သုံးနိုင်ငံခေတ်(၆၂)

အခန်း(၆၂) ဖူမြစ်ခံတပ်ကိုသိမ်းယူခြင်း၊ "ရန်ဟွိုင်"(Yang Huai) နှင့် "ကောင်းဖေ"(Gao Pei) တို့အသတ်ခံရခြင်း။
 လော့ချန်ကို သိမ်းခြင်း၊ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ယှဉ်ပြိုင်ကြခြင်း။

"ကျန်းကျောက်"(Zhang Zhao) မှ
"သခင်ကြီးသာ အနောက်ဘက်ကိုစစ်ချီရင် ချောင်ချောင်း(Cao Cao) ကပြန်လာတိုက်မှာပဲ။ ဒီတော့ စာနှစ်စောင်ရေးပါ။ တစ်စောင်ကို လျူကျန်း(Liu Zhang) ဆီပို့ပြီး သခင်ကြီးနဲ့လျူဘေ့(Liu Bei) ပေါင်းပြီး အနောက်ဘက်ပြည်နယ်ကိုသိမ်းတော့မယောင် ရေးပါ။ ဒီလိုဆို လျူကျန်း(Liu Zhang) ကမသင်္ကာဖြစ်ပြီး လျူဘေ့(Liu Bei) ကိုတိုက်လိမ့်မယ်။ နောက်တစ်စောင်ကိုတော့ ကျန်းလုဆီစာရေးပြီး ကျင်ကျိုးကိုတိုက်အောင်တိုက်တွန်းပါ။ ဒီလိုဆို လျူဘေ့(Liu Bei) ကြားပိတ်ပြီးအတိုက်ခံရလိမ့်မယ်။ အဲ့အချိန်မှာ ကျွန်တော်တို့က ကျင်ကျိုးကိုဝင်သိမ်းလိုက်ရုံပဲ" ဟုပြောသည်။
"စွန်းချွမ်"(Sun Quan) က သဘောတူကာ စာနှစ်စောင်ကိုပို့လိုက်သည်။

ထိုအချိန်တွင် "လျူဘေ့"(Liu Bei) မှာ ကျားမုန့်ခံတပ်တွင် လူတို့၏ချစ်ခင်လေးစားမှုကိုရရှိနေသည်။ သူ၏ဇနီးဖြစ်သူအကြောင်းနှင့် "ချောင်ချောင်း"(Cao Cao) က ရူရွှီကိုတိုက်သည့်အကြောင်းတို့ကိုကြားလျှင် "ဖန်ထုံ"(Pang Tong) ကိုခေါ်ကာတိုင်ပင်သည်။
"ရုရွှီတိုက်ပွဲမှာ ဘယ်သူပဲနိုင်နိုင်၊ သူတို့ကကျင်ကျိုးနယ်ကို မျက်စောင်းထိုးလာမှာပဲ"
"သခင်ကြီး စိတ်ပူစရာမလိုပါဘူး။ ကျူးကဲလျန့်(Zhuge Liang) ရှိနေသရွေ့သူတို့တွေ အဲ့ပြည်နယ်ကိုသိမ်းဖို့မဖြစ်နိုင်ဘူး။ ဒီအန္တရာယ်ကျရောက်တော့မှာမို့လို့ ပြန်ချင်တယ်လို့ စာရေးပြီး လျူကျန်း(Liu Zhang) ကိုအကြောင်းကြားပါ။ ဒါဆင်ခြေကောင်းပဲ။ ချောင်ချောင်း(Cao Cao) လာတိုက်တဲ့အတွက် စွန်းချွမ်(Sun Quan) က သခင်ကြီးဆီ စစ်ကူတောင်းလို့ပြန်သွားရတာပါ၊ နောက်ပြီးနယ်နှစ်ခုကနီးကပ်နေတော့ ငြင်းဆန်လို့မဖြစ်ဘူးလို့ အကြောင်းပြပါ။ ပြီးရင် ကျန်းလု(Zhang Lu) က ဒီအနောက်ဘက်ပြည်နယ်ကို တိုက်မှာမဟုတ်ကြောင်းပြောပြီး သူ့စိတ်အေးပါစေ။ ဒါပေမယ့် ကျွန်တော်တို့မှာ စစ်သည်အင်အားနဲ့စားနပ်ရိက္ခာမရှိတော့တဲ့အတွက် စစ်သည်သုံးလေးသောင်းနဲ့ရိက္ခာတွေပို့ပေးဖို့ပြောပါ။ သူငြင်းလိမ့်မှာမဟုတ်ဘူး။ စစ်သည်နဲ့ရိက္ခာတွေရှိရင် ကျွန်တော်တို့လုပ်ချင်တာလုပ်နိုင်ပြီ"
"လျူဘေ့"(Liu Bei) ကလက်ခံကာ ချန်တူးသို့လူလွှတ်ကာ စာပို့စေသည်။ ထိုစာပို့သည့်ဆက်သားသည် ဖူမြစ်ခံတပ်သို့ရောက်သော် "ရန်ဟွိုင်"(Yang Huai) နှင့် "ကောင်းဖေ"(Gao Pei) တို့က ထိုစာပို့သူနှင့်အတူ နယ်စားကိုဝင်တွေ့သည်။
"လျူကျန်း"(Liu Zhang) :  "ဘာလို့ စာပို့တဲ့သူနဲ့လိုက်လာရတာလဲ?
"ရန်ဟွိုင်"(Yang Huai) : "ဒီစာကြောင့်ပါ။ လျူဘေ့(Liu Bei) က ယီကျိုးကိုစလာကတည်းက သဘောကောင်းပုံပြုပြီး လူတွေကိုသိမ်းသွင်းနေပြီး သူ့ဘက်ပါအောင်လုပ်နေတယ်။ သူ့ဆီမှာ မရိုးသားတဲ့အကြံရှိလိမ့်မယ်။ ဒါကြောင့် သူတောင်းဆိုတဲ့စစ်တပ်ရော၊ ရိက္ခာရောကိုပါ ငြင်းလိုက်သင့်တယ်။ သူ့ကိုကူတာက မီးထဲကိုလောင်စာထည့်သလိုပဲ"
"ငါတို့တွေက အင်မတန်ရင်းနှီးတဲ့ညီအစ်ကိုတွေပဲ။ သူ့ကိုကူမှဖြစ်မယ်"
"လျူဘေ့(Liu Bei) ကကောင်းတဲ့လူမဟုတ်ဘူး။ သူ့ကိုအနောက်ဘက်မှာထားရင် အိမ်ထဲမှာကျားခေါ်ထားသလိုပဲ။ သခင်ကြီးသာ သူ့ကို ရိက္ခာနဲ့တပ်ဖွဲ့တွေပေးလိုက်ရင် ကျားကိုတောင်ပံတပ်လိုက်သလိုဖြစ်သွားလိမ့်မယ်"
ထိုပြောသူမှာ လင်လင်မြို့ဇာတိ "လျူပါ"(Liu Ba) ဖြစ်သည်။ သူ၏စကားကြောင့် နယ်စားမှာ သံသယဝင်ကာ တွန့်ဆုတ်သွားသည်။ ထို့အပြင် "ဟွမ်ချွမ်"(Huang Quan) မှလည်း ကန့်ကွက်လေရာနောက်ဆုံးတွင် "လျူပြောင်း"(Liu Biao) မှာ နားယောင်သွားပြီး စစ်သားလေးထောင်နှင့် စားနပ်ရိက္ခာအနည်းငယ်သာပို့လိုက်သည်။ ထို့အပြင် ခံတပ်အသီးသီးရှိတပ်ဖွဲ့တို့ကို သတိထားရန်မှာကြားလိုက်သည်။

