သုံးနိုင်ငံခေတ်(၈၆)
အခန်း (၈၆)
"ချင်မီ"(Qin Mi) သည် "ကျန်းဝင်"(Zhang Wen) အပေါ် စကားဖြင့်အနိုင်ယူခဲ့ခြင်း။
"ချင်မီ"(Qin Mi) သည် "ကျန်းဝင်"(Zhang Wen) အပေါ် စကားဖြင့်အနိုင်ယူခဲ့ခြင်း။
"ရွှီရှန်"(Xu Sheng) သည် မီးကိုသုံးကာ
"ချောင်ဖီ"(Cao Pi) ကိုနှိမ်နှင်းခြင်း။
စစ်အောင်နိုင်ပြီးနောက်
"လုရွှင့်"(Lu Xun) သည် ဝူပြည်၏သူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပြီး တိုင်းပြည်ကိုစောင့်ရှောက်သောစစ်သူကြီးဟူသည့်ဘွဲ့ချီးမြင့်ခြင်းခံရသည်။
ထို့အပြင် ကျန်းလင်သခင်နှင့် ကျင်ကျိုးမြို့စားရာထူးတို့ကိုရရှိလေသည်။ ဝူတပ်အလုံးစုံတို့ကို
ထိန်းချုပ်နိုင်သည့်အာဏာကိုလည်း သူ့ကိုပေးထားသည်။ "ကျန်းကျောက်"(Zhang
Zhao) နှင့် "ကူယုံ"(Gu Yong) တို့သည် သူတို့သခင်၏နာမည်ဂုဏ်ကြီးစေရန်အလို့ငှာ
ခုနှစ်ကို ထူးခြားသာလွန်သောနာမည်ပြောင်းရန် တိုက်တွန်းကြသည်။ ထို့ကြောင့် "စွန်းချွမ်"(Sun
Quan) မှ ဟွမ်ချူးနှစ် (အေဒီ ၂၂၂) (အဝါရောင် အင်အားတောင့်တင်းမှု) ဟုခေါ်တွင်စေသည်။
ထိုအချိန်တွင်
ဝေပြည်မှသံတမန်ရောက်လာကာ ညီလာခံသို့ခေါ်လာစေသည်။ သံတမန်မှ
"ဟိုတလောတုန်းက
ရှူကဝေပြည်ကို အကူအညီတောင်းခဲ့တဲ့အတွက် ဝေဧကရာဇ်က ဝူပြည်ကို စစ်တပ်တွေစေလွှတ်ခဲ့တယ်။
ဒါက နားလည်မှုလွဲတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီး ဝေပြည်က ဝမ်းနည်းနေပါတယ်။ အခု ဝေပြည်က
စစ်တပ်လေးတပ်ကိုစေလွှတ်ပြီး ရှူကိုတိုက်ဖို့လုပ်နေတယ်။ ဝူပြည်ကသာကူညီမယ်ဆိုရင် အောင်မြင်နိုင်မှာဖြစ်ပြီး
ဝူနဲ့ဝေဟာ အနိုင်ရတဲ့နယ်တွေကိုခွဲယူနိုင်မှာဖြစ်တယ်"
"စွန်းချွမ်"(Sun
Quan) သည် နားထောင်ပြီးနောက် တိကျသည့်အဖြေမပေးသေးပဲ အကြံပေး "ကျန်းကျောက်"(Zhang
Zhao) ၊ "ကူယုံ"(Gu Yong) တို့နှင့်တိုင်ပင်ခဲ့သည်။
"လုရွှင့်(Lu
Xun) က အသိဉာဏ်ကြွယ်တဲ့အတွက် သူ့ကိုမေးသင့်ပါတယ်"
ထို့ကြောင့်
"လုရွှင့်"(Lu Xun) ကိုခေါ်စေရာ "လုရွှင့်"(Lu Xun) က ဤသို့ပြောခဲ့သည်။
"ချောင်ဖီ(Cao
Pi) က အလယ်ပိုင်းဒေသမှာ သူဩဇာကိုခိုင်မြဲအောင်လုပ်နိုင်ခဲ့ပြီ။ သူတောင်းဆိုတာကို ငြင်းလိုက်ရင်
သူရန်ငြိုးထားတာခံရမှာဖြစ်တယ်။ ဝေမှာရော၊ ဝူပြည်မှာရော ကျွန်တော်မြင်သလောက်ကတော့ လက်ရှိမှာ
ကျူးကဲလျန့်(Zhuge Liang) ကို ယှဉ်နိုင်တဲ့လူမရှိသေးဘူး။ ကျွန်တော်တို့အရင်ဆုံး သူတို့ပြောတာကိုလက်ခံပြီးတော့
စစ်တပ်တွေကိုချီဖို့အစဉ်သင့်လုပ်ထားရမယ်။ ဒါပေမယ့် ကျန်တဲ့တပ်လေးတပ်ရဲ့အခြေအနေကိုအရင်စောင့်ကြည့်ရမယ်။
ရှူပြည်ကျဆုံးပြီး ကျူးကဲလျန့်(Zhuge Liang) ရှုံးနိမ့်မယ့်အရိပ်အယောင်ပေါ်ပြီဆိုရင်တော့
ကျွန်တော်တို့တွေ စစ်တပ်လွှတ်ပြီး မြို့တော် ချန်တူးကိုသိမ်းရမယ်။ အဲ့လိုမှမဟုတ်ရင်တော့
ပြန်စဉ်းစားရလိမ့်မယ်"
ထို့ကြောင့်
"စွန်းချွမ်"(Sun Quan) မှ သံတမန်ကို အကြောင်းပြန်လိုက်သည်။
"ကျုပ်တို့တွေလက်ရှိမှာ
အဆင်သင့်မဖြစ်သေးတဲ့အတွက် နောက်မှပဲ ရက်ရွေးပြီးချီတက်ပါ့မယ်"
ထိုအဖြေကိုရသောအခါ
သံတမန်လည်း ပြန်ထွက်သွားသည်။
ထို့နောက်
ရှူပြည်သို့စစ်ချီသွားသောတပ်တို့၏သတင်းကို သေသေချာချာစုံစမ်းစေကာ သူလျှိုတို့ထံမှ အကြောင်းပြန်လာသည်။
"ဘုရင်
ခဲပီနန်(Kebi Neng) ဦးဆောင်တဲ့ အနောက်ချန်မျိုးနွယ်စုတွေဟာ ရှီးဖင်ခံတပ်မှာ မာချောင်း(Ma
Chao) ကို မြင်တော့ပြန်ထွက်သွားကြတယ်။ မုန့်ဟော်(Meng Huo) ဦးဆောင်တဲ့တောင်ပိုင်းမန်မျိုးနွယ်စုတွေကတော့
ဝေရန်ရဲ့ဗျူဟာတွေကြောင့် ထိတ်လန့်ပြီး တပ်ဆုတ်သွားပါတယ်။ ရှန်ယုံခေါင်းဆောင် မုန့်တာ(Meng
Da) က စစ်ချီတက်လာပေမယ့် လမ်းတဝက်မှာဖျားနာပြီး ပြန်ကွေ့သွားပါတယ်။ ချောင်ကျန်း(Cao
Zhen) ရဲ့တပ်ကတော့ ရန်ဖင်ခံတပ်ကိုရောက်လာပြီး ကျောက်ယွင်(Zhao Yun) က ခံတပ်တိုင်းမှာ
တပ်ဖွဲ့တွေထားရှိပြီး ဗျူဟာကျနေရာတွေကိုထိန်းသိမ်းထားခဲ့တာကြောင့် စစ်ပြန်ဆုတ်သွားပြီး
ရှဲ့တောင်ကြားမှာ စခန်းချထားပါတယ်"
ထိုအကြောင်းကိုကြားသောအခါ
"စွန်းချွမ်"(Sun Quan) မှ သူ့အမှုထမ်းတို့ကိုပြောသည်။
"လုရွှင့်(Lu
Xun) ရဲ့စကားတွေက တကယ်အနာဂတ်ကိုသိနေသလိုပဲ။ တိကျတဲ့ခန့်မှန်းမှုတွေလုပ်နိုင်ခဲ့တယ်။
ကျုပ်သာအလျင်စလိုလုပ်လိုက်ရင် ရှူပြည်နဲ့ရန်သူဖြစ်သွားမှာပဲ"
ထိုအချိန်တွင်
ရှူပြည်မှ သံတမန်ရောက်လာသည်။ "ကျန်းကျောက်"(Zhang Zhao) မှ
"ဒါကလည်း
ကျူးကဲလျန့်(Zhuge Liang) က အန္တရာယ်ကြားက ကျော်ဖြတ်နိုင်အောင်ကြိုးစားတာဖြစ်ပြီး တန့်ကျီ(Deng
