သုံးနိုင်ငံခေတ်(၈၅)


အခန်း (၈၅) ပထမဧကရာဇ်သည် သားတော်ကို အုပ်ထိန်းသူထံအပ်နှံခဲ့ခြင်း။
"ကျူးကဲလျန့်"(Zhuge Liang) သည် တပ်ငါးတပ်ကို တည်ငြိမ်စွာဖြေရှင်းခြင်း။

ကျန်းဝူနှစ်ဒုတိယနှစ် နွေရာသီ (အေဒီ ၂၂၁) တွင် ယီလင်၌ "လုရွှင့်"(Lu Xun) သည် ရှူတပ်ကြီးကိုချေမှုန်းခဲ့သည်။ ပထမဧကရာဇ်သည် ပိုင်တိချန်တွင် ခိုလှုံခဲ့ရပြီး "ကျောက်ယွင်"(Zhao Yun) က ကာကွယ်ရေးကိုတာဝန်ယူခဲ့သည်။ "မာလျန့်"(Ma Liang) ပြန်ရောက်လာသည့်အချိန်တွင် သူ့သခင်ဖြစ်သူမှာ စစ်ရှုံးသွားခဲ့မှန်းသိရသောအခါ စိတ်မကောင်းဖြစ်ပြီး မည်သည့်စကားမျှမပြောနိုင်ခဲ့ပေ။ ပြီးနောက်တွင်မှ "ကျူးကဲလျန့်"(Zhuge Liang) ပြောခဲ့သည်တို့ကိုပြန်ပြောပြသည်။ ပထမဧကရာဇ်သည် သက်ပြင်းချကာ
"အကယ်၍ ဝန်ကြီးချုပ်ပြောတာသာနားထောင်ခဲ့ရင် ဒီလိုစစ်ရှုံးရမှာမဟုတ်ဘူး။ အခုတော့ မြို့တော်ကိုဘယ်လိုမျက်နှာနဲ့ပြန်ရမလဲ"
ထို့နောက် ဧည့်ရိပ်သာကို ထာဝရငြိမ်းချမ်းမှုနန်းတော်ဟု သမုတ်ခဲ့သည်။ "ဖုန်းရှီ"(Feng Xi)၊ "ချန်ကျိ"(Cheng Ji)၊ "ဖူထုံ"(Fu Tong)၊ "ကျန်းနန်"(Zhang Nan)၊ ဘုရင် ရှားမိုခဲ့(Sha Moke) နှင့်များစွာသောစစ်သူကြီးတို့သေဆုံးခဲ့ကြောင်းသိရသောအခါ စိတ်မကောင်းဖြစ်လေသည်။

ထို့နောက် လူတို့က
"မြောက်ဘက်ကမ်းကိုစောင့်ကြပ်ဖို့တာဝန်ပေးထားခဲ့တဲ့ ဟွမ်ချွမ်(Huang Quan) က ဝေပြည်လက်အောက်မှာ ခိုလှုံသွားခဲ့ပြီ။ ဒါကြောင့် သူ့ကိုယ်စား သူ့မိသားစုတွေကို အပြစ်ပေးသင့်ပါတယ်"
သို့သော် ပထမဧကရာဇ်မှ
"ဝူတပ်တွေက ကျုပ်တို့တပ်တွေကို တောင်ဘက်ကမ်းကနေ ဖြတ်တောက်ခဲ့တာ။ ဒါကြောင့်မို့လို့ သူလက်နက်ချခဲ့ရတာဖြစ်တယ်။ ကျုပ်က သူ့ကိုသစ္စာဖောက်ခဲ့တာဖြစ်ပြီး သူကကျုပ်ကို သစ္စာဖောက်သွားတာမဟုတ်ဘူး။ ဒါကြောင့် သူ့မိသားစုအပေါ်ဘယ်အပြစ်တင်ရက်မလဲ"
ထို့နောက် ရှူပြည်တွင်ကျန်ရစ်ခဲ့သောမိသားစုတို့ကို ဆက်လက်ထောက်ပံ့စေသည်။

"ဟွမ်ချွမ်"(Huang Quan) သည် လက်နက်ချပြီးနောက် "ချောင်ဖီ"(Cao Pi) နှင့်တွေ့သောအခါ "ချောင်ဖီ"(Cao Pi) မှ
"ခင်ဗျားလက်နက်ချတာက ရှေးတုန်းက ချန်ဖင်(Chen Ping) နဲ့ ဟန်ရှင်း(Han Xin) တို့လုပ်သလို လုပ်ချင်လို့မဟုတ်လား"
သို့သော် "ဟွမ်ချွမ်"(Huang Quan) က ငိုယိုကာ ပြန်ဖြေသည်။
"ရှူဧကရာဇ်က ကျွန်တော့အပေါ် တအားကောင်းခဲ့တယ်။ ရန်စီ မြစ်မြောက်ပိုင်းက တပ်တွေကိုထိန်းကွပ်ဖို့ ကျွန်တော့ကိုတာဝန်ပေးခဲ့တယ်။ လုရွှင့်(Lu Xun) က လမ်းကိုဖြတ်တောက်ခဲ့လို့သာ ကျွန်တော် ရှူပြည်ကိုမပြန်နိုင်ရတာဖြစ်တယ်။ ကျွန်တော်က ဝူပြည်လက်အောက်မှာလည်း နေလို့မဖြစ်ဘူး၊ ဒါကြောင့် ဧကရာဇ်ထံမှာ အညံ့ခံခဲ့တာပါ။ စစ်ရှုံးသူအနေနဲ့ ကျွန်တော့အသက်ချမ်းသာရရင် ကျေနပ်ပါပြီ။ ဟိုးရှေးတုန်းကလူတွေရဲ့ထုံးကို နှလုံးမူတာမဟုတ်ပါဘူး"
ထိုစကားကြောင့် ဝေဧကရာဇ်က ကျေနပ်သွားပြီး တောင်ပိုင်းကိုစောင့်ကြပ်သောစစ်သူကြီး ဟူသောဘွဲ့ကိုပေးခဲ့သည်။ သို့သော် "ဟွမ်ချွမ်"(Huang Quan) က လက်မခံခဲ့ပေ။

ထို့နောက် နန်းတွင်းသားတစ်ဦးမှ
"ခင်ဗျားမိသားစုဝင်တွေကို ရှူဧကရာဇ်က သေဒဏ်ပေးလိုက်ပြီလို့ သူလျှိုတွေဆီက သတင်းရလာတယ်"
သို့သော် "ဟွမ်ချွမ်"(Huang Quan) က မယုံခဲ့ပေ။
"ကျုပ်အယုံကြည်ဆုံးအရာက ရှူဧကရာဇ်ရဲ့ကရုဏာတရားပဲဖြစ်တယ်။ ကျုပ်လက်နက်ချတာဟာ ကျုပ်ဆန္ဒကြောင့်မဟုတ်ဘူးဆိုတာ သူသိတဲ့အတွက် ကျုပ်မိသားစုဝင်တွေကိုဒုက္ခပေးမှာမဟုတ်ဘူး"
ဝေဧကရာဇ်ကလည်း ထိုစကားကို သဘောတူခဲ့သည်။

"ချောင်ဖီ"(Cao Pi) သည် တစ်နိုင်ငံလုံးကိုအုပ်ချုပ်ရန်အတွက် "ကျာရွှီ"(Jia Xu) နှင့်တိုင်ပင်သည်။
"ကျုပ်က တစ်နိုင်ငံလုံးကို ကျုပ်အုပ်ချုပ်မှုအောက်မှာရှိချင်တယ်။ ဒီတော့ ရှူကိုအရင်တိုက်ရမလား? ဝူကိုအရင်တိုက်ရမလား"
"လျူဘေ့(Liu Bei) က အရည်အချင်းရှိတဲ့သူရဲကောင်းဖြစ်ပြီး ကျူးကဲလျန့်(Zhuge Liang) က ထူးချွန်တဲ့စီမံခန့်ခွဲသူဖြစ်တယ်။ စွန်းချွမ်(Sun Quan) က ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိပြီး လုရွှင့်(Lu Xun) က အရေးပါတဲ့ဗျူဟာမြောက်ဒေသတွေကို ကိုင်တွယ်ထားတယ်။ ဒါ့အပြင် သဘာဝအတားအဆီးတွေ၊ မြစ်ချောင်းအင်းအိုင်တွေကြောင့် ချီတက်တာခက်ခဲမယ်။ ဒါကြောင့် သူတို့နှစ်ယောက်ကိုယှဉ်နိုင်တဲ့စစ်သူကြီးမရှိဘူး။ ဒါ့အပြင် အရှင်မင်းကြီးရဲ့ဂုဏ်အင်နဲ့ဆိုရင်တောင် ရလဒ်ကဘယ်လိုဖြစ်လာမယ်ဆိုတာ မပြောနိုင်ဘူး။ ဒါကြောင့် သူတို့တွေအချင်းချင်း ပဋိပက္ခဖြစ်တာကို စောင့်သင့်ပါတယ်"
"ကျုပ်က ဝူပြည်ကို တပ်သုံးတပ်တောင်စေလွှတ်လိုက်ပြီ။ သူတို့တွေရှုံးနိုင်မလား"

