Musashi Miyamoto

Samurai အကြောင်းတွေ ၊ ဂျပန်ရဲ့ ဓားသိုင်းပညာရပ်အကြောင်းတွေ ဖော်ပြကြရာမှာ Musashi Miyamoto ဆိုတဲ့ နာမည်ကို တွေ့ဖူး မြင်ဖူး ကြားဖူးကြမှာပါ။ Musashi Miyamoto ဟာ အရပ်တကာ လှည့်လည်နေခဲ့တဲ့ ronin တစ်ဦးဖြစ်တဲ့အပြင် Hyo-ho Niten Ichi-ryu ဆိုတဲ့ ဓားနှစ်လက် သုံးတဲ့ ပညာကို တီထွင်ခဲ့ပြီး စစ်ရေးဗျူဟာ နဲ့ အတွေးအခေါ်တွေ ပါတဲ့ "The Book of Five Rings - Go Rin no Sho" ဆိုတဲ့ စာအုပ်ကိုလဲ ရေးသားခဲ့ပါတယ်။ သူ့ကို Shinmen Takezō; Miyamoto Bennosuke; Niten Dōraku နဲ့; Shinmen Musashi no Kami Fujiwara no Genshin စတဲ့ အခြားအခြားသော နာမည်တွေနဲ့လဲ သိကြပါတယ်။


