သုံးနိုင်ငံခေတ်(၄၄)

အခန်း(၄၄) "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျိုးယွီ"(Zhou Yu) အား လှုံ့ဆော်ခြင်း။ "စွန်းချွမ်"(Sun Quan) သည် "ချောင်ချောင်း"(Cao Cao) ကိုတိုက်ရန်ဆုံးဖြတ်လိုက်ခြင်း။

ဝူအမျိုးသမီး၏နောက်ဆုံးစကားမှာ -
"အတွင်းရေးကိစ္စဆိုရင် ကျန်းကျောက်(Zhang Zhao) နဲ့တိုင်ပင်ပြီး ပြင်ပကိစ္စဆိုရင်တော့ ကျိုးယွီ(Zhou Yu) ရဲ့အကူအညီယူပါ" ဟူ၍ဖြစ်သည်။ သို့နှင့် "ကျိုးယွီ"(Zhou Yu) ကိုဆင့်ခေါ်လိုက်သည်။
"ကျိုးယွီ"(Zhou Yu) မှာ လမ်းခရီးတွင်ရောက်နေခဲ့ပြီဖြစ်သည်။ ပထမသော် ဖိုရန်ရေကန်တွင် ရေတပ်လေ့ကျင့်နေခဲ့သော်လည်း "ချောင်ချောင်း"(Cao Cao) စစ်ချီတက်လာသောသတင်းကိုကြားသည်နှင့် ချက်ချင်းပြန်လာခြင်းဖြစ်သည်။ "ကျိုးယွီ"(Zhou Yu) ရောက်သည်နှင့် မိတ်ဆွေဖြစ်သော "လူဆု"(Lu Su) မှသွားတွေ့သည်။ "ကျိုးယွီ"(Zhou Yu) မှ
"စိတ်မပူပါနဲ့၊ ကျုပ်ဒီကိစ္စကိုဖြေရှင်းနိုင်မှာပါ။ ခင်ဗျား ကျူးကဲလျန့်(Zhuge Liang) ကိုခေါ်လာခဲ့ပါ" ဟု ပြောလိုက်သည်။

"ကျိုးယွီ"(Zhou Yu) ပြန်ရောက်သောသတင်းကိုကြားသည်နှင့် ဧည့်သည်များတဖွဲဖွဲရောက်လာသည်။ ပထမဆုံးရောက်လာသောသူတို့မှာ "ကျန်းကျောက်"(Zhang Zhao) ၊ "ကျန်းဟုန်"(Zhang Hong) ၊ "ကူယုံ"(Gu Yong) နှင့် "ပုကျီ"(Bu Zhi) တို့ဖြစ်သည်။ သာကြောင်းမာကြောင်းပြောပြီးနောက် "ကျန်းကျောက်"(Zhang Zhao) မှ
"ကျွန်တော်တို့အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အကြောင်း ခင်ဗျား ကြားပြီးပြီလား" ဟု စပြောသည်။
"ကျွန်တော် ဘာမှမကြားမိဘူး"
"ချောင်ချောင်း(Cao Cao) က ဟန်မြစ်ကြီးမှာစခန်းချထားတယ်။ ပြီးတော့ ကျွန်တော်တို့သခင်ဆီစာပို့ပြီး ကျန်းရှာမှာ သူနဲ့အတူစစ်တိုက်ဖို့တောင်းဆိုတယ်။ သူက ဒီနယ်မြေကိုသိမ်းဖို့ဆန္ဒရှိကောင်းရှိပေမယ့် အခုထက်ထိတော့ သေချာမသိရသေးဘူး။ ဒါကြောင့် ကျွန်တော်တို့က သခင်ကြီးကိုလက်နက်ချပြီး စစ်ပွဲရှောင်ဖို့အကြံပေးတာ။ ဒါပေမယ့် လူဆု(Lu Su) က လျူဘေ့(Liu Bei) ရဲ့အကြံပေး ကျူးကဲလျန့်(Zhuge Liang) ကိုခေါ်လာတယ်။ ကျူးကဲလျန့်(Zhuge Liang) က သူလတ်တလောစစ်ရှုံးသွားတာကို လက်စားချေဖို့အတွက် ကျုပ်တို့ဝူပြည်နယ်ကိုပါ သူ့ဘက်ပါအောင် စွဲဆောင်တယ်။ လူဆု(Lu Su) ကလည်း စစ်တိုက်ဖို့လိုလားတယ်။ အခု သူတို့က ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကိုပဲစောင့်နေတာ"
"ခင်ဗျားတို့တွေက ဒီလိုပဲမြင်ကြတာလား"
"ကျုပ်တို့အမြင်အကုန်လုံး တူပါတယ်"
"ကျုပ်လည်း လက်နက်ချဖို့ဆန္ဒရှိပါတယ်။ လောလောဆယ်တော့ ခင်ဗျားတို့ပြန်နှင့်ပါဦး။ မနက်ဖြန်မှာ သခင်ကြီးနဲ့သွားတွေ့ပြီး သူ့ကိုတိုက်တွန်းပါ့မယ်"
သို့နှင့် "ကျန်းကျောက်"(Zhang Zhao) တို့အဖွဲ့ပြန်သွားသည်။

ထို့နောက် "ချန်ဖူ"(Cheng Pu) ၊ "ဟွမ်ကိုင်"(Huang Gai) ၊ "ဟန်တန်"(Han Dang) စသော စစ်ဘက်ဆိုင်ရာအမှုထမ်းတို့ရောက်လာသည်။ ထို့နောက် ခေါင်းဆောင် "ချန်ဖူ"(Cheng Pu) မှ
"ကျုပ်တို့ပြည်နယ် သူများလက်အောက်ရောက်တော့မယ်ဆိုတာသိလား" ဟု ပြောသည်။
"ဘာမှမကြားမိပါဘူး"
"ကျုပ်တို့က ဒီနယ်မြေမှာ စွန်းချွမ်(Sun Quan) ရဲ့ဩဇာမြဲအောင်စစ်တိုက်ခဲ့တယ်။ ဒီနယ်မြေကိုရဖို့ စစ်ပွဲပေါင်းများစွာကိုအရင်းပြုခဲ့ရတယ်။ အခုတော့ အရပ်သားအမှုထမ်းတွေက လက်နက်ချဖို့ကြံနေကြတယ်လေ။ ဒါက အင်မတန်ရှက်စရာကောင်းတဲ့အပြုအမူပဲ။ ဒီလိုအညံ့ခံမယ့်အစား အသက်သာအသေခံမယ်။ ဒါကြောင့် ခင်ဗျားလည်း စစ်တိုက်ဖို့အတွက်ကိုဆုံးဖြတ်စေချင်တယ်"
"ခင်ဗျားတို့အကုန်လုံးက စစ်တိုက်ဖို့ဆန္ဒရှိတာလား"
ထိုအခါ "ဟွမ်ကိုင်"(Huang Gai) မှ
"ကျုပ်ခေါင်းကိုယူသွားလို့ရမယ်။ ဘယ်တော့မှလက်နက်မချဘူး" ဟု ပြောသည်။ အခြားသောသူတို့မှလည်း
"ကျွန်တော်တို့လက်နက်ချဖို့စိတ်ကူးမရှိပါဘူး" ဟု ဆိုကြသည်။
"ကျုပ်လည်း ချောင်ချောင်း(Cao Cao) နဲ့တိုက်ဖို့အစီအစဉ်ရှိပါတယ်။ အခုတော့ စစ်သူကြီးတို့ပြန်နားကြပါဦး။ နက်ဖြန်မှာမှ သခင်ကြီးနည့်သွားတွေ့ပြီး စစ်တိုက်ဖို့ပြောပါ့မယ်"
သို့နှင့် ထိုအဖွဲ့ပြန်သွားပြန်သည်။

