သုံးနိုင်ငံခေတ် (၆၃)

အခန်း (၆၃) "ကျူးကဲလျန့်"(Zhuge Liang) က "ဖန်ထုံ"(Pang Tong) အတွက် ဝမ်းနည်းခြင်း။ "ကျန်းဖေး"(Zhang Fei) က "ရန်ရန်"(Yan Yan) ကိုလွှတ်ပေးလိုက်ခြင်း။

"ဖာကျန့်"(Fa Zheng) နှင့်ဧည့်သည်တို့သည် ပျော်ရွှင်စွာဖြင့် ရယ်မောကြပြီး နှုတ်ဆက်လေသည်။
"သူက ကွမ်းဟန်က သူရဲကောင်းတစ်ဦးပါ။ သူ့အပြောအဆိုက ပြတ်သားတာကြောင့် နယ်စားလျူကျန်း(Liu Zhang) ကိုစော်ကားသလိုဖြစ်သွားခဲ့ပြီး နယ်စားက သူ့ကို ဆံပင်တွေရိတ်စေပြီး သာသနာ့ဘောင်ထဲဝင်စေခဲ့တယ်။ ဒါကြောင့် သူ့ဆံပင်တွေက ရှည်နေတာ"
ထိုအခါ "ဖန်ထုံ"(Pang Tong) သည် ဧည့်သည်အား လေးစားစွာဆက်ဆံပြီး လာရသည့်အကြောင်းကိုမေးလေသည်။
"ခင်ဗျားတို့ရဲ့ စစ်သားတွေကို ကယ်တင်ချင်လို့ပါ။ စစ်သူကြီး လျူဘေ့(Liu Bei) လာရင်ရှင်းပြပါ့မယ်"

သို့နှင့် "လျူဘေ့"(Liu Bei) ထံအကြောင်းကြားစေပြီးနောက် "လျူဘေ့"(Liu Bei) ရောက်လာသည်။
"စစ်သူကြီးဆီမှာ တပ်သားဘယ်လောက်ရှိပါသလဲ"
"လျူဘေ့"(Liu Bei) ကလည်း ပြောပြလိုက်သည်။
"ခေါင်းဆောင်တစ်ယောက်အနေနဲ့ မြေပြင်နေရာအခြေအနေကို မသိလို့မဖြစ်ဘူး။ ခင်ဗျားရဲ့စခန်းတွေက ဖူမြစ်ပေါ်မှာတည်ရှိတယ်။ အဲ့မြစ်ကိုခွဲလိုက်ပြီး ရန်သူက ရှေ့ရောနောက်ပါပိတ်လိုက်ရင် ဘယ်သူမှပြေးလွတ်မှာမဟုတ်ဘူး"
ထိုအခါ ထိုသူပြောသည်မှာ မှန်ကန်ကြောင်း "လျူဘေ့"(Liu Bei) သိမြင်လေသည်။
"ခုနစ်စင်ကြယ်ရဲ့ခွက်က အနောက်ကိုရောက်နေပြီး သောကြာဂြိုဟ်က ကျွန်တော်တို့နဲ့ဆန့်ကျင်နေတယ်။ ဒါကမကောင်းတဲ့နိမိတ်ဖြစ်တဲ့အတွက် ဒါကိုရှင်းလင်းရမယ်"
သို့နှင့် "လျူဘေ့"(Liu Bei) သည် "ဖုန်ရန်"(Peng Yang) ကို အကြံပေးအနေဖြင့် ခန့်အပ်လိုက်သည်။
ထို့အပြင် တပ်သားတို့ကိုလွှတ်ကာ မြစ်နားတစ်ဝိုက်တွေ ရန်သူတို့အား စောင့်ကြည့်ထားစေသည်။ ထိုအမိန့်ကိုလက်ခံရသောအခါ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့သည် နေ့၊ညတာဝန်ခွဲပြီး ကင်းလှည့်လေသည်။ ရန်သူတို့နှင့် ရင်ဆိုင်ရပါက အချက်ပေးနိုင်ရန် စီစဉ်ထားသည်။
မုန်တိုင်းတို့ပြင်းထန်သောတစ်ညဝယ် "လင်ပေါက်"(Ling Bao) သည် တပ်သားငါးထောင်ကိုဦးဆောင်ကာ မြစ်ကမ်းတစ်လျှောက်မှဖြတ်ပြီး ရန်သူကိုတိုက်ခိုက်ရန် ချီတက်လာလေသည်။ သို့သော် သူ၏နောက်ဘက်တွင် ကျင်ကျိုးစစ်တပ်ချီတက်လာကြောင်း သိရသောအခါ ချက်ချင်းတပ်ပြန်ဆုတ်သည်။ "ဝေရန်"(Wei Yan) ကလည်း နောက်မှလိုက်လေရာ အနီးသို့ကပ်လာသောအခါ "လင်ပေါက်"(Ling Bao) ၏တပ်ဖွဲ့တို့သည် အရှေ့သို့အလျင်စလိုသွားသဖြင့် တစ်ယောက်ကိုတစ်ယောက်နင်းမိကုန်သည်။ ထို့နောက် "ဝေရန်"(Wei Yan) နှင့် "လင်ပေါက်"(Ling Bao) တို့ရင်ဆိုင်ကြပြီး မကြာမီမှာပင် "လင်ပေါက်"(Ling Bao) ကိုဖမ်းနိုင်ခဲ့သည်။ "ဝူလန်"(Wu Lan) နှင့် "လေထုံ"(Lei Tong) တို့သည် "လင်ပေါက်"(Ling Bao) ကိုကယ်ရန်ပြုသော်လည်း မကယ်နိုင်ပေ။ ခံတပ်သို့ရောက်သောအခါ "လျူဘေ့"(Liu Bei) မှ "လင်ပေါက်"(Ling Bao) ၏ကျေးဇူးကန်းမှုအပေါ် အပြစ်တင်သည်။
"ကျုပ်က ခင်ဗျားကိုရက်ရောစွာနဲ့ လွှတ်ပေးခဲ့တာ ခင်ဗျားက ဒီလိုလုပ်တယ်။ ခင်ဗျားကို နောက်တစ်ခါ မခွင့်လွှတ်နိုင်ဘူး"
ထို့နောက် သုံ့ပန်းကို ခေါင်းဖြတ်သတ်စေလိုက်ပြီး "ဝေရန်"(Wei Yan) ကို ဆုချသည်။ "ဖုန်ရန်"(Peng Yang) ၏စွမ်းဆောင်မှု အတွက် စားသောက်ပွဲကြီး ကျင်းပစေသည်။

ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) ထံမှ စာတစ်စောင်ကို "မာလျန့်"(Ma Liang) မှ ယူလာပြီး ကျင်ကျိုးပြည်နယ် အေးချမ်းကြောင်းနှင့် စိုးရိမ်စရာမရှိကြောင်းပြောသည်။ ထိုစာမှာ အောက်ပါအတိုင်းဖြစ်သည်။
'ကျွန်တော် နက္ခတ်တာရာတွေကို တွက်ချက်ကြည့်တဲ့အခါ ခုနစ်စင်ကြယ်ရဲ့ခွက်က အနောက်ကိုရောက်နေပြီး သောကြာဂြိုဟ်က လော့ချန်ကို ချဉ်းကပ်နေတယ်။ ဒါက ခေါင်းဆောင်ပိုင်းတွေအတွက် မကောင်းတဲ့နိမိတ်ဖြစ်ပြီး အထူးသတိထားရမယ်'
ထိုစာကိုဖတ်ပြီးနောက် "မာလျန့်"(Ma Liang) ကို ခန်းဆောင်အတွင်းမှထွက်သွားစေပြီးနောက် "လျူဘေ့"(Liu Bei) မှ
"ကျုပ် ကျင်ကျိုးကို ပြန်ပြီး ဒါကိုဆွေးနွေးရမယ်" ဟုဆိုသည်။

