Igo ဂိမ်း



၁။ Igo ဆိုတာ ဘာလဲ?


Igo ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က တရုတ်ပြည်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဂိမ်းဖြစ်ပြီး သက်တမ်းအရင့်ဆုံး ဘုတ်ဂိမ်းလို့လည်း ဆိုနိုင်ပါတယ်။ တရုတ်လို Weiqi ၊ ကိုရီးယားလို baduk ၊ ဂျပန်လို igo (သို့) go စသည်ဖြင့် အမျိုးမျိုးခေါ်ကြပြီး "ဝန်းရံရတဲ့ ဂိမ်း" လို့ အဓိပ္ပာယ်ရပါတယ်။ မကျွမ်းကျင်သေးတဲ့ စပြီး ကစားတဲ့သူတွေကတော့ အကွက်ပေါင်း ၉x၉ ဒါမှမဟုတ် ၁၃x၁၃ ကွက်ရှိတဲ့ ဘုတ်ပြားနဲ့ ဆော့လေ့ရှိပါတယ်။ ပုံမှန်ကတော့ အလျားxအနံ ၁၉x၁၉ ရှိတဲ့ ဘုတ်ပြားပေါ်မှာ အဖြူ၊ အမည်းကျောက်တုံးတွေနဲ့ ကစားသူနှစ်ဦး နယ်မြေ အပြိုင်အဆိုင်လုရတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းရဲ့ အဆုံးမှာ နယ်မြေ ပိုသိမ်းနိုင်တဲ့သူက အနိုင်ရပါတယ်။ (ဒါမှမဟုတ် တစ်ဖက်က အရှုံးပေးလည်း အနိုင်ရပါတယ်။)
Igo ဟာ အခုလက်ရှိကာလထိ ဆော့နေတဲ့ ဂိမ်းလည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ go ကစားသူပေါင်း သန်း ၄၀ ရှိတယ်လို့ဆိုပြီး အများစုကတော့ အရှေ့အာရှက ဖြစ်ပါတယ်။ ၂၀၁၅ ဒီဇင်ဘာမှာ " နိုင်ငံတကာ GO အဖွဲ့အစည်း" မှာ အဖွဲ့ဝင်နိုင်ငံ ၇၅ နိုင်ငံ ရှိတယ်လို့ ဆိုပါတယ်။

၂။ စည်းမျဉ်းစည်းကမ်း

Go ဂိမ်းမှာ အဓိကအားဖြင့်ကတော့ စည်းမျဉ်းနှစ်ခုသာ ရှိပါတယ်။
(၁) လွတ်လပ်မှု စည်းမျဉ်း - ဘုတ်ပေါ်မှာ လွတ်လပ်နေတဲ့ကျောက်တုံး တစ်နည်းအားဖြင့် တစ်ဖက်ရန်သူက ပတ်လည် ဝန်းရံခြင်း မခံရတဲ့ ကျောက်တုံးတွေသာ ရှိရပါမယ်။
(၂) "Ko" စည်းမျဉ်း - နဂိုမူလ ပုံစံကို ပြန်ဖြစ်စေမယ့် အကွက် (သို့) အဖန်တလဲလဲ ဖြစ်စေမယ့် အကွက်ကို ရွေှ့ပိုင်ခွင့် မရှိပါဘူး။

အခြားစည်းကမ်းအချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ကျောက်တုံးကိုချလိုက်တာနဲ့ ကိုယ့်ချောင်ကိုယ်ပိတ်စေမယ့် အကွက်ကို ချခွင့်မရှိပါဘူး။ (ဒါပေမယ့် အဲ့လိုလုပ်တာ ရန်သူကိုပါ ပိတ်စေမယ့် အကွက်မျိုးဆို ရွေှ့ပိုင်ခွင့်ရှိပါတယ်။
- Go ရဲ့ မူလစည်းကမ်းမှာ အမည်းရောင်က အရင်စရတာ ဖြစ်တဲ့အတွက် အမည်းရောင်က အဖြူရောင်ထက် ပိုအားသာပါတယ်။ ဒါကြောင့် ၁၉ ရာစုလောက်ကစပြီး အဖြူရောင်အတွက် အလျော်အစားအနေနဲ့ အမှတ် ၆.၅ မှတ် တွက်ပေးပါတယ်။ ဒါကို "komi" လို့ ခေါ်ပါတယ်။

