သုံးနိုင်ငံခေတ်(၉၀)


အခန်း(၉၀) တောရိုင်းတိရစ္ဆာန်တို့ကိုမောင်းထုတ်ကာ ဝန်ကြီးချုပ်သည် မန်တို့ကို ဆဋ္ဌမအကြိမ်အနိုင်ယူခြင်း။
ကြိမ်သံချပ်ကာတို့ကိုမီးရှို့ကာ "ကျူးကဲလျန့်"(Zhuge Liang) သည် "မုန့်ဟော်"(Meng Huo) ကို သတ္တမအကြိမ်ဖမ်းခဲ့ခြင်း။

အကျဉ်းသားအားလုံးကိုပြန်လွှတ်ခဲ့ပြီးနောက် "ရန်ဖုန်း"(Yang Feng) နှင့်သူ့သားတို့ရာ ရာထူးများပေးကာ သူ့လူတို့ကို လက်ဆောင်များပေးခဲ့သည်။ သူတို့သည် ကျေးဇူးတင်ပြီးနောက် ပြန်သွားကြလေသည်။ ထိုအချိန်တွင် "မုန့်ဟော်"(Meng Huo) နှင့်ညီဖြစ်သူသည် သူတို့အိမ်ဖြစ်သော ငွေကျင်းတောင်ကုန်းသို့ အလျင်အမြန်သွားနေခဲ့သည်။
ထိုလျှိုမြောင်၏အပြင်ဘက်တွင် လုမြစ်၊ ကန်းနန်မြစ်နှင့် ရှီးချန်မြစ်ဟူ၍ မြစ်သုံးမြစ်ရှိသည်။ ထိုမြစ်သုံးမြစ်တို့ကိုပေါင်းပြီး မြစ်သုံးသွယ်ဟုခေါ်သည်။ ထိုလျှိုမြောင်၏မြောက်ဘက်နားတွင် ကျယ်ပြန့်ပြီး မြေဩဇာကြွယ်ဝသောလွင်ပြင်ကြီးရှိပြီး အနောက်ဘက်တွင် ဆားကျင်းများရှိသည်။ လုမြစ်သည် အနောက်တောင်ဘက် မိုင်ခုနစ်ဆယ်အထိစီးဆင်းပြီး တောင်ဘက်တွင် လျန်တုလျှိုမြောင်ရှိလေသည်။ ဘေးပတ်လည်တွင်လည်း တောင်ကုန်းများရှိပြီး ထိုထဲမှတစ်နေရာမှာ ငွေထွက်သောကြောင့် 'ငွေကျင်း' ဟုခေါ်ဝေါ်ခြင်းဖြစ်သည်။

ထိုလျှိုမြောင်ထဲတွင် နန်းတော်ကြီးတည်ဆောက်ထားပြီး မန်ဘုရင်တို့၏ရဲတိုက်ကြီးလည်းဖြစ်သည်။ ထို့အပြင် ဘိုးဘွားပိုင်ဘုံကျောင်းလည်းရှိပြီး ၎င်းကို 'မိသားစုဝိညာဉ်' ဟုခေါ်ကာ လေးရာသီလုံး ကျွဲများ၊နွားများဖြင့် ယဇ်ပူဇော်သည်။ ထိုသို့ပြုလုပ်ခြင်းကို 'ဝိညာဉ်တို့အား မေးမြန်းခြင်း' ဟုခေါ်သည်။ လူတို့ကိုလည်း ယဇ်ပူဇော်လေ့ရှိပြီး ရှူပြည်မှလူများ၊ သို့မဟုတ် အခြားရွာမှလူများကိုအသုံးပြုသည်။ နေမကောင်းဖြစ်လျှင် ဆေးမသောက်ပဲ နတ်ဆရာထံသွားပြီးရှိခိုးရသည်၊ ထိုနတ်ဆရာကို 'ဆေးမိစ္ဆာ' ဟုခေါ်သည်။ ထို့အပြင် ဥပဒေကျမ်းသတ်သတ်မှတ်မှတ်မရှိပဲ တစ်ခုတည်းသောအပြစ်ဒဏ်မှာ သေဒဏ်သာဖြစ်သည်။
မိန်းကလေးတို့သည် အရွယ်ရောက်ပြီး မိန်းမပျိုလေးများဖြစ်လာသောအခါ စမ်းချောင်းထဲတွင်သွားပြီး ရေချိုးရသည်။ အမျိုးသား၊ အမျိုးသမီးများကိုသီးခြားထားကာ လက်ထပ်ချင်သည့်သူကိုလက်ထပ်နိုင်ပြီး မိဘတို့ကဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ ကျောင်းပညာသင်ကြားခြင်းလည်းမရှိပေ။ ဆန်စပါးတို့စိုက်ပျိုးပြီး အထွက်နည်းသောနှစ်များတွင် မြွေစွပ်ပြုတ်၊ ဆင်သားတို့ကိုစားကြသည်။
ဒေသတစ်ခု၏အကြီးအကဲကို 'လျှိုမြောင်ဘုရင်' ဟုခေါ်ပြီး ဘုရင်ပြီးလျှင်ဩဇာအကြီးဆုံးသူကို 'ဒေသမျက်နှာဖုံး' ဟုခေါ်သည်။ မြစ်သုံးသွယ်မြို့တွင် ဈေးရှိပြီး ထိုဈေးမှာ လတစ်လ၏ပထမဆုံးရက်နှင့် ၁၅ ရက်တို့တွင် ဖွင့်ပြီး ကုန်စည်ပစ္စည်းချင်းဖလှယ်ကြသည်။

"မုန့်ဟော်"(Meng Huo) သည် သူ၏ကိုယ်ပိုင်လျှိုမြောင်တွင် မိသားစုနှင့် မျိုးနွယ်စုဝင် စုစုပေါင်းတစ်ထောင်ကျော်ခန့်ကိုစုဝေးကာ
"ကျုပ်က ရှူပြည်ခေါင်းဆောင်တွေကြောင့် အရှက်ရခဲ့တဲ့အကြိမ်ရေမနည်းတော့ဘူး၊ ဒါကြောင့် ဒီအတွက် လက်စားချေမယ်လို့ကျုပ်သစ္စာဆိုတယ်။ ဘယ်သူ့မှာဘာအကြံရှိလဲ"
ထိုအခါ ခေါင်းဆောင်တစ်ဦးမှ
"ကျူးကဲလျန့်(Zhuge Liang) ကိုနှိမ်နှင်းနိုင်မယ့်လူကို ကျွန်တော်ခေါ်နိုင်ပါတယ်"
 ထိုပြောသူမှာ "မုန့်ဟော်"(Meng Huo) ဇနီး၏မောင်ဖြစ်ပြီး တောင်ပိုင်းမန်မျိုးနွယ်စုရှစ်ခု၏ခေါင်းဆောင်ဖြစ်ကာ 'တိုက်လိုင်' (Dai Lai) ဟုခေါ်သည်။
"အဲ့လူက ဘယ်သူလဲ"
"သူက ပါးနလျှိုမြောင်က မုလူ(Mu Lu) ဖြစ်ပါတယ်။ သူကမှော်အတတ်ကိုကျွမ်းကျင်ပြီး လေကိုခေါ်နိုင်ပြီးမိုးရွာအောင်လုပ်နိုင်သူဖြစ်တယ်။ သူက ဆင်စီးပြီး ဘေးပတ်လည်မှာ ကျား၊ ကျားသစ်၊ ဝံပုလွေနဲ့ အဆိပ်ရှိတဲ့မြွေ၊ ကင်းမြီးကောက်တွေခြံရံထားသူဖြစ်တယ်။ ဒါ့အပြင် သူ့လက်အောက်မှာ အာဂလူ တပ်သားသုံးသောင်းရှိပြီး သူကိုယ်တိုင်ကလည်း ရဲရင့်သူဖြစ်တယ်။ ဘုရင်ကြီးသာ သူ့ဆီစာရေးပြီး လက်ဆောင်တွေကို ကျွန်တော်နဲ့အတူထည့်ပေးလိုက်ပါ။ သူသာ ကူညီဖို့သဘောတူရင် ရှူတပ်တွေကိုကြောက်စရာလိုသေးလား"
"မုန့်ဟော်"(Meng Huo) သည် ဝမ်းမြောက်သွားပြီး "တိုက်လိုင်"(Dai Lai) ကိုစာရေးခိုင်းခဲ့သည်။ ပြီးနောက် မြစ်သုံးသွယ်ကိုကာကွယ်ရန် "တော်စီ"(Duo Si) ကိုတာဝန်ပေးထားပြီး ပထမဆုံးခံတပ်လိုင်းကိုခင်းထားစေသည်။

