သုံးနိုင်ငံခေတ် (၆၉)

အခန်း (၆၉) "ကွမ်းလု"(Guan Lu) သည် ပြောင်းလဲခြင်းစာအုပ်မှအရာတို့ကို ကြည့်ရှုခြင်း။
သစ္စာရှိအမှုထမ်းငါးဦးသည် တိုင်းပြည်အတွက် အသက်စွန့်ခြင်း။

မုန်တိုင်းကြားတွင် အလောင်းတို့သည် လမ်းလျှောက်ကာ သူ့ထံချဉ်းကပ်လာသောကြောင့် "ချောင်ချောင်း"(Cao Cao) မှာ ကြောက်လန့်ပြီး မေ့မြောသွားသည်။ သို့သော်လည်း မကြာမီတွင်ပင် လေငြိမ်သွားပြီး အလောင်းတို့လည်း ပျောက်သွားသည်။ "ချောင်ချောင်း"(Cao Cao) ၏နောက်လိုက်နောက်ပါတို့သည် "ချောင်ချောင်း" (Cao Cao) ကိုဖေးမကာ အိမ်တော်သို့ခေါ်သွားသည်။ သို့သော် " ချောင်ချောင်း" (Cao Cao) မှာ မနာမကျန်းဖြစ်လေ၏။ "ချောင်ချောင်း"(Cao Cao) ၏ရောဂါကို သမားတော်တို့ ကုသနိုင်စွမ်းမရှိသလို ဆေးတို့ကလည်း မစွမ်းဆောင်နိုင်ပေ။ ထိုအချိန်တွင် ဝန်ကြီး "ရွှီကျီ"(Xu Zhi) သည် မြို့တော်သို့ရောက်လာပြီး ပြောင်းလဲခြင်းစာအုပ်ကိုစမ်းသပ်ရန် တိုက်တွန်းသည်။
"သခင်ကြီး ကွမ်းလု(Guan Lu) ဆိုတဲ့လူနာမည်ကိုကြားဖူးလား? သူက ဗေဒင်တွက်ချက်ရာမှာကျွမ်းကျင်တယ်"
"သူ့အကြောင်းကို ကြားဖူးတယ်။ ဒါပေမယ့် သူဘယ်လောက်တော်တယ်ဆိုတာမသိဘူး။ ခင်ဗျားပဲပြောပြပါ"
"သူက ဖင်ယွမ်ကဖြစ်ပြီး ရုပ်အဆင်းသဏ္ဍာန် ဆိုးရွားတယ်။ သူ့အဖေက လန်ရဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ အဲ့ ကွမ်းလု(Guan Lu) က ကြယ်တာရာတွေကိုလေ့လာတာကိုနှစ်သက်တယ်။ မိဘတွေက ကန့်ကွက်ပေမယ့်လည်း သူက ညဘက်မှာ ကြယ်တွေကိုပဲကြည့်နေတတ်တယ်။ ငှက်တွေ၊ ဘဲငန်းတွေတောင် ဥတုရာသီအခြေအနေတွေကို သိတယ်ဆိုရင် လူတွေလည်း ပိုပြီး သိသင့်တယ်လို့သူပြောဖူးတယ်။ သူငယ်ငယ်တုန်းက တခြားကလေးတွေနဲ့ကစားရင် မြေကြီးပေါ်မှာ ကောင်းကင်ပေါ်က နေ၊လ၊ ကြယ်ပုံတွေ ဆွဲခဲ့တယ်။ အသက်ကြီးလာတော့ သူက 'ပြောင်းလဲခြင်းစာအုပ်' ကိုလေ့လာပြီး လေတွေအခြေအနေကို အကဲခတ်ခဲ့တယ်။ သူက တွက်ချက်မှုထူးချွန်ပြီး ရုပ်အဆင်းကြန်အင်လက္ခဏာကိုဖတ်တတ်သူဖြစ်တယ်။ သူ့နာမည်က လန်ရဲ့မြို့စား စန်းကျီချွန်း(Shan Zichun) ရဲ့နားအထိပေါက်ပြီး ခေါ်တွေ့တာခံရတယ်။ အဲ့တုန်းက မြို့စားအိမ်တော်မှာ ဧည့်သည်ရာကျော်ရှိနေတယ်။
ကွမ်းလု(Guan Lu) က မြို့စားကိုပြောတယ်
'ကျွန်တော်က ငယ်ရွယ်တဲ့အတွက် သတ္တိမရှိဘူး။ ဒါကြောင့် အရင်ဆုံး အရက်သုံးပုလင်းသောက်ပြီး နှုတ်သွက်အောင်လုပ်ပါရစေ'

သူ့တောင်းဆိုမှုက အံ့ဩစရာကောင်းတယ်။ ဒါပေမယ့် သူအရက်သောက်ပြီးနောက်မှာ ဧည့်သည်တွေကို မထီမဲ့မြင်တဲ့အကြည့်နဲ့ကြည့်ပြီး
'ကျွန်တော်အဆင်သင့်ဖြစ်ပြီ။ ဒီကဧည့်သည်တွေထဲက ဘယ်သူက ကျွန်တော်နဲ့ပြိုင်ချင်တာလဲ' လို့ပြောတယ်။
စန်းကျီချွန်း(Shan Zichun) က သူကိုယ်တိုင်တော့ မယှဉ်နိုင်ကြောင်းပြောခဲ့တယ်။ အဲ့နောက်မှာ 'ပြောင်းလဲခြင်း' စာအုပ်အကြောင်းကိုဆွေးနွေးခဲ့ပြီး ကွမ်းလု(Guan Lu) ရဲ့အတွေးအခေါ်တွေက နက်နဲတယ်။ မြို့စားကလည်း သူ့ရဲ့ခက်ခဲတဲ့ပြဿနာတွေကိုမေးပြီး ကွမ်းလု(Guan Lu) က စကားပရိယာယ်ကြွယ်စွာရှင်းခဲ့တယ်။ တစ်ရက်လုံး လုံးဝမနားပဲဆွေးနွေးခဲ့တော့ ဧည့်သည်တွေကပါ သူ့ကိုချီးကျူးကြတယ်။
အဲ့နောက်ပိုင်းမှာ သူနာမည်ကြီးခဲ့ပြီး သူ့ကို 'ထူးခြားတဲ့ကောင်လေး' လို့ခေါ်ကြတယ်။ ပြီးတော့ သူက တခြားတစ်မျိုးကြောင့် နာမည်ထပ်ကြီးလာပြန်တယ်။ ကော်အန်း(Guo En) ဆိုတဲ့လူတစ်ယောက်မှာ ညီနှစ်ယောက်ရှိပြီး သူတို့ညီအစ်ကိုသုံးယောက်လုံးက ရုတ်တရတ် ခြေထောက်မသန်ဖြစ်နေခဲ့တယ်။ အဲ့တော့ သူတို့သုံးယောက်ဟာ ကွမ်းလု(Guan Lu) ဆီသွားပြီး တိုင်ပင်ခဲ့တယ်။ ကွမ်းလု(Guan Lu) က တွက်ချက်ကြည့်ပြီးနောက်
'ခင်ဗျားတို့ မိသားစုထဲမှာ  အမျိုးသမီးတစ္ဆေရှိနေတယ်။ သူက ခင်ဗျားတို့ဦးလေးရဲ့ဇနီးပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက စားနပ်ရိက္ခာရှားပါးတော့ ဆန်စပါးလှည်းအနည်းငယ်အတွက်နဲ့ သူဟာ ရေတွင်းထဲကိုတွန်းချခံရပြီး သူ့ခေါင်းကိုကျောက်တုံးနဲ့ပစ်တာခံရပြီးနောက် အပြင်းအထန်ခံစားပြီး သေဆုံးသွားခဲ့တယ်။ ဒါကြောင့် မလွတ်မကျွတ်ပဲ ခင်ဗျားတို့ရဲ့ပြစ်ဒဏ်အတွက် လက်စားလာချေတာဖြစ်တယ်။ ဆုတောင်းနေလည်း ဒါကိုပျောက်အောင်မလုပ်နိုင်ဘူး' လို့ပြောတယ်။ အဲ့တော့ ညီအစ်ကိုသုံးယောက်လုံးက ငိုပြီး သူတို့အပြစ်ကို ဖွင့်ပြောခဲ့တယ်။

