သုံးနိုင်ငံခေတ်(၆၁)
အခန်း(၆၁) မြစ်ထဲတွင် "ကျောက်ယွင်"(Zhao
Yun) သည် "လျူရှန်"(Liu Shan) ကိုကယ်တင်ခြင်း။ စာတစ်စောင်ဖြင့် "စွန်းချွမ်"(Sun
Quan) က "ချောင်ချောင်း"(Cao Cao) ကိုတပ်ဆုတ်သွားစေနိုင်ခြင်း။
အနောက်ဘက်မြစ်ကမ်းဒေသကိုရယူရန်အတွက်
နယ်စား "လျူကျန်း"(Liu Zhang) ကိုလုပ်ကြံရန် "ဖန်ထုံ"(Pang
Tong) နှင့် "ဖာကျန့်"(Fa Zheng) တို့က တိုက်တွန်းသော်လည်း "လျူဘေ့"(Liu
Bei) က လက်မခံပေ။
နောက်တစ်ရက်ဝယ်
ဖူချန်မြို့တွင် ထပ်တစ်ခါ စားပွဲကျင်းပလေသည်။ ဧည့်သည်နှင့်အိမ်ရှင်တို့သည် ရင်းနှီးစွာစကားပြောဆိုကြသည်။
အရက်သောက်နေကြစဉ် "ဖန်ထုံ"(Pang Tong) မှ "ဖာကျန့်"(Fa Zheng)
အား
"ကျုပ်တို့သခင်ကြီးက
ဒါကိုလက်မခံချင်ဘူးဆိုတော့ ကျုပ်တို့တွေ ဝေရန်(Wei Yan) ကိုဓားရေးပြခိုင်းပြီး အရှုပ်အထွေးဖြစ်အောင်လုပ်ပြီးတော့
အဲ့အချိန်မှာ လျူကျန်း(Liu Zhang) ကိုသတ်ကြရအောင်"ဟုပြောလေသည်။
မကြာခင်တွင်
"ဝေရန်"(Wei Yan) သည် ဓားကိုအောက်စိုက်ကာကိုင်လျက်ဝင်လာပြီး
"ဒီစားပွဲမှာ
ဖျော်ဖြေမှုတွေမရှိဘူးဆိုတော့ ကျွန်တော်က ဓားရေးပြပြီး ဖျော်ဖြေပါရစေ"ဟုပြောသည်။
ထိုအခါ "ဖန်ထုံ"(Pang Tong) မှ လက်နက်ကိုင်ဆောင်ထားသည့် အစောင့်တချို့ကိုခေါ်ကာ
တောင်ကုန်း၏အောက်နားတွင် နေရာချလေသည်။ ထိုသို့လုပ်သည်ကိုမြင်သောအခါ "လျူကျန်း"(Liu
Zhang) ၏အမှုထမ်းတို့က သံသယမျက်လုံးတို့ဖြင့်ကြည့်လေသည်။
အမှုထမ်းတစ်ဦးဖြစ်သော
"ကျန်းရန်"(Zhang Ren) မှ
"ဓားရေးပြတာက
နှစ်ယောက်ယှဉ်ပြိုင်နေမှပိုကောင်းမှာပေါ့။ ကျွန်တော်လည်း ကျွန်တော့်အစွမ်းအနည်းငယ်ကို
ပြပါရစေ"ဟုပြောပြီး ဓားကိုကိုင်ကာ ထလာသည်။
"ဝေရန်"(Wei
Yan) က တစ်ချက်လှည့်ကြည့်လိုက်ရာ "လျူဖုန်း"(Liu Feng) မှထလာပြီး "ဝေရန်"(Wei
Yan) ၏နံဘေးတွင် နေရာယူသည်။ ထို့အပြင် အနောက်ပိုင်းဒေသ၏ အမှုထမ်းသုံးဦးတို့ကလည်း ထလာကာ
"ကျွန်တော်တို့လည်း
ဒီမှာပါဝင်ယှဉ်ပြိုင်ပြီး ရယ်မောပျော်ရွှင်အောင် လုပ်တာပေါ့" ဟုပြောလေသည်။
ထိုအခါ
"လျူဘေ့"(Liu Bei) သည် မျက်နှာအမူအယာပြောင်းသွားပြီး အစေခံတစ်ဦး၏ ဓားကိုဆွဲကာ
ထပြီး
"ကျုပ်တို့ညီနောင်နှစ်ဦးက
ယာမကာသောက်ပြီး စားသောက်ပွဲလုပ်ရတာကိုနှစ်သက်တယ်။ ဒါပေမယ့် ဒါက သွေးထွက်သံယိုဖြစ်ခဲ့တဲ့
ဟုန်မန်1 စားသောက်ပွဲမဟုတ်ဘူး။
လက်နက်ချလိုက်ပါ၊ မဟုတ်ရင် သေဒဏ်ပေးရလိမ့်မယ်"ဟုပြောလေသည်။
"လျူကျန်း"(Liu
Zhang) မှလည်း
"ညီအစ်ကိုနှစ်ယောက်တွေ့ကြတာ
ဘာလို့ လက်နက်တွေသယ်လာကြတာလဲ"ဟုပြောပြီး အစေခံတို့အား အမှုထမ်းတို့၏လက်နက်ကိုသိမ်းစေရန်
အမိန့်ပေးလိုက်သည်။
သို့နှင့်
နှစ်ဦးနှစ်ဖက်လုံး ပြန်ဆုတ်သွားကြသည်။
"လျူဘေ့"(Liu
Bei) သည် "လျူကျန်း"(Liu Zhang) ၏စစ်သူကြီးတို့ကို ခန်းမဆောင်၏အပေါ်သို့ခေါ်ကာ
အရက်ခွက်ပေးပြီး
"ခင်ဗျားတို့တွေ
သံသယမရှိကြပါနဲ့။ ကျုပ်တို့က သွေးနီးတဲ့ညီအစ်ကိုတွေဖြစ်ပြီး တူညီတဲ့ရည်ရွယ်ချက်တွေရှိကြပါတယ်"ဟုပြောလေသည်။
အမှုထမ်းတို့ကလည်း အရိုအသေပေးကာ ပြန်ထွက်သွားသည်။
"လျူကျန်း"(Liu
Zhang) မှ "လျူဘေ့"(Liu Bei) လက်ကိုကိုင်ကာ
"ကျုပ်က
ညီနောင်ရဲ့စေတနာကို မမေ့ပါဘူး"ဟုပြောသည်။
အချိန်အတန်ကြာအထိစားသောက်ပြီးနောက်
"လျူဘေ့"(Liu Bei) သည် စခန်းသို့ပြန်သွားသည်။ ပြန်ရောက်ပြီးနောက်ဝယ် သူ၏အကြံပေးကို
အပြစ်တင်လေသည်။
"ခင်ဗျားက
ဘာလို့ကျုပ်ကို ဒီလိုအပြစ်ကျူးလွန်အောင်လုပ်စေတာလဲ? နောက်တစ်ခါ ဒီလိုမဖြစ်စေနဲ့"
"ဖန်ထုံ"(Pang
Tong) သည် သက်ပြင်းချကာထွက်သွားသည်။
"လျူကျန်း"(Liu
Zhang) သည် သူ၏နေရာစခန်းသို့ရောက်သော် သူ၏အမှုထမ်းတို့မှ
"သခင်ကြီး
ခုနက စားပွဲမှာ သူတို့ရဲ့အကြံအစည်အမှန်ကိုသိပြီမဟုတ်လား? ဒါကြောင့် သခင်ကြီးက မြို့အထဲကိုပြန်သွားရင်ကောင်းမယ်"
ဟုပြောကြသည်။
"လျူကျန်း"(Liu
Zhang) မှ
ကျုပ်အစ်ကိုက
သာမန်လူတွေလိုမဟုတ်ဘူး" ဟုပြောသည်။
"သူကိုယ်တိုင်က
မလုပ်ချင်ပေမယ့် သူ့ဘေးကလူတွေမှာ မတော်လောဘတွေရှိတယ်"
"ခင်ဗျားတို့တွေ
ကျုပ်တို့ညီနောင်မသင့်မြတ်အောင် သွေးမထိုးကြပါနဲ့"
"လျူကျန်း"(Liu
Zhang) သည် သူ၏အမှုထမ်းတို့ပြောစကားကို မနာယူချေ။ တစ်ရက်သော် "လျူဘေ့"(Liu
Bei) နှင့် "လျူကျန်း"(Liu Zhang) တို့ပျော်ရွှင်စွာ စကားစမြည်ပြောနေခိုက်
"ကျန်းလု"(Zhang Lu) သည် အနောက်ဘက်မြစ်ကမ်းဒေသကို ကျူးကျော်ရန်ချီတက်လာပြီး
