သုံးနိုင်ငံခေတ်(၁၀၀)
အခန်း(၁၀၀) စခန်းကိုဝင်စီးကာ ရှူတပ်သားတို့သည်
"ချောင်ကျန်း"(Cao Zhen) ကိုအနိုင်ယူခြင်း။
စစ်ခင်းကျင်းမှုပြိုင်ဆိုင်လျက် "ကျူးကဲလျန့်"(Zhuge
Liang) သည် "စီးမာယီ"(Sima Yi) ကို အရှက်ရစေခဲ့ခြင်း။
ဝေတပ်ကြီးထွက်ခွာသွားသည်ကို
ရှူအမှုထမ်းတို့သိခဲ့သော်လည်း အနောက်မှမလိုက်စေရန်အမိန့်ပေးထားသောကြောင့် မကျေမနပ်ဖြစ်ကာ
ဝန်ကြီးချုပ်၏ရွက်ဖျင်တဲသို့သွားခဲ့ကြသည်။
"မိုးရွာသွန်းမှုကြောင့်
ရန်သူတွေထွက်ခွာသွားကြပြီ။ ဒီအချိန်က အနောက်ကလိုက်တိုက်ဖို့ အကောင်းဆုံးအချိန်ပဲ"
"ကျူးကဲလျန့်"(Zhuge
Liang) : "စီးမာယီ(Sima Yi) က ကင်းပုန်းမချပဲနဲ့ဆုတ်ခွာမှာမဟုတ်ဘူး။ ကျုပ်တို့တွေအနောက်ကလိုက်ရင်
သားကောင်ဖြစ်သွားလိမ့်မယ်။ ဒီတော့ သူတို့ကိုအေးအေးဆေးဆေးသွားစေပြီးမှ ကျုပ်က ရန်သူတွေအကာအကွယ်သိပ်မလုပ်ထားတာကို
အခွင့်ကောင်းယူပြီးတော့ ရှဲ့တောင်ကြားကိုဖြတ်ပြီး ချီစန်းကိုသိမ်းမယ်"
"ဒါပေမယ့်
ချန်အန်းကိုသိမ်းဖို့ တခြားနည်းတွေရှိတာပဲ။ ဘာကြောင့် ချီစန်းကိုပဲသိမ်းရတာလဲ"
"ချီစန်းက
ချန်အန်းကိုရယူဖို့အတွက် ပထမခြေလှမ်းပဲ။ အဲ့နေရာရဲ့အားသာမှုကိုရချင်လို့ဖြစ်တယ်။ နောက်ပြီး
ရှီးကျိုးကလှည်းယာဉ်တွေမှန်သမျှက အဲ့ကိုဖြတ်ရတယ်။ အဲ့နေရာက ဝေမြစ်ရဲ့အရှေ့မှာတည်ရှိပြီး
အနောက်မှာ ရှဲ့တောင်က ကာရံထားတယ်။ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပြီးတော့ စစ်ရေးအကွက်ဆင်ဖို့လည်း
လွယ်ကူတယ်။ ဒါကြောင့် ကျုပ်က အဲ့နေရာကိုသိမ်းချင်တာဖြစ်တယ်"
အမှုထမ်းတို့သည်
"ကျူးကဲလျန့်"(Zhuge Liang) ၏အမြော်အမြင်အပေါ် လေးစားခဲ့ကြသည်။
ထို့နောက်
"ဝေရန်"(Wei Yan) ၊ "ကျန်းနီ"(Zhang Ni) ၊ "တုချုံ"(Du
Qiong) နှင့် "ချန်ရှီ"(Chen Shi) တို့ကို ချီတောင်ကြားသို့စေလွှတ်ပြီး
"မာတိုက်"(Ma Dai) ၊ "ဝမ်ဖင်"(Wang Ping) ၊ "ကျန်းယီ"(Zhang
Yi) နှင့် "မာကျုံး"(Ma Zhong) တို့ကို ရှဲ့တောင်ကြားသို့စေလွှတ်ကာ ချီစန်းတောင်တွင်
ဆုံကြရန်ချိန်းဆိုခဲ့သည်။ ထို့နောက် သူကိုယ်တိုင်မှာမူ ပင်မတပ်ကြီးကိုဦးဆောင်ပြီး
"ကွမ်းရှင်း"(Guan Xing) နှင့် "လျောင်ဟွာ"(Liao Hua) တို့အား
ရှေ့ပြေးတပ်ကိုဦးဆောင်စေသည်။
ဝေတပ်ကြီးဆုတ်ခွာသောအခါဝယ်
"ချောင်ကျန်း"(Cao Zhen) နှင့် "စီးမာယီ"(Sima Yi) တို့သည် အနောက်တွင်
နေရစ်ကာ စီမံခန့်ခွဲခဲ့ကြသည်။ ချန်ချန်းသို့သွားသည့်လမ်းဟောင်းသို့ ကင်းထောက်တို့ကိုစေလွှတ်ခဲ့ပြီး
ရန်သူတို့ကို မတွေ့ကြောင်းသိရသည်။ ဆယ်ရက်ကြာသောအခါ ကင်းပုန်းစောင့်နေခဲ့သောခေါင်းဆောင်တို့သည်
ပင်မတပ်နှင့်ပူးပေါင်းခဲ့ပြီး ရန်သူတို့၏အရိပ်အယောင်ကိုမမြင်ကြောင်း ဆိုသည်။
"ချောင်ကျန်း"(Cao
Zhen) : "ဆောင်းဦးမှာ အဆက်မပြတ်ရွာတဲ့မိုးကြောင့် လမ်းတွေသွားလာရမလွယ်ကူတာ၊ ရှူတပ်သားတွေက
ကျုပ်တို့တွေဆုတ်ခွာသွားတာ ဘယ်သိပါ့မလဲ"
"စီးမာယီ"(Sima
Yi) : "သူတို့တွေ သေချာပေါက်ပေါ်လာလိမ့်မယ်"
"ခင်ဗျားက
ဘယ်လိုသိတုန်း"
"ဒီငါးရက်အတွင်းမှာ
သူတို့တွေမတိုက်ခိုက်တာဟာ ကျုပ်တို့တွေက ကင်းပုန်းချထားတယ်လို့ထင်လို့ဖြစ်တယ်။ အခုကျုပ်တို့တွေ
မရှိတော့ဘူးဆိုတော့ သူတို့က ချီစန်းကိုသိမ်းဖို့ကြိုးစားလိမ့်မယ်"
"ချောင်ကျန်း"(Cao
Zhen) က လက်မခံပေ။
"စီးမာယီ"(Sima
Yi) မှ
"ခင်ဗျားက
ဘာလို့မယုံရတာလဲ? ကျူးကဲလျန့်(Zhuge Liang) က သေချာပေါက် တောင်ကြားလမ်းနှစ်ခုကနေလာလိမ့်မယ်။
ကျုပ်နဲ့ခင်ဗျားက အဝတွေကိုစောင့်ကြပ်သင့်တယ်။ ဆယ်ရက်အတွင်း သူတို့တွေပေါ်မလာရင် ကျုပ်အမှားကိုလက်ခံတဲ့အနေနဲ့
ကျုပ်မျက်နှာမှာဆေးခြယ်ပြီး ခင်ဗျားစခန်းကိုလာခဲ့မယ်"
"ရှူတပ်ကြီးတကယ်ရောက်လာရင်
ဧကရာဇ်ဆုချထားတဲ့ ခါးပန်းကြိုးနဲ့မြင်းကို ခင်ဗျားကိုပေးမယ်"
ထို့နောက် တပ်ကိုနှစ်ဖွဲ့ခွဲကာ
"ချောင်ကျန်း"(Cao Zhen) သည် ချီစန်းအနောက်ဘက်ရှိရှဲ့တောင်ကြားသို့သွားကာ
"စီးမာယီ"(Sima Yi) သည် အရှေ့ဘက်ရှိ ချီတောင်ကြားသို့သွားခဲ့သည်။ စခန်းချပြီးသည်နှင့်
"စီးမာယီ"(Sima Yi) သည် တပ်အနည်းငယ်နှင့်အတူ တောင်ကြားတွင်ပုန်းအောင်းနေခဲ့သည်။
အခြားတပ်တို့ကိုခွဲပြီး လမ်းမများဝယ် နေရာချထားသည်။
"စီးမာယီ"(Sima
Yi) သည် သူ့ကိုယ်သူသာမန်တပ်သားကဲ့သို့ ရုပ်ဖျက်ပြီး စခန်းတို့ကိုလှည့်လည်ကြည့်ရှုခဲ့သည်။
စခန်းတစ်ခုဝယ် အဆင့်နိမ့်အမှုထမ်းတစ်ဦးမှ မကျေမနပ်ပြောနေသည်ကိုကြားလိုက်သည်။
"ရက်ပေါင်းများစွာ
