သုံးနိုင်ငံခေတ်(၄၃)
အခန်း(၄၃)
"ကျူးကဲလျန့်"(Zhuge Liang) သည် တောင်ပိုင်းနယ်မှ ပညာရှိတို့နှင့် စကားစစ်ထိုးခြင်း။
"လူဆု"(Lu Su) သည် အများဆန္ဒနှင့် ဆန့်ကျင်ခြင်း။
ချိုင်စန်းသို့သွားရာလမ်း သင်္ဘောပေါ်ဝယ် ခရီးသွားနှစ်ဦးတို့သည်
တိုင်းရေးပြည်ရာအကြောင်း ဆွေးနွေးနေကြသည်။ "လူဆု"(Lu Su) မှ
"ခင်ဗျား ကျွန်တော့်သခင်နဲ့တွေ့ရင် ချောင်ချောင်း(Cao
Cao) ရဲ့စစ်သည်အင်အားအရေအတွက်အမှန်ကို မပြောပါနဲ့" ဟု ဆိုသည်။ "ကျူးကဲလျန့်"(Zhuge
Liang) မှ
"ခင်ဗျား ကျွန်တော့်ကိုပြောဖို့မလိုပါဘူး။ ကျွန်တော်ဘယ်လိုပြန်ဖြေရမယ်ဆိုတာ
သိပါတယ်" ဟု ပြန်ပြောသည်။
သင်္ဘောဆိပ်ကမ်းကပ်ပြီးနောက် "ကျူးကဲလျန့်"(Zhuge
Liang) အား ဧည့်ဆောင်တွင်နေစေပြီး "လူဆု"(Lu Su) သည် သူ၏သခင်နှင့်သွားတွေ့သည်။
ထိုအချိန်တွင် "စွန်းချွမ်"(Sun Quan) သည် အမှုထမ်းတို့နှင့် အစည်းအဝေးပြုနေသည့်အချိန်ဖြစ်သည်။
"စွန်းချွမ်"(Sun Quan) သည် "ချောင်ချောင်း"(Cao Cao) ထံမှစာကို
"လူဆု"(Lu Su) အားပေးလိုက်ပြီး
"ဒီစာ မနေ့ကရောက်လာတာ။ အခုလူတွေကိုစုဝေးရတာက ဒီအတွက်တိုင်ပင်မလို့"
ဟု ပြောလေသည်။
"လူဆု"(Lu Su) သည် ထိုစာကိုဖတ်လေသည် ----
'ဘုရင်မင်းမြတ်၏အမိန့်တော်ကြောင့် သူပုန်တို့အားအပြစ်ပေးရန်
ဝန်ကြီးချုပ်ဖြစ်သော ကျွန်ုပ်သည် တောင်ပိုင်းသို့ချီတက်ခဲ့ပြီး လျူကျုံး(Liu Zong)
အားဖမ်းဆီးခဲ့သည်။ ကျင်ကျိုးနယ်မှလူတို့သည် ကျွန်ုပ်လာသောသတင်းကိုကြားသည်နှင့် ကျွန်ုပ်ထံလာရောက်ခိုလှုံကြလေသည်။
ကျွန်ုပ်၏လက်အောက်ဝယ် စစ်တပ်အင်အားတစ်သန်းနှင့်အရည်အချင်းရှိသောခေါင်းဆောင်တစ်ထောင်ရှိသည်။
စစ်သူကြီးထံစာပို့ရခြင်းမှာ ကျန်းရှာတွင် ကျွန်ုပ်နှင့်ပေါင်းပြီး လျူဘေ့(Liu Bei)
အားတိုက်ခိုက်ရန်ဖြစ်သည်။ သူ၏နယ်ကို ကျွန်ုပ်တို့နှစ်ဦးခွဲဝေပြီးနောက် နှစ်ကာလရှည်ကြာမဟာမိတ်ဖွဲ့ရန်ဆန္ဒရှိပါသည်။
သို့ကြောင့် မကြာမီအချိန်တွင် စာပြန်နိုင်မည်ဟုမျှော်လင့်သည်။'
ထို့နောက် "လူဆု"(Lu Su) မှ
"သခင်ကြီးက ဘာလုပ်မယ်ဆိုတာဆုံးဖြတ်ပြီးပြီလား"
ဟု မေးသည်။
"မဆုံးဖြတ်ရသေးဘူး"
"ကျန်းကျောက်"(Zhang Zhao) မှဝင်ကာ
"ဘုရင့်အမိန့်နဲ့လာတဲ့ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့ဆိုတာ
မသင့်တော်ပါဘူး။ ဒါ့အပြင် သခင်ကြီးက သူ့ကိုခုခံရင် ရန်စီမြစ်ကြီးကိုအကာအကွယ်ယူပြီး
ခုခံရမှာ။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က ကျင်ကျိုးကိုသိမ်းပြီးပြီဆိုတော့ သူလည်းရေကြောင်းကိုသုံးပြီး
ကျွန်တော်တို့ကိုတိုက်နိုင်တယ်။ သူ့ကိုခုခံဖို့မဖြစ်နိုင်ဘူး။ တစ်ခုတည်းသောနည်းကတော့
ငြိမ်းချမ်းရေးယူဖို့ပဲ။ ဒါကြောင့် လက်နက်ချသင့်တယ်လို့ထင်ပါတယ်" ဟု ပြောသည်။
အခြားသောသူတို့ကလည်း
"အဲ့အကြံက အကြောင်းအကျိုးနဲ့ညီညွတ်ပါတယ်" ဟု တညီတညွတ်တည်းဆိုကြလေသည်။
"စွန်းချွမ်"(Sun Quan) သည် ဆိတ်ဆိတ်နေကာ တွေးနေသည်။
"ကျန်းကျောက်"(Zhang Zhao) မှပင်
"သခင်ကြီး၊ ထပ်ပြီးမတုံ့ဆိုင်းပါနဲ့တော့။ ချောင်ချောင်း(Cao
Cao) ထံမှာ လက်နက်ချတာက တောင်ပိုင်းပြည်နယ်နဲ့ ပြည်နယ်ခြောက်ခုကလူတွေရဲ့ငြိမ်းချမ်းမှုကိုရနိုင်ပါတယ်"
ဟုပြောသည်။
"စွန်းချွမ်"(Sun Quan) သည် မည်သို့မျှပြန်မပြောပဲဆိတ်ဆိတ်ပင်နေပြီးနောက်
ထိုင်နေရာမှထကာထွက်သွားသည်။ "လူဆု"(Lu Su) လည်း အနောက်ဘက်မှလိုက်သွားလေသည်။
အပြင်ဘက်သို့ရောက်သော် "စွန်းချွမ်"(Sun Quan) မှ "လူဆု"(Lu
Su) အား
"ဒါကို ဘယ်လိုထင်လဲ" ဟုမေးသည်။
"သူတို့တွေပြောနေတာက သခင်ကြီးအတွက် အဓိပ္ပာယ်မရှိပါဘူး။
ဒါမလုပ်သင့်ဘူး"
"ဘာကြောင့်လဲ? ရှင်းပြပါလား"
"ကျွန်တော်တို့လိုလူမျိုးတွေအညံ့ခံရင် ကျွန်တော်တို့က
ကိုယ့်ရွာကိုပဲပြန်ရင်ပြန်၊ ဒါမှမဟုတ် လက်ရှိရာထူးပဲပြန်ရပြီး ပိုနေမြဲကျားနေမြဲပဲ
ဖြစ်မှာမဟုတ်လား။ ဒါပေမယ့် သခင်ကြီးသာ လက်နက်ချလိုက်ရင် လှည်းတစ်စီး၊ မြင်းတစ်ကောင်လောက်ပဲရှိတော့မယ်။
သခင်ကြီးရဲ့နောက်လိုက်တွေလည်း ဆယ်ယောက်လောက်ပဲရှိတော့မှာ။ တစ်ယောက်တည်း အထီးကျန်ဆန်နေမှာမဟုတ်လား။
လက်နက်ချဖို့အကြံပေးတဲ့သူတွေက တစ်ကိုယ်ကောင်းဆန်ပြီး သူရဲဘောကြောင်တဲ့လူတွေပဲ။ သူတို့စကားကိုနားမထောင်သင့်ဘူး"
"စွန်းချွမ်"(Sun Quan) မှ သက်ပြင်းချကာ
"သူတို့တွေက စကားချည်းပဲတပြောထဲပြောနေကြတယ်။ ငါ့အမြင်ကိုမကြည့်ကြဘူး။
အခုတော့ ခင်ဗျားရဲရဲဝံ့ဝံ့ပြောတာက ကျုပ်အမြင်နဲ့တထပ်တည်းပဲ။ ဒါပေမယ့် ချောင်ချောင်း(Cao
Cao) က ကျင်ကျိုးကိုသိမ်းလိုက်ပြီဆိုတော့ သူ့အင်အားက အရင်ကထက်ကြီးသွားပြီ။ သူ့ကိုခုခံဖို့မလွယ်လောက်ဘူး"
ဟု ဆိုသည်။
"ကွန်တော် ကျူးကဲကျင့်(Zhuge Jin) ရဲ့ညီ ကျူးကဲလျန့်(Zhuge
Liang) ကိုခေါ်လာပါတယ်။ သူနဲ့တိုင်ပင်ကြည့်လို့ရပါတယ်"