သို့သော်လည်း "ဖန်ထုံ"(Pang Tong) သည် ၎င်းအကြံကိုကန့်ကွက်လေ၏။ သူ၏စိတ်ထဲတွင် အနောက်ပိုင်းပြည်နယ်ကိုအောင်နိုင်ရန်အတွက် သူ၏စွမ်းဆောင်မှုနှင့်ပတ်သတ်ပြီး "ကျူးကဲလျန့်"(Zhuge Liang) က မနာလိုသောကြောင့် ထိုသို့ရေးသည်ဟုတွေးလေ၏။
"ကျွန်တော်လည်း တွက်ချက်မှုတွေလုပ်ပြီးသားပါ။ ကျွန်တော်တွက်ချက်သလောက်တော့ ဒီအချိန်က သခင်ကြီးအတွက်ကောင်းမွန်ပြီး ဒီနယ်မြေကိုသိမ်းဖို့အတွက် သင့်လျော်တဲ့အချိန်ဖြစ်ပါတယ်။ မကောင်းတဲ့ဆိုးကျိုးတွေ မရှိပါဘူး။ ဒါကြောင့် စိတ်ထဲမှာ သံသယမရှိပဲ ရဲဝံ့စွာလုပ်ဆောင်ပါ"
"လျူဘေ့"(Liu Bei) ကလည်း "ဖန်ထုံ"(Pang Tong) ၏စကားကိုနားထောင်ကာ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ကိုချီတက်စေသည်။ "ဖန်ထုံ"(Pang Tong) မှ မည်သည့်လမ်းကိုရွေးသင့်ကြောင်း "ဖာကျန့်"(Fa Zheng) အား မေးရာ "ဖာကျန့်"(Fa Zheng) မှ မြေပုံဆွဲပြလေသည်။ ထိုမြေပုံသည် "ကျန်းစုန့်"(Zhang Song) ထားခဲ့သည့်မြေပုံနှင့်တစ်ထပ်တည်း တူညီသည်။
"ဖာကျန့်" ( Fa Zheng) : တောင်ရဲ့မြောက်ပိုင်းက အရှေ့ဂိတ်ကိုသွားတဲ့ လမ်းမကြီးရှိတယ်။ တောင်ဘက်မှာတော့ အနောက်ဂိတ်ကိုသွားတဲ့လမ်းရှိတယ်။ နှစ်လမ်းစလုံးက ချီတက်ဖို့သင့်တော်တယ်"

ထိုအခါ "ဖန်ထုံ"(Pang Tong) သည် "လျူဘေ့"(Liu Bei) အား ဤသို့ပြောသည်။
"ဝေရန်(Wei Yan) ကိုအရှေ့ကဦးဆောင်စေပြီးတော့ ကျွန်တော် တောင်ဘက်လမ်းကနေသွားပါမယ်။ သခင်ကြီးကတော့ လမ်းမကြီးက သွားပြီး "ဟွမ်ကျုံး"(Huang Zhang) ကို တပ်ဦးက ချီတက်စေပါ။ ကျွန်တော်တို့တစ်ချိန်တည်း လော့ချန်ကိုတိုက်မယ်"
"ကျုပ်က မြင်းစီးလေးသည်တော်အဖြစ် လေ့ကျင့်ဖူးခဲ့ပြီး လမ်းသွယ်လေးတွေမှာ ကျွမ်းကျင်တယ်။ ဒါကြောင့် အကြံပေးက လမ်းမကြီးကသွားသင့်ပြီး ကျုပ်က လမ်းသေးက သွားပါ့မယ်"
"လမ်းမကြီးမှာ ရန်သူတပ်ဖွဲ့ရှိပြီး သခင်ကြီးနဲ့တိုက်ဖို့သင့်တော်တယ်။ ဒါကြောင့် ကျွန်တော့်ကို လမ်းသေးဘက်က ပေးသွားပါ"
"မဟုတ်ဘူး။ ဒါ ကျုပ်နဲ့မသင့်တော်ဘူး။ ကျုပ်အိပ်မက်ထဲမှာ တင်းပုတ်ကြီးတစ်ခုထွက်လာပြီး ဘယ်လက်ကိုထုလိုက်တယ်ပြီး အင်မတန်နာကျင်တယ်လို့ မက်တယ်။ ဒါကြောင့် ဒီခရီးက မကောင်းဘူးလို့ခံစားရတယ်"
"စစ်သားတစ်ယောက်က စစ်ထွက်တိုက်ရင် အသတ်ခံရနိုင်တယ်၊ ဒဏ်ရာရနိုင်တယ်။ သူ့ရဲ့ကြမ္မာကို သူလက်ခံပြီးသားပဲ။ အိပ်မက်လေးတစ်ခုကြောင့်နဲ့ စိတ်ဇဝေဇဝါဖြစ်နေရလား"
"ကျုပ် ဒီလိုဖြစ်တာက ကျူးကဲလျန့်(Zhuge Liang) ဆီက စာကြောင့်ပါ။ ဒါကြောင့် ခင်ဗျားကို ဖူမြစ်ခံတပ်မှာပဲနေစေချင်တယ်။ ခင်ဗျား အဲ့လိုပဲလုပ်ပါလား"
"ကျူးကဲလျန့်(Zhuge Liang) က တကယ်ပဲ ခင်ဗျားစိတ်ထဲ ဒွိဟဖြစ်အောင်လုပ်နိုင်ခဲ့တယ်။ တကယ်တော့ သူက ကျွန်တော်ဒီစစ်ပွဲမှာ စွမ်းဆောင်နိုင်မှာကို မလိုလားလို့ အဲ့လိုစာရေးတာပါ။ သခင်ကြီးရဲ့သံသယတွေကြောင့် အဲ့လိုအိပ်မက်မက်တာပါ။ ကျွန်တော် ဘာမှမကောင်းတဲ့နိမိတ်မမြင်ပါဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကို အနစ်နာခံဖြစ်ပြင်ဆင်ပြီးသားပဲ။ ကျွန်တော်ပြောတာ အမှန်တွေပါပဲ။ သခင်ကြီး၊ ဒါနဲ့ပတ်သတ်ပြီး ထပ်မပြောပါနဲ့တော့။ စစ်ချီတက်ဖို့ ပြင်ဆင်ကြတာပေါ့"
သို့နှင့် တပ်သားတို့ကို မနက်စာစောစောစားစေပြီးနောက် အရုဏ်တက်ချိန်တွင် စစ်ချီတက်ရန် စီစဉ်သည်။ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ကို ရှေ့မှသွားစေကာ "လျူဘေ့"(Liu Bei) နှင့် "ဖန်ထုံ"(Pang Tong) တို့က နောက်မှ မြင်းစီးကာလိုက်သည်။ ရုတ်တရတ် "ဖန်ထုံ"(Pang Tong) စီးလာသောမြင်းသည် သခင်ကို မြင်းပေါ်မှ ခါချလိုက်သည်။

"လျူဘေ့"(Liu Bei) သည် သူ၏မြင်းပေါ်မှဆင်းလာပြီးသော်
"ဒီလို စကားနားမထောင်တဲ့မြင်းကို ဘာလို့စီးရတာလဲ" ဟုပြောသည်။
"ကျွန်တော် ဒီမြင်းကိုစီးလာတာ ကြာပြီ။ တစ်ခါမှ အဲ့လိုမဖြစ်ဖူးဘူး"
"အဲ့လိုမြင်းမျိုးက အသက်ဘေးနဲ့ကြုံနိုင်တယ်။ ကျုပ်မြင်းက ကောင်းကောင်းလေ့ကျင့်ထားတဲ့အတွက် ခင်ဗျားစိတ်ပျက်မှာမဟုတ်ဘူး၊ ဒီတော့ ကျုပ်မြင်းကိုစီးသွားပါ။ ကျုပ်က ခင်ဗျားမြင်းကိုစီးမယ်"
သို့နှင့် မြင်းနှစ်ကောင် လဲစီးလိုက်သည်။
"ကျွန်တော် သခင်ကြီးရဲ့ကြင်နာမှုအပေါ် ကျေးဇူးတင်မိပါတယ်။ ကျွန်တော် အကြိမ်တစ်ထောင်သေရင်တောင် အဲ့အကြွေးကိုပြန်ဆပ်နိုင်မှာမဟုတ်ဘူး။
ထို့နောက် နှစ်ဦးသား လမ်းခွဲကာဆက်သွားကြသည်။ သူ၏အကြံပေးထွက်သွားသောအခါ "လျူဘေ့"(Liu Bei) သည် စိတ်ထဲတွင် ထင့်နေ၍ မျက်နှာမကောင်းပေ။

