သုံးနိုင်ငံခေတ်(၆၀)
အခန်း(၆၀) "ကျန်းစုန့်"(Zhang Song) မှ အခြေအနေကိုပြောင်းလဲနိုင်လိုက်ခြင်း။ "ဖန်ထုံ"(Pang Tong) မှ ရှူပြည်နယ်ကိုသိမ်းရန်အကြံပေးခြင်း။
ရှေ့တစ်ခန်းတွင် စကားပြောသူမှာ ယီကျိုး "ကျန်းစုန့်"(Zhang Song) ဖြစ်သည်။ သူ့တွင် မြင်းလှည်းမောင်းသူတို့ကိုအုပ်ချုပ်ရသောရာထူးသေးလေးရှိသည်။ သူသည် နာဖူးပြင်ကျယ်ပြီး ပေါက်တူးကဲ့သို့ငေါ်ထွက်နေသော နားထင်ရှိသော ချွန်သောခေါင်းရှိသောသူဖြစ်သည်။ နှာခေါင်းပြားပြီး သွားခေါ်လေ၏။ လူမှာ အရပ်ပုသော်လည်း ခေါင်းလောင်းကဲ့သို့သော ကြီးမားသည့်အသံကိုပိုင်ဆိုင်သူဖြစ်သည်။
နယ်စားမှ
"ခင်ဗျားက ဒီအန္တရာယ်ကလွတ်မြောက်နိုင်တဲ့အကြံဆိုတာ ဘာကိုဆိုလိုတာလဲ" ဟုမေးသည်။
"ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ချောင်ချောင်း(Cao Cao) ရဲ့အကူအညီကိုယူသင့်တယ်။ သူက တစ်တိုင်းပြည်လုံးနီးပါးကိုရှင်းနိုင်ခဲ့ပြီလေ။ ပထမ လွီပု(Lu Bu) ကိုအနိုင်ယူခဲ့တယ်၊ နောက်တော့ ယွမ်တွေကိုတိုက်ပြီး လတ်တလောတုန်းက မာချောင်း(Ma Chao) ကိုအောင်နိုင်ခဲ့တယ်။ အချုံးပြောရရင်တော့ သူက ဘယ်သူမှမယှဉ်နိုင်တဲ့လူတစ်ယောက်ပဲ။ ဒါကြောင့် သခင်ကြီးက ကျွန်တော့်ကို လက်ဆောင်တွေနဲ့အတူမြို့တော်ကိုလွှတ်လိုက်ပါ။ ကျွန်တော် "ချောင်ချောင်း"(Cao Cao) နဲ့တွေ့ပြီး သူ့တပ်တွေကို ဟန်ကျုံးကိုချီတက်လာအောင် ပြောပါ့မယ်။ အဲ့လိုဆို ကျန်းလု(Zhang Lu) က ကျွန်တော်တို့နယ်ကိုတိုက်တော့မှာ မဟုတ်ဘူး"
ထိုသူပြောသည့်အတိုင်းပင် "လျူကျန်း"(Liu Zhang) ကလည်း ရွှေ၊ ပုလဲနှင့်အဖိုးတန်ရတနာတို့ကို လက်ဆောင်အဖြစ်ပြင်ဆင်ကာ "ကျန်းစုန့်"(Zhang Song) ကိုသံတမန်အနေနှင့် "ချောင်ချောင်း"(Cao Cao) ထံလွှတ်လိုက်လေသည်။ ထိုပြင်ဆင်နေသည့်အချိန်အတွင်းဝယ် "ကျန်းစုန့်"(Zhang Song) သည် အနောက်ဘက်ပြည်နယ်၏မြေပုံနှင့် အစီအစဉ်တို့ကို ခိုးမှတ်ထားသည်။ ပြီးနောက် လူအနည်းငယ်နှင့်အတူ ထွက်ခွာလေသည်။
ကျင်ကျိုးမှထိုအကြောင်းတို့ကိုကြားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် မြို့တော်သို့လူတစ်ယောက်စေလွှတ်ပြီး အခြေအနေတို့ကိုစောင့်ကြည့်ကာ သတင်းပြန်ပို့စေသည်။
"ကျန်းစုန့်"(Zhang Song) သည် မြို့တော်တို့ရောက်သောအခါ တည်းခိုစရာနေရာရှာပြီးနောက် ဝန်ကြီးချုပ်နှင့်တွေ့ရန်စီစဉ်သည်။ သို့သော် "မာချောင်း"(Ma Chao) ကိုအောင်နိုင်ပြီးနောက် "ချောင်ချောင်း"(Cao Cao) မှာ အပျော်ကြီးပျော်ပြီး ပွဲတော်တို့သာအမြဲကျင်းပလေသည်။ အရေးကြီးကိစ္စမရှိလျှင် အခြားသူတို့နှင့်တွေ့ဆုံခြင်းမရှိပဲ တိုင်းရေးပြည်ရာတို့ကိုလည်း သူ့အိမ်တော်မှာပင်နေပြီး စီမံသည်။ ထို့ကြောင့် "ကျန်းစုန့်"(Zhang Song) မှာ ရက်ပေါင်းများစွာစောင့်နေခဲ့သည်။ သို့သော် ဝန်ကြီးချုပ်နှင့်ရင်းနှီးသောသူတို့နှင့်သိကျွမ်းသောအခါ ထိုသူတို့ကိုလာဘ်ထိုးလိုက်သဖြင့် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရလေသည်။
ရောက်လာသောဧည့်သည်မှ ဂါရဝပြုပြီးအခါ အမြင့်တွင်ထိုင်နေသော "ချောင်ချောင်း"(Cao Cao) မှ
"ခင်ဗျားသခင် လျူကျန်း(Liu Zhang) က အခွန်ပဏ္ဏာတွေမဆက်သတာ အတော်ကြာပြီ၊ ဒါဘာကြောင့်လဲ" ဟုမေးသည်။
"ဘာကြောင့်လည်းဆိုတော့ လမ်းခရီးက အန္တရာယ်များပြီး သူခိုးဓားပြတွေပေါတဲ့အတွက် လှည်းယာဉ်တွေခရီးမပေါက်တာပါ"
"ချောင်ချောင်း"(Cao Cao) သည် ကျယ်လောင်သောအသံဖြင့်
"ကျုပ်က တိုင်းပြည်ကိုငြိမ်သက်အောင်လုပ်ခဲ့ပြီးပြီပဲ၊ ဘာလို့ သူခိုးဓားပြတွေရှိနေသေးတာတုန်း" ဟုပြောသည်။
"ဘာလို့ တိုင်းပြည်ကငြိမ်သက်နေပြီလို့ဆိုနိုင်ရတာလဲ? တောင်ဘက်မှာ စွန်းချွမ်(Sun Quan) ၊ အနောက်ဘက်မှာ ကျန်းလု(Zhang Lu) နဲ့ လျူဘေ့(Liu Bei) တို့ရှိပြီး သူတို့မှာ ကိုယ်ပိုင်တပ်ဖွဲ့ကြီးတွေရှိတယ်မဟုတ်လား။ သူတို့ထဲက အင်အားအနည်းဆုံးအဖွဲ့တောင်မှ စစ်တပ်တစ်သိန်းလောက်ရှိတာပဲလေ"
ထိုစကားတို့ကြောင့် "ချောင်ချောင်း"(Cao Cao) သည် ရုတ်တရတ်ထပြီး အင်္ကျီလက်ကိုခါကာ ထွက်သွားလေသည်။ အနီးအနားရှိလူတို့မှ
"ခင်ဗျားကစစ်ကူတောင်းဖို့လာတာ ဘာလို့စကားကိုဒီလိုတည့်တိုးကြီးပြောရတာလဲ? ကံကောင်းတာက ခင်ဗျားကအဝေးကလာတဲ့လူမို့လို့ ကျုပ်သခင်ကြီးက ခင်ဗျားကိုဘာမှမပြောပဲခွင့်လွှတ်လိုက်တာ။ အကောင်းဆုံးကတော့ ခင်ဗျားအိမ်အမြန်ဆုံးပြန်သင့်တယ်" ဟုပြောသည်။ "ကျန်းစုန့်"(Zhang Song) သည် ပြုံးကာ
"မြစ်ကမ်းဒေသမှာ မြှောက်ပင့်ပြောတတ်တဲ့လူ၊ စကားချိုချိုပြောတတ်တဲ့လူ မရှိဘူး" ဟုဆိုသည်။
"ခင်ဗျားဆိုလိုတာက ကျုပ်တို့က မြှောက်ပင့်တတ်ပြီး ခင်ဗျားတို့ဒေသမှာတော့ အဲ့လိုလူမရှိဘူးပေါ့"
"ကျန်းစုန့်"(Zhang Song) သည်ထိုပြောသောသူကိုကြည့်လိုက်ရာ ထိုပြောသူမှာ ပါးလျသောမျက်တောင်၊ မျက်လုံးမှေးမှေးနှင့် ဖြူသောမျက်နှာရှိသည့်လူကိုမြင်သည်။ သို့နှင့် ထိုသူ၏နာမည်ကိုမေးလိုက်လေ၏။ ထိုသူမှာ "ရန် ရှို့"(Yang Xiu) ဖြစ်ပြီး ယခင်စစ်သူကြီး "ရန်ပြောင်း"(Yang Biao) ၏သားဖြစ်သည်။ သူသည် ဝန်ကြီးချုပ်ရုံး အတွင်းရေးမှူးတို့၏သဘာပတိဖြစ်ပြီး စာပေတို့ကိုလေ့လာသူဖြစ်ကာ ရှေးရိုးဆန်သူဖြစ်သည်။ ကိုယ့်အစွမ်းအစကိုယုံကြည်ကာ အခြားသောသူတို့ကို အထင်သေးလေ၏။ "ကျန်းစုန့်"(Zhang Song) ၏စကားကို "ရန် ရှို့"(Yang Xiu) မှကဲ့ရဲ့ပြီး နှစ်ဦးသား ကောင်းစွာဆွေးနွေးနိုင်ရန်အတွက် စာကြည့်ဆောင်သို့ခေါ်သွားသည်။ စာကြည့်ဆောင်သို့ရောက်သော် အနောက်ပိုင်းဒေသအကြောင်း ပြောလေသည်။
"ရန် ရှို့"(Yang Xiu) မှ
"ခင်ဗျား လမ်းခရီးမှာ ပင်ပန်းလာမှာပေါ့" ဟုပြောသည်။
"နယ်စားကြီးရဲ့အမိန့်နဲ့လာခဲ့ရတာ၊ မီးတွေ၊ ရေတွေကိုဖြတ်ကျော်ရရင်တောင် မမှုပါဘူး"
"ယီကျိုးက ဘယ်လိုဒေသမျိုးလဲ"
"ယီကျိုးက အနောက်ပိုင်းမှာရှိတဲ့မြို့နယ်တွေပေါင်းထားတဲ့ပြည်နယ်ကြီးဖြစ်ပြီး ရှေးယခင်ကတော့ ရှူပြည်နယ်လို့ခေါ်တယ်။ လမ်းတွေမှာ စမ်းချောင်းတွေချားထားပြီး မြေပြင်မှာလည်း မြင့်မားတဲ့တောင်တန်းတွေရှိတယ်။ ပတ်ပတ်လည်မှာ စခန်းပေါင်းနှစ်ရာကျော်ရှိပြီး ဧရိယာက စတုရန်းမိုင်တစ်သိန်းကျော်ကျယ်ဝန်းတယ်။ လူဦးရေထူထပ်ပြီး ကြက်တွန်တာကို အနီးကလူတွေကြားနိုင်သလို ခွေးဟောင်တာလည်း ကြားနိုင်တယ်။ မြေဆီလွှာကောင်းမွန်ပြီး စိုက်ပျိုးရေးအတွက်ကောင်းတယ်။ မိုးခေါင်ရေရှားတာ၊ အစာရေစာပြတ်လပ်တယ်ဆိုတာ ကြားတောင်မကြားဖူးခဲ့ဘူး။ ကြွယ်ဝချမ်းသာမှုကတော့ အထိုက်အသင့်ပါပဲ။ ပုလွေနဲ့ဂီတသံတွေကတော့ အမြဲကြားရတယ်။ ကောက်ပဲသီးနှံတွေကိုပုံထားရင် တောင်တစ်ခုစာမြင့်တယ်။ အဲ့လိုဒေသဆိုတာ တခြားနေရာမှာမရှိပါဘူး"
"လူတွေကရော"
"အုပ်ချုပ်သူတွေက လျူရှန်းရူ(Liu Xiangru) လိုထူးချွန်ပြီး စစ်သားတွေက မာယွမ်(Ma Yuan) လိုရဲရင့်တယ်။ သမားတော်တွေက ကျန်းကျိ(Zhang Ji) လိုအစွမ်းထက်ပြီး ဗေဒင်ဆရာတွေက ရန်ကျွင်း(Yan Zun) လိုတော်တယ်။ အတွေးအခေါ်နဲ့ယဉ်ကျေးမှုထွန်းကားတာက တခြားလူတွေ စံပြုလောက်တယ်။ အဲ့လိုအစွမ်းထက်တဲ့လူတွေအကြောင်းကို ကျုပ်ပြောရင် ပြောလို့တောင်မကုန်နိုင်ပါဘူး"
"အဲ့လိုလူတွေက နယ်စားကြီးရဲ့လက်အောက်မှာရှိရဲ့လား"
"ကျုပ်တို့ရုံးကအရာရှိတွေက ဉာဏ်ကြီးရှင်တွေချည်းပဲ။ ဉာဏ်ပညာ၊ ရဲဝံ့မှု၊ သစ္စာရှိမှု၊ မှန်ကန်ဖြောင့်မတ်မှု၊ တည်ကြည်မှု အစရှိတဲ့အချက်တွေအကုန်လုံးပိုင်ဆိုင်ကြတယ်။ ကျွန်တော့်လို သာမန်အမှုထမ်းတွေက ရေလို့တောင်မကုန်နိုင်ပါဘူး"
"ခင်ဗျားက ဘယ်မှာအမှုထမ်းတာလဲ"
"ကျုပ်က မြင်းလှည်းမောင်းသူ ရုံးခန်းလေးကိုတာဝန်ယူရတာ။ ခင်ဗျားကကော?"
