သုံးနိုင်ငံခေတ် (၆၄)

အခန်း(၆၄) "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းရန်"(Zhang Ren) ကိုဖမ်းရန်စီစဉ်ခြင်း။
"ရန်ဖူ"(Yang Fu) သည် တပ်ဖွဲ့ငှားရမ်းကာ "မာချောင်း"(Ma Chao) ကိုချေမှုန်းခြင်း။

"ဒီနေရာနဲ့လော့ချန်တစ်လျှောက်ခံတပ်တွေက ကျွန်တော့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်။ ဒါ့အပြင် တပ်ဖွဲ့အသီးသီးကခေါင်းဆောင်တွေကို ကျွန်တော်က အုပ်ချုပ်ရတာ။ ခင်ဗျားရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့အတွက် ကျွန်တော် သူတို့လက်နက်ချအောင် ဖြောင်းဖျပါ့မယ်။ ကျွန်တော့်ကိုအရှေ့ဆုံးက ချီတက်ခွင့်ပေးပါ။ ကျွန်တော် သူတို့ကို လက်နက်ချအောင်လုပ်ပါ့မယ်"
"ကျန်းဖေး"(Zhang Fei) သည် အကြိမ်ကြိမ် ကျေးဇူးတင်စကားဆိုပြီးနောက် စစ်ချီတက်ရန်ပြင်ဆင်သည်။ ခံတပ်တစ်နေရာသို့ရောက်လျှင် "ရန်ရန်"(Yan Yan) သည် ထိုခံတပ်ရှိခေါင်းဆောင်ကိုခေါ်ကာ လက်နက်ချစေသည်။ အချို့သောခေါင်းဆောင်တို့သည် လက်နက်ချရန် ဝန်လေးနေပါက "ရန်ရန်"(Yan Yan) မှ ဤသို့ပြောသည်။
"ကျုပ်တောင် လက်နက်ချခဲ့ပြီးပြီ။ ခင်ဗျားက ဘာများလုပ်နိုင်မှာလဲ"
ဤသို့ဖြင့် သွေးမြေမကျခဲ့သော အောင်မြင်မှုတို့ဆက်တိုက်ရခဲ့ပြီးနောက် ဆက်လက်ချီတက်လာခဲ့လေသည်။

ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် ပြင်ဆင်နေခဲ့သည်။ ထွက်ခွာမည့်ရက်ကိုဆုံးဖြတ်ပြီးနောက် "လျူဘေ့"(Liu Bei) ထံစာတစ်စောင်ပို့ကာ လော့ချန်ကို တပ်ဖွဲ့အားလုံးတို့စုံစည်းရာအရပ်အဖြစ် သတ်မှတ်ထားသည်။ ထိုစာကိုရပြီးနောက် "လျူဘေ့"(Liu Bei) သည် အမှုထမ်းတို့ကိုခေါ်ကာ အကျိုးအကြောင်းပြောပြလေသည်။ ခုနစ်လပိုင်း နှစ်ဆယ့်နှစ်ရက်နေ့တွင် စစ်ချီတက်ရန် အဆင်သင့်ပြင်ထားစေ၏။ ကြည်းတပ်ရော၊ ရေတပ်ပါ တစ်ရက်တည်းတွင် ချီတက်မည်ဖြစ်သည်။ သို့သော်လည်း "ဟွမ်ကျုံး"(Huang Zhong) မှာ ဖူမြစ်ခံတပ်တွင် အောင်မြင်မှုမရသောကြောင့် မကျေနပ်ပေ။
"နေ့တိုင်း ရန်သူတွေက လာပြီးစိန်ခေါ်ပေမယ့် ကျွန်တော်တို့ကလက်မခံခဲ့ဘူး။ သူတို့တွေအခု သတိပေါ့လျော့နေလောက်ပြီ။ ဒီအချိန်မှာ ညဘက်လျပ်တပြက်ထိုးစစ်ဆင်ရင် သူတို့အငိုက်မိပြီး အနိုင်ရနိုင်တယ်"
ထိုအကြံကို "လျူဘေ့"(Liu Bei) က သဘောတူကာ ညဘက်တိုက်ရန်စီစဉ်သည်။ "ဟွမ်ကျုံး"(Huang Zhong) ၏တပ်သည် ညာဘက်၊ "ဝေရန်"(Wei Yan) သည် ဘယ်ဘက်တွင်ရှိကာ "လျူဘေ့"(Liu Bei) သည် အလယ်တွင် နေပြီး စစ်ချီတက်သည်။ သူတို့သည် နှစ်ချက်တီးအချိန်တွင် စတင်ချီတက်ပြီး မကြာမီတွင်ပင်ရောက်သွားသည်။ "ကျန်းရန်"(Zhang Ren) ၏တပ်ဖွဲ့သည် ရန်သူတို့၏တိုက်ခိုက်မှုအတွက် အဆင်သင့်ပြင်ထားခြင်းမရှိပေ။ ထိုအခါ ကျင်ကျိုးတပ်တို့သည် ရန်သူတို့ကိုတိုက်ကာ စခန်းကိုမီးရှို့လေသည်။ မီးတို့မှာ ပြင်းထန်သောကြောင့် ယီကျိုးတပ်ဖွဲ့မှာ လော့ချန်သို့ထွက်ပြေးရသည်။ "လျူဘေ့"(Liu Bei) သည် ထွက်ပြေးသော ရန်သူတို့နောက်ကို အကွာအဝေးတစ်ခုအကြာလိုက်ပြီးနောက် တစ်နေရာတွင် စခန်းချလေသည်။

နောက်ရက်ဝယ် "လျူဘေ့"(Liu Bei) သည် မြို့ကိုဝန်းရံသည်။ "ကျန်းရန်"(Zhang Ren) သည် ဝန်းရံထားသောရန်သူတို့ကိုထွက်မတိုက်ပေ။ လေးရက်မြောက်နေ့တွင် "လျူဘေ့"(Liu Bei) သည် တပ်ဖွဲ့ကိုဦးဆောင်ကာ အနောက်ဂိတ်ကိုတိုက်ပြီး "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ကိုမူ အရှေ့ဂိတ်အားတိုက်စေသည်။ ကျန်သောတံခါးပေါက်နှစ်ခုတို့ကို ရန်သူတို့ထွက်ပြေးလိုပါက ပြေးနိုင်ရန်ချန်ထားသည်။
လော့ချန်မြို့၏တောင်တံခါးမှာ ကုန်းမြင့်ဖြစ်ပြီး မြောက်ဘက်တွင် ဖူမြစ်တည်ရှိသည်။ ထို့ကြောင့် ထိုနေရာတို့ကို မဝန်းရံနိုင်ပေ။ မြို့တွင်းမှ "ကျန်းရန်"(Zhang Ren) သည် တိုက်ပွဲအခြေအနေတို့ကိုကြည့်သောအခါ "လျူဘေ့"(Liu Bei) သည် ဟိုဟိုသည်သည်သွားကာ တိုက်ခိုက်မှုကို ညွှန်ကြားနေသည်ကိုတွေ့လေ၏။ ထို့အပြင် နေဝင်သောအခါတွင် တစ်ဖက်ရန်သူတို့ပင်ပန်းနွမ်းနယ်နေသည်ကို သတိပြုမိသည်။
ထို့ကြောင့် စစ်သူကြီးနှစ်ယောက်ဖြစ်သည့် "ဝူလန်"(Wu Lan) နှင့် "လေထုံ"(Lei Tong) တို့ကို မြောက်ဘက်တံခါးမှထွက်စေပြီး ပတ်ကာ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ကိုတိုက်စေသည်။ "ကျန်းရန်"(Zhang Ren) ကိုယ်တိုင်ကမူ တောင်ဘက်တံခါးမှထွက်ပြီး "လျူဘေ့"(Liu Bei) ကိုတိုက်ရန်ပြင်သည်။ တစ်ဖက်ရန်သူတို့မှ မိမိ၏လှုပ်ရှားမှုကိုသိသွားမည်စိုးသောကြောင့် မြို့တွင်းရှိလူတို့ကို မြို့ရိုးပေါ်တက်စေပြီး ကျယ်လောင်စွာ အော်စေကာ ဗုံတီးထားစေသည်။

နေဝင်သောအခါဝယ် "လျူဘေ့"(Liu Bei) သည် သူ၏တပ်တို့ကိုပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် ကျယ်လောင်သောအသံနှင့်အတူ "ကျန်းရန်"(Zhang Ren) နှင့်သူ၏တပ်သားများထွက်လာသည်။ "ကျန်းရန်"(Zhang Ren) သည် တပ်ဖွဲ့တို့၏အလယ်တွင်ရှိနေသော "လျူဘေ့"(Liu Bei) ကိုဦးတည်ကာ တိုက်လေ၏။ "လျူဘေ့"(Liu Bei) ၏တပ်သားတို့မှာ ကစဥ့်ကလျားဖြစ်ကုန်သည်။ အရှေ့ဘက်တံခါးကိုဝန်းရံနေသောစစ်သူကြီးနှစ်ဦးတို့မှာလည်း အတိုက်ခံရသောကြောင့် အကူအညီမရသည့် "လျူဘေ့"(Liu Bei) မှာ တပ်ဆုတ်ရသည်။ "ကျန်းရန်"(Zhang Ren) ကလည်း ထွက်ပြေးသော "လျူဘေ့"(Liu Bei) နောက်သို့လိုက်လေသည်။ ထိုအချိန်တွင် အရှေ့ဘက် တောင်ကုန်းမှ တပ်ဖွဲ့တစ်ဖွဲ့ပေါ်လာသည်။
"အရှေ့ဘက်မှာ ကင်းပုန်းတွေရှိနေပြီး အနောက်ဘက်က ရန်သူတွေလိုက်နေတယ်! ကောင်းကင်ကြီးက ငါ့ပျက်စီးမှုကို ဆန္ဒရှိနေတာလား"

