My Daoist Life (4)

ကျွန်တော့်ရဲ့တာအိုဝါဒီဘဝ (My Daoist Life)

အခန်း(၄) ဆရာမ အသစ်

ကျွန်တော်လုပ်လိုက်မိတဲ့ကိစ္စကြောင့် ကျွန်တော် ကျောင်းကနေ အထုတ်ခံရမတတ် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့်လည်း အဘိုးရဲ့စကားကြောင့် နောက်ဆုံးမှာ ကျောင်းအုပ်ကြီးက အလျှော့ပေးခဲ့ရတယ်။
အဲ့အချိန်တုန်းက ကျောင်းအုပ်ကြီး Han က ကျွန်တော့်ကို Ba Jiao မူလတန်းကျောင်းကထုတ်ဖို့စိတ်တင်းထားပြီးပြီလို့ပြောတယ်။ အဘိုးက သူ့ကိုတစ်ခွန်းပဲပြောလိုက်တယ်။
"ဒီရွာမှာ ကျုပ်မြေးက ဘယ်လိုလူဆိုတာ မသိတဲ့လူမရှိဘူး။ တစ်ခုခုဖြစ်တဲ့အချိန်မှ ခင်ဗျားနောင်တမရနဲ့"
အဲ့အချိန်မှာ ကျောင်းအုပ်ကြီးက ကြက်သီးတွေထပြီး ကျွန်တော့်ကို အဲ့မူလတန်းကျောင်းမှာပဲ ဆက်နေခွင့်ပေးလိုက်တယ်။

ကျောင်းသားတွေကတော့ ဘာမှမဖြစ်ပါဘူး။ မမျှော်လင့်တာက ဆရာမ Gao Dao Ying ဟာ တစ်လတောင်မပြည့်သေးပဲ ခွင့်ယူသွားခဲ့တယ်။ အဲ့အချိန်ကစပြီး ဘာသာစကားအချိန်ဆိုရင် ကျောင်းအုပ်ကြီး Han ကိုယ်တိုင်လာသင်ပေးတယ်။
ကျောင်းအုပ်ကြီးက သူ့အချိန်အတွင်းမှာ ကျွန်တော် အခန်းထဲမှာနေချင်လည်းနေ၊ ထွက်ချင်လည်းထွက်ခွင့်ရှိတယ်လို့ပြောတယ်။ သူ့ရဲ့တစ်ခုတည်းသောတောင်းဆိုချက်ကတော့ စာသင်ခန်းအတွင်းမှာ ထူးဆန်းတဲ့အရာတွေ မဖြစ်ဖို့ပါပဲ။

ကျွန်တော်က အခြေအနေကိုနားလည်တော့ အဲ့အချိန်ကစပြီး အတန်းထဲမှာ အာရုံစိုက်ပြီးနားထောင်တယ်။ အဘိုးက ကျွန်တော့်ကို အနိုင်ကျင့်မခံရတဲ့၊ ပြဿနာမရှာတဲ့ သာမန်ကလေးတစ်ယောက်ပဲ ဖြစ်စေချင်ခဲ့တယ်။ ဒီတော့ ကျွန်တော့်ကိုကျောင်းမှာ ထူးဆန်းတာတွေမလုပ်ဖို့ ကတိပေးခိုင်းတယ်။ ကျွန်တော်ကလည်း အဲ့ကတိကိုထိန်းရမယ်လေ။ အဲ့ဒါကြောင့် ကျွန်တော်က ပိုပြီးစကားနည်းလာခဲ့တယ်။ ဆရာ စာရွတ်နေတဲ့အချိန်မှာ ကျွန်တော်သာလိုက်မရွတ်နေခဲ့ဘူးဆိုရင် တခြားကလေးတွေက ကျွန်တော့်ကိုအသွားပြီလို့ထင်မှာပဲ။ မပြောနိုင်တာမဟုတ်ပေမယ့် မပြောဖို့ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အတွေးတွေကိုလည်း အတန်းဖော်တွေကနားမလည်သလို သူတို့ပြောတာတွေကိုလည်း ကျွန်တော် စိတ်မဝင်စားဘူး။