"ကျုပ်က ဝန်ကြီးချုပ်ရုံးရဲ့ ပထမအဆင့် အတွင်းရေးမှူးပဲ"
"ခင်ဗျားတို့မိသားစုက မျိုးရိုးစဉ်ဆက် အမှုထမ်းမျိုးရိုးမဟုတ်လား။ ခင်ဗျားက ဘာလို့ ဘုရင့်နားမှာအမှုမထမ်းပဲ ဝန်ကြီးချုပ်ရုံးမှာ သာမန်စာရေးဖြစ်နေရတာလဲ"
ထိုအခါ "ရန် ရှို့"(Yang Xiu) မျက်နှာမှာ ရှက်သွားဟန်ပေါ်သည်။ ထို့နောက် ဣနြေ္ဒပြန်ဆည်ကာ
"ကျုပ်က သာမန်အမှုထမ်းဆိုပေမယ့်လည်း ကျုပ်ရဲ့တာဝန်တွေကကြီးမားတယ်။ နောက်ပြီး ဝန်ကြီးချုပ်နားမှာနေရတာ အတွေ့အကြုံတွေရတယ်"
"ကျန်းစုန့်"(Zhang Song) သည် ပြုံးကာ
"ကျုပ်ကြားရသလောက်ကတော့ ချောင်ချောင်း(Cao Cao) က ကွန်ဖြူးရှပ်တို့၊ မင်းစီးယပ်တို့ရဲ့ပညာတွေကိုလည်း မလေ့လာသလို သူ့စစ်ပညာအရည်အချင်းကလည်း ဆွန်ဇု(Sun Zi) တို့၊ ဝူချီ(Wu Qi) တို့ကိုမယှဉ်နိုင်ဘူး။ သူက ခွန်အားနဲ့အနိုင်ယူတာပဲနားလည်ပြီး သူ့ကောင်းကျိုးအတွက်လုပ်တဲ့လူပဲ။ ခင်ဗျားက သူ့လိုလူဆီက ဘာတွေသင်ယူစရာရှိလို့လဲ" ဟုပြောသည်။
"ခင်ဗျားက အဝေးကလာတဲ့လူဆိုတော့ ခင်ဗျားက ဝန်ကြီးချုပ်ရဲ့အရည်အချင်းတွေကိုသိမှာမဟုတ်ဘူး။ ခင်ဗျားကို တစ်ခုပြစရာရှိတယ်"
ထို့နောက် အစေခံတစ်ဦးကိုခေါ်ပြီး စာအုပ်တစ်အုပ်ယူလာစေသည်။ ထိုစာအုပ်၏ခေါင်းစဉ်မှာ 'ချောင်ချောင်း၏စာအုပ်အသစ်' ဟူ၍ဖြစ်သည်။ "ကျန်းစုန့်"(Zhang Song) သည် ထိုစာအုပ်ကိုအစမှစကြည့်သည်။ အခန်းပေါင်း ၁၃ ခန်းရှိပြီး စစ်ဗျူဟာတို့ကိုရေးထားသည့်စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကိုဖတ်ပြီးနောက် "ကျန်းစုန့်"(Zhang Song) မှ
"ဒါက ဘာလဲ" ဟုမေးသည်။
"ဒါက ဆွန်ဇုရဲ့စစ်ဗျူဟာကျမ်းကိုအခြေခံထားပြီး လက်ရှိခေတ်ဗျူဟာတွေနဲ့ပေါင်းပြီးတော့ ဝန်ကြီးချုပ်ကိုယ်တိုင်ပြုစုထားတဲ့စစ်ဗျူဟာကျမ်းဖြစ်တယ်။ ဝန်ကြီးချုပ်ရဲ့အရည်အချင်းနဲ့ဆို သမိုင်းမှာ နာမည်ကျော်နိုင်တယ်မဟုတ်လား"
"ဒီစာအုပ်လား? ယီကျိုးက ကလေးတိုင်း ဒါကိုအလွတ်ရတယ်။ ဘာလို့ စာအုပ်အသစ်လို့ပြောရတာလဲ? ဒီစာအုပ်ကို စစ်ပွဲများခေတ်ကလူတစ်ယောက်ရေးခဲ့တာဖြစ်ပြီး ချောင်ချောင်း(Cao Cao) ကခိုးချထားတာပဲ။ သူကခင်ဗျားကိုပဲလိမ်နိုင်မယ်၊ တခြားလူကိုတော့လိမ်လို့မရဘူး"
"ကလေးတွေတောင်သိတယ်ဆိုပြီး ဘာလို့ဒီလိုစော်ကားပြီးပြောရတာလဲ? ဒီစာအုပ်ကို အပြင်ကိုတစ်ခါမှမဖြန့်ဖူးဘူး။ ပုံနှိပ်ပေမယ့်လည်း ကိုယ်ပိုင်စာကြည့်တိုက်ထဲမှာပဲ ထားခဲ့တာ"
"ခင်ဗျား မယုံဘူးလား။ ကျုပ်ဆိုပြမယ်"
ထို့နောက် "ကျန်းစုန့်"(Zhang Song) သည် စာလုံးတစ်လုံးမှမလွဲစေပဲ တစ်အုပ်လုံးကိုရွတ်ပြလေသည်။ "ရန် ရှို့"(Yang Xiu) မှ
"ခင်ဗျားက တစ်ခေါက်ပဲဖတ်လိုက်ရုံနဲ့ အလွတ်ရသွားတယ်၊ တော်တော်ဉာဏ်ကောင်းတဲ့လူပဲ" ဟုချီးမွမ်းလေသည်။ ပြီးနောက် သူမှ
"ခင်ဗျား ဒီမှာခဏနေနှင့်ဦး။ ခင်ဗျား ဝန်ကြီးချုပ်နဲ့ထပ်တွေ့နိုင်အောင် ကြိုးစားပေးပါ့မယ်" ဟုပြောသည်။ "ကျန်းစုန့်"(Zhang Song) မှလည်း ကျေးဇူးတင်စကားဆိုကာ ထွက်သွားသည်။
"ရန် ရှို့"(Yang Xiu) သည် "ချောင်ချောင်း"(Cao Cao) ထံသွားပြီးနောက်
"ဝန်ကြီးချုပ်က ကျန်းစုန့်(Zhang Song) ကိုဘာလို့အဲ့လိုဆက်ဆံခဲ့တာလဲ" ဟုမေးသည်။
"သူက စကားပြောတာရိုင်းပျလို့"
"ဒါပေမယ့် ဝန်ကြီးချုပ်က မီဟန်(Mi Heng) ကိုတောင်ခွင့်လွှတ်ခဲ့တာပဲလေ။ ဘာလို့သူ့ကို ခွင့်မလွှတ်တာလဲ"
"မီဟန်(Mi Heng) က ပညာထူးချွန်တယ်ဆိုပြီးကျော်ကြားတယ်။ ဒါကြောင့် သူ့ကိုမသတ်ရက်ဘူး။ ဒီကျန်းစုန့်(Zhang Song) ကဘာအရည်အချင်းရှိလို့လဲ"
"သူ့စကားတွေက ကောင်းကင်မြစ်လိုပဲ၊ သူနဲ့ပြိုင်ပြီး ဘယ်သူမှမငြင်းနိုင်ဘူး။ ကျွန်တော် ဝန်ကြီးချုပ်ရဲ့စစ်ဗျူဟာကျမ်းကိုသူ့ကိုပြတော့ သူကတစ်ခေါက်ဖတ်ရုံနဲ့အလွတ်ဆိုပြနိုင်တယ်။ ဒါကြောင့် သူ့မှာ အင်မတန်ကောင်းတဲ့မှတ်ဉာဏ်ရှိတယ်ဆိုတာ သိသာတယ်။ လောကမှာ သူ့လိုလူအင်မတန်ရှားတယ်။ ဒါပေမယ့် သူက အဲ့စာအုပ်က လွန်ခဲ့တဲ့နှစ်ရာချီလောက်က လူတစ်ဦးရေးခဲ့တာလို့ပြောပြီး သူ့ဒေသက ကလေးတွေကအလွတ်ရတယ်လို့ဆိုတယ်"
"ဒါ အရင်ကလူနဲ့ကျုပ်နဲ့က ဉာဏ်ချင်းတူခဲ့လို့နေမှာပေါ့"
သို့သော်လည်း "ချောင်ချောင်း"(Cao Cao) က ထိုစာအုပ်ကို မီးရှို့ဖျက်စီးစေခဲ့သည်။
"ဒါဆို ကျွန်တော်တို့အဖွဲ့ရဲ့ကြီးကျယ်ခမ်းနားမှုကိုမြင်အောင် သူ့ကို ဒီခေါ်လာရမလား"
"ချောင်ချောင်း"(Cao Cao) မှ
"မနက်ဖြန် အနောက်ဘက်ကွင်းပြင်မှာ စစ်ရေးလေ့ကျင့်မှုလုပ်မယ်။ ခင်ဗျားက သူ့ကိုခေါ်လာပြီးပြပေါ့။ ဒီလိုဆို ကျုပ်ရဲ့စစ်တပ်အကြောင်းကို သူပြန်သွားတဲ့အခါပြောနိုင်တာပေါ့။ ကျုပ် တောင်ပိုင်းကိုသိမ်းပြီးတာနဲ့ အနောက်ပိုင်းကိုသိမ်းမယ်" ဟုပြောသည်။
ထို့ကြောင့် နောက်ရက်တွင် "ရန် ရှို့"(Yang Xiu) သည် "ကျန်းစုန့်"(Zhang Song) စစ်ရေးလေ့ကျင့်နေသည့်အနောက်ဘက်ကွင်းပြင်သို့ခေါ်သွားသည်။ 'ကျား' ကိုယ်ရံတော် ငါးသောင်းတို့သည် ညီညီညာညာစီထားပြီး တောက်ပသောခမောက်၊ သစ်လွင်သောဝတ်စုံတို့ကိုဝတ်ဆင်ထားသည်။ ဗုံတီးသံတို့သည် ကောင်းကင်ကိုပင်တုန်လှုပ်စေပြီး လက်နက်တို့သည် နေရောင်အောက်ဝယ် တလျပ်လျပ်တောက်ပနေသည်။ တပ်သားတို့သည် အမိန့်ကိုအပြည့်အဝနာခံကာ အလံသည်လေထဲတွင် တလူလူ လွင့်နေလေ၏။ ကြည့်ရသည်မှာ ကောင်းကင်ကြီးထံသို့ပျံလုမတတ်ဖြစ်နေသည်။
"ကျန်းစုန့်"(Zhang Song) သည် ထိုအခြင်းအရာတို့ကို အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်လေသည်။
အချိန်အတန်ကြာသော် "ချောင်ချောင်း"(Cao Cao) မှ "ကျန်းစုန့်"(Zhang Song) ကိုခေါ်ပြီး
"ခင်ဗျား ယီကျိုးမှာ ဒီလိုရဲဝံ့သူတွေတွေ့ဖူးလား" ဟုမေးသည်။
"ကျွန်တော်တို့ ယီကျိုးမှာစစ်ရေးလေ့ကျင့်မှုမလုပ်ပါဘူး။ ကျွန်တော်တို့က လူတွေအပေါ်ဖြောင့်မတ်စွာအုပ်ချုပ်တယ်"
"ချောင်ချောင်း"(Cao Cao) သည် မျက်နှာအရောင်ပြောင်းသွားပြီး ထိုသို့ပြောသည့်လူ၏မျက်နှာကိုစေ့စေ့ကြည့်သည်။ ထိုသူမှလည်း ရဲဝံ့စွာ "ချောင်ချောင်း"(Cao Cao) ကိုပြန်ကြည့်သည်။
