သုံးနိုင်ငံခေတ်(၉၄)


အခန်း(၉၄) နှင်းမုန်တိုင်းကြားဝယ် "ကျူးကဲလျန့်"(Zhuge Liang) သည် ချန်းမျိုးနွယ်စုတို့ကိုအနိုင်ယူခဲ့ခြင်း။
"စီးမာယီ"(Sima Yi) သည် "မုန့်တာ"(Meng Da) ကို လျင်မြန်စွာဖမ်းဆီးခြင်း။

ရှူတပ်ကြီးကိုနှိမ်နှင်းရန်အတွက် "ကောဟွိုင်"(Guo Huai) ပြောသည့်အကြံမှာ အောက်မှာအတိုင်းဖြစ်သည်။
"ချန်းမျိုးနွယ်စုတွေက ဝေပြည်တည်ထောင်သူလက်ထက်ကတည်းက ပုံမှန်လက်ဆောင်ပဏ္ဏာတွေပေးလာခဲ့တာ။ ဖီဧကရာဇ်ကလည်း သူတို့အပေါ် ကောင်းမွန်စွာဆက်ဆံခဲ့တယ်။ ဒီတော့ သူတို့ဆီသံတမန်လွှတ်ပြီး ကောင်းကောင်းပြောဆိုပြီးတော့ ရှူတပ်တွေကိုတိုက်ခိုင်းရမယ်။ တချိန်တည်းမှာပဲ ကျုပ်တို့က တခြားတဖက်ကနေတိုက်မယ်ဆိုရင် အောင်မြင်မှုအကြီးအကျယ်မရပဲ ဘယ်ရှိပါ့မလဲ"
ထို့ကြောင့် ချန်းမျိုးနွယ်စုထံသို့သံတမန်စေလွှတ်ခဲ့သည်။ အနောက်ချန်းမျိုးနွယ်စုဘုရင်နာမည်မှာ "ချဲ့လီကျိ"(Cheli Ji) ဖြစ်ပြီး "ချောင်ချောင်း"(Cao Cao) လက်ထက်မှစပြီး လက်ဆောင်ပဏ္ဏာများပေးခဲ့သူဖြစ်သည်။ သူ့လက်အောက်တွင် ဝန်ကြီးနှစ်ဦးရှိပြီး တစ်ဦးမှာ ပြည်တွင်းရေးဖြစ်ကာ ကျန်တစ်ဦးမှာ စစ်မက်ရေးရာကိုတာဝန်ယူသူဖြစ်သည်။ သူတို့မှာ ဝန်ကြီးချုပ် "ယာတန့်"(Ya Dan) နှင့် ခေါင်းဆောင် "ယွဲကျိ"(Yue Ji) တို့ဖြစ်သည်။

စာနှင့်အတူ ရွှေနှင့်ပုလဲတို့ကိုလက်ဆောင်အဖြစ်ပို့သစေခဲ့ပြီး သံတမန်သည် ဝန်ကြီးချုပ် "ယာတန့်"(Ya Dan) နှင့်တွေ့ဆုံကာ လက်ဆောင်တို့ကိုပေးပြီး အကူအညီတောင်းခဲ့သည်။ ပြီးနောက် ဘုရင်နှင့်တွေ့ခွင့်ရပြီး ပါလာသောစာနှင့်လက်ဆောင်တို့ကိုပေးအပ်ခဲ့သည်။ ဘုရင်မှလက်ခံပြီး သူ့အတိုင်ပင်ခံတို့ကိုခေါ်ကာ ဆွေးနွေးခဲ့သည်။
"ယာတန့်"(Ya Dan) မှ
"ကျွန်တော်တို့တွေက ဝေပြည်နဲ့အဆက်အသွယ်တွေရှိပြီး အခု ချောင်ကျန်း(Cao Zhen) က မဟာမိတ်ဖွဲ့ဖို့အကူအညီတောင်းတော့ ဒါကိုလက်ခံသင့်ပါတယ်"
"ချဲ့လီကျိ"(Cheli Ji) ကလည်း လက်ခံပြီး သူ၏ခေါင်းဆောင်ဝန်ကြီးနှစ်ဦးတို့ကို တပ်သားနှစ်သိန်းခွဲကိုပြင်ဆင်ရန် အမိန့်ပေးခဲ့သည်။ ထိုလေ့ကျင့်ထားသောတပ်ထဲတွင် မြားနှင့်ဒူးလေးတပ်သားများ၊ လှံ၊ဓားသမား၊ ဝှေ့ယမ်းသောကျိုင်းကိုင်ဆောင်သူနှင့် ပစ်သောတူကိုကိုင်ဆောင်သူတို့ပါဝင်ကြသည်။ ထိုလက်နက်မျိုးစုံအပြင် မျိုးနွယ်စုတပ်တွင် သံပြားတို့ဖြင့်ကာရံထားသော စစ်ရထားတပ်များလည်း ပါဝင်သည်။ စားနပ်ရိက္ခာများစွာနှင့် အပိုလက်နက်ပစ္စည်းတို့ပါ ပြင်ဆင်စေပြီး ၎င်းတို့ကိုစစ်ရထားများပေါ်တွင် တင်ထားခဲ့သည်။ ထိုစစ်ရထားတို့ကို မြင်းများ၊ ကုလားအုတ်များက ဆွဲကြသည်။ ၎င်းတို့ကို သံချပ်ကာစစ်ရထားဟုခေါ်ကြသည်။

ခေါင်းဆောင်နှစ်ဦးတို့သည် ဘုရင်အားနှုတ်ဆက်ကာ ရှီးဖင်ခံတပ်သို့ရောက်လာခဲ့သည်။ ခံတပ်စောင့်သောစစ်သူကြီး "ဟန်ကျန်း"(Han Zhen) သည် ထိုအကြောင်းကို "ကျူးကဲလျန့်"(Zhuge Liang) အားအသိပေးခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ဘယ်သူ ချန်းမျိုးနွယ်စုတွေကိုသွားတိုက်ချင်လဲ"
"ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့မှသွားလိုကြောင်းပြောခဲ့သည်။
"မင်းတို့တွေလွှတ်လို့ရတယ်။ ဒါပေမယ့် နယ်မြေတွေ၊ လူတွေအကြောင်းကိုမသိတော့ မာတိုက်(Ma Dai) နဲ့အတူသွားရမယ်"
ပြီးနောက် "မာတိုက်"(Ma Dai) အား
"ခင်ဗျားက ဒီမှာ အကြာကြီးနေဖူးတော့ ချန်းမျိုးနွယ်စုတွေအကြောင်းသိမှာပေါ့။ ဒီတော့ လမ်းပြအနေနဲ့လိုက်သွားပါ"

လက်ရွေးစင်တပ်သားငါးထောင်ကိုရွေးချယ်ပြီးနောက် ရက်ပေါင်းများစွာချီတက်ကာ ရန်သူတို့ရှိရာသို့ချဉ်းကပ်လာခဲ့သည်။ "ကွမ်းရှင်း"(Guan Xing) သည် မြင်းသည်တော်တစ်ရာနှင့်အတူအရင်သွားကာ တောင်ကုန်းတစ်ခုပေါ်မှ အခြေအနေကိုကြည့်ရှုခဲ့သည်။ ချန်းတပ်ကြီးသည် ချီတက်လာခဲ့ပြီး စစ်ရထားတို့သည် ရှေ့နောက်ကပ်လျက်ရှိနေခဲ့သည်။ ပြီးနောက် သူတို့သည် ရပ်တန့်ကာ စခန်းချပြီး လက်နက်တို့ကို စစ်ရထားရပ်ထားရာတလျှောက်ထောင်ထားရာ မြို့ရိုးတံတိုင်းပုံစံဖြစ်နေခဲ့သည်။ "ကွမ်းရှင်း"(Guan Xing) သည် သေချာလေ့လာခဲ့ပြီးနောက် အချိန်အကြာကြီးစဉ်းစားခဲ့သော်လည်း ရန်သူတို့ကိုမည်သို့အနိုင်ယူရမည်မသိ ဖြစ်နေသည်။ သူသည်စခန်းသို့ပြန်လာပြီး လုပ်ဖော်ကိုင်ဘက်နှစ်ဦးနှင့်တိုင်ပင်သည်။ "မာတိုက်"(Ma Dai) မှ
"မနက်ဖြန်မှာ ကျုပ်တို့တပ်တွေခင်းကျင်းထားရင် သူတို့ဘာလုပ်မယ်ဆိုတာ စောင့်ကြည့်ပြီး ပိုပြီးနားလည်တော့မှ ထပ်တိုင်ပင်တာပေါ့"
နောက်ရက်တွင် တပ်ကိုသုံးဖွဲ့ခွဲကာ "ကွမ်းရှင်း"(Guan Xing) သည် အလယ်၊ "ကျန်းပေါက်"(Zhang Bao) သည် လက်ဝဲတပ်နှင့် "မာတိုက်"(Ma Dai) သည် လက်ယာတပ်ကို တာဝန်ယူကာ ချီတက်သည်။

