သုံးနိုင်ငံခေတ်(၈၂)


အခန်း (၈၂)
"စွန်းချွမ်"(Sun Quan) သည် ဝေပြည်ဩဇာကိုနာခံကာ ဂုဏ်သိန်ကိုးသွယ်ကိုလက်ခံခြင်း။
ပထမဧကရာဇ်သည် ဝူကိုတိုက်ကာ တပ်မခြောက်ခုတို့ကို ဆုလာဘ်များပေးခြင်း။

ကျန်းဝူနှစ်ပထမနှစ် ရှစ်လပိုင်းတွင် ပထမဧကရာဇ်သည် စစ်တပ်တို့ကိုဦးဆောင်ပြီး ခွေ့ခံတပ်မှတဆင့် ပိုင်တိချန်မြို့တွင် စခန်းချသည်။ ထိုအချိန်တွင် ဝူဘက်မှ "ကျူးကဲကျင့်"(Zhuge Jin) ရောက်လာကြောင်းသိသော်လည်း ဝင်ခွင့်မပြုခဲ့ပေ။ သို့သော် "ဟွမ်ချွမ်"(Huang Quan) မှ
"သူ့ညီက ဧကရာဇ်ရဲ့ဝန်ကြီးချုပ်ဖြစ်နေတော့ သူလာတာက အရေးကြီးတဲ့အကြောင်းအရာကြောင့် လာတာပဲဖြစ်ရမယ်။ ဒါကြောင့် ဧကရာဇ်က သူနဲ့တွေ့ပြီး သူဘာပြောလည်းဆိုတာ နားထောင်သင့်တယ်။ သူ့ပြောတာကို လက်ခံသင့်ရင်လက်ခံပြီး ငြင်းသင့်ရင်ငြင်းပါ။ ဒါ့အပြင် သူကနေတဆင့် ဧကရာဇ်က စွန်းချွမ်(Sun Quan) ကိုပြစ်ဒဏ်ပေးဖို့ရောက်လာတာဖြစ်ကြောင်း စွန်းချွမ်(Sun Quan) သိအောင်လုပ်လို့ရတယ်"
ထို့ကြောင့် "ကျူးကဲကျင့်"(Zhuge Jin) ကို ဝင်ခွင့်ပြုလိုက်သည်။
သံတမန်သည် အတွင်းသို့ဝင်လာပြီးနောက် အရိုအသေပြုလေသည်။
"ကျူးကဲကျင့်(Zhuge Jin)၊ ခင်ဗျား အဝေးကြီးကရောက်လာတာဟာ ဘာအကြောင်းကြောင့်လဲ?"
"ကျွန်တော့ညီဟာ ဧကရာဇ်လက်အောက်မှာ အမှုထမ်းခဲ့တာ နှစ်အတော်ကြာပါပြီ။ ကျွန်တော်အသက်စွန့်ပြီးလာတာဟာ ကျင်ကျိုးနဲ့ပတ်သတ်တဲ့ကိစ္စကိုဆွေးနွေးဖို့ဖြစ်ပါတယ်။ ကွမ်းယွီ(Guan Yu) ကျင်ကျိုးမှာ ရှိစဉ်တုန်းက ကျွန်တော့သခင်က မိသားစုနှစ်ခုထိမ်းမြားပြီး မဟာမိတ်ဖွဲ့ဖို့ အကြိမ်ပေါင်းများစွာကြိုးစားခဲ့ဖူးတယ်၊ ဒါပေမယ့် ငြင်းပယ်တာခံခဲ့ရတယ်။ ကွမ်းယွီ(Guan Yu) က ရှန်းရန်ကိုတိုက်တော့ ချောင်ချောင်း(Cao Cao) က ကျွန်တော့သခင်ကို စစ်ကူပေးဖို့အကြိမ်ကြိမ်အခါခါ စာရေးပြီးတောင်းဆိုခဲ့တယ်၊ ဒါပေမယ့် နယ်စားကြီးက လက်မခံခဲ့ဘူး။ ဧကရာဇ်ရဲ့ညီဖြစ်သူနဲ့ လွီမန်(Lu Meng) ကြားက ရန်ငြိုးကြောင့်သာ အဲ့တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ကံမကောင်းစွာနဲ့အောင်မြင်သွားခဲ့တယ်။ ကျွန်တော့သခင်က ဒါနဲ့ပတ်သတ်ပြီး အင်မတန်စိတ်မကောင်းဖြစ်နေပါတယ်။ အခု လွီမန်(Lu Meng) လည်း သေသွားပြီဆိုတော့ ရန်ငြိုးက သူနဲ့အတူပြီးဆုံးသွားခဲ့ပြီ။ ဒါ့အပြင် စွန်းအမျိုးသမီးကလည်း ဧကရာဇ်ကိုလွမ်းဆွတ်နေပြီး ဧကရာဇ်ထံပြန်လာလိုတယ်။ ဒါကြောင့် ကျွန်တော့သခင်က စွန်းအမျိုးသမီးကို ပြန်ပို့ပြီး သစ္စာဖောက်နှစ်ယောက်ကိုလည်း ပြန်ပေးပြီးတော့ ကျင်ကျိုးကိုပြန်အပ်ဖို့ဆန္ဒရှိပါတယ်။ ကျွန်တော်တို့တွေသာ ရန်ငြိုးတွေကိုခဝါချပြီး ပူးပေါင်းမယ်ဆိုရင် နန်းလုသွားတဲ့ ချောင်ဖီ(Cao Pi) ကို အပြစ်ဒဏ်ပေးနိုင်မှာဖြစ်တယ်"
"ခင်ဗျားတို့အရှေ့ဝူကလူတွေက ကျုပ်ညီကိုသတ်လိုက်ပြီး ဒီဆင်ခြေတွေလာပေးရဲသေးတယ်"
"ကျွန်တော်က ပိုပြီးအရေးကြီးတဲ့ကိစ္စနဲ့ပတ်သတ်ပြီးပဲ ဆွေးနွေးချင်တာပါ။ အရှင်မင်းကြီးက ဦးရီးတော်ဖြစ်ပြီး ချောင်ဖီ(Cao Pi) က ထီးနန်းကိုလုယူလိုက်တာကိုတောင်မှ အဲ့လူကိုချေမှုန်းဖို့မကြိုးစားပဲ မျိုးရိုးနာမည်မတူတဲ့ညီဆိုတဲ့လူအတွက်ပဲရှေးရှုနေခဲ့တယ်။ ဒါက လက်အောက်ငယ်သားအတွက် ခေါင်းဆောင်ကိုဥပေက္ခာပြုတာဖြစ်ပြီး အသေးအဖွဲအတွက်နဲ့ ပဓာနကို လက်လွှတ်တာဖြစ်တယ်။
အလယ်ပိုင်းဒေသက ဒီတိုင်းပြည်ရဲ့အကျယ်ပြန့်ဆုံးအပိုင်းဖြစ်ပြီး လော့ရန်နဲ့ချန်အန်းဆိုတာ တစ်ခုက တည်ထောင်သူဧကရာဇ်ရဲ့မြို့တော်ဖြစ်ပြီး ကျန်တစ်ခုက ပြန်လည်ထိန်းသိမ်းသူဧကရာဇ်ရဲ့မြို့တော်ဖြစ်ခဲ့တယ်။ ဧကရာဇ်က ဒီဟာတွေကိုအဓိကမထားပဲ ဘာမဟုတ်တဲ့ကျင်ကျိုးအတွက်နဲ့ပြဿနာဖြစ်နေရတာလဲ? တနည်းအားဖြင့် ဒါက အရေးကြီးတာကိုပစ်ပယ်ပြီး အသုံးမဝင်တာကိုရှေးရှုနေတာပဲ။
ဧကရာဇ်ဟာ ထီးနန်းကိုဆက်ခံပြီး ဟန်တိုင်းပြည်ကိုပြန်လည်တည်ထောင်ပြီးတော့ နယ်မြေတွေကိုနဂိုအတိုင်းပြန်ဖြစ်အောင်လုပ်မယ်ဆိုတာ တလောကလုံးက သိကြတယ်။ ဒါပေမယ့် အခုတော့ ဝေအတွက်မစိုးရိမ်ပဲ ဝူကိုတိုက်ဖို့ပဲလုပ်နေခဲ့တယ်။ ဒါကြောင့် ရွေးချယ်မှုမမှားဖို့ ကျွန်တော်ကပြောချင်တာပါ"