"အိပ်ပျော်နေတဲ့နဂါးက တကယ်ရောက်လာတာလား"
"ဟုတ်ပါတယ်၊ ဧည့်ဆောင်ထဲမှာစောင့်နေပါတယ်"
"ဒီနေ့တော့ တွေ့ဖို့အချိန်နောက်ကျနေပြီ။ ဒါပေမယ့် မနက်ဖြန်မှာတော့
အမှုထမ်းတွေကိုစုဝေးပြီး သူနဲ့မိတ်ဆက်စေမယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စကားရည်လုခိုင်းစေတာပေါ့"
နောက်ရက်ဝယ် "လူဆု"(Lu Su) သည် "ကျူးကဲလျန့်"(Zhuge
Liang) ထံသွားကာ
"ကျုပ်သခင်နဲ့တွေ့ရင် ချောင်ချောင်း(Cao Cao) စစ်တပ်အင်အားအမှန်ကိုမပြောပါနဲ့"
ဟုဆိုသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှပြုံးကာ
"ကျွန်တော် အခြေအနေကိုကြည့်ပြီးလုပ်ပါ့မယ်။ ကျွန်တော်အမှားလုပ်မှာကို
မစိုးရိမ်ပါနဲ့" ဟု ပြောသည်။
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) အား အရပ်သားအမှုထမ်း၊
စစ်အမှုထမ်းလေးဆယ်ခန့်စုဝေးရာ ခန်းမဆောင်သို့ခေါ်သွားသည်။ "ကျူးကဲလျန့်"(Zhuge
Liang) သည် အမှုထမ်းတို့၏ထိပ်ဘက်တွင်ထိုင်နေသော "ကျန်းကျောက်"(Zhang
Zhao) အားလျင်နှုတ်ဆက်ပြီးနောက် ကျန်သောသူတို့အားနှုတ်ဆက်လေသည်။ "ကျူးကဲလျန့်"(Zhuge
Liang) ၏အပြုအမူနှင့်ပုံစံကိုမြင်ပြီးနောက် အကုန်လုံးမှ စကားရည်လုရန်သင့်တော်သောသူဟုတွေးလေသည်။
"ကျန်းကျောက်"(Zhang Zhao) မှ
"ကျွန်တော်တို့တွေသေးသိမ်တာကို အပြစ်မယူပါနဲ့။ ဒါပေမယ့်
ကျွန်တော်ကြားရသလောက်ကတော့ ခင်ဗျားက ကိုယ့်ကိုယ်ကို ကွမ်းကျုံး(Guan Zhong) ၊ ယွဲ့ရီ(Yue
Yi) တို့နဲ့နှိုင်းယှဉ်တယ်ဆိုတာဟုတ်ပါသလား" ဟု ပြောသည်။
"သူတို့ရဲ့တစ်စိတ်တစ်ဒေသလောက်ကိုပဲ နှိုင်းယှဉ်နိုင်တာပါ"
"ကျုပ်ကြားရသလောက်ကတော့ လျူဘေ့(Liu Bei) က ခင်ဗျားဆီကို
သုံးကြိမ်သုံးခါလာရောက်ခဲ့တယ်ဆို။ နောက်ပြီး ခင်ဗျားက သူ့ထံမှာအမှုထမ်းတော့ သူက ပင်လယ်ထဲပြန်ရောက်သွားတဲ့ငါးလိုမျိုးကံကောင်းတဲ့လူဆိုပြီး
ပြောခဲ့တယ်တဲ့။ သူ ကျင်ကျိုးပြည်နယ်ကိုသိမ်းချင်ခဲ့တာမဟုတ်လား? အခုတော့ အဲ့နယ်က ချောင်ချောင်း(Cao
Cao) လက်အောက်ရောက်သွားခဲ့ပြီ။ ဒါနဲ့ပတ်သတ်ပြီး ခင်ဗျားမှာဘာပြောဖို့ရှိလည်းဆိုတာ သိချင်တယ်"
"ကျူးကဲလျန့်"(Zhuge Liang) သည် ဤသို့တွေးသည်။
'ကျန်းကျောက်(Zhang Zhao) က စွန်းချွမ်(Sun Quan) ရဲ့နံပတ်တစ်အကြံပေးပဲ။
သူ့ကိုစိတ်ရှုပ်ထွေးအောင်မလုပ်ရင် သူ့သခင်နဲ့ပြောဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး'
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျုပ်အမြင်ကတော့ ဟန်မြစ်တဝိုက်ကဒေသကိုသိမ်းတာက ကိုယ့်လက်ကိုလှည့်သလောက်လွယ်ကူပါတယ်။
ဒါပေမယ့် ကျွန်တော့်သခင်ဖြစ်တဲ့ လျူဘေ့(Liu Bei) ဟာ မျှတပြီးသူရဲကောင်းဆန်သူဖြစ်တဲ့အတွက်
သူ့ဆွေမျိုးတွေပိုင်ဆိုင်တာကို အတင်းအဓမ္မသိမ်းယူမယ့်သူမဟုတ်ပါဘူး။ ဒါကြောင့် သူက ကျင်ကျိုးပြည်နယ်ကိုမသိမ်းခဲ့တာပါ။
ဒါပေမယ့် အသိဉာဏ်နည်းတဲ့ လျူကျုံး(Liu Zong) ဆိုတဲ့ကောင်လေးဟာ တခြားလူတွေစကားကိုနားယောင်ပြီးတော့
ချောင်ချောင်း(Cao Cao) လက်ချက်နဲ့သေဆုံးခဲ့တယ်။ ကျွန်တော့်သခင်က အခု ကျန်းရှာမှာရှိနေပေမယ့်
အနာဂတ်စီမံကိန်းတွေကိုတော့ အခုလက်ရှိအခြေအနေကိုကြည့်ပြီး မဆုံးဖြတ်နိုင်ဘူး" ဟု
ပြောသည်။
"ဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့စကားနဲ့လုပ်ရပ်ဟာ
မညီညွှတ်ဘူး။ ခင်ဗျားပြောတော့ ခင်ဗျားက နာမည်ကြီးပုဂ္ဂိုလ်နှစ်ဦးနဲ့ယှဉ်နိုင်တယ်ဆို။
ဟွမ်မင်းသားရဲ့ဝန်ကြီးဖြစ်ခဲ့တဲ့ ကွမ်းကျုံး(Guan Zhong) ဟာ သူ့သခင်ကို တခြားလူတွေထက်သာလွန်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။
ရန်(Yan) ပြည်နယ် ယွဲ့ရီ(Yue Yi) ကတော့ သူ့ရဲ့အစွမ်းအစနဲ့ ချီ(Qi) ပြည်နယ်ကိုအောင်နိုင်ခဲ့ပြီး
မြို့ပေါင်းခုနှစ်ဆယ်လောက်ကိုဖျက်စီးခဲ့တယ်။ ဒါ သူတို့နှစ်ဦးရဲ့အစွမ်းအစပဲ။
ခင်ဗျားကတော့ အေးအေးဆေးဆေးနဲ့နေပြီး တိုင်းရေးပြည်ရာတွေကိုကျွမ်းကျင်တယ်ပြောပြီးတော့
တခြားလူတွေကိုအထင်အမြင်သေးတယ်။ လျူဘေ့(Liu Bei) က ပုန်ကန်မှုတွေ၊ ဓားပြတွေ၊ အခြားမကောင်းတာတွေကိုရှင်းထုတ်သင့်တယ်။
သနားစရာကောင်းတာက ခင်ဗျားနဲ့မတွေ့ခင်တုန်းက လျူဘေ့(Liu Bei) က မြို့တောင်မရှိပဲ ဟိုဟိုသည်သည်သွားနေခဲ့တာ။
ခင်ဗျားရဲ့အကူအညီကိုရတဲ့အခါမှာတော့ သူက လူတွေရဲ့အာရုံစိုက်မှုကိုခံရပြီး ကလေးတွေကတော့
ကျားကိုတောင်ပံတပ်လိုက်သလိုဖြစ်သွားပြီလို့ပြောကြတယ်။ ဟန်တိုင်းပြည်ကိုပြန်လည်ထူထောင်မယ်၊
ချောင်ချောင်း(Cao Cao) နဲ့အပေါင်းအပါတွေကိုနှိမ်နှင်းမယ်၊ ဟိုးအရင်ကလို ကောင်းမွန်တဲ့နေ့ရက်တွေပြန်ရောက်စေမယ်၊
အကျင့်ပျက်၊ခြစားတဲ့လူတွေကြောင့် တာဝန်ကအနားယူခဲ့ရတဲ့မင်းမှုထမ်းတွေပြန်ရောက်လာမယ်၊
ကောင်းကင်မှာဖုံးနေတဲ့အမိုက်အမှောင်ကိုရှင်းပြီးတော့ နေနဲ့လကိုထိန်ထိန်လင်းစေမယ်၊ တကယ်တော့
အဲ့လိုဖြစ်စေရမှာမဟုတ်လား?