ထိုနယ်စားထံမှ စာကို "လျူဘေ့"(Liu Bei) ဖတ်ပြီးနောက် ဒေါသထွက်ပြီး
"ငါကတော့ သူ့နယ်ကိုကာကွယ်ပေးရတယ်။ သူကငါ့ကိုအဲ့လိုကျေးဇူးဆပ်တာလား? ဒီလောက်ကပ်စေးနည်းပြီးလောဘကြီးတဲ့လူဆီက ဘာများမျှော်လင့်ရမလဲ" ဟုဆိုသည်။ ထို့နောက် စာကိုဆွဲဖြတ်လိုက်သည်။ စာပို့သည့်ဆက်သားလည်း ပြန်ထွက်သွားလေသည်။
"ဖန်ထုံ"(Pang Tong) မှ
"သခင်ကြီးက မှန်ကန်ဖြောင့်မတ်မှုကို အလေးထားလွန်းတယ်။ အခုတော့ပြီးဆုံးသွားပါပြီ။ သခင်ကြီးက စာကိုဖြဲလိုက်တော့ သခင်ကြီးနဲ့သူ့ကြားက ရင်းနှီးမှုပျက်သွားပြီ" ဟုပြောသည်။
"ဟုတ်တယ်၊ ဒါဆို ဘာဆက်လုပ်ရမလဲ"
"ကျွန်တော့်ဆီမှာ အကြံသုံးခုရှိပါတယ်။ သခင်ကြီးအဆင်ပြေတာ ရွေးပါ"
"ဘာအကြံတွေလဲ"
"ပထမဆုံးအကြံကတော့ အကောင်းဆုံးဖြစ်ပြီး စစ်တပ်လွှတ်ပြီးတော့ ချန်တူးကိုတိုက်ဖို့ပါပဲ။ ဒုတိယကတော့ ဖူမြစ်ခံတပ်က စစ်သူကြီးနှစ်ယောက်ကိုဖမ်းပြီး သတ်ဖို့ပဲ။ သူတို့က ဒီနယ်မြေမှာနာမည်ကြီးတဲ့လူတွေပဲ။ သခင်ကြီးသာ ကျင်ကျိုးကိုပြန်မယ်လို့ပြောရင် သူတို့ကလာပြီး နှုတ်ဆက်မှာပဲ။ အဲ့အချိန်မှာ သူတို့ကိုဖမ်းပြီးသတ်လိုက်ပါ။ ဒါဆိုရင် ခံတပ်ရော၊ ဖူချန်ရောက သခင်ကြီးလက်ထဲရောက်သွားလိမ့်မယ်။ တတိယကတော့ သခင်ကြီး လက်ရှိလုပ်နေတာကိုရပ်ပြီး ကျင်ကျိုးကိုပြန်ဖို့ပါပဲ။ ဒါကိုအမြန်မဆုံးဖြတ်ရင် အကျဉ်းအကြပ်ထဲကျရောက်နိုင်တယ်"
"ခင်ဗျားရဲ့အကြံသုံးခုထဲမှာ ပထမက အလျင်စလိုနိုင်လွန်းပြီး တတိယက အချိန်ဆွဲလွန်းတယ်။ ဒီတော့ ကျုပ်က ဒုတိယအကြံကိုရွေးမယ်"

ထိုအခိုက်တွင် "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်တို့က ချင်းနိကိုကျူးကျော်လာသည်ဟူသောအကြောင်းကိုကြားသဖြင့် "လျူဘေ့"(Liu Bei) မှသွားပြီး ကူရလေသည်။ ထိုအခြေအနေတို့ကြောင့် "လျူဘေ့"(Liu Bei) မှာ ပြန်မလှည့်နိုင်ပေ။ "လျူကျန်း"(Liu Zhang) ထံပို့လိုက်သောစာအကြောင်းကို သိလေလျှင်
"လျူဘေ့(Liu Bei) က ကျင်ကျိုးကိုပြန်ချင်လို့ဆိုတာ ငါသိတယ်" ဟုဆိုသည်။ ထို့နောက် "လျူဘေ့"(Liu Bei) ထံစာတစ်စောင်ရေးကာ ထိုစာပို့ရန် ယုံကြည်ရသူကိုရှာနေသည်။ ထိုအချိန်တွင် ညီဖြစ်သူ ကွမ်းဟန့်မြို့စား "ကျန်းစု"(Zhang Su) လာလည်သည်။ "ကျန်းစုန့်"(Zhang Song) သည် ထိုစာကို သူ၏အင်္ကျီလက်အတွင်းဖွက်လိုက်သည်။ "ကျန်းစု"(Zhang Su) သည် အစ်ကိုဖြစ်သူ၏မျက်နှာပျက်နေသည်ကို သတိထားမိသည်။ ညီအစ်ကိုနှစ်ဦးစကားပြောနေရင်း ထိုစာမှာပြုတ်ကျသွားသည်။ သို့သော်လည်း "ကျန်းစုန့်"(Zhang Song) မှာ သတိမပြုမိပေ။ "ကျန်းစု"(Zhang Su) ၏အစေခံတစ်ဦးက ကောက်ရပြီး ထိုစာကို သူ၏သခင်ထံပေးသည်။ စာကိုဖောက်ပြီးဖတ်လိုက်ရာ စာမှာ အောက်ပါအတိုင်းဖြစ်သည်။
'ဟိုတစ်ခါ ကျွန်တော် ခင်ဗျားကိုပြောခဲ့တာက အဓိပ္ပာယ်မရှိတာမဟုတ်ဘူး။ ဘာကြောင့်မှာ တုန့်ဆိုင်းနေရတာလဲ? အခုသာလှုပ်ရှားလိုက်ရင် အကုန်လုံးကိုအောင်မြင်နိုင်တယ်။ ဒီစာကိုရရင် မနှောင့်နှေးပဲ ချက်ချင်းတိုက်ပါ။ ကျွန်တော်က ခင်ဗျားဘက်မှာပဲ။ အချိန်မနှောင့်နှေးပါစေနဲ့'

"ငါ့အစ်ကိုအကြံကြောင့် တစ်မိသားစုလုံး ဒုက္ခ ရောက်တော့မလို့။ ဒီအကြောင်းကိုအရင်သွားပြောရမယ်"
ထို့နောက် နယ်စားထံဝင်ကာ အကြောင်းစုံကိုပြောလေသည်။
"ငါ မင်းအစ်ကိုကို အမြဲတမ်းကောင်းကောင်းဆက်ဆံခဲ့တယ်"
ထို့နောက် "လျူကျန်း"(Zhang Song) နှင့် သူ၏တစ်အိမ်လုံးကိုခေါင်းဖြတ်သတ်ရန် အမိန့်ပေးလိုက်သည်။

ပြီးနောက် "လျူကျန်း"(Liu Zhang) သည် အမှုထမ်းတို့ကိုခေါ်ကာ တိုင်ပင်သည်။ "ဟွမ်ချွမ်"(Huang Quan) မှ
"အလျင်အမြန်တုန့်ပြန်ဖို့လိုအပ်ပါတယ်။ ခံတပ်တိုင်းကို စစ်သားဦးရေပိုချထားဖို့ အကြောင်းကြားထားသင့်ပြီး ကျင်ကျိုးက ဘယ်သူ့ကိုမှဝင်ခွင့်မပြုပါနဲ့" ဟုဆိုသည်။ ထို့နောက် ထိုအမိန့်ကို ခံတပ်တိုင်းသို့ပို့လိုက်လေသည်။ ထိုအချိန်တွင်  "လျူဘေ့"(Liu Bei) သည် ဖန်ထုံ"(Pang Tong) ၏အကြံအတိုင်း ဖူချန်သို့သွားကာ စခန်းချပြီး နှုတ်ဆက်ပွဲပြုရန်အတွက် စစ်သူကြီးနှစ်ဦးကိုဖတ်ခေါ်သည်။

ထိုစစ်သူကြီးနှစ်ဦးတို့သည်လည်း အချင်းချင်းတိုင်ပင်နေကြသည်။
"ဒါ ဘာကြောင့် တပ်ပြန်ဆုတ်ရတာလဲ"
"ကောင်းဖေ"(Gao Pei) : "ဒီ လျူဘေ့(Liu Bei) က သေသင့်တယ်။ ကျုပ်တို့တွေ ဓားမြောင်ဖွက်ယူသွားပြီး စားပွဲကျရင် သူ့ကိုသတ်လိုက်တာပေါ့။ ဒါဆို ကျုပ်တို့သခင်ကြီးရဲ့ဝန်လည်းပေါ့သွားမယ်"
"အင်မတန်ကောင်းတဲ့အကြံပဲ"
ထိုသူနှစ်ဦးတို့သည် စစ်သည် နှစ်ရာခန့်နှင့် နှုတ်ဆက်ပွဲသို့သွားလေသည်။ ကျန်သောတပ်တို့ကိုမူ စခန်းတွင်ထားခဲ့သည်။