"ရန် ရှို့"(Yang Xiu) မှ "ကျန်းစုန့်"(Zhang Song) အား မျက်လုံးဖြင့်လှမ်းကာ အချက်ပေးသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ကျုပ်က လောကမှာ ကြွက်လောက်အဆင့်အတန်းရှိတဲ့လူတွေအပေါ် မြက်ပင်လောက်တောင်တန်ဖိုးမထားဘူး။ ကျုပ်စစ်တပ်ကြီးချီတက်တာက အောင်နိုင်ဖို့ပဲ။ တိုက်ပွဲတိုက်တာက စစ်နိုင်ဖို့ပဲ၊ မြို့ကိုဝန်းရံတာက သိမ်းနိုင်ဖို့ပဲ။ ကျုပ်နဲ့ပူးပေါင်းရင် ရှင်မှာဖြစ်ပြီး ဆန့်ကျင်ရင် သေရမှာဖြစ်တယ်။ ခင်ဗျားဒါကိုနားလည်လား" ဟုပြောသည်။
"အို၊ ဝန်ကြီးချုပ်၊ ခင်ဗျားစစ်ချီတက်ရင် အမြဲနိုင်တယ်ဆိုတာ ကျုပ်သိတာပေါ့။ ခင်ဗျား ပုရန်မှာ လွီပု(Lu Bu) ကိုတိုက်တုန်းကရော၊ ဝမ်ချန်က ကျန်းရှို့(Zhang Xiu) နဲ့စစ်ဖြစ်တုန်းကကော၊ ကမ်းပါးနီမှာ ကျိုးယွီ(Zhou Yu) နဲ့ရင်ဆိုင်ခဲ့စဉ်တုန်းကရော၊ ဟွာရုံကမ်းပါးမှာ ကွမ်းယွီ(Guan Yu) နဲ့တွေ့ခဲ့စဉ်တုန်းကရော၊ အဲ့အကြောင်းတွေသိပါတယ်။ ဒါ့အပြင် ထုံမန်ခံတပ်မှာတုန်းက မုတ်ဆိတ်ကိုဖြတ်၊ အဝတ်ကိုစွန့်ပြီးပြေးရတာကော၊ မြစ်ဝါမြစ်မှာတုန်းက မြားဒဏ်ကလွတ်အောင် လှေထဲမှာ ပုန်းခဲ့တာရော ကျွန်တော်အကုန်သိပါတယ်။ ဘယ်သူမှ ဝန်ကြီးချုပ်ကိုမယှဉ်နိုင်ပါဘူး"
"ချောင်ချောင်း"(Cao Cao) သည် သူ၏ရှုံးနိမ့်မှုတို့ကိုရောပြီးပြောသောအခါ ဒေါသထွက်ပြီး
"ကိုယ့်ကိုယ်ကို ဘဝင်လေဟပ်နေတဲ့လူက ကျုပ်ရှုံးနိမ့်မှုအကြောင်းကိုပြောရဲတယ်" ဟုဆိုပြီး သေဒဏ်ပေးရန် အစောင့်တို့ကိုခေါ်လိုက်သည်။ ထိုအခါ "ရန် ရှို့"(Yang Xiu) မှ
"ဝန်ကြီးချုပ် သူ့ကိုသတ်လိုက်မယ်ဆိုရင် လူအများက မကျေမနပ်ဖြစ်ကြပါလိမ့်မယ်" ဟုပြောသည်။
သို့သော်လည်း "ချောင်ချောင်း"(Cao Cao) သည် အင်မတန်ဒေါသထွက်နေသောကြောင့် နားမဝင်ပေ။ ထိုအချိန်တွင် "ရွှင်ယွိ"(Xun Yu) မှဝင်ကာ နားချသောကြောင့် "ကျန်းစုန့်"(Zhang Song) ကိုသေဒဏ်မပေးတော့ပဲ ကြိမ်ဒဏ်သာပေးလိုက်လေသည်။
"ကျန်းစုန့်"(Zhang Song) သည် သူတည်းခိုသည့်နေရာသို့ပြန်ပြီး အဖြစ်အပျက်တို့ကို ပြန်လည်ဆန်းစစ်လေသည်။
'သူ့ကို ပြည်နယ်ဆက်သမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လာခဲ့တာ သူက အဲ့လောက်ကြမ်းကြုတ်မယ်မထင်ခဲ့ဘူး။ အခုပြန်သွားရင် လျူကျန်း(Liu Zhang) က အကြံအစည်အောင်ပြီဆိုပြီးမျှော်နေမှာ။ အဲ့လိုသာ လက်ဗလာနဲ့ပြန်သွားရင် လူရယ်စရာဖြစ်မယ်။ ဒီတော့ ပြန်မသွားတော့ဘူး။ လျူဘေ့(Liu Bei) က ရက်ရောပြီးသနားကြင်နာတတ်တယ်လို့ နာမည်ကြီးတယ်။ သူ့ဆီသွားပြီး တီးခေါက်ကြည့်ပြီးတော့မှ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်တာပေါ့'
ထို့နောက် နောက်လိုက်နောက်ပါ အနည်းငယ်နှင့်အတူ ကျင်ကျိုးသို့သွားလေသည်။ ဝူချန်နယ်နိမိတ်နားသို့ရောက်သောအခါဝယ် မြင်းသည်တော်အချို့ကိုတွေ့သည်။ ထိုမြင်းသည်တော်တို့ထဲမှ ခေါင်းဆောင်က စစ်သူကြီးဝတ်စုံဝတ်ထားသည်။ ထိုစစ်သူကြီးမှ
"ခင်ဗျားက မြင်းလှည်းရုံးက ကျန်းစုန့်(Zhang Song) လား" ဟုမေးသည်။
"အဲ့ဒါ ကျုပ်ပါပဲ"
ထိုစစ်သူကြီးသည် မြင်းပေါ်မှဆင်းကာ ရိုကျိုးစွာဖြင့်
"ကျွန်တော် ခင်ဗျားကိုစောင့်နေခဲ့တာကြာပါပြီ။ ကျွန်တော်က ကျောက်ယွင်(Zhao Yun) ပါ" ဟုပြောသည်။ "ကျန်းစုန့်"(Zhang Song) သည်လည်း မြင်းပေါ်မှဆင်းပြီး အရိုအသေပေးကာ
"ဒါဆို ခင်ဗျားက ချန်စန်းက မီးလူသားပေါ့" ဟုပြောသည်။
"ဟုတ်ပါတယ်။ ကျွန်တော့်သခင် လျူဘေ့(Liu Bei) က ကျွန်တော့်ကိုလွှတ်ပြီး ခရီးလမ်းမှာ ပင်ပန်းနေတဲ့ခင်ဗျားအတွက် အစားအသောက်တွေပေးခိုင်းလိုက်ပါတယ်"
ထို့နောက် စစ်သားအချို့သည် စားစရာနှင့်အရက်တို့ကိုယူလာပြီး ဒူးထောက်ကာပေးလေသည်။
"ကျန်းစုန့်"(Zhang Song) မှ
"ကျွန်တော် ဒီကိုလာတာဟာ လူတွေက လျူဘေ့(Liu Bei) ဟာ သဘောထားကြီးပြီးကြင်နာတယ်လို့ ပြောကြလို့" ဟုပြောသည်။
ထိုသူနှစ်ဦးတို့သည် အရက်သောက်ပြီးနောက် ကျင်ကျိုးမြို့သို့ခရီးဆက်ရာ နောက်ရက်ညနေစောင်းခန့်တွင် ကျင်ကျိုးမြို့အနီးသို့ရောက်လေသည်။ ထို့နောက် ဧည့်ဆောင်သို့သွားကြသည်။ ထိုနေရာတွင် လူတို့က ဗုံတီးကာကြိုဆိုကြပြီး အကုန်လုံးက ဧည့်သည်ကို လေးစားစွာဖြင့် ဆက်ဆံသည်။
ခေါင်းဆောင်ဖြစ်သူမှ အရိုအသေပေးပြီး
"ကျွန်တော့်အစ်ကိုက ကျွန်တော့်ကိုလွှတ်ပြီး ရှည်လျားတဲ့ခရီးကရောက်လာတဲ့မိတ်ဆွေအနားယူဖို့အတွက် ဧည့်ဆောင်ပြင်ခိုင်းထားတယ်။ ကျွန်တော်က ကွမ်းယွီ(Guan Yu) ပါ" ဟုပြောသည်။
"ကျန်းစုန့်"(Zhang Song) နှင့် "ကျောက်ယွင်"(Zhao Yun) တို့သည်လည်း မြင်းပေါ်မှဆင်းကာ ဧည့်ဂေဟာအတွင်းသို့ဝင်ပြီး အိမ်ရှင်နှင့်ဧည့်သည်တို့သည် နှုတ်ခွန်းဆက်ကြလေသည်။ ပြီးနောက် စားသောက်ပွဲတည်ခင်းကာ ဧည့်ခံသည်။
နောက်ရက် မနက်စာစားပြီးနောက်ဝယ် မြင်းစီးကာ ခရီးဆက်ကြပြန်သည်။ မကြာမီပင် အစောင့်အကြပ်အနည်းငယ်၊ အကြံပေးနှစ်ဦးနှင့်အတူရောက်လာသည့် "လျူဘေ့"(Liu Bei) ကိုလမ်းတွင်တွေ့သည်။ "ကျန်းစုန့်"(Zhang Song) သည် "လျူဘေ့"(Liu Bei) မှန်းသိသည်နှင့် မြင်းပေါ်မှဆင်းကာ "လျူဘေ့"(Liu Bei) ထံလျှောက်သွားသည်။ "လျူဘေ့"(Liu Bei) သည် "ကျန်းစုန့်"(Zhang Song) အပေါ်လေးစားစွာဆက်ဆံသည်။"လျူဘေ့"(Liu Bei) မှ
"ကျွန်တော် ခင်ဗျားရဲ့နာမည်ဂုဏ်သတင်းကိုကြားခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း နေရာအရပ်ကကွာဝေးလွန်းတော့ တွေ့ဖို့အခွင့်မရှိခဲ့ဘူး။ အခု ခင်ဗျားက ဒီကဖြတ်သွားမယ်ဆိုတာကြားသိရတော့ ခင်ဗျားနဲ့လာတွေ့တာပါ။ ကျွန်တော် ခင်ဗျားနဲ့တွေ့ချင်တာကြာပြီဖြစ်တာကြောင့် ခင်ဗျားသာ ကျွန်တော့်မြို့မှာခဏနေရင် ကျွန်တော့်အတွက်ကံကောင်းမှုပါပဲ" ဟုပြောသည်။
ထိုအခါ "ကျန်းစုန့်"(Zhang Song) သည်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် မြင်းပေါ်သို့တက်ကာ မြို့ထဲသို့သွားကြသည်။ မြို့သို့ရောက်သောအခါ အိမ်တော်အတွင်းသို့ဝင်ပြီး ဧည့်သည်နှင့်အိမ်ရှင်တို့ စကားစမြည်ပြောကြလေသည်။ ထို့နောက် စားသောက်စရာတို့ဖြင့်ဧည့်ခံသည်။ "လျူဘေ့"(Liu Bei) သည် အလ္လာပသလ္လာပစကားတို့သာပြောပြီး အနောက်ဘက်ပြည်နယ်အကြောင်းတစ်ခွန်းမှမဟပေ။
၎င်းကိုသတိပြုမိသောဧည့်သည်မှ
"ဦးရီးတော်၊ ကျင်ကျိုးမှာ မြို့နယ်ဘယ်နှစ်ခုရှိလဲ" ဟုမေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှဝင်ပြီး