"လင်ပေါက်"(Ling Bao) ၏သေဆုံးမှုအကြောင်းသည် လော့ချန်သို့ရောက်သောအခါ "ဝူယီ"(Wu Yi) နှင့် "လျူကွေ့"(Liu Gui) တို့ တိုင်ပင်ကြသည်။ သူတို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်သော "ကျန်းရန်"(Zhang Ren) မှ ဤသို့ပြောသည်။
"အရှေ့တောင်ဘက်မှာ အရေးပါတဲ့လမ်းသွယ်တစ်ခုကို ကျုပ်သိထားတယ်။ ကျုပ်က အဲ့မှာသွားစောင့်နေပြီး ခင်ဗျားတို့နှစ်ယောက်က မြို့ကိုစောင့်ကြပ်နေပါ"
ရန်သူတို့ချီတက်လာပြီဟူသော သတင်းကိုကြားသည်နှင့် "ကျန်းရန်"(Zhang Ren) သည် စစ်သားသုံးထောင်ကိုဦးဆောင်ပြီး လမ်းသွယ်နားဝယ် ခြုံခိုတိုက်ရန်စောင့်နေသည်။ "ဝေရန်"(Wei Yan) သည် ထိုလမ်းမှဖြတ်သွားသည့်တိုင် သူတို့သည်မတိုက်သေးပဲ ဆက်စောင့်နေသည်။ မကြာမီတွင် "ဖန်ထုံ"(Pang Tong) ၏တပ်မကြီးချီတက်လာသည်။
တပ်သားတို့သည် လှပတင့်တယ်သော မြင်းဖြူကိုစီးလာသည့်လူကိုမြင်သောအခါ လက်ညှိုးညွှန်ပြီး တစ်ဦးကိုတစ်ဦးပြောကြသည်။
"အဲ့မြင်းဖြူပေါ်ကလူက လျူဘေ့(Liu Bei) ပဲဖြစ်ရမယ်"
ခေါင်းဆောင်ဖြစ်သူ "ကျန်းရန်"(Zhang Ren) ကလည်း ဝမ်းမြောက်သွားပြီး အမိန့်ချလိုက်သည်။

"ဖန်ထုံ"(Pang Tong) သည် အရှေ့သို့လျင်မြန်စွာချီတက်စေသည်။ တောင်ကြားလမ်းသည် ထူထပ်တို့ခြုံနွယ်ပိတ်ပေါင်းတို့ဖြင့်ပြည့်နေပြီး ရာသီမှ နွေအကုန်ဆောင်းဦးသို့အရောက်ဖြစ်သောကြောင့် သစ်ရွက်တို့များပြားပြီး လျင်မြန်စွာ မချီတက်နိုင်ပေ။ "ဖန်ထုံ"(Pang Tong) သည် စိတ်လေးနေသောကြောင့် မြင်းကိုခဏရပ်စေကာ သူတို့ရောက်နေသောအရပ်၏နာမည်ကို မေးသည်။
ယီကျိုးဇာတိတပ်သားတစ်ဦးမှ ပြန်ဖြေသည်
"ဒီနေရာကို 'ဇာမဏီနိဂုံး' ချောက်ကမ်းပါး' လို့ခေါ်ပါတယ်"
"ဒါ မကောင်းတဲ့နိမိတ်ပဲ။ ကျုပ်ရဲ့တာအိုနာမည်က 'ဇာမဏီငယ်' ဆိုတော့ ဒီမှာရှိလို့မဖြစ်ဘူး"
ထို့ကြောင့် နောက်သို့ပြန်လှည့်ရန် အမိန့်ပေးလိုက်သည်။ သို့သော် ကျယ်လောင်သောအသံနှင့်အတူ မြားမိုးတို့တရပ်စပ်ကျလာလေသည်။ ပုန်းလျှိုနေသော စစ်သည်တို့ထွက်လာပြီး မြင်းဖြူစီးသောလူကိုတိုက်လေသည်။ ထိုနေရာတွင် "ဖန်ထုံ"(Pang Tong) မြားပေါင်းများစွာထိမှန်ပြီး အသက်ဆုံးခဲ့လေသည်။ သူသေဆုံးချိန်တွင် အသက် ၃၆ နှစ်သာရှိသေးသည်။

"ဖန်ထုံ"(Pang Tong) သေဆုံးရုံမက တပ်သားတစ်ဝက်လောက်သည်လည်း သေဆုံးခဲ့သည်။ တပ်ဦးပိုင်းမှထွက်ပြေးလွတ်မြောက်သောသူအချို့သည် "ဝေရန်"(Wei Yan) ထံသို့သွားပြီး အကျိုးအကြောင်းပြောသည်။ "ဝေရန်"(Wei Yan) သည် တပ်ကိုပြန်ဆုတ်ကာ ကူညီရန်ပြုသည်။ သို့သော်လည်း "ကျန်းရန်"(Zhang Ren) ၏လေးသည်တော်၊ မြားသည်တော်တို့က ကုန်းမြင့်ပေါ်တွင် နေရာယူထားသောကြောင့် ပြန်လှည့်ရန်အခက်တွေ့နေသည်။
ထိုအခါ အချို့သောသူတို့မှ လမ်းမကြီးအတိုင်းသွားကာ လော့ချန်သို့ချီတက်ရန် အကြံပေးကြသည်။ သို့သော် ဖုန်ထူကြီးနှင့်အတူ ရန်သူတို့ရောက်လာလေသည်။ မြို့ကိုစောင့်ကြပ်နေသော "ဝူလန်"(Wu Lan) နှင့် "လေထုံ"(Lei Tong) တို့ချီတက်လာခြင်းဖြစ်သည်။ "ဝေရန်"(Wei Yan) သည် အခွံမာသီးအလယ်ရှိအဆံကဲ့သို့ နှစ်ဦးနှစ်ဖက်ကြားတွင် ပိတ်မိနေလေ၏။ "ဝေရန်"(Wei Yan) သည် ရန်သူကိုထိုးဖောက်ရန် ကြိုးစားသည်။ ထိုသို့မျှော်လင့်ချက်မဲ့နေချိန်ဝယ် လော့ချန်မှချီတက်လာသောရန်သူတို့သည် အရှုပ်အထွေးဖြစ်နေကာ တစ်ခြားတစ်ဖက်သို့မျက်နှာမူနေသည်ကို ဂရုပြုမိသည်။
"ဝေရန်"(Wei Yan) သည် အရှေ့သို့ဆက်သွားလေလျှင် "ဟွမ်ကျုံး"(Huang Zhong) ဦးဆောင်လာသော တပ်ဖွဲ့ကြီးကိုတွေ့သည်။
"ဝေရန်(Wei Yan) ၊ ကျုပ် မင်းကိုလာကယ်တာ"
လော့ချန်မြို့ကိုခုခံသူတို့သည် ရန်သူတို့၏အရှေ့အနောက်ဝန်းရံမှုကို ခံရပြီး အကျအရှုံးများလေသည်။ တံတိုင်းအနီးသို့ကပ်လာသော "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့၏တပ်ကိုမတွန်းလှန်နိုင်ပေ။ တစ်ဖက်ရန်သူတို့အနီးကပ်လာသည်ကို မြင်သောအခါ မြို့ကိုစောင့်ကြပ်နေသော "လျူကွေ့"(Liu Gui) သည် ထွက်လာကာ တိုက်လေသည်။ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) ၏တပ်သည် တပ်ပြန်ဆုတ်လေ၏။
"လျူဘေ့"(Liu Bei) ၏တပ်ဖွဲ့ကြီးသည် ခံတပ်နှစ်ခုကို အလျင်အမြန်သိမ်းထားနိုင်ခဲ့သော်လည်း "ကျန်းရန်"(Zhang Ren) ၏တပ်ဖွဲ့သည် လမ်းမပေါ်သို့ရောက်လာကာ တိုက်ခိုက်သဖြင့် ခံတပ်ကိုမထိန်းထားနိုင်တော့ပဲ ဆုတ်ခွာရသည်။