ရန်သူတို့သည်လည်း တိုက်ခိုက်ရန်ပြင်ဆင်လေသည်။ စစ်ပွဲခေါင်းဆောင် "ယွဲကျိ"(Yue Ji) သည် လက်တွင် သံကျိုင်းကိုကိုင်ထားပြီး ခါးတွင် သစ်သားဖြင့်ပြုလုပ်ထားသော လေးကိုချိတ်ထားသည်။ ပြီးနောက် မြင်းကိုခုန်စေကာ ရှေ့သို့ထွက်လာသည်။ "ကွမ်းရှင်း"(Guan Xing) သည် တပ်သုံးတပ်လုံးကိုရှေ့ထွက်ရန်အမိန့်ပေးလိုက်သည်။ ထိုအခါ ရန်သူတို့၏အလယ်ဘက်မှ စစ်ရထားတို့သည် အရှိန်ပြင်းစွာဖြင့်ထွက်လာသည်။ ထို့အပြင် ချန်းမျိုးနွယ်တို့က မြားတို့ဖြင့်ပစ်ရာ ရှူတပ်ကြီးသည် မယှဉ်နိုင်ခဲ့ပေ။ ဘယ်၊ ညာတပ်ဖြစ်သည့် "မာတိုက်"(Ma Dai) နှင့် "ကျန်းပေါက်"(Zhang Bao) တို့က တပ်ဆုတ်သွားရာ ရန်သူတို့သည် အလယ်ကိုဝိုင်းထားခဲ့သည်။
"ကွမ်းရှင်း"(Guan Xing) သည် ထွက်ပြေးရန်ကြိုးစားသော်လည်း စစ်ရထားတို့က တံတိုင်းကဲ့သို့ပိတ်ပင်ထားသောကြောင့် မပြေးနိုင်ခဲ့ပေ။ ရှူတပ်ကြီးသည် အားကိုးရာမဲ့ဖြစ်နေခဲ့ပြီး "ကွမ်းရှင်း"(Guan Xing) သည် တောင်ဘက်သို့သွားကာ လမ်းရှာခဲ့သည်။ ညမှောင်လာသည့်အခါတွင် အနက်ရောင်အလံဖြင့် ချန်းခေါင်းဆောင်တစ်ဦးပေါ်လာပြီး သူ၏တပ်တို့သည်လည်း နကျယ်ကောင်များကဲ့သို့ ဝန်းရံနေခဲ့သည်။ ထိုခေါင်းဆောင်မှ
"စစ်သူကြီးငယ်၊ မပြေးနဲ့။ ကျုပ်က ယွဲကျိ(Yue Ji) ပဲ"
သို့သော် "ကွမ်းရှင်း"(guan Xing) သည် မြင်းကိုကြာပွတ်ဖြင့်ရိုက်ကာ ရှေ့သို့ဆက်သွားခဲ့သည်။ အရှေ့ဘက်တွင် လျှိုမြောင်သာရှိသောကြောင့် ပြန်လှည့်ပြီး ရန်သူနှင့်ရင်ဆိုင်ရသည်။ "ယွဲကျိ"(Yue Ji) သည် အနီးသို့ကပ်လာပြီး ကျိုင်းဖြင့်ရိုက်သည်။ "ကွမ်းရှင်း"(Guan Xing) မှရှောင်လိုက်ရာ မြင်းရောလူပါ ရေထဲကျသွားခဲ့သည်။

အသံတစ်ခုကြားလိုက်ရပြီး "ယွဲကျိ"(Yue Ji) နှင့်သူ့တပ်သားတို့သည် လျှိုမြောင်အောက်သို့ဆင်းလာကာ စမ်းချောင်းမှတဆင့်ချဉ်းကပ်လာခဲ့သည်။ "ကွမ်းရှင်း"(Guan Xing) သည် ရေထဲမှ ထွက်ပြေးရန်ကြိုးစားခဲ့သည်။ မကြာမီတွင် ကမ်းစပ်နားဝယ် "ကျန်းပေါက်"(Zhang Bao) နှင့် "မာတိုက်"(Ma Dai) တို့ရောက်လာပြီး ချန်းတို့ကိုတိုက်ထုတ်ခဲ့သည်။ "ယွဲကျိ"(Yue Ji) သည် "ကျန်းပေါက်"(Zhang Bao) လက်ချက်ဖြင့် အောက်သို့ပြုတ်ကျသွားသည်။ အပေါ်ဘက်သို့ပြန်တက်လာသော "ကွမ်းရှင်း"(Guan Xing) သည် ဓားဖြင့် "ယွဲကျိ"(Yue Ji) ကိုခုတ်မည်ပြုသော်လည်း "ယွဲကျိ"(Yue Ji) သည် ရေထဲမှထပြီး ထွက်ပြေးသွားခဲ့သည်။
ထိုအခါ "ကွမ်းရှင်း"(Guan Xing) သည်  "ယွဲကျိ"(Yue Ji) ထားခဲ့သောမြင်းကိုဖမ်းကာ ရေစပ်နားသို့ခေါ်လာပြီး စီးရန်အဆင်သင့်ပြုထားသည်။ ပြီးနောက် ဓားကိုချိတ်ကာ မြင်းပေါ်တက်ပြီး သူ၏လုပ်ဖော်ကိုင်ဖက်တို့နှင့်အတူ ရန်သူတို့ကိုရင်ဆိုင်ခဲ့သည်။

ချန်းမျိုးနွယ်စုတို့ကိုတိုက်ထုတ်ပြီးနောက် "ကွမ်းရှင်း"(Guan Xing) ၊ "ကျန်းပေါက်"(Zhang Bao) နှင့် "မာတိုက်"(Ma Dai) တို့သည် အလျင်အမြန် စခန်းသို့ပြန်လာခဲ့သည်။ "မာတိုက်"(Ma Dai) မှ
"ဒီလူတွေကိုဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ မသိဘူး။ ကျုပ်ကစခန်းကိုကာကွယ်နေမယ်၊ ခင်ဗျားတို့က ဝန်ကြီးချုပ်ဆီပြန်ပြီး ဘာလုပ်ရမယ်ဆိုတာ မေးခဲ့ပါ"
"ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့သည် ပြန်သွားပြီး "ကျူးကဲလျန့်"(Zhuge Liang) ကိုအကျိုးအကြောင်းပြောပြခဲ့သည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ "ကျောက်ယွင်"(Zhao Yun) နှင့် "ဝေရန်"(Wei Yan) တို့ကို ကင်းပုန်းချထားစေသည်။ သူကိုယ်တိုင်မှာမူ တပ်သုံးသောင်းနှင့်အတူချီတက်ပြီး "ကျန်းဝေ"(Jiang Wei) ၊ "ကျန်းယီ"(Zhang Yi) ၊ "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့နှင့်အတူ "မာတိုက်"(Ma Dai) ၏စခန်းကိုရောက်လာသည်။
နောက်ရက်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် မြေမျက်နှာပြင်နှင့် ရေစီးသန်သောစမ်းချောင်းကဲ့သို့ချီတက်လာသော ရန်သူ့အခြေအနေတို့ကိုလေ့လာခဲ့ပြီး
"ဒါမခက်ပါဘူး" ဟုပြောသည်။ ပြီးနောက် "မာတိုက်"(Ma Dai) နှင့် "ကျန်းယီ"(Zhang Yi) တို့ကိုခေါ်ကာ အမိန့်ပေးခဲ့သည်။

သူတို့ထွက်သွားသောအခါ "ကျန်းဝေ"(Jiang Wei) အား
"မိတ်ဆွေကြီး၊ သူတို့ကိုဘယ်လိုအနိုင်ယူရမလည်းသိလား"
"ချန်းတွေက သူတို့သတ္တိနဲ့အင်အားကိုပဲ အသုံးချကြတယ်၊ ကောင်းမွန်တဲ့နည်းဗျူဟာဆိုတာ နားမလည်ဘူး"
"တိမ်တွေမည်းနေပြီး လေပြင်းတွေတိုက်နေတာဟာ နှင်းကျမယ့်အရိပ်အယောင်ဆိုတာ သိလား။ အဲ့အချိန်မှာ ကျုပ်လုပ်ချင်တာလုပ်လို့ရပြီ"
ခေါင်းဆောင်နှစ်ဦးဖြစ်သည့် "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့ကိုလည်း ခြုံခိုတိုက်ရန်လွှတ်လိုက်သည်။ "ကျန်းဝေ"(Jiang Wei) ကိုလွှတ်ကာ ရန်သူတို့အား ရင်ဆိုင်စေပြီး သံရထားတို့နှင့်ရင်ဆိုင်ရပါက ပြန်ဆုတ်ရန် အမိန့်ပေးထားခဲ့သည်။ စခန်း၏အပေါက်ဝတွင် အလံများစွာထောင်ထားပြီး အတွင်းတွင် တပ်သားတစ်ယောက်မျှမရှိပေ။