"ကျင်ကျိုးက ကျွန်တော်တို့ယာယီပဲစခန်းချထားတာ၊ တောင်ပိုင်းပြည်နယ်ကနေခဏငှားထားတာ။ သူတို့ကအမြဲသံတမန်လွှတ်ပြီး ဒီပြည်နယ်ကိုပြန်တောင်းစေတယ်။ ဒါပေမယ့် အခု ကျုပ်တို့သခင်က သူတို့သမီးနဲ့လက်ဆက်လိုက်တော့ အခြေအနေကပိုခိုင်သွားတယ်။ ဒါပေမယ့်လည်း ဒါကခဏတာပါပဲ" ဟုပြောသည်။
"ကျန်းစုန့်"(Zhang Song) : "တောင်ပိုင်းပြည်နယ်ကကျယ်ပြန့်တယ်။ ပြည်နယ်ခြောက်ခုနဲ့မြို့နယ်ရှစ်ဆယ့်တစ်ခုရှိတာတောင် မကျေနပ်နိုင်သေးဘူး။ လူတွေကကြံ့ခိုင်ပြီး မြေပြင်က ကောက်ပဲသီးနှံဖြစ်ထွန်းတယ်"
"ဖန်ထုံ"(Pang Tong) : "ကျုပ်တို့သခင်ကြီးက မင်းဆွေမင်းမျိုးဖြစ်ပေမယ့်လည်း တခါမှတိုင်းပြည်ကြီးရဲ့နယ်ပယ်ကို မသိမ်းယူခဲ့ဖူးဘူး။ တခြားသူပုန်တွေကတော့ သူတို့အင်အားရှိသလောက် နယ်ပယ်တွေသိမ်းယူကြတယ်။ အကြောင်းအကျိုးနားလည်သူတွေက ဒါမျိုးကိုလက်ခံမှာမဟုတ်ဘူး"
"လျူဘေ့"(Liu Bei) : "ခင်ဗျားတို့တွေမပြောကြပါနဲ့တော့။ အနာဂတ်အတွက်မျှော်လင့်ရအောင် ကျုပ်မှာဘာအရည်အချင်းရှိလို့လဲ'
"ကျန်းစုန့်"(Zhang Song) : "ဘယ်ဟုတ်မလဲ။ ဦးရီးတော်က မင်းဆွေမင်းမျိုးပဲ။ လူတွေကြားမှာလည်း ကျော်ကြားတယ်။ နယ်မြေတွေကိုသိမ်းပြီး ဘုရင်နေရာကိုယူရင်တောင် ဘယ်သူမှ ဘာမှပြောမှာမဟုတ်ဘူး"
"လျူဘေ့"(Liu Bei) : "မိတ်ဆွေ အဲ့လိုပြောတာကတော့ နည်းနည်းလွန်ပါတယ်"
နောက်သုံးရက်လုံးလုံး စားသောက်ပွဲတို့နှင့် ဧည့်သည်ကိုဖျော်ဖြေကာ အနောက်ဘက်ပြည်နယ်အကြောင်း ဘာမျှမပြောကြပေ။ ထို့နောက် "ကျန်းစုန့်"(Zhang Song) သည်လည်း သူ့အရပ်သို့ပြန်ရန်ပြုလေသည်။ အိမ်ရှင်တို့မှ သုံးမိုင်အကွာအထိလိုက်ပို့ကာ နှုတ်ဆက်လေသည်။
"လျူဘေ့"(Liu Bei) မှ အရက်ခွက်ကိုကိုင်မြှောက်ကာ
"ခင်ဗျားက ဒီမှာခရီးတစ်ထောက်နားပြီး သုံးရက်တိုင်တိုင်နေခဲ့တာ ကျုပ်တကယ်ဝမ်းသာတယ်။ ဒါပေမယ့်လည်း ခွဲခွာဖို့အချိန်ရောက်လာခဲ့ပြီ။ ဘယ်အချိန်မှများ ခင်ဗျားရဲ့ညွှန်ကြားမှုတွေကိုပြန်ကြားရမယ်မသိဘူး" ဟုပြောသည်။ ထိုသို့ပြောရင်း မျက်ရည်တို့ကျလာလေသည်။
၎င်းမြင်သော "ကျန်းစုန့်"(Zhang Song) သည် "လျူဘေ့"(Liu Bei) မှာမြင့်မြတ်သူ၊ သနားကြင်နာတတ်သူဟုတွေးကာ အနောက်ဘက်အကြောင်းပြောရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်တော်လည်း တစ်ရက်ရက်တော့ ခင်ဗျားဆီကိုလာလည်မယ်လို့တွေးပေမယ့် နည်းလမ်းမရှိဘူး။ ကျင်ကျိုးမှာဆိုရင် အရှေ့ဘက်မှာ စွန်းချွမ်(Sun Quan) ကတိုက်ဖို့အသင့်ရှိနေပြီး မြောက်ဘက်က ချောင်ချောင်း(Cao Cao) ကဝါးမြိုဖို့စောင့်နေတယ်။ ဒီနေရာမှာ ခင်ဗျားမနေသင့်ဘူး"
"ဒါကို ကျုပ်သိပါတယ်။ ဒါပေမယ့် ကျုပ်မှာ တခြားသွားစရာနေရာမဟုတ်ဘူး"
"ယီကျိုးက လုံခြုံမှုရှိပြီး မြေဆီလွှာလည်းကောင်းတယ်။ လူဦးရေထူထပ်ပြီး အုပ်ချုပ်မှုလည်းကောင်းတယ်။ ခင်ဗျားရဲ့နာမည်ဂုဏ်ကြောင့် ပညာရှိတွေလည်း စုစည်းလာမှာပဲ။ ခင်ဗျားသာ အနောက်ဘက်ကိုချီတက်ရင် အလွယ်တကူနဲ့အင်အားတောင့်တင်းအောင်လုပ်နိုင်ပြီး ဟန်တိုင်းပြည်ရဲ့အာဏာကိုပြန်တည်အောင်လုပ်နိုင်မယ်"
"ကျွန်တော် ဒါကိုဘယ်လိုလုပ်ဝံ့ပါ့မလဲ? အဲ့နယ် နယ်စားကလည်း မင်းဆွေမင်းမျိုးပဲလေ။ သူ့ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေကြောင့် ပြည်နယ်တစ်ခုလုံးက သူ့အပေါ်သစ္စာရှိကြတာ။ သူ့လိုဘယ်သူမှမလုပ်နိုင်ဘူး"
"ကျွန်တော်က သစ္စာဖောက်တစ်ယောက်မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားနဲ့တွေ့တော့ ရင်ထဲကစကားတွေပြောထွက်လာတယ်။ ယီကျိုးနယ်စား လျူကျန်း(Liu Zhang) ဟာ အင်အားနည်းပြီး ပညာရှိတွေကိုအသုံးမချနိုင်သလို အစွမ်းရှိသူတွေကိုလည်း မဆွဲဆောင်နိုင်ဘူး။ နောက်ပြီး မြောက်ဘက်က ကျန်းလု(Zhang Lu) က ရန်မူနေတယ်။ လူတွေရဲ့အာရုံမှာ သူမရှိသလို ကောင်းမွန်တဲ့အုပ်ချုပ်သူအသစ်ရောက်လာရင် အကုန်လုံးကကြိုဆိုကြမှာပဲ။ ကျွန်တော် ခရီးထွက်လာတာဟာ အဲ့ပြည်နယ်ကို ချောင်ချောင်း(Cao Cao) ထံဆက်သမလို့။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က သစ္စာမဲ့ပြီး ရက်စက်ကြမ်းကြုတ်သူဆိုတာ သိခဲ့တော့ ကျွန်တော် သူ့ဆီကထွက်လာခဲ့တယ်။ ခင်ဗျား ယီကျိုးကိုရရင် ဟန်ကျုံးကိုသိမ်းဖို့လုပ်နိုင်ပြီး တစ်နိုင်ငံလုံးကိုပါ သိမ်းဖို့စီစဉ်နိုင်တယ်။ မှန်ကန်တဲ့ဧကရာဇ်မျိုးဆက်ကိုဆက်လက်ရှင်သန်စေပြီး ခင်ဗျားနာမည်က သမိုင်းတွင်စေမယ်။ ဒါ တကယ့်နာမည်ကြီးမှုမဟုတ်ပေဘူးလား? ခင်ဗျားသာ ကျုပ်တို့ဒေသကိုသိမ်းမယ်ဆိုရင် ကျွန်တော်အတွင်းကနေပြီး ကူညီပါ့မယ်။ ဒါပေမယ့် ခင်ဗျား ဒါကိုလုပ်နိုင်မလား"
"ကျွန်တော့်အတွက် ဒီလိုစဉ်းစားပေးတာ ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ယီကျိုးနယ်စားကလည်း ဘုရင့်အမျိုးအနွယ်ဆိုတော့ သူ့နယ်ကိုတိုက်ရင် တစ်လောကလုံးက ကျုပ်ကိုကဲ့ရဲ့ကြမှာပေါ့"
"သူရဲကောင်းဆိုတာ လောကထဲရောက်လာရင် သူ့တာဝန်က အကောင်းဆုံးလုပ်ဆောင်ပြီး သူ့ပန်းတိုင်ကိုရောက်အောင်သွားဖို့ပဲ။ ခင်ဗျားသာ ဒီအခွင့်ကောင်းကိုမယူရင် တခြားလူတွေက ယီကျိုးကိုသိမ်းသွားလိမ့်မယ်။ အဲ့တော့မှ ခင်ဗျားနောင်တရလိမ့်မယ်"
"ကျုပ်ကြားဖူးသလောက်တော့ ယီကျိုးရဲ့ တောတောင်ရေမြေသဘာဝက သွားရလာရခက်ခဲတယ်။ တောင်အမြင့်ကြီးတွေ၊ များပြားတဲ့စမ်းချောင်းတွေနဲ့ ကျဉ်းမြောင်းတဲ့လမ်းတွေရှိတယ်။ အဲ့လိုနေရာမျိုးကို ဘယ်လိုကျူးကျော်နိုင်ပါ့မလဲ"
ထိုအခါ "ကျန်းစုန့်"(Zhang Song) သည် သူယူလာသောမြေပုံကိုထုတ်ကာ
"ခင်ဗျားရဲ့အကျင့်ကောင်းမွန်မှုကို ကျွန်တော်လေးစားတဲ့အတွက် အဲ့ပြည်နယ်ရဲ့မြေပုံကိုပေးမယ်။ အဲ့မှာ လမ်းတွေ၊ မြစ်တွေအကုန်အမှတ်အသားရှိတယ်" ဟုပြောကာ လက်ထဲမှ စာပေလွှာလိပ်ကိုပေးလိုက်သည်။
"လျူဘေ့"(Liu Bei) လည်း မြေပုံကိုကြည့်လိုက်ရာ မြေပုံထဲတွင် နေရာဒေသ၏အကျယ်အဝန်း၊ အလျားအနံတို့ကိုမှတ်ထားသည်ကိုတွေ့လေသည်။ ထို့အပြင် မြစ်ချောင်းနှင့်တောင်ကုန်းတို့ရှိ ဗျူဟာမြောက်သောနေရာတို့ကိုမှတ်သားထားသလို မြင်းဇောင်း၊ ဂိုထောင်၊ ဘဏ္ဍာတိုက်တို့ကိုပါ အသေးစိတ်ရေးမှတ်ထားသည်။
"ကျန်းစုန့်"(Zhang Song) မှ
"ခင်ဗျား အမြန်ဆုံးအစီအစဉ်ရေးဆွဲပါ။ ကျွန်တော့်သူငယ်ချင်းနှစ်ဦးကလည်း ခင်ဗျားကိုသေချာပေါက်ကူညီလိမ့်မယ်။ သူတို့နဲ့တွေ့ရင် ခင်ဗျား ဘာမှမထိန်ချန်ပဲပြောလို့ရတယ်။ သူတို့နာမည်က ဖာကျန့်(Fa Zheng) နဲ့ မှုန့်တာ(Meng Da) တို့ပဲ" ဟုဆိုသည်။
