သုံးနိုင်ငံခေတ်(၇၉)


အခန်း (၇၉) အစ်ကိုက ညီကိုနှိပ်ကွပ်ခြင်း၊ " ချောင်ကျီ"(Cao Zhi) ကဗျာဖွဲ့ခြင်း။
တူကဦးလေးကိုဒုက္ခပေးခြင်း၊ "လျူဖုန်း"(Liu Feng) က အပြစ်ဒဏ်ကို ခံယူခြင်း။

မျက်လုံးများက စကားပြောသောသူထံသို့စိုက်ရောက်သွားသည်။ ထိုပြောသူမှာ ဝန်ကြီး "ကျားခွေ့"(Jia Kui) ဖြစ်ပြီး မင်းသားငယ်မှ ထိုဝန်ကြီးကိုတာဝန်ပေးလိုက်ရာ "ကျားခွေ့"(Jia Kui) လည်း "ချောင်ကျန်း"(Cao Zhang) နှင့်စကားပြောရန် မြို့ပြင်သို့ထွက်သွားသည်။
"ကွယ်လွန်သွားခဲ့တဲ့ မင်းသားရဲ့တံဆိပ်တုံးက ဘယ်မှာလဲ?
"မင်းသားမှာ အရိုက်အရာဆက်ခံဖို့ သားအကြီးဆုံးရှိတယ်လေ။ အဲ့လိုမေးခွန်းက နားဝင်ခါးပါတယ်"
ထိုအခါ "ချောင်ကျန်း"(Cao Zhang) သည် မြို့ထဲသို့ဝင်ရန်ပြုသည်။ ရုတ်တရတ် "ကျားခွေ့"(Jia Kui) မှ
"ခင်ဗျားက ဈာပနအတွက်လာတာလား? ပြိုင်ဘက်အနေနဲ့လာတာလား?"
"ဒီကိုဈာပနအတွက်လာတာပါ။ တခြားမကောင်းတဲ့အကြံမရှိပါဘူး"
"ဒါဆို ဘာလို့ စစ်သားတွေပါခေါ်လာတာလဲ"
ထိုအခါ "ချောင်ကျန်း"(Cao Zhang) သည် သူ၏တပ်ဖွဲ့တို့ကိုပြန်ဆုတ်ရန်အမိန့်ပေးလိုက်ပြီး ချောင်ညီနောင်တို့တွေ့ဆုံကာ ငိုကြွေးခဲ့ကြသည်။ ထို့နောက် "ချောင်ကျန်း"(Cao Zhang) သည် စစ်တပ်ထိန်းချုပ်မှုကို ပြန်လည်အပ်နှင်းပြီး ရန်လင်သို့ပြန်သွားရန် အမိန့်ကျခဲ့သည်။ သူသည်လည်း ဆန့်ကျင်ခြင်းမရှိပဲ လက်ခံခဲ့သည်။

"ချောင်ဖီ"(Cao Pi) သည် သူ၏အုပ်ချုပ်မှုကိုခိုင်မြဲအောင်လုပ်နိုင်ခဲ့ပြီး သက္ကရာဇ်နာမည်ကို ရန်ခန်းနှစ်ပထမနှစ် (ကြာရှည်သောချမ်းသာကြွယ်ဝမှု) [အေဒီ ၂၂၀] ဟုနာမည်ပေးခဲ့သည်။ "ကျာရွှီ"(Jia Xu) ကို စစ်တပ်ကြီးကြပ်ရေးအရာရှိ၊ "ဟွာရှင်း"(Hua Xin) ကို ဝန်ကြီးချုပ်၊ "ဝမ်လန်" ကို အထက်တန်းဝန်ကြီး အစရှိသဖြင့် ရာထူးများတိုးပေးခဲ့သည်။ ကွယ်လွန်သွားခဲ့သော မင်းသားကိုလည်း "ခွန်အားကြီးသော ဘုရင်" ဟုဂုဏ်ပြုပေးပြီး ကောင်းလင်တွင် မြုပ်နှံခဲ့သည်။
ဘုရင်ချောင်၏အုတ်ဂူကို ကြီးကြပ်ရန် "ယွီကျင့်"(Yu Jin) အားတာဝန်ပေးခဲ့သည်။ ထိုသို့တာဝန်ပေးခဲ့ခြင်းမှာ မကောင်းသောအကြံနှင့်ဖြစ်သည်။ "ယွီကျင့်"(Yu Jin) သည် ထိုအုတ်ဂူတည်ဆောက်သောနေရာသို့ရောက်သည့်အခါ နံရံပေါ်တွင် မြေဖြူတို့ဖြင့် ဆွဲထားသောပုံကိုတွေ့သည်။ ထိုပုံတို့မှာ "ကွမ်းယွီ"(Guan Yu) ကြောင့် တပ်ကြီးခုနစ်တပ်တို့ရေနစ်မြုပ်ခံရပုံ၊ "ဖန်တဲ"(Pang De) သည် ရန်သူလက်အောက်တွင် အညံ့မခံခဲ့သော်လည်း "ယွီကျင့်"(Yu Jin) မှာမူ အသနားခံနေပုံ အစရှိသောပုံတို့ဖြစ်သည်။ "ယွီကျင့်"(Yu Jin) သည် သေဆုံးခြင်းဟူသောလမ်းကိုမရွေးပဲ အဖမ်းခံခဲ့သောကြောင့် "ချောင်ဖီ"(Cao Pi) မှ"ယွီကျင့်"(Yu Jin) အရှက်ရစေရန် တမင်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပုံတို့ကိုမြင်သောအခါ "ယွီကျင့်"(Yu Jin) သည် ရှက်ရွံ့မှု၊ ဒေါသတို့နှင့်အတူ နေမကောင်းဖြစ်ကာ  မကြာမီတွင်ပင် ကွယ်လွန်သွားခဲ့သည်။

