သုံးနိုင်ငံခေတ်(၉၈)


အခန်း(၉၈) ရှူတပ်ကိုလိုက်တိုက်ရင်း "ဝမ်ရွှမ်း"(Wang Shuang) အသက်ဆုံးရခြင်း။
ချန်ချန်းကိုဝင်စီးကာ "ကျူးကဲလျန့်"(Zhuge Liang) အောင်မြင်မှုရခြင်း။

"စီးမာယီ"(Sima Yi) မှ ဝေဧကရာဇ်အား
"ကျူးကဲလျန့်(Zhuge Liang) က ချန်ချန်းကနေလာလိမ့်မယ်လို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် ဟောင်ကျောင်း(Hao Zhao) ကိုစေလွှတ်ပြီး ကာကွယ်ခိုင်းခဲ့တာဖြစ်တယ်။ ရန်သူတွေလာတိုက်ရင် အဲ့လမ်းကနေ သူက အလွယ်တကူရိက္ခာတွေရနိုင်တယ်။ ဒါပေမယ့် ဟောင်ကျောင်း(Hao Zhao) နဲ့ ဝမ်ရွှမ်း(Wang Shuang) က စောင့်ကြပ်နေတော့ အဲ့လမ်းက လာရဲမှာမဟုတ်ဘူး။ တခြားလမ်းတွေကဆိုရင် ရိက္ခာတွေကိုသယ်ယူပို့ဆောင်ဖို့ခက်ခဲမယ်။ ဒါကြောင့် သူတို့ရိက္ခာတွေကုန်သွားအောင် ကျွန်တော်တစ်လလောက်စောင့်လိုက်မယ်။ အဲ့လိုကြောင့် အလျင်အမြန်တိုက်ရင် သူတို့တွေအတွက်ပိုကောင်းပြီး အချိန်ဆွဲနိုင်ရင် ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ ဒါကြောင့် အရှင်မင်းကြီးက ချောင်ကျန်း(Cao Zhen) ကို တပ်စခန်းတွေမှာစောင့်ကြပ်ခိုင်းစေပြီး တိုက်ပွဲတွေမတိုက်ဖို့အမိန့်ထုတ်ထားပါ။ တစ်လအတွင်းမှာ ရန်သူတွေပြန်ဆုတ်သွားမှာဖြစ်ပြီး ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပါပဲ"
"ချောင်ရေ့"(Cao Rui) ကလည်း ထိုစကားကိုကြားသောအခါ ဝမ်းမြောက်သွားပြီး
"အမတ်ကြီးက ဒါတွေကိုကြိုသိမြင်ရင် ဘာကြောင့် ကိုယ်တိုင်တပ်ဦးဆောင်ပြီး မချီတက်ရတာလဲ"
"ဒါဟာ ကျွန်တော်အားမထုတ်ချင်လို့မဟုတ်ပဲ ဝူက လုရွှင့်(Lu Xun) ကို စောင့်ကြည့်ထားဖို့လိုအပ်တာကြောင့်ဖြစ်တယ်။ သိပ်မကြာခင်မှာ စွန်းချွမ်(Sun Quan) က ဧကရာဇ်အဖြစ်ခံယူလိမ့်မယ်။ အဲ့လိုဆိုရင် သူက အရှင်မင်းကြီးလာတိုက်မှာကိုစိုးရိမ်တာကြောင့် သူတို့က လက်ဦးမှုရယူလိမ့်မယ်။ ဒါကြောင့် ကျွန်တော်က ကာကွယ်ဖို့အဆင်သင့်ဖြစ်နေရမှာဖြစ်ပြီး တပ်တွေကိုလည်း အသင့်ပြင်ထားရမှာဖြစ်တယ်"

ထိုအချိန်တွင် "ချောင်ကျန်း"(Cao Zhen) ထံမှ စစ်သတင်းရောက်ရှိလာသည်ဟုဆိုသဖြင့် "စီးမာယီ"(Sima Yi) သည် သူ၏စကားကို အဆုံးသတ်လိုက်သည်။
"အရှင်မင်းကြီးက ကျူးကဲလျန့်(Zhuge Liang) လှည့်စားမှုမခံရစေဖို့၊ စိတ်လိုက်မာန်ပါမလုပ်ဖို့နဲ့ ရန်သူ့နယ်မြေထဲကိုတိုးမဝင်သွားဖို့ စစ်သူကြီးကိုသတိပေးသင့်ပါတယ်"
ထို့ကြောင့် ဧကရာဇ်မှ ဝန်ကြီး "ဟန်ကျိ"(Han Ji) ကိုသွားစေကာ "ချောင်ကျန်း"(Cao Zhen) ကို တိုက်ခိုက်ခြင်းမပြုရန် သတိပေးစေသည်။ "စီးမာယီ"(Sima Yi) သည် နန်းတွင်းသံတမန်ကို မြို့ပြင်ထိလိုက်လံပို့ဆောင်ကာ
"ကျုပ်က ချောင်ကျန်း(Cao Zhen) စစ်အောင်မြင်မှုရဖို့အခွင့်အရေးကောင်းကိုပေးလိုက်တာပဲ။ ဒါပေမယ့် ဒီလိုလုပ်ခိုင်းတာက ကျုပ်အကြံဆိုတာ သူမသိပါစေနဲ့၊ ဧကရာဇ်ရဲ့အမိန့်တော်လို့ပဲပြောလိုက်ပါ။ ကာကွယ်မှုသည်သာ အကောင်းဆုံးဖြစ်ပြီးတော့ ရန်သူ့နောက်လိုက်ရင်တောင် သတိထားပြီး အလောတကြီးလုပ်တတ်တဲ့ခေါင်းဆောင်မျိုးကိုမလွှတ်ဖို့ သတိပေးလိုက်ပါ"
"ဟန်ကျိ"(Han Ji) ကလည်း ပြောမည်ဟုသဘောတူကာ ထွက်သွားသည်။

"ချောင်ကျန်း"(Cao Zhen) သည် စစ်မက်ရေးရာနှင့်အလုပ်ရှုပ်နေစဉ် နန်းတွင်းမှသံတမန်ရောက်လာကြောင်း သိရသောအခါ "ဟန်ကျိ"(Han Ji) ကိုထွက်ပြီးကြိုဆိုခဲ့သည်။ အမိန့်တော်ကိုလက်ခံသည့်အခမ်းအနားပြီးသွားသောအခါ ထိုအခြင်းအရာကို "ကောဟွိုင်"(Guo Huai) ၊ "စွန်းလီ"(Sun Li) တို့နှင့်တိုင်ပင်ခဲ့သည်။
"ကောဟွိုင်"(Guo Huai) မှ ရယ်ကာ
"ဒါ စီးမာယီ(Sima Yi) ရဲ့အကြံအစည်ပဲ"
"ဒီအကြံက ဘာဖြစ်လို့လဲ"
"ကျူးကဲလျန့်(Zhuge Liang) ရဲ့အစီအစဉ်တွေကို နားအလည်နိုင်ဆုံးလူက စီးမာယီ(Sima Yi) ဖြစ်ပြီး သူ့ကိုချေမှုန်းနိုင်ဖို့အတွက် စီးမာယီ(Sima Yi) ကိုခေါ်ပြီး တိုင်ပင်ရမှာကြောင့်ပဲ"
"ဒါပေမယ့် ရှူတွေက ပြန်မဆုတ်သွားရင်ရော?"
"ကျွန်တော်တို့တွေ ဝမ်ရွှမ်း(Wang Shuang) ကို လမ်းငယ်လေးတွေဆိုလွှတ်ပြီး သူတို့တွေရိက္ခာမသယ်နိုင်အောင် ပိတ်ဆော့ရမယ်။ ဒါဆို စားစရာမရှိတော့ရင် သူတို့တပ်ဆုတ်မှာပဲ။ အဲ့အခါမှ ကျွန်တော်တို့က သူတို့ကိုအနိုင်ယူရမယ်"

