Yokai ပုံပြင်များ (၂)

ဒီမှာတော့ နာမည်ကြီးတဲ့ Yokai ပုံပြင် သုံးခု အကြောင်းပြောပါမယ်။ အဲ့သုံးခုကတော့ -
၁။ Okiku နှင့် ပန်းကန်ကိုးချပ်
၂။ Oiwa နဲ့
၃။ Otsuyu တို့ပဲ ဖြစ်ပါတယ်။

၁။ Okiku နှင့် ပန်းကန်ကိုးချပ်



ဒီသုံးခုထဲမှာတော့ Okiku အကြောင်းကို လူသိအများဆုံးဖြစ်နိုင်ပါတယ်။ ဒီဟာက ခံခေရှာတဲ့ အိမ်ဖော်မလေး အကြောင်း ဖြစ်ပြီး ဒီပုံပြင်ဟာ Kabuki ပြဇာတ်မှာ ပါတဲ့ အပြင် ဝတ္ထု ၊ manga ၊ anime တွေမှာလဲ မကြာခဏ ဖော်ပြခံရလေ့ရှိတဲ့ အတွက် လူတွေနဲ့ ရင်းနှီးနဲ့ ပုံပြင်လို့တောင် ဆိုနိုင်ပါတယ်။
ဒီအကြောင်းဟာလဲ မူကွဲတွေ အများကြီးရှိပါတယ်။ အဲ့ထဲက ထင်ရှားတဲ့ နှစ်ခုကတော့ Kabuki ပြဇာတ်က Bancho Sarayashiki နဲ့ Himeji Castle Version တို့ပဲ ဖြစ်ပါတယ်

၁-၁။ Bancho Sarayashiki (The Dish Mansion at Banchō)


ဒီမှာတော့ Okiku ဟာ ဆာမူရိုင်း တစ်ဦးဖြစ်တဲ့ Tessan Aoyama ရဲ့ အိမ်တော် မှာ အလုပ်လုပ်တဲ့ အစေခံဖြစ်ပါတယ်။ Okiku ဟာ ချောမောလှပတဲ့ မိန်းကလေး ဖြစ်တဲ့ အတွက် Aoyama ဟာ Okiku ကို ရယူဖို့ စွဲဆောင်ပါတယ်။ ဒါပေမယ့်လဲ Okiku ဟာ ငြင်းခဲ့တာကြောင့် Aoyama က အကျပ်ကိုင်ဖို့ ကြံစည်ပါတော့တယ်။ Aoyama ဟာ Dutch ကလာတဲ့ အဖိုးတန် ပန်းကန်ပြား ၁၀ ချပ်ရှိတဲ့ အနက်မှာ ၁ချပ်ကို ဖွက်လိုက်ပြီး Okiku ဟာ သူ့ရဲ့ အငယ်အနှောင်းအနေနဲ့ လက်မခံဘူးဆိုရင် ပန်းကန်ကို Okiku ခိုးလိုက်တယ်လို့ စွပ်စွဲမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Okiku ဟာ စိတ်ညစ်ညစ်နဲ့ သူ့ဟာသူ ရေတွင်းထဲ ခုံချပြီး သတ်သေခဲ့ပါတယ်။
နောက်ပိုင်းတော့ Okiku ရဲ့ ဝိညာဉ်ဟာ ညတိုင်း ရောက်လာပြီး ပန်းကန်တွေကို တစ်ကနေ ကိုးအထိ လာ,လာ ရေတွက်တယ်လို့ ဆိုပါတယ်။ Aoyama ဟာလဲ အဲ့အသံတွေ ညတိုင်းကြားပြီးနောက် ဂယောင်ခြောက်ခြားဖြစ်ပြီး ရူးသွပ်သွားပါလေတော့တယ်။

