သုံးနိုင်ငံခေတ်(၈၉)
အခန်း(၈၉) ဝူရှန်သခင်သည် စတုတ္ထအကြိမ်ပရိယာယ်သုံးခြင်း။ မန်ဘုရင်သည် ပဉ္စမအကြိမ်အဖမ်းခံရခြင်း။
"ကျူးကဲလျန့်"(Zhuge
Liang) ၏လှည်းယာဉ်ကို မြင်းသည်တော်အချို့ကသာ စောင့်ကြပ်နေခဲ့သည်။ ရေစီးနှေးသော အနောက်ဘက်မြစ်အကြောင်းကို
ကြားသိပြီးနောက် လှေသင်္ဘောတို့မရှိသောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ ကိုယ်ရံတော်တပ်တို့ကို
သစ်တို့အားခုတ်လှဲစေကာ ဖောင်တို့ပြုလုပ်စေသည်။ ထိုသို့ပြုလုပ်ခဲ့သော်လည်း ဖောင်တို့မှာ
ရေထဲနစ်သွားခဲ့သည်။ ထို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) မှ "လုခိုင်"(Lu
Kai) ဘက်သို့လှည့်ကာ
"ဒီနားမှာ
ဝါးပင်တွေအများကြီးရှိတဲ့တောင်တစ်တောင်ရှိတယ်။ ဒါ့အပြင် အဲ့ဝါးတွေက လုံးပတ်တော်တော်ကြီးတယ်လို့ပြောတယ်။
အဲ့ဒါတွေကိုသုံးပြီးတော့ တံတားလုပ်ပြီး တပ်ဖွဲ့တွေကိုဖြတ်ခိုင်းရမယ်"
ထို့ကြောင့်
တပ်သားသုံးသောင်းကိုတောင်ပေါ်သို့လွှတ်ပြီး ဝါးပင်ပေါင်းထောင်ပေါင်းများစွာကိုခုတ်လှဲစေကာ
မြစ်ပေါ်တွင် ပေါ်နေစေခဲ့သည်။ ထို့နောက် မြစ်ကြောင်းအကျဉ်းဆုံးနေရာတွင် အထွာတစ်ရာခန့်ရှည်သော
တံတားထိုးခဲ့သည်။ ပြီးနောက် တပ်မကြီးကို မြစ်အောက်ဖျားပိုင်းသို့ချီတက်စေကာ မြစ်ကမ်းတလျှောက်စခန်းချထားစေသည်။
စခန်းကို ကျုံး၊ ရေပေါ်,ပေါ်နေသော တံတားနှင့် ခံတပ်တို့က အကာအကွယ်ပေးထားသည်။ တောင်ဘက်ကမ်းတွင်
တပ်စခန်းကြီးသုံးခုချထားပြီး မန်တပ်တို့ရောက်လာပါက ကာကွယ်ရန်ဖြစ်သည်။
သူတို့သိပ်ကြာကြာမျှမစောင့်လိုက်ရပဲ
ဒေါသထွက်နေသော "မုန့်ဟော်"(Meng Huo)
ရောက်လာသည်။ မြစ်နားသို့ရောက်သောအခါ ဓားကြီးနှင့်ဒိုင်းတို့ကိုင်ထားသည့် ကြမ်းတမ်းခက်ထန်သောသူရဲကောင်းတစ်သောင်းတို့အား
ပထမဆုံးခံတပ်ကို တိုက်စေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ရိုးရှင်းစွာပင်ထွက်လာသည်။
သူသည် အဖြူရောင်ခေါင်းဆောင်းကိုဆောင်းထားပြီး အဖြူရောင်အဝတ်ကိုဝတ်ထားသည်။ လက်ထဲတွင်လည်း
ငှက်မွှေးယပ်တောင်ကိုကိုင်ထားကာ မြင်းလေးကောင်ဆွဲသောလှည်းပေါ်တွင်ထိုင်နေသည်။ သူ၏ဘေးဘီဝဲယာတို့သည်
စစ်သူကြီးတို့ မြင်းပေါ်တွင်ရှိကြသည်။
မန်ဘုရင်သည်
ကြံ့သားရေဖြင့်ပြုလုပ်ထားသော စစ်မက်အင်္ကျီကိုဝတ်ဆင်ကာ အနီရောင်ခမောက်ဆောင်းထားသည်။
ဘယ်ဘက်လက်တွင် ဒိုင်းကိုကိုင်ထားကာ ညာဘက်တွင် ဓားကိုဆုတ်ကိုင်ထားသည်။ သူသည် အနီရောင်နွားသိုးကိုစီးထားသည်။
သူ့ရန်သူတို့ကိုမြင်သည်နှင့် ပါးစပ်ဟကာ ဆဲရေးတိုင်ထွာပြီး စော်ကားမော်ကားပြောဆိုလေသည်။
သူ၏သူရဲကောင်းတို့သည်လည်း လက်နက်တို့ကိုကိုင်ကာ ဟိုဟိုသည်သည်လှည့်လှည်ပြနေသည်။
"ကျူးကဲလျန့်"(Zhuge
Liang) မှ တပ်ဖွဲ့တို့ကို တပ်စခန်းအတွင်းသို့ဝင်ပြီး တံခါးတို့ကိုပိတ်ထားရန် အမိန့်ပေးလိုက်သည်။
မန်မျိုးနွယ်တို့သည် တပ်စခန်းနားသို့လာပြီး မြူးထူးခုန်ပေါက်ကာ မခံချင်အောင်အော်ဟစ်ခဲ့သည်။
ရှူတပ်စစ်သူကြီးတို့သည် ဒေါသအလွန်ထွက်ပြီး ခေါင်းဆောင်နှင့်သွားတွေ့ကာ ထွက်တိုက်ရန်ပြောကြသည်၊
သို့သော် "ကျူးကဲလျန့်"(Zhuge Liang) က ထိုအစီအစဉ်ကို လက်မခံခဲ့ပဲ
"ဒီလူတွေက
တိုင်းပြည်ရဲ့အုပ်ချုပ်မှုစနစ်ကိုမနာခံတော့ အဲ့လိုပဲ ကြမ်းကြုတ်ပြီးထင်တိုင်းကြဲနေမှာပဲ။
အဲ့လိုအခြေအနေမှာ ကျုပ်တို့က သူတို့ကိုမတိုက်နိုင်ဘူး။ ကျုပ်တို့လုပ်ရမှာက သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေလျှော့သွားဖို့
ရက်အနည်းငယ်လောက်စောင့်ရမယ်။ အဲ့လိုဆိုရင်တော့ သူတို့ကိုအောင်နိုင်မယ့်အကြံရှိတယ်"
ရက်အနည်းငယ်ကြာပြီးနောက်
ရှူတပ်ကြီးသည် မည်သည့်လှုပ်ရှားမှုမှမပြုခဲ့ပဲ ခုခံမှုတို့သာပြုနေသည်။ "ကျူးကဲလျန့်"(Zhuge
Liang) သည် ဝန်းရံထားသောသူတို့ကို အမြင့်တနေရာမှကြည့်ကာ ယခင်ကရှိခဲ့သောတက်ကြွမှုတို့ပျောက်ကာ
ပျင်းရိ၊သတိလျှော့ပေါ့ကုန်ပြီဖြစ်ကြောင်းသတိပြုမိသည်။ ထို့ကြောင့် "ကျူးကဲလျန့်"(Zhuge
Liang) မှ စစ်သူကြီးတို့ကိုခေါ်ကာ
"ခင်ဗျားတို့
အခုတိုက်ပွဲဝင်ရဲလား"
အကုန်လုံးမှာ
ဝမ်းမြောက်သွားကြသည်။ ပြီးနောက် စစ်သူကြီးတို့ကို တစ်ယောက်ချင်းစီသော်လည်းကောင်း၊ နှစ်ယောက်စီသော်လည်းကောင်း
ခေါ်တွေ့ပြီး အမိန့်အသီးသီးပေးခဲ့သည်။ ပထမဆုံး "ကျောက်ယွင်"(Zhao Yun) နှင့်
"ဝေရန်"(Wei Yan) တို့ဝင်သွားကြသည်။ ပြီးနောက် "ဝမ်ဖင်"(Wang
Ping) နှင့် "မာကျုံး"(Ma Zhong) တို့ဝင်သည်။ ပြီးနောက် "မာတိုက်"(Ma
Dai) အား
"ကျုပ်က
ဒီတပ်စခန်းတွေကိုစွန့်ပြီး မြစ်ရဲ့မြောက်ဘက်ကိုသွားတော့မှာ။ ကျုပ်တို့တွေထွက်သွားတာနဲ့
ခင်ဗျားက ပေါ်လောပေါ်နေတဲ့တံတားကို ဖြည်လျှော့ပြီးတော့ ရေစီးအတိုင်းအောက်ကိုစီးသွားအောင်
လုပ်ပါ။ ဒါမှ ကျောက်ယွင်(Zhao Yun) နဲ့ ဝေရန်(Wei Yan) တို့က ဒါကိုအသုံးချနိုင်မှာ"
ပြီးနောက်
"ကျန်းယီ"(Zhang Yi) အား
"ခင်ဗျားက
စခန်းထဲမှာပဲနေပြီး ညအခါမှာ လူတွေရှိနေသေးသယောင်မီးတွေထွန်းထားပါ။ မုန့်ဟော်(Meng
Huo) တပ်လိုက်လာတဲ့အချိန်မှာ ခင်ဗျားက သူ့ပြေးပေါက်ကိုပိတ်ထားရမယ်"
