ဂျပန်ရာဇဝင် - Muromachi ခေတ် (1333 - 1573)

1333 မှာ Kamakura အစိုးရကို ဖြုတ်ချပြီးနောက် ဧကရာဇ် Go-Daigo ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရလာခဲ့ပါတယ်။ ဒါပေမယ့် Go-Daigo ဟာ အရည်အချင်းမရှိတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ အာဏာက တာရှည်မခံခဲ့ပါဘူး။ Kamakura အစိုးရကို တိုက်တုန်းက ဘုရင့်ဘက်က ပါဝင်ခဲ့တဲ့ နယ်စား Ashikaga Takauji ဟာ ပုန်ကန်ခဲ့ပြီး 1336 မှာ မြို့တော် Tokyo ကို သိမ်းနိုင်ခဲ့ပါတယ်။ ဘုရင် Go-Daigo ဟာ Tokyo တောင်ပိုင်းဖြစ်တဲ့ Yoshino အရပ်ကို ပြေးသွားပြီး အဲ့မှာ တောင်ဘက်နန်းတွင်း တည်ထောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Takauji ဟာ Kyoto မှာ ရုပ်သေးဘုရင်တစ်ပါးကို တင်မြောက်ခဲ့ပါတယ်။
1338 မှာတော့ Takauji ဟာ Shogun ရာထူးကို ရလာခဲ့ပြီး Kyoto မှာ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဆောက်အဦးတွေ တည်ရှိခဲ့တဲ့ Muromachi ရပ်ကွက်ကို အစွဲပြုပြီးတော့ ဒီခေတ်ကို Muromachi ခေတ်လို့ ခေါ်ခဲ့ကြပါတယ်။
Ashikaga တွေဟာ Shogun ဖြစ်လာခဲ့ပေမယ့်လည်း တိုင်းပြည်မှာ ဘုရင်က တောင်ဘုရင်နဲ့ မြောက်ဘုရင်ဆိုပြီး နှစ်ပါးဖြစ်နေခဲ့ ပြီး အုပ်စုနှစ်စု ကွဲနေခဲ့ပါတယ်။ "ဗုံလုံတစ်လှည့်၊ ငါးပျံတစ်လှည့်" ဆိုသလိုပဲ အဲ့နှစ်ဖွဲ့ဟာ အရှုံးအနိုင်မကွဲခဲ့ကြပဲ နှစ်ငါးဆယ်ကျော်ကြာ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး 1392 မှာတော့ တောင်ပိုင်းက လက်နက်ချသွားခဲ့ပြီး တိုင်းပြည်ဟာ တစ်စုတစ်စည်းတည်း ပြန် ဖြစ်သွားခဲ့ပါတယ်။

Ashikaga Yoshimitsu (1368 - 1408) ရဲ့ လက်ထက်မှာ Muromachi အစိုးရရဲ့ အာဏာက အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ 1368 မှာ တရုတ်တွေဟာ မွန်ဂိုတွေကို တိုက်ထုတ်ပြီးနောက် "မင် မင်းဆက်" (Ming Dynasty) ကို တည်ထောင်ခဲ့ပါတယ်။ မွန်ဂိုလက်ထက်ကတည်းက တရုတ်နဲ့ စီးပွားရေး မလုပ်တော့တဲ့ ဂျပန်ပြည်ဟာ အသစ်တက်လာတဲ့ မင် (Ming) အစိုးရနဲ့ ကုန်အရောင်းအဝယ်ကို ပြန်စတင်ခဲ့ပါတယ်။ ကုန်သွယ်မှုနဲ့ အတူ တရုတ်ပြည်ကနေ သာသနာပြု ရဟန်းတွေလဲ ဝင်ရောက်လာပြီး Muromachi ခေတ်မှာ "ဇန် ဗုဒ္ဓဘာသာ" (Zen Buddhism) ပြန့်ပွားလာခဲ့ပါတယ်။