"ကျူးကဲလျန့်"(Zhuge Liang) သည် တပ်သားတို့သည် ဦးဆောင်ပြီး မြစ်သုံးသွယ်မြို့နားသို့ရောက်လာသည်။ ဒေသပတ်ဝန်းကျင်ကိုကြည့်ရှုပြီးနောက် ထိုမြို့သည်မြစ်သုံးသွယ်ကဝန်းရံထားကာ ရေလမ်းတစ်နေရာမှသာရောက်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် "ဝေရန်"(Wei Yan) နှင့် "ကျောက်ယွင်"(Zhao Yun) ကိုလွှတ်ပြီး တိုက်ခိုက်စေသည်။ သို့သော် မြို့ရိုးနားရောက်သည့်အချိန်တွင် ရန်သူတို့သည် လေး၊ ဒူးလေးများဖြင့် ခုခံရန်ပြင်ဆင်ထားသည်ကိုတွေ့ရသည်။
ခုခံသူတို့သည် လေးမြားသုံးခြင်းကိုကျွမ်းကျင်ပြီး တစ်ခါပစ်လျှင် မြားဆယ်စင်းထွက်သည့်ကိရိယာရှိသည်။ ထို့အပြင် မြားတို့မှာ အဆိပ်လူးထားသောကြောင့် ထိသွားလျှင် သေရန်ရာနှုန်းများသည်။ စစ်သူကြီးနှစ်ဦးသည် မအောင်မြင်နိုင်သည်နှင့် ပြန်ဆုတ်လာသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် အဆိပ်မြားအကြောင်းကို ကြားသိသောအခါ သူ့လှည်းယာဉ်ပေါ်သို့တက်ပြီး သူကိုယ်တိုင်သွားကြည့်သည်။ ရန်သူ့ကာကွယ်ခုခံမှုတို့ကိုကြည့်ရှုပြီး သုံးမိုင်အကွာသို့တပ်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ ထိုအခြင်းအရာကြောင့် မန်တို့သည် ဝမ်းမြောက်သွားပြီး ကျူးကျော်သူတို့မှာ လန့်ပြီးထွက်ပြေးသွားပြီဖြစ်သောကြောင့် အနိုင်ရပြီဟု အချင်းချင်းဂုဏ်ပြုကြသည်။
ထိုသို့ဝမ်းမြောက်ပျော်ရွှင်နေကြပြီး ခံတပ်ကိုသေချာစောင့်ကြည့်ခြင်းမရှိသလို ရန်သူ့အခြေအနေကို ထောက်လှမ်းရန်လူလွှတ်ခြင်းလည်း မရှိပေ။
ရှူတပ်ဖွဲ့ကြီးသည် နားခိုသည့်နေရာအသစ်တွင် စခန်းချကာ တံခါးတို့ကိုခုခံမှုအတွက် ပိတ်ထားသည်။ ငါးရက်ကြာသည့်တိုင် မည်သည့်လှုပ်ရှားမှုမှမရှိပေ။ တစ်ညနေဝယ် နေဝင်ခါနီးအချိန်တွင် လေပြည်လေညင်းလေးစတင်တိုက်သည်။ ထိုအခါ "ကျူးကဲလျန့်" (Zhuge Liang) မှ အမိန့်တစ်ခုပေးခဲ့သည်။
" လူတိုင်းက တစ်ချက်တီးအချိန်မှာ အင်္ကျီရှည်ကိုဝတ်ထားရမယ်။ မဝတ်ထားတဲ့လူကို သေဒဏ်ပေးမယ်"
ထိုအမိန့်ကို မည်သည်ကြောင့် ထုတ်ပြန်သည်ကို စစ်သူကြီးတို့မသိကြပေ။ သို့သော်လည်း ၎င်းအမိန့်ကိုလိုက်နာခဲ့ကြသည်။ ပြီးနောက် လူတိုင်း၏အင်္ကျီတွင် မြေကြီးများထည့်ထားစေသည်။ ထိုအမိန့်မှာ ထူးဆန်းသော်လည်း လိုက်နာကြသည်။ အကုန်လုံးအဆင်သင့်ဖြစ်သောအခါ သူတို့အား
" မင်းတို့တွေက ခြောက်သွေ့တဲ့ မြေကြီးတွေကိုသယ်ပြီး မြို့ရိုးနားကိုသွားရမယ်။ ပထမဆုံးရောက်တဲ့လူတွေကို ဆုပေးမယ်"
သို့နှင့်အကုန်လုံးက မြေကြီးတို့ကိုသယ်ကာ မြို့ရိုးနားသို့အလျင်အမြန်သွားကြသည်။ ထိုမြေကြီးတို့ဖြင့် ကုန်းမြင့်ပြုလုပ်စေပြီး မြို့ရိုးပေါ်သို့ပထမဆုံးတက်နိုင်သည့်တပ်သားကို ဆုလာဘ်ပေးမည်ဟု ကြေညာခဲ့သည်။

ရှူတပ်သားတစ်သိန်းနှင့် ဒေသခံမဟာမိတ်တပ်တို့သည် သယ်လာသောမြေကြီးတို့ကို မြို့ရိုးနားတွင်ပစ်ချကာ မကြာမီတွင်ပင် မြို့ရိုးပေါ်သို့တက်နိုင်ပြီး အော်ဟစ်သံကိုကြားလိုက်သည်။ မြို့ရိုးပေါ်ရှိ လေးသမားတို့ကိုဖမ်းချုပ်ကာ အောက်သို့ဆွဲခေါ်သွားသည်၊ ပြီးနောက် မြို့ထဲသို့ဝင်လေသည်။ ထိုသို့တိုက်ခိုက်ရာတွင် ဘုရင် "တော်စီ"(Duo Si) သည်လည်း အသတ်ခံခဲ့ရသည်။ ရှူတပ်သားတို့သည် မြို့တွင်းသို့ဝင်ပြီး တွေ့သမျှလူအားလုံးကိုသတ်ခဲ့သည်။ သို့နှင့် ရတနာများစွာနှင့်အတူ မြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ထိုရတနာတို့ကို စွမ်းဆောင်ခဲ့သောတပ်သားများအား မျှဝေပေးခဲ့သည်။
ထွက်ပြေးလွတ်မြောက်သောတပ်သားတို့သည် ဘုရင် " တော်စီ"(Duo Si) နှင့်မြို့အခြေအနေကို " မုန့်ဟော်"(Meng Huo) ထံတင်ပြခဲ့သည်။ "မုန့်ဟော်"(Meng Huo) စိတ်ပျက်နေသည့်အချိန်မှာပင် ရန်သူ့တပ်ကြီးသည် သူ့ကိုယ်ပိုင်လျှိုမြောင်၏အဝတွင် စခန်းချထားပြီဖြစ်ကြောင်းကြားသိရသည်။
ထိုသို့စိတ်ပျက်နေစဉ်တွင် အနောက်ဘက်မှ ရယ်သံကြားရပြီး အမျိုးသမီးတစ်ဦးထွက်လာသည်။
" ရှင်ကရဲရင့်ပေမယ့် တုံးအလွန်းတယ်။ ကျွန်မက အမျိုးသမီးပေမယ့် ရန်သူတွေကိုထွက်ပြီးရင်ဆိုင်ချင်တယ်"
ထိုသူမှာ သူ့ဇနီး "ကျူရုံ"(Zhurong) ဖြစ်သည်။ သူမသည် တောင်ပိုင်းမန်မျိုးနွယ်ဖြစ်သော ကျူရုံမျိုးရိုးမှဆင်းသက်လာသူဖြစ်ကာ ဓားပျံအသုံးပြုရာတွင်ကျွမ်းကျင်ပြီး ပစ်မလွဲဖြစ်သည်။

" မုန့်ဟော်" (Meng Huo) သည် မတ်တပ်ရပ်ကာ သူမကို အရိုအသေပြုလိုက်သည်။ ကျူရုံအမျိုးသမီးသည် မြင်းစီးကာ စစ်သူကြီးအယောက်တစ်ရာ၊ တပ်သားငါးသောင်းတို့ကိုဦးဆောင်ပြီး ရှူတပ်တို့ကိုတိုက်ထုတ်ရန်ချီတက်သည်။
ငွေကျင်းနန်းတော်ကို လှမ်းမမြင်ရတော့သည့်အကွာအဝေးရောက်သည်နှင့် "ကျန်းနီ"(Zhang Ni) ဦးဆောင်သောတပ်နှင့်ရင်ဆိုင်ရလေသည်။ မန်တို့သည်တိုက်ခိုက်ရန်ပြုပြီး အမျိုးသမီးခေါင်းဆောင်သည်လည်း သူသုံးနေကျဓားငါးချောင်းကိုထုတ်ထားသည်။ လက်တစ်ဖက်တွင် တစ်ဆယ့်ရှစ်ပေရှည်သည့်တုတ်ကိုကိုင်ထားပြီး အမွှေးကောက်သော မြင်းနီကြီးကိုစီးထားသည်။
ထိုမြင်ကွင်းကိုမြင်သော "ကျန်းနီ"(Zhang Ni) သည် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သို့သော်လည်း အမျိုးသမီးစစ်သူကြီးကိုထွက်ကာရင်ဆိုင်ခဲ့သည်။ ခဏတာတိုက်ပြီးနောက် အမျိုးသမီးသည် သူ့မြင်းကိုပြန်လှည့်ကာ ပြေးသည်။ " ကျန်းနီ" (Zhang Ni) က အနောက်မှလိုက်ရာ လေထဲမှ ဓားတစ်ချောင်းထွက်လာသည်။ လက်ဖြင့်ကာရန်ကြိုးစားသော်လည်း သူ့လက်မောင်းကိုဒဏ်ရာရသွားစေခဲ့ပြီး မြင်းပေါ်မှပြုတ်ကျသွားသည်။ မန်တို့သည် ကျယ်လောင်စွာအော်ဟစ်ပြီးနောက် ကံဆိုးရှာသောခေါင်းဆောင်ကို ဖမ်းလိုက်သည်။
သူ၏လုပ်ဖော်ကိုင်ဘက်ဖမ်းခံရသည်ဟုသိသော "မာကျုံး"(Ma Zhong) သည် ကယ်တင်ရန်ရောက်လာသော်လည်း ရန်သူတို့၏ဝန်းရံခြင်းကိုခံရသည်။ တုတ်ကိုင်ထားသော အမျိုးသမီးစစ်သူကြီးမြင်သဖြင့် တိုက်ခိုက်ရန် ရှေ့သို့တိုးလာသော်လည်း မန်တပ်သားတို့က ဆူးညှောင့်များပစ်လိုက်သောကြောင့် မြင်းမှာလဲကျပြီး လူလည်း အဖမ်းခံလိုက်ရသည်။

စစ်သူကြီးနှစ်ယောက်လုံးကိုဖမ်းစီးကာ ဘုရင်ရှေ့သို့ခေါ်သွားခဲ့သည်။ ဘုရင်သည် သူ့ဇနီး၏အောင်နိုင်မှုအတွက် စားသောက်ပွဲကြီးတည်ခင်းကာ ထိုစားသောက်ပွဲတွင် အမျိုးသမီးမှ အကျဉ်းသားတို့ကို သေဒဏ်ပေးစေခဲ့သည်။ ထိုသို့ သေဒဏ်ပေးရန် အပြင်သို့ခေါ်သွားမည့်အချိန်တွင် "မုန့်ဟော်"(Meng Huo) က တားလိုက်သည်။
"ခဏလေး၊ ကျူးကဲလျန့်(Zhuge Liang) ကကျုပ်ကို ငါးကြိမ်တိုင်တိုင်လွှတ်ပေးခဲ့တာ သူတို့ကိုသေဒဏ်ပေးလိုက်ရင် မမျှတရာကျမယ်။ ခေါင်းဆောင်ကိုမမိခင်အထိ သူတို့ကိုဖမ်းချုပ်ထားပါ။ ခေါင်းဆောင်ကိုမိတော့မှ သူတို့ကိုသတ်မယ်"
ဇနီးဖြစ်သူမှာ အရက်ကိုသောက်နေခဲ့ပြီး မည်သို့မျှကန့်ကွက်ခြင်းမရှိပေ။ သို့နှင့် ထိုသူနှစ်ဦးမှာ အသက်မသေခဲ့ပေ။

