Showa ခေတ်



Taisho ဧကရာဇ် နတ်ရွာစံပြီးနောက် ၁၉၂၆ မှာ သားဖြစ်သူ ဟီရိုဟီတို (Hirohito) လို့ လူသိများတဲ့ Showa ဧကရာဇ် နန်းတက်ခဲ့ပါတယ်။ ဟီရိုဟီတိုဘုရင်ဟာ နန်းသက်အရှည်ဆုံးဘုရင်ဖြစ်ခဲ့ပြီး ၆၃ နှစ်ကြာ အုပ်စိုးခဲ့ပါတယ်။ Showa ခေတ်ဟာ ဂျပန်သမိုင်းတစ်လျှောက်လုံးမှာ အဆိုးရွားဆုံးနဲ့ အကောင်းမွန်ဆုံး အချိန်တွေ ပေါင်းစပ်ထားတဲ့ ခေတ်လို့ ဆိုရင်လည်း မမှားပါဘူး။ ၁၉၁၀-၂၀ အတွင်း ဒီမိုကရေစီအသွင် ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့်လည်း ပါလီမန်အစိုးရဟာ ၁၉၂၀ နောင်းပိုင်းမှာ ကြုံတွေ့ခဲ့တဲ့ စီးပွားရေးပျက်ကပ်ကို ဖြေရှင်းနိုင်စွမ်း မရှိတဲ့အပြင် နိုင်ငံရေးဖိအားတွေလည်း များလာခဲ့ပြီး စစ်မက်ကိုလိုလားတဲ့သူတွေ အာဏာရလာခဲ့ပါတယ်။

မန်ချူးရီးယားအရေး


ဂျပန်တွေဟာ ၁၉၃၁ မှာ မန်ချူးရီးယားကို သိမ်းခဲ့ပြီး မန်ချူးကို တရုတ်လက်အောက်က လွှတ်ပေးခြင်း ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ်ဧကရာဇ်ဟောင်း ပုရီ (Puyi) ဦးဆောင်တဲ့ ရုပ်သေးအစိုးရဖွဲ့စေပြီး မန်ချူးရီးယားပြည်နယ်ကို မန်ချူးကိုး (Manchukuo) လို့ ခေါ်ဝေါ်စေခဲ့ပါတယ်။ ၁၉၃၆ မှာတော့ မွန်ဂိုလီးယား အတွင်းပိုင်းကို သိမ်းခဲ့ပြီး အလားတူ ရုပ်သေးအစိုးရ ဖန်တီးခဲ့ပါတယ်။ မန်ချူးကိုးမှာ ဂျပန်ဦးရေဟာ ၈၅၀, ၀၀၀ အထိ ရှိလာခဲ့ပါတယ်။

ဂျပန်-တရုတ် ဒုတိယအကြိမ် စစ်ဖြစ်ခြင်း

၁၉၃၇ မှာ ဂျပန်တွေဟာ တရုတ်ကို ကျူးကျော်ခဲ့ပြီး မော်စီတုန်း (Mao Zedong) ဦးဆောင်တဲ့ ကွန်မြူနစ်၊ ချန်ကေရှိတ် (Chaing Kai-shek) ဦးဆောင်တဲ့ အမျိုးသားရေးဝါဒီတွေနဲ့ သုံးပွင့်ဆိုင်စစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကူမင်တန် (အမျိုးသားရေးဝါဒီ) တွေရဲ့ မြို့တော်ဖြစ်တဲ့ နန်ကျင်းမြို့ (Nanjing) မြို့ ဟာ ဒီဇင်ဘာ ၁၃ မှာ ကျဆုံးခဲ့ပြီး သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ "နန်ကျင်းလူသတ်ပွဲ" (Nanjing Massacre) ဖြစ်ပွားခဲ့ပါတယ်။ စစ်သား၊ အရပ်သား အပါအဝင် သေဆုံးသူ ရှစ်သိန်း ရှိခဲ့တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဂျပန်-တရုတ်စစ်ပွဲဟာ ဒုတိယကမ္ဘာစစ်ကာလ အတွင်းမှာလည်း ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွန်မြူနစ်နဲ့ ကူမင်တန်တွေ ခေတ္တငြိမ်းချမ်းရေးယူပြီး ပူးပေါင်းကာ ဂျပန်တွေကို တွန်းလှန်ခဲ့ပါတယ်။

