Qin's Moon - History Facts

Qin's Moon မှာ ပါတဲ့ character တွေ အဖွဲ့တွေက အဲ့ Qin ခေတ်မှာ တကယ်ရှိခဲ့တဲ့ လူတွေ နာမည်တွေကို ယူထားတာ ဖြစ်ပါတယ်။

Hundred schools of Thought (တွေးခေါ်ပညာရပ် ဆိုင်ရာ ကျောင်းပေါင်း တစ်ရာ)


Qin's Moon ကို ကြည့်ကြတဲ့ တချို့လူတွေက ဒီ Qin's Moon ထဲမှာ ပါတဲ့ ကျောင်းတွေဟာ အပြင်မှာ မရှိခဲ့ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် အဲ့ကျောင်းတွေဟာ အမှန်တကယ်ရှိခဲ့ပါတယ်။ Qin ခေတ်ရဲ့ အရှေ့ခေတ်ဖြစ်တဲ့ Zhou ခေတ်မှာ အတွေးအခေါ်နဲ့ ဆိုင်တဲ့ ပညာရပ်တွေ ထွန်းကားခဲ့ပြီး ထင်ရှားကျော်ကြားခဲ့တဲ့ တွေးခေါ်ပညာရှင်တွေ အများကြီး ပေါ်ထွန်းခဲ့ပါတယ်။ အဲ့ တွေးခေါ်ပညာရှင်တွေဟာ တပည့်တပန်းတွေ မွေးပြီး အဲ့ပညာရပ်တွေကို သင်ယူဖို့ ကျောင်းတွေ ထောင်ခဲ့တယ်။ အဲ့ထဲက ထင်ရှားတဲ့ ကျောင်းအချို့ကတော့ -
1. Mohism (မိုတီဝါဒ)
2. Confucianism (ကွန်ဖြူးရှပ်ဝါဒ)
3. Legalism ( ဥပဒေပညာရပ်)
4. Taoism (တာအိုဝါဒ)
5. Logicians (ယုတ္တိဗေဒ ပညာရှင်)
6. Agriculturalism (စိုက်ပျိုးရေး ပညာ)
7. Military (စစ်မက်ရေးရာ ဝါဒ) နဲ့
8. Yin and Yang School (ယင်း ယန် ကျောင်း) တို့ပဲ ဖြစ်တယ်။

(စကားချပ် - အဲ့ အထဲမှာ အချို့ တွေးခေါ်ပညာရှင် အကြောင်းတွေဟာ ပဉ္စမတန်း မှာ သင်ရတဲ့ တရုတ်ပြည် - ကျိုးမင်းဆက် သမိုင်းမှာ တွေ့နိုင်ပါတယ်။)

1.  Mohism (မိုတီဝါဒ)


Mohism ကို Mozi (မိုတီ) က စထောင်ခဲ့တာ ဖြစ်ပါတယ်။  စစ်ပွဲ ဆန့်ကျင်ရေးနဲ့ အေးအေးချမ်းချမ်း နေဖို့ဟာ သူ့ရဲ့ အဓိက လမ်းစဉ်လို့လဲ ဆိုနိုင်ပါတယ်။ နောက်ပြီး သူဟာ လောကမှာ လူတွေ အကုန်လုံးဟာ သာတူညီမျှစွာရှိရမယ်လို့လဲ ဆိုခဲ့ပါတယ်။
ဒီဝါဒရဲ့ နောက် တစ်ချက်ကတော့ " ဖြစ်သမျှ အကြောင်းတွေဟာ ကံကြမ္မာကြောင့်ဖြစ်ပြီး သွေဖယ်လို့ မရဘူး" ဆိုတဲ့ အယူအဆကို ဆန့်ကျင်ခဲ့ပါတယ်။ Mozi ဟာ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်လို့လဲ ယုံကြည်ခဲ့ပါတယ်။

ဒီ Mohism အကြောင်းကို Season 1 မှာ Yuer ပြောတဲ့ စကား တစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ -
Anti-war means to be against the concept of wars. All wars, no matter what their reasons are, as long as there’s war, it will cause the common people to suffer. Universal Love means that people should love and take care of each other. Those with powers should use it to help others. Those with wealth should share the money with others.