"ကျွန်တော် ရှီးကျိုးက ကုန်တင်လှည်းတွေကိုစောင့်ကြပ်နေသလိုဟန်ဆောင်ပြီး အဲ့လှည်းတွေမှာ ဆန်စပါးတွေအစား လောင်စာတွေထားလိုက်မယ်။ ဒါ့အပြင် သစ်သားတွေ၊ ကျူပင်တွေပေါ်မှာ ဆာလဖာတွေ၊ ယမ်းစိမ်းတွေဖြန်းထားမယ်။ စားနပ်ရိက္ခာနည်းနေတဲ့ရှူတပ်ဟာ ဒီလှည်းတွေကို သေချာပေါက်လာသိမ်းယူပြီး သူတို့စခန်းကိုပြန်သယ်သွားမှာပဲ။ အဲ့အချိန်မှာ ကျွန်တော်တို့က လှည်းယာဉ်တွေကိုပေါက်ကွဲအောင်လုပ်ပြီး ပုန်းထားခိုင်းတဲ့လူအချို့ကိုတိုက်စေမယ်ဆိုရင် သူတို့ကိုအနိုင်ယူနိုင်မယ်"
"ဒီအကြံကောင်းတယ်"
ထို့ကြောင့် လိုအပ်သည်တို့ကိုပြင်စေပြီးနောက် "စွန်းလီ"(Sun Li) အား လှည်းတို့ကိုစောင့်ကြပ်စေသည်။ "ဝမ်ရွှမ်း"(Wang Shuang) ကို လမ်းငယ်လေးတို့တွင် လှည့်လှည်နေစေပြီး "ကောဟွိုင်"(Guo Huai) နှင့်အခြားစစ်သူကြီးတို့ကို ချီတောင်ကြား၊ ကျဲ့ထင်နှင့်ဗျူဟာမြောက်အရပ်ဒေသတို့ကိုစောင့်ကြပ်ထားစေသည်။ ထို့အပြင် "ကျန်းလျောင်"(Zhang Liao) ၏သား "ကျန်းဟူ"(Zhang Hu) ကို ရှေ့ပြေးတပ်စစ်သူကြီး၊ "ယွဲကျင့်"(Yue Jin) ၏သား "ယွဲချန်"(Yue Chen) ကို လက်ထောက်စစ်သူကြီးအဖြစ်တာဝန်ပေးကာ အပြင်ဘက်ဆုံးစခန်းကို စောင့်ကြပ်စေသည်။

ချီစန်းတွင် "ကျူးကဲလျန့်"(Zhuge Liang) သည် နေ့စဉ်နေ့တိုင်း လူလွှတ်ကာ တိုက်ခိုက်ရန်စိန်ခေါ်စေသည်။ သို့သော် ဝေတပ်တို့မှာ ထွက်မလာခဲ့ပေ။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ "ကျန်းဝေ"(Jiang Wei) နှင့် အခြားသူတို့ကိုခေါ်ပြီး
"ကျုပ်ဘာလုပ်ရမယ်မသိဘူး။ ကျုပ်တို့တွေရိက္ခာနည်းနေတယ်ဆိုတာသိလို့ ရန်သူတွေကတိုက်ခိုက်ဖို့ ငြင်းနေတာဖြစ်တယ်။ ချန်ချန်းကသွားရင်လည်း ဘာမှမရနိုင်သလို တခြားလမ်းတွေကသွားဖို့ ခက်ခဲတယ်။ ဒါ့အပြင် ကျုပ်တို့တွေသယ်လာတဲ့ရိက္ခာက တစ်လတောင်မခံလောက်တော့ဘူး"
ထိုသို့သောကရောက်နေကြစဉ် ရှီးကျိုးမှစားနပ်ရိက္ခာလှည်းတို့ကို "စွန်းလီ"(Sun Li) မှစောင့်ကြပ်ကာ သယ်ယူလာကြောင်း သိရသည်။
"ဒီစွန်းလီ(Sun Li) အကြောင်း ဘာတွေသိလဲ"
ဝေပြည်မှ လူတစ်ဦးက
"သူက ရဲရင့်တဲ့လူဖြစ်ပါတယ်။ တစ်ခါက သူဟာ ဝေဧကရာဇ်နဲ့အတူ ကျောက်ဆောင်ကြီးတောင်ကုန်းဘက်မှာ အမဲလိုက်ထွက်ခဲ့တယ်။ အဲ့အချိန်မှာ သူ့သခင်ဖြစ်သူရဲ့လှည်းယာဉ်ရှေ့မှာ ကျားတစ်ကောင်ရောက်လာခဲ့တယ်။ သူကမြင်းပေါ်က ခုန်ချပြီး သူ့ဓားနဲ့ကျားကိုမောင်းထုတ်နိုင်ခဲ့တယ်။ သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကြောင့် သူ့ကိုဆုလာဘ်တွေပေးခဲ့တယ်။ ဒါ့အပြင် သူက ချောင်ကျန်း(Cao Zhen) ရဲ့ရင်းနှီးတဲ့မိတ်ဆွေဖြစ်တယ်"
"ဒါက ပရိယာယ်ပဲ။ ကျုပ်တို့တွေစားစရာနည်းနေတယ်ဆိုတာ သူတို့တွေသိတာကြောင့် အဲ့လှည်းတွေနဲ့မက်လုံးပေးတာဖြစ်တယ်။ တကယ်တော့ အဲ့လှည်းတွေက လောင်စာတွေနဲ့ပြည့်နေမှာပဲ။ ကျုပ်ကိုယ်တိုင်က မီးတွေသုံးပြီးအကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာ၊ သူတို့ရဲ့လှည့်ကွက်ထဲဝင်မယ်လို့ ဘာကြောင့်ထင်ရတာလည်းမသိဘူး။ ကျုပ်တို့တွေ အဲ့ရိက္ခာတွေကိုသွားလုယူရင် သူတို့က ကျုပ်တို့စခန်းကိုလာတိုက်မှာဖြစ်တယ်။ ဒါပေမယ့် ပရိယာယ်ကို ပရိယာယ်နဲ့ပဲတန်ပြန်တိုက်ရမယ်"

ထို့နောက် "မာတိုက်"(Ma Dai) ကိုခေါ်ကာ အမိန့်ပေးခဲ့သည်။
"ခင်ဗျားက တပ်သုံးထောင်ကိုဦးဆောင်ပြီး ရန်သူတွေရဲ့ဂိုထောင်ဘက်ကိုသွားပြီးတော့ လေတိုက်တဲ့အချိန်မှာ မီးရှို့ရမယ်။ ဂိုထောင်တွေမီးလောင်နေရင် ဝေတပ်တွေက ကျုပ်တို့စခန်းကိုလာတိုက်လိမ့်မယ်။ ဒီလိုနည်းနဲ့ ရန်သူတွေကိုလာတိုက်အောင် တမင်လုပ်ရမယ်"
"မာကျုံး"(Ma Zhong) နှင့် "ကျန်းနီ"(Zhang Ni) ကိုလည်း တပ်သားငါးထောင်ပေးကာ စခန်းနားတွင် ရပ်နားထားနေစေသည်။ ထိုသူတို့ထွက်သွားသောအခါ "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) ကိုခေါ်ပြီး
"ဝေရဲ့အစွန်ဆုံးစခန်းက လမ်းမကြီးမှာရှိတယ်။ ဒီညမှာ သူတို့တွေက မီးလောင်တာဖြစ်ရင် ကျုပ်တို့စခန်းကိုလာတိုက်မှာပဲ။ ခင်ဗျားတို့က ဝေစခန်းရဲ့တစ်ဖက်စီမှာ စောင့်နေပြီးတော့ သူတို့တွေထွက်သွားတာနဲ့ သူတို့စခန်းကိုသိမ်းလိုက်ပါ"
"ဝူပန်"(Wu Ban) နှင့် "ဝူယီ"(Wu Yi) တို့ကိုခေါ်ကာ
"ခင်ဗျားတို့ကတော့ စခန်းရဲ့အပြင်ဘက်မှာစောင့်နေပြီး ဝေတပ်တွေဆုတ်ခွာမယ့်လမ်းကြောင်းကိုဖြတ်တောက်ပစ်ပါ"
ထိုသို့ပြင်ဆင်ပြီးနောက်ဝယ် "ကျူးကဲလျန့်"(Zhuge Liang) သည် ချီစန်းတောင်ထိပ်သို့သွားကာ ရလဒ်ကိုစောင့်ကြည့်နေခဲ့သည်။

ဝေတပ်သားတို့သည် ရန်သူတို့မှ မိမိတို့ရိက္ခာကိုလာလုယူရန်ချီတက်လာကြောင်းသိသောအခါ "စွန်းလီ"(Sun Li) ကိုအကြောင်းကြားခဲ့သည်။  "စွန်းလီ"(Sun Li) မှ ဆက်သားလွှတ်ကာ "ချောင်ကျန်း"(Cao Zhen) ကိုအကြောင်းကြားစေသည်။ "ချောင်ကျန်း"(Cao Zhen) မှ "ကျန်းဟူ"(Zhang Hu) နှင့် "ယွဲချန်"(Yue Chen) တို့အား အချက်ပြမီးကိုစောင့်ကြည့်ရန်နှင့် မီးကိုမြင်ပါက ရှူတပ်ကြီးထွက်လာပြီဖြစ်ကြောင်းသိမည်ဖြစ်ပြီး ရှူတပ်စခန်းကိုဝင်သိမ်းရန် အမိန့်ပေးထားသည်။ ထိုအခါ မျှော်စင်ပေါ်သို့တက်ကာ မီးတောက်မြင်ရမည်ကိုစောင့်နေခဲ့သည်။
ထိုအချိန်ဝယ် "စွန်းလီ"(Sun Li) သည် ချီတက်ကာ အနောက်ဘက်တောင်ကုန်းနားတွင်ပုန်းနေပြီး ရှူတပ်အလာကိုစောင့်နေခဲ့သည်။ ထိုညနှစ်ချက်တီးအချိန်တွင် "မာတိုက်"(Ma Dai) သည် တပ်သားသုံးထောင်နှင့်အတူ တိတ်ဆိတ်စွာချီတက်လာသည်။ တပ်သားတို့၏ပါးစပ်တို့ကိုအဝတ်ဖြင့်ဆို့ထားစေကာ မြင်းတို့ကိုလည်းမဟီနိုင်အောင် နှုတ်စွပ်ဖြင့်စွပ်ထားသည်။ သူတို့သည် တောင်ကုန်းပေါ်ဝယ် လှည်းများအထပ်ထပ်ရပ်ထားသည်ကိုမြင်ရပြီး ထိုလှည်းတို့သည် တပ်စခန်းကိုကာကွယ်ထားသောတံတိုင်းကဲ့သို့ရှိနေသည်။ ၎င်းလှည်းများပေါ်တွင် အလံများထောင်ထားသည်။