"ချောင်ဖီ"(Cao Pi) သည် မင်းသားရာထူးကိုရပြီးမကြာမီ "ဟွာရှင်း"(Hua Xin) မှ
"ရန်လင်သခင်က သူ့တပ်သားတွေကိုပြန်အပ်နှံခဲ့ပြီး သူ့နေရာသူပြန်သွားပြီ။ ဒါပေမဲ့ ကျန်တဲ့ညီနှစ်ဦးကတော့ ဈာပနကိုမတက်ရောက်ခဲ့ဘူး။ ဒါကြောင့် သူတို့ကိုခေါ်ပြီး စစ်ဆေးမေးမြန်းရပါမယ်"
ထိုအခါ "ချောင်ဖီ"(Cao Pi) သည်လည်း စုံစမ်းရေးအရာရှိတို့ကို စေလွှတ်ခဲ့သည်၊ မကြာမီတွင်ပင် သတင်းရောက်လာသည်။
"ရှောင်းဟွိုင်သခင် ချောင်ရှုံး(Cao Xiong) က အပြစ်ဒဏ်ကို မခံယူချင်တဲ့အတွက် ဆွဲကြိုးချပြီးကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါပြီ"
ထိုအခါ "ချောင်ရှုံး"(Cao Xiong) ကို ရှောင်ဟွိုင်မင်းသားဟူသောရာထူးပေးပြီး ကောင်းစွာမြုပ်နှံစေခဲ့သည်။ ထို့နောက် လင်ကျီမှ သတင်းရောက်လာသည်။
"လင်ကျီသခင် ချောင်ကျီ(Cao Zhi) ကအပျော်အပါးပဲမက်နေပါတယ်။ သူ့ရဲ့မိတ်ဆွေနှစ်ဦးက တင်းယီ(Ding Yi) နဲ့ တင်းယင်(Ding Yin) လို့ခေါ်တဲ့ညီနောင်နှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦးဟာ အင်မတန်ရိုင်းပျပါတယ်။ ချောင်ကျီ(Cao Zhi) က ဒီအတိုင်းထိုင်နေပြီး စကားတစ်ခွန်းမှမပြောခဲ့ဘူး။ တင်းယီ(Ding Yi) က ချောင်ဘုရင်က ကျုပ်တို့သခင်ကိုအရိုက်အရာပေးဖို့ဆန္ဒရှိခဲ့တာ၊ ဒါပေမယ့် လူအချို့ရဲ့ကုန်းတိုက်မှုကြောင့် ဖြစ်မလာခဲ့ဘူး။ သူကွယ်လွန်သွားတာနဲ့ ခင်ဗျားသခင်က ကိုယ့်သွေးသားတွေကိုဒုက္ခပေးဖို့ကြံတော့တာပဲ ဆိုပြီးပြောခဲ့တယ်၊
နောက် တင်းယင်(Ding Yin) ကတော့ ဉာဏ်ရည်အရဆိုရင် ကျုပ်တို့သခင်က သာလွန်ပြီး သူကဆက်ခံခဲ့သင့်တာ။ ဒါပေမယ့် အခုတော့ ဒီလိုဆက်ဆံတာခံရတယ်၊ ဉာဏ်ကြီးရှင်ဆိုတာကို နားလည်ပုံမပေါ်ဘူးလို့ ပြောခဲ့တယ်။ အဲ့ဒီမှာ ချောင်ကျီ(Cao Zhi) က ဒေါသထွက်ပြီး သံတမန်ခေါင်းဆောင်ကို သေဒဏ်ပေးစေခဲ့တယ်"

ထိုအခါ "ချောင်ဖီ"(Cao Pi) သည် ဒေါသထွက်ပြီး "ရွှီချူ"(Xu Chu) ဦးဆောင်သော ကျားကိုယ်ရံတော်တပ်သုံးထောင်ကို စေလွှတ်ခဲ့သည်။ လင်ကျီသို့ရောက်သောအခါ တဖက်မှ စစ်သူကြီးက တားမြစ်ရန်လုပ်သည်။ "ရွှီချူ"(Xu Chu) က ထိုစစ်သူကြီးကိုသတ်လိုက်ပြီး အဟန့်အတားမရှိပဲ အိမ်တော်အတွင်းသို့ဝင်သွားရာ "ချောင်ကျီ"(Cao Zhi) နှင့် သူ၏အပေါင်းအပါတို့ အလွန်အကျွံမူးယစ်နေသည်ကိုတွေ့သည်။ ထိုအခါ ထိုသူတို့ကို ဖမ်းဆီးစေပြီး လှည်းထဲသို့ထည့်စေသည်၊ ထို့အပြင် အမှုထမ်းတို့ကိုပါ ဖမ်းဆီးပြီး ရဲ့ကျွင်းသို့ခေါ်လာခဲ့သည်။ "ချောင်ဖီ"(Cao Pi) ၏ပထမဆုံးအမိန့်မှာ "တင်းယီ"(Ding Yi) နှင့် "တင်းယင်"(Ding Yin) တို့ကိုသေဒဏ်ချမှတ်စေခြင်းဖြစ်သည်။ ထိုညီနောင်တို့သည် အခွံသက်သက်မဟုတ်ပဲ အရည်အချင်းအတန်အသင့်ရှိသောကြောင့် လူအများတို့က စိတ်မကောင်းဖြစ်ကြသည်။ အငယ်ဆုံးသား၏သေဆုံးမှုနှင့်ပြင်းထန်သောနှိပ်ကွပ်မှုတို့အကြောင်းကို "ချောင်ဖီ"(Cao Pi) ၏မိခင် ပျန်းအမျိုးသမီးကြားသိရသောအခါ စိုးရိမ်သောကရောက်ခဲ့လေသည်။ ထို့အပြင် "ချောင်ကျီ"(Cao Zhi) သည်လည်း အဖမ်းခံရပြီး သူ၏လက်အောက်ငယ်သားတို့အသတ်ခံရသည်ကိုသိသည်နှင့် သူ၏အကြီးဆုံးသားကိုသွားတွေ့သည်။ သူ၏သားကိုတွေ့သည်နှင့် ငိုကြွေးလေ၏။
"အရက်သေစာက နင့်ညီလေးအမြဲတမ်းရှိနေခဲ့တဲ့ အားနည်းချက်ပဲ။ သူ့မှာအရည်အချင်းရှိတာကိုထောက်ထားပြီး သူ့ကိုလွှတ်ပေးလိုက်ပါ။ ဒါ့အပြင် နင်တို့နှစ်ယောက်လုံးကို ငါဝမ်းနဲ့လွယ်ပြီးမွေးလာတယ်ဆိုတာ မမေ့ပါနဲ့။ ငါတမလွန်သွားရင် စိတ်ချလက်ချနဲ့မျက်လုံးမှိတ်နိုင်ဖို့ သူ့အသက်ချမ်းသာပေးလိုက်ပါ"
"ကျွန်တော်လည်း သူ့အရည်အချင်းကိုလေးစားပါတယ်။ သူ့ကိုဘေးဒဏ်ရောက်အောင်မလုပ်ပါဘူး၊ သူ့ကိုပြုပြင်ဖို့ပါပဲ။ စိတ်မပူပါနဲ့"
ထို့နောက် မိခင်ဖြစ်သူလည်း စိတ်အေးသွားပြီး ပြန်ထွက်သွားသည်။ မင်းသားသည် သီးသန့်အခန်းတစ်ခုသို့သွားပြီး သူ့ညီကိုခေါ်စေသည်။ "ဟွာရှင်း"(Hua Xin) မှ
"မင်းသားရဲ့မယ်တော်က သူ့သားအသက်ချမ်းသာပေးဖို့တောင်းပန်ခဲ့တာလား"
"ဟုတ်တယ် "
"ဒါဆို ကျွန်တော် တစ်ခုပြောပါရစေ။ ချောင်ကျီ(Cao Zhi) က ထက်မြက်လွန်းလို့ သူ့ကို နှိမ့်ကျတဲ့နေရာမှာထားလို့မဖြစ်နိုင်ဘူး။ သူ့ကိုမရှင်းရင် နောင်တစ်ချိန်မှာ ဒုက္ခပေးလိမ့်မယ်"
"ကျုပ်အမေရဲ့စရားကို နားထောင်ရမယ်"
"မင်းသားရဲ့ညီက စာပေမှာထူးချွန်တယ်လို့လူတွေပြောကြတယ်။ ဒါကိုကျွန်တော်မယုံခဲ့ဘူး။ ဒီတော့ သူ့ကိုစမ်းသပ်ကြည့်သင့်တယ်။ သူ့ရဲ့ဂုဏ်ပုဒ်က မမှန်ကန်တဲ့အရာဆိုရင် သူ့ကိုသေဒဏ်ပေးလိုက်ပါ၊ မှန်ကန်တယ်ဆိုရင်တော့ ရာထူးကချလိုက်ပါ။ ဒီလိုဆို တခြားစာပေပညာရှင်တွေလည်း မကျေနပ်တဲ့စကားတွေပြောတော့မှာမဟုတ်ဘူး။