ထိုအချိန်သည် ဆယ့်နှစ်လပိုင်းဖြစ်ပြီး ဆောင်းရာသီဖြစ်သောကြောင့် နှင်းတို့တဖွဲဖွဲကျခဲ့သည်။ ရှူတပ်သည် ရန်သူတို့နှင့်ရင်ဆိုင်ပြီး စစ်ရထားတို့ထွက်လာသောအခါ ပြန်ဆုတ်ခွာခဲ့ပြီး ချန်းတပ်တို့ကို စခန်း၏အပေါက်ဝသို့ခေါ်လာခဲ့သည်။ ပြီးနောက် "ကျန်းဝေ"(Jiang Wei) သည် အနောက်ဘက်သို့သွားခဲ့သည်။ ချန်းတို့ရောက်လာသောအခါ ရပ်တန့်ပြီး ကြည့်ရှုခဲ့သည်။ ပုလွေအသံကြားသော်လည်း လူတစ်ဦးတစ်ယောက်မျှမရှိပဲ အလံတို့ကိုသာတွေ့ရသောကြောင့် "ယွဲကျိ"(Yue Ji) ကိုအကြောင်းကြားခဲ့သည်။ "ယွဲကျိ"(Yue Ji) သည် ရန်သူတို့ပရိယာယ်ဖြစ်မည်ဟုတွေးကာ အထဲသို့မဝင်ပဲ ဝန်ကြီးချုပ် "ယာတန့်"(Ya Dan) ကိုအကြောင်းကြားခဲ့သည်။
"ဒါလှည့်ကွက်ပဲ၊ ကျူးကဲလျန့်(Zhuge Liang) ရဲ့အဓိကဗျူဟာက ဟန်ဆောင်မှုထဲက ဟန်ဆောင်မှုဖြစ်တယ်။ ဒါကြောင့် တိုက်ခိုက်သင့်တယ်"
ထိုအခါ "ယွဲကျိ"(Yue Ji) သည် သူ၏တပ်တို့ကိုဦးဆောင်ကာ ဂိတ်တံခါးသို့ထပ်မံရောက်လာသည်။ ထိုအချိန်တွင် ပုလွေကိုင်ထားသော "ကျူးကဲလျန့်"(Zhuge Liang) သည် လှည်းယာဉ်ပေါ်သို့တက်သွားသည်ကိုမြင်လိုက်သည်။ အစောင့်တပ်သားအနည်းအကျဉ်းနှင့်အတူ စခန်းအနောက်သို့ဝင်သွားသည်။ မျိုးနွယ်စုတပ်တို့သည် စခန်းထဲသို့ဝင်သောအခါ လှည်းယာဉ်ကိုထပ်တွေ့ပြန်ပြီး မကြာမီတွင် သစ်တောထဲသို့ဝင်ပြီး ပျောက်ကွယ်သွားသည်။ "ယာတန့်"(Ya Dan) မှ
"ရန်သူတွေကင်းပုန်းရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် ကြောက်စရာမလိုပါဘူး"
ထို့ကြောင့် အနောက်မှ ဆက်လိုက်ရန်ဆုံးဖြတ်လိုက်သည်။ သူတို့ရှေ့တွင် "ကျန်းဝေ"(Jiang Wei) ၏တပ်သည် နှင်းများကြားထဲမှ အလျင်အမြန်ချီတက်သွားသည်ကိုတွေ့လိုက်သည်။ "ယွဲကျိ"(Yue Ji) သည်ဒေါသထွက်ပြီး သူ့တပ်သားတို့ကိုအလျင်အမြန်ချီတက်စေသည်။ တောင်ကုန်းရှိလမ်းများပေါ်ဝယ် နှင်းတို့ဖုံးအုပ်နေသောကြောင့် အရာရာမှာ ပြင်ညီဖြစ်နေသယောင်ရှိခဲ့သည်။

ချီတက်နေသည့်အချိန်မှာပင် တောင်ကုန်းအနောက်ဘက်၌ ရန်သူတို့ကိုလှမ်းမြင်လိုက်ကြောင်းသတင်းပို့လာသည်။ အချို့က ကင်းပုန်းရှိသည်ဟုတွေးကြသော်လည်း "ယာတန့်"(Ya Dan) က စိုးရိမ်စရာမလိုဟုပြောပြီး ဆက်လက်ချီတက်စေသည်။ မကြာမီတွင်ပင် တောင်ကုန်းများပြိုလဲလုမတတ်၊ မြေပြင်တို့လှုပ်ခါလုမတတ် ညာသံပေးသည်ကိုကြားလိုက်ရပြီးနောက် ချန်းတပ်တို့သည် နှင်းများဖုံးနေသောကြောင့် မမြင်ရသောကျင်းများထဲသို့ကျသွားခဲ့သည်။ စစ်ရထားတပ်သည် အနောက်မှနီးကပ်စွာလိုက်ပါလာသောကြောင့် အရှိန်မထိန်းနိုင်ပဲ ကျသွားခဲ့လေသည်။ ဟိုးအနောက်ဘက်တွင်ရှိသောတပ်သားတို့သည် ရပ်တန့်လိုက်ပြီး ထိုအချိန်တွင် တစ်ဖက်တစ်ချက်စီမှ "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့၏တပ်ပေါ်လာသည်။ မြောက်များစွာသောမြားတို့သည် လေထုထဲမှထွက်လာပြီး "ကျန်းဝေ"(Jiang Wei) ၊ "မာတိုက်"(Ma Dai) နှင့် "ကျန်းယီ"(Zhang Yi) ၏တပ်သုံးတပ်ပေါ်လာကာ ချန်းတပ်သားတို့ပိုပြီး ဖရိုဖရဲဖြစ်သွားခဲ့သည်။
ချန်းတပ်ခေါင်းဆောင် "ယွဲကျိ"(Yue Ji) သည် အနောက်သို့ပြေးပြီး တောင်ကုန်းဘက်သို့ထွက်ပြေးမည်ပြုရာ "ကွမ်းရှင်း"(Guan Xing) နှင့်တွေ့ပြီး အသတ်ခံခဲ့ရသည်။ "မာတိုက်"(Ma Dai) သည် ဝန်ကြီးချုပ် "ယာတန့်"(Ya Dan) ကိုဖမ်းမိကာ စခန်းသို့ခေါ်ဆောင်လာသည်။ တပ်သားတို့သည် ထွက်ပြေးသွားကြလေသည်။ ရန်သူ့ခေါင်းဆောင်တစ်ဦးကိုဖမ်းမိသည်ဟုသိသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏ရွက်ဖျင်တဲတွင်နေကာ အကျဉ်းသားကိုခေါ်လာစေသည်။ ပြီးနောက် ကြိုးတို့ကိုဖြည်ပေးစေပြီး အရက်တို့တိုက်ကျွေးကာ ကောင်းမွန်စွာပြောဆိုပြီး နှစ်သိမ့်ခဲ့သည်။

ထိုအပြုအမူတို့အပြင် "ကျူးကဲလျန့်"(Zhuge Liang) နောက်ပြောသည့်စကားတို့ကြောင့် "ယာတန့်"(Ya Dan) သည် ပို၍ ကျေးဇူးတင်သွားခဲ့သည်။
"ကျုပ်ရဲ့သခင် ဟန်တိုင်းပြည်ရဲ့ဧကရာဇ်ဟာ ကျုပ်ကိုလွှတ်ပြီး သူပုန်တွေကိုနှိမ်နှင်းစေခဲ့တယ်။ ခင်ဗျားက ဘာလို့သူတို့တွေကိုကူညီရတာလဲ? ဒါပေမယ့် ခင်ဗျားကိုပြန်လွှတ်ပေးမယ်။ ခင်ဗျားက ခင်ဗျားသခင်ဆီပြန်ပြီးနောက် ကျုပ်တို့တွေက နယ်နိမိတ်ချင်းထိစပ်နေတဲ့အိမ်နီးချင်းတွေဖြစ်ပြီး ထာဝရငြိမ်းချမ်းမှုယူကြမယ်ဆိုတဲ့အကြောင်း  ပြောလိုက်ပါ။နောက်နောင်သူပုန်တွေပြောတာကို နားမထောင်ပါနဲ့တော့"
"ယာတန့်"(Ya Dan) အပြင်ဖမ်းဆီးရရှိသည့်တပ်သားတို့ကိုလွှတ်လိုက်ပြီး သိမ်းဆည်းထားသည့်ပစ္စည်းပိုင်ဆိုင်မှုတို့ကိုလည်း ပြန်ပေးခဲ့သည်။ ချန်းတပ်သည် သူတို့တိုင်းပြည်သို့ပြန်သွားခဲ့သည်။ ချန်းတပ်ကိုနှိမ်နှင်းပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) သည် ချီစန်းသို့အလျင်အမြန်ချီတက်သည်။ ထို့အပြင် မြို့တော်ချန်တူးသို့ စစ်အောင်နိုင်ကြောင်း သတင်းပို့စေခဲ့သည်။

