သုံးနိုင်ငံခေတ်(၈၀)


အခန်း (၈၀) "ချောင်ဖီ"(Cao Pi) သည် ဧကရာဇ်ကိုနန်းချကာ ဟန်၏ကောင်းခြင်းတို့ကိုအဆုံးသတ်စေခြင်း။
"လျူဘေ့"(Liu Bei) သည် ထီးနန်းကိုဆက်ခံကာ အမွေအနှစ်ကိုဆက်တည်ရှိစေခြင်း။

"ဟွာရှင်း"(Hua Xin) သည် တားမြစ်နန်းတော်သို့သွားကာ အောက်ပါအတိုင်းပြောလေသည်။
"ဝေမင်းသား အရိုက်အရာကိုဆက်ခံပြီးကတည်းက ကောင်းခြင်းအဖြာဖြာဟာ အရပ်လေးမျက်နှာကို ဖြန့်ကျက်ခဲ့ပါတယ်။ ဟိုးအရင်အချိန် ထန်ဘုရင်နဲ့ ယွီဘုရင်လက်ထက်တွေကတည်းက ခေတ်အဆက်ဆက် လူသားတွေဟာ နေရာအနှံ့မှာ ရှိနေကြတာပါ။ ဟန်တိုင်းပြည်ရဲ့ကံဇာတာဟာ ကုန်ဆုံးသွားပြီလို့ ကျွန်တော်မျိုးတို့တတွေယူဆတာကြောင့် အရှင်မင်းကြီးဟာလည်း ယောင်းဘုရင်နဲ့ ရွှန်ဘုရင်တို့ကိုအတုယူပြီးနောက် ပိုပြီးအရည်အချင်းသာလွန်တဲ့ဝေမင်းသားထံကို တောတောင်၊ရေမြေ၊လူသားတွေ ပေးအပ်သင့်ပါတယ်။ အဲ့လိုဆိုရင် ကောင်းကင်ဘုံကိုလည်း ကျေနပ်စေပြီး လူသားတွေရဲ့နှလုံးကိုကြည်နူးစေမှာဖြစ်ပါတယ်။ အရှင်မင်းကြီးရဲ့ဘိုးဘေးဘီဘင်တွေလည်း ဝမ်းမြောက်မှာဖြစ်သလို လူအများအကျိုးစီးပွားကိုလည်း ဖြစ်စေမှာပါ။ ဒါကြောင့် ကျွန်တော်တို့ဒီကိုလာခဲ့ရချခြင်းဖြစ်ပါတယ်။"
ဧကရာဇ်သည် အံ့အားသင့်စွာနားထောင်နေခဲ့ပြီး အချိန်အတန်ကြာစွာစကားမပြောနိုင်ခဲ့ပေ။ ထို့နောက် ရောက်ရှိလာသောအမတ်တို့ကိုကြည့်ကာ ဝမ်းနည်းစွာပြောသည်။
"ဘာကြောင့်မို့လို့ တိုင်းပြည်ကြီးကို တခြားလူကိုလက်ကမ်းပေးရမှာလဲ? ဒီတိုင်းပြည်က ဘိုးဘေးဘီဘင်ရဲ့အရှည်သုံးထွာရှိတဲ့ဓားကိုကိုင်ပြီး မြွေကိုသတ်၊ ကောင်းခြင်းတွေကိုပြု၊ ချင်တိုင်းပြည်ကိုချေမှုန်း၊ ချူကိုဖယ်ရှားပြီးမှ တည်ထောင်လာခဲ့တဲ့တိုင်းပြည်ဖြစ်တယ်။ အနှစ်လေးရာကျော်လက်ဆင့်ကမ်းလာခဲ့တဲ့အမွေအနှစ်ဖြစ်တယ်။ ငါကိုယ်တော်က အရည်အချင်းမရှိပေမယ့် ဘာမှားယွင်းတဲ့အရာမှမကျူးလွန်ခဲ့ဘူး။ ပြန်သွားပြီး ဒါကိုထပ်ပြီးတိုင်ပင်လိုက်ပါဦး"

ထိုအခါ "ဟွာရှင်း"(Hua Xin) သည် "ရွှီကျီ"(Xu Zhi) နှင့် "လီချွီ"(Li Qu) တို့ကိုရာဇပလ္လင်နားသို့ခေါ်လာပြီး
"အရှင်မင်းကြီးက ကျွန်တော်တို့တွေးတာမှားတယ်လို့ထင်ရင် သူတို့နှစ်ယောက်ကိုမေးကြည့်ပါ။ သူတို့က ရှင်းပြပါလိမ့်မယ်"
"လီချွီ"(Li Qu) မှ
"ဝေမင်းသားက အရိုက်အရာကိုဆက်ခံပြီးကတည်းက ချီလင်ဆင်းသက်လာပြီး ဇာမဏီပေါ်လာခဲ့တယ်၊ ဒါ့အပြင် နဂါးကိုပါတွေ့မြင်ရတယ်။ ကောက်ပဲသီးနှံတွေအထွက်တိုးပြီး မြေပြင်တစ်ခွင်ကို နှင်းရည်စက်တို့ဖုံးလွှမ်းနေခဲ့တယ်။ ဒီအရာတွေက ဟန်ကိုဝေကအစားထိုးရမယ်လို့ ကောင်းကင်ကြီးက နိမိတ်ပြနေခဲ့တာဖြစ်တယ်။"
"ရွှီကျီ"(Xu Zhi) မှ
"နက္ခပညာရှင်တွေဟာ ညအခါကောင်းကင်ကြီးကိုကြည့်တော့ ဟန်ရဲ့ကြယ်စင်ဟာကွယ်ပျောက်သွားပြီး အရှင်မင်းကြီးရဲ့ကြယ်ဟာလည်း မှေးမှိန်သွားတာတွေ့ရပါတယ်။ တစ်ဖက်မှာတော့ ဝေရဲ့ကြယ်တွေဟာ လင်းလက်တောက်ပနေခဲ့ပါတယ်။ ဒါ့အပြင် စာချကြည့်တဲ့အခါမှာလည်း 'မိစ္ဆာ၊ ဘေးဘက်၊ ပို့ဆောင်ခဲ့၊ ဟန်အတွက်စာမရှိသောနည်းလမ်း' လို့အဖြေထွက်ပြီး နောက်တစ်ခုကတော့ 'စာလုံး၊ အရှေ့ဘက်၊ အလင်းကအနောက်ကိုရွှေ့၊ နေနှစ်စင်းလင်းလက်ပြီး လေကတောင်ပိုင်းကိုတိုက်ခတ်' ဆိုတဲ့အဖြေထွက်ပါတယ်။ ဒီစာလုံးတွေကိုပေါင်းလိုက်တဲ့အခါမှာတော့ 'ရွှီချန်က ဝေဟာ ဟန်ရဲ့နန်းစွန့်ခြင်းကိုလက်ခံ' ဆိုတဲ့အဓိပ္ပာယ်ထွက်လာပါတယ်။ ဒါကြောင့် အရှင်မင်းကြီး ဒါကိုထပ်စဉ်းစားပေးသင့်ပါတယ်"
"ဒါအရင်းအမြစ်မရှိတဲ့စကားတွေပဲ! ဒီပေါက်ကရစကားတွေကြောင့် အစဉ်အဆက်ကမ်းလာခဲ့တဲ့ထီးနန်းကိုစွန့်ရမယ်တဲ့လား?"
"ဝမ်လန်"(Wang Lang) မှ
"တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းဆိုတာ ဟိုးလောကအစတည်းက တည်ရှိနေခဲ့တဲ့တရားတွေဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားမှုဆိုတာ အမိုက်အမှောင်နဲ့အဆုံးသတ်တာပဲမဟုတ်လား? ရှေးကတည်းက ဘယ်မင်းဆက်က ထာဝရတည်မြဲခဲ့ဖူးလို့လဲ? ဟန်တိုင်းပြည်ကြီးဟာ နှစ်လေးရာအထိတည်တံ့ခဲ့ပြီး အရှင်မင်းကြီးလက်ထက်မှာတော့ ဘုန်းအားမာန်ကျသွားခဲ့ပါပြီ၊ ဒီအချိန်ဟာ လက်လွှဲပေးရမယ့်အချိန်ဖြစ်ပါတယ်။ နှောင့်နှေးခဲ့ရင် ပဋိပက္ခတွေဖြစ်လာနိုင်ပါတယ်။