သူတို့သည် စောင့်နေခဲ့ပြီး အနောက်တောင်လေတိုက်သောအခါ မီးရှို့လိုက်သည်။ ထိုအခါ လှည်းအားလုံးတို့သည် မီးလောင်ကျွမ်းကာ မီးတောက်မီးလျံတို့သည် ကောင်းကင်ယံသို့တိုင်တက်သွားခဲ့သည်။ ထိုမီးတို့ကိုမြင်သောအခါ "စွန်းလီ"(Sun Li) သည် ရှူတပ်ကြီးရောက်လာသောကြောင့် မိမိတပ်မှအချက်ပေးသည်ဟုထင်ကာ တိုက်ခိုက်ရန်ထွက်လေသည်။ သို့သော် မကြာမီတွင် အနောက်ဘက်မှ တပ်နှစ်တပ်ချဉ်းကပ်လာသည်ကိုတွေ့ရသည်။ ထိုတပ်တို့မှာ "မာကျုံး"(Ma Zhong) နှင့် "ကျန်းနီ"(Zhang Ni) ၏တပ်ဖြစ်ပြီး "စွန်းလီ"(Sun Li) သည် ပိုက်ကွန်ထဲရောက်သွားသကဲ့သို့ဖြစ်သွားခဲ့သည်။ ထို့နောက် မကောင်းသောလက္ခဏာဖြစ်သည့်ဗုံသံကိုကြားလိုက်ရပြီးနောက် "မာတိုက်"(Ma Dai) သည် မီးလောင်ရာနေရာမှထွက်လာသည်ကိုတွေ့ရလေသည်။
တိုက်ခိုက်မှုများအောက်ဝယ် ဝေတပ်ကြီးသည် တွန့်ဆုတ်ကုန်ကာ ကြောက်လန့်နေခဲ့သည်။ မီးသည် ကြီးသထက်ကြီးလာပြီး တပ်သားတို့ကထွက်ပြေးကာ မြင်းတို့သည်လည်း အလုအယက်ပြေးကြလေသည်။ မရေမတွက်နိုင်သောလူတို့သေဆုံးခဲ့ပြီး "စွန်းလီ"(Sun Li) သည်လည်း မီးခိုးနှင့်မီးတို့ကိုဖြတ်ကျော်ကာ လွတ်ရာကျွတ်ရာသို့ပြေးသွားခဲ့သည်။

"ကျန်းဟူ"(Zhang Hu) နှင့် "ယွဲချန်"(Yue Chen) တို့သည် မီးကိုမြင်သောအခါ စခန်းဂိတ်တံခါးတို့ကိုဖွင့်ပြီး ရှူတပ်စခန်းကိုသိမ်းရန်ချီတက်လေသည်။ သို့သော် ရှူစခန်းသို့ရောက်သောအခါ လူတစ်ဦးတစ်ယောက်မျှမရှိသည်ကို မြင်သောကြောင့် မိမိတို့စခန်းသို့ပြန်လာခဲ့သည်။ ထိုအချိန်တွင်"ဝူပန်"(Wu Ban) နှင့် "ဝူယီ"(Wu Yi) တို့ပေါ်လာကာ ထွက်ပြေးမည့်လမ်းကိုဖြတ်တောက်လိုက်သည်။ သို့သော် သူတို့သည် ရွပ်ရွပ်ချွံချွံတိုက်ကာ ထိုးဖောက်သွားနိုင်ခဲ့သည်။ သူတို့စခန်းတို့ရောက်သောအခါဝယ် မြားတို့သည် ကျိုင်းကောင်များပမာ ကျရောက်လာခဲ့သည်။ အကြောင်းမှာ "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့မှ သူတို့စခန်းကိုသိမ်းလိုက်သောကြောင့်ဖြစ်သည်။
ထိုအခါ သူတို့သည် ပင်မစခန်းသို့ပြန်ကာ ရှုံးနိမ့်သည့်အကြောင်းကို သတင်းပို့ခဲ့ရသည်။ "ချောင်ကျန်း"(Cao Zhen) ၏စခန်းနားသို့ရောက်သောအခါ အခြားတပ်တစ်တပ်နှင့်တွေ့လေသည်။ ထိုတပ်မှာ "စွန်းလီ"(Sun Li) ၏တပ်ဖြစ်ပြီး သူတို့သည်အတူတူဝင်ကာ ရန်သူတို့အကြံထဲတွင် ရှုံးနိမ့်ခဲ့ရသည်ကိုပြောပြလေသည်။ "ချောင်ကျန်း"(Cao Zhen) သည် ခုခံမှုတို့ကိုသာဦးစားပေးခဲ့ပြီး ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ပေ။

စစ်အောင်နိုင်ခဲ့သောရှူတပ်ကြီးသည် "ကျူးကဲလျန့်"(Zhuge Liang) ဆီသို့ပြန်သွားခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် "ဝေရန်"(Wei Yan) ထံသို့လျှို့ဝှက်အမိန့်စာပို့ခဲ့ပြီးနောက် တပ်စခန်းကိုရုတ်သိမ်းကာ ပြန်လည်ဆုတ်ခွာရန်အမိန့်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကိုနားမလည်ကြသောကြောင့် "ရန်ယီ"(Yang Yi) မှ ခေါင်းဆောင်ကိုမေးခဲ့သည်။
"ဝန်ကြီးချုပ်က အခုစစ်အောင်နိုင်လိုက်တော့ ရန်သူတွေမှာသတ္တိလျော့နည်းသွားပြီ။ အဲ့ဒါကိုဘာကြောင့် တပ်ဆုတ်ရတာလဲ"
"ဘာကြောင့်လည်းဆိုတော့ ကျုပ်တို့မှာ အစာရေစာတွေမရှိလို့ဖြစ်တယ်။ ကျုပ်တို့က အလျင်အမြန်အနိုင်ယူနိုင်မှသာ အောင်မြင်မှာဖြစ်တယ်။ ဒါပေမယ့် ရန်သူတွေကထွက်မတိုက်တော့ ဒီလိုလုပ်တာဟာ ကျုပ်တို့တွေကို တဖြည်းဖြည်းအင်အားနည်းအောင်လုပ်နေတာပဲ။ ကျုပ်တို့တွေအကုအနိုင်ရလိုက်ပေမယ့် မကြာခင်မှာ သူတို့စစ်ကူတွေရောက်လာပြီး သူတို့မြင်းတပ်တွေက စားနပ်ရိက္ခာလမ်းကြောင်းကိုပိတ်လိုက်နိုင်တယ်။ ဒါဆိုရင် လုံးဝတပ်ဆုတ်လို့ရမှာမဟုတ်ဘူး။ သူတို့တွေ ကျုပ်တို့ကိုမကြည့်ရဲတဲ့အချိန်မှာ ဒီအခွင့်အရေးကိုအသုံးချပြီး သူတို့တွေမထင်မှတ်တာကိုလုပ်ဆောင်ရမယ်၊ ဒါက တပ်ဆုတ်ဖို့ပဲ။ ဒါပေမယ့် ကျုပ် ဝေရန်(Wei Yan) ကိုစိုးရိမ်တယ်။ သူ့ကို ချန်ချန်းကိုလွှတ်ပြီး ဝမ်ရွှမ်း(Wang Shuang) ကိုတားဆီးခိုင်းထားပေမယ့် တပ်ဆုတ်ရင် သူမဆုတ်နိုင်မှာစိတ်ပူတယ်။ ဒါကြောင့် သူ့ကို ဝမ်ရွှမ်း(Wang Shuang) ကိုသတ်နိုင်ဖို့ အစီအစဉ်တွေပြောထားတယ်။ ဒါဆို ဝေတပ်ကြီးက လိုက်လာရဲမှာမဟုတ်ဘူး"
ထို့ကြောင့် ရှူတပ်သည် စတင်ကာဆုတ်ခွာခဲ့ကြလေသည်။ သို့သော် ရန်သူ့ကင်းစောင့်တပ်များကိုလှည့်စားရန်အတွက် တစ်ညလုံး အချိန်အချက်ပေးသံကိုပြုစေသည်။