Zhi) ကို လွှတ်လိုက်တာဖြစ်တယ်"
"ဒါဆို
သူ့ကိုဘယ်လိုအကြောင်းပြန်ရမလဲ"
"ကျွန်တော်ပြောမယ်။
အိုးအကြီးကြီးကိုယူလာစေပြီး အဲ့အိုးထဲမှာ ဆီတွေဖြည့်ပြီးတော့ မီးမြိုက်ထားပါ။ ဒါ့အပြင်
ကိုယ်ရံတော်တွေထဲမှာ အထွားဆုံး၊ အရပ်အရှည်ဆုံးလူတွေကိုခေါ်ပြီး နန်းတော်တံခါးအဝင်ဝကနေ
အထဲထိ တန်းစီပြီး ရပ်ထားခိုင်းပါ။ ပြီးရင် တန့်ကျီ(Deng Zhi) ကို ခေါ်လိုက်ပါ။ သူဘာမှမပြောခင်
သူလည်း ချီပြည်ကိုသံတမန်အဖြစ်သွားတဲ့ လီယီကျီ(Li Yiji)1 လိုနိဂုံးချုပ်ရလိမ့်မယ်လို့ခြောက်လိုက်ပါ။
ပြီးရင် သူဘာပြောမယ်ဆိုတာကြည့်တာပေါ့"
"စွန်းချွမ်"(Sun
Quan) သည် ထိုအကြံကိုလိုက်နာပြီး ဆီအိုးတည်စေကာ ကိုယ်ရံတော်တို့ကိုခေါ်ပြီးနောက် သံတမန်ကို
ဝင်လာစေသည်။
"တန့်ကျီ"(Deng
Zhi) သည် အခမ်းအနားတို့တွင်ဝတ်သော အင်္ကျီတို့ကို သေသပ်ကောင်းမွန်စွာ ဝတ်ဆင်ကာ ဝင်လာသည်။
အစောင့်တို့မှာ ဓား၊ ရဲတင်း၊ လှံရှည်၊ ဓားတို အစရှိသည့်လက်နက်တို့ကိုကိုင်ဆောင်ထားသည်ကိုတွေ့လေရာ
မည်သည်ကိုဆိုလိုမှန်းနားလည်သော်လည်း မထိတ်လန့်သွားခဲ့ပေ။ သူသည် ရှေ့ကိုသာ ဖြည်းဖြည်းမှန်မှန်ဖြင့်လျှောက်လှမ်းသွားပြီး
ခန်းမဆောင်၏တံခါးနားထိရောက်သွားသည်။ ထိုနေရာတွင် ဆူနေသောဆီအိုးကိုတွေ့လိုက်ပြီး အာဏာပါးကွက်သားတို့က
သူ့ကိုစိုက်ကြည့်နေကြသည်။ သူက ပြုံးရုံသာပြုံးလိုက်သည်။
ထို့နောက်
ဝူပြည်အုပ်ချုပ်သူရှေ့သို့ရောက်သောအခါ လက်ဖြင့် သာမန်သာအရိုအသေပြုပြီး ဦးညွတ်ခဲ့ခြင်းမရှိပေ။
ထိုအခါ မင်းသားမှ အစောင့်တို့အား ခန်းဆီးကိုဆွဲတင်စေပြီးနောက်
"ခင်ဗျား
ဘာကြောင့် ဦးမညွတ်ရတာလဲ"
"တိုင်းပြည်ကြီးရဲ့သံတမန်က
တိုင်းပြည်ငယ်ရဲ့ခေါင်းဆောင်နဲ့တွေ့ရင် ဦးညွတ်စရာမလိုဘူး"
"ခင်ဗျားရဲ့လျာကိုမထိန်းချုပ်နိုင်ရင်
ခင်ဗျားလည်း ချီပြည်သွားတဲ့ လီယီကျီ(Li Yiji) လိုဖြစ်သွားမယ်။ မကြာခင် ဆီအိုးထဲရောက်သွားနိုင်တယ်"
ထိုအခါ
"တန့်ကျီ"(Deng Zhi) မှ ကျယ်လောင်စွာရယ်ပြီး
"ဝူပြည်မှာ
ပညာရှိတွေအများကြီးရှိတယ်လို့လူတွေက ပြောကြတယ်။ အခုတော့ သာမန်စာပေပညာရှင်ကိုကြောက်လန့်နေကြတယ်ဆိုတာ
သူများကိုပြောရင်ဘယ်သူမှယုံမှာမဟုတ်ဘူး"
ထိုစကားတို့ကြောင့်
"စွန်းချွမ်"(Sun Quan) မှာဒေါသထွက်သွားပြီး
"ခင်ဗျားလို
အရည်မချင်းရှိတဲ့အရူးကိုဘယ်သူကကြောက်မှာလဲ"
"သံတမန်ကိုမကြောက်ဘူးဆိုရင်
သူဘာပြောမယ်ဆိုတာ ဘာလို့ဒီလောက်တောင်စိုးရိမ်နေရတာလဲ"
"ခင်ဗျားက
ကျူးကဲလျန့်(Zhuge Liang) ကိုယ်စားလာပြီး ကျုပ်ကို ဝေပြည်နဲ့အဆက်အဆံမလုပ်တော့ပဲ ခင်ဗျားတိုင်းပြည်နဲ့မဟာမိတ်ဖွဲ့ဖို့လာပြောတာပဲ
မဟုတ်လား"
"ကျွန်တော်က
ရှူပြည်က သာမန်စာပေလေ့လာသူသာဖြစ်ပြီး ဒီကိုလာတာဟာ ဝူပြည်နဲ့ဆွေးနွေးစရာရှိလို့ဖြစ်တယ်။
အခုတော့ လက်နက်ကိုင်အစောင့်တွေ၊ ဆီအိုးတွေထားထားတာမြင်တော့ ခင်ဗျားက ကျုပ်ကိုပေးမပြောချင်ဘူးလို့တွေးတာကလွဲပြီး
ဘာဖြစ်နိုင်ဦးမလဲ"
ထိုစကားကိုကြားသောအခါ
"စွန်းချွမ်"(Sun Quan) သည် တပ်သားတို့ကို ထွက်သွားစေသည်။ "တန့်ကျီ"(Deng
Zhi) ကို ထိုင်စေပြီးနောက်
"ဝေနဲ့ဝူကြားမှာဘယ်လိုလုပ်ရမယ်ဆိုတာ
ခင်ဗျားပြောတာကို ကြားချင်တယ်"
"ကြီးမြတ်တဲ့မင်းသားက
ဝေပြည်နဲ့ငြိမ်းချမ်းရေးယူချင်တာလား၊ ဒါမှမဟုတ် ရှူပြည်နဲ့ငြိမ်းချမ်းမှုယူချင်တာလား"
"ကျုပ်က
ရှူဧကရာဇ်နဲ့ဆွေးနွေးပြီးငြိမ်းချမ်းမှုယူချင်တာတယ်။ ဒါပေမယ့် သူက အသက်ငယ်ပြီး အတွေ့အကြုံမရှိသေးတဲ့အပြင်
ဘာမှနားမလည်တဲ့အတွက် ကိစ္စကြီးတွေလုပ်နိုင်မှာမဟုတ်ဘူး"
"မင်းသားက
သတ္တိရှိတဲ့သူရဲကောင်းဖြစ်ပြီး ကျူးကဲလျန့်(Zhuge Liang) က သာလွန်ထူးကဲတဲ့ဝန်ကြီးဖြစ်တယ်။
ဝူပြည်ကို မြစ်သုံးတန်က အကာအကွယ်ပေးထားသလို ရှူပြည်ကလည်း တောတောင်တွေရဲ့အကာအကွယ်တွေရှိတယ်။
ဒီတိုင်းပြည်နှစ်ခုသာ ငြိမ်းချမ်းနေမယ်ဆိုရင် တစ်ဦးကိုတစ်ဦးကာကွယ်နိုင်မှာဖြစ်တယ်။
သူတို့တွေက တိုင်းပြည်တစ်ခုလုံးကိုသိမ်းကောင်းသိမ်းနိုင်မှာဖြစ်သလို ဒီအတိုင်းဆိုရင်လည်း
ရပ်တည်နိုင်မှာပဲဖြစ်တယ်။ အကယ်၍ မင်းသားက ဝေပြည်ကို လက်ဆောင်ပဏ္ဏာတွေပေးပြီး ကိုယ့်ကိုယ်ကို
သူတို့ရဲ့ဝန်ကြီးအဖြစ်အသိအမှတ်ပြုလိုက်မယ်ဆိုရင် မင်းသားက နန်းတွင်းအစည်းအဝေးတွေကိုတက်ရောက်ရမှာဖြစ်ပြီး
မင်းသားအရိုက်အရာဆက်ခံမယ့်သူကလည်း အဲ့နန်းတွင်းမှာ ကျေးကျွန်အနေနဲ့အမှုထမ်းရမှာဖြစ်တယ်။
ငြင်းပယ်ခဲ့ရင်တော့ သူတို့ကတပ်တွေစေလွှတ်ပြီး တိုက်လိမ့်မယ်။ ရှူပြည်ကလည်း မြစ်ကြောင်းက