ရွာထဲမှာ ဆရာဆိုတာ အင်မတန်မှရှားတယ်။ Ba Jiao မူလတန်းကျောင်းမှာ ခြောက်တန်းအထိရှိပေမယ့် ဆရာကခြောက်ယောက်ပဲရှိတယ်။ ဒီတော့ ဆရာတွေက အလုပ်တစ်ခုထက်ပိုလုပ်ရတယ်။ ဥပမာ - ကျောင်းအုပ်ကြီးဆိုရင် ကျောင်းအုပ်ကြီးလည်း ဖြစ်သလို ခြောက်တန်းတွေကို ဘာသာစကားသင်တဲ့ဆရာလည်း ဖြစ်တယ်။ အခုတော့ သူက တစ်တန်းတွေကိုပါ သင်ပေးနေရတယ်။ ကျောင်းအုပ်ကြီးက သိပ္ပံလည်း သင်သလို တခါတလေမှာ ကာယတို့၊ ဂီတတို့ပါသင်ရတယ်။ ကျွန်တော့်ကို ဘာသာစကားသင်တဲ့ဆရာက ကာယဆရာလို့ ပြောရင်မမှားဘူး။ ဘာလို့လည်းဆိုတော့ ကျောင်းအုပ်ကြီးက ကျွန်တော်တို့အခန်းကို ကာယပါသင်ပေးလို့လေ။ Guo Daoying ခွင့်ယူသွားတော့ ဆရာတွေက လက်မလည်ခဲ့ဘူး။

နောက်ပိုင်းမှာတော့ Guo Daoying ဟာ သူခွင့်ယူနေတဲ့အချိန်အတွင်းမှာ အဆက်အသွယ်နဲ့တခြားနေရာကိုပြောင်းရွေှ့သွားခဲ့တယ်။ ဒီတော့ ပညာရေးဝန်ကြီးဌာနက ဆရာဖြစ်သင်တန်းက အောင်လာတာမကြာသေးတဲ့ ဆရာမတစ်ယောက်ကိုလွှတ်လိုက်တယ်။
ဆရာမအသစ်က Lin Jing လို့ခေါ်ပြီး အင်မတန်မှချောတယ်။ အလယ်တန်းကျောင်းကနေထွက်လာတာမကြာသေးတော့ အသက်လည်း ငယ်တယ်။ အဲ့အချိန် Lin Jing က ကျွန်တော်တို့ဆရာမအဖြစ် တာဝန်ယူခဲ့ချိန်မှာ သူ့အသက်က ၁၈ တောင်မပြည့်သေးဘူး။ အတန်းထဲကကလေးတွေက မရင့်ကျက်သေးပေမယ့် အလှအပကိုခံစားတတ်မှုက ရင့်ကျက်နေခဲ့ပြီ။

ကျွန်တော်ကလွဲရင် အတန်းထဲက ကလေးငါးဆယ်ကျော်လောက်က သူ့ကိုချစ်ကြတယ်။ ကျွန်တော်ကလည်း လှတဲ့လူကိုကြိုက်ပေမယ့် သူ့ကိုယ်က ကိုယ်ရောင်ကိုယ်ဝါကို သဘောမကျဘူး။ အဲ့အရောင်အဝါက ကျွန်တော့်ကိုရန်သူကြီးလို သဘောထားနေတယ်။
"ဆရာမနာမည်က Lin Jing ပါ။ Huang Yan ဆရာဖြစ်သင်တန်းကျောင်းကနေအောင်လာတာပါ။ ဆရာမကလည်း 'ချို'တောင်မြို့နယ်မှာမွေးခဲ့တာဆိုတော့ သူစိမ်းလို့မထင်ပါနဲ့"
Lin Jing ရဲ့အသံက အင်မတန်မှနားဝင်ချိုပြီး သူစကားပြောတာနဲ့ ကလေးအယောက်ငါးဆယ်ကျော်လောက်က တိတ်သွားတယ်။
"ဘာမေးစရာရှိသေးလဲ"
Lin Jing က ကလေးတွေကို စကားပြောခွင့်ပေးလိုက်တယ်။
အဆင့်ဘိတ်ချီးရပြီး အကြောက်အရွံ့ကင်းတဲ့ ဖက်တီး Huang Shulang က
"ဆရာမမှာ ရည်းစားရှိလား" ဆိုပြီး မေးလိုက်တယ်။

မင်းလိုကောင်စုတ်လေးက ဒီလိုမေးခွန်းမေးတာ ဘာသဘောလဲ? သူက ဘယ်လောက်ပဲငယ်နေပါစေ၊ ငါတို့နဲ့ဆိုရင် အရွယ်ကွာခြားမှုရှိတာပဲ။
ကျွန်တော်ကလွဲရင် တစ်တန်းလုံးကလူတွေက ရယ်ကြတယ်။ ဒီလိုအဆင့်အတန်းမရှိတဲ့အကြောင်းအတွက်ဆိုရင် ကျွန်တော့်လိုမာနရှိသူက တစ်ချက်တောင်မရယ်နိုင်ဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က တာအိုဝါဒီဆရာကိုး။