စစ်ပွဲ ဆန့်ကျင်ရေးဆိုတာ စစ်ရဲ့သဘောသရားကို ဆန့်ကျင်တာပဲ။ ဘာအကြောင်းကြောင့်ပဲ စစ်ဖြစ်ဖြစ် လူတွေက ဒုက္ခရောက်ကြမှာပဲ။ တစ်လောကလုံး ချစ်ခင်စွာနေခြင်းဆိုတာကတော့ လူတွေဟာ အချင်းချင်း တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီပြီး နေထိုင်သွားကြတာကို ဆိုလိုတာပါ။ ဥပမာ -  အာဏာရှိတဲ့လူဟာ သူ့ အာဏာကို အသုံးချပြီး တခြားသူတွေကို ကူညီမယ်၊ ချမ်းသာတဲ့လူတွေဟာ တခြားလူတွေကို ပေးကမ်းမယ် အစရှိသဖြင့်ပေါ့။

2. Confucianism (ကွန်ဖြူးရှပ်ဝါဒ)


ဒီ ဝါဒကိုတော့ လူတွေ တော်တော်များများ သိကြမှာပါ။ ဒီဝါဒကို Confucius (ကွန်ဖြူးရှပ်) ဒါမှမဟုတ် Kongzi ဆိုတဲ့ ပုဂ္ဂိုလ်က စတည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ အနေအထိုင်(ကိုယ်ကျင့်တရား)၊ သီချင်း၊ လေးမြှားအတတ်၊ မြင်းစီး၊ စာပေ နဲ့ သင်္ချာဆိုတဲ့ ပညာရပ် ခြောက်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်တဲ့သူ ဖြစ်ပါတယ်။
ကွန်ဖြူးရှပ်ဝါဒဟာ မှေးမှိန်သွားခဲ့ပြီး Tang ခေတ်မှာတော့ ဗုဒ္ဓဘာသာ၊ တာအိုဝါဒတို့နဲ့ ရောပြီး ကွန်ဖြူးရှပ်ဝါဒအသစ် ဖြစ်လာခဲ့ပါတယ်။ Tang ခေတ်မှာရော Tang ခေတ်နောက်ပိုင်း Song မင်းဆက်မှာပါ ကျင်းပတဲ့ အစိုးရအမတ်ရွေးချယ်တဲ့ စာမေးပွဲတွေမှာ ကွန်ဖြူးရှပ်ဝါဒကို အတွေးအခေါ်ပညာအနေနဲ့ ထည့်သွင်းခဲ့တဲ့ အတွက် လူသိများလာပြန်ပါတယ်။

3. Legalism ( ဥပဒေပညာရပ်)

ဒီအယူဝါဒကိုတော့ Li Kui ၊ Shang Yang ၊ Han Feizi နဲ့ Li Si တို့က စ တည်ခဲ့ပါတယ်။ သူတို့ဟာ တိုင်းပြည်အေးချမ်းဖို့အတွက် စစ်တပ်အင်အားသုံးရမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် တင်းကျပ်တဲ့ ဥပဒေတွေ ရှိရမယ်လို့လဲ ဆိုပါတယ်။

4. Taoism (တာအိုဝါဒ)


ဒီဟာကိုတော့ Lao Tzu(လောက်ဇူ) က စခဲ့တာဖြစ်ပါတယ်။ တာအိုဝါဒဟာ တရုတ်နိုင်ငံရဲ့ ခေတ်အဆက်ဆက်မှာ နိုင်ငံတော် ဘာသာအနေနဲ့ ပြဌန်းတာခံရပါတယ်။ တာအိုဝါဒဟာ တရုတ်ယဉ်ကျေးမှုနဲ့ အများကြီး ဆက်နွယ်နေခဲ့ပြီး တရုတ်နိုင်ငံရဲ့ တိုင်းရင်း ဆေးပညာ၊ အဂ္ဂိရတ်ပညာ၊ သိုင်းပညာ၊ ဖုန်းရွှေ (Fengshui) စတဲ့ ပညာရပ်တွေနဲ့လဲ ဆက်နွယ်နေပါတယ်။
တာအိုဝါဒရဲ့ သဘောကတော့ ရှုပ်ထွေးပါတယ်။ တာအိုဟာ Dao 道 ကနေလာတာ ဖြစ်ပြီး နည်းလမ်းလို့ အဓိပ္ပာယ်ရပါတယ်။

5. Logicians (ယုတ္တိဗေဒ ပညာရှင်)

သူတို့ကတော့ Qin's Moon ထဲက character ကို ယူပြီး ဥပမာပေးရမယ်ဆိုရင် Gongsun Ling Long လိုမျိုးဖြစ်ပါတယ်။ အခြားပညာရှင်တွေနဲ့ စကားရည်လုလေ့ရှိပါတယ်။

6. Agriculturalism (စိုက်ပျိုးရေး ပညာ)

ဒါကတော့ ထွေထွေထူးထူး ပြောစရာ မလိုဘူး ထင်ပါတယ်။ စိုက်ပျိုးရေးကို အဓိကထားတဲ့ ကျောင်း (သို့မဟုတ်) ဝါဒပဲ ဖြစ်ပါတယ်။