ဧကရာဇ်သည် ကျယ်လောင်စွာငိုကြွေးပြီး သူ၏ခန်းဆောင်ထဲသို့ပြန်ကြွသွားသည်။ အခန်းထဲတွင်ကျန်ရစ်နေခဲ့သော အမှုထမ်းတို့သည် ရယ်မောနေခဲ့ကြလေ၏။ နောက်ရက် မနက်ညီလာခံအချိန်တွင် ဧကရာဇ်ကြွရောက်လာခြင်းမရှိပေ။ နန်းတွင်းအမှုထမ်းတို့က ဧကရာဇ်ကိုခေါ်သော်လည်း ဧကရာဇ်မှာထွက်ပေါ်လာရင် ကြောက်ရွံ့နေခဲ့သည်။ ချောင်မိဖုရားခေါင်ကြီးမှ
"အမှုထမ်းတွေက တောင်းဆိုနေတာတောင်မှ အရှင်မင်းကြီးကဘာကြောင့် ညီလာခံမတက်ရတာလဲ"
"ဘာလို့လည်းဆိုတော့ နင့်အစ်ကိုက ငါ့ကိုနန်းချပြီး သူကိုယ်တိုင်ဘုရင်လုပ်ချင်နေတယ်လေ။ သူက အမှုထမ်းတွေကိုစည်းရုံးထားပြီး ငါကိုယ်တော်ကို အတင်းအကြပ်နန်းချဖို့လုပ်နေတယ်။ ဒါကြောင့် ညီလာခံကိုမတက်တာဖြစ်တယ်"
"ဒါပေမယ့် ဘယ်သူတွေကများ ကျွန်မအစ်ကိုကို ဒီလိုပုန်ကန်မှုလုပ်အောင်တိုက်တွန်းခဲ့တာလဲ"
ထိုသို့ပြောနေစဉ်တွင်ပင် "ချောင်ဟုန်"(Cao Hong) နှင့် "ချောင်ရှို့"(Cao Xiu) တို့သည် လက်နက်ကိုင်ဆောင်ကာဝင်လာပြီး ဧကရာဇ်အားညီလာခံသို့တက်ရန်တောင်းဆိုသည်။ ထိုအခါ မိဖုရားခေါင်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည်။
"လက်စသတ်တော့ နင်တို့က ကိုယ်ကျိုးအတွက်နဲ့ ငါ့ဖခင်လုပ်ဆောင်ခဲ့တာတွေကိုဖျက်စီးခဲ့တဲ့သူပုန်တွေကိုး။ ငါ့အဖေရဲ့ဩဇာက နေရာအနှံ့ကိုရောက်ခဲ့ပေမယ့် ရာဇပလ္လင်ကိုမျက်လုံးမထိုးဝံ့ခဲ့ဘူး။ ဒါပေမယ့် အခုမှတက်လာတဲ့အစ်ကိုကတော့ ရည်မှန်းချက်တွေကြီးပြီး နန်းလုရဲတယ်! ကောင်းကင်ဘုံက သူ့မျိုးဆက်ပြတ်အောင်လုပ်ပြီး အပြစ်ပေးလိမ့်မယ်!"
မိဖုရားကြီးသည် သည်းထန်စွာငိုယိုကာ ထွက်ခွာသွားသည်၊ မောင်းမမိသံတို့သည်လည်း ငိုယိုနေခဲ့သည်။

