သုံးနိုင်ငံခေတ်(၃၆)

အခန်း(၃၆) "ရှန်ဖူ"(Shan Fu) ၏ ဗျူဟာ၊ ဖန်ခိုကိုသိမ်းယူခြင်း။ "ရွှီရှူ"(Xu Shu) ၏သံယောဇဉ်၊ "ကျူးကဲလျန့်"(Zhuge Liang) အား ခေါ်ယူရန် အကြံပေးခြင်း။

စစ်သားများဆုံးရှုံးသွားသောကြောင့် "ချောင်ရန်"(Cao Ren) သည် ဒေါသထွက်ကာ လက်စားချေရန်အတွက် ယွီမြစ်ကိုဖြတ်ပြီးရှင်းရဲ့သို့ချီတက်သည်။ "ရှန်ဖူ"(Shan Fu) သည် မြို့တွင်းသို့ဝင်ပြီး "လျူဘေ့"(Liu Bei) ထံသွားကာ
"ဖန်ချန်မှာရှိတဲ့ ချောင်ရန်(Cao Ren) က သူ့စစ်တပ်ရှုံးသွားတာကြားတော့ ဒီကိုလာပြီးတိုက်လိမ့်မယ်" ဟုပြောရာ "လျူဘေ့"(Liu Bei) မှ
"သူတို့ကိုဘယ်လိုတန်ပြန်တိုက်ရင် ကောင်းမလဲ?" ဟု မေးသည်။
"သူက ဒီကိုစစ်တပ်အလုံးအရင်းနဲ့လာတိုက်မှာဆိုတော့ သူ့မြို့မှာ အစောင့်တွေထားခဲ့မှာမဟုတ်ဘူး။ ဒါကိုအခွင့်ကောင်းယူရမယ်"
"ဘယ်လိုနည်းနဲ့လဲ"
ထိုအခါ "ရှန်ဖူ"(Shan Fu) က "လျူဘေ့"(Liu Bei) နားကပ်ကာ တီးတိုးပြောသည်။ ထိုအကြံကြားသော် "လျူဘေ့"(Liu Bei) သဘောကျပြီး ပြင်ဆင်မှုများပြုလုပ်သည်။ မကြာမီပင် "ချောင်ရန်"(Cao Ren) သည် စစ်တပ်အလုံးအရင်းဖြင့် မြစ်ကိုဖြတ်လာပြီဖြစ်ကြောင်း ကင်းထောက်တို့က သတင်းပို့သည်။ ၎င်းကိုကြားသော် "ရှန်ဖူ"(Shan Fu) သည်
"ကျွန်တော် မှန်းတဲ့အတိုင်းပဲ" ဟု ဆိုသည်။

ထို့နောက် "လျူဘေ့"(Liu Bei) ကိုယ်တိုင် တပ်တစ်တပ်ကိုဦးဆောင်ကာ ရန်သူနှင့်ထွက်တွေ့သင့်ကြောင်းပြောသည်။ တပ်စွဲထားပြီးနောက်ဝယ် "ကျောက်ယွင်"(Zhao Yun) က ရှေ့သို့ထွက်ပြီး ရန်သူတို့အားစိန်ခေါ်ရာ တစ်ဖက်မှ "လီတျန်"(Li Dian) ထွက်လာပြီးတိုက်သည်။ ဆယ်ကွက်ခန့်တိုက်ပြီးဝယ် "လီတျန်"(Li Dian) သည် သူရှုံးနေမှန်းသိသဖြင့် ပြန်ဆုတ်ခွာသည်။ "ကျောက်ယွင်"(Zhao Yun) က နောက်မှလိုက်သော်လည်း ရန်သူ၏တောင်ပံတပ်မှ မြားတို့ဖြင့်ပစ်ရာ ဆက်မလိုက်တော့ပေ။ ထို့နောက် နှစ်ဖက်လုံး တိုက်ပွဲကို ခဏတာရပ်နားလိုက်သည်။
"လီတျန်"(Li Dian) မှ သူ၏ခေါင်းဆောင်အား
"ကျုပ်တို့ရန်သူတွေက ရဲရင့်ပြီး တိုက်ခိုက်လိုစိတ်အပြည့်ရှိနေတဲ့အတွက် သူတို့အပေါ်အနိုင်ရဖို့ခက်လိမ့်မယ်။ ဒါကြောင့် ဖန်ချန်ကိုပြန်ပြီး စစ်ကူကိုစောင့်သင့်တယ်" ဟု ဆိုသည်။ "ချောင်ရန်"(Cao Ren) မှ ဒေါသထွက်ကာ
"ခင်ဗျားက တိုက်ပွဲတောင်မစရသေးပဲ ကိုယ့်တပ်ရဲ့စိတ်ဓာတ်ကျအောင်လုပ်ပြီး သစ္စာဖောက်တယ်။ ခင်ဗျားက ရန်သူဘက်ကပဲနေမှာ၊ ဒါကြောင့် သေဒဏ်ပေးသင့်တယ်" ဟု ပြောပြီး သတ်မိန့်ချသည်။ သို့သော်လည်း အခြားသော အမှုထမ်းတို့က ဝိုင်းတားမြစ်သဖြင့် "လီတျန်"(Li Dian) ကိုအပြစ်မပေးတော့ပဲ တပ်နောက်ဘက်တွင်သာ နေရာယူစေသည်။

