Yokai ပုံပြင်များ (၁၀)

ပထမဆုံး ပြောချင်တာကတော့ ဟိုးအစကနေ အခုထိ ရေးလာခဲ့တာတွေကို ဖတ်ရှူပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ :D နောင်မှာ အခွင့်အခါသင့်ရင် yokai အကြောင်းတွေကို ရေးကောင်းရေးအုံးမှာဖြစ်ပေမယ့် လောလောဆယ်မှာတော့ ဒီမှာ Nurarihyon အကြောင်းနဲ့ပဲ နိဂုံးချုပ်ထားပါရစေ။

Nurarihyon ကို yokai တွေရဲ့ အကြီးအကဲ ၊ Yokai ပေါင်း တစ်ရာ (သို့) Hyakki Yagyō ရဲ့ခေါင်းဆောင်၊ ဒါမှမဟုတ် ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဝိညာဉ်တွေရဲ့ အရှင်သခင် စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်။ Nurarihyon ဟာ Seto ပင်လယ်ထဲမှာ ကျက်စားခဲ့တဲ့ ပင်လယ်နေသတ္တဝါတစ်မျိုးကနေ အခြေခံပြီး ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။

Nurarihyon ရဲ့ အဓိပ္ပာယ်


Nurarihyon ကို hiragana နဲ့ပဲ ぬらりひょん ဆိုပြီး ပေါင်းကြပါတယ်။ အဲ့ဒါက ဘာမှ ရေရေရာရာ အဓိပ္ပာယ်မရှိပါဘူး။ နောက်ပိုင်းမှာတော့ kanji နဲ့ 滑 (namera; slippery; ချောတယ်၊ ချော်တယ်) ဆိုတဲ့ စာလုံးနဲ့ 瓢 (hyo; gourd; ဘူးသီး) ဆိုတဲ့ စာလုံးနှစ်ခုကို ပေါင်းပြီး ရေးကြပါတယ်။  “Hyon” က "ပင်လယ်ပေါ်မှာ ပေါလော ပေါ်နေတယ်"  ဆိုတဲ့ တခြား အဓိပ္ပာယ်လဲရှိပါတယ်။ ဒါမှမဟုတ်လဲ "Hyon" ဘူးသီး ဆိုတာဟာ Nurarihyon ရဲ့ ထူးခြားတဲ့ ခေါင်းပုံစံကို တင်စားပြီး ခေါ်ဝေါ်တာလားတော့ မပြောနိုင်ပါဘူး။ ဒါတင်မက Edo ခေတ်ရဲ့ ဂျပန်-ပေါ်တူဂီ အဘိဓာန်ထဲမှာတော့ "Hyon" ကို "ထူးဆန်းတယ်" ဆိုပြီး ဘာသာပြန်ထားတယ်လို့ ဆိုပါတယ်။ တချို့မှတ်တမ်းတွေမှာ "Nurarin" ၊ "Nurihyon" ဆိုပြီး ရေးတတ်ကြပါတယ်။ ဒါကြောင့် ဖြစ်နိုင်တာကတော့ ဟိုးအရင်က ဆင်တူယိုးမှား နာမည်နဲ့ yokai နှစ်မျိုးရှိခဲ့ပြီး ကာလကြာရှည်သွားတဲ့ အခါမှာတော့ အဲ့နှစ်မျိုးကနေ တစ်မျိုးဖြစ်သွားပုံရပါတယ်။

ပင်လယ်နေသတ္တဝါ Nurarihyon - ဟိုးအရင်ကတော့ Nurarihyon ကို Seto ပင်လယ်ပြင်မှာ နေတဲ့ သတ္တဝါလို့ ဆိုကြပါတယ်။ တချို့ကတော့ Nurarihyon က Jelly-fish ရဲ့ yokai version ဆိုပြီး ပြောပါတယ်။

မျက်နှာမဲ့ Nurarihyon - ukiyoe-zoshi Koshiki Haidokubara (好色敗毒散)  ထဲမှာ Nurarihyon အကြောင်း ဖော်ပြထားတဲ့ စာတစ်ကြောင်း ရှိပါတယ်။ အဲ့ဒါကတော့ Nurarihyon ရဲ့ မျက်နှာက ငါးခူနဲ့တူပြီး မျက်လုံးတွေ ပါးစပ်တွေ မရှိဘူးလို့ ဆိုပါတယ်။

