သုံးနိုင်ငံခေတ်(၉၃)
အခန်း (၉၃) "ကျန်းဝေ"(Jiang
Wei) သည် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားခြင်း။
"ကျူးကဲလျန့်"(Zhuge Liang) ၏ကြိမ်းမောင်းအပြစ်တင်မှုကြောင့်
"ဝမ်လန်"(Wang Lang) သေဆုံးရခြင်း။
"ကျန်းဝေ"(Jiang
Wei) မှ မည်သို့ခုခံရမည်ကိုပြောလေသည်။
"ကျူးကဲလျန့်(Zhuge
Liang) က မြို့အနောက်ဘက်မှာ ကင်းပုန်းချထားလိမ့်မယ်၊ ပြီးရင် ကျွန်တော်တို့တပ်တွေအဲ့ကိုသွားအောင်
လုပ်ပြီးတော့ မြို့ကိုကာကွယ်မှုတွေမရှိတဲ့အချိန်မှာ သိမ်းလိမ့်မယ်။ အခု ကျွန်တော့ကို
တပ်သားသုံးထောင်ပေးပါ၊ ကျွန်တော် ဗျူဟာမြောက်တဲ့နေရာမှာ ကင်းပုန်းချထားပါမယ်။ မြို့စားက
တပ်ဖွဲ့တွေချီတက်ပြီးသွားပါ၊ ဒါပေမယ့် ဆယ်မိုင်ထက်ပိုပြီး မသွားပါနဲ့။ ဒါ့အပြင် အချက်ပြတာကို
သတိထားပါ၊ တစ်ကြိမ်အချက်ပြရင် တိုက်ခိုက်ပြီးတော့ နှစ်ကြိမ်အချက်ပြရင်တော့ နှစ်ဖက်လုံးတိုက်ပါမယ်။
ကျူးကဲလျန့်(Zhuge Liang) ကိုယ်တိုင်ရောက်လာရင်တော့ သူ့ကိုပါဖမ်းဆီးကြမယ်"
မြို့စားသည်
ထိုအကြံကိုလုပ်ခံကာ "ကျန်းဝေ"(Jiang Wei) အား လိုအပ်သောတပ်သားများပေးအပ်ခဲ့ပြီး
"ကျန်းဝေ"(Jiang Wei) သည် ချက်ချင်းချီတက်လေသည်။ "မာကျွန်း"(Ma
Zun) သည် "လျန့်ချန်"(Liang Qian) နှင့်အတူ စစ်ချီတက်ကာ အုပ်ချုပ်ရေးအမှုထမ်းများဖြစ်သည့်
"လျန့်ရွှီ"(Liang Xu) နှင့် "ရင်းရှန်"(Yin Shang) တို့ကို မြို့ကာကွယ်ရန်ထားခဲ့သည်။
"ကျောက်ယွင်"(Zhao
Yun) သည် တောင်ကုန်းတို့၏နောက်ကွယ်တွင် စောင့်နေခဲ့ပြီး ထျန်းစွေတပ်များမြို့မှထွက်သွားပါက
မြို့ကိုအလျင်အမြန်သိမ်းရန်ဖြစ်သည်။ မြို့စားသည် မြို့မှထွက်ခွာသွားပြီဟုသူလျှိုတို့ထံမှကြားသိရသောအခါ
"ကျောက်ယွင်"(Zhao Yun) သည် သူနှင့်အတူပူးပေါင်းဆောင်ရွက်မည့် "ကျန်းယီ"(Zhang
Yi) နှင့် "ကောင်းရှန်"(Gao Xiang) တို့အား မြို့စားကိုတိုက်စေသည်။
"ကျောက်ယွင်"(Zhao
Yun) သည် သူ၏တပ်သားငါးထောင်နှင့်အတူ မြို့တံခါးနားသို့သွားကာ
"ကျုပ်က
ချန်စန်းက ကျောက်ယွင်(Zhao Yun) ပဲ၊ ခင်ဗျားတို့တွေ ကျုပ်ထောင်ချောက်ထဲကျသွားပြီ၊ ဒါပေမယ့်
ခင်ဗျားတို့လက်နက်ချမယ်ဆိုရင်တော့ အသက်ပေါင်းများစွာကိုကယ်နိုင်လိမ့်မယ်"
"လျန့်ရွှီ"(Liang
Xu) သည် ကြောက်လန့်တုန်လှုပ်ခြင်းမရှိပဲ အောက်ကိုငုံ့ကြည့်ကာ
"ခင်ဗျားပြောတာ
ပြောင်းပြန်ကြီး၊ တကယ်တော့ ခင်ဗျားက ကျုပ်တို့ထောင်ချောက်ထဲကျသွားတာ၊ ခင်ဗျားတို့မသိသေးတာပဲရှိတယ်"
"ကျောက်ယွင်"(Zhao
Yun) သည် မြို့ကိုစတင်တိုက်ခိုက်သည်။ ထိုအချိန်တွင် အော်ဟစ်သံကြားလိုက်ရပြီး နေရာအနှံ့တွင်
မီးတို့တောက်လောင်ကာ လှံကိုင်ထားသော လူငယ်ခေါင်းဆောင်တစ်ဦးသည် မြင်းကိုအလျင်အမြန်စီးလျက်ထွက်လာသည်။
"ထျန်းစွေက
ကျန်းဝေ(Jiang Wei) ရဲ့အစွမ်းကိုကြည့်စမ်းပါ"
"ကျောက်ယွင်"(Zhao
Yun) သည် ထိုရောက်လာသူနှင့်ရင်ဆိုင်ပြီး သုံး၊လေးကွက်ခန့်တိုက်ပြီးနောက် "ကျန်းဝေ"(Jiang
Wei) မှာ ပိုပြီးစိတ်ဓာတ်တက်ကြွလာသည်ကို သတိထားမိသည်။ "ကျောက်ယွင်"(Zhao
Yun) မှာ အံ့ဩသွားပြီး
'ဒီလိုထူးချွန်တဲ့လူမျိုး
ထျန်းစွေမှာရှိတယ်ဆိုတာ မကြားခဲ့ဖူးဘူး' ဟုတွေးမိသည်။
ထိုသို့တိုက်ခိုက်နေစဉ်တွင်
"မာကျွန်း"(Ma Zun) နှင့် "လျန့်ချန်"(Liang Qian) တို့၏တပ်ပြန်ရောက်လာသည်။
"ကျောက်ယွင်"(Zhao Yun) သည် မနိုင်တော့မှန်းသိသောအခါ သူ၏စစ်ရှုံးသွားသောတပ်တို့ကိုဦးဆောင်ပြီး
တပ်ဆုတ်လေသည်။ ရန်သူတို့ကအနောက်မှလိုက်လေရာ "ကျန်းယီ"(Zhang Yi) နှင့်
"ကောင်းရှန်"(Gao Xiang) တို့က အချိန်မီကယ်ခဲ့သောကြောင့် ဘေးမကျရောက်ခဲ့ပေ။
ထိုအဖြစ်အပျက်တို့ကိုကြားသောအခါ
"ကျူးကဲလျန့်"(Zhuge Liang) သည် အံ့ဩသွားခဲ့သည်။
"သူကဘယ်သူလဲ?