"ချောင်ရှို့"(Cao Xiu) နှင့် "ချောင်ဟုန်"(Cao Hong) တို့သည် ဧကရာဇ်ကိုညီလာခံတက်ရန် အတင်းအကြပ်လုပ်စေသဖြင့် နောက်ဆုံးတွင် လိုက်လျောခဲ့လိုက်ရသည်။
"အရှင်မင်းကြီး၊ ကံဆိုးမိုးမှောင်မှုတွေရောက်မလာစေချင်ရင် မနေ့ကပြောတဲ့အတိုင်း လုပ်ဆောင်ပါ"
 ဧကရာဇ်သည် ငိုလေ၏။
"မင်းတို့တွေက ဟန်တိုင်းပြည်ရဲ့ထမင်းကိုစားလာခဲ့တာမဟုတ်လား? မင်းတို့တွေထဲမှာ တချို့ရဲ့အဖေတွေ၊ အဘိုးတွေက တိုင်းပြည့်အကျိုးကိုသယ်ပိုးခဲ့ကြသူတွေဖြစ်တယ်။ ဘာကြောင့် ငါကိုယ်တော်ကိုဒီလိုလုပ်ရတာလဲ?"
"အရှင်မင်းကြီးကိုပြောတဲ့အတိုင်းမလုပ်ဆောင်ရင် မိသားစုတွင်တွေ ဒုက္ခရောက်ပါလိမ့်မယ်။ ကျွန်တော်တို့က သစ္စာမရှိတာမဟုတ်ပါဘူး။"
"ဘယ်သူက ငါကိုယ်တော်ကိုသတ်ရဲလဲ?"
"အရှင်မင်းကြီးဟာ တိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိသူအဖြစ် လူတွေက သိကြပါတယ်။ နန်းတွင်းမှာ ဝေမင်းသားသာမရှိခဲ့ရင် လူတွေအများကြီးက အရှင်မင်းကြီးကိုသတ်ချင်ကြမှာပဲ။ အရှင်မင်းကြီးက လူတွေကိုဘယ်လိုဆက်ဆံရမယ်ဆိုတာ မသင်ခဲ့ဘူး၊ အရှင်မင်းကြီးရဲ့ဆန္ဒဟာ လူအများနဲ့ရန်သူဖြစ်ဖို့ပါလား?"
ထိုစကားတို့ကြောင့် ဧကရာဇ်သည် စိတ်ဆိုးပြီး အင်္ကျီလက်ကိုခါကာ ထွက်သွားသည်။ ထိုအခါ "ဝမ်လန်"(Wang Lang) သည် "ဟွာရှင်း"(Hua Xin) ကိုစောင်းငဲ့ကြည့်လိုက်ပြီး "ဟွာရှင်း"(Hua Xin) မှ ဧကရာဇ်၏အင်္ကျီလက်ကိုလှမ်းဆွဲလိုက်ကာ ဒေါသဖြင့်
"ဒါ လက်ခံတာလား? လက်မခံတာလား? တစ်ခွန်းပဲပြော!"
 ဧကရာဇ်လည်း ကြောက်လန့်သွားလေသည်။ "ချောင်ဟုန်"(Cao Hong) နှင့် "ချောင်ရှို့"(Cao Xiu) တို့က ဓားကိုဆွဲထုတ်လိုက်ပြီး
"ဧကရာဇ်တံဆိပ်တော်ကို ထိန်းသိမ်းသူဘယ်မှာလဲ"
"ဒီမှာပါ"
ထိုသို့ပြောပြီး "ကျူဘီ"(Zu Bi) သည် မကြောက်မလန့်ဖြင့် ရှေ့သို့ထွက်လာသည်။ ထိုသူနှစ်ဦးက သူ့ထံမှ တံဆိပ်တော်ကိုယူရန်ပြုသော်လည်း "ကျူဘီ"(Zu Bi) မှ
"ဒီတံဆိပ်တော်က အရှင်မင်းမြတ်ပိုင်ဆိုင်တာဖြစ်တာကြောင့် မပေးနိုင်ဘူး"
"ချောင်ဟုန်"(Cao Hong) သည် အာဏာပါးကွက်သားတို့ကိုခေါ်ကာ သေဒဏ်ပေးစေလိုက်သည်။ "ကျူဘီ"(Zu Bi) သည် နောက်ဆုံးထွက်သက်အထိ ထိုလူရမ်းကားတို့အား ဆဲရေးနေခဲ့သည်။
ဧကရာဇ်မှာ ကြောက်ရွံ့နေခဲ့ပြီး နန်းတွင်းတစ်ခုလုံးတွင် လက်နက်ကိုင်တပ်တို့အပြင် ဝေတပ်သားများကိုပါ မြင်ရသောအခါ ငိုကြွေးလေ၏။
"ကောင်းပြီ။ ငါကိုယ်တော် ထီးနန်းကိုမင်းသားဆီလွှဲအပ်ပါ့မယ်။ ကောင်းကင်ကသတ်မှတ်ထားတဲ့သက်တမ်းအထိ အေးအေးဆေးဆေးနေသွားနိုင်မယ်ဆိုရင်ပေါ့"
"ကျာရွှီ"(Jia Xu) မှ
"မင်းသားက အရှင်မင်းကြီးကိုအမြဲဂရုစိုက်မှာပါ။ ဒီဟာကိုမြန်မြန်ဆောင်ရွက်မှသာ တိုင်းပြည်အေးချမ်းမှာဖြစ်တယ်"
ပြီးနောက် "ချန်ချွင်"(Chen Qun) အား စာရွက်စာတမ်းကိုယူလာစေပြီး ပြီးဆုံးသွားသည်နှင့် ထိုစာတမ်းကိုယူပြီး ဝေမင်းသားအိမ်တော်သို့ ဧကရာဇ်တံဆိပ်တုံးနှင့်အတူ ဆက်သလေသည်။ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် "ချောင်ဖီ"(Cao Pi) သည် အမိန့်စာကိုဖတ်သည်။
'ငါကိုယ်တော်အုပ်စိုးခဲ့တဲ့ သုံးဆယ့်နှစ်နှစ်တာကာလအတွင်းမှာ တိုင်းပြည်ဟာ ဖရိုဖရဲဖြစ်ခဲ့တယ်။ ဒါပေမယ့် ဘိုးဘေးတွေက ငါကိုယ်တော်ကိုစောင့်ရှောက်ခဲ့တယ်။ အခု ကောင်းကင်ရဲ့ဆန္ဒနဲ့လူတွေရဲ့ရင်ထဲကနေ ပြသနေတာတွေကြောင့် ဟန်တိုင်းပြည်ရဲ့အချိန်ကုန်သွားပြီး ကွယ်လွန်သွားတဲ့ဝေမင်းသားရဲ့စစ်ရေးရာအောင်မြင်မှုတွေကို ဆက်ခံပြီး လက်ရှိမင်းသားဟာ ဝေရဲ့ကောင်းမွန်ခြင်းတွေရောက်လာပြီဖြစ်တယ်။
တိုင်းပြည်ဟာ တစ်ဦးတစ်ယောက်တည်းပိုင်ဆိုင်တာမဟုတ်ပဲ၊ အများနဲ့သက်ဆိုင်တာဖြစ်တယ်။ ဟိုးအရင်တုန်းက ယောင်းဘုရင်ဟာ အရိုက်အရာကို သားဖြစ်သူထံမပေးပဲ တခြားလူထံလွှဲအပ်ခဲ့တယ်၊ အဲ့လုပ်ရပ်တွေကို ငါကိုယ်တော်လေးစားတယ်! အခုလည်း သူ့ကိုလိုက်ပြီး ဝန်ကြီးအကြီးအမှူးဖြစ်တဲ့ ဝေမင်းသားထံကို ရာဇပလ္လင်လွှဲအပ်လိုတယ်၊ ငါကိုယ်တော်ကို စိတ်ပျက်အောင် မလုပ်ပါနဲ့။'
"ချောင်ဖီ"(Cao Pi) သည် အမိန့်တော်ကို လက်ခံရန်လုပ်ရာ "စီးမာယီ"(Sima Yi) မှ တားမြစ်သည်။
"ဒီလိုအမိန့်တော်ပို့လာပေမယ့် တခြားလူတွေဝေဖန်ခြင်းမခံရအောင်လို့ ချက်ချင်းလက်ခံလို့မသင့်တော်ဘူး"
ထိုအခါ အမိန့်တော်ကို ငြင်းပယ်သည့်အကြောင်း "ဝမ်လန်"(Wang Lang) မှတဆင့်ပြောစေသည်။ ထိုအကြောင်းကို ဧကရာဇ်သိသောအခါ စိတ်အနှောင့်အယှက်ဖြစ်ပြီး မည်သို့လုပ်ဆောင်ရမည်ကို မေးသည်။