မိုးရွာလို့ ကျုပ်တို့တွေရေတွေစိုရွှဲနေခဲ့တာတောင်မှ တပ်မဆုတ်သေးပဲနဲ့ လောင်းကစားလုပ်ပြီး
ဒီမှာစခန်းချနေသေးတယ်။ သူတို့က ကျုပ်တို့စစ်သားတွေအပေါ် သနားကြင်နာမှုမရှိဘူး"
"စီးမာယီ"(Sima
Yi) သည် သူ့စခန်းသို့ပြန်သွားပြီး အမှုထမ်းတို့ကိုစုစည်းစေကာ ထိုသို့ပြောသည့်သူကိုခေါ်ပြီး
ဒေါသတကြီးဖြင့်
"မင်းတို့တစ်နာရီလောက်အလုပ်လုပ်ဖို့အတွက်
တိုင်းပြည်က ရက်ပေါင်းတစ်ထောင်လောက် ကျွေးမွေးပြီးလေ့ကျင့်ပေးထားရတယ်မဟုတ်လား။ ဒါကိုများ
ဘာကြောင့် စည်းကမ်းပျက်စေမယ့်စကားတွေပြောရတာလဲ"
ထိုသူမှာ သူ့အမှားကိုမဝန်ခံခဲ့ပေ။
ထို့ကြောင့် သူ၏လုပ်ဖော်ကိုင်ဖက်တို့ကိုခေါ်ပြီး သက်သေလုပ်စေသည်။ သို့သော်လည်း အပြစ်ကိုမဝန်ခဲ့ခဲ့သေးပေ။
"ကျုပ်က
ဒီကိုလာတာဟာ လောင်းကစားလုပ်ခဲ့လို့မဟုတ်ပဲ ရှူတပ်ကိုအနိုင်ယူဖို့ဖြစ်တယ်။ ခင်ဗျားတို့အားလုံးက
အလုပ်ကောင်းကောင်းလုပ်ဆောင်ပြီး အိမ်ပြန်နိုင်ပေမယ့် ဒီတစ်ယောက်ကတော့ စောဒကတက်ပြီး
တပ်ပြေးလိုခဲ့တယ်"
"စီးမာယီ"(Sima
Yi) မှ အာဏာပါးကွက်သားတို့ကိုခေါ်ပြီး ထိုသူကိုသေဒဏ်ပေးစေသည်။ မကြာမီတွင်ပင် ထိုသူ၏ခေါင်းကိုယူဆောင်လာကြသည်။
အခြားသူတို့သည် ထိတ်လန့်သွားခဲ့ကြသည်။
"စီးမာယီ"(Sima Yi) မှ
"ခင်ဗျားတို့တွေအကောင်းဆုံးကြိုးစားပြီး
ရန်သူတွေကိုစောင့်ကြည့်ရမယ်။ ကျယ်လောင်တဲ့ပေါက်ကွဲသံကြားတာနဲ့ အရပ်လေးမျက်နှာက ထွက်တိုက်ပါ"
ထိုသို့အမိန့်ပေးပြီးနောက်
အမှုထမ်းတို့ကိုပြန်ထွက်သွားစေသည်။
"ဝေရန်"(Wei
Yan) ၊ "ကျန်းနီ"(Zhang Ni) ၊
"ချန်ရှီ"(Chen Shi) နှင့် "တုချုံ"(Du Qiong) တို့သည်
တပ်သားနှစ်သောင်းနှင့်အတူ ချီတောင်ကြားသို့ဝင်ခဲ့ကြသည်။ ထိုသို့ချီတက်စဉ် အကြံပေး "တန်းကျီ"(Deng Zhi) ရောက်လာသည်။
"ကျုပ်က
ဝန်ကြီးချုပ်အမိန့်ကြောင့်ရောက်လာတာဖြစ်တယ်။ ခင်ဗျားတို့တောင်ကြားကထွက်ရင် ရန်သူတွေကိုဂရုပြုပါ"
"ချန်ရှီ"(Chen
Shi) : "ဝန်ကြီးချုပ်ကဘာကြောင့် အမြဲသံသယဖြစ်နေရတာလဲ? ဝေတပ်တွေဟာ မိုးဒဏ်ကြောင့်
ဒုက္ခရောက်ပြီး သူတို့ဌာနေကိုအမြန်ပြန်နေရပြီပဲမဟုတ်လား။ သူတို့တွေကင်းပုန်းချထားမှာမဟုတ်ပါဘူး။
ကျုပ်တို့တွေက လမ်းနှစ်လမ်းကချီတက်နေပြီး အကြီးအကျယ်အောင်နိုင်မှာပဲ။ ဘာကြောင့်များ
နှောင့်နှေးနေရမှာလဲ"
"တန်းကျီ"(Deng
Zhi) : "ဝန်ကြီးချုပ်ရဲ့အစီအစဉ်တွေက အမြဲတမ်းအောင်မြင်တာ ခင်ဗျားလည်း သိမှာပဲ။
ဘာကြောင့် အမိန့်ကိုဆန့်ကျင်ရတာလဲ"
"ချန်ရှီ"(Chen
Shi) က ပြုံးပြီး
"သူသာ
အဲ့လောက်ကြံရည်ဖန်ရည်ကောင်းရင် ကျဲ့ထင်ကိုဆုံးရှုံးခဲ့ရမှာမဟုတ်ဘူး"
"ဝေရန်"(Wei
Yan) သည်လည်း "ကျူးကဲလျန့်"(Zhuge Liang) မှသူ့အကြံကိုလက်မခံခဲ့သည်ကို အမှတ်ရကာ
ရယ်ပြီး
"သူသာ
ကျုပ်စကားနားထောင်ပြီး ကျီဝူတောင်ကြားဘက်ကသွားမယ်ဆိုရင် ချန်အန်းတင်မက လော့ရန်မြို့ကိုပါ
ကျုပ်တို့သိမ်းနိုင်မှာဖြစ်တယ်။ သူက ချီစန်းကိုပဲသိမ်းဖို့တာစူနေတာ ဘာကောင်းကျိုးတွေရှိသွားခဲ့လဲ?
ကျုပ်တို့ကိုဆက်တိုက်ဖို့အမိန့်ပေးခဲ့ပြီးမှ အခုကျတော့ ရပ်တန့်နေစေတယ်။ အမိန့်တွေက
ခေါင်းရှုပ်စေတယ်"
"ချန်ရှီ"(Chen
Shi) : "ကျုပ်လုပ်မှာကို ပြောပြမယ်။ ကျုပ်က တပ်သားငါးထောင်နဲ့အတူ ချီတောင်ကြားကိုဖြတ်ပြီး
ချီစန်းမှာစခန်းချနေမယ်။ ဒါဆိုရင် ဝန်ကြီးချုပ်အရှက်ရတာကို မြင်ရလိမ့်မယ်"
"တန်းကျီ"(Deng
Zhi) က တားမြစ်ခဲ့သော်လည်း အရာမထင်ခဲ့ပေ။ တယူသန်သောခေါင်းဆောင်သည် အလျင်အမြန်ပင် တောင်ကြားမှထွက်သွားခဲ့သည်။
"တန်းကျီ"(Deng Zhi) သည်လည်း အလျင်အမြန်ပြန်ကာ သတင်းပို့ရသည်။
"ချန်ရှီ"(Chen
Shi) သည် ဆက်လက်ချီတက်ပြီးနောက် မိုင်အနည်းငယ်ခန့်ရောက်သောအခါ ပေါက်ကွဲသံကိုကြားလိုက်ရပြီး
ရန်သူတို့၏ဝန်းရံမှုကိုခံခဲ့ရသည်။ သူသည် ပြန်ဆုတ်ခွာရန်ကြိုးပမ်းခဲ့သော်လည်း တောင်တစ်ခုလုံးတွင်
ရန်သူ့တပ်များပြည့်နေပြီး သံစည်ပိုင်းထဲရောက်သွားသကဲ့သို့ ဝန်းရံခံထားရသည်။ သူ၏ကြိုးစားမှုများမှာ
အရာမထင်ခဲ့ပေ။ ထို့နောက် အော်သံကြားလိုက်ရပြီး "ဝေရန်"(Wei Yan) ၏စစ်ကူရောက်လာသည်။
"ဝေရန်"(Wei Yan) သည် သူ့လုပ်ဖော်ကိုင်ဖက်ကိုကယ်နိုင်ခဲ့သော်လည်း "ချန်ရှီ"(Chen
Shi) ၏တပ်သားငါးထောင်တွင် ကျန်ရစ်သူ ငါးရာသာရှိခဲ့ပြီး ထိုသူတို့မှာလည်း ဒဏ်ရာရနေခဲ့သည်။
ဝေတပ်ကြီးသည် အနောက်မှလိုက်တိုက်သော်လည်း "ကျန်းနီ"(Zhang Ni) နှင့်
"တုချုံ"(Du Qiong) တို့၏တပ်ကြီးနှစ်တပ်ကရောက်လာသောကြောင့် ပြန်ဆုတ်ခွာသွားကြသည်။