"လျူဘေ့"(Liu Bei) ကလည်း လက်နှစ်ဖက်ဖြင့်အရိုအသေပြုကာ ကျေးဇူးတင်စကားဆိုသည်။
"တောင်ပြာတွေက ဘယ်တော့မှမအိုသွားသလို စိမ်းနေတဲ့ရေတွေကလည်း အမြဲရှိနေပါပဲ။ အဲ့လိုပဲ ကျွန်တော်က ခင်ဗျားရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ဘူး။ ကိစ္စကြီးအောင်မြင်သွားရင် ခင်ဗျားရမယ့်ဆုလာဘ်မနည်းစေရဘူး"
"ကျွန်တော် ဆုတွေမလိုချင်ပါဘူး။ ကောင်းမွန်တဲ့သခင်ဆီမှာ အမှုထမ်းရရင်ကျေနပ်ပါပြီ"
ထို့နောက် "ကျန်းစုန့်"(Zhang Song) လည်း ထွက်ခွာသွားသည်။ "ကွမ်းယွီ"(Guan Yu) က မိုင်အနည်းငယ်ခန့်အကွာအထိလိုက်ပို့လေသည်။
ယီကျိုးသို့ရောက်သောအခါ "ကျန်းစုန့်"(Zhang Song) သည် အချိန်မလင့်ဟင်းစေပဲ သူ၏သူငယ်ချင်း "ဖာကျန့်"(Fa Zheng) နှင့်သွားတွေ့သည်။ "ဖာကျန့်"(Fa Zheng) သည် ဖူဖုံးမှဖြစ်သည်။ "ကျန်းစုန့်"(Zhang Song) သည် "ဖာကျန့်"(Fa Zheng) အား "ချောင်ချောင်း"(Cao Cao) ၏အတ္တကြီးမှုတို့ကိုပြောပြလေသည်။ "ကျန်းစုန့်"(Zhang Song) မှ
"သူ့လိုလူမျိုးကတော့ စိတ်ပျက်စရာပဲဖြစ်ပြီး အတူပူးပေါင်းဖို့မဖြစ်ဘူး။ ဒါပေမယ့် ကျုပ်က ယီကျိုးကို ဦးရီးတော် လျူဘေ့(Liu Bei) လက်ထဲအပ်မယ်လို့ကတိပေးခဲ့ပြီးပြီ။ ဒီတော့ ခင်ဗျားရဲ့အကြံနဲ့အကူအညီလိုအပ်တယ်"
"ကျုပ်လည်း လျူကျန်း(Liu Zhang) ကအရည်အချင်းမရှိဘူးလို့ထင်တယ်။ ကျုပ် ဟိုးအရင်ကတည်းက လျူဘေ့(Liu Bei) ထံမှာ အမှုထမ်းချင်ခဲ့တာ။ ကျုပ်တို့နှစ်ယောက် အကြံတူတယ်လို့ဆိုရမယ်"
ထိုအချိန်တွင် "မှုန့်တာ"(Meng Da) ရောက်လာသည်။ "မှုန့်တာ"(Meng Da) သည် "ဖာကျန့်"(Fa Zheng) နှင့် တစ်မြို့တည်းသားဖြစ်သည်။ ကျန်သည့်သူနှစ်ဦးက အခန်းထဲဝယ် တိုးတိုးတိတ်တိတ်တိုင်ပင်နေသည်ကိုမြင်လျှင် "မှုန့်တာ"(Meng Da) မှ
"ခင်ဗျားတို့ ဘာကြံနေတယ်ဆိုတာ ကျုပ်သိတယ်။ ယီကျိုးကို တခြားလူလက်အပ်မလို့မလား" ဟုပြောသည်။ "ကျန်းစုန့်"(Zhang Song) မှ
"ခင်ဗျား ခန့်မှန်းတာ မှန်တယ်" ဟုပြောသည်။
"ဖာကျန့်"(Fa Zheng) : "ဒါပေမယ့် ဘယ်သူ့ကိုပေးရင်ကောင်းမလဲ"
"မှုန့်တာ"(Meng Da) : "လျူဘေ့(Liu Bei) ကလွဲပြီးဘယ်သူဖြစ်နိုင်ဦးမလဲ"
အကုန်လုံးက လက်ခုတ်တီးကာ ရယ်ကြလေသည်။
"ဖာကျန့်"(Fa Zheng) မှ "ကျန်းစုန့်"(Zhang Song) အား
"မနက်ဖြန်မှာ ခင်ဗျားကနယ်စားနဲ့တွေ့မှာမလား။ အဲဒါ ဘယ်လိုလုပ်မလဲ" ဟုမေးသည်။
"အဲ့အချိန်မှာ ခင်ဗျားတို့နှစ်ယောက်ကို ယီကျိုးကိုလွှတ်စေဖို့တိုက်တွန်းမယ်"
ထို့နောက် ထိုသူသုံးဦးတို့သည် သင့်လျော်သည့်အကြံဖြစ်လာရန် တိုင်ပင်ကြသည်။
နောက်ရက်တွင် နယ်စားမှ "ကျန်းစုန့်"(Zhang Song) အားအခြေအနေကိုမေးသော် "ကျန်းစုန့်"(Zhang Song) မှ
"ချောင်ချောင်း(Cao Cao) က တစ်နိုင်ငံလုံးကိုသိမ်းဖို့ကြိုးစားနေတဲ့သူပုန်ပဲ။ ဒါပြောစရာတောင်မလိုပါဘူး။ ဒါပေမယ့် သူကဒီပြည်နယ်ကိုပါ မျက်စိကျနေတယ်" ဟုပြောသည်။
"ဒီတော့ ကျုပ်တို့ဘယ်လိုလုပ်မလဲ"
"ကျွန်တော်တို့ရန်သူတွေကို အဟန့်အတားဖြစ်စေနိုင်တဲ့နည်းရှိပါတယ်။ ကျင်ကျိုးက ဦးရီးတော် လျူဘေ့(Liu Bei) က နယ်စားကြီးနဲ့အမျိုးတော်သလို ရက်ရောပြီးသဘောထားပြည့်ဝသူဖြစ်တယ်။ ဒါကို လူတိုင်းသိကြပါတယ်။ ချောင်ချောင်း(Cao Cao) က ကမ်းပါးနီမှာ စစ်ရှုံးခဲ့တယ်မဟုတ်လား။ ကျွန်တော့်အစီအစဉ်ကတော့ နယ်စားကြီးသာ လျူဘေ့(Liu Bei) နဲ့မဟာမိတ်ဖွဲ့လိုက်ရင် နှစ်ဖွဲ့ပေါင်းပြီး ချောင်ချောင်း(Cao Cao) နဲ့ ကျန်းလု(Zhang Lu) တို့ကိုရင်ဆိုင်နိုင်မယ်"
"ကျုပ်လည်း ဒါကိုစဉ်းစားနေတာကြာပြီ။ ဘယ်သူ့ကို သံအမတ်အဖြစ်ပို့ရင်ကောင်းမလဲ"
"ဖာကျန့်(Fa Zheng) နဲ့ မှုန့်တာ(Meng Da) တို့ကိုပို့သင့်ပါတယ်"
ထို့နောက် "ဖာကျန့်"(Fa Zheng) နှင့် "မှုန့်တာ"(Meng Da) တို့ကိုခေါ်ပြီး "ဖာကျန့်"(Fa Zheng) ကို သံတမန်အနေဖြင့်လည်းကောင်း၊ "မှုန့်တာ"(Meng Da) ကိုမူ စစ်သားအနည်းငယ်ကိုဦးဆောင်စေကာ "လျူဘေ့"(Liu Bei) ကိုအနောက်ဘက်မြစ်ကမ်းဒေသသို့ ကြိုဆိုရန်အတွက်လည်းကောင်း အစရှိသည်တို့ကိုတိုင်ပင်သည်။
ထိုအစီအစဉ်နှင့်ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တို့ကိုတိုင်ပင်နေကြချိန်တွင် ချွေးတဒီးဒီးကျနေသောလူတစ်ယောက်သည် အလောတကြီးဖြင့်ဝင်လာပြီး
"သခင်ကြီး၊ ကျန်းစုန့်(Zhang Song) စကားနားထောင်လိုက်ရင် မြို့နယ် ၄၁ ခုက တခြားလူလက်ထဲရောက်သွားလိမ့်မယ်" ဟုပြောသည်။
"ကျန်းစုန့်"(Zhang Song) မှာလန့်သွားပြီး ထိုပြောသူကိုလှည့်ကြည့်သည်။ ထိုသူမှာ ရှီးလျန်မှ "ဟွမ်ချွမ်"(Huang Quan) ဖြစ်ပြီး နယ်စားမင်းရုံး၏ ပထမတန်း အတွင်းရေးမှူးဖြစ်သည်။
နယ်စားမှ
"ခင်ဗျားက ဘာလို့ဒီလိုပြောရတာလဲ? လျူဘေ့(Liu Bei) က ကျုပ်နဲ့အမျိုးတော်တာပဲ၊ ကျုပ်ကသူ့ရဲ့အကူအညီတောင်းတာပဲလေ" ဟုပြောသည်။
"ကျွန်တော် သူ့အကြောင်းအကုန်သိပါတယ်။ သူကလူတွေကို သူ့ဘက်ပါအောင်ဆွဲဆောင်နိုင်တယ်။ သူ့ရဲ့ကြင်နာမှုက အခက်အခဲတွေကိုကျော်လွှားစေတယ်။ တခြားလူတွေထက်လည်း ရဲရင့်တယ်။ အဝေးကလူတွေရဲ့မြတ်နိုးမှုခံရသလို အနီးကလူတွေကလည်း သူ့ကိုလေးစားကြတယ်။ သူ့မှာ အကြံပေး ကျူးကဲလျန့်(Zhuge Liang) နဲ့ ဖန်ထုံ(Pang Tong) ရှိသလို ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) ၊ ကျောက်ယွင်(Zhao Yun) ၊ ဟွမ်ကျုံး(Huang Zhong) နဲ့ ဝေရန်(Wei Yan) အစရှိတဲ့သူရဲကောင်းတွေရှိတယ်။ ဒါပေမယ့် သူ့ကိုစစ်ကူအတွက်နဲ့ခေါ်လိုက်ရင် သူကနိမ့်ကျတဲ့အခြေအနေမှာ ရောင့်ရဲတင်းတိမ်နိုင်မယ်လို့ထင်ပါသလား? သူ့ကို တလေးတစားနဲ့ခေါ်ပြန်ရင်လည်း နယ်တစ်ခုမှာ သခင်နှစ်ယောက် မရှိကောင်းဘူးလေ။ ကျွန်တော့်စကားကိုနားထောင်ပါ။ သခင်ကြီးရဲ့အခြေအနေက ထိုက်စန်းတောင်လိုခိုင်မြဲပါတယ်။ ကျွန်တော်ပြောတာ လက်မခံရင်တော့ အခြေအနေက ကွဲလွယ်တဲ့ကြက်ဥလိုဖြစ်သွားလိမ့်မယ်။ ဒီကျန်းစုန့်(Zhang Song) က ဒီတစ်ခေါက်ပြန်လာတာဟာ ကျင်ကျိုးကတဆင့်ဆိုတော့ သူ လျူဘေ့(Liu Bei) နဲ့အကြံအစည်တွေ တိတ်တဆိတ်လုပ်ပြီးလောက်ပြီ။ ကျွန်တော်ပြောတာက ဒီနယ်မြေကောင်းကျိုးအတွက်ပါ"