၁-၂။ Himeji Castle Version


ဒီထဲမှာတော့ Aoyama ဟာ သူ အမှုထမ်းတဲ့ သူ့သခင်ကို လုပ်ကြံဖို့ ကြံစည်နေခဲ့ပါတယ်။ ဒါကို သိသွားတဲ့ Okiku ဟာ သူ့ရည်းစားလဲဖြစ်၊ သိစ္စာရှိအမှုထမ်းလဲ ဖြစ်တဲ့သူကို ပြောလိုက်တဲ့အတွက် Aoyama ရဲ့ အကြံအစည်ဟာ ပျက်ပြားသွားပါတယ်။ အဲ့ဒါကြောင့် Aoyama ဟာ မကျေမနပ်ဖြစ်ခဲ့ပြီး Okiku ကို လက်စားချေဖို့ အခွင့်ရှာနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ အဖိုးတန်ပန်းကန်၁၀ ချပ်ထဲက တစ်ချပ်ပျောက်သွားတာဟာ Okiku ခိုးသွားတာ ဖြစ်တယ်လို့ ယိုးစွပ်ခဲ့ပြီး Okiku ကို ဖမ်းပြီး နှိပ်စက်ပြီးတော့ ရေတွင်းထဲ ပစ်ချပြီး သတ်ခဲ့ပါတယ်။

အဲ့ရေတွင်းဟာ Himeji Castle မှာ ရှိတဲ့ ရေတွင်းလို့ ဆိုကြပြီး အဲ့နေရာဟာ ခရီးသွားတွေ လာရောက်လည်ပတ်နှုန်းများတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါက အထက်မှာ ပြောခဲ့တဲ့ အတိုင်း မူကွဲတွေ အများကြီးရှိတဲ့ အတွက် နေရာဒေသ ကွဲလွဲမှုတွေလဲ ရှိပါတယ်။ တချို့ဆိုကြတာကတော့ Okiku သေဆုံးခဲ့တဲ့ ရေတွင်းဟာ Tokyo မှာ ရှိတဲ့ ကနေဒါသံရုံးရဲ့ ပန်းခြံထဲက ရေတွင်းလို့လဲ ဆိုကြပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့မြေကွက်ဟာ အရင်က Aoyama မိသားစုပိုင် မြေကွက်ဖြစ်ခဲ့လို့ပါတဲ့။

Gintama manga ထဲမှာ ဒီအကြောင်းကို ဟာသလုပ်ထားတဲ့ အခန်းရှိတယ်လို့ ဆိုပါတယ်။
Doreamon ထဲက Horror Story Lamp ဆိုတဲ့ အပိုင်းမှာ Nobita ပြောတဲ့ သရဲပုံပြင်ဟာလဲ Okiku ကို မှီငြိမ်းထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် One Piece ထဲက Triller Bark Arc မှာ ပါတဲ့ Victoria Cindry ဟာ Okiku အကြောင်းကို အခြေခံထားတာပါ။
Victoria Cindry from One Piece


၂။ Oiwa


Oiwa ဟာ ချောတဲ့ မိန်းမပျိုလေးဖြစ်ပြီး ဆင်းရဲသား တစ်ဦးဖြစ်တဲ့ Iemon နဲ့ ချစ်ကျွမ်းဝင်ခဲ့သတဲ့။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ခဲ့ကြပြီး မကြာခင်မှာ Oiwa ဟာ ကိုယ်ဝန်ရှိလာပါတော့တယ်။ အဲ့အချိန်လောက်မှာလဲ Iemon ဟာ အိမ်က ဇနီးကို ပစ်ပြီး ချမ်းသာတဲ့ Oume ဆိုတဲ့ အမျိုးသမီးနဲ့ နောက်မီးလင်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ Iemon ဟာ Oume ကို လက်ထပ်ချင်တဲ့အတွက် Oiwa နဲ့ မမွေးသေးတဲ့ ကလေးကိုပါ ရှင်းပစ်ဖို့ ကြိုးစားပါတယ်။
Iemon ဟာ Oiwa စားတဲ့ အစာထဲမှာ အဆိပ်ခတ်ပြီး Oiwa ကို သတ်ဖို့လုပ်ပါတယ်။ Oiwa ဟာ အဆိပ်ကြောင့် ကိုယ်ဝန် ပျက်ကျပြီး ရုပ်ဟာလဲ အကျည်းတန်သွားခဲ့ပေမယ့် အသက် မသေခဲ့ပါဘူး။ ဒါပေမယ့်လဲ ဒီလိုဖြစ်တာက Iemon ကြောင့် ဆိုတာ မရိပ်မိခဲ့ပါဘူး။ တစ်ရက်မှာတော့ Iemon ဟာ သူ့မိန်းမ Oiwa ကို လမ်းလျှောက် ခေါ်ခဲ့ပြီး လူသူရှင်းတဲ့ ချောက်ကမ်းပါးနားရောက်တော့ Oiwa ကို ချောက်ထဲကို တွန်းချခဲ့ပါတယ်။