အန်းဖင်မြို့စား ဝမ်ကျိ(Wang Ji) ဟာ သူ့ရဲ့ဂုဏ်သတင်းကိုကြားတော့ဖိတ်ခေါ်ခဲ့တယ်။ အဲ့အချိန် မြို့စားအိမ်တော်မှာ ရှင်းတုအုပ်ချုပ်ရေးမှူးလည်း ရှိနေခဲ့ပြီး သူ့ဇနီးက ခေါင်းကိုက်ဝေဒနာခံစားနေရပြီး သားဖြစ်သူက နှလုံးသားနာကျင်တဲ့ဝေဒနာခံစားနေရတယ်။ ဒါကြောင့် ကွမ်းလု(Guan Lu) ကိုခေါ်ပြီး အကျိုးအကြောင်းမေးတော့ သူက တွက်ချက်ပြီးနောက် ခန်းမဆောင်ရဲ့အနောက်ဘက်ထောင့်မှာ အလောင်းနှစ်လောင်းရှိကြောင်း၊ တစ်လောင်းက လေးနဲ့မြားနဲ့အတူမြုပ်ထားပြီး ကျန်တစ်လောင်းက လှံကိုကိုင်ထားကြောင်းပြောတယ်။ လှံနဲ့အလောင်းရဲ့ခေါင်းမှာဒဏ်ရာရှိတဲ့အတွက် ခေါင်းကိုက်တာဖြစ်ပြီး ကျန်တစ်လောင်းမှာတော့ နှလုံးမှာဒဏ်ရာရှိတဲ့အတွက် နှလုံးမှာနာကျင်တာ ခံစားရတာဖြစ်ကြောင်းပြောတယ်။ သူပြောတဲ့အတိုင်း တူးကြည့်တဲ့အခါမှာ အလောင်းနှစ်လောင်းကိုတွေ့ခဲ့ရတယ်။ အဲ့အလောင်းတွေကို မြို့ပြင် သုံးမိုင်အကွာမှာ မြုပ်လိုက်ပြီးနောက်မှာတော့ သူတို့ရဲ့ဝေဒနာပျောက်သွားခဲ့တယ်။

တစ်ခါတုန်းက ကွမ်းထောင်အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ကျလာတဲ့ ကျူးကဲ့ယွမ်(Zhuge Yuan) ဆိုတဲ့လူက သူ့ရာထူးအတွက်ထွက်ခွာခါနီးမှာ ကွမ်းလု(Guan Lu) က လာနှုတ်ဆက်တယ်။ ဧည့်သည်တစ်ယောက်က ကွမ်းလု(Guan Lu) က တွက်ချက်တာကျွမ်းကျင်တယ်လို့ပြောတော့ သူက မယုံပဲ စမ်းသပ်ဖို့လုပ်ခဲ့တယ်။ သူက ပျံလွှားရဲ့ဥရယ်၊ ငှက်သိုက်ရယ်၊ ပင့်ကူရယ်ကိုယူပြီး မတူတဲ့ဘူးထဲမှာထည့်ထားစေတယ်။ ကွမ်းလု(Guan Lu) က တွက်ချက်ကြည့်ပြီးတော့ အဲ့အရာသုံးမျိုးဖြစ်ကြောင်း ကဗျာစပ်ပြီးပြောခဲ့တယ်။ ဧည့်သည်တွေက အံ့ဩသွားခဲ့တယ်။
တစ်ခါက သူ့ရွာက အမယ်အိုတစ်ယောက် နွားပျောက်သွားတော့ သူ့ဆီလာပြီး မေးတယ်။ သူက တွက်ချက်ကြည့်ပြီးနောက် လူခုနစ်ယောက်က ဖမ်းသွားတာဖြစ်ပြီး တောင်ကျချောင်းတစ်ခုအနားမှာ နွားကိုချက်ပြုတ်ပြီး စားဖို့လုပ်နေကြောင်းပြောတယ်။ အဲ့အမယ်အိုက ပြောတဲ့အတိုင်းသွားရှာတော့ လူခုနစ်ယောက်က နွားကိုချက်ပြုတ်နေတာကိုတွေ့တယ်။ အဲ့တော့ မြို့စား လျူဘင်း(Liu Bin) ထံတိုင်တောခဲ့တယ်။ မြို့စားက အဲ့လူတွေကိုဖမ်းစေပြီး အပြစ်ပေးခဲ့တယ်။ အဲ့နောက် တရားခံတွေကို ဘယ်လိုတွေ့ကြောင်းမေးတော့ အမယ်အိုက ပြောပြခဲ့တယ်၊ မြို့စားက မယုံပဲ ကွမ်းလု(Guan Lu) ကိုခေါ်ပြီး ကြက်မွှေးနဲ့ တံဆိပ်တုံးကို ဘူးထဲထည့်ပြီး သူ့ကိုဖြေခိုင်းစေတယ်။ ကွမ်းလု(Guan Lu) က အတိအကျဖြေနိုင်တော့ မြို့စားက အံ့အားသင့်ပြီး ကောင်းစွာဆက်ဆံခဲ့တယ်။

တစ်ရက် ကွမ်းလု(Guan Lu) လမ်းလျှောက်နေတဲ့အချိန် ကောင်လေးတစ်ယောက် လယ်ထွန်နေတာတွေ့တယ်။ အဲ့ကောင်လေးကို အချိန်အကြာကြီးကြည့်ပြီးနောက် သူ့ရဲ့နာမည်နဲ့အသက်ကိုမေးတယ်။ အဲ့လူငယ်က သူ့နာမည်က ကျောက်ရန်(Zhao Yang) ဖြစ်ပြီး ၁၉ နှစ်ရှိပြီဖြစ်ကြောင်းပြောပြီး ကွမ်းလု(Guan Lu) က ဘယ်သူလဲလို့ ပြန်မေးခဲ့တယ်။
'ငါက ကွမ်းလု(Guan Lu) ပဲ။ မင်း ငါ့အကြောင်း ကြားဖူးလိမ့်မယ်။ မင်းက သုံးရက်အတွင်း သေဆုံးလိမ့်မယ်။ ဒီလောက်ကြည့်ကောင်းတဲ့လူငယ်တစ်ယောက်က အသေစောမှာ နှမြောစရာပဲ'
ကျောက်ရန်(Zhao Yang) က သူ့ရဲ့ပေါက်တူးကိုယူပြီး အိမ်ပြန်ပြီးနောက် သူ့အဖေကိုပြောတယ်။ သူ့အဖေက ချက်ချင်းထွက်လာပြီး ကွမ်းလု(Guan Lu) ကိုရှာပြီး တွေ့တော့ ဒူးထောက်ပြီး သူ့သားကိုကယ်ဖို့တောင်းပန်တယ်။
"ငါ ဒါကိုဘယ်လိုရှောင်အောင် လုပ်နိုင်မလဲ? ဒါက ကံတရားပဲ"
"ကျွန်တော့မှာ ဒီသားတစ်ယောက်ပဲရှိတာ။ ကျေးဇူးပြုပြီး ကယ်ပေးပါ"
အဲ့နောက် သားဖြစ်သူကလည်း သူ့အဖေနဲ့အတူ ငိုယိုပြီး တောင်းပန်တယ်။ ကွမ်းလု(Guan Lu) က သနားသွားပြီး လူငယ်လေးကိုကြည့်ပြီး
"မင်း အရက်နဲ့ သမင်သားအသင့်ပြင်ထားပါ။ မနက်ပြန် သစ်တောရဲ့တောင်ဘက်ကိုသွားရင် အဲ့နားကသစ်ပင်ကြီးအောက်မှာ လူနှစ်ယောက် စစ်တုရင်ကစားနေတာတွေ့လိမ့်မယ်။ တစ်ယောက်က အဖြူရောင်ဝတ်စုံဝတ်ထားပြီး တောင်ဘက်ကိုမျက်နှာမူနေမယ်။ သူက အင်မတန်ကြမ်းကြုတ်တဲ့ပုံရှိလိမ့်မယ်။ နောက်တစ်ဦးကတော့အနီရောင်ဝတ်ထားပြီး အဲ့လူရဲ့တခြားတစ်ဖက်မှာထိုင်နေလိမ့်မယ်။ သူက အင်မတန်ခန့်ညားတယ်။ သူတို့နှစ်ယောက်လုံးက စစ်တုရင်အပေါ်ပဲ အာရုံစိုက်နေပြီး အသားနဲ့အရက်ကျွေးမွေးလည်း ဂရုပြုမိမှာမဟုတ်ဘူး။ အဲ့ဒီတော့ မင်းက ဒူးထောက်ပြီး ရိုကျိုးစွာစောင့်နေရမယ်။ သူတို့သတိထားပြီးလို့ စားသောက်ပြီးသွားတဲ့အခါမှာ သူတို့ထံဒူးထောက်ပြီး ငိုယိုပြီး ရက်ပိုတိုးပေးဖို့တောင်းပန်ပါ။ အဲ့လိုဆို မင်းရဲ့အသက်ပိုရှည်သွားလိမ့်မယ်။ အဓိကမှတ်ထားရမှာက ငါလုပ်ခိုင်းတယ်လို့မပြောပါနဲ့"