"ချောင်ကျန်း"(Cao Zhen) သည် လတ်တလောရှုံးနိမ့်မှုအတွက် စိတ်ညစ်နေခဲ့သည်။ ထိုအချိန်တွင် "ကျန်းဟဲ"(Zhang He) ရောက်လာသည်ဟု လူတို့မှ အကြောင်းကြားကြသည်။ "ကျန်းဟဲ'(Zhang He) သည် ဂိတ်နားသို့နားပြီး မြင်းပေါ်မှဆင်းကာ ဝင်လာခဲ့သည်။ သူသည် "ချောင်ကျန်း"(Cao Zhen) ကိုမြင်သောအခါ
"ကျွန်တော် တော်ဝင်အမိန့်တော်ကြောင့် စစ်သူကြီးကိုကူညီဖို့ ရောက်လာတာပါ"
"ခင်ဗျားက မိတ်ဆွေ စီးမာယီ(Sima Yi) ကိုနှုတ်ဆက်လာသေးလား"
"သူက ခင်ဗျားစစ်အောင်နိုင်ရင် မလာဖို့နဲ့ စစ်ရှုံးနိမ့်နေတဲ့အချိန်မှ ကူညီဖို့မှာထားပါတယ်။ ကြည့်ရတာ ကျွန်တော်တို့ဘက်က အောင်မြင်မှုနဲ့လွဲချော်သွားပုံပဲ။ ရှူတပ်တွေဘာတွေလုပ်နေတယ်ဆိုတာ သိပြီလား"
"မသိရသေးဘူး"
ထို့ကြောင့် "ချောင်ကျန်း"(Cao Zhen) မှ ကင်းထောက်တချို့ကိုလွှတ်ကာ စုံစမ်းစေသောအခါ တပ်စခန်းတို့တွင် လူမရှိသည်ကိုတွေ့လေသည်။ အလံတို့ကိုထောင်ထားသော်လည်း လူသူကင်းမဲ့နေသည်မှာ နှစ်ရက်ပင်ကြာခဲ့ပြီ။ "ချောင်ကျန်း"(Cao Zhen) ၏မျက်နှာမှာ မှုန်သုန်သွားသည်။

"ဝေရန်"(Wei Yan) သည် လျှို့ဝှက်အမိန့်ကိုရသောအခါ ညအခါတွင် စခန်းမှထွက်ကာ ဟန်ကျုံးသို့ချီတက်သည်။ "ဝမ်ရွှမ်း"(Wang Shuang) သည် ထိုအကြောင်းကို ကင်းထောက်တို့မှတဆင့်သိသောအခါ အနောက်မှလိုက်တိုက်လေသည်။ ခုနစ်မိုင်ခန့်သွားပြီးနောက်ဝယ် "ဝေရန်"(Wei Yan) ၏အလံကိုလှမ်းမြင်ရသည်။ တစ်မျှော်တစ်ခါစာခန့်သို့ရောက်သောအခါ သူမှလှမ်းပြီး အော်ဟစ်သည်။
"ဝေရန်(Wei Yan) မပြေးနဲ့"
သို့သော် မည်သူမျှပြန်မလှည့်ကြည့်သောကြောင့် သူက အနောက်မှလိုက်လေသည်။ ထို့နောက် သူ၏အစောင့်တစ်ဦးမှ လှမ်းပြောသည်ကိုကြားရသည်။
"တံတိုင်းအပြင်ဘက် စခန်းထဲမှာ မီးတောက်လောင်နေတယ်။ ကြည့်ရတာ ဒါက ရန်သူ့ထောင်ချောက်နဲ့တူတယ်"
"ဝမ်ရွှမ်း"(Wang Shuang) သည် ပြန်လှည့်သောအခါ မီးကိုလှမ်းမြင်ရသည်။ ထို့ကြောင့် တပ်သားတို့ကိုပြန်ဆုတ်ခွာစေသည်။ တောင်ကုန်းတစ်ခုကိုဖြတ်သောအခါဝယ် တောအုပ်ထဲမှမြင်းစီးလာသူတစ်ဦး ရုတ်ချည်းပေါ်လာသည်။
"ဝေရန်(Wei Yan) က ဒီမှာပဲ"    ထိုမြင်းစီးလာသူမှပြောသည်။


"ဝမ်ရွှမ်း"(Wang Shuang) သည် ရုတ်တရတ်လန့်သွားကာ ကိုယ့်ကိုယ်ကိုကာကွယ်ရန် အချိန်မရလိုက်ပဲ "ဝေရန်"(Wei Yan) ၏ဓားအောက်တွင်သေဆုံးသွားသည်။ "ဝမ်ရွှမ်း"(Wang Shuang) ၏တပ်သားတို့သည် ၎င်းမှာ ရန်သူတို့၏ ပြင်းထန်သောတိုက်ခိုက်မှုနှင့် ကင်းပုန်း၏အစမျှဖြစ်သည်ဟု ထင်ပြီး ထွက်ပြေးသွားကြသည်။ စင်စစ် "ဝေရန်"(Wei Yan) တွင် လူအယောက်သုံးဆယ်သာရှိခဲ့ပြီး သူတို့သည် ဟန်ကျုံးသို့ အေးဆေးစွာချီတက်သွားသည်။
လျှို့ဝှက်အမိန့်မှာ "ဝေရန်"(Wei Yan) အား လူအယောက်သုံးဆယ်နှင့်အတူ ရန်သူ့စခန်းအနီးတွင်စောင့်ခိုင်းထားစေကာ "ဝမ်ရွှမ်း"(Wang Shuang) ထွက်ခွာသွားသည်နှင့် စခန်းကိုမီးရှို့ထားရန်ဖြစ်သည်။ ပြီးနောက် ထိုလူသုံးဆယ်တို့မှာ "ဝမ်ရွှမ်း"(Wang Shuang) ပြန်လာသည်ကိုစောင့်ပြီး တိုက်ခိုက်လုပ်ကြံရန်ဖြစ်သည်။ အကြံအစည်ကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီးနောက်ဝယ် "ဝေရန်"(Wei Yan) သည် ဆုတ်ခွာသွားသောတပ်ကြီးနောက်သို့လိုက်ကာ ဟန်ကျုံးသို့သွားပြီး သူ၏အုပ်ချုပ်ခွင့်ကို ပြန်အပ်ခဲ့သည်။
ရှူတပ်သည် ဟန်ကျုံးသို့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး စားသောက်ပွဲကြီးတည်ခင်းခဲ့ကြသည်။
"ကျန်းဟဲ"(Zhang He) သည် ရန်သူတို့ကိုလိုက်မမီသောကြောင့် စခန်းသို့ပြန်လာသည်။ "ဟောင်ကျောင်း"(Hao Zhao) မှစာပို့ပြီး "ဝမ်ရွှမ်း"(Wang Shuang) သေဆုံးသွားကြောင်း အကြောင်းကြားခဲ့သည်။ ထိုဆုံးရှုံးမှုကြောင့် "ချောင်ကျန်း"(Cao Zhen) သည် စိတ်ထိခိုက်ပြီး နေမကောင်းဖြစ်ကာ လော့ရန်သို့ပြန်ရလေသည်။ သူသည် ချန်အန်းကိုလာမည့်လမ်းတို့တွင် "ကျန်းဟဲ"(Zhang He) ၊ "စွန်းလီ"(Sun Li) နှင့် "ကောဟွိုင်"(Guo Huai) တို့အား နေရာချထားခဲ့သည်။