Oiwa သေဆုံးပြီးနောက်မှာတော့ Iemon ဟာ Oume နဲ့ လက်ထပ်ဖို့လုပ်ပါတယ်။ လက်မထပ်ခင် တစ်ည အလိုမှာတော့ Iemon ဟာ သူ့အိပ်ယာဘေးနားက မီးအိမ်လေးဟာ ခပ်မှိန်မှိန်ဖြစ်သွားတာကို သတိပြုမိလိုက်ပါတယ်။ အဲ့ဒါကြောင့် အနီးကပ်ကြည့်လိုက်တော့ အဲ့မှာ ရုတ်တရတ် Oiwa ရဲ့ မျက်နှာပေါ်လာပြီး "သစ္စာဖောက်မှု" ဆိုတဲ့ အသံနက်ကြီးကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ နောက်တော့ Iemon ဟာ ဒါက အရက်သောက်တာ များသွားလို့ ယုန်ထင်ကြောင်ထင် ထင်တာပါလို့ ကိုယ့်ကိုကိုယ် ဖြေတွေးလိုက်ပြီး အိပ်ယာ ဝင်ခဲ့ပါတယ်။

နောက်မနက် အိပ်ယာထတဲ့ အချိန်မှာတော့ သူဟာ အဲ့အကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါပြီ။ Iemon ဟာ Oume နဲ့ မင်္ဂလာဆောင်တဲ့ မင်္ဂလာဦးညမှာ ရုတ်တရတ် Oume ရဲ့ မျက်နှာဟာ Oiwa ရဲ့ မျက်နှာပြောင်းသွားပြီး "သစ္စာဖောက်မှု" ဆိုပြီး အော်နေပါတယ်တဲ့။ အဲ့ဒါနဲ့ Iemon က ဓားကို ဆွဲပြီး ခုတ်လိုက်တာ သေဆုံးသွားတာက Oume ဖြစ်နေလေရောတဲ့။ Oiwa ရဲ့ မျက်နှာဟာ တခြားနေရာမှာ ထပ်ပေါ်လာတော့ ထပ်ပြီး ဓားနဲ့ ခုတ်လိုက်တာ အဲ့ဒါဟာ Oume ရဲ့ အဖိုး ဖြစ်နေခဲ့တယ်။ အဲ့နောက်မှာတော့ Iemon ဟာ သွေးရူးတန်းရူးနဲ့ အိမ်က ပြေးထွက်သွားပြီး ချောက်ကမ်းပါးဘက်ကို ရောက်သွားခဲ့တယ်။ အဲ့ချောက်ကမ်းပါးနားမှာ Iemon ကို အမျိုးသမီးတစ်ဦးက တွန်းချခဲ့ပြီး အဲ့အမျိုးသမီးပါ အော်ရယ်ပြီးနောက် ချောက်ထဲ ခုန်ဆင်းသွားတာကို တချို့လူတွေ မြင်တွေ့လိုက်တယ် လို့ ဆိုပါတယ်။

ဒီဟာကလဲ Kabuki ပြဇာတ်မှာ နာမည်ကြီး ဇာတ်လမ်းဖြစ်တဲ့ အပြင် ဒီအကြောင်းကို အကြိမ် သုံးဆယ်ကျော်လောက် ရုပ်ရှင်ရိုက်ထားတာတွေ ရှိတဲ့ အတွက် မတူညီတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိပါတယ်။

