သုံးနိုင်ငံခေတ်(၈၁)


အခန်း (၈၁) - လက်စားချေလိုစောဖြင့် "ကျန်းဖေး"(Zhang Fei) လုပ်ကြံခံရခြင်း။ ပထမဧကရာဇ်သည် လက်စားချေရန်အလို့ငှာ  စစ်ချီခြင်း။

"ကျောက်ယွင်"(Zhao Yun) သည် ဝူကိုတိုက်ရန်ကန့်ကွက်ခဲ့သည်။
"သူပုန်အစစ်အမှန်က စွန်းချွမ်(Sun Quan) မဟုတ်ပဲ ချောင်ချောင်း(Cao Cao) သာဖြစ်တယ်။ အခု သူ့သားက ထီးနန်းကိုလုယူပြီး လူတွေ၊နတ်တွေကို အမျက်ထွက်စေခဲ့တယ်။ ဧကရာဇ်သာ ဝေမြစ်မှာစခန်းချပြီး ရန်သူတွေကိုတိုက်ဖို့ပြင်မယ်ဆိုရင် အရှေ့ဘက်က သစ္စာရှိတဲ့လူတွေက လာကူမှာဖြစ်တယ်။ ဝေမြစ်ကိုဒီအတိုင်းထားခဲ့ပြီး ဝူကိုတိုက်ရင်တော့ စစ်တပ်အင်အားအလုံးစုံကိုသုံးလိုက်ရမှာဖြစ်ပြီး အရေးကြုံလာရင် သုံးဖို့တပ်ဖွဲ့ရှိမှာမဟုတ်ဘူး။ ဒါကြောင့် ပြန်စဉ်းစားသုံးသပ်သင့်ပါတယ်"
ပထမဧကရာဇ်မှ
"စွန်းချွမ်(Sun Quan) က ကျုပ်ညီကိုသတ်ခဲ့တယ်။ ဒါ့အပြင် ဖူရှီရန်(Fu Shiren) ၊ မီဖန်(Mi Fang) ၊ ဖန်ကျန်း(Pan Zhang) နဲ့ မာကျုံး(Ma Zhong) တို့ဟာလည်း အဲ့မှာရှိနေတယ်။ အဲ့လူတွေရဲ့အသွေးအသားကိုမြိုပြီး သူတို့ဆွေမျိုးသားချင်းတွေကိုပါ သတ်မှ ကျုပ်ရဲ့အမျက်ပြေပျောက်နိုင်မှာဖြစ်တယ်။ စစ်သူကြီးက ဘာလို့ကန့်ကွက်ရတာလဲ?"
"ဘာကြောင့်လည်းဆိုတော့ ချောင်ချောင်း(Cao Cao) နဲ့ရန်ငြိုးရှိတာဟာ လူအများကိစ္စအတွက်ဖြစ်ပြီး အရှင်မင်းကြီးရဲ့ညီအတွက်လက်စားချေဖို့ဟာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တယ်။ တိုင်းပြည်အရေးကို အရင်ဆုံးရှေးရှုသင့်ပါတယ်။"
"ကျုပ်ညီအတွက်တောင် လက်စားမချေနိုင်ရင် မိုင်ပေါင်းများစွာကျယ်ဝန်းတဲ့ဒေသကိုပိုင်ဆိုင်ရလည်း ဘာအသုံးကျမှာလဲ"

သို့နှင့် "ကျောက်ယွင်"(Zhao Yun) ၏အကြံကို လက်မခံခဲ့ပဲ စစ်ချီရန်ပြင်ဆင်သည်။ ဧကရာဇ်သည် မြစ်ဝှမ်းငါးသွယ်သို့လူလွှတ်ကာ တပ်သား ငါးသောင်းကို ငှားရမ်းစေခဲ့သည်။ ထို့အပြင် လန်ကျုံးသို့လည်း လူလွှတ်ပြီး "ကျန်းဖေး"(Zhang Fei) ကို မြင်းပျံတပ်စစ်သူကြီးဘွဲ့၊ ရှီရှန်သခင်ရာထူးနှင့် လန်ကျုံးမြို့စားအဖြစ် ခန့်အပ်စေခဲ့သည်။
"ကျန်းဖေး"(Zhang Fei) သည် "ကွမ်းယွီ"(Guan Yu) သေဆုံးပြီးနောက်တွင် နေ့ရောညပါ ငိုကြွေးနေခဲ့ပြီး အဝတ်မှာမျက်ရည်တို့ပေနေခဲ့သည်။ သူ၏လက်အောက်ငယ်သားတို့သည် အရက်တိုက်ကာ ပျော်ရွှင်အောင်ကြိုးပမ်းခဲ့သော်လည်း ထိုအရက်ကိုပင် အလွန်အကျွံသောက်ခဲ့ပြီး သူ၏အမျက်ဒေါသကို တခြားလူအပေါ်ပုံချနေခဲ့လေသည်။ သူ၏ကြာပွတ်ဖြင့်ရိုက်နှက်မှုကြောင့် လူအချို့သေဆုံးခဲ့လေ၏။ နေ့တိုင်း တောင်ဘက်ကိုမျက်နှာမူပြီး ငိုယိုဟစ်အော်နေခဲ့သည်။
ဧကရာဇ်ထံမှဆက်သားရောက်လာသောအခါ "ကျန်းဖေး"(Zhang Fei) သည် ထိုသူကို ချက်ချင်းခေါ်လိုက်ပြီး စာကိုဖောက်ဖတ်ကြည့်လေသည်။ သူ၏ရာထူးအသစ်ကိုလက်ခံကာ မြောက်ဘက်ကိုမျက်နှာမူကာ အရိုအသေပြုခဲ့သည်။ ထို့နောက် ဆက်သားအား စားစရာတို့ဖြင့် တည်ခင်းခဲ့သည်။
"ကျုပ်ရဲ့အစ်ကိုအတွက်ကြောင့် ဖြစ်လာတဲ့ရန်ငြိုးက ပင်လယ်ကြီးပမာနက်ရှိုင်းတယ်။ နန်းတွင်းက အမှုထမ်းတွေက လက်စားချေဖို့ဘာကြောင့်စစ်မချီကြသေးတာလဲ?"
"အမှုထမ်းအများစုက ဝေကိုအရင်တိုက်ပြီးမှ ဝူကိုတိုက်ဖို့လိုလားကြပါတယ်။"
"ကျုပ်တို့တွေမက်မွန်ပန်းခြံမှာ သွေးသောက်ညီအစ်ကိုဖွဲ့တုန်းက အတူတူသေဆုံးမယ်လို့ကတိပြုခဲ့ကြတယ်။ အခု ကျုပ်အစ်ကိုဆုံးသွားတော့ သူမရှိပဲ ချမ်းသာကြွယ်ဝမှုတွေကို စံစားရမှာလား? ကျုပ် ဧကရာဇ်ကိုသွားတွေ့ပြီး စစ်ချီရင် ကျုပ်ကိုရှေ့တန်းမှာထားဖို့ ပြောရမယ်။ ဒါ့အပြင် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံကိုဝတ်ပြီး ဝူကိုချေမှုန်းပြီး အဲ့ကသူပုန်ခေါင်းဆောင်ကိုဖမ်းပြီး သတ်ပစ်ရမယ်"

