ဂျပန်ရာဇဝင် - ရှေးခေတ်ဂျပန်ပြည်

ဂျပန်နိုင်ငံဟာ တရုတ်ပြည်ရဲ့ အရှေ့မြောက်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ တည်ရှိပြီး ကျွန်းကြီးကျွန်းငယ်ပေါင်း သုံးထောင်ကျော်ပါဝင်ပြီးတော့ မြောက်မှ တောင်ကို မိုင်ပေါင်း ၂၅၀၀ ရှည်လျားပါတယ်။ ကျွန်းတွေအနက်က ထင်ရှားတဲ့ ကျွန်းတွေကတော့ Hokkaido ၊ Honshu ၊ Shikoku နဲ့ Kyushu တို့ပဲ ဖြစ်ပါတယ်။

ဂျပန်ကျွန်းတွေပေါ်မှာ တိုင်းရင်းသားတွေ အများအပြား နေထိုင်ကြပြီး ရှေးအကျဆုံး တိုင်းရင်းသားတွေဟာ Ainu လို့ ခေါ်တဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ နောက်ပိုင်းရောက်လာတဲ့ လူမျိုးစုတွေက Ainu လူမျိုးတွေကို တိုက်ထုတ်လိုက်တဲ့ အတွက် ယခုအချိန်မှာ အဲ့ Ainu လူမျိုးတွေကို Hokkaido ကျွန်းမှာသာ တွေ့နိုင်တော့တယ်လို့ ဆိုပါတယ်။ တခြားလူမျိုးတွေကတော့ ကိုရီးယားကို ဖြတ်ပြီး ဂျပန်ကို ရောက်လာတဲ့ ဆိုက်ဘေးရီးယား (Siberia) က လူတွေ၊ တရုတ်၊ မန်ချူး၊ ကိုရီးယား လူမျိုးတွေ အပြင် တောင်ဘက် ပင်လယ်ကမ်းကနေ ရောက်လာတဲ့ "မလေး" အနွယ်ဝင် လူမျိုးတွေလဲ ရှိပါတယ်။ အဲ့ လူမျိုးစုတွေ ပေါင်းစပ်ရောနှောပြီးတော့ ဂျပန်လူမျိုးဆိုတာ ဖြစ်လာခဲ့ပါတယ်။

Jomon ခေတ် (13 000 BC - 300 BC)

ဒီခေတ်ဟာ ဂျပန်သမိုင်းရဲ့ ရှေးအကျဆုံး ခေတ် ဖြစ်ပါတယ်ပြီး လူတွေဟာ ငါးဖမ်း၊ အမဲလိုက်ခြင်းနဲ့ပဲ အစားအစာအတွက် ရှာဖွေစားသောက်နေဆဲ ဖြစ်ပါတယ်။ "Jomon" ဆိုတဲ့ စာလုံးဟာ အဲ့ခေတ်က ပြုလုပ်ခဲ့တဲ့ အိုးတွေမှာ ပုံဖော်ထားတဲ့အရာကို ခေါ်တာ ဖြစ်ပြီး အဲ့ဒါကို အစွဲပြုပြီး ခေတ်ကို နာမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဂျပန်လူမျိုးတွေဟာ နတ်ဘုရားတွေကို ကိုးကွယ်ကြပြီး နေနတ်ဘုရားမ ဖြစ်တဲ့ Amaterasu က တန်ခိုးအကြီးဆုံးလို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် ဘုရင်တွေ၊ အဘိုးအဘွား၊ မိဘတွေ ကွယ်လွန်သွားရင် နတ်ဖြစ်သွားတယ်လို့ ယုံကြည်ကြပြီး သူတို့ အတွက် နတ်ကွန်းတွေ ဆောက်ပေးကြပါတယ်။ ဒီလို နတ်တွေ ကိုးကွယ်တဲ့ ရိုးရာဓလေ့ကို Shinto ဘာသာလို့ ခေါ်ကြပါတယ်။

ဂျပန်တွေရဲ့ ပထမဆုံး ဧကရာဇ်ဟာ Jimmu ဖြစ်ပြီး နေနတ်သမီး ဖြစ်တဲ့ Amaterasu ကနေ ဆင်းသက်လာတယ်လို့လဲ ယုံကြည်ကြပါတယ်။ Jimmu ဟာ BC 660 မှာ Yamato ဆိုတဲ့ မြို့ကို တည်ထောင်ပြီး ပထမဆုံးသော ဘုရင် ဖြစ်လာခဲ့ပါတယ်။ ဂျပန်လူမျိုးတွေဟာ ဘုရင်ကို အင်မတန် လေးစား ရိုသေကြပါတယ်။ ဒါကြောင့် ဂျပန်ရဲ့ ရှည်လျားလှတဲ့ သမိုင်းတစ်လျှောက်မှာ ဘုရင်ကို နန်းချပြီး ကိုယ်တိုင် မင်းလုပ်တာမျိုး လုံးဝ မရှိခဲ့ပါဘူး။ ဂျပန်ပြည်မှာ မင်းဆက် တစ်ဆက်သာ ရှိခဲ့ပြီး အခုလက်ရှိ ဂျပန်ဘုရင်ဟာ Jimmu ကနေ ဆင်းသက်လာခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။