အတွင်းရေးမှူးခေါင်းဆောင် "လျူရဲ့"(Liu Ye) ကလည်း သူ့လုပ်ဖော်ကိုင်ဖက်၏အဆိုကို ထောက်ခံခဲ့သည်။
"လုရွှင့်(Lu Xun) က စစ်နိုင်ထားတာ မကြာသေးဘူးဆိုတော့ သူ့တပ်တွေက ယုံကြည်မှုတွေပြည့်နေတယ်။ ဒါ့အပြင် မြစ်ချောင်းအင်းအိုင်အတားအဆီးတွေကို ကျော်လွှားဖို့ခက်ခဲမယ်။ လုရွှင့်(Lu Xun) က လုပ်ရည်ကိုင်ရည်ရှိပြီး သူက အဆင်သင့်ဖြစ်နေလောက်ပြီ"
ဝေဧကရာဇ်မှ
"ရှေးတုန်းက ခင်ဗျားပဲကျုပ်ကို ဝူပြည်ကိုတိုက်စေခဲ့တာလေ။ အခုဘာကြောင့် သွေဖယ်တဲ့အကြံပေးရတာလဲ"
"ဘာကြောင့်လည်းဆိုတော့ အခြေအနေတွေက မတူတော့ပါဘူး။ ဝူပြည်က စစ်တွေတစ်ခုပြီးတစ်ခုရှုံးနိမ့်တုန်းက လူတွေက စိတ်ဓာတ်ကျနေပြီး သူတို့တွေကို အလွယ်တကူ အနိုင်ယူနိုင်တယ်။ အခုတော့ အောင်ပွဲကြီးရသွားတဲ့အတွက် စိတ်ဓာတ်တွေက အဆတစ်ရာလောက် မြင့်တက်သွားပြီ။ ဒါကြောင့် သူတို့ကို မတိုက်သင့်ဘူး"
"ကျုပ် တိုက်ခိုက်ဖို့ဆုံးဖြတ်ပြီးသွားပြီ"
ထို့နောက် နန်းတွင်းတပ်တို့ကိုဦးဆောင်ကာ တပ်သုံးတပ်ကိုကူညီရန် ချီတက်လေသည်။ သို့သော် အတိုင်ပင်ခံတို့ပြောသည့်အတိုင်းပင် ကင်းထောက်တို့ထံမှ သတင်းရောက်လာသည်။
"ကျွန်တော်တို့တပ်တွေကို ဝူတပ်တွေက ရင်ဆိုင်ဖို့ပြင်နေပါတယ်။ လွီဖန်(Lu Fan) က တုံးခိုမှာ ချောင်ရှို့(Cao Xiu) နဲ့တိုက်ဖို့လုပ်နေပြီး ကျူးကဲကျင့်(Zhuge Jin) က နန်ကျွင်းမှာ ချောင်ကျန်း(Cao Zhen) နဲ့တွေ့ပြီး ရုရွှီမှာ ကျူဟွမ်(Zhu Huan) နဲ့ ချောင်ရန်(Cao Ren) တို့ရင်ဆိုင်ပါတော့မယ်"
ထိုအခါ "လျူရဲ့"(Liu Ye) မှ
"ဝူတပ်တွေက အဆင်သင့်ဖြစ်နေပြီ။ အောင်မြင်နိုင်မှာမဟုတ်ဘူး"
သို့သော် "ချောင်ဖီ"(Cao Pi) က လက်မခံပဲချီတက်သွားခဲ့သည်။

ရုရွှီတွင် "ချောင်ရန်"(Cao Ren) ကိုရင်ဆိုင်ရန်လွှတ်လိုက်သည့် စစ်သူကြီးမှာ အသက်နှစ်ဆယ့်ခုနစ်သာရှိသော လူငယ်ဖြစ်သည်။ သူသည် ရဲရင့်ပြီး အရည်အချင်းရှိကာ "စွန်းချွမ်"(Sun Quan) ၏အရေးပေးမှုကို ခံရသည်။ "ချောင်ရန်"(Cao Ren) သည် ရှန်းရှီကိုတိုက်မည်ဟုသိသောအခါ "ကျူဟွမ်"(Zhu Huan) သည် တပ်သားငါးထောင်ကိုရုရွှီတွင်ထားခဲ့ပြီး ကျန်တပ်တို့ကိုဦးဆောင်ကာ ရန်သူနှင့်ရင်ဆိုင်သည်။ ထိုအချိန်တွင် ရန်သူ့ရှေ့ပြေးတပ်စစ်သူကြီး "ချန်တျောက်"(Chang Diao) သည် "ကျူးကဲချန်"(Zhuge Qian) ၊ "ဝမ်ရွှမ်း"(Wang Shuang) တို့၏အကူအညီနှင့်အတူ တပ်သားငါးသောင်းဖြင့် ရုရွှီကိုချီတက်လာသည်ဟုသိရသောအခါ ပြန်လှည့်သွားရသည်။
သူ့အမှုထမ်းတို့သည် ကြောက်လန့်နေသည်ကိုမြင်သဖြင့် ဓားကိုထုတ်ကာ မိန့်ခွန်းပြောခဲ့သည်။
"အောင်မြင်မှုက စစ်သားအရေအတွက်ထက် ခေါင်းဆောင်အပေါ်မူတည်တယ်။ ခုခံတဲ့စစ်သားတစ်ဦးက အဝေးကလာတဲ့စစ်သားနှစ်ဦးနဲ့ညီမျှတယ်လို့ စစ်ဗျူဟာကျမ်းမှာ ဆိုထားတယ်။ ခံတပ်ကိုခုခံရင် အရေအတွက်နည်းရင်တောင်မှ ရန်သူတွေကိုတွန်းလှန်နိုင်တယ်။ အခု ရန်သူတွေက အဝေးကြီးကချီတက်လာတာကြောင့် ပင်ပန်းနေပြီ။ ကျုပ်ရယ်၊ မင်းတို့တွေရယ်၊ ကျုပ်တပ်ဖွဲ့တွေရယ်နဲ့ဆိုရင် ဒီနယ်မြေကိုကာကွယ်နိုင်မယ်။ တောင်ဘက်မှာ ရန်စီမြစ်က ကျုပ်တို့ကိုအကာအကွယ်ပေးထားပြီး မြောက်ဘက်မှာတော့ တောင်တန်းတွေရဲ့အကာအကွယ်ကိုယူထားတယ်။ အောင်မြင်မှုဆိုတာကို ကျုပ်တို့က အလွယ်တကူနဲ့ရယူနိုင်မှာပဲ။ ကျုပ်တို့က ပင်ပန်းနွမ်းနယ်နေတဲ့ဧည့်သည်တွေကိုစောင့်နေတဲ့ အိမ်ရှင်တွေဖြစ်တယ်။ ဒါကြောင့် တိုက်ပွဲတိုင်း အောင်နိုင်မှာပဲ။ ချောင်ဖီ(Cao Pi) ကိုယ်တိုင်လာရင်တောင်မှ ကြောက်စရာမလိုတာ ချောင်ရန်(Cao Ren) နဲ့ သူ့တပ်တွေကို မှုစရာလား"
"ကျူဟွမ်"(Zhu Huan) သည် အလံတို့ကိုခေါက်သိမ်းစေပြီး ဗုံတို့ကိုမတီးစေပဲထားစေကာ မြို့ထဲတွင် ခုခံသူမရှိသယောင် ပြုစေသည်။