ထိုအချိန်တွင် "ချောင်ကျန်း"(Cao Zhen) သည် စိတ်လှုပ်ရှားစွာဖြင့် သူ့မဟာမိတ်ထံမှ သတင်းကိုစောင့်နေခဲ့သည်။ ထိုအချိန်တွင် ရှူတပ်ကြီးသည် စခန်းကိုဖျက်ပြီးပြေးသွားပြီဟူသည့်သတင်းကို ကြားလိုက်ရသည်။ "ကောဟွိုင်"(Guo Huai) သည် ဝမ်းမြောက်စွာဖြင့်
"ဒါ ချန်းမျိုးနွယ်စုတွေတိုက်ခိုက်မှုကြောင့်ဖြစ်မယ်" ဟုပြောပြီး ရန်သူ့နောက်ကိုလိုက်ရန်ပြင်သည်။
သူတို့၏ရှေ့တွင် ဖရိုဖရဲဖြစ်နေသောရှူတပ်ကြီးကိုလှမ်းမြင်သောအခါ ရှေ့ပြေးတပ်ခေါင်းဆောင် "ချောင်ကျွန်း"(Cao Zun) သည် နောက်မှလိုက်သည်။ ထိုအချိန်တွင် ဗုံသံကြားလိုက်ရပြီး "ဝေရန်"(Wei Yan) ၏တပ်ပေါ်လာကာ "ဝေရန်"(Wei Yan) မှ
"သူပုန်တွေ၊ ရပ်လိုက်စမ်း" ဟုအော်သည်။
"ချောင်ကျွန်း"(Cao Zun) သည် မရပ်ပဲ ရန်သူနှင့်ရင်ဆိုင်ခဲ့ရာ တတိယအကွက်ခန့်တွင် အသတ်ခံလိုက်ရသည်။ သူ၏လုပ်ဖော်ကိုင်ဖက် "ကျူကျန့်"(Zhu Zan) သည်လည်း ထိုအတိုင်းပင် "ကျောက်ယွင်"(Zhao Yun) နှင့်တွေ့ပြီး သေဆုံးခဲ့လေသည်။ ထိုသူနှစ်ဦးကိုဆုံးရှုံးလိုက်သောကြောင့် "ချောင်ကျန်း"(Cao Zhen) နှင့် "ကောဟွိုင်"(Guo Huai) တို့သည် ရှေ့ဆက်မချီတက်ပဲ တပ်ဆုတ်ရန်ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် အနောက်ဘက်မှ "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) ၏တပ်ပေါ်လာပြီး ဝိုင်းခဲ့သည်။ "ချောင်ကျန်း"(Cao Zhen) သည် "ကောဟွိုင်"(Guo Huai) တို့သည် အချိန်တစ်ခုကြာခုခံခဲ့သော်လည်း နောက်ဆုံးတွင်ထွက်ပြေးရလေသည်။ ရှူတပ်သည် စစ်ရှုံးသွားသောရန်သူတို့ကို ဝေမြစ်ကမ်းနားထိလိုက်ပြီး ဝေတို့၏စခန်းကိုသိမ်းလိုက်သည်။
"ချောင်ကျန်း"(Cao Zhen) သည် သူ၏ရှုံးနိမ့်မှုကြောင့် စိတ်ဓာတ်ကျကာ စစ်သူကြီးတို့ကိုဆုံးရှုံးခဲ့သဖြင့် ဝမ်းနည်းခဲ့သည်။ သူ၏ရှုံးနိမ့်မှုကို သူ့သခင်ထံတင်ပြကာ စစ်ကူတောင်းခဲ့သည်။ ဝေနန်းတွင်းဝယ် ဝန်ကြီးတို့က "ချောင်ကျန်း"(Cao Zhen) ၏ရှုံးနိမ့်မှုကိုဧကရာဇ်ထံတင်ပြကာ မည်သို့ဆက်လုပ်ရမည်ကို မေးခဲ့သည်။ "ချောင်ရေ့"(Cao Rui) သည် စိတ်ပူပန်သွားပြီး မည်သို့သောနည်းဖြင့်ရန်သူတို့ကိုတိုက်ထုတ်ရမည်ကိုမေးသည်။ ထိုအခါ "ဟွာရှင်း"(Hua Xin) မှ
"အရှင်မင်းကြီးကိုယ်တော်တိုင် စစ်ချီတက်ဖို့လိုအပ်ပါတယ်။ သူကောင်းမျိုးတွေအားလုံးကို ဆင့်ခေါ်ပြီးတော့ တစ်ဦးချင်းစီက တာဝန်ထမ်းဆောင်ရပါမယ်။ အဲ့လိုမှမဟုတ်ရင် မြို့တော်ချန်အန်းကိုဆုံးရှုံးရမှာဖြစ်ပြီး တိုင်းပြည်တစ်ခုလုံးဒုက္ခရောက်ပါလိမ့်မယ်"

သို့သော် နန်းတော်ထိမ်းကွပ်ရေးအရာရှိ "ကျုံးယောင်"(Zhong Yao) ကကန့်ကွက်ခဲ့သည်။
"စစ်ပွဲကိုဦးဆောင်တဲ့လူဆိုတာ စစ်ပွဲမှာပါဝင်တဲ့လူတွေထက် ပိုနားလည်မှဖြစ်မှာပါ၊ ဒါမှသာ ကောင်းကောင်းအုပ်ချုပ်နိုင်မှာဖြစ်တယ်။ စစ်ဗျူဟာရှင် စွန်းကျီ(ဆွန်ဇု) ကပြောခဲ့ဖူးတယ်၊ 'ရန်သူအကြောင်းသိ၊ ကိုယ့်အကြောင်းကိုယ်သိမယ်ဆိုရင် စစ်ပွဲတိုင်းအောင်မြင်လိမ့်မယ်။' ချောင်ကျန်း(Cao Zhen) က စစ်မြေပြင်ရဲ့အတွေ့အကြုံအများကြီးရှိပေမယ့်လည်း ကျူးကဲလျန့်(Zhuge Liang) ကိုမယှဉ်နိုင်ဘူး။ ဒါပေမယ့် သူ့ကိုယှဉ်နိုင်မယ့်လူတစ်ယောက်ရှိပါတယ်။ ဒါကို ကျွန်တော့မိသားစုအသက်တွေနဲ့ရင်းပြီး အာမခံရဲတယ်။  ဒါပေမယ့် အရှင်မင်းကြီးက လက်ခံမှာမဟုတ်ဘူး"
"ခင်ဗျားက အသက်ကြီးရင့်ပြီး ရာထူးမြင့်တဲ့ဝန်ကြီးပဲ။ ရှူတပ်တွေကိုနှိမ်နှင်းနိုင်မယ့်လူကိုသိရင် အချိန်မလင့်စေပဲ သူ့ကိုမြန်မြန်ခေါ်လိုက်ပါ။ ဒါမှကျုပ်လည်း စိတ်ချမ်းသာရာရမယ်"
"ကျူးကဲလျန့်(Zhuge Liang) က ကျူးကျော်ဖို့ဆုံးဖြတ်တဲ့အချိန်မှာ ကျွန်တော်ပြောတဲ့လူတစ်ယောက်နဲ့ပတ်သတ်ပြီး စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ကောလာဟလတွေဖြန့်စေပြီးတော့ အရှင်မင်းကြီးရဲ့စိတ်ထဲမှာ သံသယဝင်အောင်လုပ်ပြီး ရာထူးကျစေခဲ့တယ်။ အဲ့ဒါလုပ်ပြီးတော့မှ ကျူးကဲလျန့်(Zhuge Liang) က စစ်ချီလာတာဖြစ်မယ်။ အဲ့လူကိုသာပြန်ခေါ်မယ်ဆိုရင် ရန်သူတွေပြန်ဆုတ်သွားလိမ့်မယ်"
"သူက ဘယ်သူလဲ"
"စစ်သေနာပတိ စီးမာယီ(Sima Yi) ပဲဖြစ်ပါတယ်"
"ကျုပ်ရဲ့ဆုံးဖြတ်ချက်ကိုနောင်တရခဲ့တာကြာပြီ။ အခု အဆွေတော် စီးမာယီ(Sima Yi) ကဘယ်မှာလဲ"
"သူအခု ဝမ်ချန်မြို့မှာ အလုပ်အကိုင်မဲ့ဖြစ်နေပါတယ်"
"စီးမာယီ"(Sima Yi) ကို မူလရာထူးအဆောင်အယောင်တို့ပြန်ပေးပြီး ခေါ်စေသည့်အမိန့်စာကိုထုတ်စေကာ စစ်သေနာပတိရာထူးအသစ်နှင့် အနောက်ဘက်ကိုငြိမ်းချမ်းစေသောစစ်သူကြီးဟူသည့်ဘွဲ့တို့ကိုပေးခဲ့သည်။ နန်ရန်၏တပ်များအားလုံးကို အဆင်သင့်ပြင်ထားကာ ထိုတပ်တို့ကို "ချောင်ရေ့"(Cao Rui) မှဦးဆောင်ပြီး ချန်အန်းသို့ချီတက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် "စီးမာယီ"(Sima Yi) အား ရက်တစ်ရက်တွင်လာတွေ့စေသည်။ ပြီးနောက် အမိန့်တော်တို့ကို အမြန်ဆက်သားလွှတ်ပြီး ဝမ်ချန်မြို့သို့ ပို့စေခဲ့သည်။


ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏အောင်နိုင်မှုကြောင့် ဝမ်းမြောက်နေခဲ့သည်။ သူသည် ချီစန်းတွင်ရှိပြီး တခြားစစ်ပွဲများအတွက် အစီအစဉ်ရေးဆွဲနေစဉ် ထာဝရငြိမ်းချမ်းခြင်းနန်းတော်တွင် အုပ်ချုပ်နေသော "လီရန်"(Li Yan) ၏သား "လီဖုန်း"(Li Feng) ရောက်လာသည်။ ထိုသို့ရောက်လာသည်မှာ ဝူတို့ကျူးကျော်လာခြင်းကြောင့်ဖြစ်သည်ဟု "ကျူးကဲလျန့်"(Zhuge Liang) ထင်နေခဲ့ပြီး စိတ်ညစ်သွားခဲ့သည်။ သို့သော် "လီဖုန်း"(Li Feng) ကို ရွက်ဖျင်တဲထဲသို့လာစေသောအခါ "လီဖုန်း"(Li Feng) မှ သတင်းကောင်းပါလာကြောင်းပြောသည်။
"ခင်ဗျားရဲ့သတင်းကောင်းဆိုတာ ဘာလဲ"
"အရင်တုန်းက မုန့်တာ(Meng Da) ဟာ ဝေပြည်မှာလက်နက်ချခဲ့တာဟာ သူ့မှာတခြားလမ်းမရှိလို့ဖြစ်တယ်။ ချောင်ဖီ(Cao Pi) က သူ့အရည်အချင်းကိုအထင်ကြီးတဲ့အပြင် ရက်ရောစွာဆက်ဆံခဲ့ပြီး သူ့ဘေးမှာထားပြီးတော့ ပြင်းထန်တဲ့လက်နက်များထိန်းကွပ်သောစစ်သူကြီး၊ ဖင်ရန်သခင် စတဲ့ရာထူးတွေပေးးခဲ့တယ်။ ဒါ့အပြင် ရှင်းချန်မြို့စား၊ ရှန်ယုံနဲ့ကျင်းချန်တပ်မှူးကြီးစတဲ့ရာထူးတွေပေးခဲ့တယ်။ ဒါပေမယ့် ချောင်ဖီ(Cao Pi) သေဆုံးသွားတော့ ဒါတွေကပြောင်းလဲသွားခဲ့ပြီ။ ချောင်ရေ့(Cao Rui) ရဲ့နန်းတွင်းမှာ မုန့်တာ(Meng Da) ရဲ့ဩဇာနဲ့အရှိန်အဝါကို မနာလိုဖြစ်တဲ့လူတွေအများကြီးရှိတာကြောင့် သူဟာ မအေးချမ်းခဲ့ဘူး။
သူက အရင်က ရှူခေါင်းဆောင်ဖြစ်ပေမယ့် မတတ်သာလို့ သူတပါးလက်အောက်မှာ ခိုလှုံလိုက်ရတယ်လို့ အရင်ကပြောဖူးတယ်။ အခုနောက်ပိုင်းမှာ သူ့လူယုံတွေကို ကျွန်တော့အဖေဆီစာပို့ခိုင်းပြီးတော့ တပ်ငါးတပ်က ရှူပြည်ကိုတိုက်ခိုက်တုန်းက သူ့အခြေအနေကို ဝန်ကြီးချုပ်ထံပြောပြစေခဲ့တယ်။ အခု သူက ရှင်းချန်မှာရှိပြီး ဝန်ကြီးချုပ်က ဝေကိုတိုက်မယ်ဆိုတဲ့သတင်းကြားတော့ ဝန်ကြီးချုပ်က ချန်အန်းကိုတိုက်တဲ့အချိန်မှာ သူက ရှင်းချန်၊ ကျင်းချန်နဲ့ရှန်ယုံ နယ်သုံးနယ်ကတပ်တွေကို ဦးဆောင်ပြီး ချန်အန်းကိုတိုက်မယ်ဆိုတယ်။ ကျွန်တော် သူ့ရဲ့စာအပြင် သံတမန်ကိုပါခေါ်လာပါတယ်"
ထိုသတင်းကောင်းကြောင့် သံတမန်ကိုဆုလာဘ်များပေးခဲ့သည်။

ထိုအချိန်တွင် "ချောင်ရေ့"(Cao Rui) သည် ချန်အန်းသို့ချီတက်လာပြီး ရာထူးချခံခဲ့ရသော "စီးမာယီ"(Sima Yi) သည်လည်း မူလရာထူးပြန်ယူခဲ့ကြောင်း သိရသည်။ ထိုသတင်းကြောင့် "ကျူးကဲလျန့်"(Zhuge Liang) မှာ စိတ်မချမ်းမသာဖြစ်သွားသည်။ ထို့ကြောင့် "မာဆု"(Ma Su) မှ
"ချောင်ရေ့(Cao Rui) ကို မှုစရာမလိုဘူး။ သူ ချန်အန်းကိုလာရင် ကျွန်တော်တို့အဲ့ကိုချီတက်ပြီး ဖမ်းလိုက်မယ်ဆို သူကိစ္စပြတ်သွားလိမ့်မယ်"
"ကျုပ်က သူ့ကိုကြောက်တယ်ထင်လား။ ဒါပေမယ့် ကျုပ်စိုးရိမ်တာက စီးမာယီ(Sima Yi) ကိုပြန်ခေါ်လိုက်တာပဲ။ ဒီလူရောက်လာရင် မုန့်တာ(Meng Da) ပြောတဲ့အကြံက အချည်းနှီးပဲ။ မုန့်တာ(Meng Da) က သူ့ကိုမယှဉ်နိုင်တော့ အဖမ်းခံရလိမ့်မယ်။ အဲ့လိုသာဆိုရင် အလယ်ပိုင်းဒေသကိုအောင်နိုင်ဖို့က ပိုခက်ခဲသွားလိမ့်မယ်"
"ဒါဆို မုန့်တာ(Meng Da) ကို သတိမပေးသင့်ဘူးလား"
"ကျူးကဲလျန့်"(Zhuge Liang) သည် စာတစ်စောင်ရေးပြီး အလျင်အမြန်ပို့စေသည်။