"လျူဘေ့"(Liu Bei) ၏တပ်ဖွဲ့ကြီးသည် ဖူမြစ်ခံတပ်ဆီသို့ပြန်ချီတက်လေ၏။ "ကျန်းရန်"(Zhang Ren) ကလည်း နောက်မှလိုက်သည်။ ထိုအချိန်တွင် "ကွမ်းဖင်"(Guan Ping) နှင့် "လျူဖုန်း"(Liu Feng) တို့ရောက်လာပြီး ရန်သူတို့ကိုတွန်းလှန်ကာ ခုနှစ်မိုင်အကွာအထိ လိုက်တိုက်လေသည်။ နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်ကာ စိတ်ဓာတ်ကျနေသော "လျူဘေ့"(Liu Bei) ၏တပ်သားတို့သည် ခံတပ်စခန်းသို့ပြန်ရောက်လာသည်။ သူ၏သားဖြစ်သူနှင့် တူဖြစ်သူတို့သည်လည်း ရန်သူ့နောက်လိုက်ရာမှ ပြန်လှည့်လာပြီး ထွက်ပြေးသောရန်သူတို့၏မြင်းများကိုဖမ်းလာခဲ့သည်။ သို့သော်လည်း ထိုစစ်ပွဲမှာ မည်သည့်အကျိုးအမြတ်မှမရခဲ့ပဲ အနောက်ပိုင်းပြည်နယ်၏အနိုင်ဟုဆိုနိုင်သော စစ်ပွဲဖြစ်ခဲ့သည်။
"လျူဘေ့"(Liu Bei) သည် "ဖန်ထုံ"(Pang Tong) ၏အကြောင်းကို မေးလေသည်။ ရန်သူ့လက်မှလွတ်လာသော တပ်သားတစ်ဦးမှ လူရောမြင်းပါသေဆုံးသွားသည့်အကြောင်းကို ပြောရာ "လျူဘေ့"(Liu Bei) သည် စိတ်မကောင်းဖြစ်ပြီး အနောက်အရပ်သို့မျက်နှာမူကာ ငိုလေ၏။
သေဆုံးသူ၏အလောင်းကို မသယ်နိုင်ခဲ့သော်လည်း ဝိညာဉ်ကိုပြန်ခေါ်သည့်အစီအရင်လုပ်စေပြီး စစ်သူကြီးတို့က ဒူးထောက်ကာ အရိုအသေပြုလေသည်။

"ဟွမ်ကျုံး"(Huang Zhong): "အခု အကြံပေးမရှိတော့ဘူးဆိုတော့ ရန်သူကခံတပ်ကိုလာတိုက်မှာပဲ။ ဘယ်လိုလုပ်မလဲ? ကျင်ကျိုးကိုစာပို့ပြီး ကျူးကဲလျန့်(Zhuge Liang) ကိုခေါ်ပြီးတော့ အနောက်ပြည်နယ်ကိုသိမ်းဖို့ စီစဉ်ခိုင်းရမယ်"
ထိုအချိန်တွင် ရန်သူ့ဘက်မှ "ကျန်းရန်"(Zhang Ren) ရောက်လာပြီး စီးချင်းတိုက်ရန်စိန်ခေါ်နေကြောင်း သိရလေသည်။
"ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့က ထွက်တိုက်လိုသော်လည်း "လျူဘေ့"(Liu Bei) က သဘောမတူပေ။
"ကျုပ်တို့ အဆုံးအရှုံးများနေပြီး တပ်သားတွေက စိတ်ဓာတ်ကျနေတယ်။ အကြံပေးလာတဲ့အချိန်အထိ ခံစစ်အနေနဲ့ပဲ နေကြတာပေါ့"
"ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့သည် မကန့်ကွက်ကြပေ။ ထို့နောက် သူတို့နှစ်ဦးသည် တပ်စခန်းကို သတိဖြင့်စောင့်ကြည့်လေသည်။ "ကွမ်းဖင်"(Guan Ping) ကိုလွှတ်ကာ "ကျူးကဲလျန့်"(Zhuge Liang) ထံသို့စာတစ်စာပေးလိုက်သည်။ "ကွမ်းဖင်"(Guan Ping) သွားသည်နှင့် "လျူဘေ့"(Liu Bei) ကိုယ်တိုင် ခံတပ်ကိုစောင့်ကြပ်လေသည်။

ကျင်ကျိုးပြည်နယ် - ခုနစ်လပိုင်း ခုနစ်ရက်နေ့တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် အမှုထမ်းတို့ကိုဖိတ်ကာ စားသောက်ပွဲကျင်းပလေသည်။ စားသောက်ပွဲတွင် စကားပြောဆိုကြရာမှ အနောက်ပိုင်းပြည်နယ်အကြောင်းပြောဖြစ်သွားသည်။ ရုတ်တရတ် အနောက်ဘက်မှ ဥက္ကာခဲကျကာ ကောင်းကင်တစ်ခုလုံး လင်းထိန်ကုန်သည်။ ထိုအခြင်းအရာကိုမြင်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) ၏လက်ထဲမှ အရက်ခွက်သည် လွတ်ကျသွားပြီး မျက်နှာကိုကွယ်ကာ ငိုလေ၏။
"ဪ၊ ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ"
ဧည့်သည်တို့က အဘယ်ကြောင့် ငိုရသနည်းဟု မေးသည်။
"ကျုပ် ဟိုတလောက တွက်ချက်ကြည့်တဲ့အခါမှာ ခုနစ်စင်ကြယ်ရဲ့ခွက်ဟာ အနောက်ဘက်ကိုရောက်နေပြီး ဒါက တပ်ခေါင်းဆောင်တွေအတွက် မကောင်းတဲ့နိမိတ်ဆိုတာသိခဲ့တယ်။ ကောင်းကင်ကြီးက ကျုပ်တို့ရဲ့စစ်တပ်တွေကို မျက်နှာသာမပေးခဲ့ဘူး။ သောကြာဂြိုဟ်က လော့ချန်မြို့အပေါ် ချဉ်းကပ်တဲ့အချိန်မှာ ကျုပ်က သခင်ကြီးဆီစာရေးပြီး သတိထားဖို့ပြောခဲ့တယ်။ ဒီညနေမှာ ဒီလိုကြယ်ကြွေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ အခုတော့ ဖန်ထုံ(Pang Tong) က ဒီလောကကြီးမှာ မရှိတော့ဘူး။ ကျုပ်တို့သခင်ကြီး လက်မောင်းတစ်ဖက်ပြတ်သွားသလိုပဲ"

ဧည့်သည်တို့သည်လည်း စိတ်အနှောင့်အယှက်ဖြစ်သွားကာ "ကျူးကဲလျန့်"(Zhuge Liang) ပြောသည်တို့ကို လူတစ်ဝက်ခန့်သာ ယုံကြသည်။
"ရက်အနည်းငယ်အတွင်းမှာ ဝမ်းနည်းစရာသတင်းကြားရပါလိမ့်မယ်"
ထိုစားပွဲသည် ဝမ်းနည်းစွာ ပြီးဆုံးသွားခဲ့သည်။ ရက်အနည်းငယ်ကြာသော် "ကျူးကဲလျန့်"(Zhuge Liang) သည် "ကွမ်းယွီ"(Guan Yu) အပြင် အခြားသောအမှုထမ်းတို့နှင့် အတူရှိနေစဉ် အနောက်ဘက်မှ "ကွမ်းဖင်"(Guan Ping) ရောက်လာသည်။ စာကိုဖွင့်ဖတ်လိုက်သောအခါ "ဖန်ထုံ"(Pang Tong) သည် ကြယ်ကြွေသော ထိုညနေတွင် သေဆုံးခဲ့ကြောင်း သိရလေသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် ငိုပြီး အခြားသောသူတို့လည်း ငိုယိုကြသည်။