ကျားမုန့်ခံတပ်သို့ရောက်နေပြီ ဖြစ်ကြောင်း သတင်းရောက်လာသည်။ ထိုအခါ နယ်စားမှ
"လျူဘေ့"(Liu Bei) အား ခုခံရန်တောင်းဆိုသည်။ "လျူဘေ့"(Liu
Bei) က သဘောတူကာ သူ၏တပ်တို့နှင့် ချီတက်သွားလေသည်။
ဧည့်သည်တို့မရှိတော့သောအခါဝယ်
"လျူကျန်း"(Liu Zhang) ၏အမှုထမ်းတို့က စစ်ဗျူဟာအရအရေးပါသောနေရာများတွင် အစောင့်အကြပ်တို့ထားရန်
တိုက်တွန်းလေသည်။ အကြောင်းသော်ကား "လျူဘေ့"(Liu Bei) မှ ရုတ်တရတ်သစ္စာဖောက်သွားလျှင်
ခုခံနိုင်ရန်ဖြစ်သည်။ ပထမသော် "လျူကျန်း"(Liu Zhang) က လက်မခံပေ၊ သို့သော်လည်း
အမှုထမ်းတို့၏ထပ်ခါထပ်ခါ တိုက်တွန်းမှုကြောင့် လက်ခံလိုက်သည်။
ပိုင်ရွှေစစ်သူကြီး
"ရန်ဟွိုင်"(Yang Huai) နှင့် "ကောင်းဖေ"(Gao Pei) တို့ကို ဖူမြစ်ခံတပ်သို့လွှတ်လိုက်လေသည်။
ထို့ကြောင့်
"လျူကျန်း"(Liu Zhang) သည်လည်း ချန်တူးသို့ပြန်သွားပြီး ဧည့်သည်ဖြစ်သော
"လျူဘေ့"(Liu Bei) သည် ရန်သူသို့ချီတက်လာရာသို့သွားလေသည်။ ထိုနေရာသို့ရောက်သော်
"လျူဘေ့"(Liu Bei) ၏တပ်သားတို့ကိုထိန်းကွပ်နိုင်သောအရည်အချင်းနှင့် ကောင်းမွန်သောအပြုအမူတို့ကြောင့်
လူတို့၏လေးစားမှုကိုခံရလေသည်။
အနောက်ဘက်ပြည်နယ်တွင်ဖြစ်နေသောအခြင်းအရာတို့ကို
တောင်ပိုင်းပြည်နယ်မှကြားသိသောအခါ "စွန်းချွမ်"(Sun Quan) သည် အမှုထမ်းတို့ကိုခေါ်ကာ
တိုင်ပင်သည်။ "ကူယုံ"(Gu Yong) မှ
"ကျွန်တော့်ဆီမှာ
အကြံတစ်ခုရှိပါတယ်။ အခုအချိန်မှာ လျူဘေ့(Liu Bei) ကအဝေးကိုရောက်နေပြီး ကျွန်တော်တို့နဲ့
ပြည်နယ်ခြားနေတယ်။ ဒီတော့ သူချက်ချင်း ပြန်လာနိုင်မှာမဟုတ်ဘူး။ ကျွန်တော့်အကြံကတော့
သခင်ကြီးရဲ့စစ်တပ်တွေအကုန်လုံးကိုလွှတ်ပြီး ကျင်ကျိုးနဲ့ ရှန်းရန်ကိုသိမ်းရင် အောင်နိုင်လိမ့်မယ်"
ဟုပြောသည်။ "စွန်းချွမ်"(Sun Quan) မှလည်း
"ဒီအကြံကောင်းတယ်"
ဟုဆိုလေသည်။
ထိုအချိန်တွင်
အသံကျယ်လောင်စွာဖြင့် ကန့်ကွက်သံထွက်လာသည်။
"ငါ့သမီးကို
သေစေဖို့အကြံပေးတဲ့လူကို သေဒဏ်ပေးသင့်တယ်"
အမှုထမ်းတို့မှာအံ့ဩသွားပြီး
ပြောသူကိုကြည့်ရာ ထိုပြောသူမှာ နယ်စား၏မိခင်ဖြစ်သည်။ ဝူအမျိုးသမီးသည် ဒေါသတကြီးဖြင့်
ဝင်လာကာ
"လျူဘေ့(Liu
Bei) ရဲ့ဇနီးဖြစ်သွားတဲ့ ငါ့သမီးကိုရော ဘယ်လိုလုပ်မလဲ" ဟုပြောသည်။ ထို့နောက်
"စွန်းချွမ်"(Sun Quan) ကိုစိတ်ဆိုးမာန်ဆိုးဖြင့်ကြည့်ပြီး
"မင်းက
မင်းအဖေနဲ့အစ်ကိုကြိုးစားပြီး သိမ်းပိုက်ထားတဲ့ပြည်နယ်တွေကို ဘာမှခွန်အားမစိုက်ရပဲ
အမွေရခဲ့တာ။ ဒါကိုတောင် လောဘအတောမတတ်နိုင်သေးပဲ ကိုယ့်ညီမကိုစတေးပြီး တခြားပြည်နယ်ကို
သိမ်းဦးမလို့လား" ဟုဆူလေသည်။
"စွန်းချွမ်"(Sun
Quan) မှာ အရှက်ရသွားကာ
"မဟုတ်ဘူး၊
မဟုတ်ဘူး။ ကျွန်တော်က အမေ့ဆန္ဒကိုသွေဖယ်ပြီးမလုပ်ဝံ့ပါဘူး" ဟုပြောသည်။
ထို့နောက်
ညီလာခံကိုရုတ်သိမ်းလိုက်သည်။ ဝူအမျိုးသမီးကြီးသည်လည်း သူ၏အခန်းဆောင်သို့ပြန်သွားသည်။
တစ်ဦးတည်းကျန်ရစ်သော
"စွန်းချွမ်"(Sun Quan) သည် ဝမ်းနည်းစွာ သက်ပြင်းချသည်။
'ဘယ်တော့မှများ
ကျင်ကျိုးပြည်နယ်က ငါ့လက်ထဲရောက်လာမလဲ' ဟုတွေး၏။
ထိုအချိန်တွင်
"ကျန်းကျောက်"(Zhang Zhao) ဝင်လာကာ
"သခင်ကြီး
ဘာတွေသောကများနေတာလဲ" ဟုမေးလေသည်။
"ကြီးကြီးမားမားတော့မဟုတ်ပါဘူး။
ဒီပြည်နယ်ကို ရနိုင်ဖို့ပဲ"
"ဒါကလွယ်ပါတယ်။
ယုံကြည်ရတဲ့လူတစ်ယောက်ကို သခင်မ စွန်းရန်(Sun Ren) ဆီ လွှတ်ပြီး အမေဖြစ်သူ အပြင်းအထန်ဖျားနာနေတယ်လို့
အကြောင်းကြားစာပို့ပါ။ အဲ့လွှတ်တဲ့လူကို လူငါးရာအစောင့်အကြပ်နဲ့ပို့ပြီး ကျင်ကျိုးမြို့ကိုသွားခိုင်းပါ။
အမေနေမကောင်းဘူးလို့ကြားရင် ချက်ချင်းပြန်လာမှာပဲ။ ဒါ့အပြင် လျူဘေ့(Liu Bei) ရဲ့သားကိုပါခေါ်လာနိုင်တယ်။
လျူဘေ့(Liu Bei) ရဲ့သား ကျွန်တော်တို့လက်ထဲမှာရှိရင် လျူဘေ့(Liu Bei) က ကျင်ကျိုးပြည်နယ်ကိုပြန်ပေးမှာပဲ။
မပေးရင်လည်း စစ်တိုက်ရုံပဲ"
"ဒီအကြံမဆိုးဘူး။
ဒါ့အပြင် ဒီအကြံအတွက် ရွေးရမယ့်လူ ကျုပ်စိတ်ကူးထဲမှာရှိတယ်။ သူက ရဲရင့်တဲ့ ကျိုးစန်း(Zhou
Shan) ပဲ။ သူအရင်က ကျုပ်အစ်ကိုအနားမှာ တာဝန်ထမ်းဆောင်ဖူးတယ်။ သူ့ကိုလွှတ်ဖို့ သင့်တော်တယ်။
"ဒါမပေါက်ကြားပါစေနဲ့။
ကျိုးစန်း(Zhou Shan) ကိုလည်း မြန်မြန်သွားခိုင်းပါ"
"ကျိုးစန်း"(Zhou
Shan) သည် လူငါးရာကိုခေါ်ပြီး ကုန်သည်အယောင်ဆောင်ကာသွားလေသည်။ ထိုလူငါးရာထဲတွင် သူ၏လူယုံငါးဦးထည့်ထားသည်။