ရုရှားနှင့် ပဋိပက္ခဖြစ်ခြင်း

၁၉၃၈ မှာ ဂျပန်တပ်မ အမှတ်(၁၉) ဟာ ရုရှားပိုင်နယ်မြေကို ဝင်ရောက်ခဲ့တဲ့ အတွက် Khasan Lake တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၃၉ မေလ ၁၁ ရက်မှာ မွန်ဂိုမြင်းတပ်အချို့ဟာ မန်ချူးရီးယားနယ်ကို ဝင်လာခဲ့တဲ့အတွက် မန်ချူးတွေက တိုက်ထုတ်ခဲ့ပါတယ်။ နှစ်ရက်အကြာမှာ မွန်ဂိုစစ်တပ်က မန်ချူးရီးယားကို ပြန်တိုက်ရာမှ စစ်အတွင်းမှာ ဂျပန်က ပါဝင်လာခဲ့ပါတယ်။ ရုရှားကလည်း မွန်ဂိုဘက်ကနေပြီး ဂျပန်ကို တိုက်ခဲ့ပါတယ်။ ၁၉၄၁ ဧပြီ ၁၃ ရက်မှာ ရုရှား-ဂျပန် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဝင်ရိုးစွန်း သုံးနိုင်ငံ

ဒုတိယအကြိမ် တရုတ်-ဂျပန် စစ်ပွဲကြောင့် အမေရိကန်နဲ့ ဂျပန်ဆက်ဆံရေးဟာ တင်းမာလာခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ပိုင်သင်္ဘော Panay ဟာ ဂျပန်ပိုင်နက်အတွင်းမှာ နစ်မြှုပ်ခံခဲ့ရတဲ့ ပြဿနာနဲ့ နန်ကျင်းစစ်ပွဲတို့ကြောင့် ဆက်ဆံရေး ဆိုးရွားလာခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၄၀-၄၁ မှာ ဂျပန်တွေဟာ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားကို သိမ်းခဲ့ပြီး တရုတ်နဲ့ ဆက် စစ်ခင်းခဲ့တဲ့အတွက် အမေရိကန်ဟာ ဂျပန်ကို စီးပွားရေးအရ ပိတ်ဆို့မှုတွေ လုပ်လာခဲ့ပါတယ်။ ဒါကြောင့် ဂျပန်အနေနဲ့ စစ်အတွက် အသုံးလိုတဲ့ သံသတ္တုနဲ့ လောင်စာဆီတွေ ဝယ်ဖို့ အခက်ကြုံလာခဲ့ပါတယ်။ ဒီလိုအခက်ကြုံလာတဲ့အတွက် တရုတ်စစ်မျက်နှာပြင်က ဂျပန်စစ်တပ်တွေကို ပြန်ဆုတ်ခွာမလား၊ ဒါမှမဟုတ် သယံဇာတကြွယ်ဝတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို သိမ်းမလား ဆိုတဲ့ လမ်းနှစ်လမ်းထဲက ဒုတိယလမ်းကို ရွေးချယ်ခဲ့ပြီး ၁၉၄၀ စက်တင်ဘာလ ၂၇ ရက်မှာ နာဇီဂျာမနီ၊ ဖက်စစ်အီတလီတို့နဲ့ သုံးပွင့်ဆိုင် မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ခြင်း