"ကျူးကဲလျန့်"(Zhuge Liang) : "ကျုပ်သခင်ကြီးကို သွားကူရမယ်။ သူက ခံတပ်မှာရှိနေပြီး ဘာမှမလှုပ်ရှားနိုင်ဘူး"
"ကွမ်းယွီ"(Guan Yuan) : "ခင်ဗျားသွားရင် ဒီပြည်နယ်ကိုဘယ်သူစောင့်ကြပ်မလဲ? ဒီပြည်နယ်က အင်မတန်အရေးပါတယ်"
"ကျုပ်တို့သခင်ကြီးက ဘာမှမပြောပေမယ့် သူ့စိတ်ထဲမှာ ဘာရှိလည်းဆိုတာ ကျုပ်သိတယ်။ ဒီပြည်နယ်ကိုကာကွယ်ဖို့တာဝန်က ကျုပ်တာဝန်ဖြစ်ပေမယ့် နောက် ဒီတာဝန်ကို ထမ်းဆောင်နိုင်မယ့်လူကိုရွေးရမယ်။ ဒီစာအရဆိုရင်တော့ သခင်ကြီးက ဒီတာဝန်ကို ကွမ်းယွီ"(Guan Yu) ကို ထမ်းဆောင်စေချင်တယ်။ ဟိုးအရင် မက်မွန်ပန်းခြံမှာထားခဲ့တဲ့ကတိကဝတ်ကြောင့် ကွမ်းယွီ(Guan Yu) က ဒီတာဝန်ကိုလုပ်ဆောင်လိမ့်မယ်။ ဒါက လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူး"
"ကွမ်းယွီ"(Guan Yu) သည် တွေဝေမှုမရှိပဲ ထိုတာဝန်ကိုလက်ခံလိုက်ပြီးနောက် တာဝန်ခံတံဆိပ်တုံးကိုလွှဲအပ်သည့်အခမ်းအနားကို ကျင်းပလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် တာဝန်ခံသင်္ကေတကို စစ်သူကြီးအားလွှဲအပ်ပေးပြီး
"အနာဂတ်က စစ်သူကြီးအပေါ် မူတည်တယ်" ဟုပြောသည်။
"သစ္စာရှိတဲ့လူက ဒီလိုတာဝန်ကိုလက်ခံရင် ဒီတာဝန်ကိုသေသည့်တိုင်အောင် ထမ်းဆောင်ပါ့မယ်"

ထို "သေဆုံးသည်" ဟူသည့်မကောင်းသောနိမိတ်ရှိသည့်စကားလုံးအပေါ် "ကျူးကဲလျန့်"(Zhuge Liang) က မနှစ်မြို့ပေ။ သို့သော်လည်း "ကွမ်းယွီ"(Guan Yu) မှာ ပြောနှင့်ပြီးဖြစ်သောကြောင့် တားမြစ်ရန်အချိန်မရတော့ပေ။
"ချောင်ချောင်း(Cao Cao) ကလာတိုက်ခဲ့ရင် ဘယ်လိုလုပ်မလဲ"
"သူ့ကို အစွမ်းကုန်သုံးပြီး ပြန်တွန်းလှန်ပါ့မယ်"
"ဒါပေမယ့် ချောင်ချောင်း(Cao Cao) နဲ့ စွန်းချွမ်(Sun Quan) တို့က ပေါင်းပြီးတိုက်ခဲ့ရင်ကော"
"အင်အားတစ်ဝက်ဆီသုံးပြီး နှစ်ဖက်လုံးကိုခုခံမယ်"
"အဲ့လိုဆိုရင်တော့ ကျင်ကျိုးက အကြပ်အတည်းထဲရောက်သွားလိမ့်မယ်။ ကျုပ်မှာ အကြံဉာဏ်တစ်ခုရှိတယ်။ ခင်ဗျား အဲ့ဒါကိုမှတ်မိရင် ဒီပြည်နယ်ကလုံခြုံလိမ့်မယ်"
"ဘာအကြံဉာဏ်လဲ"
"မြောက်ဘက်က ချောင်ချောင်း(Cao Cao) ကိုတိုက်ပြီး တောင်ဘက်က စွန်းချွမ်(Sun Quan) နဲ့မဟာမိတ်ဖွဲ့ပါ"
"အကြံပေးရဲ့ ဒီစကားကို ကျွန်တော်မှတ်ထားပါ့မယ်"

ထို့နောက် တံဆိပ်တုံးကိုလွှဲအပ်ပြီးနောက် အုပ်ချုပ်ရေးပိုင်းကိုတာဝန်ယူမည့်အမှုထမ်းတို့ကိုခန့်အပ်သည်။ ထိုအရပ်သားအမှုထမ်းတို့တွင် "မာလျန့်"(Ma Liang) ၊ "မီကျူ"(Mi Zhu) နှင့် "ယီကျီ"(Yi Ji) တို့ပါဝင်ပြီး စစ်ဘက်ရေးရာတွင် "မီဖန်"(Mi Fan) ၊ "လျောင်ဟွာ"(Liao Hua) ၊ "ကွမ်းဖင်"(Guan Ping) နှင့် "ကျိုးချန်"(Zhou Cang) တို့က စစ်သူကြီးကိုကူညီစေသည်။ ၎င်းတို့ကိုစီစဉ်ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) သည် အနောက်ဘက်ပြည်နယ်သို့ချီတက်သည်။ "ကျန်းဖေး"(Zhang Fei) ကို တပ်သားတစ်သောင်းဦးဆောင်စေကာ လျင်မြန်စွာချီတက်စေပြီး ပါးကျိုးအနောက်ဘက်နှင့် လော့ချန်တို့ကိုတိုက်စေသည်။ အလျင်အမြန်ချီတက်နိုင်လေလေ၊ သူ၏စွမ်းဆောင်မှုတို့မှာ များလေလေဖြစ်သည်။ "ကျောက်ယွင်"(Zhao Yun) ကိုမူ ရန်စီမြစ်အထိချီတက်စေပြီး လော့ချန်ကို တစ်ထောင့်တစ်နေရာမှ ဝန်းရံစေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် စစ်သားတစ်သောင်းခွဲကိုဦးဆောင်ကာ လိုက်လာမည်ဖြစ်သည်။
"ကျူးကဲလျန့်"(Zhuge Liang) ၏နောက်လိုက်နောက်ပါတို့တွင် "ကျန်းယုံ"(Jian Yong) နှင့် "ကျန်းဝမ်"(Jiang Wan) တို့ပါဝင်သည်။ "ကျန်းဝမ်"(Jiang Wan) သည် လင်လင်မြို့မှာ နာမည်ကြီးစာပေပညာရှင်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်သည်။  

"ကျူးကဲလျန့်"(Zhuge Liang) နှင့် "ကျန်းဖေး"(Zhang Fei) တို့သည် တစ်ချိန်တည်းချီတက်ကြသည်။ မထွက်ခွာမီ "ကျူးကဲလျန့်"(Zhuge Liang) မှ "ကျန်းဖေး"(Zhang Fei) အား
"ယီကျိုးကတပ်သားတွေကိုလျှော့မတွက်ပါနဲ့။ အဲ့မှာလည်း သူရဲကောင်းတွေအများကြီးရှိတယ်။ စစ်ချီတက်ရာမှာ တပ်သားတွေကို ပြည်သူတွေဆီက အဓမ္မလုယူတာတွေ မလုပ်ပါစေနဲ့။ အဲ့လိုမှမဟုတ်ရင် ပြည်သူတွေက ကျုပ်တို့ကိုဆန့်ကျင်လိမ့်မယ်။ ဒါ့အပြင် တပ်သားတွေအပေါ်ကောင်းကောင်းဆက်ဆံပြီး သူတို့တွေ မဆန့်ကျင်ပါစေနဲ့။ ခင်ဗျား လော့ချန်ကိုမြန်မြန်ရောက်မယ်လို့မျှော်လင့်ပါတယ်" ဟုဆိုသည်။
"ကျန်းဖေး"(Zhang Fei) သည် ဝမ်းမြောက်စွာဖြင့် မြင်းပေါ်တက်ကာ ချီတက်သွားသည်။ လမ်းတစ်လျှောက်လုံးတွင် လက်နက်ချသည့်သူတို့အား ရန်မပြုပေ။ ပါးကျိုးနားသို့ရောက်သောအခါ ထိုအရပ်ရှိမြို့တော်ဝန်မှလွှတ်ထားသော ကင်းထောက်တို့မှ ချီတက်လာသောတပ်ဖွဲ့ကြီးကိုမြင်လျှင် သခင်ဖြစ်သော "ရန်ရန်"(Yan Yan) အား အကြောင်းကြားသည်။ "ရန်ရန်"(Yan Yan) သည် ယီကျိုး၏နာမည်ကြီးစစ်သူကြီးတစ်ဦးဖြစ်ပြီး အသက်ကြီးသည့်တိုင် သတ္တိမလျော့သည့်သူဖြစ်သည်။ အင်မတန်တင်းမာသည့်မြားကိုပစ်နိုင်ပြီး အင်မတန်လေးလံသည့်ဓားကို ကိုင်နိုင်သေးသည်။

