သုံးနိုင်ငံခေတ်(၈၃)
အခန်း(၈၃) ရှောင်းထင်တွင်တိုက်ခိုက်ပြီးနောက်
ပထမဧကရာဇ်သည် ရန်သူတစ်ဦးကိုဖမ်းမိခြင်း။
လျှိုမြောင်သုံးခုကိုကာကွယ်ကာ စာသင်သားသည်
အမြင့်ဆုံးကွပ်ကဲမှုကိုယူခဲ့ခြင်း။
ကျန်းဝူနှစ်ဒုတိယနှစ်
(အေဒီ ၂၂၁) နွေဦးကာလ ပထမဆုံးလ--
ပထမဧကရာဇ်စစ်ချီရာတွင်
ဝါရင့်စစ်သူကြီး "ဟွမ်ကျုံး"(Huang Zhong) လည်း ပါဝင်ခဲ့သည်။ သူ၏သခင်မှ အိုမင်းပြီးမစွမ်းဆောင်နိုင်တော့သောအမှုထမ်းများအကြောင်းပြောသည်ကိုကြားပြီးနောက်
သူသည်ဓားကိုကိုင်ပြီး သူ၏ယုံကြည်ရသောလက်အောက်ငယ်သားအချို့နှင့်အတူ ယီလင်စခန်းသို့သွားခဲ့သည်။
ထိုနေရာတွင်တာဝန်ကျသော စစ်သူကြီး "ဝူပန်"(Wu Ban) မှကြိုဆိုပြီး
"ဝါရင့်စစ်သူကြီးက
ဘာလို့ဒီကိုရောက်လာတာလဲ?"
"ကျုပ်
ဧကရာဇ်ချန်ဆားမြို့ကထွက်ခွာစဉ်ကတည်းက သူ့နောက်ကိုလိုက်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။
အခုကျုပ်အသက်က ၇၀ ကျော်ပေမယ့် အသားဆယ်ပေါင်လောက်ကိုစားနိုင်သောက်နိုင်ပြီး လေးလံလှတဲ့လေးကိုဆွဲနိုင်သေးတယ်။
ဒါ့အပြင် မမောမပန်းပဲ မိုင်ငါးရာခရီးကိုသွားနိုင်တယ်၊ ကျုပ်က အင်အားမယုတ်လျော့သေးဘူး။
ဒါပေမယ့် ကျုပ်သခင်က အသက်ကြီးပြီးမလုပ်ဆောင်နိုင်တဲ့ခေါင်းဆောင်တွေအကြောင်းပြောတော့
ကျုပ်က ဝူနဲ့တိုက်ဖို့ဒီကိုလာခဲ့တာဖြစ်တယ်။ ကျုပ် ရန်သူ့ခေါင်းဆောင်တစ်ယောက်ကိုသတ်နိုင်လိုက်ရင်
အသက်ကြီးပေမယ့်သန်မာဆဲပဲဆိုတာ သူသိသွားမှာပဲ"
ထိုအချိန်တွင်
ဝူစစ်တပ်ကြီးက စခန်းနားသို့ကပ်လာရာ "ဟွမ်ကျုံး"(Huang Zhong) က အလျင်စလိုဖြင့်ထကာ
စခန်းပြင်သို့ထွက်ပြီး စစ်ချီရန်ပြုသည်။ အခြားစစ်သူကြီးတို့က
"ဝါရင့်စစ်သူကြီး၊
သတိထားပါ" ဟုဝိုင်းပြောကြသည်။
သို့သော်
"ဟွမ်ကျုံး"(Huang Zhong) က ဂရုမစိုက်ပဲ အလျင်အမြန်ထွက်ခွာသွားသည်။
"ဝူပန်"(Wu Ban) နှင့် "ဖုန်းရှီ"(Feng Xi) တို့သည်လည်း ကူညီရန်ထွက်သွားလေသည်။
ဝါရင့်စစ်သူကြီးသည် ရန်သူတို့ဗျူဟာခင်းကျင်းထားသည်ကိုမြင်သောအခါ ရှေ့ပြေးတပ်ခေါင်းဆောင်
"ဖန်ကျန်း"(Pan Zhang) ကိုစိန်ခေါ်သည်။ "ဖန်ကျန်း"(Pan Zhang) မှ
သူ၏လက်အောက်ရှိစစ်သူကြီးတစ်ဦးဖြစ်သော "ရှီကျီ'(Shi Ji) ကိုထွက်ကာ ရင်ဆိုင်စေသည်။
"ရှီကျီ"(Shi Ji) သည် တဖက်ရန်သူကိုအထင်အမြင်သေးစွာဖြင့် လှံကိုကိုင်လျက်
ထွက်လာသည်၊ သို့သော် တတိယအကွက်တွင် "ဟွမ်ကျုံး"(Huang Zhong) မှ သူ့ကိုသတ်လိုက်သည်။
ထိုအခါ "ဖန်ကျန်း"(Pan Zhang) သည် ဒေါသထွက်ပြီး သူရဲကောင်း "ကွမ်းယွီ"(Guan
Yu) ကိုင်ဆောင်ခဲ့သော နာမည်ကျော် အစိမ်းရောင်နဂါးဓားရှည်ကိုကိုင်ကာ ထွက်လာပြီး
"ဟွမ်ကျုံး"(Huang Zhong) နှင့်ရင်ဆိုင်သည်။ သူတို့နှစ်ဦးသည် တိုက်ခိုက်ကြသော်လည်း
အရှုံးအနိုင်မကွဲပေ။ "ဟွမ်ကျုံး"(Huang Zhong) မှာ အားမာန်တို့ဖြင့်ပြည့်နေပြီး
"ဖန်ကျန်း"(Pan Zhang) မှ အိုမင်းသောစစ်သူကြီးကိုမနိုင်မှန်းသိသဖြင့် ဆုတ်ခွာသွားသည်။
"ဟွမ်ကျုံး"(Huang Zhong) မှ အနောက်မှလိုက်တိုက်ပြီး အနိုင်ယူနိုင်ခဲ့သည်။
သူ၏အပြန်လမ်းတွင်
လူငယ်စစ်သူကြီးနှစ်ဦးဖြစ်သည့် "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang
Bao) တို့ကိုတွေ့သည်။
"စစ်သူကြီးအကူအညီလိုအပ်ရင်
ကူညီဖို့ ဧကရာဇ်ကစေလွှတ်လိုက်တာပါ။ အခုအောင်ပွဲခံပြီးပြီဆိုတော့ ပင်မတပ်စခန်းကိုပြန်သွားပါတော့"
သို့သော်
"ဟွမ်ကျုံး"(Huang Zhong) က လက်မခံပေ။ နောက်ရက်တွင် "ဖန်ကျန်း"(Pan
Zhang) သည်ထွက်လာပြီးစိန်ခေါ်ရာ "ဟွမ်ကျုံး"(Huang Zhong) မှထွက်တိုက်သည်။
"ဖန်ကျန်း"(Pan Zhang) သည် တိုက်ခိုက်ဟန်ဆင်ပြီးထွက်ပြေးရာ "ဟွမ်ကျုံး"(Huang
Zhong) သည် မပြေးရန်အော်ပြီး အနောက်မှလိုက်သည်။
"မပြေးနဲ့။
အခု စစ်သူကြီး ကွမ်းယွီ(Guan Yu) အတွက် လက်စားချေမလို့"
ဆယ်မိုင်ခန့်လိုက်ပြီးနောက်တွင်
"ဟွမ်ကျုံး"(Huang Zhong) ကို ရန်သူတို့ကိုဝိုင်းထားလိုက်သည်။ ဘယ်ဘက်မှ
"ကျိုးထိုက်"(Zhou Tai) ၊ ညာဘက်တွင် "ဟန်တန်"(Han Dang) ၊ အနောက်ဘက်တွင်
"လင်ထုံ"(Lin Tong) အပြင် ထွက်ပြေးနေသော "ဖန်ကျန်း"(Pan
Zhang) ကလည်း ပြန်လှည့်လာပြီးတိုက်လေသည်။ ထိုအခါ "ဟွမ်ကျုံး"(Huang
Zhong) မှာ ပိတ်မိသွားခဲ့သည်။ သို့သော်လည်း အတင်းအကြပ်တိုက်ခိုက်ပြီး တိုက်ဆုတ်ခဲ့လေသည်။
ထိုအချိန်တွင် မိုးကြီးလေကြီးကျနေခဲ့ပြီး "ဟွမ်ကျုံး"(Huang Zhong) သည် တောင်ကုန်းတစ်ခုကိုဖြတ်သန်းသွားစဉ်
"မာကျုံး"(Ma Zhong) ခေါင်းဆောင်သောရန်သူ့တပ်သည် တောင်ပေါ်မှဆင်းလာပြီးတိုက်လေသည်။
မြားတစ်စင်းမှာ ဝါရင့်စစ်သူကြီး၏လက်မောင်းကိုထိမှန်သွားပြီး မြင်းပေါ်မှလဲကျမတတ်ဖြစ်သွားခဲ့သည်။
ဝူတပ်သားတို့သည် "ဟွမ်ကျုံး"(Huang Zhong) ဒဏ်ရာရသွားသည်ကိုတွေ့သဖြင့် အပြင်းအထန်တိုက်လေသည်။
ထိုအချိန်တွင်
လူငယ်စစ်သူကြီးနှစ်ဦးဖြစ်သော "ကွမ်းရှင်း"(Guan Xing) နှင့် "ကျန်းပေါက်"(Zhang