နောက်ဆုံး
"ကွမ်းဆော်"(Guan Suo) ကိုမူ "ကျူးကဲလျန့်"(Zhuge Liang) ၏လှည်းကို
စောင့်ကြပ်စေသည်။ ညနေဘက်တွင် တပ်သားတို့သည်ချီတက်သွားကြပြီး ပုံမှန်အတိုင်း မီးအိမ်တို့ကိုထွန်းညှိထားသည်။
မန်တို့သည် အဝေးမှမီးတို့ထွန်းထားသည်ကိုမြင်သောအခါ လာပြီးမတိုက်ရဲကြပေ။ နောက်ရက်အရုဏ်တက်ချိန်တွင်
"မုန့်ဟော်"(Meng Huo) သည် သူ့တပ်သားတို့ကိုဦးဆောင်ပြီးချီတက်သောအခါ ရန်သူ့တပ်စခန်းမှာ
တိတ်ဆိတ်နေသည်ကိုသတိပြုမိသည်။ သွားကြည့်သောအခါတွင် စစ်သားတစ်ဦးတစ်ယောက်မျှမရှိပဲ ဆန်စပါးနှင့်အစားအစာအချို့ကို
မြင်တွေ့ရကာ ရန်သူတို့မှာ အလျင်စလိုတပ်ဆုတ်သွားပုံပေါ်ခဲ့သည်။ "မုန့်ယို"(Meng
You) မှ
"သူတို့တွေ
တပ်စခန်းကိုစွန့်သွားပြီ။ ဒါပေမယ့် ဒါကပရိယာယ်ပဲဖြစ်မယ်"
သို့သော်
"မုန့်ဟော်"(Meng Huo) မှ
"ကျူးကဲလျန့်(Zhuge
Liang) က စားနပ်ရိက္ခာတွေတောင် မသယ်နိုင်ပဲ အလျင်စလိုထွက်သွားတယ်ဆိုတာ မြို့တော်က အရေးကြီးသတင်းရောက်လာလို့ဖြစ်မယ်။
ဝူက ကျူးကျော်လာတာလား၊ ဝေပြည်ကလာတိုက်တာလား တခုခုပဲ။ မီးအိမ်တွေကိုထွန်းထားခဲ့ပြီးတော့
စခန်းမှာ လူရှိသလိုလုပ်သွားတယ်၊ ဒါပေမယ့် သူတို့က အကုန်လုံးထားခဲ့ပြီးပြေးသွားတာပဲ။
သူတို့ကိုလိုက်တိုက်ရင် မမှားနိုင်ဘူး"
ထို့ကြောင့်
ဘုရင်သည် ရှေ့ပြေးတပ်ကိုဦးဆောင်ကာ ချီတက်သည်။ အနောက်ဘက်မြစ်ကမ်းသို့ရောက်သောအခါ တဖက်တွင်
ရွက်ဖျင်တဲတို့စီစီရီရီရှိနေပြီး သစ်လွင်သောအလံတို့မှာလည်း ယခင်ကအတိုင်းပင် လွင့်ထူထားသည်။
မြစ်ကမ်းတလျှောက်တွင် အဝတ်တို့ကိုနံရံသဖွယ်ကာထားသည်။ သူတို့သည် ရန်သူတို့ကိုမတိုက်ရဲကြပေ။
"မုန့်ဟော်"(Meng Huo) မှ ညီဖြစ်သူအား
"ဒါ
ကျူးကဲလျန့်(Zhuge Liang) က ကျုပ်တို့တွေလာတိုက်မှာစိုးလို့လုပ်ထားတာပဲ။ ဒါက ယာယီရပ်တန့်တာပဲ၊
သူတို့တွေ နောက်နှစ်ရက်လောက်ဆိုဆုတ်သွားလိမ့်မယ်"
မန်တို့သည်
မြစ်ကမ်းတွင်စခန်းချကာ တောင်ပေါ်သို့သွားပြီး ဝါးတို့ကိုခုတ်ပြီးဖောင်များပြုလုပ်သည်။
ဖောင်များမပြီးဆုံးသေးခင်အထိ အရဲရင့်ဆုံးသောစစ်သည်တို့ကိုရှေ့ဆုံးတွင်ထားထားစေသည်။
သို့သော် ရှူစစ်သည်တို့မှာ သူ့နယ်နိမိတ်ထဲသို့ရောက်နေနှင့်ပြီဖြစ်ကြောင်းကို
"မုန့်ဟော်"(Meng Huo) မမှော်လင့်ထားခဲ့ပေ။
မုန်တိုင်းကျသော
ရက်တစ်ရက်တွင် မန်တို့သည် သူတို့အနီးတွင် မီးတို့တောက်လောင်နေသည်ကိုသတိပြုမိသည်။ တစ်ချိန်တည်းမှာပင်
ဗုံသံတို့ကြားလိုက်ရပြီး ရန်သူတို့လာတိုက်သည်။ မန်တို့သည် ရန်သူတို့ကိုခုခံရမည့်အစား
ရှူတပ်၏လက်မှလွတ်မြောက်အောင်သာ ထွက်ပြေးကြလေသည်။ "မုန့်ဟော်"(Meng Huo) သည်လည်း
ကြောက်လန့်ကာ သူ့မျိုးနွယ်စုဝင်များနှင့်မှီခိုသူများနှင့်အတူထွက်ပြေးသည်။ သူတို့သည်
ယခင်တပ်ချထားရာ စခန်းသို့ပြန်ရောက်လာသည်။
ထိုသို့ရောက်ပြီးမကြာမီတွင်ပင်
"ကျောက်ယွင်"(Zhao Yun) ဦးဆောင်သောတပ်တို့ပေါ်လာသည်။ "မုန့်ဟော်"(Meng
Huo) သည် တောတောင်ထဲသို့ပြေးသော်လည်း "မာတိုက်"(Ma Dai) ဦးဆောင်သောတပ်၏
အပြင်းအထန်တိုက်ခိုက်မှုကိုခံခဲ့ရသည်။ နောက်လိုက်နောက်ပါအနည်းငယ်နှင့်အတူ လျှိုမြောင်တစ်ခုသို့ရောက်လာခဲ့သည်။
မကြာမီတွင် အနောက်ဘက်၊ မြောက်ဘက်နှင့် တောင်ဘက်တို့မှ မီးခိုးငွေ့များတက်လာသည်ကိုမြင်လိုက်ရပြီး
မီးရောင်တို့ကိုတွေ့လိုက်ရသောအခါ ရပ်တန့်ခဲ့သည်။ သို့သော် အရှေ့ဘက်တွင်မူ ကြည်လင်နေသဖြင့်
ထိုနေရာသို့ထွက်ပြေးခဲ့သည်။ သူသည် လျှိုမြောင်တစ်ခု၏အဝနားသို့ရောက်လာသည့်အခါ မြင်းတပ်အချို့သည်
လှည်းယာဉ်တစ်စီးကိုစောင့်ကြပ်လာသည်ကိုတွေ့လိုက်သည်။ ထိုလှည်းပေါ်တွင် "ကျူးကဲလျန့်"(Zhuge
Liang) ထိုင်နေသည်။
"ကျူးကဲလျန့်"(Zhuge
Liang) မှ ရယ်ကာ
"မန်ဘုရင်က
ဒီကိုရောက်လာပြီပဲ။ ကောင်းကင်ကြီးက ဘာတွေလုပ်လိုက်လို့ ခင်ဗျားစစ်ရှုံးသွားတာလဲ? ကျုပ်ဒီမှာ
စောင့်နေတာ တော်တော်ကြာသွားပြီ"
"မုန့်ဟော်"(Meng
huo) သည် ဒေါသတကြီးဖြင့် သူ၏နောက်လိုက်နောက်ပါတို့ဘက်လှည့်ကာ
"ဒီလူရဲ့ကောက်ကျစ်စဉ်းလဲမှုကြောင့်
ကျုပ်သုံးကြိမ်သုံးခါရှုံးနိမ့်ရခဲ့ပြီး ကျုပ်ကိုအရှက်ရစေခဲ့တယ်။ အခုတော့ သူက ကျုပ်လမ်းမှာပေါ်လာပြီ။
မင်းတို့တွေအစွမ်းကုန်သုံးပြီး သူ့ကိုတိုက်ခိုက်ရမယ်။ သူ့ကိုရော၊ သူနဲ့ပါလာတဲ့လူတွေကိုပါ
အပိုင်းပိုင်းခုတ်ရမယ်"
"မုန့်ဟော်"(Meng
Huo) ၏အော်ဟစ်ကာ အားပေးမှုတို့ကြောင့် မန်မြင်းသည်တော်တို့သည် တိုက်ခိုက်ရန်အလျင်အမြန်ချီတက်ကြသည်။
သို့သော် မကြာမီတွင်မှာပင် အကုန်လုံးလဲကျပြီး အသင့်တူးထားသော ကျင်းထဲသို့ကျကုန်သည်။
ထိုအချိန်မှာပင် "ဝေရန်"(Wei Yan) သည် သစ်တောထဲမှထွက်လာပြီး မန်မျိုးနွယ်တို့ကို
ကျင်းထဲမှခေါ်ထုတ်ကာ ကြိုးတို့ဖြင့်တုတ်နှောင်လိုက်သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် သူ၏စခန်းသို့ပြန်လာပြီး ဘုရင်ကိုဖမ်းထားသောသူတို့မှ သုံ့ပန်းကိုခေါ်လာသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် အခြားသော မန်သုံ့ပန်းတို့ကို သာယာချေငံစွာဆက်ဆံခဲ့သည်။