ထိုသစ်နာမည်ကြီးသည့် "ရန်ရန်"(Yan Yan) မှာ အလွယ်တကူ လက်နက်ချမည်မဟုတ်ပေ။ ထို့ကြောင့် "ကျန်းဖေး"(Zhang Fei) အနားသို့ရောက်လာသည်နှင့် မြို့မှသုံးမိုင်အကွာခန့်တွင် စခန်းချသည်။ ပြီးနောက် မြို့တော်ဝန်ထံလူလွှတ်ကာ လက်နက်ချစေသည်။
"အဲ့တုံးအတဲ့အဘိုးကြီးကို လက်နက်ချခိုင်းလိုက်ပါ။ အဲ့လိုမှမဟုတ်ရင် သူ့တံတိုင်းတွေကိုဖျက်စီးပြီး လူတစ်ယောက်မှကျန်မှာမဟုတ်ဘူး"
"ရန်ရန်"(Yan Yan) သည် "လျူဘေ့"(Liu Bei) ယီကျိုးပြည်နယ်သို့လာသည့်အပေါ်မနှစ်သက်သူဖြစ်သည်။ သူသည် နယ်စား၏လုပ်ရပ်ကိုသိခဲ့စဉ်က
"ဒါ တောင်ကတုံးပေါ်မှာရှိတဲ့လူတစ်ယောက်ကို ကာကွယ်ဖို့အတွက်နဲ့ ကျားတစ်ကောင်ခေါ်လိုက်သလိုပဲ" ဟုမှတ်ချက်ပေးခဲ့ဖူးသည်။
ဖူမြစ်ခံတပ်သိမ်းယူခံလိုက်ရသည့်သတင်းကိုကြားသောအခါ သူသည် အင်မတန်ဒေါသထွက်ပြီး စစ်ချီတက်ရန်ပြင်ဆင်ခဲ့သည်။ သူသည် သူ၏မြို့အတိုက်ခံရမည်ကိုစိုးရိမ်သောကြောင့် တပ်သားတို့စုဆောင်းနေသည့်အချိန်တွင် "ကျန်းဖေး"(Zhang Fei) ရောက်လာခြင်းဖြစ်သည်။ "ကျန်းဖေး"(Zhang Fei) ရောက်လာသောအခါ သူသည် တပ်သားငါးထောင်နှင့်ဆန့်ကျင်ရန် ချီတက်သည်။

"လုံတောင်ကုန်းတံတားမှာတုန်းက အသံနဲ့တင် ချောင်ချောင်း(Cao Cao) ရဲ့ တပ်သားပေါင်းများစွာကိုကြောက်ရွံ့စေခဲ့တဲ့ ဒီလိုလူမျိုးကို သတိထားရမယ်။ ချောင်ချောင်း(Cao Cao) ကိုယ်တိုင်တောင်မှ သူနဲ့ထိပ်တိုက်ရင်ဆိုင်မှာမဟုတ်ဘူး။ ဒီတော့ ခံစစ်က အလုံခြုံဆုံးပဲ။ အကာအကွယ်နောက်မှာ နေပြီးတော့ ရန်သူတွေဆာလောင်မွတ်သိပ်တဲ့အချိန်အထိစောင့်ပါ။ ကျန်းဖေး(Zhang Fei) က အင်မတန်ဒေါသကြီးသူဖြစ်တယ်။ သူနဲ့ထိပ်တိုက်ရင်ဆိုင်မှုမလုပ်ရင် သူက အဲ့ဒေါသတွေကို သူ့တပ်သားတွေအပေါ်မည်းလိမ့်မယ်။ အဲ့လိုဆိုရင် တပ်သားတွေက ဆန့်ကျင်မှာပဲ။ အဲ့အချိန်မှာတိုက်ခိုက်ရင် အနိုင်ရနိုင်တယ်"
ထိုအကြံကို "ရန်ရန်"(Yan Yan) သည်လက်ခံလိုက်ကာ ခံစစ်အနေဖြင့်ပင် တိုက်ရန်ပြင်ဆင်သည်။ ထိုအချိန်တွင် "ကျန်းဖေး"(Zhang Fei) ဘက်မှ သံတမန်တစ်ဦးရောက်လာသောအခါ ဝင်ခွင့်ပေးလိုက်ပြီး သံတမန်မှ "ကျန်းဖေး"(Zhang Fei) ပြောလိုက်သည်တို့ကို ပြန်ပြောလေသည်။ "ရန်ရန်"(Yan Yan) မှာ အင်မတန်ဒေါသထွက်သွားလေ၏။
"ဒီအရူး! မင်းက ငါ့ကို ဒီလိုပြောရဲတယ်? ငါ ရန်ရန်(Yan Yan) က လက်နက်ချမယ်လို့များထင်သလား? မင်းပါးစပ်နဲ့ ငါပြောခဲ့တာတွေ ပြန်ပြောလိုက်"
ထို့နောက် သံတမန်၏နားရွက်နှင့်နှာခေါင်းကိုဖြတ်စေကာ "ကျန်းဖေး"(Zhang Fei) ထံပြန်လွှတ်လိုက်သည်။ ထိုအကြောင်းကို "ကျန်းဖေး"(Zhang Fei) ကြားသောအခါ ဒေါသထွက်သွားပြီး မြို့ကိုကာကွယ်သည့်သူအပေါ် ဆဲဆိုကြိမ်းမောင်းသည်။ ဒေါသဖြင့် အံကိုကြိတ်ကာ သံချပ်ကာကိုဝတ်ဆင်ကာ  မြင်းစီးပြီး မြင်းသည်တော်အချို့နှင့် ရန်သူ့စခန်းသို့သွားကာ စိန်ခေါ်သည်။
သို့သော်လည်း မြို့ကိုကာကွယ်သူတို့သည် အတွင်းမှသာ နားမခံသာသောစကားများပြန်ပြောပြီး မည်သူမှထွက်လာကာ မရင်ဆိုင်ရပေ။ "ကျန်းဖေး"(Zhang Fei) သည် ကြိုးဆွဲတံတားထံသို့သွားလိုက်လာလိုက်ပြုသော်လည်း အပေါ်ဘက်မှ မြားတို့ဖြင့်ပစ်သည်ကိုသာခံရပြီး မည်သူမျှ ထွက်မလာပေ။ နေဝင်သွားသောအခါဝယ် "ကျန်းဖေး"(Zhang Fei) သည် ဒေါသဖြင့် သူ၏စခန်းသို့ပြန်သွားလေသည်။
နောက်တစ်ရက်တွင် "ကျန်းဖေး"(Zhang Fei) သည် သူ၏တပ်ဖွဲ့တို့ကိုဦးဆောင်ကာ စိန်ခေါ်ပြန်သည်။ တစ်ဖက်မှလည်း ထိုစိန်ခေါ်မှုကို ငြင်းဆိုလိုက်သည်။ သို့သော် "ရန်ရန်"(Yan Yan) မှ မျှော်စင်ထက်မှနေ၍ မြားဖြင့်ပစ်ရာ "ကျန်းဖေး"(Zhang Fei) ၏ခမောက်ကိုထိမှန်သည်။ ထို့ကျောင့် "ကျန်းဖေး"(Zhang Fei) မှာ ဒေါသထွက်ပြီး ရန်သူကို အထင်သေးစွာဖြင့် လက်ညှိုးထိုးကာ
"ဒီအဘိုးကြီး၊ ခင်ဗျားကိုဖမ်းမိလို့ကတော့ ခင်ဗျားအသားကို အစိမ်းလိုက်စားမယ်" ဟုပြောသည်။
သို့နှင့် ကျင်ကျိုးတပ်ဖွဲ့တို့ ပြန်ဆုတ်ခွာသွားပြန်သည်။