အမှတ်ပေး စည်းမျဉ်း

အမှတ်တွေကို အဓိကအားဖြင့်တော့ နည်းနှစ်မျိုးနဲ့ တွက်ချက်လေ့ရှိပါတယ်။ နည်းစနစ်နှစ်ခုလုံးရဲ့အမှတ်ကလည်း အများအားဖြင့်တစ်ခုနဲ့တစ်ခု သိပ်ကွာဟလေ့ မရှိပါဘူး။
၁။ ဧရိယာအရ အမှတ်ပေးခြင်း (တရုတ်စည်းမျဉ်း) - ပွဲအပြီး ဘုတ်ပြားပေါ်မှာ ကစားသူရှိတဲ့ ကျောက်တုံးအပြင် ကျောက်တုံးတွေ ဝန်းရံထားတဲ့ အကွက်တွေကို ထည့်တွက်တဲ့စနစ် ဖြစ်ပါတယ်။
၂။ နယ်မြေအရ အမှတ်ပေးခြင်း (ကိုရီးရား/ ဂျပန် စည်းမျဉ်း) - ဒီနည်းမှာတော့ ဝန်းရံထားတဲ့ အကွက်တွေရယ်၊ သိမ်းခဲ့တဲ့ ရန်သူ့ကျောက်တုံးတွေကို ပေါင်းပြီး ရေတွက်တဲ့ စနစ်ဖြစ်ပါတယ်။

၃။ နည်းပရိယာယ်

Go ဂိမ်းကို စကစားတဲ့သူဟာ စည်းကမ်းတွေကို နားလည်ပြီဆိုတာနဲ့ နောက်တစ်ဆင့် သင်ရမှာကတော့ နည်းပရိယာယ်၊ ဗျူဟာပဲ ဖြစ်ပါတယ်။ အခြေခံအကျဆုံး ဗျူဟာအချို့ကတော့ လှေကားထစ်ပုံဗျူဟာ၊ ပိုက်ကွန်သဏ္ဍာန်ဗျူဟာနဲ့ ငါးစာချကျွေးတဲ့ ဗျူဟာ(snapback) တို့ပဲ ဖြစ်ပါတယ်။
နောက်ပြီး ဒီဂိမ်းမှာ အကွက်တွေကို ကြိုစဉ်းစားနိုင်ဖို့လည်း လိုပါတယ်။ ကျွမ်းကျင် Go ကစားသူတစ်ယောက်ဟာ အကွက်ပေါင်း ၄၀ လောက်အထိ ကြိုခန့်မှန်း စဉ်းစားနိုင်တယ်လို့ ဆိုပါတယ်။



၎။ Go ဂိမ်း၏ သမိုင်းကြောင်း


Go ဂိမ်းအကြောင်း ပါတဲ့ အစောဆုံး သမိုင်းသက်သေ အထောက်အထားကတော့ ဘီစီ လေးရာစုလောက်မှာ စပါခဲ့ပါတယ်။ မူလကနဦးကတော့ အကွက် ၁၇x၁၇ ပါတဲ့ ဘုတ်က စခဲ့တာဖြစ်ပြီး ထန်ခေတ်(Tang Dynasty) ရောက်တော့ ၁၉x၁၉ ရှိတဲ့ ဘုတ်ပြားတွေကို ပိုပြီး အသုံးပြုလာကြပါတယ်။
အေဒီ ငါးရာစုက ခုနှစ်ရာစုအတွင်းမှာ go ဟာ တရုတ်ပြည်ကတဆင့် ကိုရီးယားကို ပြန့်ခဲ့ပြီး ကိုရီးယား မင်းဆွေမင်းမျိုးအသိုင်းအဝိုင်းမှာ ခေတ်စားလာခဲ့ပါတယ်။ ဂျပန်ကိုတော့ ၈ ရာစုလောက်မှာ ဝင်လာခဲ့ပြီး ၁၃ ရာစုလောက် အရောက်မှာမှ ပြန့်နှံ့လာခဲ့တာ ဖြစ်ပါတယ်။ ၁၆၀၃ ခုနှစ် - Tokugawa Ieyasu ဟာ Shogun ဖြစ်လာတဲ့နှစ်မှာပဲ သူဟာ ဂျပန်မှာ Go အကျွမ်းကျင်ဆုံး ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Nikkai ကို "Godokoro" (Go ဝန်ကြီး) ဆိုတဲ့ ရာထူးကို ပေးခဲ့ပါတယ်။ Nikkai ဟာ Honinbo Sansa ဆိုတဲ့ နာမည်ကို ယူပြီး "Honinbo Go သင်တန်းကျောင်း" ဖွင့်လှစ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အခြားအခြားသော Go ကျောင်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလိုကျောင်းတွေ ပေါ်ပေါက်လာမှုကြောင့် Go ကစားသူတွေကို အဆင့်ခွဲခြားသတ်မှတ်တဲ့ စနစ်တွေလည်း ပေါ်လာပါတယ်။ အဲ့ခေတ်အဲ့အခါက နာမည်ကြီး ကျောင်းလေးကျောင်း ဖြစ်ခဲ့တဲ့ Honinbo ၊ Yasui ၊ Inoue နဲ့ Hayashi စတဲ့ကျောင်းတွေက ထူးချွန်တဲ့ ကျောင်းသားတွေဟာ Shogun ရဲ့ ရှေ့မှောက်မှာ နှစ်စဉ် Go ဂိမ်းပြိုင်ပွဲတွေ ကစားခဲ့ရပါတယ်။