ဝင်လာပြီးတိုက်မယ်ဆိုရင် တောင်ပိုင်းနယ်ဟာ မင်းသားရဲ့ပိုင်ဆိုင်မှု ဟုတ်တော့မှာမဟုတ်ဘူး။
ဒါကြောင့် ကျွန်တော့စကားတွေကို နားမထောင်ပဲ ကျွန်တော်ပြောတာကို လက်မခံဘူးဆိုရင်တော့
ကျွန်တော့ရဲ့သံတမန်တာဝန်အနေနဲ့ မင်းသားရှေ့မှာပဲ ကိုယ့်ကိုယ်ကိုသတ်သေပြပါ့မယ်"
ထို့နောက်
"တန့်ကျီ"(Deng Zhi) သည် သူ့အဝတ်တို့ကိုဆွဲကာ ခန်းမဆောင်သို့ပြေးသွားပြီး
ဆီအိုးထဲသို့ခုန်မည့်ဟန်ပြုသည်။
"သူ့ကို
တားလိုက်"
ထို့ကြောင့်
အစောင့်တို့က တားလိုက်သည်။ ပြီးနောက် "တန့်ကျီ"(Deng Zhi) ကို တခြားအဆောင်သို့ခေါ်သွားပြီး
အမြင့်မြတ်ဆုံးသောဧည့်သည်တော်ကဲ့သို့ဧည့်ခံသည်။
"အို၊
ဆရာ၊ ခင်ဗျားရဲ့စကားတွေက ကျွန်တော်စဉ်းစားတဲ့အတွေးအတိုင်းပါပဲ။ ကျွန်တော်က ခင်ဗျားရဲ့တိုင်းပြည်နဲ့ငြိမ်းချမ်းမှုယူချင်တယ်။
ဆရာက ကြားလူလုပ်ပေးနိုင်မလား"
"ခုနကပဲ
မင်းသားက ကျွန်တော့လိုအမှုထမ်းကျွန်ကို ဆီထဲထည့်ဖို့လုပ်ခဲ့တယ်။ အခုတော့ ကျွန်တော့ကိုအသုံးချဖို့လုပ်ပြန်ပြီ။
ဒီလိုလူမျိုးကိုယုံကြည်သင့်လား"
"ကျွန်တော်ဆုံးဖြတ်ပြီးသွားပါပြီ။
ကျွန်တော့စကားတွေကို သံသယမရှိပါနဲ့၊ ဆရာ"
ထို့နောက်
"တန့်ကျီ"(Deng Zhi) ကို အခန်းထဲတွင်ထားကာ "စွန်းချွမ်"(Sun
Quan) က သူ့အမှုထမ်းတို့ကိုခေါ်ပြီးတိုင်ပင်သည်။
"ကျုပ်လက်အောက်မှာ
အရှေ့တောင်ပိုင်းရဲ့မြို့နယ်ရှစ်ဆယ့်တစ်ခုရှိပြီး ကျင်ကျိုးနယ်လည်း ရှိသေးတယ်။ ဒါပေမယ့်
ရှူပြည်လို နယ်သေးသေးလေးကိုမယှဉ်နိုင်ဘူး။ ရှူမှာ တန့်ကျီ(Deng Zhi) လို သခင်ဖြစ်သူရဲ့ဂုဏ်သရေတက်အောင်လုပ်နိုင်တဲ့သံအမတ်ကြီးရှိပြီး
ကျုပ်မှာတော့ ရှူပြည်ကိုလွှတ်နိုင်မယ့် အဲ့လိုလူမျိုးမရှိဘူး"
ထိုအချိန်တွင်
လူတစ်ယောက်ထွက်လာကာ သူသွားမည်ဖြစ်ကြောင်းပြောသည်။ ထိုသူမှာ ဝူချန်မှ "ကျန်းဝင်"(Zhang
Wen) ဖြစ်ပြီး နန်းတွင်းတပ်ကိုဦးဆောင်သူဖြစ်သည်။
"ခင်ဗျားသွားမယ်ဆိုရင်
ကျူးကဲလျန့်(Zhuge Liang) ရဲ့ရှေ့မှာ ကျုပ်ရဲ့စိတ်ရင်းတွေကိုဖော်ထုတ်ပြနိုင်
မှာမဟုတ်ဘူး"
"ကျွန်တော်က
သူ့ကိုကြောက်တယ်ထင်လို့လား။ သူက လူတွေထဲကလူပဲမဟုတ်လား"
"စွန်းချွမ်"(Sun
Quan) မှ "ကျန်းဝင်"(Zhang Wen) ကို ဆုလာဘ်များပေးကာ ရှူပြည်သို့ငြိမ်းချမ်းရေးဆွေးနွေးရန်
စေလွှတ်ခဲ့သည်။
"တန့်ကျီ"(Deng
Zhi) ထွက်သွားချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) မှ သူ့သခင်အား
"ဝူပြည်နဲ့သံတမန်ဆက်သွယ်ရေးက
အဆင်ပြေမှာဖြစ်ပြီး သူတို့ဘက်က ပညာဉာဏ်ရှိသူတစ်ယောက်ကိုလွှတ်လိုက်လိမ့်မယ်။ အရှင်မင်းကြီးက
သူ့ကိုကောင်းကောင်းဆက်ဆံရင် သူ ဝူပြည်ပြန်တဲ့အချိန်မှာ မဟာမိတ်ဖွဲ့တာ ပြီးဆုံးနိုင်မှာဖြစ်တယ်။
ဝူပြည်နဲ့မဟာမိတ်ဖြစ်သွားရင် ဝေကလာတိုက်ရဲတော့မှာမဟုတ်ဘူး။ အဲ့လိုငြိမ်းချမ်းနေတဲ့အချိန်မှာ
ကျွန်တော်က တပ်တွေကိုဦးဆောင်ပြီး တောင်ပိုင်းက မန်မျိုးနွယ်စုတွေကိုနှိမ်နှင်းမယ်။
ပြီးရင်တော့ ဝေကိုတိုက်ရမယ်။ ဝေပြည်သာမရှိတော့ရင် ဝူလည်း အကြာကြီးခံနိုင်မှာမဟုတ်တဲ့အတွက်
တိုင်းပြည်တစ်ခုလုံးကို စည်းရုံးနိုင်မှာဖြစ်တယ်"
ထိုအချိန်တွင်
"တန့်ကျီ"(Deng Zhi) နှင့် ဝူမှ "ကျန်းဝင်"(Zhang Wen) တို့သည်
မကြာခင်တွင်ရောက်လာမည်ဖြစ်ကြောင်း သတင်းရခဲ့သည်။ ဒုတိယဧကရာဇ်သည် နန်းတွင်းသားတို့ကိုစုစည်းစေကာ
ခမ်းနားစွာကြိုဆိုရန်ပြင်ဆင်ခဲ့သည်။
ဝူပြည်သံတမန်သည်
သူ့လိုအင်ဆန္ဒတို့ပြည့်သွားသကဲ့သို့ ရဲရင့်စွာလျှောက်လှမ်းလာသည်။ အရိုအသေပြုပြီးနောက်
ဧကရာဇ်မှ သူ့ဘယ်ဘက်ရှိခုံတွင်ထိုင်စေသည်။ ထို့နောက် စားသောက်ပွဲတို့တည်ခင်းစေကာ
"ကျန်းဝင်"(Zhang Wen) ကိုကောင်းစွာဆက်ဆံသည်။ စားသောက်ပွဲပြီးနောက်တွင် နန်းတွင်းညီလာခံတစ်ခုလုံးက
သံတမန်ကို သူ့တည်းခိုရာဂေဟာသို့လိုက်ပို့ခဲ့သည်။
ဒုတိယနေ့တွင်
ဝန်ကြီးချုပ်အိမ်တော်တွင် စားသောက်ပွဲကျင်းပပြီး ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge
Liang) က လိုရင်းအကြောင်းတို့ကိုပြောသည်။
"ကျုပ်တို့ပထမဧကရာဇ်က
ဝူပြည်နဲ့ဆက်ဆံရေးမပြေလည်ခဲ့ဘူး။ ဒါပေမယ့် ဒါတွေအားလုံးက ပြောင်းလဲသွားပါပြီ။ အခုလက်ရှိဧကရာဇ်က
အင်မတန်ဖော်ရွေသူဖြစ်တယ်။ ဒါကြောင့် ရှေးက ရန်ငြိုးတွေကိုမေ့ပျောက်ပြီး တိုင်းပြည်နှစ်ခုက
ထာဝရငြိမ်းချမ်းချစ်ကြည်မှုယူပြီး နှစ်ခုလုံးရဲ့ပစ်မှတ်ဖြစ်ရဲ့ဝေပြည်ကို ချေမှုန်းရမယ်။
ခင်ဗျားလည်း ဒါနဲ့ပတ်သတ်ပြီး ကောင်းကောင်းပြန်ပြောပေးနိုင်ဖို့မျှော်လင့်ပါတယ်"
