သုံးနိုင်ငံခေတ်(၉၁)
အခန်း (၉၁) ကင်းမြီးကောက်မြစ်တွင် ယဇ်ပူဇော်ကာ
ဝန်ကြီးချုပ်သည် ဒေသဌာနေသို့ပြန်ခဲ့ခြင်း။
ဝေပြည်ကိုတိုက်ရန် ဝူရှန်သခင်သည် သဝဏ်လွှာဆက်သခြင်း။
မြစ်ကိုဖြတ်ကူးရန်ပြုသော်လည်း
ရုတ်တရတ်ကြီးမားသောမုန်တိုင်းကျသောကြောင့် "မုန့်ဟော်"(Meng Huo) အားခေါ်၍မေးရာ
"မုန့်ဟော်"(Meng Huo) မှ
"ဒီမြစ်ကိုဖြတ်ကူးတဲ့အခါ
ဝိညာဉ်တွေက မကြာခဏနှောင့်ယှက်တတ်တယ်။ ဒါကြောင့် အဲ့လိုမဖြစ်အောင် ယဇ်ပူဇော်ရမယ်"
"ဒါဆို
ဘာနဲ့ပူဇော်မှာလဲ"
"ဟိုးအရင်တုန်းကတော့
ဒီလိုကံဆိုးမိုးမှောင်ကျစေရင် လူခုနစ်ယောက်ရဲ့ဦးခေါင်းနဲ့ပူဇော်ရတယ်။ ဒါ့အပြင် အနက်ရောင်နွားနဲ့အဖြူရောင်ဆိတ်ကိုသတ်ပြီး
ပူဇော်ရတယ်။ အဲ့လိုမှသာ လေငြိမ်ပြီး ရေစီးလည်းမသန်တော့မှာဖြစ်တယ်။ သီးနှံအထွက်တိုးအောင်လည်း
အဲ့လိုပဲလုပ်ရတယ်"
"အခု
စစ်ပွဲပြီးသွားပြီး ငြိမ်းချမ်းသွားတဲ့အချိန်မှာ ဘာအကြောင်းမှမရှိပဲ ဘာလို့လူတွေကိုသတ်ရမှာလဲ"
"ကျူးကဲလျန့်"(Zhuge
Liang) သည် သူကိုယ်တိုင်မြစ်နားသွားကြည့်သည်။ မြောက်ဘက်လေသည် အပြင်းအထန်တိုက်နေပြီး
လှိုင်းလုံးတို့လည်းကြီးနေသည်။ လူရော၊ မြင်းများပါကြောက်လန့်နေခဲ့သည်။ "ကျူးကဲလျန့်"(Zhuge
Liang) ကိုယ်တိုင်လည်း ဇဝေဇဝါဖြစ်ကာ ဒေသခံတို့ကိုခေါ်ပြီး မေးမြန်းခဲ့သည်။
"ရဲမက်တွေမြစ်ဖြတ်ဖို့လုပ်ကတည်းက
ညစဉ်ညတိုင်း ဒီမြစ်နားမှာ တစ္ဆေတွေရဲ့ငိုသံတွေကြားရတယ်။ အဲ့ဒါက နေဝင်စအချိန်ကနေ အရုဏ်တက်ထိပဲ။
ငှက်ဖျားဖြစ်စေတဲ့ရေငွေ့တွေပေါ်မှာ ဝိညာဉ်တွေရှိတော့ ဘယ်သူမှမဖြတ်ရဲဘူး"
"ဒါက
ကျုပ်ရဲ့အပြစ်ပဲ။ တောင်ပိုင်းသားတွေအပြင် မာတိုက်(Ma Dai) လက်အောက်က တပ်သားလေးထောင်ကျော်
သေဆုံးခဲ့တယ်။ သနားစရာကောင်းတဲ့ဝိညာဉ်တွေက မလွတ်မြောက်နိုင်သေးဘူး။ ဒါကြောင့် ညမှာ
သူတို့တွေအတွက် ပူဇော်ရမယ်"
"ရှေးလုပ်ထုံးအတိုင်းဆိုရင်တော့
လူလေးဆယ့်ကိုးယောက်နဲ့ပူဇော်ရင် ဝိညာဉ်တွေကိုမမြင်ရတော့ဘူးလို့ဆိုကြတယ်"
"ဒီဝိညာဉ်တွေရှိတာဟာ
လူတွေသေဆုံးခဲ့ရလို့ပဲမဟုတ်လား။ အဲ့ဒါကိုတောင် ဘာလို့လူတွေထပ်သတ်ဦးမှာလဲ? ဒါပေမယ့်
သူတို့တွေအတွက် ပူဇော်တာတော့လုပ်ရမယ်။ ကျုပ်က ဂျုံကိုအသုံးပြုပြီး လူခေါင်းတွေပုံစံလုပ်စေပြီးတော့
အထဲမှာ အမဲသား၊ဆိတ်သားတွေနဲ့အစာသွတ်မယ်။ ဒါတွေကို လူခေါင်းအစားသုံးနိုင်မှာပါ။ ဒါကိုတော့
လူခေါင်း ဒါမှမဟုတ် မန်ထိုလို့ခေါ်ရမယ်"
ညဘက် မြစ်ကမ်းနားတွင်
စဉ်ဆောက်ကာ ပူဇော်မည့်အရာများအားလုံးကိုပြင်ဆင်ထားစေသည်။ မီးတိုင်လေးဆယ့်ကိုးတိုင်ထားရှိပြီး
ဝိညာဉ်တို့ကိုခေါ်ရန် အလံများလည်းရှိသည်။ 'မန်ထို' တို့ကိုမြေပေါ်တွင်ချထားပြီး ညသန်းခေါင်သုံးချက်တီးအချိန်တွင်
"ကျူးကဲလျန့်"(Zhuge Liang) သည် တာအိုဝတ်စုံကိုဝတ်ဆင်ကာ သူကိုယ်တိုင် စားစရာတို့ကိုပူဇော်ပြီး
"တုန်းကျွယ်"(Dong Jue) ကို ဆုတောင်းစာရွတ်စေသည်။
"ဟန်ပြည်ထောင်ရဲ့
ကျန့်ရှင့်နှစ်ဒုတိယနှစ်မြောက် ကိုးလပိုင်း တစ်ရက်နေ့မှာ ဟန်ပြည်ဝန်ကြီးချုပ်၊ ဝူရှန်သခင်၊
ယီကျိုးနယ်စား ကျွန်တော် ကျူးကဲလျန့်(Zhuge Liang) ဟာ တိုင်းပြည့်အကျိုးအတွက်တာဝန်ထမ်းဆောင်ပြီး
တိုက်ပွဲမှာကျသွားခဲ့တဲ့ ရှူစစ်သည်တွေနဲ့သေဆုံးသွားခဲ့တဲ့တောင်ပိုင်းသားတွေအတွက် ဒီစားသောက်ဖွယ်ရာတွေကိုပူဇော်ပါတယ်။
ကျွန်တော့သခင်ဟာ
အုပ်ချုပ်သူငါးဦးနဲ့မင်းသုံးပါးတို့ထက်သာလွန်တဲ့ ကြီးကျယ်ခမ်းနားတဲ့ဟန်ပြည်ရဲ့ဧကရာဇ်ပဲဖြစ်ပါတယ်။
လတ်တလောမှာ ဝေးကွာတဲ့တောင်ပိုင်းကပုန်ကန်ပြီး သခင်ရဲ့နယ်ပယ်ကိုထိပါးလာတာကြောင့် စစ်တပ်ကြီးစေလွှတ်ပြီး
အဆိပ်ရန်စွယ်တွေကိုဖယ်ရှားရခြင်းဖြစ်ပါတယ်။ ဒီပုန်ကန်မှုကိုဖြေရှင်းဖို့ ကျွန်တော့ကိုတာဝန်ပေးခဲ့ပါတယ်။
ကျွန်တော့ရဲ့ရဲရင့်တဲ့တပ်ကြီးဟာ ချီတက်ပြီးတော့ သူပုန်တွေကိုချေမှုန်းခဲ့တယ်။ ကျွန်တော့ရဲ့သတ္တိရှိတဲ့တပ်သားတွေဟာ
တိမ်တိုက်တွေလိုစုစည်းပြီး ရန်သူတွေကိုအရည်ပျော်ကျသွားစေနိုင်တယ်။ အလွယ်တကူနဲ့ အနိုင်ယူပြီး
ရန်သူတွေကစိတ်ဓာတ်ကျခဲ့တယ်။
ကျွန်တော့တပ်ကြီးမှာ
ဒေသကိုးခုက တစ်တိုင်းပြည်လုံးမှာ နာမည်ကြီးတဲ့ သူရဲကောင်းတွေပါဝင်တယ်။ အကုန်လုံးက စစ်ဘက်မှာကျွမ်းကျင်ပြီး
လက်နက်တွေကိုကောင်းစွာအသုံးပြုနိုင်ကြတယ်။ သူတို့တွေက အလင်းရောင်ပြတဲ့နေရာကိုသွားပြီး
ဧကရာဇ်ထံမှာအမှုထမ်းကြတယ်။ မုန့်ဟော်(Meng Huo) ကို ခုနစ်ကြိမ်ခုနစ်ခါဖမ်းဆီးနိုင်ဖို့အတွက်
သူတို့တွေက အစွမ်းကုန်ကြိုးပမ်းခဲ့တယ်။ သူတို့တွေက အားသွန်ခွန်စိုက်လုပ်ဆောင်ပြီး သစ္စာရှိကြသူတွေဖြစ်တယ်။
ရန်သူတွေရဲ့ပရိယာယ်အောက်မှာ ခင်ဗျားတို့ကျဆုံးခဲ့မယ်လို့ ဘယ်သူကြိုသိနိုင်ပါ့မအယ်အယ်?