အရာရှိများ၊ ခေါင်းဆောင်များသည် နောက်လိုက်နောက်ပါတို့ဖြင့် သူတို့ကိုယ်ပိုင်လျှိုမြောင်များ၊
ရွာများသို့ပြန်သွားကြသည်။ ကျန်ရစ်ခဲ့သောလူတို့သည် ရှူပြည်၏လက်အောက်တွင် အညံ့ခံခဲ့ကြလေသည်။
ထိုသူတို့ကို ကောင်းစွာကျွေးမွေးကာ လုံခြုံမှုကိုလည်းမစိုးရိမ်စေပဲ ပြန်လွှတ်ပေးခဲ့သည်၊
သို့ဖြင့် အကုန်လုံးက ဝမ်းမြောက်စွာထွက်သွားကြသည်။
ပြီးနောက်
"ကျန်းယီ"(Zhang Yi) သည် ဘုရင်၏ညီ "မုန့်ယို"(Meng You) ကိုခေါ်လာသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ သူ့အစ်ကို၏အပြုအမူနှင့်ပတ်သတ်ပြီး ဝေဖန်ခဲ့သည်။
"ခင်ဗျားအစ်ကိုက
ဆုံးဖြတ်ချက်တွေအလွဲလွဲအချော်ချော်ချတတ်တဲ့ လူအလူနပဲ။ အခုခင်ဗျားက စတုတ္ထအကြိမ်အဖမ်းခံရပြန်ပြီ။
ခင်ဗျားမရှက်ဘူးလား? ခင်ဗျား တခြားလူတွေကိုမျက်နှာရောပြရဲရဲ့လား"
"မုန့်ယို"(Meng
You) ၏မျက်နှာမှာ ရှက်သွားခဲ့ပြီး မြေပေါ်သို့ပစ်လှဲကာ တောင်းပန်သည်။
"ခင်ဗျားကို
သေဒဏ်ပေးရင်တောင် ဒီနေ့တော့မဟုတ်သေးဘူး။ ဒီတစ်ခါတော့ ခင်ဗျားကိုခွင့်လွှတ်လိုက်မယ်။
ဒါပေမယ့် ခင်ဗျားက ခင်ဗျားအစ်ကိုနားဝင်အောင်ပြောရမယ်"
သို့နှင့်
"မုန့်ယို"(Meng You) ၏ကြိုးတို့ကိုဖြည်ပေးလိုက်သည်။ "မုန့်ယို"(Meng
You) သည် ငိုကာ ထွက်သွားသည်။
မကြာမီတွင်ပင်
"ဝေရန်"(Wei Yan) သည် "မုန့်ဟော် (Meng Huo) ကိုခေါ်လာရာ "ကျူးကဲလျန့်"(Zhuge
Liang) မှ တဖက်လူဒေါသထွက်အောင်
"ခင်ဗျား
ဘာပြောနိုင်သေးလဲ? ခင်ဗျား ကျုပ်လက်ထဲရောက်လာပြန်ပြီမဟုတ်လား"
"ကျုပ်က
ကံဆိုးခြင်းရဲ့သားကောင်ဖြစ်ခဲ့တာပါ။ ကျုပ်တော့ ခင်ဗျားရဲ့ပိုက်ကွန်ထဲကိုဝင်ခဲ့မိတော့
အခုကျုပ်မျက်လုံးကိုပိတ်ပေးမယ့်လူတောင်မရှိတော့ဘူး"
"ကျူးကဲလျန့်"(Zhuge
Liang) မှ အာဏာပါးကွက်သားတို့ကိုခေါ်ပြီး သေဒဏ်ပေးရန်ဆိုလိုက်သည်။ "မုန့်ဟော်"(Meng
Huo) သည် ထိုစကားကိုကြားသော်လည်း ကြောက်လန့်ခြင်းမရှိပဲ သူ့ကိုဖမ်းလာသူဘက်လှည့်ကာ
"ကျုပ်ကို
နောက်တစ်ကြိမ်ထပ်လွှတ်ပေးမယ်ဆိုရင် လေးကြိမ်အဖမ်းခံခဲ့ရတဲ့အရှက်ကိုပျောက်အောင် လုပ်နိုင်မယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် ထိုရဲရင့်သောစကားကြောင့် ပြုံးကာ ကြိုးတို့ကိုဖြည်စေရန်အမိန့်ပေးလိုက်ပြီး
အစေအပါးတို့က အရက်တို့ကိုယူလာစေသည်။ "မုန့်ဟော်"(Meng Huo) ကို သေနာပတိ၏ရွက်ဖျင်တဲတွင်
ဧည့်သည်အဖြစ်ထိုင်ရန်ဖိတ်ခေါ်ခဲ့သည်။
"ခင်ဗျား
လေးကြိမ်တိုင်တိုင်အဖမ်းခံခဲ့ရတာတောင်မှ ဘာလို့အာခံနေသေးတာလဲ"
"ခင်ဗျားတို့က
ကျုပ်ကို လူရိုင်းလို့ခေါ်ကောင်းခေါ်ကြမယ်၊ ကျုပ်ကတော့ ခင်ဗျားတို့ရဲ့ကောက်ကျစ်တဲ့လှည့်ကွက်တွေကို
အထင်မကြီးသူဖြစ်တယ်။ ဒါကြောင့် ကျုပ်က လက်နက်မချနိုင်သေးတာပဲ"
"ခင်ဗျားကို
လေးကြိမ်တောင်လွှတ်ပေးခဲ့ပြီးပြီ။ ခင်ဗျား စစ်ထပ်တိုက်နိုင်ဦးမယ်ထင်လား"
"ခင်ဗျားသာ
ကျုပ်ကို ထပ်ဖမ်းမိမယ်ဆိုရင် ကျုပ်က စိတ်နှလုံးထဲကလက်နက်ချမှာဖြစ်ပြီး ကျုပ်လျှိုမြောင်ထဲက
အရာတွေအားလုံးကိုလည်း ခင်ဗျားစစ်တပ်အတွက် ပေးအပ်မှာဖြစ်မယ်။ ဒါ့အပြင် နောက်နောင်ရန်မပြုဘူးလို့ကတိသစ္စာဆိုပါ့မယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် ပြုံးလိုက်ပြီးနောက် လွှတ်ပေးလိုက်သည်။ ဘုရင်သည်လည်း ကျေးဇူးတင်ပြီးထွက်သွားသည်။
လွှတ်ပေးလိုက်သည်နှင့် "မုန့်ဟော်"(Meng huo) သည် နောက်လိုက်နောက်ပါထောင်ပေါင်းများစွာနှင့်အတူ
တောင်ဘက်သို့သွားသည်။ မကြာမီတွင်ပင် အစ်ကိုအတွက် လက်စားချေရန်ပြုနေသော "မုန့်ယို"(Meng
You) နှင့်တွေ့သည်။ တစ်ဦးကိုတစ်ဦးတွေ့သည်နှင့် ညီအစ်ကိုနှစ်ယောက်တို့ တစ်ဦးကိုတစ်ဦးဖက်ကာ
ငိုလေသည်။ ပြီးနောက် ကြုံတွေ့ခဲ့သည်တို့ကို တစ်ယောက်ကိုတစ်ယောက်ပြောပြခဲ့သည်။
"မုန့်ယို"(Meng
You) မှ
"ကျွန်တော်တို့ရန်သူတွေကိုမယှဉ်နိုင်ဘူး။
အခု သုံးလေးကြိမ်လောက်စစ်ရှုံးပြီးပြီ။ ဒီတော့ တောတောင်ထဲသွားပြီးတော့ သူတို့ရှာမတွေ့နိုင်မယ့်
နက်တဲ့လျှိုမြောင်တွေမှာ သွားခိုလှုံသင့်တယ်။ ရှူတပ်သားတွေက နွေရာသီရဲ့အပူဒဏ်ကိုမခံနိုင်တော့
ပြန်ဆုတ်သွားကြမှာပဲ"
"ဘယ်မှာ
သွားပုန်းကြမလဲ"
"ဒီကနေ
အနောက်တောင်ဘက်မှာ ဦးပြည်းနဂါးလျှိုမြောင်ဆိုတာရှိတယ်။
အဲ့က ဘုရင် တော်စီ(Duo Si) က ကျွန်တော့ရဲ့မိတ်ဆွေပဲ၊ သူ့ဆီသွားကြရအောင်"
"ကောင်းပြီ၊
မင်းသွားပြီးစီစဉ်လိုက်ပါ"
သို့နှင့်
"မုန့်ယို"(Meng You) လည်း သွားပြီး ခေါင်းဆောင်ဖြစ်သူ ဘုရင် "တော်စီ"(Duo
Si) နှင့်တွေ့သည်။ "တော်စီ"(Duo Su) သည်လည်း သူ၏တပ်သားများနှင့်အတူထွက်လာကာ
"မုန့်ဟော်"(Meng Huo) ကိုကြိုဆိုပြီး လျှိုမြောင်အတွင်းသို့ဝင်ကြသည်။ နှုတ်ဆက်စကားများဆိုပြီးနောက်
"မုန့်ဟော်"(Meng Huo) က သူ့အဖြစ်အပျက်တို့ကိုပြောသည်။
"တော်စီ"(Duo
Si) မှ
"အို၊ဘုရင်၊
စိတ်မပူပါနဲ့။ မြစ်ပြည်နယ်ကလူတွေ ဒီကိုလာရင် ဘယ်သူမှပြန်မသွားနိုင်အောင် ကျွန်တော်လုပ်ဆောင်ပါ့မယ်။
နောက်ပြီး ကျူးကဲလျန့်(Zhuge Liang) လည်း ဒီမှာပဲ သေဆုံးရလိမ့်မယ်"