ဒါပေမယ့် ရှင်းရဲ့မှာတုန်းက ချောင်ချောင်း(Cao Cao) ရဲ့တပ်ဖွဲ့ကရှုံးပြီးထွက်ပြေးခဲ့တယ်မဟုတ်လား?
ဒါပေမယ့် ခင်ဗျားက လျူပြောင်း(Liu Biao) ကို သူ့ပြည်သူတွေငြိမ်းချမ်းဖို့ ဘာလို့များ
ဘာအကြံမှမပေးခဲ့ရတာလဲ? သူ့သားကိုရော ရန်သူတွေကိုခုခံဖို့ဘာလို့မကူခဲ့တာလဲ? အဲ့လိုမလုပ်ပဲနဲ့
ခင်ဗျားက ရှင်းရဲ့ကိုစွန့်ခွာပြီးတော့ ဖန်ချန်ကိုထွက်ပြေးခဲ့တယ်။ ပြီးတော့ တန်းရန်မှာစစ်ရှုံးပြီး
ရှခိုကိုရောက်လာတာမဟုတ်လား? ဒါဆို ခင်ဗျားရောက်လာပြီးနောက် လျူဘေ့(Liu Bei) က အရင်ကထက်ပိုဆိုးသွားတာပေါ့၊
ဒါက ကွမ်းကျုံး(Guan Zhong) တို့၊ ယွဲ့ရီ(Yue Yi)တို့နဲ့ယှဉ်နိုင်တဲ့လူရဲ့အစွမ်းလား?
ကျွန်တော်ဒီလိုပွင့်ပွင့်လင်းလင်းပြောတာကို ဗွေမယူပါနဲ့"
"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းကျောက်"(Zhang
Zhao) စကားဆုံးအောင်စောင့်ပြီးနောက် ရယ်ကာ
"သာမန်ငှက်တွေက အကြာကြီးပျံသန်းတဲ့ကြိုးကြာတွေကိုဘယ်နားလည်နိုင်ပါ့မလဲ။
ကျွန်တော်ဥပမာတစ်ခုပေးပါရစေ။ လူတစ်ယောက်က နေမကောင်းဖြစ်တယ်ဆိုပါစို့။ သမားတော်က ပထမဆုံး
ကိုယ်ခံအားရှိအောင် အသားတွေစားစေပြီးမှသာလျှင် သူ့ရဲ့ဆေးပြင်းကိုတိုက်ကျွေးရမှာမဟုတ်လား?
ကိုယ်ခံအားရှိအောင်မစောင့်ပဲ ဆေးပြင်းကိုတိုက်ကျွေးလိုက်ရင် လူနာကဒုက္ခရောက်သွားပြီး
သူ့ကိုကုဖို့ခက်ခဲသွားမယ်လေ။
ကျွန်တော့်သခင်ကြီးက ရုနန်မှာစစ်ရှုံးခဲ့တယ်။ အဲ့အချိန်တုန်းက
စစ်သားတစ်ထောင်တောင်မရှိခဲ့တဲ့အပြင် စစ်သူကြီးဆိုလို့ ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang
Fei) နဲ့ ကျောက်ယွင်(Zhao Yun) ပဲရှိခဲ့တယ်။ ရှင်းရဲ့ဟာ မြို့သေးလေးဖြစ်ပြီး စားနပ်ရိက္ခာမလုံလောက်တဲ့အတွက်
ရေရှည်အတွက် မသင့်တော်ဘူး။ ဒါပေမယ့်လည်း လေ့ကျင့်မှုမရှိခဲ့တဲ့စစ်သားတွေ၊ မလုံလောက်တဲ့ရိက္ခာတွေနဲ့
ပေါ်ဝမ်တောင်ကုန်းမှာ စစ်သူကြီး ရှဟိုတွန်း(Xiahou Dun) ကိုအနိုင်ယူခဲ့ပြီး ချောင်ရန်(Cao
Ren) နဲ့ ချောင်ဟုန်(Cao Hong) ရဲ့တပ်တွေကို မြစ်ဖြူမြစ်မှာ ရေနစ်စေခဲ့ပြီး ထွက်ပြေးစေခဲ့တယ်။
ဟိုးအရင်က သူရဲကောင်းနှစ်ယောက်တောင် ဒီလိုအခြေအနေမျိုးမှာ ဒီထက်ကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူးလို့
ကျွန်တော်ထင်တယ်။ လျူကျုံး(Liu Zong) လက်နက်ချခဲ့တာနဲ့ပတ်သတ်ပြီးတော့ ကျွန်တော့်သခင်ကြီးက
ဘာမှမသိခဲ့ပါဘူး။ နောက်ပြီး သူက ကိုယ့်ဆွေမျိုးရဲ့ပိုင်ဆိုင်မှုကို အဓမ္မသိမ်းယူဖို့
ဆန္ဒမရှိခဲ့ဘူး။ တန်းရန်မှာစစ်ရှုံးခဲ့တာကတော့ အရပ်သားတွေ၊ အသက်ကြီးတဲ့လူတွေ၊ ကလေးသူငယ်တွေကို
မစွန့်လွှတ်နိုင်ခဲ့တဲ့ကျွန်တော့်သခင်ကြီးရဲ့မြင့်မြတ်တဲ့စိတ်ကြောင့်ပါပဲ။ သူက ကျန်းလင်ကိုသိမ်းဖို့ရည်ရွယ်ချက်မရှိခဲ့ဘူး။
ဒါပေမယ့် သူက သာမန်ပြည်သူတွေနဲ့အတူမျှဝေခံစားတတ်သူပဲ။
တပ်ဖွဲ့လေးသေးသေးလေးဟာ စစ်တပ်ကြီးကို မယှဉ်နိုင်ပါဘူး။ အောင်မြင်ခြင်း၊
ကျရှုံးခြင်းဆိုတာ တိုက်ပွဲတိုင်းရဲ့သာမန်အခန်းကဏ္ဍတွေပါပဲ။ ဟန်တိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့ဘုရင်တောင်
ရှန့်ယွီ(Xiang Yu) ကြောင့် တိုက်ပွဲတွေအများကြီးရှုံးခဲ့တာမဟုတ်လား။ ကိုင်းရှ(Gaixia)
မှာမှ စစ်ပွဲအနိုင်ရခဲ့တယ်၊ အဲ့အောင်နိုင်မှုဟာ လျူဘန်း(Liu Bang) အောက်မှာ အချိန်အကြာကြီးရှိနေခဲ့ပေမယ့်လည်း
အောင်ပွဲမရခဲ့သေးတဲ့ ဟန်ရှင်း(Han Xin) ရဲ့အစွမ်းကြောင့်ပဲမလား။ တိုင်းရေးပြည်ရာတို့၊
တိုင်းပြည်ကိုပြန်လည်ထူထောင်တာတို့က လက်တွေ့မှာ အင်မတန်ခက်ခဲပါတယ်။ ကိုယ့်ကိုယ်ကို
ပညာရှိဆိုပြီးတော့ တခြားလူတွေကိုလိုက်ပြီးကဲ့ရဲ့တဲ့လူတွေ၊ အဲ့လိုလူတွေက တကယ်ကိုလောကကြီးရဲ့ရယ်စရာလူတွေပါပဲ"
"ကျန်းကျောက်"(Zhang Zhao) သည် မည်သို့မျှ ပြန်မချေပနိုင်ပေ။
ထိုအချိန်တွင် တစ်ယောက်မှ
"ဒါပေမယ့် ချောင်ချောင်း(Cao Cao) အခြေအနေကဘယ်လိုလဲ။
သူက အခုစစ်တပ် တပ်ပေါင်းတစ်ရာ၊ ခေါင်းဆောင်အယောက်တစ်ထောင်နဲ့တပ်စွဲထားတာမလား? အခုသူက
နဂါးလိုပြိုင်စံရှားပြီး ကျားလိုအစွမ်းထက် ကြောက်စရာကောင်းနေပြီ။ သူအခု ကျန်းရှာကိုတောင်သိမ်းလိုက်ပြီလားမသိဘူး"
ဟု ပြောသည်။ ထိုသူမှာ "ယွီဖန်"(Yu Fan) ဖြစ်သည်။
"ချောင်ချောင်း(Cao Cao) က ယွမ်ရှောက်(Yuan Shao) ရဲ့တပ်တွေကိုရခဲ့ပြီး
လျူပြောင်း(Liu Biao) ရဲ့တပ်တွေကိုခိုးခဲ့တာပါ။ ဒါပေမယ့် အဲ့တပ်တွေကို ကျွန်တော်မမှုပါဘူး။"
"ယွီဖန်"(Yu Fan) သည် အေးစက်စွာပြုံးလိုက်ပြီး
"ခင်ဗျားက တန်းရန်မှာ ရှုံးနှိမ့်ပြီးထွက်ပြေးလာပြီးတော့
ဒီရောက်လာပြီးမှ ဘာလို့မမှုဘူးလို့ပြောရတာလဲ? စကားကြီးစကားကျယ်ပြောတာနဲ့ လူတွေကိုဆွဲဆောင်နိုင်မယ်ထင်လို့လား"
ဟုဆိုသည်။
"လျူဘေ့(Liu Bei) မှာ ရန်သူတစ်သန်းကိုတိုက်ဖို့ စစ်တပ်အင်အားထောင်ဂဏန်းနောက်ရှိပါတယ်။
ရှခိုမှာ ခဏတာ နေနေတာပါ။ တောင်ပိုင်းပြည်နယ်က အင်အားတောင့်ပြီး စစ်သားကောင်းထွက်ပြီးတော့
စားနပ်ရိက္ခာပေါကြွယ်ဝတယ်၊ ဒါ့အပြင် ရန်စီမြစ်ကလည်း အကာအကွယ်ရှိနေတယ်။ ခင်ဗျားက ခင်ဗျားရဲ့သခင်ရဲ့
မျက်နှာ၊ ဂုဏ်သိက္ခာကို မငဲ့ကွက်ပဲနဲ့ သူ့ကိုသူပုန်အောက်မှာ ဒူးထောက်ခိုင်းမလို့လား?
