Edo ခေတ်

Edo ခေတ်ဟာ ၁၆၀၃ က အစပြုပြီး ၁၈၆၈ ခုနှစ်ထိ နှစ် ၂၀၀ ကျော် ကြာမြင့်ခဲ့ပါတယ်။ သက္ကရာဇ် ၁၆၀၀ - Sekigahara တိုက်ပွဲမှာ Tokugawa Ieyasu အနိုင်ရပြီးနောက် Tokugawa မိသားစုဟာ ဂျပန်မှာ တန်ခိုးအာဏာအရှိဆုံး ဖြစ်လာခဲ့ပါတယ်။ အဲ့နောက် သူ့ကို ဆန့်ကျင်တဲ့ အခြား clan တွေကို ဖျက်သိမ်းတဲ့ဟာဖျက်၊ အချို့ clan ပိုင်ဆိုင်တဲ့ နယ်မြေတွေကိုတော့ လျှော့ချပြီး အဲ့နယ်မြေတွေကို Tokugawa clan ကို ထောက်ခံတဲ့ အခြား clan တွေကို ပြန်လည်မျှဝေပေးပြီး သူကောင်းပြုခဲ့ပါတယ်။ ၁၆၀၃ မှာတော့ Ieyasu ဟာ Shogun ဖြစ်လာခဲ့ပါတယ်။ ၁၆၀၅ မှာ သားဖြစ်သူ Hidetada ကို Shogun ရာထူးပေးပြီးနောက် Ieyasu က ရာထူးက အနားယူခဲ့ပါတယ်။ ဒါပေမယ့်လည်း သေဆုံးချိန်ထိ အုပ်ချုပ်ရေးယန္တရားမှာ အာဏာရှိနေဆဲဖြစ်ပါတယ်။ Tokugawa ဟာ Shogun ဖြစ်လာခဲ့ပေမယ့်လည်း Toyotomi clan ကျန်ရှိနေတဲ့ အချက်ဟာ Tokugawa clan အပေါ် ခြိမ်းခြောက်မှုသဖွယ်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် "ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန်ရှင်း" ဆိုသလိုပဲ ၁၆၁၅ မှာ Toyotomi clan ရဲ့ Osaka ခံတပ်ကို သိမ်းယူခဲ့ပြီး Toyotomi မိသားစုတွေကို အပြတ်ရှင်းခဲ့ပါတယ်။