Musashi Miyamoto ရဲ့ အကြောင်းတွေကတော့ တကယ့် ဖြစ်ရပ်တွေအပြင် ယုံတမ်းပုံပြင်တွေပါ ရောယှက်နေပါတယ်။ ဒါပေမယ့် သူ့အကြောင်းနဲ့ပတ်သတ်ပြီး အထင်ရှားဆုံးနဲ့ လူသိအများဆုံး အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Musashi Miyamoto ဟာ 1584 မှာ Harima ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ အသက်ခုနစ်နှစ် အရွယ်မှာ သူ့ဦးလေး ရှိတဲ့ Shoreian ဆိုတဲ့ ဘုန်းတော်ကြီးကျောင်းမှာ နေခဲ့ပြီး အဲ့မှာပဲ စာပေ အရေးအဖတ် လေ့လာခဲ့ပါတယ်။ သူဟာ ဓားသိုင်းပညာကို သူ့အဖေဆီကသော်လည်းကောင်း၊ သူ့ဦးလေးဆီကသော်လည်းကောင်း သင်ခဲ့ပုံပေါ်ပါတယ်။ အသက် ဆယ့်သုံးနှစ် အရွယ်မှာတော့ Arima Kihei ဆိုတဲ့သူနဲ့ ဓားသိုင်း ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ပိုင်းခဲ့ပါတယ်။ ဆယ့်ငါးနှစ်အရွယ်မှာတော့ Hyogo ပြည်နယ်မှာရှိတဲ့ Akiyama ဆိုတဲ့ နာမည်ကြီး ဓားသိုင်းသမားကို ယှဉ်ပြိုင် အနိုင်ရခဲ့တယ်လို့ဆိုပါတယ်။
သက္ကရာဇ် 1600 ခုနှစ် - Toyotomi clan နဲ့ Tokugawa တို့ အားပြိုင်ကြပြီး တိုက်ပွဲကြီးဖြစ်တဲ့ Sekigahara တိုက်ပွဲမှာ Musashi Miyamoto ဟာ Toyotomi ဘက်က ပါဝင်ခဲ့တယ်လို့ ဆိုကြပါတယ်။ (ဒါပေမယ့်လဲ ဒီအကြောင်းဟာ ခိုင်လုံတဲ့ အထောက်အထား မရှိခဲ့ပါဘူး။ ) အဲ့နောက်မှာတော့ သူဟာ Hiko တောင်ပေါ်မှာ အချိန်အတန်ကြာ ဓားသိုင်း လေ့ကျင့်ခဲ့ပါသတဲ့။
အသက် နှစ်ဆယ်၊ နှစ်ဆယ့်တစ် လောက်အရွယ်မှာတော့ သူဟာ Tokyo ကို ရောက်လာခဲ့ပြီး Yoshioka Dojo ကို စိန်ခေါ်ခဲ့ပါတယ်။ Yoshioka Dojo ဟာ Tokyo မှာ ရှိတဲ့ နာမည်ကြီး ကျောင်းရှစ်ခုထဲက တစ်ခုဖြစ်ပြီး အဲ့ ကျောင်းရှစ်ကျောင်းဟာ အရင်က Kurama တောင်မှာ ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ တပည့်ရှစ်ယောက်တို့က အသီးသီး တည်ထောင်ထားခဲ့တဲ့ ကျောင်းတွေလို့ အဆိုရှိပါတယ်။ အဲ့နောက်မှာတော့ Yoshioka Dojo ရဲ့ အကြီးအကဲဖြစ်တဲ့ Yoshioka Seijuro ဟာ Musashi Miyamoto ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး သူတို့နှစ်ဦးဟာ 1604 March လ 8 ရက်မှာ Kyoto ရဲ့ မြောက်ဘက် Rakuhoku မှာ ရင်ဆိုင်ခဲ့ကြပါတယ်။ Musashi ဟာ သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျမှ ရောက်လာခဲ့ပါတယ်။ Musashi ဟာ သူ့ဓားတစ်ချက်တည်းနဲ့ Seijuro ရဲ့ လက်ကို ပြတ်သွားစေခဲ့ပါတယ်။ Seijuro ဟာ ရှုံးနှိမ့်သွားပြီးနောက် သူ့ရဲ့ရာထူးကို သူ့ညီ Yoshioka Denshichiro ကို လွှဲအပ်ခဲ့ပါတယ်။
Denshichiro ဟာ လက်စားခြေဖို့ Musashi ကို ထပ်မံစိန်ခေါ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ Kyoto ရဲ့ Sanjusangen-do ဆိုတဲ့ ဘုရားကျောင်းမှာ တွေ့ဆုံဖို့ အချိန်းအချက်လုပ်ခဲ့ပြီး အဲ့မှာလဲ Musashi ဟာ နောက်ကျမှ ရောက်လာခဲ့ပါတယ်။ အဲ့ယှဉ်ပြိုင်ပွဲဟာလဲ Musashi ရဲ့ အနိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဆယ့်နှစ်နှစ်သာ ရှိသေးတဲ့ Yoshioka Matashichiro ဟာ ခေါင်းဆောင်ဖြစ်လာပြီး Musashi ကို Ichijo-ji ဘုရားကျောင်းမှာ တွေ့ဖို့ ထပ်မံစိန်ခေါ်ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ Yoshioka ဘက်က ဓားသမား၊ သေနတ်သမား၊ မြားသမား တွေကို ခေါ်ပြီး Musashi ကို သတ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီတစ်ခါတော့ Musashi ဟာ အစောကြီး ရောက်လာပြီး ပုန်းနေခဲ့ပါတယ်။ Yoshioka ရဲ့ ဘက်တော်သားတွေ ရောက်လာတဲ့အချိန်မှာတော့ Musashi က ရုတ်တရတ်ထွက် တိုက်ပြီး Matashichiro ကို သတ်ခဲ့ပါတယ်။
Yoshioka ဘက်က လူတွေ တိုက်တာကို Musashi က ဓားနှစ်လက်နဲ့ (လက်တစ်ဖက်က တိုက်ပြီး တစ်ဖက်က ခုခံ ခဲ့ပါတယ်)။ ဒါဟာ Musashi Miyamoto ပထမဆုံးအကြိမ် ဓားနှစ်လက် သုံးတာဖြစ်ပြီး Niten Ichi-ryu ရဲ့ အစ ပထမ လို့လဲ ဆိုနိုင်ပါတယ်။
အဲ့နောက်မှာတော့ Musashi ဟာ Kyoto ကနေ ထွက်ခဲ့ပြီး Nara မှာ ဘုန်းတော်ကြီးတစ်ပါးနဲ့ ဓားချင်းယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ အဲ့နောက် 1605 ကနေ 1612 ကာလတစ်လျှောက်မှာတော့ ဂျပန်နိုင်ငံအနှံ့ကို လှည့်လည်သွားနေခဲ့ပြီး နာမည်ကြီး Samurai တွေ၊ ronin တွေကို စိန်ခေါ်ပြီး သူ့ရဲ့ ဓားစွမ်းရည်ကို ကောင်းသထက်ကောင်းအောင် ၊ သာသည်ထက် သာအောင် သွေးပေးနေခဲ့ပါတယ်။
Musashi Miyamoto ဟာ တိုက်ပွဲတော်တော်များများမှာ bokken/ bokuto လို့ ခေါ်တဲ့ သစ်သားဓားနဲ့ပဲ ပြိုင်ဘက်တွေကို ရင်ဆိုင်ခဲ့ပြီး တစ်ဖက်က ဘယ်လို လက်နက်မျိုးပဲ သုံးသုံး သူဟာ မမှုဘူးလို့ ဆိုပါတယ်။ ဒါတွေကြောင့်လဲ Musashi ဟာ ဒဏ္ဍာရီတစ်ပုဒ်တစ်ဖွယ် နာမည်ကြီးခဲ့ပုံ ပေါ်ပါတယ်။
1612 April လ 13 ရက်မှာ Honshu နဲ့ Kyushu ကြားမှာရှိတဲ့ Funajima ကျွန်းမှာ Musashi ဟာ "အနောက်ဘက် ပြည်နယ်တွေရဲ့ မိစ္ဆာ" လို့ တင်စားခေါ်ဝေါ်ကြတဲ့ နာမည်ကြီး ဓားသမား Sasaki Kojiro နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ဒီပွဲမှာလဲ Musashi ဟာ နောက်ကျမှ ရောက်လာခဲ့ပြီး ထုံးစံအတိုင်း သူ့ရဲ့ လက်စွဲတော် bokken လေးနဲ့ပဲ Sasaki နဲ့ တိုက်ခဲ့ပါသတဲ့။ အဲ့ပွဲမှာ Sasaki သေဆုံးသွားခဲ့ပါတယ်။
1614 - 1615 ကာလတွေမှာ Osaka ကို တိုက်တဲ့ တိုက်ပွဲတွေမှာ Ieyasu ဘက်က ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာလဲ ခိုင်လုံတဲ့အထောက်အထား မရှိခဲ့ပါဘူး။ 1615 - 1621 မှာ Harima ပြည်နယ်က Ogasawara Tadanao ထံမှာ ဆောက်လုပ်ရေး ကြီးကြပ်ရေးမှူးအနေနဲ့ တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။
1621 - Hyogo မှာ Miyake Gunbei နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Hyogo ပြည်နယ် Himeji မှာ ခဏတာနေခဲ့ပြီး 1623 မှာ Edo ကို သွားခဲ့ပါတယ်။ 1628 မှာ Owari ပြည်နယ်က Yagyu Hyogonosuke နဲ့ တွေ့ဆုံခဲ့ပါတယ်။ 1630 မှာ Hosokawa Tadatoshi အောက်မှာ ခဏတာ အမှုထမ်းခဲ့ပါတယ်။ 1533 မှာတော့ Calligraphy ဆိုတဲ့ စာရေးနည်းအတတ်နဲ့ ပန်းချီဆွဲတာတွေကို လေ့လာခဲ့ပါတယ်။ 1634 မှာ Fukuoka ပြည်နယ်မှာ ခဏတာ နေခဲ့ပြီးနောက် 1637 Shimabara ပုန်ကန်မှုမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ 1642 မှာတော့ အာရုံကြောချို့နဲ့တဲ့ရောဂါကို ခံစားခဲ့ရပါတယ်။ 1643 မှာ Reigando ကို ပြောင်းရွေှ့နေခဲ့ပြီး 1645 မှာ သူ့ရဲ့ "The Book of Five Rings" ဆိုတဲ့ စာအုပ်ကို အပြီးသတ်ခဲ့ပါတယ်။ အဲ့စာအုပ်ကို အဆုံးသတ်ပြီး သိပ်မကြာခင်မှာပဲ သေဆုံးသွားခဲ့ပုံ ပေါ်ပါတယ်။
Musashi Miyamoto ဟာ တိုက်ပွဲပေါင်း ခြောက်ဆယ်လောက် တိုက်ဖူးပြီး တစ်ပွဲမှ ရှုံးနှိမ့်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Hyo-ho Niten Ichi-ryu - ဓားနှစ်လက် ပညာ