အဖေဖြစ်တဲ့သူက "ကွမ်းလု"(Guan Lu) ကို ဧည့်သည်အနေနဲ့ကျွေးမွေးဧည့်ခံတယ်။ နောက်ရက်မှာ လူငယ်က "ကွမ်းလု(Guan Lu) ပြောတဲ့အတိုင်း တောထဲဝင်သွားတော့ ထင်းရူးပင်အောက်မှာ လူနှစ်ယောက်ထိုင်ပြီး စစ်တုရင်ကစားနေတာတွေ့တယ်။ သူတို့က ဘေးပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်မိဘူး။ ကျောက်ရန်(Zhao Yang) က အသားနဲ့အရက်ကိုပေးတော့ အဲ့လူနှစ်ယောက်က အမုမဲ့အမှတ်မဲ့စားလိုက်မိတယ်။ အဲ့နောက်မှာ "ကျောက်ရန်"(Zhao Yang) က ဒူးထောက်ပြီး သူ့သက်တမ်းကိုတိုးပေးဖို့ တောင်းပန်တော့ သူတို့နှစ်ယောက်က လန့်သွားပုံပေါ်တယ်။
"ဒါ ကွမ်းလု(Guan Lu) လက်ချက်ပဲဖြစ်မယ်။ ဒါပေမယ့် ငါတို့က သူ့လက်ဆောင်ယူလိုက်ပြီဆိုတော့ သူ့ကိုသနားမှဖြစ်မယ်။
အဖြူရောင်အဝတ်နဲ့လူက သူ့ဘေးနားက စာအုပ်ကိုကိုင်ပြီး ကြည့်တယ်။
"မင်းက ဒီနှစ် ၁၉ နှစ်ရှိပြီ။ ဒီနှစ်က မင်းသေဆုံးမဲ့နှစ်ပဲ။ ဒါပေမယ့် ငါတို့က နံပတ်တစ်ကို ကိုးလို့ပြောင်းလိုက်ပြီး ၉၉ ဖြစ်အောင်လုပ်လိုက်မယ်။ ဒါ မင်းရဲ့သက်တမ်းပဲ။ ဒါပေမယ့် မင်းပြန်ပြီး ကွမ်းလု(Guan Lu) ကိုပြောလိုက်ပါ။ သူက ကံကြမ္မာရဲ့လျှို့ဝှက်ချက်တွေကို တခြားလူတွေကို ပေးမသိရဘူး။ အဲ့လိုမှမဟုတ်ရင် ကောင်းကင်ကြီးက သူ့ကိုအပြစ်ပေးလိမ့်မယ်"
အဲ့နောက်မှာ အင်္ကျီအနီနဲ့လူက စုတ်တံကိုယူပြီး ဂဏန်းကို ပြောင်းလိုက်တယ်။ လေတစ်ချက်တိုက်သွားပြီးနောက် အဲ့လူနှစ်ယောက်ဟာ ကြိုးကြာအသွင်ပြောင်းသွားပြီး ပျံသွားတယ်။

"ကျောက်ရန်"(Zhao Yang) ကလည်း အိမ်ပြန်လာပြီး အကြောင်းစုံပြောပြတယ်။ အဲ့အခါမှာ "ကွမ်းလု"(Guan Lu) က အနီရောင်နဲ့လူက တောင်ပိုင်းခုနစ်စင်ကြယ်ဖြစ်ပြီး အဖြူရောင်လူက မြောက်ပိုင်းခုနစ်စင်ကြယ်ဖြစ်ကြောင်းပြောတယ်။
"ဒါပေမယ့် မြောက်ပိုင်းခုနစ်စင်ကြယ်က ကြယ်ကိုးလုံးရှိတာမဟုတ်လား? လူက တစ်ယောက်တည်းပဲ"
"သီးခြား ကိုးခုရှိပေမယ့် အဲ့ကိုးခုက ပေါင်းစည်းပြီး တစ်ခုဖြစ်သွားတယ်။ မြောက်ပိုင်းကြယ်က သေဆုံးခြင်းကိုမှတ်တမ်းတင်ပြီး တောင်ပိုင်းကြယ်က မွေးဖွားခြင်းကို မှတ်တမ်းတင်တယ်။ အခု မင်းရဲ့အသက်ဂဏန်းကိုပြင်လိုက်တော့ မစိုးရိမ်ပါနဲ့၊ အသက်အရှည်ကြီးနေရလိမ့်မယ်"
အဖေရောသားရောက "ကွမ်းလု"(Guan Lu) ကိုကျေးဇူးတင်တယ်။ ဒါပေမယ့် "ကွမ်းလု"(Guan Lu) ဟာ ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကိုပြောမိမှာစိုးလို့ အဲ့အချိန်ကစပြီး သူတွက်ချက်တဲ့အခါ သတိအကြီးကြီးထားတော့တယ်။
အဲ့လူက ဖင်ယွမ်မှာရှိတော့ သခင်ကြီးက သူ့ကိုခေါ်ပြီး မေးမြန်းကြည့်ပါလား"

ထို့နောက် "ချောင်ချောင်း"(Cao Cao) မှာ ဝမ်းမြောက်သွားပြီး "ကွမ်းလု"(Guan Lu) ကိုခေါ်စေရာ "ကွမ်းလု"(Guan Lu) ရောက်လာသည်။ "ကွမ်းလု"(Guan Lu) သည် တွက်ချက်ပြီးနောက်
"ခင်ဗျားက ဒီလိုနေမကောင်းဖြစ်နေတာ မကောင်းတဲ့အစီအရင်တွေကြောင့်ပါ။ စိုးရိမ်စရာမလိုပါဘူး"
"ချောင်ချောင်း"(Cao Cao) မှာ စိတ်သက်သာရာရသွားပြီး ကျန်းမာရေးပြန်ကောင်းလာသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် တိုင်းရေးပြည်ရေးတို့ကို တွက်ချက်စေရာ ဤသို့အဖြေထွက်သည်။
"တိုင် သုံးခုနဲ့ရှစ်ခု
တပ်ဖွဲ့ကြီး ရပ်တန့်သွားခဲ့၊
အဝါရောင်ဝက်ရိုင်းဟာ ကျားကိုတွေ့ပြီးနောက်
ခြေတစ်ဖက် ဆုံးရှုံးစေခဲ့တယ်"
ထို့နောက် "ချောင်ချောင်း"(Cao Cao) က သူ၏အခြေအနေ ကြာမြင့်မှုကို တွက်ချက်စေ၏။
"ခြသေ့င်္နန်းတော်ထဲမှာ
ဘိုးဘေးဘီဘင်တွေရဲ့အရည်အချင်းတွေစုထားပြီး
မင်းသားရဲ့လမ်းတွေက အသစ်ဖန်တီးထားတယ်
သူ့သားနဲ့မြေးက အထွတ်အထိပ်ကိုရောက်လိမ့်မယ်"



ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူနှင့်ပတ်သတ်သည့်အကြောင်းကိုမေးသည်။
"စကြဝဠာရဲ့ကြမ္မာကိုကြိုမသိကောင်းဘူး။ ခဏစောင့်ပြီးတော့မှ ကျွန်တော်တွက်ချက်ကြည့်ပါ့မယ်"
"ချောင်ချောင်း"(Cao Cao) သည် သဘောကျပြီး ထိုသူကို သမိုင်းသုတေသီရာထူးပေးရန် ကမ်းလှမ်းသော်လည်း "ကွမ်းလု"(Guan Lu) က ငြင်းလိုက်သည်။
"ကျွန်တော့ကံကြမ္မာကဆိုးရွားပြီး ကံကောင်းသူမဟုတ်တဲ့အတွက် ကျွန်တော် ဒီရာထူးနဲ့မထိုက်တန်လို့မယူပါရစေနဲ့'
"ဘာကြောင့်လဲ"
"ကျွန်တော့နဖူးက ပြည့်ဝမနေဘူး၊ ကျွန်တော့မျက်လုံးတွေက မတည်ငြိမ်ဘူး။ ကျွန်တော့မှာ နှာတံမရှိဘူး။ ကျွန်တော့မှာ ဝိုင်းစက်ပြီးခိုင်မာတဲ့ ခြေဖျားမရှိဘူး။ ကျွန်တော့ကိုယ်မှာ သံချပ်ကာ သုံးထပ်မရှိဘူး (ပုခုံးရိုးနှင့် ကြွက်သားကိုဆိုလို)။ နောက်ပြီး ကျွန်တော့ရင်အုံကသုံးမှတ်ပဲရှိတယ် (ချမ်းသာကြွယ်ဝမှုမရှိသည်ကိုဆိုလိုပုံရ)။ ကျွန်တော်က တစ္ဆေသရဲတွေကို နှိမ်နှင်းနိုင်တယ်။ လူတွေကို မအုပ်ချုပ်နိုင်ဘူး"
"ကျုပ်မျက်နှာအသွင်အပြင်ကိုကြည့်ပြီး နိမိတ်ဖတ်လို့မရဘူးလား"
"ခင်ဗျားလိုမျိုး အထက်တန်းဝန်ကြီးတစ်ယောက်က ဘာလိုသေးလို့လဲ?"
"ချောင်ချောင်း"(Cao Cao) က သူ့အကြောင်းကိုဟောရန်တောင်းဆိုသော်လည်း "ကွမ်းလု"(Guan Lu) က ရယ်လျက်နေသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) က ရပ်နေသောအမှုထမ်းတို့အကြောင်းကိုမေးလေသည်။
"သူတို့တွေအကုန်လုံးက တိုင်းပြည်ရဲ့အုပ်ချုပ်မှုရေးရာတွေမှာ ထမ်းဆောင်နိုင်တဲ့လူတွေဖြစ်တယ်"
သို့သော် "ချောင်ချောင်း"(Cao Cao) သည် သူ၏ကြမ္မာကိုဖတ်ခိုင်းသည့်အခါတွင်ကား "ကွမ်းလု"(Guan Lu) က တိကျသောအဖြေကိုမပေးပေ။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် သူ၏ပြိုင်ဘက်ဖြစ်သည့် ဝူနှင့်ရှူအကြောင်းကိုမေးသည်။
"တောင်ပိုင်းက နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးဆုံးရှုံးသွားခဲ့ပြီ။ အနောက်ဘက်ကတော့ ခင်ဗျားနဲ့နယ်ပယ်ကိုချဉ်းကပ်လာနေတယ်"
ထိုနိမိတ်ဖတ်မှုကို "ချောင်ချောင်း"(Cao Cao) မှသံသယရှိနေစဉ် ဟဲဖေးမှ ဆက်သားရောက်လာကာအကြောင်းကြားသည်။
"တောင်ပိုင်းက တပ်ကြီးကြပ်ရေးအရာရှိ လူဆု(Lu Su) က လုခိုမှာ ကွယ်လွန်သွားပြီ"
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ဟန်ကျုံးသို့အလျင်အမြန် လူလွှတ်ကာ စုံစမ်းစေရာ အောက်ပါသတင်းကိုကြားသိရသည်။
"ကျန်းဖေး(Zhang Fei) နဲ့ မာချောင်း(Ma Chao) တို့ဟာ ရှပြန်းခံတပ်ကိုသိမ်းပြီး ဟန်ကျုံးကိုတိုက်ဖို့ပြင်နေတယ်"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အကြီးအကျယ်ဒေါသထွက်ပြီး ရန်သူတို့ကို တွန်းလှန်ရန်အတွက် စစ်ချီတက်ရန်ပြင်သည်။ သို့သော် "ကွမ်းလု"(Guan Lu) မှ
"အလျင်စလို မလုပ်ပါနဲ့။ ဒီနွေဦးမှာ ရွှီချန်မှာ ပဋိပက္ခတွေဖြစ်လိမ့်မယ်"
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူကိုယ်တိုင်စစ်မချီတော့ပဲ "ချောင်ဟုန်"(Cao Hong) ကို တပ်သားငါးသောင်းဦးဆောင်စေပြီး အရှေ့ဘက်မြစ်ကမ်းဒေသကိုကာကွယ်စေသည်။ "ရှဟိုတွန်း"(Xiahou Dun) ကိုမူ တပ်သားသုံးသောင်းနှင့် ရွှီချန်သို့လွှတ်လိုက်သည်။ ထို့နောက် အထက်တန်းဝန်ကြီး "ဝမ်ပိ"(Wang Bi) အား နန်းတော်တပ်ဖွဲ့တို့ကိုဦးဆောင်စေသည်။
"စိမာယီ"(Sima Yi) မှ "ချောင်ချောင်း"(Cao Cao) အား
"ဝမ်ပိ(Wang Bi) က အရက်သောက်ပြီးရင် သူ့အလုပ်သူ မလုပ်တော့ဘူး။ သူ့ကို ဒီတာဝန်ပေးဖို့ မသင့်တော်ဘူး"
"သူက ဒီတာဝန်နဲ့သင့်တော်ပါတယ်။ သူက ကျုပ်နဲ့အတူ အခက်အခဲတွေအများကြီးကျော်ဖြတ်ခဲ့ပြီးပြီ။ သူက သစ္စာရှိပြီး ကြိုးစားတဲ့လူဖြစ်တယ်"
ထို့နောက် "ဝမ်ပိ"(Wang Bi) ကို နန်းတော်အရှေ့ဂိတ်တွင် တာဝန်ချထားသည်။