၃။ Otsuyu


Edo ခေတ်တုန်းက "Hyakumonogatari kaidankai" သို့မဟုတ် "ထူးဆန်းတဲ့ ပုံပြင် အပုဒ် ၁၀၀ စုခြင်း" ဆိုတဲ့ တစ္ဆေပုံပြင်တွေ ပြောကြတဲ့ ဓလေ့ သို့ ကစားနည်း ရှိခဲ့ပါတယ်။  ဒီကစားနည်းမှာ ဖယောင်းတိုင် ဒါမှမဟုတ် မီးအိမ် တစ်ရာထွန်းပြီး ကစားနည်းမှာ ပါတဲ့ လူတစ်ယောက်က ပုံပြင်တစ်ပုဒ် ပြောပြီးပြီဆိုရင် ဖယောင်းတိုင်တစ်တိုင်ကို မီးမှုတ်ရပါတယ်။ ဒီခေတ်မှာတော့ အဲ့ပုံပြင်တွေထဲက တချို့ဟာ ပျောက်ကွယ်သွားခဲ့ပြီး ကျန်ခဲ့တဲ့ တချို့မှာတော့ အနည်းစုဟာ နာမည်ကြီး ပုံပြင်တွေ ဖြစ်လာပါတယ်။ အဲ့နာမည်ကြီး ပုံပြင်တွေထဲမှာ Otsuyu အကြောင်းကလဲ တစ်ခု အပါအဝင်ပဲပေါ့လေ။

ဒီပုံပြင်ရဲ့ မူရင်းကတော့ တရုတ်ဒဏ္ဍာရီတစ်ခုက လာတာဖြစ်ပြီး ၁၇ ရာစုလောက်မှာ ဒီပုံပြင်ကို ဂျပန်ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ပုံစံပြောင်းခဲ့ပါတယ်။ ဒီပုံပြင်မှာ အဓိကအနေနဲ့ မူကွဲနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ မူရင်း ပုံပြင်ဖြစ်ပြီး ကျန်တစ်ခုက မူရင်းကို အခြေခံပြီး ပြောင်းလိုက်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အဲ့နှစ်ခုမှာ ဒုတိယတစ်ခုကို လူသိများကြပါတယ်။ အဲ့ဒုတိယတစ်ခု အကြောင်းကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

Saburo ဆိုတဲ့ ယောက်ျားလေးဟာ Otsuyu ဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖို့ စီစဉ်ကြပါတယ်။ အဲ့အချိန်မှာ Saburo ဟာ ရုတ်တရတ်ဖျားနာပြီး သူတို့နှစ်ဦး အချိန်အတန်ကြာ မတွေ့ဖြစ်ခဲ့ဘူး။ Saburo နေပြန်ကောင်းသွားတဲ့ အချိန်မှာ Otsuyu ကို သွားရှာတော့ Otsuyu သေဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားခဲ့တယ်။
ဒီလိုနဲ့ အချိန်ကာလတစ်ခု ကြာပြီးတဲ့နောက် Obon ပွဲတော်မှာ Saburo ဟာ သူ့ရည်းစား Otsuyu ရဲ့ ဝိညာဉ်အတွက် ဆုတောင်းပေးနေခဲ့တယ်တဲ့။ အဲ့အချိန်မှာ သူ့နားကို အမျိုးသမီးနှစ်ဦးရောက်လာတဲ့အတွက် ကြည့်လိုက်တော့ တစ်ယောက်က Otsuyu ဖြစ်နေပြီး ကျန်တစ်ယောက်ကတော့ Otsuyu ရဲ့ အစေခံအမျိုးသမီးဖြစ်နေတယ်တဲ့။ Otsuyu ဟာ တကယ်တော့ သူမသေသေးကြောင်း၊ သူ့အဒေါ်က သူသေသွားပြီလို့ ကောလဟာလတွေ ဖြန့်ခဲ့ကြောင်း နဲ့ သူ့ကိုလဲ Saburo သေသွားပြီလို့ ပြောခဲ့တာ ဖြစ်ကြောင်းဆိုပါတယ်။
အဲ့နောက်မှာတော့ Otsuyu နဲ့ မီးအိမ်လေးကိုင်ထားတဲ့ သူ့အဖော်ဖြစ်သူဟာ Saburo အိမ်ကို ညတိုင်းလာကြပါတယ်တဲ့။