မကြာမီတွင်ပင် "ချောင်ကျီ"(Cao Zhi) ရောက်လာပြီး ကြောက်ကြောက်လန့်လန့်ဖြင့် သူ၏အမှားကိုဝန်ခံကာ အစ်ကိုဖြစ်သူကို တောင်းပန်လေ၏။
"ငါတို့က ညီအစ်ကိုဆိုပေမယ့် မင်းသားနဲ့အမတ်ဆိုတဲ့ဆက်ဆံမှုကို  လျစ်လျူရှုလို့မရဘူး။ မင်းဘာကြောင့် ဒီလိုမကောင်းမှုကို ပြုမူရတာလဲ? အရင်မင်းသားရှိတုန်းက မင်းက ကလောင်စွမ်းထက်တယ်ဆိုပြီး ကြွားဝါခဲ့တယ်။ ဒါပေမယ့် ငါ့စိတ်ထဲမှာကတော့ မင်းက တခြားလူတစ်ယောက်ယောက်ကိုရေးခိုင်းခဲ့တာမလား? အခုခြေခုနစ်လှမ်းလှမ်းတဲ့အချိန်အတွင်းမှာ မင်းကဗျာဖွဲ့ရမယ်။ အဲ့အချိန်အတွင်း ကဗျာဖွဲ့နိုင်ရင် အသက်ဘေးကလွတ်မှာဖြစ်ပြီး မဖွဲ့နိုင်ရင်တော့ အပြစ်ဒဏ်ကိုခံယူရမယ်။
"ဘာအကြောင်းကိုဖွဲ့စေချင်တာလဲ"
ထိုအခန်းထဲတွင် ပန်းချီကားတစ်ချပ်ရှိသည်၊ ထိုပန်းချီကားမှာ နံရံ၏အောက်ခြေတွင် ကျွဲဖြူနှင့်ကျွဲမည်းတို့တိုက်ခိုက်ပြီးနောက် တစ်ကောင်က ရေတွင်းထဲသို့ကျကာ သေဆုံးသွားသည့်ပုံကိုဆွဲထားသည်။ "ချောင်ဖီ"(Cao Pi) က ထိုပန်းချီကားကိုပြပြီး 'ကျွဲနှစ်ကောင်၊ ကျွဲတစ်ကောင်၊ နံရံအောက်ခြေ၊ လဲကျ၊ ရေတွင်း၊ သေဆုံး' အစရှိသောစာလုံးတို့မပါစေပဲ ကဗျာဖွဲ့စေသည်။ "ချောင်ကျီ"(Cao Zhi) သည် ခြေလှမ်းခုနစ်လှမ်းလှမ်းကာ ကဗျာကိုရွတ်ဆိုသည်။
"သားသတ်သမား၏ သားကောင်နှစ်ကောင် လျှောက်လှမ်းလာ
တစ်ကောင်စီ၏ခေါင်းပေါ်တွင် လိမ်နေသောအရိုးတို့ရှိ၊ ကြံ့ခိုင်သန်မာ
တောင်ခြေတွင်တွေ့ပြီး နှစ်ကောင်လုံးမှာ အစွမ်းထက်
တူးဆွထားသောကျင်းကို ရှောင်ရှားလိုကြ
ခွန်အားမမျှသောတိုက်ပွဲကို ကြာရှည်စွာတိုက်ခိုက်ခဲ့
တစ်ကောင်မှာသွေးထွက်သံယိုဖြင့်လှဲလျောင်းပြီး မလှုပ်ရှားနိုင်
စင်စစ် ခွန်အားမညီမျှခြင်း မဟုတ်ခဲ့
အမျက်ဒေါသရှိသော်လည်း အားတိုက်အင်တိုက်မလုပ်ခဲ့ခြင်းသာဖြစ်"

ထိုအရည်အချင်းကိုမြင်သောအခါ မင်းသားနှင့်နန်းတွင်းတစ်ခုလုံးတို့သည် အံ့ဩသွားကြသည်။ "ချောင်ဖီ"(Cao Pi) က နောက်ထပ်စစ်ဆေးကြည့်ရန်ကြံပြီး "ညီအစ်ကိုသံယောဇဉ်"၊ "ညီအစ်ကို" အစရှိသောစာလုံးတို့ကိုမသုံးစေပဲ သူတို့နှစ်ဦး၏ဆက်ဆံရေးအကြောင်းကိုရေးဖွဲ့စေသည်။ ထိုအခါ "ချောင်ကျီ"(Cao Zhi) သည် တခဏမျှပင် မတွေးပဲ လက်တန်းရွတ်ဆိုသည်။
"ပဲသီးအညှာကိုမီးရှို့ပြီး ပဲသီးကိုချက်ခဲ့
အိုးထဲမှပဲတို့မှာ ငိုယိုနေခဲ့
အို၊ ငါတို့က တူညီတဲ့အမြစ်ကပေါက်ဖွားခဲ့လျက်နဲ့
အဆောတလျင်နဲ့အချင်းချင်းပျက်စီးကြောင်းကို ကြံစည်နေခဲ့တာလဲ?"
ထိုစာသားတို့သည် မိသားစုဝင်အချင်းချင်း ပျက်စီးရာပျက်စီးကြောင်းကြံပုံကိုထောက်ပြထားသဖြင့် "ချောင်ဖီ"(Cao Pi) သည် တိတ်ဆိတ်သောမျက်ရည်အနည်းငယ်ကျခဲ့လေသည်။ ထိုအချိန်တွင် မိခင်ဖြစ်သူရောက်လာပြီး
"အစ်ကိုဖြစ်သူက ညီဖြစ်သူကို အနိုင်ကျင့်နှိပ်စက်သင့်သလား?"
မင်းသားသည် ထိုင်နေရာမှထပြီး
"အမေ၊ တိုင်းပြည်ရဲ့ဥပဒေတွေကို မျက်ကွယ်ပြုလို့မဖြစ်ဘူး"

