သုံးနိုင်ငံခေတ်(၅၈)

အခန်း(၅၈) "မာချောင်း"(Ma Chao) သည် လက်စားချေရန် စစ်ချီတက်ခြင်း။ "ချောင်ချောင်း"(Cao Cao) သည် ကိုယ်ရောင်ဖျောက်ကာထွက်ပြေးရခြင်း။

"ချောင်ချောင်း"(Cao Cao) မှ စကားပြောသောအမှုထမ်းကိုမေးလိုက်သည်။
"အဆွေ ချန်ချွင်(Chen Qun) ရဲ့အကြံကောင်းက ဘာများပါလိမ့်"
"ချန်ချွင်"(Chen Qun) မှ
"သခင်ကြီးရဲ့အဓိကရန်သူနှစ်ဦးဖြစ်တဲ့ လျူဘေ့(Liu Bei) နဲ့ စွန်းချွမ်(Sun Quan) တို့ဟာ နှုတ်ခမ်းနဲ့သွားလိုရင်းနှီးတဲ့မဟာမိတ်တွေဖြစ်နေတယ်။ ဒါပေမယ့် လျူဘေ့(Liu Bei) က အနောက်ဘက်မြစ်နားကနယ်မြေကိုလိုချင်တယ်။ ဝန်ကြီးချုပ်ကသာ အင်အားကြီးတဲ့စစ်တပ်စေလွှတ်ပြီး စွန်းချွမ်(Sun Quan) ကိုတိုက်ရင် စွန်းချွမ်(Sun Quan) က လျူဘေ့(Liu Bei) ဆီက အကူအညီတောင်းမှာပဲ။ အနောက်ဘက်နယ်ကိုလိုချင်တဲ့လျူဘေ့(Liu Bei) က စွန်းချွမ်(Sun Quan) ကိုကူမှာမဟုတ်ဘူး။ အဲ့လိုသာဆို တောင်ပိုင်းပြည်နယ်က ဝန်ကြီးချုပ်လက်ထဲရောက်လာနိုင်တယ်။ ပြီးရင် အနောက်ပိုင်းကိုသိမ်းပြီးတာနဲ့ တစ်တိုင်းပြည်လုံးက ဝန်ကြီးချုပ်လက်ထဲရောက်သွားပြီပေါ့" ဟုပြောသည်။
"ကျုပ်အတွေးတွေကိုဖွင့်ချလိုက်သလိုပဲ"
ထို့နောက် စစ်သားသုံးသိန်းကို တောင်ပိုင်းပြည်နယ်သို့စေလွှတ်လိုက်သည်။ ဟဲဖေးတွင်ရှိသော "ကျန်းလျောင်"(Zhang Liao) က စားနပ်ရိက္ခာတို့ကိုတာဝန်ယူသည်။

ရန်သူတို့စစ်ချီလာသည့်သတင်းကိုကြားသော "စွန်းချွမ်"(Sun Quan) သည် အကြံပေးတို့ကိုခေါ်ကာတိုင်ပင်သည်။ "ကျန်းကျောက်"(Zhang Zhao) မှ
"လူဆု(Lu Su) ကို လျူဘေ့(Liu Bei) ထံစာပို့ပြီး အကူအညီတောင်းစေရမယ်။ သူတို့ကရင်းနှီးတော့ ကူညီမှာပဲ။ ဒါ့အပြင် လျူဘေ့(Liu Bei) က သခင်ကြီးရဲ့ယောက်ဖတော်ဖြစ်သွားပြီဆိုတော့ ငြင်းစရာအကြောင်းမရှိဘူး။ လျူဘေ့(Liu Bei) အကူအညီရရင် ရန်သူတွေကိုပူစရာမလိုပါဘူး" ဟုပြောသည်။
"စွန်းချွမ်"(Sun Quan) သည်လည်း "လူဆု"(Lu Su) ကို "လျူဘေ့"(Liu Bei) ထံမှ အကူအညီတောင်းသည်။ "လူဆု"(Lu Su) သည် "လျူဘေ့"(Liu Bei) ထံစာတစ်စောင်ပို့လိုက်သည်။ ထိုစာကိုဖတ်ပြီးနောက် "လျူဘေ့"(Liu Bei) သည် စာပို့သူကို အနားယူစေပြီးသောအခါဝယ် နန်ကျွင်းမှလာမည့် "ကျူးကဲလျန့်"(Zhuge Liang) ကိုစောင့်သည်။ "ကျူးကဲလျန့်"(Zhuge Liang) ရောက်လာသောအခါ ၎င်းစာကိုပြလိုက်သည်။
အကြံပေးမှ
"တောင်ပိုင်းပြည်နယ်က စစ်တပ်တွေလှုပ်စရာမလိုသလို ကျွန်တော်တို့လည်းစစ်ကူလွှတ်စရာမလိုပါဘူး။ ချောင်ချောင်း(Cao Cao) ဒီအရှေ့တောင်အရပ်ကိုမျက်စောင်းမထိုးရဲအောင် လုပ်လို့ရတယ်" ဟုပြောသည်။

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ အောက်ပါစာကိုရေးလေသည်။
'ခင်ဗျားတို့တွေ စိတ်မပူပဲအေးအေးဆေးဆေးသာနေပါ။ မြောက်ပိုင်းတပ်တွေက မကြာခင်မှာ တပ်ပြန်ဆုတ်သွားလိမ့်မယ်'
ထိုစာကို စာပို့သူမှတဆင့်ပြန်ထည့်ပေးလိုက်လေသည်။
"လျူဘေ့"(Liu Bei) မှ
"အကြံပေးအရာရှိက ချောင်ချောင်း(Cao Cao) ရဲ့စစ်သားသုံးသိန်းကို ပြန်လှည့်သွားအောင်ဘယ်လိုလုပ်မလို့လဲ" ဟုမေးသည်။
"ချောင်ချောင်း(Cao Cao) ရဲ့ပူပင်မှုက ရှီးလျန်ပဲ။ ဟိုတလောက သူက မာထန်(Ma Teng) နဲ့ သူ့သားတွေကိုသတ်လိုက်တော့ ရှီးလျန်ကလူတွေက စိတ်တိုနေကြတယ်။ အခုအချိန်မှာ သခင်ကြီးက မာချောင်း(Ma Chao) ဆီကိုစာရေးပြီး စစ်ချီတက်ဖို့တိုက်တွန်းလိုက်ရင် ချောင်ချောင်း(Cao Cao) က တောင်ပိုင်းပြည်နယ်ကိုကျူးကျော်ဖို့စိတ်ကူးရဲမှာတောင်မဟုတ်ဘူး"
ထို့နောက် "လျူဘေ့"(Liu Bei) သည် စာတစ်စောင်ရေးကာ ယုံကြည်ရသောလူကိုလွှတ်ပြီး "မာချောင်း"(Ma Chao) ထံပို့လိုက်သည်။

ထိုအချိန်တွင် "မာချောင်း"(Ma Chao) သည် ရှီးလျန်တွင်ရှိနေသည်။ တစ်ညဝယ် သူ၏အိပ်မက်ထဲတွင် နှင်းပြင်ကြီးတွင် များစွာသောကျားတို့က သူ့ကိုကိုက်သည်ဟု အိပ်မက်မက်သည်။ "မာချောင်း"(Ma Chao) မှာ လန့်နိုးလာပြီး ထိုအိပ်မက်သည် မည်သည့်နိမိတ်ကိုဆောင်ကြောင်းတွေးလေသည်။ သို့သော်လည်း ကြံဆမရသည်နှင့် အမှုထမ်းတို့အား မေးသည်။ အမှုထမ်းတစ်ဦးမှာ မကောင်းသောနိမိတ်ဖြစ်ကြောင်းပြောသည်။ ပြောသူမှာ စစ်သူကြီး "ဖန်တဲ"(Pang De) ဖြစ်သည်။
"ခင်ဗျားက ဒါကိုဘယ်လိုနိမိတ်ဖတ်မလဲ"
"နှင်းပြင်မှာ ကျားကိုမြင်တာက အင်မတန်ဆိုးရွားတဲ့နိမိတ်ပါ။ မြို့တော်မှာ စစ်သူကြီး ဒုက္ခတွေ့နေပြီထင်တယ်"
ထိုအချိန်တွင်ပင် လူတစ်ဦးသည် အလျင်စလိုဖြင့် ငိုယိုကာ ရောက်လာသည်။
"ဦးလေးနဲ့ သူ့သားတွေ သေသွားပြီ"
ထိုသူမှာ "မာတိုက်"(Ma Dai) ဖြစ်ပြီး "မာထန်"(Ma Teng) ၏တူတော်သည်။ "မာတိုက်"(Ma Dai) က အကြောင်းစုံပြောပြသည်။
"ဦးလေးနဲ့ ဟွမ်ခွေ့(Huang Kui) တို့က ချောင်ချောင်း(Cao Cao) ကိုလုပ်ကြံဖို့လုပ်ပေမယ့် သတင်းပေါက်ကြားသွားခဲ့တယ်။ မာတျဲ(Ma Tie) က စစ်ပွဲမှာကျသွားပြီး ဦးလေး မာထန်(Ma Teng) နဲ့ မာရှို့(Ma Xiu) တို့ကို ဈေးထဲမှာ သေဒဏ်ပေးလိုက်တယ်၊ ကျွန်တော်က တိတ်တဆိတ်ထွက်ပြေးလာတာ"