နောက်ရက်တွင် "ချောင်ရန်"(Cao Ren) ကိုယ်တိုင်စစ်တပ်ကို ဦးဆောင်ကာချီတက်သည်။ "ချောင်ရန်"(Cao Ren) သည် စစ်တပ်ဗျူဟာတစ်ခုခင်းကျင်းပြီးနောက် သူ၏ဗျူဟာကို "လျူဘေ့"(Liu Bei) သိမသိ ဆက်သားလွှတ်ပြီး မေးစေသည်။ ထိုအခါ "ရှန်ဖူ"(Shan Fu) က တောင်ကုန်းပေါ်တက်ကာ ရန်သူ့စစ်တပ်ကိုကြည့်ပြီးနောက် "လျူဘေ့"(Liu Bei) ထံသွားပြီး
"ဒီဗျူဟာက 'ဂိတ်ရှစ်ခုဗျူဟာ' ပဲ။ ဂိတ်တွေရဲ့နာမည်တွေက 'မွေးဖွားမှု' ၊ 'ထွက်ပေါက်' ၊ 'ကျယ်ပြန့်မှု' ၊ 'ဒဏ်ရာ' ၊ 'ကြောက်ရွံ့မှု' ၊ 'ဖျက်ဆီးမှု' ၊ 'အတားအဆီး' နဲ့ 'သေဆုံးမှု' တို့ဖြစ်တယ်။ 'မွေးဖွားမှု' ၊ 'ထွက်ပေါက်' နဲ့ 'ကျယ်ပြန့်မှု' ဆိုတဲ့ ဂိတ်သုံးခုထဲက တစ်ခုခုကိုဝင်နိုင်ရင် အနိုင်ရနိုင်တယ်။ 'ဒဏ်ရာ' ၊ 'ကြောက်ရွံ့မှု' နဲ့ 'ဖျက်ဆီးမှု' ဆိုတဲ့ ဂိတ်တွေထဲဝင်မိရင်တော့ ဒဏ်ရာရနိုင်တယ်။ ကျန်တဲ့နှစ်ခုထဲဝင်မိရင်တော့ အရာအားလုံးပြီးဆုံးသွားပြီပဲ။ သူတို့ဒီဂိတ်ပုံစံတွေဖြန့်ထားတာ မှန်တယ်လို့ဆိုနိုင်ပေမယ့် အလယ်မှာတော့ လိုအပ်ချက်ရှိနေတယ်။ ဒါကြောင့် အရှေ့တောင်ဘက်ကနေဝင်ပြီး အနောက်ဘက်ကပြန်ထွက်ရင် ရန်သူတွေကိုရှုပ်ထွေးသွားစေနိုင်တယ်" ဟု ပြောသည်။

ထို့နောက် "ကျောက်ယွင်"(Zhao Yun) အား စစ်သားငါးရာကိုဦးဆောင်စေပြီး ထိုအကြံအတိုင်းပင် လုပ်စေသည်။ ရန်သူတို့ အရှုပ်အထွေးဖြစ်သွားသောအခါ "လျူဘေ့"(Liu Bei) သည် သူ၏တပ်ကိုအချက်ပြပြီး တိုက်ခိုက်လေရာ အနိုင်ရလေသည်။ ထိုအခါ "ချောင်ရန်"(Cao Ren) သည် "လီတျန်"(Li Dian) ကိုခေါ်ပြီးတိုင်ပင်သည်။ "ချောင်ရန်"(Cao Ren) မှ
"ဒီဗျူဟာကို ထိုးဖောက်နိုင်တယ်ဆိုတော့ လျူဘေ့(Liu Bei) ဘက်မှာ အင်မတန်တော်တဲ့လူရှိရမယ်" ဟုဆိုသည်။
"ကျွန်တော်ကတော့ ဖန်ချန်အတွက် စိတ်ပူတယ်"
"ဒီညမှာ သူတို့စခန်းကို လျပ်တပြက်တိုက်ရမယ်"
"သူတို့က အဆင်သင့်ပြင်ထားပြီးသားဖြစ်နေလိမ့်မယ်၊ တိုက်ရင်လည်း အချည်းနှီးပဲ"
"ခင်ဗျားက ဒီလိုသံသယတွေရှိနေရင် စစ်ကိုဘယ်ကို အောင်မြင်အောင်တိုက်နိုင်မလဲ"
ထို့နောက် "ချောင်ရန်"(Cao Ren) သည် ဘာမျှဆက်မပြောတော့ပဲ ရန်သူ့တပ်ကိုတိုက်ရန်ပြင်သည်။ "လီတျန်"(Li Dian) ကို တပ်နောက်ဘက်တွင်ထားကာ ညနှစ်ချက်တီးအချိန်တွင် ရန်သူ့တပ်ကိုတိုက်ရန် ပြင်ဆင်သည်။

