Meiji ခေတ် (၁၈၆၈-၁၉၁၂)



Meiji (မေဂျီ) ဆိုတဲ့ ဝေါဟာရဟာ "ပြုပြင်ပြောင်းလဲခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။ အနောက်နိုင်ငံတွေဟာ အာရှတလွှားမှာ နယ်ချဲ့နေကြတာကို မြင်တဲ့ Meiji ဧကရာဇ်ဟာ ခေတ်မှီမှု၊ အသိဉာဏ်ပွင့်လင်းမှု မရှိရင် တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးမှာ စိုးရိမ်တဲ့အတွက် ၁၈၆၈ မှာ Meiji ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဲ့အချိန်ဟာ အထက် မြန်မာနိုင်ငံမှာ မင်းတုန်းမင်း စိုးစံနေတဲ့ အချိန်လဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီခေတ်ဟာ ဂျပန်အင်ပါယာရဲ့ အစကနဦးလို့ ဆိုရင်လဲ မမှားပါဘူး။

နိုင်ငံတွင်း ပြုပြင်မှုများ

Meiji အစိုးရဟာ ဟောင်းနွမ်းနေတဲ့ ကံကျွေးချစနစ်ကို ဖျက်သိမ်းပြီး Daimyo တွေကို ပင်စင်လခတွေ ပေးကာ ရာထူးမှ အနားယူစေပါတယ်။ အချို့ Daimyo တွေကိုတော့ မှူးကြီးမတ်ကြီး အနေနဲ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်စေပါတယ်။ နိုင်ငံကို တိုင်း၊ ခရိုင် စသည်ဖြင့် သတ်မှတ်ပြီး အရာရှိများက အုပ်ချုပ်ကြပါတယ်။ Edo မြို့ကို Tokyo (တိုကျို) လို့ နာမည် ပြောင်းပြီး မြို့တော်ကိုလည်း Tokyo ကို ပြောင်းရွေှ့ခဲ့ပါတယ်။ ပြင်သစ်၊ အင်္ဂလိပ်ရေတပ်၊ ဂျာမန်ကြည်းတပ်တွေကို စံပြုအတုယူပြီး ဂျပန်တပ်မတော်ကို ပြုပြင်ခဲ့ပါတယ်။ အသက်နှစ်ဆယ်ပြည့်တဲ့ အမျိုးသားတိုင်းကို စစ်ပညာသင်စေပါတယ်။ ပညာရေးမှာလည်း စာမတတ်သူ မရှိရလေအောင် "ပညာ မသင်မနေရ စနစ်" ကို ဖန်တီးခဲ့ပါတယ်။စာသင်ကျောင်းတွေ၊ စက်မှုလက်မှုကျောင်းတွေ၊ တက္ကသိုလ်တွေ အမြောက်အများ ဖွင့်ခဲ့ပြီးတရားစီရင်တဲ့ ဋ္ဌာနတွေလည်း ဖွင့်လှစ်ခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ တိုးချဲ့ပြီး မီးရထားလမ်းသစ်တွေ ဖောက်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဘဏ်ဖွင့်ပြီး စက်မှုလုပ်ငန်းကိုလည်း အကြီးအကျယ်လုပ်ခဲ့ပါတယ်။

၁၈၈၉မှာ အုပ်ချုပ်ရေး စည်းမျဉ်းသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အုပ်ချုပ်မှုမှာ နိုင်ငံက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်အမတ်တွေပါတဲ့ အောက်လွှတ်တော်နဲ့ ဘုရင်က ရွေးတဲ့ အထက်လွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ်ရှိပါတယ်။ ဧကရာဇ်ဟာ နိုင်ငံရဲ့အထွတ်အထိပ်ဖြစ်ပြီး အုပ်ချုပ်ရေးကို ဝန်ကြီးချုပ်ဦးဆောင်တဲ့ လွှတ်တော်ဗဟိုအစိုးရက စီမံပါတယ်။ ဒါ့အပြင် လူငယ်တွေကိုလည်း နိုင်ငံခြားကို ပညာတော်တင်စေလွှတ်ခဲ့တဲ့အတွက် မကြာခင်မှာပဲ ဂျပန်နိုင်ငံဟာ ခေတ်မှီနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

