ဂျပန်ရာဇဝင် - Asuka ခေတ်၊ Nara ခေတ် နှင့် Heian ခေတ်

Asuka ခေတ် (AD 538 - AD 710)

AD 538 မှာ ကိုရီးယားကတစ်ဆင့် ဗုဒ္ဓဘာသာ ဝင်ရောက်လာခဲ့ပြီး အုပ်ချုပ်သူ လူတန်းစားတွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြတယ်။ ဒါ့အပြင် ကွန်ဖြူးရှပ်ဝါဒနဲ့ တာအိုဝါဒတွေပါ ပြန့်နှံ့လာခဲ့တယ်။ နောက်ပြီး တရုတ်စာပေလဲ ပြန့်ပွားလာခဲ့ပါတယ်။ သက္ကရာဇ် 593 မှာ Sujun ဘုရင် လုပ်ကြံခံရပြီး သူ့ရဲ့ တူမဖြစ်တဲ့ Suiko ဟာ ဘုရင်မ ဖြစ်လာခဲ့ပါတယ်။ 594 မှာ မင်းသား Shotoku ဟာ အုပ်ချုပ်မှုယန္တရားမှာ အာဏာအတန်အသင့်ရလာခဲ့ပါတယ်။ Shotoku ဟာ တရုတ်ယဉ်ကျေးမှူကို နှစ်သက်ခဲ့တဲ့သူ ဖြစ်တဲ့ အတွက် 604 မှာ တရုတ်ပြည် အုပ်ချုပ်မှုကို အတုယူပြီး Taika ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပါတယ်။
 Taika ပြုပြင်ပြောင်းလဲရေး

Taika ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်တဲ့ အချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
- နယ်စားများ ထားရှိ၍ အုပ်ချုပ်စေသော်လည်း ဘုရင့်၏ ဆန္ဒအတိုင်းသာ အုပ်ချုပ်ရမည်။
- တိုင်း၊ ခရိုင် ၊ မြို့ ခွဲ၍ ဗျူရိုကရေစီ စနစ်အတိုင်း အုပ်ချုပ်သည်။
- စစ်ဘက်နှင့် မြို့ပြဆိုင်ရာကို ခွဲခြားထားသည်။
- အရာရှိစာမေးပွဲများ ဖြေဆိုစေပြီး မင်းမှုထမ်းများ ခန့်အပ်သည်။
- လယ်ယာများကို နိုင်ငံပိုင်လုပ်ပြီး လယ်သမားများကို ဝေငှသည်။

Nara ခေတ် (AD 710 - AD 794)
 
သက္ကရာဇ် 710 တွင် မြို့တော်ကို Asuka မှ Nara သို့ ပြောင်းရွေှ့ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဟာလဲ ပိုမိုပြန့်ပွားလာခဲ့ပြီး မြို့တော်ဖြစ်တဲ့ Nara မှာ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေ ဆောက်လုပ် လာကြပါတယ်။ တရုတ်ယဉ်ကျေးမှုတွေကို အတုယူပြီး ဂျပန်ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ဟန်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။
မြို့တော် Nara ကို တည်ဆောက်တဲ့ အခါမှာလဲ တရုတ်ထန် ပြည် (Tang Dynasty) ရဲ့ မြို့တော် Chang'an (ယခု Xi'an ) ကို အတုယူပြီး တည်ဆောက်ခဲ့ပါတယ်။
အဲ့အချိန်လောက်မှာ Fujiwara နယ်စားဟာ ဩဇာကြီးလာပြီး ဂျပန်ဘုရင်နဲ့ အင်အားချင်း ပြိုင်လာခဲ့ပါတယ်။

Heian ခေတ် ( AD 794 - AD 1185)