Bao) ရောက်လာပြီး ရန်သူတို့ကိုတိုက်ထုတ်ကာ "ဟွမ်ကျုံး"(Huang Zhong) ကိုကယ်တင်ခဲ့သည်။
ဒဏ်ရာရသောစစ်သူကြီးကို
ပင်မစခန်းသို့ပြန်ခေါ်ဆောင်ခဲ့သည်။ သို့သော် စစ်သူကြီးမှာ အသက်ကြီးရင့်နေခဲ့ပြီး သွေးတို့မှာ
ကျဲနေခဲ့ပြီ။ ဒဏ်ရာကလည်း ပိုကျယ်သွားသောကြောင့် သေလုမြောပါးဖြစ်နေခဲ့သည်။ ပထမဧကရာဇ်သည်
လာရောက်ကြည့်ရှုပြီး နောက်ကျောကိုပုတ်ကာ
"ဒါကျုပ်ရဲ့အမှားကြောင့်
စစ်သူကြီးက ဒဏ်ရာရသွားခဲ့တာ"
"ကျွန်တော်က
စစ်သားဖြစ်ပါတယ်။ အရှင်မင်းကြီးလက်အောက်မှာ အမှုထမ်းခွင့်ရတာဝမ်းသာပါတယ်။ အခုကျွန်တော့အသက်က
၇၅ ရှိပြီး သေမယ်ဆိုလည်းသေပျော်ပါပြီ။ အရှင်မင်းကြီးက တိုင်းပြည်အရေးကိုရှေးရှုပြီး
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ"
၎င်းတို့မှာ
စစ်သူကြီး၏နောက်ဆုံးစကားဖြစ်သည်။ မကြာခင်တွင် မေ့မြောသွားပြီး ထိုညတွင် ကွယ်လွန်သွားခဲ့လေသည်။
"ဟွမ်ကျုံး"(Huang
Zhong) သေဆုံးသွားသောသတင်းကိုကြားသောအခါ ဧကရာဇ်သည် လွန်စွာဝမ်းနည်းခဲ့ပြီး ချန်တူးမြို့တွင်
အုတ်ဂူပြုလုပ်စေခဲ့သည်။
"ကျုပ်ရဲ့ရဲရင့်တဲ့စစ်သူကြီးမရှိတော့ဘူး။
ကျားစစ်သူကြီးငါးယောက်မှာ သုံးယောက်ကခွဲသွားခဲ့ပြီ။ သူတို့အတွက် လက်စားမချေနိုင်သေးတာ
အင်မတန်ဝမ်းနည်းစရာကိစ္စပဲ"
ထို့နောက်
ဧကရာဇ်သည် နန်းစောင့်တပ်ကိုဦးဆောင်ကာ ရှောင်းထင်သို့ချီတက်ပြီး ကြီးမားသောအစုအဝေးပြုလေသည်။
တပ်ဖွဲ့တို့ကိုရှစ်ခုခွဲစေကာ ကြည်းရေနှစ်တန်ဖြင့်ချီတက်စေသည်။ ရေတပ်တို့ကို "ဟွမ်ချွမ်"(Huang
Quan) လက်အောက်တွင်ထားရှိပြီး ကြည်းတပ်ကိုမူ ဧကရာဇ်ကိုယ်တိုင် ဦးဆောင်လေသည်။ ထိုအချိန်မှာ
ဒုတိယနှစ်၏ဒုတိယလဖြစ်သည်။
ရှူတပ်ကြီးချီတက်လာကြောင်းကို
"ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့သိသောအခါ
ရင်ဆိုင်ရန်ပြုလုပ်သည်။ ဝူတပ်ခေါင်းဆောင်နှစ်ဦးတို့သည် ထွက်လာသောအခါဝယ် တိုင်ထူကာ
ရွှေ၊ ပိုးထည်ဖြင့်ပြုလုပ်ထားသောထီးတော်ကိုမိုးထားသည့် ပထမ ဧကရာဇ်ကိုတွေ့လေသည်။ ဧကရာဇ်၏ဘယ်ညာနှစ်ဘက်တို့တွင်
အဖြူရောင်အလံ၊ ရွှေရောင်ပုဆိန်နှင့်အခြားသော မင်းတို့၏အဆောင်အယောင်များပါဝင်သည်။
"ဟန်တန်"(Han
Dang) မှ
"ဧကရာဇ်က
အခု ရှူပြည်ရဲ့ ဧကရာဇ်ဖြစ်နေပြီပဲ။ ဘာကြောင့် အသက်စွန့်ပြီး တပ်ဖွဲ့တွေကိုဦးဆောင်လာရတာလဲ?
မတော်လို့တခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ"
ဧကရာဇ်သည်
ပြောသူကို မထေသောအကြည့်ဖြင့်ကြည့်ပြီး လက်ညှိုးညွှန်ကာ
"မင်းတို့ဝူပြည်က
ကြွက်တွေက ကျုပ်ညီကိုသေစေခဲ့တယ်။ ဒါကြောင့် မင်းတို့နဲ့ကျုပ်က တစ်မိုးအောက်မှာ အတူမရှိနိုင်ဘူး"
"ဟန်တန်"(Han
Dang) သည် သူ၏တပ်ဘက်ကိုလှည့်လိုက်ပြီး
"ရန်သူတွေကို
ဘယ်သူရင်ဆိုင်ဝံ့လဲ?"
ထိုအခါ စစ်သူကြီး
"ရှရွှင်"(Xia Xun) သည် လှံကိုကိုင်ကာထွက်လာပြီး တဖက်မှလည်း "ကျန်းပေါက်"(Zhang
Bao) ထွက်လာကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ ထိုအသံကြောင့် "ရှရွှင်"(Xia
Xun) မှာ လန့်သွားပြီး ထွက်ပြေးလေသည်။ လုပ်ဖော်ကိုင်ဖက်မှာ လန့်နေသည်ကိုတွေ့သောအခါ
"ကျိုးထိုက်"(Zhou Tai) ၏ညီ "ကျိုးဖင်"(Zhou Ping) သည် ဓားကိုကိုင်ကာ
ထွက်လာသည်။ ထိုအခါ "ကွမ်းရှင်း"(Guan Xing) သည်လည်း အရှေ့သို့ထွက်လာသည်။
"ကျန်းပေါက်"(Zhang Bao) သည် ကျယ်လောင်စွာအော်ဟစ်ပြီး "ရှရွှင်"(Xia
Xun) ကိုတိုက်ခိုက်ကာ မြင်းပေါ်မှကျစေခဲ့သည်။ ထိုအခြင်းအရာကြောင့် "ကျိုးဖင်"(Zhou
Ping) မှာ သူ၏ခုခံမှုတို့ကို ရုတ်အရတ်အာရုံမစိုက်နိုင်ပဲဖြစ်သွားရာ "ကွမ်းရှင်း"(Guan
Xing) မှ သူ့ကိုသတ်လိုက်သည်။ ထို့နောက် လူငယ်နှစ်ဦးတို့သည် ဒေါသဖြင့် "ဟန်တန်"(Han
Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့ကိုတိုက်ရန်ပြုသည်။ ဝူတပ်သည် ဆုတ်ခွာသွားခဲ့သည်။
ဧကရာဇ်မှ ကျေနပ်စွာဖြင့် သက်ပြင်းချကာ
"ကျားအဖေကမွေးလာရင်
ခွေးသားပေါက်လေးမဖြစ်နိုင်ဘူး"
ထို့နောက်
ကြာပွတ်ဖြင့်အချက်ပြုလိုက်ပြီး တပ်တို့ကိုတိုက်စေရာ ဝူတပ်တို့အထိနာခဲ့လေသည်။ ရှူတပ်ရှစ်တပ်တို့သည်
ခုခံ၍မရနိုင်သော လှိုင်းလုံးခဲ့သို့ ရန်သူတို့ကိုတိုက်ခိုက်ခဲ့သည်။
"ကန်းနင်"(Gan
Ning) သည် သင်္ဘောပေါ်တွင်ရှိပြီး ကျန်းမာရေးမကောင်းခဲ့ပေ။ ရှူတပ်တို့ရောက်လာမှန်းသိသောအခါ
သူသည်လည်း မြင်းပေါ်သို့တက်ပြီးရန်သူတို့ကိုတိုက်ရန်ပြုရာ မကြာမီတွင်ပင် မန်တပ်ဖွဲ့တို့နှင့်ရင်ဆိုင်ရလေသည်။
မန်မျိုးနွယ်စုသူရဲကောင်းတို့သည် ဆံပင်မှာ ဖွာလန်နေပြီး ခြေထောက်တွင်လည်း ဖိနပ်များဝတ်ဆင်ခြင်းမရှိပေ။
သူတို့၏လက်နက်တို့မှာ ဒူးလေး၊ လေးမြား၊ လှံရှည်၊ ဓားနှင့် ပုဆိန်များဖြစ်သည်။ ထို့အပြင်ကာကွယ်ရန်အတွက်
ဒိုင်းများကိုလည်း ကိုင်ဆောင်ထားသည်။ ထိုတပ်ဖွဲ့ကို ဘုရင် "ရှားမိုခဲ့"(Sha
Moke) ကဦးဆောင်ပြီး သူ၏မျက်နှာမှာ သွေးတို့ဖြန်းပက်ထားသကဲ့သို့နီကာ ကြီးမားသောအစိမ်းရောင်မျက်လုံးတို့ရှိသည်။