တံခါးပိတ်ဝါဒကို စတင်ကျင့်သုံးခြင်း

Ieyasu ဟာ Hideyoshi လိုပဲ နိုင်ငံခြားကုန်သွယ်မှုကို အားပေးပေမယ့် ပြည်ပက အနှောင့်အယှက်ကိုလည်း မလိုလားခဲ့ပါဘူး။ Edo ကို နိုင်ငံခြားကုန်သွယ်မှုအတွက် ဆိပ်ကမ်းကြီးတစ်ခုဖြစ်စေချင်ခဲ့ပေမယ့်လည်း ဥရောပကုန်သည်တွေဟာ Kyushu မှာရှိတဲ့ ဆိပ်ကမ်းတွေနဲ့သာ ဦးစားပေးကုန်သွယ်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ကလည်း ဂျပန်နဲ့ အခြားနိုင်ငံတွေကုန်သွယ်တာကို ဆန့်ကျင်တဲ့အတွက် အချို့ဆိပ်ကမ်းတွေကိုပဲ ကုန်သွယ်ဖို့ သတ်မှတ်ခဲ့ပါတယ်။ Edo ခေတ်ဦးမှာ သမုဒ္ဒရာခရီးသွားနိုင်တဲ့ တန်ချိန် ၅၀၀ ရှိတဲ့ ဥရောပပုံစံသင်္ဘောကို ပထမဆုံး ဆောက်လုပ်နိုင်ခဲ့ပါတယ်။ Hasekura Tsunenaga ဦးဆောင်တဲ့ သံတမန်အဖွဲ့ဟာ အမေရိကသို့ သွားပြီးအဲ့ကတစ်ဆင့် ဥရောပနိုင်ငံတွေကို သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ Kyushu ကျွန်းက ခရစ်ယာန် Daimyo တွေနဲ့ ဥရောပသားတွေ ကုန်သွယ်မှုကို မပိတ်ပင်နိုင်ခဲ့တဲ့အတွက် ခရစ်ယာန်ပြဿနာ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၆၁၆ မှာ Kyushu အနောက်မြောက်ပိုင်းမှာရှိတဲ့ Nagasaki နဲ့ Hirado ကို ကုန်သွယ်မှု ပိတ်ပင်ခဲ့ပါတယ်။ ၁၆၂၂ မှာ ခရစ်ယာန်သာသနာပြု အယောက် နှစ်ဆယ်ကို သေဒဏ် ချမှတ်ခဲ့ပြီး ၁၆၂၄ မှာ စပိန်နဲ့ ကုန်သွယ်မှု ဖြတ်တောက်ခဲ့ပါတယ်။ ၁၆၂၉ မှာတော့ ခရစ်ယာန်ဘာသာဝင် ထောင်ပေါင်းများစွာကို သတ်ခဲ့ပြီး ၁၆၃၆ မှာတော့ ဒတ်ခ်ျ တွေကို Dejima ကျွန်းမှာသာ ကုန်သွယ်ခွင့် ပေးပါတော့တယ်။ ၁၆၃၇-၃၈ မှာတော့ ခရစ်ယာန်ဘာသာဝင်တွေပါဝင်တဲ့ Shimabara ပုန်ကန်မှုဖြစ်လာပြီး ထိုသူပုန်တွေကို ဒတ်ခ်ျသင်္ဘောအကူအညီနဲ့ နှိမ်နင်းနိုင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ပေါ်တူဂီနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး တရုတ်ကိုတော့ Dejima ကျွန်းမှာသာ ကုန်သွယ်ခွင့်ပေးပါတော့တယ်။ ၁၆၅၀ မှာတော့ ဂျပန်တစ်နိုင်ငံလုံးမှာ ခရစ်ယာန်ဆိုတာ မရှိသလောက် ရှားသွားပါတော့တယ်။ ဒီလိုနဲ့ ဂျပန်ဟာ အိမ်နီးချင်း ကိုရီးယား၊ တရုတ်နဲ့ ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီက လွဲလို့ အခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှု ဖြတ်ခဲ့ပြီး တံခါးပိတ်ဝါဒကို စတင်ကျင့်သုံးခဲ့ပါတယ်။

လူမှုရေး

Edo ခေတ်မှာ Samurai တွေ နယ်မြေဆုံးရှုံးခဲ့ပြီး နယ်မြေတွေကို တစ်နိုင်ငံလုံးက Daimyo အယောက် သုံးရာလောက်ကို ခွဲဝေအုပ်ချုပ်စေခဲ့ပါတယ်။ Samurai လူတန်းစားဟာ အရပ်သားသော်လည်းကောင်း၊ Daimyo (သို့) Shogun အောက် အမှုထမ်းအဖြစ်နဲ့သော်လည်းကောင်း နေဖို့ ရွေးချယ်စရာ နှစ်လမ်းရှိခဲ့ပါတယ်။ Shogun အောက်မှာတော့ Sarmurai အယောက်ငါးထောင်ခန့် ထားရှိပါတယ်။ Daimyo တွေကို Shogun က ထိန်းချုပ်ထားပြီး Daimyo ရဲ့ မိသားစုတွေကို Shogun ရှိရာ Edo မှာ နေစေပါတယ်။ Daimyo တွေက Edo မှာတစ်လှည့်၊ ကိုယ်ပိုင်နယ်တွေမှာ တစ်လှည့် နေရပါတယ်။
လူတန်းစားရဲ့ အပေါ်ဆုံး အလွှာမှာတော့ ဧကရာဇ်နဲ့ မင်းဆွေမင်းမျိုးတွေ၊ Shogun နဲ့ Daimyo တော့ ပါဝင်ပြီး အဲ့အောက်မှာတော့ Samurai (ဆာမူရိုင်း)၊ တောင်သူလယ်သမား၊ လက်မှုပညာသည်တွေနဲ့ ကုန်သည် စသည်ဖြင့် ရှိပါတယ်။ အဲ့နောက်တစ်ဆင့်မှာတော့ မြို့စောင့်၊ အာဏာပါးကွက်သားနဲ့ သန့်ရှင်းရေးသမားတွေ ရှိပါတယ်။ အောက်ဆုံးအလွှာမှာတော့ သူဖုန်းစားတွေ၊ ဖျော်ဖြေသူတွေ၊ ပြည့်တန်ဆာတွေ ပါဝင်ပါတယ်။