"ချန်တျောက်"(Chang Diao) ၏ရှေ့ပြေးတပ်ရောက်လာသောအခါ လူတစ်ဦးတစ်ယောက်မှ မတွေ့လေသောကြောင့် အလျင်စလိုဖြစ်သွားခဲ့သည်။ မြို့အနီးသို့ရောက်သော် ကျယ်လောင်သောအသံကိုကြားလိုက်ရပြီး အလံတို့ကိုမြင်လိုက်ကာ ဓားကိုင်ထားသော "ကျူဟွမ်"(Zhu Huan) ထွက်လာသည်။ ထို့နောက် "ချန်တျောက်"(Chang Diao) နှင့်တွေ့ပြီး တတိယအကြိမ်ရင်ဆိုင်ချိန်တွင် "ချန်တျောက်"(Chang Diao)ကို ဓားနှင့်ခုတ်လိုက်သည်။ ထို့အပြင် ဝူတပ်သည်လည်း ရန်သူတို့ကိုတိုက်လေရာ ကျူးကျော်သူတို့ကို တိုက်ထုတ်နိုင်ခဲ့ပြီး တပ်သားပေါင်းများစွာကိုသတ်နိုင်ခဲ့သည်။ အောင်နိုင်ပြီးနောက် "ကျူဟွမ်"(Zhu Huan) သည် ရန်သူတို့၏အလံ၊ လက်နက်နှင့်မြင်းတို့ကို သိမ်းယူခဲ့သည်။
"ချောင်ရန်"(Cao Ren) ကိုယ်တိုင်ချီတက်လာသော်လည်း ရှန်းရှီမှတပ်တို့ကတိုက်သောကြောင့် ရှုံးနိမ့်သွားခဲ့ပြီး သူ့သခင်ထံသို့ပြန်ကာ သတင်းပို့ခဲ့သည်။
ဝေဧကရာဇ်သည် မည်သို့လုပ်ရမည်ကိုမဆုံးဖြတ်နိုင်သေးမှီ နောက်သတင်းရောက်လာသည်။
"ချောင်ကျန်း(Cao Zhen) နဲ့ ရှဟိုရှန်(Xiahou Shang) တို့က နန်ကျွင်းက ကျူးကဲကျင့်(Zhuge Jin) ကို ဝန်းရံထားချိန်မှာ လုရွှင့်(Lu Xun) ရဲ့တပ်တွေရောက်လာပြီး တိုက်တာကြောင့် ရှုံးနိမ့်သွားခဲ့ပါတယ်။ တုံးခိုမှာ ချောင်ရှို့(Cao Xiu) လည်း လွီဖန်(Lu Fan) ကြောင့် စစ်ရှုံးသွားခဲ့ပါတယ်"
ထိုရှုံးနိမ့်မှုတို့ကိုကြားသိရသောအခါ "ချောင်ဖီ"(Cao Pi) သည် သက်ပြင်းချပြီး ဝမ်းနည်းစွာဆိုခဲ့သည်။
"ဒါကျုပ်ရဲ့တစွတ်ထိုးဆန်မှုနဲ့ ကျာရွှီ(Jia Xu) နဲ့ လျူရဲ့(Liu Ye) ရဲ့အကြံတွေကို နားမထောင်မိလို့ဖြစ်ရတာပဲ"
ထိုနှစ်နွေရာသီတွင် ကပ်ရောဂါဆိုးကြီးဆိုက်ခဲ့ပြီး တပ်သားထက်ဝက်ကျော်သေဆုံးခဲ့လေသည်။ ထို့ကြောင့် ဝေတပ်ကြီးသည် မြို့တော်လော့ရန်သို့ပြန်လည်ချီတက်သွားသည်။ တိုင်းပြည်နှစ်ပြည်မှာ စစ်မဖြစ်တော့သော်လည်း ရန်ငြိုးရန်စတို့ ကျန်ရစ်ခဲ့လေသည်။

ထိုအချိန်တွင် ပထမဧကရာဇ်၏ကျန်းမာရေးမှာ ဆိုးရွားသည်ထက်ဆိုးရွားလာခဲ့သည်။ ဧကရာဇ်သည် ထာဝရငြိမ်းချမ်းမှုနန်းတော်တွင် နေကာ သူ၏ညောင်စောင်းတွင် လှဲလျောင်းနေသည်။ ကျန်းဝူနှစ်တတိယနှစ် (အေဒီ ၂၂၂) စတုတ္ထလတွင် ဧကရာဇ်၏အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး သူ့ကိုယ်သူရေရှည်မနေနိုင်တော့ပြီဟု သိသောကြောင့် စိတ်ဓာတ်ကျပြီး သေဆုံးသွားခဲ့သော ညီနှစ်ဦးကိုတမ်းတကာ ငိုခဲ့သည်။ သူသည် သုန်မှုန်ကာ စိတ်အလိုမကျဖြစ်နေခဲ့ပြီး အမှုထမ်း၊ အစေခံတို့ကို အနားသို့မလာစေပဲ ညောင်စောင်းပေါ်တွင် ဝမ်းနည်းစွာဖြင့် တစ်ဦးတည်းနေခဲ့သည်။
တစ်ညနေတွင် ရုတ်တရတ်လေတိုက်ကာ အခန်းထဲရှိမီးတို့ကိုငြိမ်းသွားစေသည်၊ မီးတို့ကိုပြန်ထွန်းညှိလိုက်သောအခါ လူနှစ်ဦး၏အရိပ်ကိုတွေ့လိုက်သည်။
"ကျုပ်က စိတ်ပူပန်ပန်နေလို့ အနားမလာနဲ့လို့မှာထားတာ ဘာလို့ပြန်လာတာလဲ? ထွက်သွားစမ်း!"
သို့သော် ထိုလူနှစ်ဦးမှာ ထွက်မသွားပေ။ ဧကရာဇ်သည် အိပ်ယာမှထပြီး ကြည့်လိုက်သောအခါ "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) ဖြစ်နေသည်ကို သိလိုက်သည်။
"ငါ့ညီနှစ်ယောက်က အသက်ရှင်လျက်ရှိနေသေးတာလား"
"ကွမ်းယွီ"(Guan Yu) မှ
"ကျွန်တော်တို့က လူတွေမဟုတ်ဘူး။ အရိပ်တွေပါ။ ကျွန်တော်တို့က ဘဝတစ်လျှောက်လုံးမှာ သစ္စာရှိခဲ့လို့ နတ်ဘုရားက ကျွန်တော်တို့ကို ဝိညာဉ်အဖြစ်နေခွင့်ပြုလိုက်တယ်။ အစ်ကိုကြီး၊ ကျွန်တော်တို့သုံးဦး မကြာခင်ပြန်ဆုံကြတော့မယ်"
ဧကရာဇ်သည် ထိုသူနှစ်ဦးကိုဖက်ကာ ငိုခဲ့လေသည်။ ထိုအချိန်တွင် အိပ်ယာမှထလာပြီး လူတို့ကိုခေါ်ကာ ဘယ်အချိန်ရှိပြီနည်းဟုမေးလျှင် သုံးချက်တီးအချိန်ဖြစ်ကြောင်းဖြေကြသည်။ ဧကရာဇ် သည် သက်ပြင်းချကာ
"ကျုပ် ဒီလောကမှာ ကြာကြာမနေရတော့ဘူး"

ထို့နောက် မြို့တော် ချန်တူးသို့လူလွှတ်ကာ ဝန်ကြီးချုပ် "ကျူးကဲလျန့်"(Zhuge Liang) နှင့် အခြားသော ရာထူးကြီးအမတ်တို့ကိုခေါ်စေကာ ဧကရာဇ်၏နောက်ဆုံးအမှာစကားကို လက်ခံစေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် သားတော်အငယ်နှစ်ဦးဖြစ်သည့် လုမင်းသား "လျူယွင်း"(Liu Yung) နှင့် လျန့်မင်းသား "လျူလီ"(Liu Li) တို့ကိုခေါ်လာသည်။ အိမ်ရှေ့စံမှာမူ မြို့တော်ကိုတာဝန်ယူကာ ကျန်ရစ်ခဲ့သည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် သခင်ဖြစ်သူ အခြေအနေဆိုးရွားသည်ကိုမြင်သောအခါ နဂါးသလွန်ညောင်စောင်းအောက်ကြမ်းပြင်တွင် ဒူးထောက်ခဲ့လေသည်။ သေဆုံးခါနီးဧကရာဇ်သည် သူ့ဘေးတွင်ထိုင်စေကာ ဝန်ကြီး၏ကျောကိုပုတ်ပြီးပြောသည်။
"ဧကရာဇ်အဖြစ်ခံယူခဲ့တာက ခင်ဗျားရဲ့အကြံပဲ။ ကျုပ်ကညံ့ဖျင်းစွာနဲ့ ခင်ဗျားရဲ့အကြံတွေကိုမလိုက်နာခဲ့ပဲ ဒီလိုဘေးဆိုးကြီးတွေဖြစ်အောင်လုပ်ခဲ့မယ်ဆိုတာ ခင်ဗျားလည်း သိနိုင်ခဲ့မယ်မဟုတ်ဘူး။ ကျုပ်အင်မတန်မှ စိတ်မကောင်းဖြစ်ပါတယ်၊ အခု ကျုပ်မှာအချိန်သိပ်မကျန်တော့ဘူး။ ကျုပ်အရိုက်အရာဆက်ခံသူကလည်း အရည်အချင်းမရှိဘူး။ ဒါပေမယ့် ကျုပ်က သူ့အတွက် အမွေအနှစ်ထားခဲ့ပြီး သူအကောင်းဆုံးလုပ်ဖို့မျှော်လင့်တယ်"
မျက်ရည်တို့သည် စမ်းချောင်းပမာစီးဆင်းလာသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည်လည်း မျက်ရည်ကျကာ
"အရှင်မင်းကြီးက မြန်မြန်ပြန်သက်သာလာမှာဖြစ်ပြီး လူတွေရဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းပေးမှာပါ"