သူသည် အရိုးခေါင်းလည်ဆွဲကိုဆွဲထားပြီး ခါးတွင် မြားနှစ်ချောင်းချိတ်ထားကာ သံကျိုင်းကိုကိုင်ဆောင်လျက်
ဝူတပ်တို့ကိုတိုက်လေသည်။ သူ၏အသွင်အပြင်မှာ ကြောက်မက်ဖွယ်ကောင်းသည်။
"ကန်းနင်"(Gan
Ning) သည် "ရှားမိုခဲ့"(Sha Moke) ကိုမရင်ဆိုင်နိုင်မှန်းသိသဖြင့် ထိပ်တိုက်မတွေ့ပဲတပ်ဆုတ်လေသည်။
ထိုသို့တပ်ဆုတ်ရာတွင် "ရှားမိုခဲ့"(Sha Moke) မှ မြားဖြင့်ပစ်လိုက်ရာ
"ကန်းနင်"(Gan Ning) ၏ဦးခေါင်းခွံကိုထိမှန်သည်။ "ကန်းနင်"(Gan
Ning) သည် ဒဏ်ရာတို့ဖြင့် ဖူချီခိုသို့သွားခဲ့ပြီး မြင်းပေါ်မှဆင်းကာ သစ်ပင်တစ်ပင်အောက်ဝယ်ထိုင်နေခဲ့သည်။
ထိုနေရာ၌ ထိုင်လျက်ပင် ကွယ်လွန်သွားခဲ့လေသည်။ "ကန်းနင်"(Gan Ning) ၏အလောင်းဘေးပတ်လည်တို့တွင်
ကျီးကန်းတို့မှာ ကာကွယ်မည့်ပုံစံမျိုးဖြင့်ပြုလုပ်ကာ ပျံဝဲနေခဲ့သည်။
ဝူမင်းသားသည်
"ကန်းနင်"(Gan Ning) ၏သေဆုံးမှုအကြောင်းသိသောအခါ စိတ်မကောင်းဖြစ်ပြီး မြင့်မြတ်စွာမြှုပ်နှံစေသည်။
ထို့အပြင် ဖူချီခိုတွင် "ကန်းနင်"(Gan Ning) အတွက် ကျောင်းဆောင်တစ်ခုဆောက်စေခဲ့သည်။
ထိုအောင်နိုင်မှုကြောင့်
ပထမဧကရာဇ်သည် ရှောင်းထင်ကိုသိမ်းနိုင်ခဲ့သည်။ တိုက်ပွဲပြီးသွားသော်လည်း "ကွမ်းရှင်း"(Guan
Xing) မှာပေါ်မလာသဖြင့် ဝေးလံသောနေရာများအထိလူလွှတ်ပြီး ရှာစေခဲ့သည်။
ထိုအချိန်တွင်
လူငယ်တပ်သားမှာ သူ့ဖခင်၏ရန်သူနောက်ကိုလိုက်နေခဲ့သည်။ "ကွမ်းရှင်း"(Guan
Xing) သည် ဝူတပ်နှင့်တိုက်သောအခါ "ဖန်ကျန်း"(Pan Zhang) ကိုတွေ့သဖြင့် လက်လံတိုက်ခိုက်လေသည်။
"ဖန်ကျန်း"(Pan Zhang) သည်လည်း ကြောက်လန့်ပြီး တောင်ကုန်းဘက်သို့သွားကာ တောင်ကြားတစ်ခုတွင်ပျောက်သွားသည်။
"ကွမ်းရှင်း"(Guan
Xing) သည်ရန်သူ့နောက်လိုက်ပြီး လမ်းပျောက်သွားသဖြင့် မိုးမှောင်သည်အထိလမ်းစရှာမတွေ့ပဲဖြစ်နေသည်။
ထိုညတွင် လရောင်တောက်ပနေခဲ့ပြီး ညသန်းခေါင်နားသို့ရောက်သောအခါ လယ်ကွက်တစ်ခုကိုတွေ့သဖြင့်
မြင်းပေါ်မှဆင်းပြီး တံခါးခေါက်သည်။ အိမ်ထဲမှ အဘိုးအိုတစ်ဦးထွက်လာပြီး မည်သူဖြစ်ကြောင်းမေးရာ
"ကျွန်တော်က
စစ်တပ်ကစစ်သူကြီးဖြစ်ပါတယ်။ လမ်းပျောက်သွားပြီး ဗိုက်ဆာနေလို့ ထမင်းတစ်နပ်လောက်ကျွေးပါလား"
အဘိုးအိုသည်
ဧည့်သည်ဖြစ်သူကို ဖယောင်းတိုင်ထွန်းထားသောခန်းမအတွင်းသို့ခေါ်သွားပြီး ထိုခန်းမအတွင်းရှိ
မိသားစုနတ်စင်ပေါ်တွင် "ကွမ်းယွီ"(Guan Yu) ၏ပုံကိုချိတ်ဆွဲထားသည်။ ထိုအခါ
"ကွမ်းရှင်း"(Guan Xing) သည် ငိုပြီးနောက် အရိုအသေပြုခဲ့လေသည်။
"ခင်ဗျားက
ဘာကြောင့်ငိုနေရတာလဲ"
"သူက
ကျွန်တော့အဖေဖြစ်ပါတယ်"
ထို့နောက်
အဘိုးအိုကလည်း ဒူးထောက်ခဲ့သည်။
"ခင်ဗျားက
ဘာလို့ ကျွန်တော့အဖေကိုဒီလောက်ရိုရိုသေသေရှိတာလဲ?"
"ဒီနေရာက
သူ့ဝိညာဉ်ရှိတဲ့နေရာပဲ။ သူအသက်ရှင်တုန်းက လူတွေက သူ့ကိုလေးစားကြတယ်။ သေဆုံးသွားတော့
အရင်ကထက်ပိုပြီး ရိုသေသင့်တယ်မဟုတ်လား? ရှူတပ်တွေလာပြီး စစ်သူကြီးအတွက် လက်စားချေဖို့စောင့်နေခဲ့တာကြာပြီ။
ခင်ဗျားတို့လာတာဟာ လူတွေအတွက်တော့ ကောင်းခြင်းမင်္ဂလာပဲ"
ထို့နောက်
အိမ်ရှင်မှ အရက်တို့ကိုထုတ်လာကာ ဧည့်ခံခဲ့သည်။ ထို့အပြင် မြင်းကိုလည်း ကြိုးဖြည်ကာ
အစာများကျွေးခဲ့သည်။
သုံးချက်တီးအချိန်ခန့်တွင်
တံခါးခေါက်သံကိုကြားရပြီး အဘိုးအိုက ဖွင့်လိုက်သောအခါ ရောက်လာသောသူမှာ နားခိုရန်ရောက်လာသော
ဝူစစ်သူကြီး "ဖန်ကျန်း"(Pan Zhang) ဖြစ်နေသည်။ "ဖန်ကျန်း"(Pan
Zhang) ဝင်လာသည်ကိုတွေ့သောအခါ "ကွမ်းရှင်း"(Guan Xing) သည် ဓားကိုထုတ်ပြီး
"လူမိုက်ကောင်၊
မပြေးနဲ့"
"ဖန်ကျန်း"(Pan
Zhang) သည်လည်း ထွက်ပြေးရန်ပြုရာ သူ၏ရှေ့တွင် တောက်ပသောမျက်လုံး၊ မျက်ခုံးမွှေးကောင်းကောင်းဖြင့်
ရှည်လျားသောမုတ်ဆိတ်တို့ရှိသောသူပေါ်လာသည်။ ထိုသူသည် အစိမ်းရောင်အဝတ်ကိုဝတ်ထားပြီး ရွှေရောင်သံချပ်ကာကိုဝတ်ဆင်ကာ
ဓားကြီးကိုကိုင်ထားသည်။ ထိုသူမှာ "ကွမ်းယွီ"(Guan Yu) ၏ပုံမှန်းသိလိုက်သောအခါ
ကြောက်လန့်ပြီး ဟစ်အော်သည်။ သူအနောက်သို့ပြန်မလှည့်ပြီး "ကွမ်းရှင်း"(Guan
Xing) က ဓားဖြင့်ခုတ်လိုက်ရာ "ဖန်ကျန်း"(Pan Zhang) သေဆုံးသွားသည်။
"ကွမ်းရှင်း"(Guan Xing) သည် ရန်သူ၏နှလုံးသွေးတို့ကိုလောင်းချကာ ဖခင်ကိုပူဇော်ခဲ့သည်။
ထို့နောက် သူ့ဖခင်၏ အစိမ်းရောင်နဂါးဓားရှည်ကိုပြန်ယူနိုင်ခဲ့သည်။ ရန်သူကိုသတ်ပြီးနောက်ဝယ်
အဘိုးအိုကိုနှုတ်ဆက်ကာ မြင်းစီးပြီးထွက်သွားလေသည်။ အဘိုးအိုသည် စစ်သူကြီး၏အလောင်းကို
အပြင်သို့ဆွဲထုတ်ပြီး မီးသင်္ဂြုလ်ခဲ့သည်။
"ကွမ်းရှင်း"(Guan
Xing) သည် ထွက်ခွာပြီးမကြာမီ မြင်းဟီသံတို့ကြားလိုက်ပြီး "ဖန်ကျန်း"(Pan
Zhang) ၏စစ်သူကြီးတစ်ဦးဖြစ်သော "မာကျုံး"(Ma Zhong)၏တပ်နှင့်တွေ့လေသည်။
"ကွမ်းရှင်း"(Guan Xing) သည်လက်တစ်ဖက်တွင် လူဦးခေါင်းပြတ်ကိုကိုင်ထားပြီး