"ကျန်းဖေး"(Zhang Fei) က ဆက်သားနှင့်အတူ မြို့တော်ချန်တူးသို့လိုက်လာခဲ့သည်။ ထိုအချိန်တွင် ဧကရာဇ်သည် တပ်သားတို့၏လေ့ကျင့်ရေးစခန်းတို့ကိုလက်လံကြည့်ရှုပြီး စစ်ချီမည့်ရက်ကိုရွေးချယ်နေသည်။ ဝန်ကြီးတို့သည် "ကျူးကဲလျန့်"(Zhuge Liang) ၏နေအိမ်သို့သွားကာ စစ်ချီခြင်းကိုကန့်ကွက်ရန် ဝိုင်းပြောကြသည်။
"ဧကရာဇ်အနေနဲ့ ကိုယ်တိုင်စစ်ချီထွက်တာကို မလုပ်သင့်ဘူး။ အထူးသဖြင့် ရာဇပလ္လင်ထက်တက်ပြီး မကြာခင်မှာပေါ့။ ခင်ဗျားက အတိုင်ပင်ခံဆိုတော့ ဘာလို့သူ့ကိုမတားမြစ်ရတာလဲ?"
"ကျုပ်လည်း တားပါတယ်။ ဒါပေမယ့် ဧကရာဇ်ကလက်မခံခဲ့ဘူး။ အခုခင်ဗျားတို့အားလုံးရောက်လာတယ်ဆိုတော့ နောက်တစ်ကြိမ်ကြိုးစားကြတာပေါ့။"
ထို့ကြောင့် "ကျူးကဲလျန့်"(Zhuge Liang) ခေါင်းဆောင်သောအမှုထမ်းတို့သည် ဧကရာဇ်ထံသွားပြီး
"အရှင်မင်းကြီးက လတ်တလောမှာမှ ဘိသိက်ခံခဲ့တာဖြစ်တယ်။ မြောက်ဘက်ကိုသွားပြီး သူပုန်တွေကိုချေမှုန်းမယ်ဆိုရင် ဧကရာဇ်ကိုယ်တိုင်သွားရင်သင့်တော်ပါတယ်။ ဒါပေမယ့် ဝူကိုတိုက်ရင်တော့ စစ်သူကြီးတစ်ဦးဦးကိုသာစေလွှတ်သင့်ပါတယ်။ ဧကရာဇ်ကိုယ်တိုင်သွားပြီး ဘာကြောင့် အပင်ပန်းခံမှာလဲ?"
ဧကရာဇ်သည်လည်း ဝန်ကြီးတို့၏စကားကြောင့် စိတ်ပျော့သွားပြီး လက်ခံရန်ပြုသည်။ ထိုအချိန်တွင် "ကျန်းဖေး"(Zhang Fei) ရောက်လာသဖြင့် အတွင်းသို့ဝင်လာစေခဲ့သည်။

"ကျန်းဖေး"(Zhang Fei) သည် ဧကရာဇ်၏ခြေဖဝါးအောက်တွင် ဒူးထောက်ပြီး ငိုလေ၏။
"ဧကရာဇ်က အခုနိုင်ငံ့ခေါင်းဆောင်ဖြစ်သွားပြီဆိုတော့ မက်မွန်ပန်းခြံက ကတိသစ္စာကိုမေ့သွားခဲ့ပြီပေါ့။ ကျုပ်အစ်ကိုရဲ့သေဆုံးမှုအတွက် လက်စားမချေတော့ဘူးလား?"
"အမှုထမ်းတွေက အလျင်စလိုမလုပ်ဖို့တိုက်တွန်းနေတာကြောင့် ဒါကိုအလောတကြီးလုပ်ဆောင်လို့မဖြစ်ဘူး"
"တခြားလူတွေက ကျွန်တော်တို့ကတိကိုဘယ်သိနိုင်မလဲ? ဧကရာဇ်မသွားဘူးဆိုရင် ကျွန်တော်သွားပြီး အစ်ကိုလတ်အတွက် လက်စားချေမယ်။ လက်စားမချေနိုင်ရင် ဧကရာဇ်ရဲ့မျက်နှာကိုမမြင်ရပဲ သေတာပဲကောင်းပါတယ်"
"ဒါဆို ကျုပ်လည်း လိုက်ခဲ့မယ်။ လန်ကျုံးက တပ်ဖွဲ့တွေကိုဦးဆောင်ပြီးလာခဲ့ပါ။ ကျုပ်လည်း ဝါရင့်တပ်ဖွဲ့ကိုဦးဆောင်ပြီး ကျန်းကျိုးမှာတွေ့ကြမယ်။ ကျုပ်တို့နှစ်ယောက်လုံး ဝူကိုတိုက်ပြီးရှင်းပစ်မယ်"
"ကျန်းဖေး"(Zhang Fei) သည် ပြန်ထပြီး ထွက်သွားရန်ပြုစဉ် ဧကရာဇ်မှ
"မင်းရဲ့အားနည်းချက်က အရက်ဆိုတာ ငါသိတယ်။ အရက်သောက်ပြီးရင် တအားရက်စက်ပြီး ကိုယ်ရိုက်ခဲ့ဖူးတဲ့လူတွေကို အနီးမှာထားတယ်။ ဒါက အန္တရာယ်ရှိလာနိုင်တယ်၊ ဒါကြောင့် အရင်လို အရက်ကိုအလွန်အကျွံမသောက်ပါနဲ့"