Ashikaga တွေဟာ ဥပဒေ ပြုပြင်ပြောင်းလဲမှုသိပ်မလုပ်ပဲ သူတို့ရှေ့က Kamakura အစိုးရအတိုင်းပဲ အုပ်ချုပ်ခဲ့ပါတယ်။ Kamakura အစိုးရထက် နန်းတွင်းမှာ အာဏာပိုရှိခဲ့ပေမယ့်လည်း အခြား နယ်စားတွေ အပေါ်မှာတော့ ဩဇာလွှမ်းမိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဂျပန်ပင်လယ်မှာ ပင်လယ်ဓားပြတွေ သောင်းကျန်းနေခဲ့ပြီး ကုန်သွယ်မှုကို အနှောင့်အယှက်ပေးတဲ့အတွက် မင် တရုတ်ဘက်ကကော၊ ကိုရီးယားဘက်ကပါ ဒီကိစ္စကို ဖြေရှင်းပေးဖို့ Ashikaga အစိုးရကို တောင်းဆိုခဲ့ပေမယ့်လည်း ဘာမှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပင်လလ်ကမ်းခြေတစ်ဝိုက်မှာရှိတဲ့ Kotsuna ၊ Kiyomori စတဲ့ clan တွေဟာ ပင်လယ်ဓားပြတွေကို အားပေးခဲ့ပြီး အဲ့ကနေပဲ အမြတ်အစွန်းတွေ ရခဲ့ပါတယ်။

15 ရာစုနဲ့ 16 ရာစုကြားမှာတော့ Ashikaga အစိုးရရဲ့ အာဏာဟာ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်လာခဲ့ပြီး မြို့တော်ဖြစ်တဲ့ Kyoto တစ်ဝိုက်မှာပဲ ဩဇာ ရှိခဲ့ပါတော့တယ်။ နယ်ပယ်တွေ အစိတ်စိတ်အမွှာမွှာကွဲသွားပြီး Daimyo လို့ ခေါ်တဲ့ နယ်စားတွေဟာ သူတို့ အာဏာပိုရဖို့အတွက် အင်အားတွေ ချဲ့ထွင်လာကြတဲ့အခါ ပြည်တွင်းစစ်တွေ ဖြစ်လာပါတော့တယ်။ ဒီလို ပြည်တွင်းစစ် အနိဌာရုံ လွှမ်းခဲ့တဲ့ Muromachi ခေတ်ရဲ့ နောက်ပိုင်းနှစ်တွေကိုတော့ Sengoku ခေတ်လို့ ခေါ်ကြပါတယ်။ အရှေ့ဘက်မှာ Takeda ၊ Uesugi နဲ့ Hojo ၊ အနောက်ဘက်မှာ Ouchi ၊ Mori ၊ Hosokawa စတဲ့ clan တွေဟာ Sengoku ခေတ်မှာ တန်ခိုးအာဏာကြီးတဲ့ clan တွေ ဖြစ်ခဲ့ပါတယ်။

1542 Kyushu ကျွန်းမှာ ပထမဆုံး ပေါ်တူဂီ (Portuguese) သင်္ဘော ဆိုက်ကပ်ခဲ့ပြီး အနောက်တိုင်းလက်နက်တွေအပြင် ခရစ်ယာန် သာသနာပြုတွေပါ, ပါလာခဲ့ပါတယ်။ 1549-50 မှာ ခရစ်ယာန် သာသနာပြုတစ်ဦး ဖြစ်တဲ့ Francis Xavier ဟာ Kyoto ကို သွားရောက်ခဲ့ပါတယ်။ ဒီလို ခရစ်ယာန်ဘာသာ ဝင်ရောက်လာမှုအပေါ် ဗုဒ္ဓဘာသာ ဘက်က ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့်လည်း အနောက်ဘက်တစ်လွှားက Daimyo တွေဟာ စစ်တပ်အင်အားတိုးချဲ့ဖို့အတွက် အနောက်နိုင်ငံတွေနဲ့ ဝမ်းပန်းတသာ ဆက်ဆံခဲ့ပါတယ်။

16 ရာစုအလယ်မှာတော့ ဂျပန်ကို ပြန်လည်စုစည်းနိုင်မယ့် လူသုံးဦး ပေါ်ထွန်းလာခဲ့ပါတယ်။ သူတို့ကတော့ Oda Nobunaga ၊ Toyotomi Hideyoshi နဲ့ Tokugawa Ieyasu တို့ပဲ ဖြစ်ပါတယ်။ 1573 မှာ Nobunaga ဟာ Kyoto ကို သိမ်းပြီး ဆယ့်ငါးယောက်မြောက် Ashikaga shogun ဖြစ်တဲ့ Ashikaga Yoshiaki ကို မြို့တော်က မောင်းထုတ်ခဲ့ပြီးနောက် Muromachi ခေတ် ပြီးဆုံးသွားခဲ့ပါတယ်။

References


1. https://en.wikipedia.org/wiki/History_of_Japan

2. http://www.japan-guide.com/e/e2134.html

Comments

Popular posts from this blog

Lookism