ကျန်တစ်ဖက်တွင် သူ့ဖခင်၏ဓားရှည်ကိုကိုင်ထားသည်ကိုတွေ့သောအခါ "မာကျုံး"(Ma
Zhong) သည် ဒေါသထွက်ပြီး "ကွမ်းရှင်း"(Guan Xing) ကိုတိုက်သည်။ "ကွမ်းရှင်း"(Guan
Xing) ကလည်း ပြန်လည်တိုက်ခိုက်ပြီး ဝူတပ်တို့၏ဝန်းရံခြင်းကိုခံခဲ့ရသည်။ ထိုအချိန်တွင်
သူ၏အစ်ကိုဝမ်းကွဲ "ကျန်းပေါက်"(Zhang Bao) ရောက်လာသဖြင့် "မာကျုံး"(Ma
Zhong) သည် တပ်ဆုတ်သွားခဲ့သည်။
ညီအစ်ကိုနှစ်ဦးတို့သည်
ရန်သူကိုနောက်မှလိုက်တိုက်ရာ မကြာမီအချိန်တွင် "မီဖန်"(Mi Fang) နှင့်
"ဖူရှီရန်"(Fu Shiren) တို့ဦးဆောင်သည့်တပ်နှင့်ရင်ဆိုင်ရသည်။ ရှူတပ်မှာ
အင်အားမမျှသောကြောင့် ရှောင်းထင်သို့တပ်ပြန်ဆုတ်ခဲ့ပြီး "ဖန်ကျန်း"(Pan
Zhang) ၏ခေါင်းကိုဆက်သခဲ့ရာ ဧကရာဇ်မှ ဝမ်းမြောက်ပြီး ဆုလာဘ်များပေးခဲ့သည်။
"မာကျုံး"(Ma
Zhong) သည် "ဟန်တန်"(Han Dang) ၊ "ကျိုးထိုက်"(Zhou Tai) စခန်းသို့ပြန်သွားခဲ့သည်။
တပ်သားတို့ကိုပြန်စုစည်းခဲ့ရာ အများအပြားဒဏ်ရာရနေခဲ့ပြီး ထိုသူတို့ကိုတပ်စခန်းအသီးသီးတွင်
နေရာချခဲ့သည်။ "မာကျုံး"(Ma Zhong) သည် "မီဖန်"(Mi Fang) ၊
"ဖူရှီရန်"(Fu Shiren) တို့နှင့်အတူမြစ်ကမ်းနားတွင် စခန်းချခဲ့သည်။ စစ်သားအမြောက်အများဒဏ်ရာရခဲ့သဖြင့်
ညည်းညူကြသည်။ "မီဖန်"(Mi Fang) သည် မမျှော်လင့်ပဲ တပ်သားတို့၏ညည်းသံကိုကြားခဲ့သည်။
"ငါတို့က
လွီမန်(Lu Meng) ကြောင့် ဒုက္ခရောက်ခဲ့တဲ့ကျင်ကျိုးတပ်သားတွေပဲ။ ငါတို့သာ လျူဘေ့(Lu
Bei) လက်အောက်မှာနေခဲ့ရင်ကောင်းမယ်။ အခု သူက ဧကရာဇ်ဖြစ်သွားပြီး ဝူကိုချေမှုန်းဖို့ချီတက်လာပြီး
တစ်ရက်မှာ ချေမှုန်းနိုင်လိမ့်မယ်။ ဒါ့အပြင် သူက မီဖန်(Mi Fang) နဲ့ ဖူရှီရန်(Fu
Shiren) တို့အပေါ်ရန်ငြိုးရှိတယ်။ သူတို့ကိုသတ်ပြီး ရှူပြည်ကိုသွားမယ်ဆိုရင် ငါတို့ကိုဆုတွေတောင်ချီးမြင့်နိုင်တယ်"
"အလျင်စလိုမလုပ်ပါနဲ့။
အခွင့်သာရင်တော့ လုပ်တာပေါ့"
"မီဖန်"(Mi
Fang) မှာ လန့်သွားပြီး "ဖူရှီရန်"(Fu Shiren) အားသွားပြောသည်။
ထို့နောက်
"ဖူရှီရန်"(Fu Shiren) အားပြောသည်။
"တပ်ဖွဲ့တွေကအာဏာဖီဆန်ရင်
ကျုပ်တို့လည်း အန္တရာယ်ရှိတယ်။ ရှူဘုရင်က မာကျုံး(Ma Zhong) ကိုမုန်းတော့ ကျုပ်တို့သူ့ကိုသတ်ပြီး
လက်နက်ချမယ်။ ပြီးတော့ ကျုပ်တို့တွေမတတ်သာလို့ဝူအောက်မှာခိုလှုံရတာဖြစ်ကြောင်း၊ အခု
ဧကရာဇ်ရဲ့သတင်းကိုကြားတော့ ပြန်ရောက်လာတာဖြစ်ကြောင်း ပြောမယ်"
"အဲ့လိုလုပ်လို့မဖြစ်ဘူး။
အဲ့လိုဆို ကျုပ်တို့အသတ်ခံရမယ်"
"မသတ်ပါဘူး။
ရှူဧကရာဇ်က ရက်ရောပြီးသနားကြင်နာသူဖြစ်တယ်။ ဒါ့အပြင် အိမ်ရှေ့စံ လျူရှန်း(Liu
Shan) က ကျုပ်ရဲ့တူပဲလေ။ အဲ့လိုတော်စပ်မှုကြောင့် ကျုပ်တို့ကိုဘာမှလုပ်မှာမဟုတ်ဘူး"
နောက်ဆုံးတွင်
သွားရန်ဆုံးဖြတ်လိုက်ပြီး သုံးချက်တီးအချိန်တွင် ခေါင်းဆောင်ဖြစ်သူ၏ရွက်ဖျင်တဲသို့သွားကာ
ဓားဖြင့်ထိုးကာ သတ်လိုက်သည်။ ထို့နောက် ခေါင်းကိုဖြတ်ပြီး လူအနည်းငယ်နှင့်အတူ ရှူဧကရာဇ်ထံသွားလေသည်။
သူတို့နှစ်ဦးသည်
"ကျန်းနန်"(Zhang Nan) နှင့် "ဖုန်းရှီ"(Feng Xi) တို့စခန်းသို့အရင်သွားပြီး
သူတို့အကြောင်းကိုပြောပြသည်။ နောက်ရက်တွင် ပင်မစခန်းသို့သွားကာ ပထမဧကရာဇ်နှင့်တွေ့လေသည်။
သူတို့သည် မြေပေါ်တွင် ဒူးထောက်ကာ ငိုယိုခဲ့သည်။
"ကျွန်တော်တို့က
သစ္စာဖောက်တွေမဟုတ်ပါဘူး။ လွီမန်(Lu Meng) ရဲ့လိမ်လည်မှုကိုခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။
သူက ကွမ်းယွီ(Guan Yu) သေပြီဆိုပြီး ကျွန်တော်တို့ကိုပြောပြီးတော့ ကျွန်တော်တို့လက်နက်ချအောင်လုပ်ခဲ့တယ်။
အရှင်မင်းကြီးရဲ့လှည်းယာဉ်ရောက်လာတယ်ဆိုတာကြားသိရလို့ ကျွန်တော်တို့ မာကျုံး(Ma
Zhong) ကိုသတ်ပြီး အရှင်မင်းကြီးရဲ့ခွင့်လွတ်မှုကိုတောင်းခံဖို့လာခဲ့တာဖြစ်ပါတယ်"
ဧကရာဇ်မှာဒေါသထွက်နေခဲ့သည်။
"ကျုပ်
ချန်တူးမြို့ကထွက်လာခဲ့တာကြာလှပြီ။ မင်းတို့က အစောကြီးကတည်းက ဘာကြောင့်လာပြီး အမှားကိုမဝန်ခံရတာလဲ?
အခုအကျဉ်းအကြပ်ထဲရောက်တဲ့အချိန်မှာမှ ဒီလိုပုံပြင်တွေပြောပြီး ကိုယ့်အသက်ကိုယ်ကယ်ဖို့ကြိုးစားနေတာမဟုတ်လား?
မင်းတို့ကို အသက်ချမ်းသာပေးလိုက်ရင် ရွှေရောင်စမ်းချောင်းကိုးသွယ်မှာ ကျုပ်ညီနဲ့ပြန်တွေ့ရင်
သူ့ကိုဘယ်လိုမျက်နှာပြရမလဲ?"
ထို့နောက်
"ကွမ်းရှင်း"(Guan Xing) ကို သူ့ဖခင်အတွက် တပ်စခန်းထဲတွင် စင်ဆောက်ခိုင်းစေပြီး
ဧကရာဇ်မှ "မာကျုံး"(Ma Zhong) ၏ခေါင်းကို "ကွမ်းယွီ"(Guan Yu)
၏ကမ္ဗည်းတိုင်ရှေ့တွင်ထားကာ ပူဇော်စေသည်။ ထို့နောက် တပ်ပြေးနှစ်ဦးကိုစင်ရှေ့တွင် ဒူးထောက်စေပြီး
"ကွမ်းရှင်း"(Guan Xing) အားကိုယ်တိုင်ကွပ်မျက်စေသည်။
ထိုအချိန်တွင်
"ကျန်းပေါက်"(Zhang Bao) ရောက်လာပြီး ငိုလေသည်။
"ကျွန်တော့ဘကြီးရဲ့ရန်သူနှစ်ယောက်ကိုတော့
သတ်နိုင်ခဲ့ပြီ။ ကျွန်တော့အဖေအတွက်ရန်ငြိုးကိုတော့ဘယ်တော့မှများ လက်စားချေနိုင်မလဲ?"