"မုန့်ဟော်"(Meng
Huo) သည် ဝမ်းမြောက်သွားပြီး အိမ်ရှင်ဖြစ်သူက စိတ်မပူပဲလုံခြုံစွာနေနိုင်သည့်အကြောင်းကိုမေးသည်။
"ဒီလျှိုမြောင်ကိုလာဖို့က
လမ်းနှစ်လမ်းပဲရှိတယ်၊ တစ်လမ်းက ခင်ဗျားတို့လာတဲ့လမ်းဖြစ်ပြီး နောက်လမ်းက အနောက်မြောက်ဘက်ကဖြစ်တယ်။
ခင်ဗျားတို့လာတဲ့လမ်းက ညီညာပြီး ချောမွတ်တယ်၊ ရေလည်း ချိုမြတော့ လူကောမြင်းပါ သုံးနိုင်တယ်။
ဒါပေမယ့် ကျုပ်တို့တွေ လျှိုမြောင်ရဲ့အဝကိုပိတ်ဆို့လိုက်မယ်ဆိုရင် ရန်သူတွေဘယ်လောက်ခွန်အားကြီးကြီး
ဝင်လာနိုင်မှာမဟုတ်ဘူး။ နောက်လမ်းကတော့ မတ်စောက်ပြီး
ကျဉ်းမြောင်းတဲ့အပြင် အန္တရာယ်များတယ်။ ဒါ့အပြင် အဆိပ်ရှိတဲ့မြွေတွေ၊ ကင်းမြီးကောက်တွေရှိပြီး
ညနေစောင်းတာနဲ့ ငှက်ဖျားဖြစ်နိုင်တဲ့အလားအလာတွေရှိတယ်။ အဲ့လမ်းကို နေမဝင်ခင် နှစ်နာရီလောက်အချိန်အတွင်းမှာပဲ
အသုံးပြုနိုင်တယ်။ ဒါ့အပြင် ရေကလည်း သောက်လို့မရဘူး။ ဒါကြောင့် အဲ့လမ်းက အင်မတန်ခက်ခဲတယ်"
"နောက်ပြီး
မြစ်ချောင်းလေးခုဟာလည်း အဆိပ်ရှိတယ်။ ချောင်းတစ်ခုက 'ဆွံ့အခြင်း' ချောင်း လို့ခေါ်ပြီး ရေကကြည့်လို့ကောင်းပေမယ့်
လူတွေကို ရူးသွပ်စေပြီး ရက်အနည်းငယ်အတွင်းမှာသေစေတယ်။ ဒုတိယချောင်းကတော့ 'ပျက်စီးခြင်း'
ချောင်းလို့ခေါ်ပြီး အင်မတန်ပူတယ်။ အဲ့မှာ ရေသွားချိုးရင် အသားတွေပုတ်ပြီး အရိုးတွေပေါ်လာပြီး
သေဆုံးလိမ့်မယ်။ တတိယကတော့ 'အနက်ရောင်'ချောင်းလို့ခေါ်ပြီး ရေက အစိမ်းရောင်ရှိတယ်။ အဲ့ရေကိုယူပြီး
လူအပေါ် ဖြန်းလိုက်ရင် အဲ့လူအသားကမည်းသွားပြီး သေသွားလိမ့်မယ်။ စတုတ္ထကတော့ 'အားအင်နည်းခြင်း'
ချောင်းလို့ခေါ်ပြီး အင်မတန်မှအေးတယ်။ အဲ့ရေကိုသောက်ရင် အားအင်ချိနဲ့ပြီးတော့ သေဆုံးသွားတတ်တယ်။
အဲ့အနီးအနားမှာ အင်းဆက်တွေ၊ ငှက်တွေတောင် မတွေ့နိုင်ဘူး၊ အဲ့နေရာကို ဖြတ်ဖူးတဲ့လူဆိုလို့
လှိုင်းလုံးတွေကိုငြိမ်သက်စေတဲ့စစ်သူကြီးလို့ဘွဲ့ရှိတဲ့ ဟန်စစ်သူကြီး မာယွမ်(Ma
Yuan) ပဲရှိခဲ့ဖူးတယ်။ အရှေ့မြောက်လမ်းကလည်း ပိတ်နေတော့ ခင်ဗျား ရှူတပ်တွေလာမှာစိုးရိမ်စရာမလိုပဲ
အေးအေးဆေးဆေးနေနိုင်ပြီ။ သူတို့တွေအခြားလမ်းတွေလည်း ရှာနိုင်မှာမဟုတ်သလို အဆိပ်ရေတွေကလွဲပြီး
သောက်စရာရေမရှိဘူး။ သူတို့တွေအင်အားဘယ်လောက်များများ သေဆုံးကြမှာပဲ၊ လက်နက်တောင်မလိုဘူး"
"မုန့်ဟော်"(Meng
Huo) သည် သူ၏နဖူးကိုကိုင်ကာ မြောက်အရပ်ကိုကြည့်ပြီး
"ကျုပ်တော့
နေလို့ရမယ့်နေရာရှာတွေ့ခဲ့ပြီ။ ကျူးကဲလျန့်(Zhuge Liang) က ဘယ်လောက်ပဲဉာဏ်နီဉာဏ်နက်များများ၊
ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ စမ်းချောင်းလေးသွယ်က သူ့ကိုချေမှုန်းပြီး ကျုပ်တပ်တွေအတွက်
လက်စားချေပေးလိမ့်မယ်"
ညီအစ်ကိုနှစ်ဦးတို့သည်
ဘုရင် "တော်စီ"(Duo Si) ၏ဧည့်သည်တော်အနေဖြင့် သက်သာစွာနေခဲ့ပြီး စားပွဲသောက်ပွဲများနှင့်အချိန်ဖြုန်းခဲ့သည်။
မန်မျိုးနွယ်စုတို့ပေါ်မလာသောကြောင့်
"ကျူးကဲလျန့်"(Zhuge Liang) သည် အနောက်ဘက်မြစ်မှတပ်တို့ကိုရုတ်သိမ်းပြီး
တောင်ပိုင်းကိုစစ်ချီရန်အမိန့်ပေးခဲ့သည်။ ထိုအချိန်မှာ ခြောက်လပိုင်းဖြစ်ပြီး ခြစ်ခြစ်တောက်ပူသည့်အချိန်ဖြစ်သည်။
ထိုသို့ချီတက်နေကြစဉ် သူလျှိုတို့မှ "မုန့်ဟော်"(Meng Huo) သည် ဦးပြည်းနဂါးချိုင့်ဝှမ်းသို့ဆုတ်ခွာသွားပြီး
လမ်းပေါက်တစ်ပေါက်ကိုပိတ်ထားကြောင်း သတင်းပို့ခဲ့သည်။
"ချိုင့်ဝှမ်းမှာ
တပ်တွေစောင့်ကြပ်ထားပြီး တောင်ကုန်းကလည်း မတ်စောက်တော့ သွားလို့မဖြစ်နိုင်ဘူး"
ထို့ကြောင့်
"ကျူးကဲလျန့်"(Zhuge Liang) သည် "လုခိုင်"(Lu Kai) ကိုခေါ်ပြီး
မေးရာ "လုခိုင်"(Lu Kai) သည်လည်း အခြေအနေကိုသေချာမသိပေ။ "ကျန်းဝမ်"(Jiang
Wan) မှ
"မုန့်ဟော်(Meng
Huo) က စစ်အကြိမ်ကြိမ်ရှုံးနိမ့်တာကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ပဲ ထွက်မလာရဲတော့ဘူး။
ကျွန်တော်တို့တပ်သားတွေလည်း အပူဒဏ်ကြောင့် ပင်ပန်းနေကြပြီ။ ဒီတိုက်ပွဲကိုဆက်တိုက်ရင်လည်း
ဘာကောင်းကျိုးမှရှိလာမှာမဟုတ်တာကြောင့် တပ်ခေါက်ပြီး တိုင်းပြည်ကိုပြန်သင့်ပါတယ်"
"အဲ့လိုသာဆိုရင်
ကျုပ်တို့တွေ မုန့်ဟော်(Meng Huo) ရဲ့ထောင်ချောက်ထဲကျသွားလိမ့်မယ်။ ကျုပ်တို့တွေတပ်ဆုတ်ရင်
သူက နောက်ကလိုက်လာမှာပဲ။ နောက်ပြီး ကျုပ်တို့တွေဒီထိတောင်ရောက်လာပြီးတော့မှ တပ်ဆုတ်ရင်
အလဟဿဖြစ်သွားလိမ့်မယ်"
ထို့နောက်
မန်လူမျိုးအချို့ကိုလမ်းပြအနေဖြင့်ပါဝင်စေကာ "ဝမ်ဖင်"(Wang Ping)ဦးဆောင်သည့်
ရှေ့ပြေးတပ်ကိုလွှတ်ကာ အနောက်မြောက်ဘက်မှလမ်းကိုရှာဖွေစေသည်။ လမ်းကိုရှာတွေ့ပြီးနောက်တွင်
ပထမဆုံးသောစမ်းချောင်းဖြစ်သည့် 'ဆွံ့အခြင်း'
ချောင်းကိုရောက်လာသည်။ ရေဆာနေကြသော လူတို့၊ မြင်းတို့သည် ထိုစမ်းချောင်းတွင် ရေသောက်ကြသည်။
"ဝမ်ဖင်"(Wang
Ping) သည်း သူ၏ရှာတွေ့မှုကိုတင်ပြရန် ပြန်လာခဲ့သည်။ သို့သော် သူစခန်းကိုရောက်သည့်အချိန်တွင်
သူအပါအဝင် တပ်သားတို့သည် စကားမပြောနိုင်ပဲ ပါးစပ်ကိုသာ လက်ညှိုးညွှန်ပြခဲ့သည်။ ထိုအခါ