ဖူမြစ်အောက်ပိုင်းတွင် "ဖန်ထုံ"(Pang Tong) မှ သူ၏အဖော်ဖြစ်သူးကို
"သူတို့တွေ နှုတ်ဆက်ပွဲကိုလာခဲ့ရင် သူတို့ကိုသတိထားပါ။ မလာခဲ့ရင်တော့ ခံတပ်ကိုချက်ချင်းတိုက်ရမယ်" ဟုဆိုသည်။
ထိုအခိုက်တွင်ပင် လေတစ်ချက်တိုက်ပြီး ရှေ့ဦးအလံမှာလဲကျသွားသည်။ "လျူဘေ့"(Liu Bei) မှ ၎င်းသည် မည်သည့်နိမိတ်ဖြစ်ကြောင်းမေးလေသည်။
"ဒါ အံ့ဩသင့်စရာဖြစ်မယ်ဆိုတဲ့နိမိတ်ပါ။ သူတို့နှစ်ယောက်က သခင်ကြီးကို လုပ်ကြံလိုကြတယ်။ ဒီတော့ သတိထားပါ"

ထိုအခါ "လျူဘေ့"(Liu Bei) သည် သံချပ်ကာအင်္ကျီနှစ်ထပ်ဝတ်ပြီး ဓားကိုလည်း အဆင်သင့်ပြင်ထားသည်။ စစ်သူကြီးနှစ်ဦးရောက်လာသောအခါ သူတို့၏စစ်တပ်တို့ကိုထားခဲ့ပြီး စစ်သူကြီးတို့သာဝင်ရောက်ပြီး အရိုအသေပေးရသည်။
ထိုအချိန်တွင် "ဖန်ထုံ"(Pang Tong) မှ "ဝေရန်"(Wei Yan) နှင့် "ဟွမ်ကျုံး"(Huang Zhong) တို့အား
"စစ်သားတွေဘယ်လောက်ပဲပါလာခဲ့သည်ဖြစ်ဖြစ်၊ သူတို့ခံတပ်ဘက်ကို ပြန်မသွားစေနဲ့" ဟုမှာလိုက်သည်။
အနောက်ပိုင်း၏စစ်သူကြီးနှစ်ဦးဖြစ်သော "ရန်ဟွိုင်"(Yang Huai) နှင့် "ကောင်းဖေ"(Gao Pei) တို့သည် ဓားကိုဖွက်ကာ သိုးသား၊ အရက်စသည့်လက်ဆောင်တို့ဖြင့် ရောက်လာသည်။ သူတို့သည် တဖက်မှတုန့်ပြန်လိမ့်မည်ဟု မမျှော်လင့်ထားပဲ သူတို့၏လုပ်ကြံမှုမှာ လွယ်ကူလိမ့်မည်ဟု ထင်နေလေ၏။ ထို့နောက် သူတို့နှစ်ဦးသည် "လျူဘေ့"(Liu Bei) နှင့် သူ့အကြံပေးရှိရာစခန်းသို့ဝင်သွားလေသည်။

"ဦးရီးတော်က ခရီးရှည်ကြီးချီတက်မယ်လို့သတင်းကြားလို့ ကျွန်တော်တို့က လာပြီးလက်ဆောင်ပေးတာပါ"
ထို့နောက် နှုတ်ဆက်သည့်အနေဖြင့် အရက်သောက်ရန်ပြုသည်။
"လျူဘေ့"(Liu Bei) : "စစ်သူကြီးတို့က ခံတပ်ကိုကာကွယ်ရမယ့်တာဝန်ကြီးရှိတယ်။ ဒီတော့ ခင်ဗျားတို့က အရင်သောက်ပါ"
ထိုစစ်သူကြီးနှစ်ဦးကလည်း လက်ခံကာ အရက်သောက်လိုက်သည်။
"လျူဘေ့"(Liu Bei) : "ကျွန်တော် ခင်ဗျားတို့နဲ့တိတ်တဆိတ်တိုင်ပင်စရာရှိတယ်"
ထိုအခါ စစ်သည်နှစ်ရာကို စခန်း၏အလယ်ဘက်သို့လွှတ်လိုက်သည်။
ထိုစစ်သည်တို့ထွက်သွားသည်နှင့် "လျူဘေ့"(Liu Bei) က အော်လေသည်။
"စစ်သူကြီးတို့၊ သူပုန်နှစ်ယောက်ကိုဖမ်းလိုက်စမ်း"

ထိုအခါ "လျူဖုန်း"(Liu Feng) နှင့် "ကွမ်းဖင်"(Guan Ping) တို့ထွက်လာပြီး တစ်ယောက်ဆီက ရန်သူတစ်ယောက်ဆီနှင့်တိုက်ပြီး ရန်သူတို့ကိုဖမ်းလိုက်သည်။
"လျူဘေ့"(Liu Bei) : "မင်းတို့သခင်နဲ့ငါနဲ့ကမျိုးနွယ်အတူတူပဲ။ ဘာလို့လုပ်ကြံဖို့ကြိုးစားရတာလဲ"
"ဖန်ထုံ"(Pang Tong) သည် ထိုသူနှစ်ဦးတို့ကိုရှာရာ သူတို့ကိုယ်တွင် ဓားမြောင်များတွေ့လေသည်။ "ဖန်ထုံ"(Pang Tong) မှထိုသူနှစ်ဦးကိုသတ်ရန် အမိန့်ပေးလိုက်သည်။ သို့သော် "လျူဘေ့"(Liu Bei) မှာ သတ်ရကောင်းနိုးနိုး၊လွှတ်ရကောင်းနိုးနိုးဖြင့် မဆုံးဖြတ်နိုင်ဖြစ်နေသည်။ နောက်ဆုံးတွင် "ဖန်ထုံ"(Pang Tong) ၏တိုက်တွန်းမှုဖြင့် ထိုသူနှစ်ဦးကိုသေဒဏ်ပေးလိုက်သည်။ ပါလာသည့်စစ်သည်တို့ကိုလည်း တစ်ဦးတစ်ယောက်ကိုမျှ ပေးမပြန်ပေ။ "လျူဘေ့"(Liu Bei) သည် ထိုစစ်သည်တို့ကိုခေါ်ကာ
"မင်းတို့ခေါင်းဆောင်နှစ်ဦးက ငါတို့ညီအစ်ကိုနှစ်ယောက်ကြားက သံယောဇဉ်ပြတ်အောင်ကုန်းချောပြီး လုပ်ကြံဖို့ကြိုးစားတဲ့အတွက် သူတို့ကိုသေဒဏ်ပေးလိုက်ပြီ။ မင်းတို့ကတော့ ဘာအပြစ်မှမကျူးလွန်တဲ့အတွက် ဘာမှစိတ်ပူစရာမလိုပါဘူး" ဟုပြောသည်။
စစ်သည်တို့သည်လည်း ကျေးဇူးတင်ကာ လက်နက်ချလေသည်။