ကျုပ်ရဲ့လျှို့ဝှက်အစီအစဉ်တွေကို သူကဘယ်လိုခန့်မှန်းနိုင်တာလဲ"
ထိုနေရာတွင်ရှိနေသော
နန်အန်းမြို့သားတစ်ဦးမှ
"သူက ကျိချန်က
ကျန်းဝေ(Jiang Wei) လို့ခေါ်ပါတယ်၊ သူ့မိခင်အပေါ် အင်မတန်သိတတ်ပြီးတော့ အုပ်ချုပ်ရေးရော၊
စစ်ဘက်ဆိုင်ရာမှာပါ ထူးချွန်သူဖြစ်တယ်။ ဒါ့အပြင် အမြော်အမြင်နဲ့သူရသတ္တိလည်းရှိတယ်။
သူက တစ်ခေတ်တစ်ခါရဲ့သူရဲကောင်းပဲဖြစ်တယ်"
"ကျောက်ယွင်"(Zhao
Yun) ကလည်း ထိုသူ၏လှံအစွမ်းမှာ တခြားလူများထက်သာလွန်ကြောင်းချီးကျူးခဲ့သည်။ "ကျူးကဲလျန့်"(Zhuge
Liang) မှ
"ကျုပ်
ထျန်းစွေကိုသိမ်းချင်တာ၊ ဒီလိုလူမျိုးနဲ့ကြုံရမယ်လို့မထင်မိဘူး"
ရှူတပ်ကြီးသည်
အင်အားအလုံးအရင်းဖြင့် ချီတက်လာခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) သည် "မာကျွန်း"(Ma Zun) ထံသွားကာ
"ကျောက်ယွင်(Zhao
Yun) စစ်ရှုံးတာကြောင့် ကျူးကဲလျန့်(Zhuge Liang) က သူ့တပ်မကြီးကိုချီတက်လာလိမ့်မယ်။
ကျွန်တော်တို့တွေမြို့ထဲမှာရှိနေမယ်လို့ သူကထင်မှာပဲ၊ ဒါကြောင့် မြို့စားက တပ်တွေကိုလေးဖွဲ့ခွဲသင့်တယ်။
တစ်ဖွဲ့ကို ကျွန်တော်က ဦးဆောင်ပြီး အရှေ့ဘက်မှာ ပုန်းနေမယ်၊ ရန်သူတွေအဲ့ဘက်ကလာရင်
သူတို့ကိုတိုက်ခိုက်ဖို့ပါ။ မြို့စားမင်းရယ်၊ လျန့်ချန်(Liang Qian) ရယ်၊ ရင်းရှန်(Yin
Shang) ရယ်က ကျန်တဲ့အရပ်သုံးမျက်နှာမှာ ပုန်းလျှိုနေပါ။ လျန့်ရွှီနဲ့အရပ်သားတွေကို မြို့ရိုးပေါ်မှာနေစေပြီး
ကာကွယ်မှုတွေပြုပါစေ"
"မာကျွန်း"(Ma
Zun) သည်လည်း ထိုအကြံကိုလက်ခံကာ စီစဉ်မှုများပြုလုပ်ထားစေသည်။
"ကျန်းဝေ"(Jiang
Wei) ခန့်မှန်းသည့်အတိုင်းပင် "ကျူးကဲလျန့်"(Zhuge Liang) သည် တပ်မကြီးကိုဦးဆောင်ကာ
ထျန်းစွေကိုရောက်လာသည်။ မြို့သို့ရောက်သောအခါ "ကျူးကဲလျန့်"(Zhuge
Liang) မှ အမိန့်ပေးသည်။
"မြို့နားကိုရောက်တာနဲ့
ဗုံတွေတီးပြီးတော့ စိတ်ဓာတ်တက်ကြွစေပြီး ချက်ချင်းပဲ မြို့ကိုတိုက်ရမယ်။ နှောင့်နှေးကြန့်ကြာသွားရင်
စိတ်အားထက်သန်မှုတွေလျော့သွားလိမ့်မယ်"
ထို့ကြောင့်
တပ်ဖွဲ့ကြီးသည် ချက်ချင်းပင် အုပ်ရိုးတံတိုင်းသို့ချီတက်သွားခဲ့သည်။ သို့သော်လည်း အလံတလူလူဖြင့်
အဆင်သင့်ဖြစ်နေပုံရသောတပ်ဖွဲ့တို့ကိုမြင်သောအခါ တုံ့ဆိုင်းပြီး မတိုက်ရဲကြပေ။ ညသန်းခေါင်အချိန်တွင်
နေရာအနှံ့တွင်မီးစွဲလောင်ကာ အသံကျယ်ကြီးကိုကြားလိုက်ရသည်။ ဝေတပ်သားတို့ချီတက်လာသည်ကိုမတွေ့သော်လည်း
မြို့ရိုးပေါ်မှ အော်ဟစ်သံတို့ကိုကြားရလေသည်။ ရှူတပ်တို့သည် ကြောက်လန့်ကာထွက်ပြေးကြသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် မြင်းပေါ်တက်ကာ "ကွမ်းရှင်း"(Guan
Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့ကစောင့်ကြပ်ပြီး ဘေးလွတ်ရာသို့သွားခဲ့သည်။
ပြန်လှည့်ကြည့်သောအခါဝယ် မြွေပုံကဲ့သို့တန်းစီကာ မီးတုတ်များကိုင်ထားသည့် မြင်းသည်တော်တပ်တို့ကိုလှမ်းတွေ့ရသည်။
"ကျူးကဲလျန့်"(Zhuge
Liang) က "ကွမ်းရှင်း"(Guan Xing) ကိုလွှတ်ပြီး စုံစမ်းစေခဲ့သည်။
"အဲ့ဒါ
ကျန်းဝေ(Jiang Wei) ရဲ့တပ်တွေပါ"
"စစ်တပ်ဆိုတာအရေအတွက်ထက်
ခေါင်းဆောင်မှုက အဓိကကျတယ်။ ဒီကျန်းဝေ(Jiang Wei) က တကယ့်ကိုထူးချွန်သူပဲ" ဟု မှတ်ချက်ချခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) စစ်တပ်ကို တပ်စခန်းသို့ပြန်ဦးဆောင်လာခဲ့ပြီး အချိန်အကြာကြီးစဉ်းစားပြီးနောက်
အန်းတင်မြို့သားတို့ကိုခေါ်ကာ
"ကျန်းဝေရဲ့အမေက
ဘယ်မှာလဲ"
"သူက ကျိချန်မှာပါ"
ထိုအခါ
"ကျူးကဲလျန့်"(Zhuge Liang) သည် "ဝေရန်"(Wei Yan) ကိုခေါ်ပြီး
"တပ်ဖွဲ့တစ်ခုနဲ့ချီတက်ပြီးတော့
ကျိချန်ကိုသိမ်းမယ်လို့သတင်းလွှင့်ပြီး သွားပါ။ အဲ့မှာ ကျန်းဝေ(Jiang Wei) ရောက်လာရင်
သူ့ကိုမြို့ထဲဝင်ခွင့်ပေးလိုက်ပါ"
"ကျူးကဲလျန့်"(Zhuge
Liang) မှ ဆက်မေးမြန်းခဲ့သည်။
"ဒီနေရာနဲ့ဆက်စပ်ပြီး
အရေးအပါဆုံးနေရာက ဘယ်မှာလဲ"
အန်းတင်မြို့သားတစ်ဦးက
" ထျန်းစွေရဲ့ရိက္ခာတွေကို
စန်းကွေ့ဆိုတဲ့နေရာမှာသိုလှောင်ပါတယ်။ အဲ့ဟာသာမရှိတော့ရင် ရိက္ခာလမ်းကြောင်းပြတ်သွားလိမ့်မယ်"
ထိုသတင်းကောင်းကိုကြားသောအခါ
"ကျောက်ယွင်"(Zhao Yun) အား စန်းကွေ့ကိုတိုက်စေပြီး "ကျူးကဲလျန့်"(Zhuge
Liang) သည် မြို့၏တောင်ဘက်ဆယ်မိုင်အကွာခန့်တွင် စခန်းချခဲ့သည်။ ထိုအကြောင်းတို့ကို
သူလျှိုတို့က ထျန်းစွေသို့အကြောင်းကြားခဲ့သည်။ တပ်ဖွဲ့တစ်ခုသည် သူ့ဇာတိကိုတိုက်မည်ဟုကြားသောအခါ
"ကျန်းဝေ"(Jiang Wei) သည် "မာကျွန်း"(Ma Zun) ထံသွားပြီး အသနားခံခဲ့သည်။
"ကျွန်တော့အမေက
ကျိချန်မှာရှိနေတော့ ရန်သူတွေတိုက်ခိုက်မှာစိုးရိမ်တယ်။ ကျွန်တော့ကိုသွားပြီး ကာကွယ်ခွင့်ပေးပါ၊
ကျွန်တော် မြို့ကိုရော၊ ကျွန်တော့အမေကိုပါ ကာကွယ်ချင်ပါတယ်"
ထို့ကြောင့်
"ကျန်းဝေ"(Jiang Wei) ကိုတပ်သားသုံးထောင်ပေးကာ သူ့ဇာတိမြို့သို့ချီတက်စေသည်။
"ကျန်းဝေ"(Jiang
Wei) သည် မြို့ရိုးနားသို့ရောက်သောအခါ "ဝေရန်"(Wei Yan) ၏တပ်နှင့်တွေ့ပြီး
ရင်ဆိုင်လေသည်။ "ဝေရန်"(Wei Yan) သည် တခဏမျှတိုက်ပြီးနောက် ပြန်ဆုတ်ခွာသွားသည်။