ထို့နောက် "ချောင်ကျီ"(Cao Zhi) ကို အန်းရှန်သခင်ရာထူးသို့ချလိုက်ပြီး "ချောင်ကျီ"(Cao Zhi) ကလည်း တစိုးတစိမျှမပြောပဲ ထိုအပြစ်ဒဏ်ကိုခံယူကာ မြင်းစီးပြီး သူ့အစ်ကိုအိမ်တော်မှထွက်သွားလေသည်။ "ချောင်ဖီ"(Cao Pi) အာဏာရလာခြင်းသည် စည်းကမ်းအသစ်၊ ဥပဒေအသစ်တို့စတင်မှုကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ သူ၏ဧကရာဇ်အပေါ်ဆက်ဆံမှုတို့သည် သူ့ဖခင်ထက်ပင် တင်းကြပ်ပြီး ဆိုးရွားလေ၏။
ထိုသတင်းသည် ချန်တူးသို့ရောက်သောအခါ "လျူဘေ့"(Liu Bei) မှ စိုးရိမ်ပြီး အကြံပေးတို့ကိုခေါ်ကာ တိုင်ပင်သည်။
"ချောင်ချောင်း(Cao Cao) သေပြီး သူ့သားတက်လာပြီဆိုတော့ ဧကရာဇ်ရဲ့အခြေအနေက အရင်ကထက်ဆိုးသွားပြီ။ စွန်းချွမ်(Sun Quan) က ဝေပြည်အုပ်ချုပ်မှုကို အသိအမှတ်ပြုပြီး သူ့ဩဇာက ကြီးမားလွန်းတယ်။ ဒီတော့ ကျုပ်ညီသေဆုံးမှုအတွက် လက်စားချေဖို့ စွန်းချွမ်(Sun Quan) ကိုချေမှုန်းရမယ်။ အဲ့ဒါပြီးရင်တော့ မြို့တော်ကိုချီတက်ပြီး သူပုန်တွေအားလုံးကို အမြစ်ဖြတ်ရမယ်။ ဒါကိုဘယ်လိုမြင်လဲ"
ထိုအခါ "လျောင်ဟွာ"(Liao Hua) ထလာပြီး ဒူးထောက်ကာ ငိုကြွေးလေသည်။
"သခင်ကြီးရဲ့ညီနဲ့ သူ့မွေးစားသားတို့ သေဆုံးရတာဟာ လျူဖုန်း(Liu Feng) နဲ့ မုန့်တာ(Meng Da) တို့ကြောင့်က အဓိကကျပါတယ်။ ဒီလူနှစ်ယောက်လုံးကို သေဒဏ်ပေးသင့်တယ်။"
"လျူဘေ့"(Liu Bei) သည်လည်း ထိုသို့ပင် အကြံရှိပြီး ထိုသူနှစ်ဦးအားဖမ်းဆီးရန်သွားသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"အဲ့လိုမလုပ်ပါနဲ့ဦး၊ ဖြည်းဖြည်းချင်း လုပ်ဆောင်ပါ။ အဲ့လိုမှမဟုတ်ရင် အတွင်းရေးအရှုပ်အရှင်းတွေဖြစ်လိမ့်မယ်။ သူတို့နှစ်ဦးကို ရာထူးတိုးပေးပြီး တစ်နေရာစီပို့လိုက်ပါ။ ပြီးတော့မှ သူတို့ကို ဖမ်းသင့်ပါတယ်"
ဟန်ကျုံးမင်းသားသည်လည်း ထိုအကြံကိုလက်ခံပြီး "လျူဖုန်း"(Liu Feng) ကို မျန်ကျူမြို့စားအဖြစ်ခန့်အပ်လိုက်ပြီး လူနှစ်ယောက်ကို ခွဲထားစေသည်။
"ဖုန်ရန်"(Peng Yang) နှင့် "မုန့်တာ"(Meng Da) တို့သည် သူငယ်ချင်းကောင်းများဖြစ်သွားကြပြီဖြစ်သည်။ အခြေအနေတို့ကိုကြားသောအခါ "ဖုန်ရန်"(Peng Yang) မှ "မုန့်တာ"(Meng Da) ထံစာရေးပြီး အကြောင်းကြားသည်။ ထိုစာကိုယုံကြည်ရသောသူအား ပေးပို့စေသည်။ သို့သော် လမ်းတစ်ဝက်တွင် "မာချောင်း"(Ma Chao) နှင့်တွေ့ပြီး "မာချောင်း"(Ma Chao) မှာ ထိုအကြောင်းကိုသိသွားသည်။ "မာချောင်း"(Ma Chao) သည် "ဖုန်ရန်"(Peng Yang) ၏အိမ်သို့အလည်သွားသည်။ "ဖုန်ရန်"(Peng Yang) က မည်သို့မှသံသယမဝင်ပဲ ကောင်းကောင်းဧည့်ခံကာ နှစ်ဦးသားအချိန်အတန်ကြာသည်ထိသေရည်သောက်ကြသည်။ "မာချောင်း"(Ma Chao) သည် အိမ်ရှင်သတိကြီးကြီးမထားတော့ပြီဟု ယူဆသည့်အချိန်တွင်
"ဟန်ကျုံးမင်းသားက အရင်က ခင်ဗျားအပေါ်အများကြီးကောင်းခဲ့တယ်။ အခုအရင်လိုမဟုတ်တော့ပါလား"
ထိုအခါ အိမ်ရှင်သည် သူ့သခင်မကောင်းကြောင်းတို့ကိုပြောလေသည်။
"ဘာမှမသိတဲ့ သားရေဗိုက်နဲ့အဘိုးကြီး! တစ်ရက်ရက်တော့ သူ့ကိုဒုက္ခရောက်အောင် လုပ်ရမယ်"
"မာချောင်း"(Ma Chao) ကလည်း အိမ်ရှင်ဘက်မှ ပြောသည်။
"အမှန်အတိုင်းပြောရရင် ကျုပ်လည်း သူ့ကိုမုန်းနေတာကြာပြီ"
"ဒါဆို ခင်ဗျား မုန့်တာ(Meng Da) နဲ့ပေါင်းပြီးတိုက်ခိုက်ပါ၊ ကျုပ်က အရှေ့၊ အနောက်မြစ်ပြည်နယ်ကလူတွေကို သိမ်းသွင်းမယ်။ အဲ့လိုဆို လွယ်ကူသွားပြီ"
"ခင်ဗျားပြောတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါကိုမနက်ဖြန်မှာ ထပ်ဆွေးနွေးရဦးမယ်"
ထိုသို့ပြောပြီး "မာချောင်း"(Ma Chao) သည် ထွက်လာခဲ့သည်။

