သုံးနိုင်ငံခေတ်(၅၇)

အခန်း(၅၇)“ကျူးကဲလျန့်”(Zhuge Liang) က ချိုင်စန်း တွင် ငိုကြွေးပြခြင်း၊
“ဖန်ထုံ”(Pang Tong) က လေရန် တွင် ကြားဝင်ခြင်း။

ရှေ့အခန်းတွင် “ကျိုးယွီ”(Zhou Yu) မှာ ဒေါသထောင်းခနဲထွက်ကာ မြေပေါ်လဲကျသွားသည်ကို ဖော်ပြပြီးဖြစ်သည်။ ၎င်းကို လှေဖြင့်ပြန်လည်သယ်ဆောင်သွားကြသည်။ “လျူဘေ့”(Liu Bei) နှင့် “ကျူးကဲလျန့်”(Zhuge Liang) တို့ တောင်ကုန်းတစ်ခုထက်တွင် အေးအေးလူလူ သီချင်းနားထောင်ရင်း သေရည်သုံးဆောင်နေကြသည် ဟူသော သတင်းက “ကျိုးယွီ”(Zhou Yu) ကို ပိုမိုဒေါသထွက်စေသည်။ အံကိုကြိတ်ကာ “သူတို့က ယီကျိုးကို ငါ ဘယ်တော့မှ ပြန်မရဘူး လို့ပြောတယ်၊ ငါရအောင်ကိုပြန်ယူမယ်၊ ငါကျိန်ဆိုတယ်။” ဟု ကြုံးဝါးလေသည်။
မကြာမီ “စွန်းချွမ်”(Sun Quan) ၏ညီ “စွန်းဟူ”(Sun Hu) ရောက်လာသော် “ကျိုးယွီ”(Zhou Yu) က အကြောင်းစုံကို ပြောပြသည်။ 

“စွန်းဟူ”(Sun Hu): “မင်းကို ကူညီဖို့ အစ်ကိုကြီးကလွှတ်လိုက်တာ။”
"စွန်းဟဲ"(Sun He)ကို ယီကျိုးတွင် ဖိတိုက်ထားရန် အမိန့်ပေးပြီး ၎င်းက ပါးချို ကိုသွားသည်။ ထိုတွင် “လျူဘေ့”(Liu Bei) ၏စစ်သူကြီးများဖြစ်သော "လျူဖုန်း"(Liu Feng)နှင့် "ကွမ်းဖင်"(Guan Ping)တို့က ရန်စီမြစ် ၌ ရေလမ်းကိုဖြတ်တားထားလေသည်။ စစ်သေနာပတိချုပ်မှာ များစွာ စိတ်အနှောင့်အယှက်ဖြစ်လေသည်။

ထိုစဉ် “ကျူးကဲလျန့်”(Zhuge Liang) ထံမှ စာတစောင်ရောက်လာလေသည်။
“ငါတို့ ချိုင်စန်း မှာ ခွဲခွာကြပြီးကတည်းက မင်းအကြောင်း မကြာခဏတွေးမိပါတယ်။ မင်းက အနောက်ပိုင်း ကို သိမ်းချင်တယ်လို့ ကြားတယ်။ မဖြစ်နိုင်ဘူးလို့ ပြောပါရစေ၊ နိုင်ငံက မြေပြင်မှာတည်ထားပြီး ခံစစ်အနေအထားကောင်းမွန်တယ်။ စစ်သည်အင်အား တောင့်တင်းတယ်။ နယ်စား လျူကျန်း(Liu Zhang) က အားနည်းတယ်ထင်ရပေမဲ့ သူ့ကိုယ်သူ ကောင်းကောင်းကာကွယ်နိုင်တယ်။ ဟုတ်ပြီ၊ စစ်သူကြီးက သွားရောက်သိမ်းပိုက်ပြီး အကျိုးထူးဆောင်နိုင်တယ်ပဲဆိုပါစို့၊ နောက်ဆုံးရလဒ်က ဘာဖြစ်မယ်ဆိုတာ မင်းသိသလား။ မသိဘူး၊ ကြီးမြတ်လှတဲ့ စစ်သူကြီး ဝူချိ(Wu Qi) လည်း အတိအကျမပြောနိုင်သလို ကျော်ကြားတဲ့ ဗျူဟာမှူး စွန်းကျီ(ဆွန်ဇု - Sun Zi) လည်း မသိနိုင်ဘူး။ “ချောင်ချောင်း”(Cao Cao) က ကျောက်ကမ်းပါးနီတိုက်ပွဲမှာ အထိနာထားတာ သူလက်တုံ့မပြန်ဘူးလို့ ထင်သလား။ မင်းသာ ခရီးရှည် စစ်ချီရင် သူက အဲ့အခွင့်အရေးကိုယူပြီး တောင်ပိုင်းနယ်ကို အမှုန့်ခြေပစ်လိမ့်မယ်။ ဒီလိုဖြစ်မှာကို ငါလည်း လက်မခံနိုင်ဘူး။ ဒီကိစ္စကို အလေးထားအောင် မင်းကိုသတိပေးရတာပဲ။” ဟုပါရှိလေသည်။

စာဖတ်ပြီးသော် “ကျိုးယွီ”(Zhou Yu) မှာ လွန်စွာပူဆွေးပြီး သက်ပြင်းချလေသည်။ ထို့နောက် ပေနှင့် မင်ကို တောင်းကာ ဝူ နယ်စားထံ စာရေးသည်။ ပြီးစီးသော် အမှုထမ်းများကို စုကာ “ငါဟာ ဝူ အိမ်တော်အတွက် အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ငါ့နောက်ဆုံးအချိန်က နီးကပ်လာပြီ။ ငါ့ရဲ့နေ့ရက်တွေ ကုန်လွန်ခဲ့ပြီ။ မင်းတို့တွေကတော့ အရှင်ကံမကုန်ခင်အထိ အမှုထမ်းကြရမယ်။” ဟုဆိုပြီးနောက် စိတ်ထိခိုက်ကာ မေ့မြောသွားလေသည်။
ဖြည်းညင်းစွာ သတိပြန်လည်လာပြီးနောက် ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချရင်း “အို ကောင်းကင်၊ “ကျိုးယွီ”(Zhou Yu) ကို ဖန်ဆင်းပြီးမှတော့ ဘာလို့ “ကျူးကဲလျန့်”(Zhuge Liang) ကို ထပ်ဖန်ဆင်းရသေးတာလဲ။” ဟု ညည်းတွားပြီး မကြာမီကွယ်လွန်ပေသည်။ ထိုအချိန်တွင် ၎င်းမှာ (၃၆) နှစ်သာ ရှိသေးလေသည်။

စစ်သူကြီးများက “ကျိုးယွီ”(Zhou Yu) ၏စာနှင့် ကွယ်လွန်သည့်သတင်းကို ဝူ နယ်စားထံပို့လေသည်။ “စွန်းချွမ်”(Sun Quan) မှာ သတင်းဆိုးကိုကြားသော် များစွာစိတ်ထိခိုက်ပြီး ငိုကြွေးလေသည်။ စာကိုဖွင့်ကြည့်သော် “လူဆု”(Lu Su) ကို ၎င်းနေရာဆက်ခံသူအဖြစ် ရည်ညွှန်းထားပြီး စာမှာ
“ငါဟာ အရည်အချင်းကလည်း သာမန်၊ အရှင့်ရဲ့ ယုံကြည်မှုနဲ့ ရာထူးကြီးကြီး ရဖို့လည်း အကြောင်းရင်းမရှိပေမဲ့ ကြီးမားလှတဲ့စစ်တပ်ကို ခေါင်းဆောင်ခွင့်ရခဲ့တာ အရှင့်ကျေးဇူးကြီးမားလှပါတယ်။ လူ့သက်တမ်းကိုမတိုင်းတာနိုင်ဘူး၊ ငါတို့ရဲ့သက်တမ်းတွေကို ကြမ္မာက သတ်မှတ်ပြီးသားပဲ။ ငါဟာ ငါ့ရဲ့ သေးငယ်လှတဲ့ ရည်မှန်းချက်တောင် မအောင်မြင်နိုင်ခင်မှာ ခန္ဓာက ငါ့ကို စိတ်ပျက်စေခဲ့ပြီ။ ချောင်ချောင်း(Cao Cao) က တောင်ပိုင်းနယ်စပ်ကို ခြိမ်းခြောက်နေပြီး လျူဘေ့(Liu Bei) က မိသားစုထဲရောက်နေပြီး ကျားကိုအစာကျွေးထားသလိုဖြစ်နေချိန်မှာ ငါသေရတဲ့အတွက် စိတ်ပျက်မိတယ်။ ဒီလိုစိတ်ညစ်ညူးဖွယ် အချိန်တွေမှာ တိုင်းပြည်က အနာဂတ်ကို ဘယ်သူ့မှ မမှန်းဆနိုင်ပါဘူး။
လူဆု(Lu Su) ဟာ သစ္စာအရှိဆုံး၊ အရာရာကို ဂရုတစိုက်ကိုင်တွယ်တတ်ပြီး ငါ့နေရာကို ဆက်ခံဖို့ သင့်လျော်ပါတယ်။ လူတယောက်ဟာ သေဆုံးချိန်နီးလာလေ အမျှော်အမြင်ကြီးလာလေပါပဲ။ အကယ်၍ အရှင့်ရဲ့ အလေးထားမှုကိုသာရမယ်ဆိုရင် ငါသေပေမဲ့ ပုပ်သိုးဆွေးမြည့်သွားမှာ မဟုတ်ပါဘူး။” ဟုဆိုထားလေသည်။