"စိတ်မကောင်းမဖြစ်ပါနဲ့၊
ငါ့တူ။ ကျုပ်က တောင်ပိုင်းပြည်ကိုသွားပြီး အဲ့မှာနေတဲ့ခွေးတွေကိုသတ်ပြီး မင်းအဖေကိုသတ်ခဲ့တဲ့လူနှစ်ဦးကိုဖမ်းပြီးတော့
မင်းကိုယ်တိုင်သူတို့တွေကို အပိုင်းပိုင်းခုတ်နိုင်စေရမယ်"
"ကျန်းပေါက်"(Zhang
Bao) သည် ငိုလျက်ထွက်သွားသည်။ တောင်ပိုင်းသားတို့သည် ပထမဧကရာဇ်လွန်စွာကြောက်ရွံ့ခဲ့ပြီး
နေ့ရောညပါ ထိတ်လန့်နေခဲ့သည်။ "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou
Tai) တို့သည်လည်း အနည်းငယ်တုန်လှုပ်ကာ "မာကျုံး"(Ma Zhong) လုပ်ကြံခံရသည့်သတင်းကို
သူတို့သခင်ထံတင်ပြခဲ့သည်။
"စွန်းချွမ်"(Sun
Quan) သည် စိတ်လက်မကြည်စွာဖြင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး အကြံပေး "ပုကျီ"(Bu
Zhi) မှ ငြိမ်းချမ်းရေးပြုရန်အကြံပေးခဲ့သည်။
"လျူဘေ့(Liu
Bei) နဲ့ရန်ငြိုးရှိတဲ့လူတွေက လွီမန်(Lu Meng) ၊ ဖန်ကျန်း(Pan Zhang) ၊ မာကျုံး(Ma
Zhong) ၊ မီဖန်(Mi Fang) နဲ့ ဖူရှီရန်(Fu Shiren) တို့ဖြစ်ပြီး သူတို့အားလုံးသေဆုံးသွားခဲ့ပြီ။
အခု ကျန်းဖေး(Zhang Fei) ကိုသတ်ခဲ့တဲ့ ဖန်ကျန်း(Fan Jiang) နဲ့ ကျန်းတာ(Zhang Da) တို့ပဲကျန်တော့တယ်။
ဒါကြောင့် ကျန်းဖေး(Zhang Fei) ရဲ့ဦးခေါင်းကိုပြန်ပို့ပြီး လူသတ်သမားနှစ်ဦးကိုပါပြန်ပေးပြီး
ကျင်ကျိုးကိုလည်း သူတို့လက်ထဲအပ်တဲ့အပြင် စွန်းအမျိုးသမီးကိုပါ ပြန်သွားစေသင့်ပါတယ်။
ပြီးရင် ဝေပြည်ကိုတိုက်ခိုက်ဖို့ ငြိမ်းချမ်းရေးကမ်းလှမ်းသင့်တယ်။ အဲ့လိုသာဆိုရင် ရှူတပ်ပြန်ဆုတ်သွားမှာဖြစ်ပြီး
ကျွန်တော်တို့လည်း အေးချမ်းရမှာဖြစ်တယ်"
ထိုအကြံသည်ကောင်းမွန်သဖြင့်
"ကျန်းဖေး"(Zhang Fei) ၏ခေါင်းကို စန္ဒကူးသားဖြင့်ပြုလုပ်ထားသောသေတ္တာတွင်ထည့်စေပြီး
"ဖန်ကျန်း"(Fan Jiang) နှင့် "ကျန်းတာ"(Zhang Da) တို့ကိုဖမ်းချုပ်စေကာ
"ချန်ပင်း"(Cheng Bing) ကိုသံတမန်အဖြစ် ရှောင်းထင်စခန်းသို့စေလွှတ်ခဲ့သည်။
ပထမဧကရာဇ်သည် အရှေ့အရပ်သို့ဆက်လက်ချီတက်ရန်ပြုနေစဉ် တောင်ပိုင်းပြည်နယ်မှ သံတမန်သည်
တစ်ခုခုယူဆောင်လာကြောင်းကြားသိရသည်။ ဧကရာဇ်သည် သူ၏နဖူးကိုလက်နှစ်ဖက်ဖြင့်ထိကာ
"ဒါကျုပ်ညီငယ်က
ကောင်းကင်ကြီးကနေပြီး ပေးတဲ့လက်ဆောင်ပဲ"
ထို့နောက်
"ကျန်းပေါက်"(Zhang Bao) ကို သစ္စာဖောက်တို့ကိုသတ်ကာပူဇော်ရန် စင်ပြင်စေသည်။
ထို့နောက် သေတ္တာကိုဖွင့်လိုက်သောအခါ "ကျန်းဖေး"(Zhang Fei) ၏ခေါင်းကိုတွေ့သဖြင့်
ငိုခဲ့လေသည်။ ထို့နောက် "ကျန်းပေါက်"(Zhang Bao) မှ "ဖန်ကျန်း"(Fan
Jiang) နှင့် "ကျန်းတာ"(Zhang Da) တို့ကိုသတ်လိုက်သည်။
ဧကရာဇ်သည်
မကျေနပ်နိုင်သေးပဲ ဝူပြည်ကိုချေမှုန်းရန်ပြုလေသည်။ ထိုအခါ "မာလျန့်"(Ma
Liang) မှ ကန့်ကွက်ခဲ့သည်။
"ဧကရာဇ်ရဲ့ရန်သူတွေအကုန်လုံးသေဆုံးသွားပြီဖြစ်တာကြောင့်
လက်စားချေတာအောင်မြင်သွားပါပြီ။ ဒါ့အပြင်ဝူကလည်း ငြိမ်းချမ်းရေးအတွက် ရာထူးမြင့်တဲ့သံတမန်လွှတ်ပြီး
ဧကရာဇ်ရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေပါတယ်"
ဧကရာဇ်မှ
ဒေါသတကြီးဖြင့်တုံ့ပြန်ခဲ့သည်။
"ကျုပ်
အပိုင်းပိုင်းဖြတ်ချင်တဲ့လူက စွန်းချွမ်(Sun Quan) ပဲဖြစ်တယ်။ သူပြောသလိုငြိမ်းချမ်းရေးယူလိုက်ရင်
ကျုပ်ညီနှစ်ယောက်ကိုရော၊ ကျုပ်တို့ရဲ့ကတိသစ္စာကိုပါ ချိုးဖောက်ရာကျမယ်။ အခု ဝူကိုချေမှုန်းပြီး
ပြီးတော့မှ ဝေကိုတိုက်ရမယ်"
ထို့နောက်
သံတမန်ကိုလည်း သေဒဏ်ပေးရန်ပြုသဖြင့် အမှုထမ်းတို့က ဝိုင်းဝန်းကန့်ကွက်ခဲ့လေသည်။
"ချန်ပင်း"(Chen Bing) မှာ ကြောက်ရွံ့စွာဖြင့်ထွက်ပြေးခဲ့ပြီး ဝူပြည်သို့ပြန်ရောက်သောအခါ
ဝူမင်းသားကိုပြန်ပြောခဲ့သည်။
"ရှူဧကရာဇ်က
စစ်ပြေငြိမ်းဖို့ဆန္ဒမရှိဘူး။ သူကဝူပြည်ကိုအောင်နိုင်ပြီး ဝူကိုတိုက်ချင်နေတယ်။ သူ့ကိုကန့်ကွက်တာလည်း
လက်မခံဘူး။ ဘယ်လိုလုပ်မလဲ"
"စွန်းချွမ်"(Sun
Quan) လည်း ထိတ်လန့်သွားပြီး မည်သို့လုပ်ရမည်မသိဖြစ်နေသည်။ ထိုအခါ "ခန့်ဇယ်"(Kan
Ze) မှ
"ကောင်းကင်ကြီးကိုထောက်နိုင်တဲ့တိုင်လုံးကြီးရှိလျက်နဲ့
ဘာကြောင့်မသုံးရတာလဲ?"