သို့သော်လည်း ထိုရောက်လာသောတပ်ဖွဲ့မှာ ရန်သူမဟုတ်ပဲ "ကျန်းဖေး"(Zhang Fei) ၏တပ်ဖွဲ့ဖြစ်နေလေသည်။ "ကျန်းဖေး"(Zhang Fei) နှင့် "ရန်ရန်"(Yan Yan) တို့ချီတက်လာစဉ် ဖုန်ထနေသည်ကို မြင်သောကြောင့် ထိုအရပ်သို့အလျင်အမြန်ချီတက်လာခြင်းဖြစ်သည်။
"ကျန်းဖေး"(Zhang Fei) နှင့် "ကျန်းရန်"(Zhang Ren) တို့သည် ဆယ်ကွက်ခန့်တိုက်ပြီးနောက် "ရန်ရန်"(Yan Yan) သည် ပင်မတပ်ဖြင့် ရောက်လာသောကြောင့် "ကျန်းရန်"(Zhang Ren) မှာထွက်ပြေးရသည်။ "ကျန်းဖေး"(Zhang Fei) သည် မြို့တံခါးနားသို့တိုင်အောင် လိုက်လေ၏။ မြို့တံခါးသည် "ကျန်းရန်"(Zhang Ren) အတွက် ဖွင့်ပေးပြီးနောက် ပြန်ပိတ်လိုက်သည်။ ကြိုးဆွဲတံတားကိုလည်း ပြန်ဆွဲတင်လိုက်သည်။

"ကျန်းဖေး"(Zhang Fei) သည် သူ၏အစ်ကိုထံသွားပြီး အကြောင်းစုံကိုပြောပြလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) ရောက်မလာသေးသည်ကိုသိသောအခါ ဝမ်းသာသွား၏။
"ဒီလိုဆို သူက ရေကြောင်းကလာနေပေမယ့်လည်း ကျွန်တော်က ပထမဆုံးရောက်လာပြီး ပိုကြီးတဲ့ဂုဏ်ထူးကိုဆောင်ရွက်နိုင်ခဲ့တာပေါ့"
"ဒါပေမယ့် ဘယ်လိုလမ်းကနေလာလို့ ဒီလောက်မြန်မြန်ရောက်လာတာလဲ? လမ်းမှာ ရန်သူတွေနဲ့ မတွေ့ဘူးလား"
"စစ်သူကြီး ရန်ရန်(Yan Yan) ရဲ့ကျေးဇူးကြောင့် လမ်းတစ်လျှောက်မှာ ခံတပ် ၄၅ ခုကိုသိမ်းနိုင်ခဲ့တယ်။ ဒါက ကျွန်တော့်ကြောင့်မဟုတ်ပဲ စစ်သူကြီး ရန်ရန်(Yan Yan) ကြောင့် ချီတက်လာနိုင်တာဖြစ်တယ်"
"ကျန်းဖေး"(Zhang Fei) သည် "ရန်ရန်"(Yan Yan) ကိုဖမ်းဆီးနိုင်ခဲ့ပုံကို အစအဆုံးပြောကာ ထိုစစ်သူကြီးကို "လျူဘေ့"(Liu Bei) ရှေ့သို့ခေါ်လာသည်။
"ကျွန်တော့်ညီ မြန်မြန်ရောက်လာတာဟာ စစ်သူကြီးရဲ့ကူညီမှုကြောင့်ပါပဲ"

ထို့နောက် "လျူဘေ့"(Liu Bei) သည် သူဝတ်ထားသော ရွှေရောင်အင်္ကျီကိုချွတ်ကာ "ရန်ရန်"(Yan Yan) အားပေးလိုက်သည်။ ပြီးနောက်တွင် စားသောက်ပွဲကျင်းပရန် အမိန့်ပေးလိုက်သည်။ ထိုစားသောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် အထောက်တော်တို့ရောက်လာကာ အကြောင်းကြားသည်။
"ဟွမ်ကျုံး(Huang Zhong) နဲ့ ဝေရန်(Wei Yan) တို့ဟာ ဝူလန်(Wu Lan) နဲ့ လေထုံ(Lei Tong) ကို ရင်ဆိုင်နိုင်ခဲ့ပေမယ့် ရန်သူ့ဘက်က ဝူယီ(Wu Yi) နဲ့ လျူကွေ့(Liu Gui) တို့ရောက်လာတဲ့အတွက် သူတို့နှစ်ဦးဟာ အရှေ့ဘက်ကို ထွက်ပြေးသွားရတယ်"
"ကျန်းဖေး"(Zhang Fei) သည် သူ၏အစ်ကိုအား သူနှင့်အတူသွားပြီး ထိုသူနှစ်ယောက်ကိုကယ်တင်ရန်ပြောသည်။ ကျင်ကျိုးတပ်ဖွဲ့ကြီးချီတက်လာသည်ကိုမြင်သောအခါ "ဝူယီ"(Wu Yi) နှင့် "လျူကွေ့"(Liu Gui) တို့သည် မြို့ထဲသို့ပြန်ဝင်သွားသည်။
"ဝူလန်"(Wu Lan) နှင့် "လေထုံ"(Lei Tong) တို့သည် ဆက်တိုက်နေသေးသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျန်းဖေး"(Zhang Fei) တို့က တပ်နောက်ပိုင်းကိုတိုက်ကာ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ကလည်း ပြန်လှည့်ကာ တိုက်လေသည်။ ထိုအခါ ကြားညှပ်တိုက်ခံရသော "ဝူလန်"(Wu Lan) နှင့် "လေထုံ"(Lei Tong) တို့မှာ အကူအညီမဲ့ဖြစ်ကာ လက်နက်ချလိုက်သည်။ "လျူဘေ့"(Liu Bei) သည် မြို့နှင့်နီးရာ စခန်းသို့ပြန်သွားသည်။

စစ်သူကြီးနှစ်ယောက်မရှိသောကြောင့် "ကျန်းရန်"(Zhang Ren) မှာ အလွန်စိတ်ညစ်သွားခဲ့ပြီး ကျန်ရစ်သည့်စစ်သူကြီးနှစ်ဦးကိုခေါ်ကာ အကြံဉာဏ်တောင်းသည်။ "ဝူယီ"(Wu Yi) နှင့် "လျူကွေ့"(Liu Gui) တို့မှ
"ဒီအခြေအနေက တအားဆိုးရွားနေပြီး ရန်သူတွေပြန်ဆုတ်ခွာသွားဖို့ပဲ မျှော်လင့်ရတယ်။ ဒီအချိန်မှာ ခင်ဗျားက ချန်တူးကိုလူလွှတ်ပြီး သခင်ကြီးကို အကျိုးအကြောင်းပြောသင့်တယ်" ဟုပြောလေသည်။
"ကျန်းရန်"(Zhang Ren) : "မနက်ဖြန် ကျုပ်သူတို့ကို သွားပြီး စိန်ခေါ်မယ်။ သူတို့ထွက်လာတိုက်ရင် ထွက်ပြေးချင်ယောင်ဆောင်ပြီး သူတို့ကိုလှည့်ဖြားပြီးတော့ မြို့ရဲ့မြောက်ဘက်ကိုခေါ်သွားမယ်။ သူတို့တွေ ကျုပ်နောက်ကိုလိုက်တဲ့အချိန်မှာ တိုက်ခိုက်ဖို့အဆင်သင့်ပြင်ထားပါ။ သူတို့တွေမြို့တံခါးက ဖြတ်သွားတာနဲ့ ဝင်တိုက်ပြီး ရန်သူကိုတစ်ဝက်ခွဲလိုက်မယ်။ အဲ့လိုဆို သူတို့ကိုရင်ဆိုင်နိုင်မယ်"
"ဝူယီ"(Wu Yi) : "နောက်တစ်ဖွဲ့ကို ကျွန်တော်ဦးဆောင်ပါ့မယ်။ စစ်သူကြီး လျူကွေ့(Liu Gui) က မြို့ထဲမှာနေခဲ့ပြီး သခင်လေးကိုကူညီပြီး မြို့ကိုကာကွယ်ပါ"
၎င်းကို လက်ခံလိုက်ပြီး နောက်ရက်တွင် "ကျန်းရန်"(Zhang Ren) သည် စစ်ချီတက်ကာ ရန်သူတို့ကိုစိန်ခေါ်သည်။