"ဖန်ထုံ"(Pang Tong) : "မင်းတို့သာ ငါတို့တပ်ဖွဲ့တွေကိုလမ်းပြပြီး ဖူမြစ်ခံတပ်ကိုသိမ်းနိုင်မယ်ဆိုရင် ဆုလာဘ်ကြီးချီးမြင့်မယ်"
ထိုစစ်သားတို့ကလည်း သဘောတူပြီး ညတွင်းချင်းပင် စစ်ချီတက်လေသည်။ ခံတပ်သို့ရောက်သော် စစ်သားတို့မှ
"တံခါးမြန်မြန်ဖွင့်ပေးပါ။ စစ်သူကြီးတွေက အရေးကြီးကိစ္စရှိလို့ စောစောပြန်လာတယ်" ဟုအော်ပြောသည်။ တံခါးစောင့်တို့ကလည်း ရင်းနှီးသောစစ်သားတို့၏အသံဖြစ်သောကြောင့် သံသယမဝင်ပဲ ဂိတ်တံခါးတို့ကိုဖွင့်ပေးလိုက်သည်။ ကျူးကျော်သူတို့မှာ တံခါးဖွင့်ပေးလိုက်သည်လည်း အတွင်းသို့ဝင်သွားလေသည်။ သို့နှင့် ဖူမြစ်ခံတပ်ကို သွေးတစ်စက်မျှမစွန်းပဲ သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ မြို့စောင့်ရဲမက်တို့သည်လည်း "လျူဘေ့"(Liu Bei) လက်အောက်တွင်ခိုလှုံကာ ဆုချီးမြင့်ခြင်းခံရသည်။ ပြီးနောက် ထိုခံတပ်ကိုကာကွယ်ရန် တပ်ဖွဲ့ကြီးချထားလေသည်။
နောက်ရက်အနည်းငယ်ကြာသည်အထိ အောင်မြင်မှုကိုဆင်နွှဲသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပွဲများကျင်းပလေသည်။ ထိုစားသောက်ပွဲတစ်ခုဝယ် "လျူဘေ့"(Liu Bei) မှ သူ၏ အကြံပေးဘက်လှည့်ကာ
"ပျော်ရွှင်ဖွယ်ရာအဖြစ်အပျက်ဆိုတာ ဒါပဲ" ဟုပြောသည်။
"စစ်လက်နက်တွေသုံးပြီး တိုက်ခိုက်သိမ်းယူတာက အကောင်းဆုံးတော့မဟုတ်ဘူး။ ဒါ့အပြင် ဒါက ဝမ်းသာစရာကိစ္စလည်းမဟုတ်ဘူး"
"ကျိုးပြည်ဘုရင်ဝူရဲ့ အောင်မြင်မှုကို ဂီတနဲ့ဆင်နွှဲခဲ့တယ်။ ဒီလိုအခြေအနေမှာ လက်နက်ကလည်း မသင့်တော်ပါဘူး။ ခင်ဗျားက ဘာလို့အများကြီးပြောရတာလဲ? ခင်ဗျားသွားနားတော့"
"ဖန်ထုံ"(Pang Tong) လည်းရယ်ကာထွက်သွားသည်။ ပြီးနောက် အစေခံတို့ကလည်း "လျူဘေ့"(Liu Bei) ကိုတွဲကာ အခန်းသို့သို့ခေါ်သွားသည်။ နောက်ရက်တွင် "လျူဘေ့"(Liu Bei) သည် ယမန်ညက အကြံပေးဖြစ်သူကို နှင်ထုတ်လိုက်ကြောင်းပြန်ကြားသိရသောအခါ နောင်တအကြီးအကျယ်ရလေသည်။
"ဖန်ထုံ"(Pang Tong) ကိုခေါ်စေကာ တောင်းပန်လေ၏။

"မနေ့က ကျုပ်ရဲ့အပြစ်ပါ"
"သခင်ကြီးတစ်ယောက်တည်းမဟုတ်ပါဘူး။ ကျွန်တော်တို့နှစ်ယောက်လုံးစကားလွန်သွားခဲ့တယ်"
"လျူဘေ့"(Liu Bei) က ရယ်လေသည်။ သို့နှင့် နှစ်ဦးသား ပြန်သင့်မြတ်သွားကြသည်။

နယ်စား "လျူကျန်း"(Liu Zhang) သည် အကြောင်းစုံကိုကြားသိရသောအခါ
"ဒီလိုဖြစ်လာမယ်လို့ ငါမထင်ထားခဲ့ဘူး" ဟုဆိုသည်။ ထို့နောက် ယီကျိုးရှိ အမှုထမ်းတို့စုဝေးကာ တိုင်ပင်ကြသည်။
"ဟွမ်ချွမ်"(Huang Quan) : "သူသွားမယ့်လမ်းဖြစ်တဲ့လော့ချန်မှာ တပ်ဖွဲ့ကြီးတွေထားရမယ်။ သူ့မှာ ကောင်းမွန်တဲ့စစ်သားတွေ၊ အရည်အချင်းရှိတဲ့စစ်သူကြီးတွေ ဘယ်လောက်ပဲရှိရှိ၊ သူအဲ့ကနေ ဖြတ်မသွားနိုင်ဘူး"
သို့နှင့် စစ်သူကြီးလေးယောက်ဖြစ်သော "တန်းရှန်"(Deng Xiang) ၊ "လင်ပေါက်"(Ling Bao) ၊ "လျူကွေ့"(Liu Gui) နှင့် "ကျန်းရန်"(Zhang Ren) တို့ကို စစ်သည်အင်အားငါးသောင်းနှင့်လွှတ်လိုက်သည်။

ထိုသို့ချီတက်နေကြရင်းမှ "လျူကွေ့"(Liu Gui) က
"ဟိုးတောင်ကုန်းတွေမှာ 'လူတကာထက်သာလွန်တဲ့ အနက်ရောင်နတ္ထိ' လို့ခေါ်တဲ့တာအိုပညာရှင်ရှိတယ်။ သူ့မှာ ထူးခြားတဲ့အမြင်အာရုံရှိတယ်။ ဒီတော့ သူ့ဆီသွားပြီး ကျုပ်တို့ရဲ့အနာဂတ်ဘယ်လိုရှိတယ်ဆိုတာ သွားမေးကြရအောင်" ဟုပြောသည်။
"ကျန်းရန်"(Zhang Ren) : "ရန်သူကိုသွားတိုက်မှာကို ဘာလို့အနာဂတ်ကိုသွားမေးမှာလဲ"
"ခင်ဗျားအမြင်မှားနေတယ်။ ကြိုပြီးသိတာက အကောင်းဆုံးပဲလို့ ကွန်ဖြူးရှပ်ကပြောခဲ့တယ်။ ဒီတော့ သူ့ဆီကိုသွားပြီးမေးကြည့်ရင် ဘာလုပ်ရမယ်၊ ဘာရှောင်ရမယ် သိတာပေါ့"
ထို့နောက် ထိုတောင်ကုန်းနားသို့သွားရာ သစ်ခုတ်သမားနှင့်တွေ့သည်။ ထိုသစ်ခုတ်သမားအား သူတော်စင်ရှိသည့်နေရာကိုမေးရာ အမြင့်ဆုံးတောင်ကုန်းကို ညွှန်ပြလေသည်။ ထိုတောင်ကုန်းပေါ်သို့ရောက်သော် တဲအိမ်လေးတစ်အိမ်တွေ့သည်။ ထိုအိမ်မှ တာအိုအဝတ်ဝတ်ဆင်ထားသည့် ကလေးငယ်ထွက်လာပြီး စကားပြောကာ နာမည်မေးပြီးနောက် သူတော်စင်ထံသို့ခေါ်သွားသည်။ ထိုသူတော်စင်နှင့်တွေ့သောအခါ အရိုအသေပြုပြီး သူတို့၏ကံကြမ္မာကိုမေးသည်။
"ကျုပ်လိုတောထဲမှာနေတဲ့ တာအိုဝါဒီက ကံကောင်းသည်၊ ကံဆိုးသည်ကို ဘယ်လိုသိနိုင်ပါ့မလဲ"

သို့သော်လည်း "လျူကွေ့"(Liu Gui) မှ အကြိမ်ကြိမ်မေးလေရာ ထိုသူတော်စင်မှ ကလေးငယ်ကို စာရွက်နှင့်မင်ယူစေပြီး စာရှစ်ကြောင်းရေးပေးလိုက်သည်။
'နဂါးနဲ့ဇာမဏိနဲ့အကူအညီနဲ့
သူဟာ အနောက်ဘက်ကိုရောက်လာတယ်
ဒါပေမယ့် ဇာမဏီက မြေထဲကျသွားပြီး
နဂါးကတော့ ကောင်းကင်ကြီးပေါ်ပျံတက်သွားမယ်
အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေရှိနေမယ်
ဒါဟာ လောကရဲ့နိယာမပဲ
အခြေအနေပေးလာရင် လုပ်ဆောင်ပြီး
ရွှေရောင်စမ်းချောင်းကိုးသွယ်ထဲ စီးဝင်သွားမယ်'