လျူဘေ့(Liu Bei) ကတော့ ချောင်ချောင်း(Cao Cao) လိုမျိုးသူပုန်ကိုကြောက်တတ်သူမဟုတ်ဘူး"
"ယွီဖန်"(Yu Fan) သည်မည်သို့မျှပြန်မပြောနိုင်ပေ။
ထို့နောက် ထိုင်နေသောသူထဲမှ "ပုကျီ"(Bu Zhi) က
"ခင်ဗျားက ကျုပ်တို့တောင်ပိုင်းပြည်နယ်ကလူတွေကို ကျန်းရီ(Zhang
Yi) တို့၊ စူးချင်(Su Qin)တို့လိုလျာနဲ့ အပြောကောင်းကောင်းနဲ့ခင်ဗျားဘက်ပါအောင်လုပ်မလို့လား"
ဟု ဆိုသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ခင်ဗျားက အဲ့လူနှစ်ယောက်ကို စကားပြောကောင်းတဲ့လူအနေနဲ့ပဲသိတာကိုး၊
သူရဲကောင်းအနေနဲ့မသိဘူး။ စူးချင်(Su Qin) မှာ ပြည်နယ်ခြောက်ခုရဲ့ဝန်ကြီးချုပ်တံဆိပ်တုံးရှိပြီးတော့
ကျန်းရီ(Zhang Yi) ကတော့ ချင်ပြည်နယ်မှာ နှစ်ခါတောင် ဝန်ကြီးချုပ်ဖြစ်ခဲ့တယ်လေ။ သူတို့နှစ်ဦးလုံးဟာ
သူတို့သက်ဆိုင်ရာတိုင်းပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။ သူတို့နှစ်ယောက်ကို
အင်အားကြီးသူကိုကြောက်ပြီး အင်အားနည်းသူကိုအနိုင်ကျင့်တဲ့လူတွေ၊ ဓားမြောင်ကိုကြောက်ပြီး
ဓားတွေ့ရင်ထွက်ပြေးတဲ့လူတွေနဲ့မယှဉ်နိုင်ဘူး။ ခင်ဗျားက ချောင်ချောင်း(Cao Cao) ရဲ့
ဘာမှမဟုတ်တဲ့ခြိမ်းခြောက်မှုနဲ့တင်ကြောက်ပြီး လက်နက်ချဖို့စဉ်းစားတယ်။ ဒါကိုတောင် ရှေးခေတ်က
စူးချင်(Su Qin) နဲ့ ကျန်းရီ(Zhang Yi) တို့မကောင်းကြောင်းပြောရဲသေးတယ်လား?"
"ပုကျီ"(Bu Zhi) သည် ဘာမျှမပြောတော့ပေ။
[Su Qin - ခုနှစ်ပြည်ထောင်ခေတ်(Warring States Period) ထောင့်မတ်အဖွဲ့(Perpendicular
Unionists) ခေါင်းဆောင်ဖြစ်ပြီး ချင်တိုင်းပြည်နှင့်စစ်တိုက်ရန် အခြားသောတိုင်းပြည်တို့တွင်
လိုက်လံလှုံ့ဆော်ခဲ့သူဖြစ်သည်။
Zhang Yi - ခုနှစ်ပြည်ထောင်ခေတ်(Warring States Period) တွင်
ချင်ပြည်၏ဝန်ကြီးချုပ်ဖြစ်သည်။ချင်ပြည်နယ်နှင့်ငြိမ်းချမ်းရေးယူရန် လှုံ့ဆော်ခဲ့သော
အလျားလိုက်အဖွဲ့(Horizontal Unionists) ၏ခေါင်းဆောင်ဖြစ်သည်။ ထိုခေတ်အဆုံးတွင် ချင်တိုင်းပြည်သည်
အခြားသောနိုင်ငံတို့ကိုအောင်နိုင်ခဲ့ပြီး တရုတ်တစ်နိုင်ငံလုံးကို ပထမဆုံးအကြိမ်တစ်စုတစ်စည်းတည်းဖြစ်စေခဲ့သည်။]
ထိုစဉ် လူတစ်ဦးမှ
"ချောင်ချောင်း(Cao Cao) ကို ဘယ်လိုထင်လဲ" ဟု မေးသည်။
ထိုသူမှာ "ရွှဲကျုံး"(Xue Zong) ဖြစ်သည်။
"ချောင်ချောင်း(Cao Cao) က တိုင်းပြည်ကြီးရဲ့သူပုန်ပဲလေ။
ဘာကြောင့်မေးရတာလဲ?"
"ခင်ဗျားမှားနေပြီ။ ဟန်တိုင်းပြည်ကြီးက ခေတ်ကုန်တော့မယ်။
ချောင်ချောင်း(Cao Cao) က တိုင်းပြည်ရဲ့သုံးပုံနှစ်ပုံကို သိမ်းထားနိုင်ပြီ၊ လူတွေကလည်း
သူ့အောက်မှာ သစ္စာခံကြတယ်။ ခင်ဗျားသခင်ကသာ အခြေအနေနဲ့အချိန်အခါကိုမသိတာ။ ချောင်ချောင်း(Cao
Cao) ကိုတိုက်တာက ကြက်ဥနဲ့ကျောက်တုံးကိုပစ်သလိုပဲ၊ အချည်းနှီးပဲဖြစ်မှာ"
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ဒေါသဖြင့်
"ခင်ဗျား ဘာလို့ဒီလိုတာဝန်မဲ့တဲ့စကားပြောရတာလဲ? တာဝန်ဝတ္တရားဆိုတာ
လူတစ်ယောက်အတွက်အရေးကြီးတဲ့အရာပဲ။ ဟန်တိုင်းပြည်ရဲ့မင်းမှုထမ်းအနေနဲ့ အခြားအကျင့်ပျက်တဲ့အမှုထမ်းတွေကို
နှိမ်နှင်းဖို့တာဝန်ရှိတယ်။ ချောင်ချောင်း(Cao Cao) ရဲ့ဘိုးဘေးတွေမှာ ဟန်တိုင်းပြည်ရဲ့ကျေးဇူးတွေရှိခဲ့ဖူးတာပဲ။
ဒါကို ချောင်ချောင်း(Cao Cao) က ကျေးဇူးမတင်ပဲ ပုန်ကန်ရဲတယ်။ ခင်ဗျားက သူ့အတွက် ပြောနေသေးတယ်။
ခင်ဗျားက အဖေကိုရော ဘုရင်ကိုပါမသိတတ်တဲ့လူမျိုးပဲ။ ကျုပ်မှာ ခင်ဗျားနဲ့ထပ်ငြင်းဖို့ဆန္ဒမရှိဘူး"
ဟု ပြောသည်။
"ရွှဲကျုံး"(Xue Zong) ၏မျက်နှာမှာ အရှက်ကြောင့်နီသွားပြီး
မည်သို့မျှမဆိုတော့ပေ။
ထို့နောက် "လူကျီ"(Lu Ji) ဆိုသောသူမှ
"ချောင်ချောင်း(Cao Cao) က ဘုရင်ထက်အာဏာရှိပြီး တခြားအမှုထမ်းတွေကို
ဖိနှိပ်ပင်မယ့်လည်း သူက ဟိုးအရင် ဝန်ကြီးချုပ် ချောင်ရှန်(Cao Shen) မျိုးရိုးကဆင်းလာသူပဲလေ။
ခင်ဗျားရဲ့သခင်ကြီးကတော့ မင်းသားမျိုးရိုးလို့သာဆိုတယ်၊ သက်သေ၊ အထောက်အထားလည်း မရှိပါလား။
တခြားလူတွေရဲ့မျက်လုံးထဲမှာတော့ လျူဘေ့(Liu Bei) ဟာ ဦးထုပ်တွေ၊ ကောက်ရိုးဖိနပ်တွေရောင်းတဲ့သူတစ်ယောက်ပဲ။
သူကဘယ်လို ချောင်ချောင်း(Cao Cao) ကိုတိုက်နိုင်မှာလဲ" ဟုပြောသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် ရယ်ကာ
"ယွမ်ရှု(Yuan Shu) စားပွဲလုပ်ပြီးဧည့်သည်တွေကိုဖိတ်တုန်းက
လိမ္မော်သီးတွေကိုနှိုက်ခဲ့တဲ့လူက ခင်ဗျားမဟုတ်လား? ကျုပ်ပြောတာနားထောင်။ ချောင်ချောင်း(Cao
Cao) က ဘယ်လိုဝန်ကြီးမျိုးရိုးကပဲဖြစ်ပါစေ၊ သူက ဟန်တိုင်းပြည်ရဲ့မင်းမှုထမ်းပဲ။ အခုတော့