ထိုစကားတို့မှာ မီးကိုလောင်စာထည့်လိုက်သကဲ့သို့ပင်ဖြစ်သည်။
"ကျုပ်ညီကိုသတ်တဲ့လူက ကျုပ်နဲ့တစ်လောကတည်းမှာ နေလို့မဖြစ်ဘူး။ ခင်ဗျားက ကျုပ်ကို စစ်မတိုက်ဖို့ပြောတယ်။ ခင်ဗျားသခင်ကိုသတ်ပြီးမှပဲ ဒီစစ်ပွဲကိုရပ်တန့်ရမယ်။ ခင်ဗျားညီရဲ့မျက်နှာကြောင့်သာမဟုတ်ရင် ခင်ဗျားကိုသေဒဏ်ပေးလိုက်မှာ။ အခု ဒါနဲ့တင်တော်ပါတော့။ အာဏာပါးကွက်သားရဲ့ဓားကိုခံယူဖို့ ခင်ဗျားသခင်လည်ပင်းကိုအဆင်သင့်ဆေးထားလို့ပြောလိုက်ပါ"
"ကျူးကဲကျင့်"(Zhuge Jin) လည်း အခြေအနေမဟန်သောကြောင့် တောင်ပိုင်းပြည်နယ်သို့ပြန်ခဲ့သည်။
"ကျူးကဲကျင့်"(Zhuge Jin) မရှိသောအချိန်တွင် "ကျန်းကျောက်"(Zhang Zhao) မှ "စွန်းချွမ်"(Sun Quan) အား
"ကျူးကဲကျင့်(Zhuge Jin) က ရှူပြည်အင်အားကြီးမှန်းသိတော့ ဒီတာဝန်ထမ်းဆောင်တာကိုအကြောင်းပြပြီးထွက်ပြေးပြီထင်တယ်။ မပြန်လာလောက်တော့ဘူး"
"ကျုပ်နဲ့သူနဲ့က အင်မတန်ရင်းနှီးတဲ့မိတ်ဆွေတွေပဲ။ ကျုပ်က သူ့ကိုနှိမ့်ချမှာမဟုတ်သလို သူကလည်း ကျုပ်ကိုသစ္စာဖောက်မှာမဟုတ်ဘူး။ သူ ချိုင်စန်းမှာရှိတုန်းက ကျူးကဲလျန့်(Zhuge Liang) လာတော့ ကျုပ်က အစ်ကိုကိုအသုံးချပြီး ညီကိုကျုပ်လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ပြောခိုင်းခဲ့ဖူးတယ်။ ဒါပေမယ့် သူပြန်ပြောခဲ့တာက သူကတခြားကိုသွားမှာမဟုတ်သလို သူ့ညီကလည်း တခြားမှာအမှုထမ်းမှာမဟုတ်ဘူးတဲ့။ သူတို့တွေက အင်မတန်သစ္စာရှိသူတွေဖြစ်တယ်။ ဒီလောက်ဆို သဘောပေါက်လောက်ပြီ။ သူက ကျုပ်ကိုဘယ်လိုသစ္စာဖောက်မလဲ? ကျုပ်တို့ရင်းနှီးမှုဆိုတာ အပြင်ကလူစကားကြောင့်ပျက်ပြယ်သွားနိုင်တဲ့အရာမဟုတ်ဘူး"
ထိုသို့ပြောနေစဉ်တွင်ပင် "ကျူးကဲကျင့်"(Zhuge Jin) ပြန်ရောက်လာကြောင်းသိရသည်။
"ခင်ဗျား အခုကော ဘယ်လိုထင်သလဲ?"
"ကျန်းကျောက်"(Zhang Zhao) သည် ရှက်သွားပြီး ထွက်သွားလေ၏။ သံတမန်မှ ပြန်ရောက်လာပြီး အဆင်မပြေကြောင်းပြောသည်။

"တောင်ပိုင်းပြည်နယ်တော့ ဘေးတွေ့တော့မယ်"
သို့သော် လူတစ်ဦးမှ
"ကျွန်တော် ဒီရန်ကလွတ်အောင်လုပ်နိုင်ပါတယ်"
ပြောသူမှာ အတိုင်ပင်ခံ "ကျောက်ကျီ"(Zhao Zi) ဖြစ်သည်။
"မိတ်ဆွေ ကျောက်ကျီ(Zhao Zi) မှာ ဘာအကြံရှိလို့လဲ"
"ကျွန်တော် စာတစ်စောင်ယူပြီး ချောင်ဖီ(Cao Pi) ထံသွားပြီးတော့ ဝေပြည်ကို ဟန်ကျုံးကိုတိုက်အောင်လုပ်မယ်။ ဒီလိုဆို ရှူကကျွန်တော်တို့ကိုတိုက်ဖို့အချိန်ရှိမှာမဟုတ်ဘူး"
"ဒီအကြံက ကောင်းပေမယ့် ဒါကျုပ်ရဲ့ဂုဏ်သိက္ခာကျမသွားနိုင်ဘူးလား"
"အဲ့လိုဖြစ်သွားရင် ကျွန်တော် မြစ်ထဲကိုခုန်ချလိုက်ပါ့မယ်။ တောင်ပိုင်းပြည်ကလူတွေကို မျက်နှာထပ်မပြတော့ဘူး"