"ကျူးကဲလျန့်"(Zhuge
Liang) ၏ကြိုတင်ခန့်မှန်းနိုင်စွမ်းကို ဝေဖန်ခဲ့ကြသော "ချန်ရှီ"(Chen
Shi) နှင့် "ဝေရန်"(Wei Yan) တို့သည် သေနာပတိ၏အစွမ်းကိုသိမြင်ခဲ့ကြကာ သူတို့၏အမြော်အမြင်နည်းမှုအပေါ်နောင်တရခဲ့သည်။
"တန်းကျီ"(Deng Zhi) မှ ထိုသူနှစ်ဦးတို့၏လုပ်ဆောင်မှုတို့ကို သတင်းပို့သောအခါ "ကျူးကဲလျန့်"(Zhuge Liang) မှရယ်သည်။
"ဒီ ဝေရန်(Wei
Yan) က ဖြောင့်မှန်တဲ့လူမဟုတ်ဘူး၊ သူက အမိန့်ကိုမနာခံတတ်သလို ကြံ့ခိုင်တဲ့စိတ်မရှိဘူး။
ဒါပေမယ့် သူ့ရဲစွမ်းသတ္တိကြောင့် သူ့ကိုအသုံးချဖို့ထားထားတာဖြစ်တယ်၊ တစ်ရက်မှာတော့ သူက
ဒုက္ခပေးလာလိမ့်မယ်"
ထိုအချိန်တွင်
"ချန်ရှီ"(Chen Shi) ၏စစ်ရှုံးသွားသောသတင်းရောက်လာခဲ့လေသည်။ "ကျူးကဲလျန့်"(Zhuge
Liang) မှ "တန်းကျီ"(Deng Zhi) ကို ချီတောင်ကြားသို့ထပ်မံစေလွှတ်ပြီး
"ချန်ရှီ"(Chen Shi) မပုန်ကန်အောင် နှစ်သိမ့်စေသည်။
ပြီးနောက်
"ကျူးကဲလျန့်"(Zhuge Liang) မှ သူ၏ရွက်ဖျင်တဲသို့ "မာတိုက်"(Ma
Dai) နှင့် "ဝမ်ဖင်"(Wang Ping) တို့ကိုခေါ်ကာ
"ရှဲ့တောင်ကြားမှာ
ဝေတပ်တွေရှိရင် နေ့ဘက်မှာ ပုန်းလျှိုပြီးတော့ ညအခါမှာ တောင်တွေကိုဖြတ်ပြီး ချီစန်းရဲ့အရှေ့ဘက်ကိုချီတက်ပါ။
အဲ့ကိုရောက်ရင် အချက်ပြမီးလွှတ်လိုက်ပါ"
"မာကျုံး"(Ma
Zhong) နှင့် "ကျန်းနီ"(Zhang Ni) တို့ကိုလည်း ထိုနည်းအတိုင်းပင် ခေါ်ပြောကာ
ချီစန်းအနောက်ဘက်သို့သွားစေပြီး ရှေ့ကစစ်သူကြီးနှစ်ဦးနှင့်တွေ့စေသည်။ ထို့နောက် သူတို့သည်
ပူးပေါင်းကာ "ချောင်ကျန်း"(Cao Zhen) ၏စခန်းကိုတိုက်ရန်ဖြစ်သည်။ "ကျူးကဲလျန့်"(Zhuge
Liang) မှာမူ အလယ်ဗဟိုမှတိုက်ပေမည်။ "ကွမ်းရှင်း"(Guan Xing) နှင့်
"လျောင်ဟွာ"(Liao Hua) တို့ကိုလည်း လျှို့ဝှက်အမိန့်များပေးထားခဲ့သည်။
စစ်တပ်ကြီးသည်
အလျင်အမြန်ချီတက်ပြီးနောက် မကြာမီတွင်ပင် "ဝူပန်"(Wu Ban) နှင့် "ဝူယီ"(Wu
Yi) တို့၏တပ်ခွဲနှစ်ခုသည် လျှို့ဝှက်အမိန့်နှင့်အတူ ထွက်သွားခဲ့သည်။ ရှူတပ်ဖွဲ့ကြီးမလာလောက်တော့ပြီဟုမှတ်ယူခဲ့သော
"ချောင်ကျန်း"(Cao Zhen) သည် ပေါ့လျော့ခဲ့ပြီး သူ့တပ်သားတို့ကို အနားယူနေစေခဲ့သည်။
ဆယ်ရက်အကြာတွင် သူ၏လုပ်ဖော်ကိုင်ဖက်အပေါ် လှောင်ပြောင်နိုင်လိမ့်မည်ဟုထင်နေခဲ့သည်။
ခုနစ်ရက်ကြာတွင်အကြာ
တောင်ကြားတွင် ရှူတပ်ကိုတွေ့ကြောင်း သတင်းပို့လာသည်။ "ချောင်ကျန်း"(Cao
Zhen) မှ "ချင်လျန့်"(Qin Liang) ကို တပ်သားငါးထောင်နှင့်လွှတ်ကာ အဝေးမှထောက်လှမ်းစေသည်။
"ချင်လျန့်"(Qin Liang) သည် သူ၏တပ်တို့နှင့်အတူ တောင်ကြားနားသို့သွားခဲ့သည်။
သူရောက်လာသည်နှင့် ရန်သူတို့သည် ချက်ချင်းတပ်ဆုတ်သွားလေသည်။ "ချင်လျန့်"(Qin
Liang) က အနောက်မှလိုက်သော်လည်း ရန်သူတို့မှာပျောက်ကွယ်သွားခဲ့သည်။ သူသည် အံ့ဩတွေဝေကာ
မည်သို့လုပ်ရမည်ကိုစဉ်းစားရင်း တပ်သားတို့ကို မြင်းပေါ်မှဆင်းစေကာ ခဏနားစေသည်။
ထိုအချိန်တွင်
အော်သံကိုကြားလိုက်ရပြီး သူ့ရှေ့တွင် ရန်သူ့ကင်းပုန်းတို့ထွက်လာသည်။ သူသည် မြင်းပေါ်သို့ပြန်တက်ပြီး
ကြည့်သောအခါ တောင်ကုန်းများပေါ်တွင် ဖုန်များထနေသည်ကိုတွေ့ရသည်။ ထိုအခါ သူ့တပ်တို့ကိုခံစစ်အနေအထားအသင့်နေရန်
အမိန့်ပေးလိုက်သော်လည်း အော်သံတို့သည် ပိုမိုနည်းကပ်လာခဲ့ပြီး "ဝူပန်"(Wu
Ban) နှင့် "ဝူယီ"(Wu Yi) တို့၏တပ်ပေါ်လာသည်။ အနောက်ဘက်တွင် "ကွမ်းရှင်း"(Guan
Xing) နှင့် "လျောင်ဟွာ"(Liao Hua) တို့က ပိတ်ထားသောကြောင့် ပြန်မဆုတ်နိုင်ခဲ့ပေ။
နှစ်ဖက်လုံးတွင် တောင်ကုန်းများရှိနေပြီး တောင်ကုန်းထိပ်မှအော်သံများကိုလှမ်းကြားရသည်။
"လက်နက်ချပြီး
အညံ့ခံပါ"
တပ်သားတဝက်ခန့်လက်နက်ချခဲ့သည်။ "ချင်လျန့်"(Qin Liang) သည် မြင်းစီးကာတိုက်ခိုက်ခဲ့သော်လည်း
"လျောင်ဟွာ"(Liao Hua) လက်ချက်ဖြင့် ကျဆုံးသွားခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် သူ့ဘက်ရောက်လာသော ဝေတပ်သားတို့သည် တပ်ဖျားပိုင်းတွင် နေရာချပေးခဲ့သည်။ သူတို့၏ဝတ်စုံနှင့်လက်နက်တို့ကိုယူကာ
သူ၏တပ်သားငါးထောင်အားဝတ်ဆင်စေသည်။ ပြီးနောက် ထိုတပ်ဖွဲ့အား "ကွမ်းရှင်း"(Guan
Xing) ၊ "လျောင်ဟွာ"(Liao Hua) ၊ "ဝူယီ"(Wu Yi) နှင့် "ဝူပန်"(Wu
Ban) တို့ကို ဦးဆောင်စေကာ "ချောင်ကျန်း"(Cao Zhen) ၏စခန်းကိုဝင်စီးစေသည်။
စခန်းသို့မရောက်မီ
မြင်းသည်တော်တစ်ဦးကို အရင်စေလွှတ်ပြီး ရှူတပ်အနည်းငယ်သာရှိကြောင်းနှင့် ထိုတပ်တို့ကိုတိုက်ထုတ်လိုက်ပြီဖြစ်ကြောင်း