ဧကရာဇ်သည် တစ်ဖက်လှည့်လိုက်သောအခါ ကုတင်နားတွင် "မာလျန့်"(Ma Liang) ၏ညီ "မာဆု"(Ma Su) ကိုတွေ့သောအခါ အပြင်သို့ထွက်သွားစေခဲ့သည်။ "မာဆု"(Ma Su) ထွက်သွားသောအခါ ဧကရာဇ်မှ
"ခင်ဗျား သူ့ကိုထူးချွန်တဲ့လူလို့မြင်လား"
"သူက လောကမှာအရည်အချင်းအရှိဆုံးလူတွေထဲက တစ်ယောက်ပါ"
"ကျုပ်တော့ အဲ့လိုမမြင်ဘူး။ သူ့အပြောက အလုပ်ထက်များတယ်။ သူ့ကိုသိပ်မသုံးပါနဲ့။ သေချာစောင့်ကြည့်ပါ"
ထိုသို့ပြောပြီးနောက် အခြားရာထူးမြင့်အမှုထမ်းတို့ကို ခေါ်လိုက်ပြီး စုတ်တံကိုကိုင်ကာ အထောက်အထားစာရေးခဲ့သည်။ ထိုစာကိုဝန်ကြီးချုပ်ထံပေးလိုက်ပြီး သက်ပြင်းချကာ
"ကျုပ်က ကြီးကျယ်မြင့်မြတ်တဲ့စာပေပညာရှင်မဟုတ်ဘူး။ သိသင့်သိထိုက်တဲ့အရာတွေကိုပဲ အကြမ်းဖျင်းနားလည်ထားတယ်။ ဒါပေမယ့် ဆရာ(ကွန်ဖြူးရှပ်) ကပြောခဲ့တာရှိတယ်။ သေဆုံးခါနီးမှာ ငှက်ရဲ့တေးသီကျူးသံက ဝမ်းနည်းစရာကောင်းပြီး သေဆုံးခါနီးလူတစ်ယောက်ရဲ့စကားတွေက ကောင်းသောစကားတွေဖြစ်တယ်။ ကျုပ်တို့က တစ်ဦးကိုတစ်ဦးကူညီပြီး ချောင်တွေကိုချေမှုန်းပြီးတော့ ဟန်ပြည်ကိုပြန်ထူထောင်ချင်ခဲ့တာ။ အခု အလုပ်မပြီးခင်မှာ ကျုပ်ကိုလာခေါ်ကြပြီ။ ကျုပ်ရဲ့နောက်ဆုံးအမိန့်ကတော့ ကျုပ်သားတော် အိမ်ရှေ့စံ လျူရှန်(Liu Shan) ကို ဝန်ကြီးချုပ်ဖြစ်တဲ့ခင်ဗျားလက်ထဲအပ်ထားဖို့ပဲဖြစ်တယ်။ ကျုပ်စကားတွေကို အလေးအနက်ထားရမှာဖြစ်ပြီး ကျုပ်သားတော်ကို သင်ကြားလမ်းပြပေးမယ်လို့ယုံကြည်ပါတယ်"

"ကျူးကဲလျန့်"(Zhuge Liang) နှင့် အခြားသောအမှုထမ်းတို့သည် ငိုယိုပြီး ဒူးထောက်ကာ
"အရှင်မင်းကြီး ငြိမ်းချမ်းစွာအနားယူဖို့ ကျွန်တော်တို့ဆုတောင်းပါတယ်။ ကျွန်တော်တို့အပေါ်ထားရှိခဲ့တဲ့ကြင်နာမှုတွေကိုပြန်ပေးဆပ်ဖို့ အကောင်းဆုံးရွက်ဆောင်ပါ့မယ်"
ဧကရာဇ်သည် ဒူးထောက်နေသော "ကျူးကဲလျန့်"(Zhuge Liang) ကိုတွဲထူရန် အခြွေအရံတို့ကိုအမိန့်ပေးလိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် မျက်ရည်တို့ကိုသုတ်ပြီး ကျန်လက်တစ်ဖက်က "ကျူးကဲလျန့်"(Zhuge Liang) ၏လက်ကိုကိုင်ကာ
"နိဂုံးချုပ်ခါနီးပြီ။ ကျုပ်နောက်ထပ်ပြောစရာရှိသေးတယ်"
"အရှင်မင်းကြီးက ဘာမိန့်ကြားမလို့လဲ"
"ခင်ဗျားက ချောင်ဖီ(Cao Pi) ထက်အများကြီး အရည်အချင်းရှိတယ်။ ခင်ဗျား တိုင်းပြည်ကိုကာကွယ်ပြီးတော့ တာဝန်ကြီးကိုပြီးဆုံးအောင်လုပ်ရမယ်။ ကျုပ်သားကိုကူညီနိုင်ရင်ကူညီပါ။ သူက ညံ့ဖျင်းတဲ့လူဆိုရင်တော့ ရာဇပလ္လင်ကိုခင်ဗျားကိုယ်တိုင်ယူပြီး အုပ်ချုပ်မင်းလုပ်ပါ"
ထိုစကားတို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) မှာ လန့်သွားပြီး ဇောချွေးပြန်ကာ ခြေထောက်တို့ပင် မခိုင်မြဲချင်သလိုဖြစ်သွားသည်။ ထို့နောက် သွေးထွက်သည်အထိ ခေါင်းနှင့်မြေပြင်ကိုဆောင့်ခဲ့သည်။
"ကျွန်တော် အိမ်ရှေ့စံရဲ့လက်အောက်မှာ သေဆုံးသည်ထိအမှုထမ်းတာကလွဲပြီး ကျန်တာကိုမလုပ်ဆောင်နိုင်ပါဘူး"
 သေဆုံးခါနီးသူမှ ဝန်ကြီးချုပ်နှင့် သူ့သားတော်နှစ်ဦးကို အနီးသို့ကပ်လာစေပြီး
"ငါ့သားတို့၊ ခမည်းတော်စကားကိုအမှတ်ရပါ။ ခမည်းတော်မရှိတော့ရင် ဝန်ကြီးချုပ်ကို ခမည်းတော်ကိုဆက်ဆံသလိုဆက်ဆံပြီး မပေါ့လျော့ပါနဲ့။ ဒါမှသာ ခမည်းတော်ရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်"
ထို့နောက် ဖခင်တစ်ယောက်ကိုအရိုအသေပြုသကဲ့သို့ "ကျူးကဲ့လျန့်"(Zhuge Liang) အားအရိုအသေပြုစေခဲ့သည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျွန်တော် သေဆုံးပြီး မြေကြီးမှာမြုပ်နှံခံရသည့်တိုင်အောင် ဒီကျေးဇူးကိုပြန်ဆပ်နိုင်မှာမဟုတ်ဘူး"
ဧကရာဇ်သည် ရှိနေသောအမှုထမ်းတို့ဘက်လှည့်ကာ
"ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ ကျုပ်ရဲ့မိဘမဲ့ကလေးကို ဝန်ကြီးချုပ်လက်ထဲအပ်ထားပြီး သူ့ကိုဖခင်လိုဆက်ဆံစေမယ်။ ခင်ဗျားတို့တွေလည်း သူ့ကိုရိုသေစွာ ဆက်ဆံကြပါ။ ဒါက ကျုပ်ရဲ့နောက်ဆုံးတောင်းဆိုချက်နဲ့အမိန့်ပဲဖြစ်တယ်"
ပြီးနောက် "ကျောက်ယွင်"(Zhao Yun) ဘက်သို့လှည့်ကာ
"မင်းနဲ့ကျုပ်နဲ့က အခက်အခဲတွေ၊ ဘေးအန္ထရာယ်တွေအများကြီးကို အတူတူကျော်ဖြတ်ခဲ့တယ်။ အခုခွဲခွာဖို့အချိန်ရောက်လာပြီ။ ဟိုးအရင်က သံယောဇဉ်တွေကိုမမေ့ပဲ ကျုပ်သားတွေကို ကျုပ်စည်းမျဉ်းအတိုင်းလက်နာနိုင်အောင် စောင့်ကြည့်ပါလေ"
"ကျွန်တော်အကောင်းဆုံးလုပ်ဆောင်မှာပါ။ ကျွန်တော့ရဲ့မဖောက်ပြန်တဲ့သစ္စာက သူတို့တွေအတွက်ပဲဖြစ်ပါတယ်"