"ရှန်ဖူ"(Shan Fu) သည် သူ၏ခေါင်းဆောင်ဖြင့် အစီအစဉ်တို့ကိုဆွေးနွေးနေချိန်ဝယ် အရှေ့မြောက်ဘက်မှ လေပြင်းတစ်ခုတိုက်သွားသည်။ ထိုအခါ "ရှန်ဖူ"(Shan Fu) မှ
"ဒီည ရန်သူတွေလာတိုက်လိမ့်မယ်" ဟု ဆိုသည်။
"သူတို့ကို ဘယ်လိုရင်ဆိုင်မလဲ"
"အကုန်လုံးအဆင်သင့်ပြင်ထားပြီးပါပြီ"
"ချောင်ရန်"(Cao Ren) ၏စစ်တပ်ရောက်လာသောအချိန်တွင် ဘေးပတ်ပတ်လည်တွင် မီးလောင်နေသည်ကိုတွေ့လိုက်သောအခါ "ချောင်ရန်"(Cao Ren) သည် သူ၏အကြံ မအောင်မြင်ကြောင်းသိလိုက်ပြီး ပြန်ဆုတ်ရန်ပြင်သည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) မှ နောက်မှလိုက်တိုက်သည်။ မြစ်ကမ်းနားသို့ရောက်သောအခါ "ကျန်းဖေး"(Zhang Fei) က ထွက်လာပြီးတိုက်လေသည်။ စစ်သားအများအပြား သေဆုံးပြီးနောက်တွင်သာ "ချောင်ရန်"(Cao Ren) သည် လှေဖြင့်တစ်ဖက်ကမ်းသို့ဖြတ်နိုင်လေသည်။ ဖန်ချန်သို့ရောက်သောအခါ မြို့တွင်းမှ "ကွမ်းယွီ"(Guan Yu) ထွက်လာပြီး
"ကျုပ် ဒီမြို့ကိုသိမ်းလိုက်တာကြာပြီ" ဟု ပြောသည်။ ထိုအခါ "ချောင်ရန်"(Cao Ren) သည် စစ်တပ်အများအပြားဆုံးရှုံးပြီးနောက် ရွှီချန်သို့ပြန်လေသည်။ လမ်းတွင် ဒေသခံတို့မှ "လျူဘေ့"(Liu Bei) ၏ အကြံပေးအကြောင်းကိုမေးထားလေသည်။

"လျူဘေ့"(Liu Bei) သည် စစ်အနိုင်ရပြီးနောက် ဖန်ချန်သို့ဝင်လေရာ မြို့စားဖြစ်သော "လျူမီ"(Liu Mi) မှ ကြိုဆိုလေသည်။ ထိုမြို့စားသည် ဘုရင့်ဆွေတော်မျိုးတော်တစ်ဦးဖြစ်သည်။ ထိုမြို့စားအိမ်တော်တွင် နေထိုင်စဉ် "လျူဘေ့"(Liu Bei) သည် ရုပ်ရည်ပြေပြစ်သော လူငယ်တစ်ဦးကိုမြင်ရာ ထိုလူငယ်အကြောင်းကိုမေးလျှင် မြို့စားမှ
"သူက လော့က ခို့သခင်ရဲ့သား၊ ကျွန်တော့် တူ ခို့ဖုန်း(Kou Feng) ပါ။ သူ့မိဘတွေမရှိတော့ကတည်းက သူ့ကိုစောင့်ရှောက်ထားတာ" ဟု ဆိုသည်။ "လျူဘေ့"(Liu Bei) က ထိုလူငယ်ကိုသဘောကျကာ မွေးစားလိုကြောင်းပြောသည်။ မြို့စားကလည်း သဘောတူသဖြင့် ထိုလူငယ်၏နာမည်ကို "လျူဖုန်း"(Liu Feng) ဟုပြောင်းလိုက်သည်။ "လျူဘေ့"(Liu Bei) သည် ထိုမွေးစားသားကို သူနှင့်အတူခေါ်သွားသည်။ ထို့နောက် "ကွမ်းယွီ"(Guan Yu) နှင့် "ကျန်းဖေး"(Zhang Fei) တို့အား ဦးလေးအနေဖြင့် အရိုအသေပြုခိုင်းလေသည်။ ထိုသို့မွေးစားသည်ကို "ကွမ်းယွီ"(Guan Yu) မှ
"အစ်ကိုကြီးမှာ သားတစ်ယောက်ရှိနေတာ ဘာလို့နောက်တစ်ယောက်မွေးစားရတာလည်း? ဒီလိုဆို အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်" ဟု ပြောသည်။ ၎င်းနှင့်ပတ်သတ်ပြီး "ကွမ်းယွီ"(Guan Yu) သည် မကျေနပ်ပေ။
"လျူဘေ့"(Liu Bei) သည် "ရှန်ဖူ"(Shan Fu) နှင့်ဆွေးနွေးပြီးနောက် "ကျောက်ယွင်"(Zhao Yun) အား စစ်သားတစ်ထောင်ဖြင့် ဖန်ချန်ကိုစောင့်ကြပ်စေပြီး ရှင်းရဲ့သို့ပြန်သည်။