"ချောင်ကျန်း"(Cao Zhen) အားသတင်းပို့စေကာ စိတ်ချနေစေခဲ့သည်။ ထိုသတင်းကိုကြားသောအခါ
"ချောင်ကျန်း"(Cao Zhen) သည် ကျေနပ်သွားခဲ့သည်။
သို့သော်
"စီးမာယီ"(Sima Yi) ၏ယုံကြည်ရသောအထောက်တော်ရောက်လာပြီး
"ကျွန်တော်တို့တပ်တွေက
ကင်းပုန်းနဲ့ရင်ဆိုင်ရပြီး အများကြီးကျရှုံးကုန်တယ်၊ အတော်များများသေဆုံးသွားလောက်ပြီ။
အလောင်းကစားလုပ်ထားတာကိုမတွေးပါနဲ့၊ သတိကြီးကြီးနဲ့နေသင့်ပါတယ်"
"ဒါပေမယ့်
ဒီနားမှာ ရှူတပ်တွေမှမရှိတာ"
ထို့နောက် ထိုအထောက်တော်ကို
ပြန်လွှတ်လိုက်သည်။
မကြာမီတွင်ပင်
"ချင်လျန့်"(Qin Liang) ၏စစ်တပ်ပြန်ရောက်လာကြောင်း ကြားသိသောအခါ သူတို့ကိုထွက်ပြီးတွေ့သည်။
သူအနီးသို့ရောက်လာသည်နှင့် သူ့စခန်းအနောက်ဘက်မှ မီးလောင်ကြောင်းသိရသောအခါ အလျင်အမြန်သွားကြည့်ရှုလေသည်။
ဝေစစ်သူကြီးထွက်သွားသည်နှင့် ခေါင်းဆောင်လေးဦးတို့သည် သူတို့တပ်အားအချက်ပြလိုက်ပြီး
စခန်းကိုဝင်တိုက်လေသည်။ တချိန်တည်းမှာပင် "မာတိုက်"(Ma Dai) နှင့်
"ဝမ်ဖင်"(Wang Ping) တို့သည် အနောက်ဘက်မှထွက်လာပြီး "မာကျုံး"(Ma
Zhong) နှင့် "ကျန်းယီ"(Zhang Yi) တို့တပ်သည်လည်း ပေါ်လာခဲ့သည်။
ဝေတပ်သားတို့သည်
ပိတ်မိခဲ့ပြီး ဘာမှမတတ်နိုင်သောကြောင့် အသက်မဆုံးရှုံးရန်ထွက်ပြေးကြလေသည်။ "ချောင်ကျန်း"(Cao
Zhen) သည်လည်း သူ့စစ်သူကြီးတို့၏ကာကွယ်မှုအောက်ဝယ် အရှေ့ဘက်သို့ပြေးရသည်။ ရန်သူတို့မှ
အနောက်ဘက်မှ ထပ်ချပ်မကွာလိုက်လေသည်။ ထိုသို့ပြေးနေစဉ်တွင် ကျယ်လောင်သောအသံကိုကြားလိုက်ရပြီး
နောက်ထပ်တပ်တစ်တပ်ပေါ်လာသည်။ "ချောင်ကျန်း"(Cao Zhen) သည် အားလုံးဆုံးရှုံးတော့မည်ဟုတွေးလိုက်ပြီး
စိတ်ပျက်သွားခဲ့လေသည်။ သို့သော် ထိုတပ်မှာ "စီးမာယီ"(Sima Yi) ၏တပ်ဖြစ်ပြီး
ရန်သူတို့ကိုပြန်တိုက်ထုတ်ခဲ့သည်။
"ချောင်ကျန်း"(Cao
Zhen) သည် အသက်ဘေးမှလွတ်ခဲ့သော်လည်း သူ့မျက်နှာပင်မပြရဲလောက်အောင် အရှက်ရခဲ့သည်။
ထိုအခါ
"စီးမာယီ"(Sima Yi) မှ
"ကျူးကဲလျန့်(Zhuge
Liang) က ချီစန်းကိုသိမ်းလိုက်ပြီ။ ကျုပ်တို့တွေ ဒီမှာဆက်နေလို့မဖြစ်တော့ဘူး။ ဝေမြစ်ကိုသွားပြီးတော့
ကျုပ်တို့ဆုံးရှုံးသွားတဲ့နယ်မြေကိုဘယ်လိုပြန်သိမ်းရမယ်ဆိုတာ ကြံရမယ်"
"ချောင်ကျန်း"(Cao
Zhen) : "ကျုပ်စစ်ရှုံးတော့မယ်ဆိုတာ ခင်ဗျားဘယ်လိုသိတာလဲ"
"ဒီအနီးအနားတဝိုက်မှာ
ရှူတပ်တွေမရှိဘူးလို့ကျုပ်ရဲ့ဆက်သားကကျုပ်ကိုပြန်ပြောခဲ့တယ်။ အဲ့ဒါကြောင့် ကျူးကဲလျန့်(Zhuge Liang) က ခင်ဗျားစခန်းကိုသိမ်းလိမ့်မယ်ဆိုတာ
ကျုပ်သိခဲ့တာ၊ ဒါကြောင့် ကူညီဖို့ရောက်လာတာဖြစ်တယ်။ ရန်သူတွေရဲ့အစီအစဉ်အောင်မြင်သွားပြီ။
လောင်းကြေးစားကြေးနဲ့ပတ်သတ်ပြီး ထပ်မပြောကြရအောင်။ ကျုပ်တို့တွေအကောင်းဆုံးကြိုးစားပြီး
တိုင်းပြည်ကိုကာကွယ်ရမယ်"
"ချောင်ကျန်း"(Cao
Zhen) သည် ထိုတိုက်ပွဲကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ နေမကောင်းဖြစ်သွားပြီး အိပ်ယာထဲလှဲနေခဲ့ရသည်။
ထိုအချိန်တွင် တပ်ကြီးသည် ဖရိုဖရဲဖြစ်နေခဲ့ပြီး "စီးမာယီ"(Sima Yi) သည်လည်း
တပ်ပြန်မဆုတ်ဝံ့သောကြောင့် ဝေမြစ်နားတွင် စခန်းချခဲ့ကြသည်။
ထိုတိုက်ပွဲပြီးသောအခါ
"ကျူးကဲလျန့်"(Zhuge Liang) သည် ချီစန်းသို့အလျင်အမြန်ပြန်လာခဲ့သည်။ ရဲမက်တို့အတွက်
စားသောက်ပွဲကျင်းပကာ ဆုလာဘ်များပေးပြီးနောက် မကျေမနပ်ဖြစ်ခဲ့သော ခေါင်းဆောင်လေးဦးဖြစ်သည့်
"ဝေရန်"(Wei Yan) "ချန်ရှီ"(Chen Shi) ၊ "တုချုံ"(Du
Qiong) နှင့် "ကျန်းနီ"(Zhang Ni) တို့ယောက်လာကာ တောင်းပန်ခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) : "ဘယ်သူ့ကြောင့် ဆုံးရှုံးမှုဖြစ်စေခဲ့တာလဲ"
"ဝေရန်"(Wei
Yan) : "ချန်ရှီ(Chen Shi) က အမိန့်မနာခံပဲ တောင်ကြားထဲကိုချီတက်သွားလို့ဖြစ်ရတာပါ"
"ချန်ရှီ"(Chen
Shi) : "ဒါက ဝေရန်(Wei Yan) ခိုင်းလို့လုပ်ပါ"
"ကျူးကဲလျန့်"(Zhuge
Liang) : "သူက ခင်ဗျားကိုလာကယ်ခဲ့တာတောင် ခင်ဗျားကသူ့ကိုချောက်ချချင်သေးတယ်။ အမိန့်ကိုမနာခံပဲ
ပြီးတော့မှ ဆင်ခြေတွေပေးနေတာက အလကားပဲ"
"ကျူးကဲလျန့်"(Zhuge
Liang) သည် "ချန်ရှီ"(Chen Shi) ကိုအပြင်သို့ဆွဲခေါ်သွားစေပြီး သေဒဏ်ပေးစေခဲ့သည်။
မကြာမီတွင်ပင် အာဏာပါးကွက်သားတို့မှ စစ်သူကြီးတို့ရှေ့တွင် ထိုသူ၏ခေါင်းကိုပြန်သယ်လာခဲ့သည်။
"ဝေရန်"(Wei Yan) ကို တာဝန်ပေးစရာရှိသေးသောကြောင့် အသက်ချမ်းသာပေးလိုက်သည်။
ထို့နောက်
