သုံးနိုင်ငံခေတ်(၄၅)

အခန်း(၄၅) ကမ်းပါးသုံးခုတွင် "ချောင်ချောင်း"(Cao Cao) စစ်တပ်များဆုံးရှုံးခြင်း၊သူရဲကောင်းတို့ညီလာခံဝယ် "ကျန်ကန့်"(Jiang Gan) ထောင်ချောက်ဆင်ခံရခြင်း။

"ကျိုးယွီ"(Zhou Yu) သည် "ကျူးကဲကျင့်"(Zhuge Jin) ဆီမှစကားကိုကြားပြီးနောက် "ကျူးကဲလျန့်"(Zhuge Liang) အပေါ် မုန်းကာ တစ်နေ့နေ့တွင် ရှင်းထုတ်ပြစ်မည်ဟု ကြံရွယ်ထားသည်။ စစ်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်ပြီးနောက်တွင် "စွန်းချွမ်"(Sun Quan) နှင့်သွားတွေ့လေသည်။ "စွန်းချွမ်"(Sun Quan) မှ
"ခင်ဗျား စစ်မြေပြင်ကို အရင်ချီတက်နှင့်ဦး။ ကျုပ် နောက်မှ ခင်ဗျားကိုကူညီဖို့လာခဲ့မယ်" ဟုပြောသည်။
ထို့နောက် "ကျိုးယွီ"(Zhou Yu) သည် "ချန်ဖူ"(Cheng Pu) ၊ "လူဆု"(Lu Su) တို့နှင့်အတူ စစ်တပ်ကိုဦးဆောင်ကာ ချီတက်သည်။ ထိုချီတက်ရာတွင် "ကျူးကဲလျန့်"(Zhuge Liang) ကိုပါ လိုက်ပါရန် ဖိတ်ခေါ်ရာ "ကျူးကဲလျန့်"(Zhuge Liang) ကလည်း ဝမ်းပန်းတသာလိုက်ပါလေသည်။ ထိုစစ်တပ်ကြီးသည် စစ်သင်္ဘောတို့ဖြင့် ရှခိုသို့ချီတက်သည်။
ကမ်းပါးသုံးခုမှ မိုင်နှစ်ဆယ်အကွာ ဆိပ်ကမ်းတစ်ခုတွင် ကျောက်ချပြီးနောက် အနောက်ဘက်တောင်ကုန်းကို အကာအကွယ်ယူကာ စခန်းချလေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှာမူ သင်္ဘောပေါ်တွင်သာ နေရစ်ခဲ့သည်။ ပြင်ဆင်မှုများပြုလုပ်ပြီးနောက် "ကျိုးယွီ"(Zhou Yu) သည် "ကျူးကဲလျန့်"(Zhuge Liang) ကိုဖိတ်ခေါ်ကာ အကြံဉာဏ်တောင်းသည်။

"ကျူးကဲလျန့်"(Zhuge Liang) ရောက်သော် "ကျိုးယွီ"(Zhou Yu) မှ
"အရင်က ချောင်ချောင်း(Cao Cao) ဟာ ယွမ်ရှောက်(Yuan Shao) ထက်စစ်တပ်အင်အားနည်းခဲ့တယ်။ ဒါပေမယ့်လည်း သူက ရွှင်ယို(Xun You) ရဲ့အကြံကိုလက်ခံပြီး ဝူချောင်မှာ ယွမ်ရှောက်(Yuan Shao) ရဲ့စားနပ်ရိက္ခာတွေကိုဖျက်စီးလိုက်တဲ့အတွက် ယွမ်ရှောက်(Yuan Shao) ကို အောင်နိုင်ခဲ့တယ်။ အခုတော့ ချောင်ချောင်း(Cao Cao) မှာ စစ်တပ်ရှစ်သိန်းလောက်ရှိနေပြီး ဒီဘက်မှာတော့ ငါးသောင်းခြောက်သောင်းလောက်ပဲရှိတယ်။ သူ့ကိုတိုက်ချင်ရင်တော့ ပထမဆုံး သူ့ရဲ့စားနပ်ရိက္ခာတွေကို ဖျက်စီးပစ်ရမယ်။ ကျုပ်စုံစမ်းထားတဲ့အရကတော့ ရန်သူရဲ့စားနပ်ရိက္ခာအများစုက 'သံမြား'တောင်မှာ ရှိတယ်လို့ဆိုတယ်။ ခင်ဗျားက ဒီနားတဝိုက်မှာနေခဲ့ဖူးတော့ ဒီနယ်မြေပတ်ဝန်းကျင်နဲ့ ရင်းနှီးမှာပဲ။ ဒါကြောင့် ရန်သူရဲ့စားနပ်ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်ဖို့ ခင်ဗျားရယ်၊ ခင်ဗျားတို့တပ်ဖွဲ့ကလူတွေဖြစ်တဲ့ ကွမ်းယွီ(Guan Yu) ၊ ကျန်းဖေး(Zhang Fei) နဲ့ ကျောက်ယွင်(Zhao Yun) တို့ကိုတာဝန်ပေးချင်တယ်။ ဒါကြောင့် ဒီကိစ္စကိုမနှောင့်နှေးစေပဲ အမြန်လုပ်ဆောင်ပါ။" ဟုပြောသည်။
ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် ဤသို့တွေးသည်။
'သူတို့ဘက်ကိုဖိတ်ခေါ်တာ လက်မခံလို့ လက်စားချေတဲ့သဘောပဲ။ ငါငြင်းလိုက်ရင် ပြက်ရယ်ပြုတာခံရမှာဖြစ်တယ်။ ဒါကြောင့် သူပြောတာကိုလက်ခံလိုက်ပြီးမှ သူဘယ်လိုအန္တရာယ်ပေးမယ်ဆိုတာ စောင့်ကြည့်ရမယ်'
ထို့နောက် "ကျူးကဲလျန့်"(Zhuge Liang) ကလည်း ထိုတာဝန်ကိုလက်ခံလိုက်သည်။