တချို့က မြားဒဏ်ကြောင့်သေဆုံးခဲ့တယ်၊ တချို့က ညအခါချီတက်ရင်း အသက်ကိုရန်မူတဲ့လက်နက်တွေကြောင့်
ကျဆုံးခဲ့တယ်။ အသက်ရှင်တဲ့အချိန်မှာ သူရဲကောင်းတွေဖြစ်ပြီး သေဆုံးသွားတဲ့အခါမှာ နာမည်ကောင်းကိုထားရစ်ခဲ့သူတွေဖြစ်တယ်။
အခု ကျွန်တော်တို့တွေအိမ်ပြန်တော့မယ်။
အောင်ပွဲခံသီချင်းကိုသီဆိုပြီး သုံ့ပန်းတွေက လိုက်ပို့ခဲ့တယ်။ ခင်ဗျားတို့ဝိညာဉ်တွေလည်း
ကျွန်တော်တို့ဆုတောင်းသံတွေကိုကြားမှာပဲ။ အလံနောက်ကိုလိုက်ပြီး တိုင်းပြည်ကိုပြန်ပြီးတော့
ကိုယ့်ရွာကိုယ်ပြန်ပြီး အခုပူဇော်တဲ့အသားနဲ့မိသားစုတွေပူဇော်တဲ့စားသောက်ဖွယ်ရာတွေကိုသုံးဆောင်ပါ။
ထူးခြားတဲ့မြို့တွေမှာ လှည့်လှည်နေရတဲ့ဝိညာဉ်မလုပ်ပါနဲ့။ ခင်ဗျားတို့ရဲ့ဇနီးမယားတွေ၊
သားသမီးတွေ နှစ်စဉ်နှစ်တိုင်းကြီးကျယ်တဲ့ခံစားခွင့်တွေ၊ အစားအသောက်တွေ၊ အဝတ်အထည်တွေရအောင်
ကျွန်တော် ဧကရာဇ်မင်းမြတ်ရှေ့မှာလျှောက်ထားပါ့မယ်။ ဒါကြောင့် ဒီအကျိုးကျေးဇူးတွေနဲ့
ကျေနပ်ပါတော့။
ဒီနယ်ကဝိညာဉ်တွေအတွက်လည်း
ဒီမှာစားသောက်ဖွယ်ရာတွေပါ,ပါတယ်။ ခင်ဗျားတို့တွေက အိမ်နဲ့နီးတဲ့အရပ်မှာရှိကြတယ်။ အသက်ရှင်သန်တဲ့အချိန်မှာ
ကောင်းကင်ဘုံကနတ်မင်းရဲ့အံ့အားသင့်မှုတွေရခဲ့ပြီး သေဆုံးတဲ့အချိန်မှာတော့ ခန့်ညားတဲ့ဩဇာတွေရှိခဲ့တယ်။
ဒါကြောင့် ငြိမ်းချမ်းစွာနေပြီးတော့ အော်ဟစ်ခြင်းမပြုအာနဲ့တော့။ ကျွန်တော် ဦးညွတ်ပြီး
ဒီချိုမြိန်တဲ့စားစရာတွေဆက်သပါတယ်။
သေဆုံးသွားတဲ့သူတွေအားလုံးအတွက်
ဒါပူဇော်ဆက်သတာပါပဲ"
ထိုဆုတောင်းစာအဆုံးတွင်
"ကျူးကဲလျန့်"(Zhuge Liang) သည် ပရိဒေဝပွားကာ ကျယ်လောင်စွာဟစ်ကြွေးပြီး ပြင်းထန်သောခံစားချက်တို့ကိုထုတ်ဖော်ခဲ့ပြီး
တပ်ဖွဲ့အားလုံးတို့လည်း ငိုကြွေးကြသည်။ "မုန့်ဟော်'(Meng Huo) နှင့်နောက်လိုက်နောက်ပါတို့သည်လည်း
ငိုကြွေးခဲ့ပြီး ထိုဝမ်းနည်းသောတိမ်တိုက်များနှင့်ဒေါသထွက်သောမြူများကြားတွင် တစ္ဆေတို့၏အရိပ်ယောင်ဝိုးတဝါးတွေ့လိုက်ရပြီး
တိုက်ခတ်လာသောလေတို့နှင့်အတူပျောက်ကွယ်သွားလေသည်။
ထို့နောက်
ပါလာသောစားစရာတို့ကို မြစ်ထဲသို့ပစ်ချခဲ့သည်။ နောက်ရက် တပ်ဖွဲ့ကြီးချီတက်သောအခါ ကောင်းကင်ကြီးမှာသာယာနေပြီး
ခြေထောက်အောက်မှရေတို့မှာလည်း ကြည်လင်ငြိမ်သက်နေသည်။ သို့နှင့် မည်သည့်ဥပဒ်မျှမဖြစ်ပဲ
မြစ်ကိုဖြတ်နိုင်ခဲ့လေသည်။ သူတို့သည် ကြာပွတ်ကိုဖြောက်ခနဲမြည်အောင်ပြုလျက်၊ မောင်းတို့ကိုတီးလျက်၊
ချူသံတချွင်ချွင်မြည်စေလျက်၊ အောင်ပွဲခံသီချင်းကိုသီဆိုလျက်ဖြင့် ချီတက်လေသည်။
ယုံချန်ကိုဖြတ်ကျော်ပြီးနောက်
"ဝမ်ခန်း"(Wang Kang) နှင့် "လုခိုင်"(Lu Kai) အား ယီကျိုး၊ ယုံချန်၊
ကျန်းကဲနှင့်ယွဲ့ဆွေတို့ကိုအုပ်ချုပ်ရန်တာဝန်ပေးခဲ့သည်။ ထို့နောက် "မုန့်ဟော်"(Meng
Huo) ကိုလည်း ပြန်သွားခိုင်းစေသည်။ သူ့ကိုအုပ်ချုပ်မှုတွေကောင်းကောင်းအုပ်ချုပ်ရန်၊
ပြည်နယ်ကိုကောင်းကောင်းထိန်းသိမ်းရန်နှင့် ပြည်သူတို့ကိုဂရုစိုက်ကာ သီးနှံအထွက်တိုးအောင်ကြိုးစားရန်
မှာကြားခဲ့သည်။ သူသည် မျက်ရည်ပေါက်ပေါက်ကျကာ ထွက်သွားခဲ့လေသည်။ မြို့တော်ချန်တူးနားသို့ရောက်သောအခါဝယ်
ဧကရာဇ်သည် မြို့ပြင်ဆယ်မိုင်အကွာထိထွက်လာကာ အောင်ပွဲခံဝန်ကြီးကိုကြိုဆိုခဲ့သည်။ ဧကရာဇ်သည်
"ကျူးအက်အက်လျန့်"(Zhuge Liang) သူ့ဘေးတွင်လာမည်ကိုစောင့်နေခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် သူ့လှည်းပေါ်မှအလျင်အမြန်ဆင်းကာ ဒူးထောက်ပြီး
"တောင်ပိုင်းကိုအနိုင်ယူတာကြာမြင့်ပြီး
ဧကရာဇ်စိုးရိမ်အောင်လုပ်စေခဲ့မိလို့ ကျွန်တော်မျိုးတောင်းပန်ပါတယ်"
ဧကရာဇ်သည်
"ကျူးကဲလျန့်"(Zhuge Liang) ကိုကောင်းစွာဆွဲထူခဲ့သည်။ နေနတ်မင်းသားတော်၏လှည်းယာဉ်တော်တို့နှင့်အတူ
ဝန်ကြီးသည် ချန်တူးသို့ပြန်ခဲ့သည်။ မြို့တော်တွင် စားသောက်ပွဲများ၊ တပ်ဖွဲ့တို့အတွက်ဆုလာဘ်များက
အဆင်သင့်စောင့်နေသည်။ အဝေးမှလက်ဆောင်ပဏ္ဏာဆက်သသည့်တိုင်းပြည်ပေါင်း နှစ်ရာရှိသည်။
စာလွှာတွင်တောင်းဆိုထားသည့်အတိုင်း
ဧကရာဇ်သည် စစ်ပွဲတွင်ကျဆုံးသွားခဲ့သောတပ်သားများ၏ကျန်ရစ်သူမိသားစုတို့အား ဆုလာဘ်များပေးသနားခဲ့သဖြင့်
သူတို့သည်ပျော်ရွှင်ခဲ့သည်။ ပြီးနောက် နယ်ပယ်တစ်ခုလုံး အေးချမ်းသွားလေသည်။
ဝေပြည်ဧကရာဇ်
"ချောင်ဖီ"(Cao Pi) နန်းတက်ခဲ့သည်မှာ ခုနစ်နစ်ရှိပြီဖြစ်ပြီး ယခုနှစ်ကာလမှာ
ရှူပြည်၏ပြက္ခဒိန်အတိုင်းဆိုလျှင် ကျန့်ရှင့်နှစ်စတုတ္ထနှစ်ဖြစ်သည်။ "ချောင်ဖီ"(Cao
Pi) သည် "ယွမ်ရှောက်"(Yuan Shao) ဒုတိယသား၏ဇနီးဖြစ်သော ကျန်းမိသားစုမှအမျိုးသမီးကို
ဇနီးမယားအဖြစ်ယူထားသည်။ ယခင်က ရဲ့ကျွင်းကိုတိုက်ခိုက်အောင်နိုင်သည့်အချိန်တွင် ကျန်းအမျိုးသမီးကိုတွေ့ပြီး
နှစ်သက်သောကြောင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ သူမတွင် "ချောင်ရေ့"(Cao Rui)
ဟုခေါ်သောသားတစ်ဦးဖွားမြင်ပြီး ဉာဏ်ကောင်းကာ ဖခမည်းတော်၏အချစ်တော်လည်းဖြစ်သည်။ နောက်ပိုင်းတွင်
ကွမ်ကျုံးမှ "ကောယုံ"(Guo Yong) ဆိုသူ၏သမီးကိုမိဖုရားမြောက်ခဲ့သည်။ ကောအမျိုးသမီးသည်
လွန်စွာလှပချောမောပြီး သူ့ဖခင်မှ 'မိန်းကလေးတွေကြားထဲကဘုရင်' ဟုခေါ်ပြီး 'အမျိုးသမီးဘုရင်'
ဟုခေါ်ဝေါ်ခဲ့သည်။ ကောအမျိုးသမီး နန်းတွင်းသို့ရောက်လာသည့်အခါဝယ် ဧကရာဇ်၏ ကျန်းအမျိုးသမီးအပေါ်ထားရှိသည့်ခံစားချက်များကိုလျော့ပါးသွားသည်။
ထိုအခါ မိဖုရား၏ရည်မှန်းချက်မှာ ကြီးမားလာပြီး မိဖုရားခေါင်ဖြစ်ချင်လာခဲ့သည်။ ထို့ကြောင့်
သူမသည် နန်းတွင်းမှ "ကျန်းထောင်"(Zhang Tao) ဟုခေါ်သော ဝန်ကြီးနှင့်ပေါင်းခဲ့သည်။