Lin Jing က နှစ်ခြိုက်ဖွယ်ရယ်မောလိုက်တယ်။ အဲ့အချိန်မှာ သူ့ရင်ကနည်းနည်းလှုပ်သွားတော့ ကျွန်တော် မတော်တဆ ခိုးကြည့်လိုက်မိတယ်။ အဲ့ဒီတော့ ကျွန်တော့်လိုပဲ သူ့လည်ပင်းမှာဆွဲထားတဲ့ အရာလေးတစ်ခုကိုသတိထားမိတယ်။ ဒါပေမယ့် အဲ့အရာကဘာလည်းဆိုတာ မမြင်ရဘူး။ ကျွန်တော်လည်း ကျွန်တော်ဆွဲထားတဲ့ ကြေးနီပြားကိုထုတ်ပြီးဆော့နေခဲ့တယ်။
ဖက်တီးက
"ဆရာမ၊ ဟိုမှာ Huang Jingyang ကအတန်းထဲမှာ အရုပ်နဲ့ကစားနေတယ်" ဆိုပြီးလှမ်းတိုင်တယ်။

Lin Jing က ကျွန်တော့်နားလျှောက်လာတယ်။ အဲ့အချိန်မှာ သူ့ဆီက နေလို့ထိုင်လို့ခက်တဲ့ မည်းမှောင်တဲ့ချိတွေ ကျွန်တော့်ဆီရောက်လာတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ကနဦးချိက အဲ့မကောင်းတဲ့ချိကိုဆန့်ကျင်လိုက်တဲ့အတွက် နေရထိုင်ရခက်တာ ချက်ချင်းပျောက်သွားတယ်။
Lin Jing က လေသံမာမာနဲ့ ကျွန်တော့်ကိုမေးတယ်။
"ဘာလို့ စာသင်ခန်းထဲမှာ အရုပ်နဲ့ဆော့နေတာလဲ"
"ဒါအရုပ်မဟုတ်ဘူး၊ ဆရာမလည်ပင်းမှာလည်း အဲ့လိုမျိုးတစ်ခုရှိတယ်"
ကျွန်တော်က Lin Jing မေးတာကို အေးစက်စွာပဲ ပြန်တုန့်ပြန်ခဲ့တယ်။ ပုံမှန်ဆိုရင် ပြဿနာရှာတဲ့သူ ဟုတ်ရုံတင်မက အာခံတဲ့လူဆိုပြီး နာမည်တပ်လိုက်ပြီ။
"ကျောင်းဆင်းရင် အိမ်မပြန်နဲ့ဦး"

ဖက်တီး Huang Shulang က ကျွန်တော် အဆူခံထိရင် ကျေနပ်နေပြီ။ တကယ်တော့ ကျောင်းမှာဆက်နေခဲ့ချင်တာက သူလေ။ ဘာလို့လည်းဆိုတော့ ဆရာမ Lin နဲ့အတူရှိမှာကိုး။ အခုတော့ ကျောင်းမှာနေခဲ့ရတဲ့သူက ကျွန်တော်ဖြစ်နေတယ်။
ဒီတော့ ဆရာမ Lin စိတ်ကူးပြောင်းသွားအောင်လို့ စာသင်ချိန်ပြီးတဲ့အခါမှာ ဖက်တီးက ဆရာမဆီသွားပြီး ကျွန်တော်နဲ့ပတ်သတ်တဲ့ကောလာဟလတွေ သွားပြောပြတယ်။ ဒါပေမယ့် Huang Shulang ထင်ထားသလိုဖြစ်မလာခဲ့ဘူး။ ဆရာမ Lin က ငယ်ငယ်တည်းက ဘာသာမဲ့အနေနဲ့ပျိုးထောင်ခြင်းခံခဲ့ရတာကိုး။ ဒီတော့ Huang Shulang ပြောတာတွေအကုန်လုံးကို အယူသည်းတယ်ဆိုပြီးပယ်လိုက်တယ်။ Huang Shulang ရဲ့လုပ်ရပ်ကြောင့် Lin Jing ဟာ ကျွန်တော့်အပေါ် ပိုပြီးစိတ်ဝင်စားသွားခဲ့တယ်။
ကလေးတွေက Lin Jing နားမှာအမြဲဝိုင်းနေပြီး သူအိမ်သာသွားရင်တောင်မှ အနောက်ကတကောက်ကောက်လိုက်ကြတယ်။ အဲ့ဒီတော့ ဆရာမက ကျောင်းအုပ်ကြီးရဲ့အကူအညီတောင်းရတော့တယ်။
"ေ-ွး မသားလေးတွေ! မင်းတို့တွေ နောက်တစ်ခါ Lin Jing ကိုအိမ်သာထဲအထိလိုက်မယ်ဆိုရင် မင်းတို့ရဲ့ ** တွေကိုဖြတ်ပြီးခွေးကျွေးပစ်မယ်"
ကျောင်းအုပ်ကြီးက ကျောင်းအုပ်ကြီးရာထူးဆိုပေမယ့် ယဉ်ကျေးလှသူတော့မဟုတ်ဘူး။
** ရှိတဲ့ယောက်ျားလေးတွေဟာ အကုန်လုံးထွက်ပြေးသွားကြပြီး ** မရှိတဲ့မိန်းကလေးတွေဟာလည်း လန့်ပြီးပြေးသွားကြတယ်။