"ကျန်းဝေ"(Jiang Wei) သည် မြို့ထဲဝင်ကာ တံခါးတို့ကိုပိတ်ပြီး မြို့ကိုကာကွယ်ရန်ပြင်ဆင်မှုများလုပ်သည်။
ထို့နောက် အိမ်သို့ပြန်ပြီး သူ့မိခင်ကိုသွားတွေ့ခဲ့သည်။
တစ်ချိန်တည်းမှာပင်
"လျန့်ချန်"(Liang Qian) ကိုလည်း စန်းကွေ့သို့ဝင်ရောက်သွားစေသည်။
ထိုအခါ
"ကျူးကဲလျန့်"(Zhuge Liang) သည် အကျဉ်းသား "ရှဟိုမောက်"(Xiahou
Mao) ကိုခေါ်ကာ ရုတ်တရတ်မေးသည်။
"ခင်ဗျား
သေမှာကြောက်လား"
"ရှဟိုမောက်"(Xiahou
Mao) လည်း ဒူးထောက်ပြီး အသက်ချမ်းသာပေးရန်တောင်းပန်သည်။
"ထျန်းစွေက
ကျန်းဝေ(Jiang Wei) ဟာ အခု ကျိချန်မြို့ကိုစောင့်ကြပ်နေပြီး ခင်ဗျားရဲ့လုံခြုံမှုကိုအာမခံနိုင်မယ်ဆိုရင်
လက်နက်ချမယ်လို့စာပို့လာတယ်။ အခုကျုပ်ခင်ဗျားကို လွှတ်လိုက်မယ်၊ ဒါပေမယ့် ကျန်းဝေ(Jiang
Wei) ကိုကျုပ်ဘက်ရောက်လာအောင်လုပ်ပေးဖို့ ကတိပေးရမယ်။ ဒါကိုလက်ခံနိုင်သလား"
"ကျွန်တော်
သူလက်နက်ချအောင် ဖြောင်းဖြပါ့မယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် အကျဉ်းသားကို အဝတ်နှင့်မြင်းပေးကာ လွှတ်ပေးလိုက်သည်။ သူ့နောက်ကို လူလွှတ်ပြီးလိုက်စေခြင်းမရှိပဲ
သူ့လမ်းသူရွေးကာ သွားစေသည်။
အပြင်သို့ရောက်သောအခါ
"ရှဟိုမောက်"(Xiahou Mao) သည် လွတ်မြောက်လိုသော်လည်း လမ်းမသိသောကြောင့် ဘယ်နေရာသို့သွားရမည်မသိဖြစ်နေသည်။
ထိုအချိန်တွင် ပြေးလာဟန်တူသောလူအချို့ကိုတွေ့လိုက်ရာ မေးမြန်းလေသည်။
"ကျွန်တော်တို့က
ကျိချန်မြို့ကာပါ။ ကျန်းဝေ(Jiang Wei) က လက်နက်ချလိုက်ပြီး ကျူးကဲလျန့်(Zhuge
Liang) ဘက်ပါသွားပြီ။ရှူတပ်သားတွေက မီးရှို့တာ၊ လုယက်တာတွေလုပ်နေလို့ စန်းကွေ့ကိုထွက်ပြေးလာတာပါ"
"ထျန်းစွေမှာ
ဘယ်သူစောင့်ကြပ်နေလည်းသိလား"
"မြို့စား
မာကျွန်း(Ma Zun) ရှိပါတယ်"
ထိုစကားကိုကြားသောအခါ
"ရှဟိုမောက်"(Xiahou mao) သည် ထျန်းစွေသို့အလျင်အမြန်ခရီးနှင်သည်။ သူသည်
လမ်းတွင် သားများကိုဦးဆောင်ကာ သမီးတို့ကိုပွေ့ပိုက်ပြီး ထွက်ပြေးနေသည့် စစ်ပြေးဒုက္ခသည်တို့ကိုတွေ့ပြီး
အားလုံးက တညီတညွတ်တည်းပြောကြလေသည်။ သူသည် မြို့တံခါးနားသို့ရောက်သောအခါ တံခါးမှူးမှမှတ်မိပြီး
တံခါးဖွင့်ပေးခဲ့သည်။ ထိုအခါ မြို့စားသည်ရောက်လာပြီး ကြိုဆိုခဲ့ရာ သူသည် ဖြစ်ပျက်သမျှတို့ကိုပြောပြီး
ဒုက္ခသည်တို့က "ကျန်းဝေ"(Jiang Wei) လက်နက်ချသွားပြီဟုပြောသည့်အကြောင်းကို
ပြန်ပြောပြခဲ့သည်။
မြို့စားသည်
ဝမ်းနည်းစွာဖြင့်
"ကျန်းဝေ(Jiang
Wei) က ရှူဘက်သွားလိမ့်မယ်လို့မထင်ခဲ့ဘူး"
"လျန့်ရွှီ"(Liang
Xu) မှ
"ဒါက သေနာပတိကို
ကာကွယ်ချင်လို့ ဟန်ဆောင်ပြီးလက်နက်ချတာဖြစ်နိုင်ပါတယ်"
"ရှဟိုမောက်"(Xiahou
Mao) မှ
"သူလက်နက်ချသွားပြီဆိုတာသေချာနေတာကို
ဟန်ဆောင်တာဖြစ်နိုင်ပါဦးမလား"
အားလုံးက ဇဝေဇဝါဖြစ်သွားကြသည်။
ထို့နောက် ညသုံးချက်တီးအချိန်တွင် ရှူတပ်ကြီးလာတိုက်လေသည်၊ မီးတို့လင်းထိန်စွာထွန်းထားသောကြောင့်
မြို့တံတိုင်းအောက်တွင် ဟိုဟိုသည်သည်သွားကာ "ရှဟိုမောက်"(Xiahou Mao) ကိုခေါ်နေသော
"ကျန်းဝေ"(Jiang Wei) ကိုတွေ့ရသည်။ "ရှဟိုမောက်"(Xiahou Mao) သည်
"မာကျွန်း"(Ma Zun) တို့သည် မြို့ရိုးပေါ်သို့တက်ကြည့်ရာ လှည့်လည်နေသော
"ကျန်းဝေ"(Jiang Wei) ကိုတွေ့သည်။ ခေါင်းဆောင်တို့ကိုမြင်သောအခါ "ကျန်းဝေ"(Jiang
Wei) မှ
"စစ်သူကြီးအတွက်
ကျွန်တော်လက်နက်ချခဲ့တာ စစ်သူကြီးက ဘာလို့ကတိဖျက်ရတာလဲ"
"ရှဟိုမောက်"(Xiahou
Mao) မှ
"ခင်ဗျားက
ဝေပြည်ရဲ့အကျိုးကျေးဇူးတွေရှိလျက်နဲ့ ဘာကြောင့် ရှူအောက်မှာလက်နက်ချရတာလဲ? ပြီးတော့
ဘာလို့ဒီလိုပြောရတာလဲ"
"စစ်သူကြီးက
ကျွန်တော့ကိုလက်နက်ချဖို့စာရေးခဲ့ပြီးတော့ ဘာလို့ ဒီလိုပြောတာလဲ? ခင်ဗျားရဲ့လုံခြုံမှုအတွက်
ကျွန်တော့ကိုပါ ရောပြီးဆွဲထည့်ခဲ့တယ်။ အခုလက်နက်ချလိုက်တော့ သူတို့ဆီမှာ ပိုပြီးသာလွန်တဲ့စစ်သူကြီးအဆင့်ရသွားပြီ၊
ဝေပြည်ကိုပြန်စရာအကြောင်းမရှိတော့ဘူး"
ထိုသို့ပြောပြီးနောက်
တပ်သားတို့ကိုတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ထိုတိုက်ခိုက်မှုသည် အရုဏ်တက်ချိန်ထိကြာမြင့်ကာ
တိုက်ခိုက်သူတို့သည် ခဏပြန်ဆုတ်သွားခဲ့သည်။
ထို "ကျန်းဝေ"(Jiang
Wei) မှာ အစစ်မဟုတ်ပေ။ "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းဝေ"(Jiang
Wei) နှင့် ရုပ်ဆင်သူတစ်ယောက်ကိုရှာကာ "ကျန်းဝေ"(Jiang Wei) ကဲ့သို့ရုပ်ဖျက်စေပြီး
မြို့တံတိုင်းကိုလာတိုက်သကဲ့သို့ပြုစေချင်းဖြစ်သည်။ ညဘက်အချိန် မီးခိုးငွေ့များကြားတွင်
ထိုဟန်ဆောင်မှုကို မည်သူမှထိုးဖောက်မမြင်နိုင်ခဲ့ပေ။
ထို့နောက်
"ကျူးကဲလျန့်"(Zhuge Liang) သည် ကျိချန်ကိုတိုက်ရန် ချီတက်ခဲ့သည်။ မြို့ထဲတွင်
စားနပ်ရိက္ခာတို့ပြတ်လပ်နေခဲ့ပြီး ရှူတပ်စခန်းထဲတွင် ရိက္ခာများစွာရှိနေသည်ကို မြို့ရိုးပေါ်မှလှမ်းမြင်သောအခါ
"ကျန်းဝေ"(Jiang Wei) သည် ထိုရိက္ခာတို့ကိုသိမ်းယူလိုခဲ့သည်။ ထို့ကြောင့်
တပ်သားသုံးထောင်နှင့်အတူ မြို့ပြင်ထွက်ကာ ရိက္ခာလှည်းတို့ကိုတိုက်ခိုက်သည်။ ရန်သူတို့ကိုမြင်သည်နှင့်