တရုတ်-ဂျပန် စစ်ပွဲ (၁၈၉၄-၉၅)

ဂျပန်နဲ့ အနီးကပ်ဆုံးတိုင်းပြည်ကတော့ ကိုရီးယားဖြစ်ပြီး ကိုရီးယားဟာ ဂျပန်ရဲ့ လုံခြုံမှုအတွက်အရေးပါတဲ့ ဒေသလို့ ဆိုရင်လည်း မမှားပါဘူး။ ၁၈၉၄ မှာ ကိုရီးယားမှာ သူပုန်ထတာကို အကြောင်းပြုပြီး တရုတ်တပ်တွေဟာ ကိုရီးယားကို ဝင်ရောက်လာပါတယ်။ တရုတ်တွေ ကိုရီးယားအပေါ် ဩဇာလွှမ်းမိုးမှာကို စိုးရိမ်တဲ့ ဂျပန်တွေက ကိုရီးယားကို စစ်တပ်စေလွှတ်ရာမှ တရုတ်-ဂျပန်စစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဂျပန်စစ်နိုင်ခဲ့ပြီးနောက် စစ်အပြီးမှာ ထိုင်ဝမ်ကျွန်းကို သိမ်းနိုင်ခဲ့ပါတယ်။ သို့သော်လည်း ရုရှား၊ ပြင်သစ်၊ ဂျာမနီတို့ရဲ့ ဖိအားပေးမှုကြောင့် သိမ်းထားတဲ့ နယ်မြေတွေကို လက်လွှတ်ခဲ့ရပါတယ်။ ၁၉၀၂ မှာ ဗြိတိန်နဲ့ မဟာမိတ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ရုရှား-ဂျပန် စစ်ပွဲ (၁၉၀၄-၀၅)

၁၉၀၀ ပြည့်နှစ်မှာ အနောက်နိုင်ငံတွေ သိမ်းယူထားတဲ့ တရုတ်နယ်မြေတွေမှာ တရုတ်မျိုးချစ်တွေ ဆူပူထကြွကြပါတယ်။ ဒီလို ဆူပူတဲ့အတွက် ရုရှားဟာ မန်ချူးရီးယား (Manchuria) နယ်မှာ ငှားရမ်းပြီး ဖောက်လုပ်ထားတဲ့ မီးရထားလမ်းကို ကာကွယ်ဖို့ ရုရှားစစ်တပ်ကို စေလွှတ်ခဲ့ပါတယ်။ ရုရှားတွေဟာ မန်ချူးရီးယားက တစ်ဆင့် ကိုရီးယားအပေါ် ဖိနှိပ်ချုပ်ချယ်လာပါတယ်။ ဂျပန်တွေက ရုရှားတွေ ကိုရီးယားကို သိမ်းမှာ စိုးရိမ်တဲ့အတွက် ၁၉၀၄ မှာ ရုရှားနဲ့ ကိုရီးယားကြား ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ သို့သော်လည်း ရုရှားက စစ်မက်လိုလားတဲ့အတွက် ရုရှား-ဂျပန်စစ် ဖြစ်ပွားခဲ့ပါတယ်။ ဂျပန်ဟာ ရုရှားကို အနိုင်ရပြီး နယ်မြေအချို့ကို သိမ်းနိုင်ခဲ့ပါတယ်။ ဒါက ခေတ်သစ်သမိုင်းမှာ ပထမဆုံးအနေနဲ့ အာရှနိုင်ငံက ဥရောပနိုင်ငံကို စစ်အနိုင်ရတဲ့ တိုက်ပွဲ ဖြစ်လာခဲ့ပါတယ်။

၁၉၁၀ မှာတော့ ကိုရီးယားဟာ ဂျပန် လက်အောက်ခံနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ၁၉၁၂ မှာတော့ Meiji ဧကရာဇ် နတ်ရွာစံခဲ့ပါတယ်။


Ref: Wikipedia

Comments

Popular posts from this blog

Lookism