ထို့နောက် သူဖမ်းဆီးထားသော ဆက်သားကိုခေါ်ဆောင်ပြီး မင်းသားနှင့်တွေ့ကာ အကြောင်းစုံကိုပြောပြသည်။ "လျူဘေ့"(Liu Bei) သည် အင်မတန်ဒေါသထွက်ပြီး သစ္စာဖောက်ရန်ကြံစည်သူအား ဖမ်းစည်းစေလိုက်သည်။ "ဖုန်ရန်"(Peng Yang) သည် အကျဉ်းချခံရသောအခါ အသနားခံသည်။ "လျူဘေ့"(Liu Bei) က သူ၏အကြံပေးနှင့်တိုင်ပင်လေ၏။
"အဲ့လူ ဖုန်ရန်(Peng Yang) က တစ်ရက်ရက်မှာ သစ္စာဖောက်မှာပဲ၊ ဘယ်လိုလုပ်ရမလဲ"
"သူက စာပေပညာအနည်းငယ်တတ်ကျွမ်းပေမယ့် တာဝန်ယူတတ်သူမဟုတ်ဘူး။ သူ့ကိုဒီအတိုင်းထားရင် အန္တရာယ်ရှိတယ်"
ထို့ကြောင့် "ဖုန်ရန်"(Peng Yang) အား အကျဉ်းထောင်ထဲတွင်ပင် ကိုယ့်ကိုယ်ကို သတ်သေစေ၏။ ထိုသတင်းသည် "မုန့်တာ"(Meng Da) ထံသို့ရောက်သွားခဲ့သည်။ ထို့အပြင် "လျူဖုန်း"(Liu Feng) သည်လည်း ရာထူးတိုးကာ မျန်ကျူသို့ပြောင်းသွားသည်ကိုသိလေရကား ပိုပြီးထိတ်လန့်သွားသည်။ ထို့ကြောင့် ရှန်ယုံရှိ သူ၏မိတ်ဆွေလည်းဖြစ်၊ စစ်သူကြီးလည်းဖြစ်သော "ရှန်တန်"(Shen Dan) ၊ "ရှန်ယီ"(Shen Yi) ညီနောင်နှစ်ဦးတို့နှင့်တိုင်ပင်သည်။
"ကျုပ်နဲ့ကျုပ်မိတ်ဆွေ ဖုန်ရန်(Peng Yang) ဟာ ဟန်ကျုံးမင်းသားအတွက် အများကြီးလုပ်ပေးခဲ့တယ်။ ဒါပေမယ့် အခု ဖုန်ရန်(Peng Yang) သေသွားပြီ၊ ကျုပ်ကိုလည်း ဂရုမပြုတော့ဘူး။ ဒါတင်မက မင်းသားက ကျုပ်ကိုသေဒဏ်ပေးချင်နေတာ ဘယ်လိုလုပ်ရမလဲ"
ရှန်တန်"(Shen Dan) မှ
"ခင်ဗျား လွတ်မြောက်နိုင်မယ့်လမ်းရှိပါတယ်"
"ဘာလမ်းလဲ"
"တခြားနယ်ကို ခိုလှုံဖို့ပဲ။ ကျုပ်ညီ ရှန်ယီ(Shen Yi) နဲ့ ကျုပ်က ဝေပြည်နယ်ကိုသွားချင်ခဲ့တာကြာပြီ။ ခင်ဗျားက ဟန်ကျုံးမင်းသားကို စာတစ်စောင်ရေးပြီး ဝေပြည်မင်းသားလက်အောက်မှာ သွားအမှုထမ်းပြီဆိုပြီး နှုတ်ဆက်ခဲ့ပါ။ ဒါဆိုရင် ခင်ဗျားကို ဟိုဘက်က ကြိုဆိုမှာ သေချာတယ်။ ကျုပ်တို့လည်း ခင်ဗျားနဲ့အတူလိုက်ခဲ့မယ်"
"မုန့်တာ"(Meng Da) သည်လည်း ထိုအကြံမှာ အကောင်းဆုံးဖြစ်သည်ဟုသိပြီး စာတစ်စောင်ရေးကာ လူတစ်ဦးထံပေးလိုက်ပြီး ညတွင်းချင်း ဝေပြည်နယ်သို့ထွက်ပြေးသွားလေ၏။