ထိုအချိန်တွင် စစ်ရှုံးသွားသောစစ်သူကြီးတို့သည် မြို့တော်သို့ပြန်ရောက်နေပြီဖြစ်သည်။ ဝန်ကြီးချုပ်ကိုမြင်သောအခါ "ချောင်ရန်"(Cao Ren) သည် မြေကြီးပေါ်သို့လှဲချလိုက်ပြီး ငိုယိုကာ သူ၏အမှားတို့ကိုပြောဆိုလေသည်။ "ချောင်ချောင်း"(Cao Cao) မှ
"စစ်ပွဲရဲ့ကံကောင်းမှုပဲ။ လျူဘေ့(Liu Bei) ကို အကြံပေးနေတဲ့လူအကြောင်းကိုသိချင်တယ်" ဟု ဆိုသည်။ "ချောင်ရန်"(Cao Ren) မှ
"သူက ရှန်ဖူ(Shan Fu) လို့ခေါ်ပါတယ်" ဟု ပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"သူက ဘယ်သူလည်း" ဟု မေးလေရာ "ချန်ယွီ"(Cheng Yu) မှ
"သူ့နာမည်က ရှန်ဖူ(Shan Fu) မဟုတ်ပါဘူး။ သူဟာ ငယ်ငယ်တုန်းက ဓားသိုင်းပညာကိုလိုက်စားခဲ့တယ်။ တစ်ရက်မှာတော့ သူ့သူငယ်ချင်းအတွက် လက်စားချေဖို့ လူတစ်ယောက်ကိုသတ်လိုက်တယ်။ အမှုထမ်းတွေက သူ့ကိုဖမ်းမိသွားပေမယ့်လည်း သူ့သူငယ်ချင်းတွေက သူ့ကိုပြန်လွတ်သွားအောင် ကူညီခဲ့တယ်။ အဲ့နောက်ပိုင်းမှာတော့ သူဟာ နာမည်ပြောင်းပြီး စာပေပညာကို လေ့လာခဲ့တယ်။ သူက စီးမာဟွေး(Sima Hui) နဲ့သိကျွမ်းတယ်။ သူ့ရဲ့နာမည်အရင်းကတော့ ရွှီရှူ(Xu Shu) လို့ခေါ်ပြီး ရင်းချွမ်နယ်သားဖြစ်တယ်။ ရှန်ဖူ(Shan Fu) ဆိုတာကတော့ သူ့ရဲ့တခြားနာမည်ပါပဲ" ဟု ပြောသည်။
"ခင်ဗျားနဲ့ ယှဉ်ရင် သူက ဘယ်လိုနေလဲ"
"ကျွန်တော့်ထက် ဆယ်ဆတော်ပါတယ်"
"နှမြောစရာပဲ။ လျူဘေ့(Liu Bei) မှာ ဒီလိုလူတော်တွေရှိရင် အတောင်ပံတပ်သလိုဖြစ်သွားမှာ။ ဒါကိုဘယ်လိုလုပ်ရမလည်း"

"သခင်ကြီးက သူ့ကိုလိုချင်ရင်တော့ ခေါ်ဖို့မခက်ခဲပါဘူး"
"သူ့ကိုလာအောင် ဘယ်လိုလုပ်ရမလဲ"
"သူက အမေအပေါ်သံယောဇဉ်ရှိတယ်ဆိုပြီး နာမည်ကြီးပါတယ်။ သူ့အဖေက အရင်ကတည်းကသေဆုံးသွားခဲ့ပြီး အမေဖြစ်တဲ့သူက နောက်သားတစ်ယောက်နဲ့အတူနေတယ်။ အဲ့သားကလည်း သေဆုံးသွားတော့ အခု ရွှန်းအမျိုးသမီးက သူ့ကိုစောင့်ရှောက်မယ့်သူမရှိပဲနေ, နေရတယ်၊ သူ့အမေကနေတစ်ဆင့် စာရေးခိုင်းရင်တော့ သူက ဒီကိုရောက်လာလိမ့်မယ်"
"ချောင်ချောင်း"(Cao Cao) သည် ထိုအမျိုးသမီးအိုကြီးကို မြို့တော်သို့ခေါ်ပြီး ကောင်းကောင်းဆက်ဆံလေသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျားမှာ အင်မတန်အရည်အချင်းရှိတဲ့သားတစ်ယောက်ရှိတယ်လို့ကြားတယ်။ သူက လက်ရှိမှာ သူပုန် လျူဘေ့(Liu Bei) ကို ကူညီနေတယ်ဆို။ ဒါက နှမြောစရာပဲ။ ရွှံ့နွံထဲရောက်နေတဲ့ရတနာလိုပဲ။ ခင်ဗျားသာ သူ့ကိုခေါ်နိုင်ရင်တော့ ကျွန်တော်က ဘုရင့်ဆီမှာလျှောက်တင်ပြီး ရာထူးတစ်ခုပေးနိုင်ပါတယ်" ဟု ပြောသည်။ ထို့နောက် ရွှန်းအမျိုးသမီးစာရေးရန်အတွက် စာရွက်နှင့်မင် ယူလာစေသည်။ ထိုအမျိုးသမီးမှ
"လျူဘေ့(Liu Bei) က ဘယ်လိုလူမျိုးလည်း" ဟု မေးသည်။