"မာချောင်း"(Ma Chao) သည် မြေပေါ်သို့လဲသွားကာ သည်းထန်စွာငိုသည်။ ထို့နောက် ရန်သူဖြစ်သော "ချောင်ချောင်း"(Cao Cao) အပေါ်ဒေါသထွက်ပြီး အံကိုကြိတ်သည်။ ဘေးမှလူတို့က "မာချောင်း"(Ma Chao) ကိုထူပေးကြသည်။
မကြာမီတွင်ပင် "လျူဘေ့"(Liu Bei) ထံမှစာရောက်လာသည်။ ထိုစာတွင် အောက်ပါအတိုင်းရေးထားလေသည်။
'ဟန်ခေတ်ရဲ့နောက်ပိုင်းနေ့ရက်တွေမှာ သူပုန်ချောင်ချောင်း(Cao Cao) ဟာ အာဏာကိုချုပ်ကိုင်ထားပြီး ဘုရင်ကို ရန်မူပြီးတော့ တိုင်းသူပြည်သားတွေကို နှိပ်စက်တယ်။ ကျုပ် လျူဘေ့(Liu Bei) နဲ့ ခင်ဗျားအဖေဖြစ်တဲ့ မာထန်(Ma Teng) တို့ဟာ အဲ့သူပုန်ကိုနှိမ်နှင်းမယ်ဆိုပြီး စာလွှာမှာ လက်မှတ်ထိုးခဲ့ကြတယ်။ အခုတော့ ခင်ဗျားအဖေဟာ အာဏာရှင်ရဲ့လက်အောက်ကျသွားပြီး အသက်ပေးခဲ့ရပြီ။ ဒီတော့ သူ့အတွက်လက်စားချေရမယ်။ ကိုယ်နဲ့ကိုယ့်ရန်သူဟာ ကောင်းကင်တစ်ခုတည်းအောက်၊ တစ်နေရောင်တည်းအောက်မှာ နေလို့မဖြစ်ဘူးလို့ ရှေးစာထဲမှာဆိုခဲ့ကြတယ်။ ခင်ဗျားသာ ချောင်ချောင်း(Cao Cao) ကိုတစ်ဖက်ကတိုက်ရင် ကျုပ်ကစစ်တပ်တွေကိုဦးဆောင်ပြီး သူ့ပြေးပေါက်ကိုပိတ်ထားမယ်။ အဲ့လိုသာဆိုရင် သူ့ကိုဖမ်းနိုင်ပြီးရှင်းထုတ်နိုင်မယ်။ ခင်ဗျားအဖေအတွက် လက်စားချေရာလည်းကျသလို တိုင်းပြည်ကြီးကိုလည်း အကျိုးပြုမယ်။ နောက်ထပ်ဆက်ရေးချင်ပေမယ့်လည်း ဒီမှာပဲရပ်ပြီး ခင်ဗျားရဲ့ပြန်စာကိုမျှော်နေပါ့မယ်'

"မာချောင်း"(Ma Chao) သည် မျက်ရည်တို့ကိုသုတ်ပြီးနောက် ပြန်စာတစ်စောင်ရေးကာ ပေးလိုက်သည်။ ရှီးလျန်စစ်တပ်သည် စစ်ချီတက်ရန် မြင်းနှင့်ခြေလျင်တပ်တို့ကို အဆင်သင့်ပြင်လေသည်။ စစ်ချီမတက်ခင် တစ်ရက်အလိုတွင် ရှီးကျိုးနယ်စား "ဟန်ဆွေ"(Han Sui) ရောက်လာပြီး "ချောင်ချောင်း"(Cao Cao) ထံမှစာကို "မာချောင်း"(Ma Chao) အားပြသည်။ ထိုစာထဲတွင် "မာချောင်း"(Ma Chao) ကိုဖမ်းနိုင်ပါက ရှီးလျန်ကိုအပိုင်စားပေးမည်ဟုကတိပြုထားသည်။ ထိုအခါ "မာချောင်း"(Ma Chao) သည် ဒူးထောက်ကာ
"ကျွန်တော့်ကိုဖမ်းချင်ရင် လှံတစ်စင်းတောင် ကိုင်စရာမလိုပါဘူး၊ ဒီအတိုင်းတုတ်နှောင်ပြီးဖမ်းသွားပါ" ဟုပြောသည်။ သို့သော် "ဟန်ဆွေ"(Han Sui) က "မာချောင်း"(Ma Chao) ကို ထစေကာ
"မင်းအဖေနဲ့ငါနဲ့က သွေးသောက်ညီအစ်ကိုတွေလေ၊ ငါကမင်းကိုဒုက္ခမပေးပါဘူး။ မင်းစစ်ထွက်တိုက်ရင် ကူတောင်ကူပေးဦးမယ်" ဟုပြောသည်။ "မာချောင်း"(Ma Chao) ကလည်း ကျေးဇူးတင်စကားပြောသည်။ ထို့နောက် "ချောင်ချောင်း"(Cao Cao) ၏ဆက်သားကို ခေါင်းဖြတ်သတ်လိုက်သည်။ ပြီးနောက်တွင် ထိုသူနှစ်ဦးတို့သည် ကိုယ်ပိုင်တပ်ဖွဲ့များကိုဦးဆောင်ကာ ချီတက်သည်။

"ဟန်ဆွေ"(Han Sui) လက်အောက်တွင် တပ်မကြီးရှစ်ခုရှိပြီး ထိုတပ်မတို့ကို စစ်သူကြီးရှစ်ဦးတို့ဦးဆောင်သည်။ ထိုစစ်သူကြီးတို့မှာ "ရန်ချို"(Yang Qiu) ၊ "ချန်ရင်"(Cheng Yin) ၊ "ဟိုရွှမ်း"(Hou Xuan) ၊ "လျန်ရှင်း"(Liang Xing) ၊ "ချန်ရီ"(Cheng Yi) ၊ "လီခန်"(Li Kan) ၊ "မာဝမ်"(Ma Wan) နှင့် "ကျန်းဟန်"(Zhang Han) တို့ဖြစ်သည်။ "မာချောင်း"(Ma Chao) လက်အောက်တွင်မူ "ဖန်တဲ"(Pang De) နှင့် "မာတိုက်"(Ma Dai) ဟူသော ခေါင်းဆောင်နှစ်ဦးရှိသည်။ စုစုပေါင်းတပ်ဖွဲ့အင်အားနှစ်သိန်းရှိပြီး ထိုတပ်ဖွဲ့ကြီးသည် ချန်အန်းသို့ချီတက်လေသည်။

