ဂျပန်ရာဇဝင် - Kamakura ခေတ်

 သက္ကရာဇ် 1185 မှာ Minamoto Yoritomo ဟာ Gempei စစ်ပွဲရဲ့ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ Dan-no-ura ဆိုတဲ့ ရေကြောင်းတိုက်ပွဲမှာ ပြိုင်ဖက်ဖြစ်တဲ့ Taira clan ကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲ့နောက် 1192 မှာတော့ ဧကရာဇ်ဟာ Minamoto ကို "Seii Tai-Shogun" ဆိုတဲ့ ဘွဲ့ကို ချီးမြှင့်ခဲ့တဲ့အတွက် သူဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော Shogun ဖြစ်လာခဲ့ပါတယ်။ Minamoto ဟာ Kwanto ပြည်နယ် Kamakura မြို့မှာ အခြေချပြီး အရပ်ရပ်က daimyo တွေကို အုပ်ချုပ်ခဲ့ပါတယ်။ Minamoto ဟာ Hojo မိသားစုက Hojo Masako ဆိုတဲ့ အမျိုးသမီးတွေနဲ့ လက်ထပ်ခဲ့ပါတယ်။ Minamoto သေဆုံးပြီးနောက်မှာတော့ Hojo clan က ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်ရေးကို စီမံခဲ့ပါတယ်။


Hojo တွေ အုပ်ချုပ်နေတဲ့ အချိန်ဟာ အာရှမှာ မွန်ဂိုတွေ အင်အားကြီးလာတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ တိုက်တိုင်းအောင်ဖြစ်နေတဲ့ မွန်ဂိုတွေဟာ တရုတ်ပြည်နဲ့ ကိုရီးယားကို သိမ်းပြီးနောက်မှာတော့ ဂျပန်ကိုပါ သိမ်းဖို့ ကြံလာခဲ့ပါတယ်။ မွန်ဂိုဘုရင် ကူဗလိုင်ခန် (Kublai Khan) ဟာ သင်္ဘောပေါင်းများစွာဆောက်စေခဲ့ပြီး စစ်တိုက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။ 1274 မှာတော့ မွန်ဂိုတွေဟာ ကြီးမားတဲ့ ရေတပ်နဲ့ ဂျပန်ကို ဝင်တိုက်ဖို့ အတွက် Kyushu မှာ ဆိုက်ကပ်ခဲ့ပါတယ်။ နာရီအနည်းငယ်တိုက်ပြီးနောက်မှာတော့ လေမုန်တိုင်းကြောင့် မွန်ဂိုတွေရဲ့ သင်္ဘောတွေဟာ ပျက်စီးပြီး တပ်ပြန်ဆုတ်ခဲ့ရပါတယ်။  1281 မှာ မွန်ဂိုတွေဟာ နောက်တစ်ကြိမ်တိုက်ဖို့ ဝင်လာပြန်ပါတယ်။ ဒီတစ်ချိန်မှာလဲ ရာသီဥတု ဆိုးရွားမှုကြောင့် တပ်ခေါက်ပြီး ပြန်သွားရပါတယ်။ ဒီလို မွန်ဂိုတွေ ကျူးကျော်တဲ့အခါမှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းကို "နတ်ဘုရားရဲ့ မုန်တိုင်း" (Kamikaze) လို့ နာမည် ပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဂျပန်တွေဟာ မွန်ဂိုတွေနောက်တစ်ကြိမ် လာတိုက်ရင် ခုခံဖို့ စစ်ရေးအတွက် ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့်လဲ မွန်ဂိုတွေဟာ သူတို့တိုင်းပြည်မှာတင် ဖြေရှင်းစရာ ပဋိပက္ခတွေ ရှိနေတဲ့အတွက် ဂျပန်ကို နောက်ထပ် ခြေဦးမလှည့်ခဲ့တော့ပါဘူး။


မွန်ဂိုတွေကို အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်ခဲ့ပေမယ့်လည်း စစ်ရေးအတွက် ငွေအကုန်အကျ အများကြီးရှိတဲ့အတွက် နိုင်ငံရဲ့ ဘဏ္ဍာရေးဟာ ထိခိုက်ခဲ့ပြီး စီးပွားရေးဟာ ယိမ်းယိုင်လာခဲ့ပါတယ်။ တိုင်းပြည်ဟာလဲ ဆင်းရဲသွားပြီး Kamakura အစိုးရရဲ့ တန်ခိုးအရှိန်အဝါဟာ မှေးမှိန်လာခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က daimyo တွေဟာလည်း Kamakura အစိုးရအပေါ် သစ္စာခံ မဟုတ်တော့ပဲ ထင်တိုင်းကြဲလာခဲ့ပါတယ်။ 1333 မှာတော့ ဧကရာဇ် Go-Daigo ဟာ Kamakura အစိုးရကို ဖြုတ်ချခဲ့ပြီး ဘုရင်အုပ်ချုပ်ရေးစနစ် ပြန်ဖြစ်လာခဲ့ပါတယ်။

References




3. ကမ္ဘာ့သမိုင်း အခြေပြ - ဦးဝင်းစိန်။ စာ ၁၈-၂၇

Comments

Popular posts from this blog

Lookism