"ကျိုးပြည်နယ်က သာမန်လူပါပဲ။ သူက သူ့ကိုယ်သူ ဦးရီးတော်လို့ သမုတ်ပြီး ဟန်တိုင်းပြည်နဲ့ အမျိုးတော်သလိုလုပ်နေတယ်။ သူက ယုံကြည်ရတဲ့လူမဟုတ်သလို မှန်ကန်တဲ့လူလည်း မဟုတ်ဘူး။ လူတွေကတော့ သူတို့ကို တော်တဲ့လူလို့ဆိုကြပေမယ့် တကယ့်တကယ်မှာတော့ ရက်စက်တဲ့လူပဲ"
"သူ့ကို ဘာလို့ ဒီလို ပုတ်ခတ်ရတာလည်း? သူက ဟန်တိုင်းပြည်ရဲ့မင်းသားမျိုးရိုးကနေဆင်းသက်လာတယ်ဆိုတာ လူတိုင်းသိတယ်။ သာမန်ရာထူးလေးကိုပဲ ယူထားပြီး လူတိုင်းအပေါ်ကိုလည်း လေးစားတယ်။ နောက်ပြီး သူဟာ ကြင်နာသနားတတ်တဲ့လူပဲ။ လူကြီးလူငယ်မရွေး လူတိုင်းက သူ့ကို အကောင်းမွန်ဆုံးလူလို့သိကြတယ်။ ကျွန်မသားက ဒီလိုလူမျိုးအောက်မှာ အမှုထမ်းတာက သူနဲ့ထိုက်တန်လို့ပဲ။ ရှင့်လိုလူကသာလျှင် ဟန်ဝန်ကြီးနာမည်ယူထားတဲ့ သူပုန်ပဲ။ ဒါကို ပြောင်းပြန်လုပ်ပြီး လျူဘေ့(Liu Bei) ကို သူပုန်လို့ပြောတယ်။ ရှင်က ကျွန်မသားကို အမှောင်အတွက်နဲ့ အလင်းဘက်ကထွက်စေချင်တာလား? အရှက်မရှိဘူးလား"
ထို့နောက် ရွှန်းအမျိုးသမီးသည် မှင်တုန်းဖြင့် "ချောင်ချောင်း"(Cao Cao) ကို ပစ်လေရာ "ချောင်ချောင်း"(Cao Cao) မှ ဒေါသထွက်ပြီး ထိုအမျိုးသမီးကို သေဒဏ်ပေးစေသည်။ သို့သော်လည်း "ချန်ယွီ"(Cheng Yu) မှ
"ဒီအမျိုးသမီးက သေချင်နေတာ၊ ဒါပေမယ့် သူ့ကိုသတ်လိုက်ရင် သခင်ကြီးရဲ့နာမည်လည်း ကျဆင်းသွားမှာဖြစ်သလို သူ့သားကလည်း လက်စားချေဖို့အတွက်နဲ့ လျူဘေ့(Liu Bei) လက်အောက်မှာ နေ,နေလိမ့်မယ်။ ဒါကြောင့် ရွှီရှူ(Xu Shu) ဟာ ကျွန်တော်တို့ကို မကူညီနိုင်ရင်တောင် အနှောင့်အယှက်မပေးနိုင်အောင် လုပ်ရမယ်။ ဒီအမျိုးသမီးကို မသတ်ပဲထားရင် သူ့သားကို မြို့တော်ကိုလာအောင်လုပ်နိုင်တယ်" ဟု ပြောသည်။

"ချန်ယွီ"(Cheng Yu) သည် သူ့ကိုယ်သူ "ရွှီရှူ"(Xu Shu) ၏သွေးသောက်ညီအစ်ကိုဟုဆိုပြီး ရွှန်းအမျိုးသမီးထံအမြဲသွားကြည့်သည်။ ထို့အပြင် ထိုအမျိုးသမီးထံသို့အမြဲစာရေးလေရာ ရွှန်းအမျိုးသမီးကလည်း ပြန်ရေးရလေသည်။ ထို့နောက် ထိုအမျိုးသမီး၏လက်ရေးကိုလေ့လာပြီး စာအတုရေးကာ ရှင်းရဲ့သို့စာပို့လိုက်သည်။ "ရှန်ဖူ"(Shan Fu) သည် ထိုစာကိုရပြီးနောက် ဖွင့်ဖတ်လိုက်ရာ စာအတွင်းဝယ် အောက်ပါအတိုင်းရေးထားသည်။
'မင်းရဲ့အစ်ကိုသေဆုံးသွားပြီးနောက် ငါက တစ်ယောက်တည်းနေနေခဲ့တယ်၊ ဆွေမျိုးတွေလည်း အနားမှာမရှိဘူး၊ ဝန်ကြီးချုပ် ချောင်ချောင်း(Cao Cao) က ငါ့ကိုခေါ်ပြီးမြို့တော်မှာ နေစေတယ်။ သူက မင်းကို သူပုန်လို့ဆိုတယ်၊ နောက်ပြီး ငါ့ကိုချုပ်နှောင်ထားတယ်။ ဒါပေမယ့် ချန်ယွီ(Cheng Yu) ကြောင့် ငါဟာ အသက်ချမ်းသာရာရခဲ့တယ်။ ဒီစာရတာနဲ့ ငါ့ဆီလာခဲ့ပါ။ ငါတို့သားအမိနှစ်ယောက် အန္တရာယ်ကြားကနေ ထွက်ပြေးကြတာပေါ့'
စာကိုဖတ်ပြီးနောက် "ရွှီရှူ"(Xu Shu) သည် မျက်ရည်ကျလာသည်။ ထို့နောက် "လျူဘေ့"(Liu Bei) ထံသွားပြီးနောက်
"ကျွန်တော်က လျူပြောင်း(Liu Biao) ဆီကို သွားခဲ့တယ်၊ ဒါပေမယ့်လည်း သူက အသုံးမကျတော့ စီးမာဟွေး(Sima Hui) ကနေတစ်ဆင့် သခင်ကြီးဆီရောက်လာတယ်။ အခု ကျွန်တော့်အမေကို ချောင်ချောင်း(Cao Cao) က ဖမ်းထားတယ်။ ဒါကြောင့် ကျွန်တော် သခင်ကြီးဆီကထွက်ခွာပြီး အမေ့ဆီသွားရမယ်။ အနာဂတ်မှာ သခင်ကြီးနဲ့ပြန်တွေ့ဖို့မျှော်လင့်ပါတယ်" ဟု ပြောသည်။ "လျူဘေ့"(Liu Bei) မှ
"သားအမိကြားက သံယောဇဉ်က မြင့်မြတ်တယ်။ ခင်ဗျားအမေအတွက် ခင်ဗျားမှာတာဝန်ရှိတယ်ဆိုတာ နားလည်ပါတယ်" ဟု ဆိုသည်။