ဧကရာဇ်သည် အခြားသောသူတို့ဘက်လှည့်ကာ
"သူကောင်းမျိုးတို့၊ ခင်ဗျားတို့တွေကို တစ်ယောက်ချင်းစကားပြောပြီး တောင်းဆိုမှုတွေမလုပ်နိုင်တော့ဘူး။ ဒါပေမယ့် တစ်ခုတော့ပြောပါမယ်။ ကိုယ့်သိက္ခာကိုယ်လေးစားသမှုကို ထိန်းသိမ်းကြပါ"
၎င်းတို့မှာ ဧကရာဇ်၏နောက်ဆုံးစကားဖြစ်သည်။ ဧကရာဇ်သည် (အေဒီ ၂၂၂) စတုတ္ထလ၏ နှစ်ဆယ့်လေးရက်မြောက်၊ အသက် ခြောက်ဆယ့်သုံးနှစ်အရွယ်တွင် နတ်ရွာစံခဲ့သည်။ ဧကရာဇ်နတ်ရွာစံသွားသောအခါ လူအားလုံးတို့က ငိုကြွေးကြသည်။ ဝန်ကြီးချုပ်သည် ဦးဆောင်ကာ အခေါင်းကိုမြို့တော်သို့သယ်လာပြီး "လျူရှန်"(Liu Shan) သည် မြို့စွန်မြို့ဖျားသို့ထွက်ကာ တာဝန်သိတတ်သောသားတို့လုပ်ဆောင်သကဲ့သို့ ရုပ်ကလပ်ကို ရိုသေစွာလက်ခံခဲ့သည်။ အခေါင်းကို နန်းတော်ကိုခန်းမဆောင်တွင်ထားပြီး ထိုနေရာတွင် ငိုချင်းချကာ အခမ်းအနားတို့ကိုပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတို့ပြီးဆုံးသောအခါ ဧကရာဇ်ချန်ရစ်ခဲ့သောအထောက်အထားစာကို ဖတ်လေသည်။
'သာမန်ဖျားနာမှုလေးကနေစလာခဲ့ပြီး အချိန်အနေဆိုးလာခဲ့တာကြောင့် ပြန်ကောင်းလာနိုင်မယ့်ပုံမပေါ်ဘူး။ အသက်ငါးဆယ်မှာသေဆုံးရင် အသေစောတယ်လို့ပြောလို့မရနိုင်ဘူးလို့ပြောကြတယ်။ ကျုပ်က အဲ့အသက်အရွယ်ကိုတောင်ကျော်သွားခဲ့ပြီဆိုတော့ ခွဲခွာရတာအတွက် မကျေနပ်ဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ခမည်းတော်က မင်းနဲ့မင်းရဲ့ညီတော်တွေအတွက် နောင်တရတယ်။ အခု မင်းတို့ကိုမှာခဲ့မယ်။ ကြိုးစားပါ၊ ကြိုးစားပြီးရင်းကြိုးစားနေပါ။ သေးငယ်တဲ့မကောင်းမှုဆိုပြီး အဲ့မကောင်းမှုကိုမကျူးလွန်လိုက်ပါနဲ့။ သာမန်သေးသိမ်တဲ့ကုသိုလ်ပဲဆိုပြီး အဲ့ကုသိုလ်ကို မလုပ်ပဲမနေပါနဲ့။ အသိဥာဏ်နဲ့ကိုယ်ကျင့်တရားကိုပေါင်းစပ်နိုင်မှသာလျှင် လူတွေရဲ့နှလုံးသားကိုအောင်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် မင်းတို့ခမည်းတော်ရဲ့ကောင်းမွန်တဲ့ကိုယ်ကျင့်တရားက သေးငယ်ခဲ့တယ်၊ ဒါကိုအတုမယူပါနဲ့။
ခမည်းတော်သေဆုံးခဲ့ရင် မင်းက ဝန်ကြီးချုပ်နဲ့အတူ တိုင်းပြည်ကိုအုပ်ချုပ်ရမှာဖြစ်တယ်။ သူ့ကို ဖခင်လိုသဘောထားပြီး တာဝန်မလစ်ဟင်းပါနဲ့။ မင်းနဲ့မင်းရဲ့ညီတော်တွေက သူ့ဆီက အကြံဉာဏ်တွေရယူရမှာဖြစ်တယ်။ ဒါက ဖခမည်းတော်ရဲ့နောက်ဆုံးနဲ့အရိုးရှင်းဆုံးသောအမိန့်ပဲ'

ထိုသို့ဖတ်ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) က
"တိုင်းပြည်က တစ်ရက်လေးတောင်မှ အုပ်ချုပ်သူမရှိပဲ နေလို့မဖြစ်ပြီအာဘူး။ ဒါကြောင့် အိမ်ရှေ့မင်းသားက ဟန်တိုင်းပြည်ရဲ့အမွေအနှစ်ကိုဆက်ခံရပါမယ်"
ထို့ကြောင့် အခမ်းအနားကျင်းပစေကာ ဧကရာဇ်အသစ်နန်းတက်ခဲ့လေသည်။ ထိုခေတ်ကာလ၏အမည်ကို 'ကြွယ်ဝခြင်းတို့၏အစ' (ကျန့်ရှင့်) ဟု ပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) ကို ဝူရှန်သခင်ဘွဲ့နှင့် ယီကျိုးနန်းတွင်းအုပ်ချုပ်သူ ရာထူးများပေးခဲ့သည်။ ထို့နောက် ပထမဧကရာဇ်ကို ဟွေလင်တွင်မြှုပ်နှံခဲ့ပြီး 'ခမ်းနားထည်ဝါသော ဧကရာဇ်' ဟုခေါ်တွင်စေသည်။
ဝူမိသားစုမှ မိဖုရားခေါင်ကို ဧကရာဇ်မယ်တော်အဖြစ် သတ်မှတ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကန်းအမျိုးသမီးကို ခမ်းနားထည်ဝါသောမိဖုရားဟုခေါ်စေကာ မီအမျိုးသမီးကိုလည်း အလားတူဘွဲ့ထူးပေးခဲ့သည်။ ထို့အပြင် အမှုထမ်းတို့ကိုလည်း ရာထူးတိုးပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့သည်။

မကြာမီတွင်ပင် ထိုသတင်းတို့သည် အလယ်ပိုင်းသို့ရောက်သွားပြီး မြို့တော်လော့ရန်သို့ရောက်သွားခဲ့ရာ ဝေဧကရာဇ်က သိရှိခဲ့လေသည်။ "ချောင်ဖီ"(Cao Pi) သည် သူ၏ပြိုင်ဘက်သေဆုံးသွားပြီကိုသိသောအခါ ဝမ်းသာသွားပြီး
"လျူဘေ့(Liu Bei) သေသွားပြီဆိုတော့ စိုးရိမ်စရာမလိုတော့ဘူး။ ဒီလိုအချိန်မှာ တိုက်ခိုက်ရင် ရှူပြည်ကိုသိမ်းယူနိုင်မယ်"
သို့သော် "ကျာရွှီ"(Jia Xu) မှ ကန့်ကွက်သည်။
"လျူဘေ့(Liu Bei) မရှိတော့ပေမယ့် တိုင်းပြည်ကို ကျူးကဲလျန့်(Zhuge Liang) လက်မှာအပ်ထားခဲ့တယ်။ ကျူးကဲလျန့်(Zhuge Liang) ဆီမှာ လျူဘေ့(Liu Bei) ရဲ့ကျေးဇူးတွေရှိတဲ့အတွက် သူကအစွမ်းကုန်သုံးပြီး သူ့သခင်လေးကိုထောက်ပံ့မှာပဲ။ ဒါကြောင့် အလောတကြီးမတိုက်သင့်ဘူး"
"ကျာရွှီ"(Jia Xu) က ကန့်ကွက်သော်လည်း လူတစ်ယောက်မှထကာ ပြင်းထန်စွာ တုန့်ပြန်လေသည်။
"ခင်ဗျားက ဒီအချိန်မှာမတိုက်ရင် ဒီထက်ကောင်းတဲ့အခွင့်အရေးရှိလာဦးမှာမို့လား"
မျက်လုံးများသည် ပြောသူ "စီးမာယီ"(Sima Yi) ထံရောက်သွားသည်။
ထိုစကားတို့ကြောင့် "ချောင်ဖီ"(Cao Pi) မှာ သဘောကျပြီး သူ့အစီအစဉ်ကိုမေးရာ
"ကျွန်တော်တို့တွေ ဒီအတိုင်း ကျွန်တော်တို့လူတွေနဲ့ပဲဆိုရင်တော့အနိုင်ယူဖို့ခက်ခဲမယ်။ ဒါကြောင့် တပ်ငါးတပ်ကိုလွှတ်ပြီး တစ်ချိန်တည်းမှာတိုက်ပြီးတော့ ကျူးကဲလျန့်(Zhuge Liang) တစ်ခုတည်းမှာ အာရုံမစိုက်နိုင်အောင်လုပ်ရမယ်"
"အဲ့တပ်ငါးတပ်က ဘယ်ကနေ ဘယ်လိုစေလွှတ်မှာတုန်း"