တတိယမြောက်နေ့တွင် "ကျန်းဖေး"(Zhang Fei) နှင့်သူ၏တပ်ဖွဲ့တို့သည် မြို့တစ်လျှောက် ကျုံးပတ်လည်ကို ပတ်ကာ ရန်သူတို့၏ဆဲရေးတိုင်းထွာသည်။ မြို့ပြင်၏အချို့သောနေရာတို့သည် ကုန်းပြင်မြင့်တွင်တည်ရှိသောကြောင့် အတွင်းမှ ရန်သူတို့၏လှုပ်ရှားမှုကို တွေ့ရသည်။ ရန်သူတို့သည် တစ်ဦးတစ်ယောက်မျှ အပြင်သို့ထွက်မလာသော်လည်း စစ်တိုက်ရန် အသင့်ဖြစ်နေကြသည်။ အရပ်သားတို့သည် အုတ်ခဲနှင့်ကျောက်တုံးတို့ကိုသယ်ကာ မြို့ကိုကာကွယ်ရန် လုပ်ဆောင်ကြသည်။ အတွင်းမှရန်သူတို့မမြင်စေရန် "ကျန်းဖေး"(Zhang Fei) သည် တပ်သားတို့ကို ထိုင်နေလိုက်စေသည်။ ထိုနေ့တွင်လည်း ရန်သူတို့ကိုစိန်ခေါ်ပြန်သည်။ သို့သော် ရန်သူတို့မှာ ထွက်မလာပေ။
ထိုညတွင် "ကျန်းဖေး"(Zhang Fei) သည် သူ၏စခန်းတွင်ထိုင်ကာ စစ်တိုက်ရန်ငြင်းဆိုသောရန်သူတို့ကို မည်သို့ရင်ဆိုင်ရမည်ကိုတွေးလေ၏။ ထိုသို့တွေးနေရင်း အကြံတစ်ခုရသွားသည်။ နောက်တစ်ရက်တွင် တပ်သားအလုံးစုံကိုလွှတ်ကာ စိန်ခေါ်မည့်အစား တပ်သားအချို့ကိုသာလွှတ်ပြီး ရန်သူတို့ကို မခံချင်အောင် ဆဲစေ၏။ ထိုသို့လုပ်ခြင်းဖြင့် "ရန်ရန်"(Yan Yan) သည် ထိုတပ်သားအနည်းငယ်ကို ထွက်တိုက်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း ထိုအကြံမှာ မအောင်မြင်ပေ။ တပ်သားတစ်ဦးတစ်ယောက်မျှထွက်မလာပေ။

ထိုအကြံမအောင်မြင်သောအခါ နောက်အကြံတစ်ခုထုတ်ပြန်သည်။ သူသည် သူ၏တပ်သားတို့ကိုလွှတ်ပြီး ထင်းခုတ်စေကာ မြို့အတွင်းသို့လျှို့ဝှက်ဝင်နိုင်မည့်လမ်းတို့ကိုရှာစေသည်။ မြို့သို့သွားပြီး စိန်မခေါ်တော့ပေ။ ရက်အနည်းငယ်ကြာသော် "ရန်ရန်"(Yan Yan) သည် ရန်သူတို့မပေါ်လာတော့သဖြင့် အကျိုးအကြောင်းသိရန် သူ၏လူအချို့ကိုထင်းခုတ်သမားအနေဖြင့်လွှတ်ပြီး စုံစမ်းစေသည်။
ထိုနေ့တွင် တပ်သားတို့စခန်းသို့ပြန်ရောက်သောအခါ "ကျန်းဖေး"(Zhang Fei) သည် ခြေကိုဆောင့်ကာ ရန်သူကိုဆဲနေသည်။
"အဲ့အရူးအဘိုးကြီးကြောင့် ငါ ဒေါသထွက်ပြီးသေနိုင်တယ်"
ထိုအချိန်တွင် သူ၏စခန်းအပေါက်ဝအနီးတွင် ရပ်နေကာ စကားပြောလိုဟန်ရှိသောတပ်သားသုံးလေးဦးရှိသည်ကို သတိပြုမိသည်။
"စစ်သူကြီး၊ ဒေါသမထွက်ပါနဲ့။ ဒီရက်ပိုင်းအတွင်းမှာ မြို့ထဲကိုတိတ်တဆိတ်သွားနိုင်မယ့် လမ်းလေးကိုတွေ့ထားတယ်"
"ဒါဆို ဘာလို့အစောကတည်းက လာမပြောတာလဲ"
"ကျွန်တော်တို့လည်း ဒီတလောမှတွေ့လို့ပါ"
"ဒါဆို ငါအချိန်မဆွဲတော့ဘူး။ ဒီညနှစ်ချက်တီးအချိန်မှာ အစားအစာတွေအဆင်သင့်ပြင်ထားပြီး တိတ်တဆိတ်ချီတက်မယ်။ မင်းတို့က လမ်းပြအနေနဲ့လုပ်ပါ"
ထို့နောက် စစ်ချီတက်ရန် အမိန့်ထုတ်ပြန်လိုက်သည်။

တစ်ဖက်ရန်သူတို့စစ်ချီတက်ရန် သေချာကြောင်းသိရသောအခါဝယ် သူလျှိုတို့သည် မြို့အတွင်းသို့ပြန်သွားပြီး မြို့တော်ဝန်ကိုပြောပြသည်။
"ငါမှန်းတာမှန်တယ်။ ငါလည်း ဆက်မစောင့်နိုင်တော့ဘူး။ ငါ သူ့ရဲ့စားနပ်ရိက္ခာတပ်ကိုဝင်တိုက်ပြီး သူ့ရဲ့တပ်နောက်ပိုင်းကိုဖြတ်တောက်လိုက်မယ်။ အဲလိုဆို သူဘာလုပ်နိုင်မလဲ? သူက အင်မတန်တုံးအလို့ငါ့ထောင်ချောက်ထဲရောက်လာတာ။ အကုန်လုံး တိုက်ပွဲအတွက် အဆင်သင့်ပြင်ထား။ စားနပ်ရိက္ခာတွေလည်း နှစ်ချက်တီးအချိန်မှာ အသင့်ဖြစ်နေရမယ်၊ ပြီးရင် သုံးချက်တီးအချိန်မှာချီတက်မယ်။ ငါတို့တွေ သစ်တောတွေကြားမှာ ပုန်းနေပြီးတော့ ရန်သူအများစုဖြတ်သွားပြီး ကျန်းဖေး(Zhang Fei) ဝင်လာတဲ့အချိန်ကျမှ တိုက်ကြမယ်"
ညအချိန်သို့ရောက်သောအခါ ညစာစားပြီးနောက် တပ်သားတို့သည် သံချပ်ကာကိုဝတ်ဆင်ပြီး မြို့အတွင်းမှ တိတ်ဆိတ်စွာထွက်ကြသည်။ ပြီးနောက် မြို့တော်ဝန်ပြောသည့်နေရာတွင် ပုန်းနေကြသည်။ မြို့စားသည်လည်း စစ်သူကြီးတို့နှင့်အတူ သစ်တောအတွင်းတွင် ပုန်းလျှိုနေသည်။ သူတို့သည် သုံးချက်တီးကျော်သည်အထိ စောင့်နေလေ၏။ ထိုအချိန်တွင် "ကျန်းဖေး"(Zhang Fei) ရောက်လာပြီး သူ၏တပ်သားတို့ကို အလျှင်အမြန်ချီတက်စေသည်။ သူ၏လှံသည်တိုက်ပွဲအတွက်အဆင်သင့်ဖြစ်နေပြီး သူသည် တပ်ဖွဲ့၏အရှေ့ဆုံးမှနေကာ သူ၏ရုပ်သွင်မှာ အင်မတန်မှ ကြည့်ကောင်းနေသည်။ စားနပ်ရိက္ခာလှည်းတို့မှာ အနောက်ဘက် တစ်မိုင်၊နှစ်မိုင်အကွာတွင်ရှိသည်။