ကျွန်တော်က ဆရာမ Lin ရဲ့အေးစက်တဲ့ကိုယ်ရောင်ကိုယ်ဝါကိုမကြိုက်တဲ့အတွက် သူ့နဲ့ဝေးနိုင်သမျှဝေးအောင်ရှောင်တယ်။
Lin Jing က အိမ်သာကထွက်လာပြီးနောက် ကျွန်တော့်အနောက်ကနေလာပြီး
"နင်ကတကယ်လိပ်ပြာတွေအများကြီးကို ရောက်လာစေတာလား" ဆိုပြီးမေးတယ်။
ကျွန်တော်က လှည့်မကြည့်ပဲနဲ့တောင် Lin Jing လာမှန်းသိတယ်။ ပထမက ကျွန်တော်ထွက်ပြေးမလို့ပဲ၊ ဒါပေမယ့် ကောင်စုတ်လေးတွေက ကျွန်တော့်လမ်းပိတ်ထားတယ်။ အဲ့တော့ ကျွန်တော်ခေါင်းညိတ်လိုက်တယ်။ Ba Jiao မူလတန်းကျောင်းမှာ ဒီအကြောင်းကိုမသိတဲ့လူမရှိဘူးလေ။ အဲ့တော့ ကျွန်တော်က ဘာလို့ငြင်းရမလဲ?

"ဘယ်လိုဖြစ်နိုင်မလဲ၊ အတန်းထဲမှာ ပြဿနာရှာတာကမှားတယ်။ ဒါပေမယ့် ဒါက လိပ်ပြာတွေနဲ့မဆိုင်ဘူး။ လိပ်ပြာဆိုတာ လောကရဲ့သဘာဝတရားတစ်ခုပဲ။ အဲ့နေ့က မင်းဘယ်လိုပဲ ကခဲ့ကခဲ့၊ လိပ်ပြာတွေလာတာက တခြားအကြောင်းကြောင့်ဖြစ်မှာပါ"
Lin Jing ကပြုံးပြီးပြောတယ်။
"ဆရာမ၊ အဲ့ကိစ္စကအမှန်ပဲ။ အဲ့နေ့က သူ့အော်ပြီးကခုန်တော့ အတန်းထဲမှာ ငလျင်လှုပ်သလိုတုန်ခါသွားပြီး အကုန်လုံး မြေပေါ်လဲကျသွားတယ်။ နောက်တော့ အပြင်ကလိပ်ပြာတွေအများကြီး ဝင်လာတယ်"
Huang Shulang က ကြောက်လန့်တကြားပြောတယ်။
"ကဲ၊ အကုန်လုံးနားထောင်ကြ။ လိပ်ပြာဆိုတာ သဘာဝတရားပဲ။ ဒီလိုလိပ်ပြာတွေအများကြီးစုတာက နေရာအများကြီးမှာ ဖြစ်ခဲ့ဖူးဘူး။ ဆရာမတို့က သိပ္ပံပညာကိုလက်ကိုင်ထားရမှာဖြစ်ပြီး အယူသည်းတာတွေစွန့်လွှတ်ရမယ်"
Lin Jing  က ကျောင်းသားတွေကို စိတ်ရှည်လက်ရှည်ရှင်းပြတယ်။