ထိုအချိန်တွင် ဝန်ကြီးချုပ်၏နေအိမ်တွင် တာဝန်ထမ်းဆောင်ကာ ဝန်ကြီးဖြစ်သွားခဲ့သည့် လော့ရန်မြို့သား "ကန်းကျိ"(Geng Ji) ဆိုသူရှိသည်။ သူနှင့် ဝန်ကြီး "ဝေဟွမ်"(Wei Huang) တို့သည် သူငယ်ချင်းများဖြစ်သည်။
သူတို့နှစ်ဦးသည် "ချောင်ချောင်း"(Cao Cao) ၏ မင်းသားရာထူးကိုယူခြင်းနှင့် နန်းတွင်းအဆောင်အယောင်လှည်းယာဉ်အသုံးပြုခြင်းအပေါ် မနှစ်သက်ပေ။ နှစ်ဆယ့်သုံးနှစ်မြောက် (အေဒီ ၂၁၈) အစောပိုင်းလများတွင် သူတို့နှစ်ဦးသည် တီးတိုးတိုင်ပင်ကြသည်။ "ကန်းကျိ"(Geng Ji) မှ
"သူက သစ္စာမဲ့ပြီး ကောက်ကျစ်တယ်။ တစ်နေ့ထက်တစ်နေ့ဆိုးလာပြီ။ နောင်ဒီထက်ပိုဆိုးဖို့ပဲရှိတယ်။ ကျုပ်တို့က တိုင်းပြည်ရဲ့အမှုထမ်းတွေအနေနဲ့ဘယ်လိုလုပ်ရင်ကောင်းမလဲ"
"ကျုပ်သူငယ်ချင်း ကျင်းယီ(Jin Yi) ဆိုတဲ့လူရှိတယ်။ သူက ဟန်တိုင်းပြည်ရဲ့အမှုထမ်းဖြစ်ပြီး ချောင်ချောင်း(Cao Cao) ရဲ့ရန်သူဖြစ်တယ်။ သူက အရင်ဝန်ကြီးဟောင်း ကျင်းမီတိ(Jin Midi) ရဲ့မျိုးဆက်ကဆင်းသက်လာတာ။ ဒါ့အပြင် သူက ဝမ်ပိ(Wang Bi) နဲ့လည်းရင်းနှီးတယ်။ ကျုပ်တို့တွေအကောင်းဆုံးကြိုးစားရင် အောင်မြင်နိုင်တယ်"
"ဒါပေမယ့် သူက ဝမ်ပိ(Wang Bi) နဲ့ရင်းနှီးရင်တောင်မှ ကူညီမှာမဟုတ်ဘူး"
"ကျုပ်တို့သွားပြီး သူ့ကိုတိုက်တွန်းကြတာပေါ့"

ထို့နောက် သူတို့နှစ်ဦးသည် "ကျင်းယီ"(Jin Yi) ထံသွားပြီးနောက် "ဝေဟွမ်"(Wei Huang) မှ
"အို၊ မြင့်မြတ်သောကျင်းယီ(Jin Yi) ၊ ခင်ဗျားက ဝမ်ပိ(Wang Bi) နဲ့ရင်းနှီးမှန်းသိလို့ အကူအညီတောင်းဖို့လာတာပါ"
"ဘာအကူအညီများလဲ"
"ဝေမင်းသားဟာ မကြာခင်မှာ ဧကရာဇ်ကိုနန်းစွန့်ခိုင်းပြီး သူကိုယ်တိုင်ဘုရင်လုပ်လိမ့်မယ်။ အဲ့အချိန်မှာ ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်း ဝမ်ပိ(Wang Bi) ရာထူးကြီးတွေချီးမြင့်တာခံရလိမ့်မယ်။ အဲ့အချိန်မှာကျုပ်တို့ကို မမေ့ပါနဲ့။ ကျုပ်တို့ကလည်း ခင်ဗျားကိုကျေးဇူးတင်နေမှာပါ"
ထိုအခါ "ကျင်းယီ"(Jin Yi) သည် အင်္ကျီလက်ဖျားကိုခါလိုက်ပြီး ဒေါသထွက်ဟန်ပြသည်။ ဧည့်သည်တို့အတွက်ရေနွေးကြမ်းလာချသောအခါ ခွက်ကိုယူပြီး သွန်လိုက်လေသည်။
ထိုအခါ "ဝေဟွမ်"(Wei Huang) မှာ လန့်သွားသည်။

"ကျုပ် ခင်ဗျားကိုဘယ်လိုများ ပြစ်မှားမိလို့လဲ"
"ကျုပ်က ခင်ဗျားနဲ့ပေါင်းသင်းခဲ့တာဟာ ခင်ဗျားရဲ့ဘိုးဘေးတွေက ဟန်တိုင်းပြည်အပေါ်သစ္စာရှိရှိအမှုထမ်းခဲ့လို့ပဲ။ အခု တိုင်းပြည်အပေါ် ကျေးဇူးပြန်မဆပ်ပဲနဲ့ရန်သူကို ကူညီဖို့ကြိုးစားနေတယ်။ အဲ့လိုဆို ခင်ဗျားကို ဘယ်လိုသူငယ်ချင်းလိုဆက်ဆံရမလဲ? လောကကြီးကိုဘယ်လိုမျက်နှာပြရမလဲ'
"ကန်းကျိ"(Geng Ji) မှာ
"ဒါပေမယ့် ဒါကရှောင်လွှဲလို့မရဘူး။ ဒီတော့ လက်ခံရမှာပဲလေ"
ထိုအခါ "ကျင်းယီ"(Jin Yi) သည် ပိုပြီး ဒေါသထွက်သွားသည်။ ၎င်းအပြုအမူကြောင့် ဧည့်သည်နှစ်ဦးတို့သည် "ကျင်းယီ"(Jin Yi) အား တိုင်းပြည်အပေါ်သစ္စာရှိသူဟုဆုံးဖြတ်လိုက်ပြီး အမှန်အတိုင်းပြောပြလေသည်။
"အမှန်တော့ ကျုပ်တို့ဆန္ဒက အဲ့သူပုန်ကိုရှင်းဖို့ပါ။ ခုနကပြောတဲ့စကားတွေက ခင်ဗျားကိုစမ်းသပ်တာပါ"

"ကျုပ်လို ဆွေစဉ်မျိုးဆက်တိုင်းပြည်အတွက် အမှုထမ်းခဲ့တဲ့လူက သူပုန်နောက်လိုက်လုပ်မယ်လို့ထင်လား? ခင်ဗျားတို့သာ တိုင်းပြည်အတွက်လုပ်ဆောင်တာဆို ခင်ဗျားတို့အကြံအစည်ကိုပြောပြပါ"
"ကျုပ်တို့က တိုင်းပြည်အတွက် ပေးဆပ်ချင်ပေမယ့်လည်း ရန်သူကိုရှင်းဖို့နည်းလမ်းမရှိဘူး"
"ကျုပ်တို့ မြို့ပြင်နဲ့မြို့ထဲမှာ အတွင်းလူရဲ့အကူအညီကိုလိုအပ်တယ်။ ဝမ်ပိ(Wang Bi) ကိုသတ်လိုက်ရင် သူ့နာမည်သုံးပြီး ဧကရာဇ်ကိုကူညီလို့ရတယ်။ ဦးရီးတော် လျူဘေ့(Liu Bei) ရဲ့အကူအညီနဲ့ဆိုရင် ချောင်ချောင်း(Cao Cao) ကိုချေမှုန်းနိုင်မယ်"
"ကျင်းယီ"(Jin Yi) ပြောသည်ကိုနားထောင်ပြီး ကျန်လူနှစ်ဦးတို့သည် လက်ခုပ်တီးကြသည်။

"ကျင်းယီ"(Jin Yi) မှ
"မြို့ပြင်ဘက်မှာ ကျုပ်တို့ကိုကူညီမဲ့လူနှစ်ယောက်ရှိတယ်။ သူတို့ကလည်း ချောင်ချောင်း(Cao Cao) အပေါ် ရန်ငြိုးရှိတဲ့အတွက် ကူညီလိမ့်မယ်"
"သူတို့က ဘယ်သူတွေလဲ"
"သူတို့က သမားတော် ကျိဖင်(Ji Ping) ရဲ့သားနှစ်ယောက်ဖြစ်တဲ့ ကျိမောင်(Ji Mao) နဲ့ ကျိမု(Ji Mu) တို့ပဲဖြစ်တယ်။ တုန်းချန်(Dong Cheng) အကြံအစည်တုန်းက "ချောင်ချောင်း"(Cao Cao) က တုန်းချန်(Dong Cheng) နဲ့ပတ်သတ်တဲ့လူတွေကိုသေဒဏ်ပေးတာ အဲ့သမားတော်ပါ သေဒဏ်ပေးခံခဲ့ရတယ်။ သူ့သားနှစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး အခုပြန်ရောက်လာတာ။ သူတို့အကူအညီနဲ့ဆို အဆင်ပြေပြီ"