တစ်ခေါ်သော်
ဧကရာဇ်သည် ကိုယ်လက်မအီမသာဖြစ်နေခဲ့သောအခါ "ကျန်းထောင်"(Zhang Tao) မှ
"မိဖုရားခေါင်ကြီးရဲ့နန်းတော်ထဲမှာ
သစ်သားရုပ်လေးမြှုပ်ထားတာတွေ့ရပြီး အဲ့မှာ အရှင်မင်းကြီးရဲ့မွေးရက်ကိုရေးထားပါတယ်။
ဒါက အရှင်မင်းကြီးကိုဒုက္ခပေးမလို့ပဲဖြစ်လိမ့်မယ်"
ဒေါသထွက်နေခဲ့သော
"ချောင်ဖီ"(Cao Pi) သည် မိဖုရားခေါင်ကို ကိုယ့်ကိုယ်ကိုသတ်သေရန် အမိန့်ချလိုက်ပြီး
သူချစ်သည့်မိဖုရားကို မိဖုရားခေါင်မြောက်လိုက်သည်။ ကောအမျိုးသမီးသည် "ချောင်ရေ့"(Cao
Rui) ကို သူ့သားကဲ့သို့ဆက်ဆံသော်လည်း အရိုက်အရာမဆက်ခံစေခဲ့ပါ။
"ချောင်ရေ့"(Cao
Rui) အသက်တစ်ဆယ့်ငါးနှစ်ပြည့်သည့်အခါဝယ် သူသည် မြားပစ်တော်ကာ မြင်းစီးကျွမ်းသူဖြစ်သောကြောင့်
ဧကရာဇ်နှင့်အတူအမဲလိုက်ထွက်လေသည်။ လျှိုမြောင်တစ်ခုထဲတွင် သမင်နှင့်သမင်သားပေါက်တစ်ကောင်ကိုတွေ့သည်။
သားပေါက်လေးက " ချောင်ရေ့"(Cao Rui) ဘက်ပြေးသွားသောအခါ "ချောင်ဖီ"(Cao Pi) မှ သမင်သားပေါက်ကိုလှမ်းပစ်ရန်ပြောသည်။
ထိုအခါ လူငယ်လေးသည်မျက်ရည်ပေါက်ပေါက်ကျကာ
"အရှင်မင်းကြီးက
အမေကိုသတ်ခဲ့ပြီးပြီ။ အခုသားကိုပါသတ်တော့မလို့လား"
ထိုစကားတို့ကြောင့်
ဧကရာဇ်သည် နောင်တရကာ သူ့လေးကိုဘေးတွင်ချလိုက်ပြီး
"ငါ့သား၊
မင်းက ပြည်သူတွေအပေါ်ကြင်နာတဲ့၊ တရားမျှတတဲ့မင်းဖြစ်လိမ့်မယ်"
ထိုအဖြစ်အပျက်ကိုအကြောင်းပြုကာ
"ချောင်ဖီ"(Cao Pi) သည် "ချောင်ရေ့"(Cao Rui) ကို နန်းမွေပေးရန်ဆုံးဖြတ်လိုက်ကာ
ဖင်ယွမ်မင်းသားဘွဲ့ပေးခဲ့သည်။
ငါးလပိုင်းတွင်
ဧကရာဇ်သည်မမာမကျန်းဖြစ်ခဲ့ပြီး ဆေးဝါးများမှီဝဲသော်လည်း မသက်သာခဲ့ပေ။ ထို့ကြောင့် ဧကရာဇ်၏သလွန်ညောင်စောင်းအနီးသို့
မှူးကြီးမတ်ရာတို့ကိုဆင့်ခေါ်ခဲ့သည်။ ၎င်းတို့မှာ အလယ်တပ်စစ်သူကြီး "ချောင်ကျန်း"(Cao
Zhen) ၊ အနောက်ဘက်ကိုကာကွယ်သောစစ်သူကြီး "ချန်ချွင်"(Chen Qun)၊ တပ်မှူးချုပ်
"စီးမာယီ"(Sima Yi) တို့ဖြစ်သည်။ သူတို့ရောက်လာပြီးနောက် မင်းသားကိုလည်းဆင့်ခေါ်ခဲ့ပြီး
သေဆုံးခါနီး ဧကရာဇ်မှ
"ကျုပ်
အပြင်းအထန်နေမကောင်းဖြစ်နေပြီ၊ အဆုံးကမဝေးတော့ဘူး။ ဒါကြောင့် ကျုပ်ရဲ့သားတော်ကို ခင်ဗျားတို့ရဲ့ဂရုစိုက်မှုနဲ့လမ်းညွှန်မှုအောက်မှာထားခဲ့ပါရစေ။
ကျုပ်မျက်နှာကိုထောက်ပြီးတော့ သူ့ကိုအကူအညီပေးကြပါ"
" ဧကရာဇ်မင်းမြတ်က
ဘာကြောင့်ဒီလိုပြောရတာလဲ? ထောင်ပေါင်းများစွာသောဆောင်းဦးတွေနဲ့မရေမတွက်နိုင်သောနှစ်ပေါင်းများစွာထိ
ဧကရာဇ်လက်အောက်မှာ အမှုထမ်းနေဦးမှာပါ"
"မဟုတ်ဘူး၊
ကျုပ်သေတော့မယ်ဆိုတာ ကျုပ်သိတယ်။ ရွှီချန်ဂိတ်တံခါးရုတ်တရတ် ပြိုကျတာက နိမိတ်ပဲမဟုတ်လား"
ထိုအချိန်တွင်
အရှေ့ဘက်ကိုအောင်နိုင်သော စစ်သူကြီး "ချောင်ရှို့"(Cao Xiu) ရောက်လာကာ ဧကရာဇ်၏အခြေအနေကိုမေးမြန်းခဲ့ရာ
သူ့ကို အတွင်းဆောင်သို့လာရောက်ရန်ခေါ်ခဲ့သည်။ သူဝင်လာသောအခါ "ချောင်ဖီ"(Cao
Pi) မှ
"ခင်ဗျားနဲ့ဒီလူသုံးဦးဟာ
တိုင်းပြည်ရဲ့မဏ္ဍိုင်၊ တိုင်းပြည်ရဲ့အုတ်မြစ်တွေဖြစ်တယ်။ ခင်ဗျားတို့သာ ကျုပ်သားတော်ကိုကူညီဖေးမပေးမယ်ဆိုရင်
ကျုပ်စိတ်ချလက်ချနဲ့မျက်လုံးမှိတ်လို့ရပြီ"
၎င်းတို့မှာ
သူ၏နောက်ဆုံးစကားများဖြစ်ပြီး မျက်ရည်ကျကာ ညောင်စောင်းကိုမှီပြီး အသက်ထွက်သွားခဲ့သည်။
သူနတ်ရွာစံချိန်တွင် အသက်လေးဆယ်ရှိပြီဖြစ်ပြီး တိုင်းပြည်ကို ခုနစ်နှစ်တာအုပ်ချုပ်ခဲ့သည်။
(အေဒီ ၂၂၉)
ဝန်ကြီးလေးဦးတို့သည်
သေဆုံးသူအတွက် ငိုကြွေးခဲ့ပြီး "ချောင်ရေ့"(Cao Rui) ကို ဝေတိုင်းပြည်၏ဧကရာဇ်အဖြစ်တင်မြောက်ခဲ့သည်။
သေဆုံးသွားသော ဧကရာဇ်ကို 'ဖီဧကရာဇ်' ဟုခေါ်ဝေါ်စေခဲ့ပြီး သေဒဏ်ပေးခံခဲ့ရသည့်မိဖုရားခေါင်ကို
"ကျန်းမိဖုရားခေါင်" ဟုခေါ်စေခဲ့သည်။
အုပ်ချုပ်ရေးအကူးအပြောင်းကိုဂုဏ်ပြုသည့်အနေဖြင့်
ရာထူးများတိုးမြင့်ပေးခဲ့သည်။ "ကျုံးယောင်"(Zhong Yao) ကို နန်းတွင်းတပ်မှူး၊
"ချောင်ကျန်း"(Cao Zhen) ကို စစ်သေနာပတိ၊ "ချောင်ရှို့"(Cao
Xiu) ကို စစ်ရေးဆိုင်ရာအမတ်ကြီး၊ "ဟွာရှင်း"(Hua Xin) ကို တပ်မှူးချုပ်၊
"ဝမ်လန်"(Wang Lang) ကို အတွင်းဝန်၊ "ချန်ချွင်"(Chen Qun) ကို
အလုပ်သမားရေးရာဝန်ကြီး၊ "စီးမာယီ"(Sima Yi) ကို နန်းတွင်းမြင်းပျံတပ်စစ်သူကြီးနှင့်
အခြားသောသူတို့ကိုလည်း ရာထူးအသီးသီးပေးကာ အဆင့်တိုးမြင့်ခဲ့သည်။ နယ်ပယ်တစ်ခုလုံးတွင်
လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့လေသည်။
ထိုအချိန်တွင်
ရှီးကျိုးနှင့်ရှီးလျန်တွင် အုပ်ချုပ်သူလှစ်လပ်နေသောကြောင့် "စီးမာယီ"(Sima
Yi) က ထိုရာထူးကိုတောင်းခံခဲ့ရာ ခွင့်ပြုပေးခဲ့သည်။ ထိုရာထူးကိုလက်ခံရရှိသည်နှင့် ထိုနေရာသို့ထွက်သွားခဲ့လေသည်။
ထိုသို့သောသတင်းများသည်
"ကျူးကဲလျန့်"(Zhuge Liang) ၏နားသို့ရောက်သောကြောင့် စိုးရိမ်နေခဲ့သည်။
"ချောင်ဖီ(Cao
Pi) က သေဆုံးသွားပြီး သူ့သား ချောင်ရေ့(Cao Rui) က နန်းတက်လာပြီ။ ဒါပေမယ့် ကျုပ်ဒါကိုစိတ်မပူဘူး။
ကျုပ်စိုးရိမ်တာက ပါးနပ်ပြီးစစ်ဗျူဟာကျွမ်းတဲ့ စီးမာယီ(Sima Yi) ပဲ။ သူက အခု အနောက်ဘက်က
ရှီးကျိုးနဲ့ရှီးလျန်တပ်တွေကိုအုပ်ချုပ်နေတာကြောင့် ရှူပြည်အတွက်ရန်သူဖြစ်လာနိုင်တယ်။
ဒီစီးမာယီ(Sima Yi) ကိုချက်ချင်းတိုက်သင့်တယ်"
ထိုအခါ အတိုင်ပင်ခံ
"မာဆု"(Ma Su) မှ
"အို၊
ဝန်ကြီးက အခုမှခက်ခဲကြမ်းတမ်းတဲ့တိုက်ပွဲကပြန်ရောက်လာတာ၊ နောက်တိုက်ပွဲမဆင်နွှဲခင် ခဏနားပါဦးလား။
ဒါပေမယ့် ချောင်ရေ့(Cao Rui) ကိုအသုံးချပြီး စီးမာယီ(Sima Yi) ကိုဖြိုခွင်းနိုင်မယ့်အကြံ
ကျွန်တော့မှာရှိတယ်"
"ဘာအကြံများလဲ?"