မကြာမီပင် "ကျူးကဲကျင့်"(Zhuge Jin) ၊ "လုဖန်"(Lu Fan) စသည့်သူတို့ပါဝင်သည့်အဖွဲ့ရောက်လာပြန်သည်။ ဧည့်ဝတ်စကားတို့ဆိုကြပြီးနောက် "ကျူးကဲကျင့်"(Zhuge Jin) မှ
"ကျွန်တော့်ရဲ့ညီက ဒီကိုရောက်လာတာက ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့မဟာမိတ်ဖွဲ့ချင်လို့ပါ။ ကျွန်တော်ဘယ်ဘက်ကိုပါရမလည်းမသိဘူး။ ဒါကြောင့် ခင်ဗျားရဲ့အဆုံးအဖြတ်ကိုစောင့်နေတာ" ဟု ပြောသည်။
"ခင်ဗျားက ဘယ်လိုထင်လဲ"
"လက်နက်ချတာက ငြိမ်းချမ်းမှုအတွက် အလွယ်လမ်းပါပဲ။ စစ်ပွဲကတော့ ရလဒ်မပြောနိုင်ဘူး"
"ကျိုးယွီ"(Zhou Yu) မှ ပြုံးကာ
"ကျုပ်ဆုံးဖြတ်ပြီးပါပြီ။ မနက်ဖြန်မှာတော့ သခင်ကြီးရဲ့အိမ်တော်ကိုသွားပြီး အဆုံးအဖြတ်ကိုကျေညာစေပါ့မယ်" ဟုပြောသည်။ သို့နှင့် ထိုအဖွဲ့ထွက်သွားကြသည်။

ထို့နောက် "လွီမန်"(Lu Meng) ၊ "ကန်းနင်"(Gan Ning) နှင့်ထိုသူတို့ကိုထောက်ခံသူတို့ရောက်လာကြသည်။ ထိုသူတို့ကလည်း ထိုစစ်တိုက်မည်၊ မတိုက်မည်ကိုလာဆွေးနွေးကြခြင်းဖြစ်သည်။ ထိုအထဲတွင် တိုက်လိုသူတို့ပါဝင်သလို၊ မတိုက်ချင်ကြသူများလည်းရှိသည်။ ထိုသူတို့ကို "ကျိုးယွီ"(Zhou Yu) မှ
"အခုတော့ ဘာမှမပြောသေးပါဘူး။ မနက်ဖြန်မှာတော့ ညီလာခံမှာ ဒါကိုဆွေးနွေးကြတာပေါ့" ဟု ပြောပြီးပြန်လွှတ်လိုက်သည်။ ထိုသူတို့ထွက်သွားသော် "ကျိုးယွီ"(Zhou Yu) မှာ ပြုံးနေသည်။

ပြီးနောက်တွင်မူ "လူဆု"(Lu Su) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ရောက်လာကြသည်။ "လူဆု"(Lu Su) မှစပြီး
"ချောင်ချောင်း(Cao Cao) က တောင်ပိုင်းကိုအင်အားအလုံးအရင်းနဲ့ရောက်လာပြီ။ ကျုပ်တို့သခင်ကြီးက စစ်တိုက်ဖို့ကို ဝေခွဲမရဖြစ်ပြီး ခင်ဗျားကိုစောင့်နေတယ်။ ခင်ဗျားကရောဘယ်လိုမြင်လဲ" ဟု "ကျိုးယွီ"(Zhou Yu) ကိုမေးသည်။
"ချောင်ချောင်း(Cao Cao) မှာ ဘုရင့်အမိန့်ရှိတယ်ဆိုတော့ သူ့ကိုခုခံဖို့မသင့်တော်ဘူး။ နောက်ပြီး သူ့တိုက်ဖို့က အန္တရာယ်များတယ်။ ဒါကြောင့် ကျုပ်က လက်နက်ချရင်ကောင်းမလားလို့တွေးမိတယ်"
"ဒါမှားတယ်။ ဆွေစဉ်မျိုးဆက်သုံးဆက်လုံးက ဒီနယ်မြေကိုအုပ်ချုပ်လာခဲ့ပြီးပြီ။ ရုတ်တရတ်ကြီး တခြားသူလက်ထဲမလွှဲသင့်ဘူး။ ကွယ်လွန်သွားပြီဖြစ်တဲ့ သခင်ကြီး စွန်းချဲ့(Sun Ce) က ပြင်ပကိစ္စတွေမှာ ခင်ဗျားနဲ့တိုင်ပင်ရင် ဒီနယ်မြေက ထိုက်စန်းတောင်လိုပဲ မားမားမတ်မတ်ရပ်တည်နိုင်မယ်လို့ပြောခဲ့တယ်။ ခင်ဗျားပါးစပ်က လက်နက်ချမယ်ဆိုတဲ့စကားထွက်လာလိမ့်မယ်လို့မထင်မိဘူး"
"ပြည်နယ်ခြောက်ခုမှာ လူတွေအများကြီးနေထိုင်ကြတယ်။ စစ်ဖြစ်ရင် အဲ့လူတွေပဲဒုက္ခရောက်မှာဖြစ်ပြီး သူတို့လည်း စစ်ပွဲကိုလိုလားမှာမဟုတ်ဘူး။ ဒါကြောင့် ကျုပ်က လက်နက်ချဖို့အကြံပေးတာပါ"
"ဒါပေမယ့် ခင်ဗျားက ကျုပ်တို့သခင်ကြီးရဲ့အစွမ်းအစနဲ့ ပြည်နယ်ရဲ့အင်အားကိုထည့်မတွက်ဘူးလား။ ချောင်ချောင်း(Cao Cao) ကတိုက်တယ်ဆိုဦးတော့၊ ကျုပ်တို့ကိုအောင်နိုင်ဖို့ဆိုတာ မလွယ်ဘူး"

ထိုသူနှစ်ဦးတို့က အငြင်းအခုံဖြစ်နေသော်လည်း "ကျူးကဲလျန့်"(Zhuge Liang) သည် မည်သို့မျှဝင်မပြောပဲ ပြုံးကာနေသည်။ ထိုအခါ "ကျိုးယွီ"(Zhou Yu) မှ
"ဒီကဆရာကြီးက ဘာလို့ပြုံးရတာလဲ" ဟု မေးသည်။
"ကျွန်တော်ပြုံးတာက ခေတ်အခြေအနေကိုနားမလည်တဲ့ လူဆု(Lu Su) ကြောင့်ပါ"
ထိုအခါ "လူဆု"(Lu Su) မှဝင်ပြီး
"ခင်ဗျားက ဘာလို့ဒီလိုပြောရတာလဲ" ဟု မေးသည်။

"ကျူးကဲလျန့်"(Zhuge Liang) : "ဘာလို့လည်းဆိုတော့ လက်နက်ချတာကလည်း မကောင်းတာတော့မဟုတ်ပါဘူး။ အင်မတန်သင့်မြတ်တဲ့အကြံပါပဲ"
"ကျိုးယွီ"(Zhou Yu) : "တွေ့လား။ ကျူးကဲလျန့်(Zhuge Liang) က အခြေအနေနဲ့အချိန်အခါကိုနားလည်တယ်။ ကျုပ်နဲ့သဘောထားတိုက်ဆိုင်တယ်"
"လူဆု"(Lu Su) : "ခင်ဗျားတို့နှစ်ယောက်လုံးက ဘာလို့ဒီလိုပြောရတာလဲ"
"ကျူးကဲလျန့်"(Zhuge Liang) : "ချောင်ချောင်း(Cao Cao) က ခေါင်းဆောင်ပိုင်းမှာထူးချွန်တယ်၊ ဘယ်သူမှ သူနဲ့မယှဉ်ရဲဘူး။ သူနဲ့ပြိုင်တဲ့လူတွေကနည်းနည်းပဲရှိတယ်။ အဲ့လူတွေထဲမှာလည်း ကျုပ်သခင် လျူဘေ့(Liu Bei) ကလွဲရင် ကျန်တဲ့လူတွေက ဒီလောကကြီးထဲမှာ မရှိတော့ဘူး။ လျူဘေ့(Liu Bei) က အခြေအနေနဲ့အချိန်အခါကိုမသိပဲ ချောင်ချောင်း(Cao Cao) နဲ့တိုက်တယ်။ ရလဒ်က အခု ကျန်းရှာမှာ ခိုလှုံနေရတယ်။ လက်နက်ချတာက ဇနီးနဲ့သားသမီးတွေရဲ့လုံခြုံမှုကိုစိတ်မပူရဘူး၊ တိုင်းပြည်ကြီးရဲ့သာယာဝပြောဖို့အတွက်ကတော့ ကံကိုပဲပုံအပ်လိုက်ပေါ့။ ဒါပေမယ့်လည်း ဒါကိုထည့်စဉ်းစားဖို့မလိုပါဘူး"
"လူဆု"(Lu Su) က ဒေါသထွက်ကာ စကားဖြတ်ပြီး
"ခင်ဗျားက ကျုပ်တို့သခင်ကြီးကို ချောင်ချောင်း(Cao Cao) ရှေ့မှာဒူးထောက်စေမလို့လား" ဟု ပြောသည်။