ထိုစာကိုဖတ်ပြီးနောက် တစ်ဦးချင်းဆီ၏အနာဂတ်ကိုပြောရန် တောင်းဆိုလေသည်။
"ဘာလို့ဒီဟာတွေမေးရတာလဲ? ကံကြမ္မာကို ဘယ်သူမှမရှောင်လွဲနိုင်ဘူး"
"လျူကွေ့"(Liu Gui) က ထိုသူတော်စင်ကိုဆက်မေးသော်လည်း ထိုသူတော်စင်မှာ အိပ်ပျော်သွားသကဲ့သို့မျက်လုံးများပိတ်လိုက်သည်။ သို့နှင့် စစ်သူကြီးလေးဦးလည်း တောင်ကုန်းထက်မှ ပြန်ဆင်းလာကြသည်။
"လျူကွေ့"(Liu Gui) : "သူပြောတာ မယုံလို့မဖြစ်ဘူး"
"ကျန်းရန်"(Zhang Ren) : "အဲ့အဘိုးကြီးပြောတာနားထောင်ပြီး ဘာအကျိုးရမှာမို့လို့လဲ"
ထို့နောက် လော့ချန်သွားရာလမ်းအတိုင်း ခရီးဆက်လေသည်။

လော့ချန်သို့ရောက်သော် "လျူကွေ့"(Liu Gui) မှ
"လော့ချန်က ချန်တူးကိုသွားတဲ့လမ်းကြောင်းရဲ့အသက်ပဲ။ မြို့ကိုကြားညှပ်ကာကွယ်ဖို့လုပ်ထားရမယ်။ ကျုပ်တို့လေးယောက်ထဲက နှစ်ယောက်က ခံတပ်တွေကိုစောင့်ကြပ်ပြီး ကျန်တဲ့နှစ်ယောက်က တောင်ကုန်းတွေဝန်းရံနေတဲ့ မြို့ပြင်တစ်နေရာမှာစခန်းချရမယ်"ဟုပြောသည်။
"တန်းရှန်"(Deng Xiang) နှင့် "လင်ပေါက်"(Ling Bao) တို့က မြို့ပြင်တွင် စည်းရိုးကာလိုသည်။ ထို့ကြောင့် တပ်သားနှစ်သောင်းနှင့်အတူ တပ်ဖွဲ့နှစ်ဖွဲ့ခွဲကာ မြို့ပြင်မိုင်နှစ်ဆယ်ခန့်တွင် စည်းရိုးကာပြီး စခန်းချထားသည်။

ဖူမြစ်ခံတပ်ကိုသိမ်းယူပြီးနောက် "လျူဘေ့"(Liu Bei) သည် နောက်ပစ်မှတ်ကို အကြံပေးနှင့်တိုင်ပင်သည်။ ထိုနောက်တိုက်ရမည့်ခံတပ်မှာ လော့ချန်ဖြစ်သည်။
ထိုအချိန်ဝယ် ကင်းထောက်တို့မှ သတင်းပို့လာသည်။
"လျူကျန်း(Liu Zhang) က စစ်သူကြီးလေးယောက်ကိုလွှတ်ပြီး မြို့ကိုကာကွယ်ခိုင်းထားစေတယ်။ မြို့ရဲ့မိုင်နှစ်ဆယ်အကွာမှာ တပ်စခန်းနှစ်ခုရှိပြီး ကျွဲချိုပုံဗျူဟာခင်းထားတယ်"
"လျူဘေ့"(Liu Bei) က သူ၏အမှုထမ်းအရာရှိတို့ကိုခေါ်ကာ ထိုတပ်စခန်းတို့ကို မည်သူသွားတိုက်လိုကြောင်းမေးသည်။ ထိုအခါ စစ်မှုထမ်းသက်တမ်းရင့် "ဟွမ်ကျုံး"(Huang Zhong) မှ သွားလိုကြောင်းပြောလေသည်။
"စစ်သူကြီး၊ ခင်ဗျားတပ်ဖွဲ့တွေကိုဦးဆောင်ပြီး သွားပါ။ တိုက်ပွဲမှာအနိုင်ရပြီး တပ်စခန်းနှစ်ခုကိုသိမ်းနိုင်ရင် ဆုလာဘ်တွေပေးပါ့မယ်"

"ဟွမ်ကျုံး"(Huang Zhong) ကလည်း ကျေးဇူးတင်ပြီး ထွက်တော့မည့်အချိန်တွင် လူငယ်ခေါင်းဆောင်တစ်ဦးမှ
"စစ်သူကြီးက ဒီလိုချီတက်ဖို့အသက်ကြီးရင့်နေပြီ။ ကျွန်တော့်မှာ အရည်အချင်းသိပ်မရှိပေမယ့် ဒီတာဝန်ကို စစ်သူကြီးအစားယူချင်ပါတယ်" ဟုပြောသည်။ ပြောသူမှာ "ဝေရန်"(Wei Yan) ဖြစ်သည်။
"ကျုပ်က ခွင့်ပြုချက်ရပြီးပြီ။ ခင်ဗျားကဘာလို့အဲ့လိုပြောရတာလဲ"
"ဘာလို့လည်းဆိုတော့ ဒီတာဝန်ကို အသက်အရွယ်ကြီးရင့်တဲ့အဘိုးကြီးက ထမ်းဆောင်နိုင်မှာမဟုတ်လို့ပဲ။ အဲ့တပ်စခန်းမှာရှိတဲ့ စစ်သူကြီးနှစ်ဦးက ဒီနယ်မှာ အကောင်းဆုံးနဲ့အရဲရင့်ဆုံးပဲ။ သူတို့က သန်မာကြတယ်။ ခင်ဗျားက အတွေ့အကြုံများပေမယ့်လည်း သူတို့ကိုမယှဉ်နိုင်မှာ စိုးရိမ်ရတယ်။ ခင်ဗျား မအောင်နိုင်ရင် သခင်ကြီးရဲ့အကြံအစည်က နှောင့်နှေးသွားလိမ့်မယ်။ ဒါကြောင့် ကျုပ်က ခင်ဗျားကိုယ်စားသွားချင်တာ။ ဒါကျွန်တော့်စိတ်ရင်းပါ"
"ကျုပ်က အသက်ကြီးတယ်? မင်း ငါနဲ့စီးချင်းထိုးဝံ့လား? "
"တိုက်ဆိုလည်း တိုက်ဝံ့ပါတယ်။ သခင်ကြီးက အဆုံးအဖြတ်ဒိုင်အနေနဲ့နေပြီး အနိုင်ရသူက ဒီတိုက်ခိုက်မှုကိုတာဝန်ယူမယ်။ သဘောတူသလား"

"ဟွမ်ကျုံး"(Huang Zhong) သည် လှေကားမှအောက်သို့ပြေးဆင်းသွားကာ သူ၏တပ်သားတို့ကိုခေါ်ပြီး ဓားယူလာစေသည်။ သို့သော် "လျူဘေ့"(Liu Bei) မှ နှစ်ဖက်လုံးကိုရပ်စေလိုသည်။
"ဒီတာဝန်အတွက် ကျုပ်က ခင်ဗျားတို့နှစ်ယောက်လုံးရဲ့အကူအညီလိုအပ်ပါတယ်။ ကျားနှစ်ကောင်တိုက်ရင် တစ်ကောင်းကရှုံးပြီး အဲ့အရှုံးက ကျုပ်လက်လွတ်နိုင်တဲ့အရှုံးမဟုတ်ဘူး။ ဒါကြောင့် စိတ်လျှော့ပြီးရန်မဖြစ်ကြပါနဲ့တော့"
"ဖန်ထုံ"(Pang Tong) မှလည်း
"ခင်ဗျားတို့ ရန်မဖြစ်နဲ့။ အဲ့မှာ တပ်စခန်းနှစ်ခုရှိတာပဲ။ စစ်သူကြီးတစ်ယောက်က တပ်စခန်းတစ်ခုဆီကိုတိုက်ပြီး အရင်ဆုံးအောင်နိုင်တဲ့လူက ပိုပြီးကြီးကျယ်တဲ့စွမ်းဆောင်မှုကို လုပ်ဆောင်ခဲ့တယ်လို့အသိအမှတ်ပြုပြီး ဆုချမယ်" ဟုပြောသည်။
ထို့ကြောင့် နှစ်ယောက်လုံးငြိမ်သွားလေသည်။ "ဟွမ်ကျုံး"(Huang Zhong) ကို "လင်ပေါက်"(Ling Bao) နှင့်တိုက်စေပြီး "ဝေရန်"(Wei Yan) ကို "တန်းရှန်"(Deng Xiang) နှင့် ရင်ဆိုင်စေသည်။ ထိုသူနှစ်ဦးထွက်သွားသောအခါ "ဖန်ထုံ"(Pang Tong) မှ
"သူတို့နှစ်ယောက်လမ်းမှာ ရန်ဖြစ်မှာကိုစိုးရိမ်ရတဲ့အတွက် သခင်ကြီးက အနောက်ကလိုက်သွားသင့်တယ်" ဟုဆိုသည်။
ထို့ကြောင့် ဖူချန်မြို့ကို အကြံပေးလက်ထဲတွင်အပ်ခဲ့ပြီးနောက် မွေးစားသား "လျူဖုန်း"(Liu Feng) နှင့် တူဖြစ်သူ "ကွမ်းဖင်"(Guan Ping) တို့ကိုခေါ်ကာ တပ်သားငါးထောင်နှင့်အတူချီတက်လေသည်။