ထို့နောက် "ကျန်းဖေး"(Zhang Fei) လည်း ထွက်သွားလေသည်။ ဧကရာဇ်သည် စစ်ချီတက်ရန်ပြုနေစဉ် အထက်တန်းဝန်ကြီး "ချင်မီ"(Qin Mi) မှ
"ဧကရာဇ်ကိုယ်တိုင်စစ်ချီတယ်ဆိုတာဟာ ဟိုးရှေးကတည်းက လုပ်ဆောင်တဲ့အရာတွေမဟုတ်ပါဘူး။ ဒါကြောင့် ထပ်ပြီး သုံးသပ်သင့်ပါတယ်"
"ကွမ်းယွီ(Guan Yu) နဲ့ ကျုပ်နဲ့က လူတစ်ယောက်တည်းလိုပဲ သင့်မြတ်ကြတာ ခင်ဗျားမေ့သွားပြီလား?"
သို့သော် "ချင်မီ"(Qin Mi) မှ ခြေရင်းတွင် ဒူးထောက်ပြီး
"အရှင်မင်းကြီးက ကျွန်တော်ပြောတာတွေကို နားမထောင်ရင် ဒုက္ခရောက်မှာစိုးရိမ်ရပါတယ်"
ဧကရာဇ်သည် ဒေါသထွက်သွားပြီး
"ခင်ဗျားဘာလို့ဒီလိုမကောင်းတဲ့စာလုံးတွေသုံးရတာလဲ?"
ထို့နောက် အာဏာပါးကွက်သားတို့ကိုခေါ်ကာ "ချင်မီ"(Qin Mi) ကိုသေဒဏ်ပေးစေ၏။ "ချင်မီ"(Qin Mi) မှာ ကြောက်ရွံ့ခြင်းအလျင်းမရှိပေ။ သူသည် ပြုံးပြီး
"ကျုပ်သေဆုံးရင်လည်း နောင်တမရဘူး။ မကြာသေးခင်ကမှ တည်ထောင်ခဲ့တဲ့တိုင်းပြည်က ကောင်းကောင်းမစတင်ခင်မှာ ပျက်စီးတော့မယ်ဆိုတာကတော့ ဝမ်းနည်းစရာပဲ"

အခြားသောအမှုထမ်းတို့မှာ ကန့်ကွက်သဖြင့် နောက်ဆုံးတွင် သေဒဏ်မှလွှတ်ပေးလိုက်ပြီး ထောင်သွင်းအကျဉ်းချထားစေသည်။
"ခင်ဗျားရဲ့အပြစ်ဒဏ်ကို ပြန်လာတဲ့အခါမှ ဆုံးဖြတ်မယ်"
"ကျူးကဲလျန့်"(Zhuge Liang) သည်လည်း "ချင်မီ"(Qin Mi) ကိုထောက်ခံသည့်စာတစ်စောင်တင်သွင်းခဲ့သည်။
"ကျွန်တော် ကျူးကဲလျန့်(Zhuge Liang) က ကျွန်တော်နဲ့အခြားအမှုထမ်းတွေကိုယ်စား ရေးသားလိုက်ပါတယ်။ အခုလတ်တလောမှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ ကျင်ကျိုးနယ်ကိုလက်လွှတ်ရခြင်း၊ စစ်သူကြီးကြယ်တစ်ပွင့်ကြွေသွားခြင်း၊ ကောင်းကင်ကိုထောက်ထားတဲ့မဏ္ဍိုင်လဲကျသွားခြင်း စတာတွေကို ကျွန်တော်တို့ဘယ်တော့မှမမေ့ပါဘူး။ ဒါပေမယ့် ဟန်တိုင်းပြည်ရဲ့ရာဇပလ္လင်ကိုလုယူခဲ့တာက ချောင်ချောင်း(Cao Cao) ဖြစ်ပြီး တော်ဝင်လျူမျိုးနွယ်တွေကို မောင်းထုတ်ခဲ့တာ စွန်းချွမ်(Sun Quan) မဟုတ်ခဲ့ဘူးဆိုတာ သိရမှာပါ။ ဝေပြည်ကိုသာတိုက်နိုင်ရင် ဝူပြည်ကလည်း အလိုအလျောက်လက်နက်ချလာပါလိမ့်မယ်၊ ဒါကြောင့် ချင်မီ(Qin Mi) ပြောတဲ့စကားတွေကိုနှလုံးသွင်းစေလိုပါတယ်။ စစ်တပ်လည်း အလဟဿချီတက်စရာမလိုဘူးဆိုရင် ဒါက တိုင်းပြည်ရဲ့ကောင်းမွန်ခြင်းဖြစ်ပြီး ပြည်သူတွေရဲ့ပျော်ရွှင်မှုပဲဖြစ်ပါတယ်"
သို့သော်လည်း ထိုစာကိုဖတ်သည်ကို နားထောင်ပြီးနောက် ဧကရာဇ်သည် စာကိုကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ပြီး
"ကျုပ်ဆုံးဖြတ်ပြီးပြီ။ နောက်ထပ်မကန့်ကွက်ကြနဲ့တော့"