တစ်ညမှာတော့ Saburo နဲ့ Otsuyu တို့ အချစ်ရည်လူးနေတဲ့အချိန်မှာ Saburo ရဲ့အစေခံတစ်ဦးက ဖြတ်သွားတော့ သူ့သခင် Saburo နဲ့ အတူရှိနေတာဟာ လူ မဟုတ်ပဲ ပုတ်သိုးဆွေးမြည့်နေတဲ့ အလောင်းဖြစ်နေတာ တွေ့လိုက်ရသတဲ့။ အခန်းထောင့်မှာလဲ မီးအိမ်ကိုင်ထားတဲ့ အလောင်းကောင်တစ်ခုကို တွေ့ခဲ့ပါတယ်။
အဲ့အစေခံဟာလဲ ကြောက်အားလန့်အားနဲ့ ဘုန်းတော်ကြီးဆီ ပြေးသွားခဲ့ပါတယ်။ နောက်ရက်မှာ Saburo ရဲ့ အိမ်ကို ဘုန်းတော်ကြီး ကြွလာခဲ့ပြီး Saburo ကို Otsuyu နဲ့ သူ့ အစေခံရဲ့ အုတ်ဂူကို လိုက်ပြခဲ့ပါတယ်။ နောက်ပြီး အိမ်ကိုလဲ တစ္ဆေပြေးစေတဲ့ အဆောင်တွေကပ်ထားပြီး ဘုန်းတော်ကြီးလဲ ညတိုင်းလာပြီး သရဲပြေးစေတဲ့ ဂါထာ၊ မန္တာန်တွေ လာရွတ်ပါတယ်။

အဲ့ဒါနဲ့ အိမ်ထဲဝင်လို့ မရတော့တဲ့ Otsuyu ဟာ သူ့ကို အိမ်ထဲပေးဝင်ဖို့ တောင်းပန်သတဲ့။ အဲ့လို ငိုယိုတောင်းပန်တာကို မြင်နေရတဲ့ Saburo ဟာ စိတ်မကောင်းဖြစ်ပြီး စိတ်ထောင်းတော့ ကိုယ်ကြေဆိုသလို အဲ့စိတ်ကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့တယ်။ ဒါကို မကြည့်ရက်တဲ့ Saburo ရဲ့ အစေခံတွေက Otsuyu ဝင်လို့ရအောင် အဆောင်တွေကို ဖြုတ်ပေးလိုက်ခဲ့ပါတယ်။ နောက်မနက်မှာတော့ Saburo သေဆုံးနေတာကို တွေ့ခဲ့ကြပြီး Saburo ရဲ့ မျက်နှာမှာတော့ ပြုံးရောင်သန်းနေတယ်လို့ ဆိုကြသတဲ့။

ဒီအကြောင်းဟာလဲ Kabuki ပြဇာတ်မှာ အပြင် ရုပ်ရှင်တွေ ရိုက်ထားတာ အများကြီး ရှိပါတယ်။

နောက်ပြီး ဒီ သုံးယောက်လုံးကို Ayakashi: Ghost Guild  ဆိုတဲ့ iOS / Android game ထဲမှာ character အနေနဲ့ ပါဝင်တာ တွေ့နိုင်ပါတယ်။

References


http://www.artelino.com/articles/ghost_story_okiku.asp

http://en.wikipedia.org/wiki/Banch%C5%8D_Sarayashiki

http://www.scaryforkids.com/oiwa/

http://en.wikipedia.org/wiki/Yotsuya_Kaidan

http://matthewmeyer.net/blog/2010/10/28/a-yokai-a-day-otsuyu-the-tale-of-the-peony-lantern/

http://en.wikipedia.org/wiki/Botan_D%C5%8Dr%C5%8D

http://ayakashi-ghost-guild.wikia.com/wiki/Otsuyu

http://ayakashi-ghost-guild.wikia.com/wiki/Oiwa_Yotsuya

http://ayakashi-ghost-guild.wikia.com/wiki/Okiku

http://onepiece.wikia.com/wiki/Victoria_Cindry

http://onepiece.wikia.com/wiki/Margarita

http://onepiece.wikia.com/wiki/Thriller_Bark_Arc



Comments

Popular posts from this blog

Lookism