"ပထမဆုံးတပ်က လျောင်တုန်း ရှန်းပီနယ်ကဖြစ်တယ်။ ဧကရာဇ်က ဘုရင် ခဲပီနန်(Kebi Neng) ဆီစာရေးပြီး သူ့ကိုရွှေတွေ၊ ပိုးထည်တွေပေးပြီးတော့ ချန်တပ်တစ်သိန်းကိုစေလွှတ်ခိုင်းပြီး လျောင်ရှီးကနေ ရှီဖင်ခံတပ်ကိုတိုက်စေပါ။ ဒုတိယကတော့ မန်မျိုးနွယ်ဘုရင် မုန့်ဟော်(Meng Huo) ကိုသိမ်းသွင်းပြီးတော့ သူ့တပ်တစ်သိန်းကို ရှူပြည်တောင်ပိုင်းဖြစ်တဲ့ ယီကျိုး၊ ယုံချန်၊ ကျန်းကဲနဲ့ ယွဲ့ဆွေတို့ကို တိုက်ခိုင်းပါ။ တတိယကတော့ ဝူပြည်ကို သံတမန်စေလွှတ်ပြီး နယ်ပယ်တိုးချဲ့ပေးဖို့ကတိတွေပေးပြီးတော့ စွန်းချွမ်(Sun Quan) ကို လျှိုမြောင်သုံးခုကနေ တပ်သားတစ်သိန်းနဲ့အတူ ဖူချန်ကိုတိုက်ခိုင်းပါ။ စတုတ္ထအနေနဲ့ ရှန်ယုံမှာရှိတဲ့စစ်သူကြီး မုန့်တာ(Meng Da) ကို တပ်သားတစ်သိန်းနဲ့အတူ ဟန်ကျုံးကိုတိုက်ခိုင်းပါ။ နောက်ဆုံးကတော့ ကျွန်တော်တို့တပ်တစ်သိန်းကို ချောင်ကျန်း(Cao Zhen) လက်အောက်မှာထားပြီး ရန်ဖင်ခံတပ်ကိုတိုက်ပါစေ။ ဒီလိုတပ်သားငါးသိန်းက မတူတဲ့နေရာငါးခုကို တပြိုင်တည်းတိုက်မယ်ဆိုရင် ကျူးကဲလျန့်(Zhuge Liang) မှာ လွီဝမ်(Lu Wang) လိုထူးချွန်တဲ့အရည်အချင်းရှိရင်တောင် ခုခံနိုင်မှာမဟုတ်ဘူး"
ထိုအကြံအစည်ကို "ချောင်ဖီ"(Cao Pi) က သဘောကျပြီး စကားပြောကောင်းသော သံတမန်လေးဦးကိုစေလွှတ်ခဲ့သည်။ ထို့အပြင် "ချောင်ကျန်း"(Cao Zhen) ကိုစစ်သူကြီးအဖြစ်ခန့်အပ်ကာ ရန်ဖင်ခံတပ်ကိုတိုက်စေသည်။
ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) လက်အောက်တွင် အမှုထမ်းခဲ့ဖူးသော "ကျန်းလျောင်"(Zhang Liao) နှင့်အခြားဝါရင့်သူကြီးတို့သည် အခြေအနေအမျိုးမျိုးတို့ကိုစောင့်ကြည့်ကွပ်ကဲနေရပြီး ကျိကျိုး၊ ရွှီကျိုး၊ ချင်ကျိုးနှင့်ဟဲဖေးရှိခံတပ်၊ စခန်းတို့ကိုကြည့်ရှုနေခဲ့သည်။ ထို့ကြောင့် ထိုအနောက်ဘက်စစ်ဆင်ရေးတွင် ပါဝင်ခဲ့ခြင်းမရှိပေ။

ဒုတိယဧကရာဇ် "လျူရှန်"(Liu Shan) နန်းတက်ပြီးနောက်ဝယ် ရှေ့ဧကရာဇ်လက်အောက်တွင်အမှုထမ်းခဲ့သောဝန်ကြီးတို့သည် တဖြည်းဖြည်းသေဆုံးကုန်သည်။ ထို့ကြောင့် တိုင်းပြည်အုပ်ချုပ်ရေး၊ အမှုထမ်းရွေးချယ်ခြင်း၊ ဥပဒေကြမ်းရေးဆွဲခြင်း၊ အခွန်နှင့်အခြားသော ဥပဒေဆိုင်ရာတို့ကို ဝန်ကြီးချုပ်က ဆောင်ရွက်ခဲ့ရသည်။
ဒုတိယဧကရာဇ်သည် မိဖုရား၊ မောင်းမမရှိသောကြောင့် "ကျူးကဲလျန့်"(Zhuge Liang) ဦးဆောင်သောအမတ်တို့က တောင်းဆိုကြသည်။
"ကွယ်လွန်သွားတဲ့ စစ်ရထားနဲ့မြင်းသည်တော်တပ်စစ်သူကြီး ကျန်းဖေး(Zhang Fei) ရဲ့သမီးကို စဉ်းစားသင့်ပါတယ်။ သူကအခု အသက်တစ်ဆယ့်ခုနစ်နှစ်ရှိပြီး သူ့ကိုမိဖုရားအဖြစ်မြှောက်တင်သင့်ပါတယ်"
ထို့ကြောင့် ဧကရာဇ်သည် ကျန်းအမျိုးသမီးနှင့်လက်ထပ်ထိမ်းမြားကာ ကျန်းမိဖုရားအဖြစ်မြှောက်စားခဲ့သည်။

ကျန့်ရှင့်နှစ်ပထမနှစ် (အေဒီ ၂၂၃) ဆောင်းဦးရာသီတွင် ဒုတိယဧကရာဇ်သည် ဝေပြည်ကျူးကျော်လာမည်ဟူသောသတင်းတို့ကိုကြားသိရသည်။ ထိုသတင်းပေးသူတို့က တပ်ဖွဲ့ငါးဖွဲ့အကြောင်းကို အသေးစိတ်ပြောခဲ့ကာ ထိုအကြောင်းအရာတို့ကို ဝန်ကြီးချုပ်အားပြောပြီးပြီဖြစ်ကြောင်း ဆိုသည်။
"သူ့လုပ်ဆောင်မှုတွေက ထူးဆန်းတယ်။ သူက ခုခံဖို့မပြင်ဆင်ပဲ ဘာလို့အိမ်တော်ထဲမှာပဲ နေ,နေတာလည်းမသိဘူး"
ထိုအခါ ဧကရာဇ်သည် စိုးရိမ်ကာ သူ့အစေခံတစ်ဦးကို ဝန်ကြီးချုပ်အိမ်သို့လွှတ်ကာ ဝန်ကြီးချုပ်ကို နန်းတော်သို့လာရန် ဆင့်ခေါ်စေသည်။ ထိုခေါ်သောသူပြန်ရောက်လာပြီး
"ဝန်ကြီးချုပ်အိမ်တော်က အစေခံတွေက ဝန်ကြီးချုပ်နေမကောင်းဖြစ်နေလို့မလာနိုင်ဘူးလို့ပြောပါတယ်"
ဒုတိယဧကရာဇ်သည် စိုးရိမ်ပြီး အထက်တန်းဝန်ကြီးနှစ်ဦးဖြစ်သော "တုံးယွင်"(Dong Yun) နှင့် "တုချုံ"(Du Qiong) တို့ကို "ကျူးကဲလျန့်"(Zhuge Liang) ထံစေလွှတ်ကာ "ကျူးကဲလျန့်"(Zhuge Liang) အိပ်ယာပေါ်တွင်ပင်ရှိစေကာမူ ဝေပြည်၏ကျူးကျော်မှုအကြောင်းကို သတင်းပေးရန်မှာလိုက်သည်။ သူတို့နှစ်ဦးသွားသော်လည်း တံခါးကိုမကျော်နိုင်ခဲ့ပေ။ တံခါးစောင့်တို့က ဝင်ခွင့်မပေးသဖြင့် အကျိုးအကြောင်းကိုပြောလေရာ အစောင့်တို့က အထဲသို့ဝင်ပြီး အကြောင်းကြားခဲ့သည်။ ဧည့်သည်တို့ကို အချိန်အကြာကြီးစောင့်စေပြီးနောက် တံခါးစောင့်တို့ပြန်ရောက်လာပြီး
"ဝန်ကြီးချုပ်က ပြန်သက်သာလာပါပြီ။ မနက်ဖြန်မနက်မှာတော့ နန်းတွင်းညီလာခံကိုတက်နိုင်ပါလိမ့်မယ်"