ဂျပန်စစ်ဗိုလ်ချုပ် Tojo Hideki အပါအဝင် စစ်ခေါင်းဆောင်အများစုဟာ အမေရိကန်နဲ့ စစ်တိုက်ဖို့လိုလားခဲ့ပြီး အချို့သူတွေ - အထူးသဖြင့် Yamamoto Isoroku နဲ့ မင်းသားTakamatsu ဟာ စစ်တိုက်ဖို့ကို ဆန့်ကျင်ခဲ့ပါတယ်။ ဒီလို စစ်ဖြစ်ခဲ့ရင် ခြောက်လအတွင်းမှာသာ ဂျပန်အသာရနိုင်ပြီး စစ်ကာလရှည်လာတာနဲ့အမျှ ဂျပန်ဟာ အရှုံးနဲ့ ရင်ဆိုင်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ ဒါပေမယ့်လည်း စစ်လိုလားတဲ့ အဖွဲ့ကို ဆန့်ကျင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဂျပန်တွေဟာ အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်းဟာ ရှိတဲ့ ပုလဲဆိပ်ကမ်းကို ၁၉၄၁ ဒီဇင်ဘာ ၇ ရက် မှာ ဝင်တိုက်ပါတယ်။ စစ်မကြေညာပဲ ရုတ်တရတ်ဝင်တိုက်သလို ဖြစ်သွားခဲ့တဲ့အတွက် အမေရိကန်က ဂျပန်ကို အင်အားအလုံးအရင်းနဲ့ တိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ပုလဲဆိပ်ကမ်းတိုက်ပွဲအပြီး လေးရက်အကြာမှာ ဂျာမနီဟာ အမေရိကန်ကို စစ်ကြေညာခဲ့ပါတယ်။

ဂျပန်၏ ကျူးကျော်စစ်များ (၁၉၄၁-၄၂)

 
ပုလဲဆိပ်ကမ်းကို တိုက်ပြီးနောက် ဂျပန်တွေဟာ အရှေ့တောင်အာရှအတွင်းမှာရှိတဲ့ မဟာမိတ်ပိုင် ကိုလိုနီနယ်တွေကို ကျူးကျော်ခဲ့ပါတယ်။ ဟောင်ကောင်၊ မလေးရှား နဲ့ ဖိလစ်ပိုင်တို့ကို တစ်ပြိုင်တည်းစစ်ခင်းခဲ့ပြီး "ကိုလိုနီလက်အောက်ခံနိုင်ငံတွေကို လွတ်လပ်ရေး ပေးမည်" လို့ ကြွေးကြော်ပြီး သိမ်းပိုက်ခဲ့ပါတယ်။ ရှေးယခင်ကတည်းက ဂျပန်တွေ ကျူးကျော်မှုကို ခံခဲ့ရတဲ့ တရုတ်နိုင်ငံမှတပါး အခြား ကိုလိုနီနိုင်ငံတွေဟာ ဂျပန်တွေ ဝင်ရောက်လာတာကို ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာ ဟောင်ကောင်ကို သိမ်းနိုင်ခဲ့ပြီး ဖိလစ်ပိုင်၊ မလေးရှား စစ်မျက်နှာနှစ်ခုလုံးမှာ ဂျပန်တွေ အသာစီးရနေခဲ့ပါတယ်။ ၁၉၄၂ ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ စင်္ကာပူခံတပ် ကျရှုံးခဲ့ပြီး အိန္ဒိယ၊ ဩစတေးလျ၊ ဗြိတိသျှတွေ ပါဝင်တဲ့ စစ်သား ၈၀၀၀၀ ကျော် လက်နက်ချခဲ့ပါတယ်။ ထို့နောက် မြန်မာနဲ့ အင်ဒိုနီးရှားတို့ကို သိမ်းယူခဲ့ပါတယ်။ ထိုင်းကိုတော့ ဂျပန်အကာအကွယ်ခံ တိုင်းပြည်အဖြစ် ကြေညာခဲ့ပြီး ထိုင်းနိုင်ငံဟာ လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ စစ်အတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို ရန်ကုန်-ဘန်ကောက် မီးရထားလမ်း (Bridge on the River Kwai) ဆောက်လုပ်မှုမှာ အသုံးပြုခဲ့ပြီး လူများစွာ သေကြေခဲ့ပါတယ်။