"ဟွမ်ကျုံး"(Huang Zhong) သည် သူ၏စခန်းသို့ရောက်သောအခါ မနက်မိုးသောက်သည်နှင့် မနက်စာအဆင်သင့်ဖြစ်ရမည်ဟု အမိန့်ထုတ်လိုက်သည်။ အချိန်ရောက်သောအခါဝယ် တပ်ဖွဲ့ကြီးသည် တောင်ကုန်း၏ဘယ်ဘက်မှချီတက်လေသည်။
"ဝေရန်"(Wei Yan) မှာ "ဟွမ်ကျုံး"(Huang Zhong) ၏စခန်းသို့လူလွှတ်ကာ စုံစမ်းထားသဖြင့် "ဟွမ်ကျုံး"(Huang Zhong) စောစောချီတက်မည်ကိုသိနှင့်သည်။ ထို့ကြောင့် သူတိုက်ရမည့်နေရာသို့ အရုဏ်တက်သည်နှင့်ရောက်စေရန် "ဟွမ်ကျုံး"(Huang Zhong) မစမှီ ကြိုစသည်။ တပ်သားတို့ကို မနက်စာစောစောစားစေသည်။ ပြီးနောက် အသံမမြည်စေရန် မြင်းတွင်ချည်ထားသောခေါင်းလောင်းတို့ကိုဖြုတ်၊ စကားမပြောစေရန် ပါးစပ်ကိုအဝတ်ဖြင့်ချည်စေသည်။ အလံတို့ကိုခေါက်ထားစေပြီး လက်နက်တို့ကိုလည်း အုပ်ထားစေသည်။

တစ်ဖက်လူထက်စောစောစခဲ့သော "ဝေရန်"(Wei Yan) သည် "ဟွမ်ကျုံး"(Huang Zhong) ၏ပစ်မှတ်ဖြစ်သော "လင်ပေါက်"(Ling Bao) ၏စခန်းကို "ဟွမ်ကျုံး"(Huang Zhong) မလာမှီ သိမ်းနိုင်ပါက သူ၏စွမ်းဆောင်မှုပိုကောင်းမည်ဟုတွေးလေသည်။ ထို့ကြောင့် သူချီတက်ရာမှသွေဖယ်ပြီး "လင်ပေါက်"(Ling Bao) စခန်းသို့ချီတက်သည်။
ရန်သူ့စခန်းနားအရောက်တွင် တပ်ဖွဲ့ကိုခဏနားစေကာ ဗုံ၊အလံနှင့်လက်နက်တို့ကို အဆင်သင့်ပြင်စေသည်။

မနက်အရုဏ်တက်ချိန်ဖြစ်သော်လည်း ကင်းထောက်တို့မှတဆင့် ရန်သူလာတိုက်မည်ကို သိနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် တဖက်ရန်သူ၏အရိပ်အချည်ကိုမြင်သည်နှင့် ခုခံသူတို့ကထွက်လာကာ တိုက်လေသည်။ "ဝေရန်"(Wei Yan) သည် မြင်းကိုကဆုန်စိုင်းစီးကာ "လင်ပေါက်"(Ling Bao) နှင့်တိုက်သည်။ အကွက်နှစ်ဆယ်ခန့်တိုက်ပြီးနောက်ဝယ် အနောက်ပိုင်းနယ်တပ်ဖွဲ့စစ်ကူများ ထပ်ရောက်လာသည်။ "ဝေရန်"(Wei Yan) ၏ကျင်ကျိုးတပ်မှာ ခရီးရှည်ချီတက်လာရသဖြင့် ပင်ပန်းနေပြီး တစ်ဖက်ရန်သူကို မယှဉ်နိုင်ပေ။ ထို့ကြောင့် "ဝေရန်"(Wei Yan) မှာ တပ်ပြန်ဆုတ်ရလေသည်။ အနောက်ပိုင်းနယ်၏တပ်ဖွဲ့တို့ကလည်း အနောက်မှလိုက်လေသည်။
နှစ်မိုင်ခန့်သွားပြီးနောက်တွင် တောင်ကုန်းတို့၏နောက်ကွယ်မှ ယီကျိုး၏စစ်တပ်များရောက်လာပြန်သည်။ ထိုတပ်ဖွဲ့ကြီးသည် ဗုံတို့ကိုတီးခတ်ကာ ချီတက်လာသည်။ ထိုတပ်ခေါင်းဆောင် "တန်းရှန်"(Deng Xiang) မှ "ဝေရန်"(Wei Yan) အားလက်နက်ချရန်အော်ပြောသည်။ သို့သော် "ဝေရန်"(Wei Yan) သည် နားမထောင်ပဲ မြင်းကိုကြာပွတ်ဖြင့်ရိုက်ကာ မြန်မြန်ပြေးလေ၏။

ပင်ပန်းနွမ်းနယ်နေသောမြင်းမှာ မပြေးနိုင်ပဲ လဲကျသွားသည်။ "ဝေရန်"(Wei Yan) မှာလည်း မြင်းပေါ်မှ မြေပြင်ပေါ်သို့ကျသွားလေသည်။ အနောက်မှလိုက်လာသော "တန်းရှန်"(Deng Xiang) သည် လှံဖြင့် "ဝေရန်"(Wei Yan) ကိုသတ်မည်ပြုသည်။ ထိုအခိုက်တွင် "ဝှစ်"ကနဲနှင့်မြားပစ်သံတစ်ချက်ကြားလိုက်ရပြီး "တန်းရှန်"(Deng Xiang) လဲကျသွားသည်။
"လင်ပေါက်"(Ling Bao) မှာ "တန်းရှန်"(Deng Xiang) ကိုကယ်ရန်ပြုသော်လည်း တောင်ကုန်းပေါ်မှ မြင်းစီးလာသူတစ်ဦး ဆင်းလာပြီး
"စစ်သူကြီး ဟွမ်ကျုံး(Huang Zhong) ရောက်လာပြီ" ဟုအော်လေသည်။ "ဟွမ်ကျုံး"(Huang Zhong) သည် ဓားကိုကိုင်ပြီး ထွက်ပြေးသွားသော "လင်ပေါက်"(Ling Bao) နောက်သို့လိုက်လေသည်။ ထို့ကြောင့် ယီကျိုးတပ်ဖွဲ့မှာ ရှုပ်ထွေးကုန်သည်။ သို့နှင့် "ဟွမ်ကျုံး"(Huang Zhong) မှာ "ဝေရန်"(Wei Yan) ကိုကယ်နိုင်ခဲ့သည်။