စီးပွားရေး

Edo ခေတ်မှာ စီးပွားရေးတိုးတက်မှု ရှိခဲ့ပြီး မြို့ကြီးပြကြီးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါအပြင် ကုန်သွယ်ရေးအရလည်း တိုးတက်မှုရှိလာခဲ့ပါတယ်။ စိုက်ပျိုးရေးထွက်ကုန်၊ လက်မှုပစ္စည်းထုတ်ကုန်များလာခဲ့ပြီး ဘဏ်လုပ်ငန်းနဲ့ ကုန်သည်များအသင်းတွေ ပေါ်ပေါက်လာပါတယ်။ ၁၈ ရာစုအလယ်မှာတော့ Edo ရဲ့ လူဦးရေဟာ တစ်သန်းကျော်ရှိခဲ့ပြီး Kyoto ၊ Osaka တို့မှာ လူဦးရေ လေးသိန်းကျော်စီလောက်ရှိပြီး အခြားမြို့တွေမှာလည်း လူဦးရေ များလာပါတယ်။ သို့သော် ၁၇၂၀နဲ့ ၁၈၂၀ အတွင်းမှာတော့ လူဦးရေပြောင်းလဲမှု မရှိသလောက် ဖြစ်ခဲ့ပါတယ်။ စီးပွားရေးရဲ့ အဓိက ကတော့ ဆန်စပါး ထုတ်လုပ်မှု ဖြစ်ပြီး ရောင်းရငွေ လေးဆယ်ရာခိုင်နှုန်းကို အခွန်အနေနဲ့ ကြီးလေးစွာ ကောက်ခံခဲ့ပါတယ်။

နည်းပညာ၊ အသိဉာဏ်နှင့် အနုသုခုမပညာ တိုးတက်လာခြင်း

Edo ခေတ်မှာ ဂျပန်လူမျိုးတွေဟာ အနောက်တိုင်းရဲ့ ပညာတွေကို ဒတ်ခ်ျတွေက တစ်ဆင့် လေ့လာခဲ့ပါတယ်။ အများအားဖြင့် ပထဝီဝင်၊ ဆေး၊ သိပ္ပံ၊ နတ္ခတ္တဗေဒ၊ အနုပညာ၊ ဘာသာစကား စသည်တို့ကို လေ့လာခဲ့ပါတယ်။ ထို့အပြင် ကွန်ဖြူးရှပ်ဝါဒသစ်တွေ စိမ့်ဝင်လာခဲ့ပါတယ်။ ရှေးယခင်တည်းက ကွန်ဖြူးရှပ်ဝါဒဟာ ဂျပန်ပြည်မှာရှိခဲ့ပြီး ဗုဒ္ဓဘာသာနဲ့ ရောယှက်နေပေမယ့် Tokugawa ခေတ်မှာတော့ ကွန်ဖြူးရှပ်ဝါဒဟာ တသီးတခြား ထွက်ပေါ်လာပါတယ်။ ကွန်ဖြူးရှပ်ဝါဒသစ်ကြောင့် "Bushido" လို့ ခေါ်တဲ့ "ဆာမူရိုင်း လမ်းစဉ်" အပြင် သာမန်သူတွေ ကျင့်သုံးတဲ့  :Chonindo" ဆိုတဲ့ လမ်းစဉ်ပါ ပေါ်ပေါက်လာခဲ့ပါတယ်။ "Ukiyo" လို့ ခေါ်တဲ့ ပန်းချီတွေလည်း ခေတ်စားလာခဲ့ပါတယ်။ Edo ခေတ်ဟာ အေးချမ်းသာယာခဲ့တဲ့ ခေတ်ဖြစ်တဲ့ အလျောက် လူတွေက အပန်းဖြေဖို့ စိတ်အားထက်သန်လာပြီး အဲ့အတွက် အဆောက်အအုံတွေ ဆောက်ရာက "Yoshiwara" ဆိုတဲ့ ရပ်ကွက်ဖြစ်လာခဲ့ပါတယ်။ "Yoshiwara" ဟာ အာဏာရှိသူတွေ၊ သူဌေးသူကြွယ်တွေ အပန်းဖြေရာနေရာ ဖြစ်လာခဲ့ပါတယ်။ Yoshiwara ဟာ အမျိုးသမီးတွေ ကခုန်၊ ဖျော်ဖြေသီဆိုတဲ့ နေရာဖြစ်တဲ့အပြင် ပြည့်တန်ဆာလုပ်ငန်းတွေရှိတဲ့ နေရာဖြစ်ပြီး အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ပြည့်တန်ဆာ ရပ်ကွက်ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီး ဖျော်ဖြေသူ "Geisha" တွေ၊ "Kabuki" ပြဇာတ်တွေ၊ "Bunraku" လို့ ခေါ်တဲ့ ရုပ်သေးပြဇာတ်တွေလည်း ခေတ်စားလာခဲ့ပါတယ်။