ဆက်သားသည် ချန်ထူးသို့ရောက်လေပြီး "မုန့်တာ"(Meng Da) ၏စာကိုပေးလိုက်သည်။ မင်းသားမှာ အင်မတန်ဒေါသထွက်ပြီး စာကိုဖွင့်ဖတ်ရာ စာမှာအောက်ပါအတိုင်းဖြစ်လေ၏။
'ကျွန်တော်မျိုးရဲ့အမြင်အရဆိုရင် မင်းသားဟာ ယီယင်း(Yi Yin)1 လို တာဝန်တွေထမ်းဆောင်နိုင်မှာဖြစ်ပြီး လွီဝမ့်(Lu Wang)2 ရဲ့ခြေလှမ်းတွေကိုလျှောက်လှမ်းပြီး နယ်စား ဝင်(Wen)3 နဲ့ ဟွမ်(Huan)4 တို့လို နာမည်ကြီးနိုင်မှာဖြစ်တယ်။ အကြံအစည်ကြီးစတင်တဲ့အချိန်မှာ မင်းသားဟာ ဝူနဲ့ချူ(ကျင်ကျိုး) ပြည်နယ်တို့ရဲ့ထောက်ခံမှုကိုရခဲ့ပြီး အရည်အချင်းရှိတဲ့လူတွေက ခိုလှုံခဲ့တယ်။ ကျွန်တော် မင်းသားလက်အောက်မှာ အမှုထမ်းခဲ့ကတည်းက အမှားတွေအများကြီးကျူးလွန်ခဲ့တယ်။ ကျွန်တော်တောင် ဒီအမှားတွေကိုမြင်တယ်ဆိုတော့ မင်းသားက ကျွန်တော့ထက်ပိုပြီး သိမြင်မှာဖြစ်တယ်။ အခု မင်းသားဟာ နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ဝန်းရံနေခဲ့ပြီး ကျွန်တော်ကတော့ အိမ်မှာလည်း အသုံးမဝင်သလို ခေါင်းဆောင်မှုမှာလည်း အရည်အချင်းမရှိသူဖြစ်တယ်၊ ဒါကြောင့် သူတို့တွေကြားမှာ ရာထူးမယူဝံ့ပါဘူး။
ဖန်လီ(Fan Li)5 ဟာ အခြေအနေတွေကိုသိမြင်ပြီးနောက် အင်းအိုင်တွေကိုဖြတ်သန်းခဲ့တယ်လို့ လူတွေသိကြတယ်၊ ဒါ့အပြင် ကျီဖန်(Zi Fan)6 ဟာလည်း သူ့အမှားတွေကိုဝန်ခံပြီး မြစ်ကမ်းမှာပဲနေခဲ့တယ်။ ဘေးကြုံရင် အရင်ဆုံးကိုယ့်ကိုယ်ကို လွတ်မြောက်အောင်လုပ်ဆောင်တာဟာ ဓမ္မတာပဲမို့ ကျွန်တော်ရောက်လာခဲ့သလိုပဲ ပြန်ပြီးထွက်သွားခဲ့ပါပြီ။ ဒါ့အပြင် ကျွန်တော်က တုံးအပြီး အရည်အချင်းမရှိတဲ့အပြင် အခြေအနေတွေကြောင့်သာ ပေါ်ထွက်လာခဲ့သူဖြစ်ပါတယ်။
ဟိုးအရင်တုန်းက ရှန်ရှန်း(Shen Sheng)7 ဟာ မိဘအပေါ်သိတတ်ပေမယ့်လည်း ဖခင်ဖြစ်သူရဲ့သံသယကြောင့် သေဆုံးခဲ့တယ်။ ဝူကျီရွှီ(Wu Zixu)8 ဟာ သစ္စာရှိခဲ့ပေမယ့်လည်း သေဒဏ်ပေးခံခဲ့ရတယ်။ မုန့်ထျန်း(Meng Tian)9 ဟာ ချင်တိုင်းပြည်နယ်မြေကိုတိုးချဲ့အောင်လုပ်ဆောင်ခဲ့ပေမယ့် ကြီးလေးတဲ့အပြစ်ဒဏ်ခံခဲ့ရတယ်။ ဒါ့အပြင် ယွဲ့ယီ(Yue Yi)10 ဟာ ချီပြည်နယ်တပ်တွေကိုဖြိုခွင်းနိုင်ခဲ့ပေမယ့် ကုန်းတိုက်ခံခဲ့ရတယ်။ ကျွန်တော် သူတို့တွေအကြောင်းကိုဖတ်တိုင်း မျက်ရည်ကျသည်ထိဝမ်းနည်းမိတယ်။ အခုတော့ ကျွန်တော်ဟာ သူတို့လိုဖြစ်နေပြီမို့ စိတ်မကောင်းဖြစ်မိတယ်။
အခု ကျင်ကျိုးနယ်ဆုံးရှုံးခဲ့တဲ့အတွက် ရာထူးရှိအမှုထမ်းတစ်ဦးအနေနဲ့ တာဝန်တစ်ရာမှာ တစ်ခုတောင်းမကျေပွန်ခဲ့ဘူး၊ ဒါကြောင့် ဖန်လင်နဲ့ရှန်ယုံတို့ကို သခင့်လက်ပြန်အပ်ပြီး တရပ်တစ်ကျေးမှာ အမှုထမ်းပါတော့မယ်။ အို၊ မင်းသား၊ ကျွန်တော့ရဲ့အပြုအမူ၊ ကျွန်တော်လှမ်းတော့မယ့်ခြေလှမ်းကို သနားပြီးခွင့်လွတ်ပေးပါ။ တကယ်တော့ ကျွန်တော်ဟာ အကျင့်ဆိုးတဲ့ တာဝန်ကြီးတွေကိုထမ်းဆောင်နိုင်စွမ်းမရှိတဲ့လူသာဖြစ်ပါတယ်။ ကျွန်တော် ဘာလုပ်တယ်ဆိုတာနားလည်ပြီး ဒါလည်း သေးငယ်တဲ့အပြစ်မဟုတ်ဘူးဆိုတာ သိပါတယ်။
ဆက်နွယ်မှုတွေကို ဖြတ်တောက်တာဟာ အပြန်အလှန်မဖြစ်သင့်ဘူးလို့ပြောကြတယ်၊ ဒါကြောင့် ကျွန်တော်မျိုးက နှလုံးသားလောင်ကျွမ်းခြင်းမရှိပဲ ထွက်ခွာသွားပါပြီ။ မင်းသားရဲ့အမိန့်တွေကို ကျွန်တော်နာခံခဲ့ပါတယ်၊ အခုတော့ မင်းသား ကိုယ့်ကိုယ်ကိုရွက်ဆောင်ရတော့မယ်။ ကျွန်တော် ဒီစာကိုကြောက်ရွံ့စွာနဲ့ရေးခဲ့ပါတယ်။'
ထိုစာကိုဖတ်ပြီးနောက် "လျူဘေ့"(Liu Bei) သည် အမျက်ကြီးစွာထွက်လေ၏။
"ကျေးဇူးကန်းတဲ့ကောင်! သစ္စာဖောက်ပြီး ကျုပ်ကိုစာတစ်စောင်ရေးပြီးစော်ကားသွားတယ်!"
"လျူဘေ့"(Liu Bei) တို့သည် တပ်ဖွဲ့တို့ကိုလွှတ်ပြီး သစ္စာဖောက်ကိုဖမ်းဆီးရန်ပြုသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ
"လျူဖုန်း(Liu Feng) ကိုလွှတ်ပြီး ဖမ်းဆီးခိုင်းတာက ပိုပြီးသင့်တော်ပါတယ်။ ဒီလိုဆို ကျားနှစ်ကောင်အချင်းချင်း ဟာကွက်ချောင်းနေရမယ်။ လျူဖုန်း(Liu Feng) ဖမ်းနိုင်သည်ဖြစ်စေ၊ မဖမ်းနိုင်သည်ဖြစ်စေ မြို့တော်ကိုပြန်လာရမှာပဲ။ အဲ့အချိန်မှာ သူ့ကိုသတ်ပြီး မသူတော်နှစ်ယောက်လုံးကိုရှင်းနိုင်မယ်"
၎င်းကို "လျူဘေ့"(Liu Bei) က လက်ခံပြီး မျန်ကျူသို့အမိန့်စာပို့လိုက်ရာ "လျူဖုန်း"(Liu Feng) က သူ၏တပ်ကိုဦးဆောင်ပြီး ချီတက်သွားသည်။

"မုန့်တာ"(Meng Da) သည် "ချောင်ဖီ"(Cao Pi) ထံသို့ရောက်သောအခါ "ချောင်ဖီ"(Cao Pi) သည် အစည်းအဝေးပြုလုပ်နေခဲ့သည်။ "မုန့်တာ"(Meng Da) ရောက်လာသည်ကိုသိသောအခါ ဝင်ခွင့်ပေးလိုက်လေသည်။ "ချောင်ဖီ"(Cao Pi) မှ
"ဒါက တကယ်လက်နက်ချတာရောဟုတ်ရဲ့လား"
"ကွမ်းယွီ(Guan Yu) ကိုစစ်ကူမပို့ခဲ့တဲ့အတွက် ကျွန်တော်သေဒဏ်ပေးခံရမှာစိုးလို့ ရရောက်လာတာပါ"
သို့သော် "ချောင်ဖီ"(Cao Pi) ကမယုံပေ။ ထိုအချိန်တွင် "လျူဖုန်း"(Liu Feng) ၏တပ်ရောက်လာပြီး ရှန်းရန်ကိုတိုက်ကာ "မုန့်တာ"(Meng Da) အားထွက်လာရန်ခေါ်သည်။ "ချောင်ဖီ"(Cao Pi) မှ
"ခင်ဗျားပြောတာ အမှန်ပဲထင်တယ်။ ခင်ဗျား ရှန်းရန်ကိုသွားပြီး လျူဖုန်း(Liu Feng) ရဲ့ခေါင်းကိုယူလာနိုင်ရင် ခင်ဗျားအပေါ် သံသယမရှိတော့ဘူး"
"ကျွန်တော် သူ့ကိုစည်းရုံးပြီး လက်နက်ချအောင်လုပ်လို့ရပါတယ်။ စစ်သားတွေမလိုပါဘူး"
ထို့နောက် "မုန့်တာ"(Meng Da) ကို 'လက်နက်တို့ကိုစောင့်ကြပ်သောစစ်သူကြီး'၊ ဖင်ရန်သခင်၊ ရှင်းချန်မြို့စားရာထူးတို့ကိုပေးပြီး ရှန်းရန်နှင့် ဖန်ချန်တို့ကိုကာကွယ်စေသည်။