"ကျူးကဲလျန့်"(Zhuge Liang) မှ
"ဒါဆိုရင်တော့ နောက်တစ်နည်းရှိပါတယ်။ အဲ့နည်းသာသုံးရင် 'သိုးကိုဦးဆောင်ပြီးတော့ အရက်အိုးကိုသယ်ခိုင်း' ဖို့မလိုသလို ပြည်နယ်တွေကို သူများလက်အပ်ဖို့လည်းမလိုပါဘူး။ ခင်ဗျားတို့ကိုယ်တိုင်တောင် မြစ်ကိုဖြတ်ကူးဖို့မလိုဘူး။ ခင်ဗျားလိုတာက သံတမန်တစ်ယောက်ရယ်၊ လှေတစ်စီးရယ်နဲ့ လူနှစ်ယောက်ပဲလိုတယ်။ အဲ့လူနှစ်ယောက်ကိုသာ ချောင်ချောင်း(Cao Cao) ဆီပို့လိုက်ရင် သူတို့ချက်ချင်းတပ်ခေါက်သွားလိမ့်မယ်" ဟု ပြောသည်။ "ကျိုးယွီ"(Zhou Yu) မှ
"ချောင်ချောင်း(Cao Cao) တပ်ခေါက်ပြီး ပြန်သွားစေမယ့် လူနှစ်ဦးက ဘယ်သူပါလိမ့်" ဟုမေးသည်။
"ဒီပြည်နယ်က လူနှစ်ဦးလောက်ကိုစွန့်လွှတ်ရတာကဘာမှမပြောပလောက်ပါဘူး၊ သစ်ပင်တစ်ပင်က သစ်ရွက်တစ်ရွက်စွန့်သလို၊ သိုလှောင်ရုံထဲက ဆန်တစ်စေ့ထွက်သွားသလောက်ပဲရှိမှာပါ။ ချောင်ချောင်း(Cao Cao) သာ အဲ့လူနှစ်ယောက်ကိုရရင် ပျော်ပြီးတပ်ခေါက်ပြန်သွားမှာသေချာတယ်"
"ဒါပေမယ့် အဲ့လူနှစ်ယောက်က ဘယ်သူလဲ"
"ကျွန်တော် ကျေးရွာလေးမှာနေခဲ့တုန်းက ချောင်ချောင်း(Cao Cao) က ကျန်းမြစ်မှာ မျှော်စင်တစ်ခုဆောက်ခဲ့တယ်၊ အဲ့မျှော်စင်နာမည်က ကြေးနီငှက်မျှော်စင်လို့ခေါ်တယ်၊ အဲ့မျှော်စင်က အင်မတန်လှပြီးတော့ အဲ့ထဲမှာ တစ်လောကလုံးက မိန်းမချောမိန်းမလှတွေကို စုထားစေတယ်တဲ့၊ ချောင်ချောင်း(Cao Cao) က တကယ်အလှအပကိုခံစားတတ်တဲ့လူပါပဲ။
အခု ဝူပြည်နယ်မှာ ချောင်(Qiao) မျိုးရိုးကဆင်းသက်လာတဲ့ အင်မတန်ချောမောလှပတဲ့မိန်းကလေးနှစ်ဦးရှိတယ်ကြားတယ်။ ချောင်ချောင်း(Cao Cao) က လောကကြီးမှာ သူအလိုချင်ဆုံးအရာနှစ်ခုရှိတယ်လို့ ပြောခဲ့ဖူးတယ်၊ တစ်ခုက အေးချမ်းနေတဲ့ဘုရင့်အာဏာဖြစ်ပြီးတော့ နောက်တစ်ခုက ကြေးနီငှက်မျှော်စင်မှာ အဲ့မိန်းကလေးနှစ်ဦးရှိနေဖို့ပဲတဲ့။ သူအခုစစ်ချီလာတာရဲ့ရည်ရွယ်ချက်က  တောင်ပိုင်းပြည်နယ်ကိုသိမ်းဖို့ထက် အဲ့မိန်းကလေးနှစ်ဦးကိုသိမ်းဖို့ပဲ။ ဒါကြောင့် သူ့အဖေကနေပြီး အဲ့မိန်းကလေးနှစ်ဦးကိုတောင်းလိုက်ပြီး ချောင်ချောင်း(Cao Cao) ဆီကိုပို့လိုက်ပါလား? သူတို့ရည်ရွယ်ချက်အထမြောက်သွားရင် သူတို့လည်း ပြန်လှည့်သွားလိမ့်မယ်။ ဒီလိုသာဆို ဖန်လီ(Fan Li) က အလှပဂေး ရှီးစီး(Xi Shi) ကိုအသုံးချပြီး ဝူဘုရင်ကိုချေမှုန်းသလိုပဲပေါ့"
["ဖန်လီ"(Fan Li) - ယွဲ့ဘုရင် ကောကျန့်(Guo Jian) ၏အကြံပေးဖြစ်ပြီး ဝူဘုရင် "ဖူကျား"(Fu Zha) ကိုချေမှုန်းရန် အလှမယ် "ရှီးစီး"(Xi Shi) ကို အသုံးချခဲ့သည်။ ဝူကိုအောင်နိုင်ပြီးနောက်တွင်မူ တိုင်းရေးပြည်ရာမှ အနားယူသွားခဲ့သည်။

"ရှီးစီး"(Xi Shi) - ရှေးခေတ်တရုတ်ပြည် အလှဆုံးမိန်းမပျို လေးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ "ဖန်လီ"(Fan Li) ၏အစီအစဉ်ဖြင့် "ရှီးစီး"(Xi Shi) သည် ဝူဘုရင်၏အနှစ်သက်ဆုံးသူဖြစ်လာခဲ့ပြီး ဝူဘုရင်၏သစ္စာရှိအမှုထမ်းများကိုဖယ်ရှားခဲ့သည်။ ဝူတိုင်းပြည်အင်အားနည်းလာသောအခါ ယွဲ့ဘုရင်က ဝူကိုဝင်တိုက်ပြီးအောင်ပွဲခံခဲ့သည်။ ဝူဘုရင်လည်း တိုက်ပွဲတွင် သေဆုံးသွားသည်၊ ဒဏ္ဍာရီအရ နောက်ဆုံးတွင် "ရှီးစီး"(Xi Shi) သည် "ဖန်လီ"(Fan Li) နှင့်အတူပျော်ရွှင်စွာ နေသွားခဲ့သည်ဆို၏။ အချို့မှတ်တမ်းတို့တွင်မူ ဝူဘုရင်သေဆုံးပြီးနောက် "ရှီးစီး"(Xi Shi) သည်လည်း ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်ဟုဆိုသည်။
]