"ကျန်းဝင်"(Zhang
Wen) က ထိုအစီအစဉ်ကို ထောက်ခံမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။ ထို့နောက် အရက်သောက်ပြီးနောက်
သတိမေ့လျော့ကာ လွတ်လပ်စွာရယ်မောပြီး ရင်ကော့ပြီး မာနထောင်လွှားနေခဲ့သည်။
နောက်ရက်တွင်
ဧကရာဇ်မှ "ကျန်းဝင်"(Zhang Wen) ကို ရွှေနှင့်နားတောင်းတို့ကိုပေးခဲ့ပြီး
တောင်ဘက်တွင်ရှိသောဧည့်ဆောင်တွင် နှုတ်ဆက်ပွဲလုပ်စေခဲ့သည်။ ညီလာခံမှလူအားလုံးတို့တက်ရောက်ကြပြီး
ဝန်ကြီးချုပ်မှ သံတမန်ကို အရက်များသောက်စေသည်။ ထိုစားသောက်ပွဲအတွင်းတွင် အရက်မူးနေသောလူတစ်ယောက်သည်
ရုတ်တရတ်ဝင်လာပြီး ဝင့်ကြွားသောအမူအရာတို့ဖြင့် အရိုအသေပြုပြီးနောက် နေရာတွင်ထိုင်ခဲ့သည်။
သူ့လုပ်ဆောင်မှုတို့မှာ
ထူးခြားသောကြောင့် "ကျန်းဝင်"(Zhang Wen) မှ
"ဝန်ကြီးချုပ်ခင်ဗျာ၊
အခုရောက်လာတဲ့လူက ဘယ်သူပါလဲ"
"သူက
ယီကျိုးက စာပေပါရဂူဖြစ်တယ်"
"သူက
အပြင်ပန်းမှာတော့ အဲ့လိုလူဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့် အတွင်းမှာတော့ အဲ့လိုတတ်ကျွမ်းမှုရှိရဲ့လားမသိဘူး"
ထိုစကားတို့ကို
"ချင်မီ"(Qin Mi) က ကြားပြီး ပြန်ပြောသည်။
"ကျုပ်သားသမီးတွေက
စာပေတတ်ကျွမ်းတယ်ဆိုတော့ ကျုပ်က အဲ့ထက်ပိုတတ်တာပေါ့"
"ဒါဆို
ခင်ဗျားရဲ့ကျွမ်းကျင်မှုတွေက ဘာတွေပါလိမ့်"
"အများကြီးပါပဲ။
နက္ခတ္တဗေဒ၊ ပထဝီ၊ သင်ကြားမှုသုံးရပ်၊ စနစ်ကိုးမျိုး၊ အတွေးအခေါ်၊ သမိုင်းတွေအပြင် အထွတ်အမြတ်စာအုပ်ကြီးတွေနဲ့ရိုးရာနဲ့ပတ်သတ်တာတွေရောပေါ့"
"ခင်ဗျားပြောတာတွေက
ကြီးကျယ်လှချည်လား။ ဒါဆို ကျုပ်က ခင်ဗျားကို ကောင်းကင်နဲ့ပတ်သတ်တာတွေမေးချင်တယ်။ ကောင်းကင်မှာ
ဦးခေါင်းရှိလား"
"ရှိတာပေါ့"
"ဘယ်မှာတုန်း?"
"အနောက်ဘက်နားလောက်မှာ။
ရတုကဗျာထဲမှာ 'နတ်ဘုရားက ကြင်နာစွာနဲ့အနောက်ဘက်ကိုမျက်နှာမူခဲ့တယ်' လို့ဆိုထားတယ်။
ဒီတော့ ခေါင်းက အနောက်ဘက်မှာပေါ့"
"ဒါဆို
ကောင်းကင်ကြီးက နားရွက်ရှိလား"
"ရှိတာပေါ့။
ကောင်းကင်ကြီးက အပေါ်မှာရှိပြီး အောက်ကပြောဆိုတာတွေကို နားနေနေတယ်။ ကဗျာထဲမှာ 'ရွှံ့နွံထဲကကြိုးကြာရဲ့အသံကို
ကောင်းကင်ယံကတောင် ကြားရတယ်' လို့ဆိုထားတယ်။ ကောင်းကင်မှာ နားမရှိရင် ဘယ်လိုကြားနိုင်မလဲ"
"ဒါဆို
ကောင်းကင်မှာ ခြေထောက်ရှိလား"
"ရှိတာပေါ့။
ကဗျာထဲမှာ 'ကောင်းကင်က အခက်အခဲတွေကို နင်းချခဲ့တယ်' လို့ဆိုထားတယ်။ ခြေထောက်မရှိပဲ
ဘယ်လိုနင်းနိုင်မတုန်း"
"ဒါဆို
ကောင်းကင်မှာနာမည်ရောရှိလား"
"ဘာလို့မရှိရမှာလဲ?"
"ဒါဆို
ဘာတဲ့လဲ"
"လျူ(Liu)
လေ"
"ခင်ဗျားက
ဘယ်လိုသိလဲ"
"ဧကရာဇ်ရဲ့မျိုးရိုးနာမည်က
လျူဖြစ်ပြီး သူက ကောင်းကင်ရဲ့သားတော်ဖြစ်တယ်။ ဒါကြောင့် သိတာပေါ့"
"နေက
အရှေ့ဘက်က ခုန်တက်လာတာလား"
"အဲ့လိုခုန်လာပေမယ့်
အနောက်ဘက်ကို ပြန်ဝင်သွားတယ်"
"ချင်မီ"(Qin
Mi) ၏စကားတို့သည် ကြည်လင်ပြတ်သားပြီး ပြည့်စုံသည်။ ထိုသို့သောစကားတို့ကြောင့် လာရောက်သောဧည့်သည်တို့မှာ
အံ့ဩသွားကြသည်။ "ကျန်းဝင်"(Zhang Wen) သည်လည်း မည်သို့ပြန်ပြောရမည်မသိပေ။
ထိုအခါ "ချင်မီ"Qin Mi) မေးမည့်အလှည့်ရောက်လာသည်။
"ခင်ဗျားကလည်း
ခင်ဗျားပြည်မှာတော့ နာမည်ကြီးစာပေပညာရှင်ဖြစ်တယ်။ ခင်ဗျားက ကျုပ်ကို ကောင်းကင်နဲ့ပတ်သတ်တာ
မေးတယ်ဆိုတော့ ခင်ဗျားလည်း ဒါနဲ့ပတ်သတ်တဲ့ဗဟုသုတတွေရှိမယ်လို့ထင်ပါတယ်။ ကနဦးဖရိုဖရဲဖြစ်ခြင်းကနေ
ယင်းရန်အနေနဲ့ပြောင်းလဲသွားတဲ့အချိန်မှာ ပေါ့တဲ့အပိုင်းတွေက အပေါ်ပျံတက်သွားပြီး ကောင်းကင်ဖြစ်သွားတယ်။
ပိုလေးပင်တဲ့အပိုင်းတွေကတော့ မြေကြီးဖြစ်သွားခဲ့တယ်။ ကုန်းကုန်း(Gonggong) ရဲ့ဆန့်ကျင်မှုပြီးသွားတဲ့နောက်မှာ
သူ့ခေါင်းက မပြည့်စုံခြင်းတောင်မှာညှပ်နေခဲ့ပြီး ကောင်းကင်ကိုထောက်ကူထားတဲ့အထောက်အပံ့က
ပြိုကွဲသွားခဲ့တယ်။ ကောင်းကင်ကြီးက အနောက်မြောက်ဘက်ကို ပြိုကျသွားခဲ့ပြီး မြေကြီးက
အရှေ့တောင်ဘက်မှာ နစ်မြုပ်သွားသတဲ့။ ကောင်းကင်က ထာဝရတည်ရှိပြီး အပေါ်မှာပေါလောပေါ်နေတယ်ဆိုရင်
ဘာကြောင့် ပြိုကွဲသွားခဲ့တာလဲ? ကျုပ်မသိတဲ့နောက်အချက်က လေထုရဲ့အပြင်ဘက်မှာ ဘာရှိသလည်းဆိုတာ
ဖြစ်တယ်။ ခင်ဗျားရှင်းပြနိုင်မယ်ဆို ကျုပ်ဝမ်းသာမိမှာပါ"
"ကျန်းဝင်"(Zhang
Wen) သည် မည်သို့ပြောရမည်ကို မသိသော်လည်း ထိုင်နေရာမှထပြီး အရိုအသေပေးကာ
"ဒီလောကမှာ
ဒီလိုမျိုးအစွမ်းအစတွေရှိတယ်ဆိုတာ ကျုပ်မသိခဲ့ဘူး။ အဲ့လိုအကြောင်းတွေကြားမိတာ ဝမ်းသာပါတယ်။
အခုအတားအဆီးတွေမရှိတော့ ပိုပြီးကြည်လင်စွာမြင်ရပါပြီ"