စစ်ရှုံးနိမ့်သွားသောတပ်သားတို့သည် စခန်းသို့ပြန်သွားကြသည်။ " ကျူးကဲလျန့်"(Zhuge Liang) သည် ထိုအရှုံးမှနလန်ပြန်ထူနိုင်ရန်အတွက် " မာတိုက်"(Ma Dai) ၊ "ကျောက်ယွင်"(Zhao Yun) နှင့် "ဝေရန်"(Wei Yan) တို့ကိုအမိန့်အသီးသီးပေးကာ စေလွှတ်ခဲ့သည်။ နောက်ရက်တွင် "ကျောက်ယွင်"(Zhao Yun) ရောက်လာကာ စိန်ခေါ်နေကြောင်း မန်တပ်သားတို့က ဘုရင်ကိုသတင်းပို့သည်။ ကျူရုံအမျိုးသမီးသည် မြင်းစီးကာ ရန်သူကိုရင်ဆိုင်သည်။ "ကျောက်ယွင်"(Zhao Yun) သည် ခဏမျှတိုက်ပြီး ပြန်ဆုတ်သွားသည်။ အမျိုးသမီးသည် အနောက်မှလိုက်ပါက အန္တရာယ်ရှိမည်စိုးသောကြောင့် ဆက်မလိုက်ခဲ့ပေ။ ထိုအချိန်တွင် " ဝေရန်"(Wei Yan) ရောက်လာပြီး စိန်ခေါ်သည်။ ပြီးနောက် ရှုံးနိမ့်သွားဟန်ပြုပြီး ပြေးသွားသည်။ ထိုအကြိမ်တွင်လည်း အမျိုးသမီးသည် ရန်သူ့နောက်ကိုမလိုက်ခဲ့ပေ။
 နောက်ရက်တွင် "ကျောက်ယွင်"(Zhao Yun) ပေါ်လာပြီး စိန်ခေါ်ကာ ပြေးသွားပြန်သည်။ ကျူရုံအမျိုးသမီးက ဆက်မလိုက်ရန် အမိန့်ပေးလိုက်သည်။ ထိုအခြင်းအရာကို " ဝေရန်"(Wei Yan) မှ ကဲ့ရဲ့လှောင်ပြောင်ခဲ့သောကြောင့် မခံနိုင်ပဲ အနောက်မှလိုက်တိုက်သည်။ "ဝေရန်"(Wei Yan) သည် သူ၏မြင်းကို အလျင်အမြန်မောင်းသည့်အချိန်တွင် အမျိုးသမီးကလည်း နှစ်ဆမြန်အောင်လိုက်သည်။ အမျိုးသမီးနှင့်သူ၏နောက်လိုက်နောက်ပါတို့သည် တောင်ကြားရှိ ကျဉ်းမြောင်းသောလမ်းထဲသို့ဝင်သွားခဲ့သည်။ အနောက်ဘက်မှအသံကြား၍ကြည့်လေရာ အမျိုးသမီးသည် သူ့မြင်းပေါ်မှပြုတ်ကျသွားသည်။

သူမမှာ "မာတိုက်"(Ma Dai) ၏ကင်းပုန်းနှင့်တိုးသွားခြင်းဖြစ်ပြီး အသင့်ပြင်ထားသောကြိုးတို့က မြင်း၏ခြေကိုချော်သွားစေခဲ့ခြင်းဖြစ်သည်။ သူမကိုဖမ်းစီးချုပ်နှောင်ပြီးနောက် ရှူတပ်စခန်းသို့ခေါ်သွားသည်။ လူတချို့က သူမကိုကယ်တင်ရန်ကြိုးစားသော်လည်း အရာမထင်ခဲ့ပေ။
"ကျူးကဲလျန့်"(Zhuge Liang) သည် သူ့ရွက်ဖျင်တဲတွင်ထိုင်ကာ အကျဉ်းသားရောက်လာမည်ကိုစောင့်နေခဲ့ရာ မကြာမီပင် ကျူရုံအမျိုးသမီးကိုခေါ်လာကြသည်။ သူမကိုချည်နှောင်ထားသည့်ကြိုးတို့ကိုဖြည်စေခဲ့ပြီး နောက်ရွက်ဖျင်တဲတစ်ခုသို့ခေါ်သွားစေကာ အရက်တို့ကိုထားပေးထားသည်။ ပြီးနောက် သူမကို အဖမ်းခံရသောခေါင်းဆောင်နှစ်ဦးနှင့်လဲလှယ်မည်ဟု "မုန့်ဟော်"(Meng Huo) ထံအကြောင်းကြားစေသည်။ ဘုရင်က သဘောတူလိုက်ပြီး အကျဉ်းသားနှစ်ဦးကိုလွှတ်ပေးလိုက်သည်။ သူတို့ပြန်ရောက်လာသည်နှင့် "ကျူးကဲလျန့်"(Zhuge Liang) ကိုယ်တိုင် အမျိုးသမီးကိုခေါ်ကာ လျှိုမြောင်အဝထိလိုက်ပို့သည်။ "မုန့်ဟော်"(Meng Huo) သည် တစ်ဖက်ကလည်း ဝမ်းသာ၊ တစ်ဖက်မှာလည်း ဒေါသထွက်စွာဖြင့် ကြိုဆိုခဲ့သည်။

ပြီးနောက် ပါးနလျှိုမြောင်ဘုရင်ရောက်လာကြောင်း "မုန့်ဟော်"(Meng Huo) သိသောအခါ သူကိုယ်တိုင်ထွက်ပြီး "မုလူ"(Mu Lu) ကိုကြိုဆိုခဲ့သည်။ "မုလူ"(Mu Lu) သည် ဆင်ဖြူကိုစီးကာ ပိုးထည်ကိုဝတ်ဆင်ထားပြီး ရွှေနှင့်ပုလဲရတနာတို့ကိုဝတ်ဆင်ထားသည်။ သူ့ခါးပတ်တွင် ဓားနှစ်လက်ကိုချိတ်ထားပြီး
သူ့နောက်တွင် သူကျွေးမွေးထားသည့်တိရစ္ဆာန်များသည် ကခုန်ပြေးလွှားလျက်ပါလာသည်။ "မုန့်ဟော်"(Meng Huo) သည် ဦးညွတ်ကာနှုတ်ဆက်လိုက်ပြီး သူ့အဖြစ်အပျက်တို့ကိုပြောခဲ့သည်။ "မုလူ"(Mu Lu) မှ သူ့အစားလက်စားချေပေးမည်ဟုကတိပြုလိုက်ပြီ"မုလူ"(Mu Lu)ကို စားသောက်ပွဲသို့ခေါ်သွားခဲ့သည်။
နောက်ရက်တွင် "မုလူ"(Mu Lu) သည် တိုက်ပွဲထွက်ပြီး သူ့နောက်တွင် တောရိုင်းတိရစ္ဆာန်များပါသည်။

"ကျောက်ယွင်"(Zhao Yun) နှင့် "ဝေရန်"(Wei Yan) တို့သည် ခြေလျင်တပ်သားတို့ကိုအရှေ့ဘက်တွင် ခင်းကျင်းထားစေကာ ရန်သူ့အခြေအနေကိုကြည့်နေခဲ့သည်။ မန်မျိုးစုအလံနှင့်လက်နက်တို့မှာ သာမန်ထက်ထူးခြားသည်။ တပ်သားအများစုသည် သံချပ်ကာဝတ်ဆင်ထားခြင်းမရှိသလို အပေါ်ပိုင်းမှာ ဗလာဖြစ်သည်။ သူတို့မျက်နှာမှာနေလှောင်ခံထားရပြီး ခါးတွင် ဓားတိုလေးချောင်းချိတ်ထားသည်။ အချက်ပေးရာတွင် ဗုံ၊နှဲတို့ကိုမသုံးပဲ မောင်းကိုအသုံးပြုသည်။
ဘုရင် "မုလူ"(Mu Lu) သည် ခါးတွင် ဓားနှစ်လက်ကိုချိတ်ထားပြီး လက်တွင်ခေါင်းလောင်းကိုင်ထားသည်။ ပြီးနောက် သူ့ဆင်ဖြူကိုရှေ့သို့ထွက်စေရာ အလံများကြားမှ ပေါ်လာသည်။ "ကျောက်ယွင်"(Zhao Yun) မှ
"ကျုပ်တို့တွေ တစ်သက်လုံးစစ်မြေပြင်မှာ ကျင်လည်ခဲ့တာ တစ်ခါမှ ဒီလိုမျိုးမတွေ့ဖူးဘူး"

ထိုသို့စကားပြောနေတွင် တဖက်ခေါင်းဆောင်သည် မကြာခဏခေါင်းလောင်းကိုတီးပြီး ဂါထာ၊ ကျိန်စာကဲ့သို့တစ်ခုခု ရေရွတ်နေသည်ကိုတွေ့လိုက်သည်။ ပြီးနောက် ရုတ်တရတ် လေပြင်းထန်စွာတိုက်ပြီး ကျောက်တုံးတို့ကျလာကာ သဲတို့ပျံဝဲနေခဲ့ပြီး သည်းထန်သောမိုးတို့ရွာသွန်းခဲ့သည်။ ပြီးနောက် ခရာမှုတ်သံကိုကြားလိုက်ပြီး ကျား၊ ကျားသစ်၊ ဝံပုလွေ၊ မြွေ အစရှိသော တောရိုင်းတိရစ္ဆာန်များထွက်လာကာ တိုက်ခိုက်လေသည်။ ရှူတပ်တို့မှာ ထိုအရာကိုမည်သို့ယှဉ်နိုင်မည်နည်း? သို့ကြောင့် တပ်ဆုတ်ကြရာ မန်တပ်က အနောက်ဘက်မှ တရကြိမ်းတိုက်ခိုက်ကာ မြစ်သုံးသွယ်မြို့ရောက်သည်ထိ ရန်သူတို့ကိုလိုက်လံတိုက်ခိုက်၊ သတ်ဖြတ်ခဲ့လေသည်။
"ကျောက်ယွင်"(Zhao Yun) နှင့် "ဝေရန်"(Wei Yan) တို့သည် စစ်ရှုံးသောတပ်ကိုဦးဆောင်ကာ သူတို့ခေါင်းဆောင်ထံသွားပြီး စစ်ရှုံးသည့်အကြောင်းကိုတင်ပြသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်းမရှိပေ။
"ဒါ ခင်ဗျားတို့အပြစ်မဟုတ်ဘူး။ ဟိုးအရင် ကျုပ်တဲအိမ်လေးမှာနေတုန်းကတည်းက မန်လူမျိုးတွေက တိရစ္ဆာန်တွေကိုထိန်းချုပ်နိုင်တယ်ဆိုတာ ကြားသိဖူးတယ်။ ဒါကြောင့် ကျုပ်တို့တွေ ရှူပြည်ကမထွက်ခင် ပြင်ဆင်မှုတွေလုပ်လာတယ်။ ခင်ဗျားတို့အထုတ်အပိုးတွေထဲမှာ ဖုံးအပ်ထားတဲ့လှည်းအစီးနှစ်ဆယ်ရှိတာတွေ့လိမ့်မယ်။ အဲ့ဒါရဲ့တစ်ဝက်ကို အခုသုံးရမယ်"