"ဟွာရှင်း"(Hua Xin) မှ
"သူ့ဖခင်တုန်းကလည်း မင်းသားရာထူးကို သုံးကြိမ်သုံးခါငြင်းခဲ့တာပဲ၊ အရှင်မင်းကြီးက ဆက်ပြီးအမိန့်တော်ပို့နေရင် နောက်ဆုံးမှာ လက်ခံပါလိမ့်မယ်"
ထို့ကြောင့် "ဟွမ်ကျဲ"(Huan Jie) ကိုအမိန့်တော်တစ်ခုရေးစေပြီး "ကျန်းယင်"(Zhang Yin) အား ပို့သစေ၏။ အမိန့်တော်အသစ်မှာ အောက်ပါအတိုင်းဖြစ်သည်။
"ဝေမင်းသားထံသို့ -
ငါကိုယ်တော်နန်းစွန့်တဲ့စာကို ငြင်းပယ်ခဲ့တယ်လို့သိရတယ်။ ဒါပေမယ့် ဟန်တိုင်းပြည်ရဲ့ကောင်းမွန်ခြင်းတွေဟာ ကုန်ဆုံးနေပြီး ငါကိုယ်တော်ဟာ မင်းသားဖခင်ဖြစ်တဲ့ အရင်မင်းသားကိုပဲ အားကိုးအားထားပြုနေခဲ့ရတယ်။ မင်းသားရဲ့ဖခင်ဟာ ရန်သူတွေကိုနှိမ်နှင်းပြီးတိုင်းပြည်ကို အေးချမ်းစေခဲ့တယ်။ အခုတော့ သူ့သားဖြစ်သူ ချောင်ဖီ(Cao Pi) ဟာ အရိုက်အရာကိုဆက်ခံခဲ့ပြီ။ သူ့ဂုဏ်သတင်းကကျော်ကြားပြီး သနားကြင်နာမှုတွေက နေရာအနှံ့ရောက်ခဲ့တယ်။ ဒါကြောင့် ကောင်းကင်ကြီးက သူ့ကိုရွေးချယ်ခဲ့တာဖြစ်တယ်။ ဟိုးအရင်တုန်းက ယောင်းဘုရင်က ရွှန်ဘုရင်ကို ထီးနန်းလွှဲအပ်ပေးခဲ့ပြီး ရွှန်ဘုရင်ဟာလည်း ယွီဘုရင်ကို ထီးနန်းလွှဲအပ်ပေးခဲ့တယ်။ ယွီဘုရင်ဟာ ရေကြီးတဲ့ပြဿနာတွေကိုဖြေရှင်းခဲ့တယ်။ ယောင်းဘုရင်ထုံးကိုနှလုံးမူပြီးတော့ ကောင်းကင်ရဲ့အလိုအရ ထီးနန်းကိုလွှဲအပ်ပေးမှာဖြစ်တယ်။
ဝန်ကြီးကျန်းယင်(Zhang Yin) ကတဆင့် အလံနှင့်တံဆိပ်တော်ကို ပါးလိုက်သည်။'

"ချောင်ဖီ"(Cao Pi) သည် ၎င်းကိုထပ်မံလက်ခံရသောအခါ ဝမ်းမြောက်နေခဲ့သည်။ ပြီးနောက်  "ကျာရွှီ"(Jia Xu) အား
"ဒီဟာကို နှစ်ကြိမ်နှစ်ခါတောင်ရခဲ့ပြီ။ ဒါပေမယ့် လူတွေက ဝေဖန်ကြဦးမလားမသိဘူး"
"ဒါ အလွယ်တကူနဲ့စီမံလို့ရပါတယ်။ ကျန်းယင်(Zhang Yin) ကို တံဆိပ်တော်ပြန်ပေးပြီး ငြင်းပယ်လိုက်ပါ။ ပြီးတော့ ဟွာရှင်း(Hua Xin) ကတဆင့် ရက်ကောင်းရက်မြတ်ကိုရွေးပြီး ဘုရင်ကို ထီးနန်းစွန့်တဲ့အခမ်းအနားလုပ်ခိုင်းပါစေ။ အမှုထမ်းတွေကိုခေါ်ပြီး ဧကရာဇ်ကိုယ်တိုင် မင်းသားကို တံဆိပ်တော်လွှဲအပ်ပါစေ။ အဲ့လိုဆို တခြားလူတွေရဲ့သံသယတွေ၊ ဝေဖန်မှုတွေပျောက်သွားပါမယ်"
ထို့ကြောင့် တံဆိပ်တော်ကို ထပ်မံငြင်းပယ်လိုက်သည်။ "ကျန်းယင်"(Zhang Yin) ပြန်လာသောအခါ ဧကရာဇ်သည် ၎င်းအပြုအမူအား မည်သို့နားလည်ရမည်ကို သူ၏အကြံပေးတို့ကိုမေးသည်။ "ဟွာရှင်း"(Hua Xin) မှ
"အရှင်မင်းကြီးက နန်းစွန့်ဖို့စင်ကြီးကိုလုပ်ပြီး သူကောင်းမျိုးတွေအကုန်လုံးကိုတက်ရောက်ပါစေ။ ပြီးရင် ထီးနန်းကို ဝေပြည်လက်ထဲအပ်လိုက်ပါ"
ဧကရာဇ်ကလည်း လက်ခံလိုက်ပြီး ဖန်ရန်ရှိနေရာတစ်ခုကို ရွေးချယ်လိုက်သည်။ ထိုနေရာတွင် စင်ကြီးဆောက်လုပ်ကာ အချိန်ကို ဆယ်လပိုင်း၏ရက်ကောင်းတစ်ရက်ကိုရွေးလိုက်လေ၏။

ထိုရက်တွင် ရှန်ဧကရာဇ်သည် "ချောင်ဖီ"(Cao Pi) အား စင်ပေါ်သို့တက်လာစေပြီး ထီးနန်းကိုယူရင်ပြောလေသည်။ စင်အောက်ခြေတွင် အမှုထမ်းလေးရာ၊ နန်းတွင်းတပ်နှင့်ကျားကိုယ်ရံတော်တပ်အပြင် စစ်တပ်စုစုပေါင်း သုံးသိန်းရှိလေသည်။ ဧကရာဇ်မှ တံဆိပ်တော်ကိုလွှဲအပ်ပေးပြီးနောက် အကုန်လုံးသည် အမိန့်တော်ကို နာခံကြလေသည်။
"ဝေမင်းသားထံသို့ -
ဟိုးရှေးကတည်းက ယောင်းကရွှန်ကို ထီးနန်းပေး၊ ရွှန်က ယွီကို နန်းပေးခဲ့တယ်။ ကောင်းကင်ရဲ့ဆန္ဒဟာ လူသားတွေနောက်ကိုလိုက်တာမဟုတ်ပဲ ကောင်းမွန်တဲ့သူနောက်ပဲလိုက်တာဖြစ်တယ်။ ဟန်တိုင်းပြည်ရဲ့အချိန်ဟာ ကုန်ဆုံးသွားခဲ့ပြီ။ ငါကိုယ်တော်အုပ်ချုပ်မှုအောက်မှာ အရှုပ်အထွေးတွေပေါ်လာခဲ့ပြီး သူပုန်တွေကြောင့် တိုင်းပြည်အေးချမ်းငြိမ်သက်မှုမရှိခဲ့ဘူး။ ဒါကြောင့် ငါကိုယ်တော်ဟာ ရှေ့က ဝေမင်းသားရဲ့စစ်ပညာအစွမ်းကိုယုံကြည်ပြီး မကောင်းသူတွေကိုဖယ်ရှားစေခဲ့တယ်။ ငါကိုယ်တော်ရဲ့လက်နဲ့ဆို နယ်ပယ်ကိုးခုကို အေးချမ်းစေနိုင်ပါ့မလား?
လက်ရှိမင်းသားဟာ သူ့ဖခင်အရိုက်အရာကိုဆက်ခံပြီး ကောင်းမွန်တဲ့အရည်အချင်းတွေရှိတယ်။ စစ်ရေးမှာထူးချွန်သလို စာပေဘက်မှာလည်း ကျော်ကြားသူဖြစ်တယ်။ တိုင်းပြည်ကြီးက သူ့ကိုအားထားကြပြီး နတ်တွေလူတွေက သူ့အရည်အချင်းကိုအသိအမှတ်ပြုကြတယ်။ ဒါကြောင့် ယွီဘုရင်လိုမျိုး သူဟာ ထီးနန်းကိုဆက်ခံနိုင်မယ်လို့ယုံကြည်တယ်။
ဒါကြောင့် ငါကိုယ်တော်ဟာ ရှေးဘုရင်တွေလိုပဲ အနားယူပြီး ထီးနန်းကို ဝေမင်းသားထံလွှဲအပ်ခဲ့မှာဖြစ်တယ်။ ကောင်းကင်ရဲ့အမိန့်ကိုခံယူပြီး ဒီရာထူးကိုလက်ခံကာ လူတွေကိုငြိမ်းချမ်းအောင်လုပ်ဆောင်နိုင်ပါစေ"
ထိုစာကိုဖတ်ပြီးနောက် ဝေမင်းသား "ချောင်ဖီ"(Cao Pi) သည် ဧကရာဇ်နေရာကိုယူခဲ့လေသည်။ "ကျာရွှီ"(Jia Xu) သည် အမှုထမ်းတို့၏ရှေ့ဆုံးမှဦးဆောင်ပြီး စဉ်၏ခြေရင်းနားသို့ကပ်လာကာ ညီလာခံကိုကျင်းပခဲ့လေသည်။ ထိုနှစ်ကို အဝါရောင်အရုဏ်ဦး (ဟွမ်ချူး) ပထမနှစ် (အေဒီ ၂၂၀) ဟု ခေါ်တွင်စေသည်။ အစိုးရကို ဝေတိုင်းပြည်မှ လက်လွှဲယူခဲ့ပြီး သွားလေပြီးသော မင်းသား "ချောင်ချောင်း"(Cao Cao) ကို တိုင်းပြည်တည်ထောင်သူဖခင်အဖြစ်သတ်မှတ်ခဲ့သည်။