"စွန်းချွမ်"(Sun Quan) သည် ကျေနပ်သွားပြီး သူ့ကိုယ်သူ "ဝန်ကြီး" ဟုသုံးနှုန်းကာ စာတစ်စောင်ရေးခဲ့သည်။ "ကျောက်ကျီ"(Zhao Zi) မှ ထိုစာကိုယူပြီး ဝေပြည်မြို့တော် ရွှီချန်သို့သွားခဲ့လေသည်။ ထိုမြို့တော်သို့ရောက်သော် အထက်တန်းဝန်ကြီး "ကျာရွှီ"(Jia Xu) နှင့်တွေ့သည်။ နောက်ရက်ညီလာခံတွင် "ကျာရွှီ"(Jia Xu) မှ
"အရှေ့ဝူက အဆင့်မြင့်အရာရှိ ကျောက်ကျီ(Zhao Zi) ကို စာတစ်စောင်နဲ့အတူစေလွှတ်ခဲ့ပေါ်တယ်"
"ချောင်ဖီ"(Cao Pi) မှ ပြုံးပြီး
"ဒါ ရှူတပ်တွေကိုတိုက်ဖို့ ကျုပ်တို့ကိုအကုအညီတောင်းတာပဲ"
သို့သော်လည်း "ကျောက်ကျီ"(Zhao Zi) ကိုဆင့်ခေါ်စေပြီး သံတမန်သည် ဝင်လာပြီးနောက် ဒူးထောက်ကာအရိုအသေပြုပြီး စာကိုပေးလိုက်သည်။ ထိုစာကိုဖတ်ပြီးနောက် "ချောင်ဖီ"(Cao Pi) မှ
"နယ်စားကြီးက ဘယ်လိုမျိုးလူလဲ"
"ဉာဏ်ကောင်းခြင်း၊ ချင့်ချိန်ဆုံးဖြတ်နိုင်ခြင်း၊ အမြော်အမြင်ရှိခြင်း၊ ရဲရင့်ခြင်း၊ ပါးနပ်ခြင်း စတဲ့အချက်တွေနဲ့ပြည့်စုံသူဖြစ်တယ်"
"ခင်ဗျားမြောက်ပင့်မှုက စိတ်မပါသလိုပဲ"
"ကျွန်တော် အလွန်အကျွံမပြောချင်ပါဘူး။ ကျွန်တော့သခင်က မတူညီတဲ့အချိန်မှာ မတူညီတဲ့အရည်အချင်းတွေကိုထုတ်ဖော်ပြသသူဖြစ်တယ်။ သူက အမှုထမ်းတွေအများကြီးထဲကမှ လူဆု(Lu Su) ကိုအသုံးချခဲ့တယ်၊ ဒါက ဉာဏ်ကောင်းခြင်းကိုပြသတာဖြစ်တယ်။ ဒါ့အပြင် လွီမန်(Lu Meng) ကို တပ်ဖွဲ့တွေအားလုံးရဲ့သေနာပတိအဖြစ် တာဝန်ပေးခဲ့တယ်၊ ဒါက သူ့ရဲ့ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းပါပဲ။ သူ ယွီကျင့်(Yu Jin) ကိုဖမ်းမိပေမယ့် ဘာမှမလုပ်ခဲ့ဘူး၊ ဒါသူ့ရဲ့သဘောထားကြီးမားမှုပဲဖြစ်တယ်။ ဒါ့အပြင် ကျင်ကျိုးကိုသိမ်းရာမှာ ပြည်သူတွေကိုသတ်ဖြတ်ခြင်းမရှိပဲ သိမ်းနိုင်ခဲ့တယ်၊ ဒါသူ့ရဲ့အမြော်အမြင်ကြီးခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် သူက မြစ်သုံးသွယ်ကိုထိန်းသိမ်းပြီး လောကရဲ့လေးစားမှုကိုရယူခဲ့တယ်၊ ဒါက သူ့ရဲ့ရဲရင့်မှုပဲဖြစ်တယ်။ နောက်ဆုံးမှာတော့ သူက ဧကရာဇ်ရဲ့ဩဇာကိုနာခံပြီး အကူအညီတောင်းခဲ့တယ်၊ ဒါ သူ့ရဲ့ပါးနပ်မှုပါပဲ။ ကျွန်တော်ပြန်ခဲ့တာတွေအကုန်လုံးကို ရှင်းပြနိုင်တယ်မဟုတ်လား"
"ဒါဆို သူက စာပေအရာမှာရောထူးချွန်လား"
"သူက စစ်သင်္ဘောပေါင်းတစ်သောင်းကိုဦးစီးသူဖြစ်ပြီး သန်းပေါင်းများစွာသောတပ်တွေကိုကွပ်ကဲသူဖြစ်တယ်။ ဒါ့အပြင် သူ့ကိုကူညီမယ့် လူတော်တွေ၊ ပညာရှိတွေအများကြီးရှိပြီး သူ့ဦးနှောက်မှာ အစီအစဉ်တွေနဲ့ပြည့်နေတယ်။ အားလပ်တဲ့အချိန်မှာလည်း သမိုင်းတွေ၊ ရာဇဝင်တွေဖတ်ပြီး အဲ့ကနေ ပညာတွေလေ့လာခဲ့တယ်။ သူက ကောင်းမွန်တဲ့ခေတ်အကြောင်းကိုပဲမှတ်ပြီး နာမည်ကြီးစာကြောင်းလောက်ကိုပဲကျက်မှတ်တဲ့လူမဟုတ်ဘူး"
"ကျုပ် ဝူကိုအနိုင်ယူနိုင်မယ်လို့ထင်လား?"
"တိုင်းပြည်ကြီးက တိုက်ခိုက်ဖို့တပ်သားတွေရှိသလို ပြည်ငယ်ဟာလည်း ခုခံဖို့နည်းလမ်းတွေရှိပါတယ်"
"ဝူကဝေပြည်ကို ကြောက်လား?"
"ဘာကြောင့် ဒီလိုထင်ရတာလဲ? ကျွန်တော်တို့မှာ စစ်သည်သန်းပေါင်းများစွာရှိပြီး ဟန်မြစ်နဲ့ရန်စီမြစ်တလျှောက်မှာ ခံတပ်တွေရှိတယ်"
"အခုဝန်ကြီးလိုလူမျိုး ဝူပြည်မှာ ဘယ်နှစ်ယောက်ရှိလဲ"
"အရှင်မင်းကြီးလက်အောက်ငယ်သားတွေလို ထူးချွန်ပြီး အရည်အချင်းရှိတဲ့ဝန်ကြီးတွေက အယောက်တစ်ရာလောက်ရှိပြီး ကျွန်တော်မျိုးလိုသာမန်လူတွေက မရေမတွက်နိုင်အောင်ရှိပါတယ်"
"ချောင်ဖီ"(Cao Pi) သည် သက်ပြင်းချကာ ပြောသည်။
"သခင်ကိုအရှက်မရစေပဲ တာဝန်ကိုပြီးဆုံးစေတဲ့လူဆိုတာ ခင်ဗျားလိုလူမျိုးကိုပြောတာပဲ"