ရိက္ခာစောင့်တပ်သားတို့သည် ထွက်ပြေးကြသည်။ "ကျန်းဝေ"(Jiang Wei) သည် ထိုရိက္ခာတို့ကိုသိမ်းယူကာ
မြို့ထဲသို့ဝင်မည်ပြုစဉ် "ကျန်းယီ"(Zhang Yi) ဦးဆောင်သောတပ်နှင့်တွေ့လေသည်။
အချိန်အတန်ကြာခန့်တိုက်ခိုက်ပြီးနောက် "ဝမ်ဖင်"(Wang Ping) ၏တပ်ရောက်လာကာ
"ကျန်းယီ"(Zhang Yi) ကိုကူသောကြောင့် "ကျန်းဝေ"(Jian Wei) မှာ
နှစ်ဖက်ညှပ်တိုက်ခံခဲ့ရသည်။ နောက်ဆုံးတွင် "ကျန်းဝေ"(Jiang Wei) သည် ရိက္ခာတို့ကိုထားခဲ့ရပြီး
မြို့ထဲသို့ဝင်ရန်ပြုသဖြင့် လုပ်ဆောင်သမျှ အချည်းနှီးဖြစ်သွားခဲ့သည်။
မြို့နားသို့ရောက်လာသောအခါ
မြို့ရိုးပေါ်တွင် ရှူ၏အလံဖြစ်နေသည်ကိုတွေ့လိုက်သည်၊ "ဝေရန်"(Wei Yan) မှာ
ထိုမြို့ကိုသိမ်းလိုက်ပြီဖြစ်သည်။ အပြင်းအထန်တိုက်ခိုက်ပြီ;ပြီနောက် "ကျန်းဝေ"(Jiang
Wei) သည် ထျန်းစွေသို့သွားခဲ့သည်။ ထိုအချိန်တွင် သူ့မှာ မြင်းသည်တော်တပ်အချို့သာ ကျန်တော့သည်။
မကြာမီတွင်ပင်"ကျန်းပေါက်"(Zhang Bao) ၏တပ်နှင့်တွေ့ကာ မြင်းသည်တော်တပ်တို့ကိုဆုံးရှုံးလိုက်ရပြီး
သူတစ်ယောက်တည်းသာကျန်လေသည်။ သူ ထျန်းစွေသို့ရောက်သောအခါ မြို့တံခါးနားမှလှမ်းအကြောင်းကြားသည်။
တံခါးစောင့်တို့သည် သူ့ကိုမှတ်မိကာ မြို့စားကိုသတင်းပို့ခဲ့သည်။ "မာကျွန်း"(Ma
Zun) မှ
"ဒီကောင်က
ကျုပ်ကိုမြို့တံခါးဖွင့်အောင် တမင်ဉာဏ်ဆင်တာပဲဖြစ်မယ်"
ထို့ကြောင့်
မြို့တံခါးမဖွင့်ပေးရန် အမိန့်ပေးလိုက်သည်။ "ကျန်းဝေ"(Jiang Wei) သည် အနောက်သို့ပြန်လှည့်သောအခါ
ရှူတပ်ကြီးကိုတွေ့လေသည်။ ထို့ကြောင့် စန်းကွေ့သို့အလျင်အမြန်ထွက်ပြေးရသည်။ ထိုသို့ရောက်သောအခါ
"လျန့်ချန်"(Liang Qian) မှ သူ့ကိုဆဲရေးခဲ့သည်။
"သစ္စာဖောက်၊
ကျုပ်မြို့တံခါးဖွင့်ပေးအောင် လာနားချတာမလား? ခင်ဗျားရှူလက်အောက်ခိုလှုံသွားတယ်ဆိုတာ
ကျုပ်သိပြီးပြီ"
"လျန့်ချန်"(Liang
Qian) ၏တပ်သားတို့က မြားဖြင့်လှမ်းပစ်လေသည်။
"ကျန်းဝေ"(Jiang
Wei) မှာ အားကိုးရာမဲ့ဖြစ်နေပြီး အမှန်တရားကိုလည်း မရှင်းပြနိုင်ခဲ့ပေ။ ကောင်းကင်ကြီးကိုမော့ကြည့်ကာ
မျက်ရည်တို့သည် ပါးပြင်သို့စီးကျလာသည်။ ထို့နောက် မြင်းကိုကြာပွတ်နှင့်ရိုက်ကာ ချန်အန်းသို့သွားလေသည်။
ဝေးဝေးမသွားနိုင်သေးမီ
"ကွမ်းရှင်း"(Guan Xing) ဦးဆောင်သောတပ်နှင့်တွေ့သောအခါ လူရောမြင်းပါ ပန်းနေသောကြောင့်
မခုခံနိုင်ပဲ လှည့်ပြေးရသည်။ ထိုအချိန်တွင် လှည်းယာဉ်ပေါ်လာပြီး ထိုယာဉ်ပေါ်တွင် အဖြူရောင်အဝတ်ဝတ်ဆင်ပြီး
ငှက်မွေးယပ်တောင်ကိုင်ထားသော "ကျူးကဲလျန့်"(Zhuge Liang) ထိုင်နေသည်။
"မိတ်ဆွေ
ကျန်းဝေ(Jiang Wei) ၊ အခုအချိန်မှာ လက်နက်ချသင့်ပြီမဟုတ်လား"
"ကျန်းဝေ"(Jiang
Wei) သည် ခဏရပ်ပြီးစဉ်းစားခဲ့သည်၊ အရှေ့တွင် "ကျူးကဲလျန့်"(Zhuge Liang)
ရှိကာ အနောက်ဘက်တွင် "ကွမ်းရှင်း"(Guan Xing) ၏တပ်ရှိသည်။ ထွက်ပြေးနိုင်တော့မည်မဟုတ်ဟုတွေးပြီး
မြင်းပေါ်မှဆင်းကာ အရိုအသေပြုပြီး လက်နက်ချခဲ့လေသည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် လှည်းယာဉ်ပေါ်မှဆင်းပြီး သူ့၏လက်ကိုကိုင်ကာ ကြိုဆိုခဲ့သည်။
"ကျုပ်
တဲစုတ်လေးကထွက်လာကတည်းက ကျုပ်တသက်တာလုံးလေ့လာထားတဲ့ ပညာဗဟုသုတတွေကိုသင်ကြားပေးဖို့
သင့်တော်တဲ့လူရှာနေခဲ့တာ၊ အခုချိန်ထိမတွေ့ခဲ့သေးဘူး။ ခင်ဗျားကိုတွေ့မှပဲ ဒီဆန္ဒပြည့်သွားတော့တယ်"
"ကျန်းဝေ"(Jiang
Wei) သည် အရိုအသေပြုကာ ကျေးဇူးတင်ခဲ့ပြီး နှစ်ဦးသား စခန်းသို့ပြန်လာသည်။
ပြန်ရောက်ပြီးနောက်
အသစ်ရောက်လာသူနှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့မှ ထျန်းစွေနှင့် စန်းကွေ့ကိုမည်သို့သိမ်းရမည်ကိုဆွေးနွေးကြသည်။
"ကျန်းဝေ"(Jiang Wei) မှ
"မြို့ကိုစောင့်ကြပ်နေတဲ့
အုပ်ချုပ်ရေးအမှုထမ်းနှစ်ဦးဖြစ်တဲ့ ရင်းရှန်(Yin Shang) နဲ့ လျန့်ရွှီ(Liang Xu) ဟာ
ကျွန်တော့ရဲ့မိတ်ဆွေတွေဖြစ်တယ်။ ကျွန်တော် သူတို့တစ်ယောက်စီကိုစာရေးပြီး မြားမှာချည်ပြီးပစ်လိုက်ပြီးတော့
သူတို့ကို မြို့ထဲကနေပုန်ကန်ခိုင်းစေမယ်"
ထိုသို့လုပ်ဆောင်ရန်
ဆုံးဖြတ်လိုက်ပြီး လျှို့ဝှက်စာနှစ်စောင်ရေးကာ မြို့ရိုးပေါ်သို့လှမ်းပစ်လိုက်သည်။ ထိုစာကို
မြို့စားဆီသို့သွားပို့ခဲ့သည်၊ "မာကျွန်း"(Ma Zun) သည် မည်သို့လုပ်ရမည်မသိပဲ
"ရှဟိုမောက်"(Xiahou Mao) နှင့် တိုင်ပင်သည်။ "ရှဟိုမောက်"(Xiahou
Mao) မှ
"သူတို့နှစ်ယောက်လုံးကိုသတ်လိုက်ပါ"
ထိုအကြောင်းကို
"ရင်းရှန်"(Yin Shang) ကြားသောအခါ "လျန့်ရွှီ"(Liang Xu) အား
"အကောင်းဆုံးကတော့
ရှူတပ်လက်အောက်မှာလက်နက်ချဖို့ပဲ၊ သူတို့တွေက ကျုပ်တို့နစ်နာခဲ့တာအတွက် ပြန်ထောက်ပံ့ပေးလိမ့်မယ်"
ထိုညနေတွင်
"ရှဟိုမောက်"(Xiahou Mao) သည် အမှုထမ်းနှစ်ဦးကိုအကြိမ်များစွာခေါ်ခဲ့သော်လည်း
သွားပါက အသတ်ခံရမည်စိုးသောကြောင့် သွားမတွေ့ခဲ့ပေ။ ထိုအစား သံချပ်ကာတို့ဝတ်ဆင်ကာ တပ်သားတို့ကိုဦးဆောင်ပြီး
ဂိတ်တံခါးကိုဖွင့်ပေးလိုက်ရာ ရှူတပ်ကြီးဝင်လာသည်။ ထိုအခါ "မာကျွန်း"(Ma
Zun) နှင့် "ရှဟိုမောက်"(Xiahou Mao) တို့သည် အနောက်တံခါးမှလူယုံတော်တစ်ရာခန့်နှင့်အတူ
ထွက်ပြေးရကာ ချန်းမျိုးနွယ်စုတွင်သွားခိုလှုံခဲ့သည်။