ထိုလှည်းပေါ်မှ သေတ္တာအနီတို့ကိုသွားသယ်ခိုင်းခဲ့သည်၊ အားလုံးက မည်သို့အရာများဖြစ်မည်ကိုတွေးတောနေခဲ့သည်။ ၎င်းတို့ကိုဖွင့်လိုက်သောအခါ အထဲတွင် ထုဆစ်ထားသောတိရစ္ဆာန်ရုပ်များကိုတွေ့ရပြီး ထိုအရုပ်တို့ကိုသိုးမွေးအထည်ဖြင့်လွှမ်းခြုံထားသည်။ သွားများ၊ လက်သည်းများကိုသံမဏိဖြင့်ပြုလုပ်ထားပြီး အရုပ်တစ်ခုက လူဆယ်ယောက်စာကြီးသည်။ အရုပ်တစ်ရာကိုရွေးပြီး ထိုအရုပ်တို့ထဲတွင် လောင်စာများကိုထည့်သွင်းစေသည်။
နောက်ရက် ရှူတပ်ကြီးသည် တိုက်ခိုက်ရန်ချီတက်ခဲ့ပြီး ငွေကျင်းတောင်ကုန်းတွင် တပ်စွဲထားသည်။ မန်တပ်သားတို့သည် ထိုအကြောင်းကို လျှိုမြောင်ရှိဘုရင်ထံအကြောင်းကြားသည်။ "မုလူ"(Mu Lu) သည် သူ့ကိုယှဉ်နိုင်သူမရှိဟုမှတ်ယူကာ တုံ့ဆိုင်းခြင်းမရှိပဲ "မုန့်ဟော်"(Meng Huo) ကိုခေါ်ပြီး အပြင်သို့ထွက်လာခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် သာမန်တာအိုဝါဒီဝတ်စုံကိုဝတ်ဆင်ထားပြီး လှည်းယာဉ်ပေါ်တွင်ထိုင်နေသည်။ သူ့လက်တွင် ငှက်မွေးယပ်တာင်ကိုင်ထားသည်။ ရန်သူကိုမှတ်မိသော "မုန့်ဟော်"(Meng Huo) မှ လက်ညှိုးညွှန်ပြီး "မုလူ"(Mu Lu) ကိုပြောသည်။
"အဲ့လှည်းယာဉ်လေးပေါ်ကလူက ကျူးကဲလျန့်(Zhuge Liang) ပဲ။ သူ့ကိုသာဖမ်းနိုင်ရင် ကျုပ်တို့လုပ်ဆောင်မှုကြီးပြီးမြောက်ပြီ"

"မုလူ"(Mu Lu) သည် သူ့ဂါထာကိုရွတ်ကာ ခေါင်းလောင်းကိုတီးခဲ့သည်။ ယခင်နည်းတူပင် လေတို့ကြမ်းတမ်းစွာတိုက်လာပြီး တောရိုင်းတိရစ္ဆာန်များထွက်လာသည်။ သို့သော် ငှက်မွေးယပ်တောင်ကို တစ်ချက်ဝှေ့လိုက်သည်နှင့် ဝှစ်ခနဲဖြင့် လေတို့သည် လမ်းကြောင်းပြောင်းသွားခဲ့သည်။ ထို့နောက် ရှူတို့က တိရစ္ဆာန်ရုပ်များကိုလွှတ်လိုက်သည်။ တောရိုင်းတိရစ္ဆာန်အစစ်တို့သည် ထိုအရုပ်ကြီးများထံလာပြီး ကိုက်ခဲလေရာ ထိုအရုပ်တို့ပါးစပ်မှ မီးမှုတ်ပြီး နှာခေါင်းပေါက်မှ မီးခိုးငွေ့များထွက်လာသည်။ ကျင်းလင်ခေါင်းလောင်းများဝတ်ထားပြီး ထမြသောလက်သည်းများကြောင့်  တောရိုင်းတိရစ္ဆာန်အစစ်တို့မှာ ထွက်ပြေးပြီး ကိုယ့်ဘက်သားများကို နင်းမိ၊ကြိတ်မိလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် တိုက်ခိုက်ရန်အမိန့်ပေးလိုက်ပြီး ဗုံသံ၊ နှဲသံတို့နှင့်အတူ တပ်ဖွဲ့ကြီးသည်တိုက်ခိုက်လေသည်။ "မုလူ"(Mu Lu) သည် တိုက်ပွဲတွင်ကျသွားခဲ့ပြီး "မုန့်ဟော်"(Meng Huo) ၏လူမျိုးစုများသည် တောင်ကုန်းများမှထွက်ပြေးလေရာ ငွေကျင်းတောင်ကုန်းကိုသိမ်းပိုက်နိုင်ခဲ့သည်။

နောက်ရက်တွင် "ကျူးကဲလျန့်"(Zhuge Liang) မှ ဘုရင်ကိုရှာဖွေဖမ်းဆီးရန်အမိန့်ထုတ်လိုက်သည်။ ထိုအချိန်တွင် "မုန့်ဟော်"(Meng Huo) ၏ယောက်ဖတော်သူ ခေါင်းဆောင် "တိုက်လိုင်"(Dai Lai) သည် လက်နက်ချရန်တိုက်တွန်းခဲ့သော်လည်း ဘုရင်မှလက်မခံသဖြင့် "မုန့်ဟော်"(Meng Huo) ကိုဖမ်းဆီးလိုက်သည်ဟု သတင်းကြားရသည်။ ပြီးနောက် "တိုက်လိုင်"(Dai Lai) မှ ဘုရင်၊ မိဖုရားနှင့်မျိုးနွယ်စုဝင်အားလုံးကိုဖမ်းခေါ်ကာ "ကျူးကဲလျန့်"(Zhuge Liang) ထံလာခဲ့သည်။
ထိုသတင်းကိုကြားသောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှ "ကျန်းနီ"(Zhang Ni) နှင့် "မာကျုံး"(Ma Zhong) တို့ကိုခေါ်ပြီး သန်မာသောတပ်သားအချို့နှင့်အတူ ရွက်ဖျင်တဲနောက်တွင် ပုန်းနေစေ့ဟည်။ ပြီးနောက် ခေါင်းဆောင် "တိုက်လိုင်"(Dai Lai) အား သူဖမ်းခေါ်လာသည့် "မုန့်ဟော်"(Meng Huo) အပြင်အခြားသုံ့ပန်းများနှင့်အတူ ဝင်လာရန်ခေါ်လိုက်သည်။ "တိုက်လိုင်"(Dai Lai) အထဲသို့ဝင်လာသည်နှင့် "ကျူးကဲလျန့်"(Zhuge Liang) မှ
"သူတို့ကိုဖမ်းဖို့ထွက်လာတော့" ဟုအမိန့်ပေးလိုက်ရာ ပုန်းနေသောလူများသည် ထွက်လာပြီး မန်မျိုးနွယ်တို့ကိုဖမ်းလိုက်သည်။

"ခင်ဗျားရဲ့မဖြစ်စလောက်အကြံက ကျုပ်ကိုအရူးလုပ်နိုင်မယ်ထင်လို့လား? ခင်ဗျားက ကိုယ့်လက်အောက်ကလူကြောင့် ဒုတိယအကြိမ်အဖမ်းခံရတယ်။ ပထမအကြိမ်တုန်းက ခင်ဗျားကို ဘေးရန်မပြုခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်လာတာက ကျုပ်ကိုလုပ်ကြံဖို့စီစဉ်ပြီးလာတာလို့ ကျုပ်ယုံကြည်တယ်"
ပြီးနောက် အစောင့်တို့ကိုခေါ်ပြီး အကျဉ်းသားများ၏ကိုယ်ကိုစစ်ဆေးစေရာ လူတိုင်း၏ကိုယ်တွင် ချွန်မြသောဓားတစ်ချောင်းစီဆောင်ထားသည်ကို တွေ့ရသည်။
"ခင်ဗျားမိသားစုတွေပါ အဖမ်းခံရရင် လက်နက်ချမယ်လို့ပြောခဲ့တယ်မလား။ အခုရော ဘယ်လိုလဲ"
"ကျုပ်တို့က ကိုယ့်သဘောနဲ့ကိုယ်ရောက်လာတာဖြစ်ပြီး ခင်ဗျားကြောင့်အဖမ်းခံရတာ မဟုတ်လို့ လက်နက်မချနိုင်ဘူး"
"ဒါက ခြောက်ကြိမ်မြောက်ရှိနေပြီး ဒါတောင်မှ ခင်ဗျားက ခေါင်းမာနေတုန်းပဲ။ ဘာမျှော်လင့်နေတာလဲ?"
"ခင်ဗျား ကျုပ်ကို ခုနစ်ကြိမ်မြောက်ဖမ်းမိရင် ကျုပ်လက်နက်ချပြီး ဘယ်တော့မှ မပုန်ကန်ဘူး"
"ကောင်းပြီ၊ ခင်ဗျားရဲ့တပ်စခန်းက ပျက်စီးသွားပြီဆိုတော့ ကျုပ်က ဘာကြောက်စရာရှိလဲ"
ကြိုးဖြည်ပေးရန် အမိန့်ပေးလိုက်ပြီးနောက်
"ခင်ဗျား နောက်တစ်ကြိမ်အဖမ်းခံရပြီးရင်တော့ ပြန်လွှတ်ပေးဖို့အစီအစဉ်မရှိတော့ဘူး"