"ကျိုးယွီ"(Zhou Yu) မှ
"ချောင်ချောင်း(Cao Cao) က အဲ့မိန်းကလေးနှစ်ဦးကိုလိုချင်တယ်ဆိုတာ ဘယ်လိုသိလဲ" ဟု မေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ချောင်ချောင်း(Cao Cao) ရဲ့သား ချောင်ကျီ(Cao Zhi) က ကဗျာစာပေ ကျွမ်းကျင်တယ်လေ။ သူ့အဖေရဲ့အမိန့်အရ 'ကြေးနီငှက်မျှော်စင်သို့ဖွဲ့နွဲ့သောကဗျာ' ဆိုပြီးဖွဲ့ခိုင်းတော့ အဲ့ထဲမှာ အဲ့မိန်းကလေးနှစ်ယောက်အကြောင်းကိုပါအောင် ဖွဲ့ခိုင်းခဲ့တယ်လေ။ ကျွန်တော် အဲ့ကဗျာကို အလွတ်မှတ်မိတယ်။ ခင်ဗျားနားထောင်ချင်ရင်တော့ ရွတ်ပြပါ့မယ်" ဟု ပြောသည်။
"ရွတ်ကြည့်ကြည့်ပါ"
သို့နှင့် "ကျူးကဲလျန့်"(Zhuge Liang) သည် ကဗျာကိုစရွတ်လေသည်။
'
ရှေးကမင်းကောင်းမင်းမြတ်တွေရဲ့ခြေလှမ်းအတိုင်း လှမ်းပါရစေ
မျှော်စင်အပေါ်တက်လိုက်ရင် ရင်ထဲမှာကြည်နူးသွားစေတယ်
နန်းတော်ကြီးကို လှမ်းမြင်ရတယ်
အင်မတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးရဲ့အစီအစဉ်တွေကိုကြည့်နိုင်တယ်
သူက မိုးပေါ်အထိထောင်တက်နေတဲ့ အဆောက်အဦးတွေ ဆောက်ခဲ့တယ်
ကောင်းကင်ဘုံကြားမှာ လှပတဲ့အဆောက်အဦးတွေ ဆောက်စေခဲ့တယ်
အနောက်ဘက်က မြို့ပြတွေကို မျက်စိတဆုံးမြင်နိုင်တယ်
ကျန်းမြစ်ကမ်းနံဘေးမှာ အဆောက်အဦးကိုဆောက်ခဲ့တယ်
ဥယာဉ်ထဲမှာလည်း ပေါများတဲ့အသီးအနှံတွေရှိတယ်
ဘေးတစ်ဖက်စီမှာ မျှော်စင်နှစ်ခုရှိတယ်
တစ်ခုက ရွှေဇာမဏီဖြစ်ပြီး ကျန်တစ်ခုက ကျောက်စိမ်းနဂါးဖြစ်တယ်
သူ့မှာ ဝူပြည်နယ်က လှပတဲ့ချောင်အမျိုးသမီးနှစ်ဦးရှိတယ်
သူတို့နဲ့အတူ နံနက်ခင်းနဲ့ညနေခင်းရဲ့အလှကိုကြည်နူးတယ်
အောက်ကိုကြည့်လိုက်ရင် နန်းတော်မြို့ကိုမြင်ရပြီး
မြူတွေအုံ့ဆိုင်းနေတယ်
သူက ပညာရှိတွေစုဝေးတာတာကိုမြင်ရတယ်
ဝင်ဘုရင်ရဲ့အိပ်မက်လိုမျိုးပေါ့
အထက်ကိုကြည့်လိုက်ရင်တော့ နွေဦးရာသီရဲ့အလှကိုတွေ့မယ်
မြောက်များစွာသောငှက်တွေဟာ တေးသံသီကြူးနေကြတယ်
အရာရာတိုင်းရဲ့အထက်မှာ ကောင်းကင်ကြီးရှိနေတယ်
လုပ်ဆောင်ရာမှာ အောင်မြင်မှုကိုလိုလားတယ်
လူသားတွေရဲ့ဩဇာက လောကအနှံ့ကိုဖုံးလွှမ်းစေမယ်
အုပ်ချုပ်သူအပေါ်ကို လေးစားသမှုကိုပေးရမယ်
ဝူဘုရင်နဲ့ဟွမ်ဘုရင်တို့သာလျှင်
သူ့နားလည်မှုနဲ့ယှဉ်နိုင်မယ်
ဒီလိုကံကောင်းမှု၊ ဒီလိုအလှတွေ!
သနားကြင်နာမှုက အရပ်ရပ်ကိုပြန့်စေတယ်
ဘုရင့်မိသားစုကိုထောက်ခံပြီး
နေရာအနှံ့မှာ ငြိမ်းချမ်းစေတယ်
ဟိုးစကြာဝဠာထဲက
နေနဲ့လလို ထွန်းလင်းတောက်ပတယ်
အများရဲ့လေးစားသမှုကိုခံယူပြီး
အရှေ့ဘက်ဧကရာဇ်ဆိုတဲ့ဂုဏ်နဲ့နေထိုင်မယ်
နဂါးအလံက အဆုံးစွန်ထိပျံ့စေပြီးတော့
သူ့ရဲ့လှည်းတော်ယာဉ်ကို ဉာဏ်နဲ့ယှဉ်ပြီးသွားစေတယ်
သူ့အတွေးတွေနဲ့လောကကြီးကိုပြောင်းလဲစေမယ်
ကောင်းမွန်တဲ့ထွက်ကုန်တွေ ထွက်တယ်
လူတွေလည်းကောင်းကောင်းအနားယူနိုင်တယ်
ကျွန်တော့်ဆန္ဒကတော့ ဒီမျှော်စင်ကြီးထာဝရတည်တံ့ဖို့ပါပဲ
ခေတ်တိုင်းခေတ်တိုင်းမှာ ပျော်ရွှင်မှုတွေမစဲပဲနေမယ်'


"ကျိုးယွီ"(Zhou Yu) သည် ထိုကဗျာကို အဆုံးထိနားထောင်ပြီးနောက် ရုတ်တရတ်ထကာ မြောက်ဘက်ကိုလက်ညှိုးထိုးပြီးနောက် ဒေါသဖြင့်
"ဒီ သူပုန်အဘိုးကြီး၊ ကျုပ်ကိုစော်ကားလွန်းတယ်" ဟု ပြောလေသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ဟန်ဘုရင်တောင်မှ ရှုံးနုလူမျိုးတွေရဲ့ခန်(Khan) ဆီကို မင်းသမီးဆက်သပြီး ငြိမ်းချမ်းရေးယူသေးတာပဲ။ ကိုယ့်နယ်မြေအတွက် လူနှစ်ယောက်ကိုစွန့်လွှတ်တာ ဘာမှမဖြစ်ပါဘူး" ဟု ပြောသည်။
"ဒါ ခင်ဗျားမသိဘူး။ ခင်ဗျားပြောတဲ့ ချောင်မိန်းကလေးနှစ်ဦးဆိုတာ အကြီးဖြစ်တဲ့တစ်ယောက်က သေဆုံးသွားတဲ့ကျုပ်တို့သခင် စွန်းချဲ့(Sun Ce) ရဲ့ဇနီးဖြစ်ပြီးတော့ အငယ်ကတော့ ကျွန်တော့်ရဲ့ဇနီးပဲ"
"ကျူးကဲလျန့်"(Zhuge Liang) သည် အင်မတန်အံ့ဩသွားဟန်ဖြင့်
"ကျွန်တော် တကယ်မသိခဲ့ဘူး၊ ဒါအမှားကြီးပဲ၊ လုံးဝအပြစ်ကြီးပဲ" ဟု ဆိုသည်။
"ကျုပ်နဲ့အဲ့သူပုန် နှစ်ယောက်ထဲက တစ်ယောက်သေမှဖြစ်မယ်"
"ဒါက သေသေချာချာတွေးပြီးမှ ဆုံးဖြတ်သင့်တယ်၊ အလျင်စလိုမလုပ်သင့်ဘူး"
"ကျုပ်က အရင်သခင် စွန်းချဲ့(Sun Ce) ရဲ့ယုံကြည်မှုအပြည့်အဝရထားတယ်။ ဒါကြောင့် ချောင်ချောင်း(Cao Cao) လိုလူအောက်မှာ ဒူးမထောက်နိုင်ဘူး။ ကျုပ်ခုနကပြောခဲ့တာတွေက ခင်ဗျားရဲ့အခြေအနေကိုသိချင်လို့။ ကျုပ် ဖိုရန်ရေကန်မှာ ရေတပ်ကိုလေ့ကျင့်တာက ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့အတွက်ပဲ။ ဒါကြောင့် ခင်ဗျားက ကျုပ်ကိုကူညီပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်မယ်လို့ယုံကြည်ပါတယ်"
"ဒါ ငြင်းစရာအကြောင်းမရှိပါဘူး။ ကျွန်တော်ကူညီနိုင်သလောက် ကူညီပါ့မယ်၊ ချောင်ချောင်း(Cao Cao) ကိုချေမှုန်းဖို့အကြံပေးလို့ရတယ်"
"မနက်ဖြန်မှာ ကျွန်တော် သခင်ကြီးနဲ့သွားတွေ့ပြီး ဆွေးနွေးရမယ်"
"ကျူးကဲလျန့်"(Zhuge Liang) နှင့် "လူဆု"(Lu Su) တို့လည်း ထွက်သွားကြသည်။