"ကျူးကဲလျန့်"(Zhuge Liang) မှဆက်လက်ချီတက်ရန်ပြုသောအခါ "ချောင်ကျန်း"(Cao
Zhen) သည် နေမကောင်းဖြစ်နေပြီး သမားတော်တို့ဖြင့်ကုသနေရကြောင်း ကြားသိရသည်။ ထိုသတင်းကြောင့်
"ကျူးကဲလျန့်"(Zhuge Liang) သည် ဝမ်းမြောက်သွားကာ အမှုထမ်းတို့အား
"ချောင်ကျန်း(Cao
Zhen) ရဲ့ကျန်းမာရေးက အဆိုးရွားကြီးမဟုတ်ရင် သူတို့တွေ သေချာပေါက် ချန်အန်းကိုပြန်သွားကြမှာပဲ။
အခုပြန်မသွားတာဟာ အခြေအနေဆိုးနေလို့ဖြစ်ရမယ်။ ဒါကြောင့် သူ့တပ်သားတွေစိတ်ဓာတ်မကျအောင်လို့
ဆက်နေနေတာပဲ။ သူသေဆုံးသွားအောင် ကျုပ်စာတစ်စောင်ရေးပြီးပို့လိုက်မယ်"
ထို့နောက် လက်နက်ချခဲ့သောဝေစစ်သားတို့ကိုခေါ်ကာ
"မင်းတို့က
ဝေပြည်ကတပ်သားတွေပဲ။ နောက်ပြီး မင်းတို့မိသားစုတွေအားလုံးက ဟိုဘက်မှာရှိတယ်မဟုတ်လား။
ဒီတော့ ကျုပ်လက်အောက်မှာအမှုထမ်းဖို့ မသင့်တော်ဘူး။ ဒါကြောင့် မင်းတို့ကိုပြန်လွှတ်လိုက်မယ်"
ထိုတပ်သားတို့သည်လည်း
ကျေးဇူးတင်စကားပြောပြီး ဒူးထောက်ကာ ငိုခဲ့ကြသည်။ ထို့နောက် "ကျူးကဲလျန့်"(Zhuge
Liang) မှ
"မိတ်ဆွေကြီး
ချောင်ကျန်း(Cao Zhen) နဲ့ကျုပ်က သဘောတူညီချက်တစ်ခုရှိပြီး သူ့ကိုပေးဖို့ ကျုပ်စာတစ်စောင်ရေးထားတယ်။
အဲ့စာကိုသယ်သွားမယ့်သူကို ဆုချမယ်"
ထို့နောက် သူတို့သည်စာကိုယူဆောင်ကာ
သူတို့စခန်းသို့ပြန်သွားကြပြီး ထိုစာကို စစ်သေနာပတိအားပေးအပ်ခဲ့သည်။ "ချောင်ကျန်း"(Cao
Zhen) သည် အလွန်အမင်းမမာမကျန်းဖြစ်နေသောကြောင့် စာကိုထပြီးပင်မဖတ်နိုင်ခဲ့ပဲ လျောင်းလျက်ပင်
ဖတ်ရသည်။ စာ၏မျက်နှာဖုံးတွင်
'ဟန်ပြည်ဝန်ကြီးချုပ်
ကျူးကဲလျန့်(Zhuge Liang) မှ စစ်မက်ရေးရာဝန်ကြီး ချောင်ကျန်း(Cao Zhen) ထံသို့' ဟုရေးထားသည်။
'ကျွန်တော်ပြောချင်တာကတော့
တပ်တစ်တပ်ရဲ့ခေါင်းဆောင်ဆိုတာ တက်နိုင်ဆုတ်နိုင်ရမယ်၊ အားစိုက်စရာမလိုပဲ အောင်မြင်အောင်လုပ်နိုင်သလို
ဇွဲမလျှော့ပဲလည်းနေနိုင်ရမယ်၊ တိုက်တန်တိုက်၊ ဆုတ်တန်ဆုတ်ရမယ်။ ကိုယ့်ကိုကိုယ် အားနည်းသရောင်ရော၊
အားသာသရောင်ပါ ပြနိုင်ရမယ်၊ တောင်တွေလို မရွှေ့မပြောင်းနိုင်အောင်လုပ်ရမှာဖြစ်သလို သဘာဝတရားကြီးလိုမျိုး
တခြားလူတွေနားမလည်နိုင်အောင်လည်း လုပ်ဆောင်တတ်ရမယ်။ အာကာသဟင်းလင်းပြင်လို ထာဝရတည်ရှိနိုင်ရမှာဖြစ်သလို
ပင်လယ်သမုဒ္ဒရာလို ကျယ်ပြန့်နေပြီး ကောင်းကင်က အလင်းရောင်လို တောက်ပနေရမယ်။ မိုးခေါင်တာ၊
ရေကြီးတာတွေကို ကြိုသိရမှာဖြစ်ပြီး မြေပြင်ရဲ့သဘာဝကိုလည်း နားလည်ထားရမယ်။ ဒါ့အပြင်
တိုက်ပွဲခင်းကျင်းမှုတွေရဲ့ဖြစ်နိုင်ခြေတွေကိုနားလည်ထားရမှာဖြစ်သလို ရန်သူရဲ့အားနည်းချက်၊
အားသာချက်တွေကို မှန်းဆနိုင်ရမယ်။
ဪ! ခင်ဗျားလို မသိနားမလည် နိမ့်ကျပြီး ကောင်းကင်ဘုံဗိဗ္မာန်မှာ
မလေးမခန့်နဲ့အမြင့်ကိုရောက်လာတဲ့လူက လော့ရန်မှာ သူပုန်ကိုကူညီပြီး နန်းတက်စေပြီးတော့
ကမ်းခြေ တောင်ကြားနားကို အသုံးမကျတဲ့တပ်သားတွေစေလွှတ်ခဲ့တယ်။ အဲ့မှာ မိုးအသည်းအထန်ရွာတာနဲ့ကြုံပြီး
လမ်းခရီးကခက်ခဲတော့ လူရောမြင်းပါ ပင်ပန်းကုန်ပြီး ဗျာများစေခဲ့တယ်။ လက်နက်တွေ၊ သံချက်ကာတွေက
ရပ်ရွာဒေသတွေမှာ ကျကျန်ခဲ့ပြီး ဓားတွေ၊ လှံတွေကလည်း မြေပေါ်မှာတင်နေခဲ့တယ်။ သေနာပတိဖြစ်တဲ့ခင်ဗျားကတော့
စိတ်မကောင်းဖြစ်ပြီး ငြိမ်ဝပ်နေခဲ့ရတယ်၊ ခင်ဗျားစစ်သူကြီးတွေလည်း ကြွက်စုတ်တွေလိုထွက်ပြေးခဲ့ရတယ်။
ခင်ဗျားက အိမ်ပြန်ပြီးမျက်နှာမပြနိုင်တော့သလို တိုင်းပြည်ရဲ့ခန်းမဆောင်တွေထဲလည်း မဝင်နိုင်တော့ဘူး။
သမိုင်းပညာရှင်တွေရဲ့ကလောင်တွေဟာ ခင်ဗျားရဲ့ရှုံးနိမ့်မှုတွေကိုမှတ်တမ်းတင်ကြမှာဖြစ်ပြီး
လူတွေက ခင်ဗျားရဲ့မကောင်းသတင်းတွေကို ပြန်ပြောနေကြမှာဖြစ်တယ်။ 'တိုက်ပွဲနဲ့ရင်ဆိုင်ရဲ့အခါ
စီးမာယီ(Sima Yi) က ကြောက်သွားခဲ့ပြီး ချောင်ကျန်း(Cao Zhen) ကတော့ ကောလာဟလကြားရုံနဲ့တင်
လန့်နေခဲ့သတဲ့'
ကျုပ်ရဲ့တပ်သားတွေကတော့
အစွမ်းထက်ပြီး မြင်းတွေကလည်း သန်မာကြတယ်။ ကျုပ်စစ်သူကြီးတွေက ကျားတွေလိုစိတ်အားထက်သန်ကြပြီး
နဂါးတွေလိုခမ်းနားတယ်။ ကျုပ်က အလယ်ပိုင်းဒေသကိုဝင်တိုက်ပြီး ဝေပြည်ဆိုတာမရှိအောင်လုပ်မယ်'
"ချောင်ကျန်း"(Cao
Zhen) သည် ဖတ်နေရင်းဖြင့်ဒေါသအလိပ်လိုက်ထွက်ကာ အဆုံးတွင် ဒေါသတို့သည် ရင်ခေါင်းထိတက်လာခဲ့သည်။
သူသည် ထိုညနေတွင် ကွယ်လွန်သွားခဲ့လေသည်။ "စီးမာယီ"(Sima Yi) မှ စစ်သူကြီး၏အလောင်းကို
လှည်းဖြင့် လော့ရန်သို့ပို့စေခဲ့သည်။
"ချောင်ကျန်း"(Cao