"ကန်းကျိ"(Geng Ji) နှင့် "ဝေဟွမ်"(Wei Huang) တို့သည်လည်း ဝမ်းမြောက်သွားပြီး ကျိညီနောင်နှစ်ဦးတို့နှင့်တွေ့ဆုံသည်။ သူတို့၏အကြံအစည်ကိုပြောပြရာ ထိုညီနောင်နှစ်ဦးတို့သည် ဝမ်းသာပြီး မျက်ရည်ကျသည်။ ထို့နောက် သူပုန်ကိုချေမှုန်းရန် ကူညီမည်ဖြစ်ကြောင်း ကတိပြုသည်။ "ကျင်းယီ"(Jin Yi) မှ
"ပထမလရဲ့ ၁၅ ရက်မှာ မြို့ထဲမှာ မီးတွေထွန်းလိမ့်မယ်။ ကန်းကျိ(Geng Ji) နဲ့ ဝေဟွမ်(Wei Huang) က အမှုထမ်းတွေကိုဦးဆောင်ပြီး ဝမ်ပိ(Wang Bi) စခန်းကိုသွားပြီး မီးလောင်တဲ့အချိန်အထိစောင့်ပါ။ အဲ့အချိန်မှာ သူတို့တွေဝင်ပြီး ဝမ်ပိ(Wang Bi) ကိုသတ်ပြီးနောက် ကျုပ်နဲ့လိုက်ပြီး ဧကရာဇ်နဲ့တွေ့ပါ။ ပြီးရင် ဧကရာဇ်ကို ဇာမဏီငါးကောင် မျှော်စင်ပေါ်တက်ဖို့တောင်းဆိုပြီး သူ့ရဲ့အမှုထမ်းတွေကိုစုစည်းစေပြီး သူပုန်တွေကိုနှိမ်နှင်းဖို့အမိန့်ထုတ်စေမယ်။ ကျိညီနောင်ကတော့ မြို့ထဲကိုဝင်လာပြီး မီးရှို့ပါ။ ဒါဆိုရင် လူတွေအများကြီးက ရှုပ်ယှက်ခတ်နေမယ်။ ဘုရင်က အမိန့်ထုတ်ပြီးတဲ့အခါမှာ သူတို့က ရဲ့ကျွင်းကိုသွားပြီး ချောင်ချောင်း(Cao Cao) ကိုဖမ်းခေါ်လာပါ။ အဲ့နောက်မှာတော့ လူလွှတ်ပြီး ဦးရီးတော် လျူဘေ့(Liu Bei) ကို ဧကရာဇ်ထံအခစားဝင်ဖို့ဆင့်ခေါ်ရမယ်။ ကျုပ်တို့တွေအဲ့ညနှစ်နာရီအချိန်မှာ စတင်လှုပ်ရှားပြီး တုန်းချန်(Dong Cheng) မလုပ်နိုင်ခဲ့တာကို အောင်မြင်အောင်လုပ်မယ်"

ထို့နောက် သူတို့ငါးဦးတို့သည် ကောင်းကင်ထံသို့သွေးသစ္စာတိုင်တည်ပြီးနောက် လူစုခွဲကာ ပြင်ဆင်မှုများလုပ်လေသည်။
"ကန်းကျိ"(Geng Ji) နှင့် "ဝေဟွမ်"(Wei Huang) တို့သည် လူလေးငါးရာခန့်စုပြီး "ကျိမောင်"(Ji Mao) နှင့် "ကျိမု"(Ji Mu) တို့သည် လူသုံးရာခန့်စုဆောင်းသည်။ ထိုသို့လူစုရခြင်းမှာ အမဲလိုက်ထွက်ရန်အတွက်ဟု အကြောင်းပြလေသည်။
ထိုသို့ပြင်ဆင်ပြီးနောက် "ကျင်းယီ"(Jin Yi) သည် "ဝမ်ပိ"(Wang Bi) ထံသွားပြီး
"အခု တိုင်းပြည်ကြီးက အေးချမ်းနေပြီး မင်းသားရဲ့ဩဇာအရှိန်အဝါက နေရာအနှံ့ကိုရောက်နေတယ်။ ဒီအချိန်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ပွဲတော်ဆင်နွှဲရမဲ့အချိန်မယ်။ ဒါကြောင့် မီးပုံးပွဲတော်လုပ်ပြီး လူတွေကို မီးတွေထွန်းညှိဖို့အမိန့်ထုတ်သင့်တယ်။

ထိုအခါ "ဝမ်ပိ"(Wang Bi) လည်း မီးထွန်းပွဲတော်လုပ်စေသည်။ ထိုညတွင် ကောင်းကင်မှာတိမ်ကင်းစင်ပြီး ကြယ်နှင့်လတို့လင်းလက်နေသည်။ မြို့တော်မှလူတို့သည် နေရာအနှံ့တွင် မီးပုံးတို့ဖြင့် တန်ဆာဆင်လေသည်။ ထိုညဝယ် "ဝမ်ပိ"(Wang Bi) နှင့် သူ၏အမှုထမ်းတို့သည် စခန်းထဲတွင် စားသောက်ပွဲကျင်းပနေခဲ့သည်။ နှစ်ချက်တီးအချိန်ခန့်တွင် အော်သံတစ်ခုကြားလိုက်ရပြီး အနောက်ဘက်တွင်မီးလောင်ကြောင်းသိရသည်။ "ဝမ်ပိ"(Wang Bi) သည် ချက်ချင်းပင် စားပွဲမှထကာ ထွက်သွားလေသည်။ အပြင်ဘက်တွင် မီးတို့လောင်နေသည်ကိုတွေ့ပြီး "သတ်" ဟူသောအော်သံများကိုလည်းကြားရသည်။ သူသည် တောင်တံခါးသို့သွားရာ အပြင်ဘက်တွင် "ကန်းကျိ"(Geng Ji) နှင့်တွေ့ပြီး "ကန်းကျိ"(Geng Ji) ပစ်လိုက်သောမြားက သူ၏ပုခုံးကိုထိမှန်သည်။ မြင်းပေါ်မှပြုတ်ကျလုမတတ်ဖြစ်သွားသော်လည်း အလျင်အမြန်ပင် အနောက်ဘက်တံခါးသို့သွားလေသည်။ ထိုအချိန်တွင် သူ၏နောက်တွင် လက်နက်ကိုင်ထားသောလူတစုကလိုက်လာသည်ကို သတိပြုမိရာ မြင်းပေါ်မှဆင်းပြီး ခြေလျင်လျှောက်သည်။ ထို့နောက် "ကျင်းယီ"(Jin Yi) ၏အိမ်သို့သွားပြီး တံခါးခေါက်လေသည်။
ထိုအချိန်တွင် "ကျင်းယီ"(Jin Yi) ၏အိမ်တွင် အမျိုးသမီးများသာရှိပြီး "ကျင်းယီ"(Jin Yi) ၏ဇနီးက သူ၏ခင်ပွန်းပြန်လာပြီမှတ်ကာ
"ရှင် ဝမ်ပိ(Wang Bi) ကိုသတ်လိုက်ပြီလား" ဟုမေးသည်။

ထိုအခါ "ဝမ်ပိ"(Wang Bi) မှာထိတ်လန့်သွားပြီး သူ၏မိတ်ဆွေမှာရန်သူဖြစ်သွားပြီဟုသိလိုက်လေသည်။ ထို့နောက် သူသည် "ချောင်ရှို့"(Cao Xiu) ၏အိမ်သို့သွားကာ
"ကန်းကျိ(Geng Ji) နဲ့ ကျင်းယီ(Jin Yi) တို့ပုန်ကန်ဖို့လုပ်နေတယ်"
ထိုအခါ "ချောင်ရှို့"(Cao Xiu) သည် ချပ်ဝတ်တန်ဆာတို့ကိုဝတ်ဆင်ကာ အလျင်အမြန်မြင်းစီးပြီး တပ်သားတစ်ထောင်ကိုဦးဆောင်ကာထွက်သွားသည်။ နေရာအနှံ့တွင် မီးလောင်နေပြီး ဇာမဏီငါးကောင်မျှော်စင်သည်လည်း မီးလောင်နေသည်ကိုတွေ့သည်။ ဘုရင်သည် နန်းတော်အတွင်းထဲသို့ ပြေးသွားခဲ့ပြီ။ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) ၏မိတ်ဆွေနှင့်အမှုထမ်းတို့က နန်းတော်ဂိတ်တံခါးကိုအပြင်းအထန်ကာကွယ်နေသည်။
မြို့ထဲတွင် အော်သံတို့ဆူညံနေသည်။
"ချောင်ချောင်း(Cao Cao) ကိုသတ်ပြီး ဟန်တိုင်းပြည်ကိုတည်ငြိမ်စေအောင်လုပ်ရမယ်"