7. Military (စစ်မက်ရေးရာ ဝါဒ)

ဒါကတော့ စစ်နည်းဗျူဟာတွေ သင်ပေးတဲ့ ကျောင်းဖြစ်ပါတယ်။ Sun Tzu (ဆွန်ဇု) ရဲ့ နည်းဗျူဟာတွေကို အဓိက ထားပါတယ်။ Sun Tzu's Art of War ဆိုတဲ့ နည်းဗျူဟာကျမ်းစာအုပ်ဟာ တော်တော် နာမည်ကြီးပါတယ်။

8. Yin and Yang School (ယင်း ယန် ကျောင်း)


ယင်း ယန် ကျောင်းဟာ တာအိုဝါဒကနေ ခွဲထွက်လာတဲ့ ကျောင်းပဲ ဖြစ်ပါတယ်။ Zou Yan က စတင် တည်ထောင်ခဲ့ပြီး ယင်းနဲ့ ယန် (အဖို အမ) သဘောတရားမှာ ကျွမ်းကျင်ပါတယ်။ ယင်းက အမှောင် တစ်နည်းအားဖြင့် မကောင်းတာကို ဖော်ကျူးပြီး ယန်ကတော့ အကောင်း ဒါမှမဟုတ် အလင်းရောင်ကို ဖော်ကျူးပါတယ်။ အဲ့ သင်္ကေတရဲ့ အဓိပ္ပာယ်ကတော့ ဘယ်လိုပဲ ကောင်းကောင်း၊ မကောင်းတဲ့ အပိုင်းကတော့ ရှိနေမှာပဲ။ ထို့အတူ ဘယ်လို ပဲ ဆိုးဆိုး ကောင်းတဲ့ အပိုင်းလဲ ရှိနေမှာပဲ လို့ ဆိုလိုပါတယ်။

Characters

အထက်မှာ ပြောခဲ့တဲ့ အတိုင်း တချို့ ဇာတ်ကောင်တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ သူတို့တွေကတော့ -

1. Zhang Liang (Zhang Zifang)


Zhang Liang ဟာ ခုနှစ်နိုင်ငံခေတ်မှာတုန်းက Han ပြည်နယ်မှာ မွေးဖွားခဲ့ပြီး သူ့အဖိုးရော သူ့အဖေရယ်ဟာ Han နန်းတွင်းမှာ အမတ်အဖြစ် အမှုထမ်းခဲ့ပါတယ်။ အကယ်၍သာ Han ပြည်နယ်က Qin ပြည်နယ်ရဲ့ သိမ်းပိုက်မှုကို ခံရမှာ မဟုတ်ဘူးဆိုရင် သူဟာလဲ သူ့ရှေ့မျိုးဆက်က လိုပဲ Han ပြည်နယ်ရဲ့ အမတ်ဖြစ်လာမှာပါ။
Han ပြည်နယ်ဟာ Qin ရဲ့ ကျူးကျော်မှုကို ခံရပြီး ပျက်သုဉ်းသွားတဲ့အတွက် သူဟာ Qin ဘုရင် Qin Shi Huang (ရှီဟွမ်းတီ) ကို မုန်းခဲ့ပါတယ်။ သူဟာ  Qin Shi Huang ကို သတ်ဖို့ လူသတ်သမားတွေတောင် ငှားခဲ့ပေမယ့် လုပ်ကြံတာ မအောင်မြင်ခဲ့ပါဘူး။ Qin Shi Huang  သေဆုံးပြီးနောက်မှာတော့ Liu Bang ရဲ့ သူပုန်အဖွဲ့ထဲ ဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Liu Bang ရဲ့ အကြံပေး အမတ်ဖြစ်ပြီး Han ခေတ်ကာလ အစောပိုင်းရဲ့ သူရဲကောင်း သုံးဖော်ထဲက တစ်ယောက်အဖြစ် လူသိများပါတယ်။

2. Han Xin


သူဟာလဲ Zhang Liang လိုပဲ  Han ခေတ်ကာလ အစောပိုင်းရဲ့ သူရဲကောင်း သုံးဖော်ထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အဲ့ခေတ်အဲ့အခါရဲ့ အတော်ဆုံးစစ်သူကြီးလို့ ဆိုရင်လဲ မှားမယ် မထင်ပါဘူး။ (သူဟာ Qin's Moon ထဲမှာ Season 4 မှာမှ တစ်ခန်းတည်း ပါတာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့အခန်းတွေ ပါလာအုံးမယ်လို့ မျှော်လင့်ရပါတယ်)