"မုန့်ဟော်"(Meng Huo)နှင့်အပေါင်းအပါတို့ကို ခေါင်းပေါ်လက်တင်ကာ ကြွက်စုတ်များကဲ့သို့ပြေးသွားလေသည်။ ရှုံးနိမ့်သွားသော မန်လူမျိုးတို့သည် ထောင်ဂဏန်းရှိပြီး တဝက်ခန့်မှာဒဏ်ရာရနေကြသည်။ သူတို့သည် ဘုရင်နှင့်ပြန်သွားကြပြီး အကုန်လုံးကိုစုစည်းစေပြီးနောက် ခေါင်းဆောင်တချို့ကျန်နေသေးသည့်အတွက် ဝမ်းမြောက်ခဲ့သည်။ ပြီးနောက် သူနှင့်ခေါင်းဆောင် "တိုက်လိုင်"(Dai Lai) တို့သည် မည်သို့လုပ်ကြမည်ကိုတိုင်ပင်ကြသည်။
"ကျုပ်တို့တွေဘယ်သွားကြမလဲ? ကျုပ်တို့စခန်းကြီးကလည်း ရန်သူလက်အောက်ကျသွားပြီ"
"ဒီတပ်ဖွဲ့တွေကိုအနိုင်ယူနိုင်မှာကတော့ ဝူကိုတိုင်းပြည်ပဲရှိပါတယ်။ အဲ့တိုင်းပြည်က ဒီနေရာရဲ့အရှေ့တောင်ဘက် မိုင်နှစ်ရာအကွာမှာရှိပြီး အဲ့ပြည်ဘုရင်က "ဝူထူကူ"(Wutu Gu) လို့ခေါ်ပါတယ်။ သူက  ဆယ့်နှစ်ထွာရှည်တဲ့ လူသန်ကြီးဖြစ်ပြီး ဆန်စပါးတွေကိုမစားပဲ မြွေတွေ၊ အဆိပ်ရှိတဲ့တိရစ္ဆာန်တွေကိုစားသုံးသူဖြစ်တယ်။ သူ့ရဲမက်တွေက ကြိမ်ပင်သံချပ်ကာကိုဝတ်တယ်၊ ဒီကြိမ်ပင်တွေက ချောက်ကမ်းပါးတွေက ကျောက်တုံးတွေနားမှာပေါက်တဲ့အပင်ဖြစ်တယ်။ အဲ့နားမှာနေတဲ့လူတွေက ကြိမ်ပင်ကိုခုတ်ပြီး ဆီထဲမှာ ခြောက်လလောက်စိမ်ထားတယ်။ ပြီးရင်တော့ နေရာအောက်မှာအခြောက်ခံပြီး အဲ့နောက်မှာတော့ ဆီထဲထပ်စိမ်ပြန်တယ်။ အဲ့လိုအကြိမ်ပေါင်းများစွာလုပ်ပြီးနောက်မှာ ထွက်လာတဲ့အရာကို ခမောက်၊ သံချပ်ကာအဖြစ်သုံးတယ်။ ဒါကိုအသုံးပြုရင် လူတွေက မြစ်ပေါ်မှာပေါလောပေါ်နိုင်ပြီးရေမစိုဘူး၊ ဒါ့အပြင် လက်နက်တွေ ထိုးမပေါက်ဘူး။ အဲ့တပ်သားတွေကို ကြိမ်ပင်တပ်လို့ခေါ်တယ်။ ဘုရင်ကြီးက အဲ့ဘုရင်ဆီက အကူအညီတောင်းသင့်ပါတယ်။ သူက ဓားကောင်းတစ်လက်က ဝါးပင်ကို အလွယ်တကူခုတ်သလို ကျူးကဲလျန့်(Zhuge Liang) ကိုရှင်းပေးနိုင်လိမ့်မယ်"
"မုန့်ဟော်"(Meng Huo) သည် ဝူကိုတိုင်းပြည်သို့သွားပြီး ဘုရင်နှင့်တွေ့သည်။

ထိုတိုင်းပြည်ရှိလူတို့သည် အိမ်ထဲတွင်မနေပဲ ဂူထဲတွင် နေကြသည်။ "မုန့်ဟော်"(Meng Huo) သည် သူ၏ကံဆိုးမှုများအကြောင်းကိုပြောပြီး တဖက်မှကူညီပေးမည်ဟုကတိပြုသောအခါ ကျေးဇူးတင်ခဲ့လေသည်။ "ဝူထူကူ"(Wutu Gu) သည် "ရှီနီ"(Xi Ni) နှင့် "ထူအန်း"(Tu An) ဟုခေါ်သည့် စစ်သူကြီးနှစ်ဦးကိုခေါ်ကာ ကြိမ်ပင်တပ်သားသုံးသောင်းပေးပြီး အနောက်မြောက်ဘက်သို့စစ်ချီစေသည်။ သူတို့သည် 'မက်မွန်ပန်း မြစ်' ဟုခေါ်သည့် မြစ်သို့ရောက်လာသည်၊ ထိုမြစ်၏ကမ်းနှစ်ဖက်လုံးတွင် မက်မွန်ပင်များစွာရှိသည်။ နှစ်စဉ်နှစ်တိုင်း ထိုအပင်မှအရွက်တို့သည် မြစ်ထဲကျသောကြောင့် ရေတို့မှာ အဆိပ်ရှိပြီး ဒေသခံမှလွဲ၍အခြားသူများသောက်ရန် မသင့်တော်ပေ။ သို့သော် ဒေသခံများအတွက်မူ ထိုရေမှာ သူတို့ကိုခွန်အားနှစ်ဆတိုးစေသည့်ရေဖြစ်သည်။ သူတို့သည် မြစ်ကမ်းနားတွင် စခန်းချကာ ရှူတပ်ကြီးချီတက်လာမည်ကို စောင့်နေသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် "မုန့်ဟော်"(Meng Huo) ၏အခြေအနေကိုကြားသိပြီး ကြိမ်ပင်တပ်သည် မြစ်ကူးနားတွင် စခန်းချထားသည်ကိုသိလေသည်။ "မုန့်ဟော်"(Meng Huo) ၏ကိုယ်ပိုင်တပ်လည်း ပါဝင်ကြောင်းကို ကြားသိသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ထိုမြစ်နားသို့သွားပြီး ဒေသခံတို့ကို မေးမြန်းရာ သူတို့မှ မက်မွန်ရွက်တို့ကြွေသောကြောင့် ရေတို့ကိုမသောက်နိုင်ကြောင်းပြောပြသည်။ ထို့ကြောင့် နှစ်မိုင်အကွာသို့ဆုတ်ခွာပြီး စခန်းချထားခဲ့သည်။ ထိုကမ်းစပ်နားတွင်စောင့်ကြည့်ရန်အတွက် "ဝေရန်"(Wei Yan) ကို ထားခဲ့သည်။

နောက်ရက်တွင် "ဝူထူကူ"(Wutu Gu) သည် ဝူကိုတပ်သားများကိုဦးဆောင်ပြီး ဗုံတို့ကိုတီးကာ စမ်းချောင်းကိုဖြတ်ကျော်ခဲ့သည်။ "ဝေရန်"(Wei Yan) မှထွက်ပြီး သူတို့ကိုရင်ဆိုင်သည်။ ဝူကိုတပ်တို့သည် ကိုယ်ကိုကိုင်းကာ ချဉ်းကပ်လာသည်။ ရှူတပ်သားတို့သည် မြားဖြစ်ပစ်သော်လည်း မြားတို့သည် ချပ်ဝတ်အင်္ကျီကိုမတိုးဖောက်နိုင်ပေ။ သူတို့သည် ဒဏ်ရာမရပဲဆက်ချီတက်လာသည်။ ထို့အပြင် ဓား၊လှံတို့နှင့်လည်း မတိုက်နိုင်ပေ။ တစ်ဖက်ရန်သူတို့သည် ဓားရှည်၊ ခက်ရင်းခွရှည်တို့ကိုကိုင်ဆောင်ထားကြသောကြောင့် ရှူတပ်တို့သည် ထွက်ပြေးရသည်။ သို့သော် ရန်သူတို့သည် အနောက်မှ လိုက်ခြင်းမရှိပေ။ မက်မွန်ပန်းမြစ်၏ရေတိမ်ပိုင်းနားကိုရောက်လာသောအခါ မန်တို့သည် ရေပေါ်တွင် လမ်းလျှောက်သကဲ့သို့ ကူးဖြတ်လာသည်ကိုမြင်သည်။ အချို့မှာ ပင်ပန်းသောကြောင့် ကြိမ်ပင်အင်္ကျီကိုချွတ်ပြီး ထိုပေါ်တွင်ထိုင်ကာ မြောပါလာသည်။
ထိုအကြောင်းကို "ကျူးကဲလျန့်"(Zhuge Liang) ကြားလျှင် "လုခိုင်"(Lu Kai) နှင့်အခြားဒေသခံတို့ကိုခေါ်ခဲ့သည်။ "လုခိုင်"(Lu Kai) မှ
"ဒီဝူကိုတိုင်းပြည်က အရိုင်းအစိုင်းတွေများတယ်လို့ကြားဖူးတယ်။ ဒီကလူတွေက အလယ်ပိုင်းဒေသကလူတွေလို ဥပဒေတွေဘာတွေမရှိဘူး။ ဒါ့အပင် ကြိမ်ပင်သံချပ်ကာရဲ့ထိုးမဖောက်နိုင်စွမ်းနဲ့ မက်မွန်ပန်းမြစ်ရဲ့ဘေးအန္တရာယ်တွေကိုလည်း ကြားဖူးတယ်။ တောင်ပိုင်းမန်တွေကိုယဉ်ကျေးအောင်လုပ်ဖို့ဆိုတာ ခက်ခဲမယ်။ ဒီတော့ တပ်ပြန်ဆုတ်တာကောင်းမယ်"
"မဖြစ်ဘူး။ ကျုပ်တို့တွေ အခက်အခဲတွေကြုံပြီးတော့မှ ဒီကိုရောက်လာတာ၊ အလွယ်တကူလက်လျှော့လို့မဖြစ်ဘူး။ ဒီလူတွေကိုတန်ပြန်တိုက်ဖို့အတွက် မနက်ဖြန်မှာစီစဉ်ထားမယ်"

တပ်စခန်းတွင် ခုခံရန်အဆင်သင့်ပြင်ဆင်ထားစေပြီး စစ်သူကြီးတို့ကိုထွက်မတိုက်ရန်အမိန့်ပေးကာ "ကျူးကဲလျန့်"(Zhuge Liang) သည် အပြင်သို့ထွက်ပြီး လေ့လာခဲ့သည်။ သူ၏လှည်းယာဉ်ပေါ်တွင်ထိုင်ကာ ဒေသခံအချို့ကိုလမ်းပြအဖြစ်ခေါ်ခဲ့သည်။ သူသည် မြစ်၏ရေတိမ်ပိုင်းမှတဆင့် မြောက်ဘက်တောင်တန်းများစီသွားခဲ့သည်။ ဒေသတစ်ခုလုံးမှာ တောတောင်တို့ဖြင့်ပိတ်ဖုံးနေပြီး လှည်းယာဉ်ဖြင့်သွားရန်မသင့်တော်ပေ။ ထို့ကြောင့် လှည်းပေါ်မှဆင်းပြီး ခြေလျင်သွားရသည်။ မကြာမီတွင်ပင် တောင်ကုန်းတစ်ခုပေါ်သို့ရောက်ပြီး ထိုနေရာမှလှမ်းကြည့်လျှင် မြွေကဲ့သို့ကွေ့ကောက်သော တောင်ကြားတစ်ခုကိုမြင်ရသည်။ ဘေးပတ်လည်မှာ မတ်စောက်ပြီး မည်သည့်အပင်မှမပေါက်ပေ။ သို့သော် အလယ်တွင် လမ်းတစ်လမ်းရှိနေသည်။
"ဒီတောင်ကြားကို ဘာခေါ်လဲ"
"မြွေခွေတောင်ကြားလို့ခေါ်ပါတယ်။ ဒီကအဆုံးမှာဆိုရင် မြစ်သုံးသွယ်ကိုသွားတဲ့လမ်းမကြီးကိုရောက်သွားမှာဖြစ်ပြီး တဖက်မှာတော့ 'ထလန်စီး'လို့ခေါ်တဲ့ချိုင့်ဝှမ်းရှိပါတယ်"
"ဒီနေရာမှာ ကျုပ်အောင်မြင်မှုရလိမ့်မယ်"

