သုံးနိုင်ငံခေတ်(၉၂)


အခန်း (၉၂) "ကျောက်ယွင်"(Zhao Yun) သည် စစ်သူကြီးငါးဦးကိုသတ်ခဲ့ခြင်း။
"ကျူးကဲလျန့်"(Zhuge Liang) သည် မြို့သုံးမြို့ကိုသိမ်းခြင်း။

"ကျူးကဲလျန့်"(Zhuge Liang) ၏ တပ်သည် မြောက်ဘက်သို့စစ်ချီခဲ့ရာ "မာချောင်း"(Ma Chao) ၏အုတ်ဂူရှိသည့်မြန်ရန်သို့ရောက်လာသည်။ သေဆုံးသွားသော ကျားစစ်သူကြီးကိုအမှတ်ရသည့်အနေဖြင့် "ကျူးကဲလျန့်"(Zhuge Liang) သည် ပူဇော်ပသကာ ထိုပူဇော်ပွဲတွင် "မာချောင်း"(Ma Chao) ၏ညီဝမ်းကွဲဖြစ်သော "မာတိုက်"(Ma Dai) ကိုဦးဆောင်စေသည်။
ထိုသို့ပြုလုပ်ပြီးသော် စစ်သေနာပတိသည် သူ၏အစီအစဉ်များကိုတိုင်ပင်နေစဉ် သူလျှိုတို့ထံမှသတင်းရောက်လာသည်။
"ဝေဧကရာဇ် ချောင်ရေ့(Cao Rui) ဟာ အနောက်ဘက်နယ်ကတပ်တွေကို ရှဟိုမောက်(Xiahou Mao) လက်ထဲအပ်လိုက်တယ်"
ထိုအခါ "ဝေရန်"(Wei Yan) မှရှေ့ထွက်ပြီး အကြံပြုသည်။
"ရှဟိုမောက်(Xiahou Mao) က ချမ်းသာကြွယ်ဝတဲ့မိသားစုကလာတာဆိုတော့ ပျော့ညံ့ပြီးနုံအတယ်။ ကျွန်တော့ကို တပ်သားငါးထောင်ပေးပါ။ ကျွန်တော် ပေါက်ကျုံးကနေ အရှေ့ဘက် ချင်လင်တောင်၊ ပြီးတော့ ကျီဝူလျှိုမြောင်ကိုသွားပြီး မြောက်ဘက်ကိုသွားပါမယ်။ ဆယ်ရက်အတွင်းမှာ ချန်အန်းကိုရောက်ပါလိမ့်မယ်။ ရှဟိုမောက်(Xiahou Mao) က ကျွန်တော်ရောက်လာတာကြားရင် မြို့ထဲကထွက်မှာပဲ ဒါဆိုရင် သူ ပင်မဂိတ်တံခါးကနေထွက်လိမ့်မယ်။ ကျွန်တော်က အရှေ့ဘက်ကတိုက်ပြီးတော့ ဝန်ကြီးချုပ်က ရှဲ့တောင်ကြားကနေဝင်လာပါ။ အဲ့လိုဆိုရင် ရှန်ရန်အနောက်ဘက်အားလုံးကို တစ်ကွက်တည်းနဲ့သိမ်းနိုင်လိမ့်မယ်"

"ကျူးကဲလျန့်"(Zhuge Liang) မှပြုံးကာ
"ဒီအကြံက မပြည့်စုံဘူးလို့ထင်တယ်။ ခင်ဗျားက မြောက်ပိုင်းသားတွေဟာ ချန်အန်းကိုစောင့်ကြပ်မနေဘူးလို့တွက်ပြီး အရဲစွန့်တာပဲ။ အကယ်၍ တစ်ယောက်ယောက်ကသာ တောင်ရဲ့အပေါက်ဝတွေကိုပိတ်ထားဖို့တပ်ဖွဲ့တွေစေလွှတ်ခိုင်းမယ်ဆိုရင် ကျုပ်တို့တွေ တပ်သားငါးထောင်ကို အလဟဿဆုံးရှုံးရလိမ့်မယ်။ ဒီအကြံက မဖြစ်နိုင်ဘူး"
"ဒါပေမယ့် ဝန်ကြီးက လမ်းမကြီးကချီတက်ရင် သူတို့က ခံတပ်စခန်းတွေနဲ့ အခိုင်အမာပိတ်ထားပြီး ခုခံလိမ့်မယ်။ အဲ့လိုဆို ဘယ်တော့မှ အလယ်ပိုင်းဒေသကိုရောက်နိုင်မှာမဟုတ်ဘူး"
"ကျုပ်က လုံယိုရဲ့ညာဘက်က လမ်းကိုသုံးပြီးသွားမလို့။ စစ်ရဲ့ဥပဒေသတွေကိုလိုက်နာရင် ရှုံးနိမ့်မှာမဟုတ်ဘူး"
"ဝေရန်"(Wei Yan) သည် မကျေမနပ်ဖြင့်ထွက်သွားသည်။

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) သည် "ကျောက်ယွင်"(Zhao Yun) ၏ရှေ့ပြေးတပ်ကို လှုပ်ရှားရန်အမိန့်ပေးလိုက်သည်။
"ရှဟိုမောက်"(Xiahou Mao) သည် ချန်အန်းတွင်ရှိနေစဉ် ရှီးလျန်မှ စစ်သူကြီးတစ်ယောက်ရောက်လာသည်။ ထိုသူ၏နာမည်မှာ "ဟန်တဲ"(Han De) ဖြစ်ပြီး ရဲရင့်သူဖြစ်ကာ သူ၏လက်နက်ကို အစွမ်းထက်သော 'တောင်ခွင်း' ပုဆိန်ဟုခေါ်သည်။ သူနှင့်အတူ ချန်းမျိုးနွယ်စုပေါင်း ရှစ်သောင်းကိုခေါ်လာပြီး စစ်ပွဲတွင်ပါဝင်လိုကြောင်းဆိုခဲ့သည်။ သူ၏တပ်ဖွဲ့တို့ကိုဝမ်းပန်းတသာလက်ခံကာ ရှေ့ပြေးတပ်အဖြစ်ခန့်အပ်ခဲ့လေသည်။
"ဟန်တဲ"(Han De) တွင် သားလေးဦးရှိပြီး အကုန်လုံးသည် လေးမြားအတတ်နှင့် မြင်းစီးခြင်းတို့ကိုကျွမ်းကျင်သည်။ သူတို့မှာ "ဟန်ယင်း"(Han Ying) ၊ "ဟန်ယောင်"(Han Yao) ၊ "ဟန်ချုံး"(Han Qiong) နှင့် "ဟန်ချီ"(Han Qi) တို့ဖြစ်ပြီး သူတို့ဖခင်နှင့်အတူလိုက်လာသည်။ "ဟန်တဲ"(Han De) သည် သူ၏သားလေးဦးနှင့်အတူ ဇာမဏီတေးတောင်ကုန်းသို့ချီတက်ကာ ရှူတပ်နှင့်နီးကပ်သောနေရာတွင် စခန်းချထားပြီးနောက် ပုံစံခင်းကျင်းထားခဲ့သည်။