ချန်အန်းမြို့စားမှာ "ကျုံးယောင်"(Zhong Yao) ဖြစ်သည်။ ၎င်းမှာ ရန်သူတို့ချဉ်းကပ်လာသည်ကိုသိသည်နှင့် "ချောင်ချောင်း"(Cao Cao) ထံအကြောင်းကြားစေကာ ခုခံရန်ပြင်ဆင်သည်။ သူသည် စစ်တပ်တို့ကို မြေပြင့်လွင်ပြင်သို့ခေါ်သွားကာ စစ်ဗျူဟာခင်းကျင်းထားလေသည်။
စစ်သားတစ်သောင်းခွဲကိုဦးဆောင်သော "မာတိုက်"(Ma Dai) သည် ရှေးဦးစွာရောက်လာပြီး "ကျုံးယောင်"(Zhong Yao) နှင့် စီးချင်းတိုက်ရန်စိန်ခေါ်သည်။ သို့သော် "ကျုံးယောင်"(Zhong Yao) မှာလက်မခံပဲထွက်ပြေးသည်။ "မာတိုက်"(Ma Dai) သည် နောက်မှလိုက်သည်။ မကြာမီတွင်ပင် ရှီးလျန်၊ ရှီးကျိုးတပ်ဖွဲ့ကြီးရောက်လာပြီး ချန်အန်းမြို့ကိုဝန်းရံထားလေသည်။
ချန်အန်းမြို့သည် အနောက်ပိုင်းဟန်၏မြို့တော်ဖြစ်ခဲ့ပြီး တံတိုင်း၊ မြို့ရိုးတို့လုံခြုံစွာရှိသဖြင့် ပြင်ပတိုက်ခိုက်မှုကို ခုခံနိုင်သည်။ မြို့ကိုဆယ်ရက်ကြာဝန်းရံထားသော်လည်း မသိမ်းနိုင်ပေ။ ထိုအခါ "ဖန်တဲ"(Pang De) မှ အကြံအစည်တစ်ခုလုပ်ဆောင်ရန် အကြံပြုသည်။
"ဒီနားတဝိုက်က မြေပြင်က ကြမ်းတမ်းပြီး ရေကလည်းခါးတဲ့အတွက် လူတွေဟာ ဘေးပတ်ဝန်းကျင်က နယ်တွေနဲ့အဆက်အသွယ်လုပ်ရမှာပဲ။ ဒါ့အပြင် သူတို့မှာ လောင်စာလည်းမရှိလောက်တော့ဘူး။ မြို့ကိုဆယ်ရက်လောက်ဝန်းရံထားလိုက်တော့ ရိက္ခာတွေကုန်နေလောက်ပြီ။ ကျွန်တော်တို့တွေ ခဏလောက်တပ်ဆုတ်လိုက်မယ်ဆိုရင် လက်တစ်ချောင်းတောင်မလှုပ်ရပဲ မြို့ကိုသိမ်းနိုင်လိမ့်မယ်"
"မာချောင်း" : "ခင်ဗျား အကြံကောင်းတယ်"

ထို့နောက် "မာချောင်း"(Ma Chao) သည် တပ်ဆုတ်ရန်အမိန့်ပေးလိုက်ပြီး ဆုတ်ခွာသွားကြသည်။ "ကျုံးယောင်"(Zhong Yao) သည် ရန်သူတို့ဆုတ်ခွာသွားသည်ကိုမြင်သော်လည်း လှည့်ကွက်ဖြစ်မည်စိုးရိမ်သဖြင့် သူလျှိုတို့ကိုလွှတ်ပြီး စုံစမ်းစေသည်။ သူလျှိုတို့က ရန်သူ့တပ်သည် အဝေးတစ်နေရာသို့ရောက်သွားပြီဖြစ်ကြောင်း ပြန်လာပြောလေသောအခါမှ စိတ်အေးသွားပြီး စစ်သားနှင့်အရပ်သားတို့ကို အပြင်သို့ထွက်ခွင့်ပြုလိုက်ပြီး ထင်း၊ ရေ အစရှိသည်တို့ကို အနီးအနားနယ်ပယ်တို့မှ ယူစေသည်။ မြို့တံခါးကိုလည်း ဖွင့်ထားကာ လူအပေါင်းတို့ဝင်လိုက်၊ ထွက်လိုက်နှင့် စည်ကားနေသည်။
ဤသို့နှင့်ငါးရက်ကြာသောအခါဝယ် "မာချောင်း"(Ma Chao) ၏စစ်တပ်ကြီးပြန်ချီတက်လာပြီဟူသောသတင်းကိုကြားသောအခါ လန့်သွားကြသည်။ လူတို့သည် မြို့အတွင်းသို့ပြန်ဝင်သွားပြီး မြို့တံခါးကိုလည်းပိတ်ထားလိုက်သည်။

အနောက်တံခါးကိုစောင့်သောစစ်သူကြီးမှာ "ကျုံးယောင်"(Zhong Yao) ၏ညီ "ကျုံးကျင်း"(Zhong Jing) ဖြစ်သည်။ ညသုံးချက်တီးအချိန်ခန့်တွင် မီးအလင်းရောင်တစ်ခုသည် တံခါးအတွင်းလှုပ်ရှားနေသည်ကိုတွေ့သဖြင့် "ကျုံးကျင်း"(Zhong Jing) မှသွားကြည့်သည်။ ထိုနေရာသို့အရောက်တွင် လူတစ်ယောက်ထွက်လာပြီး "ကျုံးကျင်း"(Zhong Jing) ကို ဓားနှင့်ခုတ်လိုက်သည်။ ပြီးနောက် ထိုလူမှ
"ဒီမှာ ဖန်တဲ(Pang De) ပဲကွ" ဟုပြောလေသည်။ "ကျုံးကျင်း"(Zhong Jing) မှာ ရုတ်တရတ်အတိုက်ခံရသဖြင့် ပြန်မခုခံနိုင်ပဲ သေဆုံးသွားလေသည်။ မြို့စောင့်ကိုရှင်းထုတ်ပြီးနောက် မြို့တံခါးကိုဖွင့်လိုက်လေရာ "မာချောင်း"(Ma Chao) နှင့် "ဟန်ဆွေ"(Han Sui) တို့တပ်သည် မြို့အတွင်းသို့ဝင်ရောက်လာသည်။

"ကျုံးယောင်"(Zhong Yao) မှာ အခြေအနေမကောင်းသဖြင့် အရှေ့ဂိတ်မှထွက်ပြေးပြီး မြို့ကိုရန်သူ့လက်ထဲသို့ ဝ,ကွက်အပ်လိုက်ရသည်။ ထုံမန်ခံတပ်သို့ရောက်သောအခါဝယ် "ချောင်ချောင်း"(Cao Cao) ထံသို့ ထပ်မံအကြောင်းကြားသည်။
တောင်ပိုင်းနယ်သို့ချီတက်ရန်ပြင်နေသော "ချောင်ချောင်း"(Cao Cao) သည် ချန်အန်းမြို့ကျသွားသည့်သတင်းကိုကြားသောအခါ စစ်ချီတက်မှုကိုရပ်ဆိုင်းလိုက်ရသည်။ ထို့နောက် ချက်ချင်း အမိန့်ပေးလေသည်။
"ချောင်ဟုန်(Cao Hong) နဲ့ ရွှီဟွမ်(Xu Huang) က စစ်သားတစ်သောင်းကိုဦးဆောင်ပြီး ထုံမန်ခံတပ်က ကျုံးယောင်(Zhong Yao)ကို စစ်ကူသွားပို့ပါ။ ခင်ဗျားတို့တွေ ခံတပ်ကို ဆယ်ရက်ကြာအောင် ခုခံထားနိုင်ရမယ်၊ အဲ့လိုမှမဟုတ်ရင် ခင်ဗျားတို့ခေါင်းနဲ့အပြစ်ပေးဆပ်ရမယ်။ ဆယ်ရက်နောက်ပိုင်းမှာတော့ ခင်ဗျားတို့တာဝန်မဟုတ်တော့ဘူး၊ အဲ့အချိန်မှာ ကျုပ်က ပင်မတပ်ကိုဦးဆောင်ပြီး ရောက်လာမယ်"

"ချောင်ရန်"(Cao Ren) မှ
"ချောင်ဟုန်(Cao Hong) က စိတ်မြန်တဲ့အတွက် ခံတပ်ကိုထိန်းထားဖို့မသင့်တော်ဘူး၊ တစ်စုံတစ်ခုဖြစ်နိုင်တယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျားသွားပြီး သူတို့ကိုကူညီလိုက်ပါ" ဟုဆိုသည်။
"ချောင်ဟုန်"(Cao Hong) နှင့် "ရွှီဟွမ်"(Xu Huang) တို့သည် စစ်သားတစ်သောင်းနှင့် ထုံမန်ခံတပ်သို့သွားပြီး စစ်ကူပေးသည်။ ထုံမန်ခံတပ်မှတပ်သားတို့သည် ခံစစ်အနေဖြင့်သာ ရန်သူနှင့်တိုက်သည်။ "မာချောင်း"(Ma Chao) သည် နေ့တိုင်းလာပြီး "ချောင်ချောင်း"(Cao Cao) ၏ဆွေမျိုးသုံးဆက်လောက်ကိုဆဲဆိုသော်လည်း ခံတပ်အတွင်းရှိလူတို့မှာ မည်သို့မျှမချေပချေ။ သို့သော် "ချောင်ဟုန်"(Cao Hong) မှာစိတ်မထိန်းနိုင်ပဲ ရန်သူနှင့်တိုက်မည်ပြုသည်ကို သူ၏လုပ်ဖော်ကိုင်ဖက်တို့က တားထားလေသည်။ "ရွှီဟွမ်"(Xu Huang) မှ
"မာချောင်း(Ma Chao) က တမင်သက်သက် မခံချင်အောင်လုပ်ပြီးထွက်လာအောင်လုပ်တာ။ ဒါပေမယ့် ခင်ဗျား ကိုယ့်တာဝန်ကိုယ်သတိရပြီး မထွက်သွားပါနဲ့။ ဝန်ကြီးချုပ်မှာ အကြံကောင်းရှိပါတယ်" ဟုပြောသည်။