ထို့နောက် လှည်းယာဉ်ထားသောနေရာသို့လမ်းပြန်လျှောက်ပြီး စခန်းသို့ပြန်ခဲ့သည်။ စခန်းသို့ရောက်သောအခါ "မာတိုက်"(Ma Dai) ကိုခေါ်ပြီး အမိန့်ပေးသည်။
"ခင်ဗျားကို ဆေးသုတ်ထားတဲ့လှည်းဆယ်စီးပေးမယ်။ အဲ့ဒါတွေနဲ့ဝါးလုံးအချောင်းတစ်ထောင်ယူဆောင်ရမယ်။ လှည်းတွေကိုဖွင့်ပြီးရင် ကျုပ်မှာထားတဲ့အတိုင်းလုပ်ပါ။ ပြီးရင်တော့ မြွေခွေတောင်ကြားရဲ့နှစ်ဖက်လုံးကိုစောင့်ကြည့်ထားရမယ်။ ဒါ့ကို လဝက်အတွင်းပြီးအောင်လုပ်ရမယ်။ ဒီလိုလုပ်တာတွေကို စစ်စည်းကမ်းနဲ့အပြစ်ဒဏ်ပေးစနစ်ကိုအသုံးချပြီး ဘယ်သူမှမသိအောင်လျှို့ဝှက်ထားရမှာဖြစ်တယ်"
ထို့နောက် "ကျောက်ယွင်"(Zhao Yun) ကို မြစ်သုံးသွယ်လမ်းသို့စေလွှတ်ခဲ့ပြီး "ဝေရန်"(Wei Yan) ကို မက်မွန်ပန်းမြစ်ဆိပ်နားသို့လွှတ်ခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ "ဝေရန်"(Wei yan) အား
"အကယ်၍ မန်တွေချီတက်လာရင် ခင်ဗျားကတပ်ဆုတ်ပြီး အဖြူရောင်အလံစိုက်ထားတဲ့နေရာကိုချီတက်ပါ။ လဝက်အတွင်းမှာ ဆယ့်ငါးကြိမ်ရှုံးနိမ့်ချင်ယောင်ဆောင်ပြီး စခန်းခုနစ်ခုလောက်ကိုစွန့်လွှတ်ရလိမ့်မယ်။ ဆယ့်လေးကြိမ်မြောက်ရှုံးနိမ့်ပြီးရင်တောင်မှ ကျုပ်ဆီမလာပါနဲ့ဦး"
ထိုအမိန့်သည် ထူးဆန်းသော်လည်း "ဝေရန်"(Wei Yan) သည် ထိုအမိန့်အတိုင်းလုပ်ဆောင်ရန် ထွက်သွားသည်။
ပြီးနောက် “ကျန်းရီ(Zhang Yi) ကို တစ်နေရာတွင် တပ်စခန်းပြုလုပ်စေပြီး “ကျန်းနီ(Zhang Ni) နှင့် “မာကျုံး(Ma Zhong) တို့ကိုမူ လက်နက်ချသောမန်တပ်သားတို့ကိုဦးဆောင်စေကာ တစ်နေရာသို့ စေလွှတ်ခဲ့သည်။ "မုန့်ဟော်"(Meng Huo) မှ ဝူကိုဘုရင် "ဝူထူကူ"(Wutu Gu) အား "ကျူးကဲလျန့်"(Zhuge Liang) နှင့်ပတ်သတ်ပြီး သတိပေးခဲ့သည်။
"ဒီ ကျူးကဲလျန့်(Zhuge Liang) က ဉာဏ်နီဉာဏ်နက်များတယ်။ ခြုံခိုတိုက်တာက သူအကြိုက်ဆုံးနည်းဗျူဟာတစ်ခုပဲ။ ဒါကြောင့် ခင်ဗျားတပ်သားတွေကို သစ်တောထူတဲ့ထဲမသွားဖို့ သတိပေးထားရမယ်"
"ဘုရင်ကြီးပြောတာ အကျိုးအကြောင်းဆီလျော်ပါတယ်။ အလယ်ပိုင်းဒေသကလူတွေက ကောက်ကျစ်စဉ်းလဲတယ်ဆိုတာ ကြားဖူးတာကြာပြီ။ ကျွန်တော် ခင်ဗျားအကြံကိုနားထောင်ပြီး ကျွန်တော်ရှေ့ကသွားပြီးတော့ ခင်ဗျားက နောက်မှာနေပြီး အမိန့်ပေးပါ"
ရှူတပ်ကြီးသည် မက်မွန်ပန်းမြစ်နားသို့ရောက်လာကြောင်း ကင်းထောက်တို့မှတဆင့်သိရသောအခါ "ဝူထူကူ"(Wutu Gu) သည် သူ၏စစ်သူကြီးနှစ်ဦးဖြစ်သော "ရှီးနီ"(Xi Ni) နှင့် "ထူအန်း"(Tu An) တို့ကိုလွှတ်ကာတိုက်စေသည်။ နှစ်ဦးနှစ်ဖက်ရင်ဆိုင်တိုက်ခိုက်ပြီးနောက် "ဝေရန်"(Wei Yan) သည် အရှုံးနှင့်ရင်ဆိုင်ကာ ဆုတ်ခွာသွားရသည်။ မန်တို့သည် ရန်သူ့ကင်းပုန်းမိမည်စိုးသောကြောင့် ဆက်မလိုက်ပေ။

ထိုအချိန်တွင် "ဝေရန်"(Wei Yan) သည် နောက်စခန်းတစ်ခုဆောက်ခဲ့သည်။ မန်တို့သည် အရှိန်ဖြင့်မြစ်ကိုဖြတ်လာသောအခါ "ဝေရန်"(Wei Yan) မှ ထွက်ရင်ဆိုင်ကာ ခဏကြာမျှတိုက်ပြီး ထွက်ပြေးလေသည်။ ထိုအချိန်တွင် မန်တို့သည် အနောက်မှလိုက်တိုက်သော်လည်း သုံးမိုင်ခန့်အကွာတွင် ရန်သူ့မျက်ခြည်ပြတ်သွားခဲ့သည်။ ရှူတို့၏စခန်းမှာ လုံခြုံပုံရသောကြောင့် ထိုစခန်းကိုသိမ်းလိုက်သည်။ နောက်ရက် "ရှီးနီ"(Xi Ni) နှင့် "ထူအန်း"(Tu An) တို့သည် ဘုရင် "ဝူထူကူ"(Wutu Gu) ကို စခန်းသို့လာရန်ခေါ်ခဲ့ပြီး ဖြစ်ပျက်ခဲ့သည်တို့ကို တင်ပြလေသည်။ "ဝူထူကူ"(Wutu Gu) သည် ရှူတပ်တို့ကိုဆက်တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ပြီး တိုက်ခိုက်ရာ ရှူတပ်ကြီးသည် သူတို့၏သံချပ်ကာ၊ လက်နက်တို့ကိုထားရစ်ခဲ့ပြီး ထွက်ပြေးလေသည်။ ရှူတပ်သည် အဝေးမှ အလံဖြူထောင်ထားသောနေရာသို့ပြေးသွားခဲ့သည်။ ထိုနေရာတွင် အဆင်သင့်ဆောက်ထားသောစခန်းကိုတွေ့သဖြင့် ထိုစခန်းတွင်နေထိုင်ကြသည်။
မကြာမီတွင်ပင် "ဝူထူကူ"(Wutu Gu) သည် အနီးသို့ရောက်လာပြီး တိုက်ခိုက်ရာ "ဝေရန်"(Wei Yan) က စခန်းကိုစွန့်ပြီး ပြေးသည်။ မန်တို့သည် ထိုတပ်စခန်းကိုသိမ်းလိုက်ပြန်သည်။ မန်တပ်က နောက်မှဆက်ပြီးလိုက်သည့်အခါတွင် "ဝေရန်"(Wei Yan) မှ ပြန်လှည့်လာသည်။ သို့သော် ခဏသာလှည့်လာကြည့်ခြင်းဖြစ်ပြီး နောက်ထပ် အဖြူရောင်အလံစိုက်ထားသည့်ဘက်သို့သွားသည်။

ထိုအဖြစ်အပျက်တို့သည် ထပ်ခါထပ်ခါဖြစ်ခဲ့ပြီး ရှူတပ်သည် ဆယ့်ငါးကြိမ်စစ်ရှုံးကာ တပ်စခန်း ခုနစ်ခုကိုစွန့်လွှတ်ခဲ့ရသည်။ မန်တို့သည် အနောက်မှ အသည်းအထန်လိုက်နေခဲ့ပြီး "ဝူထူကူ"(Wutu Gu) မှ အရှေ့ဆုံးက ဦးဆောင်သည်။ သို့သော် သစ်တောထူထပ်သည့်အရပ်တို့ရောက်သည့်အချိန်တွင် ခဏရပ်နားလိုက်သောအခါ သစ်ပင်တို့၏အနောက်ဘက်တွင် လှုပ်နေသောအလံများကိုသတိထားမိသည်။ "ဝူထူကူ"(Wutu Gu) မှ "မုန့်ဟော်"(Meng Huo) အား
"ခင်ဗျားပြောတဲ့အတိုင်းပဲ၊ ဒီရှူပြည်သားတွေက ချောင်းမြောင်းတိုက်တာကိုနှစ်သက်တယ်"
"အင်း၊ ကျူးကဲလျန့်(Zhuge Liang) က ဒီတစ်ခါတော့ စစ်ရှုံးရတော့မယ်။ ကျုပ်တို့တွေ သူ့တပ်တွေကို နေ့တိုင်းတိုက်ပြီး ဆယ့်ငါးကြိမ်အနိုင်ယူပြီးပြီ။ သူတို့တပ်တွေက လေတိုက်သံလေးကြားရုံနဲ့ထွက်ပြေးနေကြပြီ။ တကယ်တော့ သူ့အကြံဉာဏ်တွေကုန်ခမ်းသွားလို့ပဲဖြစ်မယ်။ ကျုပ်တို့တိုက်ပွဲကြီးပြီးဆုံးတော့မယ်"
"ဝူထူကူ"(Wutu Gu) သည် လွန်စွာဝမ်းမြောက်နေခဲ့ပြီး ရန်သူအပေါ်အထင်သေးခဲ့သည်။
ဆယ့်ခြောက်ရက်နေ့မြောက်တွင် "ဝေရန်"(Wei Yan) သည် သူ၏စစ်ရှုံးသွားခဲ့သောတပ်သားများနှင့်အတူ ကြိမ်ပင်တပ်ကိုလာရင်ဆိုင်သည်။ ဘုရင် "ဝူထူကူ"(Wutu Gu) သည် ဆင်ဖြူကိုစီးကာ အရှေ့တွင်နေ,နေသည်။ သူသည် နေ၊လသင်္ကေတနှင့် ဝံပုလွေမုတ်ဆိတ်အလံကိုပြသည့်ဦးထုပ်ကိုဆောင်းထားသည်။ ကျောက်မျက်ရတနာများဖြင့် စီထားသောအဝတ်ကိုဝတ်ထားပြီး အထဲမှ သံချပ်ကာကိုဖော်ထားသည်။ သူ၏မျက်လုံးတို့မှာ မီးထွက်မတတ်ဖြစ်ကာ "ဝေရန်"(Wei Yan) ကို မထေသည့်ဟန်ပြုပြီး ဆဲဆိုခဲ့သည်။