နောက်ရက် အရုဏ်တက်ချိန်တွင် "စွန်းချွမ်"(Sun Quan) သည် အမှုထမ်းတို့အားစုဝေးစေသည်။ အမှုထမ်းစုစုပေါင်းခြောက်ဆယ်ရှိပြီး စစ်ဘက်ဆိုင်ရာအမှုထမ်းတို့က ဘယ်ဘက်တွင်နေရာယူပြီး အရပ်သားအမှုထမ်းတို့က ညာဘက်တွင် နေရာယူထားသည်။ စစ်ဘက်ဆိုင်ရာအမှုထမ်းတို့၏ခေါင်းဆောင်မှာ "ချန်ဖူ"(Cheng Pu) ဖြစ်ပြီး အရပ်သားအမှုထမ်းတို့၏ခေါင်းဆောင်မှာ "ကျန်းကျောက်"(Zhang Zhao) ဖြစ်သည်။ မကြာမီပင် "ကျိုးယွီ"(Zhou Yu) ဝင်လာသည်။ "ကျိုးယွီ"(Zhou Yu) မှ
"ချောင်ချောင်း(Cao Cao) က ရန်စီမြစ်နားမှာစခန်းချထားပြီး သခင်ကြီးဆီကို သဝဏ်လွှာပို့တဲ့အပေါ်ကို သခင်ကြီးကဘယ်လိုသဘောရပါသလဲ" ဟုပြောသည်။ ထိုအခါ "စွန်းချွမ်"(Sun Quan) မှ ထိုသဝဏ်လွှာကို "ကျိုးယွီ"(Zhou Yu) အား ပေးကာ ဖတ်စေသည်။
"ကျိုးယွီ"(Zhou Yu) သည် ထိုစာကိုဖတ်ပြီးနောက် ပြုံးကာ
"ဒီအဘိုးကြီးက လောကမှာသူ့ကိုယှဉ်နိုင်တဲ့လူမရှိဘူးထင်ပြီး ဒီလိုစာမျိုးရေးတယ်" ဟု ပြောသည်။ "စွန်းချွမ်"(Sun Quan) မှ
"ခင်ဗျား ဘယ်လိုသဘောရလဲ" ဟု မေးသည်။
"သခင်ကြီးက အမှုထမ်းတွေနဲ့တိုင်ပင်ပြီးပြီလား"
"ကျွန်တော်တို့ ဒါကိုဆွေးနွေးနေတာ ရက်အတော်ကြာပြီ၊ ဒါပေမယ့် မဆုံးဖြတ်ရသေးဘူး။ ဒါကြောင့် ခင်ဗျားကိုဆုံးဖြတ်ခိုင်းမလို့"
"ဘယ်သူတွေက လက်နက်ချဖို့အကြံပေးတာလဲ"
"ကျန်းကျောက်(Zhang Zhao) နဲ့ သူ့အဖွဲ့တွေက ဒီအကြံကိုထောက်ခံကြတယ်"
ထိုအခါ "ကျိုးယွီ"(Zhou Yu) သည် "ကျန်းကျောက်"(Zhang Zhao) ဘက်လှည့်ကာ
"ခင်ဗျား လက်နက်ချလိုတဲ့အကြောင်းရင်းကို ပြောပြပါလား" ဟု မေးသည်။ "ကျန်းကျောက်"(Zhang Zhao) မှ
"ချောင်ချောင်း(Cao Cao) က ဘုရင့်နာမည်ကိုအသုံးချပြီးတော့ သူ့ရဲ့ရန်သူတွေကိုရှင်းထုတ်နေတယ်။ အခုနောက်ပိုင်းမှာ ကျင်ကျိုးကိုသိမ်းပြီးနောက် သူ့ဩဇာပိုကြီးလာတယ်။ သူ့ကိုခုခံဖို့ဆိုရင် ရန်စီမြစ်ကိုအားကိုးနိုင်တယ်၊ ဒါပေမယ့် ရန်သူ့ဘက်မှာလည်း ရေတပ်ကြီးရှိပြီးတော့ ရေလမ်းကနေတိုက်နိုင်တယ်။ အဲ့လိုရန်သူကိုဘယ်လိုများရင်ဆိုင်နိုင်မလဲ။ ဒါကြောင့် အခွင့်အရေးမရှိသေးခင်မှာ လက်နက်ချဖို့အကြံပေးတာပါ" ဟု ပြောသည်။

"ကျိုးယွီ"(Zhou Yu) : "ဒါက မကောင်းတဲ့ကျောင်းသားရဲ့ မဟုတ်တဲ့အကြံဉာဏ်ပဲ။ မျိုးဆက်သုံးဆက်ကြာအောင် အုပ်ချုပ်ခဲ့တဲ့ဒီနယ်မြေကို ဘာကြောင့် စွန့်လွှတ်ရမှာလဲ"
"စွန်းချွမ်"(Sun Quan) : "ဒါဆို ဘယ်လိုလုပ်ကြမလဲ"
"ချောင်ချောင်း(Cao Cao) ဟာတိုင်းပြည်ရဲ့ဝန်ကြီးချုပ်ရာထူးယူထားပေမယ့် တကယ်တော့ သူဟာသူပုန်ပဲ။ သခင်ကြီးက စစ်ပွဲမှာကျွမ်းကျင်ပြီး ရဲဝံ့သူဖြစ်တယ်။ ရဲရင့်ပြီးအရည်အချင်းရှိတဲ့စစ်သားတွေကိုအုပ်ချုပ်နိုင်တယ်၊ နောက်ပြီး စားနပ်ရိက္ခာတွေလည်း အဖူအလုံရှိတယ်။ ဒါကြောင့် သူပုန်လက်အောက်မှာ လက်နက်ချစရာမလိုဘူး။ ဒါ့အပြင် ဒီစစ်ပွဲမှာ ချောင်ချောင်း(Cao Cao) က စစ်ဗျူဟာတွေကိုလျစ်လျူရှုခဲ့တယ်။ မြောက်ပိုင်းနယ်ကိုတောင် မသိမ်းနိုင်သေးဘူး။ သူ့မှာ မာထန်(Ma Teng) နဲ့ ဟန်ဆွေ(Han Sui) ရဲ့ရန်တွေရှိသေးတယ်၊ ဒါတောင် တောင်ဘက်ကိုစစ်ချီလာတယ်။ နောက်တစ်ချက်က မြောက်ပိုင်းသားတွေဟာ ရေလမ်းခရီးကျွမ်းကျင်သူတွေ မဟုတ်ဘူး။ ချောင်ချောင်း(Cao Cao) က သူ့မြင်းသည်တော်တပ်တွေပဲအားကိုးပြီး ရေတပ်တွေကိုတော့ တခြားလူကိုလွှဲထားတယ်။ ဒါက သူ့ကိုတိုက်ဖို့ ဒုတိယတစ်ချက်ပဲ။ နောက်အချက်ကတော့ အခုကဆောင်းရာသီဖြစ်တော့ မြင်းတွေအတွက် စားနပ်ရိက္ခာရှာဖို့ခက်ခဲတယ်။ ဒါက တတိယအချက်ပဲ။ နောက်တစ်ချက်က အလယ်ပိုင်းကစစ်သားတွေက စွတ်စိုတဲ့တောင်ပိုင်းကိုချီတက်လာတဲ့အတွက် မမျှတတဲ့ရာသီဥတုအပြောင်းအလဲကြောင့် ငှက်ဖျားတွေဖြစ်နိုင်တယ်။ ဒါက စတုတ္ထအချက်ပဲ။ အခု ချောင်ချောင်း(Cao Cao) တို့ကိုတိုက်ဖို့ ဒီအချက်တွေရှိတယ်၊ သူတို့တွေရှုံးနှိမ့်မှာဧကန်ပဲ။ ရန်သူတွေ ဘယ်လောက်ပဲအင်အားများများ၊ ချောင်ချောင်း(Cao Cao) ကိုဖမ်းလို့ရမယ်။ ကျွန်တော့်ကိုစစ်တပ် တပ်ဖွဲ့အနည်းငယ်ပေးရင် ရန်သူတွေကိုနှိမ်နှင်းနိုင်ပါတယ်"
"ချောင်ချောင်း(Cao Cao) က ဟန်အစိုးရကိုဖျက်သိမ်းပြီး ကိုယ်တိုင်ဘုရင်လုပ်ချင်နေတာကြာပြီ။ သူက သူစိုးရွံ့ခဲ့တဲ့လူတွေကိုနှိမ်နှင်းခဲ့ပြီးပြီ။ သူ့ရန်သူဆိုလို့ ကျုပ်တစ်ယောက်ပဲကျန်တော့တယ်။ ကျုပ်တို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ သေမှာအမှန်ပဲ။ ခင်ဗျားပြောတာတွေက ကျုပ်အတွေးနဲ့တစ်ထပ်ထဲပဲ။ ကောင်းကင်ကြီးက ခင်ဗျားကိုကျုပ်ဆီလွှတ်လိုက်ပုံရတယ်"