သို့သော်လည်း ထိုအကြံမှာ လိုက်နာရန်ခက်ခဲသည်။ "မာချောင်း"(Ma Chao) ၏စစ်သားတို့သည် တစ်လှည့်စီမရပ်မနားဖြင့် နေ့ရောညပါဆဲဆိုကြသဖြင့် "ရွှီဟွမ်"(Xu Huang) မှာ "ချောင်ဟုန်"(Cao Hong) ကို ထိန်းထားရန်ပို၍ခက်ခဲလာသည်။
ကိုးရက်မြောက်သောနေ့တွင် "မာချောင်း"(Ma Chao) ၏စစ်သားတို့သည် မြင်းတို့ကို လွှတ်ပြီးအနားပေးကာလူတို့သည်လည်း မြက်ခင်းပြင်ပေါ်တွင်အိပ်ကာ အနားယူနေကြသည်ကို ခံတပ်အတွင်းမှ လူတို့မြင်ကြသည်။ ထိုအခါ "ချောင်ဟုန်"(Cao Hong) က မြင်းစီးကာ စစ်သားသုံးထောင်ကိုဦးဆောင်ပြီး ရန်သူတို့ကိုရုတ်တရတ်ထွက်တိုက်မည်ပြုသည်။ "မာချောင်း"(Ma Chao) ၏စစ်သားတို့သည် လက်နက်၊ မြင်းအစရှိသည်တို့ကိုထားကာ ထွက်ပြေးလေသည်။ "ချောင်ဟုန်"(Cao Hong) ကလည်း အနောက်မှလိုက်သည်။
ထိုအချိန်တွင် "ရွှီဟွမ်"(Xu Huang) သည် စားနပ်ရိက္ခာတို့ကိုကြီးကြပ်နေသည်၊ "ချောင်ဟုန်"(Cao Hong) ထွက်သွားမှန်းသိလျှင် အနောက်မှလိုက်ပြီး ပြန်လှည့်လာရန်အော်ခေါ်သည်။ ရုတ်တရတ် "ရွှီဟွမ်"(Xu Huang) နံဘေးမှ "မာတိုက်"(Ma Dai) ထွက်လာပြီးတိုက်လေသည်။ "ချောင်ဟုန်"(Cao Hong) ရော၊ "ရွှီဟွမ်"(Xu Huang) ပါ ပြန်ဆုတ်ကြသည်။ သို့သော် ဗုံသံတို့နှင့်အတူ တောင်ကုန်းနောက်ကွယ်မှ "မာချောင်း"(Ma Chao) နှင့် "ဖန်တဲ"(Pang De) တို့၏တပ်ဖွဲ့ထွက်လာသည်။ "မာချောင်း"(Ma Chao) ၏စစ်တပ်ကြီးသည် ခံတပ်သို့ဝင်ရောက်လာသဖြင့် "ချောင်ဟုန်"(Cao Hong) တို့တပ်ဖွဲ့မှာ ခံတပ်ကိုစွန့်ပြီးပြေးရသည်။
"ဖန်တဲ"(Pang De) သည် "ချောင်ဟုန်"(Cao Hong) နောက်မှလိုက်သည်။ သို့သော် "ချောင်ရန်"(Cao Ren) ရောက်လာပြီး "ချောင်ဟုန်"(Cao Hong) ကိုကယ်ပြီးနောက် တပ်ဆုတ်သွားသည်။ "မာချောင်း"(Ma Chao) နှင့် "ဖန်တဲ"(Pang De) တို့သည် ခံတပ်ကိုသိမ်းလိုက်နိုင်သည်။

"ချောင်ဟုန်"(Cao Hong) သည် သခင်ဖြစ်သူထံပြန်သွားကာ သတင်းဆိုးကိုပြောပြသည်။
"မင်းကို ဆယ်ရက်ထိန်းခိုင်းထားတာ ဘာလို့ကိုးရက်မြောက်နေ့မှာ ခံတပ်ကထွက်သွားရတာလဲ"
"ရှီးလျန်တပ်တွေက ကျွန်တော်တို့ကို စကားနဲ့စော်ကားလို့ပါ။ သူတို့အဆင်သင့်မဖြစ်ဘူးထင်ပြီးတိုက်မယ်လုပ်တာ သူတို့ထောင်ချောက်ထဲဝင်မိသွားတယ်"
"မင်းက ငယ်ရွယ်ပြီးမိုက်ရူးရဲဆန်တယ်။ ဒါပေမယ့် ရွှီဟွမ်(Xu Huang) က ဒါကိုသိသင့်တယ်"
ထိုအခါ "ရွှီဟွမ်"(Xu Huang) မှ
"ကျွန်တော် သူ့ကိုအကြိမ်ပေါင်းများစွာပြောပေမယ့် သူကနားမထောင်ဘူး။ အဲ့နေ့က ကျွန်တော် ခံတပ်အခြားတစ်ဖက်မှာ ရိက္ခာတွေသိုလှောင်နေတာ။ ကျွန်တော်သတင်းကြားတာနဲ့ သူ့နောက်လိုက်သွားတာပဲ။ ဒါပေမယ့် နောက်ကျသွားခဲ့တယ်" ဟုပြောသည်။

"ချောင်ချောင်း"(Cao Cao) သည် ဒေါသထွက်ကာ "ချောင်ဟုန်"(Cao Hong) ကိုသေဒဏ်ပေးမည်ပြူသည်။ သို့သော်လည်း အခြားအမှုထမ်းတို့က ဝိုင်းတားသဖြင့် အပြစ်မပေးတော့ပေ။
"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးသည် ထုံမန်ခံတပ်သို့ ချီတက်လေသည်။ "ချောင်ရန်"(Cao Ren) မှ
"ရန်သူကိုမတိုက်ခင် ခိုင်မာတဲ့စခန်းတစ်ခုဆောက်သင့်တယ်" ဟုပြောသည်။ သို့နှင့် သစ်ပင်တို့ကိုခုတ်လှဲကာ စခန်းတည်ဆောက်သည်။ စခန်းသုံးခုရှိပြီး "ချောင်ရန်"(Cao Ren) သည် ဘယ်ဘက်၊ "ရှဟိုယွမ်"(Xiahou Yuan) သည် ညာဘက်တွင်နေကာ "ချောင်ချောင်း"(Cao Cao) ကအလယ်တွင်နေသည်။

"ချောင်ချောင်း"(Cao Cao) ၏စစ်တပ်ကြီးသည် ရှီးလျန်တပ်နှင့်တွေ့သောအခါ စစ်ဗျူဟာခင်းကျင်းပြီး အဆင်သင့်ပြင်ထားစေသည်။ တစ်ဖက်တပ်ဖွဲ့၏စစ်သားတို့သည် အင်မတန်ရဲဝံ့သူများဖြစ်ကြောင်းတွေ့လေသည်။ ထို့အပြင် ခေါင်းဆောင် "မာချောအင်း"(Ma Chao) မှာ ကြီးမားသောလက်မောင်း၊ နက်နဲသောအသံ၊ သန်မာသောအစွမ်းတို့ရှိသူဖြစ်သည်။ သူသည် ငွေရောင်ခမောက်နှင့်သံချပ်ကာကိုဝတ်ဆင်ထားကာ လှံရှည်ကြီးကိုကိုင်ထားသည်။ ဘေးတွင် "ဖန်တဲ"(Pang De) နှင့် "မာတိုက်"(Ma Dai) တို့ရှိသည်။ "မာချောင်း"(Ma Chao) ၏အသွင်အပြင်ကိုမြင်သောအခါ "ချောင်ချောင်း"(Cao Cao) မှာလေးစားသွားသည်။