ထို့အပြင် မေးမြန်းလာပါက ပြသနိုင်ရန် ခရီးသွားလက်မှတ်အထောက်အထားအတုတို့ကိုလည်း ပြုလုပ်သည်။
သို့နှင့်
ကျင်ကျိုးမြို့သို့ရောက်သောအခါ သင်္ဘောကိုဆိပ်ကမ်းတွေရပ်ပြီး မြို့တွင်းသို့ဝင်ကာ စွန်းအမျိုးသမီးထံသွားသည်။
စွန်းအမျိုးသမီးနှင့် တွေ့သောအခါ လျှို့ဝှက်စာကိုပေးလိုက်သည်။ စွန်းအမျိုးသမီးသည် စာကိုဖတ်ပြီးနောက်
မိခင်ဖြစ်သူ နေမကောင်းမှန်းသိ၍ ငိုကာ အကျိုးအကြောင်းမေးလေသည်။ "ကျိုးစန်း"(Zhou
Shan) မှ
"မယ်တော်ကြီးက
သခင်မကိုလွမ်းနေတယ်။ သခင်မ,သာ အမြန်သွားမတွေ့ရင် မမှီတော့ပဲနေမယ်။ ဒါ့အပြင် မယ်တော်ကြီးက
သူခေါင်းမချခင် လျူရှန်(Liu Shan) ကိုတွေ့ချင်တယ်လို့ပြောတယ်" ဟု လီဆယ်ပြောဆိုသည်။
"ဦးရီးတော်က
စစ်တပ်အရေးကြောင့် အပြင်သွားနေရတယ်။ ဒီတော့ ငါအိမ်ပြန်ရင် စစ်တပ်ခေါင်းဆောင်ကိုအကြောင်းကြားရမယ်"
"ဒါပေမယ့်
သူ့ကိုအကြားကြားရင် ဦးရီးတော်ကိုအရင်အကြောင်းကြားပြီးမှ ပေးသွားရင်ဘယ်လိုလုပ်မလဲ"
"အကြောင်းမကြားပဲနဲ့
ဒီအတိုင်းသွားဖို့ မဖြစ်နိုင်ဘူး"
"ကမ်းမှာ
သင်္ဘောတွေအဆင်သင့်ပြင်ထားပြီးပြီ။ သခင်မက မြို့ထဲကထွက်လာနိုင်ရင်ရပြီ"
သို့နှင့်
"စွန်းရန်"(Sun Ren) သည် "လျူရှန်"(Liu Shan) ကိုခေါ်ကာ အစောင့်အကြပ်သုံးဆယ်တို့ဖြင့်
မြစ်ကမ်းနားသို့သွားသည်။
သင်္ဘောထွက်ရန်ပြင်ချိန်တွင်
လူတစ်ဦးမှ
"ခဏနေဦး!
ကျုပ် သခင်မကို နှုတ်ဆက်ပါရစေဦး" ဟုပြောသည်။
ထိုသူမှာ
"ကျောက်ယွင်"(Zhao Yun) ဖြစ်သည်။ "ကျောက်ယွင်"(Zhao Yun) သည် ကင်းလှည့်ရာမှပြန်လာပြီး
စွန်းအမျိုးသမီးထွက်သွားသည်ကို ကြားသိရသဖြင့် လိုက်လာခြင်းဖြစ်သည်။
"ကျိုးစန်း"(Zhou
Shan) သည် သင်္ဘောထပ်ဦးတွင် လှံကိုကိုင်လျက်
"ခင်ဗျားက
ဘယ်သူမို့လို့ သခင်မရဲ့ခရီးကိုနှောင့်နှေးစေရတာလဲ" ဟုပြောလေသည်။ ထို့နောက်
"ကျိုးစန်း"(Zhou Shan) သည် သူ၏စစ်သားတို့ကို တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားစေသည်။
တိုက်ခတ်လာသောလေနှင့်လှိုင်းတို့ကြောင့် သင်္ဘောစတင်ထွက်ခွာလေသည်။
"ကျောက်ယွင်"(Zhao
Yun) သည် ကမ်းခြေတစ်လျှောက်လိုက်ပြီး
"သခင်မ
က သူသွားလိုက သွားနိုင်တယ်။ ဒါပေမယ့် သူ့ကို စကားတစ်ခွန်းပြောစရာရှိတယ်" ဟုပြောလေသည်။
"ကျိုးစန်း"(Zhou
Shan) သည် မကြားချင်ယောင်ဆောင်ကာ သင်္ဘောကို မြန်မြန်သွားစေသည်။ "ကျောက်ယွင်"(Zhao
Yun) သည် မြစ်ကမ်းတစ်လျှောက် သုံးလေးမိုင်ခန့်လိုက်ပြီးနောက် မြစ်ကမ်း
အနီးတွင်
ငါးဖမ်းလှေကိုတွေ့လိုက်သည်။ "ကျောက်ယွင်"(Zhao Yun) သည် မြင်းပေါ်မှဆင်းကာ
လှံကိုကိုင်ပြီး ငါးဖမ်းလှေပေါ်သို့ခုန်တက်လိုက်သည်။ ထိုလှေပေါ်မှလူနှစ်ဦးကို စွန်းအမျိုးသမီး
စီးသွားသောသင်္ဘောထံသို့မှီအောင် လှော်ခိုင်းလေ၏။ သင်္ဘောအနီးသို့ရောက်သော် တောင်ပိုင်းပြည်နယ်၏တပ်သားတို့က
လှံတို့ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်လေသည်။ "ကျောက်ယွင်"(Zhao Yun) သည်
သူ၏လှံကို လှေထဲတွင်ပစ်ချပြီး ဓားကိုဆွဲကိုင်ကာ သင်္ဘောပေါ်သို့တက်သွားသည်။
သင်္ဘောပေါ်ရှိအစောင့်တို့သည်
ကြောက်ရွံ့သွားကြသည်။ "ကျောက်ယွင်"(Zhao Yun) သည် သင်္ဘောအတွင်းသို့ဝင်ကာ စွန်းအမျိုးသမီးနှင့်တွေ့သည်။
စွန်းအမျိုးသမီးသည် လက်ထဲတွင် "လျူရှန်"(Liu Shan) ကိုချီထားသည်။ စွန်းအမျိုးသမီးမှ
ဒေါသဖြင့်
"ဘာလို့
ဒီလိုဝင်လာရတာလဲ" ဟုမေးသည်။
"သခင်မ
သွားတာ ဘာလို့တိတ်တဆိတ်သွားရတာလဲ"
"ငါ့အမေနေမကောင်းဖြစ်ပြီး
သေလုမြောပါးဖြစ်နေလို့ သွားrရောက်တွေ့မလို့၊ အကြောင်းကြားဖို့အချိန်မရခဲ့ဘူး"
"ဒါဆို
နေမကောင်းတဲ့လူကိုသွားတွေ့တာ ဘာလို့သခင်လေးကိုခေါ်သွားရတာလဲ"
"လျူရှန်(Liu
Shan) က ငါ့သားပဲ။ ဒီအတိုင်းပစ်ထားခဲ့လို့ဘယ်ဖြစ်မလဲ"
"သခင်မ
ပြုမူတာမှားနေပြီ။ သခင်ကြီးမှာ သားတစ်ယောက်ပဲရှိတာ။ နောက်ပြီး ဒီကလေးကို တန်းရန် လုံကုန်းမြင့်တံတားမှာတုန်းက
ထောင်ပေါင်းများစွာသော ချောင်ချောင်း(Cao Cao) တပ်တွေဝန်းရံထားတဲ့ကြားက ကျွန်တော် ခက်ခက်ခဲခဲနဲ့ကယ်တင်လာခဲ့ရတာ။
သခင်မက သူ့ကိုခေါ်သွားစရာအကြောင်းမရှိပါဘူး"
စွန်းအမျိုးသမီးသည်
ဒေါသထွက်ကာ
"ရှင့်လိုစစ်သားက
ငါ့မိသားစုအရေးမှာ ဝင်မစွက်ဖက်ပါနဲ့" ဟုပြောလေသည်။
"သခင်မ
သွားလိုက သွားပါ။ ဒါပေမယ့် သခင်လေးကိုထားခဲ့ပါ"
"ဒါ
ရှင်ပုန်ကန်နေတာပဲ"
"သခင်လေးကို
မထားခဲ့ရင် သခင်မကို ပေးသွားလို့မဖြစ်ပါဘူး"