"ဘယ်သူ့ကိုပြောတာပါလဲ"
"သခင်ကြီးဟာ
ကျိုးယွီ(Zhou Yu) အပေါ်မှာအားထားခဲ့ပြီး အဲ့နောက်မှာတော့ လူဆု(Lu Su) ကို အားကိုးခဲ့တယ်။
လွီမန်(Lu Meng) က သူတို့နှစ်ဦးရဲ့ရာထူးကိုဆက်ခံခဲ့ပြီး သခင်ကြီးက သူ့အပေါ်အားထားခဲ့တယ်။
အခု လွီမန်(Lu Meng) သေဆုံးသွားခဲ့ပေမယ့် လုရွှင့်(Lu Xun) ရှိပါသေးတယ်။ သူက ကျင်ကျိုးနားမှာပဲရှိပြီး
စာပေပညာရှင်အဖြစ်ကျော်ကြားတယ်။ ဒါပေမယ့် သူကရဲရင့်ပြီး စွမ်းဆောင်နိုင်သူဖြစ်တယ်၊ ကျွန်တော့အမြင်မှာတော့
သူ့အရည်အချင်းက ကျိုးယွီ(Zhou Yu) ထက်မလျှော့ပါဘူး။ ဒါ့အပြင် ကွမ်းယွီ(Guan Yu) ကိုတိုက်တုန်းက
သူ့အကြံအစည်ကြောင့် အောင်မြင်ခဲ့တာဖြစ်တယ်။ ရှူပြည်ကိုချေမှုန်းနိုင်မယ့်သူရှိရင် အဲ့လူက
သူပဲဖြစ်ပါလိမ့်မယ်။ သူလည်းမအောင်မြင်ရင်တော့ ကျွန်တော် သူနဲ့အတူအပြစ်ဒဏ်ခံယူပါ့မယ်"
"ကျန်းကျောက်"(Zhang
Zhao) မှ
"လုရွှင့်"(Lu
Xun) က စာပေလေ့လာနေတဲ့ စာသင်သားပဲရှိသေးတာ၊ လျူဘေ့(Liu Bei) ကိုယှဉ်နိုင်ပါ့မလား"
"ကူယုံ"(Gu
Yong) : "သူကတအားငယ်ပြီး အတွေ့အကြုံမရှိသေးဘူး။ စစ်သူကြီးတွေက သူပြောတာ နားထောင်ပါ့မလား"
"ပုကျီ"(Bu
Zhi) : "သူက ဒေသတစ်ခုကိုအုပ်ချုပ်နိုင်ပေမယ့် ကိစ္စကြီးအတွက်တော့ တာဝန်ပေးလို့မဖြစ်နိုင်ဘူး"
"ခန့်ဇယ်"(Kan
Ze) သည် အသည်းအသန်ဖြင့်ဟစ်အော်ခဲ့သည်။
"ဒါတစ်ခုတည်းသောမျှော်လင့်ချက်ပဲ။
ကျုပ်အိမ်ကလူတွေအားလုံးရဲ့အသက်နဲ့ရင်းပြီး သူအောင်မြင်မယ်လို့ကျုပ်အာမခံရဲတယ်"
"စွန်းချွမ်"(Sun
Quan) မှ
"သူထူးချွန်တယ်ဆိုတာ
ကျုပ်သိပါတယ်။ သူ့ကိုတာဝန်ပေးဖို့ကျုပ်ဆုံးဖြတ်လိုက်ပြီ။ ထပ်ပြီး မငြင်းခုံကြပါနဲ့တော့"
ထို့ကြောင့်
"လုရွှင့်"(Lu Xun) ကိုခေါ်စေခဲ့သည်။ "လုရွှင့်"(Lu Xun) ၏နာမည်ရင်းမှာ
"လုယီ"(Lu Yi) ဖြစ်ပြီး ဝူပြည်စီရင်စုတွင် မွေးဖွားခဲ့သည်။ သူ၏အဘိုးမှာ မြို့တံခါးမှူး
"လုကျွင်း"(Lu Jun) ဖြစ်ပြီး သူ၏ဖခင်မှာ ကျိုကျန်းတပ်မှူး "လုယွီ"(Lu
Yu) ဖြစ်သည်။ သူသည် အရပ် ရှစ်ထွာမြင့်ပြီး ကျောက်စိမ်းကောင်းကဲ့သို့ချောမောသောမျက်နှာရှိသည်။
"လုရွှင့်"(Lu Xun) ရောက်လာသောအခါ "စွန်းချွမ်"(Sun Quan) ကိုအရိုအသေပြုခဲ့သည်။
"စွန်းချွမ်"(Sun Quan) မှ
"ခင်ဗျားကို
တပ်ဖွဲ့တွေရဲ့အာဏာကုန်လွှဲပေးပြီး ရှူတပ်ကိုရင်ဆိုင်စေမလို့"
"သခင်ကြီးလက်အောက်မှာ
အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်။ ကျွန်တော်က အသက်ငယ်သေးတဲ့အတွက် မသင့်တော်ပါဘူး"
"ခန့်ဇယ်(Kan
Ze) က သူ့အိမ်သားတွေရဲ့အသက်ကိုပါရင်းပြီး ခင်ဗျားအတွက်အာမခံခဲ့တယ်။ ဒါ့အပြင် ခင်ဗျားရဲ့အရည်အချင်းကိုကျုပ်သိပါတယ်။
ခင်ဗျားက သေနာပတိရာထူးကိုယူသင့်တယ်။ ထပ်ပြီးမငြင်းပါနဲ့တော့"
"ဒါဆို
တခြားအမှုထမ်းတွေ ကျွန်တော့အမိန့်ကို မနာခံရင်ဘယ်လိုလုပ်မလဲ"
"စွန်းချွမ်"(Sun
Quan) သည် သူ၏ဓားကိုပေးလိုက်ပြီး
"ဒါကျုပ်ဩဇာအာဏာရဲ့သင်္ကေတပဲ။
ခင်ဗျားအမိန့်မနာခံတဲ့လူမှန်သမျှကို ဒီဓားနဲ့သတ်ခွင့်ရှိပြီး နောက်မှပြန်သတင်းပို့ပိုင်ခွင့်ရှိတယ်"
"သခင်ကြီးရဲ့ယုံကြည်မှုကိုကျေးဇူးတင်ပါတယ်၊
ဒါပေမယ့် ကျွန်တော် ဒီရာထူးကိုလက်ခံလို့မဖြစ်သေးပါဘူး။ အမှုထမ်းတွေအကုန်လုံးကိုစုစည်းပြီးတော့မှ
သူတို့ရှေ့မှာ ကျွန်တော့ကိုတာဝန်ပေးပါ"
"ခန့်ဇယ်"(Kan
Ze) မှလည်း
"ဟိုးအရင်ကတည်းက
ခေါင်းဆောင်ရွေးရင် အဖြူရောင်စာမရီရဲ့အမြီး၊ ရွှေရောင်ပုဆိန်၊ ရုံးတံဆိပ်တော်နဲ့ခန့်အပ်စာတွေလိုအပ်ပါတယ်။
အဲ့လိုမှသာ အဲ့ခေါင်းဆောင်ရဲ့နာမည်ဂုဏ်ကိုအားလုံးကလေးစားကြမှာဖြစ်တယ်။ ဒါကြောင့် မင်းသားလည်း
ရှေးထုံးအတိုင်း ရက်ကောင်းရက်မြတ်ကိုရွေးပြီးတော့ လုရွှင့်(Lu Xun) ကိုတလောကလုံးရှေ့မှာ
ရာထူးပေးလိုက်ပါ။ ဒါဆို ဘယ်သူမှဆန့်ကျင်ဝံ့မှာမဟုတ်ဘူး"
ထို့ကြောင့် စင်ကိုချက်ချင်းဆောက်စေပြီး နေ့ရောညပါဆောက်ပြီးနောက်
ပြီးစီးသွားသောအခါ အမှုထမ်းအရာရှိတို့ကို ခေါ်စေသည်။
ထို့နောက်
"လုရွှင့်"(Lu Xun) ကိုစင်ပေါ်သို့တက်စေပြီး စစ်သေနာပတိ၊ အကြီးအကဲ၊ အနောက်ဘက်ကိုကာကွယ်သောစစ်သူကြီးနှင့်
ဖုန်းလိုသခင်အစရှိသောရာထူးများအပြင် ဩဇာသင်္ကေတဓား၊ ရာထူးတံဆိပ်တော်စသည်တို့ကိုပေးအပ်ခဲ့သည်။
သူသည် ပြည်နယ်ခြောက်ခုနှင့်မြို့နယ်ရှစ်ဆယ့်တစ်နယ်ကိုတို့တွင်ရှိသော တပ်ဖွဲ့များအားလုံးကို
ကွပ်ကဲပိုင်ခွင့်ရှိသည်။ "စွန်းချွမ်"(Sun Quan) မှ
"ပြည်တွင်းရေးတွေဆို
ကျုပ်စီမံပါမယ်။ အပြင်ကိစ္စအဝဝကတော့ ခင်ဗျားတာဝန်ပဲ"
"လုရွှင့်"(Lu
Xun) သည် ပြန်ဆင်းလာပြီးနောက် "ရွှီရှန်"(Xu Sheng) နှင့် "တင်းဖုန်း"(Ding
Feng) တို့ကို သူ၏သက်တော်စောင့်ခေါင်းဆောင်များအဖြစ် တာဝန်ပေးကာ စစ်ချီသည်။ ထိုအရာကို
တပ်စခန်းအသီးသီးတို့တွင်ရှိသော စစ်သူကြီးတို့အားအကြောင်းကြားစေ၏။ ရှောင်းထင်နားတွင်
စခန်းချနေသော "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou
Tai) တို့သည် ထိုအကြောင်းကိုသိသောအခါ မကျေနပ်ကြပေ။
"မင်းသားကဘာကြောင့်
တပ်အလုံးစုံကိုကွပ်ကဲတဲ့ရာထူးကို သာမန်ကျောင်းသားကိုပေးခဲ့ရတာလဲ?"