ထိုနေရာတွင် စစ်သူကြီးနှစ်ဦးဖြစ်သည့် "ရှဟိုရှန်"(Xiahou Shang) နှင့် "ရွှီဟွမ်"(Xu Huang) တို့ရောက်နှင့်ပြီဖြစ်သည်။ "မုန့်တာ"(Meng Da) ရောက်လာသောအခါ "လျူဖုန်း"(Liu Feng) သည် မြို့မှ ၁၅ မိုင်အကွာတွင် စခန်းချထားကြောင်းပြောသည်။ "မုန့်တာ"(Meng Da) သည် "လျူဖုန်း"(Liu Feng) အား စာတစ်စောင်ရေးပြီး လက်နက်ချရန်တိုက်တွန်းသည်။ သို့သော် "လျူဖုန်း"(Liu Feng) ကလက်မခံပဲ စာကိုဖြဲလိုက်ပြီး ဆက်သားကိုသေဒဏ်ပေးလိုက်သည်။
"ဒီလူက ကျုပ်ဦးလေးကို ဒုက္ခပေးမိအောင်လုပ်ပြီးပြီ။ အခုကျုပ်အဖေနဲ့ကျုပ်ကြားကိုကုန်းတိုက်ပြီး သစ္စာမရှိတဲ့၊ မသိတတ်တဲ့လူဖြစ်အောင်လုပ်နေတယ်"
"မုန့်တာ"(Meng Da) သည် သူ၏တပ်ကိုဦးဆောင်ကာ ထွက်လာသည်။ "လျူဖုန်း"(Liu Feng) သည် ဓားကိုကိုင်ကာ ထွက်လာသည်။ ထိုအခါ "မုန့်တာ"(Meng Da) မှ
"ခင်ဗျား သေတွင်းနဲ့နီးနေတာတောင်မှ နားမလည်ပဲ ဆက်မိုက်နေသေးတယ်"
"လျူဖုန်း"(Liu Feng) သည် မြင်းစီးပြီး "မုန့်တာ"(Meng Da) ကိုတိုက်ရာ "မုန့်တာ"(Meng Da) ထွက်ပြေးလေ၏။ ခုနစ်မိုင်ခန့်လိုက်ပြီးနောက်ဝယ် အဆင်သင့်စောင့်နေသော "ရှဟိုရှန်"(Xiahou Shang) နှင့် "ရွှီဟွမ်"(Xu Huang) တို့၏ကင်းပုန်းကတိုက်လေသည်။ "မုန့်တာ"(Meng Da) ကလည်း နောက်ပြန်လှည့်ကာတိုက်သည်။ "လျူဖုန်း"(Liu Feng) သည် ရှန်ယုံသို့ပြေးရသည်။ မြို့ရိုးနားသို့ရောက်သောအခါ မြို့ရိုးပေါ်မှ မြားတို့ဖြင့်ဝိုင်းပစ်လေသည်။
"ကျုပ်တို့ ဝေလက်အောက်မှာ လက်နက်ချလိုက်ပြီ! "
မြို့ရိုးတံတိုင်းပေါ်မှ "ရှန်တန်"(Shen Dan) ကပြောသည်။

"လျူဖုန်း"(Liu Feng) သည် မြို့ကိုတိုက်ရန်ပြုသော်လည်း ရန်သူတို့သည် အနောက်မှ ချဉ်းကပ်လာသောကြောင့် ဖန်လင်သို့ပြေးရသည်။ ဖင်လင်သည်လည်း ဝေပြည်၏အလံတို့ဖြစ်သွားကြောင်းတွေ့လိုက်ရပြီး "ရှန်ယီ"(Shen Yi) သည် မြို့ရိုးပေါ်မှအချပြလိုက်လိုက်ရာ "ရွှီဟွမ်"(Xu Huang) ၏ညာတောင်ပံတပ်အလံကိုလွင့်ထူလိုက်သည်။
"လျူဖုန်း"(Liu Feng) ၏တပ်သည် ရန်သူ့ကင်းပုန်းတို့ကြောင့် အကျအရှုံးများခဲ့ပြီး ချန်ထူးသို့ရောက်သောအခါ မြင်းသည်တော် တစ်ရာသာကျန်တော့သည်။ သူ့ဖခင်နှင့်တွေ့သော်လည်း ဖခင်မှာ သနားသည့်ပုံမပြပေ။ ဒူးထောက်ကာ ငိုယိုနေသောသူအား "လျူဘေ့"(Liu Bei) မှ
"အရှက်မရှိတဲ့သား! ငါ့ကိုလာတွေ့ဖို့ မျက်နှာရှိသေးတယ်လား?"
"ဦးလေးကို ကျွန်တော်မကယ်ခဲ့တာဟာ ကျွန်တော်ငြင်းပယ်လို့မဟုတ်ပါဘူး။ မုန့်တာ(Meng Da) ရဲ့လုပ်ဆောင်မှုတွေဖြစ်ပါတယ်"
"မင်းက ယောက်ျားလိုစားပြီး ယောက်ျားလိုဝတ်တယ်မလား။ ဒါပေမယ့် ယောက်ျားကောင်းလုပ်ဆောင်ရမှာကို မလုပ်တာဟာ ရွှံ့၊သစ်တုံးဖြစ်နေလို့လား? တခြားလူကြောင့်ဖြစ်ရတယ်ဆိုတာ ဘာကိုပြောတာလဲ"
ထို့နောက် အာဏာပါးကွက်သားတို့ကိုခေါ်ပြီး "လျူဖုန်း"(Liu Feng) အား သေဒဏ်ပေးစေခဲ့သည်။
နောက်ပိုင်းတွင် "မုန့်တာ"(Meng Da) ၏သစ္စာဖောက်ရန်ဆွဲဆောင်သောစာကို "လျူဖုန်း"(Liu Feng) က ငြင်းပယ်ခဲ့သည်ဟုကြားသောအခါ "လျူဘေ့"(Liu Bei) မှာ နောင်တရလေ၏။ ထို့နောက် "ကွမ်းယွီ"(Guan Yu) ၏သေဆုံးမှုတို့ကြောင့် စိတ်ထိခိုက်ပြီး နေမကောင်းဖြစ်လေရကား စစ်ဆင်ရေးတို့ကို ရပ်နားခဲ့သည်။