"တန်းရှန်"(Deng Xiang) ကိုသတ်ပြီးနောက် "ဟွမ်ကျုံး"(Huang Zhong) ၏အပေါက်ဝနားသွားသည်။ "လင်ပေါက်"(Ling Bao) ရောက်လာပြီး "ဟွမ်ကျုံး"(Huang Zhong) နှင့်တိုက်သည်။ ဆယ်ကွက်ခန့်တိုက်ပြီးနောက်တွင် တပ်သားများရောက်လာပြန်သဖြင့် "လင်ပေါက်"(Ling Bao) ထွက်ပြေးပြန်သည်။ ဤအကြိမ်တွင်မူ "လင်ပေါက်"(Ling Bao) သည် သူ၏စခန်းကိုစွန့်ပြီး အခြားစခန်းသို့သွားသည်။
ထိုစခန်းသို့ရောက်သော် စခန်းတွင် ထောင်ထားသောအလံတို့မှာ အနောက်ပိုင်းပြည်နယ်တပ်၏ အလံမဟုတ်၊ အခြားတပ်ဖွဲ့၏အလံသည် လေထဲတွင် တလူလူလွင့်နေသည်။ သို့နှင့်မြင်းကိုရပ်လိုက်ပြီး ထိုအဖွဲ့ခေါင်းဆောင်ကိုကြည့်လေသည်။ ခေါင်းဆောင်မှာ ပိုးထည်ဝတ်ဆင်ထားပြီး အပေါ်တွင် ငွေရောင်သံချပ်ကာဝတ်ထားသည်။ ထိုသူမှာ အခြားမဟုတ်၊ "လျူဘေ့"(Liu Bei) ပင်ဖြစ်သည်။ သူ၏ဘယ်ဘက်တွင် သားဖြစ်သူရှိပြီး၊ ညာဘက်တွင် တူဖြစ်သူတို့နှင့်အတူရပ်နေသည်။
"ဘာလို့ရောက်လာတာလဲ? ဒီစခန်းကို ကျုပ်တို့သိမ်းလိုက်ပြီ"
"လျူဘေ့"(Liu Bei) သည် သူ၏တပ်ဖွဲ့နှစ်ဖွဲ့တို့ကို လိုအပ်ပါက အကူအညီပေးရန်ရောက်လာသောလည်း အကာအကွယ်မဲ့သော၊ လူသူမရှိသောခံတပ်ကိုတွေ့သဖြင့် သိမ်းလိုက်ခြင်းဖြစ်သည်။

ထိုအခါ "လင်ပေါက်"(Ling Bao) သည် လော့ချန်သို့ပြန်ပြေးလေသည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် ချုံခိုတိုက်ခိုက်ခြင်းခံရပြီး သုံ့ပန်းအဖြစ် အဖမ်းခံလိုက်ရသည်။ ထိုတိုက်ခိုက်သူမှာ "ဝေရန်"(Wei Yan) ဖြစ်သည်။ သူသည် အမှားကြီးလုပ်ဆောင်မိသောကြောင့် ထိုအပြစ်ကိုဆေးကြောနိုင်ရန်အတွက် တပ်သားတို့ကိုစုစည်းကာ ဖမ်းဆီးထားသောယီကျိုးတပ်သားအချို့ကို လမ်းပြစေပြီး ချုံခိုတိုက်ရန်စောင့်နေခဲ့ခြင်းဖြစ်သည်။
"လျူဘေ့"(Liu Bei) သည် "ခွင့်လွှတ်ခြင်း" အလံကိုထောင်စေပြီး အနောက်ပိုင်းနယ်မှလက်နက်ချသည့်စစ်သည်တို့ကို အသက်ချမ်းသာပေးသည်။ ထို့အပြင် ဒဏ်ရာရသူတို့ကိုလည်း ဆေးကုသပေးသည်။ ထိုစစ်သားတို့ကို ရွေးချယ်စရာ နှစ်ခုပေးလေသည်။
"ခင်ဗျားတို့စစ်သည်တွေမှာလည်း မိဘတွေ၊ ဇနီးတွေ၊ သားသမီးတွေရှိတယ်။ ဒီတော့ ပြန်လိုကပြန်နိုင်တယ်။ ဒါမှမဟုတ် ကျုပ်ရဲ့တပ်မှာ တာဝန်ထမ်းဆောင်လို့ရတယ်"
ထိုသို့ရက်ရောသောအပြုအမူကြောင့် အကုန်လုံးမှ ဩဘာပေးကြလေသည်။

"ဟွမ်ကျုံး"(Huang Zhong) သည် စခန်းသို့ပြန်လာသောအခါ "လျူဘေ့"(Liu Bei) အား
"ဝေရန်(Wei Yan) ကိုအမိန့်မနာခံမှုနဲ့ သေဒဏ်ပေးသင့်တယ်" ဟုပြောလေသည်။
ထိုအခါ "ဝေရန်"(Wei Yan) ကိုခေါ်စေပြီး "ဝေရန်"(Wei Yan) သည် သူဖမ်းဆီးမိသောသုံ့ပန်းနှင့်အတူရောက်လာသည်။ ထိုအခါ "ဝေရန်"(Wei Yan) ၏အပြစ်ကို ရန်သူ့ခေါင်းဆောင်ကိုဖမ်းမိသည့် လုပ်ဆောင်ချက်နှင့် ချေလိုက်သည်။ "ဟွမ်ကျုံး"(Huang Zhong) အား အသက်ကယ်ခဲ့သည့်အတွက် ကျေးဇူးတင်စေပြီး စစ်သူကြီးနှစ်ဦးတို့ကို ရန်မဖြစ်ရန်ပြောလေသည်။ "ဟွမ်ကျုံး"(Huang Zhong) အားရက်ရောစွာဆုချသည်။

အကျဉ်းသားကို အဆုံးအဖြတ်ပေးရန် "လျူဘေ့"(Liu Bei) ၏ရှေ့သို့ခေါ်လာသည်။ "လျူဘေ့"(Liu Bei) သည် "လင်ပေါက်"(Ling Bao) ၏ကြိုးကိုဖြည်ပေးကာ နှစ်သိမ့်သည့်အနေဖြင့် အရက်တစ်ခွက်တိုက်လေသည်။ ထိုအရက်ကိုသောက်ပြီးသောအခါ "လျူဘေ့"(Liu Bei) မှ လက်နက်ချလိုစိတ်ရှိမရှိမေးသည်။
"ခင်ဗျားက ကျုပ်ကိုချမ်းသာပေးမှတော့ တခြားရွေးချယ်စရာမရှိဘူး။ နောက်ပြီး ကျုပ်ရဲ့မိတ်ဆွေတွေဖြစ်တဲ့ လျူကွေ့(Liu Gui) နဲ့ကျန်းရန်(Zhang Ren) တို့ဟာ ကျုပ်နဲ့ သေအတူရှင်မကွာတွဲကြတဲ့သူတွေပဲ။ ကျွန်တော့်ကိုလွှတ်ပေးရင် ကျွန်တော် သူတို့ဆီသွားပြီး လက်နက်ချဖို့ဖြောင်းဖျမယ်။ ဒီလိုဆို ခင်ဗျားလည်း လော့ချန်ကိုသိမ်းနိုင်ပြီ"
"လျူဘေ့"(Liu Bei) သည် ထိုအဆိုကိုလက်ခံပြီး "လင်ပေါက်"(Ling Bao) အား မြင်းနှင့်အဝတ်ပေးကာ လွှတ်လိုက်သည်။

"ဝေရန်"(Wei Yan) မှ
"သခင်ကြီး၊ သူ့ကိုမလွှတ်နဲ့။ အဲ့လိုလွှတ်လိုက်ရင် သူ့ကိုပြန်တွေ့ရမှာမဟုတ်ဘူး" ဟုပြောသည်။
"ငါက လူတွေကို မျှမျှတတ ဆက်ဆံတယ်။ သူတို့က ငါ့ယုံကြည်မှုကိုအလွဲသုံးစားမလုပ်လောက်ပါဘူး"
သို့နှင့် အကျဉ်းသားကိုလွှတ်လိုက်လေသည်။

"လင်ပေါက်"(Ling Bao) သည်မြို့သို့ရောက်သောအခါ သူ့သူငယ်ချင်းနှစ်ဦးနှင့်တွေ့သည်။
"ကျုပ် ရန်သူတွေအများကြီးကိုသတ်ပြီး မြင်းနဲ့ထွက်ပြေးလာရတာ"
သူသည် အဖမ်းခံရသည့်အကြောင်းကို တစိုးတစိမျှမပြောပေ။ သို့နှင့် ချန်တူးသို့စာပို့ကာ စစ်ကူတောင်းလိုက်သည်။