ထိုအချိန်တွင်
ဧည့်သည်အရှက်ရမည်ကိုစိုးရိမ်သဖြင့် "ကျူးကဲလျန့်"(Zhuge Liang) မှထကာ
"ဒါတွေက
စကားလုံးတွေကိုလှည့်သုံးထားတာဖြစ်ပါတယ်။ စားသောက်ပွဲမှာ ပျော်ရွှင်အောင်မေးမြန်းတဲ့ပဟေဋ္ဌိသဘောပါပဲ။
တိုင်းပြည်ရဲ့ငြိမ်ဝတ်ပိပြားရေးနဲ့လုံခြုံရေးက ဟာသလုပ်စရာမဟုတ်ဘူးဆိုတာ ခင်ဗျားလည်းနားလည်မှာပါ"
သံတမန်က အရိုအသေပြုသည်။
ထို့နောက် "တန့်ကျီ"(Deng Zhi) ကို သံတမန်နှင့်အတူဝူပြည်သို့ပြန်သွားရန်
အမိန့်ပေးခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသည် ဝန်ကြီးချုပ်ကိုအရိုအသေပြုကာ အရှေ့ဘက်ကိုထွက်သွားလေသည်။
"စွန်းချွမ်"(Sun
Quan) သည် သူ့သံတမန်ရောက်မလာသေးသောကြောင့် စိုးရိမ်နေခဲ့သည်။ သူသည် အမှုထမ်းတို့ကိုခေါ်ကာ
တိုင်ပင်နေကြစဉ် "တန့်ကျီ"(Deng Zhi) နှင့်အတူ သံတမန်ရောက်လာကြောင်း သတင်းရောက်လာသည်။
သူတို့ကိုအတွင်းသို့ဝင်လာစေပြီး
"ကျန်းဝင်"(Zhang Wen) သည် အရိုအသေပြုပြီးနောက် ရှူဧကရာဇ်၏သူတော်ကောင်းတရားနှင့်
"ကျူးကဲလျန့်"(Zhuge Liang) ၏မဟာမိတ်ဖွဲ့လိုသည့်အစီအစဉ်တို့ကိုပြောသည်။ အတွင်းရေးမှူးချုပ်
"တန့်ကျီ"(Deng Zhi) သည်လည်း ထိုဆွေးနွေးမှုတွင် ပါဝင်ခဲ့သည်။ "စွန်းချွမ်"(Sun
Quan) သည် "တန့်ကျီ"(Deng Zhi) ဘက်သို့လှည့်ကာ
"ဝေပြည်ကိုသိမ်းပိုက်ပြီးရင်
ငြိမ်းချမ်းမှုတွေရပြီးနောက် ဝူပြည်နဲ့ရှူပြည်က အုပ်ချုပ်မှုကိုခွဲယူသင့်သလား"
"ကောင်းကင်ကြီးမှာ
နေနှစ်စင်းမရှိနိုင်ပါဘူး။ လူတွေကလည်း ဘုရင်နှစ်ပါးကို အသိအမှတ်ပြုမှာမဟုတ်ဘူး။ ဝေကိုဖြိုခွင်းပြီးရင်
ဘယ်သူကအုပ်ချုပ်နိုင်မယ်ဆိုတာမသိပေမယ့် အုပ်ချုပ်သူက အကျင့်သီလကောင်းရမှာဖြစ်ပြီး
ဝန်ကြီးတွေကလည်း သစ္စာရှိရမှာဖြစ်တယ်။ ဒါမှ မတည်ငြိမ်မှုတွေမရှိမှာဖြစ်တယ်"
"စွန်းချွမ်"(Sun
Quan) မှပြုံးကာ
"ခင်ဗျားရဲ့စစ်မှန်တဲ့သဘောထားကို
သံသယဖြစ်စရာမလိုဘူး"
ပြီးနောက်
"တန့်ကျီ"(Deng Zhi) ကိုလက်ဆောင်တို့ပေးပြီး ထွက်ခွာခွင့်ပြုခဲ့သည်။ ရှူနှင့်ဝူတို့သည်
မိတ်ဆွေများဖြစ်ခဲ့လေသည်။ လော့ရန်တွင်ရှိသော "ချောင်ဖီ"(Cao Pi) သည် သူ့ပြိုင်ဘက်တို့၏သံတမန်ဆက်ဆံရေးအကြောင်းတို့ကိုကြားသောအခါ
ဒေါသအကြီးအကျယ်ထွက်ပြီး
"သူတို့တွေမဟာမိတ်ဖွဲ့တယ်ဆိုတာ
အလယ်ပိုင်းကိုသိမ်းလိုတဲ့ဆန္ဒရှိလို့ပဲ။ အကောင်းဆုံးအကွက်က ကျုပ်အရင်တိုက်ဖို့ပဲဖြစ်တယ်"
ထို့နောက်
အစည်းအဝေးကြီးပြုလုပ်စေခဲ့သည်။ ထိုအချိန်တွင် စစ်သူကြီးချုပ် "ချောင်ရန်"(Cao
Ren) နှင့် တပ်မှူးချုပ် "ကျာရွှီ"(Jia Xu) တို့မှာ ကွယ်လွန်သွားပြီဖြစ်သောကြောင့်
အစည်းအဝေးတွင် မပါဝင်ခဲ့ပေ။ အတင်ပင်ခံ "ရှင်းဖီ"(Xin Pi) မှ ထကာ
"အလယ်ပိုင်းဒေသက
ရှည်လျားကျယ်ပြန့်ပေမယ့် လူဦးရေထူထပ်မှုမရှိတာကြောင့် လက်ရှိအချိန်မှာ တပ်ဖွဲ့တွေဖွဲ့စည်းဖို့မဖြစ်နိုင်သေးဘူး။
ကျွန်တော့အကြံကတော့ ဆယ်နှစ်လောက်စောင့်ပြီး တပ်ဖွဲ့တွေဖွဲ့စည်းပြီး လက်နက်တွေအဆင်သင့်ဖြစ်တော့မှ
ရန်သူတွေကိုချေမှုန်းရမယ်"
"ဒါက
ဖောက်ပြန်လွဲမှားတဲ့အကြံပဲ။ မဟာမိတ်ဖြစ်သွားတဲ့ဝူနဲ့ရှူဟာ ကျုပ်တို့ကို အချိန်မရွေးလာတိုက်နိုင်တယ်။
ဒီကိစ္စကို ဆယ်နှစ်လောက်အချိန်ဆွဲလို့မဖြစ်ဘူး"
ထို့ကြောင့်
ဝူပြည်ကိုစစ်ချီတက်ရန် အမိန့်တော်ထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့များဖွဲ့စေသည်။ "စီးမာယီ"(Sima
Yi) မှ
"ဝူပြည်ကို
ရန်စီမြစ်က ကာကွယ်ထားတာကြောင့် စစ်သင်္ဘောတွေလိုအပ်ပါတယ်။ အရှင်မင်းကြီးက သင်္ဘောကြီးငယ်တွေကိုဦးဆောင်ရပါမယ်။
ရေတပ်က ဟွိုင်မြစ်ကနေ ရှိုချွန်းကိုသိမ်းပြီးတော့ ကွမ်းလင်ရောက်တဲ့အခါ မြစ်ကိုဖြတ်ပြီး
နန်ရွှီကိုသိမ်းရပါမယ်။ အဲ့လိုဆို ဝူပြည်ကိုသိမ်းပိုက်နိုင်ပြီ"
ထို့ကြောင့်
နဂါးသင်္ဘောတို့ကိုတည်ဆောက်ရန်အမိန့်ပေးလိုက်ပြီး နေ့ရောညပါမနားတမ်းတည်ဆောက်လေသည်။ အထွာနှစ်ရာရှည်သောသင်္ဘောဆယ်စီးဆောက်ပြီး
တစ်စီးတွင် တပ်သားနှစ်ထောင်ပါဝင်သည်။ ထို့အပြင် တိုက်သင်္ဘောအစီးသုံးထောင်တို့ကိုလည်း
ပြင်ထားစေသည်။ ဟွမ်ချူးနှစ်ပဉ္စမနှစ်(အေဒီ ၂၂၄) တွင် စစ်သူကြီးတို့ကိုစုဝေးစေကာ
"ချောင်ကျန်း"(Cao Zhen) ကို ပထမဆုံးတပ်၏ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့သည်။
"ကျန်းလျောင်"(Zhang Liao) ၊ "ကျန်းဟဲ"(Zhang He) ၊ "ဝင်ဖင်"(Wen
Ping) နှင့် "ရွှီဟွမ်"(Xu Huang) တို့သည် ခေါင်းဆောင်စစ်သူကြီးများဖြစ်ပြီး