ဝူမင်းသား "စွန်းချွမ်"(Sun Quan) ၏ညီလာခံတွင် အနောက်ဘက်မှအဖြစ်အပျက်များနှင့် "ကျူးကဲလျန့်"(Zhuge Liang) ကြောင့် ဝေတို့၏ဆုံးရှုံးမှုတို့ကို သူလျှိုတစ်ဦးမှ သတင်းပို့ခဲ့သည်။ ထို့ကြောင့် ဝန်ကြီးတို့က "စွန်းချွမ်"(Sun Quan) အား ဝေပြည်ကိုတိုက်ကာ အလယ်ပိုင်းဒေသကိုသိမ်းသင့်ကြောင်း အကြံပေးကြသည်။ "စွန်းချွမ်"(Sun Quan) မှ မဆုံးဖြတ်နိုင်သေးခင် "ကျန်းကျောက်"(Zhang Zhao) ၏သဝဏ်လွှာကိုရရှိခဲ့သည်။
'အခုတလောမှာ ဝူချန်အရှေ့ဘက်ကတောင်ကုန်းတွေမှာ ဇာမဏီငှက်တစ်ကောင်ပေါ်ပြီး အရိုအသေပြုတယ်လို့ကြားသိရပါတယ်။ ရန်စီမြစ်မှာလည်း အဝါရောင်နဂါးကို တွေ့လိုက်တယ်ပါတယ်။ သခင်ကြီးရဲ့အကျင့်သီလဟာ ထန်နဲ့ယွီဘုရင်တို့နဲ့ယှဉ်နိုင်ပြီး သခင်ကြီးရဲ့အသိအမြင်ဟာ ဝူနဲ့ဝင်ဘုရင်တို့နဲ့တတန်းတည်းဖြစ်ပါတယ်။ ဒါကြောင့် နန်းတွင်းအရိုက်အရာကိုခံယူပြီး စစ်တပ်ကြီးတည်ထောင်ပြီးတော့ အာဏာစက်ကိုဖြန့်ကျက်စေသင့်ပါတယ်'
အမှုထမ်းများစွာတို့သည်လည်း "ကျန်းကျောက်"(Zhang Zhao) ၏အဆိုကိုထောက်ခံကြသည်။ သူတို့မှ "စွန်းချွမ်"(Sun Quan) လက်ခံအောင်ပြောဆိုခဲ့ပြီး နွေရာသီ လေးလပိုင်း 'ကျား' ရက်ကို ရွေးချယ်စေခဲ့သည်။ ဝူချန်တောင်ဘက်တွင် စင်တစ်ခုဆောက်စေကာ ထိုရက်တွင် မှူးမတ်တို့က "စွန်းချွမ်"(Sun Quan) ကို အမြင့်သို့တက်လှမ်းကာ 'ဧကရာဇ်' အရာကိုယူရန် တောင်းပန်ခဲ့ကြသည်။

ထိုနှစ်ကာလ၏နာမည်ကို 'အဝါရောင်နဂါး' (ဟွမ်လုံ) ဟုခေါ်တွင်စေပြီး ဧကရာဇ်အသစ်၏ကွယ်လွန်သွားလေပြီးသော ဖခင် "စွန်းကျန့်"(Sun Jian) ကို 'စစ်အောင်နိုင်သောဧကရာဇ်' ဟုခေါ်စေကာ မိခင်ကို ဝူမိဖုရားကြီးအဖြစ်ခေါ်စေသည်။ အစ်ကိုဖြစ်သူ  "စွန်းချဲ့"(Sun Ce) အား ချန်ဆားမင်းသားရာထူးကိုပေးခဲ့သည်။ သားဖြစ်သူ "စွန်းတန်း"(Sun Deng) ကို အရိုက်အရာဆက်ခံရန်လျာထားခဲ့ပြီး အိမ်ရှေ့စံ၏လက်ဝဲအတိုင်ပင်ခံကို "ကျူးကဲကျင့်"(Zhuge Jin) ၏သား "ကျူးကဲခက်"(Zhuge Ke) ကိုတာဝန်ပေးခဲ့သည်။ အိမ်ရှေ့စံ၏လက်ယာအတိုင်ပင်ခံကိုမူ "ကျန်းကျောက်"(Zhang Zhao) ၏ဒုတိယသား "ကျန်းရှို့"(Zhang Xiu) ကိုတာဝန်ပေးခဲ့လေသည်။
"ကျူးကဲခက်"(Zhuge Ke) သည် သာမန်ထက်အရပ်နိမ့်ကာ ဉာဏ်ရည်ထက်သူဖြစ်သည်၊ အထူးသဖြင့် ကဗျာစာစပ်ရာတွင် ထူးချွန်သူဖြစ်သည်။ "စွန်းချွမ်"(Sun Quan) ကလည်း သူ့အပေါ် အလေးထားသည်။ "ကျူးကဲခက်"(Zhuge Ke) ခြောက်နှစ်သားအရွယ်တွင် သူ့ဖခင်နှင့်အတူ စားသောက်ပွဲသို့သွားခဲ့သည်။ "စွန်းချွမ်"(Sun Quan) မှ ကလေး၏မျက်နှာမှာ မကြည်လင်သည်ကိုသတိထားမိသောကြောင့် မြည်းတစ်ကောင်ကိုခေါ်လာစေပြီး သူမြည်းပေါ်ဝယ် 'ကျုပ်မိတ်ဆွေကြီး ကျူးကဲကျင့်(Zhuge Jin) ဟု မြေဖြူဖြင့်ရေးခဲ့သည်။ အားလုံးက ဝိုင်းရယ်ကြလေသည်။ သို့သော် ထိုကလေးငယ်က ပြေးသွားပြီး 'ကျုပ်မိတ်ဆွေကြီး ကျူးကဲကျင့်(Zhuge Jin) ရဲ့မြည်း' ဟုပြင်ရေးလိုက်သည်။ ဧည့်သည်တို့ကလည်း ကလေးငယ်၏ဖြတ်ထိုးဥာဏ်အပေါ်အံ့ဩသွားပြီး ချီးကျူးကြသည်။ "စွန်းချွမ်"(Sun Quan) ကလည်း ပျော်ရွှင်ကာ ထိုမြည်းကို "ကျူးကဲခက်"(Zhuge Ke) အား လက်ဆောင်ပေးခဲ့သည်။

တစ်ခါက အမှုထမ်းတို့စားသောက်ပွဲတွင် "စွန်းချွမ်"(Sun Quan) က ထိုကောင်လေးကိုခေါ်ကာ အမှုထမ်းတစ်ဦးချင်းစီကို အရက်ပေးစေသည်။ ထိုသူငယ်မှ "ကျန်းကျောက်"(Zhang Zhao) ရှေ့သို့ရောက်သောအခါ "ကျန်းကျောက်"(Zhang Zhao) မှ
"အသက်ကြီးတဲ့သူတွေကို ဒီလိုဆက်ဆံဖို့မသင့်တော်ဘူး" ဟုပြောကာ ငြင်းခဲ့သည်။
"စွန်းချွမ်"(Sun Quan) : "မင်း သူ့ကို အရက်သောက်အောင် လုပ်လို့မရဘူးလား"
ထိုအခါ "ကျူးကဲခက်"(Zhuge Ke) မှ အသက်ကြီးသောအမျိုးသားကောင်းကိုပြောသည်။
"ဘိုးဘေး လွီဝမ်(Lu Wang) ဟာ အသက်ကိုးဆယ်အရွယ်အထိ အလံတွေနဲ့အချက်ပြ၊ ပုဆိန်တွေကိုင်ပြီး တိုက်ပွဲထွက်ခဲ့ရသေးတာပဲ။ သူက တစ်ခါမှ သူ့အသက်ကြီးရင့်မှုအကြောင်းမပြောခဲ့ဖူးဘူး။ အခုအချိန်မှာ ကျွန်တော်တို့တွေက အသက်ကြီးရင့်သူတွေကို တိုက်ပွဲတွေနဲ့ဝေးရာမှာ ထားပြီး စားသောက်ပွဲတွေမှသာ သူတို့ကိုရှေ့ဆုံးက ဦးစားပေးတာဖြစ်တယ်။ အဲ့ဒါကိုဘာကြောင့် အသက်ကြီးတဲ့လူတွေကို ဒီလိုဆက်ဆံတာမသင့်တော်ဘူးလို့ပြောရတာလဲ"
"ကျန်းကျောက်"(Zhang Zhao) သည် မည်သို့မျှပြန်မချေပနိုင်သောကြောင့် ထိုအရက်ကိုသောက်ခဲ့ရလေသည်။ ထိုအခြင်းအရာကြောင့် "စွန်းချွမ်"(Sun Quan) က ထိုလူငယ်ကိုပိုနှစ်သက်ကာ အိမ်ရှေ့စံ၏လက်ဝဲအတိုင်ပင်ခံရာထူးပေးခဲ့ခြင်းဖြစ်သည်။
"ကျန်းကျောက်"(Zhang Zhao) ၏သား "ကျန်းရှို့"(Zhang Xiu) ကိုရွေးချယ်ရခြင်းမှာ သူ့ဖခင်ဖြစ်သူ၏ ထူးချွန်သောဆောင်ရွက်မှုတို့ကြောင့်ဖြစ်သည်။ "ကူယုံ"(Gu Yong) သည် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး "လုရွှင့်"(Lu Xun) သည် စစ်သေနာပတိဖြစ်လာသည်။ ထို့အပြင် "လုရွှင့်"(Lu Xun) သည် အိမ်ရှေ့စံကိုကူညီကာ ဝူချန်ကိုထိန်းသိမ်းရသည်။
"စွန်းချွမ်"(Sun Quan) သည် အင်အားကြီးလာပြီး အခြေခိုင်လာသောကြောင့် နန်းတွင်းတစ်ခုလုံးက ဝေပြည်ကိုတိုက်ခိုက်ရန် အကြံပြုကြသည်။ "ကျန်းကျောက်"(Zhang Zhao) တစ်ဦးတည်းသာ ထိုအကြံကိုဆန့်ကျင်ပြီး ပြည်တွင်းတွင်ပြုပြင်ပြောင်းလဲမှုများလုပ်စေလိုခဲ့သည်။
"အရှင်မင်းကြီးရဲ့အုပ်ချုပ်မှုအသစ်မှာ တိုက်ခိုက်မှုရဲ့မစတင်သင့်ပါဘူး။ အဲ့အစား စာပေလေ့လာမှုကိုတိုးတက်အောင်လုပ်ပြီး ဓားကိုရုတ်သိမ်းသင့်တယ်။ ကျောင်းတွေဆောက်လုပ်ပြီး လူတွေကိုအေးချမ်းစေသင့်ပါတယ်။ ရှူပြည်နဲ့စာချုပ်ချုပ်ဆိုပြီး တိုင်းပြည်ကိုခွဲဝေပြီးတော့ အစီအစဉ်တွေကို တဖြည်းဖြည်းချင်း ဖော်ဆောင်သင့်ပါတယ်"