Yayoi ခေတ် (300 BC - 250 AD)


ဒီခေတ်ဟာ Bunkyo နဲ့ Tokyo မြို့ နှစ်ခုကြားမှာ တည်ထားခဲ့တဲ့ Yayoi မြို့ကို အစွဲပြုပြီး နာမည် ပေးခဲ့တာဖြစ်ပါတယ်။ ကိုရီးယားကနေတစ်ဆင့် စိုက်ပျိုးရေးပညာတွေ၊ ရက်ကန်းယက်လုပ်ငန်းတွေအပြင် ကြေးထည်၊ သံထည်လုပ်တဲ့ အတတ်ပညာတွေကိုပါ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ AD 57 ခုက တရုတ်ပြည် ရှေးမှတ်တမ်းထဲမှာ ပထမဆုံး ပါဝင်ခဲ့ပါတယ်။ အဲ့မှတ်တမ်းမှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။ "Lelang မှ သမုဒ္ဒရာကြီးကို ဖြတ်ကျော်ပြီးနောက် 'Wa' ဆိုတဲ့ လူမျိုးစု တစ်ရာလောက် ပေါင်းစုထားတဲ့ တိုင်းပြည် ရှိပါသည်။ ထို တိုင်းပြည်မှ သံတမန်များ မကြာခဏ လာရောက်၍ လက်ဆောင်ပဏ္ဏာများ ဆက်သလေ့ရှိသည်" ဆိုပြီး ရေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့မှတ်တမ်းထဲမှာပဲ 107 AD မှာ ဟန်မင်းဆက် "အန်း ဧကရာဇ်" (Emperor An of Han) ကို "Wa" လူမျိုးတွေရဲ့ ဘုရင် Suisho က ကျွန်တွေ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ ရေးထားပါတယ်။ နောက်ပြီး သုံးရာစုလောက်က ရေးခဲ့တဲ့ "Sanguo Zhi" ဆိုတဲ့ စာအုပ်ထဲမှာ လူမျိုးစု သုံးဆယ်လောက်တဲ့ ဖွဲ့စည်းထားတဲ့ Yamatai တိုင်းပြည် ရဲ့ ဘုရင်မ Pimiko သို့ Himiko အကြောင်းကို ဖော်ပြထားပါတယ်။ မှတ်တမ်းအရကတော့ Himiko ဘုရင်မဟာ အမျိုးသမီး ရံရွေတော် တစ်ထောင်နဲ့ အတူ တောင်ပေါ်မှာ တည်ဆောက်ထားတဲ့ နန်းတော်ကြီးထဲမှာ နေတယ်လို့ ဆိုပါတယ်။ သူ့မောင်ကတော့ အပြင်နဲ့ ဆက်သွယ်ရတဲ့ တာဝန်ကို ယူထားရပါသတဲ့။ ပါးစပ်ရာဇဝင် အရကတော့ Himiko ဟာ မှော်အတတ်တွေ တတ်ကျွမ်းတယ်လို့ ဆိုကြပါတယ်။

Kofun ခေတ် (250 AD - 538 AD)


"Kofun" - အဲ့ခေတ်က မင်းဆွေမင်းမျိုးတွေ အတွက် ဆောက်လုပ်ခဲ့တဲ့ အုတ်ဂူတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ဒီခေတ်ဟာ Yamto နဲ့ Kawachi ပြည်နယ်တွေမှာ ဘုရင့်အာဏာစက် ပြန့်ခဲ့ပါတယ်။ တရုတ်၊ ကိုရီးယားကနေ လက်နက်တွေ၊ စိုက်ပျိုးရေးကိရိယာတွေကို တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို အတူယူပြီး Yamato ရုံး ကို ဖွင့်လှစ်ပြီး အုပ်ချုပ်စေခဲ့ပါတယ်။ တရုတ်ပြည်ကိုလဲ သံတမန်တွေ စေလွှတ်ပြီး လက်ဆောင်ပဏ္ဏာတွေ ဆက်သ ခဲ့ပြီး ကိုရီးယားရဲ့ သုံးနိုင်ငံနဲ့လဲ အဆက်အဆံ ပြုလုပ်ခဲ့ပါတယ်။

References




၃။ ကမ္ဘာ့အရှေ့ဖျား ရာဇဝင် သိမှတ်ဖွယ် - ဦးကြည် - စာမျက်နှာ (၁၆၉ - ၁၇၂)

Comments

Popular posts from this blog

Lookism