"ချောင်ချောင်း"(Cao Cao) ကတပ်ရှေ့သို့ထွက်ကာ
"မင်းက ဘာလို့ မင်းအဖေ၊အဘိုးတွေ သစ္စာရှိရှိအမှုထမ်းခဲ့တဲ့ ဟန်တိုင်းပြည်ကြီးကိုသစ္စာဖောက်ရတာလဲ" ဟုအော်ပြောသည်။ ထိုအခါ "မာချောင်း"(Ma Chao) သည် အံကြိတ်ကာ
"သူပုန်! ဘုရင်နဲ့တိုင်းသူပြည်သားတွေကိုသစ္စာဖောက်တဲ့လူ! ကျုပ်အဖေနဲ့ကျုပ်ညီအစ်ကိုတွေကိုသတ်တဲ့လူ! ကျုပ်သေရင်တောင် ခင်ဗျားအပေါ်မုန်းတီးမှုက ပျောက်မှာမဟုတ်ဘူး။ ခင်ဗျားနဲ့ကျုပ် တစ်မိုးတည်းအောက်မှာရှိဖို့မဖြစ်နိုင်ဘူး။ ခင်ဗျားကိုသတ်ပြီး ကျုပ်အာသာကိုဖြေဖျောက်ရမယ်" ဟုပြောသည်။

ထို့နောက် "မာချောင်း"(Ma Chao) သည် လှံကိုကိုင်ကာထွက်လာပြီး "ချောင်ချောင်း"(Cao Cao) ကိုတိုက်မည်ပြုသည်။ သို့သော် "ယွီကျင့်"(Yu Jin) မှထွက်လာပြီး တိုက်လေသည်။ နှစ်ဦးသား တခဏကြာတိုက်ပြီးနောက် "ယွီကျင့်"(Yu Jin) ထွက်ပြေးရသည်။ ထို့နောက် "ကျန်းဟဲ"(Zhang He) ထွက်လာပြီး "မာချောင်း"(Ma Chao) နှင့်တိုက်ပြန်သည်။ အကွက်နှစ်ဆယ်ခန့်တိုက်ပြီးနောက်တွင် "ကျန်းဟဲ"(Zhang He) လည်းပြေးရလေသည်။ နောက်ထွက်လာသူတစ်ဦးမှာ "လီထုံ"(Li Tong) ဖြစ်သည်။ "မာချောင်း"(Ma Chao) မှာ ခွန်အားကြီးလွန်းသဖြင့် တစ်ချက်တည်းနှင့်ပင် "လီထုံ"(Li Tong) မှာမြင်းပေါ်မှကျသွားသည်။

ပြီးနောက် "မာချောင်း"(Ma Chao) သည် သူ၏တပ်သားတို့ကို ချီတက်ရန်အမိန့်ပေးလိုက်ရာ စစ်သားတို့သည် ဒီရေကဲ့သို့အရှေ့သို့တိုးကာတိုက်ခိုက်ပြီး "ချောင်ချောင်း"(Cao Cao) ၏တပ်ကို အသာစီးရလေသည်။ "မာချောင်း"(Ma Chao) ၊ "ဖန်တဲ"(Pang De) နှင့် "မာတိုက်"(Ma Dai) တို့သည် "ချောင်ချောင်း"(Cao Cao) နောက်မှလိုက်ကြသည်။
"ချောင်ချောင်း"(Cao Cao) ၏အနောက်မှလိုက်နေသောလူတို့ထဲမှ တစ်ဦးက
"ချောင်ချောင်း(Cao Cao) က အနီရောင်အင်္ကျီဝတ်ထားတယ်ဟေ့" ဟုအော်လေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှာ အနီရောင်အင်္ကျီကိုချွတ်ပြီးပစ်လိုက်သည်။ ထို့နောက်တစ်ဦးက
"မုတ်ဆိတ်အရှည်ကြီးနဲ့တစ်ယောက်က ချောင်ချောင်း(Cao Cao) ပဲ" ဟုပြောပြန်သည်။
"ချောင်ချောင်း"(Cao Cao) ကလည်း ဓားဖြင့် သူ့မုတ်ဆိတ်ကိုဖြတ်လိုက်သည်။ သို့သော် "မာချောင်း"(Ma Chao) ၏စစ်သားတစ်ဦးမှ "ချောင်ချောင်း"(Cao Cao) မှာမုတ်ဆိတ်ဖြတ်လိုက်ပြီဖြစ်ကြောင်းပြောရာ မုတ်ဆိတ်တိုသောလူကိုရှာကြပြန်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အလံမှအစတစ်စကိုယူကာ မေးစေ့တွင်ပတ်လိုက်ပြီး ထွက်ပြေးလေသည်။

"ချောင်ချောင်း"(Cao Cao) မှာခဏကြာခန့်ပြေးပြီးသော် စိတ်အေးသွားသည်။ သို့သော် မကြာမီတွင်ပင် အသံတို့ကြားလိုက်ရပြီး အနောက်ဘက်မှ "မာချောင်း"(Ma Chao) လိုက်လာသည်။ "မာချောင်း"(Ma Chao) မှ
"ချောင်ချောင်း"(Cao Cao) မပြေးနဲ့" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှာစိတ်တုန်လှုပ်ပြီး လက်ထဲမှကျာပွတ်ပင်ပြုတ်ကျသွားသည်။ "မာချောင်း"(Ma Chao) မှာတဖြည်းဖြည်းနီးကပ်လာပြီး လှံနှင့်ထိုးမည်အပြုတွင် "ချောင်ချောင်း"(Cao Cao) ကသစ်ပင်ကိုအကာအကွယ်ယူလိုက်သဖြင့် လှံမှာသစ်ပင်တွင်စိုက်သွားသည်။ ၎င်းမှာ "ချောင်ချောင်း"(Cao Cao) အတွက်အခွင့်အရေးဖြစ်သွားပြီး ဆက်ပြေးလေသည်။ "မာချောင်း"(Mao Chao) ကလည်း လှံကိုနှုတ်ပြီး "ချောင်ချောင်း"(Cao Cao) နောက်မှဆက်လိုက်သည်။

တောင်ကုန်းတစ်ခုနားအရောက်ဝယ်
"ငါ့သခင်ကိုရန်မပြုနဲ့" ဟူသောအသံနှင့်အတူ လူတစ်ဦးထွက်လာသည်။ ထိုသူမှာ "ချောင်ဟုန်"(Cao Hong) ဖြစ်သည်။ "ချောင်ဟုန်"(Cao Hong) သည် "မာချောင်း"(Ma Chao) နှင့် အကွက်ငါးဆယ်ခန့်တိုက်လေသည်။ ထိုသို့တိုက်ပြီးနောက်တွင် "ချောင်ဟုန်"(Cao Hong) မှာ ပင်ပန်းနွမ်းနယ်သွားပြီး ဆက်မတိုက်နိုင်တော့ပေ။ ထိုအချိန်တွင် "ရှဟိုယွမ်"(Xiahou Yuan) သည် မြင်းသည်တော်သုံးကျိပ်ကိုဦးဆောင်ကာရောက်လာသဖြင့် "မာချောင်း"(Ma Chao) မှာ ပြန်လှည့်သွားရသည်။
ပြီးနောက် "ချောင်ချောင်း"(Cao Cao) ကို "ချောင်ရန်"(Cao Ren) ၏စခန်းသို့ခေါ်သွားသည်။ စခန်းတို့မှာ ရန်သူတို့၏ဖျက်စီးမှုမခံရသေးပေ။ "ချောင်ချောင်း"(Cao Cao) သည် ရွက်ဖျင်တဲတွင်ထိုင်ပြီးနောက်
"ငါသာ ချောင်ဟုန်(Cao Hong) ကိုသတ်ခဲ့ရင် ငါလည်းမာချောင်း(Ma Chao) လက်ချက်နဲ့သေနေလောက်ပြီ" ဟုပြောကာ "ချောင်ဟုန်"(Cao Hong) ကိုဆုချလေသည်။