"ဟွာရှင်း"(Hua Xin) မှ
"ကောင်းကင်မှာ နေတစ်စင်းပဲရှိသလို လူတွေအတွက်လည်း အုပ်ချုပ်သူတစ်ယောက်သာရှိရပါမယ်။ ဟန်တွေက နန်းစွန့်သွားပြီဆိုတော့ အဝေးကိုသွားခိုင်းစေသင့်ပါတယ်။ ဒါကြောင့် လျူမိသားစုဝင်တွေအတွက် အမိန့်တော်ထုတ်တော်မူပါ"
ရှေ့မှနန်းစွန့်သွားခဲ့သောဘုရင်ကို လက်မောင်းကိုဆွဲကိုင်ပြီး နန်းစင်အောက်တွင် ဒူးထောက်ကာ အမိန့်တော်ကိုနာခံခိုင်းစေသည်။ ထိုအခါ ဧကရာဇ်အသစ်မှ ရှန်ရန်နယ်စားရာထူးကိုပေးအပ်ပြီး ထွက်ခွာခွင့်ပြုလိုက်သည်။ ထိုအခါ "ဟွာရှင်း"(Hua Xin) သည် ဓားကိုဆွဲထုတ်ပြီး
"ဧကရာဇ်အသစ်တက်ရင် ရှေ့ကဧကရာဇ်က ရာထူးကျတာ ဓမ္မတာပဲ။ အခုဧကရာဇ်ရဲ့သဘောထားကြီးမားမှုကြောင့် ခင်ဗျားကို ဘေးဥပဒ်မဖြစ်စေပဲ နယ်စားရာထူးပေးခဲ့တယ်။ အခုချက်ချင်းသွားပြီး နန်းတွင်းကိုပြန်မလာပါနဲ့တော့"
နန်းစွန့်သွားသော ဧကရာဇ်ရှန်သည် ဧကရာဇ်ဖီကို ကျေးဇူးတင်ကာ မြင်းစီးပြီးထွက်ခွာသွားခဲ့သည်။ ဧကရာဇ်အဟောင်း၏ကျောပြင်ကိုကြည့်ပြီး လူတို့သည် ဝမ်းနည်းသနားကြလေ၏။
"ချောင်ဖီ"(Cao Pi) မှ အမှုထမ်းတို့အား
"အခုတော့ ရွှန်နဲ့ ယွီတို့ရဲ့လုပ်ရပ်တွေကို နားလည်ခဲ့ပြီ"
"ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ"

အမှုထမ်းတို့က "ချောင်ဖီ"(Cao Pi) အား ကောင်းကင်နှင့်မြေကြီးတို့အားတိုင်တည်စေရာ "ချောင်ဖီ"(Cao Pi) ကလည်း လုပ်ခဲ့လေသည်။ ထိုအချိန်တွင် ကြီးမားသောလေမုန်တိုင်းတိုက်ခတ်ပြီး သဲမှုန်တို့လွင့်လာသောကြောင့် လူတစ်ယောက်နှင့်တစ်ယောက် မမြင်ကြတော့ပေ။ စင်တွင်ထွန်းထားသောမီးတို့သည်လည်း ငြိမ်းသွားလေသည်။ ဧကရာဇ်အသစ်သည်လည်း ကြောက်လန့်သွားပြီး ဒူးထောက်ကာ သတိမေ့သွားသည်။ သတိပြန်လည်လာသောအခါ နန်းတော်အတွင်းသို့ပြန်ရောက်နေပြီဖြစ်ပြီး နေမကောင်းသောကြောင့် အချိန်အတန်ကြာ ညီလာခံမတက်နိုင်ခဲ့ပေ။
ပြန်ကျန်းမာလာသောအခါတွင် အမှုထမ်းတို့၏ဂုဏ်ပြုခြင်းတို့ကိုခံယူလေသည်။ "ဟွာရှင်း"(Hua Xin) ကို အတွင်းဝန်၊ "ဝမ်လန်"(Wang Lang) ကို အလုပ်သမားရေးရာဝန်ကြီးအဖြစ်တာဝန်ပေးခဲ့သည်။ အခြားသောအမှုထမ်းတို့ကိုလည်းရာထူးတိုးပေးခဲ့လေသည်။ သို့သော်လည်း သူ၏ကျန်းမာရေးမှာ တော်ရုံနှင့်ပြန်ကောင်းမလာသဖြင့် ရွှီချန်ရှိနန်းတော်မှာ မြေနေရာမကောင်းဟုယူဆကာ လော့ရန်သို့ပြောင်းရွှေ့ပြီး နန်းတော်ကြီး တည်ဆောက်စေခဲ့သည်။