ထို့နောက် "စွန်းချွမ်"(Sun Quan) သည် ဓားကိုထုတ်ကာ ခုံကိုပိုင်းဖြတ်လိုက်ပြီး
"နောက်ထပ်တစ်ယောက်ယောက်က လက်နက်ချမယ်ဆိုတဲ့အကြောင်းပြောရင် ပြောတဲ့လူကိုဒီစားပွဲခုံလိုပဲပိုင်းဖြတ်လိုက်မယ်" ဟု ပြောသည်။ ပြီးနောက် ထိုဓားကို "ကျိုးယွီ"(Zhou Yu) အားပေးလိုက်ပြီး ကြည်း၊ရေနှစ်တန်လုံး၏စစ်သေနာပတိရာထူးခန့်အပ်လိုက်သည်။ "ချန်ဖူ"(Cheng Pu) ကိုမူ ဒု-ရေတပ်စစ်သူကြီးရာထူးပေးကာ "လူဆု"(Lu Su) ကိုမူ လက်ထောက်စစ်သူကြီးရာထူးပေးလိုက်သည်။ ထို့အပြင် "စွန်းချွမ်"(Sun Quan) မှ
"ဒီဓားနဲ့ အမိန့်မနာခံတဲ့အမှုထမ်းမှန်သမျှကို အပြစ်ပေးပိုင်ခွင့်ရှိတယ်" ဟု ပြောလိုက်သည်။
"ကျိုးယွီ"(Zhou Yu) သည် ဓားကိုကိုင်ကာ အမှုထမ်းတို့ဘက်လှည့်ပြီး
"သခင်ကြီးပြောသလိုပဲ ကျုပ်ကခင်ဗျားတို့ကိုဦးဆောင်ပြီး ချောင်ချောင်း(Cao Cao) ရဲ့တပ်ဖွဲ့ကိုချေမှုန်းရမယ်။ မနက်ဖြန် ခင်ဗျားတို့တွေ မြစ်ကမ်းနားက စခန်းမှာစုဝေးပြီးတော့ အမိန့်နာခံပါ။  နောက်ကျသည်ဖြစ်စေ၊ ပျက်ကွက်သည်ဖြစ်စေ အဲ့ဒီလူကို စစ်တပ်စည်းကမ်းအတိုင်းအရေးယူမယ်" ဟုပြောလေသည်။
ထို့နောက် ညီလာခံကိုသိမ်းလိုက်ပြီး အမှုထမ်းအသီးသီးထွက်ခွာသွားကြသည်။

"ကျိုးယွီ"(Zhou Yu) သည် သူ့အိမ်ရောက်လျှင် "ကျူးကဲလျန့်"(Zhuge Liang) အားခေါ်ပြီး စစ်ပွဲအတွက်တိုင်ပင်လေသည်။
"ဒါပေမယ့် ခင်ဗျားရဲ့သခင်က စိတ်မဆုံးဖြတ်နိုင်သေးဘူး။ သူစိတ်မပိုင်းဖြတ်နိုင်ခင် ဘာမှအစီအစဉ်လုပ်လို့မဖြစ်ဘူး"
"ခင်ဗျားက ဘာကိုဆိုလိုတာလဲ"
"စွန်းချွမ်(Sun Quan) က သူ့စိတ်ထဲမှာ ချောင်ချောင်း(Cao Cao) စစ်တပ်အရေအတွက်ကို ကြောက်နေတုန်းပဲ။ ခင်ဗျားသာ အဲ့ဒါကိုရှင်းပြနိုင်ရင်တော့ သူလုံးဝစိတ်ချသွားမှာ"
"ခင်ဗျားပြောတာသင့်တော်တယ်"

ထို့နောက် "ကျိုးယွီ"(Zhou Yu) သည် "စွန်းချွမ်"(Sun Quan) ထံသွားရာ "စွန်းချွမ်"(Sun Quan) မှ
"ဒီအချိန်ကြီးလာကာ ကိစ္စကြီးတစ်ခုခုရှိလို့လား" ဟုမေးသည်။
"ကျွန်တော် နက်ဖြန်မှာစစ်တပ်တွေကိုပြင်ဆင်မှာ သခင်ကြီးက လုံးဝစိတ်ပိုင်းဖြတ်ပြီးပြီလား"
"တကယ်တော့ ရန်သူရဲ့အရေအတွက်ကို စိတ်ပူပန်မိနေတုန်းပဲ။ ကျုပ်တို့အင်အားက နည်းလွန်းတယ်။ အဲ့အတွက်ပဲစိတ်ပူတာ"
"ဒီကိစ္စနဲ့ပတ်သတ်ပြီးပြောဖို့ ကျွန်တော်လာခဲ့တာပါ။ ကျွန်တော်ရှင်းပြပါ့မယ်။ ချောင်ချောင်း(Cao Ca) ရဲ့စာမှာ သူ့စစ်တပ်အင်အားကိုတစ်သန်းလို့ဆိုထားတယ်။ ဒါကိုကြည့်ပြီး သခင်ကြီးက စိတ်ပူပန်နေတာပါ။ ကျွန်တော်တို့ ဒါကိုသေချာတွက်ကြည့်တာပေါ့။ သူ့မှာ အလယ်ပိုင်းဒေသက တပ်ဖွဲ့က တစ်သိန်းခွဲလောက်ရှိတယ်။ အများစုက နေမကောင်းဖြစ်နေတယ်။ နောက်ပြီး ယွမ်ရှောက်(Yuan Shao) ရဲ့စစ်သား ခုနှစ်သောင်းရှစ်သောင်းလောက်ရခဲ့တယ်၊ ဒါပေမယ့် အဲ့စစ်သားတွေက သူ့အပေါ်သစ္စာရှိချင်မှရှိမှာ။ ဒါတွေတွက်ကြည့်ရင်များတယ်လို့ထင်ပေမယ့် မှုလောက်စရာမရှိပါဘူး။ အဲ့တပ်လောက်ကို ကျွန်တော်စစ်တပ်ငါးသောင်းလောက်နဲ့ပဲ တိုက်ပြီးအနိုင်ယူနိုင်တယ်။ ဒါကြောင့် သခင်ကြီးစိတ်ပူစရာမလိုပါဘူး"

