သုံးနိုင်ငံခေတ် (၆၅)

အခန်း(၆၅) "မာချောင်း"(Ma Chao) သည် ကျားမုန့်ခံတပ်ကိုတိုက်ခိုက်ခြင်း။ "လျူဘေ့"(Liu Bei) သည် ယီကျိုးပြည်နယ်ကိုရယူခြင်း။

"ရန်ဖူ"(Yan Pu) သည် "လျူကျန်း"(Liu Zhang) ကိုကူညီရန် ကန့်ကွက်လေ၏။ သို့သော် "မာချောင်း"(Ma Chao) မှထကာ ပြောလေသည်။
"ကျွန်တော်က သခင်ကြီးရဲ့အကူအညီကိုရခဲ့တာ အဲ့ကျေးဇူးကိုပြန်မဆပ်နိုင်သေးဘူး။ ဒါကြောင့် ကျွန်တော့်ကို ကျားမုန့်ခံတပ်ကိုချီတက်ခွင့်ပေးပြီး လျူဘေ့(Liu Bei) ကို ဖမ်းပါရစေ။ ဒီလိုဆိုရင် လျူကျန်း(Liu Zhang) ဟာလည်း မြို့နယ်နှစ်ဆယ်ကိုဆုံးရှုံးပြီး အဲ့နယ်တွေက သခင်ကြီးရဲ့ပိုင်ဆိုင်မှုဖြစ်လာလိမ့်မယ်။
ထိုစကားကိုကြားသောအခါ "ကျန်းလု"(Zhang Lu) မှာ ဝမ်းမြောက်သွားပြီး စစ်ကူပို့မည်ဖြစ်ကြောင်း "ဟွမ်ချွမ်"(Huang Quan) ကိုပြောကာ ပြန်လွှတ်လိုက်သည်။ ထို့နောက် "မာချောင်း"(Ma Chao) အား တပ်သားနှစ်သောင်းပေးကာ ချီတက်စေသည်။ "ဖန်တဲ"(Pang De) မှာ မမာမကျန်းဖြစ်နေသောကြောင့် စစ်ချီတက်ရာတွင် မလိုက်ပဲ ဟန်ကျုံးတွင်ကျန်ရစ်ခဲ့သည်။ "ရန်ပေါ်"(Yang Bo) ကို တပ်ဖွဲ့ကြီးကြပ်ရေးအရာရှိအဖြစ်ခန့်အပ်လိုက်သည်။ "မာချောင်း"(Ma Chao) နှင့် "ဖန်တဲ"(Ma Dai) တို့သည် ချီတက်ရန်ရက်ရွေးကာ ကျားမုန့်ခံတပ်သို့ ချီတက်လေသည်။

ထိုအချိန်တွင် ချန်တူးသို့ "ဖာကျန့်"(Fa Zheng) လွှတ်ထားသော ဆက်သားသည် ပြန်ရောက်လာပြီး သတင်းပို့သည်။
"ကျန်းတု(Zheng Du) က မြို့တော်နဲ့ကျူးကျော်လာသူတွေကြားက ဂိုထောင်တွေ၊ မြေပြန့်နဲ့ချိုင့်ဝှမ်းတွေအကုန်လုံးကို မီးရှို့စေပြီးတော့ လူတွေကိုပြောင်းရွှေ့စေပြီး ခံစစ်ပဲတိုက်ဖို့အကြံပေးတယ်"
ထိုသတင်းကြောင့် "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့စိတ်ပူပန်သွားသည်။ အကြောင်းမှာ ရန်သူတို့ထိုသို့လုပ်ဆောင်ပါက မိမိတို့အတွက် အန္တရာယ်ရှိသောကြောင့်ဖြစ်သည်။ သို့သော် "ဖာကျန့်"(Fa Zheng) မှာ အေးအေးဆေးဆေးသာရှိလေသည်။
"စိတ်မပူပါနဲ့။ ဒီအကြံအစည်က ကျွန်တော်တို့အတွက် အကျိုးယုတ်ပေမယ့် လျူကျန်း(Liu Zhang) က ဒါကို လက်ခံမှာမဟုတ်ဘူး"
မကြာခင်တွင်ပင် "လျူကျန်း"(Liu Zhang) မှ ထိုအကြံကိုပယ်ချလိုက်သည်ဟူသောသတင်းကို ကြားလိုက်ရသောအခါ  "လျူဘေ့"(Liu Bei) မှာစိတ်အေးသွားလေသည်။

"ကျူးကဲလျန့်"(Zhuge Liang) : "ကျွန်တော်တို့အခု မျန့်ကျူကိုသိမ်းဖို့လုပ်ကြရမယ်။ ပြီးရင် ချန်တူးက ကျွန်တော်တို့လက်ထဲရောက်လာပြီပဲ"
ထိုအခါ "လျူဘေ့"(Liu Bei) သည် "ဟွမ်ကျုံး"(Huang Zhong) နှင့် "ဝေရန်"(Wei Yan) တို့ကို အရင်ချီတက်စေသည်။ မျန့်ကျူစစ်သူကြီး "ဖေးကွမ်း"(Fei Guan) သည် ထိုသတင်းကိုကြားသောအခါ "လီယန်"(Li Yan) အား စစ်သားသုံးထောင်ပေးကာ ချီတက်စေသည်။ တပ်ဖွဲ့ကြီးနှစ်ခုတို့ထိပ်တိုက်ရင်ဆိုင်သောအခါ "ဟွမ်ကျုံး"(Huang Zhong) သည် ရှေ့သို့ထွက်လာပြီး "လီယန်"(Li Yan) နှင့် အကွက်တစ်ရာခန့်တိုက်သော်လည်း မည်သူမှ အသာမရပေ။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် မောင်းတီးစေကာ တိုက်ပွဲကိုနားစေလိုက်သည်။
"ဟွမ်ကျုံး"(Huang Zhong) သည် သူ၏တပ်ဖွဲ့အတွင်းသို့ပြန်ရောက်သောအခါ မေးလေသည်။
"အကြံပေး၊ ကျွန်တော် ရန်သူကိုအနိုင်ရခါနီးနေတာ ဘာလို့တပ်ပြန်ဆုတ်ဖို့အချက်ပေးလိုက်ရတာလဲ"
"ဘာလို့လည်းဆိုတော့ လီယန်(Li Yan) ကို သာမန်တပ်ဖွဲ့နဲ့အနိုင်ယူဖို့ မဖြစ်နိုင်လို့ပဲ။ မနက်ဖြန်မှာ ခင်ဗျားတို့ထပ်တိုက်ပြီး ရှုံးချင်ယောင်ဆောင်ပြီးတော့ သူ့ကိုတောင်ကုန်းတွေကြားထဲ မျှားခေါ်သွားပါ။ အဲ့မှာ သူ့အတွက် အံ့ဩစရာတွေ စောင့်ကြိုနေလိမ့်မယ်"

"ဟွမ်ကျုံး"(Huang Zhong) ကလည်း ထိုအကြံကိုလက်ခံလိုက်သည်။ နောက်ရက် "လီယန်"(Li Yan) စိန်ခေါ်သောအခါတွင် ထွက်တိုက်ပြီး အခြေအနေမကောင်းချင်ယောင်ဆောင်ပြီးနောက် ထွက်ပြေးလေ၏။ "လီယန်"(Li Yan) ကလည်း နောက်မှလိုက်ရာ မကြာမီတွင်ပင် တောင်ကုန်းများဆီသို့ မျှားခေါ်သွားခြင်းခံရသည်။ "လီယန်"(Li Yan) သည် စိတ်ထဲတွင် သင်္ကာမကင်းဖြစ်ကာ ပြန်လှည့်ရန် ပြင်လေသည်။ သို့သော်လည်း ထိုအချိန်တွင် "ဝေရန်"(Wei Yan) ၏တပ်ဖွဲ့ကြီးပေါ်လာလေ၏။
အနီးအနားတွင်ရှိသော တောင်ကုန်းပေါ်မှ "ကျူးကဲလျန့်"(Zhuge Liang) သည် လှမ်းအော်ပြောလေသည်။
"ခင်ဗျား လက်နက်ချရင်ကောင်းမယ်။ ခင်ဗျားကို မြားတွေ၊ ဒူးလေးတွေနဲ့ချိန်ထားပြီးပြီ။ ဒါတွေအကုန်လုံးက ဖန်ထုံ(Pang Tong) အတွက် လက်စားချေဖို့ပဲ"
"လီယန်"(Li Yan) သည် မြင်းပေါ်မှဆင်းကာ သံချပ်ကာကိုချွတ်လိုက်ပြီး အညံ့ခံလိုက်လေသည်။ လက်နက်ချသောတပ်သားတစ်ဦးတစ်ယောက်မှ ထိခိုက်ခြင်းမရှိခဲ့ပေ။ ထိုအကျဉ်းသားကို "လျူဘေ့"(Liu Bei) ထံခေါ်သွားလေရာ "လျူဘေ့"(Liu Bei) ၏သဘောထားကြီးမှုကြောင့် "လီယန်"(Li Yan) မှာ "ဖေးကွမ်း"(Fei Guan) ကိုပါ သူ့ဘက်ပါအောင်လုပ်လိုကြောင်း ပြောလေသည်။
"သူက လျူကျန်း(Liu Zhang) နဲ့အမျိုးတော်ပေမယ့်လည်း သူနဲ့ကျွန်တော်က အင်မတန်ရင်းနှီးတဲ့သူငယ်ချင်းတွေပါ။ ဒီတော့ သူ့ကိုကျွန်တော်တို့ဘက်ပါအောင် သွားပြီးနားချပါရစေ"
ထို့ကြောင့် "လီယန်"(Li Yan) ကို တစ်ဖက်သို့ပြန်လွှတ်လိုက်ပြီး သူ၏ခေါင်းဆောင်ထံသွားစေပြီး နားချစေသည်။ "လီယန်"(Li Yan) ၏စည်းရုံးမှုကြောင့် "ဖေးကွမ်း"(Fei Guan) သည်စိတ်ပြောင်းကာ မြို့တံခါးကိုဖွင့်ပေးလိုက်လေသည်။ "လျူဘေ့"(Liu Bei) သည် မြန့်ကျူသို့ဝင်သည်နှင့် ပြည်နယ် မြို့တော်ကိုသိမ်းရန် စစ်တပ်စေလွှတ်လေသည်။
ထိုအချိန်တွင် ကျားမုန့်ခံတပ်မှလွှတ်လိုက်သော ဆက်သား ရောက်လာသည်။
"အရှေ့ဘက်ကနေ မာချောင်း(Ma Chao) ၊ မာတိုက်(Ma Dai) နဲ့ ရန်ပေါ်(Yang Bo) တို့တပ်ဖွဲ့ကြီးချီတက်လာတယ်။ အကူအညီမပို့လို့ရှိရင် ခံတပ်ကြီးကျသွားလိမ့်မယ်"
"ကျူးကဲလျန့်"(Zhuge Liang) : "ဒီတာဝန်အတွက် ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင်(Zhao Yun) ကိုလိုတယ်။ သူတို့သာရှိရင် ရန်သကိုတွန်းလှန်နိုင်မယ်"
"လျူဘေ့"(Liu Bei) : "ကျောက်ယွင်(Zhao Yun) က တခြားနေရာရောက်နေတယ်။ ဒါပေမယ့် ကျန်းဖေး(Zhang Fei) ကဒီမှာဆိုတော့ သူ့ကိုစစ်ချီတက်စေရမယ်"
"ကျူးကဲလျန့်"(Zhuge Liang) : "ကျန်းဖေး(Zhang Fei) ရောက်လာရင် သခင်ကြီးက ဘာမှဝင်မပြောပါနဲ့။ ကျွန်တော်က သူ့စိတ်ကိုဆွပေးပြီးအကောင်းဆုံးလုပ်ဆောင်အောင် လုပ်ပါ့မယ်"