စွန်းအမျိုးသမီးသည်
သူ၏ကိုယ်ရံတော်အမျိုးသမီးတို့ကိုခေါ်ကာ "ကျောက်ယွင်"(Zhao Yun) ကိုဖမ်းစေသည်။
"ကျောက်ယွင်"(Zhao Yun) သည် ခုခံပြီးနောက် စွန်းအမျိုးသမီးလက်ထဲမှ ကလေးကိုလုယူလိုက်ကာ
သင်္ဘောဦးပိုင်းသို့သွားသည်။ ထိုနေရာတွင် သတ်ဖြတ်မှုပြုရန်မသင့်တော်သဖြင့် မပြုလုပ်ပေ။
"ကျောက်ယွင်"(Zhou Yun) ကိုကူညီမည့်သူမရှိသဖြင့် ဘာလုပ်ရမည်မသိဖြစ်နေသည်။
စွန်းအမျိုးသမီးသည် "ကျောက်ယွင်"(Zhao Yun) လက်ထဲမှကလေးကို ပြန်ယူရန်အမိန့်ပေးလိုက်သည်။
သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) သည် အနားကပ်လာသူတို့ကို ဓားဖြင့် ခုခံထားသည်။
ထိုအချိန်တွင်
"ကျိုးစန်း"(Zhou Shan) သည် ပဲ့ထိန်းသည့်နေရာတွင်ရှိနေပြီး သင်္ဘောကို လေတိုက်အားပိုကောင်းသည့်နေရာသို့သွားရန်ပြုနေသည်။
ကလေးချီထားသော "ကျောက်ယွင်"(Zhao Yun) မှာ ကမ်းနှင့်ကွာနေသောကြောင့် မည်သို့ပြုရမည်မသိဖြစ်နေသည်။
ထိုအချိန်တွင် သင်္ဘောအချို့ရောက်လာသည်။ "ကျောက်ယွင်"(Zhao Yun) မှာ ထိုသင်္ဘောတို့သည်
တောင်ပိုင်းပြည်နယ်၏တပ်ဟုထင်သောကြောင့် "သွားလေပြီ" ဟုထင်မှတ်လေသည်။
သို့သော်လည်း
သင်္ဘောတို့ကိုဦးဆောင်လာသူမှာ "ကျန်းဖေး"(Zhang Fei) ဖြစ်သည်။ "ကျန်းဖေး"(Zhang
Fei) မှ
"မရီး၊
သခင်လေးကိုထားခဲ့ပါ" ဟုလှမ်းပြောသည်။ စွန်းအမျိုးသမီးထွက်ခွာသည့်သတင်းကိုကြားသည့်အချိန်တွင်
"ကျန်းဖေး"(Zhang Fei) သည် ပတ်ဝန်းကျင်ကို ထောက်လှမ်းနေသည့်အချိန်ဖြစ်သည်။
ထိုသတင်းကြားသည်နှင့် "ကျန်းဖေး"(Zhang Fei) မှာ ယွီမြစ်သို့သွားပြီး သင်္ဘောတို့ဖြင့်
အမှီလိုက်လာခြင်းဖြစ်သည်။
"ကျန်းဖေး"(Zhang
Fei) သည် စွန်းအမျိုးသမီးရှိရာသင်္ဘောပေါ်သို့တက်လာသောအခါ "ကျိုးစန်း"(Zhou
Shan) က ဓားကိုကိုင်ကာ တိုက်မည်ပြုသည်။ သို့သော်လည်း "ကျန်းဖေး"(Zhang
Fei) က သူ၏ဓားဖြင့် တစ်ချက်ခုတ်လိုက်ရာ "ကျိုးစန်း"(Zhou Shan) သေသွားလေသည်။
ထို့နောက် "ကျိုးစန်း"(Zhou Shan) ၏ခေါင်းကို စွန်းအမျိုးသမီး၏ခြေရင်းတွင်
ပစ်ချလိုက်သည်။
စွန်းအမျိုးသမီးမှာ
ထိတ်လန့်သွားကာ
"ဘာလို့
ဒီလိုရိုင်းပျစွာပြုမူရတာလဲ" ဟုပြောလေသည်။
"မရီးက
ကျွန်တော့်အစ်ကိုကို မထီမဲ့မြင်ပြုပြီး ဒီအတိုင်းထွက်သွားတယ်။ အဲ့ဒါမှ ရိုင်းပျတာ"
"ကျွန်မ
အမေကနေမကောင်းဘူး။ ရှင့်အစ်ကိုရဲ့ခွင့်ပြုချက်စောင့်ရရင် နောက်ကျသွားလိမ့်မယ်။ ရှင်
ကျွန်မကိုသွားခွင့်မပေးရင် မြစ်ထဲခုန်ချပြီးသတ်သေလိုက်မယ်"
ထိုအခါ
"ကျောက်ယွင်"(Zhao Yun) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည် ဤသို့တိုင်ပင်ကြသည်။
"ကိုယ့်သခင်ရဲ့ဇနီးကိုသေဆုံးအောင်ဖိအားပေးရင်မကောင်းဘူး။
ဒီတော့ ကျုပ်တို့ကလေးကိုပဲခေါ်ပြီး သင်္ဘောကိုသွားခွင့်ပေးလိုက်တာကောင်းမယ်"
ထို့နောက်
"ကျွန်တော်တို့က
အစ်ကိုကြီးရဲ့ဇနီးဖြစ်သူကို သေစေလို့ဘယ်ဖြစ်မလဲ။ ဒါကြောင့် ကျွန်တော်တို့ပြန်သွားပါ့မယ်။
သခင်မလည်း အစ်ကိုကြီးကိုမမေ့ပဲ မြန်မြန်ပြန်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်"ဟု
ပြောလေသည်။
ပြီးနောက်
ကလေးကိုခေါ်ကာထွက်သွားသည်။ တောင်ပိုင်းပြည်နယ်၏သင်္ဘောငါးစင်းသည်လည်း ထွက်ခွာလေသည်။
သူရဲကောင်းနှစ်ဦးတို့သည်လည်း
ကျေနပ်ပြီးပြန်လှည့်သွားရာ လမ်းတွင် "ကျူးကဲလျန့်"(Zhuge Liang) ၏သင်္ဘောနှင့်တွေ့သည်။
ကလေးကိုပြန်ခေါ်ဆောင်လာနိုင်သည်ကိုကြားလျှင် ကျေနပ်ကာ ကျင်ကျိုးသို့ပြန်ကြသည်။ ထိုနောက်
"လျူဘေ့"(Liu Bei) ထံစာပို့ကာ အကြောင်းကြားသည်။
စွန်းအမျိုးသမီးသည်
အိမ်သို့ပြန်ရောက်သော် "ကျိုးစန်း"(Zhou Shan) သေဆုံးသွားသည့်အကြောင်းနှင့်
ကလေးကိုမခေါ်လာနိုင်သည့်အကြောင်းပြောလေသည်။ သူ၏အကြံအစည်ပျက်သဖြင့် "စွန်းချွမ်"(Sun
Quan) မှာ ဒေါသထွက်ပြီး ကျင်ကျိုးကိုတိုက်ရန်ကြံသည်။
"ငါ့ညီမကလည်း
ပြန်ရောက်လာပြီဆိုတော့ မတိုက်စရာအကြောင်းမရှိတော့ဘူး။ ငါ့စစ်သူကြီးကိုသတ်လိုက်တဲ့အတွက်
လက်စားချေတဲ့အနေနဲ့စစ်ချီတက်ရမယ်"
ထို့နောက်
အမှုထမ်းတို့ကိုခေါ်ကာ တိုင်ပင်သည်။ ထိုအချိန်တွင်ပင် ကမ်းပါးနီတိုက်ပွဲတွင်ဆုံးရှုံးမှုကို
လက်စားချေရန်အတွက် "ချောင်ချောင်း"(Cao Cao) ၏ အင်အားလေးသိန်းရှိသော စစ်တပ်ကြီးသည်
တောင်ပိုင်းပြည်နယ်သို့ချီတက်လာကြောင်း သတင်းရသည်။ ထိုအခါ ရောက်လာမည့်ရန်သူတို့ကို
ခုခံရန်ပြင်ရသည်။