"ကျူးကဲလျန့်"(Zhuge Liang) သည် သူတို့အဆိပ်မိနေကြောင်း သိသွားကာ စိုးရိမ်သွားသည်။
သူ၏လှည်းယာဉ်နှင့်အတူ အကြောင်းအရင်းကိုရှာဖွေရန် စမ်းချောင်းအနီးသို့ရောက်ခဲ့သည်။ ရေသည်အင်မတန်မှနက်ပြီး
အစိမ်းရင့်ရောင်ရှိသည်။ ရေမျက်နှာပြင်တွင် ရေငွေ့များပျံနေပြီး တက်လိုက်ကျလိုက်ဖြစ်နေသည်။
သူတို့သည် ရေကိုမထိကြပေ။ "ကျူးကဲလျန့်"(Zhuge Liang) သည် ဘေးပတ်ဝန်းကျင်ကို
စူးစမ်းကြည့်ရာ တောတောင်မှအပမည်သည့်အရာမှကိုမတွေ့ပေ။ အင်မတန်မှတိတ်ဆိတ်နေပြီး ငှက်တစ်ကောင်မျှပင်
မရှိသောကြောင့် စိတ်ညစ်သွားခဲ့သည်။
ကျောက်ဆောင်မြင့်တစ်ခုပေါ်တွင်
ကျောင်းဆောင်တစ်ခုကိုတွေ့လိုက်ပြီး ပိတ်ပေါင်းခြုံနွယ်၊ တွားသွားပင်တို့၏အကူအညီဖြင့်
အပေါ်သို့တက်ခဲ့သည်။ ထိုအပေါ်သို့ရောက်သောအခါ ထိုကျောင်းဆောင်တွင် ရုပ်တုကြီးတစ်ခုရှိပြီး
ဘေးတွင် ကျောက်စာတိုင်ရှိသည်။ ကျောက်စာပေါ်တွင် ထိုကျောင်းဆောင်မှာ နာမည်ကြီးစစ်သူကြီး
"မာယွမ်"(Ma Yuan) အတွက် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်းရေးထားသည်။ ရှေးက မန်လူမျိုးတို့ကိုအောင်နိုင်ခဲ့သည့်ခေါင်းဆောင်အတွက်
ဆောက်လုပ်ပေးထားခြင်းဖြစ်သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် အင်မတန်မှလေးစားပြီး
ထိုခေါင်းဆောင်၏ရုပ်တုကိုအရိုအသေပြုကာ
"ကျွန်တော်မျိုးက
ပထမဧကရာဇ်ရဲ့သားတော်၊ လက်ရှိဧကရာဇ်ရဲ့ယုံကြည်မှုကိုရရှိပြီး မန်တွေကိုနှိမ်နင်းဖို့ရောက်လာတာဖြစ်တယ်။
ပြီးရင်တော့ ဝေပြည်ကိုတိုက်၊ ဝူပြည်ကိုသိမ်းပြီး ဟန်တိုင်းပြည်ကိုပြန်လည်စည်းရုံးစေမှာပါ။
ဒါပေမယ့် တပ်သားတွေက နယ်မြေမကျွမ်းကျင်တော့ စမ်းချောင်းကရေကိုသောက်ပြီး စကားမပြောနိုင်တော့ဘူး။
ဒါကြောင့် လက်ရှိဧကရာဇ်ရဲ့ကြင်နာမှုနဲ့တရားမျှတမှုကို ငဲ့ညှာပြီး တပ်ဖွဲ့ကြီးကိုစောင့်ရှောက်ပေးပါ"
ထိုသို့ဆုတောင်းပြီးနောက်
"ကျူးကဲလျန့်"(Zhuge Liang) သည် ကျောင်းဆောင်မှထွက်လာသည်။ ဒေသခံတို့အား မေးခွန်းများမေးနေသည့်အချိန်တွင်
အသက်အရွယ်ကြီးရင့်သောလူတစ်ဦးသည် တုတ်တစ်ချောင်းဖြင့်လျှောက်လာသည်ကို မြင်သည်။ ထိုသူ၏ထူးခြားသောအသွင်ကြောင့်
သတိထားမိပြီး ကျောင်းဆောင်သို့ရောက်လာသောအခါ "ကျူးကဲလျန့်"(Zhuge Liang)
မှ ထိုအဘိုးအိုကိုဝင်လာစေသည်။ နှုတ်ဆက်စကားတို့ဆိုပြီးနောက် အဘိုးအိုသည် ကျောက်တုံးပေါ်တွင်
ထိုင်ပြီး "ကျူးကဲလျန့်"(Zhuge Liang) က စကားစမြည်စပြောသည်။ အဘိုးအိုမှ
"အို၊
ဝန်ကြီး၊ ခင်ဗျားရဲ့ကျော်ကြားမှုကို ကျုပ်ကြားသိရပြီး အခုတွေ့ရတာဝမ်းသာပါတယ်။ မန်မျိုးနွယ်စုတွေက
ခင်ဗျားရဲ့သနားကြင်နာမှုကြောင့် အသက်မဆုံးရှုံးခဲ့ဘူး။ အကုန်လုံးက ခင်ဗျားရဲ့ကြင်နာမှုကို
လေးစားကြတယ်"
ထိုအခါ
"ကျူးကဲလျန့်"(Zhuge Liang) မှ သူသိချင်နေသော စမ်းချောင်း၏လျှို့ဝှက်ချက်ကို
မေးသည်။ အဘိုးအိုမှ
"ဒါက 'ဆွံ့အခြင်း' ချောင်း လို့ခေါ်တယ်။ တပ်သားတွေက အဲ့ကရေသောက်ပြီးရင်
ရက်အနည်းငယ်အတွင်း သေလိမ့်မယ်။ ဒါ့အပြင် ပျက်စီးခြင်း၊ အနက်ရောင်နဲ့ အားအင်နည်းခြင်းဆိုတဲ့
စမ်းချောင်းသုံးခုရှိသေးတယ်။ အကုန်လုံးမှာ အခိုးအငွေ့တွေရှိပြီး ညနေမစောင်းခင် နှစ်နာရီလောက်အတွင်းမှာမှ
အဲ့အခိုးအငွေ့တွေ ပျောက်တာဖြစ်တယ်"
"အဲ့လိုဆို
မန်တွေကိုအောင်နိုင်လို့မရဘူးပေါ့။ ဝူကိုလည်း မချုပ်ထားနိုင်သလို ဝေကိုလည်း မတိုက်နိုင်သေးဘူး၊
ဟန်တိုင်းပြည်ကိုလည်း ပြန်မထူထောင်နိုင်ဘူး။ အဲ့လိုဆို ကျုပ်က မင်းသားပေးခဲ့တဲ့တာဝန်ကိုမထမ်းဆောင်နိုင်ဘူး။
ကျုပ်ရဲ့နိဂုံးများလား"
"တအားစိတ်ဓာတ်မကျပါနဲ့၊
ဝန်ကြီး။ ဒီအရာတွေကိုဖြေရှင်းနိုင်တဲ့နေရာကို ကျွန်တော်ညွှန်ပြပေးနိုင်ပါတယ်"
"အဘိုးက
ညွှန်ကြားမှုကို နားထောင်ပါရစေ။ ကျွန်တော့အတွက် ဘာအကြံများပေးနိုင်ပါမလဲ? ကျွန်တော့ကိုပြောပြပေးဖို့တောင်းပန်ပါတယ်"
"ဒီကနေသိပ်မဝေးတဲ့
အနောက်ဘက်အရပ်မှာ လျှိုမြောင်တစ်ခုရှိတယ်။ အဲ့အဝကနေ ခုနစ်မိုင်အကွာမှာတော့ ထာဝရငြိမ်းချမ်းမှုစမ်းချောင်းလို့ခေါ်တဲ့
ချောင်းလေးရှိပြီး အပြင်လောကနဲ့အဆက်အသွယ်မပြုတဲ့ စမ်းချောင်းရသေ့ဆိုတာရှိတယ်။ သူက အဲ့လျှိုမြောင်ကနေ
အပြင်ကိုမထွက်တာ အနှစ်နှစ်ဆယ်ရှိပြီ။ သူ့တဲအိမ်နောက်မှာတော့ စိမ့်စမ်းရေရှိပြီး 'ငြိမ်းချမ်းပျော်ရွှင်ခြင်း'ရေလို့ခေါ်တယ်။
အဲ့ဒါက ခင်ဗျားအဆိပ်ကိုဖြေပေးနိုင်မယ့်အရာပဲ။ အဲ့ရေကိုချိုးရင် ငှက်ဖျားရောဂါနဲ့ ကိုယ်ရေပြားရောဂါတွေပျောက်ကင်းစေတယ်။ ဒါ့အပြင် အဲ့အိမ်အနီးမှာ 'ကြက်သွန်အမွှေးနံ့သာ' လို့ခေါ်တဲ့အပင်တစ်မျိုးပေါက်တယ်။
အဲ့အရွက်ကိုဝါးစားရင်လည်း ငှက်ဖျားရောဂါကိုကာကွယ်နိုင်တယ်။ အဲ့ရသေ့ရဲ့တဲကျောင်းဆောင်ကိုသွားပြီး
ဒီဆေးတွေကိုရယူတာ အကောင်းဆုံးနည်းပါပဲ"
"ကျူးကဲလျန့်"(Zhuge
Liang) သည် အကြံပေးသောအဘိုးအိုကို ရိုကျိုးစွာ ကျေးဇူးတင်ခဲ့သည်။
"အဘိုးရဲ့စာနာမှု၊
သနားကြင်နာမှုတွေကြောင့် ဝမ်းမြောက်မိရပါတယ်။ အဘိုးကို ဘယ်လိုခေါ်ရမလည်းမသိဘူး"
အဘိုးအိုသည်
ကျောင်းဆောင်အတွင်းသို့ဝင်သွားကာ
"ကျုပ်က