ထိုကျားမုန့်ခံတပ်သတင်းကိုကြားသောအခါ "ကျန်းဖေး"(Zhang Fei) ရောက်လာသည်။
"အစ်ကိုကြီး၊ ကျွန်တော့်ကိုစစ်ချီတက်ခွင့်ပြုပါ။ ကျွန်တော် မာချောင်း(Ma Chao) ကိုသွားတိုက်မယ်"
"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းဖေး"(Zhang Fei) ပြောသည်ကို မကြားချင်ယောင်ဆောင်ကာ "လျူဘေ့"(Liu Bei) နှင့်စကားပြောလေသည်။
"အဲ့မာချောင်း(Ma Chao) က ကျားမုန့်ခံတပ်ကိုတောင် ကျူးကျော်လာပြီ။ ကျွန်တော်တို့မှာ သူ့ကိုရင်ဆိုင်နိုင်မယ့်လူမရှိဘူး။ ကွမ်းယွီ(Guan Yu) ကလွဲရင် ကျန်တဲ့လူ သူ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး။ ကွမ်းယွီ(Guan Yu) ကိုပြန်ခေါ်မှဖြစ်မယ်"
"အကြံပေးက ကျွန်တော့်ကိုဒီလောက်တောင် အထင်သေးရလား? ကျွန်တော် အသံနဲ့တင်တပ်ဖွဲ့ကြီးကို ကြောက်လန့်သွားအောင်လုပ်နိုင်ခဲ့တယ်လေ။ အဲ့အရူး မာချောင်း(Ma Chao) လောက်ကို မယှဉ်နိုင်စရာလား"

"ဟုတ်ပါတယ်၊ စစ်သူကြီးပြောတာမှန်ပါတယ်။ လုံတောင်ကုန်းတံတားမှာတုန်းက တံတားကိုချိုးခဲ့ပြီး ရန်သူတွေကို ဆက်မချီတက်အောင်လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒါဟာ ရန်သူတွေက စိတ်ထဲမှာ သံသယရှိနေခဲ့လို့ဖြစ်တယ်။ သူတို့သာကြိုသိနေရင် စစ်သူကြီး လွယ်လွယ်နဲ့ထွက်လာနိုင်မှာမဟုတ်ဘူး။ အခုလက်ရှိမှာ တစ်လောကလုံးက မာချောင်း(Ma Chao) သိကြပြီး ဝေမြစ်က တိုက်ပွဲခြောက်ခုအကြောင်းကိုလည်း သိကြတယ်။ ဒါ့အပြင် သူ့ကြောင့်ပဲ ချောင်ချောင်း(Cao Cao) က သူ့မုတ်ဆိတ်ကိုရိတ်၊ အင်္ကျီကိုချွတ်ပြီး ရုပ်ဖျက်ပြီးပြေးခဲ့ရတာလေ။ မာချောင်း(Ma Chao) က ချောင်ချောင်း(Cao Cao) ကိုသတ်နိုင်ဖို့ နည်းနည်းပဲလိုခဲ့တာ။ ဒီလိုမျိုးကို ကွမ်းယွီ(Guan Yu) တောင် လုပ်နိုင်မှာမဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ် ကျွန်တော် စစ်ချီတက်ပါရစေ။ သူ့ကိုမနှိမ်နှင်းနိုင်ရင် ကျွန်တော် အပြစ်ဒဏ်ခံယူပါ့မယ်"
"ဒါဆို ခင်ဗျားက ဒီကိစ္စကို သက်သေအနေနဲ့ စာရေးထားပါ။ အခုတိုက်ပွဲမှာ သခင်ကြီးကိုပါ အနောက်ကနေ စစ်ကူအနေနဲ့လိုက်စေပါ။ ဒီမြို့ကိုကာကွယ်ဖို့ကတော့ ကျောက်ယွင်(Zhao Yun) ပြန်မလာခင်အထိ ကျုပ်တာဝန်ထားပါ"
"ဝေရန်"(Wei Yan) : "ကျွန်တော်လည်း စစ်ချီတက်ချင်တယ်"

ထို့ကြောင့် "ဝေရန်"(Wei Yan) ကို "ကျန်းဖေး"(Zhang Fei) ရှေ့မှ မြင်းသည်တော်ငါးရာဖြင့် ချီတက်စေပြီး "လျူဘေ့"(Liu Bei) သည် အနောက်မှ ချီတက်လေသည်။ "ဝေရန်"(Wei Yan) နှင့် သူ၏တပ်ဖွဲ့တို့သည် ကျားမုန့်ခံတပ်သို့ရောက်သောအခါ "ရန်ပေါ်"(Yang Bo) ၏တပ်ဖွဲ့နှင့် ရင်ဆိုင်ရလေ၏။ ခဏကြာတိုက်ခိုက်ပြီးနောက် "ရန်ပေါ်"(Yang Bo) ထွက်ပြေးသွားသည်။ သူ၏စွမ်းဆောင်မှုကို "ကျန်းဖေး"(Zhang Fei) ယူသွားမည်ကိုစိုးရိမ်သောကြောင့် "ဝေရန်"(Wei Yan) သည် ရန်သူနောက်မှလိုက်လေသည်။ ထိုအချိန်တွင် "ဝေရန်"(Wei Yan) သည် နောက်တပ်ဖွဲ့တစ်ဖွဲ့ဖြင့် ရင်ဆိုင်ရလေသည်။ ထိုတပ်ဖွဲ့ကိုဦးဆောင်လာသူမှာ "မာတိုက်"(Ma Dai) ဖြစ်သည်။ "မာတိုက်"(Ma Dai) ကို "မာချောင်း"(Ma Chao) အောက်မေ့သောကြောင့် "ဝေရန်"(Wei Yan) သည် ဓားကိုဝှေ့ရမ်းကာ ရန်သူ့နောက်လိုက်သည်။ မကြာမီတွင်ပင် "မာတိုက်"(Ma Dai) သည် ပြန်လှည့်ကာ ထွက်ပြေးလေ၏။ "ဝေရန်"(Wei Yan) ကလည်း အနောက်မှလိုက်သည်။ သို့သော် "မာတိုက်"(Ma Dai) သည် ရုတ်တရတ်ပြန်လှည့်ပြီး မြားဖြင့်ပစ်လိုက်သောအခါ "ဝေရန်"(Wei Yan) ၏ဘယ်ဘက်လက်မောင်းကို ထိမှန်သွားသည်။

ထိုအခါ "ဝေရန်"(Wei Yan) သည် ပြန်လှည့်ပြေးရပြီး "မာတိုက်"(Ma Dai) ကအနောက်မှလိုက်လေသည်။ ခံတပ်အနီးသို့ရောက်လာသောအခါ လျင်မြန်သောမြင်းကိုစီးထားသည့် ကြောက်မက်ဖွယ်စစ်သူကြီးတစ်ဦးကို တွေ့လေသည်။ ထိုသူမှာ "ကျန်းဖေး"(Zhang Fei) ဖြစ်သည်။ မကြာသေးခင်က ရောက်လာခဲ့သော "ကျန်းဖေး"(Zhang Fei) သည် တိုက်ခိုက်သံကြားသောကြောင့် ထွက်ကြည့်လေရာ ဒဏ်ရာရနေသော "ဝေရန်"(Wei Yan) ကိုမြင်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် "ကျန်းဖေး"(Zhang Fei) သည် "ဝေရန်"(Wei Yan) ကိုကယ်ရန် ရောက်လာခဲ့သည်။ သို့သော် ရန်သူနှင့်မတိုက်မှီတွင် ထိုရန်သူမှာ သူနှင့်ယှဉ်နိုင်သောအရည်အချင်းရှိသူဟုတ်မဟုတ် သိလိုသောကြောင့် မေးလေသည်။
"ခင်ဗျားက ဘယ်သူလဲ? ခင်ဗျားနာမည်ပြောပါ။ ဒါဆို ခင်ဗျားနဲ့တိုက်မယ်"
"ကျုပ်က ရှီလျန်က မာတိုက်(Ma Dai) ပါ"
"ခင်ဗျားက မာချောင်း(Ma Chao) မဟုတ်ဘူး။ မြန်မြန်ထွက်သွားစမ်းပါ။ ခင်ဗျားက ကျုပ်ကိုယှဉ်နိုင်မှာမဟုတ်ဘူး။ ပြီးရင် ယန်ဇာတိ ကျန်းဖေး(Zhan Fei) ရောက်နေတယ်လို့ မာချောင်း(Ma Chao) ကိုပြောလိုက်"
"ခင်ဗျားက ကျုပ်ကိုအထင်သေးရဲတယ်"
"မာတိုက်"(Ma Dai) သည် ဒေါသထွက်ကာ လှံကိုအသင့်ပြင်ပြီး မြင်းကိုကစုန်ဆိုင်းနှင်ကာ "ကျန်းဖေး"(Zhang Fei) ကိုတိုက်လေသည်။ သို့သော်မကြာမီတွင်ပင် "မာတိုက်"(Ma Dai) မှာ ထွက်ပြေးသွားရသည်။

"ကျန်းဖေး"(Zhang Fei) က လိုက်မည်ပြုသော်လည်း နောက်မှရောက်လာသောလူတစ်ဦးမှ ဟန့်တားလိုက်သည်။
"ငါ့ညီ၊ မလိုက်နဲ့တော့"
ထိုရောက်လာသူမှာ "လျူဘေ့"(Liu Bei) ဖြစ်သည်။ ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် အစ်ကိုဖြစ်သူနှင့်အတူ ခံတပ်အတွင်းသို့ ပြန်ဝင်လေသည်။
"မင်းက စိတ်မြန်လို့မင်းနောက်ကို လိုက်လာခဲ့တာ။ ဒီတိုက်ပွဲမှာ အနိုင်ရသွားတော့ ကောင်းကောင်းအနားယူပြီး မနက်ဖြန်မှာ မာချောင်း(Ma Chao) နဲ့တိုက်ဖို့ အသင့်ပြင်ပါ"
နောက်ရက် အရုဏ်တက်ချိန်တွင် ဗုံသံတို့နှင့်အတူ "မာချောင်း"(Ma Chao) ရောက်လာလေသည်။ ခံတပ်ပေါ်တွင်ရှိသော "လျူဘေ့"(Liu Bei) သည် တပ်ဖွဲ့အတွင်းမှ "မာချောင်း"(Ma Chao) ထွက်လာသည်ကို မြင်လိုက်လေ၏။ "မာချောင်း"(Ma Chao) သည် ခြင်္သေ့ခေါင်းဆောင်းဆောင်းထားကာ သားရဲတစ်ကောင်၏ခေါင်းကို ခါးပတ်သဖွယ်ချိတ်ထားသည်။ ဝတ်ထားသောသံချပ်ကာမှာ ငွေရောင်ဖြစ်ပြီး အဝတ်မှာ အဖြူရောင်ဖြစ်လေသည်။ သူ၏ထူးခြားသောအသွင်အပြင်နှင့် အရည်အချင်းတို့ကိုမြင်သောအခါ "လျူဘေ့"(Liu Bei) သည် လေးစားစွာ မှတ်ချက်ချသည်။
"သူက  ရုပ်ရည်ချောမောတဲ့မာချောင်း(Ma Chao) ဆိုပြီး လူတွေပြောကြသလိုပါပဲလား"