“စွန်းချွမ်”(Sun Quan) မှာ သည်းထန်စွာ ငိုကြွေးကာ “ကျိုးယွီ(Zhou Yu) ဟာ ဘုရင်ရဲ့ အကြံပေးတောင် ဖြစ်သင့်တာ။ သူငါ့ကို အစောကြီးစွန့်ခွာသွားပြီ၊ ငါ ဘယ်သူ့ကို အားကိုးရမလဲ။” ဟု မျက်ရည်လည်ရွဲနှင့် ဆိုရှာသည်။ “လူဆု(Lu Su) ကိုထောက်ခံသွားတော့ ဒီအကြံအတိုင်းလုပ်တာ အသင့်လျော်ဆုံးပါပဲ။” ချက်ချင်းပင် “လူဆု”(Lu Su) ကို စစ်သေနာပတိအဖြစ် ခန့်အပ်သည်။ ထို့ပြင် ၎င်း၏ချစ်လှစွာသော စစ်သူကြီးကိုလည်း ချိုင်စန်း တွင် အသုဘအတွက် ပြင်ဆင်ထားပေးသည်။

ထိုညတွင် “ကျူးကဲလျန့်”(Zhuge Liang) သည် ကောင်းကင်ကို ငေးကြည့်နေစဉ် ကြယ်ကြွေသည်ကို မြင်သော် ““ကျိုးယွီ”(Zhou Yu) ကွယ်လွန်ချေပြီ။” ဟု အပြုံးနှင့်ဆိုလေသည်။ နောက်နေ့အရုဏ်တက်တွင် “လျူဘေ့”(Liu Bei) ထံသွားကာ “ကျိုးယွီ”(Zhou Yu) သေဆုံးသည့်သတင်းကို အတည်ပြုစေသည်။

“လျူဘေ့”(Liu Bei): “အခုလိုဖြစ်လာပြီဆိုတော့ ငါတို့ဘာလုပ်သင့်လဲ။”
“ကျူးကဲလျန့်”(Zhuge Liang): “လူဆု(Lu Su) က နေရာဆက်ခံလိမ့်မယ်။ ကောင်းကင်ကကြယ်တွေအရ အရှေ့တောင်အရပ်မှာ စစ်သူကြီးတွေ စုလိမ့်မယ်ဆိုတော့ ကျိုးယွီ(Zhou Yu) အတွက် ၀မ်းနည်းကြောင်းသ၀ဏ်လွှာပို့တာ အကြောင်းပြပြီး ကျွန်တော်သွားမယ်။ သခင်ကြီးအတွက် အကျိုးရှိမယ့် စစ်သည်တချို့ ရှာတွေ့ပါလိမ့်မယ်။”
“လျူဘေ့”(Liu Bei): “တောင်ပိုင်းစစ်သည်တွေက ခင်ဗျားကိုရန်ပြုမှာ စိုးရိမ်မိတယ်။”
“ကျူးကဲလျန့်”(Zhuge Liang): “ကျိုးယွီ(Zhou Yu) ရှိတုန်းကတောင် ကျွန်တော်မကြောက်ခဲ့ဘူး။ အခု ဘယ်သူ့ကိုကြောက်ရမလဲ။”
သို့သော်လည်း ကျောက်ယွင်(Zhao Yun) ကို အစောင့်အရှောက်အဖြစ်ခေါ်ကာ ပါးချို မှထွက်ခဲ့သည်။

လမ်းတွင် “လူဆု”(Lu Su) ကကွယ်လွန်သူနေရာဆက်ခံကြောင်းသတင်းကြားရသည်။ “ကျိုးယွီ”(Zhou Yu) အခေါင်းရှိရာ ချိုင်စန်း ကို ခရီးဆက်ခဲ့ကြသည်။ ရောက်ရှိသော် “လူဆု”(Lu Su) က ရင်းနှီးစွာကြိုဆိုလေသည်။ တောင်ပိုင်းစစ်သည်များက ၎င်းတို့၏ အမျက်ကို မဖုံးဖိထားနိုင်သော်လည်း ကြောက်မက်ဖွယ် ကျောက်ယွင်(Zhao Yun) ကို လက်တကမ်းတွင် မြင်နေရသဖြင့် “ကျူးကဲလျန့်”(Zhuge Liang) ကိုမထိရဲကြပေ။

“ကျူးကဲလျန့်”(Zhuge Liang) နှင့်အတူပါလာသော အမှုထမ်းများက အခေါင်းလှည်းရှေ့တွင် တန်းစီကာ ၎င်းကိုယ်တိုင်က ယစ်သေရည်နှင့် ပူဇော်သည်။ ထို့နောက် ဒူးထောက်ကာ 
“ကျိုးယွီ(Zhou Yu) ရေ၊ ကံမကောင်းစွာ မင်း စောစောစီးစီး သေခြင်းတရားကိုရင်ဆိုင်ရတယ်။ လူ့သက်တမ်းကို ကောင်းကင်ကသတ်မှတ်တယ်ဆိုပေမဲ့ လူသားတွေက လက်မခံနိုင်ဘဲ ပူဆွေးရပါတယ်။ မင်းအတွက် လွန်စွာဝမ်းနည်းပါတယ်။ မင်းဝိဉာဉ်က ငါပူဇော်တဲ့ ယစ်ရည်ကို နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။
စွန်းချဲ့(Sun Ce) နဲ့အတူ ကုန်လွန်ခဲ့တဲ့၊ လောကနိယာမတွေကို ဥစ္စာကြွယ်ဝမှုထက် အလေးထားခဲ့တဲ့၊ နှိမ့်ချပြီး အိမ်ငယ်လေးမှာ နေထိုင်ခဲ့တဲ့ မင်းရဲ့ ငယ်ရွယ်တဲ့ နေ့ရက်တွေကို လွမ်းဆွတ်မိပါတယ်။
ဝေးလံတဲ့နေရာက ပါးချို ကိုကာကွယ်၊ လျူပြောင်း(Liu Biao) ရင်ထဲကို အကြောက်တရားကိုထည့်သွင်း၊ သူပုန်တွေကို နှိမ်နင်းပြီး လုံခြုံအောင်ပြုခဲ့တဲ့ မင်းအင်အားကိုလည်း တမ်းတမိတယ်။
မင်းဟာယောက်ျားပီသ ကျက်သရေရှိလှတာကိုလည်း သတိရမိတယ်။ လှပတဲ့ ချောင် အမျိုးသမီးနဲ့လက်ဆက်၊ ကြီးမြတ်တဲ့ဝန်ကြီးရဲ့ သမက်တော်ဖြစ်တာဟာ ဟန်လွှတ်တော်ကို အရောင်တင်ပေးသလိုပါပဲ။
မင်းဟာ ချောင်ချောင်း(Cao Cao) ရဲ့ သစ္စာကိုမခံ၊ ပြတ်သားစွာဆန့်ကျင်ခဲ့တယ်။ မင်းဟာ ဘ၀တလျှောက်လုံး အတောင်မညွတ်ကျိုးဘဲ ပျံသန်းနိုင်ခဲ့တယ်။
မင်းဟာ မင်းရဲ့သူငယ်ချင်း ကျန်းကန်း ဖို့ရန်ရေကန်ကို လာတုန်းက သူဟန်ဆောင်တာကို သိပြီး စွန့်ပစ်နိုင်ခဲ့တယ်။ ပြီးတော့ မင်းရဲ့ လှည့်ဖျားမှုကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။
မင်းရဲ့ ခမ်းနားကြီးကျယ်လှတဲ့ အစွမ်းအစကို သတိရမိတယ်။ အရပ်ဖက်အုပ်ချုပ်ရေးရော စစ်ဖက်တိုက်ခိုက်ရေးပါ ပြောင်မြောက်လှပါတယ်။ ကျောက်ကမ်းပါးနီတိုက်ပွဲမှာ ရန်သူကို မီးအစွမ်းနဲ့ အားနည်းအောင် လုပ်နိုင်ခဲ့တယ်။
မင်းရဲ့ ရဲရင့်တဲ့ အောင်မြင်တဲ့ ပုံရိပ်ကို မြင်ယောင်နေသေးတယ်။ အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရတဲ့အတွက် သည်းသည်းထန်ထန် ငိုကြွေးမိတယ်။ သစ္စာရှိပြီး ဖြောင့်မှန်တဲ့ နှလုံးသားရှိတဲ့၊ မြင့်မြတ်ပြီး စိတ်အင်အားကြီးတဲ့ မင်းဟာ ဆယ်စုနှစ် ၃ ခုသာနေထိုင်ခဲ့ရပေမဲ့ မင်းရဲ့ကျော်ကြားမှုက နှစ်ပေါင်းများစွာ တည်တံ့နေမှာပါ။
မင်းကိုဆုံးရှုံးရတဲ့အတွက် အူလှိုက်သည်းလှိုက်ငိုကြွေးရတယ်။ ငါ့ရဲ့ ၀မ်းနည်းမှုဟာ အဆုံးသတ်နိုင်တော့မှာမဟုတ်ဘူး။ ကောင်းကင်ဟာလည်း မည်းမှောင်နေတယ်၊ စစ်တပ်တတပ်လုံးကလည်း ပူဆွေးနေတယ်၊ မင်းရဲ့အရှင်ဟာလည်း ဖြေမဆည်နိုင်ဘူး၊ မင်းရဲ့သူငယ်ချင်းတွေလည်း ငိုကြွေးနေရပြီ။
မင်းဟာ ချောင် မျိုးနွယ်ကို ဆန့်ကျင်လို့ လျူ မျိုးနွယ်ကို သက်သာရာရစေပြီး ဟန် အင်ပါယာကို ပြန်ထူထောင်ဖို့ တောင်ပိုင်းမြေကို ကာကွယ်ခဲ့တယ်။ မင်းဟာ ဒီလောက်အရေးပါတဲ့နေရာမှာ ရှိနေတော့ ဒီရလဒ်က စိတ်ပူပန်မှုမဖြစ်ဘဲ ဘယ်နေပါ့မလဲ။
ကျိုးယွီ(Zhou Yu) ရေ၊ သေတဲ့သူနဲ့ ရှင်တဲ့သူဟာ ခွဲခွာကြရပြီ၊ ပြန်လည်ဆုံတွေ့နိုင်ကြတော့မှာမဟုတ်ဘူး။ အကယ်၍ မင်းရဲ့ဝိဉာဉ်သာ ငါ့ရင်အတွင်းထဲထိ ၀င်ကြည့်နိုင်ရင် ၀င်ကြည့်လိုက်ပါ၊ ငါဘာမှထပ်ရှင်းပြစရာမလိုတော့ပါဘူး။
ရင်နာမိပါတယ် ကျိုးယွီ(Zhou Yu) ရေ၊ ငါ့ပူဇော်တာကို လက်ခံပေးပါ။” ဟု ဆိုလေသည်။
ယစ်ပူဇော်မှုများပြီးစီးသော် “ကျူးကဲလျန့်”(Zhuge Liang) သည် မြေပေါ်ဒူးထောက်ကာ ကန်တော့လေသည်။ ထိုစဉ် မျက်ရည်များ တာရိုးကျိုးသကဲ့သို့ စီးကျလာလေသည်။ လူအပေါင်းမှာ များစွာစိတ်ထိခိုက်ရလေသည်။