AD 794 မှာ မြို့တော်ကို Heian (ယခု Kyoto) ကို ထပ်မံ ပြောင်းရွေှ့ခဲ့ပြန်ပါတယ်။ ဒီခေတ်ဟာ ဂျပန်ရဲ့ နာမည်ကြီး ရှေးဝတ္ထု ဖြစ်တဲ့ "The Tale of Genji" အစပျိုးခဲ့ရာ ခေတ်ပဲ ဖြစ်ပါတယ်။
Heian ခေတ်တစ်လျှောက်လုံးမှာ Fujiwara နယ်စားတွေဟာ အုပ်ချုပ်ရေးအာဏာကို နောက်ကွယ်က ကြိုးကိုင်နေခဲ့ပါတယ်။ ဘုရင်ကို ထီးနန်းမစွန့်ခိုင်းပေမယ့်လဲ ဘုရင့်မှာ လုံးဝအာဏာမရှိခဲ့ပါဘူး။
Taika ပြုပြင်ပြောင်းလဲရေးဟာ ကောင်းတာတွေရှိပေမယ့်လဲ ဆိုးတဲ့ အချက်တွေလဲ ရှိနေခဲ့ပါတယ်။ အဆိုးရွားဆုံးကတော့ လယ်သမားတွေဆီက အခွန်များစွာ ကောက်ခံတာ ဖြစ်ပါတယ်။ လယ်သမားတွေဟာ မြေယာတွေကို ရောင်းချရပြီး မြေမဲ့ယာမဲ့တွေ ဖြစ်လာခဲ့ပါတယ်။
အစိုးရရဲ့ အုပ်ချုပ်မှုကို မနှစ်သက်တဲ့အတွက် တိုင်းပြည်ဟာ မငြိမ်မသက်ဖြစ်လာပြီး ပုန်ကန်မှုတွေ ဖြစ်လာခဲ့ပါတယ်။

စစ်ပွဲတွေကို တိုက်ဖို့အတွက်ကို ကြေးစားစစ်သားတွေ ငှားရမ်းကြပြီး တိုက်ကြရတယ်။ အဲ့ကြေးစားစစ်သားတွေဟာ Samurai လို့ခေါ်တဲ့ လူတန်းစားတစ်ရပ် ဖြစ်လာခဲ့တယ်။ Samurai တွေဟာ စစ်တိုက်ရာမှာ မွေ့လျော်ပြီး တခြား အလုပ်တွေကို လုပ်ကိုင်လိုခြင်းမရှိပါဘူး။ Samurai တွေဟာ Samurai ကျင့်ဝတ်လို့ ဆိုနိုင်တဲ့ Bushido ဆိုတာကို လိုက်နာကြပါတယ်။ ဒါ့အပြင် သခင်တွေ အပေါ်မှာလဲ အင်မတန် သစ္စာရှိကြတဲ့အတွက် Samurai လူတန်းစားဟာ ဂျပန်သမိုင်းမှာ အရေးပါတဲ့ လူတန်းစား ဖြစ်လာခဲ့ပါတယ်။

12 ရာစုလောက်မှာတော့ Fujiwara နယ်စားတွေအပြင် အခြား နယ်စားတွေဖြစ်တဲ့ Minamoto နဲ့ Taira ဟာလဲ အင်အားကြီးလာပါတယ်။ Taira တွေဟာ အုပ်ချုပ်ရေးအာဏာမှာ နေရာ ဝင်ယူလာပြီး Minamoto မိသားစုတွေ ကတော့ ပုန်ကန်မှုတွေကို နှိမ်နှင်းရတဲ့အတွက် စစ်ဘက်မှာ အင်အား တောင့်လာခဲ့ပါတယ်။
 
Fujiwara တွေရဲ့ ဩဇာဟာ မှေးမှိန်သွားခဲ့ပြီးနောက် Minamoto နဲ့ Taira တွေဟာ Gempei စစ်ပွဲ(1180 - 1185) ဖြစ် ခဲ့ပြီး Minamoto အောင်နိုင်ခဲ့ပါတယ်။ Minamoto Yoritomo ဟာ တန်ခိုးအာဏာအကြီးဆုံး ဖြစ်လာခဲ့ပြီး သူ့မြို့ဖြစ်တဲ့ Kamakura မှာ အခြေစိုက်ပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။

References





၎။ ကမ္ဘာ့အရှေ့ဖျား ရာဇဝင် သိမှတ်ဖွယ် - ဦးကြည် - စာမျက်နှာ (၁၇၇- ၁၈၂)

Comments

Popular posts from this blog

Lookism