နေမကောင်းသောကြောင့်
အိမ်တွင်အနားယူနေခဲ့သော အကြံပေး "ကျန်းဟုန်"(Zhang Hong) သည် သေဆုံးသွားခဲ့သည်။
မသေဆုံးခင်တွင် သခင်ဖြစ်သူ "စွန်းချွမ်"(Sun Quan) ထံသို့ စာတစ်စောင်ရေးခဲ့သည်။
'သခင်ကြီး၊
အုပ်ချုပ်မှုအပိုင်းကို တင့်တယ်လှပတဲ့ မို့လင်ကိုပြောင်းရွှေ့သင့်ပါတယ်။ အဲ့နေရာဟာ တိုင်းပြည်တည်ထောင်ဖို့အတွက်
အုတ်မြစ်ချရန် ကောင်းမွန်တဲ့အရပ်ဖြစ်တယ်'
"စွန်းချွမ်"(Sun
Quan) က ထိုစာကို သူ၏အမှုထမ်းတို့အား ဖတ်ပြပြီး မျက်ရည်ကျကာ
"ကျန်းဟုန်(Zhang
Hong) က သူသေသည့်တိုင်အောင် သစ္စာရှိခဲ့တယ်။ သူနောက်ဆုံးပေးခဲ့တဲ့အကြံကို မလုပ်ဆောင်ပဲဘယ်ဖြစ်မလဲ"
ဟုဆိုလေသည်။ ထို့နောက် မို့လင်တွင် တံတိုင်းအကာအရံတို့ဖြင့် 'ရှိတို့' ဟူသောမြို့ကိုဆောက်စေပြီး
ထိုအရပ်ကို ကျန်းရဲ့ဟု ခေါ်လေသည်။ ထို့နောက် ဝူပြည်နယ်၏မြို့တော်ကို ထိုနေရာသို့ပြောင်းရွှေ့ခဲ့လေ၏။
ထို့နောက်
"ချောင်ချောင်း"(Cao Cao) ၏ရန်ကိုကာကွယ်ရန် ရုရွှီမြစ်တွင် တပ်ရိုးဆောက်သင့်သည်ဟု
"လွီမုန့်"(Lu Meng) မှအကြံပေးသည်။ အချို့သော မှူးမတ်တို့မှ
"ရန်သူတွေရောက်လာရင်
အပြင်ဘက် မြစ်ထဲကိုထွက်ပြီးတိုက်ရမှာပဲ။ တပ်ရိုးဆောက်လည်း ဘာထူးလဲ" ဟုပြောကာကန့်ကွက်ကြသည်။
"လွီမုန့်"(Lu Meng) မှ
"ဖြစ်နိုင်ခြေရှိတာတွေအကုန်လုံး
ပြင်ဆင်ထားရမယ်။ အကယ်၍ စစ်ရှုံးတာတို့၊ အခြေအနေတစ်ခုခုဖြစ်ရင် အကာအကွယ်လိုတယ်လေ"
ဟုပြောလေသည်။ "စွန်းချွမ်"(Sun Quan) မှ
"သူပြောတဲ့အကြံက
သင့်တော်ပါတယ်။ တစ်စုံတစ်ခုဖြစ်လာမှ နောင်တမရသင့်ဘူး၊ ကြိုပြင်ထားသင့်တယ်" ဟုပြောသည်။
ထို့နောက် ရုရွှီမြစ်သို့ စစ်သားတို့ကိုလွှတ်ကာ နေ့ရောညပါမနားပဲ တပ်ရိုးဆောက်စေသဖြင့်
မကြာမီတွင်ပင် ပြီးဆုံးသွားသည်။
မြို့တော်ဝယ်
"ချောင်ချောင်း"(Cao Cao) ၏ဩဇာအာဏာတို့သည် တစ်နေ့တစ်ခြား မြင့်တက်လာသည်။
အတိုင်ပင်ခံအမတ် "တုန်းကျောက်"(Dong Zhao) မှ
"ဝန်ကြီးချုပ်ရဲ့တိုင်းပြည်အပေါ်
စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်နိုင်မှုဟာ ကျိုးရဲ့ဘုရင်ငယ်2နဲ့ လွီဝမ့်3(Lu
Wang) တို့တောင် မယှဉ်နိုင်ပါဘူး။ ဝန်ကြီးချုပ် မိုးထဲလေထဲမှာ အန္တရာယ်ကိုအံတုပြီး တာဝန်ထမ်းဆောင်လာတဲ့ဒီနှစ်ပေါင်းသုံးဆယ်အတွင်းမှာ
အကျင့်ပျက်ဆိုးသွမ်းတဲ့သူပုန်တွေကိုနှိမ်နှင်းပြီး တိုင်းပြည်ကိုပြန်လည်တည်ဆောက်နိုင်ခဲ့တယ်။
လောကမှာ ဘယ်သူကများဝန်ကြီးချုပ်နဲ့ယှဉ်နိုင်ပါ့မလဲ။ ဒါကြောင့် ဝန်ကြီးချုပ်က ဝေပြည်ဘုရင်ငယ်ရာထူးကိုယူပြီး
ဂုဏ်ဒြပ်ကိုးပါးကို လက်ခံဖို့သင့်တော်ပါတယ်။ ဒီလိုဆို ဝန်ကြီးချုပ်ရဲ့တာဝန်ကျေပွန်မှုနဲ့ကြီးမားတဲ့ဂုဏ်သိန်ကို
တစ်တိုင်းပြည်လုံးက သိနိုင်မှာမဟုတ်လား" ဟုပြောလေသည်။
ဂုဏ်ဒြပ်ကိုးပါးမှာ
အောက်ပါအတိုင်းဖြစ်သည်။
၁။ စီးယာဉ်
- မြင်းရှစ်ကောင်ဆွဲသည့် စီးတော်ယာဉ်
၂။ ညီလာခံတက်ရန်အဆောင်အယောင်
- နဂါးပုံဖော်ထားသည့် အင်္ကျီ၊ ခေါင်းဆောင်းနှင့်ဖိနပ်
၃။ စားသောက်ပွဲ
ဂီတ - နန်းတွင်းသဘင်ပညာရှင်တို့၏ ဖျော်ဖြေမှုကိုခံစားခွင့်
၎။ အနီရောင်
တံခါး - ကြွယ်ဝချမ်းသာမှု၏သင်္ကေတ
၅။ အတွင်းလှေကား
- လှေကားတစ်ဆင့်တိုင်းအတွက် ကာကွယ်မှု
၆။ နန်းတွင်းကျားကိုယ်ရံတော်
- ဂိတ်ဝတွင် အယောက်သုံးရာ
၇။ နန်းတွင်းပုဆိန်
- အခမ်းအနားအဆောင်အယောင်
၈။ လေးနှင့်မြား
- အနီရောင်လေးနှင့်အတူ မြားအစင်းတစ်ရာ
၉။ နတ်ပူဇော်ပသရန်
အသုံးအဆောင် - ကျောက်စိမ်းကမ္ပည်းနှင့် ခွက်
သို့သော်လည်း
ထိုသို့ရာထူးတိုးရန်အကြံကို အမတ်အားလုံးက သဘောမတူကြပေ။
အကြံပေးဖြစ်သော
"ရွှင်ယွိ"(Xun Yu) မှ
"ဒီလိုလုပ်လို့မသင့်တော်ပါဘူး၊
ဝန်ကြီးချုပ် ဟာ တရားမျှတမှုနဲ့လူတွေရဲ့လေးစားမှုကိုရယူပြီး ဟန်တိုင်းပြည်ကိုပြန်လည်ကောင်းမွန်အောင်လုပ်ခဲ့တယ်မဟုတ်လား။
ဒီအချိန်မှာ တိုင်းပြည်အပေါ်သစ္စာရှိပြီး ကိုယ့်ကိုယ်ကိုနှိမ့်ချကာ နေရမယ့်အချိန်ဖြစ်ပါတယ်။
သစ္စာရှိသူဟာ တိုင်းသူပြည်သားတွေအပေါ်လည်း အကြင်နာတရားထားပြီး ဒီလိုမလုပ်ပါဘူး"
ဟုကန့်ကွက်သည်။ သို့သော် "ချောင်ချောင်း"(Cao Cao) မှ လက်မခံပေ။
"တုန်းကျောက်"(Dong
Zhao) မှ
"လူတစ်ယောက်တည်းရဲ့ကန့်ကွက်မှုကြောင့်
လူအများရဲ့မျှော်လင့်ချက်ကို ဖျက်စီးစရာလား" ဟုပြောသည်။ သို့နှင့် "ချောင်ချောင်း"(Cao
Cao) အားရာထူးတိုးမည့်အဆိုကို ဧကရာဇ်ထံလျှောက်တင်ကြသည်။ သို့နှင့် "ချောင်ချောင်း"(Cao