Zhen) သေဆုံးသွားသည်ကို ဝေဧကရာဇ်ကြားသိသောအခါ အမိန့်စာထုတ်ပြန်ပြီး "စီးမာယီ"(Sima
Yi) အား အလျင်အမြန်ဖြင့် စစ်တပ်တို့ကိုဦးဆောင်စေကာ "ကျူးကဲလျန့်"(Zhuge
Liang) ကိုတိုက်စေသည်။ ထို့နောက် တစ်ရက်ကြိုပြီး စစ်ကြေညာခဲ့ရာ "ကျူးကဲလျန့်"(Zhuge
Liang) မှ နောက်ရက်တွင်တိုက်မည်ဟု အကြောင်းပြန်ခဲ့သည်။ သံတမန်ပြန်သွားသောအခါ
"ကျူးကဲလျန့်"(Zhuge Liang) သည် "ကျန်းဝေ"(Jiang Wei) ကို ညတွင်းချင်းခေါ်ပြီး
လျှို့ဝှက်အမိန့်များပေးခဲ့သည်။ "ကွမ်းရှင်း"(Guan Xing) ကိုလည်း ခေါ်ပြီးမည်သို့လုပ်ရမည်ကိုပြောခဲ့သည်။
နောက်ရက်တွင်
တပ်တစ်ခုလုံးသည် ဝေမြစ်ကမ်းသို့ချီတက်ပြီး ကျယ်ပြန့်သောလွင်ပြင်တွင် စခန်းချထားသည်။
ထိုနေရာ၏တဖက်တွင် တောင်ကုန်းများရှိပြီး ကျန်တဖက်တွင် မြစ်ကြီးရှိလေသည်။ တပ်ကြီးနှစ်တပ်တို့သည်
မြားတို့ဖြင့်ပစ်ကာ ထွက်ပေါ်လာကြသည်။ ဗုံသံသုံးခါမြည်ပြီးနောက် ဝေတပ်၏အလယ်ပိုင်းသည်
ကြီးကျယ်စွာပွင့်သွားပြီး "စီးမာယီ"(Sima Yi) သည် သူ၏အမှုထမ်းတို့နှင့်အတူပေါ်လာသည်။
တဖက်တွင် "ကျူးကဲလျန့်"(Zhuge Liang) သည် ယပ်တောင်ခပ်နေပြီး လှည်းယာဉ်ပေါ်တွင်ထိုင်နေသည်။
"စီးမာယီ"(Sima
Yi) မှ "ကျူးကဲလျန့်"(Zhuge Liang) အား
"ယောင်ဘုရင်က
ရွှန့်ဘုရင်ကိုထီးနန်းလွှဲအပ်ခဲ့သလိုမျိုး ကျုပ်တို့သခင်ဟာလည်း ထီးနန်းကိုဆက်ခံခဲ့သည်။
အခုဆို ဧကရာဇ်နှစ်ဆက်တိုင်အောင် ဆက်ခံခဲ့ပြီး အလယ်ပိုင်းဒေသမှာ အခြေခိုင်နေခဲ့ပြီ။
သူ့ရဲ့ ပြည်သူတွေအပေါ်ထားတဲ့ သဘောထားကြီးမှုနဲ့သနားကြင်နာမှုကြောင့် ဝူနဲ့ရှူဟာလည်း ရှိနေခဲ့တာဖြစ်တယ်။
ခင်ဗျားလို ကောင်းကင်ရဲ့ဆန္ဒကိုမသိနားမလည်တဲ့ နန်ယန်ကလယ်သမားက ကျုပ်တို့ပြည်ကို ကျူးကျော်လာတာကြောင့်
ခင်ဗျားကိုချေမှုန်းရမယ်။ ဒါပေမယ့် ခင်ဗျားရဲ့နှလုံးသားကို ပြန်လည်ဆန်းစစ်ပြီး အမှားတွေကိုပြုပြင်ပြီးတော့
ပြန်ဆုတ်သွားပြီး ကိုယ့်နယ်နိမိတ်အတွင်းမှာပဲ ကိုယ်နေမယ်ဆိုရင် တိုင်းပြည်သုံးခုလုံးဟာလည်း
ငြိမ်းချမ်းနေမှာဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူတွေလည်း စိတ်သောကရောက်စရာမလိုတော့သလို
ခင်ဗျားလည်း အသက်ဘေးမကြုံတော့ဘူး"
"ကျူးကဲလျန့်"(Zhuge
Liang) မှ ပြုံးပြီး
"ကျုပ်တို့ရဲ့ပထမဧကရာဇ်က
သူ့သားတော်ကိုကျုပ်ထံအပ်ခဲ့တာ။ ကျုပ်က သူ့ရဲ့အချုပ်အခြာအာဏာကိုထိပါးနေတဲ့သူပုန်တွေကို
နှိမ်နှင်းဖို့မကြိုးစားပဲနေမယ်လို့ထင်လား? ခင်ဗျားတို့ ချောင်စစ်တပ်တွေက မကြာခင်မှာ
ဟန်တပ်ရဲ့ချေမှုန်းမှုကိုခံရမှာဖြစ်တယ်။ ခင်ဗျားရဲ့ဘိုးဘေးတွေက ဟန်တိုင်းပြည်ရဲ့အမှုထမ်းတွေဖြစ်ပြီး
တိုင်းပြည်ကပေးတာတွေကိုယူခဲ့တယ်။ အဲ့ဒါတောင်မှ ခင်ဗျားက တိုင်းပြည်ကိုပြန်ကောင်းကျိုးမပြုပဲ
သူပုန်တွေကိုကူညီနေတာ မရှက်ဘူးလား"
"စီးမာယီ"(Sima
Yi) သည် အတန်ငယ်ရှက်သွားသော်လည်း ပြန်ဖြေသည်။
"ကျုပ်တို့တွေ
တိုက်ပွဲနဲ့ဆုံးဖြတ်ကြတာပေါ့။ ခင်ဗျားအောင်နိုင်ရင် ကျုပ်က စစ်တပ်တွေရဲ့ခေါင်းဆောင်မလုပ်တော့ဘူးလို့
ကတိပေးတယ်။ ခင်ဗျားရှုံးသွားရင်တော့ ကိုယ့်ရွာကိုယ်ပြန်ပါ။ ကျုပ်က ခင်ဗျားကိုရန်မပြုပါဘူး"
"စစ်သူကြီးတွေတိုက်မလား၊
လက်နက်ချင်းယှဉ်မလား၊ တိုက်ပွဲခင်းကျင်းမှုလုပ်မလား"
"ခင်းကျင်းမှုအပိုင်းမှာယှဉ်တာပေါ့"
"ဒါဆို
ခင်ဗျား ခင်းကျင်းမှုလုပ်ပြီး ကျုပ်ကိုပြကြည့်ပါ"
"စီးမာယီ"(Sima
Yi) သည် တပ်အတွင်းသို့ဝင်သွားပြီး သူ၏အမှုထမ်းတို့အား အဝါရောင်အလံဖြင့် အချက်ပေးကာ တပ်များကိုနေရာရွှေ့စေသည်။
ပြီးနောက် အရှေ့သို့ပြန်ထွက်လာပြီး
"ဘယ်လိုလဲ?
ဒီဗျူဟာပုံစံကို သိလား"
"ကျူးကဲလျန့်"(Zhuge
Liang) မှ ပြုံးပြီး
"ကျုပ်ရဲ့စစ်သူကြီးတွေလည်း
ဒီလောက်တော့ လုပ်တတ်ပါတယ်။ ဒါက 'စည်းစနစ်ထဲက ရှုပ်ထွေးမှု' ပုံစံမဟုတ်လား"
"ဒါဆို
ခင်ဗျားရဲ့ခင်းကျင်းမှုကိုလည်း ကျုပ်ကြည့်ရအောင်"
"ကျူးကဲလျန့်"(Zhuge
Liang) သည် အတွင်းသို့ဝင်သွားပြီး သူ့ယပ်တောင်ဖြင့် အချက်ပေးလိုက်သည်။ ထို့နောက် အပြင်ထွက်လာကာ
"ခင်ဗျား
ဒါကိုသိလား"
"သိတာပေါ့၊
ဒါ ရှစ်ထောင့်ဗျူဟာ မဟုတ်လား"
"ခင်ဗျားသိတဲ့ပုံပဲ။
ဒါပေမယ့် ဒါကိုရင်ဆိုင်ရဲလား"
"ကျုပ်သိမှတော့
ရင်ဆိုင်ရဲတာပေါ့"
"ဒါဆို
စမ်းကြည့်ပါလား"
"စီးမာယီ"(Sima
Yi) မှ အတွင်းသို့ဝင်သွားပြီး သူ၏စစ်သူကြီးသုံးဦးဖြစ်သည့် "တိုက်လင်(Dai
Ling) ၊ "ကျန်းဟူ"(Zhang Hu) နှင့် "ယွဲ့ချန်"(Yue Chen) တို့ကိုခေါ်ကာ
"ဒီခင်းကျင်းမှုမှာ
တံခါးပေါက်ရှစ်ပေါက်ရှိတယ်။ အဲ့ဒါတွေက မွေးဖွားခြင်း၊ ထွက်ခွာခြင်း၊ ကျယ်ပြန့်ခြင်း၊