ထို့နောက် အမိန့်တော်ထုတ်ပြန်လိုက်ပြီး အခမ်းအနားနှင့်ပူဇော်ပသပွဲဆိုင်ရာဝန်ကြီး "ရှင်းကျန့်"(Xing Zhen) ကို သံတမန်အနေဖြင့် ဝူပြည်သို့သွားစေသည်။ "စွန်းချွမ်"(Sun Quan) ကို ဝူမင်းသားဟု သမုတ်စေပြီး 'ဂုဏ်သိန်ရတနာကိုးသွယ်' ကိုသုံးခွင့်ပြုခဲ့သည်။ ထိုသံတမန်သည် မြို့ပြင်သို့ထွက်ခါနီးဝယ် "လျူရဲ့"(Liu Ye) မှ
"စွန်းချွမ်(Sun Quan) က ရှူပြည်ရဲ့ရန်ကိုကြောက်လို့ ဒီလိုလုပ်တာပဲ။ ကျွန်တော့အမြင်ကတော့ ဝူနဲ့ရှူစစ်ဖြစ်ရင် တစ်ပြည်ပြည်တော့ရှုံးမှာပဲ။ ဧကရာဇ်သာ စစ်တပ်စေလွှတ်ပြီး ရန်စီမြစ်ကိုဖြတ်ပြီးတိုက်မယ်၊ တစ်ချိန်တည်းမှာပဲ ရှူပြည်ကထိုးစစ်ဆင်မယ်ဆိုရင် ဝူပြည်ရှိမှာမဟုတ်ဘူး။ ဝူမရှိတော့ရင် ရှူပြည်ကိုလည်း အလွယ်တကူအောင်မြင်နိုင်ဘူး"
"ဒါပေမယ့် အခုစွန်းချွမ်(Sun Quan) က ကျုပ်ဘက်ကိုရောက်လာလို့ သူ့ကိုတိုက်လို့မဖြစ်ဘူး။ အဲ့လိုသာဆိုရင် တခြားလူတွေလည်း ကျုပ်လက်အောက်မှာ သစ္စာခံမှာမဟုတ်ဘူး။ ဒါကြောင့် သူ့ကိုအခုလက်ခံလိုက်ပြီဆိုတော့ ဒီနည်းသာလျှင်အသင့်တော်ဆုံးပဲ"
"သူက မြင်းပျံတပ်ရဲ့စစ်သူကြီးသာဖြစ်ပြီး ဟန်ခေတ်အကုန်က နန်ကျန်းသခင်ရာထူးကိုရထားသူသာဖြစ်တယ်။ သူ့ရာထူးကနိမ့်ကျပြီး ဩဇာလည်းမရှိဘူး၊ ဒါတောင်မှ သူက အလယ်ပိုင်းဒေသကိုလိုချင်သေးတယ်။ ဧကရာဇ်သာသူ့ကို ဘုရင်ဘွဲ့ပေးလိုက်မယ်ဆိုရင် သူက ဧကရာဇ်အောက်တစ်ဆင့်ပဲနိမ့်တော့မှာ။ သူက အမှန်တကယ်တောင် လက်နက်ချတာလားမပြောနိုင်ဘူး၊ ဒီလိုရာထူးကိုပေးလိုက်ရင် သူ့ဩဇာက ပိုကြီးသွားမှာပဲ။ ဒါက ကျားကိုတောင်ပံတပ်သလိုပဲဖြစ်လိမ့်မယ်"
"မဟုတ်ပါဘူး။ ကျုပ်က ဝူကိုရော၊ ရှူကိုရော ကူနေတာမဟုတ်ဘူး။ သူတို့တွေဆုတ်ယုတ်သွားတဲ့အချိန်ကိုစောင့်နေတာ။ တစ်ပြည်ပြည်က အင်အားနည်းသွားရင် နောက်တစ်ဖွဲ့ကိုချေမှုန်းဖို့လွယ်သွားပြီ။ ထပ်မပြောပါနဲ့တော့၊ ကျုပ်ဆုံးဖြတ်ပြီးသွားပြီ"

ထို့နောက် "ရှင်းကျန့်"(Xing Zhen) သည် "ကျောက်ကျီ"(Zhao Zi) နှင့်အတူ ဝူပြည်သို့သွားခဲ့လေသည်။
"စွန်းချွမ်"(Sun Quan) သည် သူ၏အမှုထမ်းတို့နှင့်အတူ ရှူကိုတိုက်ရန်ဆွေးနွေးနေစဉ် ဝေပြည်မှသံတမန်ရောက်လာကြောင်းသိကြသည်။ စည်းမျဉ်းစည်းကမ်းများအရ ဧကရာဇ်၏အမိန့်တော်ကိုယူဆောင်လာသောသံတမန်ကို မြို့တော်၏အဝေးမှထွက်ကြိုရမည်ဖြစ်သည်။ ၎င်းကို "ကူယုံ"(Gu Yong) က ကန့်ကွက်ခဲ့သည်။
"သခင်ကြီးက အထွတ်အထိပ်အုပ်ချုပ်သူအဖြစ်နေသင့်တာ ဝေပြည်ကဘွဲ့တွေ၊ရာထူးတွေလက်မခံသင့်ဘူး"
"ဟိုးအရင်တုန်းက လျူဘန်း(Liu Bang) တောင်မှ ရှန့်ယွီ(Xiang Yu) ပေးတဲ့ ဟန်မင်းသားဘွဲ့ကိုယူခဲ့သေးတာပဲမလား? ဒါတွေက အခြေအနေတွေကိုကြည့်ရတာပဲ။ ဘာကြောင့်ငြင်းရမှာလဲ?"
"စွန်းချွမ်"(Sun Quan) သည် ဘာမှမပြောတော့ပဲ အမှုထမ်းတို့နှင့်အတူ သံတမန်ကိုထွက်တွေ့သည်။
ဝေပြည်မှ သံတမန် "ရှင်းကျန့်"(Xing Zhen) သည် ရောက်လာသည်နှင့် တိုင်းပြည်ကြီးကိုကိုယ်စားပြုသူဖြစ်သည့်အလျောက် ဟိတ်ဟန်ထုတ်ခဲ့လေသည်။ မြို့ထဲသို့ဝင်သည့်တိုင်အောင် လှည်းယာဉ်ပေါ်မှ မဆင်းသဖြင့် "ကျန်းကျောက်"(Zhang Zhao) မှ ကန့်ကွက်သည်။
"အကုန်လုံးက ယဉ်ကျေးမှုထုံးတမ်းတွေကိုလက်နာရမှာဖြစ်ပြီး ဥပဒေကိုနာခံရမှာဖြစ်တယ်။ ခင်ဗျားက ဒီတိုင်းပြည်မှာ ဓားလက်နက်မရှိသယောင်နဲ့ထောင်လွှားနေတယ်"
ထိုအခါမှသာ  သံတမန်သည် လှည်းယာဉ်ပေါ်မှဆင်းကာ "စွန်းချွမ်"(Sun Quan) နှင့် ဘေးချင်းယှဉ်ပြီး သွားလေသည်။
ထိုအချိန်တွင် အနောက်ဘက်မှ လူတစ်ဦးက
"အခု ကျုပ်တို့က ဝေကိုမတိုက်နိုင်သလို ရှူကိုလည်း ဝါးမြိုလို့မရတော့ဘူး။ သခင်ကြီးက ဝေပြည်က ရာထူးကိုလက်ခံတာ ရှက်စရာမကောင်းဘူးလား"
ထိုပြောသူမှာ "ရွှီရှန်"(Xu Sheng) ဖြစ်သည်။
"ရှင်းကျန့်"(Xing Zhen) သည် သက်ပြင်းချကာ ပြောသည်။
"တောင်ပိုင်းနယ်က ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေအားလုံးက ဒီလိုဆိုရင် ဝူမင်းသားက တပါးလူရဲ့ဩဇာကိုနာခံတော့မှာမဟုတ်ဘူး"