"ကျန်းဖေး"(Zhang Fei) သည် စိန်ခေါ်မှုကိုလက်ခံကာ ထွက်လာပြီး စကားပင်မပြောပဲ "ကျန်းရန်"(Zhang Ren) ကိုတိုက်လေသည်။ ဆယ်ကွက်ခန့်တိုက်ပြီးနောက်ဝယ် "ကျန်းရန်"(Zhang Ren) သည် အခြေအနေမဟန်သောကြောင့် မြောက်၏မြောက်ဘက်သို့ပြေးသည်။ "ကျန်းဖေး"(Zhang Fei) ကလည်း နောက်မှအလျင်စလိုလိုက်လေသည်။ မြို့တံခါးမှဖြတ်သွားသည်နှင့် အသင့်စောင့်နေသော "ဝူယီ"(Wu Yi) ၏တပ်ကထွက်လာပြီး "ကျန်းဖေး"(Zhang Fei) ကိုတိုက်သည်။ "ကျန်းရန်"(Zhang Ren) ကလည်း ပြန်လှည့်ပြီးတိုက်လေရာ "ကျန်းဖေး"(Zhang Fei) မှာ ရန်သူနှစ်ဦးနှစ်နှစ်ဖက်တို့၏ဝန်းရံမှုကို ခံရလေသည်။

ထိုသို့အခြေအနေဆိုးကိုကြုံတွေ့နေရစဉ် မြစ်ကမ်းနားဘက်မှ လူတစ်ဦးထွက်လာပြီး "ဝူယီ"(Wu Yi) ကိုတိုက်ကာ တစ်ချက်တည်းနှင့်ဖမ်းလိုက်သည်။ "ဝူယီ"(Wu Yi) ၏တပ်တို့မှာ ပြန်ဆုတ်ခွာသွားရသည်။ ထိုရောက်လာသူမှာ "ကျောက်ယွင်"(Zhao Yun) ဖြစ်သည်။
"အကြံပေးပုဂ္ဂိုလ်က ဘယ်မှာတုန်း"
"သူလည်း ရောက်လာပြီ။ အခု သခင်ကြီးနဲ့တွေ့နေတယ်ထင်တယ်"
ထို့နောက် သုံ့ပန်းကိုဖမ်းခေါ်ကာ "ကျူးကဲလျန့်"(Zhuge Liang) ရှိရာစခန်းသို့သွားသည်။ "ကျန်းဖေး"(Zhang Fei) သည် မြင်းပေါ်မှဆင်းပြီး နှုတ်ဆက်ရာ "ကျူးကဲလျန့်"(Zhuge Liang) မှာ အံ့ဩသွားသည်။
"ဘယ်လိုဖြစ်လို့ ခင်ဗျားက ကျုပ်ထက် အရင်ရောက်တာတုန်း"

"လျူဘေ့"(Liu Bei) က "ကျန်းဖေး"(Zhang Fei) နှင့် "ရန်ရန်"(Yan Yan) တို့၏အကြောင်းကိုပြောပြလိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) က "ကျန်းဖေး"(Zhang Fei) ကိုဂုဏ်ပြုကာ
"ကျန်းဖေး(Zhang Fei) က ဒီလိုပြုမူတာက သခင်ကြီးရဲ့ကံကောင်းမှုကြောင့်ပဲ" ဟုဆိုသည်။
သုံ့ပန်းကိုခေါ်လာစေပြီးနောက် "လျူဘေ့"(Liu Bei) က လက်နက်ချမည်လားဟုမေးသည်။
"သုံ့ပန်းတောင် ဖြစ်သွားခဲ့ပြီပဲ။ လက်နက်ချရတော့မှာပေါ့"
ထိုအခါ "လျူဘေ့"(Liu Bei) ကိုယ်တိုင် "ဝူယီ"(Wu Yi) ၏ကြိုးတို့ကို ဖြည်ပေးလေ၏။

"ကျူးကဲလျန့်"(Zhuge Liang) မှ တစ်ဖက်ရန်သူ၏ကာကွယ်ရေးတပ်ဖွဲ့တို့အကြောင်းမေးသည်။ "ဝူယီ"(Wu Yi) က အမှုထမ်းတို့၏နာမည်ကို ပြောပြလေသည်။
"နယ်စားရဲ့သား လျူရွှင့်(Liu Xun) နဲ့ စစ်သူကြီး လျူကွေ့(Liu Gui) နဲ့ ကျန်းရန်(Zhang Ren) တို့ဟာ မြို့ကိုကာကွယ်နေတယ်။ လျူကွေ့(Liu Gui) က ဘာမှမပြောပလောက်ဘူး။ ကျန်းရန်(Zhang Ren) ကတော့ ရင်ဆိုင်ဖို့မသင့်တဲ့လူပဲ"
"မြို့ကိုမရခင် ကျန်းရန်(Zhang Ren) ကို အရင်ဖမ်းရမယ်။ အရှေ့ဘက်မှာ တံတားတစ်ခုရှိတယ်။ အဲ့တံတားက ဘာခေါ်လဲ?"
"ရွှေငန်းတံတားလို့ ခေါ်ပါတယ်"
"ကျူးကဲလျန့်"(Zhuge Liang) သည် ထိုတံတားသို့သွားပြီး ပတ်ဝန်းကျင်အခြေအနေကိုကြည့်လေသည်။

ပြန်လာသောအခါ "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ကိုခေါ်လိုက်သည်။
"မြို့ရဲ့ အရှေ့ဘက်မှာ ရွှေငန်းတံတားရှိတယ်။ အဲ့က တောင်ဘက်နှစ်မိုင်အကွာလောက်မှာ သစ်ပင်တွေအများကြီးရှိပြီး အကာအကွယ်ယူဖို့ကောင်းတဲ့နေရာရှိတယ်။ ဝေရန်(Wei Yan) က လှံတပ်သားတစ်ထောင်ကိုဦးဆောင်ပြီး ဘယ်ဘက်ကိုတိုက်ပါ၊ ဒါပေမယ့် မြင်းသည်တော်တွေကိုပဲတိုက်ရမယ်။ ဟွမ်ကျုံး(Huang Zhong) ကတော့ ဓားသမား တပ်သားတစ်ထောင်နဲ့ မြင်းတွေကိုတိုက်ပါ။ လူတွေ မြင်းတွေဆုံးရှုံးသွားတဲ့ ကျန်းရန်(Zhang Ren) က တောင်ကုန်းကနေပြေးပြီး အဲ့မှာ ကျန်းဖေး(Zhang Fei) ရဲ့ ခြုံခိုတိုက်ခိုက်မှုခံရလိမ့်မယ်"
ထို့နောက် "ကျောက်ယွင်"(Zhao Yun) ကိုခေါ်ကာ အမိန့်ပေးသည်။
"ခင်ဗျားက တံတားနားမှာပုန်းနေပြီး ကျန်းရန်(Zhang Ren) ဖြတ်သွားတာနဲ့တိုက်ပါ။ ပြီးရင်တော့ တံတားရဲ့တခြားတစ်နေရာသွားပြီး သူ့ကိုမြောက်ဘက်က မထွက်သွားစေနဲ့။ တောင်ဘက်ကို ထွက်ပြေးမယ့် ကျန်းရန်(Zhang Ren) က ကျုပ်တို့လက်ထဲရောက်လာလိမ့်မယ်"

ထိုသို့စီစဉ်ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) သည် တပ်ဖွဲ့တို့ကိုဦးဆောင်ကာ ရန်သူတို့ကိုစိန်ခေါ်ပြီးတိုက်ရန်ပြုသည်။ နယ်စား "လျူကျန်း"(Liu Zhang) သည် စစ်သူကြီးနှစ်ဦးဖြစ်သော "ကျန်းယီ"(Zhang Yi) နှင့်"ကျိုယင်း"(Zhuo Ying)တို့ကိုလွှတ်ကာ မြို့ကိုကာကွယ်စေသည်။ "ကျန်းရန်"(Zhang Ren) သည် "ကျန်းယီ"(Zhang Yi) အား မြို့တွင်းရှိ "လျူကွေ့"(Liu Gui) ကိုကူညီစေပြီး "ကျိုယင်း"(Zhuo Ying) ကိုမူ သူနှင့်အတူ စစ်ချီတက်စေသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် အစီအစဉ်တကျမရှိပဲ ရှုပ်ထွေးစွာစုထားသောတပ်သားတို့ဖြင့် တံတားကိုဖြတ်လာသည်။ သူကိုယ်တိုင်ကမူ ရိုးရှင်းသောအဝတ်ကို ဝတ်ဆင်ထားပြီး ယပ်တောင်ကို ကစားနေကာ ဘီးလေးခုပါသောဝေါယာဉ်ထက်ဝယ် ထိုင်နေသည်။ မြင်းသည်တော်အနည်းငယ်တို့သည် ကိုယ်ရံတော်အနေဖြင့် ဟိုဟိုသည်သည်လှည့်ပတ်နေသည်။ မြို့ကိုဖြတ်ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းရန်"(Zhang Ren) ကိုလက်ညှိုးညွှန်ကာ
"ချောင်ချောင်း(Cao Cao) ရဲ့အင်အားတစ်သန်းရှိတဲ့တပ်ဖွဲ့ကြီးတောင် ကျုပ်နာမည်ကြားတာနဲ့ ထွက်ပြေးရတယ်။ ခင်ဗျားက လက်နက်မချသေးဘူးလား" ဟုပြောသည်။