အစောင့်များမှာ
“သူတို့ ၂ ယောက်က ရန်သူတွေလို့ ပြောတဲ့သူတွေက လိမ်ကြတာပါ၊ ကြည့်ပါလား ရင်ထဲကအတိုင်း ပြောသွားတာ။” ဟုတစ်ဦးကိုတစ်ဦး ပြောဆိုကြလေသည်။
ထိုမြင်ကွင်းက “လူဆု”(Lu Su) အပေါ်လည်း များစွာသက်ရောက်သွားသည်။ “ကျူးကဲလျန့်(Zhuge Liang) က ကျိုးယွီ(Zhou Yu) ကို သံယောဇဉ်ရှိရှာတယ်၊ ကျိုးယွီ(Zhou Yu) ကသာ သဘောထားမကြီးနိုင်ဘဲ ကျူးကဲလျန့်(Zhuge Liang) ကိုသေကြောင်းကြံနေတာ။” ဟုတွေးလေသည်။
 ဧည့်သည်များပြန်သွားသော် “ကျူးကဲလျန့်”(Zhuge Liang) ကို စားသောက်ပွဲနှင့် ဧည့်ခံလေသည်။

“ကျူးကဲလျန့်”(Zhuge Liang) သင်္ဘောပေါ်တက်အံ့ဆဲဆဲတွင် တာအိုဝတ်စုံဝတ်ဆင်ထားသူတဦးက ၎င်း၏လက်မောင်းကို လာဆွဲကာ
“မင်းက ဟိုမှာလဲလျောင်းနေတဲ့သူကို အဆုံးစွန်ထိ ဒေါသထွက်စေတာပဲ။ အသုဘလိုက်ပို့တာကိုက တောင်ပိုင်းနယ်ကို ထိပါးလွန်းနေပြီ။ သူတို့မှာ စွမ်းနိုင်သူ မရှိတော့ဘူးလို့ ပြောလိုက်သလိုပဲ။” ဟု ပြုံးကာ ဆိုလေသည်။

“ကျူးကဲလျန့်”(Zhuge Liang) လှည့်ကြည့်သော် ထိုသူမှာ “ဖန်ထုံ”(Pang Tong) ဖြစ်နေလေသည်။ “ကျူးကဲလျန့်”(Zhuge Liang) လည်း ရယ်မောကာ နှစ်ဦးသား လက်ချင်းတွဲကာ သင်္ဘောဗိုက်တွင်း ဆင်းခဲ့ကြသည်။ ရင်းရင်းနှီးနှီးနှင့် အချိန်အကြာကြီး စကားပြောကြသည်။

မထွက်ခွာမီ “ကျူးကဲလျန့်”(Zhuge Liang) က စာတစောင်ပေးကာ
“မင်းအစွမ်းကို “စွန်းချွမ်”(Sun Quan) ကအသုံးချလိမ့်မယ်မထင်ဘူး။ ဒီမှာအဆင်မပြေရင် ကျင်ကျိုး ကိုလာပြီး ငါ့အရှင်ကို ကူညီလို့ရတယ်။ သူက စိတ်ထားမွန်မြတ်ပြီး မြှောက်စားတတ်တယ်။ မင်းသင်ယူခဲ့တဲ့ပညာတွေကို အလကားဖြစ်စေမှာမဟုတ်ဘူး။” ဟုအကြံပေးသည်။ ထို့နောက်လမ်းခွဲကာ “ကျူးကဲလျန့်”(Zhuge Liang) တယောက်တည်း ကျင်ကျိုး ကိုပြန်ခဲ့လေသည်။
“လူဆု”(Lu Su) က “ကျိုးယွီ”(Zhou Yu) ၏အခေါင်းကို ဝူဟူ ကိုသယ်ဆောင်လာသည်။ “စွန်းချွမ်”(Sun Quan) က ကွယ်လွန်သူ၏ နေရပ်တွင် ခမ်းနားစွာ မြေမြှုပ်သဂြိုလ်လိုက်လေသည်။ “ကျိုးယွီ”(Zhou Yu) တွင် "ကျိုးရွှင့်"(Zhou Xun) ၊ "ကျိုးရင်"(Zhou Yin) နှင့် "ကျိုးယင်း"(Zhou Ying) ဟူ၍ သား ၂ယောက်နှင့် သမီး ၁ ယောက်ကျန်ခဲ့ရာ “စွန်းချွမ်”(Sun Quan) ကရက်ရောစွာ မြှောက်စားလေသည်။

“လူဆု”(Lu Su) က
“ကျွန်တော့်ကို “ကျိုးယွီ”(Zhou Yu) က သူ့နေရာဆက်ခံဖို့ လျာသွားတာ မှားတယ်။ ကျွန်တော့်မှာ ထူးကဲတဲ့အစွမ်းမရှိလို့ ဒီနေရာနဲ့မသင့်တော်ပါဘူး။ ဒါပေမဲ့ လူတယောက်ကိုတော့ ရည်ညွှန်းနိုင်ပါတယ်။ သူက ပညာပြည့်ဝတယ်၊ ဗျူဟာပိုင်နိုင်တယ်၊ Guan Zhong နဲ့ Yue Yi တို့ထက်လည်း မနိမ့်သလို၊ စစ်ဗျူဟာ ကို ပိုင်နိုင်တဲ့ စွန်းကျီ(Sun Zi) နဲ့ ဝူချိ(Wu Qi) တို့လိုလည်း အစီအမံကောင်းတယ်။ “ကျိုးယွီ”(Zhou Yu) ကိုယ်တိုင်လည်း သူ့ဆီက အကြံတောင်းလေ့ရှိသလို “ကျူးကဲလျန့်”(Zhuge Liang) ကလည်း သူ့ကို အထင်ကြီးတယ်။ သူ့ကိုအသုံးချနိုင်ပါတယ်။” ဟု အကြံပေးသည်။
ထိုသူ၏ နာမည်ကို မေးရာ “ဖန်ထုံ”(Pang Tong) ဟုဖြေသော် “ငါ သူ့ကိုသိတယ်။ သူ့ကိုလာခိုင်းလိုက်ပါ။” ဟု ဆိုလေသည်။