"စွန်းချွမ်"(Sun Quan) မှ ထိုအကြံ၏ကောင်းမွန်မှုကိုမြင်သောကြောင့် မြစ်ပြည်နယ်သို့ သံတမန်စေလွှတ်ကာ ဒုတိယဧကရာဇ်နှင့် မဟာမိတ်ဖွဲ့ရန်ကမ်းလှမ်းခဲ့သည်။ ဒုတိယဧကရာဇ်သည် အမှုထမ်းတို့ကိုခေါ်ကာတိုင်ပင်ရာဝယ် အများစုက ဆန့်ကျင်ခဲ့ကြပြီး "စွန်းချွမ်"(Sun Quan) မှာ ထီးနန်းလုယူသူဖြစ်သောကြောင့် သူ့ထံမှကမ်းလှမ်းမှုများကို လက်မခံသင့်ကြောင်းဆိုသည်။ ထိုအခါ "ကျန်းဝမ်"(Jiang Wan) မှ "ကျူးကဲလျန့်"(Zhuge Liang) ၏အကြံဉာဏ်ကိုမေးသင့်ကြောင်းပြောခဲ့သည်။
ထိုကြောင့် ဝန်ကြီးချုပ်ထံလူလွှတ်ကာ မေးမြန်းခဲ့လေသည်။ ဝန်ကြီးချုပ်မှ
"လက်ဆောင်တွေနဲ့အတူ သံတမန်လွှတ်ပြီး စွန်းချွမ်(Sun Quan) ကို ဂုဏ်ပြုစေပြီးတော့ ဝေပြည်ကိုတိုက်ဖို့ လုရွှင့်(Lu Xun) ကိုလွှတ်ဖို့တောင်းဆိုပါ။ ဒါဆို စီးမာယီ(Sima Yi) က ဝူပြည်နဲ့တိုက်ရမှာဖြစ်ပြီး အဲ့အချိန်မှာ ကျုပ်က ချီစန်းကို နောက်တစ်ကြိမ်တိုက်ပြီး မြို့တော်ချန်အန်းကိုသိမ်းဖို့လုပ်ကြည့်မယ်"
ထို့ကြောင့် မြင်းများ၊ ရတနာခါးပတ်၊ ရွှေ၊ ပုလဲနှင့်အဖိုးတန်ရတနာတို့ကို အတွင်းဝန် "ချန်ကျန်း"(Chen Zhen) နှင့်အတူ ထည့်ပေးလိုက်ပြီး တောင်ပိုင်းပြည်နယ်သို့သွားကာ လက်ဆောင်အဖြစ်ပေးစေခဲ့ပြီး ဝူပြည်ဧကရာဇ်ကိုဂုဏ်ပြုစေသည်။ လက်ဆောင်တို့ကိုလက်ခံပြီးနောက်ဝယ် ဧည့်သည်တို့အား ပြန်သွားခွင့်ပြုလိုက်သည်။

ထို့နောက် "စွန်းချွမ်"(Sun Quan) က "လုရွှင့်"(Lu Xun) ကိုခေါ်ပြီး ဝေပြည်ကိုပူးပေါင်းပြီးတိုက်မည့်အကြံနှင့်ပတ်သတ်ပြီး မေးခဲ့သည်။ "လုရွှင့်"(Lu Xun) က ချက်ချင်းပင် ထိုးထွင်းမြင်ခဲ့သည်။
"ကျူးကဲလျန့်(Zhuge Liang) က စီးမာယီ(Sima Yi) ကိုကြောက်လို့လုပ်တဲ့အကြံပဲ။ ဒါပေမယ့် ရှူပြည်က တောင်းဆိုလာတာဆိုတော့ ကျွန်တော်တို့က တပ်ဖွဲ့ကြီးစုစည်းပြီး တိုက်ခိုက်ဖို့ လက်ခံရမယ်။ ကျူးကဲလျန့်(Zhuge Liang) က ဝေကိုတိုက်ရင် ကျွန်တော်တို့ကလည်း အလယ်ပိုင်းကိုသိမ်းဖို့လုပ်ရမယ်"
စစ်ချီတက်ရန်အတွက် ကျင်ကျိုးတပ်သားတို့ကိုစုဆောင်းကာ လေ့ကျင့်မှုများပြုလုပ်ရန် အမိန့်ပေးခဲ့လေသည်။

"ချန်ကျန်း"(Chen Zhen) သည် ဟန်ကျုံးသို့ပြန်ရောက်သောအခါ ဝန်ကြီးချုပ်ကို သတင်းပို့ခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ချန်ချန်းကိုဖြတ်ပြီး မသွားနိုင်မည်ကိုစိုးရိမ်ခဲ့သည်။ မကြာမီတွင် မြို့ကာကွယ်သူ "ဟောင်ကျောင်း"(Hao Zhao) မှာ မမာမကျန်းဖြစ်နေသည်ဟု ကြားသိရသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ဒါ ကျုပ်အတွက်အောင်မြင်မှုပဲ" ဟုဝမ်းမြောက်သွားသည်။ ထို့နောက် "ဝေရန်"(Wei Yan) နှင့် "ကျန်းဝေ"(Jiang Wei) ကိုခေါ်ပြီး
"တပ်သားငါးထောင်နဲ့အတူ ချန်ချန်းကိုအလျင်အမြန်သွားပြီး မီးကိုမြင်တာနဲ့တိုက်ခိုက်ပါ"
သူတို့သည် ထိုအမိန့်ကိုမယုံကြည်နိုင်ပဲ ခေါင်းဆောင်ဖြစ်သူနှင့်တွေ့ကာ မည်သည့်ရက်တွင် ထွက်ခွာရမည်ကိုမေးခဲ့သည်။
"သုံးရက်အတွင်းမှာ ထွက်ခွာဖို့အဆင်သင့်ဖြစ်နေရမယ်။ ကျုပ်ဆီက ခွင့်လာတောင်းစရာမလိုပါဘူး။ အမြန်ဆုံးသာသွားကြပါ"
သူတို့ထွက်သွားသောအခါ "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့ကိုခေါ်ကာ လျှို့ဝှက်အမိန့်များပေးခဲ့သည်။

ထိုအချိန်ဝယ် ချန်ချန်းစစ်သူကြီးသည် နေမကောင်းဖြစ်သည်ဟု "ကောဟွိုင်"(Guo Huai) ကကြားသိသောအခါ သူနှင့် "ကျန်းဟဲ"(Zhang He) တို့တိုင်ပင်ခဲ့သည်။
"ကောဟွိုင်"(Guo Huai) : "ဟောင်ကျောင်း(Hao Zhao) က တအားနေမကောင်းဖြစ်နေတယ်။ ခင်ဗျားကိုယ်တိုင်သွားပြီး သူ့ကိုကူညီသင့်တယ်။ ကျုပ်တို့လုပ်ဆောင်တာကို မြို့တော်ကိုအကြောင်းကြားပြီး သူတို့ဘာစီစဉ်မလည်းဆိုတာ ကြည့်ရမယ်"
ထို့ကြောင့် "ကျန်းဟဲ"(Zhang He) သည် တပ်သားသုံးထောင်နှင့်အတူ နေမကောင်းဖြစ်သူကိုကူညီရန်သွားခဲ့လေသည်။ "ဟောင်ကျောင်း"(Hao Zhao) မှာ အမှန်တကယ်ပင် အသက်ဆုံးလုနီးပါနေမကောင်းဖြစ်နေခဲ့ပြီး ရှူတပ်ကြီးသည် မြို့ရိုးနားသို့ရောက်လာသည်ဟုကြားသိရသည်။ "ဟောင်ကျောင်း"(Hao Zhao) သည် အားစိုက်ကာ ထလာပြီး ရဲမက်တို့ကို မြို့ရိုးပေါ်သွားစေသည်။ ထိုအချိန်ဝယ် ဂိတ်တံခါးတိုင်းတွင် မီးများလောင်ကျွမ်းခဲ့ပြီး မြို့ထဲတွင် အုတ်အော်သောင်းနင်းဖြစ်ကုန်ကာ ထိုအရှုပ်အထွေးတို့သည် သေဆုံးခါနီးလူကိုထိတ်လန့်စေခဲ့သောကြောင့် ရှူတပ်ကြီးဝင်လာသည့်အချိန်တွင်ပင် ကွယ်လွန်သွားခဲ့လေသည်။