"လျန့်ရွှီ"(Liang
Xu) နှင့် "ရင်းရှန်"(Yin Shang) တို့ကို "ကျူးကဲလျန့်"(Zhuge
Liang) ကိုကြိုဆိုခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် မြို့တွင်းသို့ဝင်လာပြီးနောက်
စနစ်တကျပြန်ဖြစ်အောင်လုပ်ကာ မြို့သားတို့ကိုစိတ်အေးချမ်းစေခဲ့သည်။ ထို့နောက် စန်းကွေ့ကို
မည်သို့သိမ်းရမည်ကိုတိုင်ပင်သည်။
ထိုအခါ
"လျန့်ရွှီ"(Liang Xu) မှ
"ကျွန်တော့ညီ
လျန့်ချန်(Liang Qian) က အဲ့မြို့ကိုစောင့်ကြပ်နေတယ်၊ သူလက်နက်ချအောင် ကျွန်တော်သွားပြောပါ့မယ်"
ပြီးနောက်
"လျန့်ရွှီ"(Liang Xu) သည် စန်းကွေ့သို့သွားကာ ညီဖြစ်သူကိုလက်နက်ချရန် တိုက်တွန်းခဲ့သည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် ညီနောင်နှစ်ဦးကိုဆုချီးမြင့်ကာ "လျန့်ရွှီ"(Liang
Xu) ကို ထျန်းစွေမြို့စား၊ "ရင်းရှန်"(Yin Shang) ကို ကျိချန်မြို့စားနှင့်
"လျန့်ချန်"(Liang Qian) ကို စန်းကွေ့မြို့စားရာထူး အစရှိသည်ဖြင့်အသီးသီး
ပေးအပ်ခဲ့သည်။ ပြီးနောက် တပ်ဖွဲ့ကြီးသည် ချီတက်ရန်ပြုလုပ်ရာ အမှုထမ်းတို့မှ မေးမြန်းကြသည်။
"ဝန်ကြီးက
ဘာကြောင့် ရှဟိုမောက်(Xiahou Mao) နောက်လိုက်ပြီး ဖမ်းဆီးဖို့မလုပ်ရတာလဲ"
"သူ့ကို
ဘဲလေးကိုလွှတ်သလို လွှတ်ထားလို့ရတယ်။ ကျုပ်မိတ်ဆွေ ကျန်းဝေ(Jiang Wei) ကိုတော့ ဇာမဏီအဖြစ်အသိအမှတ်ပြုလို့ဖြစ်တယ်"
"ကျူးကဲလျန့်"(Zhuge
Liang) ၏စစ်အောင်နိုင်သောဂုဏ်သတင်းတို့ကြောင့် ရန်သူတို့သည် ခုခံခြင်းမရှိပဲ မြို့ပေါင်းများစွာလက်နက်ချခဲ့လေသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် ဟန်ကျုံးမှ မြင်း၊ ခြေလျင်တပ်များကိုစုစည်းကာ
ချီစန်းသို့ချီတက်သည်။ ရှူတပ်ကြီးသည် ဝေမြစ်၏အနောက်ဘက်ကမ်းနားသို့ရောက်လာသောအခါ သူလျှိုတို့သည်
မြို့တော် လော့ရန်သို့အကြောင်းကြားခဲ့သည်။
ထိုအချိန်မှာ
ဝေပြည်သက္ကရာဇ် ထိုက်ဟယ်နှစ် (သာလွန်သောငြိမ်းချမ်းမှု) ပထမနှစ် (အေဒီ ၂၂၇) ဖြစ်ကာ ဝန်ကြီးတစ်ဦးမှ
ရန်သူ့တပ်များကျူးကျော်လာသည့်အကြောင်း လျှောက်ထားခဲ့သည်။
"သားမက်တော်
ရှဟိုမောက်(Xiahou Mao) ဟာ စစ်ရှုံးပြီး မြို့သုံးမြို့ကိုစွန့်လွှတ်ရပြီးတော့ ချန်းမျိုးနွယ်စုတွေဆီသွားခိုလှုံခဲ့တယ်။
ရန်သူတွေဟာ ချီစန်းကိုရောက်လာပြီး ဝေမြစ်အနောက်ဘက်ကမ်းမှာ စခန်းချထားပါပြီ။ ဒါကြောင့်
သူတို့နှိမ်နှင်းဖို့ တပ်ဖွဲ့ကြီးစေလွှတ်ရပါမယ်"
ဧကရာဇ်
"ချောင်ရေ့"(Cao Rui) သည် ထိတ်လန့်ကာ မည်သူသွားရောက်တိုက်ခိုက်လိုကြောင်း
မေးခဲ့သည်။ ထိုအခါ ဝန်ကြီး "ဝမ်လန်"(Wang Lang) ထွက်လာပြီး
"ရှေ့ဧကရာဇ်လက်ထက်တုန်းက
တိုက်တိုင်းအောင် စစ်သူကြီး ချောင်ကျန်း(Cao Zhen) ရှိတယ်၊ သူ့ကိုစေလွှတ်ပြီး ရှူတပ်တွေကိုတိုက်ခိုင်းသင့်ပါတယ်"
"ချောင်ရေ့"(Cao
Rui) ကလက်ခံလိုက်ပြီး "ချောင်ကျန်း"(Cao Zhen) ကိုခေါ်ကာ
"ရှေ့ဧကရာဇ်က
ကျုပ်ကိုကာကွယ်ဖို့ ခင်ဗျားလက်ထဲအပ်ခဲ့တယ်။ တိုင်းပြည်ကိုရန်သူတွေလာရောက်ထိပါးနေတာ
ခင်ဗျားကထိုင်နေလို့မဖြစ်တော့ဘူး"
"ကျွန်တော့အရည်အချင်းက
မပြောပလောက်တာကြောင့် ဒီတာဝန်ကိုထမ်းဆောင်ဖို့ မသင့်တော်ပါဘူး"
ထိုအခါ
"ဝမ်လန်"(Wang Lang) မှ
"ခင်ဗျားက
တိုင်းပြည်ရဲ့သစ္စာရှိအမှုထမ်းကောင်းပဲ၊ ဒီတာဝန်ကိုမငြင်းပယ်ပါနဲ့။ ကျုပ်က အသက်ကြီးရင့်နေပေမယ့်
ကျန်ရစ်တဲ့ခွန်အားအနည်းငယ်ကိုအသုံးချပြီး ခင်ဗျားနဲ့အတူ စစ်မြေပြင်ကိုလိုက်ခဲ့ပါ့မယ်"
"ဧကရာဇ်ရဲ့ကျေးဇူးတွေရှိတော့
ငြင်းဆန်လို့မဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော် အကူတစ်ယောက်လိုအပ်တယ်"
"ခင်ဗျားဘယ်သူ့ကိုခေါ်သွားချင်လဲ
ပြောပါ"
ထိုအခါ
"ချောင်ကျန်း"(Cao Zhen) မှ ရန်ချွီဇာတိဖြစ်သူ၊ ရှဲ့ထင်သခင်၊ ယုံကျိုးနယ်စား
"ကောဟွိုင်"(Guo Huai) ကိုခေါ်လိုကြောင်းပြောသည်။ "ချောင်ကျန်း"(Cao
Zhen) ကို စစ်သေနာပတိ၊ "ကောဟွိုင်"(Guo Huai) ကို လက်ထောက်စစ်သူကြီးနှင့်
"ဝမ်လန်"(Wang Lang) ကို စစ်တပ်အတိုင်ပင်ခံအဖြစ်ခန့်အပ်ခဲ့လေသည်။ ထိုအချိန်တွင်
"ဝမ်လန်"(Wang Lang) မှာ အသက်အရွယ်ကြီးရင့်နေပြီး ခုနစ်ဆယ့်ခြောက်နှစ်ရှိနေပြီဖြစ်သည်။
"ချောင်ကျန်း"(Cao
Zhen) ၏တပ်တွင် မြို့ကြီးနှစ်ခုမှ အကောင်းဆုံးသောစစ်သားများပါဝင်ပြီး တပ်အင်အားနှစ်သိန်းရှိသည်။
ညီဖြစ်သူ "ချောင်ကျွန်း"(Cao Zun) ကို ရှေ့ပြေးတပ်စစ်သူကြီးအဖြစ်ခန့်အပ်ပြီး
ဓားပြတို့ကိုတိုက်ခိုက်သောစစ်သူကြီး "ကျူကျန့်"(Zhu Zan) ကို လက်ထောက်စစ်သူကြီးအဖြစ်ခန့်အပ်ခဲ့သည်။
တပ်ဖွဲ့ကြီးသည် ထိုနှစ် ဆယ့်တစ်လပိုင်းတွင်ထွက်ခွာခဲ့ပြီး ဝေဧကရာဇ်က အနောက်တံခါးမှ
လိုက်လံပို့ဆောင်ခဲ့သည်။
"ချောင်ကျန်း"(Cao
Zhen) သည် ချန်အန်းသို့ချီတက်ကာ ဝေမြစ်အနောက်ဘက်တွင် စခန်းချပြီး အစည်းအဝေးလုပ်ကာ မည်သို့တိုက်ခိုက်ပါက
အကောင်းဆုံးဖြစ်မည်ကိုတိုင်ပင်သည်။ ထိုအခါ "ဝမ်လန်"(Wang Lang) မှ ရန်သူတို့နှင့်စေ့စပ်ဆွေးနွေးလိုကြောင်းပြောသည်။
"တပ်ဖွဲ့အားလုံးကို
တိုက်ခိုက်ဖို့အဆင်သင့်လုပ်ထားပြီး အလံတွေကိုလည်း ထောင်ဖို့လုပ်ထားပါ။ ကျုပ်က ထွက်ပြီး