ဒဏ်ရာ၊ကြောက်ရွံ့မှု၊ ချေမှုန်းခြင်း၊ အတာအဆီးနဲ့ သေခြင်းတံခါးပေါက်တွေဖြစ်တယ်။ ခင်ဗျားတို့က
အရှေ့ဘက်က မွေးဖွားခြင်းကနေဝင်ပြီး အနောက်တောင်ဘက်ကိုသွားပြီးတော့ ချေမှုန်းခြင်းတံခါးပေါက်ကနေပြန်ထွက်လာရမယ်။
ပြီးရင် မြောက်ဘက်က ထွက်ခွာခြင်းတံခါးပေါက်ကိုဝင်လိုက်ရင် ဒီခင်းကျင်းမှုကို အောင်မြင်နိုင်မယ်။
ဒါပေမယ့် သတိထားပါ"
"ကျန်းဟူ"(Zhang
Hu) မှ ရှေ့ဆုံးမှဦးဆောင်ပြီး အလယ်တွင် "တိုက်လင်"(Dai Ling) နှင့် နောက်ဆုံးတွင်
"ယွဲ့ချန်"(Yue Chen) တို့ရှိကာ တစ်ဦးတွင် မြင်းသည်တော်သုံးဆယ်စီရှိလေသည်။
သူတို့သည် မွေးဖွားခြင်းအပေါက်မှဝင်သွားသောအခါ နှစ်ဖက်လုံးမှအားပေးနေခဲ့သည်။ သို့သော်
အထဲသို့ရောက်သောအခါ တပ်ကြီးတစ်ခုကပိတ်နေသည်ကိုတွေ့ပြီး ထွက်ပေါက်ကိုရှာမတွေ့ပေ။ သူတို့သည်
အလျင်အမြန်ဖြင့် တပ်သားတို့ကိုဦးဆောင်ကာ အနောက်တောင်ဘက်သို့သွားလေသည်။ သို့သော်လည်း
မြားမိုးတို့ရွာကျလာသောကြောင့် ရပ်တန့်လိုက်ရသည်။ ထို့အပြင် ထွက်ပေါက်ပေါင်းများစွာကိုမြင်သောအခါ
ဇဝေဇဝါဖြစ်သွားခဲ့ပြီး တုန်လှုပ်ခြောက်ခြားသွားသည်။ ထို့အပြင် တစ်ဦးကိုတစ်ဦးမကူညီနိုင်ခဲ့ပေ။
ထူထပ်သောတိမ်များ၊ လွင့်နေသောမြူများကြားဝယ် ကစဥ့်ကလျားဖြင့်ပြေးခဲ့ကြသည်။ ထို့နောက်
ကျယ်လောင်သောအသံကိုကြားလိုက်ပြီး သူတို့တစ်ယောက်ချင်းစီသည် အဖမ်းခံခဲ့ရသည်။
ခေါင်းဆောင်သုံးဦးနှင့်
လူအယောက်ကိုးဆယ်တို့ကို "ကျူးကဲလျန့်"(Zhuge Liang) ရှိသည့်အလယ်ရွက်ဖျင်တဲသို့ခေါ်သွားခဲ့သည်။
"ကျူးကဲလျန့်"(Zhuge
Liang) မှ ပြုံးပြီး
"ခင်ဗျားတို့
သုံ့ပန်းဖြစ်သွားတာ အံ့ဩသွားလား? ဒါပေမယ့် ခင်ဗျားတို့ကို ခင်ဗျားတို့ခေါင်းဆောင်ဆီပြန်လွှတ်ပေးပါမယ်။
သူ့ကိုပြောလိုက်ပါ၊ ကျုပ်နဲ့လာပြီး ကောက်ချက်မချခင် စာအုပ်တွေများများဖတ်ပြီး ဗျူဟာတွေအရင်လေ့လာပါဦးလို့။
ခင်ဗျားတို့ကို အသက်ချမ်းသာပေးလိုက်ပေမယ့် လက်နက်နဲ့မြင်းတွေတော့ ဒီမှာထားခဲ့ရမယ်"
ထို့နောက် သူတို့၏သံချပ်ကာနှင့်လက်နက်တို့ကိုသိမ်းဆည်းပြီး
မျက်နှာကိုမင်ဖြင့် သုတ်ထားစေသည်။ သူတို့သည် ခင်းကျင်းထားသောဗျူဟာအတွင်းမှ ခြေလျင်လျှောက်သွားလေသည်။
ထိုသူတို့ကိုမြင်သောအခါ "စီးမာယီ"(Sima Yi) သည် ဒေါသထွက်သွားခဲ့သည်။
"ဒီလို
အရှက်ကွဲပြီးမှတော့ အလယ်ပိုင်းဒေသက အမှုထမ်းတွေကို ဘယ်လိုမျက်နှာပြရတော့မလဲ"
ထို့နောက် ရန်သူတို့ကိုတိုက်ရန်
သူ၏တပ်ကြီးအား အချက်ပေးကာ ဓားကိုကိုင်ပြီး ရဲရင့်သောစစ်သူကြီးတို့နှင့်အတူ တိုက်လေသည်။
တပ်ကြီးနှစ်တပ်စတင်တိုက်ခိုက်စဉ်မှာပင် "ကွမ်းရှင်း"(Guan Xing) ရောက်လာပြီး
ဗုံတို့ကိုတီးကာ ရဲမက်တို့သည်လည်း ဟစ်အော်ပြီး တိုက်ခိုက်ကြသည်။ "စီးမာယီ"(Sima
Yi) သည် အနောက်ဘက်မှ တပ်ခွဲတစ်ခုအား "ကွမ်းရှင်း"(Guan Xing) နှင့်ရင်ဆိုင်စေပြီး
ပင်မတပ်ကိုမူ ဆက်လက်ချီတက်စေသည်။
ထိုစဉ်
"ကျန်းဝေ"(Jiang Wei) သည် သိုသိပ်စွာ ရောက်လာပြီး တိုက်ခိုက်သောကြောင့် ဝေတပ်ကြီးမှာ
ရှုပ်ထွေးသွားခဲ့သည်။ သို့နှင့် ဝေတပ်ကြီးသည် နေရာသုံးနေရာမှတိုက်ခိုက်ခံခဲ့ရပြီး
"စီးမာယီ"(Sima Yi) မှ ပြန်ဆုတ်ခွာရန်ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုသို့ပြုလုပ်ရန်မှာ
ခက်ခဲလှသည်။ အကြောင်းမှာ ရှူစစ်သည်တို့သည် ပိတ်ထားပြီး တဖြည်းဖြည်းချဉ်းကပ်လာသောကြောင့်ဖြစ်သည်။
နောက်ဆုံးတွင် အသည်းအသန်ကြိုးစားပြီး တောင်ဘက်လမ်းသွယ်လေးမှထွက်ပြေးလွတ်မြောက်သွားသည်။
သို့သော် သူ၏စစ်သည်ဆယ်ယောက်တိုင်းတွင် ခြောက်ဦး၊ ခုနစ်ဦးခန့်အသက်ရှုံးခဲ့ရသည်။
ဝေတပ်သည် ဝေမြစ်၏တောင်ဘက်တွင်
အခိုင်အမာနေပြီး စခန်းချကာ ခံစစ်အနေဖြင့်သာ နေသည်။
"ကျူးကဲလျန့်"(Zhuge
Liang) သည် သူ၏စစ်အောင်နိုင်သောတပ်ကိုဦးဆောင်ပြီး ချီစန်းသို့ပြန်ခဲ့သည်။
ထိုစဉ် ပိုင်တိချန်တွင်ရှိသော
"လီရန်"(Li Yan) မှ စစ်သူကြီး "ကုန်းအန်း"(Gong An) အား စားနပ်ရိက္ခာနှင့်အတူ
လွှတ်လိုက်သည်။ "ကုန်းအန်း"(Gong An) သည် အရက်မူးကာ လမ်းတွင်ကြန့်ကြာနေခဲ့သောကြောင့်
သတ်မှတ်ရက်ထက် ဆယ်ရက်ကြာမှရောက်လာလေသည်။ ထိုသို့ နှောင့်နှေးခြင်းကြောင့် "ကျူးကဲလျန့်"(Zhuge
Liang) သည် စိတ်ဆိုးကာ အပြစ်တင်လေသည်။
"ဆန်စပါးက
စစ်တပ်အတွက် အရေးအပါဆုံးအရာပဲ၊ ဒါကို ခင်ဗျားက နောက်ကျတယ်။ သုံးရက်နောက်ကျရင်ကို သေဒဏ်ပေးလို့ရနေတာ၊
ဆယ်ရက်တောင်နောက်ကျတာ ဘာဆင်ခြေပေးမလဲ?"