"ကျန်းဖေး"(Zhang Fei) သည် ဆင်းကာတိုက်ခိုက်ရန် ပြင်သော်လည်း အစ်ကိုဖြစ်သူမှ ဟန့်တားလိုက်သည်။
"မတိုက်နဲ့ဦး။ သူတက်ကြွနေတဲ့အချိန် မတိုက်နဲ့"
အောက်ဘက်မှ "မာချောင်း"(Ma Chao) သည် "ကျန်းဖေး"(Zhang Fei) ကိုစိန်ခေါ်နေခဲ့ပြီး အပေါ်ဘက်မှ "ကျန်းဖေး"(Zhang Fei) သည်လည်း ထွက်ကာရင်ဆိုင်ရန် ခြေတကြွကြွဖြစ်နေသည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) မှတားမြစ်ထားသောကြောင့် ထွက်မတိုက်ဖြစ်ပေ။ မွန်းတည့်ချိန်ကျော်သွားသောအခါတွင် ရန်သူ၏တပ်သားများပင်ပန်းနေပြီကို သတိပြုမိသောအခါ "လျူဘေ့"(Liu Bei) သည် "ကျန်းဖေး"(Zhang Fei) ထွက်ရန်အချိန်တန်ပြီဟု တွေးပြီး "ကျန်းဖေး"(Zhang Fei) ကို မြင်းသည်တော်ငါးရာနှင့်အတူ ထွက်တိုက်စေသည်။
စစ်သည်တော်အနည်းငယ်နှင့်ထွက်လာသော "ကျန်းဖေး"(Zhang Fei) ကိုမြင်သောအခါ "မာချောင်း"(Ma Chao) သည် သူ၏တပ်သားတို့အား မြားမပစ်ရန် လှမ်းဟန့်လိုက်သည်။ တပ်ဖွဲ့ကြီးနေရာယူပြီးနောက် "ကျန်းဖေး"(Zhang Fei) သည် မြွေလှံကိုကိုင်ကာထွတ်လာလေသည်။
"ကျုပ်က ဘယ်သူဆိုတာ သိလား? ကျုပ်က ယန်နယ်က ကျန်းဖေး(Zhang Fei) ပဲ"
"ကျုပ်တို့မိသားစုက မျိုးရိုးစဉ်ဆက် မြင့်မြတ်တဲ့မိသားစုတွေပဲ။ ခင်ဗျားတို့လို မပြောပလောက်တဲ့လူကို ဘယ်သိပါ့မလဲ"

ထိုစကားကြောင့် "ကျန်းဖေး"(Zhang Fei) မှာဒေါသထွက်သွားလေသည်။ မကြာမီတွင်ပင် နှစ်ဦးသားရင်ဆိုင်ကြလေသည်။ တစ်ဦးမျှ အသာမရပေ။
"လျူဘေ့"(Liu Bei) သည် သက်ပြင်းချကာ
"အင်မတန်ထူးချွန်ပြီး ရဲရင့်တဲ့ခေါင်းဆောင်ပဲ" ဟုမှတ်ချက်ချသည်။
ထို့နောက် "ကျန်းဖေး"(Zhang Fei) မှာ အန္တရာယ်နှင့်ရင်ဆိုင်နေရသည်ဟုထင်သောကြောင့် မောင်းခတ်စေပြီး တိုက်ပွဲကိုနားစေသည်။ နှစ်ဦးနှစ်ဘက်လုံး ခဏတာ ဆုတ်ခွာလေသည်။ "ကျန်းဖေး"(Zhang Fei) သည် သူ၏မြင်းကိုအနားပေးပြီးနောက်ဝယ် ခေါင်းစည်းကိုစည်းကာ မြင်းကိုပြန်စီးပြီး ထပ်တိုက်ပြန်သည်။ တစ်ဖက်မှ "မာချောင်း"(Ma Chao) ကလည်း ထွက်လာပြီးတိုက်ပြန်သည်။
"လျူဘေ့"(Liu Bei) သည် သူ၏ညီမှာ အကြပ်အတည်းထဲရောက်နေပြီဟုထင်သောကြောင့် သံချပ်ကာကိုဝတ်ကာ ထွက်လာလေသည်။ စစ်သူကြီးနှစ်ဦးတို့အကွက်တစ်ရာခန့်တိုက်နေသည်ကို ကြည့်ပြီးနောက် ရပ်နားရန် အချက်ပေးလိုက်ပြန်သည်။ နှစ်ဖက်စလုံးခဏရပ်နားကာ ကိုယ့်နေရာသို့ကိုယ် ပြန်သွားသည်။
ညဥ့်နက်လာသောအခါ "လျူဘေ့"(Liu Bei) မှ သူ၏ညီကိုပြောသည်။
"ဒီနေ့တော့ ဒီလောက်နဲ့ပဲတော်လိုက်တော့။ သူက အင်မတန်ဆိုးရွားတဲ့ပြိုင်ဘက်ပဲ။ မနက်ဖြန်မှ ဆက်ရင်ဆိုင်ပါ"
သို့သော် စိတ်ဓာတ်ထက်သန်နေသော "ကျန်းဖေး"(Zhang Fei) မှာ နားမဝင်ပေ။
"မရဘူး။ အဲ့အစား ကျွန်တော်သေပြီးပြန်မလာနိုင်တာကမှ ပိုကောင်းမယ်"
"ဒါပေမယ့် အခုတအားမှောင်နေပြီ။ ဆက်တိုက်လို့မဖြစ်ဘူး" 
"သူတို့ကို မီးတုတ်တွေယူလာခိုင်းပါ။ ညဘက်တိုက်ပွဲ တိုက်ကြတာပေါ့"
"မာချောင်း"(Ma Chao) သည် မြင်းအသစ်တစ်ကောင်ကို စီးလာကာ စိန်ခေါ်လေသည်။
"ကျန်းဖေး(Zhang Fei) ၊ ခင်ဗျား ကျုပ်နဲ့ညတိုက်ပွဲတိုက်ဝံ့လား"

"ကျန်းဖေး"(Zhang Fei) မှာ ပို၍စိတ်တက်ကြွသွားကာ သူ၏အစ်ကိုမြင်းနှင့် မြင်းလဲကာ ထွက်သွားသည်။
"ခင်ဗျားကို မဖမ်းနိုင်ရင် ကျုပ်ခံတပ်ကို မပြန်ဘူး"
"ခင်ဗျားကို မချေမှုန်းနိုင်ရင် ကျုပ်က စခန်းကို ပြန်မသွားဘူး"
နှစ်ဘက်လုံးမှ တပ်သားတို့က အားပေးကြလေသည်။ ထို့နောက် ထောင်ပေါင်းများစွာသော မီးတုတ်တို့ကိုထွန်းညှိစေကာ မနက်ကဲ့သို့ ထိန်ထိန်လင်းနေစေသည်။ ထို့နောက် စစ်သူကြီးနှစ်ဦးတို့ ရင်ဆိုင်ကြလေသည်။
အကွက်နှစ်ဆယ်ခန့်တိုက်ပြီးနောက်ဝယ် "မာချောင်း"(Ma Chao) သည် ပြန်လှည့်ကာ ပြေးမည်ပြုသည်။
"ခင်ဗျားက ဘယ်ပြေးမလို့လဲ"
အမှန်မှာ "မာချောင်း"(Ma Chao) သည် သာမန်နည်းဖြင့် အနိုင်မယူနိုင်မှန်းသိသောကြောင့် ပရိယာယ်သုံးကာ ထွက်ပြေးချင်ယောင်ဆောင်ခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် "ကျန်းဖေး"(Zhang Fei) သည် အနောက်မှလိုက်လာမည်ဖြစ်သည်။ "မာချောင်း"(Ma Chao) သည် ကြေးနီဖြင့်ပြုလုပ်ထားသောတုတ်ကို တိတ်တဆိတ်ကိုင်ထားပြီး ရန်သူ၏ဟာကွက်ကိုချောင်းနေခဲ့သည်။ သို့သော် "မာချောင်း"(Ma Chao) ၏ထွက်ပြေးမှုမှာ "ကျန်းဖေး"(Zhang Fei) ၏သံသယကို ပိုကြီးသွားစေပြီး ပိုမိုသတိထားလေသည်။ "မာချောင်း"(Ma Chao) က တုတ်ဖြင့်လှမ်းရိုက်သောအခါတွင် "ကျန်းဖေး"(Zhang Fei) ကရှောင်လိုက်ရာ လက်နက်သည် နားရွက်နားမှဖြတ်သွားသည်။ ထို့နောက် "ကျန်းဖေး"(Zhang Fei) က နောက်ပြန်လှည့်သွားရာ "မာချောင်း"(Ma Chao) က နောက်မှလိုက်လေသည်။ "ကျန်းဖေး"(Zhang Fei) သည် ရုတ်တရတ်လှည့်ကာ မြားဖြင့်ပစ်လိုက်သော်လည်း "မာချောင်း"(Ma Chao) ကရှောင်လိုက်ပြန်သည်။ ထို့နောက် နှစ်ဦးသား ကိုယ့်နေရာသို့ကိုယ် ပြန်သွားကြသည်။

"လျူဘေ့"(Liu Bei) သည် တိုက်ပွဲနေရာသို့ထွက်လာကာ ပြောလေသည်။
"မာချောင်း(Ma Chao) ၊ ကျုပ်က မှန်ကန်မှုနဲ့မျှတမှုဘက်လိုက်ပြီး လူတွေအပေါ် သနားကြင်နာပြီးစိတ်ရင်းစေတနာမှန်နဲ့ပဲ ဆက်ဆံခဲ့တယ်။ ခင်ဗျားတို့တပ်ကို အခွင့်ကောင်းယူပြီးမတိုက်ပါဘူး၊ ဒါကြောင့် စိတ်ချလက်ချအနားယူပါ"
ထိုစကားကိုကြားသောအခါ "မာချောင်း"(Ma Chao) သည် တပ်နောက်ပိုင်းကိုကာကွယ်ပြီး လှည့်ပြန်လေသည်။ "လျူဘေ့"(Liu Bei) သည်လည်း သူ၏တပ်ဖွဲ့ကိုဦးဆောင်ကာ ခံတပ်အတွင်းသို့ပြန်ဝင်သွားသည်။ နောက်ရက် နံနက်စောစောတွင် "ကျန်းဖေး"(Zhang Fei) သည် ခံတပ်မှထွက်ကာ တိုက်မည်ပြုသည်။ ထိုအချိန်တွင် အကြံပေးရောက်လာကြောင်း သိရလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ရောက်လာသည်နှင့် "လျူဘေ့"(Liu Bei) အား "မာချောင်း"(Ma Chao) ၏အကြောင်းကိုပြောလေသည်။
"သူက ဒီခေတ်ဒီအခါမှာ အဆိုးရွားဆုံးပြိုင်ဘက်ပဲ။ သူသာဒီလို ကျန်းဖေး(Zhang Fei) နဲ့ဆက်တိုက်နေရင် ဒီစစ်သူကြီးနှစ်ယောက်ထဲက တစ်ယောက်ဆုံးရှုံးရလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ဒီကိုအမြန်ဆုံးလာခဲ့တာ။ မြန့်ကျူကိုတော့ ကျောက်ယွင်(Zhao Yun) နဲ့ ဟွမ်ကျုံး(Huang Zhong) လက်ထဲအပ်ထားခဲ့တယ်။ မာချောင်း(Ma Chao) ကို ကျွန်တော်တို့ဘက်ပါစေဖို့ ကျွန်တော့်မှာ အကြံရှိတယ်"
"ကျုပ်လည်း သူ့ကိုမြင်တော့ သူ့ကိုအင်မတန်မှ လေးစားမိတယ်။ သူ့ကို ကျုပ်တို့ဘက်ပါအောင် ဘယ်လိုလုပ်မလဲ"