ထိုအကြောင်းတို့သည် ချန်တူးသို့ပြန့်လာပြီး ဧကရာဇ်ဟောင်းနတ်ရွာစံသွားပြီဟူသော ကောလာဟလများပါထွက်လာသောအခါ ဟန်ကျုံးမင်းသားသည် များစွာစိတ်မကောင်းဖြစ်လေသည်။ ထို့ကြောင့် ဈာပနဝတ်စုံကိုဝတ်ဆင်ကြရန်အမိန့်ထုတ်လိုက်ပြီး ပူဇော်ပသစေကာ 'ကျေးဇူးသိတတ်သောဧကရာဇ်ရှန်' ဟူသောဂုဏ်ဒြပ်ကိုပေးခဲ့လေသည်။ ထိုသို့စိုးရိမ်ပူပန်မှုများကြောင့် "လျူဘေ့"(Liu Bei) သည်လည်း မမာမကျန်းဖြစ်ပြီး အုပ်ချုပ်ရေးကို "ကျူးကဲလူရန့်"(Zhuge Liang) အားလွှဲအပ်ထားခဲ့သည်။
တစ်ရက်သော် "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏လုပ်ဖော်ကိုင်ဖက်တို့နှင့် တိုင်ပင်ကြရင်း
"တိုင်းပြည်ကြီးမှာ တစ်ရက်လေးတောင်မှ အုပ်ချုပ်သူမရှိလို့မဖြစ်ဘူး။ ဒါကြောင့် ကျုပ်တို့ရဲ့မင်းသားကို ဧကရာဇ်အရာယူဖို့တိုက်တွန်းရမယ်"
"ချောင်ကျိုး"(Qiao Zhou) မှ
"ကောင်းမွန်တဲ့နိမိတ်တွေကိုလည်း တွေ့နေရတယ်။ ချန်တူးရဲ့အနောက်မြောက်ဘက်မှာ အဝါရောင်အငွေ့တွေတွေ့ရပြီး ဧကရာဇ်ရဲ့ကြယ်ဟာ လလိုပဲတောက်ပနေတယ်။ ဒါတွေဟာ မင်းသားက ဧကရာဇ်အရာကိုရပြီး ဟန်တိုင်းပြည်မျိုးဆက်ကိုဆက်သွားမယ်ဆိုတာ ပြနေတာပဲ။
ထို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) နှင့် "ရွှီကျင်း"(Xu Jing) တို့ဦးဆောင်ပြီး အမှုထမ်းများစွာနှင့်အတူ မင်းသားအား ဧကရာဇ်နေရာသို့တက်လှမ်းရန်တောင်းပန်ကြသည်။ သို့သော် "လျူဘေ့"(Liu Bei) ကငြင်းပယ်လိုက်သည်။
"အို၊ သူကောင်းတို့၊ ဘာလို့ကျုပ်ကိုသစ္စာဖောက်ဖြစ်အောင်လုပ်ချင်ရတာလဲ?"
"ကျူးကဲလျန့်"(Zhuge Liang) မှ
"အဲ့လိုမဟုတ်ပါဘူး၊ ချောင်ဖီ(Cao Pi) က နန်းလုခဲ့ပြီဆိုတော့ သခင်ကြီးက မင်းဆွေမင်းမျိုးဖြစ်တယ်ဆိုတော့ ထီးနန်းကိုဆက်ခံဖို့သင့်လျော်ပါတယ်"
သို့သော်လည်း မင်းသားမှဒေါသထွက်ကာ
"သူပုန်ရဲ့အပြုအမူတွေကိုလိုက်ပြီး အတုခိုးစရာလား?"
ထိုသို့ပြောပြီး ထွက်သွားလေသည်၊ အမှုထမ်းတို့လည်း ထွက်ခွာသွားကြသည်။

သုံးရက်ကြာသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် အမှုထမ်းတို့ကိုဦးဆောင်ပြီး မင်းသားအားညီလာခံသို့တက်ရောက်ရန်တောင်းဆိုသည်။ ရောက်လာသောအခါ အကုန်လုံးက ဒူးထောက်ကြသည်။ "ရွှီကျင်း"(Xu Jing) မှ
"အရင်ကဟန်ဧကရာဇ်ဟာ ချောင်ဖီ(Cao Pi) ကြောင့် နတ်ရွာစံသွားခဲ့ပြီ။ သခင်ကြီးက ရာထူးကိုမဆက်ခံပဲသူပုန်တွေကိုမချေမှုန်းရင် သစ္စာမရှိရာကျတယ်။ တိုင်းပြည်ကြီးတစ်ခုလုံးကလည်း သခင်ကြီးကိုအုပ်စိုးစေပြီး အရင်ဧကရာဇ်အတွက် လက်စားချေလိုကြတယ်။ သခင်ကြီးသာ လူတွေရဲ့ဆန္ဒကိုမလုပ်နိုင်ရင် လူတွေကစိတ်ပျက်ကြလိမ့်မယ်"
"ကျုပ်က ကျင်းဧကရာဇ်ရဲ့မြေးအဆက်အနွယ်က ဆင်းသက်လာပေမယ့် ဘာအားသာချက်မှမရှိခဲ့ဘူး။ ဧကရာဇ်အရာကိုယူလိုက်ရင် ထီးနန်းကိုမတရားလုယူတာပဲမဟုတ်လား?"
"ကျူးကဲလျန့်"(Zhuge Liang) က အကြိမ်ကြိမ်အခါခါတောင်းပန်သော်လည်း မင်းသားကလက်မခံခဲ့ပေ။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ပရိယာယ်သုံးရန်ကြံသည်။ ထို့ကြောင့် သူ၏လုပ်ဖော်ကိုင်ဖက်တို့ကို မည်သို့လုပ်ရန်ပြောကြားပြီးနောက် နေမကောင်းဟုအကြောင်းပြကာအိမ်မှာပင်နေသည်။ ထို့နောက် အခြားအမှုထမ်းတို့က "ကျူးကဲလျန့်"(Zhuge Liang) က အပြင်းအထန်ဖျားနာနေသည်ဟုအကြောင်းကြားသဖြင့် မင်းသားက သွားကြည့်လေသည်။
"ကျုပ်ရဲ့စစ်သေနာပတိက ဘာရောဂါကြောင့်များ လဲနေရတာလဲ?"
"ကျွန်တော့နှလုံးသားက လောင်ကျွမ်းနေပြီး မကြာခင်သေဆုံးပါတော့မယ်။"
"ဘာကြောင့်များ ဒီလိုဝမ်းနည်းနေရတာလဲ?"