သို့သော် "ကျန်းရန်"(Zhang Ren) မှာ သေသေချာချာဖွဲ့စည်းထားခြင်းမရှိသော တစ်ဖက်ရန်သူ၏တပ်အပေါ် အာရုံရောက်နေသည်။ သူသည် ပြုံးလိုက်ပြီး
"ကျူးကဲလျန့်(Zhuge Liang) က စစ်ဗျူဟာမှာ ပါရမီရှိတယ်လို့လူတွေက ပြောကြတယ်။ ကြည့်ရတာ ဒါက မဟုတ်မမှန်တဲ့ ကောလာဟလတွေဖြစ်မယ်" ဟုဆိုသည်။
"ကျန်းရန်"(Zhang Ren) သည် သူ၏လှံကိုဝှေ့ရမ်းကာ တပ်ဖွဲ့တို့ကိုဦးဆောင်ပြီး အရှေ့သို့ချီတက်သည်။ ရန်သူချီတက်လာသည်နှင့် "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏ယာဉ်ပေါ်မှဆင်းပြီး မြင်းပေါ်တက်ကာ တံတား၏တစ်ဖက်သို့ ပြန်ဆုတ်လေသည်။ "ကျန်းရန်"(Zhang Ren) ကလည်း နောက်မှလိုက်ပြီး ရွှေငန်းတံတားကိုဖြတ်သွားသည်။ တံတား၏အခြားတစ်ဖက်သို့ရောက်သောအခါဝယ် နှစ်ဖက်စလုံးမှ တပ်ဖွဲ့တို့ထွက်ပေါ်လာသည်။ ထိုအခါမှ သူသည် ထောင်ချောက်အတွင်းသို့ကျသွားကြောင်း သိလိုက်သည်။

ထိုတပ်ဖွဲ့နှစ်ဖွဲ့မှာ "လျူဘေ့"(Liu Bei) နှင့် "ရန်ရန်"(Yan Yan) တို့၏တပ်ဖွဲ့ပြစ်သည်။ "ကျန်းရန်"(Zhang Ren) သည် တံတားမှပြန်လှည့်ပြေးရန် ကြိုးစားသေးသည်။ သို့သော် ထိုအချိန်တွင် "ကျောက်ယွင်"(Zhao Yun) က ထိုတံတားကိုဖျက်စီးလိုက်ပြီဖြစ်သည်။ "ကျန်းရန်"(Zhang Ren) သည် မြောက်ဘက်သို့ပြေးလိုသော်လည်း "ကျောက်ယွင်"(Zhao Yun) ၏တပ်ဖွဲ့က ပိတ်ထားသောကြောင့် တောင်ဘက်သို့ပြေးပြီး မြစ်ကြောင်းတစ်လျှောက်ချီတက်သည်။ ထိုအချိန်တွင် သစ်တောတို့ထူထပ်သောနေရာသို့ရောက်လာခဲ့သည်။ ထိုအရပ်သို့အရောက်တွင် "ဝေရန်"(Wei Yan) ၏တပ်ဖွဲ့ရောက်လာကာ မြင်းသည်တော်တို့ကိုတိုက်ပြီး "ဟွမ်ကျုံး"(Huang Zhong) ၏တပ်ဖွဲ့ကလည်း မြင်းတို့ကိုတိုက်လေသည်။ လူရောမြင်းပါ အသက်ပေါင်းများစွာ ဆုံးရှုံးကုန်၏။ ကျန်ရစ်သောလူအနည်းငယ်တို့သည်လည်း ဖမ်းဆီးခံလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် "ကျန်းရန်"(Zhang Ren) နှင့်မြင်းသည်တော်အနည်းငယ်တို့သည် တောင်ကုန်းဘက်သို့ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထိုနေရာတွင် "ကျန်းဖေး"(Zhang Fei) နှင့်တွေ့ပြီး "ကျန်းဖေး"(Zhang Fei) ၏အော်ဟစ်သံကြောင့် တပ်သားတို့မှာလန့်ကာ ထွက်ပြေးသွားကြသည်။ သို့နှင့် ခေါင်းဆောင်ဖြစ်သူကို ဖမ်းမိလိုက်သည်။ "ကျန်းရန်"(Zhang Ren) ကို ဖမ်းမိသွားသောအခါဝယ် ဒုတိယစစ်သူကြီး "ကျိုယင်း"(Zhuo Ying) သည်လည်း "ကျောက်ယွင်"(Zhao Yun) ထံတွင် လက်နက်ချခဲ့သည်။ အောင်မြင်မှုရပြီး စခန်းသို့ပြန်ရောက်သောအခါ "လျူဘေ့"(Liu Bei) သည် "ကျိုယင်း"(Zhuo Ying) အား ဆုလာဘ်တို့ပေးလေသည်။

"ကျန်းဖေး"(Zhang Fei) က ခေါင်းဆောင် "ကျန်းရန်"(Zhang Ren) ကိုခေါ်လာသောအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် သခင်ဖြစ်သူ၏ဘေးတွင်ရှိသည်။
"ယီကျိုးက တခြားစစ်သူကြီးတွေလက်နက်ချသွားတာတောင် ခင်ဗျားက ဘာလို့တွန်းလှန်နေရတာလဲ"
"သစ္စာရှိတဲ့လူက သခင်နှစ်ယောက်ရှိဖို့မဖြစ်နိုင်ဘူး"
"ခင်ဗျားက အချိန်အခါကိုမသိတတ်တာပဲ။ လက်နက်ချခြင်းက အသက်ရှင်သန်ခြင်းပဲ"
"ကျုပ် ဒီနေ့လက်နက်ချရင်တောင် အကြာကြီးခံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျုပ်ကိုသတ်လိုက်တာ ကောင်းမယ်"
"လျူဘေ့"(Liu Bei) က ထိုသူကိုလွှတ်ပေးလိုသော်လည်း "ကျန်းရန်"(Zhang Ren) မှာ အင်မတန်ခေါင်းမာပြီး ဒေါသဖြင့်ဆဲရေးတိုင်းထွာနေခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် သေဒဏ်ပေးရန် အမိန့်ကျလိုက်သည်။

"ကျန်းရန်"(Zhang Ren) သည် ရန်သူဖြစ်ခဲ့သော်လည်း သူရဲကောင်းတစ်ဦးဖြစ်သည့်အလျောက် ထိုသို့သောလူမျိုးကိုဆုံးရှုံးရသည့်အပေါ် "လျူဘေ့"(Liu Bei) သည် စိတ်မကောင်းဖြစ်လေ၏။ ထို့ကြောင့် ရွှေငန်းတံတားအနီးဝယ် အုတ်ဂူတစ်ခုလုပ်စေကာ "ကျန်းရန်"(Zhang Ren) အား ကောင်းမွန်စွာသင်္ဂြိုလ်စေသည်။ ထိုအုတ်ဂူကိုမြင်သောလူတို့သည် "ကျန်းရန်"(Zhang Ren) ၏သစ္စာရှိမှုကို အမှတ်ရနေကြမည်ဖြစ်သည်။
နောက်ရက်တွင် "ရန်ရန်"(Yan Yan) နှင့်အခြားသော လက်နက်ချသွားသည့်ခေါင်းဆောင်တို့ကိုဦးဆောင်စေကာ စစ်တပ်ကြီးသည် လော့ချန်သို့ချီတက်လေသည်။ လော့ချန်မြို့သို့ရောက်သော်
"မြို့တံခါးကိုဖွင့်ပြီးလက်နက်ချပါ။ ဒီလိုဆိုရင် ဖျက်စီးမှုခံရမှာမဟုတ်ဘူး" ဟု ဆိုသည်။
မြို့ရိုးပေါ်မှ "လျူကွေ့"(Liu Gui) သည် သစ္စာဖောက်သွားသော "ရန်ရန်"(Yan Yan) ကိုဆဲကာ လေးကိုကိုင်၍ပစ်မည်ပြု၏။ ထိုသို့လေးတင်နေစဉ်မှာပင် အနောက်မှလူတစ်ဦးက သူ့ကိုသတ်လိုက်ပြီး မြို့တံခါးကို ဖွင့်ပေးလိုက်သည်။
"လျူဘေ့"(Liu Bei) သည် မြို့အတွင်းသို့ဝင်သောအခါ မြို့ကိုစောင့်ကြပ်နေသော "လျူရွှင့်"(Liu Xun) သည် အခြားတံခါးပေါက်မှ ချန်တူးသို့ထွက်ပြေးသွားလေသည်။

အရပ်သားတို့စိုးရိမ်ကြောင့်ကြခြင်းမရှိစေရန်အတွက် "လျူဘေ့"(Liu Bei) သည် ကြေညာချက်များထုတ်ပြန်သည်။ ထို့နောက် "လျူကွေ့"(Liu Gui) ကိုသတ်လိုက်သည့်သူကိုမေးရာ ဝူရန်မှ "ကျန်းယီ"(Zhang Yi) ဖြစ်ကြောင်းပြောသည်။ "ကျန်းယီ"(Zhang Yi) နှင့်အခြားကူညီခဲ့သောသူတို့အား ဆုလာဘ်များပေးလေ၏။
"ကျူးကဲလျန့်"(Zhuge Liang) : "နောက်မြို့က ချန်တူးပဲ။ ဒီအချိန်အတောအတွင်းမှာ အနီးအနားကမြို့နယ်တွေကိုသွားပြီး ငြိမ်းချမ်းစေအောင်လုပ်ထားသင့်တယ်။ ဒါကြောင့် ဝူယီ(Wu Yi) ၊ ကျန်းယီ(Zhang Yi) ၊ ရန်ရန်(Yan Yan) နဲ့ ကျိုရင်း(Zhuo Ying) တို့ကိုလမ်းပြစေပြီး ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင်(Zhao Yun) ကို မြစ်ကြောင်းတစ်လျှောက်က မြို့နယ်တွေနဲ့ ချန်ရန်၊ တဲရန်၊ ပါးရှီးတို့ကိုသွားစေပြီး လူတွေကို စိတ်အေးအောင်လုပ်ထားသင့်တယ်။ ဒါမှနောင်အခါ ပုန်ကန်မှုမဖြစ်မှာ။ ချန်တူးပတ်ဝန်းကျင်မှာတော့ အထွေအထူးသတိပြုစရာမလိုပါဘူး"