ထို့နောက် သားတော်ကိုကြည့်ရှုရန်နှင့် အုပ်ချုပ်ရေးတို့ကိုတာဝန်ယူရန် ဝန်ကြီးချုပ်ကိုတာဝန်ပေးခဲ့သည်။ မြင်းပျံတပ်စစ်သူကြီး "မာချောင်း"(Ma Chao) နှင့် "မာတိုက်"(Ma Dai) တို့ကို မြောက်ဘက်ကိုကာကွယ်သောစစ်သူကြီး "ဝေရန်"(Wei Yan) နှင့်အတူ ဟန်ကျုံးတွင် စခန်းချထားစေပြီး ဝေပြည်၏ရန်ကိုအသင့်ပြင်ထားစေသည်။ ကျားစစ်သူကြီး "ကျောက်ယွင်"(Zhao Yun) ကို အရံတပ်အဖြစ်ထားပြီး စားနပ်ရိက္ခာတို့ကိုတာဝန်ယူစေ၏။ "ဟွမ်ချွမ်"(Huang Quan) နှင့် "ချန်ကျင်း"(Cheng Jin) တို့ကို အတိုင်ပင်ခံ၊ "မာလျန့်"(Ma Liang) နှင့် "ချန်ကျန်း"(Chen Zhen) တို့ကို အတွင်းရေးမှူး၊ "ဟွမ်ကျုံး"(Huang Zhong) ကိုရှေ့ပြေးတပ်စစ်သူကြီးအဖြစ်တာဝန်ပေးပြီး စစ်သူကြီး "ဖုန်းရှီ"(Feng Xi) နှင့် "ကျန်းနန်"(Zhang Nan) တို့မှ ကူညီစေသည်။
"ဖူထုံ"(Fu Tong) နှင့် "ကျန်းယီ"(Zhang Yi) တို့ကို အလယ်တပ်စစ်သူကြီး၊ "ကျောက်ရုံ"(Zhao Rong) နှင့် "လျောင်ချွန်း"(Liao Chun) တို့ကို တပ်ဖျားစသည်ဖြင့် တာဝန်ပေးထားသည်။ ရပ်ခြားဒေသမှငှားရမ်းထားသောတပ်များအပါအဝင် စုစုပေါင်း ခုနှစ်သိန်းငါးသောင်းရှိပြီး အဆင့်မြင့်အမှုထမ်းပေါင်းရာပေါင်းများစွာ ပါဝင်သည်။ ပြီးနောက် ကျန်းဝူပထမနှစ် ခုနစ်လပိုင်း "ကျား" ရက်ကို စစ်ချီရန်ရက်အဖြစ် သတ်မှတ်ခဲ့သည်။
"ကျန်းဖေး"(Zhang Fei) သည် သူ၏စခန်းသို့ပြန်ရောက်သွားသောအခါ သုံးရက်အကြာတွင် စစ်ထွက်ရမည်ဟုအမိန့်ထုတ်လေသည်။ ထို့အပြင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် အဖြူရောင်အဝတ်ကိုသာဝတ်ဆင်စေသည်။ ထိုအခါ စစ်သူကြီးနှစ်ဦးဖြစ်သော "ဖန်ကျန်း"(Fan Jiang) နှင့် "ကျန်းတာ"(Zhang Da) တို့ရောက်လာပြီး
"စစ်သူကြီး ပေးထားတဲ့အချိန်အတွင်းမှာ အဖြူရောင်အလံနဲ့သံချပ်ကာတွေလုပ်ဖို့ အချိန်မလောက်ဘူး။ ဒါကြောင့် ကျွန်တော်တို့ကိုအချိန်ပိုပေးပါ"
"ကျုပ်က ကျုပ်အစ်ကိုအတွက် လက်စားချေချင်နေတာ။ ဟိုခွေးကောင်ရဲ့တိုင်းပြည်ကို မနက်ဖြန်မရောက်နိုင်လို့တောင် နောင်တရနေတာ။ ကျုပ်အမိန့်ကို အာခံတာလား?"
ထို့နောက် ထိုစစ်သူကြီးနှစ်ဦးကို သစ်ပင်တွင်ချည်ကာ ကြိမ်ဒဏ်အချက်ငါးဆယ်စီပေးစေ၏။
"ခင်ဗျားတို့တွေ မနက်ဖြန်မှာ အဆင်သင့်မလုပ်နိုင်ရင် ခင်ဗျားတို့နှစ်ယောက်ကို ဥပမာအနေနဲ့ သေဒဏ်ပေးမယ်"

စစ်သူကြီးနှစ်ဦးတို့သည် ဒေါသဖြင့် ပြန်သွားလေသည်။
"ကျုပ်တို့တွေ ဒီနေ့ကြိမ်ခတ်ခံရတာ။ မနက်ဖြန်ဆိုရင်ရော? အဲ့လူက စိတ်ကြီးတယ်၊ ကျုပ်တို့တွေအဆင်သင့်မဖြစ်ရင် သေဒဏ်ပေးခံရနိုင်တယ်"
"ကျန်းတာ"(Zhang Da) မှ
"ဒါဆို ကျုပ်တို့တွေ သူ့ကိုသတ်လိုက်ရင်ကော? အဲ့လိုမှမဟုတ်ရင် သူကကျုပ်တို့ကိုသတ်လိမ့်မယ်"
"ဒါပေမယ့် သူ့နားကိုဘယ်လိုချည်းကပ်နိုင်မလဲ?"
"ကျုပ်တို့တွေအသက်ရှင်ဖို့ကံရှိရင်တော့ ဒီညမှာ သူမူးပြီးအိပ်ယာဝင်လိမ့်မယ်။ ကျုပ်တို့သေမယ့်ကံပါလာရင်တော့ ဒီညသူအရက်မူးမှာမဟုတ်ဘူး"
ထို့နောက် ထိုသူနှစ်ဦးသည် ရာဇဝတ်မှုကျူးလွန်ရန် ပြင်ဆင်သည်။ ထိုနေ့တွင် "ကျန်းဖေး"(Zhang Fei) သည် နေမထိထိုင်မသာဖြစ်နေခဲ့သည်။ သူမှ သူ့အမှုထမ်းတို့အား
"ကျုပ်စိတ်လှုပ်ရှားနေပြီး ကျောချမ်းနေသလိုခံစားရတယ်။ ဒါဘာကြောင့်လဲ?"
"စစ်သူကြီးက အစ်ကိုဆုံးရှုံးလိုက်တဲ့အတွက် နေလို့မကောင်းဖြစ်နေတာနေမှာပါ"
ထိုအခါ "ကျန်းဖေး"(Zhang Fei) သည် သူ၏အမှုထမ်းတို့နှင့်အတူ အရက်သောက်ပြီး ရွက်ဖျင်တဲ၏ကုတင်ပေါ်တွင် အိပ်ပျော်သွားသည်။

ထိုအချိန်တွင် လူသတ်သမားနှစ်ဦးတို့သည် "ကျန်းဖေး"(Zhang Fei) အိပ်နေမှန်းသိသဖြင့် ထက်မြသောဓားမြောင်ကို ယူဆောင်ကာ ဝင်လာသည်။ အစောင့်တို့ကို အရေးတကြီးဆွေးနွေးရန်ရှိသဖြင့် စစ်သူကြီးကိုလာတွေ့ခြင်းဖြစ်ကြောင်းပြောပြီး ရွက်ဖျင်တဲထဲသို့ဝင်သွားသည်။ သူတို့နှစ်ဦးဘာမှမလုပ်သေးမီတွင် ကုတင်ပေါ်ရှိ "ကျန်းဖေး"(Zhang Fei) သည် မျက်လုံးပွင့်နေသဖြင့် လန့်သွားသည်။ သို့သော် ဟောက်သံတို့ကြားလိုက်ရသောအခါ အိပ်နေမှန်းစိတ်ချသွားပြီး ကုတင်နားသို့ကပ်သွားကာ နှစ်ဦးလုံးတပြိုင်တည်းဓားဖြင့် ထိုးလိုက်လေသည်။ "ကျန်းဖေး"(Zhang Fei) သည် တစ်ချက်အော်ပြီး ငြိမ်သက်သွားခဲ့သည်။ သို့နှင့် စစ်သူကြီးသည် လူသတ်သမားတို့လက်ချက်ဖြင့် အသက် ငါးဆယ့်ငါးနှစ်အရွယ်တွင် သေဆုံးခဲ့လေသည်။