Edo ခေတ်၏ နိဂုံး
Tokugawa ၏ ဩဇာမှေးမှိန်လာခြင်း

Tokugawa ခေတ်နှောင်းမှာ အစိုးရရဲ့ ဩဇာယုတ်လျော့လာပြီး အစိုးရကို ဆန့်ကျင်တဲ့ Daimyo တွေ များလာခဲ့ပါတယ်။ ဒါ့အပြင် မိုးခေါင်ရေရှားဖြစ်ကာ သီးနှံအထွက်နှုန်းလျော့ပြီး စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်ခဲ့ပါတယ်။ ဒီလိုတွေဖြစ်နေပေမယ့် အစိုးရဟာ အခွန်အတုတ်လျှော့ပေးခြင်း မရှိတဲ့အတွက် လယ်သမားတွေ မကျေနပ်ဖြစ်ပြီး ဆန့်ကျင်မှုတွေ ရှိလာခဲ့ပါတယ်။ အစိုးရဟာ စီးပွားရေးအရပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမယ့်လည်း အခြေအနေက ဆိုးရွားသည်ထက် ဆိုးရွားလာပါတယ်။ ဒါ့အပြင် "ဧကရာဇ်ကို အာဏာအပ်နှင်းကာ တိုင်းတစ်ပါးလူရိုင်းတွေကို မောင်;ထုတ်မည်" ဆိုတဲ့ "Sonno Joi" အဖွဲ့ ပေါ်လာခဲ့ပါတယ်။ ၁၈၄၆ ဇူလိုင် မှာ အမေရိကန်က သံတမန်ဆက်ဆံရေး ကမ်းလှမ်းခဲ့ပေမယ့် ဂျပန်က ငြင်းဆိုခဲ့ပါတယ်။

ပိတ်နေသော တံခါးများကို ပြန်ဖွင့်ပေးရခြင်း

အမေရိကန်စစ်ဗိုလ် Matthew Calbraith Perry ဦးဆောင်တဲ့ သင်္ဘော (ဂျပန်အခေါ် - သင်္ဘောမည်း) လေးစီးဟာ ၁၈၅၃ ဇူလိုင်မှာ Edo ဆိပ်ကမ်းကို ထပ်မံရောက်လာပါတယ်။ ဧကရာဇ်က နိုင်ငံခြားသားတွေကို မောင်းထုတ်ချင်ပြီး Daimyo တွေက စစ်ဖြစ်ချင်ပေမယ့်လည်း အမေရိကန်အရေးကို ကိုင်တွယ်တဲ့ ကောင်စစ်ဝန်ချုပ် Abe Masahiro ဟာ အမေရိကန်နဲ့ ကုန်သွယ်မှုကို လက်ခံခဲ့ပါတယ်။ ၁၈၅၄ မတ်လမှာတော့ Kanagawa စာချုပ် ချုပ်ဆိုပြီး အမေရိကန် ကုန်သွယ်ဖို့ ဆိပ်ကမ်းနှစ်ခု ဖွင့်ပေးခဲ့ရပါတယ်။ Ansei ပြုပြင်ပြောင်းလဲရေးကာလ(၁၈၅၄-၅၆) အတွင်းမှာ Abe ဟာ ဒတ်ခ်ျအကူအညီနဲ့ ဆိပ်ကမ်းခံတပ်တွေ တည်ဆောက်ခဲ့ပါတယ်။ ဒါ့အပြင် Edo နဲ့ Nagasaki မှာ အနောက်တိုင်းပုံစံရေတပ်သင်တန်းကျောင်း ဖွင့်လှစ်ပြီး အနောက်တိုင်းစာအုပ်တွေကိုလည်း ဂျပန်ဘာသာသို့ ပြန်ဆိုစေခဲ့ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုကို မလိုလားတဲ့သူတွေဟာ Abe ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်ခဲ့တဲ့အတွက် ၁၈၅၅ မှာ Abe ကို ရာထူးမှ အနားပေးခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်မှာ အစိုးရဟာ အမေရိကန်အပြင် အခြားနိုင်ငံ ငါးနိုင်ငံနဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုနှင့်ပြီး ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ Edo ခေတ်ရဲ့ တံခါးပိတ်ဝါဒဟာ ပြီးဆုံးသွားပါတော့တယ်။