"ကျူးကဲလျန့်"(Zhuge Liang) ထွက်သွားလျှင် "လူဆု"(Lu Su) မှ "ကျိုးယွီ"(Zhou Yu) အား
"ခင်ဗျား သူ့ကိုဘာလို့ဒီတာဝန်ပေးလိုက်တာလဲ" ဟု မေးသည်။
"ဘာလို့လည်းဆိုတော့ ငါ သူ့ကို တခြားပယောဂနဲ့သေစေချင်လို့။ ချောင်ချောင်း(Cao Cao) လက်ချက်နဲ့သာသေသွားရင် သူ ငါတို့ကိုလုပ်ကြံမှာ စိုးရိမ်စရာမလိုတော့ဘူး"

ထို့နောက် "လူဆု"(Lu Su) လည်း "ကျူးကဲလျန့်"(Zhuge Liang) ကိုသွားကြည့်လေသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှာ မည်သို့မှထူးထူးခြားခြားမရှိပဲ စစ်တပ်တို့ကိုပြင်ဆင်နေသည်ကိုတွေ့သည်။ "လူဆု"(Lu Su) မှာ မနေနိုင်ပဲ
"ဒီလိုစစ်ပွဲက အောင်နိုင်မယ်လို့ထင်လား" ဟုမေးသည်။ "ကျူးကဲလျန့်"(Zhuge Liang) ကရယ်ကာ
"ကျွန်တော်က ခြေလျင်၊ မြင်း၊ ရေတပ် ဘယ်လိုမျိုးစစ်ချီတက်မှုမျိုးဖြစ်ဖြစ် ကျွမ်းကျင်တယ်။ မနိုင်မှာ စိတ်ပူစရာမလိုဘူး။ ကျွန်တော်က ခင်ဗျားနဲ့ခင်ဗျားသူငယ်ချင်းလို တစ်ခုတည်းမှာပဲ ထူးချွန်တာမဟုတ်ဘူး" ဟု ပြောသည်။
"ဒီနေရာမှာပဲ ထူးချွန်တယ်ဆိုတာ ဘာကိုပြောတာလဲ"
"ခင်ဗျားတို့ဒေသမှာ ကလေးတွေက ဒီလိုသီချင်းကိုဆိုကြတယ်လေ
'ကင်းပုန်းတိုက်တာတို့၊ ခံတပ်ကိုစောင့်ကြပ်တာတို့မှာ
လူဆု(Lu Su) ကိုရွေးရမယ်
ဒါပေမယ့် ရေကြောင်းဆိုရင်တော့
ကျိုးယွီ(Zhou Yu) ကို အသုံးချရမယ်'
ခင်ဗျားက ကင်းပုန်းတိုက်တာတွေ၊ ခံတပ်တွေကိုစောင့်ကြပ်တာတွေမှာပဲတော်ပြီး ကျိုးယွီ(Zhou Yu) ကတော့ ရေကြောင်းမှာပဲထူးချွန်တယ်"