သူက အခွင့်အာဏာကိုလက်ကိုင်ထားပြီး ထင်တိုင်းကြဲနေတယ်။ ဘုရင်ကိုလည်းမေ့သလိုကိုယ့်ဘိုးဘေးတွေကိုလည်းမေ့သွားခဲ့တဲ့လူပဲ။
သူကတိုင်းပြည်ကြီးအတွက် သူပုန်ဖြစ်သလို သူ့မိသားစုအတွက်လည်းကောင်းသူမဟုတ်ဘူး။ လျူဘေ့(Liu
Bei) ကတော့ မင်းဆွေမင်းမျိုးဖြစ်ပြီး ဘုရင်ကိုယ်တိုင်က ရာထူးခန့်အပ်ထားတာခံရတဲ့လူပဲ။
ခင်ဗျားက ဘာလို့အထောက်အထားမရှိဘူးလို့ဆိုရတာလဲ? ဒါ့အပြင် ဟန်တိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့ဘုရင်တောင်
ရိုကျိုးနှိမ့်ကျတဲ့နေရာကစခဲ့တာပဲ။ ဦးထုပ်တွေလုပ်ပြီးဖိနပ်ရောင်းတဲ့အလုပ်ဟာ ဘာရှက်စရာရှိလဲ။
ခင်ဗျားလိုသေးသိမ်တဲ့အမြင်နဲ့ ကဝိပညာရှင်တွေကြားမှာဆွေးနွေးဖို့မသင့်တော်ဘူး"
ဟု ဆိုသည်။
သို့နှင့် "လူကျီ"(Lu Ji) လည်း ဘာမှဆက်မပြောတော့ချေ။
[တစ်ခါက ဟွိုင်မြစ်တောင်ဘက်တွင် "ယွမ်ရှု"(Yuan
Shu) သည် ကလေးပညာရှိများစုဝေးစေကာ စားသောက်ပွဲလုပ်ခဲ့ဖူးသည်။ ထိုစားသောက်ပွဲသို့တက်ရောက်ခဲ့သော
"လူကျီ"(Lu Ji) သည် သူ့မိခင်အတွက် လိမ္မော်သီးတစ်လုံးခိုးယူခဲ့ဖူးသည်။ ထိုအဖြစ်အပျက်ကြောင့်
သူသည် 'မိဘကျေးဇူးသိသောသူများ စာရင်း' တွင် ပါဝင်ခဲ့သည်ဟူ၏။]
ထိုစဉ်တစ်ဦးမှ
"ကျူးကဲလျန့်(Zhuge Liang) ရဲ့စကားတွေက တင်စီးလွန်းတယ်။
ဒါ့အပြင် အကြောင်းအရင်းကိုလည်းလက်မခံဘူး။ ဒါက သင့်တော်တဲ့စကားရည်လုနည်းမဟုတ်ဘူး၊ ဘာမှထပ်မပြောနဲ့တော့။
ဒါပေမယ့် ခင်ဗျားက ဘာစာပေတွေကိုလေ့လာလည်းဆိုတာ သိချင်ပါတယ်" ဟု ပြောသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် ထိုသို့ပြောသော
"ရန်ကျွင်း"(Yan Jun) အားကြည့်ကာ
"ခေတ်တိုင်းမှာ စာပိုဒ်တွေ၊ စာကြောင်းတွေအများကြီးရှိတာပဲ။
ဒါပေမယ့် အဲ့ဒါတွေက ဘာများပြောင်းလဲနိုင်လို့လဲ။ ဘာကိုများဖြေရှင်းနိုင်လို့လဲ။ ရှန်ပြည်နယ်မှာ
လယ်သမားဖြစ်ခဲ့ဖူးတဲ့ ရီရင်(Yi Yin) ၊ ဝေမြစ်ကမ်းက တံငါသည် လွီဝမ်(Lu Wang) ၊ ကျန်းလျန့်(Zhang
Liang) ၊ ချန်ဖင်(Chen Ping) ၊ ကျန့်ယွီ(Zheng Yu) နဲ့ ကန်းရန်(Geng Yan) စတဲ့လူတွေဟာ
အင်မတန်ထူးချွန်တဲ့လူတွေ။ ဒါပေမယ့် သူတို့ဘာစာပေလေ့လာလည်းဆိုတာ ကျွန်တော်လည်း တခါမှမစုံစမ်းဖူးပါဘူး။
ဘာမှမလုပ်ပဲ စာတွေပဲရေးနေရင် မင်နဲ့စုတ်တံကုန်ရုံပဲရှိမှာပေါ့" ဟု ပြောသည်။
"ရန်ကျွင်း"(Yan Jun) သည် ရှက်သွားကာ စကားဆက်မပြောတော့ပေ။
ထိုအချိန်တွင် "ချန်တဲရှူ"(Cheng Deshu) မှ
"ခင်ဗျားက စကားကြီးတွေပြောတာကြိုက်တယ်။ ဒါပေမယ့် ဒီလိုပြောတာနဲ့တင်
ပညာရှင်လို့သက်သေမပြနိုင်ဘူး။ တခြားပညာရှင်တွေက ခင်ဗျားကို ပြက်ရယ်ပြုကြလိမ့်မယ်"
ဟု ပြောသည်။
"ပညာရှိမှာ သစ္စာရှိပြီး သူရဲကောင်းဆန်တဲ့ပညာရှိမျိုးရှိတယ်။
အဲ့လိုပညာရှိက သူ့ခေတ်သူ့အခါမှာတော့ အကဲ့ရဲ့ခံရကောင်းခံရမယ်။ ဒါပေမယ့် နောက်မျိုးဆက်တွေမှာတော့
သူက နာမည်ကြီးလိမ့်မယ်။ နောက်ပညာရှိတစ်မျိုးကတော့ ရှေးရိုးဆန်တဲ့ပညာရှိမျိုးပဲ။ ကဗျာတွေဖွဲ့တယ်၊
စာကြီးပေကြီးတွေဖတ်တယ်။ သူ့ကလောင်ကနေ စာလုံးပေါင်းများစွာထွက်သွားပေမယ့်လည်း သူ့ရင်ထဲက
ခိုင်မာတဲ့အကြံဉာဏ်ထွက်မလာနိုင်ဘူး။ ဥပမာပြောရရင် ရန်ရှုံ(Yang Xiong) က သူ့ခေတ်သူ့အခါမှာ
စာပေတွေနဲ့နာမည်ကြီးခဲ့ပေမယ့်လည်း ဝမ်မန်(Wang Mang) လို မကောင်းတဲ့လူအောက်မှာအမှုထမ်းခဲ့တော့
နောက်ဆုံးတော့ ပြတင်းပေါက်ကခုံချခဲ့တာမဟုတ်လား။ ဒီလိုကဗျာတွေအများကြီးဖွဲ့ခဲ့ပေမယ့်လည်း
သူ့အတွက် ဘာအကျိုးပြုခဲ့လို့လဲ"
"ချန်တဲရှု"(Cheng Deshu) မှာ ဘာမျှမပြောနိုင်တော့ပေ။
တခြားသောအမှုထမ်းတို့သည်လည်း "ကျူးကဲလျန့်"(Zhuge
Liang) နှင့်ယှဉ်ပြိုင်မပြောဝံ့ကြချေ။
ထိုသူတို့ထဲတွင် "ကျန်းဝင်"(Zhang Wen) နှင့်
"လော့ထုံ"(Luo Tong) တို့ပါဝင်သည်။ ထိုသူနှစ်ဦးက စကားစမည်အပြုဝယ် လူတစ်ယောက်မှ
"ဒါ ဧည့်သည်ကိုမလေးမစားလုပ်နေတာပဲ။ ဒီခေတ်ဒီအခါမှာ အတော်ဆုံးလူတစ်ယောက်
အရှေ့မှာရှိနေရက်နဲ့ သူနဲ့ပြိုင်ပြီးငြင်းနေကြတယ်။ ရန်သူဖြစ်တဲ့ချောင်ချောင်း(Cao
Cao) က ကျုပ်တို့နယ်စပ်အနားကိုရောက်လာပြီ။ ဒါတောင်ဒီမှာ ငြင်းလို့ကောင်းနေကြတုန်းပဲလား"
ဟု ဆိုသည်။
ထိုသူမှာ လင်းလင်မှ "ဟွမ်ကိုင်"(Huang Gai) ဖြစ်သည်။
သူသည် "ကျူးကဲလျန့်"(Zhuge Liang) ဘက်လှည့်ကာ
"စကားပြောပြီးတော့ တစ်စုံတစ်ခုရကောင်းရနိုင်ပေမယ့် တိတ်ဆိတ်ငြိမ်သက်ခြင်းက
ပိုပြီးအကျိုးဖြစ်တယ် ဆိုတဲ့စကားရှိတယ်လေ။ ခင်ဗျား ဒီမှာဆွေးနွေးပြီး အချိန်ကုန်မယ့်အစား
ကျွန်တော်တို့သခင်ကြီးနဲ့တွေ့ပြီး သူ့ကိုအကြံဉာဏ်ပေးတာပိုကောင်းမယ်" ဟု ပြောလေသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ
"သူတို့က နားမလည်သေးတော့ နားလည်အောင်ပြောရတာပါ"