သို့သော်လည်း ရာထူးကိုလက်ခံခဲ့ပြီး အမှုထမ်းတို့၏ဂုဏ်ပြုခြင်းကို လက်ခံကာ လှပသောကျောက်စိမ်း၊ တောက်ပသောပုလဲရတနာတို့ကို ဝေပြည်သို့လက်ဆောင်အဖြစ် ပြန်လည်ပေးပို့စေသည်။ ထိုအချိန်တွင် ရှူတပ်ဖွဲ့၏သတင်းရောက်လာသည်။
"ပထမဧကရာဇ်ဟာ မန်ပြည်(ဝူလင်နယ်) ဘုရင် ရှားမိုခဲ့(Sha Moke) ရဲ့လူမျိုးနွယ်စုတပ်တွေနဲ့အတူ ရဲမက်တွေကိုဦးဆောင်ပြီးလာနေပြီ။ ဒါ့အပြင် တုန်းရှီးက စစ်သူကြီးနှစ်ဦးဖြစ်တဲ့ လျူနင်(Liu Ning) နဲ့ တလူ(Da Lu) တို့လည်း ပါဝင်ပြီး ကြည်းရေနှစ်တန်နဲ့ ချီတက်လာပြီ။ ရေတပ်က ဝူခိုကနေထွက်လာပြီး ကြည်းတပ်က ကျီကွေ့ကိုရောက်သွားပြီ"
"စွန်းချွမ်"(Sun Quan) သည် မင်းသားဖြစ်ခဲ့သော်လည်း ဖီဧကရာဇ်မှ စစ်ကူမပို့သေးပေ။
ထိုသတင်းကိုကြားသောအခါ ဝူမင်းသားမှ
"ဒါဆို အဲ့တပ်တွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ကျိုးယွီ(Zhou Yu) ဆုံးသွားတော့ ကျုပ်မှာ လူဆု(Lu Su) ရှိသေးတယ်။ လူဆု(Lu Su) နေရာကို လွီမန်(Lu Meng) က ဆက်ခံတယ်။ အခုသူတို့သုံးယောက်လုံးမရှိတော့ ကျုပ်ပူပင်သောကတွေကို မျှဝေနိုင်မယ့်သူမရှိတော့ဘူး"
ထိုအချိန်တွင် ငယ်ရွယ်သောစစ်သူကြီးတစ်ဦးထွက်လာပြီး ပြောသည်။
"ကျွန်တော်က ငယ်ပေမယ့် စစ်ဗျူဟာအနည်းငယ်တတ်ကျွမ်းပါတယ်။ တပ်မကြီးအချို့နဲ့အတူ ရှူတပ်တွေကိုချေမှုန်းပါ့မယ်"

ထိုသူမှာ "စွန်းဟူ"(Sun Hu) ၏သား "စွန်းဟွမ်"(Sun Huan) ဖြစ်သည်။ "စွန်းဟူ"(Sun Hu) သည် ယွီမျိုးရိုးမှဆင်းသက်လာသူဖြစ်ပြီး "စွန်းချွမ်"(Sun Quan) ၏ဖခင် "စွန်းကျန့်"(Sun Jian) လက်အောက်တွင် အမှုထမ်းခဲ့သည်။ "စွန်းကျန့်"(Sun Jian) သည် ထိုသူကိုသဘောကျနှစ်သက်သောကြောင့် သူ၏မျိုးရိုးနာမည်ပေးပြီး မိသားစုတစ်ခုတည်းဖြစ်စေခဲ့သည်။ "စွန်းဟူ"(Sun Hu) တွင် သားလေးဦးရှိပြီး "စွန်းဟွမ်"(Sun Huan) မှာ အကြီးဆုံးဖြစ်သည်။ "စွန်းဟွမ်"(Sun Huan) သည် လေးမြားပစ်ကျွမ်းကျင်ပြီး "စွန်းချွမ်"(Sun Quan) နှင့်အတူလိုက်ပါကာ စစ်ထွက်ပြီး သူ၏အစွမ်းကိုပြနိုင်သဖြင့် စစ်သူကြီးရာထူးရခဲ့သူဖြစ်သည်။ "စွန်းဟွမ်"(Sun Huan) သည် ထိုအချိန်တွင် အသက် နှစ်ဆယ့်ငါးသာရှိသေးသည်။
"သူတို့ကိုဘယ်လို ချေမှုန်းမလဲ?"
"ကျွန်တော့လက်အောက်မှာ ရှဲ့ကျင်း(Xie Jing) နဲ့ လီယီ(Li Yi) လို့ခေါ်တဲ့စစ်သူကြီးနှစ်ဦးရှိပြီး သူတို့နှစ်ယောက်လုံးက ရဲရင့်သူတွေဖြစ်တယ်။ တပ်ဖွဲ့အချို့နဲ့အတူ လျူဘေ့(Liu Bei) ကိုဖမ်းနိုင်ပါတယ်"
"မင်းကရဲရင့်ပေမယ့် ငယ်ရွယ်သေးတော့ အကူအညီလိုအပ်မယ်"
ထိုအချိန်တွင် ကျားစစ်သူကြီး "ကျူရန်"(Zhu Ran) မှ
"ကျွန်တော်သွားပါရစေ" ဟုပြောရာ "စွန်းချွမ်"(Sun Quan) က လက်ခံလိုက်သည်။

"စွန်းဟွမ်"(Sun Huan) ကို ဘယ်တောင်ပံစစ်သူကြီးအဖြစ်ရာထူးတိုးပေးလိုက်ပြီး တပ်သားအင်အားငါးသောင်းအပြင် ရေတပ်တို့ပါဝင်ပြီး ထိုတပ်ဖွဲ့ကို "စွန်းဟွမ်"(Sun Huan) နှင့် "ကျူရန်"(Zhu Ran) တို့အား ပူးတွဲကြီးကြပ်စေသည်။ ရှူတပ်သည် ယီတုတွင်စခန်းချထားသည်ဟု အထောက်တော်တို့မှကြားရသောအခါ "စွန်းဟွမ်"(Sun Huan) သည် ထိုနေရာ၏နယ်စပ်ကို တပ်သားတဝက်နှင့်သွားပြီး စခန်းသုံးခုချထားစေသည်။
ထိုအချိန်တွင် ရှူတပ်စစ်သူကြီး "ဟူပန်"(Hu Ban) သည် ရှေ့ပြေးတပ်စစ်သူကြီးအနေနှင့်တပ်တို့ကိုဦးဆောင်ပြီး မြစ်ပြည်နယ်၏နယ်စပ်သို့ဝင်ရောက်လာခဲ့သော်လည်း အတားအဆီးမရှိ ဝင်လာနိုင်ခဲ့သည်။ သူ့နာမည်ကိုကြားရုံနှင့် အားလုံးက လက်နက်ချသွားခဲ့သည်။ သူသည် တပ်ဖွဲ့တို့ကို ယီတုတွင်တပ်စွဲထားစေသည်။ "စွန်းဟွမ်"(Sun Huan) သည် ယီတုနားတွင်စခန်းချထားကြောင်းသိသောအခါ  ကျီကွေ့တွင်ရှိသော ပထမဧကရာဇ်ကို အကြောင်းကြားခဲ့သည်။ ဧကရာဇ်မှ ဒေါသထွက်ကာ
"အဲ့လူငယ်လေးက ကျုပ်ကိုရင်ဆိုင်နိုင်မယ်ထင်လို့လား"
"ကွမ်းရှင်း"(Guan Xing) မှ
"စွန်းချွမ်(Sun Quan) ရဲ့တူက စစ်သူကြီးအဖြစ်ရောက်လာတယ်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ရာထူးမြင့်တဲ့လူကိုသွားခိုင်းသင့်တယ်။ ကျွန်တော့ကိုသွားခွင့်ပြုပါ"
"မင်းဘာလုပ်နိုင်လည်းဆိုတာ ငါလည်းကြည့်မလို့" ဟုပြောပြီး ဧကရာဇ်မှ ခွင့်ပြုလိုက်သည်။