ထိုစစ်သူကြီးတို့ထွက်သွားကြသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ချန်တူးသို့သွားသည့်လမ်းနှင့်ပတ်သတ်ပြီး စုံစမ်းလေသည်။ လက်နက်ချသွားခဲ့သောသူတို့မှ ဤသို့ပြောကြသည်။
"ကြီးမားတဲ့ခံစစ်နဲ့ကြုံတွေ့နိုင်တဲ့တစ်ခုတည်းသောနေရာက မျန့်ကျူပဲဖြစ်တယ်။ အဲ့နေရာကကျော်သွားရင် မြို့တော်ကိုသိမ်းဖို့လွယ်ကူသွားပြီ"
ထို့နောက် "ဖာကျန့်"(Fa Zheng) နှင့်လည်း တိုင်ပင်သည်။
"ဖာကျန့်"(Fa Zheng) : "လော့ချန်မြို့ကျသွားတော့ အနောက်ဘက်ပြည်နယ်ကိုသိမ်းဖို့လွယ်သွားပြီ။ သခင်ကြီးကို ပြည်သူလူထုတွေအပေါ် ကောင်းကောင်းဆက်ဆံခိုင်းပါ။ လက်နက်တွေသုံးဖို့မလိုပါဘူး။ ကျွန်တော် နယ်စားလျူကျန်း(Liu Zhang) ထံစာရေးပြီး လက်နက်ချဖို့သိမ်းသွင်းကြည့်ပါ့မယ်"
"ကျူးကဲလျန့်"(Zhuge Liang) : "အဲ့လိုဆိုရင်တော့ အကောင်းဆုံးပဲ"
ထို့နောက် နယ်စားထံစာတစ်စောင်ရေးကာ ပို့လိုက်သည်။

နယ်စား၏သားတော်ဖြစ်သော "လျူရွှင့်"(Liu Xun) သည် ချန်တူးသို့ပြန်ရောက်သောအခါဝယ် အကြောင်းစုံကို ဖခင်ဖြစ်သူအားပြောပြသည်။ နယ်စားမှ အမှုထမ်းတို့ကိုခေါ်ပြီး အစည်းအဝေးပြုလုပ်လေသည်။ အကြံပေး "ကျန်းတု"(Zheng Du) မှ
"လျူဘေ့(Liu Bei) ဟာ မြို့တွေကို အောင်မြင်မှုရနေပေမယ့်လည်း သူ့တပ်ဖွဲ့က အင်အားနည်းတယ်။ သူ့ပြည်နယ်ကအလှမ်းဝေးတဲ့အတွက် ရိက္ခာတွေသယ်လာဖို့ အခက်အခဲရှိတယ်။ ဒီတော့ အကောင်းဆုံးက ပါးရှီးနဲ့ ကျီထုံကလူတွေက ဖူမြစ်နဲ့ဝေးရာကိုပြောင်းရွှေ့စေပြီး ဂိုထောင်တွေကိုမီးရှို့ဖျက်စီးပြီးတော့ မြို့ကိုကောင်းကောင်းကာကွယ်ပါ။ ပြီးတော့ သူ့ဘက်က စိန်ခေါ်လာမယ့်တိုက်ပွဲတွေကိုမရင်ဆိုင်ပါနဲ့။ ရက်တစ်ရာအတွင်းမှာ စားနပ်ရိက္ခာမလောက်လို့ သူ့ဟာသူပြန်တပ်ဆုတ်သွားပါလိမ့်မယ်" ဟုဆိုသည်။
"လျူကျန်း"(Liu Zhang) : "ဒီအကြံကိုကျုပ်မကြိုက်ဘူး။ ကျူးကျော်လာတဲ့လူတွေကိုခုခံဖို့အတွက် ကိုယ့်ရိက္ခာနဲ့ကိုယ့်ပြည်သူတွေငြိမ်းချမ်းမှုကိုဖျက်စီးရမယ်? ရန်သူကိုခုခံဖို့အတွက် လူတွေကိုနှောင့်ယှက်တာမကြားဖူးဘူး။ ခင်ဗျားအကြံက မသင့်တော်ဘူး"

ထိုအချိန်တွင် "ဖာကျန့်"(Fa Zheng) ထံမှ စာရောက်လာရာ ဖွင့်ပြီးဖတ်လိုက်သည်။
'ကျွန်တော် ကျင်ကျိုးကိုသွားခဲ့တာက မဟာမိတ်ဖွဲ့ဖို့ပဲဖြစ်တယ်။ ဒါပေမယ့် ခင်ဗျားက ကျင်ကျိုးနယ်စားကိုဆန့်ကျင်တာကြောင့် ဒီလိုဖြစ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့်လည်း ကျင်ကျိုးပြည်နယ်အရှင်သခင်ဟာ ရှေးကခင်မင်ခဲ့ဖူးတာကိုအမှတ်ရပြီး ဆွေမျိုးမကင်းတာကိုလည်း သိနေခဲ့တယ်။ ဒီတော့ ခင်ဗျားရဲ့မူဝါဒကိုသာပြောင်းလဲလိုက်ပြီး ကိုယ့်ဆွေမျိုးကိုထောက်ပံ့မယ်ဆိုရင် ခင်ဗျားအပေါ် ကောင်းကောင်းဆက်ဆံတာ ခံရပါလိမ့်မယ်။ ဒီတော့ ဒါကိုသေချာစဉ်းစားပြီး တွေးစေလိုတယ်'
"လျူကျန်း"(Liu Zhang) မှာ အလွန်အမင်း ဒေါသထွက်သွားလေ၏။
"ဒီသစ္စာဖောက်၊ ကျေးဇူးကန်းတဲ့ကောင်၊ ဒီလိုစကားမျိုးပြောရဲတယ်?"
စာပို့လာသောဆက်သားကို ပြန်လွှတ်လိုက်လေသည်။

ထို့နောက် နယ်စားကတော်၏ညီဖြစ်သူ "ဖေးကွမ်း"(Fei Guan) ကို တပ်ဖွဲ့တစ်ဖွဲ့ဦးဆောင်စေကာ မျန့်ကျူသို့စစ်ကူလွှတ်လိုက်သည်။ "ဖေးကွမ်း"(Fei Guan) သည် နန်ရန်မှ "လီယန်"(Li Yan) ကို သူနှင့်အတူ စစ်ချီတက်ရန်ထောက်ခံပြီး ထိုသူနှစ်ဦးတို့သည် စစ်သည်သုံးသောင်းကိုဦးဆောင်ကာ ချီတက်ကြလေသည်။
ထိုအချိန်တွင် ယီကျိုးမြို့စား "တုန်းဟဲ"(Dong He) မှ ဟန်ကျုံးမှစစ်ကူတောင်းကြည့်ရန်အကြံပေးသည်။ သို့သော်လည်း "လျူကျန်း"(Liu Zhang) မှငြင်းပယ်လိုက်သည်။
"ရန်သူဖြစ်တဲ့ ကျန်းလု(Zhang Lu) အုပ်ချုပ်မှုအောက်မှာရှိတဲ့နေမြေက စစ်ကူတောင်းလည်း အကျိုးမရှိဘူး"
"သူက ရန်သူဖြစ်ပေမယ့်လည်း လျူဘေ့(Liu Bei) က လော့ချန်ကိုသိမ်းထားပြီး အခြေအနေက အန္တရာယ်များတယ်။ နှာခမ်းမရှိတော့ရင် သွားတွေကအေးသွားလိမ့်မယ်။ သခင်ကြီးကသာ သူ့ဆီကိုကျရောက်လာနိုင်မယ့် ဘေးအန္တရာယ်ကိုပြောရင် သူက သေချာပေါက်ကျွန်တော်တို့ကို လာကူလိမ့်မယ်"
သို့နှင့် ဟန်ကျုံးသို့ စစ်ကူတောင်းသည့်စာ ပို့လိုက်သည်။

"မာချောင်း"(Ma Chao) စစ်ရှုံးခဲ့သည်မှာ နှစ်နှစ်ရှိခဲ့ပြီဖြစ်သည်။ သူသည် အနောက်တောင်ဘက်မှ ချန်မျိုးနွယ်စုတို့ထံသွားခဲ့သည်။ သူသည် ထိုမျိုးနွယ်စုတို့နှင့်မဟာမိတ်ပြုကာ အနောက်ဘက်ချိုင့်ဝှမ်း၏နေရာဒေသအချို့ကို သိမ်းယူနိုင်ခဲ့သည်။ သူ၏စစ်ဆင်ရေးတို့သည် အောင်မြင်ခဲ့ပြီး သူချီတက်လာသည်နှင့် ရန်သူတို့က တံခါးဖွင့်ကာလက်နက်ချရလေသည်။ ကျိချန်မြို့သာကျန်ပြီး ထိုမြို့သည်လည်း ရှုံးလုဆဲဆဲဖြစ်နေသည်။ ကျိချန်မြို့စား "ဝေခန်း"(Wei Kang) သည် ချန်အန်းတွင်ရှိနေသော "ရှဟိုယွမ်"(Xiahou Yuan) ထံသို့ စစ်ကူပို့ရန်အကူအညီတောင်းသော်လည်း "ရှဟိုယွမ်"(Xiahou Yuan) မှာ သူ၏သခင်ထံမှ အမိန့်မရသောကြောင့် ဘာမှမလှုပ်ရှားပေ။ အကြပ်အတည်းနှင့်ရင်ဆိုင်နေရသော "ဝေခန်း"(Wei Kang) သည် သူ၏အမှုထမ်းတို့နှင့် တိုင်ပင်သည်။ အမှုထမ်းတို့က လက်နက်ချရန်ပြောကြသည်။ သို့သော် "ရန်ဖူ"(Yang Fu) မှ အပြင်းအထန်ကန့်ကွက်လေသည်။
"ကျုပ်တို့တွေ သူပုန် မာချောင်း(Ma Chao) ထံမှာ အညံ့ခံလို့မဖြစ်ဘူး"
"ဒါဆို ဘာများလုပ်စရာရှိသေးလဲ"

