ "ကျိုးယွီ"(Zhou Yu) ကိုယ်တိုင်သည်လည်း မြားဒဏ်ရာမှသက်သာလာပြီဖြစ်သည်။ ပြီးနောက် "ကန်းနင်"(Gan Ning) ကို ရှေ့ပြေးတပ်ခေါင်းဆောင်၊ "ရွှီရှန်"(Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့ကို ပင်မတပ်ကိုဦးဆောင်စေပြီး "လင်ထုံ"(Ling Tong) နှင့် "လွီမန်"(Lu Meng) တို့အား တပ်ဖျားပိုင်းကိုဦးဆောင်စေသည်။ ထိုစစ်တပ်ကြီးသည် တပ်သားငါးသောင်းနှင့်ချီတက်ပြီး "ကျိုးယွီ"(Zhou Yu) ကမူ ဒုတိယတပ်ကိုဦးဆောင်သည်။ "ကျိုးယွီ"(Zhou Yu) သည် သင်္ဘောပေါ်တွင်နေပြီး နောက်ဆုံးတွင် "ကျူးကဲလျန့်"(Zhuge Liang) ကို အနိုင်ယူနိုင်ပြီဟုတွေးကာ ပျော်နေသည်။

ရှခိုသို့ရောက်သော်
"စစ်တပ်ကို ဘယ်သူလာကြိုလဲ" ဟုမေးသည်။
"ဦးရီးတော်က မီကျူ(Mi Zhu) ကိုကြိုခိုင်းပါတယ်"
သို့နှင့် "မီကျူ"(Mi Zhu) ကိုခေါ်ကာ
"စစ်တပ်အတွက် ဘာတွေပြင်ဆင်ထားသလဲ" ဟုမေးသည်။
"ကျွန်တော့်သခင်က လိုအပ်တာတွေအကုန်ပြင်ဆင်ထားပါတယ်"
"ဦးရီးတော်ကကော"
သူက ကျင်ကျိုးမြို့ရိုးအပြင်မှာ စစ်သူကြီးကို အရက်နဲ့ကြိုဆိုဖို့စောင့်နေတယ်"
"ဒီစစ်ချီတက်တာက ခင်ဗျားတို့အတွက်ပဲ။ ဒီလိုရှည်လျားစွာစစ်ချီရတာကြောင့် ဆုလာဘ်တွေလည်းအများကြီးရှိသင့်တယ်"

ထို့နောက် "မီကျူ"(Mi Zhu) သည်လည်း ကိုယ့်မြို့သို့ကိုယ်ပြန်သွားသည်။ "ကျိုးယွီ"(Zhou Yu) ၏သင်္ဘောသည် ဆိပ်ကမ်းသို့ဆိုက်သောအခါ မြစ်ဆိပ်တွင် လှေတစ်စီးမှမတွေ့ပေ။ ထို့နောက် သူလျှိုတို့ရောက်လာပြီး မြို့ရိုးတွင် အဖြူရောင်အလံမှာစိုက်ထားကြောင်းပြောသည်။
လူတစ်ဦးတစ်ယောက်မျှမတွေ့သဖြင့် "ကျိုးယွီ"(Zhou Yu) သည် သံသယဖြစ်ကာ သင်္ဘောပေါ်မှဆင်းပြီး "ကန်းနင်"(Gan Ning) ၊ ရွှီရှန်"(Xu Sheng) နှင့် "တင်းဖုန်း"(Ding Feng) တို့ကိုခေါ်ကာ စစ်သားသုံးထောင်နှင့် ကျင်ကျိုးသို့သွားသည်။
မြို့ရိုးနားသို့ရောက်သောအခါတွင် မြို့ရိုးပေါ်မှ
"ဘယ်သူလဲ" ဟုလှမ်းမေးသည်။
"စစ်သူကြီးချုပ် ကျိုးယွီ(Zhou Yu) ကိုယ်တိုင်လာတာပါ"
ထိုအခါ စစ်သံချပ်ကာတို့ဝတ်ဆင်ထားသော စစ်သားတို့ရုတ်တရတ်ထွက်ပေါ်လာသည်။ ထို့နောက် "ကျောက်ယွင်"(Zhao Yun) ပေါ်လာကာ
"စစ်သူကြီးက ဘာလို့ဒီကိုရောက်လာတာလဲ"
"ကျုပ်က ခင်ဗျားတို့ကိုကူပြီး အနောက်ဘက်နယ်ကိုသိမ်းပေးမလို့လေ။ ဒါကိုခင်ဗျားမသိဘူးလား"

"ခင်ဗျားက လမ်းငှားပြီးအိမ်ရှင်ကိုဖျက်စီးမယ့်အကြံသုံးတာကို အကြံပေးအရာရှိသိတယ်။ ဒါကြောင့် သူကကျုပ်ကိုဒီလွှတ်ပြီး လာစောင့်ကြပ်ခိုင်းတာ။ နောက်ပြီး ကျုပ်သခင်နဲ့အနောက်ဘက်နယ်က နယ်စားက မင်းဆွေမင်းမျိုးတွေဖြစ်တဲ့အတွက် ယီကျိုးကိုသူမတိုက်လိုပါဘူးတဲ့။ ခင်ဗျားတို့ တောင်ပိုင်းနယ်က အတင်းအကြပ်တိုက်မယ်ဆိုရင်တော့ သူက တောတောင်ထဲသွားပြီး ခိုလှုံရလိမ့်မယ်။ သူက လူတွေရဲ့ယုံကြည်ကိုးစားမှုအပျက်မခံချင်ဘူး"
ထိုအခါ "ကျိုးယွီ"(Zhou Yu) ပြန်လှည့်မည်ပြုသည်။ ထိုအချိန်တွင် ဆက်သားရောက်လာကာ
"အရပ်လေးမျက်နှာကနေ စစ်တပ်တွေချီတက်လာပါတယ်။ အဲ့စစ်တပ်တွေကို ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) ၊ ဟွမ်ကျုံး(Huang Zhong) နဲ့ ဝေရန်(Wei Yan) တို့ဦးဆောင်ပြီးလာတာ။ အရေအတွက်ကိုမသိပေမယ့် သူတို့ချီတက်လာတဲ့အသံက ကောင်းကင်ကြီးတုန်လှုပ်လုမတတ် ကျယ်လောင်ပါတယ်။ သူတို့က စစ်သူကြီးကိုဖမ်းချင်တယ်လို့ပြောကြတယ်" ဟုပြောသည်။

ထိုအခါ "ကျိုးယွီ"(Zhou Yu) သည် စိတ်မထိန်းနိုင်ပဲ ဒဏ်ရာဟောင်းပွင့်ကာ လဲကျသွားလေသည်။

Comments

Popular posts from this blog

Lookism