“ဖန်ထုံ”(Pang Tong) ရောက်လာသော် ၎င်း၏ သွင်ပြင်မှာ များစွာထူးဆန်းနေ၍ “စွန်းချွမ်”(Sun Quan) ကို စိတ်ပျက်စေသည်။ ၎င်းမှာ မျက်ခုံးမွေးထူထူ၊ နှာခေါင်းကလန်၊ မုတ်ဆိတ်မွေးက ငုတ်စိနှင့် မတင့်တယ်သောရုပ်ရှိလေရာ “စွန်းချွမ်”(Sun Quan) က မြင်စကပင် အထင်မကြီးတော့ပေ။
“စွန်းချွမ်”(Sun Quan): “မင်းဘာတွေသင်ယူခဲ့လဲ၊ ဘယ်ပညာကို ကျွမ်းကျင်လဲ။”
“ဖန်ထုံ”(Pang Tong): “လူတယောက်ဟာ အမြင်ကျဉ်းမြောင်းခေါင်းမာခြင်း မရှိရ၊ လိုက်လျောညီထွေ ပြောင်းလဲရာ၏”
“စွန်းချွမ်”(Sun Quan): “မင်းပညာက “ကျိုးယွီ”(Zhou Yu) နဲ့ယှဉ်ရင် ဘယ်လိုနေမလဲ။”
“ဖန်ထုံ”(Pang Tong): “ငါ့ပညာက အများကြီးသာတာပေါ့။”
“စွန်းချွမ်”(Sun Quan) မှာ လွန်လေသော စစ်သူကြီးကို လွန်စွာမြတ်နိုးလေရာ ဤကဲ့သို့ ချိုးချိုးဖဲ့ဖဲ့ပြောဆိုခြင်းကို သည်းမခံနိုင်ပေ။ “ဖန်ထုံ”(Pang Tong) အပေါ် သာ၍ မနှစ်မြို့ခြင်းဖြစ်လေသည်။

“စွန်းချွမ်”(Sun Quan): “မင်းပြန်နိုင်ပါပြီ၊ အသုံးလိုတဲ့အချိန်ကျ ခေါ်လိုက်ပါမယ်။”
“ဖန်ထုံ”(Pang Tong) လည်း သက်ပြင်းရှည်ချကာ ထွက်သွားလေသည်။
“လူဆု”(Lu Su): “အရှင်၊ ဘာလို့ သူ့ကို အလုပ်မခန့်တာလဲ။”
“စွန်းချွမ်”(Sun Quan): “ဘာအသုံးဝင်မှာမို့လို့လဲ၊ ရူးကြောင်ကြောင် နောက်လိုက်တယောက်ပဲ။”
“လူဆု”(Lu Su): “ချောင်ချောင်း(Cao Cao) ရဲ့ သင်္ဘောတွေကို သံကြိုးတွေနဲ့ချိတ်ထားဖို့ အကြံပေးတာ သူလေ၊ ကျောက်ကမ်းပါးနီတိုက်ပွဲအောင်မြင်တာ သူ့ကြောင့်လည်း ပါပါတယ်။”
“စွန်းချွမ်”(Sun Quan): “ချောင်ချောင်း(Cao Cao) ကိုယ်တိုင် လိုလားလို့ ဖြစ်တာပါ။ သူ့ကြောင့်မဟုတ်ပါဘူး။ ဘယ်လိုဖြစ်ဖြစ် ငါ သူ့ကိုမခန့်နိုင်ဘူးဆိုတာ သေချာတယ်။”

သို့နှင့် “လူဆု”(Lu Su) လည်း အပြင်ထွက်ကာ “စွန်းချွမ်”(Sun Quan) ၏တဒင်္ဂဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ မိမိမထောက်ခံ၍မဟုတ်ကြောင်း ရှင်းပြလေသည်။ “ဖန်ထုံ”(Pang Tong) မှာ စိတ်ပျက်စွာ စကားမပြောနိုင်ဘဲ ခေါင်းငိုက်စိုက်ချကာ သက်ပြင်းသာ အခါခါချနေတော့သည်။
“လူဆု”(Lu Su): “ဒီမှာနေရင် မင်းအမြဲစိတ်ပျက်နေရလိမ့်မယ်၊ မင်းမှာ မျှော်လင့်စရာမရှိဘူးမလား။ မင်းရဲ့ ပါရမီနဲ့ဆိုရင် ဘယ်သွားသွား မင်းအောင်မြင်မှာပါ။ ငါ့စကားကို နားထောင်ပါ။ ဒါနဲ့မင်းဘယ်သူ့ဆီသွားချင်လဲ။”
“ဖန်ထုံ”(Pang Tong): “ချက်ချင်း ချောင်ချောင်း(Cao Cao) ဆီသွားမယ်လို့တွေးတယ်။”
“လူဆု”(Lu Su): “ဒီလိုဆို မှိန်ဖျော့ဖျော့ပုလဲကို အမှောင်ထုထဲ ပစ်ချလိုက်သလို ဖြစ်လိမ့်မယ်။ လျူဘေ့(Liu Bei) ဆီသာ သွားပါ၊ မင်းကို ကောင်းကောင်းချီးမြှောက်ပြီး သေချာနေရာပေးပါလိမ့်မယ်။”

“ဖန်ထုံ”(Pang Tong): “ငါတွေးနေတာကြာပါပြီ၊ ခုနက ငါနောက်ပြောင်တာပါ။”
“လူဆု”(Lu Su): “ငါ လျူဘေ့(Liu Bei) ဆီကို စာတစောင် ရေးပေးလိုက်ပါမယ်။ မင်း သူ့ဆီရောက်ရင် သူနဲ့ ငါ့အရှင်ကြားက ငြိမ်းချမ်းရေးခိုင်မြဲအောင် ထိန်းသိမ်းပြီး ချောင်ချောင်း(Cao Cao) ကို ပူးပေါင်းတိုက်ခိုက်ကြရအောင်။”
“ဖန်ထုံ”(Pang Tong): “ဒါဟာလည်း ငါလိုလားတဲ့အတိုင်းပါပဲ။”
“ဖန်ထုံ”(Pang Tong) က လူဆု(Lu Su) ပေးသောစာကိုယူကာ ကျင်ကျိုး ကို ထွက်ခဲ့လေသည်။ ရောက်သော် “ကျူးကဲလျန့်”(Zhuge Liang) မရှိ၊ တံခါးစောင့်က “လျူဘေ့”(Liu Bei) နှင့်တွေ့ကာ ကံစမ်းရန်ပြောသည်။ ၎င်း၏နာမည်ကိုသိနှင့်သဖြင့် “လျူဘေ့”(Liu Bei) က တွေ့ခွင့်ပြုသည်။ “ဖန်ထုံ”(Pang Tong) က သာမန်မျှသာ နှုတ်ဆက်ပြီး ဦးညွတ် အရိုအသေပေးခြင်းမရှိပေ။ ၎င်း၏မတင့်တယ်သောရုပ်နှင့် ပေါင်းစပ်လိုက်သော် အိမ်ရှင်မှာ မနှစ်သက်တော့ပေ။

“လျူဘေ့”(Liu Bei): “ခရီးကြမ်းကို ဖြတ်ပြီး ရောက်လာခဲ့တာပဲ။”
ထိုအချိန်တွင် “ကျူးကဲလျန့်”(Zhuge Liang) နှင့် “လူဆု”(Lu Su) ၏စာကို ထုတ်ပြသင့်သော်လည်း
“ဖန်ထုံ”(Pang Tong): “အို ဦးရီးတော်၊ အရှင်က ဉာဏ်ပညာရှိတဲ့သူတွေကို ကြိုဆိုတယ်ဆိုလို့ ခစားဖို့လာခဲ့တာပါ။”
“လျူဘေ့”(Liu Bei): “နိုင်ငံက အခုအချိန်မှာ အေးချမ်းနေတယ်၊ ကံမကောင်းစွာနဲ့ ရာထူးနေရာအလွတ်မရှိဘူး။ အရှေ့မြောက်အရပ်က လေရန် မြို့လေးမှာတော့ မြို့ဝန်နေရာလစ်လပ်နေတယ်။ ဒီ့ထက်ပိုကောင်းတဲ့နေရာမပေါ်ခင် တာဝန်ယူထားပေးပါလား။”