ဒီတော့ Huang Shulang က သူမှန်ကြောင်း သက်သေပြချင်တာနဲ့ဝင်ပြောတယ်
"ဆရာမ Lin၊ အဲ့လိုဆို Huang Shulang ကိုထပ်ကခိုင်းကြည့်ပါလား? အဲ့ဒါဆိုရင် သူလိပ်ပြာတွေကိုခေါ်နိုင်တာ ဟုတ်လား၊ မဟုတ်လား သိတာပေါ့"
မမျှော်လင့်စွာနဲ့ ဒါကို Lin Jing က သဘောတူလိုက်တယ်။
"အင်း၊ ကျောင်းသား Huang Shulang ပြောတာမှန်တယ်။ လက်တွေ့လုပ်တာက အမှန်တရားကိုထုတ်ဖော်ဖို့အကောင်းဆုံးနည်းလမ်းပဲ။ ကျောင်းသား Huang Jingyang၊ ဟိုရက်တုန်းကလိုကပြီးတော့ လိပ်ပြာတွေကိုခေါ်နိုင်မလားဆိုတာ စမ်းကြည့်ပါလား"

ကျွန်တော် ခေါင်းကိုခါလိုက်တယ်။
"မလုပ်ဘူး"
ကျွန်တော့်ရဲ့ညင်းဆန်မှုကြောင့် Lin Jing က အံ့ဩသွားခဲ့တယ်။
"ဘာကြောင့်လဲ"
"ဆရာမ Lin၊ အကယ်၍ Huang Jingyang သာထပ်ကခုန်မယ်ဆိုရင် သူ့ကိုချက်ချင်းကျောင်းထုတ်မယ်လို့  ကျောင်းအုပ်ဆရာကြီးကပြောတယ်။ အရင်တစ်ခါတုန်းက ဆရာ Guo ကိုလန့်အောင်လုပ်ခဲ့တော့ သူ့ကိုကျောင်းထုတ်မလို့။ ဒါပေမယ့် သူ့အဘိုးကလာပြီးတောင်းပန်တာနဲ့ ကျောင်းအုပ်ကြီးက သူ့ကိုဆက်နေခွင့်ပေးခဲ့တာ။ ဒါပေမယ့် Huang Jingyang က အာမခံစာရေးခဲ့ရတယ်"
ဖက်တီး Huang Shulang က စကားကိုဒီလောက်အကြာကြီးမပြောနိုင်ဘူး။ ဒါကိုပြောတဲ့လူက အတန်းထဲက Li Lijiuan လို့ခေါ်တဲ့မိန်းကလေးပဲ။

ဆရာမက တအံ့တဩနဲ့ မျက်လုံးပြူးသွားပြီး
"ဒီကိစ္စကြောင့် ကျောင်းအုပ်ကြီးက Huang Jingyang ကိုကျောင်းထုတ်မယ်ပြောတယ်။ ဒါရူးသွပ်ရာမကျဘူးလား" ဆိုပြီးပြောတယ်။ ဆရာမက ခဏလေးတွေးပြီးနောက်
"စိတ်မပူပါနဲ့၊ ဆရာမ တာဝန်ယူပါ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းအုပ်ကြီးကိုပြောပေးပါ့မယ်" ဆိုပြီးပြောတယ်။
ကျွန်တော် ခေါင်းခါလိုက်တယ်။ ကျွန်တော် မခုန်တာက ကျောင်းအုပ်ကြီးကိုကြောက်လို့မဟုတ်ပဲ အဘိုးကိုကတိပေးထားတဲ့အတွက်ဖြစ်တယ်။
"ဘာကြောင့်လဲ"
ပထမတန်းကလေးက သူ့စကားနားမထောင်ဘူးဆိုတာကို Lin Jing မမျှော်လင့်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ကလည်း လက်မခံဘူး။

Huang Shulang က တိတ်တိတ်လေးထွက်သွားပြီးတော့ ကျောင်းအုပ်ကြီး Han ကိုခေါ်လာတယ်။
"ဆရာမ Lin၊ ဒီကလေးကိုခုန်ခိုင်းလို့မဖြစ်ဘူး။ ပြဿနာဖြစ်သွားမယ်"
ကျောင်းအုပ်ကြီးက အလောတကြီးနဲ့ရောက်လာတယ်"
"ကျောင်းအုပ်ကြီးက ဘာလို့ဒီလောက်အယူသည်းရတာလဲ။ လိပ်ပြာဆိုတာ သဘာဝတရားပဲလေ။ Huang Jingyang ကခုန်တာနဲ့သူတို့တွေရောက်လာမှာမဟုတ်ဘူး။ ဒါကို ကျောင်းအုပ်ကြီးနားလည်မယ်လို့ ထင်ပါတယ်"
Lin Jing က မျက်မှောင်ကြုတ်ပြီးပြောတယ်။