ကျူးကဲလျန့်(Zhuge Liang) နဲ့ ဆွေးနွေးပြီးတော့ တစ်ချက်မှမတိုက်ရပဲ လက်နက်ချသွားအောင်ပြောမယ်။
အဲ့လိုဆိုရင် ရှူတပ်ကြီးလည်း ပြန်ဆုတ်သွားလိမ့်မယ်"
အသက်ကြီးသောအတိုင်ပင်ခံပြောသည်ကို
လုပ်ဆောင်ကြည့်ရန် သဘောတူလိုက်သည်။ နံနက်လေးချက်တီးအချိန်တွင် ကြိုတင်စားသောက်စေကာ
စစ်ချီတက်ရန်အဆင်သင့်ပြင်ထားစေသည်။ အားလုံးကိုကြီးကျယ်ခမ်းနားစွာပြင်ဆင်ပြီးနောက် အလံတို့ကိုလွင့်ထူစေပြီး
ဗုံတို့ကိုတီးစေကာ လူတို့ကိုနေရာချပေးထားခဲ့သည်။ ထိုသို့မပြုခင်လေးတွင် လူလွှတ်ပြီး
စစ်ကြေညာစေခဲ့သည်။
နောက်ရက် ချီစန်းတောင်တွင်
ရှူတပ်ကြီးသည် သူတို့၏ရန်သူတို့ကိုလှမ်းမြင်ခဲ့လေသည်၊ ထိုတပ်သားတို့မှာ "ရှဟိုမောက်"(Xiahou
Mao) ဦးဆောင်လာသည့်တပ်တို့နှင့်မတူပဲ ပိုပြီးရဲရင့်ကာအစွမ်းထက်ပုံပေါ်သည်။ ဗုံတို့တီးပြီးနောက်
ဝန်ကြီး"ဝန်လန်"(Wang Lang) သည် မြင်းစီးကာ ထွက်လပြီး သေနာပတိနှင့်
"ကောဟွိုင်"(Guo Huai) တို့လည်း ထွက်လာသည်။ ရှေ့ပြေးတပ်စစ်သူကြီးနှစ်ဦးမှာမူ
သူတို့တပ်ကိုကွပ်ကဲကာကျန်ရစ်ခဲ့သည်။ သူတို့သည် ညီညာစွာအရှေ့သို့ထွက်လာပြီး ကျယ်လောင်စွာ
အော်ဟစ်ခဲ့သည်။
"တစ်ဖက်က
ခေါင်းဆောင်နဲ့ ဆွေးနွေးချင်တာတွေ ရှိပါတယ်"
ထိုအခါ တစ်ဖက်မှ
တပ်သားတို့ကလမ်းဖယ်ပေးလိုက်ပြီး "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang
Bao) တို့သည် ဘယ်ညာတစ်ဖက်စီမှထွက်လာသည်။ ထို့နောက် စစ်သူကြီးတို့သည် လိုင်းနှစ်လိုင်းစီကာထွက်လာပြီး
အလယ်တွင် ဘီးလေးလုံးပါသောလှည်းယာဉ်ရှိသည်။ ထိုလှည်းပေါ်တွင် အဖြူရောင်ဝတ်စုံ၊ အနက်ရောင်ခါးပန်းကြိုးဝတ်ထားသည့်
"ကျူးကဲလျန့်"(Zhuge Liang) ထိုင်နေပြီး ငှက်မွေးယပ်တောင်ကိုကိုင်ထားသည်။
သူသည် ဣနြေ္ဒရှိစွာဖြင့်ရှေ့ထွက်လာသည်။ ရှေ့ကိုကြည့်လိုက်သောအခါ ခေါင်းဆောင်ထီးသုံးခုနှင့်
အဖြူရောင်စာလုံးရေးထားသည့် အလံတို့ကိုတွေ့လေသည်။ အလယ်တွင် အဘိုးအိုတစ်ယောက်ရှိပြီး
ထိုသူမှာ ဝန်ကြီး "ဝမ်လန်"(Wang Lang) ဖြစ်သည်။
'သူကစကားပြောဖို့ရောက်လာတာ၊
ကျုပ်အကောင်းဆုံးပြန်ဖြေရမယ်' ဟု "ကျူးကဲလျန့်"(Zhuge Liang) မှ တွေးသည်။
လှည်းယာဉ်ကိုအရှေ့သို့တွန်းစေပြီး အမှုထမ်းတစ်ဦးကို စကားပြောစေသည်။
"ဟန်ပြည်ဝန်ကြီးချုပ်က
ဝန်ကြီး ဝမ်လန်(Wang Lang) နဲ့ ဆွေးနွေးဖို့ဆန္ဒရှိပါတယ်"
"ဝမ်လန်"(Wang
Lang) ရှေ့ထွက်လာသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် လှည်းယာဉ်ပေါ်မှလက်ကိုမြောက်ကာ
အရိုအသေပြုသည်။ "ဝမ်လန်"(Wang Lang) ကလည်း မြင်းပေါ်မှပြန်နှုတ်ဆက်ခဲ့သည်။
ထို့နောက် "ဝမ်လန်"(Wang Lang) မှစပြောသည်။
"ခင်ဗျားကိုတွေ့ရတာ
ဝမ်းသာပါတယ်။ ခင်ဗျားရဲ့ဂုဏ်သတင်းကိုကြားခဲ့တာကြာပါပြီ။ ခင်ဗျားက ကောင်းကင်ရဲ့အမိန့်ကိုသိပြီး
လောကရဲ့အခြေအနေကိုနားလည်တာ၊ ဘာကြောင့်များ အကြောင်းအရင်းမရှိပဲနဲ့ စစ်ကျူးကျော်လာရတာလဲ"
"ဘာလို့အကြောင်းအရင်းမရှိရမှာလဲ?
ကျုပ်မှာ သူပုန်တွေကိုနှိမ်နှင်းဖို့ အမိန့်တော်ရှိတယ်"
"ကောင်းကင်ကြီးကပြောင်းလဲပြီး
လက်လွှဲပြောင်းသွားခဲ့ပြီ။ ကြီးကျယ်တဲ့ဂုဏ်သိန်ဆိုတာ အကျင့်သီလကောင်းမွန်တဲ့လူဆိုနောက်ဆုံးတော့ရောက်လာခဲ့တာပဲ။
ဒါဟာ ရှောင်လွှဲလို့မဖြစ်နိုင်တဲ့အရာပဲ။ ဟွမ်နဲ့လင်ဧကရာဇ်လက်ထက်မှာ အဝါရောင်သူပုန်တွေထခဲ့ပြီး
စစ်ပွဲတွေထူပြောခဲ့တယ်။ ကျန်းအန်းနှစ်တွေမှာလည်း တုန်ကျိုး(Dong Zhuo) ကပုန်ကန်၊ အဲ့နောက်မှာ
လီကျွယ်(Li Jue) ၊ ကော်စီး(Guo Si) တို့က သောင်းကျန်းခဲ့တယ်။ ပြီးတော့ ယွမ်ရှု(Yuan
Shu) က သူ့ကိုယ်သူ ဧကရာဇ်လို့ကြေညာခဲ့ပြီး သူ့အစ်ကိုယွမ်ရှောက်(Yuan Shao) ကတော့ ရဲ့ကျွင်းနယ်မှာ
အင်အားကြီးပြီး ရဲစွမ်းသတ္တိရှိသူဖြစ်ခဲ့တယ်။ လျူပြောင်း(Liu Biao) ကတော့ ကျင်ကျိုးကိုသိမ်းပိုက်ပြီး
လွီပု(Lu Bu) က ရွှီကျိုးမှာ မင်းမူခဲ့တယ်။ သူပုန်တွေဆိုတာ နကျယ်ကောင်အုပ်လိုများပြားခဲ့ပြီး
သတ္တိရှိသူတွေက ထင်တိုင်းကြဲခဲ့ပြီး တိုင်းပြည်ယိုယွင်းကာ ပြည်သူတွေဒုက္ခရောက်ခဲ့တယ်။
ဝေပြည်ကိုတည်ထောင်ခဲ့တဲ့
ဧကရာဇ်ချောင်ဟာ သူပုန်တွေကိုနှိမ်နှင်းပြီး တိုင်းပြည်ကိုအေးချမ်းစေခဲ့တယ်။ အကုန်လုံးက
သူ့အပေါ်ကျေးဇူးတင်ပြီး သူ့လုပ်ဆောင်မှုကို အားလုံးကလေးစားကြတယ်။ သူက အဲ့အခြေအနေရောက်လာတာဟာ
အတင်းအဓမ္မလုပ်ယူခဲ့တာမဟုတ်ပဲ ကောင်းကင်ကြီးရဲ့ဆန္ဒသာဖြစ်တယ်။ သူ့ရာထူးကိုဆက်ခံတဲ့ ဖီဧကရာဇ်ဟာလည်း
အမြော်အမြင်ရှိပြီး စစ်မက်ရေးရာထူးချွန်တယ်၊ ကြီးမားတဲ့တာဝန်ကိုလက်ဆင့်ကမ်းယူနိုင်သူဖြစ်ပြီး
ကြီးကျယ်တဲ့အရှိန်အဝါရှိတယ်။ ကောင်းကင်ရဲ့ဆန္ဒရယ်၊ လူတွေရဲ့အလိုကြောင့် ရှေးတုန်းက ဧကရာဇ်တွေလမ်းစဉ်အတိုင်း
သူက အလယ်ပိုင်းဒေသရဲ့အုပ်ချုပ်မှုကိုတာဝန်ယူခဲ့တာဖြစ်တယ်။ ဒါက ကောင်းကင်ကြီးနဲ့ပြည်သူတွေရဲ့ဆန္ဒမဟုတ်ဘူးလို့ပြောနိုင်မလား"
ခင်ဗျားက အရည်အချင်းရှိသူဖြစ်ပြီး
ကွမ်းကျုံး(Guan Zhong) တို့၊ ယွဲ့ယီ(Yue Yi) တို့နဲ့နှိုင်းယှဉ်နိုင်သူဖြစ်တယ်။ ဒါကို
ဘာကြောင့် ကောင်းကင်အမိန့်တော်ကိုမျက်ကွယ်ပြုပြီးလူတွေကိုဆန္ဒကိုမကြည့်ပဲနဲ့ ကျူးကျော်စစ်ဆင်နွှဲရတာလဲ?