"ဖန်ကျန်း"(Fan Jiang) နှင့် "ကျန်းတာ"(Zhang Da) တို့သည် သေဆုံးသူ၏ခေါင်းကိုဖြတ်ပြီး အချိန်မလင့်စေပဲ လက်အောက်ငယ်သားအချို့နှင့်အတူ ဝူပြည်နယ်သို့ထွက်ပြေးလေသည်။ ထိုအကြောင်းကိုသိကြသောအခါဝယ် တရားခံတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့လေပြီ။
ထိုအကြောင်းကို သတင်းပို့သူမှာ "ကျန်းဖေး"(Zhang Fei) ၏လက်အောက်တွင် အမှုထမ်းသော "ဟူပန်"(Hu Ban) ဟုခေါ်သည့်စစ်သူကြီးဖြစ်သည်။ "ဟူပန်"(Hu Ban) သည် ကျင်ကျိုးမှလာသူဖြစ်ပြီး ပထမဧကရာဇ်မှ "ကျန်းဖေး"(Zhang Fei) လက်အောက်တွင် တာဝန်ထမ်းဆောင်ခိုင်းထားခြင်းဖြစ်သည်။ သူသည် ဧကရာဇ်ထံစာရေးပြီး သားအကြီးဆုံး "ကျန်းပေါက်"(Zhang Bao) ကို အခေါင်းပြင်ဆင်စေကာ သွားစေ၏။ ဈာပနပြီးသောအခါ ညီဖြစ်သူ "ကျန်းရှောက်"(Zhang Shao) အား လန်ကျုံးကိုစောင့်ကြပ်ထားစေပြီးနောက် "ကျန်းပေါက်"(Zhang Bao) သည် ပထမဧကရာဇ်နှင့်သွားတွေ့သည်။

ဧကရာဇ်မြို့တော်မှ ထွက်ခွာသောရက်တွင် "ကျူးကဲလျန့်"(Zhuge Liang) နှင့်အခြားသောမင်းမှုထမ်းတို့က မြို့ပြင်သုံးမိုင်အကွာခန့်အထိ လိုက်လံပို့ဆောင်လေသည်။ ချန်တူးသို့ပြန်ရောက်သောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် စိတ်မချမ်းမြေ့သဖြင့် သူ၏လုပ်ဖော်ကိုင်ဘက်တို့ကိုပြောသည်။
"ဖာကျန့်(Fa Zheng) သာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင် ဒီစစ်ပွဲကိုတားဆီးနိုင်ခဲ့မှာပဲ"
တစ်ညသော် ပထမဧကရာဇ်သည် စိတ်လှုပ်ရှားပြီး တုန်ခါနေသည်ဟုခံစားနေခဲ့သည်။ အိပ်လည်းမအိပ်ပျော်သောကြောင့် ရွက်ဖျင်တဲအပြင်သို့ထွက်ပြီးလမ်းလျှောက်ကာ ကောင်းကင်ကိုကြည့်မိသည်။ ထိုအချိန်တွင် အနောက်မြောက်ဘက်မှ ဥက္ကာခဲကြွေသည်ကိုတွေ့လိုက်ရကာ "ကျူးကဲလျန့်"(Zhuge Liang) ထံလူလွှတ်ပြီး ထိုအခြင်းအရာ၏အဓိပ္ပာယ်ကိုမေးစေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ စာပြန်လာသည်။
"ဒါက ခေါင်းဆောင်တစ်ဦးဆုံးရှုံးသွားတဲ့နိမိတ်ပါပဲ။ မကြာခင်မှာ သတင်းဆိုးတစ်ခုရောက်လာလိမ့်မယ်"
ထို့ကြောင့် စစ်တပ်ကြီးကိုစစ်မချီစေပဲ ခေတ္တရပ်နားခဲ့သည်။ ပြီးနောက် "ဟူပန်"(Hu Ban) ထံမှသတင်းရောက်လာသည်။ ပထမဧကရာဇ်သည် ခြေကိုဆောင့်ကာ
"အား! ကျုပ်ရဲ့နောက်ထပ်ညီတစ်ယောက်လည်း ခွဲသွားပြန်ပြီ"

စာကိုဖတ်ကြည့်သောအခါ သူထင်သည့်အတိုင်းဖြစ်သည်ကိုသိသဖြင့် ကျယ်လောင်စွာငိုကြွေးပြီး မေ့လဲသွားသည်။ သတိပြန်လည်လာသောအခါ မြင်းသည်တော်တို့ရောက်လာကြောင်းသိသဖြင့် ဧကရာဇ်မှထွက်ပြီးတွေ့သည်။ ထိုတပ်ဖွဲ့ကိုဦးဆောင်လာသူမှာ အဖြူရောင်သံချပ်ကာဝတ်ထားသော လူငယ်စစ်သူကြီးဖြစ်ပြီး ဝမ်းနည်းစွာရောက်လာသည်။ ထိုသူမှာ "ကျန်းပေါက်"(Zhang Bao) ဖြစ်သည်။
"ကျန်းပေါက်"(Zhang Bao) သည် ဧကရာဇ်ရှေ့တွင် ဒူးထောက်ကာ ငိုလေ၏။
"ကျွန်တော့အဖေကို ဖန်ကျန်း(Fan Jiang) နဲ့ ကျန်းတာ(Zhang Da) တို့က သတ်သွားပြီး ဝူကိုထွက်ပြေးသွားတယ်။ သူတို့က အဖေ့ခေါင်းကိုပါဖြတ်သွားခဲ့တယ်"
ထိုသတင်းကို ကြားပြီးနောက် ဧကရာဇ်သည် စိတ်ထိခိုက်ပြီး မစားနိုင်မသောက်နိုင်ဖြစ်ခဲ့သည်။ ထိုအခါ အမှုထမ်းတို့က ဖျောင်းဖျကြသည်။
"အရှင်မင်းကြီးက ညီနှစ်ဦးလုံးအတွက် လက်စားချေရမှာ၊ ကိုယ့်ကိုယ်ကို နှိပ်စက်လို့မဖြစ်ဘူး"
ထိုအခါ အစားအသောက်တို့ကိုပြန်စားခဲ့လေသည်။
"မင်းနဲ့ ဟူပန်(Hu Ban) တို့က တပ်ဖွဲ့တွေကိုဦးဆောင်ပြီး ဝူပြည်ကိုတိုက်ပြီးတော့ မင်းအဖေအတွက် လက်စားချေချင်လား?"
"တိုင်းပြည်အတွက်နဲ့ အဖေ့အတွက်ဆိုရင် ဘယ်လောက်ပဲစတေးပါရစေ၊ နောက်မဆုတ်ဘူး"
ပြီးနောက် "ကျန်းပေါက်"(Zhang Bao) ကို ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့သည်။