အိမ်ကို လာတတ်တဲ့ ဧည့်သည် Nurarihyon - Nurarihyon ရဲ့ အမူအကျင့်ကိုတော့ အောက်ပါအတိုင်း ဖော်ပြတတ်ကြပါတယ်။ သူဟာ လူနေအိမ်ပေါ်လာတတ်ပြီး စားပွဲရှေ့မှာ အကျအန ထိုင်ပြီး ရေနွေးကြမ်းကို စိမ်ပြေနပြေ သောက်လေ့ရှိပါသတဲ့။ Nurarihyon ရဲ့ ပုံစံကတော့ Toriyama Seiken ဆိုတဲ့ ပန်းချီဆရာဆွဲခဲ့တဲ့ ပုံကနေ အစပြုခဲ့ပုံရပါတယ်။ အဲ့ပုံက ခေါင်းအကြီးကြီးနဲ့ အဘိုးကြီးတစ်ဦး ထိုင်နေတဲ့ ပုံဖြစ်ပါတယ်။ ပုံရဲ့ နာမည်ကတော့ Nurarihyon မဟုတ်ပဲ "Nurihyon" လို့ပဲ ရေးထားပြီး တခြား ဘာမှ မရေးထားပါဘူး။

Nurarihyon က yokai အပေါင်းရဲ့ အရှင်သခင်တဲ့လား? - 1970 လောက်က ထုတ်ခဲ့တဲ့ Yokai စွယ်စုံကျမ်းမှာ Nurarihyon ကို yokai တွေရဲ့ ခေါင်းဆောင်ဆိုပြီး ဖော်ပြထားပါတယ်။ Nurarihyon က အခုနောက်ပိုင်းခေတ်မှသာ ဒီလို ခေါင်းဆောင်အနေနဲ့ ပြောလာကြတာဖြစ်ပြီး Edo ခေတ် တုန်းကတော့ မထင်မရှား သာမန် yokai မျှသာ ဖြစ်ပါတယ်။ ဒါဟာ Mizuki Shigeru ရဲ့ manga အောင်မြင်မှု အစွမ်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်လို့ ပြောရင်လဲ မမှားပါဘူး။ Mizuki Shigeru ရဲ့ manga ဖြစ်တဲ့ Gegege no Kitaro ထဲမှာ Nurarihyon ကို နောက်ပိုင်းမှာ Yokai တွေရဲ့ ခေါင်းဆောင်အဖြစ် ဖော်ပြထားပါတယ်။ Nurarihyon ကို Yokai ခေါင်းဆောင်အဖြစ်နဲ့ ယခုအချိန်အထိ လက်ခံနေကြဆဲပါ။

Yokai ပေါင်းတစ်ရာ Hyakki Yagyō ရဲ့ ခေါင်းဆောင်? - Nurarihyon က Hyakki Yagyō ရဲ့ ခေါင်းဆောင် မဖြစ်နိုင်ဘူးလို့ ဆိုပါရစေ။ ဘာကြောင့်လဲဆိုတော့ Yokai ပေါင်းတစ်ရာရဲ့ ပုံတွေထဲမှာ Nurarihyon ကို ခေါင်းဆောင်အနေနဲ့ ထားဖို့ ဝေးစွ၊ သူ့ပုံတောင် မပါ, ပါဘူး။ Edo ခေတ်လောက် ရောက်မှသာ Sagae Masumi ရဲ့ စာအုပ်ထဲမှာ Nurarihyon ကို Hyakki Yagyō တွေနဲ့ အတူတူ ဖော်ပြထားတာ တွေ့ရမှာပါ။ အဲ့ထဲမှာ ရေးထားတာကတော့ "တိမ်တွေဖုံးအုပ်ပြီး မိုးဖွဲဖွဲလေး ရွာတဲ့ ညတွေမှာ Nurarihyon ၊ Otoroshi နဲ့ Nozuchi အစရှိတဲ့ yokai တွေဟာ yokai ပေါင်းတစ်ရာနဲ့ အတူ ထွက်ပေါ်လာတတ်ကြပါတယ်" လို့ ဆိုထားပါတယ်။

ဒါ့အပြင် Nurarihyon no Mago (သို့) Nura: Rise of the Yokai Clans  manga ထဲမှာ Nurarihyon ကို Hyakki Yagyō ရဲ့ ခေါင်းဆောင် အဖြစ်နဲ့ထား ထားပြီး အဲ့ manga ရဲ့ အောင်မြင်မှုနဲ့အတူ Nurarihyon ကလဲ yokai တစ်ရာရဲ့ ခေါင်းဆောင် အနေနဲ့ ဖော်ပြလာခဲ့ကြပါတယ်။

Ref: http://hyakumonogatari.com/2014/11/17/nurarihyon-the-slippery-gourd/

Comments

Popular posts from this blog

Lookism