"စီးမာယီ(Sima
Yi) ဟာ တိုင်းပြည်ရဲ့အထက်တန်းဝန်ကြီးဖြစ်ပေမယ့် ဧကရာဇ်ငယ်က သူ့ကိုယုံကြည်ခြင်းမရှိဘူး။
ဒါကြောင့် လော့ရန်နဲ့ရဲ့ကျွင်းကို လူလွှတ်ပြီးတော့ စီးမာယီ(Sima Yi) ပုန်ကန်တော့မယ်ဆိုပြီး
သတင်းဖြန့်ပါ။ ဒါ့အပြင် သူ့နာမည်တပ်ပြီးကြေညာချက်တွေထုတ်ပြန်ပြီးတော့ ချောင်ရေ့(Cao
Rui) အထင်လွဲပြီး သူ့ကိုသေဒဏ်ပေးအောင်လုပ်ရပါမယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် ထိုအကြံကိုလက်ခံခဲ့သည်။
မကြာမီမှာတွင်
ရဲ့ကျွင်းမြို့တံခါးနားတွင် စာတစ်စောင်ကပ်ထားသည်ကိုတွေ့ရသည်။ ထိုစာကို တံခါးမှူးတို့ကယူဖတ်ပြီးနောက်
"ချောင်ရေ့"(Cao Rui) ထံပို့လိုက်သည်။ စာမှာအောက်ပါအတိုင်းဖြစ်သည်။
'နန်းတွင်းမြင်းပျံတပ်
တပ်မှူး၊ ရှီးကျိုးနဲ့ရှီးလျန်ကိုအုပ်ချုပ်သူ ကျွန်ုပ် စီးမာယီ(Sima Yi) က အမှန်တရားဘက်ကိုလိုက်ပြီး
တိုင်းပြည်ကိုအသိပေးချင်တာရှိပါတယ်။
ဒီတိုင်းပြည်ကိုထူထောင်ခဲ့တဲ့
ဧကရာဇ်ချောင်ဟာ လင်ကျီသခင် ချောင်ကျီ(Cao Zhi) ကိုအမွေလွှဲအပ်ဖို့လုပ်ခဲ့တယ်။ ဒါပေမယ့်
သူဟာ အသရေဖျက်ခံရတာကြောင့် ဖြစ်မလာခဲ့ဘူး။ သူ့မြေး ချောင်ရေ့(Cao Rui) ဟာ အမြင့်မှာထိုင်နေပေမယ့်
တရားတဲ့လမ်းကြောင်းကိုလိုက်ခြင်းမရှိ၊ သူ့ဘိုးဘေးတွေရဲ့ဆန္ဒကိုအကောင်အထည်ဖော်ခြင်းမရှိခဲ့ပါ။
ယခု ကျွန်ုပ်က ကောင်းကင်ကြီးရဲ့အလိုနဲ့ပြည်သူတွေရဲ့ဆန္ဒတွေကိုဖြည့်ဆည်းဖို့ တပ်ဖွဲ့ကြီးကိုချီတက်ဖို့အဆင်သင့်ပြုထားပြီးပြီ။
သတ်မှတ်ရက်ရောက်တဲ့အခါ ကိုယ့်သခင်ထံလာစုစည်းဖို့ခေါ်ယူမှာဖြစ်ပြီး ဒါကိုဆန့်ကျင်တဲ့မိသားစုတွေကို
ကြီးလေးတဲ့အပြစ်ဒဏ်ပေးမှာဖြစ်မယ်။ ဒါတွေကိုအကုန်လုံးသိစေဖို့ အကြောင်းကြားရခြင်းဖြစ်ပါတယ်'
ထိုစာကိုမြင်သောအခါ
ဧကရာဇ်သည်လန့်သွားပြီး မျက်နှာဖြူရော်သွားသည်။ ချက်ချင်းပင် အမှုထမ်းများကိုစည်းဝေးကာတိုင်ပင်သည်။
"ဟွာရှင်း"(Hua
Xin) မှ
"ရှီးကျိုးနဲ့ရှီးလျန်ကို
အုပ်ချုပ်ဖို့တောင်းခံတာဟာ ဒီလိုလုပ်ဖို့ကြံစည်နေခဲ့တာပဲ။ ဝေပြည်ကိုတည်ထောင်သူ ဧကရာဇ်ချောင်ဟာ
ကျွန်တော့ကိုမကြာခဏပြောခဲ့တယ်၊ 'စီးမာယီ'(Sima Yi) ဟာ ရည်မှန်းချက်ကြီးပြီး ဆာလောင်မွတ်သိပ်နေသူဖြစ်တယ်၊
သူ့ကို စစ်တပ်ကိုချုပ်ကိုင်ခွင့်မပေးသင့်ဘူး၊ မဟုတ်ရင် တိုင်းပြည်ကိုဒုက္ခပေးလိမ့်မယ်။
ဒါက ပုန်ကန်မှုရဲ့အစပထမပဲ။ သူ့ကိုသေဒဏ်ပေးသင့်ပါတယ်"
"ဝမ်လန်"(Wang
Lang) မှ
"စီးမာယီ(Sima
Yi) က ရေရှည်၊ ရေတိုစစ်ဗျူဟာတွေကျွမ်းကျင်သူဖြစ်တယ်။ ဒါ့အပြင် သူ့ကိုအသက်ရှင်လျက်ထားရင်
ရည်မှန်းချက်ကြီးသူဖြစ်တာကြောင့် ဒုက္ခပေးနိုင်လာတယ်"
ထိုအခါ
"ချောင်ရေ့"(Cao Rui) မှ ဝန်ကြီးကိုအပြစ်ပေးရန်အတွက် သူကိုယ်တိုင်ဦးဆောင်ပြီးစစ်ချီရန်ပြုသည်။
စစ်ရေးအရာရှိများထဲမှ "ချောင်ကျန်း"(Cao Zhen) မှ ရုတ်တရတ်ထကာ
"ခင်ဗျားတို့ပြောတာတွေက
မဖြစ်နိုင်ဘူး။ နတ်ရွာစံသွားခဲ့တဲ့ ဧကရာဇ်ဖီက သူ့သားကို တိုင်းပြည်ရဲ့အမှုထမ်းအချို့လက်ထဲမှာအပ်ခဲ့တယ်၊
အဲ့လူတွေထဲမှာ စီးမာယီ(Sima Yi) လည်းပါတယ်ဆိုတော့ သူ့သစ္စာကိုယုံကြည်လို့ဖြစ်တယ်။ ဒါ့အပြင်
ဘာမှသေချာမသိသေးဘူး၊ သူ့ကိုနှိမ်နှင်းဖို့တပ်ဖွဲ့စေလွှတ်လိုက်ရင် ပုန်ကန်အောင်ဖိအားပေးလိုက်သလိုဖြစ်မယ်။
ဒါက ဝူနဲ့ရှူက သူတို့အကျိုးအတွက်လုပ်ကြံတဲ့ ပရိယာယ်တွေလည်းဖြစ်နိုင်တယ်။ ဘယ်သူကဘာမှမသိသေးတဲ့အချိန်မှာ
အရှင်မင်းကြီးက ဘာမှမလုပ်ခင်သေချာစဉ်းစားသင့်ပါတယ်"
"စီးမာယီ(Sima
Yi) သာ တကယ်ပုန်ကန်ချင်စိတ်ရှိရင် ဘယ်လိုလုပ်မလဲ"
"အရှင်မင်းကြီးက
သံသယရှိတယ်ဆိုရင် ရှေးတုန်းက ဧကရာဇ်လျူဘန်း(Liu Bang) က ဟန်ဆောင်ပြီး ယွင်မုန့်ရေကန်ကိုခရီးထွက်ပြီးတော့
သူ့လက်အောက်ခံဖြစ်တဲ့ ဟန်ရှင့်(Han Xin) ကိုဖမ်းခဲ့သလို အရှင်မင်းကြီးလည်း အဲ့လိုလုပ်နိုင်ပါတယ်။
အန်းရီကိုသွားလို့ရှိရင် စီးမာယီ(Sima Yi) က သေချာပေါက်လာတွေ့ပါလိမ့်မယ်။ သူ့အပြုအမူတွေကိုကြည့်ပြီးဖမ်းဆီးသင့်ရင်
ဖမ်းရပါမယ်"
"ချောင်ရေ့"(Cao
Rui) သည် စိတ်ကူးပြောင်းသွားကာ တိုင်းပြည်အုပ်ချုပ်မှုတို့ကို " ချောင်ကျန်း"(Cao
Zhen) အား ခဏလွှဲအပ်ခဲ့ပြီး ဧကရာဇ်သည် နန်းတွင်းကိုယ်ရံတော်တပ်တစ်သိန်းနှင့်အတူ အန်းရီသို့သွားခဲ့သည်။
ဧကရာဇ်၏လာရင်းရည်ရွယ်ချက်ကိုမသိသော "စီးမာယီ"(Sima Yi) သည် သူ၏တပ်သားတို့ကိုဦးဆောင်ကာ
ဧကရာဇ်ကိုခမ်းနားစွာကြိုဆိုခဲ့သည်။ နန်းတွင်းသားတို့မှ
"ဒီလောက်များပြားတဲ့တပ်ဖွဲ့တွေကိုခေါ်ပြီးလာတယ်ဆိုတာ
စီးမာယီ(Sima Yi) က တစ်ခုခုကြံနေလို့ပဲဖြစ်တယ်"
ထိုအခါ