ဟု ပြန်ပြောသည်။
ထို့နောက် "ဟွမ်ကိုင်"(Huang Gai) နှင့်
"လူဆု"(Lu Su) တို့သည် "ကျူးကဲလျန့်"(Zhuge Liang) အား သူ့အစ်ကိုဖြစ်သူ
"ကျူးကဲကျင့်"(Zhuge Jin) နှင့်တွေ့ရန်ခေါ်သွားသည်။ "ကျူးကဲကျင့်"(Zhuge
Jin) မှ
"ငါ့ညီ၊ ဘာလို့ငါ့ဆီ လာမလည်တာလဲ" ဟု မေးသည်။
"ကျွန်တော် အခု ယွီကျိုးက လျူဘေ့(Liu Bei) ထံမှာအမှုထမ်းနေပါတယ်။
တိုင်းရေးပြည်ရာက ကိုယ်ရေးကိုယ်တာထက်အရေးပါပါတယ်။ ဒါကြောင့် ကျွန်တော်အလုပ်မပြီးခင်
ကိုယ်ရေးကိုယ်တာတွေကို မလုပ်နိုင်ခဲ့ဘူး။ ဒီအတွက် စိတ်မရှိပါနဲ့၊ အစ်ကို"
"နယ်စားကြီး စွန်းချွမ်(Sun Quan) နဲ့တွေ့ပြီးရင် ငါနဲ့လာတွေ့ပြီး
မင်းရဲ့သတင်းတွေပြော"
"လူဆု"(Lu Su) သည် "ကျူးကဲလျန့်"(Zhuge
Liang) အားထပ်၍
"ကျွန်တော့်သခင်ကြီးနဲ့တွေ့ရင် သူ့ကို ချောင်ချောင်း(Cao
Cao) ရဲ့တပ်အင်အားအမှန်မပြောနဲ့နော်" ဟု သတိပေးပြန်သည်။ "ကျူးကဲလျန့်"(Zhuge
Liang) သည် ခေါင်းသာညိတ်ပြီး မည်သို့မျှမပြောပေ။
ခန်းမဆောင်သို့ရောက်သော် "စွန်းချွမ်"(Sun
Quan) သည် အမြင့်မှဆင်းကာ ဧည့်သည်အား ကြိုဆိုပြီး ထိုင်ရန်နေရာတစ်ခုပေးလေသည်။ အမှုထမ်းတို့သည်
အရပ်သားအမှုထမ်းနှင့်စစ်ဘက်အမှုထမ်း နှစ်တန်းခွဲကာရပ်နေကြသည်။ "လူဆု"(Lu
Su) မှာမူ "ကျူးကဲလျန့်"(Zhuge Liang) ဘေးတွင် မတ်တပ်ရပ်သည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့(Liu
Bei) ၏ဆန္ဒကိုပြောပြီးနောက် စွန်းချွမ်(Sun Quan) ၏ အစိမ်းရောင်မျက်လုံး၊ ခရမ်းရောင်မုတ်ဆိတ်မွှေးကိုမြင်လျှင်
'ပုံစံကြည့်တာတော့ သာမန်လူမဟုတ်ဘူး။ သိမ်းသွင်းပြောဆိုလို့ရမယ့်လူမဟုတ်ပဲ
စိတ်ကိုဆွပြီးပြောမှ ရမယ့်ပုံပဲ။ ဘာပဲဖြစ်ဖြစ် သူဘာပြောမလည်းဆိုတာအရင်ကြည့်ပြီး လှုပ်ရှားရမယ်'
ဟု တွေးသည်။
လက်ဖက်ရည်တို့တိုက်ပြီးနောက် "စွန်းချွမ်"(Sun
Quan) မှ
"လူစု(Lu Su) က ခင်ဗျား အရည်အချင်းရှိတဲ့အကြောင်းကို
မကြာခဏပြောတယ်။ အခုလိုတွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်ကို အကြံတွေပေးနိုင်မယ်လို့မျှော်လင့်ပါတယ်"
ဟု ပြောသည်။
"ကျွန်တော်က ထက်မြက်သူမဟုတ်သလို အရည်အချင်းရှိသူလည်း
မဟုတ်ပါဘူး။ ကျွန်တော့်ကို ဒီလိုပြောတာကြားရတာနဲ့တင်အရှက်ရမိတယ်"
"ခင်ဗျားက ရှင်းရဲ့မှာ ခင်ဗျားသခင်နဲ့ ချောင်ချောင်း(Cao
Cao) တိုက်တာကို ကူခဲ့တယ်ဆိုတော့ သူ့ရဲ့စစ်တပ်အင်အားကိုသိမှာပေါ့"
"ကျွန်တော့်သခင်ရဲ့စစ်တပ်က အင်အားနည်းပြီး စစ်တပ်အင်အားလည်းသိပ်မရှိဘူး၊
မြို့ကလည်းဆင်းရဲသလို စားနပ်ရိက္ခာလည်း မလုံလောက်ဘူး။ ဒါကြောင့် ချောင်ချောင်း(Cao
Cao) ရဲ့တပ်တွေကို မခုခံနိုင်ခဲ့ဘူး"
"သူ့မှာ စုစုပေါင်းအင်အား ဘယ်လောက်ရှိလဲ"
"မြင်းတွေ၊ ခြေလျင်တွေ၊ ကြည်းတပ်၊ ရေတပ်ပေါင်းလိုက်ရင်
တစ်သန်းလောက်ရှိမယ်"
"ဒီအင်အားက မယုံနိုင်စရာမဟုတ်လား"
"မဟုတ်ပါဘူး။ ချောင်ချောင်း(Cao Cao) ရန်ကျိုးကိုသွားတဲ့အချိန်တုန်းက
သူ့မှာ အင်အားနှစ်သိန်းရှိနေခဲ့ပြီ။ ယွမ်ရှောက်(Yuan Shao) သေဆုံးပြီးနောက်ပိုင်းမှာတော့
စစ်သားလေးငါးသိန်းလောက် ထပ်တိုးလာခဲ့တယ်။ နောက်ပြီး မြို့တော်မှာလည်း စစ်သားသုံးလေးသိန်းလောက်ထပ်စုခဲ့တယ်။
နောက် ကျင်ကျိုးမှာလည်း စစ်သားနှစ်သိန်းသုံးသိန်းလောက် ထပ်တိုးသွားပြန်တယ်။ ဒါတွေကိုပေါင်းလိုက်ရင်
စစ်တပ်အင်အားက ဆယ့်ငါးသိန်းလောက်တောင်ရှိနိုင်တယ်။ ဒါပေမယ့် ခင်ဗျားရဲ့အမှုထမ်းတွေလန့်သွားမှာစိုးလို့
တစ်သန်းလို့ပဲပြောတာ"
ထိုအချိန်တွင် "လူဆု"(Lu Su) မှာ ထိတ်လန့်သွားပြီး
မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) က ထိုပုံစံကိုမမြင်ချေ။
ထို့နောက် "စွန်းချွမ်"(Sun Quan) က ရန်သူဘက်မှ ခေါင်းဆောင်များအကြောင်းမေးပြန်သည်။
"ချောင်ချောင်း(Cao Cao) ဆီမှာ ဒီလိုတပ်ဖွဲ့အကြီးကြီးကိုထိန်းဖို့
ခေါင်းဆောင်ကောင်းတွေ၊ အကြံပေးတွေ အလုံအလောက်ရှိတယ်။ အစွမ်းထက်ပြီးဝါရင့်ခေါင်းဆောင်ပေါင်းတစ်ထောင်ကျော်လောက်ရှိမယ်၊
နှစ်ထောင်ကျော်ရင်တောင် ကျော်နိုင်တယ်"
"ချောင်ချောင်း(Cao Cao) က ကျင်ကျိုးကိုသိမ်းလိုက်ပြီဆိုတော့
သူ့ရဲ့နောက်အကွက်က ဘာဖြစ်မလဲ"
"သူက မြစ်ကမ်းတစ်လျှောက်မှာစခန်းချပြီး ရေတပ်ကြီးစုဝေးထားတယ်။
ဒါက တောင်ပိုင်းပြည်နယ်ကိုသိမ်းဖို့ကလွဲရင် တခြားဘာအတွက်ကြောင့်မှမဖြစ်နိုင်ဘူး"
"ဒါ သူ့အကြံဆိုရင်တော့ ကျုပ် သူ့ကိုတိုက်သင့်၊ မတိုက်သင့်
ကျွန်တော့်ကိုဆုံးဖြတ်ပေးပါလား"
"ကျွန်တော်ပြောစရာတစ်ခုရှိပါတယ်။ ဒါပေမယ့် နယ်စားကြီး
နားမထောင်မှာစိုးရိမ်ရတယ်"
"ကျုပ် ခင်ဗျားအကြံကြားနာဖို့ ဆန္ဒရှိပါတယ်၊ ပြောပါ"