Cao) သည် ဝေပြည်နယ်ဘုရင်ငယ်ဖြစ်လာပြီး ဂုဏ်ဒြပ်ကိုးပါးလည်း ချီးမြှင့်ခြင်းခံရသည်။
"ရွှင်ယွိ"(Xun
Yu) သည် သက်ပြင်းချကာ
"ဒီလိုနေ့မျိုးကို
ငါကြုံရလိမ့်မယ်လို့မထင်ခဲ့ဘူး" ဟုဆိုသည်။ ထိုသို့ပြောသည်ကို "ချောင်ချောင်း"(Cao
Cao) နားသို့ရောက်သောအခါ "ရွှင်ယွိ"(Xun Yu) သည် သူ့ကိုကူတော့မည်မဟုတ်ဟုမှတ်လေသည်။
ကျန်းအန်းနှစ်တစ်ဆယ့်ခုနှစ်နှစ်မြောက်
(အေဒီ ၂၁၂) တွင် "ချောင်ချောင်း"(Cao Cao) သည် တောင်ပိုင်းပြည်နယ်ကိုတိုက်ရန်
စစ်တပ်စေလွှတ်ခဲ့သည်။ စစ်ချီရာတွင် "ရွှင်ယွိ"(Xun Yu) ကိုပါ လိုက်ပါစေသည်။
"ရွှင်ယွိ"(Xun Yu) သည် မိမိကိုစစ်ချီတက်ခိုင်းသည်မှာ "ချောင်ချောင်း"(Cao
Cao) မှ သူ့အပေါ် သေစေလိုသောဆန္ဒရှိသောကြောင့်ဖြစ်သည်ဟု ရိပ်မိသဖြင့် နေမကောင်းဟု အကြောင်းပြကာ
စစ်ချီတက်ရန် ငြင်းဆိုလိုက်သည်။ "ရွှင်ယွိ"(Xun Yu) အိမ်တွင်ရှိသောတစ်ရက်ဝယ်
မုန့်ထည့်သောသေတ္တ္တာတစ်ဘူးပို့လာသည်။ ထိုဘူးကို "ချောင်ချောင်း"(Cao Cao)
၏လက်ရေးဖြင့် စာရေးပြီးပို့လိုက်ခြင်းဖြစ်သည်။ ဘူးကိုဖွင့်ကြည့်သော် အထဲတွင် ဘာမျှမရှိပေ။
"ရွှင်ယွိ"(Xun Yu) မှာ သဘောပေါက်သွားကာ အဆိပ်သောက်ပြီး သတ်သေလိုက်လေသည်။
သူသေဆုံးသောအချိန်ဝယ် အသက် ၅၂ နှစ်ရှိပြီဖြစ်သည်။
"ရွှင်ယွိ"(Xun
Yu) သေဆုံးသွားသည့်အကြောင်းကို သားဖြစ်သူ "ရွှင်ယွင်"(Xun Yun) မှ "ချောင်ချောင်း"(Cao
Cao) အား သတင်းပို့သည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် စိတ်မကောင်းဖြစ်ပြီး
ဈာပနအကြီးအကျယ်လုပ်စေသည်။ ထို့အပြင် သေဆုံးသူ "ရွှင်ယွိ"(Xun Yu) ကို သူကောင်းဘွဲ့ပေးခဲ့လေသည်။
မြောက်ပိုင်းတပ်သည်
ရုရွှီသို့ရောက်သောအခါ "ချောင်ချောင်း"(Cao Cao) မှ "ချောင်ဟုန်"(Cao
Hong) အားစစ်တပ်သုံးသောင်းဖြင့် ထောက်လှမ်းစေသည်။ "ချောင်ဟုန်"(Cao
Hong) မှ
"ရန်သူ့သင်္ဘောတွေက
ကမ်းစပ်မှာကပ်ထားပေမယ့် လှုပ်ရှားတာမတွေ့ရဘူး" ဟုသတင်းပို့သည်။
"ချောင်ချောင်း"(Cao
Cao) သည် သင်္ကာမကင်းဖြစ်သောကြောင့် တပ်သားတို့ကိုခေါ်ကာ ရန်သူ့အခြေအနေကိုသွားကြည့်သည်။
မြစ်ထဲတွင် သင်္ဘောတပ်ကြီးသည် အစီအစဉ်တကျရပ်နေရာ အဖွဲ့လိုက် အလံတို့ဖြင့်ခွဲထားသည်။ အလယ်တွင်
ကြီးမားသောသင်္ဘောတစ်စင်းရှိကာ ထိုသင်္ဘော၏အမိုးအကာအောက်ဝယ် "စွန်းချွမ်"(Sun
Quan) နှင့်သူ၏အမှုထမ်းတို့ရှိလေသည်။ "ချောင်ချောင်း"(Cao Cao) မှ
"သူက
လျူပြောင်း(Liu Biao) ရဲ့တပ်လို ခွေးတွေ၊ ဝက်တွေမဟုတ်ဘူး" ဟုလေးစားစွာပြောသည်။
ထိုအချိန်တွင်
ပေါက်ကွဲသံကြီးကြားလိုက်ရပြီး သင်္ဘောတို့သည် "ချောင်ချောင်း"(Cao Cao) နားကပ်လာသည်။
ထို့အပြင် ရုရွှီမြစ်မှ စစ်တပ်တစ်ဖွဲ့ပေါ်လာပြီး။ အစိမ်းရောင်မျက်လုံးနှင့်ခရမ်းရောင်မုတ်ဆိတ်မွှေးရှိသည့်
"စွန်းချွမ်"(Sun Quan) မှ ထွက်ပြေးသော "ချောင်ချောင်း"(Cao
Cao) နောက်သို့လိုက်လေသည်။ "ချောင်ချောင်း"(Cao Cao) မှာ "ဟန်တန်"(Han
Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့၏တိုက်ခိုက်မှုကိုအလူးအလဲခံရလေ၏။
ထိုအချိန်တွင် "ရွှီချူ"(Xu Chu) ရောက်လာကာ သူ့သခင်ကို ထွက်ပြေးစေသည်။
"ချောင်ချောင်း"(Cao Cao) ပြန်လှည့်ပြီးနောက် "ရွှီချူ"(Xu
Chu) လည်းပြန်ဆုတ်သွားသည်။
စခန်းသို့ရောက်သောအခါ
"ချောင်ချောင်း"(Cao Cao) မှသူ့ကိုကယ်ခဲ့သော "ရွှီချူ"(Xu Chu)
အား ဆုလာဘ်များချီးမြင့်သည်။ ထို့အပြင် အလျင်အမြန်တပ်ဆုတ်သွားသည့် အခြားခေါင်းဆောင်တို့ကို
ဆူပူကြိမ်းမောင်းလေသည်။
"မင်းတို့တွေ
နောက်တစ်ခါဒီလိုလုပ်ရင် အကုန်လုံးကို သေဒဏ်ပေးမယ်"
ညသန်းခေါင်ယံအချိန်တွင်
တပ်စခန်းမှာ ရုတ်ရုတ်သည်းသည်းဖြစ်နေသဖြင့် ထွက်ကြည့်လေရာ ရန်သူတို့မှ စခန်းကိုမီးရှို့သွားကြောင်းသိလေသည်။
တောင်ပိုင်းပြည်နယ်၏စစ်သားတို့သည် တပ်စခန်းသို့ဝင်လာပြီးတိုက်လေရာ ထိုတိုက်ပွဲမှာ အရုဏ်တက်ချိန်အထိကြာမြင့်လေသည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) တပ်ဆုတ်ရပြန်သည်။
ထိုသို့ကံဆိုးမိုးမှောင်ကျမှုကြောင့်
"ချောင်ချောင်း"(Cao Cao) မှာ စိတ်ညစ်စွာဖြင့် ထိုင်ကာ စစ်ဗျူဟာကျမ်းကိုဖတ်နေချိန်တွင်
"ချန်ယွီ"(Cheng Yu) ဝင်လာသည်။
"သခင်ကြီးဟာ
စစ်ဗျူဟာကျွမ်းကျင်သူဖြစ်ပေမယ့်လည်း စစ်တိုက်ရာမှာ လျင်မြန်မှုဟာ အရေးပါတယ်ဆိုတာမေ့သွားခဲ့တာလား?