"ကျူးကဲလျန့်"(Zhuge Liang) က ပြန်မဖြေပေ။ အကြိမ်ကြိမ်အခါခါမေးသော်လည်း မည်သို့မျှမပြောပဲ မျက်လုံးကိုမှိတ်ကာ ဖျားနာနေသောကြောင့် စကားပင်မပြောနိုင်သည့်ပုံလုပ်နေခဲ့သည်။ မင်းသားက အတင်းအကြပ်ပြောခိုင်းသည့်အခါမှသာ "ကျူးကဲလျန့်"(Zhuge Liang) က သက်ပြင်းချပြီးပြောသည်။
"ကြီးမြတ်တဲ့မင်းသား၊ ကျွန်တော့တဲစုတ်လေးကနေထွက်ပြီး မင်းသားနောက်လိုက်ခဲ့တဲ့အချိန်ကတည်းက မင်းသားဟာ ကျွန်တော့အကြံတွေကိုနားထောင်ခဲ့တယ်။ အခု အနောက်ဘက်ပြည်နယ်၊ မြစ်ပြည်နယ်နှစ်ခုတို့ဟာ ကျွန်တော်ပြောခဲ့သလိုပဲ မင်းသားလက်ထဲရောက်လာခဲ့ပြီ။ ဒါပေမယ့် ချောင်ဖီ(Cao Pi) နန်းလုတာဟာ ဟန်ခေတ်ကုန်သွားတာဖြစ်ပြီး ကျွန်တော်နဲ့အခြားလူတွေက မင်းသားကို ဧကရာဇ်အရာတက်စေလိုတယ်။ ပြီးရင် ဝေကိုချေမှုန်းပြီး ဟန်တိုင်းပြည်ကို ပြန်လည်ထူထောင်ရမယ်မဟုတ်လား? ကျွန်တော်တို့တွေအကုန်လုံးက ဒီရည်ရွယ်ချက်တစ်ခုတည်းနဲ့အတူတူ လက်တွဲခဲ့ကြတယ်၊ ဒါပေမယ့် မင်းသားက ဒါကိုခါးခါးသီးသီးငြင်းပယ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ အခု အမှုထမ်းတွေက စိတ်ပျက်ပြီး မကြာခင်မှာ နှုတ်ထွက်သွားကြတော့မယ်။ မင်းသားသာတစ်ယောက်တည်းကျန်ရစ်ပြီး ဝေနဲ့ဝူတို့က လာတိုက်ရင် ခုခံဖို့ခက်ခဲလိမ့်မယ်။ ဒါဟာ ကျွန်တော်ဝမ်းနည်းဖို့ လုံလောက်တဲ့အကြောင်းရင်းပဲမဟုတ်လား?"
"ကျုပ်လက်ခံရင် တစ်လောကလုံးက ကျုပ်ကိုအပြစ်တင်ကြမှာစိုးရိမ်တယ်"
"ကျူးကဲလျန့်"(Zhuge Liang) သည် ကွန်ဖြူးရှပ်၏စကားကိုယူသုံးကာ
"နာမည်တွေကမမှန်ကန်ရင် ဘာသာစကားက မှန်ကန်ခြင်းမရှိတာပဲ။ တစ်နည်းအားဖြင့် လူကိုယ်တိုင်ကိုက မဖြောင့်မှန်ရင် တပါးလူတွေက သူ့ကိုအကောင်းပြောမှာမဟုတ်ဘူး။ သခင်ကြီးက ဖြောင့်မတ်ပြီး လူတွေကလည်း လေးစားကြတယ်။ ဘာပြောစရာလိုသေးလဲ? ကောင်းကင်က ပေးအပ်နေတာကိုငြင်းပယ်မှသာ အပြစ်တင်ခြင်းခံရမှာဖြစ်တယ်"
"ခင်ဗျား ပြန်ကျန်းမာလာတဲ့အခါမှ လုပ်တာပေါ့"
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် အိပ်ယာမှရုတ်တရတ်ထလာပြီး အချက်ပေးလိုက်ရာ ရာထူးမြင့်အမှုထမ်းတို့သည်လည်း တံခါးပေါက်မှဝင်လာကြကာ ဒူးထောက်ပြီး ငိုယိုကြသည်။
"မင်းသားက လက်ခံလိုက်ပြီဆိုတော့ နေ့ကောင်းရက်မြတ်တစ်ခုကို ရွေးချယ်သင့်ပါပြီ"

ထိုအမှုထမ်းတို့သည် မင်းသားလက်အောက်ရှိအယုံကြည်ရဆုံးအမှုထမ်းများဖြစ်ကြသည်။ ၎င်းတို့မှာ နန်းတွင်းကိုယ်ရံတော် "ရွှီကျင်း"(Xu Jing) ၊ ဟန်ကိုငြိမ်းချမ်းစေသောစစ်သူကြီး "မီကျူ"(Mi Zhu) ၊ ချင်းယီသခင် "ရှန်ကျွီ"(Xiang Ju) ၊ ရန်ချွမ်သခင်  "လျူပေါက်"(Liu Bao)၊ ဒုတိယမြို့စား "ကျောက်ကျော်"(Zhao Zuo) ၊ ပထမတန်းအတွင်းရေးမှူး "ရန်ဟုန်"(Yang Hong) ၊ အကြံပေး "တုချုံ"(Du Qiong) ၊ အတွင်းရေးမှူး "ကျန်းရွှမ်"(Zhang Shuang) ၊ ဝန်ကြီး "လိုင်ကုန်း"(Lai Gong) ၊ ဝန်ကြီး "ဟွမ်ချွမ်'(Huang Quan) ၊ ဝန်ကြီး "ဟဲကျုံး"(He Zong) ၊ စာပေပညာရှင် "ယင်းမို့"(Yin Mo) ၊ ဝန်ကြီး "ချောင်ကျိုး"(Qiao Zhou) ၊ စစ်သူကြီး "ယင်းချွန်း"(Yin Chun) ၊ နန်းတွင်းတပ်ကြပ် "ကျန်းစီ"(Zhang Si) ၊ ဘဏ္ဍာရေးမှူး "ဝမ်မို"(Wang Mo)၊ စာပေပညာရှင် "ယီကျီ"(Yi Ji) ၊ အကြံပေး "ချင်မီ"(Qin Mi) အပြင်အခြားအမှုထမ်းများစွာပါဝင်သည်။
မင်းသားမှာ လန့်သွားပြီး
"ခင်ဗျားတို့တွေအကုန်လုံးက ကျုပ်ကိုမဟုတ်တာလုပ်ဖို့ဖိအားပေးနေတာပဲ"
"ကျူးကဲလျန့်"(Zhuge Liang) မှ
"မင်းသားက သဘောတူလိုက်ပြီဆိုတော့ အခမ်းအနားအတွက် စင်ဆောက်ပြီး ရက်ရွေးရမယ်"