ဖခင်နှင့်သားလေးဦးတို့သည် အရှေ့ဘက်သို့ထွက်ကာ ရန်သူတို့ကို မခံချင်အောင်ပြောဆိုလေသည်။
"သူပုန်တွေ၊ သူခိုး၊ဓားပြတွေ။ ဘာလို့ကျုပ်တို့နယ်မြေကိုကျူးကျော်လာတာလဲ"
"ကျောက်ယွင်"(Zhao Yun) သည် ဒေါသထွက်ပြီး တိုက်ခိုက်ရန်စိန်ခေါ်သည်။ အကြီးဆုံးသား "ဟန်ယင်း"(Han Ying) မှလက်ခံပြီး မြင်းစီးထွက်လာသည်။ သို့သော် သုံးကွက်မြောက်တွင် အသတ်ခံလိုက်ရသည်။ ချက်ချင်းပင် သူ့ညီ "ဟန်ယောင်"(Han Yao) သည် ဓားကိုဝှေ့ကာ ထွက်လာပြန်သည်။ သို့သော် "ကျောက်ယွင်"(Zhao Yun) ၏စိတ်ဓာတ်ခွန်အားတို့မှာ တက်ကြွနေခဲ့သောကြောင့် လူငယ်လေးမှာ မယှဉ်နိုင်ခဲ့ပေ။ ထိုအခါ တတိယသား "ဟန်ချုံး"(Han Qiong) မှ လှံကိုကိုင်ကာထွက်လာပြီး အစ်ကိုဖြစ်သူကိုလာကူသည်။ "ကျောက်ယွင်"(Zhao Yun) သည် ရန်သူနှစ်ဦးကိုရင်ဆိုင်နေရသော်လည်း တွန့်ဆုတ်ခြင်းမရှိသလိုရှုံးရိပ်လည်း မပြပေ။ ညီနောင်နှစ်ဦးတို့သည် ရှုံးမည့်ပုံပေါ်သည်ကိုမြင်သောအခါ စတုတ္ထသား "ဟန်ချိ"(Han Qi) သည် 'နေနှင့်လ' ဟုခေါ်သည့်ဓားနှစ်လက်ကိုကိုင်ကာ တိုက်ပွဲတွင်းဝင်ရောက်လာသည်။ ဝါရင့်စစ်သူကြီးသည် ရန်သူသုံးဦးကို အေးဆေးစွာ ရင်ဆိုင်ခဲ့သည်။

လှံတစ်ချက်သည် "ဟန်ချိ"(Han Qi) ကိုထိသွားကာ လဲကျသွားသည်၊ နောက်စစ်သူကြီးတစ်ဦးက သူ့နေရာတွင် အစားထိုးဝင်ခဲ့သည်။ "ကျောက်ယွင်"(Zhao Yun) သည် သူ့လှံကိုအောက်နိမ့်ကာ ထွက်ပြေးလေသည်။ "ဟန်ချုံး"(Han Qiong) သည် အနောက်ဘက်မှ မြားသုံးစင်းလှမ်းပစ်သော်လည်း "ကျောက်ယွင်"(Zhao Yun) က ရှောင်လိုက်သောကြောင့် မထိမှန်ခဲ့ပေ။ ဒေါသထွက်သွားသော "ဟန်ချုံး"(Han Qiong) သည် လှံရှည်ကိုကိုင်ပြီး အနောက်မှလိုက်သည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) မှ မြားဖြင့်လှမ်းပစ်ရာ "ဟန်ချုံး"(Han Qiong) ကိုထိမှန်ပြီး သေလေသည်။ "ဟန်ယောင်"(Han Yao) သည် မြင်းကိုကဆုန်စိုင်းစီးကာ ဓားဖြင့်ခုတ်ရန်ပြုသည်၊ "ကျောက်ယွင်"(Zhao Yun) မှ ရှောင်လိုက်ပြီးနောက် "ဟန်ယောင်"(Han Yao) ကိုဖမ်းလိုက်သည်။ "ကျောက်ယွင်"(Zhao Yun) သည် သုံ့ပန်းကိုဖမ်းစဉ်က ပြုတ်ကျသွားခဲ့သည်လှံကိုပြန်ကောက်ကာ သုံ့ပန်းကိုပါဆွဲခေါ်ပြီး သူ၏တပ်ဖွဲ့အတွင်းသို့ ပြန်ဝင်သွားသည်။
"ဟန်တဲ"(Han De) သည် သူ့သားအားလုံးကို ဆုံးရှုံးလိုက်ရသဖြင့် စိတ်ထိခိုက်ကာ တပ်အနောက်ဘက်သို့ပြန်ဝင်သွားသည်။ ချန်းမျိုးနွယ်စုတို့သည် "ကျောက်ယွင်"(Zhao Yun) ၏အစွမ်းကြောင့် တုန်လှုပ်ကာ တစ်ဦးတစ်ယောက်မျှ ထွက်ပြီး မရင်ဆိုင်ဝံ့ပေ။ သူတို့တပ်ဆုတ်သွားချိန်တွင် "ကျောက်ယွင်"(Zhao Yun) က ရန်သူ့တပ်တို့ကို လိုက်လံတိုက်ခဲ့လေသည်။
"ကျောက်ယွင်"(Zhao Yun) ၏တိုက်ပွဲအောင်နိုင်သည်ကိုမြင်သောအခါ "တန်းကျီ"(Deng Zhi) သည်လည်း ဝင်၍တိုက်ရာ ရှီးလျန်တပ်တစ်ခုလုံးကိုဖရိုဖရဲဖြစ်သွားစေပြီး ထွက်ပြေးသွားကြသည်။ "ဟန်တဲ"(Han De) သည် ရန်သူတို့၏ဖမ်းဆီးမှုကိုခံရမည်စိုးသောကြောင့် သူ၏သံချပ်ကာကိုပစ်ချပြီး ခြေကျင်လျှောက်လေသည်။ ရှူတပ်သားတို့သည်လည်း သူတို့၏စခန်းသို့ပြန်ခဲ့သည်။
စခန်းသို့ရောက်သောအခါ "တန်းကျီ"(Deng Zhi) မှ ဝါရင့်စစ်သူကြီးကိုဂုဏ်ပြုခဲ့သည်။
"အသက်ခုနစ်ဆယ်ရှိတဲ့လူပေမယ့် တခြားလူတွေနဲ့မတူပဲထူးခြားတယ်။ ခင်ဗျားက ဟိုးအရင်တုန်းကလို သူရဲကောင်းတစ်ယောက်ပဲ၊ တစ်ရက်တည်းမှာ စစ်သူကြီးလေးယောက်ကိုသတ်နိုင်ခဲ့တယ်"
"ဒါပေမယ့် ဝန်ကြီးချုပ်က ကျုပ်ကိုအသက်ကြီးပြီဆိုပြီး မခေါ်ချင်ဘူး။ ဒါကြောင့် သူ့ကိုသက်သေပြရမယ်"
ထိုအချိန်တွင် "ဟန်တဲ"(Han De) သည် စစ်ရှုံးသောတပ်သားတို့နှင့်အတူ ခေါင်းဆောင်ဖြစ်သူထံပြန်ကာ ငိုယိုလျက် အဖြစ်အပျက်တို့ကိုပြောပြခဲ့သည်။ "ရှဟိုမောက်"(Xiahou Mao) သည် ဒေါသထွက်ပြီး သူကိုယ်တိုင်ချီတက်ကာ "ကျောက်ယွင်"(Zhao yun) ကိုတိုက်ရန်ပြုသည်။