3. Xiang Yu

Xiang Yu ရဲ့ အကြောင်းကတော့ ရာဇဝင်ကွဲ နှစ်ခုရှိပါတယ်။ တစ်ခုမှာတော့ သူဟာ Chu ပြည်နယ်ရဲ့ မင်းဆွေမင်းမျိုးက လို့ ဆိုပြီး နောက်တစ်ခုမှာတော့ Chu ပြည်နယ်ရဲ့ စစ်သူကြီး မျိုးရိုးက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ သူဟာ Ying Zheng (Qin Shi Huang) သေဆုံးပြီးနောက်မှာတော့ Qin ကို တော်လှန်ခဲ့ပြီး Chu ပြည်ကို အသစ်တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံဟာ နှစ်ခြမ်းကွဲသွားပြီး Liu Bang နဲ့ 4 နှစ်ကြာစစ်ဖြစ်ခဲ့ပြီး စစ်ရှုံးသွားပြီးနောက်မှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။

4. Consort Yu (Shi Lan)

Shi Lan ရဲ့ နာမည်က Xiao Yu လို့ ဆိုခဲ့တဲ့ အတွက် သူဟာ Xiang Yu ရဲ့ မိဖုရားဖြစ်လာမယ့်သူ လို့ ကောက်ချက်ချလို့ရပါတယ်။ Consort Yu ဟာ ချောလှတဲ့ နေရာမှာ အရမ်းနာမည်ကြီးပြီး Xiang Yu ရဲ့ အချစ်တော်လို့ ဆိုရင်လဲ မမှားပါဘူး။
သူဟာ Chu-Han လေးနှစ်ကြာစစ်ပွဲကို အဆုံးအဖြတ်ပေးခဲ့တဲ့ Gaixia စစ်ပွဲမှာ Xiang Yu ဟာ စိတ် အနှောက်အယှက်ဖြစ်မှာ စိုးတဲ့ အတွက် ကိုယ့်ကိုယ်ကို အစုံးစီရင်ခဲ့ပါတယ်။

5. Jing Ke


Jing Ke ဟာ Yan ပြည်နယ်ရဲ့ မင်းသား Yan Dan ရဲ့ အစီအစဉ်နဲ့  Qin Shi Huang ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လဲ မအောင်မြင်ခဲ့ပါဘူး။

6. Yan Dan


သူဟာလဲ သမိုင်းမှာ တကယ်ရှိခဲ့ပါတယ်။ Mohist ကျောင်းရဲ့ ခေါင်းဆောင်ဆိုတဲ့အချက်ကလွဲပြီး Qin's Moon ထဲမှာ သူ့အကြောင်းတွေက အမှန်တွေပါ။

7. Gao Jianli


Gao Jianli ဟာလဲ Qin Shi Huang ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လဲ မအောင်မြင်ခဲ့ပဲ အသတ်ခံခဲ့ရပါတယ်။

8. Li Si


သူဟာ Qin Shi Huang ရဲ့ သစ္စာရှိ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ကျောင်းကနေ ပညာသင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Legalism ကို စတင် တည်ထောင်ခဲ့ပါတယ်။

9. Han Feizi

Han Feizi ဟာလဲ Li Si လိုပဲ အတွေးအခေါ်ပညာရှင် တစ်ဦးဖြစ်ပြီး Legalism ကို စတည်ထောင်ခဲ့တဲ့ လူထဲက တစ်ဦးဖြစ်ပါတယ်။

10. Ying Zheng (Qin Shi Huang)


သူကတော့ အထူးအထွေ မိတ်ဆက်စရာ မလိုဘူးလို့ ထင်ပါတယ်။ ခုနှစ်နိုင်ငံခေတ်မှာ အသက်ငယ်ငယ်နဲ့ Qin ပြည်နယ်ရဲ့ ဘုရင်ဖြစ်လာပြီး နောက်ပိုင်းမှာတော့ တရုတ်တစ်ပြည်လုံးရဲ့ ဘုရင်ဖြစ်လာပါတယ်။ သူ့ရှေ့ မင်းဆက်တွေဖြစ်တဲ့ Shang တို့ Zhou တို့က ဘုရင်တွေဟာ ဘုရင်ဘွဲ့ကိုသာ ခံယူခဲ့ပြီး Ying Zheng ကတော့ တရုတ်နိုင်ငံရဲ့ ပထမဆုံး ဧကရာဇ် (始皇帝 - Shi Huang Di) ဆိုတဲ့ဘွဲ့ကို ခံယူခဲ့ပါတယ်။

References

http://www.wuxiaedge.com/qins-moon-inspired-from-history-and-ancient-literature/

http://en.wikipedia.org/wiki/Hundred_Schools_of_Thought

http://en.wikipedia.org/wiki/Mohism

http://en.wikipedia.org/wiki/Confucianism

http://en.wikipedia.org/wiki/Taoism#Naturalness

http://personaltao.com/teachings/taoism/taoism-101/

http://en.wikipedia.org/wiki/Zhang_Liang_%28Western_Han%29

http://en.wikipedia.org/wiki/Han_Xin

http://en.wikipedia.org/wiki/Xiang_Yu

http://en.wikipedia.org/wiki/Qin_Shi_Huang

Comments

Popular posts from this blog

Lookism