“ဖန်ထုံ”(Pang Tong) မှာသဘောမကျသော်လည်း “ကျူးကဲလျန့်”(Zhuge Liang) မရှိသဖြင့် သည်းခံ၍ နှုတ်ဆက်ပြန်ခဲ့သည်။ တာဝန်ကျရာမြို့ရောက်သော် အလုပ်မလုပ်၊ ပျော်ပါး၍သာ နေလေသည်။ အခွန်လည်း မကောက်၊ တရားရုံးလည်း မထိုင်ပေ။

ထိုသတင်း “လျူဘေ့”(Liu Bei) ထံရောက်သော် စိတ်တိုကာ
“ဒီအကောင်က ငါ့အုပ်ချုပ်ရေးကို ပရမ်းပတာဖြစ်အောင်လုပ်နေတာပဲ။” ဟုဆိုကာ စုံစမ်းစစ်ဆေးရန် “ကျန်းဖေး”(Zhang Fei) ကိုစေလွှတ်သည်။ လိမ္မာပါးနပ်စွာ ကိုင်တွယ်ရန် လိုအပ်သည်ကိုသိသဖြင့် “စွန်းချန်”(Sun Qian) ကိုပါထည့်ပေးလိုက်သည်။

စုံစမ်းရေးအဖွဲ့ရောက်သွားသော် အခြားအမှုထမ်းများကကြိုဆိုသော်လည်း မြို့ဝန်မှာ ပေါ်မလာချေ။
“ကျန်းဖေး”(Zhang Fei): “မြို့ဝန် ဘယ်မလဲ။”
အမှုထမ်းတဦး: “လွန်ခဲ့တဲ့ ရက် ၁၀၀ ကျော်၊ ရောက်စကတည်းက ဘာအလုပ်မှ မလုပ်ပါ။ မိုးလင်းမိုးချုပ် အရက်သောက်ပြီး မူးနေတာ။ အခုလည်း အမူးလွန်ပြီးအိပ်နေတာ၊ မနိုးသေးပါဘူး။”
“ကျန်းဖေး”(Zhang Fei) မှာ လွန်စွာစိတ်ဆိုးကာ သတ်ရန်ပြင်စဉ် “စွန်းချန်”(Sun Qian) က “ဖန်ထုံ(Pang Tong) ကအရည်အချင်းရှိတဲ့သူ၊ ခပ်လွယ်လွယ်မဆုံးဖြတ်လိုက်ပါနဲ့။ သေချာစုံစမ်းပြီး တကယ်အပြစ်ရှိမှ ဒဏ်ပေးရအောင်။” ဟုတားလေသည်။
သို့နှင့် ရုံးတော်ကိုသွားကာ မြို့ဝန်ကိုဆင့်ခေါ်သည်။ အ၀တ်အစားဖရိုဖရဲ၊ ရီဝေ၀နှေင့် ၀င်လာလေသည်။

“ကျန်းဖေး”(Zhang Fei): “ငါ့အစ်ကိုက မင်းကို လူကောင်းလို့ သတ်မှတ်ပြီး မြို့ဝန်ခန့်ထားတာ၊ မင်းက ဘယ်လိုသတ္တိနဲ့ လုပ်ငန်းတွေကို ဖရိုဖရဲဖြစ်အောင်လုပ်ရဲတာလဲ။”
“ဖန်ထုံ”(Pang Tong): “ဘယ်အရာတွေကိုများ ကျနော်က ဖရိုဖရဲဖြစ်အောင်လုပ်မိလို့လဲ စစ်သူကြီး။”
“ကျန်းဖေး”(Zhang Fei): “မင်း ဒီကို ရောက်တာ ရက် ၁၀၀ ကျော်ပြီ။ အမြဲအလေလိုက်နေတာ အလုပ်မလုပ်တာ မဟုတ်ဘူးလား။”
“ဖန်ထုံ”(Pang Tong): “ဒီလိုမြို့လေးရဲ့ အရေးအရာတွေကို ကိုင်တွယ်ရတာ ဘာများခက်လို့လဲ။ ငါဖြေရှင်းပေးပါမယ်၊ ခဏထိုင်စောင့်ပါဦး။”
ချက်ချင်းဆိုသလို အလုပ်ကျန်များကို ရှင်းရန် စာရေးများကို ခေါ်သည်။ ၎င်းတို့က စာရွက်ပုံကြီးကိုသယ်လာပြီး တရားလိုများကို ခေါ်စေသည်။ မြို့ဝန်က စုတ်တံကိုကိုင်ကာ ရုံးအလုပ်လုပ်ရင်း တိုင်ကြားသည်များကို နားထောင်လေသည်။ များမကြာမီ အမှားတစုံတရာမရှိဘဲ အခက်အခဲ၊ မကျေနပ်ချက်များ အားလုံးပြေလည်သွားသည်ကို စိတ်ကျေနပ်စွာအရိုအသေပေးကြသော ပရိသတ်က သက်သေခံနေသည်။ နေ့တ၀က်တွင်ပင် ရက် ၁၀၀ စာ အလုပ်အားလုံးပြီးပြတ်လေသည်။

ပြီးစီးသော် မြို့ဝန်မှာ စုတ်တံကို ပစ်ချပြီး စစ်ဆေးသူများဖက် လှည့်ကာ “တစုံတရာဖရိုဖရဲရှိပါသလား၊ ချောင်ချောင်း(Cao Cao) နဲ့ စွန်းချွမ်(Sun Quan) ကိုတောင် ဒီစာရွက်တွေဖတ်သလောက် သက်သက်သာသာ ရင်ဆိုင်နိုင်တာ ဒီအလုပ်လောက်ကတော့ အရေးစိုက်စရာမလိုပါဘူး။” ဟုဆိုလေသည်။
“ကျန်းဖေး”(Zhang Fei) မှာ ၎င်း၏အရည်အချင်းကို လွန်စွာအံ့အားသင့်ကာ ထိုင်ခုံမှထပြီး အရိုအသေပေးလျက်
“မင်းဟာ အံ့ချီးဖွယ်ပါပဲ၊ မင်းကို ကောင်းကောင်းမဆက်ဆံမိဘူး။ အခုတော့ ငါ့အစ်ကိုကို ငါစွမ်းသမျှတိုက်တွန်းပြောပေးပါမယ်။” ဟုဆိုလေသည်။ ထိုအခါမှ “ဖန်ထုံ”(Pang Tong) က “လူဆု”(Lu Su) ၏စာကို ထုတ်ပြလေသည်။

“ကျန်းဖေး”(Zhang Fei): “ငါ့အစ်ကိုနဲ့တွေ့ကတည်းက ဘာလို့မပြလိုက်တာလဲ။”
“ဖန်ထုံ”(Pang Tong): “ပြဖို့အခွင့်မကြုံလိုက်လို့ပါ၊ နောက်ပြီး သူများထောက်ခံချက်နဲ့ အခွင့်အရေးယူလို့ ဘယ်ကောင်းပါ့မလဲ။”
“ကျန်းဖေး”(Zhang Fei): “စွန်းချန်”(Sun Qian) ဖက်လှည့်ကာ
“မင်းက ပညာရှိတယောက်ကို ကယ်လိုက်တာပဲ။” ဟုပြောသည်။

ထို့နောက် “လျူဘေ့”(Liu Bei) ဆီပြန်လာကာ အကြောင်းစုံကိုတင်ပြသည်။ “လျူဘေ့”(Liu Bei) လည်း အမှားကိုနောင်တရလေသည်။ “ကျန်းဖေး”(Zhang Fei) က “လူဆု”(Lu Su) ၏ “ဖန်ထုံ”(Pang Tong) ကိုထောက်ခံစာ ကို ထုတ်ပေးလေသည်။ စာမှာ
“ဖန်ထုံ(Pang Tong) ဆိုတာ လွယ်လွယ်နဲ့တွေ့နိုင်တဲ့လူမျိုးမဟုတ်ဘူး။ သာမန်ထက်အရေးပါတဲ့၊ ဦးနှောက်သုံးရမယ့်နေရာမှာ သူ့ကိုခန့်ပါ၊ သူ့တန်ဖိုးကိုတွေ့ရပါလိမ့်မယ်။ သူ့ရဲ့ရုပ်ကိုကြည့်ပြီးဆုံးဖြတ်ရင်တော့ သူ့အရည်အချင်းကို ဆုံးရှုံးရလိမ့်မယ်။ တခြားသူကအသုံးချသွားရင် ကံဆိုးမိုးမှောင်ကျပြီ။” ဟုပါရှိသည်။