ထိုသတင်းကို "ကျောက်ယွင်"(Zhao Yun) ကြားသောအခါ လှံကိုကိုင်ကာ မြင်းစီးပြီး တပ်သားတစ်ထောင်ကိုဦးဆောင်လျက် ဇာမဏီတေးတောင်ကုန်းသို့ထွက်သွားပြီး ထိုတောင်ခြေတွင် တပ်တို့ကိုခင်းထားသည်။ "ရှဟိုမောက်"(Xiahou Mao) သည် ရွှေရောင်ခမောက်ကိုဆောင်းကာ မြင်းဖြူကိုစီးလျက် ဓားရှည်ကြီးကိုကိုင်ထားသည်။ ထိုအချိန်တွင် "ကျောက်ယွင်"(Zhao Yun) သည် မြင်းကိုဟိုစီးသည်စီးလုပ်နေသည်ကိုမြင်သဖြင့် သူကိုယ်တိုင်ထွက်တိုက်မည်ပြုရာ "ဟန်တဲ"(Han De) မှ
"ကျွန်တော့သားလေးဦးအတွက် လက်စားချေခွင့်ပေးပါလား"
"ဟန်တဲ"(Han De) သည် တောင်ခွင်းပုဆိန်ကိုကိုင်ကာ စစ်သူကြီးထံဒေါသဖြင့်ချဉ်းကပ်လာသည်။ တိုက်ခိုက်မှုမှာမကြာလိုက်ပဲ တတိယအကွက်တွင် "ကျောက်ယွင်"(Zhao Yun) ၏လှံက "ဟန်တဲ"(Han De) ကိုစိုက်ကာ မြေပေါ်သို့ကျသွားစေသည်။ ထိုအခါ "ရှဟိုမောက်"(Xiahou Mao) ကိုပြေးပြီးတိုက်သဖြင့် ဝေတပ်တို့ထွက်ပြေးရလေသည်။ ထိုအချိန်တွင် "တန်းကျီ"(Deng Zhi) မှ ပင်မတပ်ကိုဦးဆောင်ကာတိုက်သောကြောင့် အနိုင်ရခဲ့သည်။ ဝေတပ်သည် သုံးမိုင်အကွာတွင်စခန်းချခဲ့သည်။
ပထမဆုံးရင်ဆိုင်မှုတွင် ရှုံးနိမ့်သောကြောင့် "ရှဟိုမောက်"(Xiahou Mao) သည် သူ၏အမှုထမ်းတို့ကိုခေါ်ကာတိုင်ပင်သည်။

"ကျွန်တော် "ကျောက်ယွင်"(Zhao Yun) အကြောင်းကြားခဲ့တာကြာပြီ၊ တစ်ခါမှမျက်နှာချင်းဆိုင်မမြင်ဖူးသေးဘူး။ အခု သူက အသက်ကြီးရင့်ပေမယ့် ခွန်အားထက်သန်နေတုန်းပဲ။ တန်းရန်မှာ တပ်သားပေါင်းများစွာကိုတစ်ရောက်တည်းရင်ဆိုင်ပြီး ထွက်လာနိုင်တာက ချဲ့ကားထားတာမဟုတ်ဘူး။ ဒါပေမယ့် သူ့လိုလူမျိုးကိုဘယ်လိုရင်ဆိုင်ရမလဲ"
ထိုအခါ "ချန်ယွီ"(Cheng Yu) ၏သားဖြစ်သူ "ချန်ဝူ"(Cheng Wu) မှ
"ကျွန်တော့စိတ်ထင်ကတော့ ကျောက်ယွင်(Zhao Yun) ကရဲရင့်ပေမယ့် ဗျူဟာကျွမ်းကျင်သူမဟုတ်လို့ သူ့ကိုကြောက်စရာမလိုဘူး။ မတိုက်ခိုက်ခင်အချိန်မှာကြိုပြီးတော့ ကင်းပုန်းနှစ်ခုချထားပါ။ ပြီးရင် စစ်သူကြီးက သူ့ကိုအဲ့ဘက်ကိုမြားခေါ်လာပါ။ ပြီးတော့ တောင်ကုန်းပေါ်ကိုတက်ပြီး တိုက်ခိုက်ဖို့အချက်ပြပြီးတော့ အရပ်ပေါင်းစုံကသူ့ကိုတိုက်ပြီးဖမ်းနိုင်မယ်"
ထို့ကြောင့် ပြင်ဆင်မှုများလုပ်စေပြီး "တုန်းရှီး"(Dong Xi) နှင့် "ရွှယ်ကျဲ"(Xue Ze) တို့ကိုတပ်သားသုံးသောင်းစီပေးကာ ကင်းပုန်းချထားစေသည်။ "ရှဟိုမောက်"(Xiahou Mao) သည် ဗုံသံတီးခတ်မှုများကြားတွင် အလံတလူလူဖြင့် နောက်တစ်ကြိမ်တိုက်ခိုက်ပြန်သည်။ သူထွက်လာသည်နှင့် "ကျောက်ယွင်"(Zhao Yun) နှင့် "တန်းကျီ"(Deng Zhi) တို့ကလည်း ထွက်လာသည်။

"တန်းကျီ"(Deng Zhi) မှ
"ဒီဝေတပ်က မနေ့ကပဲ စစ်ရှုံးသွားတာ၊ ဒီနေ့ထပ်လာတယ်ဆိုတော့ သူတို့တွေအကြံတစ်ခုခုရှိလို့ဖြစ်မယ်။ စစ်သူကြီး၊ သတိထားသင့်ပါတယ်"
"အမေနို့နံ့မစင်သေးတဲ့ကောင်လေးကို မှုစရာမလိုဘူး။ သူ့ကိုဒီနေ့ရအောင်ဖမ်းမယ်"
"ကျောက်ယွင်"(Zhao Yun) သည် ထွက်သွားသောအခါ ဝေတပ်ဘက်မှ "ဖန်ဆွေ"(Pan Sui) ကထွက်လာပြီး ရင်ဆိုင်သည်။ သို့သော် "ဖန်ဆွေ"(Pan Su) က မည်သို့မှမခုခံပဲ လျင်မြန်စွာပြေးသွားသည်။ "ကျောက်ယွင်"(Zhao Yun) သည် "ရှဟိုမောက်"(Xiahou Mao) ကိုဖမ်းရန်ပြုသော်လည်း ဝေဘက်မှ စစ်သူကြီးရှစ်ဦးပေါ်လာပြီး သူ့ကိုတားဆီးလိုက်သည်။ အကုန်လုံးက တစ်ယောက်ပြီးတစ်ယောက်ပြေးသွားပြန်သည်။ "ကျောက်ယွင်"(Zhao Yun) သည် အလျင်အမြန်လိုက်လေသည်၊ "တန်းကျီ"(Deng Zhi) ကလည်း အနောက်ဘက်မှ အမီလိုက်နေခဲ့သည်။