"သခင်ကြီး၊ ကျွန်တော်ပြောတာ နားထောင်ပါ။ ကျန်းလု(Zhang Lu) က 'ဟန်ကျုံးမင်းသား' ဆိုတဲ့ဂုဏ်ဒြပ်ကိုရယူလိုတယ်။ သူနဲ့ရင်းနှီးတဲ့သူ့အမှုထမ်းတွေထဲမှာ ရန်စုန့်(Yang Song) က လာဘ်စားတဲ့လူတစ်ယောက်ပဲ။ ဒါကြောင့် ကျွန်တော်တို့ သူ့ဆီကိုလူတစ်ယောက်လွှတ်ပြီး ရွှေတွေ၊ငွေတွေပေးပြီးတော့ သူ့ရဲ့အကူအညီကိုရယူမယ်။ အဲ့ဒါပြီးသွားရင် သခင်ကြီးက ကျန်းလု(Zhang Lu) ဆီစာတစ်စောင်ရေးပြီး လက်ရှိယီကျိုးနယ်စားကို သခင်ကြီးက ဖြုတ်ချမယ့်အကြောင်း၊ အဲ့လိုသာဆိုရင် သူနဲ့ယီကျိုးနယ်စားကြားကရန်ငြိုးက ပြီးဆုံးသွားမှာဖြစ်တဲ့အကြောင်း၊ နောက်ပြီး သူရယူလိုတဲ့ရာထူးကို သခင်ကြီးက ထောက်ခံပေးမှာဖြစ်ကြောင်း ပြောပါ။ အဲ့လိုဆိုရင် သူက မာချောင်း(Ma Chao) ကို တပ် ပြန်လှည့်ဖို့အမိန့်ပေးလိမ့်မယ်။ အဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျွန်တော်က "မာချောင်း"(Ma Chao) ကို ကျွန်တော်တို့ဘက်ပါအောင် လုပ်နိုင်ပါတယ်"
"လျူဘေ့"(Liu Bei) သည် စောင်တစ်စောင်ရေးကာ ထိုစာကို "စွန်းချန်"(Sun Qian) အား ပို့စေပြီး စာနှင့်အတူ ရွှေ၊ ပုလဲတို့ကိုထည့်လိုက်သည်။ "စွန်းချန်"(Sun Qian) သည် လျှို့ဝှက်လမ်းတို့မှသွားပြီး "ရန်စုန့်"(Yang Song) နှင့်တွေ့ကာ အကျိုးအကြောင်းကိုပြောလေသည်။ "ရန်စုန့်"(Yang Song) သည် "စွန်းချန်"(Sun Qian) အား "ကျန်းလု"(Zhang Lu) ထံသို့ခေါ်သွားလေ၏။
"လျူဘေ့(Liu Bei) ကိုယ်တိုင်က သာမန်စစ်သူကြီးတစ်ယောက်ပဲလေ။ သူက ဘယ်လို ကျုပ်ကိုထောက်ခံပေးနိုင်မှာလဲ"
"သူက ဦးရီးတော်လေ။ သူ့အဆင့်အတန်းနဲ့ဆိုရင် သခင်ကြီးကို ထောက်ခံပေးဖို့ဖြစ်နိုင်ပါတယ်"
"ကျန်းလု"(Zhang Lu) ကလည်း သဘောတူကာ "မာချောင်း"(Ma Chao) အား တိုက်ပွဲကိုဆက်မတိုက်တော့ရန် အမိန့်ပေးလိုက်သည်။ "စွန်းချန်"(Sun Qian) မှာ "ရန်စုန့်"(Yang Song) ၏အိမ်တွင် ဧည့်သည်အဖြစ်နေကာ "မာချောင်း"(Ma Chao) အမိန့်နာခံ၊မနာခံကို စောင့်နေခဲ့သည်။ များမကြာမီတွင်ပင် "မာချောင်း"(Ma Chao) ထံမှ ဆက်သားသည် စစ်ပွဲကိုမရပ်နားနိုင်ဟူသောအကြောင်းကြားမှုနှင့်အတူ ရောက်လာသည်။ ဒုတိယနှင့်တတိယအကြိမ်ရောက်လာခဲ့သောဆက်သားတို့၏ အကြောင်းကြားစာမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

"ရန်စုန့်"(Yang Song) : "ဒီမာချောင်း(Ma Chao) က မယုံရဘူး။ သူ စစ်တပ်ကိုပြန်မဆုတ်သေးတာက သူ ပုန်ကန်ဖို့ဆန္ဒရှိနေလို့ပဲ"
ထို့နောက် "ရန်စုန့်"(Yang Song) သည် ကောလာဟလများဖြန့်စေလေ၏။
'မာချောင်း(Ma Chao) ဟာ သူများလက်အောက်မှာနေရတာ မကျေနပ်တော့တဲ့အတွက် သူ့ကိုယ်သူ အနောက်ပိုင်းနယ်ရဲ့အုပ်ချုပ်သူဖြစ်အောင် ကြိုးစားနေတယ်။ အဲ့နောက်မှာ သူက သူ့အဖေအတွက် လက်စားချေဖို့ ကြိုးစားလိမ့်မယ်'
ထို ကောလာဟလတို့သည် "ကျန်းလု"(Zhang Lu) နားသို့ပေါက်သောအခါ "ရန်စုန့်"(Yang Song) ကိုခေါ်ပြီး မည်သို့လုပ်ရမည်ကိုတိုင်ပင်သည်။
"မာချောင်း(Ma Chao) ကို တစ်လအချိန်ပေးပြီးတော့ တာဝန်သုံးရပ်ကိုပြီးအောင် လုပ်ဆောင်ခိုင်းပါ။ အဲ့တာဝန်ကို သဘောမတူရင် သူ့ကိုသေဒဏ်ပေးလိုက်ပါ။ အဲ့တာဝန်သုံးခုကတော့ အနောက်ပိုင်းပြည်နယ်ကိုသိမ်းနိုင်မှု၊ လျူကျန်း(Liu Zhang) ရဲ့ခေါင်းနဲ့ ကျင်ကျိုးတပ်တွေကို တွန်းလှန်နိုင်မှုတို့ဖြစ်တယ်။ အဲ့သုံးခုထဲက တစ်ခုကိုမလုပ်ဆောင်နိုင်တာနဲ့ သူ့ကိုခေါင်းဖြတ်သတ်ပါ။ ဒါ့အပြင် ကျန်းဝေ(Zhang Wei) ကိုလွှတ်ပြီး စစ်ဗျူဟာအရအရေးပါတဲ့နေရာတွေကို စောင့်ကြည့်ခိုင်းထားပြီးတော့ မာချောင်း(Ma Chao) ပုန်ကန်ရင် အသင့်ဖြစ်အောင်ပြင်ဆင်ထားပါ"

"မာချောင်း"(Ma Chao) သည် ထိုတာဝန်သုံးရပ်အကြောင်းကိုကြားသောအခါ အင်မတန်မှစိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။
"ဒီအမိန့်က ဘာကြောင့်ပေးတာလဲ"
ထို့နောက် "မာတိုက်"(Ma Dai) နှင့်တိုင်ပင်ပြီးနောက် တပ်ဖွဲ့တို့ကိုပြန်ဆုတ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟုတွေးကာ ပြန်ဆုတ်ရန်ပြင်ဆင်သည်။
သို့သော် "ရန်စုန့်"(Yang Song) မှာ သူ၏မူလအကြံအစည်မပြီးဆုံးသေးသောကြောင့် "ကျန်းလု"(Zhang Lu) ထံသွားကာ ပြောသည်။
"မာချောင်း(Ma Chao) က စစ်တပ်နဲ့ပြန်လာတာ အန္တရာယ်များတယ်။ ဒါကြောင့် ပြန်လမ်းတစ်လျှောက်အရေးပါတဲ့နေရာတွေကို စောင့်ကြပ်ပြီး သူ့ကိုတားဆီးဖို့လိုအပ်ရင် တားရမယ်"
ထိုအခါ "မာချောင်း"(Ma Chao) မှာ ထိုအခက်အခဲကိုကျော်လွှားရန် မည်သို့လုပ်ရမည်မသိဖြစ်နေခဲ့သည်။

ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏သခင်ကိုပြောလေသည်။
"အခု ကျွန်တော့်ရဲ့သုံးလက်မအရွယ်ရှိတဲ့လျာကိုအသုံးချဖို့ အချိန်ရောက်ပြီ။ မာချောင်း(Ma Chao) ကပြေးမလွတ်တော့ဘူး။ ကျွန်တော် သူ့စခန်းကိုသွားပြီး သခင်ကြီးဘက်ပါအောင် သိမ်းသွင်းပါရစေ"
"ဒါပေမယ့် အကြံပေးက ဒီလိုဘေးအန္တရာယ်ကြားထဲသွားရမှာကို ကျုပ်မလိုလားဘူး။ အကယ်၍ အကြံပေးတစ်စုံတစ်ခု ဖြစ်ခဲ့ရင် ကျုပ်က ဘယ်လိုလုပ်ရမလဲ"
"ကျူးကဲလျန့်"(Zhuge Liang) က သူသွားလိုကြောင်း ထပ်ခါတလဲလဲပြောသည်။ "လျူဘေ့"(Liu Bei) ကလည်း ငြင်းဆန်လေ၏။ ထိုအချိန်တွင် "ကျောက်ယွင်"(Zhao Yun) ထံမှစာရောက်လာသည်။ "လျူဘေ့"(Liu Bei) သည် ထိုစာပို့သူကိုခေါ်ကာ မေးမြန်းလေသည်။ ထိုသူမှာ ကျန့်မင်မှ "လီဟွေ့"(Li Hui) ဖြစ်ပြီး "လျူကျန်း"(Liu Zhang) ၏လုပ်ဆောင်မှုတို့ကို ကန့်ကွက်ခဲ့သူဖြစ်သည်။
"ခင်ဗျားက အရင်တုန်းက ကျုပ်ကိုမယုံဖို့ ခင်ဗျားသခင်ကိုပြောခဲ့တယ်မလား? အခုဘာလို့ ဒီရောက်လာတာတုန်း"
"လိမ္မာကျွမ်းကျင်တဲ့ငှက်ဟာ ကိုယ်နေမယ့်သစ်ကိုင်း ကိုယ်ရွေးပါတယ်။ ဉာဏ်ပညာရှိသူဟာလည်း ကိုယ့်သခင်ကိုယ် ရွေးတယ်။ အရင်က လျူကျန်း(Liu Zhang) ရဲ့လုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး ကန့်ကွက်တာက အဲ့လိုလုပ်ရင် သူ့အတွက်အကောင်းဆုံးလို့ထင်ပြီး သူ့ရဲ့အမှုထမ်းအနေနဲ့လုပ်ထိုက်တဲ့ ကျွန်တော့်တာဝန်ကို ထမ်းဆောင်နေခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူက ကျွန်တော်ပြောတာနားမထောင်ခဲ့ဘူး။ သူကျဆုံးမယ်ဆိုတာ ကျွန်တော်သိတယ်။ စစ်သူကြီးကတော့ ပြည်နယ်ကြီးတစ်ခုလုံးကိုအနိုင်ယူသွားပြီး အောင်မြင်မှုက ခင်ဗျားအတွက်ပဲလေ။ ဒါကြောင့် ခင်ဗျားလက်အောက်မှာ အမှုထမ်းပါရစေ"
"ခင်ဗျားသာ ကျုပ်ဆီမှာ အမှုထမ်းရင် ကျုပ်အတွက် အများကြီးအထောက်အကူပြုမယ်"