"ပြဿနာတွေ၊ အရှုပ်အထွေးတွေက ပေါ်လာခဲ့တာကြာပြီ။ ခင်ဗျားက
တောင်ပိုင်းမှာ စစ်သားတွေစုဆောင်းပြီးတော့ လျူဘေ့(Liu Bei) နဲ့ ဟန်မြစ်တောင်ဘက်မှာစစ်တပ်စုဆောင်းပြီး
တိုင်းပြည်ကြီးအတွင်းမှာ ချောင်ချောင်း(Cao Cao) နဲ့ယှဉ်ပြိုင်ခဲ့တယ်။ အခု ချောင်ချောင်း(Cao
Cao) က သူ့အခက်အခဲအများစုကိုကျော်လွှားနိုင်ခဲ့ပြီး လတ်တလော ကျင်ကျိုးကိုအောင်နိုင်ခဲ့တာကြောင့်
သူ့နာမည်၊ဂုဏ်သိက္ခာကြီးသွားခဲ့တယ်။ သူ့ကိုတွန်းလှန်ဖို့ သတ္တိရှိပေမယ့်လည်း အင်အားမရှိတဲ့အတွက်
လျူဘေ့(Liu Bei) ကဒီကိုရောက်လာခဲ့တယ်။ ဒါကြောင့် ခင်ဗျားရဲ့စစ်တပ်အင်အားကိုကိုယ့်ဟာကိုယ်တိုင်းတာပြီးတော့
ခုခံနိုင်မယ်လို့ထင်ရင် ခုခံသင့်တယ်။ ဒီလိုမှမဟုတ်ရင်တော့ ခင်ဗျားရဲ့အကြံပေးတွေပြောသလိုပဲ
မြောက်ဘက်ကိုမျက်နှာမူပြီး အမှုထမ်းရုံပေါ့"
"စွန်းချွမ်"(Sun Quan) မည်သို့မျှမပြောပေ။
"ကျူးကဲလျန့်"(Zhuge Liang) မှပင် ဆက်ပြောပြန်သည်။
"ခင်ဗျားက အကျိုးအကြောင်းနဲ့ညီညွတ်တဲ့လူဆိုပြီး နာမည်ကြီးတယ်။
ဒါပေမယ့် ခင်ဗျားမှာတုံ့ဆိုင်းတတ်တဲ့အကျင့်ရှိတာကျွန်တော်သိတယ်။ ဒီကိစ္စက အရေးကြီးတဲ့အတွက်
အမြန်ဆုံးဖြတ်သင့်တယ်"
"ဒါဆို လျူဘေ့(Liu Bei) ကကော ဘာလို့လက်နက်မချတာလဲ"
"ခင်ဗျား ထျန်းဟန်(Tian Heng) အကြောင်းကိုသိတယ်မလား။
သူက တခြားလူအောက်မှာ အညံ့ခံဖို့မြင့်မြတ်လွန်းတယ်။ လျူဘေ့(Liu Bei) ဟာလည်း မင်းဆွေမင်းမျိုးပဲလေ။
သူအောင်နိုင်မှုမရသေးတာတော့ ကောင်းကင်ကြီးရဲ့ဆန္ဒကြောင့်ပဲ။ ဒါပေမယ့်လည်း သူက ဘယ်သူ့လက်အောက်မှာမှ
အညံ့ခံနိုင်သူမဟုတ်ဘူး"
[Tian Heng - ခုနှစ်ပြည်ထောင်ခေတ်နှင့် ချင်ခေတ်အတွင်းဝယ်
ချီပြည်နယ်(Qi) မှ သူရဲကောင်းဖြစ်သည်။ သူသည် ချင်တိုင်းပြည်ကပုန်ကန်ခဲ့ပြီး လျူဘန်း(Liu
Bang) ၊ ရှန့်ယွီ(Xiang Yu) တို့နှင့် စစ်တိုက်ခဲ့သည်]
ထိုစကားတို့ကြောင့် "စွန်းချွမ်"(Sun Quan) မှာ
စိတ်မထိန်းနိုင်ပဲဒေါသထွက်ကာ ချက်ချင်းပင်ထပြီးထွက်သွားလေသည်။ ထိုနေရာတွင်ရှိသောအမှုထမ်းတို့သည်
အချင်းချင်းကြည့်ကာပြုံးကြသည်။
"လူဆု"(Lu Su) မှာ "ကျူးကဲလျန့်"(Zhuge
Liang) သူ့စကားကို မနာယူသဖြင့်စိတ်ဆိုးကာ
"ကံကောင်းလို့ပေါ့၊ သခင်ကြီးကစိတ်ထားမြင့်မြတ်တော့ ခင်ဗျားပြောတာကိုဘာမှပြန်မပြောဘူး"
ဟု ပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) ကရယ်ကာ
"တော်တော်အပြောမခံတဲ့လူပဲ။ ကျုပ် ချောင်ချောင်း(Cao
Cao) ကိုဘယ်လိုချေမှုန်းရမယ်ဆိုတာ သိတယ်။ သူက ဘာမှမမေးတော့ ကျုပ်လည်းဘာမှမပြောတာ"
ဟု ပြန်ပြောသည်။
"ခင်ဗျားသာ တကယ်သိရင် သခင်ကြီးကနေ ခင်ဗျားကိုမေးဖို့
ကျွန်တော် တိုက်တွန်းပါ့မယ်"
"ကျုပ်မျက်လုံးထဲမှာတော့ ချောင်ချောင်း(Cao Cao) တပ်ဖွဲ့ဟာ
ပုရွက်ဆိတ်အများကြီးသာသာပဲ။ လက်ကိုလှုပ်လိုက်ရုံနဲ့ဖိသတ်လို့ရတယ်"
"လူဆု"(Lu Su) သည် ချက်ချင်းပင် သူ့သခင်ထံသွားရာ
စိတ်တိုနေသော "စွန်းချွမ်"(Sun Quan) ကိုတွေ့လေသည်။
"ဒီကျူးကဲလျန့်(Zhuge Liang) က ငါ့ကိုတော်တော်စော်ကားတာပဲ"
"ကျွန်တော် သူ့ကိုပြောပြီးသွားပါပြီ။ ဒါနဲ့သူကရယ်ပြီးတော့
သခင်ကြီးက အပြောမခံသူလို့ဆိုပါတယ်။ နောက်ပြီး သခင်ကြီးကစပြီးမမေးရင် သူကအကြံပေးမှာမဟုတ်ဘူးတဲ့။
သူ့ဆီက အကြံတောင်းကြည့်ပါလား"
ထိုအခါ "စွန်းချွမ်"(Sun Quan) သည် ဒေါသမှပျော်ရွှင်မှုအဖြစ်ပြောင်းသွားသည်။
"ဒါဆို သူက ရန်သူကိုတိုက်ဖို့နည်းလမ်းရှိတယ်ပေါ့။ သူ့စကားတွေက
ငါ့စိတ်ကိုဆွဖို့ပေါ့။ ငါ သူ့ကိုခဏတာမုန်းတီးသွားမိပြီး ကောင်းကောင်းတောင်မတွေးတောနိုင်ခဲ့တော့ဘူး"
ထို့နောက် "စွန်းချွမ်"(Sun Quan) သည် ခန်းမဆောင်ထဲပြန်ဝင်သွားပြီး
"ကျူးကဲလျန့်"(Zhuge Liang) အားစကားပြန်ဆက်ရန်ပြောသည်။
"ကျွန်တော် ခင်ဗျားအပေါ်စော်ကားမိသလိုဖြစ်သွားတယ်။ ဗွေမယူပါနဲ့"
"ကျွန်တော်စကားပြောတာလည်း နည်းနည်းရိုင်းသွားမိတယ်၊
တောင်းပန်ပါတယ်"
ဧည့်သည်နှင့်အိမ်ရှင်တို့သည် အတွင်းဆောင်ဘက်သို့ဝင်သွားကြပြီး
အရက်၊ယမကာတို့သောက်သုံးကြသည်။ ထို့နောက် "စွန်းချွမ်"(Sun Quan) မှပင်
"ချောင်ချောင်း(Cao Cao) ရဲ့ရန်သူတွေက လွီပု(Lu Bu)
၊ လျူပြောင်း(Liu Biao) ၊ ယွမ်ရှောက်(Yuan Shao) ၊ ယွမ်ရှု(Yuan Shu) ၊ လျူဘေ့(Liu
Bei) နဲ့ ကျုပ်ကိုယ်တိုင်ပဲ။ အခု အဲ့လူတွေအများစုကမရှိကြတော့ဘူး၊ လျူဘေ့(Liu Bei) နဲ့ကျုပ်ပဲကျန်တော့တယ်။
ကျုပ်ကဝူပြည်နယ်ကို တခြားလူလက်ထဲအရောက်မခံဘူး။ ချောင်ချောင်း(Cao Cao) နဲ့တိုက်နိုင်မယ့်လူက
လျူဘေ့(Liu Bei) ပဲ။ ဒါပေမယ့် အခုတလော စစ်ရှုံးခဲ့တယ်မဟုတ်လား။ ဒီလောက်အင်အားကြီးကိုဘယ်လိုယှဉ်နိုင်မှာလဲ"