ထိုအခါ "စွန်းချွမ်"(Sun Quan) သည် "ကျိုးယွီ"(Zhou Yu) ပုခုံးကိုပုတ်လိုက်ပြီး
"ခင်ဗျားက ကျုပ်အခက်အခဲဖြစ်နေတာကို ရှင်းပြပြီး ယုံမှားသံသယကင်းစေခဲ့တယ်။ ကျန်းကျောက်(Zhang Zhao) က ကျုပ်မျှော်လင့်ချက်တွေကိုပိတ်ပင်နေတဲ့အရူးတစ်ယောက်ပဲ။ ခင်ဗျားနဲ့လူဆု(Lu Su) သာလျှင် ကျုပ်အပေါ်နားလည်နိုင်တယ်။ မနက်ဖြန်မှာ ခင်ဗျားရယ်၊ လူဆု(Lu Su) ရယ်၊ ချန်ဖူ(Cheng Pu) သုံးယောက် စစ်တပ်ကိုဦးဆောင်ကြတော့မယ်။ လိုအပ်ရင် ခင်ဗျားတို့ကိုကူညီဖို့ စစ်တပ်နဲ့စားနပ်ရိက္ခာတွေအဆင်သင့်ပြင်ထားပါ့မယ်။ အခက်အခဲရှိရင် ကျုပ်ကိုယ်တိုင်ဦးဆောင်ပြီး လာကူပေးမယ်" ဟု ပြောသည်။
ထို့နောက် "ကျိုးယွီ"(Zhou Yu) ထွက်ခွာသွားသည်။

"ကျိုးယွီ"(Zhou Yu) ၏စိတ်ထဲတွင်မူ
"ဒီကျူးကဲလျန့်(Zhuge Liang) က ငါ့သခင်ကြီးရဲ့စိတ်ကိုတောင်ခန့်မှန်းနိုင်တယ်။ နောက်ပိုင်းမှာ သူက အန္တရာယ်ရှိလာနိုင်တဲ့အတွက် ရှင်းထားမှကောင်းမယ်" ဟုတွေးသည်။
ထို့နောက် "လူဆု"(Lu Su) ကိုခေါ်ပြီး ၎င်းကိစ္စကိုတိုင်ပင်သည်။
"မဖြစ်ဘူး၊ မဖြစ်ဘူး။ ချောင်ချောင်း(Cao Cao) နဲ့မတိုက်နိုင်သေးခင်မှာ ကိုယ့်ဘက်က အတော်ဆုံးမဟာမိတ်ကို ရှင်းပစ်မလို့လား"
"ဒါပေမယ့် နောက်ပိုင်းမှာ ကျူးကဲလျန့်(Zhuge Liang) က လျူဘေ့(Liu Bei) ကိုကူပြီး ကျုပ်တို့ရဲ့ရန်သူဖြစ်လာနိုင်တယ်"
"ဒါဆို သူ့အစ်ကို ကျူးကဲကျင့်(Zhuge Jin) ကိုလွှတ်ပြီး ကျုပ်တို့ဘက်ပါနိုင်မလားလို့ဆွဲဆောင်ကြည့်ပါလား။ ကျုပ်တို့ဆီမှာ အမှုထမ်းရင်တော့ အကောင်းဆုံးပေါ့"
"ဒါတော့ ဟုတ်တယ်"

နောက်ရက်တွင် "ကျိုးယွီ"(Zhou Yu) သည် တပ်စခန်းအတွင်းဝယ် အမှုထမ်းတို့နှင့်တွေ့သည်။ အမှုထမ်းတို့သည် တန်းစီကာ အမိန့်ကိုစောင့်နေကြသည်။ ထိုအထဲတွင် ဒု-စစ်သူကြီးဖြစ်သည့် "ချန်ဖူ"(Cheng Pu) ရောက်မလာချေ။ အကြောင်းရင်းမှာ "ချန်ဖူ"(Cheng Pu) သည် "ကျိုးယွီ"(Zhou Yu) ထက်အသက်ကြီးသော်လည်း ဒု-ခေါင်းဆောင်ရာထူးသာပေးသဖြင့် ဒေါသထွက်ပြီး နေမကောင်းဟုအကြောင်းပြကာ မတက်ရောက်ပဲနေခြင်းဖြစ်သည်။ "ချန်ဖူ"(Cheng Pu) သည် သူ့အစား သူ့သားအကြီးဖြစ်သူ "ချန်ကျီ"(Cheng Zhi) ကိုသာလွှတ်လိုက်သည်။
"ကျိုးယွီ"(Zhou Yu) မှ
"ဥပဒေဆိုတာ ခွဲခြားမှုမရှိဘူး၊ ခင်ဗျားတို့တွေက တာဝန်ကျတာကို မပျက်မကွက်တက်ရောက်ရမယ်။ လက်ရှိအချိန်မှာ ချောင်ချောင်း(Cao Cao) က ဟိုးအရင် တုန်ကျိုး(Dong Zhuo) ထက်တောင် အာဏာကြီးနေခဲ့ပြီ။ ဘုရင်ကလည်း ရွှီချန်မှာ ရာဇဝတ်သားလိုပဲ အစောင့်တွေရဲ့စောင့်ကြည့်မှုခံရတယ်။ ကျုပ်မှာ ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့အမိန့်ရှိတယ်၊ ခင်ဗျားတို့တွေရဲ့အကူအညီနဲ့ ချောင်ချောင်း(Cao Cao) ကိုချေမှုန်းမယ်။ ကျုပ်တို့ရဲ့စစ်တပ်က သာမန်ပြည်သူလူထုကို ဒုက္ခမရောက်စေရဘူး။ ကောင်းကောင်းတာဝန်ထမ်းဆောင်နိုင်ရင် ဆုလာဘ်ပေးမှာဖြစ်သလို အပြစ်ကျူးလွန်သူတွေကိုလည်း မခွဲခြားပဲ အပြစ်ဒဏ်ပေးမှာဖြစ်တယ်" ဟု ပြောသည်။

ထို့နောက် "ဟန်တန်"(Han Dang) နှင့် "ဟွမ်ကိုင်"(Huang Gai) တို့အား ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး သင်္ဘောတို့ဖြင့် 'လျှိုမြောင်သုံးခု' သို့ချီတက်စေသည်။ စစ်တပ်ကိုလေးဖွဲ့ခွဲပြီး တစ်တပ်လျှင်ခေါင်းဆောင်နှစ်ဦးစီထားသည်။ အမှတ်တစ်တပ်တွင် "ကျန်းချင်"(Jiang Qin) နှင့် "ကျိုးထိုက်"(Zhou Tai) ၊ အမှတ်နှစ်တပ်တွင် "ဖန်ကျန်း"(Pan Zhang) နှင့် "လင်ထုံ"(Ling Tong) ၊ အမှတ်သုံးတပ်တွင် "ထိုက်ရှီချီ"(Taishi Ci) နှင့် "လွီမန်"(Lu Meng) ၊ အမှတ်လေးတပ်တွင် "လုရွှင့်"(Lu Xun) နှင့် "တုန်းရှီး"(Dong Xi) တို့ဦးဆောင်သည်။ "လုဖန်"(Lu Fan) နှင့် "ကျူကျီ"(Zhu Zhi) တို့ကို စစ်ဆေးရေးအရာရှိအဖြစ်ခန့်အပ်ကာ စစ်တပ်တို့အားလှည့်လှည်ကြည့်ရှုရန်တာဝန်ပေးထားသည်။ မကြာမီပင် စစ်တပ်ကြီးချီတက်ပေတော့မည်။
ထိုအမိန့်တို့ကိုရကြပြီးနောက် တပ်ဖွဲ့အသီးသီးတို့သည် ပြင်ဆင်မှုများလုပ်ကြလေသည်။ "ချန်ကျီ"(Cheng Zhi) သည် ထိုအကြောင်းတို့ကို "ချန်ဖူ"(Cheng Pu) အားပြောပြလျှင် "ချန်ဖူ"(Cheng Pu) မှာ အံ့အားသင့်သွားပြီး
"ကျိုးယွီ(Zhou Yu) က စာပေပညာရှင်ဖြစ်တဲ့အတွက် စစ်တပ်ကိုဦးဆောင်နိုင်တဲ့လူဖြစ်မှာမဟုတ်ဘူးဆိုပြီး မျက်မုန်းကျိုးခဲ့တာ။ ဒါပေမယ့် အခု သူ့ရဲ့ပြင်ဆင်မှုတွေကိုကြည့်ရင် သူ့မှာခေါင်းဆောင်မှုအရည်အချင်းရှိတယ်ဆိုတာ ပြတာပဲ။ ဒါကြောင့် ငါသူ့ကို ကူညီရမယ်" ဟု ပြောသည်။
"ချန်ဖူ"(Cheng Pu) သည် "ကျိုးယွီ"(Zhou Yu) ထံသွားပြီးနောက် သူ၏အပြစ်ကိုဝန်ခံသည်။ "ကျိုးယွီ"(Zhou Yu) ကလည်း ထိုအပြစ်တို့ကို ခွင့်လွှတ်ပေးလေသည်။