ထို့နောက် "လီဟွေ့"(Li Hui) သည် "မာချောင်း"(Ma Chao) နှင့်ပတ်သတ်ပြီးပြောသည်။
"ကျွန်တော်က သူနဲ့အတူ အနောက်ဘက်ချိုင့်ဝှမ်းမှာရှိခဲ့ဖူးတော့ သူ့အကြောင်းကို ကျွန်တော်သိတယ်။ သူအခု အခြေအနေမဟန်ဘူး၊ ဒါကြောင့် ကျွန်တော် သူ့ကိုသိမ်းသွင်းလို့ရနိုင်မယ်။ ဒါကိုဘယ်လိုထင်သလဲ"
ထိုအချိန်တွင် "ကျူးကဲလျန့်"(Zhuge Liang) မှ ကြားဖြတ်ကာပြောသည်။
"ကျွန်တော့်အစားသွားနိုင်မယ့်လူပဲ။ ဒါပေမယ့် ခင်ဗျားက သူ့ကိုသိမ်းသွင်းဖို့ ဘာပြောမှာလဲ"
"လီဟွေ့"(Li Hui) သည် "ကျူးကဲလျန့်"(Zhuge Liang) နားနားသို့ကပ်ကာ တီးတိုးပြောလေသည်။ သူပြောသောစကားတို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) မှာ ကျေနပ်ပြီးသွားခွင့်ပြုလိုက်သည်။

တစ်ဖက်စခန်းသို့ရောက်သော် "လီဟွေ့"(Li Hui) သည် သူရောက်လာကြောင်း အကြောင်းကြားစေသည်။ ၎င်းကို "မာချောင်း"(Ma Chao) သိလျှင် ဤသို့မှတ်ချက်ချသည်။
"သူ့ကို ကျုပ်သိတယ်။ သူက စကားရည်ကြွယ်ပြီး တစ်ဖက်လူကိုသိမ်းသွင်းနိုင်သူပဲ။ သူဘာကြောင့်လာတယ်ဆိုတာလည်း ကျုပ်သိတယ်"
ထို့နောက် လက်နက်ကိုင်လူတချို့ကို သူ၏ရွက်ဖျင်တဲအတွင်းတွင် ပုန်းနေစေပြီး သူအချက်ပေးသည်နှင့် လှုပ်ရှားရန်အမိန့်ပေးထားသည်။ ထိုအချိန်တွင် ဧည့်သည်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဝင်လာပြီး ထိုင်ခုံတွင် ကျောကိုမတ်ကာ ထိုင်နေခဲ့သည်။
"ခင်ဗျားက ဘာလို့ရောက်လာတာလဲ"
"ကျွန်တော် ခင်ဗျားကိုဖြောင်းဖျဖို့ရောက်လာတာပါ"
"ဒီဓားအိမ်ထဲက ဓားက အသစ်ပဲ။ ခင်ဗျား စကားလုံးတွေသုံးပြီး ကျုပ်ကိုဆွဲဆောင်နိုင်တယ်။ ဒါပေမယ့် အဲ့စကားက ကျုပ်ရင်ထဲမရောက်ရင်တော့ ခင်ဗျားက ကျုပ်ဓားကိုမြည်းရလိမ့်မယ်"
"စစ်သူကြီး၊ ကံဆိုးမိုးမှောင်ကျမှုက သိပ်မလိုတော့ဘူး။ အဲ့ဓားအသစ်က ကျွန်တော့်ခေါင်းပေါ်မရောက်ပဲ စစ်သူကြီးကိုယ်တိုင် မြည်းစမ်းရလိမ့်မယ်"
"ခင်ဗျားက ကံဆိုးမိုးမှောင်ကျတယ်ဆိုတာ ဘာကိုပြောတာလဲ"

"ဘယ်လိုပဲမကောင်းသတင်းတွေဖြန့်ဖြန့် ယွဲ့ပြည်က ရှီးစီး(Xi Shi)1 ရဲ့အလှကိုမဖုံးကွယ်နိုင်သလို ဘယ်လောက်ပဲချီးမွမ်းသည်ဖြစ်ပါစေ ချီကဝူရန်အမျိုးသမီး2 ရဲ့ရုပ်ဆိုးမှုကိုလည်း မကျော်လွှားနိုင်ဘူး။ နေမင်းကြီးက ဟိုးအထက်အထိမြင့်တက်ပြီး ပြန်ဝင်သွားတယ်။ လဟာလည်း ဝိုင်းစက်ပြီး ပြန်ကွယ်သွားတယ်။ ဒါတွေအကုန်လုံးက လောကနိယာမပဲ။ စစ်သူကြီးက ခင်ဗျားအဖေရဲ့သေဆုံးမှုကြောင့် ချောင်ချောင်း(Cao Cao) နဲ့ရန်ငြိုးရန်စရှိတယ်။ နောက်ပြီး အနောက်ဘက်ပြည်နယ်မှာ ခင်ဗျားမိသားစုတွေသေဆုံးခဲ့တဲ့အတွက် အမုန်းတရားတွေရှိနေခဲ့တယ်။ ခင်ဗျားက လျူကျန်း(Liu Zhang) ကို ကျင်ကျိုးတပ်တွေလက်ထဲက မကယ်နိုင်သလို ရန်စုန့်(Yang Song) ကိုဖြတ်ကျော်ပြီး ကျန်းလု(Zhang Lu) ကိုတွေ့ပြီးလည်း မရှင်းနိုင်ဘူး။ သခင်မရှိတဲ့လူအဖို့  လောကကြီးမှာ နေရာမရှိဘူး။ ဒီအတိုင်းသာဆိုရင် ဝေမြစ်တုန်းကလို၊ ကျိချန်တုန်းကလို နောက်ထပ်ရှုံးနိမ့်မှုတွေနဲ့ကြုံခဲ့ရင် စစ်သူကြီးက တခြားလူတွေကို မျက်နှာပြဝံ့ပါ့မလား"
"မာချောင်း"(Ma Chao) သည် ခေါင်းကိုညွတ်လိုက်ပြီး
"ခင်ဗျား ပြောတာမှန်တယ်။ ဒါပေမယ့် ကျုပ် ဘာလုပ်ရမှန်းမသိဘူး" ဟုပြောသည်။
"ခင်ဗျားက ကျုပ်ပြောတာနားထောင်မယ်ဆိုရင် ဘာလို့ဒီထဲမှာ လက်နက်ကိုင်တွေကိုစောင့်နေစေတာလဲ"
"မာချောင်း"(Ma Chao) သည် အရှက်ရသွားကာ ထိုသူတို့ကို ထွက်သွားစေသည်။ "လီဟွေ့"(Li Hui) မှဆက်ပြောသည်။
"ဦးရီးတော် လျူဘေ့(Liu Bei) ဟာ သူ့လက်အောက်ခံတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ သူအောင်မြင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်။ ဒါကြောင့် ကျုပ်က လျူကျန်း(Liu Zhang) ကိုထားခဲ့ပြီး သူ့ဆီမှာ အမှုထမ်းနေတာ။ ခင်ဗျားအဖေကလည်း သူပုန်တွေကိုရှင်းဖို့ ဦးရီးတော်နဲ့ပူးပေါင်းခဲ့တယ်။ ဒါကြောင့် ခင်ဗျားက အမှောင်ကနေအလင်းကို ဘာလို့မကူးပြောင်းတာလဲ? ဒီလိုဆိုရင် ခင်ဗျားအဖေအတွက် လက်စားချေနိုင်ပြီး နာမည်ကြီးနိုင်တယ်"
"မာချောင်း"(Ma Chao) သည် ထိုစကားတို့ကိုလက်ခံကာ သူ၏သစ္စာကိုသက်သေပြရန် "ရန်ပေါ်"(Yang Bo) ကိုခေါ်ပြီးနောက် သတ်လိုက်သည်။ ထိုသူ၏ခေါင်းကိုယူကာ "လီဟွေ့"(Li Hui) နှင့်အတူ "လျူဘေ့"(Liu Bei) အားတွေ့ပြီး လက်နက်ချလိုက်သည်။ "လျူဘေ့"(Liu Bei) ကလည်း "မာချောင်း"(Ma Chao) အား ဧည့်သည်တော်အဖြစ် ကောင်းမွန်စွာ ဆက်ဆံသည်။
"မာချောင်း"(Ma Chao) သည် အရိုအသေပြုကာ
"သခင်ကြီးကိုတွေ့ရတာဟာ တိမ်ကင်းရှင်းသွားတဲ့အချိန်မှာ ကောင်းကင်ကြီးကိုမြင်ရသလိုပဲ" ဟုပြောလေသည်။
"စွန်းချန်"(Sun Qian) သည် "ရန်စုန့်"(Yang Song) ထံမှပြန်လာသောအခါဝယ် "လျူဘေ့"(Liu Bei) သည် ကျားမုန့်ခံတပ်ကိုကာကွယ်ရန် "မုန့်တာ"(Meng Da) နှင့် "ဟော်ကျွင်း"(Huo Jun) တို့ကိုထားရစ်ခဲ့ကာ ချန်တူးမြို့ကိုတိုက်ခိုက်ရန် ချီတက်လေသည်။ ထိုမြို့သို့မသွားမှီ အောင်မြင်မှုဆွတ်ခူးလာသောတပ်ကြီးနှင့်အတူ  မြန့်ကျူသို့ဝင်လေရာ "ကျောက်ယွင်"(Zhao Yun) နှင့် "ဟွမ်ကျုံး"(Huang Zhong) တို့မှကူညီသည်။
အနောက်ပိုင်းပြည်နယ်မှ "မာဟန့်"(Ma Han) နှင့် "လျူကျွင်း"(Liu Jun) တို့က ချီတက်လာကာ လာရောက်တိုက်ခိုက်လေသည်။ ထိုရန်သူတို့ကို "ကျောက်ယွင်"(Zhao Yun) မှထွက်သွားပြီး ရင်ဆိုင်သည်။ ထိုအချိန်တွင် "လျူဘေ့"(Liu Bei) က "မာချောင်း"(Ma Chao) အား မြို့ရိုးပေါ်တွင် စားသောက်ပွဲဖြင့် ဧည့်ခံနေခဲ့သည်။ မကြာမီတွင်ပင် "ကျောက်ယွင်"(Zhao Yun) တွင် ရန်သူတို့ကိုအောင်နိုင်ကာ ရန်သူ့ခေါင်းဆောင်နှစ်ဦး၏ခေါင်းကို စားသောက်ပွဲသို့ ဆောင်ယူလာခဲ့သည်။ ထိုအရည်အချင်းကိုမြင်သောအခါ "မာချောင်း"(Ma Chao) မှာ "လျူဘေ့"(Liu Bei) ၏တပ်ဖွဲ့အပေါ် ပို၍လေးစားသွားလေသည်။

"သခင်ကြီးကိုယ်တိုင် စစ်မချီတက်ပါနဲ့။လျူကျန်း(Liu Zhang)  သူ့ဟာသူလက်နက်ချအောင်  ကျွန်တော်လုပ်ဆောင်မယ်။ သူဆန့်ကျင်ရင်တော့ ကျွန်တော်နဲ့ ကျွန်တော့်ညီ မာတိုက်(Ma Dai) ကမြို့ကိုသိမ်းပြီး သခင်ကြီးကို ဆက်သပါ့မယ်"
"လျူဘေ့"(Liu Bei) မှာ အင်မတန်မှ ဝမ်းမြောက်သွားလေ၏။
သို့သော် "လျူကျန်း"(Liu Zhang) အတွက်မှာမူ ကံဆိုးမိုးမှောင်ကျမှုပင် ဖြစ်သည်။ စစ်ရှုံးသောစစ်သားတို့သည် ပြန်ရောက်လာသောအခါ နယ်စားမှာ အင်မတန်မှခေါင်းခဲရချေသည်။ ထိုအချိန်တွင် "မာချောင်း"(Ma Chao) ဦးဆောင်သောစစ်ကူရောက်လာသည်ဟု ကြားသိရသဖြင့် နယ်စားသည် မြို့ရိုးပေါ်မှတက်ကြည့်လေသည်။ "မာချောင်း"(Ma Chao) နှင့် "မာတိုက်"(Ma Dai) တို့သည် မြို့ရိုးအနီးသို့ ရောက်လာခဲ့သည်။
"ကျွန်တော် လျူကျန်း(Liu Zhang) နဲ့စကားပြောချင်တယ်"
ထိုအခါ "လျူကျန်း"(Liu Zhang) ထွက်လာလေသည်။ "မာချောင်း"(Ma Chao) သည်လည်း သူ၏စကားကိုဆက်သည်။