"ရန်ဖူ"(Yang Fu) အပြင်းအထန်တားမြစ်ခဲ့သော်လည်း "ဝေခန်း"(Wei Kang) သည် လက်မခံပဲ နောက်ဆုံးတွင် မြို့တံခါးကိုဖွင့်ကာ လက်နက်ချလိုက်သည်။
"ခင်ဗျားက နောက်ဆုံးမတတ်သာတော့တဲ့အချိန်မှ လက်နက်ချတာပဲ။ ဒါ အမှန်အကန်လက်နက်ချတာမဟုတ်ဘူး"
ထို့နောက် "မာချောင်း"(Ma Chao) သည် "ဝေခန်း"(Wei Kang) နှင့် သူ၏မိသားစုတို့ကိုသေဒဏ်ပေးလိုက်သည်။ ထိုသို့လက်နက်ချခြင်းနှောင့်နှေးခဲ့သည်မှာ "ရန်ဖူ"(Yang Fu) က လက်နက်ချခြင်းကို ကန့်ကွက်ခြင်းကြောင့်ဖြစ်ကြောင်း "မာချောင်း"(Ma Chao) ကိုပြောကြသည်။
"ရန်ဖူ(Yang Fu) က သူ့တာဝန်သူထမ်းဆောင်ခဲ့တာပဲ"
"မာချောင်း"(Ma Chao) က "ရန်ဖူ"(Yang Fu) နှင့် သူ၏သူငယ်ချင်းနှစ်ဦးတို့ကို သူ၏စစ်တပ်တွင် တာဝန်ပေးထားသည်။ ထိုသူငယ်ချင်းနှစ်ဦး၏နာမည်မှာ "လျန်ခွမ်"(Liang Kuan) နှင့် "ကျောက်ချွီ"(Zhao Qu) တို့ဖြစ်သည်။

တစ်ရက်သော် "ရန်ဖူ"(Yang Fu) သည် သူ၏သခင်ထံသွားကာ
"လင်ထောင်မှာရှိတဲ့ ကျွန်တော့်ဇနီးဆုံးသွားတဲ့အတွက် ဈာပနအခမ်းအနားလုပ်ဖို့ နှစ်လလောက်ခွင့်ယူချင်ပါတယ်" ဟုပြောသည်။ "ရန်ဖူ"(Yang Fu) သည် ခွင့်ရသည်နှင့် စစ်တပ်ထဲမှထွက်သွားသည်။ ထို့နောက် လမ်းခရီးတွင် သူ၏အစ်ကိုဝမ်းကွဲနှင့်သွားတွေ့သည်။ သူ၏အစ်ကိုဝယ်ဝယ်ကွဲမှာ လီချန်စစ်သူကြီး "ကျန်းရွှီ"(Jiang Xu) ဖြစ်သည်။ ထိုစစ်သူကြီး၏မိခင်သည် အသက် ၈၂ နှစ်ရှိပြီဖြစ်ပြီး "ရန်ဖူ"(Yang Fu) ၏အဒေါ်တော်သည်။ "ရန်ဖူ"(Yang Fu) သည် သူ၏အဒေါ်ကိုမြင်သောအခါ ငိုလေသည်။
"ကျွန်တော် အင်မတန်ကံဆိုးခဲ့တယ်။ ကျွန်တော်ကာကွယ်ရမယ့်မြို့က ဆုံးရှုံးသွားခဲ့ပြီး သခင်လည်း သေဆုံးသွားပြီ။ ဒါပေမယ့် ကျွန်တော်ကအသက်ရှင်နေတုန်းပဲ။ ကျွန်တော် အဒေါ့်ကိုမျက်နှာတောင်မပြဝံ့ဘူး။ အခု မာချောင်း(Ma Chao) က တောရွာဘက်တွေမှာထင်တိုင်းကြဲနေပြီး လူတိုင်းက သူ့ကိုမုန်းတီးကြတယ်။ ဒါပေမယ့် ကျွန်တော့်အစ်ကိုကတော့ မသိချင်ယောင်ဆောင်နေတယ်။ ဒါ သစ္စာရှိမင်းမှုထမ်းရဲ့လုပ်ရပ်လား"
"ရန်ဖူ"(Yang Fu) က ငိုလေသည်။

အဒေါ်ဖြစ်သူမှာ စိတ်မကောင်းဖြစ်သွားပြီး သူ့သားဖြစ်သူကိုခေါ်ကာ ဆူလေသည်။
"မင်းက တော်တော်မကောင်းတာပဲ။ မင်းကြောင့် မြင့်မြတ်တဲ့ဝေခန်း(Wei Kang) ကသေဆုံးသွားခဲ့ပြီ"
ထို့နောက် သူ့တူဘက်သို့လှည့်ကာ ပြောသည်။
"ဒါပေမယ့် အခုမှတော့ ဘာလုပ်နိုင်မလဲ? မင်းက လက်နက်တောင်ချခဲ့ပြီ။ ဒါ့အပြင် မင်းရဲ့အရင်ကရန်သူလက်အောက်မှာတောင် အမှုထမ်းနေခဲ့ပြီမဟုတ်လား"
"ဟုတ်ပါတယ်။ ကျွန်တော်လက်နက်ချပြီး သူ့လက်အောက်မှာ အမှုထမ်းခဲ့တာ။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့သခင်အတွက် လက်စားချေဖို့ပါပဲ"
"ကျန်းရွှီ"(Jiang Xu) : "မာချောင်း(Ma Chao) က သတ္တိရှိသူဖြစ်ပြီး သူ့ကိုချေမှုန်းဖို့ခက်ခဲတယ်"

အဲ့လောက်လည်း မခက်ခဲပါဘူး။ သူကသတ္တိရှိပေမယ့်လည်း အရည်အချင်းမရှိဘူး။ ကျွန်တော့်ရဲ့သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ လျန်ခွမ်(Liang Kuan) နဲ့ ကျောက်ချွီ(Zhao Qu) တို့က သူ့နားမှာရှိပြီး အစ်ကိုသာ ကျွန်တော့်ကို စစ်တပ်တစ်တပ်ငှားရမ်းရင် သူတို့က မာချောင်း(Ma Chao) ကိုဆန့်ကျင်ဖို့ ကူညီပေးလိမ့်မယ်"
ထိုအခါ အမျိုးသမီးကြီးမှ ဝင်ပြောသည်။
"နှောင့်နှေးနေလို့မဖြစ်ဘူး။ လောကမှာ မသေတဲ့လူဆိုတာမရှိဘူး။ ဒီလိုမျိုးအမှန်တရားအတွက် သေဆုံးတာက မှန်ကန်တဲ့လမ်းစဉ်ပဲ။ မင်းသာမင်းညီကိုမကူညီရင် ငါ မင်းစိတ်ကိုပြောင်းဖို့ ကိုယ့်ကိုယ်ကိုသတ်သေရလိမ့်မယ်"