"ကွမ်းရှင်း"(Guan Xing) သွားသောအခါ "ကျန်းပေါက်"(Zhang Bao) မှလည်း သွားလိုကြောင်းပြောရာ ဧကရာဇ်မှ
"ဒါဆို ငါ့တူနှစ်ယောက်လုံးသွားကြပါ။ အလျင်စလိုမလုပ်ဖို့ သတိချပ်ပါ"
သို့နှင့် နှစ်ဦးလုံးထွက်သွားသည်။ တဖက်ရန်သူတို့ရောက်လာပြီဟုသိသော "စွန်းဟွမ်"(Sun Huan) သည် စစ်ဗျူဟာခင်းထားစေပြီး နာမည်ကြီးစစ်သူကြီး "လီယီ"(Li Yi) နှင့် "ရှဲ့ကျင်း"(Xie Jing) တို့ကို နေရာချထားသည်။ ထိုအချိန်တွင် ရှူတပ်များကြားမှ ငွေရောင်ခမောက်နှင့် ငွေရောင်သံချပ်ကာကိုဝတ်ဆင်ထားသော စစ်သူကြီးနှစ်ဦးကိုတွေ့လိုက်သည်။ အလံမှာလည်း အဖြူရောင်အလံကိုထောင်ထားသည်။ ပထမဆုံး လှံကိုင်ထားသော "ကျန်းပေါက်"(Zhang Bao) ထွက်လာပြီး "ကွမ်းရှင်း"(Guan Xing) မှ ဓားရှည်ကိုကိုင်ကာထွက်လာသည်။

"ကျန်းပေါက်"(Zhang Bao) မှ
"စွန်းဟွမ်(Sun Huan)၊ မင်းတော့ သေနေ့စေ့ပြီ။ မင်းက ကောင်းကင်ရဲ့တပ်ဖွဲ့တွေကိုလာတားဆီးရဲတယ်?"
"မင်းအဖေက ခေါင်းမပါတဲ့မိစ္ဆာပဲ! မင်းလည်း မကြာခင် သူနဲ့သွားတွေ့ရတော့မှာ မသိဘူးလား?"
"ကျန်းပေါက်"(Zhang Bao) ထွက်လာသောအခါ "စွန်းဟွမ်"(Sun Huan) နောက်မှ "ရှဲ့ကျင်း"(Xie Jing) ထွက်လာပြီး တိုက်ခိုက်သည်။ အကွက်လေးဆယ်ခန့်တိုက်ပြီးနောက် "ရှဲ့ကျင်း"(Xie Jing) ထွက်ပြေးပြီး "ကျန်းပေါက်"(Zhang Bao) က အနောက်ဘက်မှလိုက်လေသည်။

လုပ်ဖော်ကိုင်ဖက်အခြေအနေမဟန်သည်ကိုမြင်သောအခါ "လီယီ"(Li Yi) သည် ငွေရောင်ပုဆိန်ကိုကိုင်ကာထွက်လာသည်။ "ကျန်းပေါက်"(Zhang Bao) နှင့်အကွက်နှစ်ဆယ်တိုက်ပြီးသော်လည်း အနိုင်အရှုံးမကွဲပြားပေ။ ထိုအခါ ဝူတပ်ဖွဲ့မှ "ထန်ရှုံ"(Tan Xiong) ဟူသောစစ်သူကြီးသည် "ကျန်းပေါက်"(Zhang Bao) ကို မြားနှင့်လှမ်းပစ်ရာ သူစီးထားသောမြင်းကိုထိမှန်သည်။
ထိုမြားဒဏ်ရာကြောင့် မြင်းမှာလဲကျသွားပြီး မြင်းစီးနေသော "ကျန်းပေါက်"(Zhang Bao) သည်လည်း ပြုတ်ကျသွားသည်။ ထိုအခါ "လီယီ"(Li Yi) မှ ပြုတ်ကျသွားသောစစ်သူကြီးကိုပုဆိန်ဖြင့်ခုတ်ရန်ပြုနေစဉ် အနောက်မှ "ကွမ်းရှင်း"(Guan Xing) သည် "လီယီ"(Li Yi) ၏ခေါင်းကိုဓားဖြင့်ခုတ်လိုက်ရာ ခေါင်းပြတ်သည် မြေပေါ်သို့ကျသွားခဲ့သည်။ "ကျန်းပေါက်"(Zhang Bao) ၏အသက်ကို "ကွမ်းရှင်း"(Guan Xing) က ကယ်တင်နိုင်ခဲ့သည်။ ထို့နောက် ဆက်လက်တိုက်ခိုက်ကြရာ "စွန်းဟွမ်"(Sun Huan) သည် အကြီးအကျယ်ရှုံးနိမ့်ပြီး တပ်ဆုတ်သွားသည်။
နောက်ရက်တွင် "စွန်းချွမ်"(Sun Huan) ထွက်လာပြီး စိန်ခေါ်ပြန်သည်။ ညီနောင်နှစ်ဦးသည် ထွက်လာပြီးတိုက်လေရာ "စွန်းဟွမ်"(Sun Huan) ကလည်း အပြင်းအထန်တိုက်လေ၏။ အကွက်သုံးဆယ်ခန့်တိုက်ပြီးနောက်ဝယ် "စွန်းဟွမ်"(Sun Huan) နောက်ဆုတ်သွားသည်။ လူငယ်နှစ်ဦးသည် ရန်သူ့စခန်းကိုလိုက်တိုက်လေသည်။ ထို့အပြင် "ဟူပန်"(Hu Ban) သည် "ဖုန်းရှီ"(Feng Xi) ၊ "ကျန်းနန်"(Zhang Nan) တို့နှင့်အတူ တိုက်ခိုက်သည်။ "ကျန်းပေါက်"(Zhang Bao) ကလည်း ထိုသူတို့ကိုကူညီပြီးတိုက်လေ၏။ ဝူဘက်မှ "ရှဲ့ကျင်း"(Xie Jing) နှင့်ရင်ဆိုင်ရကာ "ရှဲ့ကျင်း"(Xie Jing) ကိုသတ်နိုင်ခဲ့ပြီး ဝူတပ်ဖွဲ့ကြီး ဖရိုဖရဲဖြစ်သွားခဲ့သည်။

သို့သော် "ကွမ်းရှင်း"(Guan Xing) မှာ ပျောက်ချင်းမလှပျောက်နေသဖြင့် "ကျန်းပေါက်"(Zhang Bao) မှစိုးရိမ်နေခဲ့သည်။
"ကွမ်းရှင်း(Guan Xing) သာတစ်ခုခုဖြစ်ရင် ကျုပ်လည်းရှင်မှာမဟုတ်ဘူး"
ပြီးနောက် သူ၏လှံကိုကိုင်ပြီး အဝေးသို့သွားကာ "ကွမ်းရှင်း"(Guan Xing) ကိုရှာသည်။ ထိုအခါ ဘယ်ဘက်တွင်ဓားကိုကိုင်လျက် ညာဘက်တွင် ရန်သူတစ်ဦးကိုဖမ်းလာသော "ကွမ်းရှင်း"(Guan Xing) ကိုတွေ့သည်။
"သူက ဘယ်သူလဲ"
"လမ်းမှာ ရန်သူနဲ့ တွေ့လို့ ဖမ်းလာခဲ့တာ"
ထိုသူမှာ "ကျန်းပေါက်"(Zhang Bao) ကို လုပ်ကြံရန်ကြိုးစားသည့် "ထန်ရှုံ"(Tan Xiong) ဖြစ်သည်။ စခန်းသို့ပြန်ရောက်သောအခါ ထိုသူကို သေဒဏ်ပေးခဲ့ပြီး သူ၏သွေးကို သေဆုံးသွားသောမြင်းအတွက် လောင်းပေးခဲ့သည်။