"ကျုပ်ဟာ ကျန်းလု(Zhang Lu) ရဲ့စစ်တပ်ကိုဦးဆောင်ပြီး ယီကျိုးကိုကယ်ဖို့လာခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ထားပဲ ရန်စုန့်(Yang Song) ရဲ့ကုန်းတိုက်မှုကြောင့် ကျန်းလု(Zhang Lu) က ကျုပ်ကိုသတ်ဖို့ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် ကျုပ်ဟာ အခု ဦးရီးတော် လျူဘေ့(Liu Bei) ရဲ့လက်အောက်မှာ အမှုထမ်းနေခဲ့ပြီ။ ဒါကြောင့် ခင်ဗျားလည်း ခင်ဗျားရဲ့အမှုထမ်းတွေနဲ့အတူ လက်နက်ချဖို့ပြောချင်တယ်။ အဲ့လိုဆို ခင်ဗျားတို့အပေါ် ဘေးအန္တရာယ်မကျရောက်မှာဖြစ်တယ်။ တစ်စုံတစ်ယောက်က တစ်ခုခုလုပ်ဖို့ ကြိုးပမ်းရင်တော့ ကျုပ်က ဒီမြို့ကိုသိမ်းရလိမ့်မယ်"
ထိုစကားတော့ကြောင့် "လျူကျန်း"(Liu Zhang) မှာ အံ့အားသင့်ပြီး မေ့လဲသွားသည်။ သတိပြန်ရလာသောအခါတွင်
"ကျုပ် မိုက်မဲခဲ့တာတွေအတွက် နောင်တရတယ်။ ဒီအချိန်မှာ တံခါးကိုဖွင့်ပြီးလက်နက်ချလိုက်ရင် မြို့ကိုကယ်နိုင်မယ်" ဟုပြောသည်။
"တုန်းဟဲ"(Dong He) : "မဖြစ်ဘူး၊ မဖြစ်ဘူး။ မြို့ထဲမှာ စစ်သားသုံးသောင်းရှိပြီး တစ်နှစ်စာသုံးစွဲဖို့ ငွေကြေးနဲ့ရိက္ခာအလုံအလောက်ရှိတယ်။ ကျွန်တော်တို့ခုခံနိုင်သေးတယ်"
"ကျုပ်နဲ့ ကျုပ်အဖေဟာ ရှူပြည်နယ်ကို နှစ်နှစ်ဆယ်ကျော်အုပ်ချုပ်ခဲ့ပေမယ့် ပြည်သူတွေအတွက် ဘာမှမလုပ်နိုင်ခဲ့ဘူး။ ကျုပ်တို့တွေ သုံးနှစ်သုံးမိုးလုံးစစ်တိုက်ခဲ့ပြီးပြီ။ မြက်ပင်တွေဟာလည်း လူတွေရဲ့သွေးတွေနဲ့ခြင်းခြင်းနီနေပြီ။ ဒါတွေအကုန်လုံးက ကျုပ်အပြစ်ပဲ။ ကျုပ်ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။ လက်နက်ချတာထက်ကောင်းတဲ့နည်းကို မတွေ့ဘူး။ လက်နက်ချလိုက်ရင် ပြည်သူတွေလည်း အေးချမ်းမယ်"

ထိုအချိန်တွင် လူတစ်ဦးမှ ဝင်ပြောလေသည်။
"ခင်ဗျားပြောတာက ကောင်းကင်ကြီးရဲ့ဆန္ဒအတိုင်းပဲ"
ထိုပြောသောသူမှာ ပါရှီးဇာတိမှ "ချောင်ကျိုး"(Qiao Zhou) ဖြစ်ပြီး နက္ခတ်တာရာတို့ကိုကျွမ်းကျင်သူအဖြစ် နာမည်ကျော်ကြားသည်။
"ကျွန်တော် ကောင်းကင်ကြီးရဲ့အခြေအနေကိုလေ့လာခဲ့အခါမှာ ကြယ်တွေဟာ အနောက်ဘက်မှာစုနေပြီး အဲ့ကြယ်တွေထဲက တစ်ခုဟာ လမင်းကြီးလိုတောက်ပနေတယ်။ အင်မတန်မြင့်မြတ်တဲ့ ကြယ်ပွင့်ကြီးပေါ့။ ဒါ့အပြင် မနှစ်တုန်းက ကဗျာတစ်ခုနာမည်ကြီးခဲ့တယ်မဟုတ်လား။ အဲ့ကဗျာက
'အရှေ့ဘက်က အုပ်ချုပ်သူထွက်ပေါ်လာရင်
ဆန်စပါးပွဲတော်သစ်တွေ ရှိလာလိမ့်မယ်' လို့ဆိုထားတယ်လေ။ ဘယ်သူမှ ကောင်းကင်ကြီးရဲ့ဆန္ဒကို မသွေဖယ်နိုင်ဘူး"

ထိုစကားကြောင့် "လျူပါ"(Liu Ba) နှင့် "ဟွမ်ချွမ်"(Huang Quan) မှာ အင်မတန်ဒေါသထွက်ပြီး ဓားကိုင်ကာ ထိုပြောသူကိုသတ်ရန်ပြုသည်။ သို့သော်လည်း "လျူကျန်း"(Liu Zhang) မှ တားမြစ်လိုက်သည်။ မကြာမီတွင်ပင် ရှူခရိုင်မြို့စား "ရွှီကျင်း"(Xu Jing) သည် ကျူးကျော်လာသူတို့ထံတွင် လက်နက်ချလိုက်ကြောင်းသတင်းကိုကြားသိရသောအခါ "လျူကျန်း"(Liu Zhang) မှာ ငိုလေသည်။
နောက်ရက်တွင် ဦးရီးတော် "လျူဘေ့"(Liu Bei) မှ "ကျန်းယုံ"(Jian Yong) ကိုလွှတ်ကာ "လျူကျန်း"(Liu Zhang) နှင့်တွေ့စေသည်။ "ကျန်းယုံ"(Jiang Yong) ကိုမြို့အတွင်းသို့ဝင်ခွင့်ပေးလိုက်ပြီးနောက် "ကျန်းယုံ"(Jian Yong) သည် လှည်းယာဉ်ကိုစီးကာ ခမ်းနားစွာဝင်လာသည်။ ထိုအချိန်တွင် လမ်းပေါ်မှလူတစ်ဦးက ဓားကိုကိုင်ကာ
"ခင်ဗျားက လုပ်ချင်တာလုပ်နေတာလား။ အကျင့်မကောင်းတဲ့လူ။ ခင်ဗျားကိုယှဉ်နိုင်မယ့်လူမရှိဘူးလို့ ထင်နေတာလား? ကျုပ်တို့ ရှူပြည်နယ်က လူတွေကိုအထင်မသေးနဲ့" ဟုပြောသည်။
"ကျန်းယုံ"(Jian Yong) သည် သူ၏လှည်းယာဉ်အတွင်းမှထွက်ကာ ထိုပြောသူအား စကားပြန်ပြောလေသည်။ ထိုပြောသူမှာ မြန့်ကျူမှ "ချင်မီ"(Qin Mi) ဖြစ်သည်။
"ဒီမယ်၊ နောင်ကြီး၊ ကျုပ် ခင်ဗျားနဲ့မသိပါဘူး။ ဒါပေမယ့် အဲ့လိုဒေါသမထွက်ပါနဲ့"

ထို့နောက် ထိုသူနှစ်ဦးလုံးတို့သည် "လျူကျန်း"(Liu Zhang) နှင့်သွားတွေ့ကာ "လျူကျန်း"(Liu Zhang) နှင့်သွားတွေ့ကာ "လျူဘေ့"(Liu Bei) ၏ရက်ရောမှုနှင့်သဘောထားကြီးမှုတို့အကြောင်းကို ချီးမွမ်းခန်းဖွင့်လေသည်။ ထို့အပြင် "လျူဘေ့"(Liu Bei) သည် မည်သူ့ကိုမျှထိခိုက်လိုခြင်းမရှိကြောင်းပြောလေရာ နောက်ဆုံးတွင် "လျူကျန်း"(Liu Zhang) သည် လက်နက်ချရန်စိတ်ပိုင်းဖြတ်လိုက်သည်။ ထိုနေ့တွင် "ကျန်းယုံ"(Jian Yong) အား ကောင်းစွာဆက်ဆံလေသည်။
နောက်တစ်ရက်တွင် နယ်စားသည် သူ၏တံဆိပ်တုံး၊ နယ်စားအမိန့်ပြားနှင့် မှတ်တမ်းမှတ်ရာတို့ကိုဆောင်ယူကာ "လျူဘေ့"(Liu Bei) ၏စခန်းသို့သွားသည်။ "လျူဘေ့"(Liu Bei) သည် နယ်စားအား ကိုယ်တိုင်ထွက်တွေ့လေသည်။ "လျူဘေ့"(Liu Bei) သည် "လျူကျန်း"(Liu Zhang) ၏လက်ကိုကိုင်ကာ ငိုပြီး
"ကျုပ်က ဒီလိုရက်ရက်စက်စက်လုပ်ဖို့ဆန္ဒမရှိပါဘူး။ အခြေအနေကြောင့်သာ မတတ်နိုင်ပဲလုပ်ခဲ့ရတာပါ" ဟုပြောလေသည်။
ထို့နောက် ရွက်ဖျင်တဲအတွင်းသို့ဝင်ပြီး အမိန့်ပြားနှင့် မှတ်တမ်းမှတ်ရာတို့ကို "လျူဘေ့"(Liu Bei) အား ပေးလိုက်လေသည်။