ထိုအကြောင်းကို "ကျိုးယွီ"(Zhou Yu) အားပြန်သွားပြောလျှင်
"ဘာ! အဲ့လူက ငါ့ကိုဒီလိုပြောရဲတယ်!  သူက ငါ့ကိုကြည်းတပ်မှာမထူးချွန်ဘူးလို့ပြောချင်တာပေါ့။ ငါ သူ့ကိုမသွားခိုင်းတော့ဘူး။ ငါကိုယ်တိုင် စစ်တပ်တစ်သောင်းကိုဦးဆောင်ပြီး ချောင်ချောင်း(Cao Cao) ရဲ့စားနပ်ရိက္ခာလမ်းကိုဖြတ်တောက်မယ်" ဟု ပြန်ပြောသည်။
၎င်းကို "လူဆု"(Lu Su) မှ "ကျူးကဲလျန့်"(Zhuge Liang) အားပြန်ပြောလေလျှင် "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျိုးယွီ(Zhou Yu) က ဒီစစ်ပွဲမှာ ကျုပ်ကိုဦးဆောင်စေတာဟာ ချောင်ချောင်း(Cao Cao) လက်ချက်နဲ့ ကျုပ်သေအောင်လို့။ ဒါကြောင့် သူ့ကိုနည်းနည်းလောက်စလိုက်တာနဲ့ သူကမခံနိုင်ပဲ သူကိုယ်တိုင်တိုက်မယ်ဖြစ်သွားပြီ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ နယ်စားကြီးစွန်းချွမ်(Sun Quan) နဲ့ ကျုပ်သခင် လျူဘေ့(Liu Bei) တို့က အချင်းချင်းညီညီညွတ်ညွတ်နဲ့ပူးပေါင်းရမှာ။ တစ်ယောက်နဲ့တစ်ယောက် လုပ်ကြံဖို့ကြိုးစားနေတယ်ဆိုရင် စစ်ပွဲက ကျရှုံးမှာပဲ။ ချောင်ချောင်း(Cao Cao) က အရူးမဟုတ်ဘူး။ ရန်သူတွေရဲ့စားနပ်ရိက္ခာကိုဖျက်စီးတာက သူလုပ်နေကျဗျူဟာပဲလေ။ ဒီလိုလူမျိုးက သူ့စားနပ်ရိက္ခာတွေကို သတိထားပြီးစောင့်ကြပ်ထားစေမှာပဲလေ။ သူလုပ်သင့်တာက မြောက်ပိုင်းသားတွေနဲ့ ရေတပ်စစ်ပွဲကြီးခင်းပြီးအနိုင်ယူဖို့ပဲ။ ဒါကို ခင်ဗျားက သူနားဝင်အောင် ဖျောင်းဖျလိုက်ပါ" ဟု ပြောသည်။
၎င်းကို "ကျိုးယွီ"(Zhou Yu) ကြားလျှင် ခေါင်းကိုခါယမ်းကာ မြေကြီးကိုခြေနှင့်ဆောင့်လိုက်ပြီး
"ဒီလူက ထူးချွန်လွန်းတယ်။ သူ့ကိုမရှင်းနိုင်ရင် တောင်ပိုင်းပြည်နယ်ကဒုက္ခရောက်လိမ့်မယ်" ဟုပြောသည်။ ထိုအခါ "လူဆု"(Lu Su) မှ
"ဒီအချိန်မှာ ထူးချွန်တဲ့လူတွေကို အသုံးချရမှာပဲလေ။ ကိုယ့်ပြည်နယ်အတွက်အရင်စဉ်းစားရမယ်။ ချောင်ချောင်း(Cao Cao) နဲ့တိုက်ပြီးရင်တော့ ခင်ဗျားလုပ်ချင်တာ လုပ်ပါ" ဟုပြောသည်။
"လူဆု"(Lu Su) ပြောသည်မှာ နည်းလမ်းကျသဖြင့် ၎င်းကိုလက်ခံရလေသည်။