ဂျပန်၏ ရှုံးနိမ့်မှုများ (၁၉၄၂-၄၅)


၁၉၄၂ မေလ မှာဖြစ်ခဲ့တဲ့ Coral ပင်လယ်တိုက်ပွဲမှာ မဟာမိတ်တပ်တွေကို အပြီးပြတ်မချေမှုန်းနိုင်ခဲ့တဲ့ ဂျပန်တွေဟာ ရှုံးနိမ့်မှုကို ဦးတည်လာခဲ့ပြီး ဇွန်လ Midway စစ်ပွဲမှာတော့ ဂျပန်ရေတပ် ရှုံးနိမ့်ခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ ဩစတေးလျကြည်းတပ်ဟာ Milne ကမ်းခြေစစ်ပွဲမှာ ဂျပန်ကြည်းတပ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မဟာမိတ်ရဲ့ထိုးစစ်ကြောင့် ဂျပန်တွေဟာ ဖိလစ်ပိုင်မှာ အရေးမလှဖြစ်လာခဲ့ပါတယ်။ ၁၉၄၅ အစောပိုင်းမှာတော့ အမေရိကန်တပ်တွေဟာ ဂျပန်ကမ်းခြေကို ဆိုက်ရောက်ခဲ့ပြီး Iwo Jima စစ်ပွဲအပါအဝင် အခြားစစ်ပွဲတွေ ဆင်နွှဲကာ Ogasawara ကျွန်းကို သိမ်းခဲ့ပါတယ်။

ဟီရိုရှီးမားနှင့် နာဂါဆာကီသို့ အနုမြူဗုံး ကြဲခြင်း


အမေရိကန်တွေဟာ ဂျပန်မြို့တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၄၅ မတ်လ ၉ ရက်-၁၀ ရက်မှာ မြို့တော် တိုကျို (Tokyo) ကို လေတပ်နဲ့ တိုက်ခဲ့ပေမယ့်လည်း ဂျပန်တွေဟာ လက်နက်ချခြင်း မရှိခဲ့ပါဘူး။ ၁၈၄၅ ဩဂုတ်လလယ်မှာ အမေရိကန်ဟာ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တို့ကို အနုမြူဗုံးကြဲခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာ လူပေါင်း ၁၀၀၀၀၀ - ၂၀၀၀၀၀ အတွင်း သေဆုံးခဲ့ပါတယ်။ ဒီဗုံးကြောင့် ၁၉၄၅ အကုန်မှာတော့ ဟီရိုရှီးမားမှာ သေဆုံးသူ ၁၄၀၀၀၀ အထိရှိလာပြီး နာဂါဆာကီမှာတော့ သေဆုံးသူ ၈၀၀၀၀ လောက်ရှိခဲ့ပါတယ်။

ဂျပန်လက်နက်ချခြင်း

အနုမြူဗုံးဒဏ်အပြင် ဆိုဗီယက်ကလည်း ဂျပန်ကို စစ်ကြေညာခဲ့တဲ့အတွက် ဂျပန်ဟာ အားမတန် မာန်လျှော့ရပါတော့တယ်။ ၁၉၄၅ ဩဂုတ်လ ၁၅ ရက်မှာ ဟီရိုဟီတို ဘုရင်ဟာ ဂျပန်လက်နက်ချကြောင်းကို ဂျပန်လူထုထံ ရေဒီယိုမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ပြီးခေတ် ဂျပန်ပြည် (၁၉၄၅-၈၉)