"ရွှီချူ"(Xu Chu) နှင့် "လုချန်"(Lu Qian) တို့က အလယ်တပ်၏ကိုယ်ရံတော်အဖြစ်တာဝန်ယူသည်။
"ချောင်ရှို့"(Cao Xiu) သည် အနောက်ပိုင်းတပ်ကိုတာဝန်ယူပြီး "လျူရဲ့"(Liu
Ye) နှင့် "ကျန်းကျီ"(Jiang Ji) တို့သည် အကြံပေးများဖြစ်ကြသည်။ ကြည်းရေနှစ်တန်
တပ်သားစုစုပေါင်းသုံးသိန်းရှိသည်။
စတင်မည့်ရက်ကိုရွေးချယ်ပြီးနောက်တွင်
"စီးမာယီ"(Sima Yi) ကို အတွင်းရေးအရာရှိမှူးအဖြစ်သတ်မှတ်ကာ မြို့တော်တွင်ထားခဲ့ပြီး
ကိုယ်စားအုပ်ချုပ်သူစစ်သူကြီးအာဏာကိုပေးထားခဲ့သည်။
သူလျှိုတို့မှတဆင့်
ဝေတပ်ချီတက်လာကြောင်းကိုကြားသိရပြီး ဝူပြည်မင်းသားကိုအကြောင်းကြားခဲ့သည်။
"ချောင်ဖီ(Cao
Pi) က နဂါးသင်္ဘောနဲ့အတူလာပြီး ကြည်းတပ်၊ရေတပ်စုစုပေါင်း အင်အားသုံးသိန်းပါဝင်ပါတယ်။
အန္တရာယ်အလွန်ကြီးပါတယ်"
"စွန်းချွမ်"(Sun
Quan) သည် အစည်းအဝေးပြုစေကာ "ကူယုံ"(Gu Yong) မှ
"သခင်ကြီး၊
စာချုပ်ထဲကအတိုင်း ရှူပြည်ကနေစူဧတ်ကူတောင်းသင့်ပါတယ်။ ကျူးကဲလျန့်(Zhuge Liang) ဆီစာရေးပြီး
ဟန်ကျုံးကတဆင့် ဝေပြည်ကိုတိုက်ပြီးအာရုံလွှဲခိုင်းပါ။ သခင်ကြီးက နန်ရွှီကိုတပ်ဖွဲ့တွေစေလွှတ်ပြီး
ရန်သူ့ကိုခုခံသင့်ပါတယ်"
"ကျုပ်
လုရွှင့်(Lu Xun) ကိုပြန်ခေါ်လိုက်မယ်။ ဒီတာဝန်ကိုလုပ်ဆောင်နိုင်တာ သူပဲရှိတယ်"
"ဖြစ်နိုင်မယ်ဆိုရင်
သူ့ကိုပြန်မခေါ်တာကောင်းမယ်။ သူက ကျင်ကျိုးကိုစောင့်ရှောက်ရမှာ"
"အင်း၊
သိတယ်။ ဒါပေမယ့် ကျုပ်ကိုကူညီနိုင်မယ့် တခြားရဲရင့်တဲ့လူမရှိဘူး"
ထိုစကားတို့ကြောင့်
"ရွှီရှန်"(Xu Sheng) မှ
"ကျွန်တော်က
အရည်အချင်းသိပ်မရှိဘူးဆိုတာ သိပေမယ့် စစ်တပ်တွေကိုဦးဆောင်ပြီး ရန်သူတွေကိုခုခံလိုပါတယ်။
ချောင်ဖီ(Cao Pi) ကိုယ်တိုင်လာခဲ့ရင် ကျွန်တော် သူ့ကိုဖမ်းပြီး နန်းတော်ရှေ့တံခါးထိခေါ်ဆောင်လာပါမယ်။
သူမလာခဲ့ရင်တော့ သူ့တပ်တွေကိုသတ်ဖြတ်ပြီး နောက်နောင်တောင်ပိုင်းကို မကြည့်ရဲအောင် လုပ်ပါမယ်"
ထိုသို့စစ်ချီတက်လိုသူထွက်ပေါ်လာသောကြောင့်
"စွန်းချွမ်"(Sun Quan) သည် ဝမ်းသာသွားပြီး
"ခင်ဗျားရဲ့အကူအညီရှိရင်
ကျုပ်စိုးရိမ်စရာမလိုတော့ဘူး"
ထို့ကြောင့်
"ရွှီရှန်"(Xu Sheng) ကို အရှေ့ဘက်ကိုကာကွယ်သောစစ်သူကြီးဘွဲ့ပေးကာ နန်ရွှီနှင့်ကျန်းရဲ့တို့မှတပ်ဖွဲ့များကိုကွပ်ကဲခွင့်ပေးခဲ့သည်။
အမိန့်ရသည်နှင့်ထွက်သွားပြီးနောက် လက်နက်များစွာတို့ကိုစုစည်းစေကာ မြစ်ကမ်းတို့ကိုကာကွယ်ရန်
အလံ၊ တံခွန်တို့ကိုပြင်ဆင်စေသည်။ စိတ်မြန်သော၊ ငယ်ရွယ်သည့်ခေါင်းဆောင်တစ်ဦးမှ ထိုထက်ပိုသောစီစဉ်မှုများလုပ်သင့်သည်ဟုထင်ကာ
"သခင်ကြီးက
စစ်သူကြီးကို ကြီးလေးတဲ့တာဝန်ပေးခဲ့တယ်။ စစ်သူကြီးသာ ချောင်ဖီ(Cao Pi) ကိုဖမ်းချင်တယ်ဆိုရင်
စစ်တပ်စေလွှတ်ပြီး ဟွိုင်မြစ်မြောက်ဘက်မှာစောင့်နေသင့်ပါတယ်။ မြောက်ပိုင်းတပ်တွေဒီလာတဲ့အထိစောင့်မယ်ဆိုရင်
အရှုံးနဲ့ရင်ဆိုင်ရနိုင်ပါတယ်"
ထိုပြောသူမှာ
ဝူမင်းသား၏တူ "စွန်းရှောက်"(Sun Shao) ဖြစ်သည်။ "စွန်းရှောက်"(Sun
Shao) သည် ယွီမိသားစုမှဆင်းသက်လာသူဖြစ်ပြီး "စွန်းချဲ့"(Sun Ce) မှမွေးစားကာ
"စွန်း"မျိုးရိုးကိုပေးခဲ့သည်။ သူ့ကို နာမည်ကျော်သောစစ်သူကြီးဟုဘွဲ့ပေးကာ
ကွမ်းလင်ကိုစောင့်ကြပ်စေသည်။ သူသည် ငယ်ရွယ်ပြီး စိတ်လက်မြန်သော်လည်း အလွန်ရဲရင့်သူဖြစ်သည်။
"ချောင်ဖီ(Cao
Pi) ရဲ့တပ်က အင်အားတောင့်တင်းပြီး သူ့ခေါင်းဆောင်တွေက နာမည်ကြီးတွေဖြစ်တယ်။ သူတို့သင်္ဘောတွေဒီဘက်ကိုရောက်လာမှ
ကျုပ်အစီအစဉ်ကိုစတင်မယ်"
"ကျွန်တော့ဆီမှာ
တပ်သားသုံးထောင်ရှိပြီး ကွမ်းလင်ရဲ့မြေမျက်နှာသွင်ပြင်ကို နားလည်ပါတယ်။ ကျွန်တော့ကိုမြစ်ကူးခွင့်ပေးပြီး
တိုက်ခွင့်ပြုပါ။ ရှုံးနိမ့်သွားရင် ပေးတဲ့အပြစ်ကိုခံယူပါ့မယ်"
သို့သော်
"ရွှီရှန်"(Xu Sheng) က ငြင်းလိုက်သည်။ "စွန်းရှောက်"(Sun
Shao) က ထပ်ခါထပ်ခါပြောသောအခါ စစ်သူကြီးမှ ဒေါသထွက်ပြီး
"မင်းကလုပ်ချင်တာလုပ်မယ်ဆိုရင်
ကျုပ်အမိန့်ကိုဘယ်သူလိုက်နာတော့မှာလဲ"
ထို့နောက်
အာဏာပါးကွက်သားတို့ကိုခေါ်ကာ "စွန်းရှောက်"(Sun Shao) ကို သေဒဏ်ပေးစေသည်။
ထိုအကြောင်းကို
"စွန်းရှောက်"(Sun Shao) လက်အောက်မှစစ်သူကြီးတို့က "စွန်းချွမ်"(Sun
Quan) ကိုပြောပြသောအခါ "စွန်းချွမ်"(Sun Quan) က အလျင်အမြန်ကယ်တင်ရန်ရောက်လာသည်။
ကံကောင်းထောက်မစွာဖြင့် မင်းသားရောက်လာချိန်တွင် သေဒဏ်မပေးရသေးပေ။ ထို့ကြောင့် အာဏာပါးကွက်သားတို့ကိုသွားစေလိုက်ပြီး
လူငယ်ကိုငယ်တင်လိုက်သည်။ "စွန်းရှောက်"(Sun Shao) မှ မင်းသားအား