ထိုအချိန်တွင် နောက်ထပ် အဖြူရောင်အဝတ်ဝတ်ဆင်ထားသော မြင်းသည်တော်တပ်ထပ်ရောက်လာသည်။ ထိုတပ်ကိုဦးဆောင်လာသူမှာ "ကွမ်းယွီ"(Guan Yu) ၏သား "ကွမ်းရှင်း"(Guan Xing) ဖြစ်သည်။ "ကွမ်းရှင်း"(Guan Xing) သည်လည်း မြေပြင်ပေါ်တွင် ထိုင်ချကာ ငိုလေသည်။ "ကွမ်းရှင်း"(Guan Xing) ကိုမြင်သောအခါ ပထမဧကရာဇ်သည်မျက်ရည်မဆည်နိုင်ပဲ ငိုလေသည်၊ မည်သို့သောအကြောင်းဖြင့်၊ မည်သို့သောဖျောင်းဖျမှုတို့ဖြစ် ထိုမျက်ရည်တို့ကို ရပ်တန့်နိုင်စွမ်းမရှိတော့ပေ။
"ဟိုးအရင် သွေးသောက်ညီအစ်ကိုဖွဲ့စဉ်တုန်းက ရိုးရှင်းတဲ့ဘဝကိုပြန်သတိရမိတယ်။ အခု ကျုပ်ဧကရာဇ်ဖြစ်သွားပေမယ့် သူတို့မရှိပဲ ပကာသနတွေကိုဘယ်လိုပျော်ပါးနိုင်မလဲ? သူတို့တွေက အသေဆိုးနဲ့သေခဲ့ရတော့ ဒီလူငယ်နှစ်ယောက်ကိုမြင်တော့ ကျုပ်နှလုံးသားကိုမထိန်းချုပ်နိုင်ဘူး"
ထိုအခါ အမှုထမ်းတို့မှ ထိုလူငယ်စစ်သူကြီးနှစ်ဦးတို့ကိုထွက်သွားရန် တောင်းဆိုသဖြင့် ထွက်သွားခဲ့လေသည်။

"ဧကရာဇ်က အသက်မငယ်တော့ဘူး။ ခြောက်ဆယ်ကျော်နေပါပြီ။ ဒါကြောင့်မို့လို့ တအားဝမ်းနည်းနေဖို့မသင့်တော်ပါဘူး"
"ဒါပေမယ့် ကျုပ်ညီတွေက မရှိတော့ဘူး၊ သူတို့မရှိပဲ ကျုပ်ကဘယ်လိုအသက်ရှင်နေမလဲ?"
ဧကရာဇ်သည် ငိုယိုကာ မြေပြင်ကိုခေါင်းနှင့်တိုက်နေခဲ့သည်။
"ဒါဘယ်လိုလုပ်ကြမလဲ? ဧကရာဇ်စိတ်တည်ငြိမ်အောင်ဘယ်လိုလုပ်မလဲ?"
"မာလျန့်"(Ma liang) မှ
"ရန်သူကိုသွားတိုက်ခါနီးမှာ စစ်တပ်ကိုရပ်နားပြီးငိုနေတာဟာ မသင့်တော်ဘူး"
"ချန်ကျန်း"(Chen Zhen) မှ
"ချန်တူးနားက တောင်ပြာတန်းတွေမှာ နေထိုင်တဲ့ရသေ့ကြီးတစ်ဦးရှိတယ်၊ သူက အသက်သုံးရာတောင်ရှိပြီလို့ပြောကြတယ်။ သူ့နာမည်က လီယင်(Li Yin) ဖြစ်ပြီး လူတွေက သူ့ကို ရှေ့ဖြစ်ဟောသူလို့ခေါ်ကြတယ်။ ဧကရာဇ်ကိုပြောပြီး အဲ့လူနဲ့တွေ့ခိုင်းမယ်ဆိုရင် ရှေ့ဘာဖြစ်မယ်ဆိုတာ ပြောနိုင်မှာပေါ့။ ဒါဆို ကျုပ်တို့တွေ ဖျောင်းဖျတာထက် အသုံးဝင်မယ်"