ထိုသို့နှုတ်ဆက်ပြီးနောက် "ရွှီရှူ"(Xu Shu) သည် ချက်ချင်းထွက်ခွာရန်ပြင်သော်လည်း "လျူဘေ့"(Liu Bei) က ခဏနေခိုင်းသဖြင့် တစ်ညတာ နေလေသည်။ "စွန်းချန်"(Sun Qian) သည် "လျူဘေ့"(Liu Bei) ထံ တိတ်တဆိတ်သွားပြီး
"ရွှီချူ(Xu Shu) က လူတော်တစ်ယောက်ပဲ။ သူဟာ ဒီမှာနေတာကြာတော့ ကျွန်တော်တို့ရဲ့လျှို့ဝှက်ချက်တွေကို သိထားတယ်။ ဒါကြောင့် သူ့ကိုပေးသွားလို့မဖြစ်ဘူး။ ဒီလိုသာဆိုရင် ချောင်ချောင်း(Cao Cao) က သူ့အမေကိုသတ်လိုက်လိမ့်မယ်။ အဲ့လိုဆိုရင်တော့ သူဟာ သူ့အမေအတွက် လက်စားချေဖို့နဲ့ သခင်ကြီးဘက်မှာနေလိမ့်မယ်" ဟု ပြောလေသည်။
"ငါ ဒီလိုလုပ်လို့မဖြစ်ဘူး။ ဒီလိုလုပ်ရင် ငါဟာယုတ်မာတဲ့လူဖြစ်သွားလိမ့်မယ်။ ဒီလိုလုပ်မယ့်အစား သေတာမှ တော်ဦးမယ်"
နှစ်ဦးလုံး စိတ်မကောင်းဖြစ်ကာ သက်ပြင်းချကြသည်။

"လျူဘေ့"(Liu Bei) သည် "ရွှီရှူ"(Xu Shu) အတွက် စားပွဲပြုလုပ်ပေးမည်ဟု ဖိတ်ခေါ်သော်လည်း "ရွှီရှူ"(Xu Shu) မှ
"ကျွန်တော့်အမေက အဖမ်းခံထားရတာ ကျွန်တော်မြိုလို့ကျမှာတောင် မဟုတ်ဘူး" ဟု ဆိုပြီးငြင်းလိုက်သည်။
"ခင်ဗျားရဲ့ထွက်ခွာမှုက ကျုပ်အတွက်တော့ လက်နှစ်ဖက်ပြတ်သွားသလိုပဲ။ နဂါးရဲ့အသည်းနဲ့ ဇာမဏီရဲ့ခြင်ဆီကို စားရမယ်ဆိုရင်တောင် စားနိုင်မှာမဟုတ်ဘူး။"
ထို့နောက် နှစ်ဦးလုံး ငိုကြသည်၊ ပြီးနောက်တွင်မူ မည်သို့မှ စကားမပြောတော့ပဲ နေထွက်လာသည်အထိထိုင်နေကြလေသည်။ ထို့နောက် နှစ်ဦးလုံးမြင်းစီးကာ မြို့ပြင်သို့ထွက်လေသည်။ ဒေစီပန်းအမိုးအကာနားဝယ် မြင်းပေါ်မှဆင်းပြီး အရက်သောက်ရန်ပြင်သည်။ "လျူဘေ့"(Liu Bei) က အရက်ခွက်ကို မြှောက်ကာ
"ခင်ဗျားနဲ့ဒီလိုခွဲခွာရတာဟာ ကျုပ်အတွက်တော့ ကံဆိုးမှုပါပဲ။ ဒါပေမယ့် ခင်ဗျားက သခင်အသစ်လက်အောက်မှာ နာမည်ကြီးဖို့မျှော်လင့်ပါတယ်" ဟု ပြောသည်။
"ကျွန်တော်က သခင်ကြီးရဲ့ ကြင်နာမှုကြောင့် အမှုထမ်းခွင့်ရတဲ့လူတစ်ယောက်ပါပဲ။ ကျွန်တော်က အခု အမေ့ကြောင့်သာ ခွဲခွာရတာပါ။ နောက်ပိုင်းမှာ ချောင်ချောင်း(Cao Cao) အတွက် ဘာအကြံမှမပေးဘူးလို့ ကတိပြုပါတယ်"
"ခင်ဗျားသွားရင်တော့ ကျွန်တော် တောတွေတောင်တွေထဲမှာပဲ နေရမယ်"
"ကျွန်တော်က အခုအမေအတွက်နဲ့စိတ်ညစ်နေတော့ ဒီမှာနေနေလည်း ဘာမှအထောက်အကူဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် တခြားသင့်တော်တဲ့လူကိုရှာပါ"
"ခင်ဗျားထက်တော်တဲ့လူကို ဒီလောကမှာ ဘယ်လိုရှာနိုင်ပါ့မလဲ"
"ကျွန်တော်က အဲ့လိုချီးမွမ်းမှုနဲ့မထိုက်တန်ပါဘူး။ ကျွန်တော်က အသုံးမဝင်တဲ့ငတုံးတစ်ယောက်ပါပဲ"