"ချောင်ရှို့"(Cao Xiu) မှ တပ်သားများစွာနှင့်အတူထွက်ပြီး တွေ့သည်။ ဧကရာဇ်၏ယာဉ်တော်ကြွလာပြီအမှတ်နှင့်
"စီးမာယီ"(Sima Yi) သည် လေးစားစွာဖြင့် လမ်း၏ဘေးတွင်ရပ်နေခဲ့သည်။ "ချောင်ရှို့"(Cao
Xiu) မှ
"မိတ်ဆွေကြီး၊
ရှေ့ကဧကရာဇ်မင်းက သူ့သားတော်ကိုစောင့်ရှောက်ဖို့ခင်ဗျားကို တာဝန်ပေးခဲ့တာ ခင်ဗျားက
ဘာကြောင့်ပုန်ကန်ရတာလဲ"
"စီးမာယီ"(Sima
Yi) မျက်နှာမှာသွေးမရှိတော့သလိုဖြစ်သွားပြီး ချွေးစေးများပြန်သွားကာ အကြောင်းရင်းကိုမေးလေသည်။
"ချောင်ရှို့"(Cao Xiu) ကလည်း ပြောပြခဲ့သည်။
"ဒါ
ကျုပ်တို့ရဲ့ရန်သူတွေဖြစ်တဲ့ ရှူနဲ့ဝူရဲ့အကြံတွေဖြစ်ရမယ်။ ဧကရာဇ်က ကိုယ့်ဝန်ကြီးတွေအပေါ်အပြစ်ဒဏ်ပေးအောင်လုပ်ပြီး
တခြားလူတွေအမြတ်ရသွားအောင်လုပ်တာပဲ။ ကျွန်တော့ကို ကောင်းကင်ရဲ့သားတော်နဲ့တွေ့ခွင့်ပေးပြီး
ဖြေရှင်းခွင့်ပေးပါ"
သူ၏စစ်တပ်တို့ကို
ပြန်ဆုတ်ရန်အမိန့်ပေးလိုက်ပြီးနောက် "စီးမာယီ"(Sima Yi) သည် ဧကရာဇ်ယာဉ်နားသို့
တစ်ဦးတည်းသွားကာ အရိုအသေပြုပြီး ငိုလေသည်။
"အရင်မင်းကြီးက
သူ့သားတော်ကိုစောင့်ရှောက်ဖို့တာဝန်ပေးခဲ့တာ ကျွန်တော်က ဘယ်လိုသစ္စာဖောက်ပါ့မလဲ? ဒါ
ရန်သူတွေရဲ့အကြံပဲဖြစ်မယ်။ ကျွန်တော့တပ်တွေကိုချီတက်ခွင့်ပေးပါ၊ ကျွန်တော် ပထမဆုံး
ရှူကိုချေမှုန်းပြီး ဝူကိုတိုက်ပြီးတော့ ရှေ့ဧကရာဇ်ရဲ့အရှင်မင်းကြီးရဲ့ကျေးဇူးတွေကိုပြန်ဆပ်ပြီး
ကျွန်တော့နှလုံးသားအမှန်ကို မြင်စေပါ့မယ်"
သို့သော်
"ချောင်ရေ့"(Cao Rui) က သိပ်မယုံကြည်သေးပေ။ "ဟွာရှင်း"(Hua
Xin) မှ
"ဘယ်လိုပဲဖြစ်ဖြစ်
သူ့ရဲ့တပ်ထိန်းချုပ်ခွင့်ကိုရုပ်သိမ်းပြီး အနားယူခိုင်းသင့်ပါတယ်"
သို့နှင့်
ထိုသို့ဆုံးဖြတ်ပြီး "စီးမာယီ"(Sima Yi) ကို သူ့ဇာတိရွာသို့ပြန်ပြီး အနားယူစေခဲ့သည်။
ထိုရာထူးကို "ချောင်ရှို့"(Cao Xiu) မှဆက်ခံကာ "ချောင်ရေ့"(Cao
Rui) သည် လော့ရန်ကိုပြန်သွားခဲ့သည်။
ထိုသတင်းကို
"ကျူးကဲလျန့်"(Zhuge Liang) ကြားသောအခါ အကြံအစည်အောင်မြင်သဖြင့် ဝမ်းမြောက်သွားခဲ့သည်။
"ကျုပ်ဝေကို
အရင်ကတည်းကတိုက်ချင်နေပေမယ့် ရှီးကျိုးနဲ့ရှီးလျန်က စီးမာယီ(Sima Yi) ရဲ့တပ်တွေက အတားအဆီးတွေဖြစ်နေခဲ့တယ်။
အခုသူမရှိတော့ဘူးဆိုတော့ စိုးရိမ်စရာမလိုတော့ဘူး"
ပထမဆုံးနန်းတွင်းညီလာခံတွင်
"ကျူးကဲလျန့်"(Zhuge Liang) သည် ရှေ့သို့ထွက်ကာ ရှူဧကရာဇ်ထံ သူ၏စစ်ချီရန်အသနားခံစာကိုတင်သွင်းခဲ့သည်။
'အရှင်မင်းကြီးရဲ့အမှုထမ်း
ကျွန်တော်မျိုး လျန့်မှ --
ရှေ့ဧကရာဇ်ဟာ
သူ့အိပ်မက်တွေအကောင်အထည်မဖော်နိုင်ခဲ့ခင်မှာ နတ်ရွာလားသွားခဲ့တယ်။ တိုင်းပြည်ကြီးက
သုံးခြမ်းခွဲနေပြီး ယီကျိုးအခြေအနေကဆိုးရွားပြီးတော့ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့အချိန်ပဲဖြစ်ပါတယ်။
သို့သော်လည်း မြို့တော်မှာရှိတဲ့ဝန်ကြီးတွေဟာ စိတ်ဓာတ်ပျက်ပြားခြင်းမရှိသလို အဝေးမှာရှိတဲ့တပ်သားတွေဟာလည်း
အသက်စွန့်ရမှာကို ကြောက်ရွံ့ခြင်းမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့တွေဟာ ရှေ့ဧကရာဇ်ရဲ့ကျေးဇူးတော်တွေကိုအမှတ်ရနေပြီး
အဲ့ကျေးဇူးတွေကို အရှင်မင်းကြီးထံပြန်ဆပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့အတွေးအကြံတွေကိုကြိုဆိုအားပေးသင့်ပြီး
ရှေ့ဧကရာဇ်ရဲ့ကိုယ်ကျင့်သီလတွေကို အများသိအောင်ပြုလုပ်ပြီး ရည်မှန်းချက်ကြီးသူတွေကို
လှုံ့ဆော်စေကာ အကြံဉာဏ်ကောင်းပေးသူတွေ အကြံမပေးတော့အောင်ဖြစ်စေမယ့် အပြောအဆိုမျိုးကို
ဆင်ခြင်သင့်ပါတယ်။
နန်းတွင်းကလူတွေပဲဖြစ်ဖြစ်
အကြံပေးအရာရှိရုံးခန်းမှာအမှုထမ်းကြသူတွေပဲဖြစ်ဖြစ် အကုန်လုံးဟာ တိုင်းပြည်ရဲ့အမှုထမ်းတွေဖြစ်ကြပါတယ်။
ဒါကြောင့် ဆုပေးဒဏ်ပေးပြုတဲ့နေရာမှာ အားလုံးကိုသာတူညီမျှ ဆက်ဆံရမှာဖြစ်တယ်။ ပြစ်မှုကျူးလွန်သည်ဖြစ်စေ၊
တိုင်းပြည်အကျိုးထမ်းဆောင်နိုင်သည်ဖြစ်စေ၊ အဲ့အတွက်ကို သက်ဆိုင်ရာရုံးမှာအပ်နှံပြီးတော့
ဆုပေးသင့်ပေး၊ ဒဏ်ပေးသင့်ပေးရမှာပါ။ အဲ့လိုလုပ်မှသာ အရှင်မင်းကြီးကို အမြော်အမြင်ကြီးတဲ့၊
ကျောသားရင်သားမခွဲခြားတဲ့အုပ်ချုပ်သူအဖြစ် မြင်ကြမှာဖြစ်တယ်။ ဒါကြောင့် တရားမျှတမှုကိုပျက်ပြားစေမယ့်အပြုအမူမျိုးဖြစ်တဲ့ဘက်လိုက်မှု၊
မျက်နှာသာပေးမှုတွေလုပ်ဆောင်လို့ မသင့်တော်ပါဘူး။
အထက်တန်းဝန်ကြီး
ဖေးယီ(Fei Yi) ၊ ကောယိုကျီ(Guo Youzhi) နဲ့တုန်းယွင်(Dong Yun) တို့ဟာ ကောင်းမွန်ပြီးယုံကြည်အားထားရလောက်တဲ့
စံပြအမှုထမ်းကောင်းတွေပဲဖြစ်ပါတယ်။ သူတို့တွေက သစ္စာရှိကြပြီးတော့ အဲ့ဒါတွေကြောင့်လည်း
ယခင်ဧကရာဇ်က အရှင်မင်းကြီးကိုကူညီဖေးမဖို့အတွက် သူတို့တွေကိုရွေးချယ်ခဲ့တာဖြစ်တယ်။