ထို့နောက်
"ကုန်းအန်း"(Gong An) ကို သေဒဏ်ပေးစေခဲ့သည်။
သို့သော်
"ရန်ယီ"(Yan Yi) မှ
"ကုန်းအန်း(Gong
An) က လီရန်(Li Yan) ရဲ့အမှုထမ်းဖြစ်ပြီး လီရန်(Li Yan) က အနောက်ဘက်နယ်ကို ရိက္ခာတွေအများကြီးပို့နေတဲ့သူဖြစ်တယ်။
သူ့ကိုသေဒဏ်ပေးလိုက်ရင် တခြားလူတွေက ဒီတာဝန်ကိုယူရဲမှာမဟုတ်တော့ဘူး"
ထို့ကြောင့်
"ကျူးကဲလျန့်"(Zhuge Liang) မှ အပြစ်သားကို ကြိုးဖြည်စေပြီး ကြိမ်ဒဏ်ရှစ်ဆယ်
ချမှတ်ခဲ့သည်။ ထိုသို့ဒဏ်ပေးခြင်းကြောင့် "ကုန်းအန်း"(Gong An) က မုန်းတီးနေခဲ့ပြီး
ညအချိန်တွင် လူခြောက်ဦးခန့်နှင့်အတူ ရန်သူ့စခန်းသို့ထွက်ပြေးခိုလှုံခဲ့သည်။ သူသည်
"စီးမာယီ"(Sima Yi) ရှေ့သို့ရောက်သောအခါ အကျိုးအကြောင်းပြောခဲ့လေသည်။
"ခင်ဗျားပြောတာက
အဖြစ်မှန်ဟုတ်နိုင်ပေမယ့်သိပ်မယုံနိုင်ဘူး။ ကျူးကဲလျန့်(Zhuge Liang) က ဉာဏ်များလွန်းတယ်။
ဒါပေမယ့် ခင်ဗျားသာ အကျိုးဆောင်နိုင်မယ်ဆိုရင် ကျုပ်က ဝေဧကရာဇ်ကိုလျှောက်တင်ပြီး ခင်ဗျားအတွက်
ရာထူးတစ်နေရာပေးစေမယ်"
"ခင်ဗျား
ပြောတဲ့အတိုင်း ကျွန်တော် အကောင်းဆုံးလုပ်ဆောင်ပါ့မယ်"
"ဒါဆို
ချန်တူးကိုသွားပြီး ကျူးကဲလျန့်(Zhuge Liang) က အထက်ပုဂ္ဂိုလ်အပေါ်မကျေနပ်ပဲ သူကိုယ်တိုင်ဧကရာဇ်လုပ်ဖို့ကြိုးစားနေတယ်လို့
သတင်းပို့ပါ။ ဒါဆို သူ့ကိုပြန်ခေါ်တဲ့စာရောက်လာလိမ့်မယ်။ အဲ့လိုဆို ခင်ဗျားလည်း အကျိုးဆောင်နိုင်လိုက်တာပဲ"
"ကုန်းအန်း"(Gong
An) သည် ထိုသစ္စာဖောက်သည့်တာဝန်ကိုလက်ခံခဲ့ပြီးနောက် ချန်တူးသို့သွားသည်။ ချန်တူးတွင်
မိန်းမစိုးတို့နှင့်တွေ့ပြီး ထိုမဟုတ်မှန်သည့်သတင်းကို ပြောလေသည်။ မိန်းမစိုးတို့ကလည်း
သူတို့အသက်ဘေးကိုစိုးရိမ်သောကြောင့် ဧကရာဇ်အားလျှောက်တင်ကြသည်။
ဧကရာဇ်မှ
"ဒါဆို
ကျုပ် ဘာလုပ်ရမလဲ"
"သူ့ကို
မင်းနေပြည်တော်ကိုပြန်ခေါ်ပြီး ဘာမှမလုပ်နိုင်အောင် စစ်တပ်ကိုအုပ်ချုပ်ခွင့်အာဏာကိုသိမ်းလိုက်ပါ"
ထို့ကြောင့်
ဧကရာဇ်သည် တပ်တို့အား ပြန်ခေါ်သည့်အမိန့်တော်ကိုထုတ်ခဲ့သည်။
"ကျန်းဝမ်"(Jiang
Wan) မှ
"ဝန်ကြီးချုပ်က
စစ်ချီတက်ကတည်းက အောင်မြင်မှုတွေရခဲ့တာ၊ ဘာကြောင့် ပြန်ခေါ်ရတာလဲ"
"ကျုပ်
သူနဲ့လူကိုယ်တိုင်တွေ့ပြီး လျှို့ဝှက်ဆွေးနွေးစရာရှိလို့"
ထိုစာကို
"ကျူးကဲလျန့်"(Zhuge Liang) ထံပို့လိုက်သည်။ တမန်တော်သည် ချီစန်းသို့ရောက်သည်နှင့်
ချက်ချင်းလက်ခံတွေ့ဆုံခဲ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ ဝမ်းနည်းစွာဖြင့်
"ဧကရာဇ်ကငယ်သေးတယ်။
သူ့ဘေးမှာလည်း မနာလိုတဲ့လူတွေရှိနေတယ်။ ကျုပ်က သေချာပေါက်အောင်မြင်မှုကိုရနိုင်တဲ့အချိန်မှာ
ဘာလို့ပြန်ခေါ်ရတာလဲ? ကျုပ်ပြန်မသွားရင် မင်းသားကို စော်ကားရာကျမယ်။ ပြန်သွားရင်လည်း
ဒီအခွင့်အရေးကို နောက်ထပ်ရမှာမဟုတ်တော့ဘူး"
"ကျန်းဝေ"(Jiang
Wei) : "တပ်ဆုတ်လို့ရှိရင် စီးမာယီ(Sima Yi) က လာတိုက်လိမ့်မယ်"
"ကျုပ်တို့တွေ
တပ်ခွဲငါးခုခွဲပြီး တပ်ဆုတ်ကြမယ်။ ဒီနေ့ဒီတပ်စခန်းက စပြီး ချီတက်ပြီးတော့ စခန်းမှာ
တပ်သားတစ်ထောင်ရှိတယ်ဆိုရင် ထမင်းချက်တဲ့အခါ မီးမွှေးဖို့ကို အယောက်နှစ်ထောင်စာ ယူသွားပါ။
တပ်သားအယောက်သုံးထောင်ရှိတယ်ဆိုရင် အယောက်လေးထောင်စာမီးမွှေးဖို့လုပ်ပါ။ အဲ့လိုနဲ့လုပ်ပြီး
တပ်တွေအဝေးကိုရောက်လေ မီးများများပိုမွှေးလေလုပ်ပါ"
"ရန်ယီ"(Yang
Yi) : " ရှေးတုန်းက စွန်းပင်း(Sun Bin) က ဖန်ကျွမ်း(Pan Jian) ကိုတိုက်တော့ စစ်တပ်အရေအတွက်များလေ၊
မီးကိုနည်းလေလုပ်ခဲ့တယ်။ ဝန်ကြီးချုပ်က ဘာကြောင့် ပြောင်းပြန်လုပ်ရတာလဲ"
"ဘာကြောင့်လည်းဆိုရင်
စီးမာယီ(Sima Yi) က အရည်အချင်းရှိတဲ့လူဖြစ်ပြီး ကျုပ်တို့တပ်ဆုတ်တာသိရင် နောက်ကတိုက်လိမ့်မယ်။
ဒါပေမယ့် ကျုပ်တို့တွေကင်းပုန်းချထားလောက်မယ်လို့ သူတွက်မိမှာပဲ။ စခန်းမှာ ထမင်းချက်တာ
တဖြည်းဖြည်းများလာတာမြင်ရင် တပ်တွေတကယ်ဆုတ်သွားလား၊ မဆုတ်လားဆိုတာ သူသေချာမသိတာကြောင့်
နောက်ကလိုက်မှာမဟုတ်ဘူး။ ဒါဆို ကျုပ်လည်း ဘာမှမဆုံးရှုံးပဲ တဖြည်းဖြည်းဆုတ်ခွာလို့ရတယ်"
ထို့နောက် တပ်ဆုတ်ရန်
အမိန့်ထုတ်ပြန်ခဲ့သည်။
"ကုန်းအန်း"(Gong
An) ၏အလိမ်အညာသတင်းသည် အကျိုးသက်ရောက်လိမ့်မည်ဟု ယုံကြည်နေသော "စီးမာယီ"(Sima
Yi) သည် ရှူတပ်ကြီးထွက်ခွာသွားမည်ကိုစောင့်နေခဲ့သည်။ ရန်သူ့စခန်းများတွင် လူမရှိတော့သည်ဟု
သတင်းပို့လာသည်ကိုကြားသောအခါ တပ်သားအနည်းငယ်ကို ဦးဆောင်လျက် သူကိုယ်တိုင်သွားကာ ကြည့်ခဲ့သည်။
ထို့နောက် စခန်းတို့ကိုစစ်ဆေးပြီး မီးဖိုများကို ရေတွက်စေသည်။ နောက်ရက်တွင် တခြားစခန်းကိုသွားကြည့်ပြန်ပြီး
မီးဖိုများကိုထပ်ရေတွက်စေသည်။ မီးဖိုများမှာ ထပ်ဝက်ခန့်တိုးလာသည်ကို သိရသည်။
"ဒါ ကျူးကဲလျန့်(Zhuge
Liang) က ကျုပ်တို့ကိုတိုက်ဖို့ တပ်တွေအဆင်သင့်ပြင်ထားတာဖြစ်ရမယ်။ သူက မီးဖိုတွေကိုတဖြည်းဖြည်းတိုးသွားတယ်ဆိုတော့
ကျုပ်တို့တွေဆက်လိုက်ရင် သူက အဆင်သင့်စောင့်နေတာနဲ့ကြုံရလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့တွေပြန်ဆုတ်ပြီး
နောက်အခွင့်ကောင်းကိုစောင့်ရမယ်"
ထို့ကြောင့်
ဆက်မလိုက်တော့ပေ။ "ကျူးကဲလျန့်"(Zhuge Liang) သည် ဟန်ကျုံးသို့ပြန်လည်ဆုတ်ခွာရာတွင်
တပ်သားတစ်ဦးမျှမဆုံးရှုံးခဲ့ပေ။
ထို့နောက် မြစ်ပြည်နယ်မှလူများထံမှ
တပ်တို့မှာတကယ်ဆုတ်သွားပြီဖြစ်ကြောင်း၊ မီးဖိုတို့မှာ တိုးလာသော်လည်း တပ်သားတို့မှာတိုးသွားခြင်းမရှိကြောင်း
စသည်တို့ကိုကြားသိရသည်။ ထိုအခါ "စီးမာယီ"(Sima Yi) သည် လှည့်စားခံလိုက်ရပြီဟုသိပြီး
ကောင်းကင်ကြီးကိုကြည့်ကာ သက်ပြင်းချခဲ့သည်။
"ကျူးကဲလျန့်(Zhuge
Liang) က စွန်းပင်း(Sun Bin) ရဲ့ဗျူဟာကို အတုယူပြီး ကျုပ်ကိုသံသယဝင်အောင်လုပ်ခဲ့တာပဲ။
သူ့အတွေးက ကျုပ်ထက်သာလွန်းတယ်"
ထို့နောက်
"စီးမာယီ"(Sima Yi) သည် လော့ရန်သို့ပြန်ရန်ပြုလေသည်။
Comments