မြို့ကိုစောင့်ကြပ်ရန်အမိန့်ပေးခံရသော "ရှဟိုတွန်း"(Xiahou Dun) သည် မြို့မှ သုံးမိုင်အကွာတွင် စခန်းချထားပြီး အရှုပ်အထွေးများဖြစ်နေသည်ကိုသိသောအခါ တပ်ဖွဲ့တို့ဖြင့် မြို့ကိုဝန်းရံထားလိုက်သည်။ ထို့အပြင် အထဲမှာ "ချောင်ရှို့"(Cao Xiu) ထံစစ်ကူများလွှတ်ပေးသည်။
တစ်ညလုံးမြို့ထဲတွင် တိုက်ခိုက်သံများကိုကြားနေရသည်။ မည်သူမှ ထိုလူစုကိုဝိုင်းမကူကြပေ။ မကြာမီတွင် "ကျင်းယီ"(Jin Yi) ၊ "ကျိမောင်"(Ji Mao) နှင့် "ကျိမု"(Ji Mu) တို့အသတ်ခံရသည်။ "ကန်းကျိ"(Geng Ji) နှင့် "ဝေဟွမ်"(Wei Huang) တို့မှာထွက်ပြေးသွားပြီး မြို့တံခါးနားတွင် "ရှဟိုတွန်း"(Xiahou Dun) ၏တပ်နှင့်တွေ့ကာ အဖမ်းခံရသည်။ ကျန်သောပုန်ကန်သူတို့ကို အပိုင်းပိုင်းခုတ်လိုက်စေသည်။
တိုက်ခိုက်မှုတို့ရပ်စဲသွားသောအခါ "ရှဟိုတွန်း"(Xiahou Dun) သည်မြို့တွင်းသို့ဝင်ပြီး သူ၏တပ်ဖွဲ့တို့အား မီးငြိမ်းစေသည်။ ထို့နောက် ထိုလူငါးဦးတို့၏မိသားစုတို့ကိုဖမ်းဆီးစေလေသည်။ ထိုအကြောင်းကို "ချောင်ချောင်း"(Cao Cao) အားအကြောင်းကြားရာ "ချောင်ချောင်း"(Cao Cao) မှ ထိုဖမ်းဆီးထားသူနှစ်ဦးနှင့်အတူ မိသားစုငါးစုလုံးကိုသေဒဏ်ပေးစေသည်။ ထို့အပြင် အမှုထမ်းအကုန်လုံးကိုဖမ်းဆီးကာ ရဲ့ကျွင်းသို့ပို့ပြီး စစ်ဆေးမေးမြန်းစေသည်။
"ရှဟိုတွန်း"(Xiahou Dun) သည် အကျဉ်းသားနှစ်ဦးကိုကွပ်မျက်ရန်ခေါ်သွားချိန်တွင် သူတို့နှစ်ဦးသည် အော်နေခဲ့သည်။
"အသက်ရှင်နေတုန်းမှာ ကျုပ်တို့က ခင်ဗျားကို သတ်ဖို့မအောင်မြင်ခဲ့ဘူး။ သေတဲ့အချိန်မှာလည်း သူပုန်တွေကိုနှိမ်နှင်းတဲ့ဝိညာဉ်ဘဝနဲ့နေမယ်"
အာဏာပါးကွက်သားသည် "ကန်းကျိ"(Geng Ji) ၏ပါးစပ်ကိုဓားနှင့်ထိုးလိုက်ရာ သွေးများထွက်လာသည်။ သို့သော်လည်း သူသည် ဆက်အော်နိုင်သည်အထိအော်နေခဲ့သည်။ "ဝေဟွမ်"(Wei Huang) သည် သူ၏နားထင်ကို မြေကြီးနှင့်ဆောင့်ကာ "သူ့ကိုမုန်းတယ်" ဟုအော်နေခဲ့ပြီး အံကိုတင်းနေအောင်ကြိတ်ထားရာ သွားတို့ကျိုးကုန်သည်။ နောက်ဆုံး သူတို့နှစ်ဦးသည် ပင်ပန်းဆင်းရဲစွာ၊ နာကြည်းစွာဖြင့် သေဆုံးသွားသည်။

"ရှဟိုတွန်း"(Xiahou Dun) သည် "ချောင်ချောင်း"(Cao Cao) ၏အမိန့်အတိုင်း ဖမ်းဆီးထားသောအမှုထမ်းတို့ကို ရဲ့ကျွင်းသို့ပို့လိုက်သည်။ ထိုနေရာတွင် "ချောင်ချောင်း"(Cao Cao) သည် အလံအဖြူရောင်နှင့် အနီရောင်ကိုစိုက်ထားစေသည်။
"ဒီပုန်ကန်မှုမှာ ခင်ဗျားတို့ထဲက တချို့လူတွေက မီးလောင်တာကိုငြိမ်းဖို့ကူပေးပြီး တချို့က အိမ်မှာပဲနေတယ်။ မီးငြိမ်းဖို့ကူတဲ့လူတွေက အလံနီမှာ ရပ်ပြီး အိမ်မှာနေတဲ့လူတွေက အလံဖြူမှာရပ်ပါ"
အမှုထမ်းတို့သည် 'မီးငြိမ်းသတ်ဖို့ကူရုံနဲ့ဘာမှမဖြစ်လောက်ဘူး' ဟူသောအတွေးဖြင့် အများစုသည် အလံနီဘက်တွင်ရပ်ပြီး သုံးပုံတစ်ပုံခန့်သာ အဖြူတွင်နေသည်။ ထို့နောက် အလံနီဘက်တွင်ရပ်သောသူတို့အား ဖမ်းရန်အမိန့်ပေးလိုက်သည်။
"ကျွန်တော်တို့မှာ အပြစ်မရှိပါဘူး"
"အဲ့အချိန်တုန်းက ခင်ဗျားတို့က မီးငြိမ်းဖို့ထွက်တာမဟုတ်ပဲ သူပုန်တွေကိုကူညီတာပဲဖြစ်မယ်"
ထို့နောက် ထိုလူတို့ကို ကျန်းမြစ်ထဲသို့ပစ်ချစေသည်။ အသတ်ခံရသူပေါင်း သုံးရာကျော်ရှိလေသည်။ ထို့နောက် အလံဖြူတွင်နေသောလူတို့အားဆုလာဘ်များပေးပြီး မြို့တော်သို့ပြန်လွှတ်လိုက်သည်။
"ဝမ်ပိ"(Wang Bi) သည်လည်း ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ပြီး ကောင်းမွန်စွာသင်္ဂြိုလ်စေသည်။