ရှင်းချန်တွင် "မုန့်တာ"(Meng Da) သည် သူ၏ဆက်သားထံမှသတင်းကိုစောင့်နေခဲ့ရာ တစ်ရက်တွင် "ကျူးကဲလျန့်"(Zhuge Liang) ကိုယ်တိုင်ရေးထားသောစာကိုရရှိခဲ့သည်။
'ခင်ဗျားရဲ့စာကိုဖတ်ပြီးနောက် ခင်ဗျားက သစ္စာရှိသူဆိုတာ ကျုပ်ယုံကြည်ခဲ့ပြီး ကျုပ်တို့ရဲ့ခင်မင်မှုတွေကို အမှတ်ရနေသေးတယ်။ ခင်ဗျားရဲ့အကြံသာအကောင်အထည်ဖော်နိုင်ရင် ခင်ဗျားဟာ ပထမတန်းဂုဏ်ထူးဆောင်ဝန်ကြီးဖြစ်လာမှာပဲ။ ဒါပေမယ့် ဒီကိစ္စကို လုံးဝသေချာအောင်လျှို့ဝှက်ထားဖို့လိုပါတယ်။ ခင်ဗျားယုံကြည်တယ်ဆိုတဲ့လူတွေကို သေချာစောင့်ကြည့်ပါ။ အကုန်လုံးအပေါ်သံသယရှိပြီး အကုန်လုံးအပေါ်သတိထားနေပါ။ ဒီသတင်းသာ စီးမာယီ(Sima Yi) ဆီပေါက်ကြားသွားရင် စီးမာယီ(Sima Yi) က ခင်ဗျားဆီအရင်လာလိမ့်မယ်။ ဒါကြောင့် သတိကြီးကြီးထားပြီး ဒီကိစ္စကို အရေးမပါတဲ့အရာလို့မမှတ်ပါနဲ့'
"မုန့်တာ"(Meng Da) မှ ပြုံးပြီး
"ကျူးကဲလျန့်(Zhuge Liang) က ဖြစ်နိုင်ခြေတွေအတွက် အဆင်သင့် ပြင်ထားတယ်လို့ပြောကြတာ အမှန်ပဲ"
ထို့နောက် အချိန်မလင့်စေပဲ အကြောင်းပြန်စာရေးကာ ယုံကြည်ရသူတစ်ဦးကိုပို့စေသည်။ ထိုစာမှာ အောက်ပါအတိုင်းဖြစ်သည်။
'ခင်ဗျားရဲ့အဖိုးထိုက်တန်တဲ့အကြံကောင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သတ်ပြီး ကျွန်တော်က ပေါ့လျော့မယ်ထင်လို့လား။ ကျွန်တော့ဘက်အမြင်ကတော့ စီးမာယီ(Sima Yi) နဲ့ပတ်သတ်ပြီး စိုးရိမ်စရာမရှိဘူး၊ ဝမ်ချန်က လော့ရန်ကနေ မိုင်သုံးရာကွာပြီးတော့ ရှင်းချန်နဲ့လော့ရန်က မိုင်လေးရာကွာတယ်။ သူတစ်ခုခုကြားရင်တောင် မြို့တော်ကိုအကြောင်းကြားပြီး စာပြန်လာတာတောင် တစ်လလောက်ကြာလိမ့်မယ်။ ကျွန်တော့တံတိုင်းတွေက ခိုင်ခံ့ပြီးတော့ တပ်သားတွေကလည်း အကောင်းဆုံးအခြေအနေမှာရှိတယ်။ သူလာစမ်းပါစေ၊ ကျွန်တော်မကြောက်ဘူး။ ဒါကြောင့် ဝန်ကြီးချုပ်လည်း စိတ်မပူပါနဲ့။ အောင်မြင်မှုသတင်းကောင်းကိုသာစောင့်နေပါ"

ထိုစာကိုဖတ်ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) သည် စိတ်ဆိုးကာ မြေကြီးကိုဖနောင့်ဖြင့်ဆောင့်ပြီး
"မုန့်တာ(Meng Da) တော့ စီးမာယီ(Sima Yi) ကြောင့် သေဆုံးရလိမ့်မယ်"
"မာဆု"(Ma Su) မှ
"ဘာကြောင့် အဲ့လိုပြောနိုင်ရတာလဲ"
"စစ်ဗျူဟာကျမ်းမှာ 'ရန်သူအဆင်သင့်မဖြစ်ခင်တိုက်ပါ၊ သူမထင်မှတ်ထားတာလုပ်ပါ' ဆိုပြီးဆိုထားတယ်မဟုတ်လား? နန်းတွင်းကိုစာလွှာပို့တာ တစ်လကြာမယ်ဆိုတာကို ယုံနေလို့ဖြစ်မလား။ ချောင်ရေ့(Cao Rui) က စီးမာယီ(Sima Yi) ကို သူစိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ပေးထားလောက်ပြီ။ သူ နန်းတွင်းကိုလျှောက်တင်စရာမလိုဘူး။ မုန့်တာ(Meng Da) တခြားဘက်ပြောင်းသွားတယ်ဆိုတာကြားတာနဲ့ ဆယ်ရက်အတွင်းတိုက်လိမ့်မယ်။ အဲ့မှာ မုန့်တာ(Meng Da) ဒုက္ခရောက်ပြီ"
အကုန်လုံးက လက်ခံကြသည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ ဆက်သားကိုပြန်လွှတ်ကာ ထိုအခြင်းအရာကိုမစတင်သေးပါက မည်သူကိုမှမပြောရန်၊ တစ်ယောက်ယောက်သိသွားပါက အလဟဿဖြစ်သွားမည်ဖြစ်ကြောင်း ပြောစေခဲ့သည်။ ထို့နောက် ဆက်သားသည် ရှင်းချန်သို့ပြန်သွားသည်။

ဝမ်ချန်တွင် လုပ်စရာမဲ့နေခဲ့သော "စီးမာယီ"(Sima Yi) သည် သခင်ဖြစ်သူသည် ရှူတပ်ကြောင့်စစ်ရှုံးရသည်ဟူသောသတင်းကိုကြားသောအခါ စိတ်မကောင်းဖြစ်ပြီး ခေါင်းကိုမော့ကာ သက်ပြင်းရှည်ချခဲ့သည်။
"စီးမာယီ"(Sima Yi) တွင် သားနှစ်ဦးရှိပြီး သားအကြီးသည် "စီးမာရှီး"(Sima Shi) ဟုခေါ်ကာ အငယ်မှာ "စီးမာကျောင်း"(Sima Zhao) ဖြစ်သည်။ နှစ်ဦးလုံးမှာ ထူးချွန်ပြီး ရည်မှန်းချက်ကြီးသူများဖြစ်ကာ စစ်ဗျူဟာနှင့်ပတ်သတ်သည့်စာအုပ်များကိုစိတ်ဝင်စားသည့် ကျောင်းသားများဖြစ်သည်။ တစ်ရက်သော် သူတို့ဖခင်မှာစိတ်ညစ်နေပုံပေါ်သောကြောင့် "စီးမာရှီး"(Sima Shi) မှ အကြောင်းအရင်းကိုမေးခဲ့သည်။
"မင်းတို့မသိပါဘူး"
"ဝေဧကရာဇ်က အဖေ့ကို အသုံးမချတာကို စိတ်ပျက်နေစရာမလိုပါဘူး"
"စီးမာကျောင်း"(Sima Zhao) မှ
"သူတို့တွေ မကြာခင်မှာ ပြန်လာခေါ်ပါလိမ့်မယ်"

ထိုသို့ပြောပြီးမကြာခင်တွင်ပင် အမိန့်တော်ကိုယူဆောင်လာသူသည် တံခါးဝတွင်ရောက်လာကာ နန်းတွင်းမှ အမိန့်တော်ပါလာကြောင်းကြေညာခဲ့သည်။ ထိုအမိန့်တော်ကိုလက်ခံပြီးသည်နှင့် "စီးမာယီ"(Sima Yi) သည် ဝမ်ချန်မြို့မှတပ်တို့ကိုအမိန့်ပေးခဲ့သည်။ များမကြာမီတွင် ကျင်းချန်မြို့စား "ရှန်ယီ"(Shen Yi) ထံမှ လျှို့ဝှက်စာလက်ခံရရှိခဲ့သည်။ ဆက်သားကို အတွင်းဆောင်သို့ခေါ်စေပြီးနောက် "မုန့်တာ"(Meng Da) သည် ပုန်ကန်ရန်ကြံနေကြောင်းသိခဲ့လေသည်။ ထိုသတင်းပေါက်ကြားရသည်မှာ "မုန့်တာ"(Meng Da) ၏လက်အောက်ခံလူယုံ "လီဖူ"(Li Fu) နှင့် "မုန့်တာ"(Meng Da) ၏တူဖြစ်သူ "တန်းရှန်"(Deng Xian) တို့ကြောင့်ဖြစ်သည်။ "လီဖူ"(Li Fu) နှင့် "တန်းရှန်"(Deng Xian) တို့သည် ထိုသတင်းကို လွတ်ငြိမ်းချမ်းသာခွင့်ကတိနှင့်လဲလှယ်ခဲ့သည်။ "စီးမာယီ"(Sima Yi) မှ သူ့နဖူးကိုပုတ်ပြီး
"ဒါ ကောင်းကင်တမျှမြင့်မားလှတဲ့ဧကရာဇ်ရဲ့ကံကောင်းမှုကြောင့်ဖြစ်တယ်။ ကျူးကဲလျန့်(Zhuge Liang) တပ်တွေက ချီစန်းကိုရောက်နေပြီး လူတွေအားလုံးရဲ့သတ္တိတွေဟာ ပျောက်ကွယ်နေပြီ။ ဧကရာဇ်က ချန်အန်းကိုသွားပြီး ကျုပ်ကိုအသုံးမချဘူးဆိုရင် မုန့်တာ(Meng Da) က သူ့အကြံကိုအကောင်အထည်ဖော်ပြီးတော့ မြို့တော်နှစ်ခုကိုဆုံးရှုံးရလိမ့်မယ်။ မုန့်တာ(Meng Da) က ကျူးကဲလျန့်(Zhuge Liang) နဲ့ပူးပေါင်းပြီးလုပ်စောင်မှာမို့ သူဘာမှမလှုပ်ရှားသေးခင် မုန့်တာ(Meng Da) ကိုဖမ်းနိုင်ရင် ကျူးကဲလျန့်(Zhuge Liang) လည်း စိတ်ဓာတ်ကျပြီး တပ်ဆုတ်သွားလိမ့်မယ်"