ကျွန်တော်မျိုးရဲ့အကြံကတော့ တိုင်းပြည်ရဲ့ကိစ္စကြီးငယ်မှန်သမျှကို သူတို့နဲ့ဆွေးနွေးတိုင်ပင်ပြီးမှ
လုပ်ဆောင်မယ်ဆိုရင် ကောင်းမွန်မြန်ဆန်တဲ့အကျိုးတွေကိုရရှိမှာဖြစ်တယ်။
စစ်သူကြီး
ရှန်းချုံ(Xiang Chong) ဟာ ကိုယ်ကျင့်တရားကောင်းပြီး စစ်ရေးမှာကျွမ်းကျင်သူဖြစ်တယ်။
ရှေ့ဧကရာဇ်က သူ့ကိုစမ်းသပ်ပြီးတော့ 'အရည်အချင်းရှိသူ' ဆိုပြီး သတ်မှတ်ခဲ့တယ်၊ အကုန်လုံးကလည်း
သူ့ကို သေနာပတိအဖြစ်ခန့်အပ်စေလိုတယ်။ ကျွန်တော်မျိုးအကြံပြုချင်တာကတော့ စစ်ရေးစစ်ရာကြီးကြီးငယ်ငယ်မှန်သမျှကို
သူနဲ့တိုင်ပင်မယ်ဆိုရင် အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်မှာဖြစ်မယ်။
'လူတော်လူကောင်းတွေကိုဆွဲဆောင်ပြီး
သူယုတ်မာတွေကိုနှိမ်နှင်း' - ဒီမူဝါဒက ရှေးကဟန်တိုင်းပြည်ကိုအထွတ်အထပ်ရောက်အောင်တွန်းပို့စေခဲ့တာဖြစ်ပြီး
အဲ့ဒါနဲ့ဆန့်ကျင်ဘက်ကိုလုပ်ခဲ့လို့ တိုင်းပြည်ကြီးပျက်စီးခဲ့တာဖြစ်တယ်။ ရှေ့ဧကရာဇ်ရှိစဉ်တုန်းက
ကျွန်တော်မျိုးနဲ့ ဒီအကြောင်းတွေမကြာခဏ ဆွေးနွေးဖြစ်ခဲ့ပြီးတော့ ဟွမ်ဧကရာဇ်၊ လင်ဧကရာဇ်တို့အတွက်
စိတ်မကောင်းဖြစ်ခဲ့တယ်။
အတွင်းရေးမှူးချုပ်
ချန်ကျန်း(Chen Zhen) ၊ စစ်သူကြီး ကျန်းယီ(Zhang Yi) နဲ့ ဝန်ကြီး ကျန်းဝမ်(Jiang
Wan) တို့ဟာ အကျင့်ပျက်ခြစားခြင်းမရှိပဲ သစ္စာရှိပြီးတော့ သေသည်ထိ ရိုးသားမယ့်သူတွေဖြစ်တယ်။
ဒါကြောင့် အရှင်မင်းကြီးက ယုံကြည်စွာနဲ့ သူတို့တွေကို အနားမှာထားသင့်ပါတယ်။ အဲ့လိုသာဆိုရင်
ဟန်တိုင်းပြည်ကြီးဟာ မကြာခင်မှာ တဖန်ရှင်သန်လာပါလိမ့်မယ်။
ကျွန်တော်မျိုးဟာ
အရင်တုန်းက နန်ယန်က သာမန်လယ်သမားသာဖြစ်ခဲ့ပြီး သူကောင်းမျိုးတွေအားပြိုင်နေတဲ့ခေတ်ကြီးမှာ
ကိုယ့်တစ်ယောက်စာလုံခြုံမှုအတွက်ပဲ စိုးရိမ်ပြီးတော့ ဘယ်သူနဲ့မှမပတ်သတ်ခဲ့ပါဘူး။ နတ်ရွာလားသွားခဲ့တဲ့ဧကရာဇ်၊
ပထမဧကရာဇ်ဟာ ကျွန်တော်မျိုးရဲ့နောက်ခံအဆင့်အတန်းကို အထင်အမြင်သေးခြင်းမရှိပဲ တဲစုတ်လေးကိုသုံးကြိမ်သုံးခါလာပြီးတော့
ခေတ်အခြေအနေကိုတိုင်ပင်ခဲ့တယ်။ သူ့ရဲ့သဘောထားကြီးမားမှုကြောင့် ကျွန်တော်မျိုးက သူ့အတွက်
အကောင်းဆုံးလုပ်ဖို့ဆန္ဒရှိခဲ့တာဖြစ်တယ်။ ကျွန်တော်တို့တတွေ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရတယ်။
အရှုံးတွေနဲ့ပက်ပင်းတိုးတဲ့အခြေအနေမှာ ကျွန်တော်မျိုးဟာ တာဝန်ကြီးကိုလက်ခံခဲ့ရတယ်၊
အဲ့အခြေအနေဟာ နှစ်ဆယ့်တစ်နှစ်တောင်ရှိသွားခဲ့ပြီ။ ပထမဧကရာဇ်ဟာ ကျွန်တော့ရဲ့ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြုခဲ့ပြီး
သေအံ့ဆဲဆဲအချိန်မှာ ကျွန်တော့ထံတာဝန်ကြီးပေးအပ်ခဲ့တယ်။ အဲ့နေ့ကတည်းက ဧကရာဇ်ရဲ့ဆုံးဖြတ်ချက်နဲ့ယုံကြည်မှုတွေကိုမှေးမှိန်သွားမှာစိုးရိမ်ခဲ့ပြီး
နေ့ရောညပါ စိတ်ပူသောကရောက်ခဲ့ရတယ်။
ဒါကြောင့်
လုမြစ်ကမ်းကိုကျော်ပြီးတော့ စစ်ချီဖို့ ကျွန်တော်စဉ်းစားခဲ့တယ်။ အခုတောင်ပိုင်းမန်တွေကိုလည်းနှိမ်နှင်းပြီးပြီဆိုတော့
ကျွန်တော်တို့တပ်တွေက အခြေအနေကောင်းနေပြီ။ ကျွန်တော် မြောက်ဘက်ကိုစစ်ချီသင့်ပြီး ယုတ်မာသူတွေပယ်ရှားပြီးတော့
ဟန်ပြည်ကိုပြန်ထူထောင်ပြီး ရှေးမင်းနေပြည်တော်ကို ပြန်သွားနိုင်ရမယ်။ ဒါဟာ ရှေ့ဧကရာဇ်မင်းက
ကျွန်တော့အပေါ်ထားခဲ့တဲ့ကျေးဇူးနဲ့ အရှင်မင်းကြီးအပေါ်ထားတဲ့သစ္စာတွေအတွက်ဖြစ်တယ်။ ကောယိုကျီ(Guo
Youzhi) ၊ ဖေးယီ(Fei Yi) နဲ့ တုန်းယွင်(Dong Yun) တို့ဟာ အရှင်မင်းကြီးတိုင်းပြည်အုပ်ချုပ်ရာမှာ
ဝိုင်းဝန်းပံ့ပိုးပြီးတော့ အကြံဉာဏ်တွေပေးမှာဖြစ်တယ်။
ဒါကြောင့်
မသူတော်တွေကိုနှိမ်နှင်းပြီး ဟန်ပြည်ကိုပြန်ထူထောင်ဖို့ ကျွန်တော်မျိုးကိုစစ်ချီခွင့်ပေးဖို့မျှော်လင့်ပါတယ်။
ကျွန်တော်ကျရှုံးခဲ့ရင် ရှေ့ဧကရာဇ်ရဲ့ယုံကြည်မှုကိုချိုးဖောက်သူအဖြစ် ကျွန်တော့ကိုအပြစ်ပေးပါ။
အရှင်မင်းကြီးကို သစ္စာရှိပြီးရိုးသားတဲ့အကြံဉာဏ်တွေမပေးနိုင်ရင် ဝန်ကြီးတွေကို တာဝန်မကျေပွန်မှုနဲ့အပြစ်ဒဏ်ချမှတ်ပါ။
အရှင်မင်းကြီးလည်း အကြံကောင်းကိုလက်ခံပြီး တိုင်းပြည်ကိုအုပ်ချုပ်ဖို့အကောင်းဆုံးနည်းတွေကိုရှာဖွေပြီးတော့
အစီအစဉ်တွေကိုချမှတ်ရမှာဖြစ်တယ်။ ရှေ့ဧကရာဇ်ရဲ့နောက်ဆုံးဆန္ဒကို အကောင်အထည်ဖော်ဖို့ကြိုးစားခွင့်ရတဲ့အတွက်
ကျွန်တော်မျိုး အတိုင်းမသိဝမ်းမြောက်မိပါတယ်။
အရှင်မင်းကြီးနဲ့မကြာခင်မှာ
ခွဲခွာရမှာဖြစ်လို့ ဒီအသနားခံစာကိုရေးရင်း မျက်ရည်မဆည်နိုင်ပဲ ပြောစရာစကားမရှိအောင်
ဖြစ်ခဲ့ပါတယ်'
ဧကရာဇ်သည်
ထိုစာကိုဖတ်ပြီးနောက်
"ဖခင်ဝန်ကြီးက
အခုက တောင်ပိုင်းမန်တွေကိုနှိမ်နှင်းပြီးပြန်လာတာ အနားတောင်မရသေးဘူး။ အခုမြောက်ပိုင်းကိုထပ်ချီတက်မယ်ဆိုတော့