"ကျောက်ယွင်"(Zhao Yun) ၏ဘေးဘီဝဲယာတို့တွင်တိုက်ပွဲများဖြစ်နေသောကြောင့် "တန်းကျီ"(Deng Zhi) သည် ဆုတ်ခွာရန်ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် တဖက်မှ ကင်းပုန်းတို့ကိုထွက်တိုက်ရန် အမိန့်ပေးလိုက်ရာ "တုန်းရှီး"(Dong Xi) က ညာဘက်၊ "ရွှယ်ကျဲ"(Xue Ze) သည် ဘယ်ဘက်မှထွက်လာပြီးတိုက်သောကြောင့် "တန်းကျီ"(Deng Zhi) သည် အဟန့်တားခံလိုက်ရပြီး သူ့လုပ်ဖော်ကိုင်ဘက်ကိုမကူနိုင်ခဲ့ပေ။ "ကျောက်ယွင်"(Zhao Yun) သည်လည်း ဝန်းရံခံလိုက်ရကာ တပ်သားတို့ဆုံးရှုံးခဲ့ပြီး နောက်ဆုံးတွင် တပ်သားတစ်ထောင်သာကျန်တော့သည်။ ထိုအချိန်တွင် "ရှဟိုမောက်"(Xiahou Mao) စောင့်ကြည့်ကာ ညွှန်ကြားမှုများလုပ်နေသောတောင်ခြေသို့ရောက်လာပြီဖြစ်သည်။ "ရှဟိုမောက်"(Xiahou Mao) သည် လူလွှတ်ပြီး "ကျောက်ယွင်"(Zhao Yun) ၏အခြေအနေကိုစုံစမ်းစေသည်။ "ကျောက်ယွင်"(Zhao Yun) သည် တောင်ကုန်းပေါ်သို့တက်ရန်ဆုံးဖြတ်လိုက်သော်လည်း တောင်ပေါ်မှ သစ်တုံး၊ ကျောက်တုံးတို့လှိမ့်ချသောကြောင့် မတက်နိုင်ပေ။
တိုက်ပွဲမှာ အချိန်ကြာမြင့်ခဲ့ပြီး "ကျောက်ယွင်"(Zhao yun) သည် ပင်ပန်းနေခဲ့သည်။ ထို့ကြောင့် သူသည် ခဏနားကာ လထွက်လာသည့်အချိန်တွင်မှပြန်တိုက်မည်ကြံသည်။ သို့သော် သူ့သံချပ်ကာကိုချွတ်လိုက်သည့်အချိန်မှာ ညနေစောင်းနေပြီဖြစ်ပြီး ရန်သူတို့သည် မီးတို့ဖြင့်တိုက်ကာ ဗုံတို့ကိုကျယ်လောင်စွာတီးလျက် ကျောက်တုံးများ၊ မြားများဖြင့် ပစ်ခတ်သည်။ ထို့အပြင် လှမ်းပြီးအော်ဟစ်လေသည်။
"ကျောက်ယွင်(Zhao Yun)၊ မြင်းပေါ်ကဆင်းပြီး အသာတကြည်အဖမ်းခံပါ"
"ကျောက်ယွင်"(Zhao Yun) သည် လက်နက်ချရန် အစီအစဉ်မရှိပေ။ သူသည်မြင်းပေါ်သို့တက်ကာ လွတ်မြောက်ရန်ကြိုးစားမည်ပြုစဉ် ရန်သူတို့သည် တဖြည်းဖြည်းနီးကပ်လာပြီး မြားမိုးတို့လည်း တရစပ်ရွာကျလာသည်။ တိုးဖောက်ရန်မဖြစ်နိုင်ကာ လမ်းစပျောက်နေခဲ့သည်။
"ကျုပ်က အသက်ကြောင့် အနားမယူချင်ခဲ့ဘူး၊ အခုတော့ အဆုံးသတ်ရတော့မယ်နဲ့တူတယ်"
ထိုအချိန် အရှေ့မြောက်ဘက်မှ အော်သံကြားလိုက်ရပြီး ဝေတပ်ကြီးသည် ဖရိုဖရဲဖြစ်သွားသည်။ "ကျန်းပေါက်"(Zhang Bao) ရောက်လာသည်ကိုမြင်သောအခါ "ကျောက်ယွင်"(ZhaoYun) သည် ဝမ်းသာသွားခဲ့သည်။ သူ့လက်ထဲတွင် အသွားနှစ်ခွမြွေလှံကိုကိုင်ထားပြီး မြင်းဇက်ကြိုးနားတွင် လူခေါင်းတစ်ခုကိုတွေ့ရသည်။

"ကျောက်ယွင်"(Zhao Yun) သည် ဝါရင့်စစ်သူကြီးနားသို့ကပ်လာကာ
"ဝန်ကြီးချုပ်က စစ်သူကြီးတစ်ခုခုဖြစ်မှာစိုးလို့ ကျွန်တော့ကိုလွှတ်လိုက်တာ၊ ကျွန်တော့မှာတပ်သားငါးထောင်ပါလာတယ်။ စစ်သူကြီးအဝိုင်းခံနေရတယ်ကြား ဒီကိုထွက်လာတော့ လမ်းမှာ ရွှယ်ကျဲ(Xue Ze) နဲ့တွေ့လို့ သူ့ကိုသတ်လိုက်တယ်"
"ကျောက်ယွင်"(Zhao Yun) ၏သတ္တိအားမာန်တို့ပြန်ပြည့်လာခဲ့ပြီး လူငယ်စစ်သူကြီးနှင့်အတူ အနောက်တောင်ဘက်သို့ချီတက်ကာဝေတပ်များကို ရှုပ်ထွေးသွားစေခဲ့သည်။ ထိုအချိန်တွင် တခြားတဖက်မှ အစိမ်းရောင်နဂါးလှံရှည်ကိုကိုင်ထားသော စစ်သူကြီးပေါ်လာသည်။ ထိုသူမှာ "ကွမ်းရှင်း"(Guan Xing) ဖြစ်ပြီး ၎င်းမှ
"ဝန်ကြီးချုပ်က ကျွန်တော့ကိုတပ်သားငါးထောင်ပေးပြီး စစ်သူကြီးကိုကူဖို့လွှတ်လိုက်တာ။ လမ်းမှာ တုန်းရှီ(Dong Xi) နဲ့တွေ့လို့ သူ့ကိုသတ်လိုက်တယ်။ ဒီမှာ သူ့ရဲ့ခေါင်းပါ၊ ဝန်ကြီးချုပ်လည်း ဒီဘက်ကိုချီတက်လာပြီ"
"ကျောက်ယွင်"(Zhao Yun) မှ
"မင်းဒီလောက် အနိုင်ရနေတာဘာလို့ ရှဟိုမောက်(Xiahou Mao) ကိုပါ သွားမဖမ်းရတာလဲ"
ထိုသို့ အရိပ်အမြွက်ပြသည်ကိုသတိထားမိသော "ကျန်းပေါက်"(Zhang Bao) သည် ထွက်သွားသည်။ "ကွမ်းရှင်း"(Guan Xing) သည်လည်း အနောက်မှလိုက်သွားလေသည်။

"ကျောက်ယွင်"(Zhao Yun) မှ သူ့အနောက်မှလူတို့အား
"သူတို့တွေက ကျုပ်ရဲ့သားအရင်းအခြာတွေလိုပဲ။ တိုက်ပွဲမှာ သူတို့ရတဲ့စွမ်းဆောင်မှုတွေက သူတို့အတွက်ပဲဖြစ်တယ်။ ကျုပ်က အသက်ကြီးပြီ၊ ရာထူးကလည်း မြင့်နေပြီ။ ဒီလူငယ်နှစ်ယောက်လောက် အသုံးမကျတော့ပေမယ့်လည်း ပထမဧကရာဇ်အတွက် စွန့်စားရမယ်"
ထိုသို့ပြောပြီးနောက် သူ၏လက်ကျန်တပ်တို့နှင့်အတူ "ရှဟိုမောက်"(Xiahou Mao) ကိုဖမ်းရန်သွားလေသည်။
ထိုညတွင် ဝေတို့သည် ကြီးမားသောရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရကာ မြေပြင်နှင့်မြစ်တို့ပေါ်တွင် အလောင်းများပြန့်ကျဲနေခဲ့သည်။ "ရှဟိုမောက်"(Xiahou Mao) သည် အရည်အချင်းမရှိသလို ငယ်ရွယ်ပြီး တိုက်ပွဲအတွေ့အကြုံလည်းမရှိပေ၊ ထို့ကြောင့် အရှုံးနှင့်ရင်ဆိုင်ရသောအခါ ပြေးရန်မှလွဲပြီး တခြားမတွေးခဲ့ပေ။ မြင်းသည်တော်တစ်ရာနှင့်အတူ နန်အန်းသို့ပြေးခဲ့လေသည်။ ခေါင်းဆောင်မဲ့သွားသော သူ၏တပ်တို့သည် ကြွက်များကဲ့သို့ထွက်ပြေးခဲ့ရသည်။