"ရွှီရှူ"(Xu Shu) သည် အနောက်ဘက်ရှိ အမှုထမ်းတို့ဘက်လှည့်ကာ
"မင်းမှုထမ်းတို့၊ သခင်ကြီးဟာတစ်တိုင်းပြည်လုံးမှာကျော်စောပြီး သမိုင်းစာမျက်နှာပေါ်မှာ နာမည်ကျန်ရစ်ခဲ့အောင် ခင်ဗျားတို့တွေလုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ပါမယ်။ ကျွန်တော့်လို တစ်ဝက်တစ်ပျက်နဲ့ထွက်သွားရတဲ့လူတော့ မဖြစ်စေနဲ့" ဟု ပြောလေသည်။ ကျန်သောအမှုထမ်းတို့ကလည်း စိတ်မကောင်းဖြစ်ကြသည်။ "လျူဘေ့"(Liu Bei) သည်လည်း သူ၏သူငယ်ချင်းနှင့်မခွဲနိုင်ပဲ ခပ်ဝေးဝေး၊ ခပ်ဝေးဝေးသို့ လိုက်လံပို့ဆောင်ရာ နောက်ဆုံးတွင် "ရွှီရှူ"(Xu Shu) မှ
"သခင်ကြီး၊ ကျွန်တော်တို့ဒီမှာပဲ နှုတ်ဆက်ခဲ့ကြတာပေါ့" ဟု ပြောသည်။
"အခုတော့ ခွဲခွာရတော့မယ်။ ဘယ်အချိန်ပြန်တွေ့မလည်းဆိုတာ မသိနိုင်ဘူး"
နှစ်ဦးလုံးနှုတ်ဆက်ပြီးနောက် "ရွှီရှူ"(Xu Shu) သည် ထွက်သွားသည်။ ၎င်းကို "လျူဘေ့"(Liu Bei) မှ ငေးမောကာကြည့်နေသည်။
"လျူဘေ့"(Liu Bei) : "သူကထွက်ခွာသွားပြီ၊ ဘယ်လိုလုပ်ရမလည်း"

အပင်တစ်ပင်က "လျူဘေ့"(Liu Bei) ၏မြင်ကွင်းကိုပိတ်ထားလေရာ "လျူဘေ့"(Liu Bei) မှ ထိုအပင်ကို လက်ညှိုးညွှန်ပြီး
"ဒီနားက အပင်မှန်သမျှကို ခုတ်နိုင်ရင်ကောင်းမယ်" ဟု ပြောသည်။ သူ၏အမှုထမ်းတို့က
"ဘာကြောင့်လည်း" ဟု ဆိုလေသည်။
"ဘာကြောင့်လည်းဆိုတော့ အဲ့အပင်တွေက ရွှီရှူ(Xu Shu) ကိုမမြင်နိုင်အောင် ကွယ်ထားလို့"
ထိုအချိန်တွင် ရုတ်တရတ် "ရွှီရှူ"(Xu Shu) ပြန်လှည့်လာသည်ကိုတွေ့လေသည်။ ထိုအခါ "လျူဘေ့"(Liu Bei) မှ
"ဒီလိုပြန်လှည့်လာတာ ဒီမှာပဲနေမလို့များလား" ဟု ဆိုသည်။

"လျူဘေ့"(Liu Bei) သည် "ရွှီရှူ"(Xu Shu) နှင့်တွေ့ပြီး
"ဒီလိုပြန်လှည့်လာတာဟာ သာမန်အကြောင်းကြောင့်တော့ မဟုတ်ဘူး ထင်တယ်" ဟုပြောသည်။
"ကျွန်တော် စိတ်တွေရှုပ်ထွေးနေတော့ ပြောစရာတစ်ခုမေ့သွားလို့။ ရှန်းရန်မြို့ရဲ့ခုနစ်မိုင်အကွာမှာ ပညာရှိတစ်ဦးရှိတယ်။ သူ့ကိုသွားခေါ်ပါ"
"ခင်ဗျားကတစ်ဆင့် သူ့ကို ကျွန်တော့်ဆီလာခိုင်းဖို့ ပြောကြည့်ပါလား"
"သူက သခင်ကြီးဆီလာမှာမဟုတ်ဘူး။ သခင်ကြီးက သူ့ဆီသွားရလိမ့်မယ်။ သူသာလက်ခံရင်တော့ ကျိုးက Lu Wang ရဲ့အကူအညီရသလို၊ ဟန်က Zhang Liang ရဲ့အကူအညီရသလိုမျိုး အကျိုးဖြစ်ထွန်းလိမ့်မယ်"
"အဲ့လူနဲ့ ခင်ဗျားနဲ့နှိုင်းရင်ဘယ်လိုရှိလည်း"
"ကျွန်တော်နဲ့? သူနဲ့ယှဉ်ရင် ပင်ပန်းတဲ့သာမန်မြင်းနဲ့ ရွှေမြင်းပျံကိုယှဉ်သလို၊ အိုမင်းနေတဲ့ဘဲနဲ့ ဇာမဏီကိုယှဉ်သလိုပါပဲ။ သူ့ကို Guan Zhong နဲ့ Yue Yi လိုမျိုးလူလို့ ပြောကြတယ်။ ကျွန်တော်ကတော့ သူက အဲ့လိုလူတွေထက်သာတယ်လို့မြင်တယ်။ သူ့ရဲ့အရည်အချင်းဟာ ကောင်းကင်နဲ့မြေကြီးရဲ့အကွာအဝေးနဲ့တောင်နှိုင်းယှဉ်နိုင်တယ်။ သူက တခြားလူတွေထက်သာလွန်တဲ့လူပါပဲ"