"အဲ့လိုသာဆို ရန်သူနှစ်ဦးကိုဘယ်လိုကာကွယ်မလဲ"
"ခံတပ်တွေဆောက်၊ ကျင်းတွေတူးပြီးတော့ အကာအကွယ်တွေပြင်ဆင်ထားပါ။ ပြီးရင် အခြေအနေကိုစောင့်ကြည့်ပြီး လှုပ်ရှားရပါမယ်"
"သူပုန်တွေကျူးကျော်လာရင် အခက်အခဲနဲ့ရင်ဆိုင်ရမှာလေ။ မျက်ခုံးမီးလောင်နေမှတော့ ဘယ်လို အခြေအနေကြည့်ပြီး လှုပ်ရှားနိုင်ဦးမလဲ"
ထို့နောက် "ဟွမ်ချွမ်"(Huang Quan) ၏စကားကိုလျစ်လျူရှုလိုက်သည်။ "ဖာကျန့်"(Fa Zheng) ထွက်ခွာတော့မည့်အချိန်တွင် လူတစ်ဦးမှဝင်လာပြီး
"မဖြစ်ဘူး၊ မဖြစ်ဘူး" ဟုပြောလေသည်။ ထိုသူမှာ "ဝမ်လေ"(Wang Lei) ဖြစ်သည်။ "ဝမ်လေ"(Wang Lei) မှအရိုအသေပြုကာ
"သခင်ကြီး ဒီကျန်းစုန့်(Zhang Song) စကားနားထောင်ရင် ကိုယ့်အန္တရာယ်ကိုယ် ဖိတ်ခေါ်လိုက်တာပဲ" ဟုပြောသည်။
"မဟုတ်ဘူး၊ ကျုပ်က ကျန်းလု(Zhang Lu) ကိုခုခံဖို့ လျူဘေ့(Liu Bei) နဲ့မဟာမိတ်ဖွဲ့ချင်တာ"
"ကျန်းလု(Zhang Lu) ရဲ့ကျူးကျော်မှုက အရေပြားရောဂါသာသာပါပဲ။ ဒါပေမယ့် လျူဘေ့(Liu Bei) ကိုဖိတ်ခေါ်လိုက်ရင်တော့ သေစေနိုင်လောက်တဲ့ရောဂါဖြစ်သွားမယ်။ လျူဘေ့(Liu Bei) က ကိုယ်ကျင့်တရားကောင်းသူမဟုတ်ဘူး။ သူ ဟိုးအရင်က ချောင်ချောင်း(Cao Cao) လက်အောက်မှာနေခဲ့ပေမယ့် ချောင်ချောင်း(Cao Cao) ကိုပြန်တိုက်ခဲ့တယ်။ စွန်းချွမ်(Sun Quan) နဲ့ပူးပေါင်းခဲ့ပေမယ့်လည်း ကျင်ကျိုးပြည်နယ်ကိုသိမ်းယူခဲ့တယ်။ ဒါက သူ့ရဲ့ကိုယ်ကျင့်တရားကိုပြနေတာပဲ။ သခင်ကြီးနဲ့သူ သင့်မြတ်မယ်လို့ထင်လို့လား။ သူ့ကိုဖိတ်ခေါ်လိုက်ရင် ရှူပြည်နယ်ဆုံးရှုံးသွားပြီပဲ"
"လျူကျန်း"(Liu Zhang) သည် ဒေါသဖြင့်
"ဘာမှမပြောနဲ့တော့။ လျူဘေ့(Liu Bei) ကငါနဲ့မျိုးနွယ်တူပြီး ငါ့ပိုင်ဆိုင်မှုတွေကို ယူမှာမဟုတ်ဘူး" ဟုပြောပြီး ဆန့်ကျင်သူနှစ်ဦးကိုအပြင်သို့ထုတ်လိုက်စေသည်။
"ဖာကျန့်"(Fa Zheng) သည်လည်း ထွက်ခွာပြီး ကျင်ကျိုးတွင် "လျူဘေ့"(Liu Bei) နှင့်တွေ့လေသည်။ နှုတ်ခွန်းဆက်စကားတို့ဆိုပြီးနောက် "ဖာကျန့်"(Fa Zheng) က စာတစ်စောင်ကိုပေးလိုက်ရာ "လျူဘေ့"(Liu Bei) ကလည်း ဖောက်ကာဖတ်သည်။
'ညီငယ်ဖြစ်သူ ကျွန်တော် လျူကျန်း(Liu Zhang) မှ စစ်သူကြီး လျူဘေ့(Liu Bei) ထံ ဤစာကိုရေးလိုက်ပါသည်။ ကျွန်တော်က ခင်ဗျားကိုလေးစားနေခဲ့တာကြာပါပြီ။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လက်ဆောင်တွေမပို့ခဲ့တာ ဝမ်းနည်းစရာပါပဲ။ ကံမကောင်းတဲ့လူတွေက တစ်ဦးကိုတစ်ဦးဖေးမကြတယ်။ ဒုက္ခရောက်သူတွေက အချင်းချင်းကူညီကြတယ်။ သူငယ်ချင်းတွေတောင် အဲ့လိုကူညီရင် အဆွေအမျိုးတွေဆို ပိုပြီးကူညီသင့်တယ်မဟုတ်လား? အခု ကျန်းလု(Zhang Lu) က မြောက်ဘက်ကကျူးကျော်လာပြီး ကျွန်တော့်ငြိမ်းချမ်းမှုကို ဖျက်စီးပစ်ခဲ့တယ်။ ကျွန်တော် ဒီစာကိုပို့ရတာဟာ ကျွန်တော့်ရဲ့ဒုက္ခတွေဖွင့်ပြောချင်လို့ပါ။ ခင်ဗျားသာ အမျိုးအဆွေဆက်နွယ်မှုကိုသိပြီး အစ်ကိုနေရာကနေပြီးတော့ ရန်သူတွေကိုတိုက်ထုတ်ပေးမယ်ဆိုရင် ခင်ဗျားက ကျွန်တော့်အတွက် ထာဝရကျေးဇူးရှင်ဖြစ်မှာဖြစ်ပြီး ကျွန်တော်က အမြဲကျေးဇူးတင်နေပါ့မယ်။ ဒီစာမှာ မထည့်သွင်းခဲ့တာ အများကြီးရှိပါသေးတယ်။ ခင်ဗျား ရောက်လာမှာကိုစောင့်မျှော်နေပါ့မယ်'
ထိုစာကိုဖိတ်ပြီးသော် "လျူဘေ့"(Liu Bei) မှာ အင်မတန် သဘောကျလေသည်။ ထို့နောက် စားပွဲတည်ခင်းကာ ဧည့်ခံပြီးနောက်ဝယ် အစေအပါးတို့ကိုထွက်သွားစေပြီး "ဖာကျန့်"(Fa Zheng) နှင့် စကားပြောသည်။
"ကျွန်တော် မိတ်ဆွေကိုရော၊ ကျန်းစုန့်(Zhang Song) ကိုပါလေးစားနေခဲ့တာကြာပါပြီ။ ခင်ဗျားဆီကအကြံတွေနားထောင်ရတဲ့အတွက်ဝမ်းသာမိပါတယ်"
"ဖာကျန့်"(Fa Zheng) ကအရိုအသေပြုကာ
"ဒါ ရှူပြည်နယ်ရဲ့သံတမန်အတွက် ကြီးမားတဲ့ချီးမွမ်းထောပနာပြုမှုပါပဲ။ မြင်းကဲခတ်တော်တဲ့ ပေါ်လဲ့(Bo Le) ကိုမြင်ရင် မြင်းတွေက ဟီကြတယ်လို့ဆိုပါတယ်။ လူတစ်ယောက်က သူ့သခင်ကိုတွေ့ရင် အဲ့သခင်အတွက် အသက်ပေးဖို့ မနှောင့်နှေးပါဘူး။ ခင်ဗျား ကျန်းစုန့်(Zhang Song) ရဲ့အကြံကို ဘယ်လိုသဘောရလဲ"
"ကျုပ်ကအမြဲတမ်း ဝမ်းနည်းကြေကွဲမှုတွေနဲ့ နေရာအနှံ့လျှောက်သွားနေခဲ့ရတယ်။ တခါတလေ ကျုပ်စဉ်းစားမိတယ်။ ငှက်တွေတောင်မှ နားခိုဖို့ အသိုက်ရှိပြီး မြင်းတွေတောင် အနားယူဖို့ ဂူရှိသေးတာပဲ။ လူတွေလည်း ခိုအောင်းဖို့နေရာလိုအပ်တယ်မဟုတ်လား? ခင်ဗျားတို့ အနောက်ဘက်နယ်က စိုက်ပျိုးရေးကောင်းမွန်ပြီး လိုချင်စရာကောင်းတယ်။ ဒါပေမယ့် နယ်စားက ကျုပ်နဲ့အမျိုးတော်တာ၊ ဘယ်လိုလုပ် သူ့ကိုသစ္စာဖောက်နိုင်မလဲ"
"ဟုတ်ပါတယ်။ ယီကျိုးက သုခဘုံကြီးပါပဲ။ ဒါပေမယ့် သခင်မရှိပဲနဲ့ သူ့ဟာသူမတည်ရှိနိုင်ဘူး။ လျူကျန်း(Liu Zhang) က ပညာရှိတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ မသိဘူး။ ဒီတော့ သူ့နယ်မြေက တခြားလက်ထဲအပ်လိုက်သင့်တယ်။ ဒီနေ့မှာ ခင်ဗျားလက်ထဲရောက်လာတဲ့အခွင့်အရေးကို အဆုံးရှုံးမခံသင့်ဘူး။ အမဲလိုက်မုဆိုးထဲမှာ ခေါင်းဆောင်က သားကောင်ကိုပိုင်ဆိုင်ခွင့်ရှိတယ်။ ခင်ဗျားသာသဘောတူရင် ကျွန်တော် ခင်ဗျားလက်အောက်မှာ သေသည်အထိအမှုထမ်းပါ့မယ်"
"လျူဘေ့"(Liu Bei) ကကျေးဇူးတင်စကားဆိုပြီးနောက်
"ကျွန်တော်စဉ်းစားပြီး တခြားလူတွေနဲ့တိုင်ပင်ပါရစေဦး" ဟုပြောလေသည်။
စားသောက်ပွဲပြီးသွားသောအခါ ဧည့်သည်သည်လည်း ပြန်ထွက်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ "ဖာကျန့်"(Fa Zheng) ကိုဧည့်ဆောင်သို့လိုက်ပို့လေသည်။
ထိုအခါ "ဖန်ထုံ"(Pang Tong) မှ
"သခင်ကြီး ဒါကိုလုပ်ဆောင်ရမယ်။ မလုပ်ရင် မိုက်မဲရာကျတာပဲ။ ဘာကြောင့် တုံ့ဆိုင်းနေရတာလဲ" ဟုပြောသည်။
"ငါ ဘယ်လိုလုပ်သင့်သလဲ"
"သခင်ကြီးက ဘေးပတ်ဝန်းကျင်အခြေအနေတွေသိတာပဲ။ အရှေ့ဘက်မှာ စွန်းချွမ်(Sun Quan) ရှိပြီး မြောက်ဘက်မှာ ချောင်ချောင်း(Cao Cao) ရှိတယ်။ သူတို့ရှိနေရင် အကြံအစည်တွေအကောင်အထည်ဖော်လို့မဖြစ်ဘူး။ အခု သခင်ကြီးရဲ့ရှေ့မှာ မြေဩဇာကောင်းတဲ့၊ ကြွယ်ဝတဲ့နယ်မြေကြီးရောက်လာပြီလေ။ အတွင်းလူနှစ်ဦးရဲ့အကူအညီလည်း ရှိနေသေးတာ။ ဘာလို့ဆုံးဖြတ်ရခက်နေတာလဲ"