ဒီတောင်ရဲ့တောင်စောင့်နတ်ပဲ၊ မာယွမ်(Ma Yuan) က ခင်ဗျားကိုကူညီပေးဖို့လွှတ်လိုက်တာ"
ထိုသို့ပြောပြီးနောက်
ကျောင်းဆောင်အနောက်မှ ကျောက်တုံးကိုအော်ဟစ်လိုက်ပြီး ကျောက်တုံးသည်အလိုအလျောက်ဟသွားကာ
ထိုထဲသို့ဝင်သွားလေသည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် စကားမပြောနိုင်လောက်အောင် အလွန်အမင်းအံ့ဩသွားခဲ့သည်။ ကျောင်းစောင့်နတ်ကို
နောက်တစ်ကြိမ်အရိုအသေပြုပြီးနောက် ပြန်ထွက်သွားကာ စခန်းသို့ပြန်ခဲ့သည်။
နောက်ရက်တွင်
အမွှေးနံ့သာနှင့်လက်ဆောင်တို့ကိုထုတ်ပိုးပြီး "ဝမ်ဖင်"(Wang Ping) နှင့်နေမကောင်းဖြစ်နေသောတပ်သားတို့ကိုခေါ်ကာ
အဘိုးအိုညွှန်ပြသည့်အနောက်ဘက်သို့ သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လျှိုမြောင်ကိုရှာတွေ့ပြီး
ကျဉ်းမြောင်းသောလမ်းမှတဆင့် သွားပြီးနောက် ထင်းရှူးပင်ကြီးငယ်၊ လှပသောဝါးပင်တို့အပြင်
တင့်တယ်သောပန်းပင်တို့ဝန်းရံထားသည့် တဲအိမ်အချို့ကိုတွေ့သည်။ နေရာတစ်ခုလုံးတွင် မွှေးပျံ့သောရနံ့တို့သင်းနေခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် ထိုနေရာကိုရှာတွေ့သည်နှင့် ဝမ်းမြောက်ကာ တံခါးခေါက်ခဲ့သည်။ လူငယ်လေးတစ်ယောက်က
တံခါးလာဖွင့်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) က သူ့နာမည်ပြောလိုက်ပြီးနောက်
အိမ်ရှင်ထွက်လာသည်။
"အခုလာတဲ့ဧည့်သည်တော်က
ဟန်တိုင်းပြည်ရဲ့ဝန်ကြီးချုပ်မဟုတ်ပါလား"
ထိုသူမှာ
ဆံပင်တို့ကိုဝါးဘီးဖြင့်အုပ်ထားကာ မြက်ဖိနပ်ကိုဝတ်ထားပြီး အဖြူရောင်အဝတ်ကိုဝတ်ဆင်ထားလျက်
အနက်ရောင်ခါးပန်းကြိုးဖြင့်စီးထားသည်ကို သတိပြုမိသည်။ ထိုသူ့မျက်လုံးမှာ အစိမ်းရောင်ရှိပြီး
အဝါရောင်ဆံပင်ရှိသည်။
"ကြီးကျယ်တဲ့စာပေပညာရှင်ခင်ဗျား၊
ဘယ်လိုကြောင့်ကျွန်တော့ကိုသိရတာလဲ?"
"ခင်ဗျားတောင်ပိုင်းကို
စစ်ချီလာတာ ကျွန်တော်မကြားသိပဲ ဘယ်ရှိပါ့မလဲ"
"ကျူးကဲလျန့်"(Zhuge
Liang) ကို အိမ်ထဲသို့ဖိတ်ခေါ်ခဲ့ပြီး ဧည့်သည်နှင့်အိမ်ရှင်တို့နေရာအသီးသီးယူပြီးနောက်တွင်
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ကွယ်လွန်သွားပြီဖြစ်တဲ့
ကျွန်တော့သခင် ပထမဧကရာဇ်ဟာ သူ့နန်းမွေဆက်ခံတဲ့သားတော်ကို ကူညီစောင့်ရှောက်ဖို့ ကျွန်တော့ကိုတာဝန်ပေးခဲ့တယ်။
အဲ့သားတော်၊ လက်ရှိဧကရာဇ်ဟာ ကျွန်တော့ကိုတောင်ဘက်ကိုစစ်ချီဖို့အမိန့်ပေးခဲ့ပြီး မန်လူမျိုးတွေကိုကျွန်တော်တို့ဘက်ပါစေပြီး
ကျွန်တော်တို့ယဉ်ကျေးမှုတွေကိုဖလှယ်စေခဲ့တယ်။ ဒါပေမယ့် စိတ်ပျက်စရာကောင်းတာက ဘုရင် မုန့်ဟော်(Meng
Huo) ဟာ ဦးပြည်းနဂါးလျှိုမြောင်မှာပုန်းနေပြီး ကျွန်တော့တပ်သားတချို့ဟာ လမ်းတဝက်မှာ
စမ်းချောင်းကရေကိုသောက်မိပြီး စကားမပြောနိုင်ဖြစ်နေတယ်။ ဒါပေမယ့် မနေ့ညနေတုန်းက ရှေးကစစ်ချီခဲ့တဲ့ခေါင်းဆောင်
မာယွမ်(Ma Yuan) ရဲ့ဝိညာဉ်က ကိုယ်ထင်ပြပြီး ကြီးကျယ်တဲ့ခင်ဗျားမှာ ဒီအတွက် ဖြေဆေးရှိတယ်လို့ပြောပြခဲ့တယ်။
ဒါကြောင့် သနားတဲ့အနေတဲ့ကျွန်တော့တပ်သားတွေရဲ့အသက်ကို ကယ်ဖို့ ဖြေဆေးရေကိုပေးပါလို့တောင်းဆိုချင်ပါတယ်"
"ကျွန်တော်က
တောတောင်ထဲမှာ နေ,နေတဲ့ အသုံးမကျတဲ့သာမန်အဘိုးအိုသာဖြစ်ပြီး ဝန်ကြီးကိုယ်တိုင်လာရောက်လည်ပတ်ရအောင်
မတင့်တယ်ပါဘူး။ ဝန်ကြီးအလိုရှိတဲ့ရေဟာ ကျွန်တော့တဲအိမ်နောက်မှာရှိပြီး ဆန္ဒရှိသလောက်ယူနိုင်ပါတယ်"
ထို့နောက်
လူငယ်လေးသည် "ဝမ်ဖင်"(Wang Ping) နှင့် စကားမပြောနိုင်သောသူတို့အား ငြိမ်းချမ်းပျော်ရွှင်ခြင်းစမ်းချောင်းသို့ခေါ်သွားပြီး
ထိုရေတို့ကိုခပ်ပြီး တိုက်ခဲ့သည်။ ထိုရေကိုသောက်လိုက်သည်နှင့် အဆိပ်ရှိသောအချွဲတို့ကိုအန်ထုတ်ပြီးနောက်
စကားပြောနိုင်သည်။ ထိုလူငယ်သည် ထာဝရငြိမ်းချမ်းမှုစမ်းချောင်းသို့ခေါ်သွားကာ ရေချိုးစေသည်။
တဲအိမ်ထဲတွင်
ရသေ့မှ "ကျူးကဲလျန့်"(Zhuge Liang) အား စိုက်ပရပ်ပင်အစေ့နှင့် ထင်းရှူးရွက်တို့ထည့်ထားသော
ရေနွေးကြမ်းဖြင့်ဧည့်ခံသည်။ ပြီးနောက် ဧည့်သည်အား
"ဒီဒေသမှာ
မြွေတွေ၊ ကင်းမြီးကောက်တွေပေါပြီး နှင်းပန်းပင်တွေက လေနဲ့အတူ စမ်းချောင်းတွေထဲကျတာကြောင့်
ရေကိုသောက်သုံးဖို့အဆင်မပြေဘူး။ ဒါပေမယ့် ရေတွင်းတွေတူးရင်တော့ ရေကောင်းရေသန့်ကိုရပါလိမ့်မယ်"
ထို့နောက်
"ကျူးကဲလျန့်"(Zhuge Liang) သည် ငှက်ဖျားရောဂါကာကွယ်နိုင်သည့် ကြက်သွန်အမွှေးနံ့သာပင်ကိုပေးရန်တောင်းဆိုခဲ့သည်။
ရသေ့မှာ ကြိုက်သလောက်ယူရန်ခွင့်ပြုပေးသဖြင့် တစ်ယောက်စီသည် အရွက်တစ်ရွက်စီကို ပါးစပ်ထဲထည့်ခဲ့သဖြင့်
ငှက်ဖျားကိုမကြောက်တော့ပေ။ "ကျူးကဲလျန့်"(Zhuge Liang) သည် ကျေးဇူးရှင်ဖြစ်သူကိုအရိုအသေပြုကာ
နာမည်မေးခဲ့သည်။ ရသေ့မှပြုံးကာ
"ကျွန်တော်က
မုန့်ဟော်(Meng Huo) ရဲ့အစ်ကိုအကြီးဆုံးဖြစ်ပြီး မုန့်ကျဲ(Meng Jie) လို့ခေါ်ပါတယ်"
"ကျူးကဲလျန့်"(Zhuge
Liang) မှာ အံ့ဩသွားသည်။
"မလန့်ပါနဲ့၊
ကျွန်တော် ရှင်းပြပါ့မယ်။ ကျွန်တော်တို့မှာ ညီအစ်ကိုသုံးယောက်ရှိပြီး ကျွန်တော်က အကြီးဆုံးပါ။
မိဘတွေကတော့ ကွယ်လွန်သွားပါပြီ။ ကျွန်တော့ညီ မုန့်ဟော်(Meng Huo) က ခေါင်းမာပြီးရက်စက်တယ်။
