သုံးနိုင်ငံခေတ်(၈၆)
အခန်း (၈၆) " ချင်မီ"(Qin Mi) သည် "ကျန်းဝင်"(Zhang Wen) အပေါ် စကားဖြင့်အနိုင်ယူခဲ့ခြင်း။ "ရွှီရှန်"(Xu Sheng) သည် မီးကိုသုံးကာ "ချောင်ဖီ"(Cao Pi) ကိုနှိမ်နှင်းခြင်း။ စစ်အောင်နိုင်ပြီးနောက် "လုရွှင့်"(Lu Xun) သည် ဝူပြည်၏သူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပြီး တိုင်းပြည်ကိုစောင့်ရှောက်သောစစ်သူကြီးဟူသည့်ဘွဲ့ချီးမြင့်ခြင်းခံရသည်။ ထို့အပြင် ကျန်းလင်သခင်နှင့် ကျင်ကျိုးမြို့စားရာထူးတို့ကိုရရှိလေသည်။ ဝူတပ်အလုံးစုံတို့ကို ထိန်းချုပ်နိုင်သည့်အာဏာကိုလည်း သူ့ကိုပေးထားသည်။ "ကျန်းကျောက်"(Zhang Zhao) နှင့် "ကူယုံ"(Gu Yong) တို့သည် သူတို့သခင်၏နာမည်ဂုဏ်ကြီးစေရန်အလို့ငှာ ခုနှစ်ကို ထူးခြားသာလွန်သောနာမည်ပြောင်းရန် တိုက်တွန်းကြသည်။ ထို့ကြောင့် "စွန်းချွမ်"(Sun Quan) မှ ဟွမ်ချူးနှစ် (အေဒီ ၂၂၂) (အဝါရောင် အင်အားတောင့်တင်းမှု) ဟုခေါ်တွင်စေသည်။ ထိုအချိန်တွင် ဝေပြည်မှသံတမန်ရောက်လာကာ ညီလာခံသို့ခေါ်လာစေသည်။ သံတမန်မှ "ဟိုတလောတုန်းက ရှူကဝေပြည်ကို အကူအညီတောင်းခဲ့တဲ့အတွက် ဝေဧကရာဇ်က ဝူပြည်ကို စစ်တပ်တွေစေလွှတ်ခဲ့တယ်။ ဒါက နားလည်မှုလွဲတာဖြစ်...