သေနာပတိအသစ်ရောက်လာသောအခါ
ခေါင်းဆောင်တို့သည် စိတ်မပါစွာဖြင့် ကြိုဆိုကြသည်။ "လုရွှင့်"(Lu Xun) သည်လည်း
သူ၏ရွက်ဖျင်တဲသို့သွားကာ သတင်းတို့ကိုနားထောင်သည်။ အမှုထမ်းအများစုမှာ ခေါင်းဆောင်အသစ်အပေါ်ရိုသေလေးစားခြင်းမရှိသကဲ့သို့
လိုက်နာခြင်းမပြုလိုကြပေ။ "လုရွှင့်"(Lu Xun) မှ
"ကျုပ်က
မင်းသားရဲ့အမိန့်နဲ့လာခဲ့တဲ့သေနာပတိဖြစ်တယ်၊ ကျုပ်တာဝန်က ရှူတပ်ကိုချေမှုန်းဖို့ပဲ။
ခင်ဗျားတို့တတွေက စစ်စည်းကမ်းတွေကိုသိကြတဲ့လူတွေဖြစ်ပြီး လိုက်နာဖို့မျှော်လင့်ပါတယ်။
စည်းကမ်းက ဘယ်သူဘယ်ဝါဆိုပြီး ရွေးချယ်နေမှာမဟုတ်ဘူး၊ နောက်ကျတော့မှနောင်တမရပါနဲ့"
အကုန်လုံးက
ခေါင်းညိတ်ကြသည်။ "ကျိုးထိုက်"(Zhou Tai) မှ
"မင်းသားရဲ့တူတော်တဲ့
စွန်းဟွမ်(Sun Huan) က ယီလင်မှာ ရန်သူတွေဝန်းရံမှုခံနေရပြီး စားနပ်ရိက္ခာတွေလည်း နည်းနေပြီ။
ဒါကြောင့် သူ့ဆီကိုစစ်ကူပို့ပြီး မင်းသားရဲ့စိုးရိမ်မှုကိုပြေပျောက်စေသင့်တယ်"
"သူ့အကြောင်းကို
ကျုပ်သိပါတယ်။ သူ့တပ်သားတွေက သစ္စာရှိပြီး သူအချိန်ကြာကြာခုခံနိုင်မှာပါ။ ရှူတပ်တွေပျက်သွားရင်တော့
သူလည်း သူ့ဟာသူလွတ်လပ်သွားလိမ့်မယ်"
အကုန်လုံးက
ထွက်လာသောအခါဝယ် ကျိတ်ပြီးလှောင်ကြလေသည်။ "ဟန်တန်"(Han Dang) သည် ခေါင်းဆောင်အသစ်အပေါ်အထင်သေးကာ
သူ၏လုပ်ဖော်ကိုင်ဖက်ကိုပြောသည်။
"ဒါဝူပြည်ရဲ့နိဂုံးပဲ။
သူပြောတာ ကြားလိုက်လား"
"ကျိုးထိုက်"(Zhou
Tai) မှ
"သူဘာလုပ်မယ်ဆိုတာ
ကြည့်တာပေါ့။ ဘာအစီအစဉ်မှမရှိပဲ ရှူတပ်ကိုချေမှုန်းမယ်ဆိုတာပေါ့"
နောက်ရက်တွင်
စစ်သူကြီးတို့အား တိုက်ခိုက်ခွင့်မပြုပဲ ခံစစ်ဖြင့်သာ အသင့်နေရန်အမိန့်ထုတ်ခဲ့သဖြင့်
ခေါင်းဆောင်အသစ်ကိုအရည်အချင်းမရှိဟုထင်ကာ လှောင်ပြောင်ခဲ့ကြသည်။ ထို့အပြင် စစ်စည်းကမ်းကိုတင်းကြပ်စွာမလိုက်နာပဲ
အထင်အမြင်သေးမှုကိုထုတ်ဖော်ခဲ့သည်။
ထို့နောက်
"လုရွှင့်"(Lu Xun) မှ အားလုံးကိုခေါ်ကာ
"ကျုပ်က
ကာကွယ်ရေးကိုအဓိကထားဖို့ပြောခဲ့တာ အခုကာကွယ်မှုတွေကိုအရေးမစိုက်တာတွေတွေ့ကြတယ်။ ဒါဘာကြောင့်လဲ"
"ဟန်တန်"(Han
Dang) မှ
"ကျွန်တော်တို့ထဲက
အချို့လူတွေက စစ်သူကြီး စွန်းချဲ့(Sun Ce) တောင်ပိုင်းပြည်ကိုစပြီးသိမ်းစဉ်ကတည်းက သူ့နောက်လိုက်ခဲ့သူတွေ။
တချို့ကတော့ သူပုန်တွေကိုနှိမ်နှင်းပြီး နာမည်ရလာတာဖြစ်ပြီးတော့ တချို့က လက်ရှိမင်းသားရဲ့စစ်ပွဲတွေမှာဆင်နွှဲခဲ့ကြသူတွေဖြစ်တယ်။
ကျွန်တော်တို့တွေအားလုံးက သံချပ်ကာကိုဝတ်ပြီး သွေးသံတရဲရဲတိုက်ပွဲတွေကြားမှာ လက်နက်တွေကိုကိုင်ဆောင်ခဲ့ကြသူတွေပဲ။
အခု သေနာပတိက ရှူတပ်တွေကိုတွန်းလှန်ဖို့ အာဏာကုန်လွှဲအပ်ခြင်းခံရတယ်၊ ဒီအချိန်မှာ ရန်သူတွေကိုတိုက်ခိုက်ဖို့အစီအစဉ်၊
တပ်ဖွဲ့တွေစီမံမှုတွေ၊ အဆုံးစွန်အထိပြင်ဆင်မှုတွေလုပ်ရမှာမဟုတ်လား။ အခုတော့ ခုခံဖို့ပဲပြင်ခိုင်းပြီး
တိုက်ခိုက်မှုကိုတားမြစ်ထားတယ်။ ကျွန်တော်တို့က ဘာအတွက် ဒီအတိုင်းစောင့်နေတာလဲ? ကောင်းကင်ကြီးက
ရန်သူတွေကိုချေမှုန်းမှာမို့လား? ကျွန်တော်တို့က သေရမှာကိုမကြောက်ပါဘူး။ ဘာကြောင့် ဘာမှမလုပ်ပဲနဲ့
ခွန်အားတွေကိုအလဟဿဖြုန်းတီးရမှာလဲ"
အကုန်လုံးက
လက်ခုပ်လက်ဝါးတီးကာ ထောက်ခံကြောင်းပြောသည်။
"စစ်သူကြီး
ဟန်တန်(Han Dang) ပြောတာက ကျွန်တော်တို့စိတ်ထဲကအတိုင်းပဲ။ ရန်သူတွေနဲ့တိုက်ဆုံးတိုက်ပွဲတိုက်ကြရအောင်"
စစ်သူကြီးအသစ်သည်
စကားများရပ်တန့်သွားသည်အထိစောင့်နေပြီး ဓားကိုထုတ်ကာ အော်လိုက်သည်။
"ကျုပ်က
ကျောင်းသားဆိုတာ မှန်တယ်။ ဒါပေမယ့် ဝူမင်းသားက ကျုပ်အရည်အချင်းကိုယုံပြီးဒီတာဝန်ကြီးကိုပေးအပ်ခဲ့တယ်။
ဒါကြောင့် ကျုပ်အားလုံးကိုတာဝန်ယူဖို့အသင့်ရှိတယ်။ ခင်ဗျားတို့တွေက ကျုပ်အမိန့်ထုတ်တဲ့အတိုင်း
တိုက်ခိုက်ဖို့မလုပ်ပဲ ခုခံဖို့ပဲပြင်ဆင်ထားပါ။ အမိန့်ကိုမနာခံရင် သေဒဏ်ပေးရလိမ့်မယ်"
ထိုစကားသည်
မည်သို့သောအကျိုးမှမသက်ရောက်ခဲ့ပေ။ လူအများစုတို့သည် မကျေမနပ်ဖြင့်တီးတိုးပြောဆိုနေခဲ့သည်။
ထိုအချိန်တွင်
ရှူဧကရာဇ်သည် ရှောင်းထင်မှ မြစ်ကမ်းနယ်စပ်နားအထိ မိုင်ပေါင်းနှစ်ရာရှည်သောဒေသတလျှောက်တွင်
တပ်စခန်းလေးဆယ်ကို ဆောက်လုပ်ထားစေပြီးဖြစ်သည်။ ထိုတပ်စခန်းတို့မှ မနက်တွင်အလံတို့တလူလူလွင့်နေသည်ကိုမြင်ရပြီး
ညတွင် မီးအလင်းရောင်တို့ကိုမြင်ရသည်မှာ အင်မတန်ထည်ဝါသောမြင်ကွင်းဖြစ်သည်။ သူလျှိုတို့မှရောက်လာပြီး
သတင်းပို့သည်။
"ဝူက
လုရွှင့်(Lu Xun) ကို သေနာပတိအဖြစ် ခန့်အပ်ခဲ့တယ်။ လုရွှင့်(Lu Xun) က စစ်သူကြီးတွေကို
စစ်ဗျူဟာကျတဲ့နေရာတွေကိုခုခံဖို့နဲ့ တိုက်စစ်ဆင်ခြင်းမလုပ်ဖို့အမိန့်ပေးထားတယ်"
ပထမဧကရာဇ်မှ
"ဒီလုရွှင့်(Lu
Xun) က ဘယ်လိုလူမျိုးလဲ"
"မာလျန့်"(Ma
Liang) : "သူက ဝူပြည်ရဲ့စာပေပညာရှင်ဖြစ်ပါတယ်၊ ငယ်ရွယ်ပေမယ့် အရည်အချင်းရှိတဲ့လူဖြစ်တယ်။
သူ့အကြံအစည်တွေက နက်နဲပြီး ကျင်ကျိုးကိုတိုက်တုန်းက သူ့ရဲ့အစီအစဉ်တွေလည်းပါ,ပါတယ်"
"သူ့အကြံအစည်တွေကြောင့်
ကျုပ်ညီတွေသေဆုံးခဲ့ရတယ်။ အခုတော့ သူ့ကိုသတ်နိုင်တော့မယ်"