"ဝေရန်"(Wei Yan) သည် မြင်းကိုကြာပွတ်ဖြင့်မောင်းပြီး ပြေးသွားသည်။ မန်တို့မှ အနောက်မှလိုက်သည်။ အလံဖြူပြသည့်နေရာဘက်သို့သွားရင်း မြွေခွေတောင်ကြားသို့ရောက်သွားသည်။ "ဝူထူကူ"(Wutu Gu) သည် အနောက်မှလိုက်ပြီး ထိုတောင်မှာ အပင်တို့မပေါက်သည့်တောင်ကတုံးဖြစ်သောကြောင့် ကင်းပုန်းတို့မရှိနိုင်ဟု စိတ်ချသွားသည်။ ထို့ကြောင့် တောင်ကြားထဲထိလိုက်လာသောအခါဝယ် အမည်းရောင်ဆေးသုတ်သားသောလှည်းတို့ကိုတွေ့လေသည်။
"ဒီလှည်းတွေက ရန်သူတွေရဲ့ထောက်ပို့လှည်းတွေဖြစ်ရမယ်။ ဘုရင်မင်းမြတ်ချီတက်လာတာသိတော့ သူတို့တွေထွက်ပြေးသွားတာဖြစ်မယ်"
ရှူတပ်သားတို့ပျောက်ကွယ်သွားသောကြောင့် ဘုရင်မှ တောင်ကြားလမ်း၏တဖက်သို့ရောက်ရန် အလျင်အမြန်ချီတက်စေသည်။ သို့သော် တောင်ကုန်းပေါ်မှလိမ့်ကျလာသော သစ်တုံး၊ ကျောက်တုံးများပိတ်နေသည်ကို တွေ့လိုက်သည်။ ထိုအတားအဆီးများကိုဖယ်ရှားပြီး ရှေ့ဆက်ချီတက်သောအခါ ဘီးပါသောယာဉ်များကိုတွေ့ပြီး အချို့ကသေးကာ အချို့ကကြီးသည်။ ထိုယာဉ်တို့တွင် သစ်နှင့်ကောက်ရိုးများရှိပြီး မီးလောင်ကျွမ်းနေသည်။ "ဝူထူကူ"(Wutu Gu) သည် ကြောက်လန့်ပြီး တပ်ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။

သို့သော် အနောက်ဘက်မှ အော်သံကိုကြားလိုက်ရပြီး
"ထွက်ပေါက်ကိုလည်း သစ်သားလှည်းတွေကပိတ်ထားတယ်၊ အဲ့ပေါ်မှာ လောင်စာတွေပါပြီး အကုန်လုံးက မီးတောက်လောင်နေတယ်"
ထိုသို့ဖြစ်နေသော်လည်း တောင်ကြားမှာ သစ်ပင်ခြုံနွယ်များမရှိသောကြောင့် "ဝူထူကူ"(Wutu Gu) သည် စိုးရိမ်ခြင်းမရှိပဲ တပ်သားတို့ကို ထွက်ပေါက်ရှာရန် အမိန့်ပေးလိုက်သည်။ မကြာမီတွင် တောင်ကုန်းပေါ်မှ မီးတုတ်များပစ်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုမီးတုတ်တို့သည် မြေပြင်တစ်နေရာသို့ရောက်သည်နှင့် နေရာတစ်ခုလုံးမီးလောင်ကျွမ်းသွားပြီး မီးစမီးနတို့သည် တခြားဘက်ကို ပြန့်သွားသည်။ ကြိမ်ပင်ချပ်ဝတ်အင်္ကျီတို့ကိုမီးလောင်ကျွမ်းပြီး တပ်ဖွဲ့တစ်ခုလုံး မီးစွဲနေခဲ့သည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် အပေါ်မှနေကာ မန်တို့မီးလောင်နေသည်ကိုကြည့်နေသည်။ ပေါက်ကွဲမှုတို့ကြောင့် လူများစွာတို့သေဆုံး၊ ပြတ်ထွက်ခဲ့သည်။ လေထုတစ်ခုလုံးသည် မီးခိုးငွေ့တို့ဖြင့်ပြည့်နေသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ထိုသတ်ဖြတ်မှုတို့ကိုကြည့်ပြီး မျက်ရည်ကျကာ သက်ပြင်းချပြီး
"ဒီလိုလုပ်တာက တိုင်းပြည်အတွက် အကျိုးဆောင်ခဲ့ပေမယ့်လည်း လူပေါင်းများစွာရဲ့အသက်ကို စတေးခဲ့ရတယ်။ အဲ့ဒါတွေကြောင့် ငါ့အသက်လည်း တိုလိမ့်မယ်"
သူနှင့်အတူပါလာသောလူတို့သည်လည်း ထိုစကားကြောင့် စိတ်မကောင်းဖြစ်ကြသည်။

တပ်စခန်းထဲတွင် အောင်မြင်မှုသတင်းကိုစောင့်နေသော "မုန့်ဟော်"(Meng Huo) ထံသို့ မန်တပ်သားတို့မှ သတင်းပို့ခဲ့သည်။
"ဘုရင် ဝူထူကူ(Wutu Gu) ဟာ တိုက်ပွဲကြီးဆင်နွှဲနေပြီး မြွေခွေတောင်ကြားမှ ကျူးကဲလျန့်(Zhuge Liang) ကို ဝန်းရံထားပါပြီ။ ဒါပေမယ့် သူကအခုစစ်ကူလိုနေပါတယ်။ ကျွန်တော်တို့က ဒီဒေသခံတွေဖြစ်ပါတယ်။ ရှူတပ်ကြီးချီတက်လာတော့ မတတ်သာပဲလက်နက်ချရပေမယ့် အခုတော့ အရှင်မင်းကြီးရဲ့ဩဇာအောက်မှာ လာခိုလှုံတာပါ"
"မုန့်ဟော်"(Meng Huo) သည် သူ၏တပ်သားများနှင့် အသစ်ရောက်လာသူတို့ကိုဦးဆောင်ပြီး စစ်ချီသည်။ ဒေသခံတို့ကိုလမ်းပြခိုင်းပြီး တောင်ကြားကိုရောက်သောအခါ ပျက်စီးဆုံးရှုံးသည့်အခြေအနေကိုမြင်ပြီးနောက် ရန်သူ့လှည့်စားမှုကိုခံလိုက်ရပြီဟု သိလိုက်သည်။ သူသည် ပြန်လှည့်ရန်ပြုသောအခါဝယ် "ကျန်းနီ"(Zhang Ni) နှင့် "မာကျုံး"(Ma Zhong) တို့ပေါ်လာပြီး တိုက်ခိုက်လေသည်။ "မုန့်ဟော်"(Meng Huo) သည် ပြန်လည်ခုခံနေစဉ် အော်သံတို့ကြားလိုက်ရသည်။ အသစ်ရောက်လာသောမန်တို့မှာ ရုပ်ဖျက်ထားသော ရှူတပ်သားများဖြစ်နေပြီး သူနှင့်မျိုးနွယ်စုများကိုဖမ်းကာ သုံ့ပန်းများဖြစ်စေခဲ့သည်။
"မုန့်ဟော်"(Meng Huo) ကို တောင်ကုန်းပေါ်သို့ခေါ်လာပြီး လှည်းယာဉ်တစ်ခု၏ရှေ့တွင် ရပ်စေခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ယပ်တောင်ကိုကိုင်ကာ ထိုလှည်းပေါ်တွင်ထိုင်နေပြီး သူ့နားတွင် ကိုယ်ရံတော်အချို့ရှိသည်။