"ကျန်းပေါက်"(Zhang Bao) နှင့် "ကွမ်းရှင်း"(Guan Xing) တို့သည် နန်အန်းသို့ချီတက်သည်။ သူတို့လာသည်ကိုကြားသောအခါ "ရှဟိုမောက်"(Xiahou Mao) သည် မြို့တံခါးကိုပိတ်ထားစေကာ သူတို့တပ်များကိုကာကွယ်မှုများပြုစေသည်။ မကြာမီတွင် "ကျောက်ယွင်"(Zhao Yun) လည်း ရောက်လာပြီး သုံးဘက်သုံးနေရာမှ ဝိုင်းတိုက်လေသည်။ ထို့အပြင် "တန်းကျီ"(Deng Zhi) လည်း ရောက်လာကာ မြို့ကိုဝန်းရံထားခဲ့သည်။
ဆယ်ရက်ကြာဝန်းရံထားပြီးနောက်ဝယ် သတင်းတစ်ခုကိုကြားခဲ့ရသည်။
"ဝန်ကြီးချုပ်က နောက်ဖျားတပ်ကို မြန်ရန်မှာ စခန်းချထားစေပြီး  ဘယ်တောင်ပံတပ်ကိုတော့ ရန်ဖင်ခံတပ်နဲ့ ညာတောင်ပံတပ်ကိုတော့ ရှီချန်မှာ စခန်းချထားသည်။ သူကိုယ်တိုင်ကတော့ ပင်မတပ်ရင်းနဲ့အတူ နန်အန်းကို ချီတက်လာပြီ"
စစ်သူကြီးလေးဦးတို့သည် "ကျူးကဲလျန့်"(Zhuge Liang) နှင့်သွားတွေ့ကာ မြို့ကိုမသိမ်းနိုင်သည့်အကြောင်းပြောသည်။ သူသည် လှည်းယာဉ်ပေါ်သို့တက်ကာ မြို့ကိုကြည့်ရှုခဲ့သည်၊ ပြီးနောက်ဝယ် သူ၏ရွက်ဖျင်တဲသို့ ခေါင်းဆောင်တို့ကိုခေါ်ခဲ့သည်။
"ကျူးကဲလျန့်"(Zhuge Liang)မှ
"ကျုံးကနက်နဲပြီး တံတိုင်းတွေက မြင့်မားတယ်၊ မြို့ကို အလုံအခြုံကာကွယ်ထားနိုင်တာကြောင့် သိမ်းဖို့ခက်ခဲမယ်။ ကျုပ်ရဲ့လက်ရှိအစီအစဉ်ထဲမှာ ဒီနေရာမပါဘူး။ ခင်ဗျားတို့တွေ ဒါကိုဆက်ပြီးတိုက်ခက်နေမယ်ဆိုရင် ဝေတပ်တွေက ဟန်ကျုံးကိုချီတက်လာမှာဖြစ်ပြီး ကျုပ်တို့တပ်တွေ ဒုက္ခရောက်လိမ့်မယ်"
"တန်းကျီ"(Deng Zhi) မှ
"အဓိကက ရှဟိုမောက်(Xiahou Mao) ကိုပဲဖမ်းချင်တာ၊ သူက သားမက်တော်ဆိုတော့ သာမန်ခေါင်းဆောင်အယောက်တစ်ရာကိုသတ်တာထက် ပိုအကျိုးရှိတယ်။ ကျွန်တော်တို့တွေအခုဝန်းရံထားပြီဆိုတော့ ပြန်မဆုတ်ခွာချင်ဘူး"

"ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျုပ်မှာ တခြားအစီအစဉ်ရှိပါတယ်။ အနောက်ဘက်မှာ ထျန်းစွေရှိပြီး မြောက်ဘက်မှာ အန်းတင်ရှိတယ်။ ဒီနေရာနှစ်ခုရဲ့မြို့စားတွေက ဘယ်သူလည်း သိကြလား"
အထောက်တော်မှ
"ထျန်းစွေမြို့စားက မာကျွန်း(Ma Zun)ဖြစ်ပြီးတော့ အန်းတင်မြို့စားက ချွေးလျန့်(Cui Liang) ဖြစ်ပါတယ်"
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် "ဝေရန်"(Wei Yan) ၊ "ကျန်းပေါက်"(Zhang Bao) ၊ "ကွမ်းရှင်း"(Guan Xing) နှင့် ကျန်ယုံကြည်ရသူနှစ်ဦးတို့ကို တစ်ယောက်ချင်းစီခေါ်ကာ တာဝန်များပေးအပ်ခဲ့သည်။ ပြီးနောက် အားလုံးသည် တာဝန်ကိုယ်စီကိုလုပ်ဆောင်ရန် ထွက်သွားသည်။ ပြီးနောက်  "ကျူးကဲလျန့်"(Zhuge Liang) သည် မြို့ရိုး၏အောက်ခြေတွင် များစွာသောထင်းနှင့်ကောက်ရိုးတို့ကိုပုံထားစေသည်၊ ထိုသို့ပုံရခြင်းမှာ မြို့ကိုမီးမြိုက်ရန်ဟုပြောသည်။
ထိုစကားကိုကြားသော မြို့ရိုးပေါ်မှလူတို့သည် ပြက်ရယ်ပြုခဲ့ကြသည်။

"ရှဟိုမောက်"(Xiahou Mao) ဝန်းရံခံနေရသည်ဟုကြားသော အန်းတင်မြို့စား "ချွေးလျန့်"(Cui Liang) သည် ကြောက်လန့်နေခဲ့ပြီး သူ၏ခုခံမှုတို့ကိုလည်း တိုးမြင့်ထားစေခဲ့သည်။ သူသည် တပ်သားလေးထောင်ကိုစုစည်းကာ မြို့ကိုကာကွယ်နိုင်သမျှကာကွယ်မည်ဟု စဉ်းစားrထားသည်။ ထိုအချိန်တွင် တောင်ဘက်မှ လူတစ်ယောက်ရောက်လာကာ သူ့တွင် လျှို့ဝှက်စာပါလာကြောင်းပြောသည်။
"ချွေးလျန့်"(Cui Liang) မှ ထိုသူကို မြို့ထဲသို့ဝင်လာစေပြီး မေးခွန်းထုတ်သည်။
"ကျွန်တော်က ရှဟိုမောက်(Xiahou Mao) ရဲ့လူယုံတော်ဖြစ်ပြီး ဖေရွှီ(Pei Xu) လို့ခေါ်ပါတယ်။ ကျွန်တော့ကို ထျန်းစွေနဲ့အန်းတင်ကနေ စစ်ကူတောင်းဖို့လွှတ်လိုက်တာပါ။ နန်အန်းမြို့က ရန်သူတွေရဲ့ဝန်းရံမှုကိုခံထားရပြီး နေ့တိုင်း ကျွန်တော်တို့က ခင်ဗျားတို့စစ်ကူပို့ဖို့အတွက် မီးနဲ့အချက်ပြပေမယ့် အဆင်မပြေခဲ့ဘူး၊ ဘယ်သူမှရောက်မလာခဲ့ဘူး။ ဒါကြောင့် ကျွန်တော်က ရန်သူကြားထဲက ထိုးဖောက်ပြီး ဒီအကျန်ကျန်ကိုလာပြောတာပါ။ မြို့စားက ချက်ချင်းအကူအညီပေးမှဖြစ်မယ်၊ ကျွန်တော်တို့စစ်သူကြီးက မြို့တံခါးဖွင့်ပြီး ကူညီပေးလိမ့်မယ်"
"ခင်ဗျားဆီမှာ စစ်သူကြီးရဲ့စာပါလား"
ထိုအခါ ချွေးစိုနေသောအင်္ကျီထဲမှ စာကိုထုတ်လိုက်သည်။ မြို့စားသည် စာကိုဖတ်ပြီးနောက် သတင်းပို့သူသည် ပြန်ယူကာ ထျန်းစွေသို့သွားလေသည်။
နှစ်ရက်ခန့်ကြာသော် မြင်းစီးလာသော ဆက်သားတစ်ဦးမှ
"ထျန်းစွေမြို့စား မာကျွန်း(Ma Zun)ဟာ သူ့တပ်သားတွေနဲ့အတူ နန်အန်းကိုချီတက်သွားပါပြီ။ အန်းတင်ကတပ်တွေလည်း အတူပါဝင်ပြီး ချီတက်သင့်ပါတယ်"
"ချွေးလျန့်"(Cui Liang) သည် သူ၏အကြံပေးများကိုမေးသောအခါ အများစုမှ
"မြို့စားက မသွားခဲ့ပဲ နန်အန်းမြို့ကျသွားလို့ရှိရင် သားမက်တော်ကိုစစ်ကူမပေးလို့ဆိုပြီး အပြစ်က ကျွန်တော်တို့ခေါင်းပေါ်ကျလာလိမ့်မယ်။ ဒါကြောင့် သူ့ကိုသွားကူသင့်ပါတယ်"
ထိုအခါ "ချွေးလျန့်"(Cui Liang) သည် စစ်ချီတက်ပြီး ပြည်ထဲရေးအမှုထမ်းတို့ကို မြို့ကိုစောင့်ကြပ်ထားစေသည်။ တပ်ဖွဲ့ကြီးသည် လမ်းမကြီးမှ နန်အန်းသို့ချီတက်သည်။ မီးခိုးငွေ့များကို အဝေးမှလှမ်းမြင်ရသောအခါ မြို့စားမှတပ်သားများကို အလျင်အမြန်ချီတက်စေသည်။ မြို့မှ ဆယ့်ငါးမိုင်အကွာသို့ရောက်သောအခါဝယ် ဗုံတီးသံတို့ကြားလိုက်ရကာ အရှေ့ဘက်မှ "ကွမ်းရှင်း"(Guan Xing) ၏တပ်ပိတ်ထားကြောင်းပြောသည်။ ထို့အပြင် အနောက်ဘက်မှ "ကျန်းပေါက်"(Zhang Bao) ၏တပ်က ချီတက်လာသည်။