လူအပေါင်းတို့က "လျူဘေ့"(Liu Bei) အား ဝမ်းသာစွာကြိုဆိုကြသည်။ လူတို့သည် အမွှေးတိုင်တို့ကိုထွန်းကာ မီးတို့ကိုထိန်ထိန်လင်းစေပြီး ကြိုဆိုကြ၏။ "လျူဘေ့"(Liu Bei) သည် နယ်စား၏အိမ်တော်သို့ဝင်ရောက်ကာ နေရာယူပြီးနောက် အမှုထမ်းတို့က အရိုအသေပေးလေသည်။ သို့သော်လည်း "ဟွမ်ချွမ်"(Huang Quan) နှင့် "လျူပါ"(Liu Ba) တို့က မသွားပဲ နေရစ်ခဲ့သည်။ ထိုအချင်းအရာကြောင့် "လျူဘေ့"(Liu Bei) ၏နောက်လိုက်အချို့မှာ ဒေါသထွက်ပြီး ထိုသူနှစ်ဦးကိုသတ်မည်ပြုသည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) က တားမြစ်လိုက်သည့်အပြင် ထိုသူနှစ်ဦးကိုနှောင့်ယှက်သည့်လူတို့အား အပြစ်ပေးမည်ဟု ပြောလေသည်။ ထိုအခမ်းအနားပြီးသွားသောအခါ "လျူဘေ့"(Liu Bei) သည် ထိုသူနှစ်ဦးအားကိုယ်တိုင်သွားတွေ့သောအခါမှ ထိုသူတို့က သစ္စာခံလေသည်။
"ကျူးကဲလျန့်"(Zhuge Liang) မှ "လျူဘေ့"(Liu Bei) အား
"ကျွန်တော်တို့တွေ ယီကျိုးကအတိုက်အခံတွေကို နှိမ်နှင်းနိုင်ခဲ့ပြီ။ ဒါပေမယ့် တစ်နေရာတည်းမှာ ခေါင်းဆောင်နှစ်ဦးမရှိသင့်တဲ့အတွက် လျူကျန်း(Liu Zhang) ကို ကျင်ကျိုးကိုပို့လိုက်ပါ" ဟုပြောသည်။
"ကျုပ် အဲ့လိုပြည်နှင်ဒဏ်မပေးချင်ဘူး"
"သူက ပျော့ညံ့လို့ အာဏာယုတ်လျော့ခဲ့ရတယ်။ သခင်ကြီးလည်း ပျော့ညံ့ပြီးဆုံးဖြတ်ချက်မခိုင်မာရင် ရေရှည်ခံမှာမဟုတ်ဘူး"
ထိုအခါ "လျူဘေ့"(Liu Bei) မှာ လက်ခံလိုက်ပြီး စားသောက်ပွဲကျင်းပပြီးနောက် ထိုစားသောက်ပွဲတွင် "လျူကျန်း"(Liu Zhang) အား ကျင်ကျိုးသို့ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့လေသည်။ "လျူဘေ့"(Liu Bei) သည် ထိုနယ်စားဟောင်းအား 'နာမည်ကျော် စစ်သူကြီး' ဟူသောဂုဏ်ပုဒ်ကိုချီးမြှင့်ခဲ့လေသည်။ "လျူကျန်း"(Liu Zhang) သည် သူ၏ပိုင်ဆိုင်မှုတို့ကိုယူဆောင်ကာ သူ၏မိသားစုနှင့်အတူ ကျင်ကျိုးရှိ ကုန်းအန်းသို့ပြောင်းရွှေ့သွားခဲ့သည်။
ယီကျိုးနယ်စားဖြစ်လာသော "လျူဘေ့"(Liu Bei) သည် သူ၏နောက်လိုက်နောက်ပါများဖြစ်လာသောသူတို့အား ရာထူးနှင့်ဂုဏ်ဒြပ်များပေးခဲ့လေသည်။ "ရန်ရန်"(Yan Yan) ကို တပ်ဦးစစ်သူကြီး၊ "ဖာကျန့်"(Fa Zheng) ကို ရှူခရိုင်မြို့စား၊ "တုန်းဟဲ"(Dong He) နှင့် "ရွှီကျင်း"(Xu Jing) တို့ကို နန်းတွင်းစစ်သူကြီး၊ "လျူပါ"(Liu Ba) ကို ဘယ်တောင်ပံစစ်သူကြီး၊ "ဟွမ်ချွမ်"(Huang Quan) ကို ညာတောင်ပံစစ်သူကြီး စသောရာထူးတို့ကိုပေးပြီး၊ "ဝူရီ"(Wu Yi) ၊ "ဖေးကွမ်း"(Fei Guan) ၊ "ဖုန်ရန်"(Peng yang) ၊ "ကျော်ရင်း"(Zhuo Ying) ၊ "လီယန်"(Li Yan) ၊ "ဝူလန်"(Wu Lan) ၊ "လေထုံ"(Lei Tong) ၊ "လီဟွေ့"(Li Hui) ၊ "ကျန်းရီ"(Zhang Yi) ၊ "ချင်မီ"(Qin Mi) ၊ "ချောင်ကျိုး"(Qiao Zhou) ၊ "လုရင်း"(Lu Yin) ၊ "ဟော်ကျွင်း"(Huo Jun) ၊ "တန်းကျီ"(Deng Zhi) ၊ "ရန်ဟုန်"(Yang Hong) ၊ "ကျိုးချွင်"(Zhou Qun) ၊ "ဖေးယီ"(Fei Yi) ၊ "ဖေးရှီ"(Fei Shi) ၊ "မှုန့်တာ"(Meng Da) နှင့်အခြားသော ရှူအမှုထမ်းတို့အား ရာထူးအသီးသီးပေးအပ်ခဲ့လေသည်။ အမှုထမ်းပေါင်း ခြောက်ဆယ်ကျော်ကိုဆုချီးမြှင့်ခဲ့လေ၏။

ထို့အပြင် "လျူဘေ့"(Liu Bei) ကို ထိုရာထူးသို့ရောက်အောင်ကူညီခဲ့သော သူ၏ မူလအမှုထမ်းတို့အားလည်း ဆုလာဘ်များချီးမြှင့်သည်။ "ကျူးကဲလျန့်"(Zhuge Liang) ကို ကြီးကြပ်ညွှန်ကြားရေးအရာရှိ၊ "ကွမ်းယွီ"(Guan Yu) ကို သူပုန်တို့အားနှိမ်နှင်းသောစစ်သူကြီးဘွဲ့နှင့် ဟန်ရှိုသခင်၊ "ကျန်းဖေး"(Zhang Fei) ကို သူပုန်တို့ကိုတိုက်ထုတ်သောစစ်သူကြီးဘွဲ့နှင့် ရှင်းပြည်သခင်၊ " ကျောက်ယွင်"(Zhao Yun) ကို အနောက်ဘက်ကိုစောင့်ကြပ်သောစစ်သူကြီး၊ "ဟွမ်ကျုံး"(Huang Zhong) ကိုအနောက်ဘက်ကိုအောင်နိုင်သောစစ်သူကြီး၊ "ဝေရန်"(Wei Yan) ကိုမူ စစ်ပွဲအောင်နိုင်ခဲ့သောစစ်သူကြီး၊ "မာချောင်း"(Ma Chao) ကို အနောက်ဘက်ကိုငြိမ်းချမ်းစေသောစစ်သူကြီး စသောရာထူးများပေးပြီး၊ "စွန်းချန်"(Sun Qian) ၊ "ကျန်းယုံ"(Jian Yong) ၊ "မီကျူ"(Mi Zhu) ၊ "မီဖန်"(Mi Fang) ၊ "မာလျန့်"(Ma Liang) ၊ "မာဆု"(Ma Su) ၊ "ကျန်းဝမ်"(Jiang Wan) ၊ "ယီကျီ"(Yi Ji) ၊ "လျူဖုန်း"(Liu Feng) ၊ "ကွမ်းဖင်"(Guan Ping) ၊ "လျောင်ဟွာ"(Liao Hua) ၊ "ကျိုးချန်း"(Zhou Cang) နှင့် ကျင်ကျိုးမှလိုက်ပါလာသည့်အခြားသူတို့ကိုလည်း ဆုလာဘ်နှင့်ရာထူးအသီးသီး ပေးအပ်သည်။

ထို့အပြင် "ကွမ်းယွီ"(Guan Yu) အား ရွှေအောင်စငါးရာ၊ ငွေအောင်စတစ်ထောင်၊ ငွေကြေးပိုက်ဆံနှင့် ရှီးချွမ်းပိုးထည်အလိပ်တစ်ထောင်တို့ကို ပေးခဲ့လေသည်။ ထိုမျှမက အခြားသောစစ်ရေးစစ်ရာနှင့်အရပ်ဘက်အမှုထမ်းတို့ကိုပါ ဆုလာဘ်များပေးခဲ့သည်။ နွားနှင့်မြင်းတို့ကိုသတ်စေကာ စစ်တပ်ကြီးအတွက် စားသောက်ပွဲကြီးဆင်နွှဲပြီး ဂိုထောင်တို့ကိုဖွင့်စေကာ သာမန်ပြည်သူတို့အား ရိက္ခာများမျှဝေပေးခဲ့သည်။ ထို့ကြောင့် လူပေါင်းများစွာ ပျော်ရွှင်ခဲ့လေသည်။
ယီကျိုးတွင် လုပ်ဆောင်စရာရှိသည်တို့ကိုလုပ်ဆောင်ပြီးနောက် "လျူဘေ့"(Liu Bei) သည် မြို့တော် ချန်တူးတွင်ရှိသော ဓနကြွယ်ဝသူတို့၏ပိုင်ဆိုင်မှုကိုသိမ်းကာ ထိုပိုင်ဆိုင်မှုတို့ကို သူ၏အမှုထမ်းတို့အား ခွဲပေးရန်တွေးလေ၏။ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) နှင့် အခြား
အမှုထမ်းတို့က ကန့်ကွက်ကြသည်။
"လူတွေရဲ့နစ်နာမှုတွေ အများကြီးရှိနေတယ်။ ဒါကြောင့် သူတို့ရဲ့အလုပ်အကိုင်ကို ပုံမှန်ပြန်လည်ပတ်စေပြီး အခြေအနေကိုပြန်ကောင်းအောင်လုပ်ဖို့ သင့်တော်မယ်။ ဒါကြောင့် တခြားလူတွေရဲ့ဓနဥစ္စာတွေနဲ့အမှုထမ်းတွေကို ဆုချတာဟာ မသင့်တော်ပါဘူး"
၎င်းကို "လျူဘေ့"(Liu Bei) က လက်ခံလိုက်လေသည်။