စစ်တပ်တွေကို အဆင်သင့်ပြင်ထားပေမယ့်လည်း မတိုက်တဲ့အတွက် ရန်သူတွေက ရုရွှီမြစ်မှာ တပ်ရိုးဆောက်ဖို့အချိန်တောင်ရခဲ့တယ်။
အခုတော့ ဒီနေရာကို သိမ်းပိုက်ဖို့ခက်ခဲသွားပြီ။ ကျွန်တော်တို့တွေတပ်ပြန်ဆုတ်ပြီး အခွင့်သာတဲ့အချိန်ကျမှ
စစ်ပြန်ချီတက်တာပေါ့"
"ချောင်ချောင်း"(Cao
Cao) မှနားထောင်ပြီး မည်သို့မျှမပြောပေ။ "ချန်ယွီ"(Cheng Yu) ထွက်သွားသောအခါ
"ချောင်ချောင်း"(Cao Cao) သည် ဘေးနားရှိစားပွဲခုံကိုမှီကာ အိပ်ပျော်သွားသည်။
ထိုစဉ် မြင်းခွာသံ၊ စမ်းချောင်းရေစီးဆင်းသံကိုကြားလိုက်ပြီး သူ့ရှေ့ရှိမြစ်မှ ကြီးမားသောနေမင်းကြီးထွက်လာကာ
ထိုနေသည် မျက်စိပင်စူးလောက်အောင်တောက်ပလေ၏။ ကောင်းကင်သို့မော့ကြည့်လိုက်ရာတွင် ထိုနေလုံးအပြင်
အခြားသောနေနှစ်စင်းကိုလည်း တွေ့လေ၏။ သူစဉ်းစားနေစဉ်တွင်ပင် ပထမနေမင်းကြီးသည် ရုတ်တရတ်မြင့်တက်ပြီးနောက်
တပ်စခန်းချထားရာ တောင်ကုန်း၏အနောက်သို့ ပြန်ကျသွားသည်။
ထိုအခြင်းအရာကြောင့်
"ချောင်ချောင်း"(Cao Cao) မှာ လန့်နိုးလာသည်။ ထိုအချိန်တွင် ညနေစောင်းသာရှိသေးသည်။
သို့နှင့်
"ချောင်ချောင်း"(Cao Cao) သည်လည်း မြင်းစီးပြီး ကိုယ်ရံတော်အယောက်ငါးဆယ်နှင့်အတူ
သူ့အိပ်မက်ထဲတွင် မက်သည့်နေရာသို့သွားကြည့်နေသည်။ မကြာမီတွင်ပင် မြင်းသည်တော်တပ်ရောက်လာပြီး
ထိုသူတို့၏ခေါင်းဆောင်မှာ "စွန်းချွမ်"(Sun Quan) ဖြစ်နေသည်။ "စွန်းချွမ်"(Sun
Quan) သည် အရောင်တောက်သောခမောက်ကိုဆောင်းထားပြီး တောက်ပသောသံချပ်ကာကို ဝတ်ဆင်ထားသည်။
သူ၏ရန်သူကိုမြင်သောအခါ "စွန်းချွမ်"(Sun Quan) သည် အလျင်စလိုပြုမူခြင်းမရှိပေ။
လက်ထဲမှကြာပွတ်ဖြင့် "ချောင်ချောင်း"(Cao Cao) ဘက်သို့ရွယ်ကာ
"သူက
မြေပြန့်ဒေသတစ်ခုလုံးကို သူ့လက်ထဲရောက်နေပြီး ချမ်းသာကြွယ်ဝနေပြီ။ ဒါတောင်မှ လောဘအတောမသတ်နိုင်သေးပဲ
တောင်ပိုင်းပြည်နယ်ကို စစ်ချီလာတယ်"ဟုဆိုသည်။ "ချောင်ချောင်း"(Cao
Cao) မှ
"မင်းက
ပုန်ကန်လို့ ဘုရင့်အမိန့်နဲ့နှိမ်နှင်းဖို့ရောက်လာတာ" ဟုဆိုလေသည်။ "စွန်းချွမ်"(Sun
Quan) မှရယ်ကာ
"ဒီစကားပြောတာ
ခင်ဗျားမရှက်ဘူးလား? ဘုရင်ကိုခင်ဗျားချုပ်ကိုင်ထားတယ်ဆိုတာ အကုန်လုံးသိတယ်။ ကျုပ်က
တိုင်းပြည်အပေါ်ပုန်ကန်ဖို့ဆန္ဒမရှိပေမယ့် ခင်ဗျားကိုဖမ်းပြီး အစိုးရအဖွဲ့ကို ပြုပြင်ရမယ်"
ဟုဆိုသည်။
"ချောင်ချောင်း"(Cao
Cao) သည် ဒေါသထွက်ကာ သူ၏စစ်သူကြီးတို့အား "စွန်းချွမ်"(Sun Quan) ကိုဖမ်းရန်
အမိန့်ပေးလိုက်သည်။ သူတို့မလှုပ်ရှားမှီမှာပင် "ဟန်တန်"(Han Dang) နှင့်
"ကျိုးထိုက်"(Zhou Tai) ၊ "ချန်ဝူ"(Cheng Wu) နှင့် "ဖန်ကျန်း"(Pan
Zhang) တို့က တပ်ဖွဲ့နှစ်ဖွဲ့ကိုဦးဆောင်ကာ ဘယ်ညာတစ်ဖက်တစ်ချက်စီမှ ဝန်းရံလိုက်သည်။
မကြာမီတွင်ပင် ဒူးလေးတို့ဖြင့် ပစ်လေရာ "ချောင်ချောင်း"(Cao Cao) မှာ ထွက်ပြေးရလေ၏။
တောင်ပိုင်းပြည်နယ်တပ်ကလည်း နောက်မှလိုက်လေသည်။ သို့သော်လည်း "ရွှီချူ"(Xu
Chu) သည် ကျားကိုယ်ရံတော်တို့ဖြင့်ရောက်လာကာ "ချောင်ချောင်း"(Cao Cao) ကိုကယ်တင်ပြီး
စခန်းသို့ပြန်သွားလေ၏။ တောင်ပိုင်းစစ်တပ်အနိုင်ရကာ ရုရွှီမြစ်ဘက်သို့ ပြန်ဆုတ်သွားသည်။
စခန်းသို့ရောက်သော်
"ချောင်ချောင်း"(Cao Cao) သည် ဤသို့တွေးလေသည်။
'ဒီစွန်းချွမ်(Sun
Quan) က သာမန်လူမဟုတ်ဘူး၊ ငါ့အိပ်မက်အရဆို သူဘုရင်ဖြစ်လာလိမ့်မယ်'
ပြီးနောက်
တပ်ဖွဲ့တို့ကိုရုတ်သိမ်းကာ ပြန်လှည့်လျှင်ကောင်းမည်လောဟုလည်း တွေးလေ၏။ သို့သော် ထိုသို့ပြန်လှည့်သွားလျှင်
တောင်ပိုင်းပြည်နယ်တပ်တို့ ဝမ်းမြောက်မည်ကိုစိုးရိမ်နေသည်။ ထို့ကြောင့် ထိုတပ်ဖွဲ့ကြီးနှစ်ဖွဲ့တို့သည်