ယဉ်ကျေးမှုတွေကိုလည်း လက်မခံဘူး၊ ကျွန်တော်သူ့ကိုအကြိမ်ကြိမ်ဖြောင်းဖျပေမယ့် နားမဝင်ခဲ့ဘူး။
နောက်ဆုံးတော့ ဝန်ကြီးက ဒုက္ခခံပြီး ဘာမှမရှိတဲ့ဒီတိုင်းပြည်ကိုရောက်လာခဲ့တယ်။ ဒါပေမယ့်
အဲ့ဒါကြောင့်လည်း ကျွန်တော် ဝန်ကြီးချုပ်နဲ့တွေ့ခွင့်ရခဲ့တယ်။ ကျွန်တော် အစ်ကိုတစ်ယောက်အနေနဲ့တာဝန်မကျေခဲ့တဲ့အတွက်
ကျွန်တော် အကြိမ်တစ်ထောင်လောက်သေသင့်ပါတယ်။ ဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်"
"ကျူးကဲလျန့်"(Zhuge
Liang) မှ သက်ပြင်းချပြီး
"အခုတော့
ဓားပြ လျူကျီ(Liu Zhi) နဲ့ ကြီးမြတ်တဲ့ လျူရှဟွေ့(Liu Xiahui) ပုံပြင်ကို လက်ခံသွားခဲ့ပြီ။
အခုလည်း အတူတူပဲ၊ မကောင်းတဲ့လူနဲ့ သနားကြင်နာတတ်တဲ့လူဟာ တစ်ဝမ်းထဲ၊ တစ်ပင်ထဲက မွေးနိုင်၊
ပေါက်ဖွားနိုင်တာပဲမဟုတ်လား။ ကျွန်တော် ခင်ဗျားရဲ့စွမ်းဆောင်မှုတွေကို ဧကရာဇ်ဆီတင်ပြပြီး
ခင်ဗျားကို ဘုရင်အဖြစ်ခန့်အပ်စေရင် မကောင်းဘူးလား"
"ကျွန်တော်က
ဒါတွေကိုမလိုလားလို့ ဒီမှာနေ,နေမှတော့ ရာထူးဂုဏ်သိန်၊ ကြွယ်ဝချမ်းသာမှုတွေကိုမက်ပါ့မလား"
"ကျူးကဲလျန့်"(Zhuge
Liang) သည် လက်ဆောင်တို့ကိုပေးရန်ပြုခဲ့သော်လည်း အိမ်ရှင်က လက်မခံခဲ့ပေ။ သို့နှင့်
"ကျူးကဲလျန့်"(Zhuge Liang) သည် နှုတ်ဆက်ပြီး သူ့စခန်းသို့ပြန်ခဲ့သည်။
စခန်းသို့ရောက်သည်နှင့်
တပ်သားတို့ကိုရေတွင်းတူးရန် အမိန့်ပေးခဲ့သည်။ တပ်သားတို့သည် ရေတွင်းအနက်ကြီးတူးသော်လည်း
ရေမထွက်လာပေ။ အခြားနေရာတို့ကိုတူးသော်လည်း မထူးခြားခဲ့ပေ။ ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ကုန်သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် ညအခါတွင် အမွှေးတိုင်တို့ကိုထွန်းကာ နတ်ဘုရားကိုပူဇော်ခဲ့သည်။
"အရှင့်ကျေးကျွန်
ကျူးကဲလျန့်(Zhuge Liang) ဟာ ဟန်တိုင်းပြည်ရဲ့ကျေးဇူးကိုခံစားခဲ့ရပြီး မန်မျိုးနွယ်တွေကိုနှိမ်နှင်းဖို့တာဝန်ပေးခံခဲ့ရပါတယ်။
ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျွန်တော်တို့ပါလာတဲ့ရေတွေမကျန်တော့ပဲ လူတွေရော၊ တိရစ္ဆာန်တွေပါ
ရေဆာနေပါတယ်။ အရှင်သာ ဟန်တိုင်းပြည်ကိုဆက်လက်တည်ရှိအောင်စွမ်းဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ကို
ချိုမြိန်တဲ့ရေပေးသနားဖို့တောင်းဆိုပါတယ်။ ဒါပေမယ့် ဟန်ရဲ့နိဂုံးချုပ်ချိန်တန်ပြီဆိုရင်တော့
ကျွန်တော်ရော၊ ကျွန်တော်နဲ့အတူပါလာတဲ့သူတွေပါ ဒီမှာသေဆုံးပါရစေ"
နောက်ရက်မနက် ရေတွင်းတို့တွင် ချိုသောရေတို့ပြည့်နေခဲ့သည်။
ရေတို့ရှိသောကြောင့်
တပ်သားတို့သည် စိတ်ဓာတ်များတက်ကြွသွားခဲ့သည်။ စစ်တပ်ကြီးသည် ဦးပြည်းနဂါးလျှိုမြောင်နားရှိတောင်ကုန်းသို့ချီတက်ပြီး
ထိုနေရာတွင်စခန်းချထားသည်။
ထိုသတင်းကို
"မုန့်ဟော်"(Meng Huo) ကြားသောအခါ လန့်သွားခဲ့သည်။
"ရန်သူ့တပ်တွေက
ရေဆာပုံမပေါ်သလို နေမကောင်းဖြစ်နေပုံလည်းမရဘူး။ ကျွန်တော်တို့စမ်းချောင်းတွေက အစွမ်းပြယ်သွားပြီထင်တယ်"
ထိုအကြောင်းကို
ဘုရင် "တော်စီ"(Duo Si) က ကြားသော်လည်း မယုံပေ။ သူနှင့် "မုန့်ဟော်"(Meng
Huo) တို့သည် ကုန်းမြင့်ထက်သွားပြီး ရန်သူ့စခန်းကိုကြည့်ခဲ့သည်။ သူတို့သည် ဖျားနာခြင်းမရှိသလို
စိုးရိမ်ပူပန်မှုလည်း မရှိပေ၊ စခန်းထဲတွင် တည်ငြိမ်အေးဆေးစွာလှုပ်ရှားနေကြပြီး ရေသယ်၊
ထမင်းချက်၊ စားသောက်၊ မြင်းစာတို့ကိုကျွေးမွေးနေကြသည်။ "တော်စီ"(Duo Si)
သည် ထိုသူတို့ကိုကြည့်ပြီး ဆံပင်ထောင်မတတ် ထိတ်လန့်သွားသည်။
"သူတို့တွေက
လူတွေမဟုတ်ဘူး၊ ကောင်းကင်ဘုံကဖြစ်မယ်"
"ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကတော့
ဒီရှူတပ်တွေနဲ့သေသေကြေကြေတိုက်ပြီး သေရင်လည်း တိုက်ခိုက်ပြီးသေမယ်။ ရန်သူတွေဖမ်းဆီးတာကို
မခံနိုင်ဘူး"
"ဒါပေမယ့်
ဘုရင်၊ ခင်ဗျားရဲ့တပ်ကြီးရှုံးနိမ့်သွားရင် ကျုပ်မိသားစုတွေလည်း သေဆုံးလိမ့်မယ်။ ဒီတော့
လျှိုမြောင်မှာရှိတဲ့လူတွေစိတ်ဓာတ်တက်ကြွအောင် အရင်လုပ်ရမယ်။ ကျွဲတွေ၊ မြင်းတွေကိုသတ်ပြီး
သူတို့ကိုကျွေးမွေးပြီးတော့ မီးကိုကျော်၊ရေကိုဖြတ်ပြီး ရန်သူ့စခန်းကိုတိုက်စေပြီး အနိုင်ယူရမယ်"
သို့နှင့်
မန်မျိုးနွယ်တို့စစ်မချီခင် စားသောက်ပွဲကြီးတည်ခင်းလေသည်။ ထိုသို့ပွဲတော်ကြီးပြုလုပ်နေစဉ်
အနောက်ဘက်ရှိ လျှိုမြောင်နှစ်ဆယ့်တစ်ခုကိုအုပ်ချုပ်သည့် ဘုရင် "ရန်ဖုန်း"(Yang
Feng) သည် တပ်သားသုံးသောင်းနှင့်အတူရောက်လာသည်။ "မုန့်ဟော်"(Meng Huo) သည်
သူတို့အင်အားတိုးလာသည့်အတွက် အင်မတန်မှဝမ်းသာသွားပြီး အောင်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။
ထို့ကြောင့် သူနှင့် "တော်စီ"(Duo Si) တို့က ရောက်လာသူကိုသွားကြိုသည်။
"ရန်ဖုန်း"(Yang Feng) မှ
"ကျုပ်ဆီမှာ
သံချပ်ကာတွေဝတ်ထားပြီး ရဲရင့်သတ္တိရှိတဲ့သူရဲကောင်း အယောက်သုံးသောင်းပါတယ်၊ သူတို့တွေက
တောင်ပေါ်က ပျံလွှားနိုင်သလို ထိပ်ဖျားတွေကိုလည်း ဖြတ်ကျော်နိုင်တယ်။ ရန်သူတွေမှာ တပ်မကြီးပေါင်းတစ်ရာရှိရင်တောင်မှ