"ချောင်ချောင်း"(Cao Cao) သည် တစ်နေရာဆီပြိုကွဲသွားသော စစ်သားတို့ကိုပြန်စုဆောင်းသည်။ "မာချောင်း"(Ma Chao) သည် စခန်းသို့နေ့တိုင်းလာကာ စိန်ခေါ်လေသည်။ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) ၏အမိန့်ဖြင့် မည်သူမျှ စိန်ခေါ်မှုကိုမတုန့်ပြန်ပေ။ အမှုထမ်းတို့က
"ရန်သူတွေက လှံရှည်တွေသုံးတော့ ကျွန်တော်တို့က မြားတွေ၊ ဒူးလေးတွေသုံးပြီးတိုက်သင့်တယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) မှ
"သူတို့က လှံရှည်တွေသုံးပေမယ့် စစ်ပွဲဖြစ်ခြင်း၊မဖြစ်ခြင်းဟာ ကျုပ်ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်တယ်။ ကျုပ်တို့သာအပြင်မထွက်ရင် သူတို့က ဘယ်တိုက်အန်အင်းမလဲ။ သူတို့ကို သတိမပြုမိသလိုပဲနေ၊ မကြာခင်မှာ ပြန်လှည့်သွားလိမ့်မယ်" ဟုပြောသည်။
အမှုထမ်းတို့မှာ အံ့အားသင့်သွားသည်။ တစ်ဦးနှင့်တစ်ဦးလည်း ဤသို့ပြောကြသည်။
"ဝန်ကြီးချုပ်က ဒီစစ်ပွဲကိုကိုယ်တိုင်ဦးဆောင်ပြီးတိုက်တာ ဘာလို့ ဆုံးရှုံးမှုကိုအလွယ်တကူနဲ့လက်ခံရတာပါလိမ့်"

ရက်အနည်းငယ်ခန့်ကြာပြီးနောက် သူလျှိုတို့မှ
"နယ်စပ်နားမှာရှိတဲ့ ချန်မျိုးနွယ်စုတွေရဲ့တပ်ဖွဲ့နှစ်သောင်းက မာချောင်း(Ma Chao) ကိုစစ်ကူပေးကြတယ်" ဟုသတင်းပို့သည်။ ထိုသတင်းကိုကြားသော် "ချောင်ချောင်း"(Cao Cao) မှာဝမ်းသာသွားသည်။ အမှုထမ်းတို့က အကြောင်းအရင်းကိုမေးရာ "ချောင်ချောင်း"(Cao Cao) မှ
"ရန်သူတွေကိုတိုက်ပြီးသွားရင် ပြောပြပါ့မယ်" ဟုဆိုသည်။

သုံးရက်ကြာပြီးနောက်တွင် တစ်ဖက်တပ်ဖွဲ့ထံသို့စစ်ကူများရောက်လာကြောင်း သတင်းရောက်လာပြန်သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) မှာ ဝမ်းသာရုံမက စားသောက်ပွဲတည်ခင်းလေသည်။ "ချောင်ချောင်း"(Cao Cao) ၏အပြုအမူကို အမှုထမ်းအချို့တို့က တိတ်တဆိတ် ပြက်ရယ်ပြုကြသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ကျုပ် မာချောင်း"(Ma Chao) ကိုမချေမှုန်းနိုင်လို့ ခင်ဗျားတို့တွေလှောင်ကောင်းလှောင်နေမယ်။ ဒါဆို ခင်ဗျားတို့မှာရော ဘာအကြံရှိလဲ" ဟုမေးသည်။ "ရွှီဟွမ်"(Xu Huang) မှ
"ဝန်ကြီးချုပ်မှာ ကြီးမားတဲ့စစ်တပ်ကြီးရှိတယ်၊ ရန်သူတွေကလည်း ခံတပ်ကိုအခိုင်အမာယူထားပြီး စစ်ကူတွေလည်းရနေတယ်။ ဒါဆိုရင် မြစ်ဝါမြစ်ရဲ့အနောက်ဘက်အပိုင်းကိုတော့ မပြင်ဆင်ထားဘူး။ သခင်ကြီးသာ စစ်တပ်တစ်တပ်ကို တိတ်တဆိတ်ချီတက်စေပြီး မြစ်ကိုဖြတ်ပြီးတော့ ကြောင်မြီးကူးတို့ကိုဖြတ်နိုင်ရင် သူတို့ရဲ့ ပြေးပေါက်ကိုပိတ်နိုင်မယ်။ အောက်ဘက်ကိုဆက်ချီတက်ပြီး ဝေမြစ်ကမ်းနားကရန်သူတွေကိုပါတိုက်နိုင်ရင်တော့ သူတို့မှာစစ်ကူရဖို့လမ်းမရှိတော့တဲ့အတွက် ရှုံးနှိမ့်မှာဧကန်ပဲ" ဟုပြောသည်။
"ခင်ဗျားပြောတာ ကျုပ်ကြံစည်ထားတဲ့အတိုင်းပဲ"

ထို့နောက် "ရွှီဟွမ်"(Xu Huang) ကို "ကျူးလင်"(Zhu Ling) နှင့်အတူစစ်သားလေးထောင်ဦးဆောင်စေကာ မြစ်ဝါမြစ်၏အနောက်ဘက်သို့သွားစေပြီး "ချောင်ချောင်း"(Cao Cao) ၏တပ် မြစ်ဝါမြစ်ကိုမဖြတ်ခင်အထိ ပုန်းနေစေသည်။ သို့မှသာ တပ်ဖွဲ့နှစ်ဖွဲ့မှပေါင်းပြီး ရန်သူကိုတိုက်နိုင်မည်ဖြစ်သည်။ "ချောင်ဟုန်"(Cao Cao) ကို သင်္ဘော၊ လှေတို့ပြင်ဆင်ထားစေပြီး "ချောင်ရန်"(Cao Ren) ကိုမူ စခန်းကိုစောင့်ကြပ်ထားစေသည်။ "ချောင်ချောင်း"(Cao Cao) ကိုယ်တိုင်မှာမူ မြစ်ဝါမြစ်၏အရှေ့ဘက်သို့ချီတက်ပြီး ထိုမှတဆင့် အနောက်ဘက်ဆိပ်ကမ်းသို့သွားမည်ဖြစ်သည်။

"မာချောင်း"(Ma Chao) ရန်သူတို့၏လှုပ်ရှားမှုကိုကြားလျှင်
"ကျွန်တော် နားလည်ပြီ။ စခန်းကိုထားခဲ့ပြီး လှေတွေပြင်ဆင်နေတယ်။ ဒါဟာ သူအနောက်ဘက်ဆိပ်ကမ်းကိုကူးပြီး ပြေးပေါက်ပိတ်ချင်လို့ပဲ။ ကျွန်တော်သာ မြစ်ကမ်းအတိုင်းချီတက်သွားပြီး သူ့ကိုထိန်းထားရင် အရှေ့ဘက်ဆိပ်ကမ်း သူ့ရိက္ခာတွေက ရက်နှစ်ဆယ်အတွင်းကုန်မှာပဲ။ အဲ့လိုဆို သူ့ရဲမက်တွေက ပုန်ကန်လိမ့်မယ်။ အဲ့အချိန်မှာ ကျွန်တော်က မြစ်ရဲ့တောင်ဘက်ကိုသွားပြီးတိုက်ရုံပဲ" ဟုပြောသည်။
သို့သော် "ဟန်ဆွေ"(Han Sui) က ထိုအကြံကိုသဘောမတူပေ။
"သူတို့တွေမြစ်ကိုဖြတ်တဲ့အချိန်မှာတိုက်တာ အသင့်တော်ဆုံးပဲ။ ဒါဆို သူ့တပ်သားတွေ ရေနစ်သေလိမ့်မယ်"
"ဦးလေး အကြံကသင့်လျော်ပါတယ်"
ထို့နောက် "မာချောင်း"(Ma Chao) သည် ဆိပ်ကမ်းသို့သွားပြီး ရန်သူတို့မြစ်ကိုဖြတ်မည့်အချိန်ကိုစောင့်နေသည်။