အချိန်မဆွဲနိုင်တော့သော "ကျန်းရွှီ"(Jiang Xu) သည် တပ်ဖွဲ့တို့ကိုပြင်ဆင်ရသည်။ သူသည် သူ၏အမှုထမ်းနှစ်ဦးဖြစ်သော "ရင်ဖုန်း"(Yin Feng) နှင့် "ကျောက်အန်း"(Zhao Ang) တို့ကိုခေါ်ကာ ဆွေးနွေးသည်။
"ကျောက်အန်း"(Zhao Ang) တွင် "ကျောက်ယွဲ့"(Zhao Yue) ဟူသောသားရှိပြီး ထိုသားသည် "မာချောင်း"(Ma Chao) လက်အောက်တွင် အမှုထမ်းနေသည်။ သူသည် သူ့သားဖြစ်သူ၏ခေါင်းဆောင်အပေါ်လုပ်ကြံမည်ဟုသတင်းကြားသောအခါ စိတ်ထဲတွင် မပျော်မရွှင်ဖြစ်သွားသည်။ အိမ်သို့ပြန်ရောက်သောအခါ ဇနီးဖြစ်သော ဝမ်အမျိုးသမီးကိုရင်ဖွင့်လေသည်။
"ဒီနေ့ ဝေခန်း(Wei Kang) အတွက် လက်စားချေဖို့ မာချောင်း(Ma Chao) ကိုနှိမ်နှင်းဖို့အတွက် တိုင်ပင်ကြတယ်။ ဒါပေမယ့် ငါတို့သားက မာချောင်း(Ma Chao) လက်အောက်မှာရှိနေပြီး ငါတို့က သူ့ကိုလုပ်ကြံဖို့လုပ်နေတယ်ဆိုတာ သိသွားရင် သူက ငါတို့သားကိုသေဒဏ်ပေးလိုက်မှာပဲ။ အဲ့တော့ ဘယ်လိုလုပ်မလဲ"
"လူတစ်ယောက်က အသက်ကိုစွန့်ပြီးသခင်အတွက် အသက်ပေးတာ ဘာဖြစ်လဲ? သားတစ်ယောက်ဆုံးရှုံးသွားတော့ရော? ရှင်သာ ဒါကိုဆက်တွေးနေရင် ကျွန်မ ကိုယ့်ကိုယ်ကိုသတ်သေလိုက်မယ်"
ထို့ကြောင့် "ကျောက်အန်း"(Zhao Ang) သည် စစ်ချီတက်ရာတွင် ပါဝင်ရန်ဆုံးဖြတ်လိုက်ပြီး ပြင်ဆင်မှုများပြုလုပ်သည်။ တပ်ဖွဲ့ကြီးသည် မကြာမီတွင် ချီတက်လေသည်။ "ကျန်းရွှီ"(Jiang Xu) နှင့် "ရန်ဖူ"(Yang Fu) တို့သည် လီချန်တွင်စခန်းချပြီး "ကျောက်အန်း"(Zhao Ang) နှင့် "ယင်ဖုန်း"(Yin Feng) တို့သည် ချီစန်းတွင် စခန်းချသည်။ "ကျောက်အန်း"(Zhao Ang) ၏ဇနီးသည် သူ၏လက်ဝတ်တန်ဆာတို့ကိုရောင်းကာ သူ၏ယောက်ျားဖြစ်သူ၏စခန်းသို့သွားပြီး တပ်သားတို့အား စားစရာများကျွေးမွေးလေသည်။
"ကျောက်အန်း"(Zhao Ang) စိုးရိမ်ခဲ့သည့်အရာသည် အမှန်တကယ်ဖြစ်လာခဲ့သည်။ ရန်သူ့တပ်ဖွဲ့ကြီးချီတက်လာပြီဟူသောသတင်းကိုကြားသည်နှင့် "မာချောင်း"(Ma Chao) သည် လူငယ် "ကျောက်ယွဲ့"(Zhao Yue) ကိုသတ်လိုက်ပြီးနောက် "ဖန်တဲ"(Pang De) ၊ "မာတိုက်"(Ma Dai) တို့နှင့်အတူ လီချန်သို့ချီတက်သည်။ ထိုတပ်ဖွဲ့တို့ကို "ကျန်းရွှီ"(Jiang Xu) နှင့် "ရန်ဖူ"(Yang Fu) တို့က ရင်ဆိုင်သည်။ သူတို့နှစ်ဦးသည် ဝမ်းနည်းခြင်းအထိန်းအမှတ်အနေဖြင့် အဖြူရောင်ကိုဝတ်ဆင်ထားသည်။ သူတို့သည် "မာချောင်း"(Ma Chao) အား "ယုတ်မာတဲ့သူ၊ သူပုန်" ဟူ၍ကြိမ်းမောင်းကြလေသည်။

"မာချောင်း"(Ma Chao) သည် ဒေါသဖြင့် ထိုသူတို့ထံထွက်သွားပြီး တိုက်ပွဲစတင်လေသည်။ မြို့ကိုကာကွယ်သူတို့သည် ရန်သူကိုမရင်ဆိုင်နိုင်သဖြင့် ထွက်ပြေးရလေသည်။ "မာချောင်း"(Ma Chao) ကလည်း အနောက်မှလိုက်လေ၏။ ထိုအချိန်တွင် အော်ဟစ်သံတို့ကိုကြားလိုက်ရပြီး "ကျောက်အန်း"(Zhao Ang) နှင့် "ယင်ဖုန်း"(Yin Feng) တို့ရောက်လာကာ အနောက်ဘက်မှတိုက်သည်။ "ကျန်းရွှီ"(Jiang Xu) နှင့် "ရန်ဖူ"(Yang Fu) တို့ကလည်း ပြန်လှည့်ပြီးတိုက်လေရာ "မာချောင်း"(Ma Chao) မှာ ရန်သူတို့ကြားထဲရောက်သွားသည်။ ထိုအချိန်တွင်  "ချောင်ချောင်း"(Cao Cao) ထံမှအမိန့်ရသောကြောင့် "ရှဟိုယွမ်"(Xiahou Yuan) ၏တပ်ကြီးသည်လည်း "မာချောင်း"(Ma Chao) ကိုတိုက်ရန်ရောက်လာသည်။

တပ်ဖွဲ့သုံးဖွဲ့ကို တစ်ပြိုင်တည်းမရင်ဆိုင်နိုင်သဖြင့် "မာချောင်း"(Ma Chao) မှာထွက်ပြေးရပြီး သူ၏တပ်ဖွဲ့မှာလည်း ကစဥ့်ကလျားဖြစ်ကုန်သည်။ "မာချောင်း"(Ma Chao) သည် တစ်ညလုံးထွက်ပြေးပြီး အရုဏ်တက်ချိန်တွင် ကျိချန်မြို့သို့ရောက်လေသည်။ မြို့တံခါးကိုဖွင့်ခိုင်းသောအခါ မြို့အတွင်းမှ မြားတို့ဖြင့် ပစ်ခြင်းကိုခံရသည်။ မြို့ရိုးပေါ်မှ "လျန်ခွမ်"(Liang Kuan) နှင့် "ကျောက်ချွီ"(Zhao Qu) တို့ထွက်လာပြီး "မာချောင်း"(Ma Chao) ၏ဇနီးကိုဆွဲခေါ်လာကာ သတ်လိုက်ပြီး မြို့ရိုးပေါ်မှပစ်ချလိုက်သည်။ ထိုနည်းအတိုင်းပင် "မာချောင်း"(Ma Chao) ၏သားသုံးဦးနှင့်မိသားစုဝင်ဆယ်ယောက်ကျော်ကိုသတ်ပြီး အလောင်းတို့ကိုမြို့ရိုးပေါ်မှ ပစ်ချလေ၏။
"မာချောင်း"(Ma Chao) မှာ ဝမ်းနည်းပြီးဒေါသထွက်ကာ မြင်းပေါ်မှကျလုမတတ်ဖြစ်သွားသည်။ သို့သော်လည်း ထိုအချိန်တွင် "ရှဟိုယွမ်"(Xiahou Yuan) ၏တပ်ချဉ်းကပ်လာလေရာ မယှဉ်နိုင်သည်ကို သိသဖြင့် သူ၏စစ်သူကြီးဖြစ်သော "မာတိုက်"(Ma Dai) ၊ "ဖန်တဲ"(Pang De) နှင့်အတူ ရန်သူတို့ကိုထိုးဖောက်ပြီး ထွက်ပြေးလေသည်။ သူတို့၏ရည်ရွယ်ချက်မှာ ထွက်ပြေးလွတ်မြောက်ရေးသာဖြစ်သောကြောင့် "ရန်ဖူ"(Yang Fu) နှင့် "ကျန်းရွှီ"(Jiang Xu) တို့ကိုရင်ဆိုင်ရသည့်အခါတွင်လည်း ထိုးဖောက်ကာ ထွက်ပြေးသည်။ ထိုနည်းတူ "ယင်ဖုန်း"(Yin Feng) နှင့် "ကျောက်အန်း"(Zhao Ang) တို့၏တပ်ကိုလည်း ထိုးဖောက်ကာ ပြေးရသည်။ သူတို့၏ တပ်သားများစွာသေဆုံးခဲ့ပြီး မြင်းသည်တော်ခြောက်ဆယ်သာ ကျန်တော့သည်။

လေးချက်တီးအချိန်ခန့်တွင် လီချန်မြို့သို့ရောက်လာသည်။ အမှောင်ထဲတွင်ဖြစ်သောကြောင့် အစောင့်တို့သည် မိမိတို့၏တပ်ပြန်ရောက်လာပြီအထင်နှင့် တံခါးကိုဖွင့်ပေးလိုက်သည်။ မြို့ထဲသို့ရောက်သည်နှင့် "မာချောင်း"(Ma Chao) နှင့် သူ၏နောက်လိုက်တို့ သတ်ဖြတ်မှုကြီးစတင်လေသည်။ တပ်သားတင်မက သာမန်ပြည်သူများကိုပါ သတ်လေ၏။ တောင်တံခါးမှနေ၍အလယ်ဗဟိုရောက်သည်အထိ လူပေါင်းများစွာအသတ်ခံရသည်။
"ကျန်းရွှီ"(Jiang Xu) ၏စံအိမ်သို့ရောက်သောအခါ အသက်ကြီးသောအမေအိုကြီးကိုဆွဲခေါ်လာစေသည်။ ထိုအမျိုးသမီးသည် ကြောက်ရွံ့ခြင်းအလျင်းမရှိပေ။ ဒေါသထွက်နေသော "မာချောင်း"(Ma Chao) သည် သူ၏ဓားဖြင့်သတ်လိုက်လေ၏။ ထို့နောက် သူတို့သည် "ယင်ဖုန်း"(Yin Feng) နှင့်  "ကျောက်အန်း"(Zhao Ang) တို့၏အိမ်သို့သွားကာ မြင်မြင်သမျှလူတို့ကိုသတ်လေသည်။ ထိုဘေးဒုက္ခမှလွတ်မြောက်သွားသည့်တစ်ဦးတည်းသောလူမှာ စစ်ချီတက်ရာသို့အတူလိုက်ပါသွားခဲ့သည့် "ကျောက်အန်း"(Zhao Ang) ၏ဇနီး ဝမ်အမျိုးသမီးဖြစ်သည်။