ရှေးစကားဖြစ်တဲ့ ကောင်းကင်အတိုင်းလုပ်ဆောင်ရင်အောင်မြင်ပြီး ကောင်းကင်ကိုဆန့်ကျင်ရင်
ကျရှုံးမယ်ဆိုတာကို မသိတာတော့ မဟုတ်ဘူးမလား။ အခု ဝေတပ်တွေက မရေမတွက်နိုင်အောင်ရှိပြီး
အရည်အချင်းရှိတဲ့ခေါင်းဆောင်ကောင်းတွေလည်း အများကြီးရှိတယ်။ မြက်ကြားထဲက ပိုးစုန်းကြူးရဲ့အလင်းရောင်ဟာ
ကောင်းကင်ကလမင်းကြီးကိုယှဉ်နိုင်ပါ့မလား? ခင်ဗျားသာ လက်နက်တွေ၊ သံချပ်ကာတွေကို ပစ်ချပြီး
လက်နက်ချမယ်ဆိုရင် ခင်ဗျားရဲ့ရာထူးလည်း မလျှော့ကျစေရဘူး။ တိုင်းပြည်ကြီးလည်းအေးချမ်းပြီး
ပြည်သူတွေလည်း ဝမ်းမြောက်ရမှာဖြစ်တယ်။ ဒါက လုပ်သင့်တဲ့အရာမဟုတ်ပေဘူးလား"
"ကျူးကဲလျန့်"(Zhuge
Liang) သည် ရယ်မောခဲ့သည်။
"ခင်ဗျားကို
အသက်အရွယ်ကြီးတော့ ဟန်တိုင်းပြည်ရဲ့အမှုထမ်းလို့မှတ်ပြီး ကြီးကျယ်တဲ့လမ်းနောက်လိုက်ခဲ့မယ်ထင်တာ။
ဒီလောက်အောက်တန်းကျတဲ့စကားမျိုးပြောလိမ့်မယ်မထင်ခဲ့ဘူး။ တပ်ဖွဲ့ကြီးတွေအားလုံးကြားရအောင်
ကျုပ်ပြောချင်တဲ့စကားရှိတယ်။ ဟွမ်နဲ့လင်ဧကရာဇ်လက်ထက်မှာ ဟန်ပြည်ရဲ့အခြေအနေယိုယွင်းလာခဲ့ပြီး
မင်းမှုထမ်းတွေက မသူတော်တွေဖြစ်တာကြောင့် အစိုးရအခြေအနေဟာရှုပ်ထွေးခဲ့ပြီး တိုင်းပြည်ကြီးလည်း
ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ ပြဿနာတွေဟာ မီးခိုးကြွက်လျှောက်ပေါ်ခဲ့ပြီး ခင်ဗျားပြောတဲ့သူပုန်တွေဟာလည်း
တစ်ယောက်ပြီးတစ်ယောက်ပေါ်လာပြီးတော့ ပြည်သူတွေကိုဒုက္ခပေးခဲ့တယ်။ ပြည်ထဲရေးအမှုထမ်းတွေက
အသိဉာဏ်နည်း၊ အကျင့်ပျက်ခြစားနေကြပြီး နန်းတွင်းအမှုထမ်းတွေကလည်း တိရစ္ဆာန်လိုဆိုးသွမ်းခဲ့တယ်။
မြောက်ထိုးပင့်ကော်လုပ်ပြီး နေရာရလာကြတော့ နန်းတွင်းဆိုတာ အမှိုက်ပုံသဖွယ်ဖြစ်လာခဲ့ပြီး
လူတွေက ရွှံ့နွံထဲကိုရောက်သွားခဲ့တယ်။
ခင်ဗျားအကြောင်းကို
ကျုပ်သိပါတယ်။ ခင်ဗျားက အရှေ့ဘက်ပင်လယ်ကမ်းကလာပြီးတော့ နိမ့်ပါးတဲ့ရာထူးကိုယူခဲ့တယ်။
အဲ့အချိန်တုန်းက အုပ်ချုပ်သူကိုကောင်းကောင်းကူညီပြီး တိုင်းပြည်ကိုထောင့်ပံပြီးတော့
ဟန်ပြည်ကိုငြိမ်းချမ်းစေပြီး လျူတွေရဲ့သိက္ခာကိုကြီးမြင့်စေခဲ့တယ်။ ဒါပေမယ့် ခင်ဗျားက
ပြောင်းလဲသွားပြီး သူပုန်တွေကိုကူညီပြီးတော့ ရာဇပလ္လင်ကိုလုယူမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ?
ခင်ဗျားရဲ့ပြစ်ဒဏ်တွေက ကြီးလေးလွန်းတယ်။ ကောင်းကင်နဲ့မြေကြီးတောင် ခင်ဗျားကိုလက်မခံနိုင်တော့ဘူး၊
ဒီတိုင်းပြည်ကလူတွေကလည်း ခင်ဗျားကို ဝါးမြိုချင်ကြတယ်။
ကောင်းကင်ကြီးရဲ့အမိန့်တော်က
တိုင်းပြည်ကြီးကိုပြန်လည်ထူထောင်နိုင်ဖို့ပဲဖြစ်တယ်။ နတ်ရွာစံသွားတဲ့ ဘေ့ဧကရာဇ်ဟာ ဒီတိုင်းပြည်ကို
မြစ်ပြည်နယ်မှာ အသက်ဆက်စေခဲ့ပြီး လက်ရှိဧကရာဇ်ကတော့ ခင်ဗျားတို့လိုသူပုန်တွေကိုနှိမ်နှင်းဖို့
ကျုပ်ကိုအမိန့်ပေးခဲ့တယ်။
ခင်ဗျားဟာ ဟုတ်မှန်သယောင်နဲ့မှားယွင်းနေတဲ့ဝန်ကြီးပဲဖြစ်တယ်။
ကိုယ်ကိုဖုံးကွယ်ပြီး ခေါင်းကိုလျှိုပြီးတော့ ကိုယ့်ဝမ်းဗိုက်နဲ့ကျောကိုပဲစိတ်ပူတယ်။
တပ်ဖွဲ့ကြီးတွေရှေ့လာပြီးတော့ ကောင်းကင်ရဲ့အမိန့်တော်ဆိုတာတွေလာမပြောပါနဲ့။ ရူးသွပ်တဲ့သူပုန်၊
ဒီနေ့ဟာ ခင်ဗျားရဲ့နောက်ဆုံးနေ့ဖြစ်ပြီး ရွှေရောင်စမ်းချောင်းကိုးသွယ်ကို သွားရမှာဖြစ်တယ်။
ခင်ဗျားက အရှေ့ဟန်မင်းဆက်နှစ်ဆယ့်လေးဆက်ကို ဘယ်လိုများမျက်နှာပြမလဲ? ပြန်သွားလိုက်ပါတော့၊
သူပုန်ကြီး! ခင်ဗျားရဲ့အပေါင်းအဖော်တွေကို ကျုပ်နဲ့လာတိုက်ခိုင်းပြီး အနိုင်အရှုံးဆုံးဖြတ်ကြတာပေါ့"
"ဝမ်လန်"(Wang
Lang) သည် ဒေါသထွက်ကာ ကျယ်လောင်စွာဟစ်အော်ပြီး မြေပေါ်သို့ကျကာ သေဆုံးသွားခဲ့သည်။
"ဝမ်လန်"(Wang
Lang) လဲကျသွားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် "ချောင်ကျန်း"(Cao
Zhen) ကိုယပ်တောင်ဖြင့်ညွှန်ကာ
"ခင်ဗျားကိုတော့
ဒီအတိုင်းပဲလွှတ်ပေးလိုက်မယ်။ မနက်ဖြန်မှာ တိုက်ခိုက်ဖို့အဆင်သင့်လုပ်ထားပါ"
ထို့နောက် လှည်းယာဉ်သည်
ပြန်ထွက်သွားပြီး တပ်ဖွဲ့တို့လည်း ထိုရက်အတွက် ပြန်ဆုတ်ခွာသွားသည်။ "ချောင်ကျန်း"(Cao
Zhen) သည် အသက်ကြီးသောအတိုင်ပင်ခံ၏အလောင်းကို အခေါင်းထဲတွင်ထည့်ကာ ချန်အန်းသို့ပြန်ပို့စေခဲ့သည်။
ထို့နောက် စစ်သူကြီး "ကောဟွိုင်"(Guo Huai) မှ
"ကျူးကဲလျန့်(Zhuge
Liang) က မနက်ဘက်လာတိုက်မယ်လို့ပြောပြီး တကယ်တော့ ညမှာလာတိုက်လိမ့်မယ်ထင်တယ်။ ကျုပ်တို့တွေ
တပ်ဖွဲ့နှစ်ခုကို ကင်းပုန်းချထားပြီး သူ့ကိုစောင့်နေရမယ်။ ကျန်တဲ့တပ်နှစ်တပ်ကတော့ ရန်သူ့စခန်းကိုသွားတိုက်စေမယ်"
"ကျုပ်လည်း
အဲ့လိုပဲတွေးနေတာ၊ အဲ့အတိုင်းလုပ်ကြမယ်"
"ချောင်ကျွန်း"(Cao
Zun) နှင့် "ကျူကျန့်"(Zhu Zan) တို့သည် အမိန့်ကိုလက်ခံရရှိပြီးနောက် ထွက်သွားလေသည်။
စစ်သေနာပတိနှင့် "ကောဟွိုင်"(Guo Huai) တို့သည် တပ်တစ်တပ်စီကိုဦးဆောင်က
ရှူတပ်များလာမည်ကိုစောင့်နေသည်။ အတွင်းဘက်တွင် လူအနည်းငယ်သာထားရှိပြီး ရန်သူတို့လာပါက
မြင်နိုင်ရန် မီးများထွန်းထားစေသည်။ စစ်သူကြီးအားလုံးတို့သည် ပြင်ဆင်စရာရှိသည်တို့ကို
ပြင်ဆင်ကြသည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် သူ၏စခန်းသို့ရောက်သောအခါ "ကျောက်ယွင်"(Zhao Yun) နှင့်
"ဝေရန်"(Wei Yan) တို့ကိုခေါ်ပြီး