ဧကရာဇ်ကိုပြောသောအခါ ဧကရာဇ်မှ ထိုရှေ့ဖြစ်ဟောသူကိုခေါ်ရန်သဘောတူလိုက်ပြီး "ချန်ကျန်း"(Chen Zhen) ကိုလွှတ်လိုက်သည်။ ထို့နောက် "ချန်ကျန်း"(Chen Zhen) သည် နတ်ရွာကဲ့သို့သဏ္ဍာန်တူသည့်တောင်ကြားနားသို့ရောက်သောအခါ ကလေးတစ်ယောက်ထွက်လာပြီး ကြိုဆိုသည်။
"ခင်ဗျားက ချန်ကျန်း(Chen Zhen) ထင်တယ်"
ထိုကလေးက နာမည်ကိုသိသဖြင့် "ချန်ကျန်း"(Chen Zhen) မှာအံ့အားသင့်သွားပြီ"
"အို၊ ဆန်းကြယ်တဲ့ကောင်လေး၊ ဘာကြောင့်ကျုပ်နာမည်ကိုသိနေတာလဲ?"
"မနေ့ညနေတုန်းက သခင်ကြီးက ဒီနေ့မှာ မင်းမိန့်နဲ့အတူအမှုထမ်းတစ်ယောက်လာမယ်လို့ပြောပြီး ခင်ဗျားနာမည်ကိုပြောခဲ့တယ်"
"သူက တကယ်ကို ပညာဉာဏ်ကြီးတဲ့လူပဲ၊ သူ့ရဲ့ကျော်ကြားမှုက တကယ်ကိုအလကားမဟုတ်ဘူး"
ထို့နောက်အဘိုးအို၏အိမ်သို့ခေါ်ဆောင်သွားပြီး "ချန်ကျန်း"(Chen Zhen) က သူလာသည့်အကြောင်းကိုပြောရာ အဘိုးအိုမှ အိုမင်းနေပြီဖြစ်သောကြောင့် မလိုက်နိုင်ကြောင်းပြောသည်။
"ဧကရာဇ်က ခင်ဗျားကို မျက်နှာချင်းဆိုင်တွေ့ချင်နေခဲ့တာ၊ ကြိုးစားပြီးလိုက်ခဲ့ပါလား"
အကြိမ်ကြိမ်အဖန်ဖန်တောင်းဆိုမှုကြောင့် နောက်ဆုံးတွင် "လီယင်"(Li Yin) ကသဘောတူလိုက်သည်။ ပထမဧကရာဇ်သည် ဖော်ရွေစွာဧည့်ခံပြီး ဧည့်သည်မှာ ဆံဖြူနေသော်လည်း အသားအရည်မှာ နုပျိုနေပုံပေါက်သဖြင့် အင်မတန်အံ့ဩသွားသည်။ "လီယင်"(Li Yin) သည် အစိမ်းရောင်မျက်လုံးရှိပြီး လေးထောင့်ကျကာ တောက်ပသောသူငယ်အိမ်တို့ရှိသည်။ ထို့အပြင် ခန္ဓာကိုယ်မှာ ထင်းရှူးပင်ကဲ့သို့မားမတ်စွာရပ်နေခဲ့သည်။

'ဒီလူက သာမန်မဟုတ်ဘူး' ဟု ဧကရာဇ်တွေးမိပြီး ပိုကောင်းမွန်စွာဆက်ဆံခဲ့သည်။ အဘိုးအိုမှ
"ကျွန်တော်က လူသူကင်းမဲ့တဲ့အရပ်မှာနေတဲ့ စာပေဗဟုသုတမရှိတဲ့ သာမန်အဘိုးအိုသာဖြစ်တယ်၊ ဧကရာဇ်ကဘာကြောင့် ကျွန်တော့ကိုဆင့်ခေါ်ရတာလဲ?"
"လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်က ကျုပ်နဲ့ကျုပ်ညီတို့ဟာ သွေးသောက်ညီအစ်ကိုဖွဲ့ခဲ့ကြတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံး အသေဆိုးနဲ့သေဆုံးခဲ့တယ်။ ဒါကြောင့် ဒါကိုလက်စားချေဖို့ ကျုပ်က စစ်ချီတက်မလို့၊ ဒါဘယ်လိုဖြစ်လာမလည်းဆိုတာကို ပြောပြပေးဖို့တောင်းပန်ပါတယ်"
"ဒါ ကံတရားနဲ့ဆိုင်ပါတယ်။ ကျွန်တော့လိုလူက ဘယ်သိနိုင်ပါ့မလဲ"
သို့သော် ဧကရာဇ်မှအကြိမ်ကြိမ်တောင်းဆိုသောကြောင့် အဘိုးအိုသည် စာရွက်ပေါ်တွင် 'ရဲမက်၊ မြင်း၊ လက်နက်' ဟူသောစာလုံးသုံးလုံးကို အထပ်ထပ်ရေးလေသည်။ စာရွက်ပေါင်းများစွာပေါ်တွင် ထိုစာလုံးသုံးလုံးကိုသာရေးပြီးနောက် ထိုစာရွက်တို့ကို ဆွဲဖြဲလိုက်သည်။ ထို့အပြင် လူတစ်ယောက်သည် အခေါင်းထဲတွင်လှဲလျောင်းနေပုံကိုဆွဲပြီး ကျန်တစ်ဦးက အခေါင်းအတွက်ကျင်းတူးနေပုံကိုဆွဲသည်။ ထို့အပြင် "အဖြူရောင်" ဟူသောစာလုံးကိုထပ်ခါထပ်ခါရေးခဲ့ပြီးနောက် အရိုအသေပြုကာ ထွက်ခွာသွားသည်။ ဧကရာဇ်သည် အင်မတန် စိတ်ဆိုးသွားလေ၏။
"ဒါ ဒီအဘိုးကြီးက ပေါက်ကရလုပ်သွားတာပဲ။ သူပြောတာတွေက မယုံရဘူး"
ထို့နောက် ထိုစာရွက်တို့ကိုမီးရှို့စေပြီး စစ်ချီတက်ရန်အမိန့်ပေးလိုက်သည်။

"ကျန်းဖေး"(Zhang Fei) ၏သား "ကျန်းပေါက်"(Zhang Bao) မှ
"ဟူပန်(Hu Ban) နဲ့သူ့တပ်တွေရောက်လာပါပြီ။ ကျွန်တော့ကို ရှေ့ပြေးတပ်ကိုဦးဆောင်ဖို့တာဝန်ပေးပါ"
ဧကရာဇ်သည် "ကျန်းပေါက်"(Zhang Bao) ၏စိတ်ဓာတ်ကိုသဘောကျသောကြောင့် ရှေ့ပြေးတပ်ခေါင်းဆောင်တံဆိပ်တုံးကိုပေးလိုက်သည်။
"ကျန်းပေါက်"(Zhang Bao) မှ ထိုတံဆိပ်တုံးကို ခါးပန်းကြိုးတွင်တပ်ရန်ပြုနေစဉ် "ကွမ်းရှင်း"(Guan Xing) မှ
"အဲ့တံဆိပ်ကို ငါ့ကိုပေး"
"ကျုပ်က ဧကရာဇ်ဆီကအမိန့်ရပြီးပြီ"
"မင်းက ဘာအရည်အချင်းရှိလို့ ဒီတာဝန်ကိုထမ်းဆောင်မှာလဲ"
"ကျုပ်ငယ်ငယ်တည်းက စစ်ရေးလေ့ကျင့်လာခဲ့တာ။ ကျုပ်မြားစွမ်းရည်က ဘယ်တော့ပစ်ပစ်၊ ပစ်မလွဲပဲ"