Niten Ichi ဆိုတာဟာ "ကောင်းကင်နှစ်ခုကို တစ်ခုတည်း ပေါင်းစည်းခြင်း" လို့ အဓိပ္ပာယ်ရပြီး ဓားနှစ်လက်ကို တစ်ပြိုင်တည်းသုံးတဲ့ ပညာ ဖြစ်ပါတယ်။  Musashi ဟာ သူ့ရဲ့ စာအုပ်ထဲမှာ ဓားနှစ်လက်ကို တစ်ပြိုင်တည်း သုံးတာကို အကျိုးရှိတယ်လို့ ဆိုပြီး လက်နှစ်ဖက်နဲ့ ဓားကိုင်တဲ့ စနစ်ကို ဆန့်ကျင်ထားပါတယ်။ မြင်းစီးတဲ့အခါမှာ လက်နှစ်ဖက်နဲ့ ဓားကိုင်ထားရင် မြင်းကို ထိန်းဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ Musashi ကလဲ ဓားနှစ်လက်ကို တစ်ပြိုင်တည်းသုံးတဲ့ Niten Ichi-ryu ဟာ ခက်ခဲတယ်လို့ ဝန်ခံထားပါတယ်။ ဒါပေမယ့်လဲ ကျွမ်းကျင်သွားရင်တော့ Niten Ichi-ryu ဟာ ပိုပြီး သာတယ်လို့ဆိုပါတယ်။


Ref : Wikipedia

Comments

Popular posts from this blog

Lookism