သားအကြီး "စီးမာရှီး"(Sima Shi) မှ
"ဧကရာဇ်ထံ အကြောင်းကြားစာပို့ရမယ်"
"မလိုဘူး။ အဲ့လိုဆို တစ်လကြာလိမ့်မယ်။ နှောင့်နှေးတာက ရှုံးနိမ့်မှုကိုဖြစ်စေမယ်"
"စီးမာယီ"(Sima Yi) သည် အလျင်အမြန်ချီတက်ကာ နှောင့်နှေးသူတို့ကိုသေဒဏ်ပေးမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် တဖက်မှသံသယမဝင်စေရန် စစ်တပ်အကြံပေး "လျန်ကျိ"(Liang Ji) ကိုလွှတ်ကာ "မုန့်တာ"(Meng Da) အားစစ်ပွဲတွင်ပါဝင်ရန် အသင့်ပြင်ရန် အကြောင်းကြားခဲ့သည်။
"စီးမာယီ"(Sima Yi) သည် "လျန်ကျိ"(Liang Ji) နောက်မှ အလျင်အမြန်လိုက်ပြီး နှစ်ရက်အကြာဝယ် တောင်ကုန်းနားတွင် စစ်သူကြီး "ရွှီဟွမ်"(Xu Huang) ၏တပ်နှင့်တွေ့သည်။ "ရွှီဟွမ်"(Xu Huang) မှ "စီးမာယီ"(Sima Yi) နှင့်တွေ့ကာ
"ဧကရာဇ်က ချန်အန်းကိုရောက်နေပြီး ရှူတွေကိုတိုက်ဖို့လုပ်နေတယ်။ သေနာပတိက ဘယ်ကိုသွားမလို့လဲ"
"စီးမာယီ"(Sima Yi) က အသံတိုးတိုးဖြင့်
"မုန့်တာ(Meng Da) က ပုန်ကန်တော့မှာမို့ သူ့ကိုသွားဖမ်းမလို့"
"ဒါဆို ကျွန်တော် ရှေ့ပြေးတပ်ကိုဦးဆောင်ပါရစေ"

ထို့ကြောင့် "ရွှီဟွမ်"(Xu Huang) သည် ရှေ့ပြေးတပ်ကိုဦးဆောင်ကာ "စီးမာယီ"(Sima Yi) သည် အလယ်ကိုထိန်းကွပ်ပြီး သူ့သားနှစ်ဦးက အနောက်တွင်ရှိခဲ့သည်။ နှစ်ရက်ခန့်ကြာသောအခါ "မုန့်တာ"(Meng Da) ၏လူယုံဆက်သားကိုဖမ်းမိပြီး "ကျူးကဲလျန့်"(Zhuge Liang) ၏စာကိုရခဲ့သည်။ ထိုစာပို့သူကို အမှန်အတိုင်းပြောပါက အသက်ချမ်းသာပေးမည်ဟုကတိပေးသောကြောင့် သူသယ်ယူပို့ဆောင်ခဲ့သောစာတို့အကြောင်းကိုဖွင့်ပြောခဲ့သည်။
"စီးမာယီ"(Sima Yi) သည် စာကိုဖတ်ပြီးနောက် မှတ်ချက်ချသည်။
"အရည်အချင်းရှိသူတွေက အကြံတူကြတယ်၊ ဧကရာဇ်ရဲ့ဘုန်းတော်ကြောင့် ဒီဆက်သားကို မဖမ်းမိခဲ့ရင် ကျုပ်တို့ရဲ့အကြံအစည်တွေက ကျူးကဲလျန့်(Zhuge Liang) ကြောင့်ပျက်သွားလိမ့်မယ်။ အခုတော့ မုန့်တာ(Meng Da) အားကိုးရာမဲ့ဖြစ်တော့မယ်"
ထို့ကြောင့် တပ်ကိုပို၍လျင်မြန်စွာချီတက်စေသည်။

"မုန့်တာ"(Meng Da) သည် ကျင်းချန်မြို့စား "ရှန်ယီ"(Shen Yi) နှင့် ရှန်ယုံမြို့စား "ရှန်တန်"(Shen Dan) တို့နှင့်အတူ စစ်ချီရန်ပြင်ဆင်ပြီး သူသတ်မှတ်ထားသည့်ရက်ကိုစောင့်နေခဲ့သည်။ "ရှန်ယီ"(Shen Yi) နှင့် "ရှန်တန်"(Shen Dan) တို့သည် အမိန့်ကိုနာခံချင်ယောင်ဆောင်ကာ တပ်တို့ကိုလေ့ကျင့်ရေး၊ စစ်ရေးပြခြင်းတို့ပြုစေကာ ဝေတပ်တို့ရောက်လာသည်ထိအချိန်ဆွဲနေသည်။ "မုန့်တာ"(Meng Da) ကိုမူ သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် မစနိုင်သေးကြောင်း အကြောင်းပြခဲ့ရာ "မုန့်တာ"(Meng Da) ကလည်း ယုံကြည်ခဲ့သည်။
ထိုအချိန်တွင် "လျန်ကျိ"(Liang Ji) ရောက်လာကာ သူ့ကိုကောင်းမွန်စွာဧည့်ခံခြင်းခံခဲ့ရပြီး "စီးမာယီ"(Sima Yi) ထံမှ အမိန့်စာကိုထုတ်ခဲ့သည်။
"စစ်သေနာပတိက ဧကရာဇ်ရဲ့အမိန့်တော်ကိုလက်ခံရရှိပြီး ဒီဒေသကတပ်တွေကိုစုစည်းဖို့ပြောလိုက်တယ်။ ကျုပ်ကိုလွှတ်ပြီးတော့ ခင်ဗျားတို့တပ်တွေကို ချီတက်ဖို့ အဆင်သင့်ပြင်ထားခိုင်းတယ်"
"ဘယ်ရက်မှာ စစ်သေနာပတိက ချီတက်သွားတာလဲ?"
'သူအခုချီတက်လာပြီ။ ချန်အန်းကိုသွားတဲ့လမ်းပေါ်မှာရောက်နေတယ်"
"မုန့်တာ"(Meng Da) သည် သူ့အကြံအောင်တော့မည်ဟုတွေးပြီး ကြိတ်ပြုံးခဲ့သည်။ "လျန်ကျိ"(Liang Ji) ကို စားသောက်ပွဲဖြင့်ဧည့်ခံပြီးနောက် "လျန်ကျိ"(Liang Ji) ပြန်သွားခဲ့သောအခါ ကြံဖော်ကြံဖက် "ရှန်ယီ"(Shen Yi) နှင့် "ရှန်တန်"(Shen Dan) တို့ကိုခေါ်ပြီး နောက်ရက်တွင် ဝေအလံကိုဖြုတ်ပြီး ရှူအလံထောင်ကာ လော့ရန်ကိုတိုက်မည်ဖြစ်ကြောင်းပြောခဲ့သည်။

ထို့နောက် အဝေးမှစစ်တပ်ချီတက်လာကြောင်း ကင်းစောင့်တို့မှ အကြောင်းကြားခဲ့သည်။ "မုန့်တာ"(Meng Da) သည် အံ့ဩသွားပြီး တံတိုင်းပေါ်သို့ကိုယ်တိုင်တက်ကာ ကြည့်ရှုခဲ့လေသည်။ မကြာမီတွင်ပင် "ရွှီဟွမ်"(Xu Huang) ၏အလံကိုမြင်လိုက်ရသောအခါ မြို့ရိုးအောက်သို့ဆင်းပြီး ဆွဲတံတားကို အလျင်အမြန်ပြန်တင်စေခဲ့သည်။ "ရွှီဟွမ်"(Xu Huang) သည် ရောက်လာခဲ့ပြီး ကျုံး၏အစပ်နားတွင်ရပ်ကာ
"သစ္စာဖောက် မုန့်တာ(Meng Da)  မြန်မြန်လက်နက်ချစမ်း" ဟုဆိုသည်။
"မုန့်တာ"(Meng Da) ကလည်း ဒေါသထွက်ပြီး မြားတို့ဖြင့်ပစ်စေရာ "ရွှီဟွမ်"(Xu Huang) ၏နဖူးကိုထိမှန်ခဲ့သည်။ မြားပေါင်းများစွာတို့ကြားတွင် စစ်သူကြီးကိုလုံခြုံရာသို့ခေါ်သွားခဲ့သည်။ ဝေတပ်တို့ဆုတ်ခွာသောအခါဝယ် "မုန့်တာ"(Meng Da) မှ မြို့တံခါးကိုဖွင့်ပြီး နောက်မှလိုက်တိုက်သည်။ သို့သော် "စီးမာယီ"(Sima Yi) ၏တပ်ဖွဲ့ကြီးပေါ်ထွက်လာပြီး အလံတို့မှာ များပြားလွန်းသောကြောင့် နေကိုပင်ဖုံးကွယ်ထားနိုင်ခဲ့သည်။ "မုန့်တာ"(Meng Da) သည် မျှော်လင့်ချက်မဲ့ကာ
"ဒါ ကျူးကဲလျန့်(Zhuge Liang) ကြိုမြင်ခဲ့တဲ့အရာပဲ" ဟုပြောသည်။ ထို့နောက် ဂိတ်တံခါးတို့ကိုပိတ်ထားစေသည်။