"ဝေရန်"(Wei Yan) နှင့် "ကျန်းဝေ"(Jiang Wei) တို့သည် မြို့ရိုးနားသို့ရောက်သောအခါ လူသူတစ်ဦးမျှမတွေ့သောကြောင့် အံ့အားသင့်သွားသည်။ အလံများလည်း လွှင့်ထူထားခြင်းမရှိသည့်အပြင် အစောင့်များလည်း မရှိပေ။ သူတို့သည် တိုက်ခိုက်မှုကိုနှောင့်နှေးခဲ့သည်။ ထိုစဉ် ကျယ်လောင်သောပေါက်ကွဲသံကိုကြားလိုက်ရပြီး ရုတ်တရတ်မြို့ရိုးပေါ်တွင် အလံများပြည့်သွားခဲ့ကာ ကျော်ကြားသောဝန်ကြီး၏အဆင်းသဏ္ဍာန်ကို လှမ်းမြင်လိုက်ရသည်။
"ကျူးကဲလျန့်"(Zhuge Liang) : "ခင်ဗျားတို့ ရောက်လာတာ နောက်ကျတယ်"
သူတို့သည်မြင်းပေါ်မှဆင်းကာ အရိုအသေပြုလေသည်။
"ဝန်ကြီးက တကယ်ကိုထူးဆန်းအံ့ဩစရာကောင်းလှပါတယ်"

သူတို့သည် မြို့ထဲသို့ဝင်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှရှင်းပြသည်။
"ဟောင်ကျောင်း(Hao Zhao) က နေမကောင်းဖြစ်နေတယ်လို့သိတဲ့အချိန်မှာ ကျုပ်က ခင်ဗျားတို့နှစ်ယောက်ကို သုံးရက်အချိန်ပေးပြီး ချီတက်ခိုင်းတာဟာ ဒီမြို့ကလူတွေစိတ်ချရအောင် ဟန်ပြလုပ်ဆောင်တာဖြစ်တယ်။ ပြီးတော့ ကျုပ်က ကွမ်းရှင်း(Guan Xing) ၊ ကျန်းပေါက်(Zhang Bao) တို့နဲ့အတူ တိတ်တဆိတ်သွားခဲ့ပြီးတော့ ချန်ချန်းကို ချီတက်လာစေတယ်။ ဒါ့အပြင် မြို့ထဲကိုသူလျှိုတွေလွှတ်ပြီး မီးရှို့စေပြီးတော့ ကာကွယ်သူတွေကို ထိတ်လန့်သွားစေခဲ့တယ်။ ခေါင်းဆောင်ကင်းမဲ့တဲ့စစ်တပ်က ဘယ်လိုမှတိုက်ခိုက်နိုင်မှာမဟုတ်ဘူး၊ ကျုပ်က မြို့ကိုအလွယ်တကူသိမ်းနိုင်တယ်။ ဒါက စစ်ဗျူဟာရဲ့ဥပမာတစ်ခုပဲ၊ 'မမျှော်လင့်ထားတာကိုလုပ်ပါ၊ အဆင်သင့်မပြင်ထားသူကိုတိုက်ပါ' "
သူတို့က ဦးညွတ်ခဲ့ကြသည်။ သေဆုံးသွားသူ၏သစ္စာရှိမှုအပေါ်အလေးထားသည့်အနေဖြင့် "ကျူးကဲလျန့်"(Zhuge Liang) မှ "ဟောင်ကျောင်း"(Hao Zhao) ၏မိသားစုဝင်နှင့် သူ၏အလောင်းကို ဝေပြည်ကိုပြန်ပို့စေခဲ့သည်။
ထို့နောက် "ဝေရန်"(Wei Yan) နှင့် "ကျန်းဝေ"(Jiang Wei) တို့ဘက်လှည့်ကာ
"သံချပ်ကာတွေမချွတ်ပါနဲ့ဦး။ သွားပြီး လျက်တပြက် စန်းခံတပ်ကိုတိုက်ခိုက်ပြီးတော့ အစောင့်တွေကိုတိုက်ထုတ်လိုက်ပါ။ ခင်ဗျားတို့နှောင့်နှေးရင် ဝေပြည်က စစ်ကူတွေရောက်လာလိမ့်မယ်"

သို့နှင့် သူတို့သည်သွားခဲ့ပြီး စန်းခံတပ်ကိုအလွယ်တကူ သိမ်းယူနိုင်ခဲ့ကာ ဝေတပ်မှာ ပြိုကွဲသွားခဲ့သည်။ သူတို့သည် အမြင့်သို့တက်ပြီးကြည့်သည့်အချိန်ဝယ် ဖုန်မှုန်တို့ကိုတွေ့ရပြီး ရန်သူ့စစ်ကူများရောက်လာကြောင်းသိလိုက်ရလေသည်။
"ဝန်ကြီးချုပ်ရဲ့ထိုးထွင်းသိမြင်စွမ်းကတော့ အံ့မခန်းပါပဲ'
မကြာမီတွင်ပင် ဝေပြည်မှခေါင်းဆောင်တစ်ဦးချဉ်းကပ်လာသည်ကို တွေ့သည်။ ထိုသူမှာ "ကျန်းဟဲ"(Zhang He) ဖြစ်သည်။ သူတို့သည် တပ်သားတို့ကိုနေရာချကာ ကာကွယ်ရန်အဆင်သင့်ပြုထားခဲ့သည်။ "ကျန်းဟဲ"(Zhang He) မှ ထိုသို့အဆင်သင့်ဖြစ်နေသည်ကိုမြင်သောအခါ တပ်ပြန်ဆုတ်သွားသည်။ "ဝေရန်"(Wei Yan) သည် အနောက်မှလိုက်ပြီး တိုက်ခိုက်ရာ ရန်သူ့တပ်တို့အလူးအလဲရှုံးနိမ့်သွားခဲ့သည်။

"ဝေရန်"(Wei Yan) သည် သူ့အောင်မြင်မှုကိုသတင်းပို့ရန်ပြန်လာချိန်ဝယ် "ကျူးကဲလျန့်"(Zhuge Liang) သည် ချန်ချန်းတွင်မရှိတော့ပဲ ရှဲ့တောင်ကြားသို့သွားကာ ကျန့်ဝေမြို့နယ်ကိုသိမ်းရန်သွားခဲ့လေပြီ။ အခြားရှူတပ်ကြီးလည်း လိုက်ပါသွားခဲ့သည်။ ထို့အပြင် ဒုတိယဧကရာဇ်မှ "ချန်ရှီ"(Chen Shi) ကိုလွှတ်ကာ ထိုတိုက်ပွဲတွင်ကူညီစေခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ပင်မတပ်ကြီးကို ချီစန်းသို့ချီတက်စေပြီးတော့ စခန်းချပြီး အမှုထမ်းတို့ကိုစည်းဝေးစေခဲ့သည်။
"ကျုပ် ချီစန်းကနေနှစ်ကြိမ်တိုင်တိုင်ချီတက်ခဲ့ပြီး အောင်မြင်မှုမရခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ဒီကိုရောက်လာခဲ့ပြီ။ ဝေပြည်က ကျုပ်တို့ကိုခုခံဖို့ အရင်ကလိုပဲလုပ်လိမ့်မယ်လို့ထင်တယ်။ အဲ့လိုသာဆိုရင် ကျုပ်က ယုံချန်နဲ့မေချန်ကိုတိုက်မယ်လို့ထင်ပြီး အဲ့နေရာတွေကိုကာကွယ်ဖို့သွားလိမ့်မယ်။ ဒါပေမယ့် ယင်းဖင်နဲ့ဝူတုကလည်း ဟန်ကျုံးနဲ့ထိစပ်နေတာဆိုတော့ ဒါတွေကိုသိမ်းပြီး ဝေတပ်ကြားမှာ အငြင်းပွားအောင်လုပ်ဆောင်ရမယ်။ ဘယ်သူက ဒီနေရာတွေကိုသွားတိုက်မလဲ"
"ကျန်းဝေ"(Jiang Wei) နှင့် "ဝမ်ဖင်"(Wang Ping) တို့မှ သွားလိုကြောင်းပြောသည်။ တစ်ဦးချင်းစီကို တပ်သားတစ်သောင်းစီပေးကာ "ကျန်းဝေ"(Jiang Wei) ကို ဝူတုသို့သွားစေပြီး "ဝမ်ဖင်"(Wang Ping) ကို ယင်းဖင်သို့သွားစေခဲ့သည်။