တစ်လကြာအောင် တိုက်ပွဲငယ်လေးများတိုက်ပြီး ဗုံလုံတစ်လှည့်၊ ငါးဖျံတစ်လှည့်နှင့် နိုင်လိုက်ရှုံးလိုက်ဖြစ်နေသည်။
သို့နှင့်
နှစ်သစ်သို့ရောက်သွားပြီး နွေဦးမိုးက ရွာလေရာ မိုးရေကြီးပြီး စစ်သားတို့မှာ ရွှံ့နွံထဲတွင်
ချီတက်ကြရသည်။ ထိုသို့အခြေအနေဆိုးရွားလာသောအခါ "ချောင်ချောင်း"(Cao Cao)
မှာ စိတ်မကောင်းဖြစ်လေသည်။ တပ်ဖွဲ့အတွင်းရှိ ခေါင်းဆောင်တို့သည်လည်း သဘောထားကွဲလွဲနေကြသည်၊
အချို့က ပြန်လှည့်လိုသည်။ အချို့ကလည်း နွေးထွေးသည့်ရာသီရောက်သည်အထိ ဆက်နေလိုသည်။
"ချောင်ချောင်း"(Cao Cao) ကလည်း ယတိပြတ်မဆုံးဖြတ်နိုင်သေးပေ။ ထိုအချိန်တွင်
"စွန်းချွမ်"(Sun Quan) ထံမှ စာတစ်စောင်ရောက်လာသည်။ ထိုစာထဲတွင်
"ဝန်ကြီးချုပ်နဲ့ကျွန်တော်တို့ဟာ
တိုင်းပြည်ရဲ့အမှုထမ်းတွေပဲမဟုတ်လား? ဒါပေမယ့်လည်း ပြည်သူတွေရဲ့အကျိုးကိုအလေးမထားပဲ
စစ်ခင်းနေတော့ ပြည်သူလူထုတွေပဲ ဒဏ်ကိုခံစားကြရတယ်။ ဒါက ကြင်နာတတ်တဲ့လူလုပ်တဲ့လုပ်ရပ်မျိုးဟုတ်ရဲ့လား?
နွေဦးမှာ မိုးကြီးလေကြီးကျတာကြောင့် ဒီအချိန်မှာ တပ်ပြန်ဆုတ်သင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင်
ကမ်းပါးနီတိုက်ပွဲလိုပဲ အဆုံးအရှုံးများပါဦးမယ်' ဟုရေးထားသည်။
ထိုစာ၏နောက်ဆုံးတွင်
'ခင်ဗျားအသက်ရှင်နေသရွေ့
ကျုပ်က ငြိမ်းချမ်းမှုရမှာမဟုတ်ဘူး' ဟူ၍ စာတစ်ကြောင်းပါလေ၏။ ထိုစာကိုဖတ်ပြီးနောက်
"ချောင်ချောင်း"(Cao Cao) သည် ရယ်ကာ
"စွန်းချွမ်(Sun
Quan) ပြောတာ အမှန်ပဲ" ဟုဆိုလေသည်။
စာပို့သောဆက်သားကိုဆုချပြီးနောက်
တပ်ပြန်ဆုတ်ရန် အမိန့်ချလိုက်သည်။ လုကျန်းမြို့စား "ကျူးကွမ်း"(Zhu
Guang) အား ဟွမ်ချန်ကိုစောင့်ကြပ်ရန်တာဝန်ပေးပြီးနောက် တပ်ဖွဲ့ကြီးသည် မြို့တော်သို့ပြန်လည်ချီတက်သွားလေသည်။
"စွန်းချွမ်"(Sun
Quan) လည်း ကျန်းရဲ့သို့ပြန်သွားကာ အကြံပေးတို့ကိုခေါ်ပြီး
"ချောင်ချောင်း(Cao
Cao) က မြောက်ပိုင်းကိုပြန်သွားပြီ။ လျူဘေ့(Liu Bei) က ကျားမုန့်ခံတပ်မှာရှိနေတယ်။
ချောင်ချောင်း(Cao Cao) နဲ့တိုက်ခဲ့တဲ့စစ်တပ်ကိုဦးဆောင်ပြီး ကျင်ကျိုးကိုသွားသိမ်းရင်မကောင်းလား"
ဟုဆိုသည်။ ထိုအခါ "ကျန်းကျောက်"(Zhang Zhao) မှ
"စစ်တပ်ကို
မချီတက်ခိုင်းပါနဲ့ဦး။ ကျွန်တော် လျူဘေ့(Liu Bei) ကျင်ကျိုးကိုပြန်မလာအောင် ဘယ်လိုလုပ်ရမလည်းဆိုတာ
သိတယ်" ဟုဆိုသည်။
1.
ဟုန်မန်1
စားသောက်ပွဲ (Hongmen Banquet)
၎င်းမှာ
"ရှန့်ယွီ"(Xiang Yu) နှင့် "လျူဘန်း"(Liu Bang) ကြားအဖြစ်အပျက်ဖြစ်သည်။
"ရှန့်ယွီ"(Xiang Yu) သည် သူ၏ညီဖြစ်သူကို စားသောက်ပွဲတွင် ဓားရေးပြစေကာ
"လျူဘန်း"(Liu Bang) ကိုလုပ်ကြံစေသည်။ ထိုအကြံကို "ရှန့်ယွီ"(Xiang
Yu) ၏ဦးလေးထံမှတဆင့် "လျူဘန်း"(Liu Bang) မှာ သိနှင့်ပြီးဖြစ်သည်။
"ရှန့်ယွီ"(Xiang Yu) ၏ညီဓားရေးပြသောအခါ ထိုဦးလေးကလည်း ထကာ ဓားကစားပြသည်။
ထိုအရှုပ်အထွေးကြားတွင် "လျူဘန်း"(Liu Bang) မှာထွက်ပြေးလွတ်မြောက်ခဲ့သည်။
2.
ကျိုးရဲ့ဘုရင်ငယ်2
(Duke of Zhou)
ကျိုးမင်းဆက်ကိုထူထောင်ခဲ့သည့်
ဝူဘုရင်၏ညီဖြစ်သည်။ ဝူဘုရင်နတ်ရွာစံပြီးနောက် ဘုရင်အသစ်၏ကိုယ်စားအုပ်ချုပ်သူအဖြစ် တာဝန်ထားဆောင်ခဲ့သည်။
ကျိုးမင်းဆက်အုပ်ချုပ်ရေးစနစ်သစ်ကိုဖန်တီးရာတွင် ပါဝင်ခဲ့သူဖြစ်သည်။
3.
လွီဝမ့်3(Lu Wang)
စစ်ဗျူဟာမှူးဖြစ်ပြီး
ကျိုးမင်းဆက်ထူထောင်ရာတွင်ပါဝင်ခဲ့သည့် ဝန်ကြီးလည်းဖြစ်သည်။ အရာရှိတာဝန်မထမ်းဆောင်ခင်တွင်
မြစ်ထဲတွင် တံငါသည်ဘဝဖြင့် အသက်မွေးခဲ့သည်။
Comments