ထိုသတင်းကြောင့် တပ်သားတို့သည် ဖရိုဖရဲဖြစ်ကာ ဟိုတစ်စုသည်တစ်စုဖြစ်ကုန်သည်။ "ချွေးလျန့်"(Cui Liang) လက်အောက်တွင် လူတစ်ရာသာကျန်ရစ်ပြီး ထိုလူတို့နှင့်အတူ တပ်ကိုဖောက်ကာ သူ၏မြို့သို့ပြန်ရန်ကြိုးစားခဲ့သည်။ တဖက်ရန်သူတပ်ကိုထိုးဖောက်နိုင်ခဲ့သော်လည်း သူ့မြို့သို့ပြန်ရောက်သောအခါ သူ့ကိုမြားတို့ဖြင့် ကြိုဆိုခြင်းခံခဲ့ရသည်။ မြို့ရိုးပေါ်မှ "ဝေရန်"(Wei Yan) က
"ခင်ဗျားမြို့ကိုသိမ်းလိုက်ပြီ။ လက်နက်ချသင့်ပြီ"
"ချွေးလျန့်"(Cui Liang) သည် ထျန်းစွေသို့သွားရန်ပြုသည်၊ သို့သော် လမ်းတွင် တပ်တစ်တပ်နှင့်တွေ့ပြီး တပ်၏အလံတော်အောက်တွင် လှည်းယာဉ်ကိုတွေ့လိုက်သည်။ ထိုလှည်းပေါ်တွင် လူတစ်ဦးသည် တာအိုဝတ်စုံကိုဝတ်ထားကာ လက်ထဲတွင် ငှက်မွေးယပ်တောင်ကိုကိုင်ထားသည်။ ထိုသူမှာ "ကျူးကဲလျန့်"(Zhuge Liang) ဖြစ်မှန်းသိလိုက်ကာ ပြန်လှည့်ရန်ပြုသည်။ ထိုအခါ "ကွမ်းရှင်း"(Guan Xing) ၊ "ကျန်းပေါက်"(Zhang Bao) တို့၏တပ်နှင့်တွေ့ကာ သူ့ကိုလက်နက်ချရန်ပြောခဲ့သည်။ သူသည် ဘေးပတ်လည်မှ အဝိုင်းခံခဲ့ရသောကြောင့် မတတ်သာတော့ပဲ လက်နက်ချခဲ့လေသည်။ သူသည် "ကျူးကဲလျန့်"(Zhuge Liang) နှင့်အတူ တပ်စခန်းသို့သွားခဲ့ပြီး "ကျူးကဲလျန့်"(Zhuge Liang) မှ သူ့အားကောင်းစွာဆက်ဆံခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"နန်အန်းမြို့စားက ခင်ဗျားနဲ့မိတ်ဆွေတွေလား"
"သူက ရန်ဖူ(Yang Fu) ရဲ့ညီဝမ်းကွဲ၊ ရန်လင်(Yang Ling) ဖြစ်ပါတယ်။ ကျွန်တော်တို့နယ်ချင်းကနီးတော့ ရင်းနှီးကြပါတယ်"
"ဒါဆို ခင်ဗျားကိုလွှတ်ပြီးတော့ ရှဟိုမောက်(Xiahou Mao) ကိုဖမ်းဆီးဖို့သူ့ကိုခိုင်းမယ်ဆိုရင် ဖြစ်နိုင်မလား"
"ဝန်ကြီးချုပ်က ကျွန်တော့ကိုလုပ်ခိုင်းတာဆိုရင် ဝန်ကြီးချုပ်တပ်တွေအရင်ဆုတ်ခွာပြီး ကျွန်တော်တစ်ယောက်တည်းသွားပြီး ပြောပါရစေ"

"ကျူးကဲလျန့်"(Zhuge Liang) က သဘောတူလိုက်ပြီး မြို့ကိုဝိုင်းထားသည့်တပ်ကို ခုနစ်မိုင်အကွာသို့ဆုတ်ကာစခန်းချစေသည်။ "ချွေးလျန့်"(Cui Liang) သည် မြို့ထဲသို့ဝင်ကာ သူ့မိတ်ဆွေနှင့်တွေ့ပြီး အကျိုးအကြောင်းပြောခဲ့သည်။ "ရန်လင်"(Yang Ling) မှ
"ကျုပ်တို့က ဝေပြည်ရဲ့ကျေးဇူးကိုခံစားထားရတာ သစ္စာဖောက်လို့မဖြစ်ဘူး။ ဒါပေမယ့် သူ့ပရိယာယ်ကို ပရိယာယ်နဲ့တုန့်ပြန်ရမယ်"
"ချွေးလျန့်"(Cui Liang) ကို စစ်သေနာပတိထံခေါ်သွားပြီး အဖြစ်အပျက်အလုံးစုံကိုပြောပြခဲ့သည်။
"ခင်ဗျားမှာ ဘာအကြံရှိလဲ"
"ကျွန်တော်တို့မြို့ကိုပေးလိုက်သယောင် ပြုရမယ်။ ရှူတပ်တွေဝင်လာရင် သူတို့အားလုံးကိုသတ်ပစ်မယ်"
၎င်းကို "ရှဟိုမောက်"(Xiahou Mao) မှ သဘောတူလိုက်ပြီး "ချွေးလျန့်"(Cui Liang) သည် "ကျူးကဲလျန့်"(Zhuge Liang) ၏စခန်းသို့သွားကာ
"ရန်လင်(Yang Ling) က မြို့ကို ဝန်ကြီးချုပ်လက်ထဲအပ်ချင်ပါတယ်တဲ့။ သူက ရှဟိုမောက်(Xiahou Mao) ကိုလည်း ဖမ်းချင်တယ်၊ ဒါပေမယ့် တပ်သားနည်းနည်းပဲရှိတော့ အလျင်စလိုမလုပ်ရဲဘူး"
"ဒါက လွယ်ပါတယ်။ ခင်ဗျားမှာ တပ်သားတစ်ရာရှိတာပဲ။ အဲ့လူတွေထဲမှာ ကျုပ်စစ်သူကြီးတချို့ကိုရောထည့်ပြီးတော့ မြို့ထဲကိုဝင်ခိုင်းလိုက်ပါ။ သူတို့တွေကို ရှဟိုမောက်(Xiahou Mao) နေတဲ့နေရာမှာပုန်းခိုင်းထားပြီးတော့ ရန်လင်(Yang Ling) နဲ့အတူပူးပေါင်းပြီး ညဘက်မှာ မြို့တံခါးကိုဖွင့်ပါ။ အဲ့အချိန်မှာ ကျုပ်ရဲ့တပ်ကြီးက ဝင်ရောက်လာပြီးတော့ ခင်ဗျားအတွက် ဖမ်းဆီးပေးပါ့မယ်"
"ချွေးလျန့်"(Cui Liang) သည် ဤသို့တွေးသည်။
'ရှူစစ်သူကြီးတွေကိုမခေါ်သွားရင် သူတို့တွေသံသယရှိသွားလိမ့်မယ်။ ဒီတော့ သူတို့ကိုခေါ်ပြီး တံတိုင်းအတွင်းဘက်ရောက်တာနဲ့ သတ်ပစ်ရမယ်။ ပြီးတော့မှ အချက်ပြပြီး ကျူးကဲလျန့်(Zhuge Liang) ကိုဝင်လာစေပြီး ရှင်းပစ်ရမယ်"
"ချွေးလျန့်"(Cui Liang) သည် "ကျူးကဲလျန့်"(Zhuge Liang) ပြောသည်ကိုလက်ခံခဲ့သည်။ ပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျုပ်ယုံကြည်ရတဲ့ ကွမ်းရှင်း(Guan Xing) နဲ့ ကျန်းပေါက်(Zhang Bao) ကိုခင်ဗျားနဲ့အတူထည့်ပေးလိုက်မယ်။ သူတို့တွေကို မြို့ကာကွယ်ဖို့လာတဲ့လူအဖြစ်ခေါ်သွားရင် ရှဟိုမောက်(Xiahou Mao) လည်း သံသယဝင်မှာမဟုတ်ဘူး။ ခင်ဗျား မီးနဲ့အချက်ပါတာနဲ့ ကျုပ်ဝင်လာခဲ့မယ်"
ညနေစောင်းသောအခါဝယ် စစ်သူကြီးနှစ်ယောက်သည် လျှို့ဝှက်အမိန့်ကိုရရှိကာ သံချပ်ကာကိုဝတ်ဆင်ပြီး လက်နက်ကိုင်ပြီးနောက်မြင်းစီးကာ အန်းတင်တပ်ဖွဲ့နှင့်အတူ ရောနှောနေခဲ့သည်။ "ချွေးလျန့်"(Cui Liang) သည် တပ်အနည်းငယ်နှင့်အတူ ဂိတ်တံခါးသို့သွားခဲ့သည်။ မြို့ရိုးပေါ်တွင် "ရန်လင်"(Yang Ling) ရှိနေပြီး တံတားအရှင်မှာတင်ထားသည်။ သူသည်အောက်တွင်ရောက်လာသောလူတို့ကိုကြည့်ကာ
"ခင်ဗျားတို့က ဘယ်သူတွေလဲ"
"အန်းတင်က စစ်ကူတွေပါ"