"ချောင်ချောင်း"(Cao Cao) သည် ပြင်ဆင်မှုများကိုလုပ်ဆောင်ပြီးနောက် ရှေးဦးစွာ တပ်ဖွဲ့သုံးဖွဲ့ကိုလွှတ်ပြီးမြစ်ကိုဖြတ်စေသည်။ ထိုအဖွဲ့တို့သည် အရုဏ်တက်ချိန်တွင် တစ်ဖက်ကမ်းသို့ရောက်လေသည်။ ထို့နောက် အတွေ့အကြုံရင့်ကျက်သူတို့ကိုလွှတ်ပြီး စခန်းဆောက်စေသည်။ "ချောင်ချောင်း"(Cao Cao) သည်အရှေ့ဘက်ကမ်းမှ ကြည့်နေသည်။ ထိုအချိန်တွင်
"အဖြူရောင်ဝတ်ဆင်ထားတဲ့စစ်သူကြီးတစ်ယောက်ထွက်လာတယ်" ဟုသတင်းပို့ကြသည်။ ထိုသူမှာ "မာချောင်း"(Ma Chao) ဖြစ်မည်မှန်းသိသဖြင့် အကုန်လုံးထိတ်လန့်ကုန်ကာ လှေအတွင်းသို့ဝင်ပြေးကြသည်။ ရက်မက်တို့သည် သူ့ထက်ငါအလျင် လှေပေါ်သို့တက်ကြလေသည်။ "ချောင်ချောင်း"(Cao Cao) မှာ အရှုပ်အထွေးမဖြစ်စေရန်သာအမိန့်ပေးပြီး ကြည့်မြဲကြည့်နေသည်။ လူသံမြင်းသံတို့သည် တဖြည်းဖြည်းနီးလာလေသည်။

ထိုအခါ စစ်သူကြီးတစ်ဦးမှ
"သူပုန်တွေ အနားကပ်လာပြီ၊ ဝန်ကြီးချုပ် လှေထဲအမြန်ဝင်နေပါ" ဟုပြောသည်။ ထိုပြောသူမှာ "ရွှီချူ"(Xu Chu) ဖြစ်သည်။ "ချောင်ချောင်း"(Cao Cao) မှ
"သူပုန်တွေအနီးကပ်လာတော့ ဘာဖြစ်လဲ" ဟုပြောသည်။
ထိုအချိန်တွင် "မာချောင်း"(Ma Chao) မှာ တဖြည်းဖြည်းအနီးသို့ရောက်လာပြီး "ချောင်ချောင်း"(Cao Cao) ထံရောက်ရန် ခြေလှမ်းတစ်ရာပင်မလိုတော့ပေ။ ထိုအခါ "ရွှီချူ"(Xu Chu) က "ချောင်ချောင်း"(Cao Cao) ကိုကျောပိုးကာ ဆိပ်ကမ်းသို့ခေါ်သွားသည်။ လှေမှာ ဆိပ်ကမ်းမှထွက်ခွာသွားပြီဖြစ်ပြီး ကမ်းခြေနှင့် ဆယ်ယူနစ်အကွာတွင်ရောက်နေပြီ။ သို့သော် "ရွှီချူ"(Xu Chu) မှာ "ချောင်ချောင်း"(Cao Cao) ကိုထမ်းပြီး လှေနားသို့ကူးသွားကာ မကြာခင်တွင်ပင် လှေပေါ်သို့ရောက်သွားသည်။

လှေမှာ သေးငယ်လွန်းသဖြင့် မှောက်လုမတတ်ဖြစ်နေသည်။ ထိုအခါ "ရွှီချူ"(Xu Chu) သည် ရေထဲမှလှေပေါ်သို့တက်ရန်ကြိုးစားနေသော စစ်သားတို့ကိုခုတ်လိုက်သည်။ လှေမှာ ရေစီးနှင့်အတူမြောပါလေရာ "ရွှီချူ"(Xu Chu) မှာအားစိုက်ပြီးလှော်ရသည်။ ထိုအခါ "မာချောင်း"(Ma Chao) သည် မြားတို့ဖြင့်ပစ်လေသည်။ "ချောင်ချောင်း"(Cao Cao) မြားထိမှနမည်စိုးသဖြင့် "ရွှီချူ"(Xu Chu) မှာ ဘယ်လက်ဖြင့် မြင်းကုန်းနှီးကိုကိုင်ကာ "ချောင်ချောင်း"(Cao Cao) ကိုကွယ်ထားသည်။ လှေပေါ်တွင် အလုပ်လုပ်နေသော များစွာသောစစ်သားတို့သည် မြားထိမှန်ကုန်ကြသည်။ အချို့သည် လှေပေါ်မှပြုတ်ကျကုန်ပြီး အချို့မှာ လှေထဲတွင်လဲကျကုန်သည်။ လှေမှာလည်း ရေစီးနှင့်အတူ မြောပါသွားသည်။ "ရွှီချူ"(Xu Chu) မှာ လက်တစ်ဖက်ဖြင့် မြင်းကုန်းနှီးကိုကိုင်ကာ ကာထားပြီး ကျန်တစ်ဖက်ဖြင့်လှေကိုလှော်သည်။

ဝေနန်မြို့စား "တင်းဖေး"(Ding Fei) သည် "ချောင်ချောင်း"(Cao Cao) အခြေအနေမကောင်းသည်ကိုမြင်သောအခါ သူ၏စခန်းမှ နွား၊ မြင်းတို့ကိုလွှတ်လိုက်သည်။ ထိုတိရစ္ဆာန်တို့သည် တောင်ကုန်းအနီးတဝိုက်တွင် ဟိုဟိုသည်သည်သွားကြသည်။ ချန်မျိုးနွယ်စုတို့သည် ရန်သူနောက်သို့မလိုက်တော့ပဲ ထိုနွား၊ မြင်းတို့ကိုလိုက်ဖမ်းလေရာ "ချောင်ချောင်း"(Cao Cao) မှာထွက်ပြေးလွတ်မြောက်သွားသည်။ မြစ်ဝါမြစ်၏အနောက်ဘက်ကမ်း (ဝေမြစ်၏မြောက်ဘက်) သို့ရောက်သောအခါ လှေသည်လည်းနစ်မြုပ်သွားလေသည်။

"ချောင်ချောင်း"(Cao Cao) သည် ရေထဲတွင်အသက်ဘေးနှင့်ရင်ဆိုင်နေရသည်ဟူသောသတင်းကိုကြားသဖြင့် အမှုထမ်းတို့သည် စစ်ကူပေးရန်ရောက်လာကြသည်။ သို့သော်လည်း "ချောင်ချောင်း"(Cao Cao) မှာ အသက်ရန်မှလွတ်လာပြီဖြစ်သည်။ "ရွှီချူ"(Xu Chu) ၏နှစ်ထပ်သံချပ်ကာတွင် မြားပေါင်းများစွာစိုက်နေသည်။ အမှုထမ်းတို့က "ချောင်ချောင်း"(Cao Cao) ကိုစခန်းသို့ပြန်ခေါ်သွားကြသည်။ "ချောင်ချောင်း"(Cao Cao) မှပြုံးကာ
"သူပုန်တွေ ငါ့ကိုဒီနေ့ ဖမ်းမိတော့မလို့" ဟုပြောသည်။ "ရွှီချူ"(Xu Chu) မှ
"နွားတွေ၊ မြင်းတွေလိုက်ဖမ်းနေကြလို့သာမဟုတ်ရင် ရန်သူတွေ တစ်ဖက်ကမ်းကိုကူးလာနိုင်လောက်တယ်" ဟုပြောသည်။
"ဘယ်သူက အဲ့နွားတွေ၊ မြင်းတွေကိုလွှတ်လိုက်တာလဲ"
ထိုအခါ လူတစ်ဦးမှ "တင်းဖေး"(Ding Fei) ၏အကြောင်းကိုပြောပြရာ "ချောင်ချောင်း"(Cao Cao) က "တင်းဖေး"(Ding Fei) ကိုကျေးဇူးတင်ပြီး စစ်သူကြီးရာထူးပေးလေသည်။
"တင်းဖေး(Ding Fei) မှ
"အခုရန်သူတွေထွက်သွားပေမယ့် နောက်ရက်မှာ သေချာပေါက်ပြန်လာမှာဆိုတော့ ပြင်ဆင်ထားရမယ်" ဟုဆိုသည်။
"အကုန်လုံးပြင်ဆင်ထားပြီးပြီ"

"ချောင်ချောင်း"(Cao Cao) သည် စစ်သူကြီးတို့ကား ဖြန့်ကျက်စေကာ နေရာယူထားစေပြီး စခန်းအတွက် အကာအကွယ်အဖြစ် တောင်ပို့များလုပ်စေသည်။ ရန်သူတို့ရောက်လာပါက စစ်သားတို့သည် တောင်ပို့အနောက်သို့သွားပြီး အလံတို့ထောင်ထားစေသည်။ သို့မှသာ ရန်သူတို့က စခန်းတိုင်းတွင် စစ်တပ်ဖွဲ့ရှိသည်ဟု ထင်မည်ဖြစ်သည်။ မြစ်ကမ်းတစ်လျှောက်တွင် ကျင်းတို့တူးထားစေပြီး ထောင်ချောက်များဆင်ထားလေသည်။