"ကျွန်တော်က
ကွမ်းလင်မှာရှိနေပြီး ရန်သူကိုမတိုက်ပဲ ဒီအတိုင်းနေမယ်ဆိုရင် ဝူပြည်ရဲ့နိဂုံးပဲ"
"စွန်းချွမ်"(Sun
Quan) သည် စခန်းသို့သွားသောအခါ "ရွှီရှန်"(Xu Sheng) မှထွက်လာပြီးတွေ့သည်။
မင်းသားကို
ရွက်ဖျင်တဲတွင်နေရာထိုင်ခင်းပေးပြီးနောက် "ရွှီရှန်"(Xu Sheng) မှ
"အို၊
မင်းသားက ကျွန်တော့ကိုတပ်တွေကိုဦးစီးစေပြီး ဝေပြည်ကိုတိုက်စေတယ်။ အခုကျွန်တော့စစ်သူကြီး
စွန်းရှောက်(Sun Shao) က အမိန့်မနာခံတာကြောင့် သေဒဏ်ပေးသင့်ပါတယ်။ သူ့ကိုဘာကြောင့်ချမ်းသာပေးရမှာလဲ"
"သူက
စိတ်လိုက်မာန်ပါလုပ်တတ်တယ်။ သူကအမှားကျူးလွန်ခဲ့ပေမယ့် ဒီအမှားကိုလျစ်လျူရှူပေးဖို့မျှော်လင့်ပါတယ်"
"ဥပဒေဆိုတာ
ကျွန်တော်လုပ်ချင်တိုင်းလုပ်လို့မဖြစ်သလို မင်းသားလည်း လုပ်ချင်တိုင်းမလုပ်နိုင်ပါဘူး။
ဒါက တိုင်းပြည်ရဲ့သတ်မှတ်ထားတဲ့ပြစ်ဒဏ်ဖြစ်ပြီး တော်စပ်မှု၊ ဆက်ဆံရေးကြောင့်သာလွတ်မြောက်နိုင်ရင်
စည်းကမ်းဆိုတာဘယ်ရှိတော့မလဲ"
"သူကအမှားလုပ်ခဲ့တာကြောင့်
ခင်ဗျားသူ့ကို အပြစ်ပေးခွင့်ရှိတယ်။ သူ့နာမည်အရင်းက ယွီရှောက်(Yu Shao) ပေမယ့် ကျုပ်အစ်ကို
စွန်းချဲ့(Sun Ce) က သူ့ကိုနှစ်သက်လို့မွေးစားပြီး ကျုပ်တို့မျိုးရိုးပေးခဲ့တာ။ ဒါ့အပြင်
စွန်းရှောက်(Sun Shao) က စွမ်းဆောင်မှုတွေလုပ်နိုင်ခဲ့တယ်။ သူ့ကိုသေဒဏ်ပေးလိုက်ရင် အစ်ကိုအပေါ်ရှိတဲ့တာဝန်မကျေပွန်ပဲဖြစ်သွားမယ်"
"မင်းသားက
အဲ့လိုပြောတယ်ဆိုတော့ သူ့ကိုသေဒဏ်မပေးတော့ပါဘူး"
"စွန်းချွမ်"(Sun
Quan) မှ တူဖြစ်သူကို စစ်သူကြီးထံကျေးဇူးတင်ခိုင်းသော်လည်း ထိုလူငယ်က လက်မခံပေ။ ထိုသို့လက်မခံသည့်အပြင်
သူ့အမြင်မှန်ကန်ကြောင်းကျယ်လောင်စွာပြောသည်။
"ချောင်ဖီ(Cao
Pi) နဲ့တိုက်ဖို့က တကယ့်အစီအစဉ်အမှန်ပဲ။ ကျုပ်ကိုသေဒဏ်ပေးရင်တောင် ခင်ဗျားပြောတဲ့အစီအစဉ်ကိုလက်မခံဘူး"
"ရွှီရှန်"(Xu
Sheng) မျက်နှာပျက်သွားရာ "စွန်းချွမ်"(Sun Quan) မှ ထိုလူငယ်ကို အပြင်ထွက်သွားခိုင်းစေသည်။
"စွန်းချွမ်"(Sun
Quan) မှ
"သူက
ကျုပ်တို့ကိုဆုံးရှုံးမှုတွေဖြစ်အောင်မလုပ်နိုင်ပါဘူး။ နောက်ပြီး သူ့ကိုထပ်တာဝန်တွေမပေးတော့ဘူး"
မင်းသားလည်း
သူ့နန်းတော်သို့ပြန်သွားသည်။
ညအချိန်တွင်
"စွန်းရှောက်"(Sun Shao) သည် သူ့တပ်သားသုံးထောင်နှင့်အတူ မြစ်ကမ်းဘက်သို့
တိတ်တခိုးသွားခဲ့သည်ဟု သတင်းရသည်။ ထိုလူငယ်တစ်ခုခုဖြစ်ပါက မင်းသားက ငြိုငြင်မည်စိုးသောကြောင့်
"ရွှီရှန်(Xu Sheng) မှ တပ်တစ်တပ်ကိုစေလွှတ်ကာ အကူအညီပေးစေသည်။ ထိုတပ်ကို
"တင်းဖုန်း"(Ding Feng) ဦးဆောင်ပြီး မည်သို့လုပ်ရမည်ကိုမှာလိုက်သည်။
ဝေပြည်ဧကရာဇ်သည်
နဂါးသင်္ဘောနှင့်အတူ ကွမ်းလင်သို့ရောက်လာပြီး ရှေ့ပြေးတပ်က မြစ်ကမ်းနားသို့ရောက်လာကာ
အခြေအနေကိုစူးစမ်းခဲ့သည်။
"ဟိုဘက်ကမ်းမှာ
တပ်သားတွေ ဘယ်လောက်ရှိလဲ"
"ချောင်ကျန်း"(Cao
Zhen) မှ
"ကျွန်တော်တော့
တစ်ယောက်မှမတွေ့မိဘူး။ အလံတွေ၊ စခန်းချထားတာတွေလည်း မတွေ့ဘူး"
"ဒါ
ပရိယာယ်ပဲ။ သွားပြီးစုံစမ်းကြည့်ရမယ်"
"ချောင်ဖီ"(Cao
Pi) သည် သင်္ဘောဖြင့် မြစ်ကိုဖြတ်လာသည်။ သူ့သင်္ဘောတွင် နဂါး၊ ဇာမဏီ၊ နေ၊ လတို့ဖြင့် တန်ဆာဆင်ထားပြီး
ထည်ဝါနေခဲ့သည်။ ဧကရာဇ်သည် သေချာအောင်စစ်ဆေးကြည့်သော်လည်း လူတစ်ယောက်မှမတွေ့ပေ။
"ကျုပ်တို့တွေ
ဟိုဘက်ကိုသွားသင့်တယ်ထင်လား"
"လျူရဲ့"(Liu
Ye) မှ
"စစ်ပွဲရဲ့ဥပဒေသအရဆိုရင်တော့
သူတို့တွေအဆင်သင့်ပြင်ထားရမှာဖြစ်တယ်။ အရှင်မင်းကြီးက သတိနဲ့ရက်အနည်းငယ်လောက်စောင့်ကြည့်သင့်ပါတယ်။
သူတို့ရှေ့ပြေးတပ်က မကြာခင်လာကောင်းလာလိမ့်မယ်"
"အခုမိုးချုပ်ပြီဆိုတော့
မြစ်မှာပဲ ညကိုဖြတ်သန်းလိုက်ရင်ကောင်းမယ်"
ထိုညတွင်
သင်္ဘောတို့၌ လင်းထိန်အောင်မီးများထွန်းထားကာ မနက်ကဲ့သို့ထင်ရသည်။ သို့သော်လည်း တောင်ပိုင်းတပ်မှာပေါ်မလာပေ။
"ဒါက
ဘာကြောင့်များလဲ"
"သူတို့က
ဧကရာဇ်ရဲ့ကောင်းကင်တပ်ကြီးချီတက်လာပြီဆိုတော့ ကြွက်စုတ်တွေလိုထွက်ပြေးသွားတာဖြစ်မယ်"
ဧကရာဇ်သည်
ကျယ်လောင်စွာရယ်မောပြီး မိုးလင်းသောအခါဝယ် မြူတို့အုံ့ဆိုင်းလာသည်။ ထိုအချိန်တွင် လေပြည်လေညင်းတစ်ချက်တိုက်သွားပြီးနောက်
ရန်စီမြစ် တောင်ပိုင်းတစ်လျှောက်တွင် ရန်သူ့တပ်တို့တန်းစီပြီး ဓားလှံတို့ကိုကိုင်ဆောင်ကာ
အလံတို့ထောင်ထားသည်ကိုတွေ့လိုက်သောကြောင့် အံ့ဩသွားကျကျသည်။ မကြာမီတွင်ပင် သတင်းများကြားရသည်။
"ရန်စီမြစ်နားမှာ