တပ်သားတို့ဖြတ်သွားသောအခါတွင် "ရန်ရန်"(Yan Yan) သည် အချက်ပေးလိုက်ပြီး ပုန်းနေသောတပ်ဖွဲ့တို့သည် ထွက်လာကာ ရန်သူတို့ကိုရင်ဆိုင်သည်။ ထိုအချိန်တွင်ပင် မောင်းတီးသံကိုကြားလိုက်ပြီး "ရန်ရန်"(Yan Yan) မတွေ့မိသောရန်သူထွက်လာကာ တိုက်လေသည်။
"သူပုန်အဘိုးကြီး၊ မပြေးနဲ့။ ကျုပ်ဒီအခွင့်အရေးကိုစောင့်နေတာကြာပြီ"
"ရန်ရန်"(Yan Yan) သည်လှည့်ကြည့်လိုက်သောအခါ ထိုအဖွဲ့ကိုဦးဆောင်လာသည့်သူမှာ အရပ်ရှည်ကာ ကျားသစ်နှင့်တူသောခေါင်းရှိပြီး ဝိုင်းစက်သောမျက်လုံး၊ ချွန်သောမေးစေ့နှင့် ထူပျစ်သောနှာခမ်းမွှေးတို့ရှိသူဖြစ်သည်။ ထိုသူမှာ "ကျန်းဖေး"(Zhang Fei) ဖြစ်လေသည်။ မောင်းတီးသံနှင့်အတူ ကျင်ကျိုးတပ်ဖွဲ့တို့သည် လန့်သွားသော "ရန်ရန်"(Yan Yan) ကိုတိုက်ကြသည်။ ခေါင်းဆောင်နှစ်ယောက်ထိပ်တိုက်ရင်ဆိုင်သောအခါ "ကျန်းဖေး"(Zhang Fei) သည် မိမိ၏ဟာကွက်ကို ရန်သူမြင်အောင် ပြလိုက်သည်။ "ရန်ရန်"(Yan Yan) ကလည်း ဓားဖြင့် "ကျန်းဖေး "(Zhang Fei) ကိုခုတ်မည်လုပ်ရာ "ကျန်းဖေး"(Zhang Fei) မှရှောင်လိုက်ပြီး "ရန်ရန်"(Yan Yan) ၏သံချပ်ကာကိုချည်နှောင်ထားသည့်ကြိုးကိုဆွဲကာ "ရန်ရန်"(Yan Yan) ကိုအောက်သို့ပစ်ချလိုက်သည်။ ပြီးနောက် "ရန်ရန်"(Yan Yan) ကိုသုံ့ပန်းအနေဖြင့်ဖမ်းလိုက်သည်။

ရှေ့ဆုံးမှနေပြီးဖြတ်သွားသော ရုပ်ချောသည့်ခေါင်းဆောင်မှာ "ကျန်းဖေး"(Zhang Fei)  မဟုတ်ပေ။ "ကျန်းဖေး"(Zhang Fei) နှင့်တူအောင်ဝတ်ဆင်ထားသောသူသာဖြစ်သည်။ အခြေအနေကိုပိုပြီးရှုပ်ထွေးစေရန် "ကျန်းဖေး"(Zhang Fei) သည် ပုံမှန်သုံးနေကျ ဗုံကိုမသုံးပဲ မောင်းကိုတီးခတ်စေသည်၊
မောင်းသံတို့နှင့်အတူ ကျင်ကျိုးတပ်ဖွဲ့များ ပို၍ဝင်လာကြသည်။ ယီကျိုးတပ်ဖွဲ့တို့မှာ ထပ်မတိုက်နိုင်သောကြောင့် အများစုမှာ လက်နက်ချကုန်သည်။ ဤအချိန်တွင် မြို့အတွင်းသို့ဝင်ရန် လွယ်ကူသွားခဲ့သည်။ မြို့သို့ဝင်သောအခါတွင် ခေါင်းဆောင်မှ သာမန်ပြည်သူတို့ကို ရန်မပြုရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ပြည်သူတို့စိုးရိမ်ကြောင့်ကြမှုမရှိစေရန် တရားဝင်ကြေညာချက်ထုတ်ပြန်သည်။ ထို့နောက် အာဏာပါးကွက်သားတို့သည် သုံ့ပန်းကိုခေါ်လာသည်။ "ကျန်းဖေး"(Zhang Fei) သည် ခန်းမဆောင်အတွင်းတွင်ထိုင်နေခဲ့သည်။ ထိုခေါ်လာသော သုံ့ပန်းမှာ "ရန်ရန်"(Yan Yan) ဖြစ်ပြီး ဒူးထောက်ရန်ငြင်းဆန်လေသည်။

"ခင်ဗျားက အစကတည်းက ဘာလို့လက်နက်မချတာလဲ။ ခင်ဗျားက ကျုပ်ကိုဆန့်ကျင်ရဲတယ်?"
"ဘာလို့လည်းဆိုတော့ ခင်ဗျားတို့က တရားမျှတမှုမရှိတဲ့ ကျူးကျော်လာသူတွေမို့လို့ပဲ။ ကျုပ်ခေါင်းကိုဖြတ်လိုကဖြတ်နိုင်တယ်။ လက်နက်ချမှာမဟုတ်ဘူး။
ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် ဒေါသထွက်ကာ သေဒဏ်ပေးရန် အမိန့်ချလိုက်သည်။
"သတ်မှာဖြင့် သတ်လိုက်ပါလား၊ ဘာလို့ဒေါသထွက်နေတာတုန်း"
"ကျန်းဖေး"(Zhang Fei) သည် ထိုင်နေရာမှထကာ လှေကားမှအောက်သို့ဆင်းပြီး အာဏာပါးကွက်သားတို့တွင် ဘေးသို့သွားစေကာ အကျဉ်းသား၏ကြိုးတို့ကိုဖြည်ပေးလိုက်သည်။ ထို့နောက် "ရန်ရန်"(Yan Yan) အား ဝတ်စုံအသစ်ပေးပြီး အမြင့်သို့ခေါ်လာသည်။ "ရန်ရန်"(Yan Yan) ကိုထိုင်စေပြီးနောက် "ကျန်းဖေး"(Zhang Fei) မှ ခါးကိုညွှတ်ကာ
"ခင်ဗျားက သူရဲကောင်းတစ်ယောက်ဆိုတာ ကျွန်တော် အရင်ကတည်းက သိခဲ့တာပါ။ ဒါကြောင့် ကျွန်တော်စကားအပြောအဆိုလွန်သွားခဲ့တာရှိရင်ဗွေမယူပါနဲ့" ဟုပြောသည်။
"ရန်ရန်"(Yan Yan) သည် ထိုသို့ကြင်နာစွာဆက်ဆံခြင်းခံရသောကြောင့် လက်နက်ချလိုက်သည်။

"ကျန်းဖေး"(Zhang Fei) သည် အနောက်ဘက်ပြည်နယ်အား သိမ်းနိုင်မည့်နည်းတို့ကို "ရန်ရန်"(Yan Yan) ကို မေးသည်။

"ကျွန်တော်က စစ်ရှုံးသွားတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ခင်ဗျားက ကျွန်တော့်အပေါ်ကျေးဇူးရှိနေတယ်။ ကျွန်တော့်မှာ တာဝန်ထမ်းဆောင်တာကလွဲပြီး အဲ့ကျေးဇူးကိုဆပ်ဖို့ အခြားနည်းမရှိဘူး။ ချန်တူးမြို့ကို လေးတစ်ချက်မှမဆွဲရပဲ၊ မြားတစ်ချက်မှမပစ်ရပဲ ဘယ်လိုအောင်နိုင်မလည်းဆိုတာ ပြောပြပါ့မယ်"

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!