[Lu Wang (သို့) Jiang Ziya - ကျိုးမင်းဆက် ဘုရင် Wen ၏အကြံပေးဖြစ်သည်။
Zhang Liang - Liu Bang ၏ အကြံပေး
Guan Zhong - နွေဦးဆောင်းဦးကာလတွင် Qi ပြည်နယ်၏ ဝန်ကြီးချုပ်
Yue Yi - နွေဦးဆောင်းဦးကာလတွင် Yan ပြည်နယ်၏ စစ်သူကြီး ]

"သူ့နာမည်ကို သိပါရစေ"
"သူက လန်ရဲ့က ကျူးကဲလျန့်(Zhuge Liang) ပါပဲ။ အရင် စစ်သူကြီးဟောင်း ကျူးကဲဖုန်း(Zhuge Feng) မျိုးရိုးကပါ။ သူ့အဖေ Zhuge Gui ဟာ ထိုင်ရှန်း ဒု-မြို့စားဖြစ်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသွားခဲ့တယ်။ အဲ့နောက်မှာတော့ သူဟာ သူ့ဦးလေး Zhuge Xuan နဲ့အတူ ကျင်ကျိုးကိုရောက်လာတယ်။ ကျူးကဲလျန့်(Zhuge Liang) က ရှန်းရန်မှာနေတယ်။ သူ့ဦးလေးသေဆုံးပြီးနောက် သူဟာ သူ့ညီ ကျူးကဲကျွင်း(Zhuge Jun) နဲ့အတူ နန်ရန်ကလယ်ကွက်တစ်ခုမှာ နေပြီး လျန်ဖူပုံစံသီချင်းတွေဖွဲ့ဆိုပြီး အချိန်ကုန်စေတယ်။ အဲ့နားက တောင်ကုန်းက အိပ်ပျော်နေတဲ့နဂါးတောင်လို့ ခေါ်တယ်။ သူက အဲ့နာမည်ကိုယူပြီးတော့ သူ့ကိုယ်သူ အိပ်ပျော်နေတဲ့နဂါးလို့ဆိုတယ်။ သူဟာ ပညာရှိတစ်ဦးပဲ။ သူ့ဆီကို သွားသင့်တယ်။ သူ့အကူအညီသာရရင် သခင်ကြီးဟာ ဘာမှစိတ်ပူစရာမလိုတော့ဘူး"
"စီးမာဟွေး(Sima Hui) က အိပ်ပျော်နေတဲ့နဂါးနဲ့ ဇာမဏီငယ်အကြောင်းပြောခဲ့ဖူးတယ်။ သူတို့နှစ်ယောက်ထဲကတစ်ယောက်ရဲ့အကူအညီရရင် အဆင်ပြေမယ်လို့ဆိုတယ်။ သူပြောတဲ့လူက အဲ့လူပဲနေမယ်"
"ဇာမဏီငယ်က ရှန်းရန်က ဖန်ထုံ(Pang Tong) ဖြစ်ပြီး အိပ်ပျော်နေတဲ့နဂါးဆိုတာကတော့ ကျူးကဲလျန့်(Zhuge Liang) ပဲ"
"အခုတော့ ဒီလူတွေအကြောင်းကိုသိပြီ။ ခင်ဗျားသာမပြောရင် ကျွန်တော် သိမှာမဟုတ်ဘူး"
ထို့နောက် "ရွှီရှူ"(Xu Shu) သည်လည်း ထွက်ခွာသွားသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် လက်ဆောင်တို့ပြင်ဆင်ကာ သူ့ညီနှစ်ဦးနှင့် နန်ရန်သို့သွားရန်ပြင်သည်။
"ရွှီရှူ"(Xu Shu) သည် သူ၏စိတ်ခံစားချက်တို့ကြောင့် အိပ်ပျော်နေသောနဂါးအကြောင်းကိုပြောမိရာ သူ၏သူငယ်ချင်းအပေါ် သစ္စာဖောက်ရာကျသွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် "လျူဘေ့"(Liu Bei) အား မကူညီမည်ကိုစိုးရိမ်သဖြင့် "ရွှီရှူ"(Xu Shu) သည် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားသည်။ မည်သည့်အကြောင်းကြောင့်လာသည်ကိုမေးလျှင် "ရွှီရှူ"(Xu Shu) မှ
"ကျွန်တော်က ယွီကျိုးက လျူဘေ့(Liu Bei) ထံမှာအမှုထမ်းချင်ခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော့်အမေက အဖမ်းခံထားတော့ သူ့ဆီကိုသွားရမယ်။ သခင်ကြီးနဲ့မခွဲခွာခင်မှာ ကျွန်တော်က ခင်ဗျားအကြောင်းကိုပြောပြခဲ့တယ်။ သူလာရင် ခင်ဗျားက သူ့ကိုမငြင်းပဲ အကူအညီပေးဖို့မျှော်လင့်ပါတယ်" ဟု ပြောသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဖြင့်
"အဲ့တော့ ခင်ဗျားက ကျုပ်ကို လောကကြီးအတွက်စတေးဖို့သားကောင်ဖြစ်အောင်လုပ်လိုက်တာပေါ့" ဟုဆိုလေသည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် အခန်းအတွင်းမှထွက်သွားသည်။ ဧည့်သည်ဖြစ်သော "ရွှီရှူ"(Xu Shu) သည်လည်း ရှက်သွားကာ မြင်းပေါ်သို့တက်ပြီး သူ့အမေနှင့်တွေ့ရန် မင်းနေပြည်တော်သို့ ခရီးနှင်လေသည်။


Comments

Popular posts from this blog

Lookism