ထို့နောက် "ကျိုးယွီ"(Zhou Yu) သည် "ကျူးကဲကျင့်"(Zhuge Jin) ကို ခေါ်ကာ
"ခင်ဗျားရဲ့ညီက ဘုရင့်အတိုင်ပင်ခံတောင်ဖြစ်သင့်တဲ့ ထူးချွန်တဲ့လူပဲ။ သူက ဘာလို့များ လျူဘေ့(Liu Bei) လက်အောက်မှာ အမှုထမ်းရတာလဲ? အခု သူက ဒီရောက်နေတယ်ဆိုတော့ ခင်ဗျားက သူ့ကိုဒီမှာပဲနေဖို့တိုက်တွန်းကြည့်ပါလား? ဒါဆိုရင် သခင်ကြီးလည်း ခင်ဗျားရဲ့ညီအစ်ကိုနှစ်ယောက်လုံးရဲ့အကူအညီရမှာပေါ့၊ အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်" ဟု ပြောသည်။
"ကျွန်တော် ဒီမှာတာဝန်ထမ်းဆောင်ကတည်းက ဘာမှကြီးကြီးမားမားမစွမ်းဆောင်နိုင်ခဲ့ဘူး။ အခု ခင်ဗျားပေးတဲ့အမိန့်ကိုအောင်မြင်အောင် လုပ်ပါ့မယ်"

ထို့နောက် "ကျူးကဲကျင့်"(Zhuge Jin) သည် သူ့ညီထံသွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် အစ်ကိုဖြစ်သူအား အရိုအသေပြုပြီးနောက် ငိုကာ သူ၏အဖြစ်အပျက်တို့ကိုပြောလေသည်။ ထိုအခါ "ကျူးကဲကျင့်"(Zhuge Jin) ကလည်း ငိုပြီး
"ငါ့ညီ၊ ပေါ်ရီ(Bo Yi) နဲ့ ရှူချီ(Shu Qi) ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ပုံပြင်ကိုမှတ်မိလား။ သူတို့က ဘယ်တော့မှမခွဲခွာတဲ့ညီနောင်တွေလေ" ဟု စကားစသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် စိတ်ထဲတွင် 'ကျိုးယွီ(Zhou Yu) က သူ့ကိုလွှတ်လိုက်တာ ငါ့ကိုသိမ်းသွင်းဖို့ပဲနေမယ်' ဟုတွေးပြီးနောက်
"သူတို့က ဟိုးအရင်ခေတ်ကလူတွေလေ၊ သိတာပေါ့" ဟုပြောသည်။
"သူတို့နှစ်ဦးဟာ ရှို့ရန်တောင်ကုန်းမှာ အစာရေစာပြတ်လပ်ပြီး သေဆုံးသွားပေမယ့်လည်း ဘယ်တော့မှ မခွဲခွာခဲ့ဘူး။ မင်းနဲ့ငါကျတော့ တစ်ဝမ်းတည်းကမွေးပြီး တစ်မအေထဲရဲ့နို့ကိုစို့လာခဲ့ပေမယ့် အမှုထမ်းတဲ့သခင်မတူတော့ ဘယ်တော့မှမတွေ့ကြရဘူး။ ပေါ်ရီ(Bo Yi) ၊ ရှူချီ(Shu Qi) ညီနောင်နဲ့ယှဉ်လိုက်ရင် ရှက်စရာကောင်းမနေဘူးလား"
[
ပေါ်ရီ(Bo Yi) နှင့် ရှူချီ(Shu Qi) တို့သည် ကူကျူ(Guzhu) သခင်၏သားနှစ်ဦးဖြစ်သည်။ အဖေဖြစ်သူက အငယ်ဖြစ်သော ရှူချီ(Shu Qi) ကို သူ၏အရိုက်အရာဆက်ခံစေလိုသည်။ အဖေဖြစ်သူသေဆုံးသွားပြီးနောက် ရှူချီ(Shu Qi) က ထိုရာထူးကို သူ့အစ်ကိုအား လွှဲပေးသည်။ သို့သော် ပေါ်ရီ(Bo Yi) က "ဒါအဖေ့ဆန္ဒပဲ" လို့ပြောပြီး လက်မခံပဲထွက်ပြေးသွားသည်။ ရှူချီ(Shu Qi) သည်လည်း ထိုရာထူးကိုဆက်မယူပဲထွက်ပြေးသွားသည်။ နောက်ဆုံးတွင် လူတို့က သားအလတ်ကိုသာ အရိုက်အရာဆက်ခံစေလိုက်သည်ဟူ၏။
]

"ကျူးကဲလျန့်"(Zhuge Liang) မှ
"အစ်ကိုကြီးက မေတ္တာအကြောင်းပြောပေမယ့် ကျွန်တော်က တာဝန်ဆိုတာကို ဦးစားပေးနေရတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးက ဟန်တိုင်းပြည်က အမှုထမ်းတွေပဲလေ။ နောက်ပြီး လျူဘေ့(Liu Bei) က ဟန်တိုင်းပြည်ရဲ့မင်းဆွေမင်းမျိုး၊ အစ်ကိုကြီးသာ တောင်ပိုင်းပြည်နယ်ကိုစွန့်ပြီး ကျွန်တော်တို့ဘက်ကိုလာမယ်ဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက်လုံးက ဟန်တိုင်းပြည်ရဲ့ဝန်ကြီးဖြစ်လာမှာပေါ့။ ဒီလိုဆိုရင် ကျွန်တော်တို့လည်း သွေးရင်းသားရင်းလို အတူတူနေနိုင်မှာပဲလေ။ ဒါ့အပြင် အဲ့လိုသာဆိုရင် ကိုယ်ရေးကိုယ်တာရော၊ တာဝန်ပါ ကျေပွန်ရာမရောက်ဘူးလား၊ အစ်ကိုကြီး ဘယ်လိုသဘောရလဲ" ဟု ပြန်ပြောသည်။ "ကျူးကဲကျင့်"(Zhuge Jin) မှာ
'ငါက သူ့ကို ငါတို့ဘက်ပါအောင် သိမ်းသွင်းတာ၊ သူ့ကို ငါ့ကိုပြန်ဆွဲခေါ်နေတယ်' ဟု တွေးပြီး မည်သို့မျှမပြောတော့ပဲ နှုတ်ဆက်စကားဆိုကာ ထွက်သွားသည်။

"ကျူးကဲကျင့်"(Zhuge Jin) သည် "ကျိုးယွီ"(Zhou Yu) နှင့်သွားတွေ့ပြီး အဖြစ်အပျက်တို့ကိုပြောရာ "ကျိုးယွီ"(Zhou Yu) မှ
"သူပြောတာကို ခင်ဗျားဘယ်လိုသဘောရလဲ" ဟု မေးသည်။
"စစ်သူကြီး စွန်းချွမ်(Sun Quan) က ကျွန်တော့်အပေါ်ကောင်းကောင်းဆက်ဆံခဲ့တာ သူ့ကိုသစ္စာမဖောက်ပါဘူး"

"ခင်ဗျားက ဒီမှာပဲသစ္စာရှိအမှုထမ်းအဖြစ်တာဝန်ထမ်းဆောင်မယ်လို့ဆုံးဖြတ်ပြီးပြီဆိုတော့ ဘာမှထပ်မပြောပါနဲ့တော့။ ခင်ဗျားညီကိုခေါ်ဖို့အစီအစဉ်ကို ကျုပ်တွေးပါဦးမယ်"

Comments

Popular posts from this blog

Lookism