တအားပင်ပန်းမှာစိုးရိမ်တယ်"
"ကျွန်တော့ခေါင်းပေါ်မှာ
အကြီးလေးဆုံးသောတာဝန်ရှိတယ်၊ အဲ့ဒါကတော့ ရှေ့ဧကရာဇ်က အရှင်မင်းကြီးကို ကူညီဖေးမဖို့ပေးအပ်ခဲ့တဲ့တာဝန်ပဲဖြစ်တယ်။
ကျွန်တော် တစ်ရက်တစ်ညတောင်နားလို့မဖြစ်ပါဘူး။ တောင်ပိုင်းကလည်း ငြိမ်သက်သွားပြီ၊ တိုင်းပြည်ကလည်း
အေးချမ်းနေတော့ သူပုန်တွေကိုနှိမ်နှင်းပြီး မြို့တော်ကိုပြန်လည်သိမ်းယူနိုင်မယ့်အချိန်က
ဒီထက်ကောင်းတဲ့အခါရှိပါဦးမလား"
နန်းတွင်းအမှုထမ်းများထဲမှ
ဝန်ကြီး "ချောင်ကျိုး"(Qiao Zhou) မှ
"ကျွန်တော်
ကြယ်တာရာတွေကိုကြည့်တော့ မြောက်ပိုင်းကကြယ်တွေက လင်းလက်ပြီးအင်အားကြီးနေတယ်။ ဒီအစီအစဉ်က
အောင်မြင်ဖို့နှောင့်နှေးလိမ့်မယ်"
"ကြယ်တွေက
မရေမတွက်နိုင်တဲ့ပြောင်းလဲမှုတွေရှိတယ်။ ကြယ်တွေကိုပဲကြည့်ပြီးယုံစားလို့မဖြစ်ဘူး။ ဒါ့အပြင်
ကျုပ်က ဟန်ကျုံးကိုစစ်တပ်စေလွှတ်လိုက်ပြီ၊ ကျုပ်အဲ့မှာအခြေအနေလေ့လာပြီးတာနဲ့ ချီတက်တော့မယ်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် စစ်ချီရန်တာစူနေသောကြောင့် "ချောင်ကျိုး"(Qiao Zhou) ၏ကန့်ကွက်မှုသည်
အချည်းနှီးပင်ဖြစ်သည်။
ထို့ကြောင့်
"ကောယိုကျီ"(Guo Youzhi) ၊ "တုန်းယွင်"(Dong Yun) နှင့်
"ဖေးယီ"(Fei Yi) တို့ကို နန်းတွင်းတွင်အမှုထမ်းစေကာ "ရှန်းချုံ"(Xiang
Chong) ကို တပ်များအားလုံးကိုအုပ်ချုပ်စေသည်။ "ကျန်းဝမ်"(Jiang Wan) ကို
စစ်တပ်အတိုင်ပင်ခံ၊ "ချန်ကျန်း"(Chen Zhen) ကို အတွင်းရေးမှူးချုပ်၊
"ကျန်းယီ"(Zhang Yi) ကို ဝန်ကြီးချုပ်အိမ်တော်အရာရှိ၊ "တုချုံ"(Du
Qiong) ကို နန်းတွင်းစိစစ်ရေးအဖွဲ့ဝင်၊ "တုဝေ"(Du Wei) နှင့် "ရန်ဟုန်"(Yang
Hong) တို့ကိုဝန်ကြီးများ၊ "မုန့်ကွန်း"(Meng Guang) နှင့် "လိုင်မင်"(Lai
Min) တို့ကို ယဉ်ကျေးမှုဝန်ကြီး၊ "ရင်းမို"(Yin Mo) နှင့် "လီကျွမ်း
"(Li Zhuan) တို့ကို နန်းတွင်းစာဆို၊ "ရှီးကျန့်"(Xi Zheng) နှင့်
"ဖေးရှီ"(Fei Shi) တို့ကို အထွေထွေအတွင်းရေးမှူး၊ "ချောင်ကျိုး"(Qiao
Zhou) ကို နန်းတွင်းမှတ်တမ်းတင်သူအဖြစ်နှင့် အခြားသောအမှုထမ်းပေါင်း တစ်ရာကျော်ကို
"ကျူးကဲလျန့်"(Zhuge Liang) မရှိစဉ်ကာလတွင် တာဝန်အသီးသီးထမ်းဆောင်ရန် ခွဲဝေပေးခဲ့သည်။
မြောက်ပိုင်းသို့စစ်ချီရန်
ဧကရာဇ်ထံမှ အမိန့်တော်ကျသောအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် သူ၏အိမ်တော်သို့ပြန်ပြီး
စစ်တပ်ခေါင်းဆောင်တို့ကိုခေါ်ကာ ရောက်လာသောအခါဝယ် အမိန့်အသီးသီးပေးခဲ့သည်။ မြောက်ပိုင်းစစ်ဆင်ရေး
သေနာပတိ၊ ရှူပြည်ဝန်ကြီးချုပ်၊ ဝူရှန်သခင် ယီကျိုးနယ်စား၊ အတွင်းအပြင်ကိစ္စရေးရာစီမံသူ
"ကျူးကဲလျန့်"(Zhuge Liang) သည် စစ်ချီရန်ပြင်ခဲ့သည်။
"ဝေရန်"(Wei
Yan) ကို အရှေ့ဘက်တပ်စစ်သူကြီး၊ "လီဟွေ့"(Li Hui) ကို အနောက်ဘက်တပ်စစ်သူကြီး၊
"မာတိုက်"(Ma Dai) ကို ဘယ်တောင်ပံတပ်စစ်သူကြီး၊ "မာကျုံး"(Ma
Zhong) ကို ညာတောင်ပံတပ်စစ်သူကြီး၊ "ကျန်းပေါက်"(Zhang Bao) ကို ဘယ်ကိုယ်ရံတော်တပ်မှူး၊
"မာဆု"(Ma Su) ကို ညာကိုယ်လျံတော်၊ "ရန်ရန်"(Yan Yan)၊ "ဟူကျိ"(Hu
Ji) ၊ "ချွမ်ရှီး"(Cuan Xi)၊ "ရန်ယီ"(Yang Yi) နှင့်အခြားသူတို့ကို စစ်တပ်အတိုင်ပင်ခံများ၊
"ဖန်ကျန်း"(Fan Jian) ၊ "တုန်းကျွယ်"(Dong Jue) ၊ "ကွမ်းယုံ"(Guan
Yong) နှင့်အခြားသူတို့ကို အတွင်းရေးမှူးနှင့်မှတ်တမ်းရေးအရာရှိ၊ "တင်းရှန်"(Ding
Xian) နှင့်အခြားသူတို့ကို စားနပ်ရိက္ခာတပ်တို့ကို တာဝန်ယူစေသည်။
ဝူပြည်နှင့်ထိနေသောခံတပ်တို့ကိုကာကွယ်ရန်
"လီရန်"(Li Yan) ကို တာဝန်ပေးခဲ့သည်။ အကုန်လုံးအဆင်သင့်ဖြစ်သောအခါ စစ်စချီတက်ရန်
ရက်ရွေးချယ်ခဲ့သည်။ ထိုရက်မှာ ပဉ္စမနှစ်၊ တတိယလ၊ ကျားရက်ဖြစ်သည်။
အားလုံးပြင်ဆင်ပြီးသောအခါဝယ်
ဝါရင့်စစ်သူကြီးရောက်လာသည်။
"ကျွန်တော်
အသက်ကြီးပေမယ့်လည်း လျန့်ဖို(Lian Po) ရဲ့ရဲစွမ်းသတ္တိနဲ့ မာယွမ်(Ma Yuan) ရဲ့သူရဲကောင်းစိတ်ဓာတ်တွေရှိပါသေးတယ်။
သူတို့နှစ်ဦးတောင် အသက်ကြီးတဲ့အချိန်ထိစစ်ထွက်တိုက်ခဲ့သေးတာ ကျွန်တော့ကို ဘာလို့ချန်ထားခဲ့ရတာလဲ"
ထိုသူမှာ
"ကျောက်ယွင်"(Zhao Yun) ဖြစ်သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျုပ်
တောင်ပိုင်းစစ်ဆင်ရေးကပြန်လာတဲ့အခါမှာ မိတ်ဆွေကြီး မာချောင်း(Ma Chao) က ရောဂါနဲ့ကွယ်လွန်သွားပြီဆိုတာ
သိလိုက်ရပြီးနောက် လက်တစ်ဖက်ပြတ်သွားသလိုပဲ။ အခု စစ်သူကြီးလည်း အသက်မငယ်တော့ဘူး။ အမှားအယွင်းတစ်ခုဖြစ်သွားတာနဲ့