ဝန်ကြီးနှစ်ဦးတို့သည်လည်း သက်ပြင်းချကာ ဧကရာဇ်နန်းတော်သို့သွားခဲ့သည်။ နောက်ရက်မနက်တွင် ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် အမှုထမ်းပေါင်းများစွာက စောင့်နေခဲ့သည်။ သို့သော် ဝန်ကြီးချုပ်မှာ ထွက်မလာပေ။ အချိန်နောက်ကျလာသောအခါ အများစုမှာမစောင့်နိုင်ကြတော့ပဲ "တုချုံ"(Du Qiong) သည် ဧကရာဇ်ထံသို့သွားကာ အကြံပေးသည်။
"အရှင်မင်းကြီးကိုယ်တိုင်သွားပြီး ကျူးကဲလျန့်(Zhuge Liang) ကို ဘာလုပ်ရမယ်ဆိုတာ မေးသင့်ပါတယ်"
ဧကရာဇ်သည်လည်း အမှုထမ်းတို့နှင့်အတူ နန်းတော်ထဲသို့ဝင်သွားပြီးနောက် သူ့အခက်အခဲကို ဧကရာဇ်မယ်တော်အားပြောပြသည်။
"သူက ဘာအဓိပ္ပာယ်နဲ့ဒီလိုလုပ်တာလဲ? သူက ရှေ့ဧကရာဇ်ရဲ့အမိန့်အတိုင်း မလုပ်ဆောင်တာပဲ။ ငါကိုယ်တိုင်သွားမယ်"
"တုန်ယွင်"(Dong Yun) မှ
"မလုပ်သင့်ပါဘူး။ မယ်တော်ကိုယ်တိုင်မသွားသင့်ဘူး။ ကျွန်တော်တို့ကတော့ အားလုံးအဆင်ပြေတယ်လို့မြင်ပြီး ဝန်ကြီးချုပ်လည်း နားလည်မှာပါ။ သူတစ်ခုခုလုပ်ပါလိမ့်မယ်။ နောက်ပြီး အရှင်မင်းကြီးကို အရင်သွားစေသင့်ပါတယ်။ အဲ့အချိန်မှာ ဝန်ကြီးချုပ်က မလိုက်နာသေးရင်တော့ တိုင်းပြည်ဘုံကျောင်းကိုခေါ်ပြီးမေးမြန်းသင့်ပါတယ်"
ထို့ကျောက်ဩင့် နောက်ရက်တွင် ဧကရာဇ်သည် လှည်းယာဉ်စီးကာ ဝန်ကြီးချုပ်အိမ်ကိုသွားခဲ့သည်။ အပေါက်စောင့်တို့က ဧကရာဇ်ကိုမြင်သောအခါ ဒူးထောက်ကာ အရိုအသေပြုသည်။
"ဝန်ကြီးချုပ် ဘယ်မှာလဲ?"
"ကျွန်တော်တို့မသိပါဘူး။ ဒါပေမယ့် အမှုထမ်းတွေဆို ဝင်ခွင့်မပေးဖို့ အမိန့်ပေးထားပါတယ်"

ဧကရာဇ်သည် လှည်းယာဉ်ပေါ်မှဆင်းကာ တတိယတံခါးအထိလမ်းလျှောက်သွားသည်။ ထိုနေရာနားတွင် "ကျူးကဲလျန့်"(Zhuge Liang) သည် တုတ်ကိုမှီကာ ငါးကန်ထဲမှငါးများကိုကြည့်နေသည်ကို မြင်လိုက်သည်။ ဒုတိယဧကရာဇ်သည် ဝန်ကြီးချုပ်အနားသွားပြီး အချိန်ကြာရှည်စွာ ရပ်နေခဲ့သည်။ ပြီးနောက်တွင်မှ ဧကရာဇ်က ဣနြေ္ဒဆည်ပြီး ဖြည်းညင်းစွာပြောသည်။
"ဝန်ကြီးချုပ်က ဒီမှာမွေ့လျော်နေတာလား"
"ကျူးကဲလျန့်"(Zhuge Liang) သည် လန့်သွားပြီး လှည့်ကြည့်သောအခါ ဧကရာဇ်ဖြစ်နေသည်ကိုတွေ့သဖြင့် တုတ်ကိုချကာ ဒူးထောက်ပြီး အရိုအသေပြုသည်။
"ကျွန်တော်မျိုးကို သေဒဏ်အကြိမ်တစ်သောင်းပေးသင့်ပါတယ်"
ဧကရာဇ်သည် "ကျူးကဲလျန့်"(Zhuge Liang) ကိုထူပေးပြီး
"ချောင်ဖီ(Cao Pi) က နေရာငါးနေရာက ကျူးကျော်ဖို့ရောက်လာပြီ။ ဝန်ကြီးချုပ်က ဘာကြောင့်ဘာမှမလုပ်သေးတာလဲ?"
"ကျူးကဲလျန့်"(Zhuge Liang) က ရယ်ပြီး ဧကရာဇ်ကိုအတွင်းခန်းသို့ခေါ်ကာ ထိုင်စေသည်။