ထို့နောက် "ကျန်းပေါက်"(Zhang Bao) သည် ခြေလှမ်းတစ်ရာအကွာတွင် အလံထောင်ထားစေပြီး အလံ၏အလယ်တွင် အနီရောင်အမှတ်အသားလုပ်ထားသည်။ ပြီးနောက် မြားသုံးစင်းကိုပစ်လိုက်ရာ မြားသုံးစင်းလုံးသည် အနီရောင်အမှတ်အသားကိုထိုးဖောက်သွားသည်။ အနီးအနားတွင်ရှိသောသူတို့က ဩဘာပေးကြသည်။
"ကွမ်းရှင်း"(Guan Xing) မှ လေးကိုလုယူလိုက်ပြီး
"ဒါပစ်နိုင်တာ ဘာထူးဆန်းလို့လဲ"
ထိုအချိန်တွင် အပေါ်ဘက်မှ ငန်းတို့ပျံသန်းသွားရာ သူမှ
"ကျုပ်က အပေါ်ကပျံသွားတဲ့ငှက်တွေထဲက တတိယမြောက်အကောင်ကိုပစ်ပြမယ်"
မြားကိုပစ်လိုက်ရာ တတိယမြောက်ငန်းကိုထိမှန်ပြီး ပြုတ်ကြလာသည်။
"ကောင်းလိုက်တာ"
အားလုံးက ဝိုင်းအားပေးကြသည်။
"ကျန်းပေါက်"(Zhang Bao) မှ ဒေါသထွက်ပြီး သူ့အဖေ၏မြွေလှံရှည်ကိုကိုင်ပြီး
"သတ္တိရှိရင် စီးချင်းထိုးဝံ့လား"
"ကွမ်းရှင်း"(Guan Xing) သည်လည်း ထိုစိန်ခေါ်မှုကိုလက်ခံပြီး မြင်းပေါ်သို့တက်ကာ ဓားကိုကိုင်လျက် မြင်းကိုစီးလာခဲ့သည်။
"မင်းက လှံကိုင်တတ်တာ၊ ကျုပ်က ဓားမကိုင်တတ်ဘူးထင်လို့လား"

ထိုလူငယ်နှစ်ဦးတို့တိုက်ခိုက်ခါနီးတွင် ဧကရာဇ်မှလှမ်းဟန့်လိုက်သည်။
"အတင့်ရဲလိုက်ကြတာ"
နှစ်ဦးလုံးမြင်းပေါ်မှဆင်းပြီး တောင်းပန်လေသည်။
"လူငယ်လေးတွေ၊ ကျုပ်က ဟိုးအရင်က ဇာတိဖြစ်တဲ့ကျော်ဒေသကထွက်လာပြီး မင်းတို့ဖခင်တွေနဲ့သွေးသောက်ညီအစ်ကိုဖွဲ့ခဲ့တယ်။ သူတို့နှစ်ဦးက ကျုပ်ရဲ့အသွေးအသားလိုပဲ။ မင်းတို့နှစ်ယောက်ဟာလည်း ညီအစ်ကိုတွေဖြစ်တယ်။ ဒါကြောင့် အချင်းချင်းခိုက်ရန်ဖြစ်မဲ့အစား ရန်သူတွေကိုအတူတူတိုက်ခိုက်ရမှာဖြစ်တယ်။ မင်းတို့အဖေသေဆုံးတာတောင်မကြာသေးပဲ ဒီလိုဖြစ်နေတယ်ဆို နောင်မှာဘယ်လိုလုပ်မလဲ"
ဧကရာဇ်က မေးခဲ့သည်။
"မင်းတို့နှစ်ယောက်ထဲမှာ ဘယ်သူက အကြီးလဲ"
"ကျန်းပေါက်"(Zhang Bao) မှ
"ကျွန်တော်က တစ်နှစ်ကြီးပါတယ်"

ထိုအခါ ဧကရာဇ်မှ "ကွမ်းရှင်း"(Guan Xing) ကို "ကျန်းပေါက်"(Zhang Bao) အား အစ်ကိုကဲ့သို့အရိုအသေပြုစေသည်။ ပြီးနောက် မြားတံကိုချိုးပြီး ထိုကတိသစ္စာကိုချိုးဖောက်ပါက ချိုးလိုက်သောမြားတံကဲ့သို့ဖြစ်ပါစေဟုတိုင်တည်စေ၏။ "ဟူပန်"(Hu Ban) ကို ရှေ့ပြေးတပ်ခေါင်းဆောင်အဖြစ်ခန့်အပ်ပြီး လူငယ်နှစ်ဦးတို့ကို ဧကရာဇ်အနားတွင်စောင့်ကြပ်ရန်တာဝန်ပေးခဲ့သည်။ ထို့နောက် ကြည်း၊ရေနှစ်သွယ်တို့ဖြင့် ဝူပြည်သို့ချီတက်လေသည်။
ထိုအချိန်တွင် "ဖန်ကျန်း"(Fan Jiang) နှင့် "ကျန်းတာ"(Zhang Da) တို့သည် ဝူသို့သွားပြီး ဝူနယ်စားနှင့်တွေ့ဆုံသည်။ "စွန်းချွမ်"(Sun Quan) မှ သူ၏အမှုထမ်းတို့အား
"လျူဘေ့(Liu Bei) က ဧကရာဇ်အဖြစ်နန်းတက်ခဲ့ပြီး စစ်တပ်အင်အား ခုနှစ်သိန်းကျော်နဲ့အတူချီတက်လာပြီ။ ဒီလိုအခြေအနေမှာ ဘယ်လိုလုပ်သင့်သလဲ"
အမှုထမ်းတို့မှာ ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် "ကျူးကဲကျင့်"(Zhuge Jin) မှပြောသည်။
"ကျွန်တော် သခင်ကြီးလက်အောက်မှာ အမှုထမ်းလာတာကြာခဲ့ပေမယ့် တာဝန်ကြီးကြီးမားမားမလုပ်ဆောင်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်အသက်စွန့်ပြီး လျူဘေ့(Liu Bei) ဆီသွားပြီးတော့ ဝူနဲ့မဟာမိတ်ဖွဲ့ရင် ချောင်ဖီ(Cao Pi) ကိုတိုက်ဖို့ကောင်းကျိုးတွေအများကြီးရှိကြောင်းပြောပြီး ငြိမ်းချမ်းရေးကမ်းလှမ်းပါ့မယ်"
ထိုစကားကို "စွန်းချွမ်"(Sun Quan) သဘောကျပြီး ငြိမ်းချမ်းရေးကမ်းလှမ်းရန်အတွက် "ကျူးကဲကျင့်"(Zhuge Jin) ကိုစေလွှတ်ခဲ့သည်။

Comments

Popular posts from this blog

Lookism