“လျူဘေ့”(Liu Bei) မှာစာဖတ်ပြီး နောင်တရနေစဉ် “ကျူးကဲလျန့်”(Zhuge Liang) ပြန်ရောက်လာသောသတင်းကို ရလေသည်။ ခရီးရောက်မဆိုက်ပင် အရိုအသေပေးပြီးသည်နှင့်
“ကျူးကဲလျန့်”(Zhuge Liang): “အကြံပေး ဖန်ထုံ(Pang Tong) ရော အဆင်ပြေရဲ့လား။”
“လျူဘေ့”(Liu Bei): “အခု သူ့က လေရန် မှာ၊ သောက်စားပြီး အလုပ်ကို ပစ်ထားတယ်။”
“ကျူးကဲလျန့်”(Zhuge Liang): ရယ်ကာ “ငါ့သူငယ်ချင်းက သာမန်ထက်ကဲတဲ့ အရည်အချင်းတွေရှိတယ်၊ ငါ့ထက် ၁၀ဆသာတယ်။ ငါထောက်ခံစာရေးပေးလိုက်တာ သူက မပြဘူးလား။”
“လျူဘေ့”(Liu Bei): “ဒီနေ့ပဲ လူဆု(Lu Su) ရဲ့စာတော့ရတယ်၊ မင်းရဲ့စာကိုတော့ မပြဘူး။”
“ကျူးကဲလျန့်”(Zhuge Liang): “ဒီလိုအရည်အချင်းတွေနဲ့ ပုဂ္ဂိုလ်ဟာ အရေးမပါတဲ့နေရာအပို့ခံရမှတော့ သေရည်ပဲသောက်နေမှာ မဆန်းပါဘူး။”
“လျူဘေ့”(Liu Bei): “ငါ့ညီကြောင့်သာမဟုတ်ရင် ပညာရှိတယောက်ကို လက်လွှတ်လိုက်ရမှာ။”

အချိန်မဆိုင်းဘဲ “ကျန်းဖေး”(Zhang Fei) ကိုလွှတ်ကာ “ဖန်ထုံ”(Pang Tong) ကို ကျင်ကျိုး ဆီခေါ်ဆောင်စေသည်။ ရောက်သော် “လျူဘေ့”(Liu Bei) က ၎င်း၏အမှားအတွက် တောင်းပန်လေသည်။ ထိုအခါမှ “ဖန်ထုံ”(Pang Tong) က “ကျူးကဲလျန့်”(Zhuge Liang) ၏စာကို ထုတ်ပေးသည်။ စာမှာ “ဇာမဏီငယ် ရောက်လာတာနဲ့ သူ့ကို အရေးပါတဲ့နေရာ ပေးပါ။” ဟုဆိုထားသည်။

ဖတ်ပြီးသည်နှင့် “လျူဘေ့”(Liu Bei) မှာ ပျော်ရွှင်စွာ
“ရွှေကျင်း (Sima Hui) က လူ ၂ ယောက်အကြောင်း ပြောဖူးတယ်။ အိပ်ပျော်နေတဲ့ နဂါးနဲ့ ဇာမဏီငယ်၊ ၂ ယောက်ထဲက ၁ ယောက်ရဲ့ အကူအညီကို ရတဲ့သူဟာ တိုင်းပြည်ကိုပြန်လည်တည်ထောင်နိုင်မယ်။ အခု ငါဟာ ၂ ယောက်လုံးကိုရပြီဆိုတော့ ဟန်တိုင်းပြည် ပြန်လည်ဦးမော့နိုင်တော့မယ်။” ဟုဆိုသည်။
ထို့နောက် “ဖန်ထုံ”(Pang Tong) ကို တွဲဖက်အကြံပေးအဖြစ်ခန့်အပ်သည်။ အကြံပေး ၂ ယောက်သည် အတူတကွ စစ်တပ်ကို လေ့ကျင့်ပေးသည်။

ထိုသတင်းများ နေပြည်တော် ရွှီချန် သို့ရောက်လေသည်။ “လျူဘေ့”(Liu Bei) ၏ ဗျူဟာမှူး ၂ ဦး၊ စစ်တပ်လေ့ကျင့်ခြင်း၊ ရိက္ခာစုဆောင်းခြင်း၊ ရန်သူတော် ၂ ဦးပူးပေါင်းခြင်းများ “ချောင်ချောင်း”(Cao Cao) နားသို့ရောက်သော် မကြာမီ တိုက်ခိုက်မှုတခုကြုံမည်ကို ခန့်မှန်းမိလေသည်။ သို့နှင့် အစည်းအ၀ေးခေါ်သည်။

“ရွှင်ယွီ”(Xun Yu): “ကျိုးယွီ(Zhou Yu) သေထားတာဆိုတော့ စွန်းချွမ်(Sun Quan) ကိုအရင်တိုက်ရမယ်။ ပြီးမှ လျူဘေ့(Liu Bei) ပေါ့။”
“ချောင်ချောင်း”(Cao Cao): “ငါ ခရီးရှည်စစ်ချီမယ်ဆိုရင် မာထန်(Ma Teng) က နေပြည်တော်ကို ၀င်တိုက်လိမ့်မယ်။ ကျောက်ကမ်းပါးနီမှာကတည်းက ဒီလိုကောလာဟလကြားတယ်။ ဒီတော့ ကာကွယ်မှဖြစ်လိမ့်မယ်။”
“ရွှင်ယွီ”(Xun Yu): “ကျွန်တော့်အမြင်အရ အကောင်းဆုံးကတော့ “မာထန်”(Ma Teng) ကို တောင်အရပ်ကို နှိမ်နင်းသူ စစ်သူကြီးအဖြစ် ခန့်အပ်ပြီး တောင်ပိုင်းနယ်ကို တိုက်ခိုင်းပါ။ ဒီလိုနည်းနဲ့ သူ့ကိုရှင်းပစ်ရင် တောင်ပိုင်းကိုစစ်ချီတဲ့နေရာမှာ စိတ်ပူစရာမရှိတော့ပါဘူး။”
“ချောင်ချောင်း”(Cao Cao) ကသဘောတူကာ “မာထန်”(Ma Teng) ကို အနောက်ပိုင်း၏ နယ်စပ်နယ်မြေဖြစ်သော ရှီးလျန် သို့ ဆင့်ခေါ်သည်။

“မာထန်”(Ma Teng) သည် သူပုန်များကိုနှိမ်နင်းသူဘွဲ့ရ ကျော်ကြားသောစစ်သူကြီး "မာယွမ်"(Ma Yuan) ၏မျိုးဆက်ဖြစ်သည်။ ဖခင်မှာ “မာဆွေ့”(Ma Sui) ဖြစ်သည်။ “မာဆွေ့”(Ma Sui) မှာ ဟွမ်ဧကရာဇ်လက်ထက်က ထျန်းဆွေမြို့ဝန်ဖြစ်ခဲ့ပြီး လက်လွှတ်ရကာ အနောက်ဖက်သို့ပြောင်းရွှေ့ရင်း အနောက်တောင်ကြားမြေသို့ ရောက်ရှိလေသည်။ ချန် လူမျိုးများအကြားနေထိုင်ရင်း ချန် အမျိုးသမီးတဦးနှင့်လက်ဆက်ကာ “မာထန်”(Ma Teng) ကိုမွေးဖွားသည်။ “မာထန်”(Ma Teng) သည် သာမန်ထက်မြင့်သောအရပ်၊ ခက်ထန်သောရုပ်ရှိသည်။ သင့်တင့်သော ပင်ကိုစရိုက်ရှိပြီး လူကြိုက်များသည်။ သို့သော် Ling ဧကရာဇ်လက်ထက်တွင် ချန် လူမျိုးများ ထကြွလေရာ “မာထန်”(Ma Teng) က လူစုပြီးနှိမ်နင်းနိုင်သဖြင့် အနောက်အရပ်ကို တည်ငြိမ်စေသော စစ်သူကြီးဘွဲ့ရလေသည်။ သွေးသောက် ၂ ဦးဖြစ်သော “မာထန်”(Ma Teng) နှင့် “ဟန်ဆွေ”(Han Sui) တို့က အနောက်အရပ်ကို ကာကွယ်သော စစ်သည်များအဖြစ် ကျော်ကြားလေသည်။
မြို့တော်မှ စာကိုရသော် “မာထန်”(Ma Teng) က အကြီးဆုံးသားဖြစ်သူ “မာချောင်း”(Ma Chao) ကိုခေါ်ကာ ၎င်း၏ဘ၀ဖြစ်စဉ်ကိုပြောပြလေသည်။