"ဆရာမ Lin က သိပ္ပံကိုယုံတာဟုတ်တယ်၊ ဒါပေမယ့် သိပ္ပံမှာလည်း ထူးဆန်းထွေလာတွေရှိတယ်။ ကျောင်းသား Huang Jingyang က ထူးဆန်းထွေလာပဲ။ ဆရာမကဒီကိုရောက်လာတာ သိပ်မကြာသေးတော့ Huang Jingyang အကြောင်းမသိသေးဘူး။ အချိန်နည်းနည်းကြာရင် သိပါလိမ့်မယ်။ အဲ့ထူးဆန်းတဲ့အကကို သူ့ကိုပေးကလို့မဖြစ်ဘူး။ Huang Jingyang၊ မင်း အာမခံစာရေးထားတာ မှတ်မိတယ်မလား။ ထူးဆန်းတဲ့အက ကရင် ချက်ချင်းကျောင်းကထုတ်ပစ်မယ်"
ကျောင်းအုပ်ကြီးရဲ့ကန့်ကွက်မှုကြောင့် Lin Jing ရဲ့သိပ္ပံနည်းကျစမ်းသပ်မှုဖြစ်မလာခဲ့ဘူး။

Lin Jing က ချန်တောင်ရွာကမဟုတ်ဘူး ချိုတောင်မြို့နယ်ရဲ့တခြားရွာတစ်ရွာကလူဖြစ်တယ်။ အိမ်နဲ့ဝေးတော့ သူက ကျောင်းမှာပဲနေရတယ်။

ရွာကျောင်းလေးဖြစ်တဲ့ Ba Jiao မူလတန်းကျောင်းရဲ့ ဆရာတွေအတွက်အဆောင်ဟာ အကောင်းကြီးတော့မဟုတ်ဘူး။ စာသင်ခန်းတိုင်းမှာ နောက်အခန်းတစ်ခန်းရှိပြီး အဲ့အခန်းက ရုံးခန်းလည်းဖြစ်သလို ဆရာတွေရဲ့အဆောင်လည်းဖြစ်တယ်။ အရင်က ဒီကျောင်းရဲ့ဆရာတွေက ဒီရွာသားတွေပဲဆိုတော့ စာသင်ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်သွားကြတယ်။ ကျောင်းအုပ်ဆရာက အခန်းတစ်ခန်းရှင်းပြီးတော့ Lin Jing ကိုနေစေတယ်။
ကျောင်းက ပြည်သူပိုင်ကွက်လပ်တစ်ခုမှာ ဆောက်ထားတာဖြစ်ပြီး ရွာနဲ့အလှမ်းဝေးတယ်။ ဒါ့အပြင် တောင်ကုန်းနားမှာဆိုတော့ ညဘက်ဆိုရင် ကြက်သီးထစရာကောင်းတယ်။

Lin Jing တစ်ယောက်တည်းနေတာကို ကျောင်းအုပ်ကြီးက စိတ်မချတဲ့အတွက် ညဘက်ဆိုရင် အဖော်လုပ်ပေးဖို့ ကျောင်းသားတစ်ယောက်ကိုနေခွင့်ပြုထားတယ်။ ပထမတန်းကလေးတွေပဲဆိုတော့ ယောက်ျားလေး၊ မိန်းကလေးခွဲနေစရာမလိုဘူးလေ။
Huang Shulang က ဝမ်းသာအားရနဲ့ သူကျောင်းမှာနေခဲ့ရမယ့် သူ့အလှည့်ကျမယ့်နေ့ကိုတွက်ချက်နေတယ်။ သင်္ချာမှာ သုညအမြဲရတဲ့ Huang Shulang အတွက်ကတော့ ဒီတွက်ချက်မှုကြီးဟာ သူ့အတွက်တော့ သင်္ချာအိုလံပစ်ပဲ။

ကျွန်တော်က Lin Jing ရဲ့ကိုယ်ရောင်ကိုယ်ဝါကိုမကြိုက်တဲ့အတွက် ကျွန်တော့်အလှည့်ကျရင် အဲ့မှာအိပ်ရမှာကိုမလိုလားဘူး။


Patriarch [Sloth]

Comments

Popular posts from this blog

Lookism