"အခုလောကမှာ မီးနဲ့ရေလိုမတည့်တဲ့လူနှစ်ဦးရှိတယ်။ ကျုပ်နဲ့ဆန့်ကျင်ဘက်က ချောင်ချောင်း(Cao Cao) ပဲ။ သူကအလျင်စလိုလုပ်ဆောင်တယ်၊ ကျုပ်ကတော့ အကြာကြီးခံစားရတယ်။ သူကရက်စက်ပြီး ကျုပ်ကကြင်နာတတ်တယ်။ ကျုပ်ကအမှန်တရားဘက်လိုက်ပြီး သူကဆန့်ကျင်တယ်။ အများစုမှာ သူနဲ့ကျုပ်ကဆန့်ကျင်ဘက်တွေဖြစ်တယ်။ ဒီအခွင့်အရေးလေးအတွက်နဲ့ လူအများရဲ့ယုံကြည်မှုကိုချိုးဖောက်လို့မဖြစ်ဘူး"
"ဖန်ထုံ"(Pang Tong) သည် ပြုံးကာ
"သခင်ကြီးရဲ့စကားက ဖြောင့်မတ်မှန်ကန်ပါပေတယ်။ ဒါပေမယ့် ဒါမျိုးက တိုင်းပြည်ရှုပ်ထွေးနေတဲ့အချိန်မှာမသင့်တော်ဘူး။ လက်နက်ကိုင်ပြီးတိုက်တာထက် တခြားနည်းတွေနဲ့တိုက်တာရှိပါတယ်။ ဒါပေမယ့် အဲ့မှန်ကန်မှုကိုပဲဆွဲကိုင်ထားရင်တော့ ဘာမှမဖြစ်မြောက်ဘူး။ လူဆိုတာ အခွင့်အရေးကိုအသုံးချတတ်ရမယ်၊ အင်အားနည်းသူအပေါ်အနိုင်ယူသင့်ရင်ယူပြီး တိုက်သင့်ရင်တိုက်ရမယ်။ မနာခံသူတွေကိုဖမ်းဆီးပြီး ကျိုးနွံသူတွေကိုကာကွယ်ရမယ်။ ဒါက ထန်နဲ့ဝူဘုရင်တို့ ပြောခဲ့တာတွေပဲ။ သခင်ကြီးက နောက်ပိုင်းမှာ ပြည်နယ်ကိုသိမ်းပြီးရင် ဆုချသင့်သူကို ဆုပေးပြီး ကောင်းမွန်တဲ့တိုင်းပြည်ဖြစ်အောင်တည်ဆောက်မယ်ဆိုရင် သစ္စာဖောက်ခဲ့မိတဲ့အတွက် ဝမ်းနည်းနေဦးမှာလား? သခင်ကြီး ဒီအခွင့်အရေးကိုမယူရင် တခြားလူလက်ဦးသွားလိမ့်မယ်" ဟုပြောသည်။
"လျူဘေ့"(Liu Bei) ကလည်း "ဖန်ထုံ"(Pang Tong) ပြောသည်မှာ မှန်ကန်သည်ဟုတွေးကာ
"ဒီစကားတွေက ရတနာလိုပါပဲ။ ကျုပ်ရင်ထဲမှာ မှတ်ထားပါ့မယ်" ဟုပြောသည်။
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) ကိုခေါ်ကာ အနောက်ဘက်သို့ချီတက်ရန်တိုင်ပင်သည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ
"ဒီနယ်မြေက အရေးကြီးတဲ့အတွက် ကာကွယ်မှုလုပ်ထားရမယ်" ဟုပြောသည်။ "လျူဘေ့"(Liu Bei) မှ
"ကျုပ်ရယ်၊ ဖန်ထုံ(Pang Tong) ရယ်နဲ့၊ စစ်သူကြီးနှစ်ဦး ဟွမ်ကျုံး(Huang Zhong) နဲ့ ဝေရန်(Wei Yan) တို့က အနောက်ဘက်ကိုသွားမယ်။ ခင်ဗျားနဲ့နောက်စစ်သူကြီးကောင်း သုံးယောက် - ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင်(Zhao Yun) တို့က ကျင်ကျိုးကိုစောင့်ကြပ်နေခဲ့ပါ" ဟုပြောသည်။
"ကွမ်းယွီ"(Guan Yu) ကိုရှန်းရန်သို့လွှတ်ပြီး ချင်းနိနားရှိခံတပ်တွင် စခန်းချစေသည်။ "ကျန်းဖေး"(Zhang Fei) ကိုမြစ်ကမ်းတစ်လျှောက် နယ်လေးခုကိုစောင့်ကြပ်စေပြီး "ကျောက်ယွင်"(Zhao Yun) ကို ကျန်းလင်တွင် စခန်းချစေသည်။
အနောက်ဘက်သို့ချီတက်ရာတွင် "ဟွမ်ကျုံး"(Huang Zhong) သည် ရှေ့ပြေးတပ်ကိုဦးဆောင်ကာ "ဝေရန်"(Wei Yan) က တပ်နောက်ပိုင်းတွင် နေရာယူသည်။ "လျူဘေ့"(Liu Bei) မှာမူ အလယ်တွင်ရှိပြီး အကူအနေဖြင့် "လျူဖုန်း"(Liu Feng) နှင့် "ကွမ်းဖင်"(Guan Ping) တို့ပါဝင်သည်။ "ဖန်ထုံ"(Pang Tong) မှာ တပ်တစ်တပ်လုံး၏ခေါင်းဆောင်ဖြစ်သည်။
ထိုသို့ စစ်တပ်ငါးသောင်းတို့စစ်ချီတက်ချိန်တွင် "လျောင်ဟွာ"(Liao Hua) ရောက်လာသည်။ "လျောင်ဟွာ"(Liao Hua) နှင့် သူ၏တပ်သားတို့သည် "ကွမ်းယွီ"(Guan Yu) လက်အောက်တွင် အမှုထမ်းသည်။
စစ်ချီတက်သောအချိန်သည် ဆောင်းရာသီဖြစ်သည်။ မကြာမီပင် "လျူဘေ့"(Liu Bei) ၏တပ်ဖွဲ့ကြီးသည် တပ်ဖွဲ့အင်အားငါးထောင်ရှိသည့် "မှုန့်တာ"(Meng Da) ၏တပ်ဖွဲ့နှင့်တွေ့ဆုံ သည်။ "မှုန့်တာ"(Meng Da) က ယီကျိုးသို့လမ်းပြကာ ခေါ်ဆောင်မည်ဖြစ်သည်။ "လျူဘေ့"(Liu Bei) ကလည်း သူချီတက်လာသည့်အကြောင်းကို "လျူကျန်း"(Liu Zhang) ထံအကြောင်းကြားသည်။ "လျူကျန်း"(Liu Zhang) သည် စစ်တပ်ချီတက်လာရာလမ်းခရီးတလျှောက်ရှိ မြို့နယ်မှလူတို့ကို စစ်တပ်တို့အား ဖျော်ဖြေစေရန် အမိန့်ချလိုက်သည်။
"လျူဘေ့"(Liu Bei) ကိုကြိုဆိုရန်အတွက် နယ်စားကိုယ်တိုင်ထွက်တွေ့ရန်လုပ်သည်။ ရွက်ဖျင်တဲ၊ အလံအစရှိသည်တို့ကိုပြင်ဆင်လေသည်။ ပြီးနောက် အစောင့်တို့က လင်းလက်သောသံချပ်ကာတို့ကို ဝတ်ဆင်ထားသည်။ ထိုအချိန်တွင် အတွင်းရေးမှူး "ဟွမ်ချွမ်"(Huang Quan) ကထပ်မံကန့်ကွက်ပြန်သည်။
"သခင်ကြီး အပြင်ထွက်သွားရင် အန္တရာယ်နဲ့ရင်ဆိုင်ရမှာဖြစ်တယ်။ ကျွန်တော် သခင်ကြီးလက်အောက်မှာ အမှုထမ်းတာကြာခဲ့ပြီ။ ဒါကြောင့် ရန်သူတွေရဲ့လုပ်ကြံမှုမခံရအောင် တားမြစ်တာပါ"
ထိုအခါ "ကျန်းစုန့်"(Zhang Song) မှ
"သူ့စကားတွေက မိသားစုအချင်းချင်းမသင့်မြတ်အောင်လုပ်ပြီး သူပုန်တွေကိုအကျိုးဖြစ်စေတဲ့စကားတွေပဲ။ အဲ့လိုလုပ်ရင် အကျိုးမရှိဘူး" ဟုပြောသည်။ "လျူကျန်း"(Liu Zhang) မှ "ဟွမ်ချွမ်"(Huang Quan) အား
"ငါဆုံးဖြတ်ပြီးပြီ။ ခင်ဗျားက ဘာလို့ဆန့်ကျင်နေတာလဲ" ဟုပြောလေသည်။
ထိုအခါ "ဟွမ်ချွမ်"(Huang Quan) သည် ဦးညွတ်ကာ ငိုလေသည်။ အနီးသို့ရောက်လာသောအခါ "လျူကျန်း"(Liu Zhang) ၏အဝတ်ကို သွားနှင့်ကိုက်ပြီး မသွားရန် တားမြစ်သည်။ အစောင့်တို့က ငိုယိုနေသော "ဟွမ်ချွမ်"(Huang Quan) ကိုအတင်းအဓမ္မခေါ်ယူသွားလေသည်။ ထိုအချိန်တွင် နောက်တစ်ဦးမှ
"သခင်ကြီး သေတွင်းထဲရောက်မှာစိုးလို့ တားမြစ်တဲ့ ဟွမ်ချွမ်(Huang Quan) ရဲ့စကားကိုဘာလို့မနာယူရတာလဲ" ဟုပြောသည်။
ထိုသူမှလည်း ဒူးထောက်ကာ ပြောလေသည်။ ထိုသူမှာ ကျန်းနင်မှ "လီဟွေ့"(Li Hui) ဖြစ်သည်။
"မင်းသားမှာလည်း သူတို့ကိုဆုံးမမယ့်ဝန်ကြီးရှိတယ်။ အဖေမှာလည်း စကားနားမထောင်မယ့်ကလေးတွေရှိတယ်။ ဟွမ်ချွမ်(Huang Quan) ပြောတာကို သခင်ကြီးနားထောင်သင့်တယ်။ လျူဘေ့(Liu Bei) ကိုခေါ်တာက ကျားကိုအိမ်ထဲသွင်းလိုက်သလိုပဲ"
"လျူဘေ့(Liu Bei) က ငါ့အစ်ကိုပဲ။ ငါ့ကိုဒုက္ခပေးမှာမဟုတ်ဘူး။ ငါပြောတာ မလိုက်နာရင်သေဒဏ်ပေးမယ်"
ထို့နောက် "လီဟွေ့"(Li Hui) ကို အဝေးသို့ဆွဲထုတ်သွားစေသည်။
"ကျန်းစုန့်"(Zhang Song) မှ
"ရှူအမှုထမ်းတွေက သူတို့မိသားစုကောင်းစားရေးပဲကြည့်ပြီး ပြည်နယ်အရေးကို ဦးစားမပေးနိုင်တော့ဘူး။ စစ်သူကြီးတွေက မာန်တက်နေပြီး သူတို့ဟာသူတို့ အကြံအစည်တွေရှိနေကြတယ်။ လျူဘေ့(Liu Bei) အကူအညီမရှိရင် အတွင်းလူတွေက ပုန်ကန်မှာဖြစ်ပြီး ဒုက္ခရောက်လိမ့်မယ်" ဟုပြောလေရာ နယ်စားမှ
"ဒါက ငါ့ကောင်းကျိုးအတွက်ဆိုတာ သိပါတယ်" ဟုပြောလေသည်။
ထို့နောက် မြင်းစီးကာ အန်း(Elm) သစ်ပင်တံတားသို့သွားလေသည်။
ထိုအခါ ဆက်သားတစ်ဦးမှ