ဧကရာဇ်သည်
ဒေါသဖြင့်ပြောပြီးနောက် တပ်သားတို့ကိုချီတက်စေသည်။ သို့သော် "မာလျန့်"(Ma
Liang) မှ ကန့်ကွက်သည်။
"သတိထားပါ။
လုရွှင့်(Lu Xun) က ကျိုးယွီ(Zhou Yu) ထက်မနိမ့်ဘူး"
"ကျုပ်က
စစ်ပွဲတွေကြားမှာ အသက်ကြီးရင့်လာခဲ့တာပါ။ သာမန်လူငယ်လေးက ကျုပ်ကိုယှဉ်နိုင်မယ်ထင်လား"
ထို့နောက်
ရှေ့သို့ဆက်ချီတက်စေပြီး ခံတပ်တို့ကိုတိုက်ခိုက်စေသည်။
"ဟန်တန်"(Han
Dang) သည် ရှူတပ်ဖွဲ့၏လှုပ်ရှားမှုကိုခေါင်းဆောင်ဖြစ်သူအား တင်ပြခဲ့သည်။ သူသည်
"လုရွှင့်"(Lu Xun) ၏အရည်အချင်းကို သံသယရှိဆဲဖြစ်သည်။ "ဟန်တန်"(Han
Dang) သည် တောင်ကုန်းအမြင့်တစ်ခုပေါ်မှနေကာ ရန်သူတပ်၏လှုပ်ရှားမှုကိုကြည့်နေပြီး လက်ညှိုးညွှန်ကာ
"အဲ့ဒါ
လျူဘေ့(Liu Bei) ဖြစ်မယ်။ ကျုပ် သူ့ကိုသတ်ချင်တယ်"
"သတိထားပါ။
အခုသူတို့က အောင်ပွဲတွေဆက်တိုက်ရလာတော့ စစ်သားတွေက စိတ်အားထက်သန်ပြီးတက်ကြွနေတယ်။ အမြင့်မှာ
ခံစစ်အတွက်အဆင်သင့်ပြင်ထားပြီး ထွက်မရင်ဆိုင်နဲ့ဦး၊ အဲ့လိုမဟုတ်ရင် ရှုံးနိမ့်လိမ့်မယ်။
ခင်ဗျားက ရန်သူတွေကိုစောင့်ကြည့်ထားပြီး တခြားအမှုထမ်းတွေ၊ တပ်သားတွေကိုလည်း ဗျူဟာကိုနားလည်အောင်ပြောထားပါ။
ရန်သူတွေက မြေပြန့်ကိုသွားနေတော့ သူတို့ကိုမတားဆီးချင်သေးသလို သူတို့ရဲ့စိန်ခေါ်မှုကိုလည်း
လက်ခံမှာမဟုတ်ဘူး။ သူတို့တွေ တပ်စခန်းတွေကို တောအုပ်တွေဆီရွှေ့ပြောင်းသွားတဲ့အထိစောင့်ပါ။
အဲ့အချိန်မှာ အကြံအစည်လည်း အဆင်သင့်ဖြစ်လိမ့်မယ်"
"ဟန်တန်"(Han
Dang) သည် သဘောတူသော်လည်း သူ့စိတ်ထဲတွင်မူ လက်မခံချင်ပေ။ ရှူတပ်အနီးသို့ရောက်လာသောအခါ
မျိုးစုံအော်ဟစ်၊ ဆဲရေးပြီး တဖက်ရန်သူကိုလာတိုက်ရန်စိန်ခေါ်သည်။ သို့သော် "လုရွှင့်"(Lu
Xun) က အရေးမမူခဲ့ပေ။ တပ်သားတို့ကိုလည်း ထွက်မတိုက်စေသလို ကာကွယ်မှုတို့ကိုပိုပြီး တင်းကြပ်ထားစေသည်။
ရန်သူတို့ထွက်မလာသောအခါ
ဧကရာဇ်သည် အင်မတန်အမျက်ထွက်ခဲ့သည်။ "မာလျန့်"(Ma Liang) မှ
"လုရွှင့်(Lu
Xun) က ဉာဏ်နီဉာဏ်နက်များတဲ့လူဖြစ်တယ်။ ဧကရာဇ်ရဲ့တပ်တွေက တပ်စခန်းရဲ့အဝေးကိုရောက်နေတာဟာ
အားနည်းချက်မှန်းသိတော့ နွေဦးကနေဆောင်းဦးတိုင်အောင် သူ့အတွက် အားသာချက်မတွေ့ရင် ထွက်ပြီးတိုက်မှာမဟုတ်ဘူး"
"သူက
ဘာပရိယာယ်များဆင်နိုင်မှာလဲ? တကယ်တော့ သူက ကြောက်နေတာပဲမဟုတ်လား? ဝူတပ်တွေက ဆက်တိုက်အရှုံးနဲ့ရင်ဆိုင်ရတော့
ကျုပ်တို့ကိုမခုခံဝံ့တော့ဘူး"
တစ်ရက်သော်
ရှေ့ပြေးတပ်ခေါင်းဆောင် "ဖုန်းရှီ"(Feng Xi)မှ ဧကရာဇ်ထံအကြောင်းကြားခဲ့သည်။
"ရာသီဥတုက
ပူပြင်းလာတဲ့အတွက် စစ်သားတွေက ခြစ်ခြစ်တောက်ပူတဲ့နေဒဏ်ကိုခံနေရပါတယ်။ ဒါ့အပြင် ရေတွေလည်း
ရှားပါးပြီး စုဆောင်းဖို့ခက်ခဲပါတယ်"
ထို့ကြောင့်
နွေကုန်သည်ထိ တပ်စခန်းတို့ကို သစ်တောတို့နှင့်နီးသောနေရာ၊ စမ်းချောင်းအနီးတို့တွင်
စခန်းချရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကိုရသောအခါ "ဖုန်းရှီ"(Feng
Xi) သည် တပ်စခန်းတို့ကိုအရပ်ရသောနေရာများသို့ပြောင်းရွှေ့ခဲ့သည်။ "မာလျန့်"(Ma
Liang) မှ
"တပ်သားတွေပြောင်းရွှေ့တဲ့အချိန်မှာ
ရန်သူတွေတိုက်ရင် ကျွန်တော်တို့အတွက်ခက်ခဲလိမ့်မယ်"
"အဲ့အတွက်
ကျုပ်စီစဉ်ပါ့မယ်။ ဝူပန်(Wu Ban) ကို သာမန်တပ်သားတစ်သောင်းနဲ့အတူ တပ်စခန်းတွေနားမှာစောင့်ထားစေမယ်။
ဒါ့အပြင် ဝါရင့်တပ်သားရှစ်ထောင်ကို အသင့်ပုန်းခိုင်းထားပြီး ရန်သူတွေလာရင် တိုက်စေမယ်။
ဝူပန်(Wu Ban) က ရန်သူတွေလာရင် ထွက်ပြေးချင်ယောင်ဆောင်ပြီး ကင်းပုန်းဝပ်နေတဲ့နားကိုမျှားခေါ်လာရမယ်။
အဲ့အချိန်မှာ ကျုပ်က ရန်သူတွေရဲ့ပြေးပေါက်ကိုပိတ်ပြီးတိုက်လိုက်ရင် အဲ့အရွယ်နဲ့မလိုက်တဲ့ကောင်လေးကိုဖမ်းနိုင်မှာဖြစ်တယ်"
"ဒါ
အင်မတန်ကောင်းမွန်သင့်တော်တဲ့အကြံပါပဲ။ ဘယ်သူမှ ဧကရာဇ်ကိုမမှီနိုင်ပါဘူး"
အမှုထမ်းတို့က
ဝိုင်းပြီး ချီးကျူးကြသည်။
သို့သော်
"မာလျန့်"(Ma Liang) မှ
"ဝန်ကြီးချုပ်က
အခု ရှူပြည်ရဲ့အရှေ့ဘက်နယ်တွေရဲ့တပ်စခန်းတွေက ဝေပြည်ရဲ့ထိုးစစ်ကိုခုခံနိုင်ဖို့အဆင်သင့်ရှိမရှိဆိုတာ
လိုက်လံကြည့်ရှုနေတယ်လို့သိရတယ်။ ဒါကြောင့် သူ့ထံစာပို့ပြီးတော့ ဝန်ကြီးချုပ်ရဲ့အကြံဉာဏ်ကိုတောင်းခံသင့်ပါတယ်"
"ကျုပ်က
စစ်ဗျူဟာကို မသိနားမလည်တဲ့လူမဟုတ်ပါဘူး။ ထပ်ပြီးအကြံတောင်းစရာမလိုဘူး"
"နှစ်ဦးနှစ်ဖက်လုံးက
အကြံကိုနားထောင်သင့်တယ်ဆိုပြီး ရှေးဆိုရိုးရှိပါတယ်"
"ဒါဆို
တပ်စခန်းတွေရဲ့မြေပုံကိုယူသွားပြီးတော့ ဝန်ကြီးချုပ်ကိုပြကြည့်ပါ။ သူက အမှားတစုံတရာတွေ့ရင်
ကျုပ်ကိုပြန်လာပြောပါ"
ထို့ကြောင့်
"မာလျန့်"(Ma Liang) ထွက်သွားသည်။ ဧကရာဇ်သည်လည်း တပ်ဖွဲ့တို့ကိုအရိပ်ရရာသို့ပြောင်းရွှေ့ခဲ့လေသည်။
ထိုအကြောင်းကို ကင်းထောက်တို့မှတဆင့် "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou
Tai) တို့က ကြားသိပြီး ၎င်းကို "လုရွှင့်"(Lu Xun) အားပြောပြခဲ့သည်။
"ရန်သူတွေရဲ့တပ်စခန်းလေးဆယ်လုံးဟာ
အရိပ်ရရာကိုပြောင်းသွားကြပြီ။ သေနာပတိ အခုတိုက်ခိုက်လို့ရပြီ"
Comments