"ချွေးလျန့်"(Cui Liang) သည် လျှို့ဝှက်စာချိတ်ထားသော မြားတစ်စင်းကိုလှမ်းပစ်လိုက်သည်။ ထိုစာထဲတွင်
'မြို့ထဲကိုဝင်ဖို့အတွက် ကျူးကဲလျန့်(Zhuge Liang) က စစ်သူကြီးနှစ်ဦးကိုလွှတ်လိုက်တယ်။ ဒါပေမယ့် လောလောဆယ်ဘာမှမလုပ်ပါနဲ့ဦး၊ နို့မို့ဆို ကျုပ်တို့အကြံအစည်ပျက်သွားလိမ့်မယ်' ဟုရေးထားသည်။ ထိုစာကို "ရှဟိုမောက်"(Xiahou Mao) အားပြရာ "ရှဟိုမောက်"(Xiahou Mao) မှ
"ဒါဆို ကျူးကဲလျန့်(Zhuge Liang) တော့ ကျုပ်တို့လှည့်စားတာ ခံရတော့မယ်။ ရဲတင်းကိုင်ထားတဲ့လူအချို့ကို အိမ်တော်ထဲမှာ အသင့်စောင့်ခိုင်းထားပါ၊ အဲ့စစ်သူကြီးနှစ်ဦးဝင်လာတာနဲ့ တံခါးကိုပိတ်ပြီး ရှင်းလိုက်ပါ။ ပြီးရင် အချက်ပြပြီး ကျူးကဲလျန့်(Zhuge Liang) ဝင်လာတာနဲ့ သူ့ကိုဖမ်းမယ်"
အစီအစဉ်များပြုလုပ်ပြီးနောက် "ရန်လင်"(Yang Ling) သည် မြို့ရိုးပေါ်သို့ပြန်သွားကာ
"ခင်ဗျားတို့က အန်းတင်ကတပ်တွေဆိုတော့ ဝင်လို့ရပါတယ်"
သို့နှင့် တံတားကိုချလိုက်လေသည်၊ "ကွမ်းရှင်း"(Guan Xing) သည် "ချွေးလျန့်"(Cui Liang) နောက်မှ နီးကပ်စွာလိုက်ပါပြီး "ကျန်းပေါက်"(Zhang Bao) သည် ထိုအနောက်မှလိုက်လေသည်။ "ရန်လင်"(Yang Ling) သည် အောက်သို့ဆင်းလာပြီးကြိုဆိုသည်။ အနီးကပ်လာသည်နှင့် "ကွမ်းရှင်း"(Guan Xing) သည် ဓားကိုမြှောက်ပြီး "ရန်လင်"(Yang Ling) ကိုခုတ်လိုက်ရာ ခေါင်းပြတ်သွားသည်။  "ချွေးလျန့်"(Cui Liang) သည်လန့်သွားပြီး မြင်းစီးကာ ပြေးမည်ပြုသည်။ "ကျန်းပေါက်"(Zhang Bao) မှ
"ကလိမ်ကကျစ်တွေ၊ ခင်ဗျားတို့အကြံက ဝန်ကြီးချုပ်မျက်လုံးကိုဖုံးကွယ်ထားနိုင်မယ်ထင်လား"

"ကျန်းပေါက်"(Zhang Bao) သည် လှံဖြင့်ထိုးလိုက်ရာ "ချွေးလျန့်"(Cui Liang) လည်း လဲကျသွားခဲ့သည်။ ထို့နောက် "ကွမ်းရှင်း"(Guan Xing) သည် မြို့ရိုးပေါ်တက်ပြီး အချက်ပြလိုက်လေသည်။ ထိုအခါ ရှူတပ်ကြီးသည် မြို့ထဲသို့ဝင်ရောက်လာပြီး "ရှဟိုမောက်"(Xiahou Mao) မှာ မခုခံနိုင်တော့ပဲ တောင်ဘက်တံခါးမှထွက်ပြေးရသည်။ ထိုအခါ "ဝမ်ဖင်"(Wang Ping) နှင့်ရင်ဆိုင်မိပြီး အဖမ်းခံရကာ သူနှင့်ပါလာသည့်လူများလည်း အသတ်ခံခဲ့ရသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် မြို့ထဲသို့ဝင်လာပြီးနောက် လုယက်မှုများမပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ စစ်သူကြီးတို့သည် သူတို့၏လုပ်ဆောင်မှုတို့ကိုတင်ပြကြသည်။ ရန်သူ့ခေါင်းဆောင်ကို အကျဉ်းသားလှည်းထဲတွင်ထည့်ထားသည်။ "တန်းကျီ"(Deng Zhi) မှ
"ဝန်ကြီးက ချွေးလျန့်(Cui Liang) သစ္စာဖောက်မယ်ဆိုတာ ဘယ်လိုသိတာလဲ"
"သူက လက်နက်ချချင်စိတ်မရှိဘူးဆိုတာ သိနေခဲ့တယ်။ ဒါကြောင့် ကျုပ်က ရှဟိုမောက်(Xiahou Mao) နဲ့ပေါင်းပြီးကြံစည်နိုင်အောင် တမင်သူ့ကိုမြို့ထဲလွှတ်ခဲ့တာ။ နောက်ပြီး သူစိတ်ချအောင်လို့ စစ်သူကြီးနှစ်ယောက်ကိုပါထည့်ပေးခဲ့တယ်။ သူကျုပ်အပေါ်မှာသာ သစ္စာရှိရင် ဒီလိုထည့်ပေးတာကိုငြင်းမှာပဲ။ ဒါပေမယ့် သူကကျုပ်သံသယဝင်မှာစိုးလို့မငြင်းပဲနဲ့လက်ခံခဲ့တယ်။ သူကကျုပ်စစ်သူကြီးနှစ်ယောက်ကိုသတ်ပြီး ကျုပ်ကိုမြို့ထဲကိုမျှားခေါ်နိုင်မယ်ထင်နေခဲ့တယ်။ ဒါပေမယ့် စစ်သူကြီးနှစ်ယောက်ကို ဘာလုပ်ရမယ်ဆိုတာပြောထားပြီးပြီ။ အကုန်လုံးက သူတို့ထင်သလိုဖြစ်မလာပဲ ကျုပ်စီစဉ်သလိုဖြစ်သွားခဲ့တယ်"
အမှုထမ်းတို့သည် သူ့၏ထိုးထွင်းသိမြင်စွမ်းကို ချီးကျူးကြသည်။

ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) မှ
"ဒါ့အပြင် ကျုပ်ယုံကြည်ရတဲ့လူတစ်ယောက်ကို ဖေရွှီ(Pei Xu) ဆိုတဲ့နာမည်နဲ့သွားစေပြီး ချွေးလျန့်(Cui Liang) ကိုလှည့်စားခဲ့တယ်၊ နောက်ပြီးတော့ ထျန်းစွေကိုလည်း အဲ့လိုပဲလူလွှတ်ခဲ့တယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့်ဆိုတာမသိပေမယ့် ဘာသံမှမကြားရသေးဘူး။ ကျုပ်တို့တွေ တလက်စတည်း အဲ့မြို့ကိုပါသိမ်းကြမယ်"
ထျန်းစွေကိုသိမ်းရန်ဆုံးဖြတ်လိုက်ပြီး ချီတက်ကြလေသည်။ "ဝူယီ"(Wu Yi) နှင့် "လျူရန်"(Liu Yan) တို့အား နန်အန်းနှင့် အန်းတင်တို့ကိုစောင့်ကြပ်ထားစေခဲ့သည်။ "ဝေရန်"(Wei Yan) ကို ထျန်းစွေသို့ချီတက်စေ၏။

နန်အန်းမြို့ဝန်းရံခံရသည်ကို ထျန်းစွေမြို့စား “မာကျွန်း”(Ma Zun) ကြားသိသောအခါ အမှုထမ်းတို့နှင့်တိုင်ပင်သည်။ "ရင်းရှန်"(Yin Shang) နှင့် "လျန့်ရွှီ"(Liang Xu) တို့က စစ်ကူပေးမည့်အကြံကိုထောက်ခံကြသည်။
"ရွှေသစ်ကိုင်း၊ ကျောက်စိမ်းသစ်ရွက်ပမာဖြစ်တဲ့ သားမက်တော်သာတစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့တွေ သူ့ကိုမကယ်လို့ဖြစ်တာဆိုပြီး အပြစ်ဒဏ်ပေးခံရလိမ့်မယ်။ ဒါကြောင့် မြို့စားက ရှိတဲ့တပ်တွေအားလုံးကိုအသုံးချပြီး စစ်ကူပို့သင့်ပါတယ်"
ထိုသို့ပြုလုပ်ရန်မှာခက်ခဲပြီး မည်သို့ဆောင်ရွက်ရမည်ကို ကြံစည်နေစဉ် "ရှဟိုမောက်"(Xiahou Mao) ၏ဆက်သားဖြစ်သူ "ဖေရွှီ"(Pei Xu) ရောက်လာကြောင်း ကြားသိရသည်။ "ဖေရွှီ"(Pei Xu) ကိုမြို့စားအိမ်တော်သို့ဝင်လာစေပြီးနောက် သူသည် စစ်ကူပို့ရန်အမိန့်စာကိုပြသခဲ့သည်။ မကြာမီတွင် နောက်လူတစ်ဦးရောက်လာပြီး အန်းတင်တပ်တို့ချီတက်သွားပြီဖြစ်ရာ “မာကျွန်း”(Ma Zun) ကိုလည်း အလျင်အမြန်ချီတက်ရန်ပြောသည်။ သို့နှင့် စစ်ချီရန်ပြင်ဆင်သည်။ ထိုအခါ လူတစ်ဦးမှ
"အို၊ မြို့စားကြီး အဲ့လိုသာလုပ်ရင် ကျူးကဲလျန့်(Zhuge Liang) ထောင်ချောက်ထဲကျသွားလိမ့်မယ်"

အားလုံးကို ထိုပြောသူကိုအံ့ဩစွာကြည့်ကြသည်။ ထိုသူမှာ "ကျန်းဝေ"(Jiang Wei) ဖြစ်သည်။ သူ့ဖခင်မှာ "ကျန်းကျုံး"(Jiang Jiong) ဖြစ်ပြီး ပြည်နယ်အမှုထမ်းဖြစ်ကာ ချန်းမျိုးနွယ်စုပုန်ကန်မှုကိုတိုက်ခိုက်သည့်အချိန်တွင် သေဆုံးခဲ့သည်။ "ကျန်းဝေ"(Jiang Wei) သည် စာပေဝါသနာထုံပြီး လက်လှမ်းမီသမျှစာတို့ကိုဖတ်ရှုကာ စစ်ဘက်ဆိုင်ရာတွင်လည်း ထူးချွန်သူဖြစ်သည်။ သူသည် စစ်ပညာနှင့်ပတ်သတ်သည့်စာများကိုလေ့လာခဲ့သည်။ မိဘအပေါ်သိတတ်သူဖြစ်ကာ လူတို့၏လေးစားမှုကိုခံရသူဖြစ်သည်။ ထိုအချိန်တွင် သူ၏ရာထူးမှာ စစ်သူကြီးဖြစ်သည်။ "ကျန်းဝေ"(Jiang Wei) မှ
"ကျူးကဲလျန့်(Zhuge Liang) က နန်အန်းမှာ ရှဟိုမောက်(Xiahou Mao) ကိုဝန်းရံထားတယ်၊ အဲ့လိုကြားထဲကနေ ဆက်သားက ဘယ်လိုရုန်းပြီးထွက်လာနိုင်ပါ့မလဲ? ဒါ့အပြင် ဖေရွှီ(Pei Xu) ဆိုတာ ဘယ်သူမှမကြားဖူးတဲ့အမှုထမ်းဖြစ်တယ်၊ အန်းတင်က ဆက်သားဆိုတာကလည်း စစ်ချီတက်ဖို့အမိန့်စာပါမလာဘူး။ ဒီအခြင်းအရာတွေကိုကြည့်ခြင်းအားဖြင့် ဒီလူတွေက အစစ်အမှန်မဟုတ်ပဲ မြို့စားကိုမြို့ကထွက်အောင်လုပ်ပြီးတော့မှ မြို့ကိုသိမ်းဖို့ကြံစည်နေကြတာဖြစ်တယ်"
မြို့စားသည် သဘောပေါက်သွားပြီး
"ခင်ဗျားကြောင့်သာမဟုတ်ရင် ကျုပ်ထောင်ချောက်မိတော့မလို့"
"စိတ်မပူပါနဲ့၊ ကျွန်တော် ကျူးကဲလျန့်(Zhuge Liang) ကိုဖမ်းပြီး နန်အန်းကိုဝန်းရံမှုကလွတ်အောင်လုပ်နိုင်တဲ့အကြံရှိပါတယ်"

Comments

Popular posts from this blog

Lookism