ဒီလိုမျိုး အရှေ့အာရှတလွှားမှာ နာမည်ကြီးနေခဲ့ပေမယ့်လည်း အနောက်တိုင်းဘက်ကိုတော့ ပြန့်နှံ့မသွားခဲ့သေးပါဘူး။ ၁၆ ရာစုလောက်က ပေါ်ခဲ့တဲ့ အနောက်တိုင်းစာပေတွေမှာ Go ဂိမ်းအကြောင်း ပါတာတွေရှိခဲ့ပေမယ့် ဂျာမန်သိပ္ပံပညာရှင် Oskar Korschelt ဟာ Go အကြောင်း ရေးခဲ့တဲ့ ၁၉ ရာစု ကာလ မတိုင်ခင်အထိကတော့ အနောက်တိုင်းမှာ နာမည်ကြီးခြင်း မရှိခဲ့ပါဘူး။ ၂၀ ရာစုအစမှာတော့ go ဂိမ်းမှာ ဂျာမနီနဲ့ ဟန်ဂေရီအင်ပါယာအတွင်း ပြန့်နှံ့လာခဲ့ပြီဖြစ်ပါတယ်။ ၁၉၀၅ မှာ Edward Lasker ဟာ သူ ဘာလင် ရောက်စဉ်ကာလအတွင်းမှာ go အကြောင်း လေ့လာခဲ့ပြီး နောက်ပိုင်းမှာ သူဟာ နယူးယောက်ကို ပြောင်းသွားခဲ့ပါတယ်။ နယူးယောက်မှာ သူဟာ "နယူးယောက် GO ကလပ်" ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၀၈ မှာ "The Game of Go" ဆိုတဲ့ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ၁၉၃၅ မှာတော့ "အမေရိကန် GO အသင်းကြီး" ပေါ်ပေါက်လာပြီး နှစ်နှစ်အကြာ ၁၉၃၇ မှာ "ဂျာမန် GO အဖွဲ့အစည်း" ပေါ်ပေါက်လာခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်ဟာ go ဂိမ်း ပြန့်နှံ့မှုကို ခဏတာ ရပ်တန့်သွားစေခဲ့ပါတယ်။ စစ်အပြီးမှာတော့ ပြန်ခေတ်စားလာခဲ့ပြီး "ဂျပန် GO အဖွဲ့အစည်း" (Nihon Ki-in) က ဦးဆောင်ပြီး နိုင်ငံရပ်ခြား go ဂိမ်း ပြန့်ပွားရေးလုပ်ဆောင်ချက်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ Nihon Ki-in အဖွဲ့ဟာ ၁၉၆၀ မှာ "Go Review" ဆိုတဲ့ မဂ္ဂဇင်းကို အင်္ဂလိပ်ဘာသာနဲ့ စတင် ထုတ်ဝေခဲ့ပါတယ်။
၁၉၉၆ မှာ နာဆာ(NASA) အာကာသယာဉ်မောင်း Daniel Barry နဲ့ ဂျပန် အာကာသယာဉ်မောင်း Koichi Wakata တို့ဟာ အာကာသထဲမှာ go ဂိမ်းကစားခဲ့ကြပြီး "အာကာသမှာ Go ဂိမ်း ပထမဆုံး ကစားခဲ့တဲ့လူနှစ်ဦး" ဖြစ်လာခဲ့ပါတယ်။
၂၀၁၅ အကုန်မှာတော့ " နိုင်ငံတကာ GO အဖွဲ့အစည်း" မှာ အာရှအပ အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံစုစုပေါင်း ၇၅ နိုင်ငံရှိလာခဲ့ပြီ ဖြစ်ပါတယ်။


Ref: Wikipedia

Comments

Popular posts from this blog

Lookism