"ကျန်းဟဲ"(Zhang He) သည် ချန်ချန်းသို့ပြန်လာခဲ့ပြီး "ကောဟွိုင်"(Guo Huai) နှင့် "စွန်းလီ"(Sun Li) တို့ကိုတွေ့သောအခါ
"ချန်ချန်းကိုဆုံးရှုံးလိုက်ရပြီး ဟောင်ကျောင်း(Hao Zhao) လည်း သေသွားပြီ။ စန်းခံတပ်လည်း ကျသွားပြီ။ ကျူးကဲလျန့်(Zhuge Liang) က ချီစန်းကိုနောက်ထပ်ပြန်ရောက်လာပြီး တပ်နှစ်တပ်စေလွှတ်လိုက်တယ်"
"ကောဟွိုင်"(Guo Huai) သည် ထိတ်လန့်သွားကာ
"ဒီလိုဆို ယုံချန်နဲ့မေချန်က အန္တရာယ်ရှိနေပြီ"
"ကျန်းဟဲ"(Zhang He) အား ချန်အန်းမြို့ကိုကာကွယ်ရန်ထားခဲ့ပြီး "စွန်းလီ"(Sun Li) ကို ယုံချန်ကိုသို့သွားစေကာ သူကိုယ်တိုင်မှာမူ မေချန်သို့သွားခဲ့သည်။ ထို့အပြင် လော့ရန်သို့ အရေးကြီးသတင်းပေးပို့ခဲ့သည်။

ဝေနန်းတွင်းဝယ် အနောက်ဘက်မှ ရှုံးနိမ့်မှုများနှင့် အရှေ့ဘက်မှရန်စွယ်တို့အကြောင်းကို ဧကရာဇ်အား လျှောက်တင်ခဲ့ကြသည်။
"မန်ချုံး"(Man Chong) : "စွန်းချွမ်(Sun Quan) က သူ့ကိုယ်သူ ဧကရာဇ်အဖြစ်ကြေညာလိုက်ပြီ။ လုရွှင့်(Lu Xun) က ဝူချန်မှာစစ်ရေးလေ့ကျင့်နေတယ်။ မကြာခင်မှာ အရှေ့ဘက်က ရန်သူတွေကျူးကျော်လာလိမ့်မယ်"
"ချောင်ရေ့"(Cao Rui) သည် ထိတ်လန့်သွားခဲ့သည်။ "ချောင်ကျန်း"(Cao Zhen) မှာ နေမကောင်းဖြစ်နေသောကြောင့် သူနှင့်မတိုင်ပင်နိုင်ခဲ့ပေ။ ထို့ကြောင့် "စီးမာယီ"(Sima Yi) ကိုဆင့်ခေါ်ခဲ့ရသည်။ "စီးမာယီ"(Sima Yi) သည် အဆိုပြုချက်တင်သွင်းသည်။
"ကျွန်တော်မျိုးအမြင်မှာကတော့ ဝူကတိုက်မှာမဟုတ်ပါဘူး"
"ဘာကြောင့် ဒီလိုပြောရတာလဲ'
"ဘာကြောင့်လည်းဆိုတော့ ကျူးကဲလျန့်(Zhuge Liang) က ရှောင်းထင်တိုက်ပွဲနဲ့ပတ်သတ်ပြီး ဝူပြည်ကိုမုန်းတီးနေတုန်းဖြစ်ပြီး လက်စားချေလိုနေဆဲပါ။ ဝူပြည်ကိုသိမ်းဖို့စိတ်ကူးလည်း ရှိနေတုန်းပဲ။ သူစိုးရိမ်တာက ကျွန်တော်တို့တွေ ရှူပြည်ကို အင်အားအလုံးအရင်းနဲ့တိုက်ခိုက်မှာကိုပဲ။ ဒါကြောင့် ဝူနဲ့မဟာမိတ်ဖွဲ့ခဲ့တာဖြစ်တယ်။ လုရွှင့်(Lu Xun) ကလည်း ဒါကိုသိတာကြောင့် စစ်တပ်ကြီးကိုစုစည်းစေတာက တမင်ဟန်ရေးပြတာဖြစ်ပြီး တကယ်တော့ ဘယ်ဘက်မှမပါပဲ အလယ်မှာပဲထိုင်နေတာဖြစ်တယ်။ ဒါကြောင့် အရှင်မင်းကြီးက အရှေ့ဘက်က အန္တရာယ်ကိုစိုးရိမ်စရာမလိုပါဘူး။ ရှူပြည်ရဲ့တိုက်ခိုက်မှုက ကာကွယ်ဖို့ပဲလိုအပ်ပါတယ်"
"ခင်ဗျားရဲ့အတွေးအမြင်က တကယ်လေးနက်လှပါတယ်"

"စီးမာယီ"(Sima Yi) ကို အနောက်ပိုင်းဒေသတစ်ခုလုံး၏စစ်သေနာပတိအဖြစ်ခန့်အပ်ကာ "ချောင်ကျန်း"(Cao Zhen) ဆီသို့လူလွှတ်ပြီး တံဆိပ်တုံးကိုပြန်ယူစေခဲ့သည်။
"စီးမာယီ"(Sima Yi) : "ကျွန်တော်မျိုးကိုယ်တိုင်သွားလိုက်ပါ့မယ်"
ထို့နောက် "စီးမာယီ"(Sima Yi) သည် နန်းတွင်းမှထွက်ခွာကာ "ချောင်ကျန်း"(Cao Zhen) ၏အိမ်တော်သို့သွားခဲ့သည်။ နေမကောင်းဖြစ်သူကိုမြင်သောအခါ သတင်းမေးပြီးနောက် လာရင်းအကြောင်းကိုပြောခဲ့သည်။
"ရှူနဲ့ဝူက မဟာမိတ်ဖွဲ့ပြီး ကျွန်တော်တို့ကိုတိုက်ဖို့လုပ်နေပြီ။ ကျူးကဲလျန့်(Zhuge Liang) ကလည်း ချီစန်းမှာရောက်နေပြီ။ ဒီအကြောင်းကို စစ်သူကြီး သိပါသလား"
"ကျုပ်က နေမကောင်းဖြစ်နေတော့ အိမ်ကလူတွေက သတင်းတွေမပြောပြကြဘူး။ အဲ့လိုသာဆိုရင် တိုင်းပြည်ကြီးက အန္တရာယ်ကျရောက်နေပြီ။ သူတို့က ခင်ဗျားကို သေနာပတိအဖြစ်ခန့်အပ်ပြီး ဒါကိုကာကွယ်ဖို့ မစေခိုင်းသေးဘူးလား"
"ကျွန်တော်က ဒီရာထူးနဲ့မတိုက်တန်ပါဘူး"

"ချောင်ကျန်း"(Cao Zhen) မှ သူ၏အစေအပါးတို့ဘက်လှည့်ကာ
"တံဆိပ်တုံးကိုယူလာပြီး သူ့ကိုပေးလိုက်စမ်း"
"ခင်ဗျားက ကျွန်တော့အစားစိုးရိမ်နေတယ်။ ကျွန်တော် ဒီကိုလာတာ ခင်ဗျားကိုကူညီပေးဖို့ပဲဖြစ်ပါတယ်။ တံဆိပ်ကိုလက်မခံဝံ့ပါဘူး"
"ချောင်ကျန်း"(Cao Zhen) မှ
"ခင်ဗျားဒါကိုလက်မခံရင် နေမကောင်းဖြစ်နေတဲ့ကျုပ်က ဧကရာဇ်ကိုသွားတွေ့ရလိမ့်မယ်။ အလယ်ပိုင်းဒေသက အကြပ်အတည်းထဲရောက်နေပြီ"
"ဧကရာဇ်က သူ့ရဲ့ကြင်နာမှုကိုဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီဟာကိုလက်မခံဝံ့ဘူး"
"ခင်ဗျားသာ ဦးဆောင်မယ်ဆိုရင် ရှူတွေကိုတိုက်ထုတ်နိုင်လိမ့်မယ်"
"စီးမာယီ"(Sima Yi) သည် တံဆိပ်တုံးကို သုံးကြိမ်သုံးခါ ငြင်းပယ်ခဲ့ပြီးနောက် "ချောင်ကျန်း"(Cao Zhen) မှစိတ်ရင်းစေတနာဖြင့်ပေးအပ်မှန်းသိသောအခါ နောက်ဆုံးတွင်လက်ခံခဲ့သည်။ ထို့နောက် ဝေဧကရာဇ်ထံမှခွင့်တောင်းကာ ချန်အန်းသို့ချီတက်လေသည်။

Comments

Popular posts from this blog

Lookism