“မာထန်”(Ma Teng): “တုန်းချန်(Dong Cheng) က ဧကရာဇ်ရဲ့ ခါးပတ်အမိန့်ကို ရတုန်းက ငါတို့ဟာ “လျူဘေ့”(Liu Bei) အပါအ၀င် အဖွဲ့တခုဖွဲ့ခဲ့ကြတယ်၊ ချောင်ချောင်း(Cao Cao) ကိုဖြုတ်ချဖို့ သစ္စာဆိုခဲ့ကြတယ်။ ဒါပေမဲ့ ငါတို့မအောင်မြင်ခဲ့ဘူး၊ တုန်းချန်(Dong Cheng) အသတ်ခံရပြီး လျူဘေ့(Liu Bei) လည်းကံမကောင်းဘူး။ ငါလည်း အနောက်ဖက်ကိုထွက်ပြေးလာရတယ်။ အခု လျူဘေ့(Liu Bei) က ကျင်ကျိုး ကိုသိမ်းထားနိုင်ပြီဆိုတော့ အရင်ကကတိပြုထားတဲ့ကိစ္စကို အကောင်အထည်ဖော်ဖို့စဉ်းစားနေတာ၊ အခုကျ ချောင်ချောင်း(Cao Cao) ကဆင့်ခေါ်တယ်။ ငါဘာလုပ်သင့်သလဲ။”

“မာချောင်း”(Ma Chao): “ချောင်ချောင်း(Cao Cao) လက်ထဲမှာ ဘုရင့်အမိန့်ရှိနေတယ်။ မသွားရင် နန်းတော်အမိန့်ကို ဆန့်ကျင်သလိုဖြစ်ပြီး အပြစ်ပေးခံရလိမ့်မယ်။ အမိန့်ကို လက်ခံပြီး နန်းတော်ကိုတော့ သွားလိုက်ပါ၊ ရောက်မှ အရင်အစီအစဉ်ကို အကောင်အထည်ဖော်ပေါ့။”

သို့သော် “မာထန်”(Ma Teng) ၏တူ “မာတိုက်”(Ma Dai) က ကန့်ကွက်သည်။”
“မာတိုက်”(Ma Dai): “ချောင်ချောင်း(Cao Cao) ရဲ့အကြံတွေက နားလည်ရခက်တယ်၊ ဦးရီးတော်တခုခုဖြစ်မှာ စိုးရိမ်ရတယ်။
“မာချောင်း”(Ma Chao): “ငါ နန်းတော်ကို စစ်ချီတယ်၊ တိုင်းပြည်ရဲ့ ရန်သူကို ချေမှုန်းကြမယ်မလား။”
“မာထန်”(Ma Teng): “မင်းက ချန် စစ်သည်တွေကို အုပ်ချုပ်ပြီး ဒီနယ်ကို ကာကွယ်ရမယ်။ ငါ မင်းညီ ၂ယောက်နဲ့ ညီဝမ်းကွဲကိုခေါ်သွားမယ်။ မင်းလက်ထဲမှာ ချန် စစ်သည်တွေရှိတယ်၊ ဟန်ဆွေ(Han Sui) ကလည်း ကူညီမယ်ဆိုတာကို “ချောင်ချောင်း”(Cao Cao) သိရင် သူအရမ်းမလုပ်ရဲပါဘူး။”

“မာချောင်း”(Ma Chao): “အဖေ၊ သွားမှဖြစ်မယ်ဆိုရင်တောင် ဘာအစီအမံတွေထားလဲ မသိခင် မြို့ထဲမ၀င်ပါနဲ့။”
“မာထန်”(Ma Teng): “ငါ သေချာဂရုစိုက်ပါမယ်၊ သိပ်ကြီးလည်း စိုးရိမ်စိတ်မထားပါနဲ့။”
သို့နှင့် ချီတက်ရန် အမိန့်ထုတ်သည်။ စစ်သည် ၅ ထောင်ပါဝင်ပြီး သား ၂ ယောက်ဖြစ်သော “မာရှို့”(Ma Xiu) နှင့် “မာထျဲ”(Ma Tie) က ရှေ့ပြေးတပ်မှူးများ၊ တူဖြစ်သူ “မာတိုက်”(Ma Dai) က နောက်ချန်တပ်မှူးအဖြစ်တာဝန်ယူသည်။ ကွေ့ကောက်သောလမ်းများဖြတ်သန်းကာ မြို့တော်ကိုရောက်သည်။ ရွှီချန် မှ ၇ မိုင်အကွာတွင် စခန်းချကြသည်။

“ချောင်ချောင်း”(Cao Cao) က ၀န်ကြီး “ဟွမ်ခွေ့”(Huang Kui) ကို ခေါ်ကာ
“မာထန်(Ma Teng) ကို မြောက်ပိုင်းကို စေလွှတ်ရမှာ၊ မင်းကို အကြံပေးအဖြစ်ထည့်လိုက်မယ်။ မင်းက သူ့ဆီသွားပြီး ရောက်လာတဲ့အတွက် ၀မ်းသာကြောင်းပြောပါ။ နောက် ရှီးလျန် က သိပ်ဝေးပြီးသယ်ယူပို့ဆောင်ရေးခက်တာမို့ သူ့စစ်တပ်အများကြီးသယ်မလာခိုင်းနဲ့။ ငါက အကြိုလွှတ်လိုက်မယ်။ ဘုရင်နဲ့တွေ့ဖို့ အမြန်လာခဲ့ပါတော့လို့လည်းပြောလိုက်ပါ။ အထောက်အပံ့တွေလည်း ပို့လိုက်ပါမယ်။” ဟုပြောသည်။

ထိုညွှန်ကြားချက်များကို “ဟွမ်ခွေ့”(Huang Kui) က “မာထန်”(Ma Teng) ထံပို့သည်။ “မာထန်”(Ma Teng) က သေရည်နှင့် ကောင်းစွာဧည့်ခံလေသည်။ သေရည်ယစ်လာသော် “ဟွမ်ခွေ့”(Huang Kui) မှာ စိတ်ချစွာ
“ငါ့အဖေဟာ လီကျွယ်(Li Jue)နဲ့ ကော်စီ(Guo Si)တို့လက်ထဲမှာ သေရတဲ့အတွက် ငါအမြဲတမ်းခံပြင်းခဲ့တယ်။ အခုလည်း နောက်ထပ်သူပုန်တယောက်က ငါတို့ဘုရင်ကို စော်ကားနေပြန်ပြီ။” ဟုအထိန်းအကွပ်မဲ့စွာဆိုသည်။
“မာထန်”(Ma Teng): “ဘယ်သူများလဲ။”
“ဟွမ်ခွေ့”(Huang Kui): ““ချောင်ချောင်း”(Cao Cao) ပဲပေါ့၊ မင်းကမသိချင်ယောင်ဆောင်တာ ဘာသဘောလဲ။”
သို့သော် “မာထန်”(Ma Teng) မှာ ထောင်ချောက်ဟုတွေးကာ သတိနှင့် ထိုကဲ့သို့ကိစ္စမျိုးမပြောရန် တောင်းပန်သည်။

“ဟွမ်ခွေ့”(Huang Kui): အော်ဟစ်ကာ “မင်းက ခါးပတ်အမိန့်ကို မေ့ပြီပေါ့။”
ထိုအခါမှ “မာထန်”(Ma Teng) လည်း စိတ်ချကာ ၎င်း၏အစီအစဉ်များကို ချပြလေသည်။
“ဟွမ်ခွေ့”(Huang Kui): “ချောင်ချောင်း(Cao Cao) က မင်းကို ဘုရင်နဲ့ တွေ့စေချင်တာ၊ သဘောရိုးနဲ့တော့မဟုတ်ဘူး။ မသွားပါနဲ့။ မင်းရဲ့စစ်တပ်ကို မြို့နားထိချီသွားပြီး ချောင်ချောင်း(Cao Cao) ကို စစ်ဆေးခိုင်းပါ။ သူရောက်လာရင် သတ်ပစ်ပါ။” ဟုပြောသည်။

အစီအစဉ်ချပြီးနောက် “ဟွမ်ခွေ့”(Huang Kui) မှာ စိတ်လှုပ်ရှားဒေါသထွက်စွာနှင့် ပြန်သွားလေသည်။ “ဟွမ်ခွေ့”(Huang Kui) စိတ်မငြိမ်ဖြစ်နေသည်ကိုမြင်သော် ဇနီးဖြစ်သူ ကျီ အမျိုးသမီးက မေးမြန်းသည်။ “ဟွမ်ခွေ့”(Huang Kui) က ပြောမပြပေ။ သို့ရာတွင် ၎င်းတွင် “လီချွန်းရှန်”(Li Chunxiang) အမည်ရှိ မောင်းမတဦးရှိလေသည်။ ကျီ အမျိုးသမီး၏မောင်ဖြစ်သူ “မြောင်ကျဲ”(Miao Ze) သည် ထိုမောင်းမနှင့် ချစ်ကြိုက်နေသည်။ ထိုအဖြစ်အပျက်ကို မောင်းမဖြစ်သူက သူ၏ချစ်သူကို ပြောပြသော် “မြောင်ကျဲ”(Miao Ze) က
“လျူဘေ့(Liu Bei) နဲ့ ချောင်ချောင်း(Cao Cao) မှာ ဘယ်သူက ကလိမ်ကျသူလဲ လို့ သူ့ကိုမေးလိုက်ပါ။” ဟုအကြံပေးသည်။