ပြုပြင်ပြောင်းလဲမှုနှင့် ပြဿနာများ

အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ၁၈၆၇ မှာ ရေနွေးငွေ့နဲ့ ခုတ်မောင်းတဲ့ သင်္ဘောရှစ်စင်း ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရပြုပြင်ပြောင်းလဲမှုတွေ မလိုလားတဲ့ အစွန်းရောက်သမားတွေ ရှိနေခဲ့ပါတယ်။ အစိုးရကို ဆန့်ကျင်သူတွေဟာ Satsuma နဲ့ Choshu ပြည်နယ်တွေမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။ ၁၈၆၆ မှာ Shogun ဟာ ထိုဆန့်ကျင်တဲ့ ပြည်နယ်တွေကို နှိမ်နှင်းဖို့ စစ်တပ်ကို စေလွှတ်ခဲ့ပေမယ့်လည်း ရှုံးနှိမ့်ခဲ့ပါတယ်။ ၁၈၆၇ မှာ Komei ဧကရာဇ် နတ်ရွာစံခဲ့ပြီး Meiji ဧကရာဇ် နန်းတက်ခဲ့ပါတယ်။ Tokugawa Yoshinobu ဟာလည်း shogun ဖြစ်လာပြီး shogun အာဏာတည်မြဲအောင် ကြိုးစားခဲ့ပေမယ့် Satsuma နဲ့ Choshu ပြည်နယ်က Daimyo တွေရဲ့ ကြီးမားလာတဲ့ ဩဇာတွေကြောင့် အခြား Daimyo တွေက Tokugawa ကို ဥက္ကဋ္ဌ တင်မြောက်ပြီး ကောင်စီတစ်ရပ်ဖွဲ့ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကို Yoshinobu က လက်ခံခဲ့ပြီး ၁၈၆၇ မှာ Shogun ရာထူးမှ နှုတ်ထွက်ပြီးတော့ "ဧကရာဇ်ထံ အာဏာလွှဲအပ်ခြင်း" ဆိုပြီး ကျေညာခဲ့ပါတယ်။ ဒါပေမယ့် Satsuma ၊ Choshu ပြည်နယ် Daimyo တွေ နဲ့ အခြား Daimyo တွေဟာ ပုန်ကန်ခဲ့ပြီး ၁၈၆၈ မှာ ဧကရာဇ်ရဲ့ နန်းတော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Boshin စစ်ပွဲ (၁၈၆၈-၁၈၆၉) ပြီးနောက် Tokugawa အစိုးရ ဖျက်သိမ်းခံခဲ့ရပါတယ်။ စစ်ပွဲနောက်ပိုင်း ဆန့်ကျင်သူတွေ ရှိခဲ့ပေမယ့်လည်း မေဂျီ(Meiji) ဧကရာဇ်ရဲ့ လက်အောက်မှာ စည်းလုံးတဲ့ အစိုးရ ဖြစ်လာခဲ့ပါတယ်။


Ref: Wikipedia

Comments

Popular posts from this blog

Lookism