"ကျွန်တော်က အဲ့တပ်ငါးတပ်ကျူးကျော်လာတယ်ဆိုတာမသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား? ကျွန်တော်က ငါးတွေကိုကြည့်နေတာမဟုတ်ပဲ တွေးနေတာဖြစ်တယ်"
"ဒါဆိုရင် ဘယ်လိုလုပ်သင့်သလဲ"
"ကျွန်တော် ချန်မျိုးနွယ်စုက ခဲပီနန်(Kebi Neng) ၊ မန်မျိုးနွယ်စုက မုန့်ဟော်(Meng Huo) ၊ သူပုန်ခေါင်းဆောင် မုန့်တာ(Meng Da) နဲ့ ဝေတပ်တွေကို ဖြေရှင်းဖို့ စဉ်းစားပြီးပါပြီ။ ဒါ့အပြင် ဝူပြည်က တပ်တွေကိုလည်း ဘယ်လိုလှည့်ပြန်အောင်လုပ်ရမလည်းဆိုတာ တွေးပြီးပြီ။ ဒါပေမယ့် အဲ့ဒါတွေလုပ်ဖို့ လူတစ်ယောက်ကိုလူအပ်တယ်။ ကျွန်တော်လိုချင်တာက စကားပြောကောင်းတဲ့၊ တခြားလူတွေကိုသိမ်းသွင်းနိုင်မယ့် သံတမန်တစ်ယောက်ပဲဖြစ်တယ်။ ဒါပေမယ့် အဲ့လိုလူကိုမတွေ့သေးတဲ့အတွက် ကျွန်တော်စဉ်းစားနေခဲ့တာ။ ဒါပေမယ့် အရှင်မင်းကြီး မစိုးရိမ်ပါနဲ့"
ဧကရာဇ်သည် တဝက်ကြောက်လန့်၊ တဝက်ပျော်ရွှင်သွားခဲ့သည်။
"ခင်ဗျားအကြံတွေက နက်ရှိုင်းလွန်းတော့ သာမန်လူတွေ နားမလည်နိုင်ဘူး။ ဒါပေမယ့် အဲ့တပ်တွေကိုဘယ်လိုလှည့်သွားအောင် လုပ်မလို့လဲ"
"အရင်ဧကရာဇ်က အရှင်မင်းကြီးကို ကောင်းကောင်းဆက်ဆံဖို့မိန့်ခဲ့တဲ့အတွက် ကျွန်တော့တာဝန်တွေကို မလစ်ဟင်းဝံ့ပါဘူး။ ကိုယ့်အစီအစဉ်တွေကို ရန်သူမသိအောင်လုပ်ဖို့က စစ်ဗျူဟာတွေထဲက တစ်ခုဆိုက ချန်တူးက တချို့အမတ်တွေ နားမလည်ကြဘူး။ ဒါကြောင့် သူတို့ကိုဘယ်အသိပေးလို့ဖြစ်မလဲ? ချန်မျိုးနွယ်စုတွေရဲ့ဘုရင် ခဲပီနန်(Kebi Neng) က ကျူးကျော်လာမယ်ဆိုတဲ့အကြောင်းကိုကြားတော့ ကျွန်တော်သတိရမိတာတစ်ခုရှိတယ်။ မာချောင်း(Ma Chao) ရဲ့ဘိုးဘေးတွေက အဲ့မျိုးနွယ်စုတွေနဲ့ရင်းနှီးပြီး မာချောင်း(Ma Chao) နဲ့လည်း ခင်မင်ပြီးတော့ သူ့ကို ဂုဏ်သရေရှိခေါင်းဆောင်အဖြစ်သတ်မှတ်တယ်။ ဒါကြောင့် မာချောင်း(Ma Chao) ကို ရှီးဖင်ခံတပ်မှာစောင့်ကြပ်စေပြီး နေရာအချို့မှာ ကင်းပုန်းတွေချထားစေမယ်။ ဒါဆို အဲ့ဘက်ကို ပူစရာမလိုတော့ဘူး။
နောက်ပြီး ကျွန်တော် အလျင်အမြန်နဲ့တောင်ပိုင်းက ဝေရန်(Wei Yan) ကို အကြောင်းကြားထားပြီး အနောက်တောင်ပိုင်းဒေသက တပ်တွေကို ပေါ်လိုက်ပျောက်လိုက်၊ ဝင်လိုက်ထွက်လိုက် လှုပ်ရှားဖို့ မှာထားတယ်။ မန်မျိုးနွယ်စုတွေက ရဲရင့်ပေမယ့် သံသယကြီးသူတွေဖြစ်တယ်။ ဒါကြောင့် အဲ့လိုထူးဆန်းတာတွေမြင်ရင် သူတို့တွေရှေ့ဆက်ချီတက်မှာမဟုတ်ဘူး၊ ဒါကြောင့် သူတို့ကိုကြောက်စရာမလိုတော့ဘူး။
ဒါ့အပြင် မုန့်တာ(Meng Da) နဲ့ လီယန်(Li Yan) က သူငယ်ချင်းကောင်းတွေဆိုတာ သိတော့ ထာဝရငြိမ်းချမ်းခြင်းနန်းတော်မှာစောင့်ကြပ်နေတဲ့လီယန်(Li Yang) ကို ကျွန်တော်မှာထားတယ်။ သူ့ကို မုန့်တာ(Meng Da) ဆီစာရေးခိုင်းပြီး မုန့်တာ(Meng Da) က ဖျားနာယောင်ဆောင်နေမှာဖြစ်ပြီး သူ့တပ်ကိုချီတက်မှာမဟုတ်ဘူး။
ဒါ့အပြင် ကျောက်ယွင်(Zhao Yun) ကိုတော့ ရန်ဖင်ခံတပ်နဲ့ ချောင်ကျန်း(Cao Zhen) ချီတက်လာနိုင်မယ့် ဗျူဟာမြောက်နေရာတွေကိုသိမ်းထားခိုင်းတယ်။ ဒါ့အပြင် သူ့ကိုခံစစ်နဲ့ပဲနေပြီး ထွက်မတိုက်ဖို့မှာထားတယ်။ ကျွန်တော်တို့တပ်တွေက ထွက်မတိုက်ရင် ချောင်ကျန်း(Cao Zhen) လည်း တပ်ဆုတ်သွားမှာပဲ။
ဒီလိုဆို တပ်လေးတပ်ကို ဖြေရှင်းပြီးသွားပြီ။ ဒါပေမယ့် ပိုပြီးလုံခြုံအောင် ကျန်းပေါက်(Zhang Bao) နဲ့ ကွမ်းရှင်း(Guan Xing) တို့ကို တပ်သုံးသောင်းဆီပေးပြီး လိုအပ်ရင် စစ်ကူလွှတ်နိုင်အောင် လုပ်ထားတယ်။ အဲ့အစီအစဉ်တွေကို ဒီမှာဘယ်သူမှမသိဘူး။
ဒီတတ် ဝူပြည်ပဲကျန်တော့တယ်။ ကျန်တဲ့တပ်လေးတပ်က တိုက်ခိုက်အောင်နိုင်ပြီး ရှူပြည်က အန္တရာယ်ကြုံရပြီဆိုရင် စွန်းချွမ်(Sun Quan) က သေချာပေါက်တိုက်မှာပဲ။ ဒါပေမယ့် တခြားတပ်တွေ ရှုံးနိမ့်သွားရင်တော့ သူ့တပ်တွေကိုလွှတ်မှာမဟုတ်ဘူး။ ချောင်ဖီ(Cao Pi) က မကြာသေးခင်ကမှ ဝူပြည်ကို တပ်သုံးတပ်နဲ့တိုက်ဖို့လုပ်တာကို အမှတ်ရနေတာကိုး။ ဒါကြောင့် ကျွန်တော်က စကားပြောကောင်းတဲ့၊ ကြံရည်ဖန်ရည်ရှိတဲ့လူတစ်ယောက်ကိုလိုအပ်ပြီး စွန်းချွမ်(Sun Quan) ဆီသွားခိုင်းရမယ်။ ဒါပေမယ့် အခုအချိန်ထိ အဲ့လိုလူကိုမတွေ့သေးလို့ ကျွန်တော်စိတ်ရှုပ်နေတာဖြစ်တယ်။ ဧကရာဇ်ကိုယ်တိုင် ဒီကိုရောက်လာရတဲ့အတွက် ဝမ်းနည်းမိပါတယ်"
"မယ်တော်တောင် လာမလို့လုပ်နေတာ။ အခု ဝန်ကြီးဖခင်က ဒီလိုပြောတော့ ကျွန်ုပ်က အိပ်မက်ထဲကနိုးထလာသလိုပဲ။ စိတ်ပူစရာမလိုတော့ဘူး"
သူတို့နှစ်ဦးသည် အရက်ခွက်အနည်းငယ်ခန့်သောက်ပြီးနောက် ဝန်ကြီးချုပ်က ဧကရာဇ်ကို လှည်းယာဉ်ပေါ်ထိလိုက်လံပို့ဆောင်သည်။ အပြင်တွင်စောင့်နေသော အမှုထမ်းတို့သည် သူတို့သခင်မျက်နှာပျော်ရွှင်နေသည်ကိုမြင်သောအခါ အချင်းချင်းပြောဆိုကြသည်။ ဒုတိယဧကရာဇ်သည် နန်းတော်အတွင်းသို့ပြန်သွားသဖြင့် အမှုထမ်းတို့မှာ မည်သို့စဉ်းစားရမည်ကိုမသိပေ။ ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် ထိုပျော်နေသောအမှုထမ်းများမှ လူတစ်ယောက်ကို သတိထားမိသည်။ သူ့မျက်နှာကိုသေချာကြည့်ပြီးနောက်တွင် နာမည်ကို ပြန်မှတ်မိသွားခဲ့ပြီး ထိုသူမှာ ဟန်တိုင်းပြည်၏စစ်သူကြီးဖြစ်ခဲ့သူ "တန့်ယွီ"(Deng Yu) ၏မျိုးနွယ်မှဆင်းသက်လာသူဖြစ်ပြီး အမည်မှာ "တန့်ကျီး"(Deng Zhi) ဖြစ်သည်။
လူအားလုံးပြန်သွားသောအခါ "ကျူးကဲလျန့်"(Zhuge Ling) က ထိုသူကို စာကြည့်ဆောင်သို့ခေါ်ပြီး စကားပြောသည်။ ပြီးနောက် သူ့ရင်ထဲမှ စကားတို့ကိုပြောလေသည်၊
"သုံးပြည်ထောင်က အမှန်တကယ်ဖြစ်တည်လာခဲ့ပြီ။ ကျုပ်တို့တိုင်းပြည်က ကျန်တဲ့နှစ်နိုင်ငံကိုသိမ်းပြီး အုပ်ချုပ်မှုတစ်ခုတည်းအောက်မှာ လုပ်မယ်ဆိုရင် ဘယ်တိုင်းပြည်ကို အရင်တိုက်သင့်သလဲ?"
"ဝေပြည်က သူပုန်အစစ်အမှန်ဖြစ်ပေမယ့် သူ့ကိုတိုက်ခိုက်အောင်မြင်ဖို့ခက်ခဲမယ်။ ဝေကိုတိုက်ခိုက်တာနဲ့ပတ်သတ်ပြီး ဖြည်းဖြည်းချင်းအစီအစဉ်ဆွဲသွားတာကောင်းမယ်။ လက်ရှိဧကရာဇ်က နန်းအမွေကိုလက်ခံရရှိတာ မကြာသေးတော့ သူ့အပေါ်ထောက်ခံတဲ့လူတွေ သိပ်မရှိသေးဘူး၊ ဒါကြောင့် ကျွန်တော့အနေနဲ့ဆိုရင် ဝူပြည်နဲ့ခုခံကာကွယ်မှုစာချုပ် ချုပ်ဆိုဖို့တင်သွင်းသင့်တယ်။ ဒါဆို ရှေ့ဧကရာဇ်တုန်းကရှိခဲ့တဲ့ရန်ငြိုးရန်စတွေပျောက်ပြီး ပိုကောင်းတဲ့ရလဒ်တွေ ထွက်လာမှာပဲ။ ဒါပေမယ့် ဝန်ကြီးချုပ်လည်း တခြားမတူတဲ့အကြံရှိကောင်းရှိမှာပေါ့?"
"ကျုပ်လည်း အဲ့အတိုင်းပဲတွေးနေခဲ့တာကြာပြီ။ ဒါပေမယ့် အဲ့အတွက် သင့်တော်တဲ့လူရှာမတွေ့သေးလို့၊ အခုတော့ ရှာတွေ့သွားပြီ"

"အဲ့လူကို ဘာလုပ်ခိုင်းမလို့လဲ"
"သူ့ကို သံတမန်အနေနဲ့ဝူပြည်ကိုသွားပြီး စာချုပ်ချုပ်စေမလို့။ ခင်ဗျားက ဒီအကြောင်းကိုနားလည်တော့ ဒီတာဝန်ကိုခင်ဗျားလုပ်ဆောင်နိုင်မှာပါ။ ခင်ဗျားအပြင် တခြားလုပ်နိုင်တဲ့လူမရှိဘူး"
"ကျွန်တော်က ဒီတာဝန်ကိုမလုပ်ဆောင်နိုင်လောက်ဘူး။ ကျွန်တော်က ဉာဏ်မကောင်းသလို ဗဟုသုတလည်းနည်းတယ်"
"ကျုပ်မနက်ဖြန်ကျရင် ဧကရာဇ်ထံတင်ပြပြီး သူ့ကိုအမိန့်ထုတ်ပြန်စေမယ်။ ခင်ဗျား ဒီတာဝန်ကိုလက်ခံမှာပါ"
"တန့်ကျီး"(Deng Zhi) က လက်ခံလိုက်ပြီး ထွက်သွားလေသည်။ ပြောထားသည့်အတိုင်း နောက်ရက်တွင် "ကျူးကဲလျန့်"(Zhuge Liang) က လျှောက်တင်လေရာ ဧကရာဇ်က ခွင့်ပြုမိန့်ပေးလိုက်သည်။ "တန့်ကျီး"(Deng Zhi) ကလည်း ဝူပြည်သို့သွားရန်ပြင်ခဲ့သည်။

Comments

Popular posts from this blog

Lookism