သူတို့တွေက ရန်သူတွေကို အနိုင်ယူနိုင်တယ်။ ဒါ့အပြင် ကျုပ်ရဲ့သားငါးယောက်က စစ်မက်ရေးရာမှာ
လေ့ကျင့်ထားကြသူတွေဖြစ်ပြီး ဘုရင်တို့တတွေကို ကူညီနိုင်တယ်"
ထိုသားငါးယောက်ကို
ခေါ်လာစေရာ ထိုလူငယ်အားလုံးတို့သည် ရုပ်ရည်ချောမောပြီး ရဲရင့်ကာ သူရသတ္တိနှင့်ပြည့်စုံသည့်ပုံပေါ်သည်။
ထိုသားအဖတို့ကို စားသောက်ပွဲတွင် ဧည့်ခံရာ တစ်ဝက်တပျက်ခန့်တွင် "ရန်ဖုန်း"(Yang
Feng) မှ စကားလမ်းကြောင်းလွှဲသည်။
"ဒီစားပွဲမှာ
မဖြစ်စလောက်ပျော်ရွှင်မှုပဲရှိတယ်။ ဒါကြောင့် ကျွန်တော် ဓားရေးလေ့ကျင့်ထားကြတဲ့ ဒီဒေသခံ
အဆိုမယ်တွေကိုခေါ်လာတယ်။ ခင်ဗျားတို့စိတ်ဝင်စားရင် သူတို့ကိုဖျော်ဖြေခိုင်းလိုက်မယ်"
ဧည့်ခံနေသောသူတို့ကလည်း
ဝမ်းပန်းတသာလက်ခံသည်။ မကြာခင်တွင်ပင် မိန်းမပျိုအယောက်သုံးဆယ်သည် ရွက်ဖျင်တဲသို့ဝင်လာသည်။
သူတို့၏ဆံပင်တို့မှာ ပုခုံးထိကျနေပြီး ခြေဗလာနှင့်ဖြစ်သည်။ သူတို့သည် ကခုန်ပြီးနောက်
အပြင်သို့ထွက်သွားသည်။ အထဲတွင်ရှိသော ဧည့်သည်တို့သည် လက်ခုတ်လက်ဝါးတီးပြီး သူတို့၏စွမ်းရည်ကိုချီးကျူးကြသည်။
စစ်သားတို့သည်လည်း အတူတကွ သီချင်းဆိုသည်။
ပြီးနောက်
ဖခင်ဖြစ်သူက အချက်ပေးလိုက်သည်နှင့် သားနှစ်ဦးတို့သည် အရက်ခွက်ကိုကိုင်ကာ "မုန့်ဟော်"(Meng
Huo) နှင့် "တော်စီ"(Duo Si) ကိုပေးလိုက်သည်။ "မုန့်ဟော်"(Meng
Huo) နှင့် "တော်စီ"(Duo Si) တို့သည် အရက်ကိုနှုတ်ခမ်းနားကပ်ပြီး သောက်မည်အပြုတွင်
"ရန်ဖုန်း"(Yang Feng) က တစ်ချက်အော်ဟစ်ပြီး အမိန့်ပေးလိုက်ရာ ထိုင်နေသော
ညီနောင်နှစ်ဦးတို့သည်ထပြီး ခေါင်းဆောင်တို့ကိုဖမ်းလိုက်သည်။ "တော်စီ"(Duo
Si) သည် ထခုန်ကာ ထွက်ပြေးမည်ပြုသော်လည်း "ရန်ဖုန်း"(Yang Feng) က ဖမ်းချုပ်လိုက်သဖြင့်
သူသည်လည်း အကျဉ်းသားဖြစ်သွားခဲ့သည်။
မန်မျိုးနွယ်အမျိုးသမီးတို့သည်
ရွက်ဖျင်တဲရှေ့တွင်တန်းစီနေပြီး မည်သူမှအထဲမဝင်ရဲကြပေ"
"မုန့်ဟော်"(Meng
Huo) မှ
"ယုန်သေဆုံးတဲ့အခါမှ
မြေခွေးက စိတ်မကောင်းဖြစ်တယ်။ အုပ်ချုပ်သူတွေအချင်းချင်း စာနာကြတယ်။ ကျုပ်တို့တွေက
ခေါင်းဆောင်တွေဖြစ်ပြီး မိတ်ဆွေတွေဖြစ်တာကြာခဲ့ပြီ။ ဘာလို့ကျုပ်ကို ဒုက္ခပေးရတာလဲ"
"ဝန်ကြီး
ကျူးကဲလျန့်(Zhuge Liang) က ကျုပ်နဲ့ကျုပ်လူတွေအပေါ်ထားခဲ့တဲ့ကျေးဇူးကို ပြန်ဆပ်ရမယ်။
ဒါပေမယ့် ခင်ဗျားမပုန်ကန်ခင်က ဘယ်လိုဆပ်ရမလည်းမသိဘူး။ သူပုန်ကိုဖမ်းတာ ဘာများမှားလဲ"
"မုန့်ဟော်"(Meng
Huo) ၊ "မုန့်ယို"(Meng You) နှင့် "တော်စီ"(Duo Si) တို့ကို
"ရန်ဖုန်း"(Yang Feng) လက်ထဲတွင်ထားခဲ့ကာ မန်သူရဲကောင်းတို့သည် လျှိုမြောင်များစီသို့ပြန်သွားကြသည်။
"ရန်ဖုန်း"(Yang
Feng) သည် အကျဉ်းသားတို့ကို ရှူတပ်စခန်းစီသို့ခေါ်ကာ ရွက်ဖျင်တဲရှေ့တွင် အရိုအသေပေးပြီး
"ကျွန်တော်ရယ်၊
ကျွန်တော့သားတွေရယ်၊ ကျွန်တော့ညီရဲ့သားတွေက ဝန်ကြီးချုပ်ရဲ့ကြင်နာမှုအတွက် အထူးကျေးဇူးတင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ဒီသူပုန်တွေပေးပြီး လာဆက်သတာပါ"
"ကျူးကဲလျန့်"(Zhuge
Liang) သည် "ရန်ဖုန်း"(Yang Feng) ကို ဆုလာဘ်ပေးကာ "မုန့်ဟော်"(Meng
Huo) ကို ရှေ့သို့ခေါ်လာစေသည်။
"ဒီအခေါက်တော့
ခင်ဗျား လက်နက်ချဖို့အဆင်သင့်ဖြစ်ပြီလား"
"ဒါက
ခင်ဗျားရဲ့ကိုယ်ပိုင်အစွမ်းမဟုတ်ပဲ ကျုပ်လူတွေကသစ္စာဖောက်တာကြောင့် ကျုပ်ဒီကိုရောက်လာတာဖြစ်တယ်။
ခင်ဗျား ကျုပ်ကိုသတ်ချင်သတ်ပါ၊ လက်နက်မချနိုင်ဘူး"
"ဒီဆိုးရွားတဲ့စမ်းချောင်းလေးသွယ်ရှိပြီး
ရေမရှိတဲ့နေရာကို ကျုပ်စစ်တပ်တွေချီလာတာက ခင်ဗျားကြောင့်ဆိုတာ သိတယ်မလား? ဒါတောင်မှ
ကျုပ်တပ်သားတွေက အဆိပ်မမိသလို ထိခိုက်ဆုံးရှုံးမှုလည်း မရှိဘူး။ ဒါက ကျုပ်တို့ကိုကာကွယ်နေတဲ့ထူးခြားတဲ့အစွမ်းရှိတယ်ဆိုတာ
ပြတဲ့သက်သေပဲမဟုတ်လား? ခင်ဗျားက ဘာလို့ဒီလိုခေါင်းမာပြီး မှားယွင်းတဲ့လမ်းကိုပဲသွားနေတာလဲ"
"ကျုပ်ရဲ့ဘိုးဘေးတွေက
ငွေကျင်းတောင်ကုန်းကိုသိမ်းပိုက်ထားခဲ့ပြီး မြစ်သုံးသွယ်နဲ့သစ်တောနှစ်ခုဟာ သူတို့ရဲ့ခံတပ်တွေဖြစ်ခဲ့တယ်။
ခင်ဗျားသာ အဲ့ခံတပ်ကိုသိမ်းနိုင်မယ်ဆိုရင် ကျုပ်ရော၊ ကျုပ်အရိုက်အရာဆက်ခံသူတွေပါ ခင်ဗျားတို့အာဏာကိုအသိအမှတ်ပြုပြီး
လက်နက်ချပါမယ်"
"ခင်ဗျားကို
နောက်တစ်ကြိမ်လွှတ်ပေးဦးမယ်။ ခင်ဗျားတပ်တွေစုစည်းပြီး တိုက်ခိုက်ဖို့လုပ်မယ်။ အဲ့နောက်မှာ
သုံ့ပန်းထပ်ဖြစ်ပြီး ခေါင်းမာဦးမယ်ဆိုရင်တော့ ခင်ဗျားရဲ့တစ်မိသားစုလုံးကို သေဒဏ်ပေးရလိမ့်မယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် အကျဉ်းသားကိုကြိုးဖြည်ပေးပြီးသွားခွင့်ပြုရန် အာဏာပါးကွက်သားတို့အားအမိန့်ပေးလိုက်သည်။
သူထွက်သွားပြီးနောက် "မုန့်ယို"(Meng You) နှင့် "တော်စီ"(Duo
Si) တို့ကိုခေါ်ပြီး အစားအသောက်နှင့် အရက်ကျွေးမွေးကာ လွှတ်ပေးလိုက်သည်။ သို့သော် သူတို့သည်
စိတ်နောက်နေခဲ့ပြီး "ကျူးကဲလျန့်"(Zhuge Liang) မျက်နှာကိုမကြည့်ရဲပေ။ သူတို့ကို
လမ်းခရီးတွင်သုံးရန်အတွက် မြင်းများပေးလိုက်သည်။
Comments