ထိုညနေတွင် “ဟွမ်ခွေ့”(Huang Kui) က မောင်းမဆောင်သို့လာသော် မောင်းမဖြစ်သူက စီစဉ်ထားသည့်အတိုင်းမေးမြန်းသည်။
“ဟွမ်ခွေ့”(Huang Kui): သေရည်ယစ်လျက်
“မင်းက အမှုထမ်းမဟုတ်ပေမဲ့ အမှားအမှန်ကို ချင့်ချိန်နိုင်တယ်။ ငါ့ရန်သူ၊ ဖြစ်နိုင်ရင် ရှင်းပစ်ချင်တာက ချောင်ချောင်း(Cao Cao) ပဲ။”
“လီချွန်းရှန်”(Li Chunxiang): “ဘာကြောင့်လဲ၊ ရှင်းပစ်ချင်တယ်ဆိုရင် တခုခုလုပ်လေ။”

“ဟွမ်ခွေ့”(Huang Kui): “စစ်သူကြီး မာထန်(Ma Teng) နဲ့ တိုင်ပင်ပြီး ချောင်ချောင်း(Cao Cao) ကိုလုပ်ကြံဖို့ ငါပြင်ဆင်ထားတယ်။”
“လီချွန်းရှန်”(Li Chunxiang) က ထိုအကြောင်းကို သူ၏ချစ်သူကို ပြန်ပြောပြလေသည်။ “မြောင်ကျဲ”(Miao Ze) ကတဖန် “ချောင်ချောင်း”(Cao Cao) ကိုသတင်းပေးရာ “ချောင်ချောင်း”(Cao Cao) ကတန်ပြန်စီစဉ်လေသည်။ ယုံကြည်ရသော စစ်သူကြီးများကိုခေါ်ကာ နောက်နေ့အတွက် အစီအစဉ်ချသည်။ ထို့နောက် “ဟွမ်ခွေ့”(Huang Kui) နှင့် အိမ်သားအားလုံးကိုဖမ်းလေသည်။

နောက်နေ့တွင် စီစဉ်ထားသည့်အတိုင်း “မာထန်”(Ma Teng) နှင့်စစ်သည်များချီတက်လာရာ တံတိုင်းပေါ်တွင် “ချောင်ချောင်း”(Cao Cao) အမှတ်အသား အလံနှင့် နဖူးစည်းများမြင်သော် “ချောင်ချောင်း”(Cao Cao) ကိုယ်တိုင် စစ်ဆေးမည်ဟုသိလေသည်။ သို့နှင့် ဆက်ချီတက်နေစဉ် အချက်ပြဗုံးပေါက်ကွဲပြီး အရပ်လေးမျက်နှာမှ "ရွှီချူ"(Xu Chu) ၊ "ရှဟိုယွမ်"(Xiahou Yuan) ၊ "ချောင်ဟုန်"(Cao Hong) နှင့် "ရွှီဟွမ်"(Xu Huang) ဦးဆောင်သော လက်နက်ကိုင်တပ်များထွက်လာသည်။ အနောက်ပိုင်းတပ်များ ချေမှုန်းခံရလေသည်။
“မာထန်”(Ma Teng) သည် အမှားကိုသိပြီးနောက် သား ၂ ယောက်နှင့်အတူ ရဲဝံ့စွာတိုက်ခိုက်ကာ ထောင်ချောက်မှ ဖောက်ထွက်လေသည်။ “မာထျဲ”(Ma Tie) မှာ မြားဒဏ်ချက်များစွာနှင့် ကျဆုံးလေသည်။ ကျန် ၂ ယောက်မှာ အဖက်ဖက်မှ အ၀ိုင်းခံရသည်။ လူမှာ ဒဏ်ရာဗလပွနှင့်၊ မြင်းမှာလည်း မြားချက်များစွာနှင့် နောက်ဆုံးအဖမ်းခံရတော့သည်။

“မာထန်”(Ma Teng)၊ “မာရှို့”(Ma Xiu) နှင့် သနားစရာ “ဟွမ်ခွေ့”(Huang Kui) တို့ကို “ချောင်ချောင်း”(Cao Cao) ရှေ့မှောက်ခေါ်ဆောင်လာကြသည်။ “ဟွမ်ခွေ့”(Huang Kui) က အပြစ်မရှိကြောင်း ကျယ်လောင်စွာအော်ဟစ်လေသည်။ “ချောင်ချောင်း”(Cao Cao) ကသက်သေ “မြောင်ကျဲ”(Miao Ze) ကိုခေါ်ပြလိုက်သည်။

ထိုအခါ "မာထန်"(Ma Teng) က စိတ်ဆိုးစွာ
“ဒီအသုံးမကျတဲ့ကောင်ကြောင့် ငါ့အစီအစဉ်ပျက်ရတယ်။ အခုတော့ တိုင်းပြည်ရဲ့ရန်သူကို မနှိမ်နင်းနိုင်တော့ဘူး။ ဒါသည်ပင် ကောင်းကင်ရဲ့အလိုပဲလား။” ဟုဆိုလေသည်။ ၃ယောက်လုံးသေဒဏ်ပေးခံရလေသည်။

“မြောင်ကျဲ”(Miao Ze) မှ ဆုလာဘ်အနေဖြင့်
 “လီချွန်းရှန်(Li Chunxiang) ကိုလက်ထပ်ယူချင်ပါတယ်၊ တခြားဆုလာဒ်မလိုပါဘူး။” ဟုဆိုသည်။
ထိုအခါ “ချောင်ချောင်း”(Cao Cao)
မှ ပြုံးလျက်
“သူ့အတွက်နဲ့ အိမ်သားတွေအကုန်သေစေခဲ့တယ်။ ဒီလိုလူဆိုးကို ချန်ထားလို့ ဘာအကျိုးရှိမလဲ” ဟုပြောပြီးထိုသူ ၂ဦးကိုပါ သတ်စေသည်။ ထိုအဖြစ်အပျက်ကိုမြင်သူအားလုံး သက်ပြင်းချကြလေသည်။

“ချောင်ချောင်း”(Cao Cao) က ရှီးလျန် စစ်တပ်ကို အမုန်းပွားမည်စိုးသဖြင့်
“ခေါင်းဆောင်တွေရဲ့ လုပ်ရပ်က သူတို့နဲ့ပဲဆိုင်တယ်။” ဟုဆိုလိုက်သည်။
 သို့သော် “မာတိုက်”(Ma Dai) မလွတ်မြောက်စေရန် လမ်းများကိုပိတ်စေသည်။
အထက်တွင်ဆိုခဲ့သလို “မာတိုက်”(Ma Dai) က နောက်ချန်တပ်မှူးဖြစ်သည်။ ပင်မတပ်မှ လွတ်မြောက်လာသော စစ်သားများထံမှ သတင်းရကတည်းက ကြောက်လန့်ကာ စစ်တပ်ကို ပစ်ပြီး ကုန်သည်ဟန်ဆောင်ကာ ထွက်ပြေးလွတ်မြောက်ပြီးဖြစ်သည်။

“မာထန်”(Ma Teng) ကိုနှိမ်နင်းပြီးသော် “ချောင်ချောင်း”(Cao Cao) သည် တောင်ပိုင်းကိုစစ်ချီရန်ပြင်သည်။ ထိုစဉ် “လျူဘေ့”(Liu Bei) က စစ်သည်စုဆောင်းနေပြီး သူ၏ရည်ရွယ်ချက်မှာ အနောက်ဖက်ကို တိုက်ရန် ဖြစ်သည်ကို ကြားသော် “ချောင်ချောင်း”(Cao Cao) မှာ တုန်လှုပ်လေသည်။ “အနောက်မြစ်နယ်မြေတွေကိုသာ ရရင် အတောင်ပံတွေ ကောင်းကောင်းဖွံ့ဖြိုးသွားလိမ့်မယ်။” ဟုဆိုလေသည်။
“ချောင်ချောင်း”(Cao Cao) ၏ပြဿနာကိုသိသော် အကြံပေးတယောက်က
“လျူဘေ့(Liu Bei) နဲ့ စွန်းချွမ်(Sun Quan) တယောက်ကိုတယောက်မကူညီအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် သိပါတယ်။ တောင်ပိုင်းရော အနောက်ပိုင်းရော ဝန်ကြီးချုပ်ရဲ့နယ်မြေဖြစ်လာစေ့မယ်။” ဟုဆိုလေသည်။


Comments

Popular posts from this blog

Lookism