"ချောင်ရှို့"(Cao Xiu) အား ကိုယ်ရံတော်တို့ကိုဦးဆောင်စေပြီး "ကျုံးယောင်"(Zhong Yao) သည် ဝေပြည်နယ်၏ဝန်ကြီးချုပ်ဖြစ်လာသည်၊ "ဟွာရှင်း"(Hua Xin) သည် အထက်တန်းဝန်ကြီးဖြစ်လာသည်။ ထို့နောက် အရှင်သခင်ရာထူးကို အတန်းခြောက်တန်းခွဲထားသည့်အပြင် သုံးမျိုးပိုင်းခြားထားကာ စုစုပေါင်း ဆယ့်ရှစ်မျိုးဖြစ်လာသည်။ အနောက်ဘက်ခံတပ်မြို့စားရာထူးအတန်းစား ဆယ့်ခုနစ်မျိုးရှိလာပြီး ရွှေရောင်အမိန့်ပြားနှင့်ခရမ်းရောင်ဖဲပြားတို့ကို ကိုင်ဆောင်ခွင့်ရသည်။ အတွင်းမြို့စား၊ အပြင်မြို့စား အတန်းစား တစ်ဆယ့်ခြောက်မျိုးရှိလာပြီး သူတို့သည် ငွေရောင်တံဆိပ်ပြားနှင့်အတူ လိပ်ပုံအဆောင်အယောင်နှင့်အနက်ရောင်ဖဲပြားတို့ကို ကိုင်ဆောင်ရသည်။ ဝန်ကြီးအတန်းစားငါးမျိုးရှိပြီး တစ်တန်းစီတွင် အဆင့်သုံးဆင့်ခွဲထားသည်။ သူတို့သည်လည်း တံဆိပ်ပြား၊ အဆောင်အယောင်နှင့်ဖဲပြားတို့ကိုကိုင်ဆောင်ရသည်။ ထိုသို့အဆင့်များသတ်မှတ်ပြီးနောက် မင်းသား၏နန်းတွင်းညီလာခံအဖြစ် လူအသစ်၊ ရာထူးအသစ်တို့ဖြင့်ပြန်လည်တည်ဆောက်ခဲ့သည်။

ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ကွမ်းလု"(Guan Lu) မှ မြို့တော်တွင် ပဋိပက္ခဖြစ်မည်ဟုပြောခဲ့သည်ကို သတိရပြီး "ကွမ်းလု"(Guan Lu) အားဆုပေးရန်ခေါ်သော်လည်း ၎င်းမှငြင်းဆိုလိုက်သည်။
ထိုအချိန် အရှေ့ဘက်မြစ်ကမ်းဒေသတွင် "ချောင်ဟုန်"(Cao Hong) သည် တပ်သားငါးသောင်းနှင့်အတူ ဟန်ကျုံးသို့ဝင်သွားသည်။ "ရှဟိုယွမ်"(Xiahou Yuan) တို့ကို စစ်ဗျူဟာအရအရေးပါသော နေရာတို့တွင်ထားပြီး သူကိုယ်တိုင်မှာမူ တိုက်ခိုက်ရန်ချီတက်သည်။ ထိုအချိန်တွင် "ကျန်းဖေး"(Zhang Fei) နှင့် "လေထုံ"(Lei Tong) တို့သည် ပါးရှီးတွင် တပ်စွဲထားသည်။ "မာချောင်း"(Ma Chao) သည် ရှပြန်းသို့ချီတက်ပြီး "ဝူလန်"(Wu Lan) ကို အရင်လွှတ်ကာ ထောက်လှမ်းစေသည်။ ထိုအချိန်တွင် "ချောင်ဟုန်"(Cao Hong) ၏တပ်နှင့်တွေ့သည်။ "ဝူလန်"(Wu Lan) သည် တပ်ဆုတ်ရန်ပြုသော်လည်း စစ်သူကြီး "ရန်ခွေ့"(Ren Kui) မှ
"ရန်သူတွေကအခုမှရောက်လာတာ။ ဒါကြောင့် အရင်တိုက်ပြီး ဦးချိုးပေးလိုက်သင့်တယ်။ ကျွန်တော်တို့တွေမတိုက်ပဲလှည့်ပြန်ရင် ခေါင်းဆောင်ကိုဘယ်လိုမျက်နှာပြမလဲ"
သို့နှင့် စစ်တိုက်ရန်ဆုံးဖြတ်လိုက်သည်။ "ရန်ခွေ့"(Ren Kui) မှထွက်ပြီး "ချောင်ဟုန်"(Cao Hong) ကိုစိန်ခေါ်သည်။ "ချောင်ဟုန်"(Cao Hong) မှလိုက်ခံလိုက်ပြီး တတိယအကွက်ခန့်တွင် "ရန်ခွေ့"(Ren Kui) ကိုအနိုင်ယူလိုက်သည်။ "ဝူလန်"(Wu Lan) သည်လည်း စစ်ရှုံးပြီး ပြန်ရောက်သော် "မာချောင်း"(Ma Chao) အားပြောလေရာ အပြစ်တင်ခြင်းခံရသည်။
"ခင်ဗျားက အမိန့်မရပဲနဲ့ဘာလို့ တိုက်ရတာလဲ။ အခုတော့ဒီလိုစစ်ရှုံးလာပြီ"
"ဒါ အမိန့်မနာခံတဲ့ ရန်ခွေ့(Ren Kui) ရဲ့အပြစ်ကြောင့်ပါ"
"ခံတပ်ကိုပဲကာကွယ်ပါ။ မတိုက်ခိုက်ပါနဲ့"

"မာချောင်း"(Ma Chao) သည် မြို့တော် ချန်တူးသို့အကြောင်းကြားကာ နောက်လာမည့်အမိန့်ကိုစောင့်နေသည်။ "မာချောင်း"(Ma Chao) ငြိမ်နေသဖြင့် "ချောင်ဟုန်"(Cao Hong) မှာ သံသယဝင်ပြီး နန်ကျန်းသို့ပြန်ဆုတ်ခွာသွားသည်။ ထိုအချိန်တွင် "ကျန်းဟဲ"(Zhang He) ရောက်လာပြီး
"စစ်သူကြီးက ရန်သူ့ခေါင်းဆောင်တစ်ယောက်ကို သတ်နိုင်ပြီး စစ်နိုင်သွားတာတောင် ဘာလို့ပြန်လှည့်လာတာလဲ"
"မာချောင်း(Ma Chao) က တိုက်ခိုက်ဖို့ထွက်မလာတော့ သူတို့တွေတစ်ခုခုကြံနေတယ်လို့ သံသယရှိလို့။ ဒါ့အပြင် နာမည်ကြီးဆရာ ကွမ်းလု(Guan Lu) က ဒီမှာ ခေါင်းဆောင်တစ်ဦးဆုံးရှုံးလိမ့်မယ်လို့ နိမိတ်ဖတ်ထားလို့ သူပြောတာနားထောင်ပြီး သတိနဲ့နေတာ"
"ကျန်းဟဲ"(Zhang He) မှရယ်ပြီး
"ခင်ဗျား သက်တမ်းရဲ့တစ်ဝက်လောက်က စစ်သားတွေကိုဦးဆောင်လာခဲ့တာမဟုတ်လား။ အခုတော့ အကြားအမြင်ဆရာပြောတာယုံနေတယ်။ ကျုပ်က နှလုံးရည်မရှိပေမယ့် ပါးရှီးကို ကျုပ်တပ်တွေနဲ့သိမ်းနိုင်တယ်။ ပါးရှီးကိုအောင်နိုင်ရင် ရှူပြည်နယ်ကိုသိမ်းဖို့လွယ်သွားပြီ"
"ပါးရှီးမှာ ကျန်းဖေး(Zhang Fei) ရှိတယ်။ သူကသာမန်လူမဟုတ်ဘူး၊ သတိထားရမယ်"
"ခင်ဗျားတို့တွေ အကုန်လုံးက ကျန်းဖေး(Zhang Fei) ကိုကြောက်ပေမယ့် ကျုပ်တော့မကြောက်ဘူး။ သူက ဘာမှမပြောပလောက်ဘူး။ ဒီတစ်ခါ သူ့ကိုဖမ်းပြမယ်"
"ခင်ဗျား ရှုံးသွားရင်ဘာလုပ်မလဲ"
"ရှုံးသွားခဲ့ရင် စစ်စည်းကမ်းအတိုင်း အပြစ်ဒဏ်ကိုခံယူမယ်"

ထို့နောက် "ချောင်ဟုန်"(Cao Hong) မှ သူပြောသည်ကိုသက်သေအနေဖြင့် စာရေးထားစေသည်။ ပြီးနောက် "ကျန်းဟဲ"(Zhang He) သည် စစ်ချီတက်သွားလေသည်။

Comments

Popular posts from this blog

Lookism