ဟု ပြောလေသည်။
"စစ်ရှုံးပေမယ့်လည်း လျူဘေ့(Liu Bei) မှာ စစ်သားတစ်သောင်းနဲ့ကွမ်းယွီ(Guan
Yu) ရှိပါတယ်။ ဒါ့အပြင် ကျန်းရှာက လျူချီ(Liu Qi) ဆီမှာလည်း စစ်သားတစ်သောင်းလောက်ရှိတယ်။
ချောင်ချောင်း(Cao Cao) ရဲ့စစ်တပ်က အဝေးကချီတက်လာတာဖြစ်တဲ့အတွက် ပင်ပန်းနွမ်းနယ်နေပြီ။
နောက်ပြီးတော့ ကျွန်တော်တို့နောက်ကိုလိုက်ဖို့ မြင်းတွေနဲ့ တစ်ရက်တစ်ညအတွင်း မိုင်တစ်ရာခရီးကိုသွားခဲ့တယ်။
ဒါပေမယ့် သူတို့စစ်တပ်က ဘာမှထပ်မလုပ်နိုင်တော့ဘူး။ သူတို့က မြောက်ပိုင်းသားတွေဖြစ်တဲ့အတွက်
ရေကြောင်းတွေကိုကျွမ်းကျင်ကြသူမဟုတ်ဘူး။ ဒါ့အပြင် ကျင်ကျိုးကလူတွေကလည်း သူ့ကိုသိပ်မကူချင်ဘူး။
စစ်သူကြီးသာ ကျွန်တော့်သခင် လျူဘေ့(Liu Bei) ကိုကူရင် ချောင်ချောင်း(Cao Cao) က သေချာပေါက်ကျရှုံးပြီး
မြောက်ဘက်ကိုပြန်ပြေးရလိမ့်မယ်။ ဒါကြောင့် ဒီဟာကိုအချိန်မလင့်စေပဲ ဆုံးဖြတ်သင့်တယ်"
"စွန်းချွမ်"(Sun Quan) မှ ပျော်ရွှင်စွာ
"ခင်ဗျားရဲ့စကားတွေက ကျုပ်အတွက် လမ်းဖွင့်လိုက်သလိုပဲ။
ကျွန်တော်ဆုံးဖြတ်ပြီးပြီ။ ဘာမှမတွေဝေတော့ဘူး" ဟု ပြောသည်။
ထို့နောက် "ချောင်ချောင်း(Cao Cao) ကို ပူးပေါင်းတိုက်ရန်အမိန့်ကို
"လူဆု"(Lu Su) မှတဆင့်ထုတ်ပြန်လေသည်။ "စွန်းချွမ်"(Sun Quan) ကိုယ်တိုင်ကမူ
"ကျူးကဲလျန့်"(Zhuge Liang) အား ဧည့်ဆောင်သို့လိုက်ပို့သည်။
ထိုသတင်းကို "ကျန်းကျောက်"(Zhang Zhao) ကြားလေလျှင်
သူ၏လုပ်ဖော်ကိုင်ဘက်တို့နှင့်တွေ့ပြီး
"ကျုပ်တို့သခင်ကြီးကတော့ ကျူးကဲလျန့်(Zhuge Liang) ဆင်ထားတဲ့ထောင်ချောက်ထဲဝင်သွားပြီ"
ဟု ပြောသည်။ ထိုသူတို့သည် လူစုလူဝေးဖြင့် "စွန်းချွမ်"(Sun Quan) ထံသွားကာ
"သခင်ကြီး ချောင်ချောင်း(Cao Cao) ကိုတိုက်မယ်ဆိုတဲ့အကြောင်းကျွန်တော်တို့သိရတယ်။
ဒါပေမယ့် သခင်ကြီးက ယွမ်ရှောက်(Yuan Shao) နဲ့ယှဉ်ရင်ဘယ်လိုလဲ? အရင်က ချောင်ချောင်း(Cao
Cao) အင်မတန်အင်အားနည်းခဲ့ပေမယ့်လည်း သူ အခက်အခဲတွေကျော်လွှားခဲ့တယ်။ အခုတော့ တပ်မကြီးပေါင်းများစွာနဲ့အင်အားတောင့်နေခဲ့ပြီ။
သူ့ကိုလွယ်လွယ်နဲ့ခုခံနိုင်မှာမဟုတ်ဘူး။ ကျူးကဲလျန့်(Zhuge Liang) အကြံနားထောင်တာက
မီးပုံထဲကို လောင်စာပစ်ထည့်သလိုပဲ" ဟု ပြောကြသည်။
"စွန်းချွမ်"(Sun Quan) မှာ မည်သို့မျှမဆိုပေ။
"ကူယုံ"(Gu Yong) မှ
"လျူဘေ့(Liu Bei) က စစ်ရှုံးသွားခဲ့ပြီ။ သူက ကျွန်တော်တို့စစ်တပ်ကိုငှားပြီး
သူ့အကြံအတွက် အသုံးချချင်တာ။ ဘာလို့များသူ့အတွက်နဲ့စစ်သားတွေထုတ်ပေးရမှာလဲ? ခေါင်းဆောင်ရဲ့စကားကိုနားထောင်ပါ"
ဟု ပြောသည်။
"စွန်းချွမ်"(Sun Quan) သည် ဆုံးဖြတ်ချက်ချရန်
တုံ့ဆိုင်းသွားပြန်သည်။ ထိုအချိန်တွင် "လူဆု"(Lu Su) ဝင်လာကာ
"သူတို့တွေ သခင်ကြီးကို လက်နက်ချခိုင်းတာက သူတို့မိသားစုတွေလုံခြုံဖို့အတွက်ပဲ။
သူတို့က သူတို့ကိုယ်ကျိုးအတွက်နဲ့ တာဝန်ဆိုတာကို ပစ်ပယ်ခဲ့ပြီ။ ဒါကြောင့် သူတို့ပြောတာတွေကို
လက်မခံပါနဲ့" ဟု ဆိုသည်။
"စွန်းချွမ်"(Sun Quan) သည် မည်သို့မျှမပြောပဲ
အတွေးထဲတွင် နစ်မြောနေသည်။ "လူဆု"(Lu Su) မှပင်ဆက်ပြောသည်။
"သခင်ကြီး ဒီထပ်နှောင့်နှေးနေရင် အများစုရဲ့ဆန္ဒနဲ့ အမှားဘက်ကိုရောက်....."
"အခုသွားအနားယူပါဦး၊ ဒီကိစ္စကို ငါစဉ်းစားပါရစေဦး"
သို့နှင့် "လူဆု"(Lu Su) လည်း ထွက်သွားသည်။
"စွန်းချွမ်"(Sun Quan) ၏အမှုထမ်းများအတွင်းဝယ်
စစ်ဘက်ဆိုင်ရာအမှုထမ်းတို့က စစ်တိုက်လိုပြီး အရပ်သားအမှုထမ်းတို့က လက်နက်ချချင်ကြသည်။
ထိုအဖွဲ့နှစ်ဖွဲ့တို့သည် အငြင်းအခုံဖြစ်ကြလေသည်။ "စွန်းချွမ်"(Sun Quan)
သည်လည်း သူ၏အတွင်းဆောင်သို့ဝင်သွားပြီးနောက် စားလည်းမစားနိုင်၊ အိပ်လည်းမအိပ်နိုင်ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် သူ၏အဒေါ်ဖြစ်သူ ဝူအမျိုးသမီးရောက်လာသည်။ ထိုအဒေါ်ကို
"စွန်းချွမ်"(Sun Quan) သည် မိခင်အရင်းပမာသတ်မှတ်ထားလေသည်။ ဝူအမျိုးသမီးမှ
မည်သည့်အခက်အခဲရှိသနည်းဟုမေးရာ "စွန်းချွမ်"(Sun Quan) မှ အဖြစ်အပျက်တို့ကိုပြောပြသည်။
"ကျွန်တော်စစ်တိုက်ရင် ကျရှုံးနိုင်တယ်။ လက်နက်ချလိုက်ရင်လည်း
ချောင်ချောင်း(Cao Cao) က ကျွန်တော့်ကိုခွင့်လွှတ်ချင်မှခွင့်လွှတ်မှာ"
"ငါ့အစ်မကြီးပြောခဲ့တဲ့နောက်ဆုံးစကားကို မေ့သွားပြီလား"
"စွန်းချွမ်"(Sun Quan) သည် အရက်မူးရာမှပြေသွားသကဲ့သို့၊
အိပ်မက်မှနိုးထလာသကဲ့သို့ သူ၏အမေဖြစ်သူပြောခဲ့သောစကားကိုပြန်သတိရလေသည်။ သူ့မိခင်၏စကားသည်ကား
အောက်ပါအတိုင်းဖြစ်သည်။
'အခက်အခဲရှိရင် ကျိုးယွီ(Zhou Yu) နဲ့တိုင်ပင်ပါ'
Comments