"ဝမ်လေ(Wang Lei) ကမြို့တံခါးဝမှာ သူ့ကိုယ်သူကြိုးနဲ့ချည်ပြီး ခေါင်းကိုအောက်ချထားတယ်။ လက်တစ်ဖက်မှာ ဆုံးမစာကိုကိုင်ပြီး ကျန်တစ်ဖက်မှာတော့ ဓားကိုကိုင်ထားတယ်။ နယ်စားကြီးသာ သူ့စကားကိုနားမထောင်ရင် ကြိုးကိုဖြတ်ပြီး နယ်စားကြီးခြေရင်းမှာ သူ့ကိုယ်သူသတ်သေမယ်" လို့ဆိုပါတယ် ဟု သတင်းလာပေးလေသည်။
"လျူကျန်း"(Liu Zhang) သည် မြို့တံခါးဝသို့သွားပြီး "ဝမ်လေ"(Wang Lei) ၏စာကိုဖတ်သည်။
'ဆေးကောင်းဆိုတာ ပါးစပ်မှာခါးပေမယ့် ရောဂါပျောက်ဖို့အင်မတန်ထိရောက်တယ်။ သစ္စာရှိတဲ့စကားဟာလည်း နားဝင်ခါးပေမယ့် ကောင်းမွန်တဲ့စကားဖြစ်တယ်။ ဟိုးအရင် ချူဘုရင် ဟွိုင်ဟာ ချွီယွမ်(Qu Yuan) ရဲ့စကားကိုမနာယူပဲ ဝူခံတပ်ကိုသွားခဲ့တဲ့အတွက် ချင်ပြည်နယ်တပ်ရဲ့ဖမ်းဆီးမှုခံခဲ့ရတယ်။ နယ်စားကြီးဟာလည်း လျူဘေ့(Liu Bei) ကိုသွားကြိုတာဟာ အသွားပဲရှိပြီး အပြန်မရှိတဲ့လမ်းဖြစ်သွားနိုင်တယ်။ ကျန်းစုန့်(Zhang Song) ကိုလူလယ်ခေါင်မှာ သတ်စေပြီး လျူဘေ့(Liu Bei) နဲ့အဆက်အသွယ်ဖြတ်လိုက်ရင် လူတွေအားလုံး ပျော်ရွှင်ကြမှာဖြစ်ပြီး နယ်စားကြီးလည်း အန္တရာယ်မကြုံနိုင်တော့ဘူး'
ထိုစာကိုဖတ်ရင်း "လျူကျန်း"(Liu Zhang) မှာစိတ်ဆိုးလာလေသည်။
"ကိုယ့်အစ်ကိုကို သွားတွေ့တာ ဘာလို့ဒီလိုစော်ကားရတာလဲ"
"ဝမ်လေ"(Wang Lei) သည်လည်း ကျယ်လောင်စွာအော်ပြီးကြိုးကိုဖြတ်လိုက်ရာ အမြင့်မှကျပြီး သေဆုံးသွားလေသည်။
"လျူကျန်း"(Liu Zhang) သည် စစ်သားသုံးသောင်းကိုဦးဆောင်ပြီး "လျူဘေ့"(Liu Bei) ကိုသွားကြိုဆိုသည်။ "လျူကျန်း"(Liu Zhang) တွင် ရိက္ခာတို့ကိုတင်ဆောင်သည့်လှည်းပေါင်း တစ်ထောင်ပါသေးသည်။
"လျူဘေ့"(Liu Bei) ၏ရှေ့ပြေးတပ်သည် တျန့်မြစ်အနားသို့ရောက်လာသည်။ စစ်ချီတက်ရာလမ်းတစ်လျှောက်တွင် လူတို့က လက်ဆောင်များပေးကြသည်။ သို့သော် "လျူဘေ့"(Liu Bei) က ပေးသမျှလက်ဆောင်တိုင်းကို ထိုက်တန်သောအဖိုးအခဖြင့် ဝယ်ရမည်ဟု အမိန့်ချထားသဖြင့် မည်သူမှမချိုးဖောက်ရဲကြပေ။ လူတို့ကလည်း စစ်တပ်အပေါ်ပိုယုံကြည်လာကာ ထွက်လာကြပြီးကြိုဆိုလေသည်။ "လျူဘေ့"(Liu Bei) ကလည်း ကောင်းမွန်သောစကားတို့ဖြင့် လူအပေါင်းတို့ကိုကျေနပ်စေသည်။
ထိုအချိန်တွင် "ဖာကျန့်"(Fa Zheng) မှ "ကျန်းစုန့်"(Zhang Song) သည် တွေ့ဆုံသည့်နေရာနားတွင် "လျူကျန်း"(Liu Zhang) ကိုတိတ်တဆိတ်လုပ်ကြံမည့်အကြောင်းကို "ဖန်ထုံ"(Pang Tong) အားပြောပြသည်။ "ဖန်ထုံ"(Pang Tong) မှ
"ဒီအကြောင်း ဘာမှမပြောနဲ့ဦး။ လျူနှစ်ယောက်တွေ့ပြီးသွားရင် အခွင့်အရေးရှိလာဦးမှာပဲ။ အခုကစောသေးတယ်။ အကြံအစည်ပေါက်ကြားသွားနိုင်တယ်" ဟုဆိုသည်။ သို့နှင့် ဘာမျှ ထပ်မပြောတော့ပေ။
တပ်ဖွဲ့ကြီးနှစ်ဖွဲ့တို့သည် မြို့တော် ချန်တူးမှ မိုင် ၁၂၀ အကွာ ဖူချန်တွင်တွေ့မည်ဖြစ်သည်။ "လျူကျန်း"(Liu Zhang) ၏စစ်တပ်က အရင်ရောက်နှင့်ပြီး "လျူဘေ့"(Liu Bei) ကိုကြိုဆိုရန်အတွက် လူလွှတ်လိုက်သည်။ စစ်တပ်ကြီးနှစ်တပ်တို့သည် ဖူမြစ်ကမ်းတွင်စခန်းချပြီး "လျူဘေ့"(Liu Bei) က မြို့ထဲသို့ဝင်ကာ နယ်စားနှင့်တွေ့ဆုံသည်။နှစ်ယောက်လုံး စကားပြောဆိုကြပြီးနောက် ကိုယ့်ရွက်ဖျင်တဲသို့ကိုယ် ပြန်လေသည်။
နယ်စားမှ
"ဟွမ်ချွမ်(Huang Quan) နဲ့ ဝမ်လေ(Wang Lei) တို့က ပေါက်ကရပြောနေကြတာပဲ။ သူတို့က မိသားစုချစ်ခင်ရင်းနှီးမှုဆိုတာ နားမလည်ဘူး။ လျူဘေ့(Liu Bei) က သနားကြင်နာတတ်တဲ့ လူတစ်ယောက်ပဲ။ သူ့အကူအညီနဲ့ဆို ချောင်ချောင်း(Cao Cao) နဲ့ကျန်းလု(Zhang Lu) ကိုကြောက်စရာမလိုဘူး။ ဒါ ကျန်းစုန့်(Zhang Song) ကျေးဇူးကြောင့်ပဲ" ဟုဆိုကာ သူဝတ်ဆင်သည့်အစိမ်းရောင်ပိုးထည်ကိုချွတ်ပြီး "ကျန်းစုန့်"(Zhang Song) ကိုပေးလိုက်သည်။ ထို့အပြင် ရွှေအောင်စ ငါးရာကိုလည်း ပေးလေသည်။
သို့သော် အချို့သောအမှုထမ်းတို့က
"သခင်ကြီး ဝမ်းသာမစောပါနဲ့။ လျူဘေ့(Liu Bei) ကအပြင်မှာပျော့ပြောင်းသယောင်ရှိပေမယ့် အတွင်းမှာခက်ထန်တယ်။ ဒါကြောင့် သတိထားသင့်တယ်" ဟုပြောသည်။
"လျူကျန်း"(Liu Zhang) က ရယ်ပြီး
"ခင်ဗျားတို့တွေက စိတ်ပူလွန်းနေပါပြီ။ ငါ့အစ်ကိုက အဲ့လိုလူမျိုးမဟုတ်တာ သေချာပါတယ်" ဟုပြောသည်။
"လျူဘေ့"(Liu Bei) သည် သူ့ရွက်ဖျင်တဲသို့ပြန်ရောက်သောအခါ "ဖန်ထုံ"(Pang Tong) မှ နယ်စားကိုမည်သို့ထင်ကြောင်းမေးသည်။
"သူက အင်မတန်ရိုးသားတဲ့လူပဲ"
"သူက ကောင်းပါတယ်။ ဒါပေမယ့် သူ့လက်အောက်ခံတွေက သူ့အပေါ်မကျေနပ်ကြတော့ဘူး။ လုပ်ကြံမှုတွေရှိမလာနိုင်ဘူးလို့မပြောနိုင်ဘူး။ ကျွန်တော့်အကြံကိုသာလက်ခံရင် လျူပြောင်း(Liu Biao) က အပြန်စားသောက်ပွဲမှာ အသတ်ခံရလိမ့်မယ်။ လူအယောက်တစ်ရာကိုပုန်းထားစေပြီး သခင်ကြီးအချက်ပေးတာနဲ့ သူတို့လှုပ်ရှားလိမ့်မယ်။ ဓားတစ်ချောင်း၊ မြားတစ်ချက်မှမလိုပဲ အောင်နိုင်လိမ့်မယ်"
"သူက ကျုပ်ညီပဲ၊ နောက်ပြီး ကျုပ်အပေါ်လည်း ကောင်းကောင်းဆက်ဆံခဲ့တယ်။ ကျုပ်ကအဝေးကလာတာ၊ ဒီနယ်မြေအကြောင်းလည်း ဘာမှမသိဘူး။ အဲ့လိုသာလုပ်ရင် တစ်လောကလုံးကလူတွေက နှစ်ခြိုက်မှာမဟုတ်ဘူး။ အဲ့လိုလုပ်လို့မဖြစ်ဘူး"
"ဒီအကြံက ကျွန်တော့်အကြံမဟုတ်ဘူး။ ဒါ ကျန်းစုန့်(Zhang Song) ရဲ့စာမှာပါတာ။ တစ်ချိန်ချိန်မှာတော့ အဲ့လိုဖြစ်မှာပဲ"
ထိုအချိန်တွင် "ဖာကျန့်"(Fa Zheng) ရောက်လာကာ
"ဒါ ကျွန်တော်တို့အတွက်မဟုတ်ပါဘူး။ ကောင်းကင်ကြီးရဲ့ဆန္ဒပါ" ဟုပြောသည်။
"လျူကျန်း"(Liu Zhang) နဲ့ကျုပ်က မျိုးနွယ်အတူတူပဲလေ။ သူ့ကိုဘယ်လိုလို့ရန်မူနိုင်မလဲ"
"သခင်ကြီး ပြောတာမှားနေပြီ။ သခင်ကြီးသာ ကျွန်တော်တို့အကြံအတိုင်းမလုပ်ရင် ကျန်းလု(Zhang Lu) က သူ့အမေသေဆုံးတာကို လက်စားချေဖို့အတွက်နဲ့ ယီကျိုးကိုတိုက်လိမ့်မယ်။ အဲ့လိုသာဆို ဒီလိုခရီးရှည်ကြီးချီတက်လာတာ ဘာအကျိုးရှိလဲ? နှောင့်နှေးရင် အန္တရာယ်များတယ်။ ဒီအကြံက ပေါက်ကြားသွားနိုင်တဲ့အတွက် တခြားလူတွေကြားက အမြတ်ထုတ်သွားနိုင်တယ်။ ဒီနေ့ဟာ ကောင်းကင်ကြီးကမျက်နှာသာပေးတဲ့နေ့ပဲ။ လျူကျန်း(Liu Zhang) သံသယမဝင်ခင် လှုပ်ရှားမှဖြစ်မယ်။ သခင်ကြီး မနှောင့်နှေးစေပါနဲ့"
"ဖာကျန့်"(Fa Zheng) ၏ထိုစကားကို "ဖန်ထုံ"(Pang Tong) ကလည်း လက်ခံကာ "လျူဘေ့"(Liu Bei) အားတိုက်တွန်းလေသည်။
Comments