နှစ်ပေါင်းများစွာတည်ဆောက်လာတဲ့ ဂုဏ်သတင်းကိုလှုပ်ခါသွားစေနိုင်ရုံမက စစ်သားတွေလည်း
စိတ်ဓာတ်ပျက်ပြားသွားလိမ့်မယ်"
"ကျောက်ယွင်"(Zhao
Yun) မှ ခါးသီးစွာပြန်ပြောသည်။
"ကျွန်တော်
ပထမဧကရာဇ်ဆီမှာ အမှုထမ်းစဉ်ကတည်းက ရန်သူနဲ့တွေ့လို့တုန်လှုပ်တယ်ဆိုတာ မရှိခဲ့ဖူးဘူး။
ရှေ့တန်းမှာသေဆုံးတယ်ဆိုတာဟာ သတ္တိရှိသူတစ်ယောက်အတွက် ပျော်ရွှင်စရာအဆုံးသတ်မှုပဲ။ ကျွန်တော်
ဒါကိုမုန်းတီးမယ်လို့ထင်လား? ကျွန်တော့ကို ရှေ့ပြေးတပ်ဦးဆောင်ခွင့်ပေးပါ"
"ကျူးကဲလျန့်"(Zhuge
Liang) သည် အကြိမ်ကြိမ်ဖျောင်းဖျသော်လည်း စစ်သူကြီးမှာလက်မခံပဲ ကိုယ့်ကိုယ်ကိုသတ်သေမည်ဟု
အကြပ်ကိုင်သောကြောင့် တွဲဘက်စစ်သူကြီးတစ်ယောက်ထည့်မှသွားခွင့်ပြုမည်ဟု ပြောပြီး အလျှော့ပေးလိုက်ရသည်။
"တန်းကျီ"(Deng
Zhi) မှ နှောင့်နှေးခြင်းမရှိပဲ
"ကျွန်တော်
စစ်သူကြီးကို ကူညီပါ့မယ်။ ကျွန်တော့အရည်အချင်းကသိပ်မရှိပေမယ့် ရန်သူတွေကို ရှေ့တန်းကတိုက်နိုင်ပါတယ်"
သို့နှင့်
ရဲမက်ကောင်းငါးထောင်ကို ရှေ့ပြေးတပ်အတွက် ရွေးချယ်ပြီး "ကျောက်ယွင်"(Zhao
Yun) ၊ "တန်းကျီ"(Deng Zhi) နှင့် အခြားစစ်သူကြီးဆယ်ဦးတို့ကိုဦးဆောင်စေသည်။
ရှေ့ပြေးတပ်ချီတက်သောအခါ တပ်မကြီးကလည်း မြောက်ဘက်တံခါးမှထွက်လေရာ ဧကရာဇ်ကိုယ်တိုင်
ဝန်ကြီးကိုလိုက်လံပို့ဆောင်သည်။ မြို့တံခါးမှ သုံးမိုင်ကွာအထိလိုက်ပို့ခဲ့ပြီးနောက်
ကြီးကျယ်ခမ်းနားသောစစ်တပ်ကြီးသည် အလံတလူလူလွင့်ကာ နေရောင်အောက်တွင် ဓား၊လှံတို့၏တောက်ပသောအလင်းရောင်ဖြင့်
ချီတက်ခဲ့လေသည်။ ပြီးနောက် ဟန်ကျုံးသို့သွားသည့်လမ်းကိုရွေးခဲ့သည်။
ထိုအကြောင်းကို
ဝန်ကြီးတစ်ဦးမှ လော့ရန်တွင် ရှိနေသော "ချောင်ရေ့"(Cao Rui) ထံသတင်းပို့ခဲ့သည်။
"နယ်စပ်တပ်ဖွဲ့တွေကနေပြီးတော့
သတင်းရောက်လာပါတယ်၊ ကျူးကဲလျန့်(Zhuge Liang) ဟာ စစ်သည်အင်အားသုံးသိန်းနဲ့အတူ ဟန်ကျုံးကိုချီတက်လာပြီလို့ကြားပါတယ်။
ကျောက်ယွင်(Zhao Yun) နဲ့ တန်းကျီ(Deng Zhi) တို့က ရှေ့ပြေးတပ်ကိုဦးဆောင်ပါတယ်"
ထိုသတင်းကြောင့်
ဧကရာဇ်လန့်သွားကာ
"ဘယ်သူဦးဆောင်ပြီး
ရန်သူတွေကိုအရင်သွားတိုက်မလဲ"
ထိုအခါ လူတစ်ဦးမှ
"ကျွန်တော့အဖေဟာ
ဟန်ကျုံးမှာသေဆုံးခဲ့ပေမယ့် သူ့အတွက် အခုထိလက်စားမချေနိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်
တပ်ဖွဲ့တွေကိုဦးဆောင်ပြီး ရှူကိုတိုက်ဖို့ဆန္ဒရှိပါတယ်။ ဒီအတွက် ခံတပ်အနောက်ဘက်မှာရှိတဲ့တပ်ဖွဲ့တွေကိုထိန်းချုပ်ဖို့တာဝန်
ကျွန်တော့ကိုပေးပါ။ ကျွန်တော် တိုင်းပြည်အတွက် အကျိုးထမ်းဆောင်ပြီးတော့ အဖေ့အတွက်လက်စားချေပါ့မယ်။
ကျွန်တော် ဘာဖြစ်ဖြစ်ကိစ္စမရှိဘူး"
ထိုသူမှာ
"ရှဟိုယွမ်"(Xiahou Yuan) ၏သား "ရှဟိုမောက်"(Xiahou Mao) ဖြစ်သည်။
သူသည် တစွတ်ထိုးလုပ်တတ်သူဖြစ်ပြီး ဝန်တိုတတ်သူလည်းဖြစ်သည်။ သူ့ကိုငယ်စဉ်ကတည်းက
"ရှဟိုတွန်း"(Xiahou Dun) က မွေးစားခဲ့ပြီး "ဟွမ်ကျုံး"(Huang
Zhong) ကြောင့် "ရှဟိုယွမ်"(Xiahou Yuan) သေဆုံးသောအခါ "ချောင်ချောင်း"(Cao
Cao) သနားပြီး သူ၏သမီးတစ်ဦးဖြစ်သော ချင်းဟယ်မင်းသမီးကို "ရှဟိုမောက်"(Xiahou
Mao) နှင့် လက်ဆက်ပေးခဲ့သည်။ ထို့ကြောင့် သူသည် ဧကရာဇ်သားမက်တော်ဖြစ်ကာ နန်းတွင်းတွင်
အာဏာရှိလေသည်။ သူ့လက်ထဲတွင် စစ်တပ်အာဏာရှိသော်လည်း တစ်ခါမျှစစ်တိုက်ဖူးသော အတွေ့အကြုံမရှိပေ။
သို့သော် သူ၏တောင်းဆိုမှုကြောင့် သူ့ကို အနောက်ပိုင်းတပ်၏သေနာပတိခန့်အပ်ကာ ချီတက်စေသည်။
ထိုအခြင်းအရာနှင့်ပတ်သတ်ပြီး
ဝန်ကြီး "ဝမ်လန်"(Wang Lang) မှ ကန့်ကွက်ခဲ့သည်။
"ဒီလိုတာဝန်ပေးတာ
မှားပါတယ်။ သားမက်တော် ရှဟိုမောက်(Xiahou Mao) ဟာ တိုက်ပွဲထဲမှာကျင်လည်ဖူးသူမဟုတ်လို့
သူ့ကိုဒီတာဝန်ပေးဖို့မသင့်တော်ပါဘူး။ အထူးသဖြင့် သူ့ရန်သူက စစ်ဗျူဟာကျွမ်းကျင်ပြီး
ပရိယာယ်ကြွယ်တဲ့ကျူးကဲလျန့်(Zhuge Liang) ဖြစ်တာကြောင့် ပိုပြီးသတိထားရပါမယ်"
"ရှဟိုမောက်"(Xiahou
Mao) မှ
"ခင်ဗျားက
ကျူးကဲလျန့်(Zhuge Liang) ဘက်ကလား? ကျုပ် ငယ်ငယ်ကတည်းက စစ်ဗျူဟာတွေလေ့လာခဲ့တာ၊ နောက်ပြီး
စစ်တပ်နဲ့ပတ်သတ်တာတွေလည်း ကျွမ်းကျင်တယ်။ ခင်ဗျားက ကျုပ်အသက်ငယ်လို့အထင်သေးတာလား? ကျုပ်
ကျူးကဲလျန့်(Zhuge Liang) ကိုမဖမ်းနိုင်ရင် ဧကရာဇ်ဆီမှာ မျက်နှာမပြတော့ဘူး"
"ဝမ်လန်"(Wang
Lang) နှင့် အခြားသူတို့သည်လည်း တိတ်ဆိတ်သွားခဲ့သည်။ "ရှဟိုမောက်"(Xiahou
Mao) သည် ဝေဧကရာဇ်၏ခွင့်ပြုချက်နှင့်အတူ ချန်အန်းသို့ချီတက်ကာ တပ်ဖွဲ့များကိုစုစည်းရာ
စစ်တပ်အင်အား နှစ်သိန်းရှိခဲ့သည်။
Comments