"ခင်ဗျားတို့နှစ်ယောက်က
ရန်သူတွေကိုသွားတိုက်ဖို့လုပ်ရမယ်"
"ဝေရန်"(Wei
Yan) မှ
"ချောင်ကျန်း(Cao
Zhen) က အတွေ့အကြုံရှိတော့ ဒီအတွက်ပြင်ဆင်ထားလိမ့်မယ်"
"ဒါက ကျုပ်လိုချင်တဲ့အရာပဲ။
ဒီညမှာ ကျုပ်တို့တွေလာတိုက်မယ်ဆိုတာ သူ့ကိုသိအောင်လုပ်ရမယ်။ ဒီလိုသာဆိုရင် သူက ချီစန်းတောင်အနောက်မှာ
တပ်တွေဝှက်ထားပြီးတော့ ကျုပ်တို့တွေထွက်သွားတာမြင်တာနဲ့ ကျုပ်တို့စခန်းကိုလာတိုက်လိမ့်မယ်။
ခင်ဗျားတို့ကိုလွှတ်ရတာက အဲ့တောင်ကုန်းကဖြတ်သွားပြီး ရန်သူတွေမြင်အောင်လို့ပဲဖြစ်တယ်။
ဒါပေမယ့် ပြီးရင်တော့ အဲ့နားက နည်းနည်းဝေးရာမှာစခန်းချနေပါ။ ဝေတပ်တွေက ဒီစခန်းကိုလာတိုက်ရင်
ခင်ဗျားတို့အချက်ပေးတာကိုမြင်ရမယ်။ အဲ့အချိန်မှာ ဝေရန်(Wei Yan)က တောင်ကုန်းဘက်ကိုသွားပြီး
ကျောက်ယွင်(Zhao Yun) က တိုက်ခိုက်ဖို့ပြန်လှည့်လာပါ။ လမ်းမှာရန်သူနဲ့ရင်ဆိုင်ရရင်
လွှတ်ပေးလိုက်ပါ။ ရန်သူတွေက သူတို့အချင်းချင်းတိုက်တဲ့အချိန်မှာ ကျုပ်တို့ကတိုက်ပွဲကိုအဆုံးသတ်ပေးမယ်"
ထို့နောက် အစီအစဉ်အတိုင်းလုပ်ဆောင်ရန်
ထွက်သွားကြသည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang
Bao) ကိုခေါ်ကာ
"ခင်ဗျားတို့က
တပ်သားတစ်သောင်းစီယူပြီးတော့ တောင်ဘက်ကိုသွားတဲ့လမ်းမနားမှာပုန်းနေရမယ်။ ဝေတပ်တွေဖြတ်သွားရင်
ဘာမှမလုပ်ပဲ ပြီးတော့မှသူတို့စခန်းကိုသွားတိုက်ပါ"
ထိုသူနှစ်ဦးထွက်သွားသောအခါ
"ကျူးကဲလျန့်"(Zhuge Liang) သည် "မာတိုက်"(Ma Dai) ၊ "ဝမ်ဖင်"(Wang
Ping) ၊ "ကျန်းနီ"(Zhang Ni) ၊ "ကျန်းယီ"(Zhang Yi) တို့ကိုခေါ်ကာ
စခန်းတွင် ကင်းပုန်းဝပ်ထားစေသည်။
စခန်းထဲတွင်
လူများရှိနေသယောင် ရွက်ဖျင်တဲတို့ကိုထား,ထားပြီး အချက်ပြရန်အတွက် သစ်နှင့်ကောက်ရိုးတို့ကိုအဆင်သင့်ထားထားသည်။
ထိုသို့ပြင်ဆင်ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) သည် စခန်း၏နောက်သို့သွားပြီး
စောင့်ကြည့်ဏည်ခဲ့သည်။
ဝေဘက်တွင် ရှေ့ပြေးတပ်စစ်သူကြီးများဖြစ်သည့်
"ချောင်ကျွန်း"(Cao Zun) နှင့် "ကျူကျန့်"(Zhu Zan) တို့သည် နေဝင်ရီတရောအချိန်တွင်
ရှူတပ်စခန်းဘက် ထွက်လာခဲ့သည်။ နှစ်ချက်တီးအချိန်တွင် တောင်ကုန်းနားမှ တပ်ကြီးတစ်တပ်ဖြတ်သွားသည်ကိုမြင်လိုက်ရာ
"ချောင်ကျွန်း"(Cao Zun) က တွေးခဲ့သည်။
'စစ်သူကြီး
ကောဟွိုင်(Guo Huai) က ထူးချွန်တဲ့ဗျူဟာရှင်ဖြစ်ပြီး အမြော်အမြင်ရှိသူဖြစ်တယ်'
ထို့နောက် အလျင်အမြန်ချီတက်ရာ
သုံးချက်တီးအချိန်ခန့်တွင် ရှူတပ်စခန်းသို့ရောက်သည်။ ရောက်သောအခါ အတွင်းသို့ဝင်သွားသော်လည်း
လူတစ်ဦးတစ်ယောက်မျှမတွေ့သောကြောင့် ထောင်ချောက်ထဲဝင်မိပြီဟုသိပြီး ပြန်လှည့်စေသည်။
ထိုအချိန်တွင် မီးတို့တောက်လောင်ကာ "ကျူကျန့်"(Zhu Zan) မှ ထိုမီးကို အချက်ပေးသည်ဟုထင်ပြီးတိုက်ခိုက်ရန်ချီတက်ရာ
လမ်းတွင် တပ်နှစ်တပ်သည် တိုက်ခိုက်ကြသည်။ ခေါင်းဆောင်နှစ်ဦးသည် အချင်းချင်းတွေ့ပြီးမှ
မိမိလူအချင်းချင်းတိုက်နေမှန်းသိသွားခဲ့ပြီး တိုက်ခိုက်မှုတို့ရပ်တန့်ရန် အမိန့်ပေးခဲ့သည်။
ထိုအချိန်တွင် အသင့်စောင့်နေသော "မာတိုက်"(Ma Dai) ၊ "ဝမ်ဖင်"(Wang
Ping) ၊ "ကျန်းနီ"(Zhang Ni) နှင့် "ကျန်းယီ"(Zhang Yi) တို့က
ဝင်တိုက်လေသည်။ "ချောင်ကျွန်း"(Cao Zun) နှင့် "ကျူကျန့်"(Zhu
Zan) တို့သည် လူအယောက်တစ်ရာကျော်နှင့်အတူ ကိုယ်လွတ်ရုန်းခဲ့ရသည်။ ထိုအချိန်တွင်
"ကျောက်ယွင်"(Zhao Yun) ထွက်လာကာ
"သူပုန်ခေါင်းဆောင်တွေ၊
ဘယ်သွားမလို့လဲ? ဒီနေ့က ခင်ဗျားတို့သေနေ့ပဲ"
သို့သော်
"ချောင်ကျွန်း"(Cao Zun) နှင့် "ကျူကျန့်"(Zhu Zan) တို့သည် ဆက်လက်ပြေးခဲ့ရာ
"ဝေရန်"(Wei Yan) ဦးဆောင်သည့်တပ်နှင့်တွေ့ပြီး ရှုံးနိမ့်သွားပြန်သည်။ ဝေတပ်တို့သည်
သူတို့စခန်းသို့ပြန်ခဲ့သည်။ သို့သော် စခန်းစောင့်တို့သည် ရန်သူတို့လာပြီအမှတ်ဖြင့်
မီးတို့ဖြင့်အချက်ပေးလိုက်ရာ "ချောင်ကျန်း"(Cao Zhen) နှင့် "ကောဟွိုင်"(Guo
Huai) တို့က တစ်ဖက်တစ်ချက်စီမှထွက်လာပြီး အချင်းချင်းတိုက်ကြပြန်သည်။
ထိုသို့တိုက်ခိုက်ကြစဉ်
"ဝေရန်"(Wei Yan) ၊ "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang
Bao) တို့သည် နေရာသုံးခုမှရောက်လာပြီး တိုက်ခိုက်ရာ ဖရိုဖရဲဖြစ်ကုန်သည်။ ဝေတပ်ကြီးသည်
သုံးမိုင်ခန့်တပ်ဆုတ်လိုက်ရသည်။
ထိုတိုက်ပွဲတွင်
ဝေတပ်မှခေါင်းဆောင်များစွာကျဆုံးခဲ့ပြီး "ကျူးကဲလျန့်"(Zhuge Liang) သည်
စစ်အောင်နိုင်ခဲ့သည်။ "ချောင်ကျန်း"(Cao Zhen) နှင့် " ကောဟွိုင်"(Guo
Huai) တို့သည် စစ်ရှုံးသွားသောတပ်တို့နှင့်အတူ စခန်းသို့ပြန်ရောက်လာသည်။ သူတို့ဆွေးနွေးကြသောအခါဝယ်
"ချောင်ကျန်း"(Cao Zhen) မှ
"ရန်သူတွေကိုအနိုင်ယူဖို့ခက်ခဲလွန်းတယ်။
ခင်ဗျားမှာ ဘာနည်းလမ်းတွေရှိလဲ"
ထိုအခါ
"ကောဟွိုင်"(Guo Huai) မှ
"ရှုံးနိမ့်ခြင်းဟာ
စစ်ပွဲမှာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ စိတ်ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော် သူတို့တွေအချင်းချင်း
မကူညီနိုင်ပဲ ရှုပ်ထွေးသွားအောင်လုပ်ဖို့အကြံရှိတယ်။ အဲ့လိုဆိုရင် သူတို့တွေတပ်ဆုတ်သွားပါလိမ့်မယ်"
Comments