"ချောင်ဖီ"(Cao Pi) သည် မင်းသားဖြစ်လာခဲ့ပြီးနောက် သူ၏အမှုထမ်းအားလုံးတို့ကို ရာထူးတိုးစေပြီး သူ၏ဘိုးဘေးတို့၏ဇာတိဖြစ်သော တောင်ပိုင်းရှိ ဖေပြည်နယ် ချောင်အရပ်ဒေသသို့ စစ်သားသုံးသိန်းလွှတ်ပြီး စားသောက်ပွဲများကျင်းပစေသည်။ တပ်မကြီးဖြတ်သန်းသွားသောအခါ အသက်ကြီးရင့်သောရွာသားတို့က လမ်းတို့တွင်ရပ်ကာ အရက်များပေးအပ်ကြသည်။ ထိုအခြင်းအရာမှာ ဟန်ပြည်တည်ထောင်သူသည် ဇာတိဖေပြည်သို့ပြန်သကဲ့သို့ပင်ဖြစ်သည်။
ထိုအချိန်တွင် သေနာပတိ "ရှဟိုတွန်း"(Xiahou Dun) သည် အပြင်းအထန်နေမကောင်းဖြစ်သည်ကိုသိသဖြင့် "ချောင်ဖီ"(Cao Pi) သည် ရဲ့ကျွင်းသို့အမြန်ပြန်သည်။ သို့သော်လည်း နောက်ကျသွားပြီး စစ်သူကြီးကို မတွေ့ခဲ့တော့ပေ။ ခေါင်းဆောင်၏ဈာပနကဲ့သို့ ကြီးကျယ်ခမ်းနားစွာ ကျင်းပစေလေသည်။
ထိုနှစ် (အေဒီ ၂၂၀) ရှစ်လပိုင်းတွင် ရှီးယီအရပ်၌ ဇာမဏီအရိုအသေပြုသည်ကိုမြင်ရသည်ဟုလည်းကောင်း၊ ချီလင်(qilin) သည် လင်ကျီတွင် ပေါ်လာသည်ဟုလည်းကောင်း၊ အဝါရောင်နဂါးကို ရဲ့ကျွင်းတွင်မြင်ရသည်ဟုလည်းကောင်း ကောလာဟလများပေါ်လာသည်။ ထိုအကြောင်းတို့ကို စစ်သူကြီး "လီချွီ"(Li Qu) နှင့် ဝန်ကြီး "ရွှီကျီ"(Xu Zhi) တို့က ဆွေးနွေးပြီး ကောက်ချက်ချကြသည်။
"ဒီနိမိတ်တွေဟာ ဝေက ဟန်ကိုလွှမ်းမယ့်နိမိတ်ပဲ၊ နန်းစွန့်ဖို့စင်ကြီးဆောက်ချိန်တန်ပြီ"
ထို့ကြောင့် စစ်တပ်နှင့်ပြည်ထဲရေးအမှုထမ်းအယောက်လေးဆယ်တို့ကို "ဟွာရှင်း"(Hua Xin) ၊ "ဝမ်လန်"(Wang Lang) ၊ "ရှင်းဖီ"(Xin Pi) ၊ "ကျာရွှီ"(Jia Xu) ၊ "လျူရဲ့"(Liu Ye) ၊ "လျူကျီ"(Liu Zi) ၊ "ချန်ကျောက်"(Chen Jiao) ၊ "ချန်ချွမ်"(Chen Quan) နှင့် "ဟွမ်ကျဲ"(Huan Jie) တို့က ဦးဆောင်ပြီး တားမြစ်မြို့တော်သို့ဝင်ကာ ရှန်ဧကရာဇ်အား နန်းစွန့်ပြီး အရိုက်အရာကို ဝေမင်းသား "ချောင်ဖီ"(Cao Pi) အားပေးအပ်ရန်တိုက်တွန်းသည်။

မှတ်ချက်။       
ယီယင်း(Yi Yin)1 - ရှန်မင်းဆက်တည်ထောင်သူ ထန်ဘုရင် (King Tang) ၏ဝန်ကြီးချုပ်ဖြစ်သည်။

လွီဝမ့်(Lu Wang)2 - ကျိုးမင်းဆက်၏ ပထမဆုံးသော အကြံပေး၊ ဝန်ကြီးချုပ်ဖြစ်သည်။

 နယ်စား ဝင်(Wen)3 - နွေဦးဆောင်းဦးခေတ်တွင် ကျင်းပြည်အနောက်ဘက်ကိုအုပ်စိုးခဲ့သူဖြစ်သည်။

 နယ်စား ဟွမ်(Huan)4 - ကျိုးဧကရာဇ်လက်အောက်တွင်အမှုထမ်းကာ အရှေ့မြောက်ပိုင်းဒေသ၏ခေါင်းဆောင်ဖြစ်သည်။

ဖန်လီ(Fan Li)5 - ယွဲ့ဘုရင် ကိုးကျန့်(Gou Jian) ၏အကြံပေးဖြစ်ပြီး "မာယာထောင်ချောက်" ဆင်ကာ ဝူဘုရင် "ဖူကျာ"(Fu Zha) ကိုချေမှုန်းခဲ့သည်။ ဝူပြည်ကိုအောင်နိုင်ပြီးနောက်  ဖန်လီသည် ရာထူးမှနှုတ်ထွက်ခဲ့သည်။ ဘုရင်လက်အောက်တွင် ဆက်လက်အမှုထမ်းခဲ့သော သူ၏မိတ်ဆွေ ဝင်ကျုံး(Wen Zhong) မှာ အသတ်ခံခဲ့ရလေသည်။

 ကျီဖန်(Zi Fan)6 - ကျင်းပြည်နယ်စား ဝင်(Wen) ၏ဦးလေးဖြစ်သည်။ ထိုနယ်စားပြည်နှင်ဒဏ်ပေးခံရသည့်အချိန်တွင် ကျီဖန်(Zi Fan) မှာ သူနှင့်အတူရှိခဲ့သည်။ နယ်စားသည် ကျင်းပြည်သို့ပြန်ရောက်လာသောအခါတွင်မူ နယ်စားဝင်(Wen) သည် တပါးသူ၏အပြစ်တို့ကိုသာ မှတ်မိတတ်သည်ဟု ယုံကြည်ပြီး ကျီဖန်(Zi Fan) သည် ရာထူးမှ အနားယူခဲ့သည်။

ရှန်ရှန်း(Shen Sheng)7 - နွေဦးဆောင်းဦးခေတ် ကျင်းနယ်စား ရှောက်(Xiao) ၏အကြီးဆုံးသားဖြစ်သည်။ နယ်စားသည် သူ၏အခြားသောသားကိုသာ အရိုက်အရာဆက်ခံစေလိုသဖြင့် သူ့သားအကြီးဆုံးသည် သူ့ကိုလုပ်ကြံသည်ဟုစွတ်စွဲခဲ့သည်။ ထိုအခါ ရှန်ရှန်း(Shen Sheng) သည် ကိုယ့်ကိုယ်ကိုသတ်သေခဲ့လေ၏။

ဝူကျီရွှီ(Wu Zixu)8 - ချူပြည်တွင်မွေးဖွားပြီး ဝူပြည်တွင် အမှုထမ်းခဲ့သည်။ သို့သော် ဝူဘုရင်သည် ကောလာဟလတို့ကိုယုံပြီး သူ့ကိုသေဒဏ်ပေးခဲ့၏။

မုန့်ထျန်း(Meng Tian)9 - ပထမဆုံးဧကရာဇ်၏စစ်သူကြီးဖြစ်ပြီး မဟာတံတိုင်းဆောက်လုပ်ရာတွင်ပါဝင်ခဲ့သည်။ ဧကရာဇ်နတ်ရွာစံပြီးနောက်တွင် သေဒဏ်ပေးခံခဲ့ရလေသည်။

ယွဲ့ယီ(Yue Yi)10 -စစ်ပွဲများခေတ်တွင် ယန်ပြည်၏စစ်သူကြီးဖြစ်ပြီး ချီပြည်နယ်ကိုတွန်းလှန်နိုင်ခဲ့သည်။ ယန်ပြည်ဘုရင်က သူ့ကိုသံသယဝင်သောကြောင့် ကျောက်ပြည်သို့ထွက်ပြေးခဲ့ရသည်။

Comments

Popular posts from this blog

Lookism