ဂျပန်ဟာ စစ်အပြီးမှာ အမေရိကန်ဗိုလ်ချုပ် Dougအs Mac Arthur ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့ပြီး အမေရိကန် ထိန်းချုပ်မှုအောက်မှာ ဂျပန်အရာရှိတွေကို ဦးဆောင်စေပြီး ဒီမိုကရေဇီ အသွင်ပြောင်းစေခဲ့ပါတယ်။ ဂျပန်အင်ပါယာဆိုတဲ့ နာမည်မှ ဂျပန် ဆိုပြီး နာမည် ပြောင်းစေခဲ့ပြီး ဂျပန်သိမ်းယူခဲ့တဲ့ နယ်မြေတွေကို စွန့်လွှတ်စေခဲ့ပါတယ်။ မန်ချူးကိုးနဲ့ ဖော်မိုဆာကျွန်း (Formosa) တို့ကို တရုတ်ထံ ပြန်ပေးခဲ့ရပြီး ကိုရီးယားကိုတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့က ခွဲယူကြပါတယ်။ ဆိုဗီယက်ရုရှားဟာ တောင်ပိုင်းမှာရှိတဲ့ Sakhalin ကျွန်းနဲ့ Kurile ကျွန်းတို့ကို ရခဲ့ပါတယ်။ (Kurile ကျွန်း ပိုင်ဆိုင်မှု ပြဿနာကတော့ ၂၁ ရာစုတိုင် အငြင်းပွားလျက်ရှိပါတယ်) အမေရိကန်ကတော့ Ryukyu ၊ Bonin နဲ့ Volcano ကျွန်းတွေကို ထိန်းချုပ်ခဲ့ပါတယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ ဂျပန်ဦးရေ ၇ မီလျံလောက်ကို ပြည်တော်ပြန်စေခဲ့ပါတယ်။ ဂျပန်ဘုရင်ကို စစ်ခုံရုံးတင်ပြီး အရေးယူခြင်း မရှိခဲ့ပေမယ့်လည်း အုပ်ချုပ်ရေးမှာ ဘုရင့်အာဏာ မရှိတော့ပါဘူး။

ကိုရီးယားစစ်ပွဲကာလအတွင်းမှာ ဂျပန်ဟာ အမေရိကန်ရဲ့ မဟာမိတ် ဖြစ်လာခဲ့ပါတယ်။ ၁၉၅၁ စက်တင်ဘာမှာ ဂျပန်နဲ့ အမေရိကန်အပါအဝင် အခြား မဟာမိတ်နိုင်ငံ ၄၅ နိုင်ငံနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၁၉၄၂ ဧပြီလ ၂၈ရက်မှာတော့ ဂျပန်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း Sasebo ၊ Okinawa နဲ့ Yokosuka တို့မှာ အမေရိကန် ရေတပ်စခန်းတွေ ဆက်လက်ထားရှိခဲ့ပါတယ်။

စစ်အေးတိုက်ပွဲကာလ ဂျပန်ပြည်

၁၉၅၅ မှာတော့ လစ်ဘရယ်ဒီမိုဂရက်တစ်ပါတီ (LDP) နဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP) ဆိုပြီး ပါတီနှစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၉၀ နှောင်းပိုင်းထိ LDP ဟာ အကြီးဆုံး ပါတီ ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ မှ ၁၉၈၀ ကျော် ကာလအတွင်းမှာ ဂျပန်စီးပွားရေးဟာ အံ့အားသင့်လောက်အောင် အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာခဲ့ပါတယ်။ ၁၉၇၂ မှာ အမေရိကန်က Okinawa ကျွန်းကို ဂျပန်ထံ ပြန်လည် ပေးအပ်ခဲ့ပါတယ်။ ၁၉၅၆ မှာ ရုရှားနဲ့လည်းကောင်း၊ ၁၉၇၂ မှာ တရုတ်နှင့်လည်းကောင်း သံတမန်ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ပါတယ်။ ၁၉၈၉ ဇန်နဝါရီ ၇ ရက်မှာ ဟီရိုဟီတိုဘုရင် နတ်ရွာစံခဲ့ပြီး သားဖြစ်သူ အကီဟီတို (Akihito) နန်းတက်ကာ Heisei ခေတ် (လက်ရှိခေတ်) ရဲ့ အစ ဖြစ်လာပါတော့တယ်။
.

Ref: Wikipedia

Comments

Popular posts from this blog

Lookism