"အခုတော့ ဘယ်လိုလဲ၊ သူပုန် မုန့်ဟော်(Meng Huo)?"
"မုန့်ဟော်"(Meng Huo) သည် ထွက်ပြေးရန်ပြုသော်လည်း "မာတိုက်"(Ma Dai) မှ သူ့ကိုထပ်မံဖမ်းဆီးချုပ်နှောင်လိုက်သည်။ သူ၏ဇနီး "ကျူရုံ"(Zhurong) နှင့် အခြားမိသားစုဝင်များကိုလည်း ဖမ်းဆီးရရှိခဲ့လေသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် စခန်းသို့ပြန်လာပြီး ရွက်ဖျင်တဲ၏အမြင့်တွင် ထိုင်ကာ သေဆုံးသွားသည့်တပ်သားများကိုတွေးပြီး စိတ်မကောင်းဖြစ်ကာ သူ၏အမှုထမ်းတို့အား ပြောပြသည်။
"ကျုပ် အဲ့အကြံကိုသုံးဖို့ကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒါက ကျုပ်ရဲ့အကျင့်သီလကို အစွန်းရာထင်သွားစေခဲ့တယ်။ ရန်သူတွေက ကျုပ်တို့တွေကင်းပုန်းချထားလိမ့်မယ်လို့ထင်အောင် သစ်ပင်ထူထပ်တဲ့နေရာကိုလူလွှတ်ပြီး အလံနဲ့လျှောက်သွားစေခဲ့တယ်။ တကယ်တော့ အဲ့မှာ ဘာကင်းပုန်းမှမရှိခဲ့ဘူး။ ဝေရန်(Wei Yan) ကို တမင်စစ်ရှုံးစေပြီး ရန်သူတွေဘဝင်မြင့်သွားအောင် လုပ်စေခဲ့တယ်။ ပြီးတော့ ကျောက်တုံးတွေပဲရှိပြီး နက်နဲတဲ့လမ်းတွေနဲ့ မြွေခွေတောင်ကြားကိုမြင်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သိပြီး မာတိုက်(Ma Dai) ကိုလွှတ်ပြီးတော့ အရင်ထဲကအသင့်ပြင်ထားတဲ့ အနက်ရောင်လှည်းယာဉ်တွေနဲ့မိုင်းတွေကို ထောင်ထားစေခဲ့တယ်။ ဗုံးတစ်ခုစီမှာ အသေးလေးကိုးခုပါပြီး ခြေလှမ်းသုံးဆယ်အကွာတိုင်းမှာ တစ်ခုမြှုပ်ထားတယ်။ အဲ့ဒါတွေကို ဝါးလုံးတွေနဲ့ချိတ်ဆက်ထားပြီး တစ်ခုပေါက်ကွဲရင် အကုန်ပေါက်ကွဲအောင် လုပ်ထားစေခဲ့တယ်။ ကျောက်ယွင်(Zhao Yun) က ကောက်ရိုးတွေပုံထားတဲ့လှည်းတွေအပြင် ကျောက်တုံးတွေ၊ သစ်တုံးတွေကိုတွန်းချပြီး အဝမှာပိတ်ထားခဲ့တယ်။ ဝေရန်(Wei Yan) ကတော့ ဝူထူကူ(Wutu G) ကို တောင်ကြားလမ်းထဲမြားခေါ်ခဲ့တယ်၊ ပြီးတော့ မီးလောင်ကျွမ်းအောင်လုပ်ခဲ့တယ်။ ရေအတွက်ကောင်းတဲ့အရာက မီးရဲ့ရန်သူပဲလို့ပြောကြတယ်။ ဓား၊ မြားတွေထိုးမပေါက်အောင် ကြိမ်တွေကိုဆီထဲစိမ်ထားတယ်ဆိုတော့ ဒါက မီးလောင်ကျွမ်းနိုင်တဲ့အရာပဲမဟုတ်လား။ မန်တွေက ခေါင်းမာလွန်းတော့ သူတို့ကိုအနိုင်ယူနိုင်မယ့် တစ်ခုတည်းသောနည်းက မီးပဲဖြစ်တယ်။ ဒါပေမယ့် ဝူကိုပြည်သားတွေအများကြီး သေကြေပျက်စီးခဲ့တဲ့အတွက် နောင်တရမိတယ်"
အမှုထမ်းတို့သည်လည်း ကရုဏာသက်ခဲ့လေသည်။
ထို့နောက် "မုန့်ဟော်"(Meng Huo) ကိုခေါ်ကာ ဝင်လာပြီး ဒူးထောက်နေသည်။ သူ့ခြေလက်တို့ကိုတုတ်နှောင်ထားသည်ကိုဖြည်ပေးလိုက်ကာ တခြားရွက်ဖျင်တဲသို့ခေါ်သွားစေကာ သောက်စားစေခဲ့သည်။ "မုန့်ဟော်"(Meng Huo) ကိုဧည့်ခံသည့်အမှုထမ်းကို လျှို့ဝှက်အမိန့်မှာကြားထားခဲ့သည်။ အဓိကအကျဉ်းသားများမှာ "မုန့်ဟော်"(Meng Huo) ၊ ကျူရုံအမျိုးသမီး၊ "မုန့်ယို"(Meng You) နှင့် "တိုက်လိုင်"(Dai Lai) တို့ဖြစ်သည်။ သူ၏မျိုးနွယ်စုများလည်း ပါဝင်သည်။ သူတို့စားသောက်နေသည့်အချိန် အပေါက်ဝမှ သံတမန်ပေါ်လာကာ
"ဝန်ကြီးချုပ်က ရှက်လို့ခင်ဗျားနဲ့မတွေ့ချင်တော့ဘူး။ ဒါပေမယ့် ဘုရင်ကြီးကိုပြန်လွှတ်ပေးဖို့ ကျွန်တော့ကိုမှာလိုက်တယ်။ ဘုရင်က နောက်တပ်တပ်ဖွဲ့ဖွဲ့ပြီးတော့ တိုက်ခိုက်ဖို့ကြိုးစားနိုင်သေးတယ်။ အခုထွက်သွားလို့ရပြီ"
ထိုအခါ "မုန့်ဟော်"(Meng Huo) သည် စတင်ငိုကြွေးလေသည်။
"ခုနစ်ကြိမ်သုံ့ပန်းဖြစ်ပြီး ခုနစ်ကြိမ်သူများလွှတ်ပေးတာ ခံရတယ်။ ဒီလိုမျိုးတစ်လောကလုံးမှာ ဖြစ်ဖူးမှာမဟုတ်ဘူး။ ကျုပ်က လူရိုင်းဆိုပေမယ့်လည်း ရည်မွန်ခြင်း၊ ကောင်းမွန်ခြင်းဆိုတာတွေနားလည်ပါတယ်။ ကျုပ်ကိုမရှက်တတ်ဘူးလို့သူက ထင်လို့လား"
ထို့နောက် သူနှင့်နောက်လိုက်နောက်ပါတို့သည် သေနာပတိ၏ရွက်ဖျင်တဲရှေ့သို့သွားပြီး ဒူးထောက်ကာ တောင်းပန်လေသည်။
"အို၊ ဝန်ကြီး၊ ခင်ဗျားဟာ ကြီးမြတ်တဲ့ကောင်းကင်ကြီးပါပဲ။ ကျွန်တော်တို့တောင်ပိုင်းသားတွေ ထပ်ဆန့်ကျင်ဖို့ဆန္ဒမရှိတော့ပါဘူး"
"ဒါဆို ခင်ဗျား လက်နက်ချပြီပေါ့"
"ကျွန်တော်ရော၊ ကျွန်တော့သားသမီး၊ မြေးမိသားစုတွေရော ဝန်ကြီးရဲ့ထင်ရှားတဲ့သနားကြင်နာမှုကိုခံစားရခဲ့ပါပြီ။ ကျွန်တော်တို့တွေ လက်နက်မချပဲ ဘယ်ရှိပါ့မလဲ"

"ကျူးကဲလျန့်"(Zhuge Liang) သည် "မုန့်ဟော်"(Meng Huo) ကိုစခန်းထဲသို့လာစေကာ ထိုင်စေပြီးနောက် စားသောက်ပွဲကြီးတည်ခင်းစေသည်။ ထို့နောက် "မုန့်ဟော်"(Meng Huo) ကို မူလဘုရင်ရာထူးပင်ထားခဲ့ပြီး သိမ်းပိုက်ရရှိသောနယ်မြေများကိုပြန်ပေးအပ်ခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) ၏ရက်ရောမှုကြောင့် အကုန်လုံးက ဝမ်းသာသွားကြသည်။
အတိုင်ပင်ခံ "ဖေးယီ"(Fei Yi) သည် "ကျူးကဲလျန့်"(Zhuge Liang) ၏မူဝါဒကိုကန့်ကွက်ခဲ့သည်။
"ဝန်ကြီးက တပ်ဖွဲ့ကြီးကိုဦးဆောင်ပြီး ဒီထိရောက်လာပြီး မန်တွေကိုအောင်နိုင်ပြီးတော့ သူတို့ဘုရင်ကိုလက်နက်ချသွားစေခဲ့ပြီ။ ဘာကြောင့် အမှုထမ်းတွေခန့်အပ်ပြီး မအုပ်ချုပ်စေရတာလဲ"
"အခက်အခဲသုံးမျိုးရှိလို့ဖြစ်တယ်။ ဒီမှာ လူမျိုးခြားကိုထားထားရင် ဒါ သူတို့ကိုစောင့်ကြည့်ဖို့လူထားထားတဲ့သဘောပဲ။ နောက်ပြီး မန်တွေက သူတို့အမျိုးတွေအများကြီးဆုံးရှုံးခဲ့ပြီးပြီ။ သူတို့ကြားမှာ လူမျိုးခြားထားပြီးတော့ စောင့်ကြည့်ဖို့တပ်ဖွဲ့မထားရင် ဒုက္ခရောက်လိမ့်မယ်။ ဒါက ဒုတိယအခက်အခဲပဲ။ မန်တွေကြားမှာ အာဏာလုတာနဲ့သတ်ဖြတ်တာတွေက မကြာခဏဖြစ်တယ်။ ဒါကြောင့် ရန်ငြိုးတွေ၊ သံသယတွေက အမြဲရှိနေတယ်။ လူမျိုးခြားတွေထားမယ်ဆိုရင် သူတို့က အမြဲအချင်းချင်းသံသယဖြစ်နေမှာဖြစ်တယ်။ ဒါကတတိယအခက်အခဲပဲ။ နောက်ပြီး ကျုပ်တို့ဘက်က လူမထားထားရင် အထောက်အပံ့တွေပို့စရာမလိုတော့ဘူး။ ဒါဆို ပိုငြိမ်းချမ်းပြီး ပြဿနာတွေလည်းရှိမှာမဟုတ်ဘူး"
ထိုအစီအစဉ်မှာ ကောင်းမွန်ကြောင်း လက်ခံရလေသည်။

အောင်နိုင်သူ၏သနားကြင်နာမှုတို့ကို တောင်ပိုင်းသားတို့က ပြန်ပေးဆပ်ခဲ့လေသည်။ သူတို့သည် "ကျူးကဲလျန့်"(Zhuge Liang) ကို ဂုဏ်ပြုသည့်အနေဖြင့်ဘုံကျောင်းတစ်ခုဆောက်ကာ လေးရာသီလုံးသွားပြီး ပူဇော်သည်။ သူ့ကို ကြင်နာသဘောထားကြီးသောဖခင်ကြီးဟု ခေါ်ခဲ့သည်။ ပြီးနောက် တပ်ဖွဲ့အသုံးပြုရန်အတွက် ရတနာများ၊ ဟင်းရိုင်း၊ သစ်စေး၊ ဆေးဝါးများ၊ လယ်ထွန်ယက်သည့်နွားများ၊ စစ်မြင်းများလက်ဆောင်ပေးခဲ့သည်။ ထို့အပြင် နောက်နောင်ပုန်ကန်မည်မဟုတ်ကြောင်း ကတိပေးခဲ့လေသည်။
တပ်သားတို့ စားသောက်ပြီးသောအခါဝယ် ဌာနေဖြစ်သော ရှူပြည်သို့ပြန်ရန်ပြုသည်။ "ဝေရန်"(Wei Yan) သည် ရှေ့ပြေးတပ်ကိုဦးဆောင်ကာ လုမြစ်သို့ချီတက်ခဲ့သည်။ ထိုမြစ်နားသို့ရောက်သောအခါဝယ် တိမ်တိုက်တို့ထူထပ်လာကာ လေပြင်းတိုက်ခဲ့သည်။ ထိုလေပြင်းကြောင့် တပ်သားများမှာ ရှေ့မဆက်နိုင်ကြပေ။ ထိုအကြောင်းကို ပြန်ပြီး ခေါင်းဆောင်ဖြစ်သူကိုတင်ပြရာ "ကျူးကဲလျန့်"(Zhuge Liang) မှ "မုန့်ဟော်"(Meng Huo) ကိုခေါ်ကာ တိုင်ပင်သည်။



Comments

Popular posts from this blog

Lookism