မင်းသားကို နန်းတော်အတွင်းသို့ပြန်ပို့လိုက်ပြီး တော်ဝင်ပညာရှင် "ရွှီချီ"(Xu Ci) နှင့် အထက်တန်းအတိုင်ပင်ခံ "မုန့်ကွမ်း"(Meng Guang) တို့ကို ချန်တူး၏တောင်ဘက် ဝူတန်းတောင်အဆောက်အဦးဆောက်လုပ်စေသည်၊ ပြင်ဆင်ပြီးသွားသောအခါတွင် အမှုထမ်းပေါင်းများစွာတို့က မင်းသားကိုဝန်းရံပြီး ထိုနေရာသို့ရောက်လာခဲ့သည်။ စင်မြင့်ပေါ်သို့တက်ပြီး ပြင်ဆင်ထားသောအရာတို့ဖြင့် ပူဇော်ပသလေသည်။ ထို့နောက် "ချောင်ကျိုး"(Qiao Zhou) မှ ကြေညာစာကိုဖတ်သည်။
"ကျန်းအန်းနှစ်နှစ်ဆယ့်ငါးနှစ်မြောက် လေးလပိုင်း တစ်ဆယ့်နှစ်ရက်နေ့တွင် ဧကရာဇ်လျူဘေ့(Liu Bei) သည် ကောင်းကင်နှင့်မြေကြီးတို့ကို အသိပေးခဲ့သည်။
ဟန်တိုင်းပြည်ကြီးဟာ အဆုံးမရှိပဲတည်ရှိလာခဲ့တယ်၊ ဟိုးအရင်က ဝမ်မန်(Wang Mang) ဟာ ဘုရင်ကိုပုန်ကန်ခဲ့ပြီး ဒုတိယဟန်ခေတ်ကိုတည်ထောင်သူ လျူရှို့(Liu Xiu) က သူပုန်တွေကိုနှိမ်နှင်းပြီး ဝမ်မန်(Wang Mang) ကိုသေဒဏ်ပေးခဲ့ပြီး တိုင်းပြည်ကိုအေးချမ်းစေခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ ဩဇာကြီးပြီးရက်စက်တဲ့ ချောင်ချောင်း(Cao Cao) ဟာ မိဖုရားခေါင်ကြီးကိုသတ်ပြီး သူ့ပြစ်မှုတွေက မိုးကောင်းကင်ထိတောင် ကြားနိုင်တယ်။ သူ့သား ချောင်ဖီ(Cao Pi) ဟာလည်း သူ့ဖခင်အတိုင်းရက်စက်ပြီး ဧကရာဇ်တို့ရဲ့အဆောင်အယောင်ကို လုယူခဲ့တယ်။
တိုင်းပြည်ကြီးက သူပုန်တွေလက်ရောက်သွားခဲ့တာကြောင့် ကျုပ်ရဲ့အမှုထမ်းတွေ၊ ခေါင်းဆောင်တွေက ကျုပ် လျူဘေ့(Liu Bei) ကို ထီးနန်းဆက်ခံဖို့ သင့်တော်တယ်လို့ယူဆကြတယ်။ ဘိုးဘေးတွေဖြစ်တဲ့ လျူဘန်း(Liu Bang) နဲ့ လျူရှို့(Liu Xiu) တို့မျိုးရိုးကနေဆင်းသက်လာတဲ့သူဖြစ်တဲ့အလျှောက် ကောင်းကင်ရဲ့ဆန္ဒအတိုင်း သူပုန်တွေကိုအပြစ်ပေးရမယ်။
 ရာဇပလ္လင်ကိုလက်ခံဖို့ ကျုပ်ရဲ့ကောင်းကွက်၊ အကျင့်သီလတွေနည်းနေမှာ စိုးရွံ့တာကြောင့် ဟိုးအဝေးကြီးထိ လူတွေရဲ့စိတ်သဘောထားကို မေးမြန်းတိုင်ပင်ခဲ့တယ်။ ကောင်းကင်ရဲ့အမိန့်ကိုမငြင်းပယ်သင့်ဘူးလို့ပြောကြပြီး ဘိုးဘေးတွေရဲ့အမွေအနှစ်တွေပြတ်သွားဖို့မဖြစ်သလို တိုင်းပြည်ဟာလည်း အုပ်ချုပ်သူလစ်ဟာလို့မဖြစ်ဘူး။ ဒီအရာတွေက ကျုပ်မျက်လုံးကို လမ်းပြပေးခဲ့တယ်။
ဒါကြောင့် ကောင်းကင်ရဲ့အမိန့်ကိုနာခံပြီး လျူဘန်း(Liu Bang) တို့၊ လျူရှို့(Liu Xiu) တို့လုပ်ဆောင်ချက်တွေကို အလဟဿမဖြစ်သွားစေဖို့ ကောင်းမွန်တဲ့ရက်ကိုရွေးချယ်ပြီး ဧကရာဇ်တံဆိပ်တော်ကိုလက်ခံကာ လူအများကိုစိတ်အေးစေပြီး ဘိုးဘေးတွေကိုဝမ်းမြောက်စေကာ မြေပြင်နေရာအနှံ့ကိုငြမ်းချမ်းစေမယ်"
ထိုသို့ဖတ်ပြီးနောက်ဝယ် "ကျူးကဲလျန့်"(Zhuge Liang) သည် အမှုထမ်းတို့အားလုံးကိုယ်စား ဧကရာဇ်တံဆိပ်တော်ကို ဆက်သလေသည်။

မင်းသားက လက်နှစ်ဖက်ဖြင့်လက်ခံပြီးနောက် ထပ်မံငြင်းပြန်၏။
"ကျုပ် လျူဘေ့(Liu Bei) က ဒီနေရာအတွက် မသင့်တော်ဘူး။ တခြားသင့်တော်သူကိုရွေးကြပါ"
သို့သော် "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျုပ်တို့သခင်ကြီးဟာ တိုင်းပြည်ကိုအေးချမ်းစေပြီး သူ့လုပ်ရပ်တွေကို တစ်လောကလုံးကသိကြတယ်။ ဒါ့အပြင် သူက မင်းဆွေမင်းမျိုးဖြစ်တာကြောင့် သူသာလျှင် အသင့်တော်ဆုံးပဲ။ အခု ကြေညာပြီးသွားပြီဆိုတော့ ဒီအချိန်မှငြင်းပယ်လို့မဖြစ်တော့ဘူး"
ထိုအခါ အမှုထမ်းအားလုံးတို့က
"ဧကရာဇ်သက်တော်ရာကျော်ရှည်ပါစေ" ဟု ဟစ်အော်ခဲ့လေသည်။

ထိုနှစ်ကို ပေါ်လွင်သောခွန်အား(ကျန်းဝူ) ပထမနှစ် (အေဒီ ၂၂၀) အဖြစ်သတ်မှတ်ခဲ့သည်။ ဝူအမျိုးသမီးကို မိဖုရားခေါင်အဖြစ်သတ်မှတ်ခဲ့ပြီး သားအကြီး "လျူရှန်"(Liu Shan) ကို အိမ်ရှေ့စံအဖြစ် သတ်မှတ်စေသည်။ ဘုတိယသား "လျူယွင်"(Liu Yung) ကို လုမင်းသားဘွဲ့ပေးပြီး တတိယသား "လျူလီ"(Liu Li) ကို လျန့်မင်းသားဘွဲ့ပေးခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး "ရွှီကျင်း"(Xu Jing) သည် အတွင်းဝန်ဖြစ်လာသည်။ အခြားသောအမှုထမ်းများစွာတို့သည်လည်း ရာထူးတိုးခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့ရာ မြစ်ပြည်နယ်နှစ်ခုမှ လူပေါင်းများစွာ ပျော်ရွှင်ကြလေသည်။
နောက်ရက်ညီလာခံတွင် ပထမဧကရာဇ်သည် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
"မက်မွန်ပန်းခြံမှာ ငါကိုယ်တော်နဲ့ညီနှစ်ဦးတို့ဟာ အတူတူရှင်ပြီးအတူတူသေဆုံးမယ်လို့ ကတိသစ္စာပြုခဲ့တယ်။ ဝူပြည် စွန်းချွမ်(Sun Quan) လက်ချက်ကြောင့် ညီဖြစ်တဲ့ ကွမ်းယွီ(Guan yu) ဟာ  ကံဆိုးစွာနဲ့သေဆုံးခဲ့ရတယ်။ ဒါကြောင့် ဒီသစ္စာအတွက် လက်စားချေမှဖြစ်မယ်။ ငါကိုယ်တော်ရဲ့တပ်အင်အားအလုံးစုံကို ဝူပြည်ချေမှုန်းဖို့အတွက်လုပ်ပြီး သူပုန်ခေါင်းဆောင်ကိုဖမ်းပြီးတော့ ဒီအပြစ်ကိုဆေးကြောရမယ်။"
သို့သော် ထိုအချိန်တွင် လူတစ်ယောက်မှ ကန့်ကွက်သည်။
"ဒီလိုမလုပ်သင့်ပါဘူး"
အကုန်လုံးက ထိုသူကိုကြည့်ကြသည်။ ပြောသူမှာ ကျားစစ်သူကြီး "ကျောက်ယွင်"(Zhao Yun) ဖြစ်သည်။

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!