ထိုအောင်မြင်မှုသတင်းကို ဧကရာဇ်ထံသတင်းပို့ခဲ့သည်။ "စွန်းဟွမ်"(Sun Huan) သည် "လီယီ"(Li Yi) ၊ "ရှဲ့ကျင်း"(Xie Jing) ၊ "ထန်ရှုံ"(Tan Xiong) အပြင် အခြားသောအမှုထမ်း၊ တပ်သားပေါင်းများစွာဆုံးရှုံးခဲ့သဖြင့် စစ်ဆက်တိုက်ရန်မဖြစ်နိုင်သောကြောင့် ခေတ္တရပ်နားပြီး ဝူပြည်မှစစ်ကူတောင်းခံခဲ့သည်။
စစ်သူကြီး "ကျန်းနန်"(Zhang Nan) နှင့် "ဖုန်းရှီ"(Feng Xi) တို့မှ "ဟူပန်"(Hu Ban) အား
"ဝူက အင်အားယုတ်လျော့နေတဲ့အချိန်မှာ သူတို့တပ်ကိုဝင်စီးသင့်တယ်"
"သူတို့တွေ စစ်ရှုံးသွားပေမယ့် တခြားတပ်ဖွဲ့တွေအများကြီးရှိသေးတယ်။ ကျူရန်(Zhu Ran) ရဲ့ရေတပ်က မြစ်ပေါ်မှာရှိပြီး အကောင်းပတိကြီးရှိသေးတယ်။ ကျုပ်တို့တွေအဲ့လိုလုပ်ရင် ရေတပ်က ကုန်းပေါ်တက်လာပြီး တပ်ဆုတ်မယ့်လမ်းကိုပိတ်လိုက်ရင် အခြေအနေဆိုးသွားလိမ့်မယ်"
"ကျန်းနန်"(Zhang Nan) မှ
"ဒါကလွယ်ပါတယ်။ အဲ့လိုရန်သူတွေမဝင်လာနိုင်အောင် ကွမ်းရှင်း(Guan Xing) နဲ့ ကျန်းပေါက်(Zhang Bao) တို့ကိုတပ်သားငါးထောင်နဲ့အတူ မြစ်ဝှမ်းနားမှာ သွားစောင့်ခိုင်းထားသင့်တယ်"
"ဟူပန်"(Hu Ban) မှ
"အဲ့လိုလုပ်မယ့်အစား တချို့လူတွေကိုတပ်ပြေးအဖြစ်ယောင်ဆောင်စေပြီး ကျူရန်(Zhu Ran) ဆီသွားပြီးတော့ စခန်းကိုတိုက်မယ့်အကြောင်းပြောခိုင်းရမယ်။ ဒါဆို ကျူရန်(Zhu Ran) က အချက်ပေးမီးမြင်ရင် လာကူမှာပဲ။ အဲ့မှာ ပုန်းလျှိုနေတဲ့တပ်တွေက သူ့ကိုတိုက်ခိုက်နိုင်တယ်"
ထိုအကြံကိုအကောင်အထည်ဖော်ရန် လုပ်ဆောင်ကြလေသည်။

"စွန်းဟွမ်"(Sun Huan) ၏ရှုံးနိမ့်မှုများကိုကြားရသောအခါ "ကျူရန်"(Zhu Ran) မှာ စစ်ကူပေးရန်ကြံစည်နေခဲ့သည်။ ထိုအချိန်တွင် ရန်သူ့ဘက်မှတပ်ပြေးများရောက်လာသဖြင့် မေးမြန်းစစ်ဆေးခဲ့သည်။
"ကျွန်တော်တို့က ဖုန်းရှီ(Feng Xi) လက်အောက်က စစ်သားတွေပါ။ ကျွန်တော်တို့ကိုနှိပ်စက်ညှင်းပန်းလို့ ကျွန်တော်တို့ထွက်ပြေးလာတာပါ။ ကျွန်တော်တို့မှာ အရေးတကြီးပြောစရာရှိပါတယ်"
"ဘာအကြောင်းများလဲ"
"ဒီညမှာ ဖုန်းရှီ(Feng Xi) က စစ်သူကြီး စွန်းဟွမ်(Sun Huan) တပ်ကိုတိုက်လိမ့်မယ်။ သူက ဒါအခွင့်ကောင်းထင်လို့လုပ်တာပဲ။ သူတို့က အချက်ပြမီးကိုသုံးပြီးအချက်ပြုလိမ့်မယ်"
"ကျူရန်"(Zhu Ran) သည် ထိုသူတို့ကိုသံသယမရှိတော့ပဲ လူတစ်ယောက်ကိုလွှတ်ပြီး ထိုအကြောင်းကို "စွန်းဟွမ်"(Sun Huan) ကိုပြောစေသည်။ သို့သော် လမ်းတွင် ထိုသူကို "ကွမ်းရှင်း"(Guan Xing) က သတ်လိုက်သည်။

"ကျူရန်"(Zhu Ran) သည် စစ်ကူပေးရန်အကြံကိုတွေးနေခဲ့သည်။ စစ်သူကြီးတစ်ဦးဖြစ်သော "ချွေးယွီ"(Cui Yu) မှ
"အဲ့စစ်သားတွေပြောတာကို ယုံလို့မဖြစ်ဘူး။ တစ်ခုခုဆို တပ်ဖွဲ့ရော၊ ရေတပ်ရောဆုံးရှုံးရလိမ့်မယ်။ ဒီတော့ စစ်သူကြီးမသွားပဲနဲ့ ကျွန်တော့ကိုသွားခွင့်ပြုပါ"
ထိုအဆိုသည် သင့်တော်သဖြင့် "ကျူရန်"(Zhu Ran) က ခွင့်ပြုလိုက်သည်။
ထိုညတွင် "ဟူပန်"(Hu Ban) ၊ "ကျန်းနန်"(Zhang Nan) နှင့် "ဖုန်းရှီ"(Feng Xi) တို့သည် "စွန်းဟွမ်"(Sun Huan) ၏စခန်းကိုသုံးဘက်သုံးလံမှတိုက်ခိုက်သည်။ တပ်သားတို့လည်း ထွက်ပြေးကုန်ကြသည်။ ထို့နောက် စခန်းကိုမီးရှို့လေသည်။ ထိုမီးကို "ချွေးယွီ"(Cui Yu) မြင်သောအခါ တပ်ဖွဲ့တို့ဖြင့်ချီတက်သွားခဲ့သည်။ တောင်ကုန်းတစ်ခုနားမှဖြတ်သွားသောအခါ "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့တပ်သည် ဘယ်ညာနှစ်ဖက်ဆီမှထွက်လာပြီး တိုက်ခိုက်လေသည်။ အံ့အားသင့်သွားသော "ချွေးယွီ"(Cui Yu) သည် ထွက်ပြေးရန်ပြုသော်လည်း "ကျန်းပေါက်"(Zhang Bao) နှင့်တွေ့ပြီး သုံ့ပန်းအဖြစ် အဖမ်းခံလိုက်ရသည်။
ထိုအကြောင်းကို "ကျူရန်"(Zhu Ran) ကြားသောအခါ ကြောက်လန့်ပြီး မြစ်မှမိုင်နှစ်ဆယ်အကွာသို့ဆုတ်သွားသည်။ "စွန်းဟွမ်"(Sun Huan) ၏တပ်သည်လည်း ထွက်ပြေးသွားကြသည်။ ထိုသို့ထွက်ပြေးရင်း "စွန်းဟွမ်"(Sun Huan) မှ
"အရှေ့မှာ အကာအကွယ်ကောင်းကောင်းနဲ့ဂိုထောင်ရှိတဲ့မြို့ရှိလား"
"မြောက်ဘက်က ယီလင်မှာ ကျွန်တော်တို့စခန်းချနိုင်ပါတယ်"
သူတို့သည် ထိုမြို့သို့ရောက်သောအခါ ရန်သူတို့လည်းရောက်လာပြီး လေးဘက်လေးလံမှ ဝန်းရံထားခဲ့သည်။

"ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) သည် သုံ့ပန်းကိုဖမ်းပြီး ဧကရာဇ်နှင့်သွားတွေ့ခဲ့ရာ စစ်အောင်နိုင်သောကြောင့် ဧကရာဇ်မှာ ဝမ်းသာခဲ့လေသည်။ သုံ့ပန်းကိုသေဒဏ်ပေးခဲ့ပြီးနောက် တပ်ဖွဲ့တို့ကို ဆုလာဘ်များပေးခဲ့သည်။ ထိုအောင်နိုင်မှုသတင်းကိုကြားသိရသောအခါ ဝူပြည်ခေါင်းဆောင်တို့သည် စစ်တိုက်လိုစိတ်မရှိကြတော့ပေ။
ဝူမင်းသားသည် "စွန်းဟွမ်"(Sun Huan) ၏စစ်ကူတောင်းဆိုမှုကိုသိရသောအခါ ကြောက်လန့်သွားပြီး မည်သို့လုပ်ရမည်မသိဖြစ်သွားသည်။ ထိုအခါ အစည်းအဝေးလုပ်ပြီး တိုင်ပင်သည်။
"စွန်းဟွမ်(Sun Huan) က ယီလင်မှာပိတ်မိနေပြီး ကျူရန်(Zhu Ran) ကစစ်ရှုံးသွားပြီ။ ဒါဘာဆက်လုပ်ကြမလဲ"
"ကျန်းကျောက်"(Zhang Zhao) မှ
"သခင်ကြီးလက်အောက်ကအမှုထမ်းအချို့သေဆုံးသွားခဲ့ပေမယ့် အများကြီးကျန်ပါသေးတယ်။ သူတို့တွေထဲက တဝက်ကိုသုံးရင်တောင် သခင်ကြီးရဲ့စိုးရိမ်သောကတွေကိုပြေပျောက်စေမှာပါ။ ဟန်တန်(Han Dang) ကို စစ်သူကြီး၊ ကျိုးထိုက်(Zhou Tai) ကို လက်ထောက်စစ်သူကြီး၊ ဖန်ကျန်း(Pan Zhang) ကို ရှေ့ပြေးတပ်ခေါင်းဆောင်၊ လင်ထုံ(Lin Tong) ကို တပ်ဖျားပိုင်း၊ ကန်းနင်(Gan Ning) ကို အရံတပ်အဖြစ်အသီးသီးတာဝန်ပေးလိုက်ပါ။ စုစုပေါင်းတပ်သားအင်အားတစ်သိန်းကို အသုံးချရပါမယ်"
"စွန်းချွမ်"(Sun Quan) ကလည်း ထိုအတိုင်းပင်လုပ်ဆောင်စေခဲ့သည်။ ထိုအချိန်တွင် "ကန်းနင်"(Gan Ning) သည် အပြင်းအထန်မမာမကျန်းဖြစ်နေခဲ့သည်၊ သို့သော်လည်း သူ၏တာဝန်ကိုလက်ခံခဲ့သည်။

ပထမဧကရာဇ်သည် နှစ်ဆယ့်ငါးမိုင်ကွာခြားသော ဝူခို၊ ကျန်းဖင်မှ ယီလင်အထိ  တပ်စခန်းပေါင်းလေးဆယ်ကိုတည်ဆောက်စေသည်။ သူ၏တူနှစ်ဦးတို့သည် အောင်မြင်မှုအသီးသီးရသဖြင့် အင်မတန်မှဝမ်းမြောက်ခဲ့လေသည်။
"ကျုပ်နောက်ကိုလိုက်ခဲ့တဲ့စစ်သူကြီးတွေက အသက်အရွယ်ကြီးရင့်ကုန်ပြီ။ ဒါကြောင့် သိပ်ပြီးအသုံးမဝင်တော့ဘူး။ အခုတော့ ကျုပ်မှာ သူရသတ္တိရှိတဲ့တူနှစ်ဦးရှိတော့ စွန်းချွမ်(Sun Quan) ကိုကြောက်စရာမလိုတော့ဘူး'
ထိုအချိန်တွင် ဝူတပ်မှ "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ရောက်လာသည်ကိုကြားသိရသဖြင့် တိုက်ခိုက်ရန်စစ်သူကြီးကိုရွေးချယ်နေသည်။ ထိုအခါ လူအချို့မှ
"ဟွမ်ကျုံး(Huang Zhong) နဲ့စစ်သူကြီးခြောက်ဦးလောက်က ဝူဘက်ကိုပြေးသွားကြတယ်"
ဧကရာဇ်သည်ပြုံးပြီး
"ဟွမ်ကျုံး(Huang Zhong) က သစ္စာဖောက်မဟုတ်ဘူး။ ခုနက ကျုပ်ပြောတဲ့အသက်အရွယ်ကြီးပြီး အသုံးမဝင်တော့တဲ့ခေါင်းဆောင်တွေလို့ပြောလို့ သူက သူအသုံးမဝင်တာမဟုတ်ကြောင်းပြသဖို့ထွက်သွားတာဖြစ်တယ်"
ထို့နောက် "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang Bao) တို့ကိုခေါ်ပြီး
"ဟွမ်ကျုံး(Huang Zhong) မအောင်မြင်ခဲ့ရင် သူ့ကိုကူညီလိုက်ပါ။ အောင်မြင်မှုတစ်ခုခုရခဲ့ရင် သူ့ကိုပြန်လာခိုင်းလိုက်ပြီး သူ့ကို ဝမ်းမနည်းစေပါနဲ့"
သို့နှင့် သူတို့နှစ်ဦးသည် တပ်သားတို့ကိုဦးဆောင်ပြီး အသက်ကြီးရင့်သောစစ်သူကြီးကို ကူညီရန်ထွက်သွားခဲ့သည်။

Comments

Popular posts from this blog

Lookism