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကျူးကဲလျန့်"(Zhuge Liang) အား ဥပဒေတို့ကိုပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်စေသည်။
"ဖာကျန့်"(Fa Zheng) : "ဟန်တိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့ လျူဘန်း(Liu Bang) ဟာ ဥပဒေနဲ့ပတ်သတ်ပြီး အခန်းသုံးခန်း စီရင်ခဲ့တယ်။ ကျွန်တော့်အနေနဲ့ကတော့ ဥပဒေက ပိုနည်းပြီးပိုလွတ်လပ်ရင် လူတွေအတွက် ပိုကောင်းမယ်လို့မြင်တယ်"
"ကျူးကဲလျန့်"(Zhuge Liang) : "ခင်ဗျားက တစ်ဖက်တည်းကိုပဲကြည့်တာပဲ။ ချင်ခေတ်တုန်းက ဥပဒေဟာ ရက်စက်ပြီးလူတွေရဲ့မုန်းတီးမှုကို ခံခဲ့ရတယ်။ ဒါကြောင့် ဟန်ခေတ်တည်ထောင်တဲ့ဘုရင်ဟာ လူတွေအပေါ်မှာ ကြင်နာမှုနဲ့အုပ်ချုပ်ခဲ့တာဖြစ်တယ်။ လျူကျန်း(Liu Zhang) ရဲ့လျော့ရဲတဲ့အုပ်ချုပ်မှုအောက်မှာ ကောင်းကောင်းမွန်မွန်အကျိုးသက်ရောက်စေတဲ့ အစိုးရဆိုတာမရှိပဲ ဥပဒေအပေါ် လေးစားသူလည်းမရှိဘူး။ အုပ်ချုပ်သူနဲ့အမှုထမ်းကြားက ဆက်ဆံရေးဟာလည်း တဖြည်းဖြည်းရှုပ်ထွေးလာတယ်။ လာဘ်ထိုးပြီးရာထူးအမြင့်တွေရယူနိုင်ပြီး မြင့်မားတဲ့ရာထူးတွေက ကောင်းကျိုးကိုခံစားရတယ်။ ကြင်နာမှုဆိုတာ စာရွက်ထဲမှာပဲရှိပြီး ကောင်းတာခံစားရတဲ့သူတွေက ရိုသေလေးစားမှုဆိုတာမရှိတော့ဘူး။ ဒီတော့ မကောင်းမှုတွေအများကြီးပေါ်လာတယ်။ ဒါကြောင့် ဥပဒေအပေါ်လေးစားလာဖို့ကို ကျုပ်က လုပ်ဆောင်ရမယ်။ အဲ့မှာ သနာကြင်နာမှုတွေလည်း ရှိလာမယ်။ ရာထူးတွေလည်း သူ့ဟာနဲ့သူရှိလာမှာဖြစ်ပြီး အဲ့ရာထူးနဲ့ထိုက်တန်တဲ့လေးစားမှုတွေရမယ်။ ဒီလိုကြင်နာမှုနဲ့ဂုဏ်သိန်ကိုပေါင်းစပ်ရင် အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံလူတန်းစားတွေ ကွဲကွဲပြားပြားဖြစ်လာပြီး အုပ်ချုပ်မှုအပိုင်းမှာလည်း အများကြီး အကျိုးသက်ရောက်မယ်"
"ဖာကျန့်"(Fa Zheng) မှာ ၎င်းအဆိုကိုဆန့်ကျင်ရန် စကားရှာမတွေ့ပေ။ ထို့ကြောင့် မြို့နယ်လေးဆယ့်တစ်ခုလုံးမှာ အေးချမ်းသာယာမှုကိုရကာ ပြည်သူတို့က ကျေနပ်ကြလေသည်။
ရှူနယ်မြို့စားဖြစ်သော "ဖာကျန့်"(Fa Zheng) သည် သူ့ကိုကျေးဇူးပြုခဲ့သူများအပေါ် ကျေးဇူးပြန်ဆပ်ခြင်း၊ သူ့အပေါ်မကောင်းခဲ့သူများအပေါ်တွင် မည်သည့်သေးငယ်သည့်အမှုပင်ဖြစ်ပါစေ လက်စားပြန်ချေခြင်းတို့ကြောင့် လူတို့၏မုန်းတီးမှုကို ခံရလေသည်။ ထိုအကြောင်းကို လူတစ်ဦးမှနေ၍အပြစ်ပေးရန် "ကျူးကဲလျန့်"(Zhuge Liang) အား တိုင်ကြားရာ "ကျူးကဲလျန့်"(Zhuge Liang) က သူ၏စွမ်းဆောင်ချက်တို့အား ပြောခဲ့လေသည်။
"ကျုပ်တို့သခင်ကြီးက ကျင်ကျိုးမှာတုန်းက မြောက်ဘက်က ချောင်ချောင်း(Cao Cao) နဲ့အရှေ့က "စွန်းချွမ်"(Sun Quan) ကိုကြောက်ခဲ့ရတယ်။ အဲ့အချိန်မှာ "ဖာကျန့်"(Fa Zheng) က သူ့ကိုကူညီပေးခဲ့ပြီး လမ်းပြခဲ့တဲ့အတွက် ဒီနေ့အခြေအနေကိုရောက်လာတာ ဖြစ်မယ်။ ဒီလိုသာယာဝပြောတဲ့အချိန်တွေမှာ ဘယ်သူမှ ဖာကျန့်(Fa Zheng) ကိုအပြစ်မပေးနိုင်ဘူး။ သူ့ဟာသူ လုပ်စရာရှိတာလုပ်ဆောင်တာကို ဘာလို့သွားပြီး တားမြစ်မှာလဲ"
ထို့ကြောင့် စုံစမ်းစစ်ဆေးမှုများမပြုလုပ်ခဲ့ပေ။ သို့သော်လည်း "ဖာကျန့်"(Fa Zheng) သည် ထိုအကြောင်းကိုကြားသော် သူ၏အမှားတို့ကို ပြန်ပြင်ခဲ့သည်။

တစ်ရက်သော် "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ အနားယူနေစဉ် "ကွမ်းဖင်"(Guan Ping) ရောက်လာပြီး သူ့ဖခင်မှ "လျူဘေ့"(Liu Bei) အား လက်ဆောင်များအတွက် ကျေးဇူးတင်စကားပြောခိုင်းလိုက်ကြောင်း ပြောသည်။ "ကွမ်းဖင်"(Guan Ping) သည် အရိုအသေပြုကာ စာကိုဆက်သပြီးနောက်
"ကျွန်တော့်အဖေက ယီကျိုးကိုလာပြီး မာချောင်း(Ma Chao) နဲ့စီးချင်းတိုက်လိုတယ်" ဟုပြောသည်။
"လျူဘေ့"(Liu Bei) : "သူလာပြီးတိုက်ခိုက်ရင်လည်း နှစ်ယောက်လုံးကိုဆုံးရှုံးရမှာ စိုးရိမ်ရတယ်"
"ကျူးကဲလျန့်"(Zhuge Liang) : "စိတ်မပူပါနဲ့။ ကျွန်တော် ကွမ်းယွီ(Guan Yu) ဆီကို စာတစ်စောင်ရေးလိုက်ပါ့မယ်"
"လျူဘေ့"(Liu Bei) သည် ညီဖြစ်သူစိတ်မြန်လက်မြန်ဖြင့် ကျင်ကျိုးသို့လာမည်ကိုစိုးရိမ်သောကြောင့် "ကျူးကဲလျန့်"(Zhuge Liang) အား စာရေးခိုင်းကာ "ကွမ်းဖင်"(Guan Ping) ကိုပေးလိုက်သည်။

"ကွမ်းဖင်"(Guan Ping) သည် သူ၏ဖခင်ထံရောက်သောအခါ သူ၏ဖခင်၏ပထမဆုံးမေးခွန်းမှာ
"ငါ မာချောင်း(Ma Chao) နဲ့တိုက်ချင်တယ်ဆိုတဲ့အကြောင်းပြောလိုက်သေးလား" ဟူ၍ဖြစ်သည်။
ထိုအခါ "ကွမ်းဖင်"(Guan Ping) သည် ပါလာသောစာကိုထုတ်ကာ "ကွမ်းယွီ"(Guan Yu) အားပေးလိုက်သည်။ စာမှာ အောက်ပါအတိုင်းဖြစ်သည်။
'ခင်ဗျားက မာချောင်း(Ma Chao) နဲ့ခင်ဗျားကြားမှာ ဘယ်သူပိုသာတယ်ဆိုတာ ယှဉ်ပြိုင်ချင်တယ်လို့ ကျုပ်ကြားသိရတယ်။ မာချောင်း(Ma Chao) အပေါ် ကျုပ်ရဲ့ဆန်းစစ်မှုက ဒီလိုရှိတယ်။ သူက ရဲရင့်ပြီးသတ္တိရှိကောင်းရှိမယ်။ ဒါပေမယ့် သူက ရှေးယခင်က သူရဲကောင်းတွေဖြစ်တဲ့ ယင်းပု(Ying Bu)3 နဲ့ ဖုန်ယွဲ့(Peng Yue)4 အဆင့်ပဲရှိတယ်။ သူက ခင်ဗျားညီအတွက်တော့ ပြိုင်ဘက်ကောင်းဖြစ်နိုင်ပေမယ့် ခင်ဗျားသတ်မှတ်ထားတဲ့အရည်အချင်းကိုမှီဖို့အများကြီးလိုသေးတယ်။ အို၊ လှပတဲ့မုတ်ဆိတ်မွှေးပိုင်ရှင်၊ ခင်ဗျားမှာ အင်မတန်အရေးကြီးတဲ့တာဝန်ရှိတယ်။ ခင်ဗျားသာ အနောက်ဘက်မြစ်ပြည်နယ်ကိုလာလို့ရှိရင် ကျင်ကျိုးကိုဆုံးရှုံးသွားနိုင်တယ်။ အဲ့လိုဆိုရင် ခင်ဗျားက အဲ့အတွက် အပြစ်ရှိတယ်လို့ခံစားမိမယ်မဟုတ်လား? ခင်ဗျား ဒါကိုသိမြင်မယ်လို့ထင်ပါတယ်'
"ကွမ်းယွီ"(Guan Yu) သည် သူ၏ရှည်လျားသောမုတ်ဆိတ်ကို ပွတ်သပ်ကာ
"ကြီးကျပ်ညွှန်ကြားရေးအရာရှိက ကျုပ်အပေါ်နားလည်တယ်" ဟုပြောလေသည်။ ပြီးနောက် ထိုစာကို သူ၏သူငယ်ချင်းနှင့် အပေါင်းအပါတို့အား ပြလိုက်ပြီး အနောက်ဘက်ပြည်နယ်သို့သွားရန် စကားမဟတော့ပေ။

အနောက်ပိုင်းတွင် "လျူဘေ့"(Liu Bei) ၏အောင်မြင်မှုကို "စွန်းချွမ်"(Sun Quan) ကြားသိသောအခါ သူလိုလားတောင့်တနေခဲ့သော ကျင်ကျိုးကိုရယူရန် ကြံလေသည်။ ထို့ကြောင့် "ကျန်းကျောက်"(Zhang Zhao) နှင့် "ကူယုံ"(Gu Yong) တို့ကိုခေါ်ကာ အကြံတောင်းသည်။
"စွန်းချွမ်"(Sun Quan) : "လျူဘေ့(Liu Bei) က ကျင်ကျိုးကို ခဏတာသိမ်းတုန်းက ယီကျိုးကိုရရင် အဲ့ပြည်နယ်ကို ကျုပ်တို့ကိုပြန်ပေးမယ်လို့ပြောခဲ့တယ်။ အခု သူက အနောက်ဘက်မြစ်ပြည်နယ်ရဲ့ ၄၁ မြို့နယ်ကိုသိမ်းပြီးပြီ။ သူ ကျင်ကျိုးကိုပြန်မပေးရင် ကျုပ် အင်အားသုံးပြီးတိုက်ရလိမ့်မယ်"
"ကျန်းကျောက်"(Zhang Zhao) : "ကျွန်တော့်ဆီမှာ တိုက်ခိုက်စရာမလိုပဲ ကျင်ကျိုးကိုသိမ်းယူနိုင်မယ့်အကြံရှိပါတယ်။ လျူဘေ့(Liu Bei) က အဲ့ပြည်နယ်ကို သူ့လက်နဲ့သခင်ကြီးလက်ထဲလာအပ်ပါလိမ့်မယ်"


ရှီးစီး(Xi Shi)1 – သူသည် သာမန်အမျိုးသမီးဖြစ်ပြီး ရုပ်ရည်ချောမောလှပသူဖြစ်သည်။ နွေဦးဆောင်းဦးခေတ် ယွဲ့ပြည်ဘုရင် ကိုးကျန့်(Gou Jian) ကိုကူညီကာ အင်အားကြီးမားသော ဝူနိုင်ငံကိုချေမှုန်းနိုင်ခဲ့သည်။
ချီကဝူရန်အမျိုးသမီး2 - သူလည်း နာမည်ကြီးအမျိုးသမီးဖြစ်ပြီး ရုပ်ရည်ချောမောလှပသူမဟုတ်ပေ။ သို့သော်လည်း သူ၏အမျှော်အမြင်ကြီးမှုတော့ကြောင့် ချီပြည်နယ်ဘုရင် ရွှမ်(Xuan) မှသဘောကျကာ မိဖုရားမြှောက်ခဲ့သည်။
ယင်းပု(Ying Bu)3 – (BC ? – 195) လျူဘန်း(Liu Bang) ၏စစ်သူကြီးဖြစ်သည်။ သူနှင့် လျူဘန်း(Liu Bang) တို့သည် ဖေဇာတိမှလာပြီး ရင်းနှီးသောသူငယ်ချင်းများ ဖြစ်ကြသည်။ ဟွိုင်နန်ဘုရင်အဖြစ် ချီးမြှောက်ခြင်းခံရသည်။

ဖုန်ယွဲ့(Peng Yue)4 – (BC ? – 196) လျူဘန်း(Liu Bang) ၏စစ်သူကြီးဖြစ်သည်။ သူနှင့် လျူဘန်း(Liu Bang) တို့သည် ဖေဇာတိမှလာပြီး ရင်းနှီးသောသူငယ်ချင်းများ ဖြစ်ကြသည်။ လျန့်ဘုရင်အဖြစ် ချီးမြှောက်ခြင်းခံရသည်။

Comments

Popular posts from this blog

Lookism

Kaichou wa Maid-sama!