"မာချောင်း"(Ma Chao) သည် ပြန်လှည့်ပြီး "ဟန်ဆွေ"(Han Sui) ထံသွားကာ
"ဒီနေ့ ချောင်ချောင်း(Cao Cao) ကိုဖမ်းမိရမှာ၊ ဒါပေမယ့် အင်မတန်ရဲရင့်တဲ့စစ်သူကြီးတစ်ဦးက သူ့ကိုကုန်းပိုးပြီးကယ်သွားတယ်" ဟုပြောသည်။ "ဟန်ဆွေ"(Han Sui) မှ
"ချောင်ချောင်း(Cao Cao) ဆီမှာ တျန်ဝေ(Dian Wei) နဲ့ ရွှီချူ(Xu Chu) ဦးဆောင်တဲ့ကိုယ်ရံတော်တပ်ဖွဲ့ရှိတယ်လို့ကြားဖူးတယ်။ သူတို့ကိုကျားကိုယ်ရံတော်လို့ခေါ်တယ်။ "တျန်ဝေ(Dian Wei) က သေသွားပြီဆိုတော့ မင်းတွေ့တဲ့လူက ရွှီချူ(Xu Chu) ပဲဖြစ်မယ်" ဟုပြောသည်။
"ကျွန်တော်လည်း အဲ့လူနာမည်ကြားဖူးတယ်"
"ချောင်ချောင်း(Cao Cao) က ငါတို့တပ်နောက်ပိုင်းကိုတိုက်ဖို့ကြံနေတယ်။ သူ ခံတပ်စခန်းတွေမဆောက်နိုင်ခင်မှာ သူ့ကိုတိုက်ရမယ်။ မဟုတ်ရင် သူ့ကိုတိုက်ဖို့မလွယ်ဘူး"
"ကျွန်တော် ထင်တာကတော့ ကျွန်တော်တို့ဝေမြစ်မြောက်ပိုင်းမှာ စခန်းချပြီးတော့ သူတို့မြစ်ကိုမဖြတ်နိုင်အောင်ပဲတားရမယ်"
"ငါ့တူက ဒီမှာပဲနေရစ်ခဲ့ပါ။ ငါကတော့ တစ်ဖက်ကမ်းကိုသွားပြီး ချောင်ချောင်း(Cao Cao) ကိုသွားတိုက်မယ်"
"ဦးလေးက ဖန်တဲ(Pang De) ကိုပါခေါ်သွားရင် ကျွန်တော်စိတ်ချရမယ်"

သို့နှင့် "ဟန်ဆွေ"(Han Sui) နှင့် "ဖန်တဲ"(Pang De) တို့သည် တပ်သားငါးသောင်းဖြင့် ဝေမြစ်ကိုစုန်ဆင်းသွားသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း ရန်သူတို့ကိုမျှားခေါ်ရန် အမိန့်ပေးထားသည်။ "ဖန်တဲ"(Pang De) သည် သံချပ်ကာအပြည့်အစုံဝတ်ထားသော မြင်းသည်တော်တို့ကိုဦးဆောင်ကာ ရန်သူတို့နှင့်တိုက်လေသည်။ သို့သော်လည်း မြင်းတပ်တို့သည် ရန်သူတို့အသင့်ပြင်ထားသည့်ကျင်းထဲသို့ကျကုန်သည်။ မကြာခင်မှာပင် "ဖန်တဲ"(Pang De) သည် ကျင်းထဲမှပြန်ထွက်လာနိုင်ပြီး ရန်သူတို့ကိုတိုက်ကာ ရန်သူ့တပ်ဝန်းရံမှုအောက်မှ ဖောက်ထွက်လေသည်။
သို့သော် "ဟန်ဆွေ"(Han Sui) မှာ ကျန်ရစ်ခဲ့သဖြင့် "ဖန်တဲ"(Pang De) က ပြန်လှည့်ပြီး "ဟန်ဆွေ"(Han Sui) ကိုသွားကူသည်။ လမ်းတွင် "ချောင်ရန်"(Cao Ren) ၏လက်အောက်တွင်အမှုထမ်းသော "ချောင်ယုံ"(Cao Yong) နှင့် တွေ့ကာတိုက်ကြသည်။ "ဖန်တဲ"(Pang De) က "ချောင်ယုံ"(Cao Yong) ကိုသတ်လိုက်သည်။ "ဖန်တဲ"(Pang De) သည် သေဆုံးသွားသောစစ်သူကြီး၏မြင်းကိုစီးကာ ရန်သူတို့ကိုတိုက်ခိုက်ရင်း အရှေ့တောင်ဘက်သို့သွားသည်။ "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်က အနောက်မှလိုက်လေသည်။ မကြာမီမှာပင် "မာချောင်း"(Ma Chao) ၏စစ်တပ်ကြီးရောက်လာကာ "ချောင်ချောင်း"(Cao Cao) ၏တပ်နှင့်တိုက်သည်။ ညနေစောင်းသည်အထိတိုက်ပြီးနောက် နှစ်ဖက်စလုံးပြန်ဆုတ်သွားကြသည်။

စစ်သူကြီးနှစ်ဦးဖြစ်သော "ချန်ရင်"(Cheng Yin) နှင့် "ကျန်းဟန်"(Zhang Han) တို့ပျောက်နေသည်။ စစ်သားနှစ်ရာခန့် ကျင်းထဲသို့ကျကာ အသတ်ခံရသည်။ "မာချောင်း"(Ma Chao) သည် မည်သို့ပြုရမည်ကို "ဟန်ဆွေ"(Han Sui) နှင့်တိုင်ပင်သည်။ "မာချောင်း"(Ma Chao) မှ
"ရန်သူတွေကို အချိန်ပေးလိုက်ရင် အင်အားကြီးလာလိမ့်မယ်။ ဒါကြောင့် ဒီညမှာပဲ သူတို့စခန်းကိုတိုက်သင့်တယ်" ဟုပြောသည်။
ထိုတိုက်မည့်အဖွဲ့ကို "မာချောင်း"(Ma Chao) မှဦးဆောင်ပြီး "ဖန်တဲ"(Pang De) ၊ "မာတိုက်"(Ma Dai) တို့မှာ ပါဝင်မည်ဟုဆုံးဖြတ်လိုက်ကြသည်။

ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်သည် ဝေမြစ်မြောက်ဘက်ကမ်းတွင်ရှိနေသည်။ "ချောင်ချောင်း"(Cao Cao) မှ သူ၏စစ်သူကြီးတို့အား
"ကျုပ်တို့က စခန်းမဆောက်ရသေးတဲ့အတွက် ရန်သူတွေကဒါကိုအခွင့်ကောင်းယူပြီးလာတိုက်လိမ့်မယ်။ ဒါကြောင့် တပ်တချို့က ကင်းဝပ်နေပြီး ရန်သူအလာကိုစောင့်နေရမယ်။ ကျုပ်အချက်ပေးတာနဲ့ထွက်ပြီး ရန်သူကိုတိုက်ရမယ်" ဟုပြောသည်။
ညဘက်တွင် "မာချောင်း"(Ma Chao) သည် "ချန်ယီ"(Cheng Yi) ခေါင်းဆောင်သောထောက်လှမ်းရေးအဖွဲ့ကိုအရင်လွှတ်လိုက်သည်။ "ရန်ယီ"(Cheng Yi) သည် ရန်သူ့စခန်းအတွင်းသို့ရောက်သောအခါ အသံကြီးတစ်ခုကြားလိုက်ရပြီးနောက် ရန်သူ့စစ်သားတို့ထွက်လာပြီးဝိုင်းလိုက်သည်။ "ချန်ယီ"(Cheng Yi) သည် "ရှဟိုယွမ်"(Xiahou Yuan) ၏ဓားအောက်တွင် အသက်ထွက်သွားလေသည်။

"မာချောင်း"(Ma Chao) သည် ပင်မတပ်ကိုဦးဆောင်ကာ ချီတက်လာပြီး "မာတိုက်"(Ma Dai) နှင့် "ဖန်တဲ"(Pang De) တို့မှာ ရန်သူ့ကင်းပုန်းတပ်ကိုတိုက်ရန်ပြင်နေသည်။

Comments

Popular posts from this blog

Lookism