"တန်းရှန်"(Deng Xiang) သေဆုံးသွားသည့်အတွက် နယ်စားမှာ စိတ်ပူပန်နေသည်။ ထို့နောက် အကြံပေးတို့ကိုခေါ်ကာတိုင်ပင်သည်။ နယ်စား၏သားအကြီးဆုံး "လျူရွှင့်"(Liu Xun) မှ
"အဖေ၊ ကျွန်တော် လော့ချန်ကိုကာကွယ်ပါ့မယ်" ဟုဆိုသည်။
"ငါ့သား သွားချင်ရင်သွားပါ။ ဒါပေမယ့် ဘယ်သူ မင်းနဲ့အတူသွားမှာလဲ"
ထိုစဉ် "ဝူယီ"(Wu Yi) မှ သူလိုက်ပါမည်ဖြစ်ကြောင်းဆိုသည်။ သူသည် "လျူကျန်း"(Liu Zhang) ၏ယောက်ဖဖြစ်သည်။
"ယောက်ဖတော်က သွားတော့ကောင်းပါတယ်။ ဒီအပြင် ဘယ်သူ့ကိုခေါ်သွားဦးမလဲ?"
ထိုအခါ "ဝူယီ"(Wu Yi) မှ "ဝူလန်"(Wu Lan) နှင့် "လေထုံ"(Lei Tong) တို့ကိုခေါ်သွားရန် ထောက်ခံပြီးနောက် နယ်စားထံမှ ခွင့်ပြုမိန့်ရလေသည်။ ထိုသူတို့သည် တပ်သားနှစ်သောင်းနှင့်အတူ လော့ချန်သို့ချီတက်သည်။ "လျူကွေ့"(Liu Gui) နှင့် "ကျန်းရန်"(Zhang Ren) တို့က စစ်ကူတပ်ဖွဲ့ကိုကြိုဆိုကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေသည်။
"ဝူယီ"(Wu Yi) : "အကယ်၍ ရန်သူတွေသာ တံတိုင်းတွေနားရင်လာ တိုက်ထုတ်ဖို့ခက်ခဲသွားပြီ။ ဘယ်လိုလုပ်ရင်ကောင်းမယ်ထင်လဲ"
"လင်ပေါက်"(Ling Bao) : "အဲ့မြို့ဟာ ဖူမြစ်ကြောင်းတစ်လျှောက်မှာ တည်ရှိပြီး ရေစီးအလွန်သန်တယ်။ ဒါ့အပြင် မြို့က တောင်ကုန်းတွေကနေ နိမ့်ကျတဲ့နေရာမှာတည်ရှိတယ်။ လူငါးထောင်ရဲ့အကူအညီနဲ့ဆိုရင် မြစ်ကမ်းပါးကို နိမ့်သွားအောင်လုပ်ပြီး ရန်သူ့စခန်းကိုရေကြီးစေပြီးတော့ လျူဘေ့(Liu Bei) ကို ရှင်းနိုင်မယ်"
ထိုအကြံကိုလက်ခံလိုက်ပြီး "လင်ပေါက်"(Ling Bao) မှ အကြံအစည်ကို အကောင်အထည်ဖော်ရန်ထွက်ထွားသည်။ "ဝူလန်"(Wu Lan) နှင့် "လေထုံ"(Lei Tong) တို့သည် မြစ်ကမ်းပါးနိမ့်ကျရန် အလုပ်လုပ်သည့်သူတို့အား စောင့်ကြပ်လေသည်။

ကျားမုန့်ခံတပ်ကိုသိမ်းရန် "စွန်းချွမ်"(Sun Quan) သည် "ကျန်းလု"(Zhang Lu) နှင့်ပူးပေါင်းပြီး တိုက်လိမ့်မည်ဟု သတင်းကြားသောအခါ "လျူဘေ့"(Liu Bei) သည် စခန်းနှစ်ခုကို စစ်သူကြီးနှစ်ယောက်လက်တွင် အပ်ထားပြီး အကြံပေးထံသွားကာ တိုင်ပင်သည်။
"ဒီအချိန်မှာ ကျွန်တော် နောက်ဆုတ်ရလည်းခက်၊ ရှေ့တိုးရလည်းခက်ဖြစ်နေတယ်။ ဒါဘယ်လိုလုပ်ရမလဲ"
"ဖန်ထုံ"(Pang Tong) မှ "မုန့်တာ"(Meng Da) ဘက်လှည့်ကာ
"ခင်ဗျားက ရှူပြည်နယ်သားဆိုတော့ နယ်မြေတွေကိုကျွမ်းကျင်မှာပေါ့။ ခံတပ်ကိုထိန်းသိမ်းထားဖို့ ဘာလုပ်ရမလဲ" ဟုပြောသည်။
"ကျွန်တော် လူတစ်ယောက်ရဲ့အကူအညီသာရရင် အဲ့ခံတပ်ကို လုံခြုံအောင်စောင့်ကြပ်နိုင်မယ်လို့ ယုံကြည်တယ်"
"ဘက်သူလဲ"
"ဟိုးအရင် လျူပြောင်း(Liu Biao) လက်အောက်မှာအမှုထမ်းခဲ့တဲ့ ဟော်ကျွင်း(Huo Jun) ဆိုတဲ့လူပါ။ သူက တောင်ပိုင်း နန်ကျွင်းဇာတိကလာသူဖြစ်တယ်"
၎င်းပြောဆိုမှုကိုလက်ခံလိုက်ကာ ထိုသူနှစ်ဦးတို့လည်း ထွက်ခွာသွားလေသည်။

"ဖန်ထုံ"(Pang Tong) သည် သူအနားယူသည့်နေရာသို့ရောက်သော် အစောင့်မှ ဧည့်သည်ရောက်နေကြောင်းပြောသည်။ ထိုဧည့်သည်ကို လက်ခံတွေ့လေရာ ထိုသူမှာ အရပ်ရှစ်ပေခန့်ရှိပြီး ဆံပင်တိုတိုရှိကာ အဝတ်ကို ဖရိုဖရဲဝတ်ဆင်ထားသည်။
"မိတ်ဆွေက ဘယ်သူလည်းမသိဘူး"
ထိုဧည့်သည်သည် စကားပြန်မပြောပဲ ညောင်စောင်းထက်သို့တက်ကာ လဲလျောင်းလေသည်။ ထိုအခါ "ဖန်ထုံ"(Pang Tong) သည် မသင်္ကာဖြစ်ကာ သူ၏မေးခွန်းကိုထပ်မေးပြန်သည်။
"ကျုပ် ခဏအနားယူပါရစေ။ ပြီးရင် လောကကြီးကအရာအကုန်လုံးအကြောင်းကို ခင်ဗျားနဲ့ပြောလို့ရတယ်"
ထိုအဖြေကြောင့် "ဖန်ထုံ"(Pang Tong) မှာ ပို၍သင်္ကာမကင်းဖြစ်သွားသည်။ သို့သော်လည်း အရက်နှင့်စားစရာတို့ကို ယူလာစေပြီး ဧည့်သည်ကိုဧည့်ခံသည်။ ထိုဧည့်သည်သည် စားသောက်ပြီးနောက် အိပ်ပျော်သွားလေသည်။

"ဖန်ထုံ"(Pang Tong) သည် ထိုအပြုအမူတို့ကြောင့်  အံ့ဩမှင်သက်သွားပြီး ထိုသူမှာ သူလျှိုဖြစ်လိမ့်မည်ဟုတွေးလေ၏။ ထို့နောက် "ဖာကျန့်"(Fa Zheng) ကိုလူလွှတ်ကာ အကြောင်းကြားစေပြီး ဥယာဉ်ထဲတွင်တွေ့ကာ ထိုထူးဆန်းသည့် ဧည့်သည်အကြောင်းပြောသည်။
"အဲ့ဒါ ဖုန်ရန်(Peng Yang) ကလွဲပြီး တခြားလူမဖြစ်နိုင်ဘူး"
"ဖာကျန့်"(Fa Zheng) သည် အထဲသို့ဝင်ကာ ကြည့်လေသည်။ ထိုအခါ ဧည့်သည်သည် ရုတ်တရတ်ထကာ

"မတွေ့တာကြာပေမယ့်လည်း ခင်ဗျား  ကျန်းမာနေတယ်လို့မျှော်လင့်ပါတယ်" ဟုပြောသည်။

Comments

Popular posts from this blog

Lookism