ညတွင်းချင်းတံတိုင်းကြီးတစ်ခုပေါ်လာပြီး များပြားတဲ့သင်္ဘောတွေက ရှီတိုကနေ နန်ရွှီအထိမိုင်တစ်ရာအရှည်မှာ
နေရာယူထားပါတယ်"
စင်စစ်ထိုတံတိုင်းမှာ
အတုဖြစ်ပြီး ကျူပင်တို့ဖြင့် တပ်သားများပုံစံပြုလုပ်စေပြီး အလံများထောင်ထားခြင်းဖြစ်သည်။
၎င်းမှာ "ရွှီရှန်"(Xu Sheng) ၏ပရိယာယ်ဖြစ်သော်လည်း တဖက်ရန်သူတို့မှာ အံ့ဩသွားကြသည်။
"ကျုပ်တပ်တွေက
အဲ့လိုသူရဲကောင်းတွေနဲ့တွေ့ရင်အသုံးမဝင်ဘူး။ တောင်ပိုင်းတပ်က လူတွေကိုမယှဉ်နိုင်ဘူး"
ဟု "ချောင်ဖီ"(Cao Pi) မှပြောသည်။
ထိုသို့ဝမ်းနည်းစွာဖြင့်
အတွေးဝင်နေချိန် လေတို့ပြင်းထန်စွာတိုက်ပြီး အရှိန်အဟုန်ပြင်းကလာကာ လှိုင်းလုံးတို့မြင့်တက်လာကာ
သင်္ဘောကိုရိုက်ခတ်ပြီး နဂါးဝတ်ရုံကိုရေစိုစေခဲ့သည်။ သင်္ဘောမှောက်တော့မည်ဖြစ်သောအခါ
"ချောင်ကျန်း"(Cao Zhen) မှ လေတို့ကိုလွှတ်ပြီး သူ့သခင်နှင့်အခြားသူတို့ကိုကူညီစေသည်။
သို့သော် လူတို့မှာထွက်ခွာရန်ကြောက်နေကြပြီး "ဝင်ဖင်"(Wen Ping) မှ သင်္ဘောတက်ကာ
ဧကရာဇ်ကိုခေါ်ပြီး ပိုငယ်သောလှေပေါ်သို့ခေါ်လာသည်။ သို့နှင့်လုံခြုံစွာ ချောင်းတက်နားသို့ရောက်လာခဲ့သည်။
များမကြာမီ
သတင်းတစ်ခုကိုကြားလိုက်သည်။
"ကျောက်ယွင်(Zhao
Yun) က ရန်ဖင်ခံတပ်ကနေတဆင့် ချန်အန်းကိုတိုက်ခိုက်ဖို့လုပ်နေတယ်"
ထိုစကားတို့ကြောင့်
"ချောင်ဖီ"(Cao Pi) မှာ လန့်သွားပြီး ဆုတ်ခွာရန်အမိန့်ပေးခဲ့သည်။ တပ်တစ်ခုလုံးသည်
ထွက်ပြေးနေချင်ခဲ့ပြီး မြောက်ဘက်သို့ချီတက်ကြသည်။ ဝူတပ်တို့က နောက်မှတိုက်ခိုက်သောကြောင့်
အသုံးမဝင်သော နန်းတွင်းအသုံးအဆောင်များ၊ အထုတ်အပိုးများကို ပစ်ထားစေသည်။ နဂါးသင်္ဘောတို့သည်
ဟွိုင်မြစ်ကမ်းဘက်သို့ဆုတ်ခွာသွားသည်။
ထိုသို့ဖရိုဖရဲဖြစ်နေချိန်တွင်
ဗုံတီးသံ၊နှဲသံတို့ကိုကြားလိုက်ရပြီး "စွန်းရှောက်"(Sun Shao) ၏တပ်ပေါ်လာသည်။
ဝေတပ်ကြီးသည် မခုခံနိုင်သောကြောင့် များစွာသေကြေခဲ့လေသည်။ လူအမြောက်အများသည် မြစ်ထဲသို့ကျကာ
ရေနှစ်ကုန်သည်။ စစ်သည်တို့သည် ကြိုးစားကာ ဧကရာဇ်ကိုကယ်ဆယ်ပြီးနောက် တပ်ဆုတ်ကြရာ မကြာမီတွင်ပင်
မီးတောက်နေသော ကျူပင်တို့ကိုတွေ့လိုက်သည်။ ရန်သူတို့သည် ကျူခြောက်ပေါ်တွင် ငါးဆီတို့ကိုလူးကာ
မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုမီးတို့သည် ဝေသင်္ဘောများထံစွဲသွားပြီး တောက်လောင်ခဲ့ရာ သင်္ဘောတို့ကိုရပ်တန့်ခဲ့ရသည်။
"ချောင်ဖီ"(Cao Pi) ကို လှေပေါ်သို့သွားစေကာ ကမ်းသို့ကပ်စေသည်။ ပိုမိုကြီးမားသောသင်္ဘောများအားလုံးတို့သည်
မီးရှို့ဖျက်စီးခံခဲ့ရသည်။ ဧကရာဇ်ကို မြင်းပေါ်တင်ပြီးနောက် မြစ်ကမ်းတစ်လျှောက်သွားစေကာ
"တင်းဖုန်း"(Ding Feng) ၏တပ်ကူနှင့်တွေ့သည်။ "ကျန်းလျောင်"(Zhang
Liao) သည် "တင်းဖုန်း"(Ding Feng) နှင့်ရင်ဆိုင်ခဲ့ပြီး ပေါင်ကိုမြားမှန်သွားခဲ့သည်။
"ရွှီဟွမ်"(Xu Huang) မှ သူ့ကိုကယ်လိုက်ပြီး ဧကရာဇ်ကိုလည်း လုံခြုံရာသို့ပို့နိုင်ခဲ့သည်။
တပ်များအမြားအပြားသေဆုံးခဲ့သည့်အပြင် မြင်းများ၊ လှည်းများ၊ သင်္ဘောများနှင့် လက်နက်များကို
ရန်သူတို့က သိမ်းပိုက်သွားကြသည်။
ဝေတပ်ကြီးသည်စစ်အကြီးအကျယ်ရှုံးကာ
ပြန်လှည့်ခဲ့ရပြီး "တင်းဖုန်း"(Ding Feng) က အောင်ပွဲခံသည်။ "စွန်းချွမ်"(Sun
Quan) မှ သူ့အား ထိုက်တန်စွာဆုချခဲ့သည်။
"ကျန်းလျောင်"(Zhang
Liao) သည် ရွှီချန်သို့ပြန်ရောက်ခဲ့သော်လည်း ပြင်းထန်သောဒဏ်ရာကြောင့် သေဆုံးခဲ့သည်။
ဝေဧကရာဇ်မှ စစ်သူကြီးကိုကောင်းစွာမြှုပ်နှံစေခဲ့သည်။
ကျောက်ယွင်"(Zhao
Yun) သည် ချန်အန်းကိုတိုက်ရန်ပြုနေသော်လည်း ဝန်ကြီးချုပ်မှ ပြန်ခေါ်သောကြောင့် ပြန်ဆုတ်သွားခဲ့သည်။
အကြောင်းမှာ ယီကျိုးမှ စစ်သူကြီး "ယုံခိုင်"(Yong Kai) သည် မန်မျိုးနွယ်စုတို့ဖြင့်ပူးပေါင်းကာ
တောင်ပိုင်းမှ နယ်ပယ်လေးခုတို့ကိုကျူးကျော်လာသောကြောင့်ဖြစ်သည်။ "ကျောက်ယွင်"(Zhao
Yun) ပြန်လာသောအခါ "မာချောင်း"(Ma Chao) အား ရန်ဖင်ခံတပ်ကိုစောင့်ကြပ်ထားစေသည်။
ဝန်ကြီးချုပ်သည် တောင်ပိုင်းမှ ထကြွသောနယ်ပယ်တို့ကိုနှိမ်နှင်းရန်အတွက် ချန်တူးတွင်
ပြင်ဆင်နေခဲ့သည်။
"လီယီကျီ"
(Li Yiji)1 - လျူဘန်း(Liu Bang) ၏အကြံပေး၊ သံတမန်အမတ်ကြီးဖြစ်သည်။ ချီပြည်ဘုရင်နှင့်ငြိမ်းချမ်းရေးလုပ်ဆောင်ရန်သွားခဲ့ပြီး
ချီဘုရင်က သဘောတူခဲ့သည်။ ထိုသို့ဆွေးနွေးနေကြစဉ် လျူဘန်း(Liu Bang) က ရုတ်တရတ်တိုက်လေရာ
ချီဘုရင်က ဒေါသထွက်ပြီး "လီယီကျီ"(Li Yiji) ကို ဆီပူထဲသို့ ပစ်ချစေခဲ့သည်။
Comments