ထိုအချိန်ဝယ် ဒဏ်ရာရခဲ့သောစစ်သူကြီး "ရွှီဟွမ်"(Xu Huang) ကိုစခန်းသို့ပြန်ခေါ်သွားပြီး မြားကိုနှုတ်ပြီး သမားတော်ပင့်ကာ ကုသစေသည်။ သို့သော်လည်း ထိုညတွင်ပင် သူသေဆုံးသွားခဲ့၏။ ထိုအချိန်ဝယ် သူ့အသက်မှာ ငါးဆယ့်ကိုးနှစ်ရှိပြီဖြစ်သည်။ သူ့အလောင်းကို မြှုပ်နှံရန်အတွက် လော့ရန်သို့ပြန်ပို့စေခဲ့သည်။
နောက်ရက်တွင် "မုန့်တာ"(Meng Da) သည် မြို့ရိုးပေါ်တက်ကြည့်သောအခါ မြို့တစ်မြို့လုံးကို သံတို့ဖြင့်ဝန်းရံထားသည်ကိုမြင်လေလျှင် တုန်လှုပ်သွားခဲ့ပြီး မည်သို့လုပ်ဆောင်ရမည်မသိဖြစ်သွားသည်။ ထိုအချိန်တွင် တပ်နှစ်တပ်ချဉ်းကပ်လာသည်ကိုမြင်ပြီး ထိုတပ်၏အလံတွင် သူ၏ကြံဖော်ကြံဖက်များဖြစ်သည့် "ရှန်ယီ"(Shen Yi) နှင့် "ရှန်တန်"(Shen Dan) တို့နာမည်ရေးထားသည်။  သူတို့နှစ်ဦးသည် ကူညီရန်ရောက်လာသည်မှတ်ကာ ဝမ်းသာအားရဖြင့်မြို့တံခါးကိုဖွင့်စေသည်။
"သူပုန်၊ ဘယ်ပြေးမလဲ"
ထိုသူနှစ်ဦးမှာ သူ့ဘက်တော်သားမဟုတ်မှန်းသိသောကြောင့် "မုန့်တာ"(Meng Da) သည် မြို့ထဲသို့ပြန်ပြေးလေသည်၊ ရန်သူတို့က အနောက်မှ မြားဖြင့်လှမ်းပစ်ခဲ့သည်။ ထို့အပြင် သူ့အပေါ်သစ္စာဖောက်သွားခဲ့သော "လီဖူ"(Li Fu) နှင့် "တန်းရှန်"(Deng Xian) တို့ကလည်း သူ့ကို ကြိမ်းမောင်းကာ
"ကျွန်တော်တို့မြို့က လက်နက်ချပါမယ်" ဟုအော်ဟစ်ခဲ့သည်။ 

"မုန့်တာ"(Meng Da) သည် ထွက်ပြေးရပြီး ရန်သူတပ်က အနောက်မှလိုက်လေရာ လူရောမြင်းပါပင်ပန်းနေခဲ့ပြီး မကြာခင်မှာပင် ဖမ်းမိကာ အသတ်ခံလိုက်ရသည်။ သူ၏ခေါင်းကိုပြလိုက်သောအခါဝယ် တပ်သားအားလုံးတို့သည် လက်နက်ချသွားခဲ့လေသည်။ "စီးမာယီ"(Sima Yi) ကို မြို့တံခါးဖွင့်ကာ ကြိုဆိုခဲ့ပြီး လူတို့ကိုငြိမ်းချမ်းစေကာ တပ်သားတို့ကိုဆုလာဘ်များပေးပြီး စစ်အောင်နိုင်မှုသတင်းကို "ချောင်ရေ့"(Cao Rui) ထံတင်ပြခဲ့သည်။ "ချောင်ရေ့"(Cao Rui) သည် "မုန့်တာ"(Meng Da) ၏ခေါင်းကို လော့ရန်ဈေးထဲတွင်ပြထားစေခဲ့သည်။ "ရှန်ယီ"(Shen Yi) နှင့် "ရှန်တန်"(Shen Dan) ကိုရာထူးတိုးပေးကာ "စီးမာယီ"(Sima Yi) ၏တပ်တွေ နေရာချပေးခဲ့သည်။ "လီဖူ"(Li Fu) နှင့် "တန်းရှန်"(Deng Xian) ကိုမူ ရှင်းချန်နှင့်ရှန်ယုံမြို့ကိုအုပ်ချုပ်စေ၏။

"စီးမာယီ"(Sima Yi) သည် ချန်အန်းသို့ချီတက်ပြီး စခန်းချသည်။ ခေါင်းဆောင်သည် မြို့ထဲသို့ဝင်ကာ သခင်နှင့်တွေ့ဆုံပြီး သခင်မှ တလေးတစားဆက်ဆံခဲ့သည်။ "ချောင်ရေ့"(Cao Rui) မှ
"အရင်က ကျုပ်ခင်ဗျားအပေါ်သံသယရှိခဲ့တယ်။ အဲ့တုန်းက ကျုပ်ဟာ ခင်ဗျားအပေါ်အယုံအကြည်မရှိပဲ တခြားလူတွေရဲ့စကားကိုယုံခဲ့မိတယ်။ အဲ့အတွက် နောင်တရခဲ့တယ်။ အခု ဒီသစ္စာဖောက်ကိုခင်ဗျားကဖမ်းပေးနိုင်ပြီး မြို့တော်နှစ်ခုကိုကာကွယ်နိုင်ခဲ့တယ်"
"ရှန်ယီ(Shen Yi) က ပုန်ကန်မှုနဲ့ပတ်သတ်ပြီး သတင်းပေးပြီးတော့ ဧကရာဇ်ထံတင်ပြမလို့။ ဒါပေမယ့် အဲ့လိုသာဆိုရင် နှောင့်နှေးသွားမှာမို့ ကျွန်တော်က အမိန့်တော်ကိုမစောင့်တော့ပဲ ချက်ချင်းတိုက်ခဲ့တာဖြစ်တယ်။ နှောင့်နှေးသွားရင် ကျူးကဲလျန့်(Zhuge Liang) အကွက်ထဲရောက်သွားလိမ့်မယ်"
"စီးမာယီ"(Sima Yi) မှ "ကျူးကဲလျန့်"(Zhuge Liang) ရေးခဲ့သောစာကို ဧကရာဇ်ထံပေးခဲ့သည်။ ဧကရာဇ်သည် ဖတ်ပြီးနောက်
"ခင်ဗျားက ရှေးတုန်းက နာမည်ကျော်စစ်ဗျူဟာရှင် ဝူချိ(Wu Qi) နဲ့ စွန်းကျီ(Sun Zi) တို့ထက် အမြော်အမြင်ရှိသူဖြစ်တယ်"

ဧကရာဇ်သည် စစ်နိုင်သောခေါင်းဆောင်ကို ရွှေပုဆိန်နှစ်လက်ဆုချကာ အရေးကြီးကိစ္စများတွင် ခွင့်ပြုချက်စောင့်စရာမလိုပဲ ကိုယ့်သဘောဖြင့်ဆုံးဖြတ်ပိုင်ခွင့်ပေးခဲ့လေသည်။ ပြီးနောက် ရန်သူတပ်တို့ကိုတိုက်ရန် အမိန့်ပေးသောအခါ "စီးမာယီ"(Sima Yi) မှ သူ၏ရှေ့ပြေးတပ်ကိုဦးဆောင်ရန်အတွက် လက်ဝဲတပ်စစ်သူကြီး "ကျန်းဟဲ"(Zhang He) ကိုရွေးချယ်ခဲ့သည်။ "ချောင်ရေ့"(Cao Rui) မှပြုံးပြီး
"ကျုပ်လည်း သူ့ကိုပဲသွားခိုင်းစေချင်တာ"
သို့နှင့် "ကျန်းဟဲ"(Zhang He) ကို တာဝန်ပေးလိုက်သည်။ "စီးမာယီ"(Sima Yi) သည် ချန်အန်းမှထွက်ခွာပြီး ရှူတပ်စခန်းဆီသို့ချီတက်လေသည်။

Comments

Popular posts from this blog

Lookism