သို့သော်လည်း ထိုမြို့သည် "မာချောင်း"(Ma Chao) အတွက် မလုံခြုံပေ။ ရက်အနည်းငယ်အကြာတွင် "ရှဟိုယွမ်"(Xiahou Yuan) ၏စစ်တပ်ကြီးရောက်လာရာ "မာချောင်း"(Ma Chao) မှာ အနောက်ဘက်သို့ထွက်ပြေးရသည်။ ခုနစ်မိုင်ခန့်ခရီးဆက်ပြီးသော် တပ်ဖွဲ့တစ်ဖွဲ့နှင့်တွေ့ပြန်သည်။ ထိုတပ်ဖွဲ့၏ခေါင်းဆောင်မှာ "ရန်ဖူ"(Yang Fu) ဖြစ်သည်။
"မာချောင်း"(Ma Chao) သည်ဒေါသဖြင့် အံကိုကြိတ်ကာ လှံကိုကိုင်ပြီး "ရန်ဖူ"(Yang Fu) ကိုတိုက်သည်။ "မာတိုက်"(Ma Dai) နှင့် "ဖန်တဲ"(Pang De) တို့က တပ်နောက်ပိုင်းကိုတိုက်လေသည်။ "ရန်ဖူ"(Yang Fu) ၏စစ်တပ်ရှုံးနှိမ့်သွားပြီး သူ၏ညီနောင်ခုနစ်ဦးတို့အသတ်ခံရသည်။ "ရန်ဖူ"(Yang Fu) ကိုယ်တိုင်မှာလည်း ဒဏ်ရာငါးချက်ရသွားပြီး မလှုပ်နိုင်သည်အထိ ဆက်လက်တိုက်ခိုက်လေသည်။
"ရှဟိုယွမ်"(Xiahou Yuan) ရောက်လာသောအခါတွင် "မာချောင်း"(Ma Chao) သည်ထွက်ပြေးသွားပြီဖြစ်သည်။ "မာချောင်း"(Ma Chao) ၏တပ်ဖွဲ့တွင် စစ်သူကြီးနှစ်ဦးနှင့် မြင်းသည်တော် လေးငါးခြောက်ယောက်သာ ကျန်တော့သည်။

"ရှဟိုယွမ်"(Xiahou Yuan) သည် ရှီးကျိုးကိုအေးချမ်းသာယာအောင်ပြုပြီး ကာကွယ်ရေးကို "ကျန်းရွှီ"(Jiang Xu) နှင့်အခြားသစ္စာရှိအမှုထမ်းတို့လက်တွင် အပ်ထားခဲ့သည်။ ဒဏ်ရာရသွားခဲ့သော ခေါင်းဆောင် "ရန်ဖူ"(Yang Fu) ကို လှည်းဖြင့် မြို့တော်သို့ခေါ်သွားလေသည်။ ရွှီချန်သို့ရောက်သောအခါ "ချောင်ချောင်း"(Cao Cao) မှ အရှင်သခင်ရာထူးပေးမည်ပြုသည်။ သို့သော်လည်း "ရန်ဖူ"(Yang Fu) မှငြင်းပယ်လိုက်သည်။
"ကျွန်တော်က ကာကွယ်မှုမှာကောင်းကောင်းမကာကွယ်နိုင်ခဲ့သလို ကျွန်တော့်သခင်သေဆုံးမှုကိုလည်း မတားမြစ်နိုင်ခဲ့ဘူး။ ဒီလိုဂုဏ်ထူးဆောင်ဘွဲ့တွေအစား သေဒဏ်ကမှ ကျွန်တော်နဲ့သင့်တော်ပါတယ်။ ဒီလိုရာထူးမျိုးကို ကျွန်တော် ဘယ်လိုလက်ခံဝံ့ပါ့မလဲ"
"ချောင်ချောင်း"(Cao Cao) သည် ထိုသူအားချီးကျူးပြီး ဘွဲ့ထူးဂုဏ်ထူးပေးလိုက်လေသည်။

ရန်သူတို့၏လက်မှလွတ်လာသော "မာချောင်း"(Ma Chao) သည် သူ၏နောက်လိုက်နောက်ပါအနည်းငယ်နှင့် ဟန်ကျုံးသို့သွားကာ မြို့စား "ကျန်းလု"(Zhang Lu) လက်အောက်တွင် ခိုလှုံရန်ဆုံးဖြတ်လိုက်သည်။ "ကျန်းလု"(Zhang Lu) သည် ထိုသူတို့၏အကူအညီဖြင့် ယီကျိုးကိုသိမ်းနိုင်ပြီး "ချောင်ချောင်း"(Cao Cao) ကိုတွန်းလှန်နိုင်မည်ဟုတွေးကာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ခံလေ၏။ ထို့အပြင် ပိုမိုခင်မင်ရင်းနှီးစေရန် "မာချောင်း"(Ma Chao) ကို သူ၏သမီးနှင့်လက်ဆက်ပေးရန်တွေးသည်။ သို့သော်လည်း ၎င်းကို စစ်သူကြီးဖြစ်သည် "ရန်ပေါ်"(Yang Bo) ကလက်မခံပေ။
"မာချောင်း(Ma Chao) ရဲ့ဇနီးနဲ့မိသားစု သေဆုံးခဲ့တာက သူ့အပြစ်တွေကြောင့်ပဲ။ သခင်ကြီးက အဲ့လိုလူမျိုးလက်ထဲကို သခင်ကြီးရဲ့သမီးကိုထည့်မလို့လား"
ထိုအခါ "ကျန်းလု"(Zhang Lu) သည် ပြန်စဉ်းစားကာ သူ၏မူလအတွေးကိုဖျောက်လိုက်သည်။ ထိုအကြောင်းကို လူတစ်ယောက်ထံမှ "မာချောင်း"(Ma Chao) သိလေလျှင် "မာချောင်း"(Ma Chao) သည် "ရန်ပေါ်"(Yang Bo) အပေါ် အငြိုးထားလေသည်။ "ရန်ပေါ်"(Yang Bo) နှင့် သူ၏ညီ "ရန်စုန့်"(Yang Song) တို့ကလည်း "မာချောင်း"(Ma Chao) ၏ပျက်စီးကြောင်းကိုကြံနေသည်။

ထိုအချိန်တွင် ယီကျိုးမှ "လျူကျန်း"(Liu Zhang) ၏စစ်ကူတောင်းသောစာသည် ဟန်ကျုံးသို့ရောက်လာခဲ့သည်။ "ကျန်းလု"(Zhang Lu) က ငြင်းပယ်လိုက်သည်။
ထိုအချိန်တွင် ယီကျိုးမှလာသော "ဟွမ်ချွမ်"(Huang Quan) သည် "ရန်စုန့်"(Yang Song) ထံသွားကာ စစ်ကူပေးသင့်ကြောင်းပြောသည်။
"အရှေ့နဲ့အနောက်မြစ်ပြည်နယ်တို့ ထိစပ်နေတာဟာ နှာခမ်းနဲ့သွားလိုပဲ တစ်ခုအပေါ်တစ်ခု အမှီပြုနေတယ်။ ယီကျိုးသာဆုံးရှုံးသွားခဲ့ရင် ဟန်ကျုံးလည်း ဆက်လက်ပြီးရှင်သန်ဖို့ အခွင့်အရေးနည်းမယ်။ တခြားတစ်ဖက်မှာတော့ ခင်ဗျားသာ ကူညီရင် နယ်စားလျူကျန်း(Liu Zhang) က မြို့နယ်ပေါင်းနှစ်ဆယ်ကို လက်ဆောင်ပေးလိမ့်မယ်"
"ဟွမ်ချွမ်"(Huang Quan) ၏စကားကြောင့် "ရန်စုန့်"(Yang Song) မှာ နားယောင်သွားပြီး သူ၏သခင်ထံခေါ်သွားသည်။ "ဟွမ်ချွမ်"(Huang Quan) က "ကျန်းလု"(Zhang Lu) အား စစ်ကူပေးသင့်ကြောင်း ပြောလေသည်။ နောက်ဆုံးတွင် "ကျန်းလု"(Zhang Lu) မှလက်ခံလိုက်သည်။

သို့သော်လည်း အမှုထမ်းတစ်ဦးဖြစ်သည့် "ရန်ဖူ"(Yang Pu) မှကန့်ကွက်လေသည်။
"ဒီလို မြို့နယ်ပေါင်းနှစ်ဆယ်ကိုပေးမယ်ဆိုတာ သူတို့ယာယီလှည့်စားမှုပဲ။ လျူကျန်း(Liu Zhang) နဲ့သခင်ကြီးက ရန်သူဟောင်းတွေပဲ။ သူ့ကတိကို ယုံလို့မဖြစ်ဘူး"
ထိုအချိန်တွင် လူတစ်ယောက်မှဝင်ပြောသည်။

"ကျွန်တော်က သိပ်အသုံးဝင်သူမဟုတ်ပေမယ့်လည်း အဲ့လျူဘေ့(Liu Bei) ကိုဖမ်းပြီး ပြည်နယ်ကိုသိမ်းပါ့မယ်"

Comments

Popular posts from this blog

Lookism