"လျူဘေ့"(Liu Bei) သည် တူဖြစ်သူ "လျူချီ"(Liu Qi) အား ကျန်းရှာကိုစောင့်ကြပ်စေပြီး သူကိုယ်တိုင်ကမူ ရှခိုသို့ချီတက်သည်။ ထိုအခါ တစ်ဖက်ကမ်းတွင် အလံတို့ကိုမြင်လိုက်သည့်အပြင် လက်နက်၊ သံချပ်ကာတို့၏အလင်းရောင်ကိုမြင်လိုက်ရာ တောင်ပိုင်းပြည်နယ်မှ စစ်တပ်စေလွှတ်လိုက်ပြီဟူသည်ကိုသိလိုက်သည်။ "လျူဘေ့"(Liu Bei) သည် သူ၏တပ်တို့ကို ကျန်းရှာမှ ဖန်ခိုသို့ချီတက်စေပြီးနောက် အမှုထမ်းတို့ကိုစုဝေးကာ
"ကျူးကဲလျန့်(Zhuge Liang) က ဝူကိုသွားတာ အတော်ကြာခဲ့ပြီ။ ဘာသတင်းမှလည်း မကြားသေးဘူး။ ဟိုဘက်မှာ အခြေအနေဘယ်လိုလည်းဆိုတာ သိဖို့ ဘယ်သူသွားမလဲ" ဟုမယ်သည်။ "မီကျူ"(Mi Zhu) မှ
"ကျွန်တော် သွားပါမယ်" ဟု ပြောသည်။

ထို့နောက် "မီကျူ"(Mi Zhu) သည် လက်ဆောင်များပြင်ဆင်ပြီးနောက် ခရီးထွက်လေသည်။ ဝူတပ်စခန်းချရာသို့ရောက်သော် "ကျိုးယွီ"(Zhou Yu) နှင့်တွေ့ဆုံပြီး ပါလာသည့်လက်ဆောင်ပဏ္ဏာတို့ကိုပေးသည်။ "မီကျူ"(Mi Zhu) မှ
"ကျူးကဲလျန့်"(Zhuge Liang) က ဒီကိုရောက်တာ တော်တော်ကြာပြီဆိုတော့ သူ့ကိုကျွန်တော်နဲ့အတူပြန်ခေါ်သွားချင်တယ်" ဟုပြောသည်။
"ကျူးကဲလျန့်(Zhuge Liang) က ကျုပ်နဲ့အတူအစီအစဉ်တွေလုပ်ဆောင်နေတယ်။ ဒါကြောင့် သူ့ကိုပြန်သွားခွင့်မပြုနိုင်သေးဘူး။ ကျုပ်လည်း လျူဘေ့(Liu Bei) နဲ့တွေ့ပြီး သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ချင်တယ်။ ဒါပေမယ့် ကျုပ်က စစ်တပ်ကြီးကိုကွပ်ကဲနေရတာဆိုတော့ သူ့ကိုသွားတွေ့ဖို့အချိန်မရှိဘူး။ ဒါကြောင့် ခင်ဗျားသခင်သာ ဒီကိုလာရင် အင်မတန်ကိုကောင်းမှာပါ"
"မီကျူ"(Mi Zhu) ကလည်း "လျူဘေ့"(Liu Bei) အား ထိုအကြောင်းကိုပြောပါမည်ဟုဆိုပြီးနောက် ပြန်သွားသည်။
"လူဆု"(Lu Su) မှ "ကျိုးယွီ"(Zhou Yu) အား
"ဘာလို့ လျူဘေ့(Liu Bei) ကို ဒီခေါ်လာခိုင်းတာလဲ" ဟု မေးသည်။
"လျူဘေ့(Liu Bei) ကရဲရင့်ပြီး အန္တရာယ်များတဲ့လူဖြစ်တဲ့အတွက် သူ့ကိုရှင်းထုတ်ပစ်ရမယ်။ သူ့ကိုရှင်းထုတ်နိုင်ရင် ကျုပ်တို့တောင်ပိုင်းပြည်နယ်ရဲ့ကောင်းကျိုးပဲ"
"လူဆု"(Lu Su) က ကန့်ကွက်သော်လည်း "ကျိုးယွီ"(Zhou Yu) ကလက်မခံပေ။

"ကျိုးယွီ"(Zhou Yu) က အောက်ပါအတိုင်းအမိန့်ပေးထားလေသည်။
"လူသတ်သမားငါးဆယ်လောက်ကို တပ်စခန်းထဲမှာ နေရာချထား။ လျူဘေ့(Liu Bei) လာတဲ့အခါ ငါ ရေခွက်ကိုပစ်ချလိုက်ရင် ချက်ချင်းထွက်လာပြီး သူ့ကိုသတ်ဖို့လုပ်"
"မီကျူ"(Mi Zhu) သည် "လျူဘေ့"(Liu Bei) အား "ကျိုးယွီ"(Zhou Yu) ဖိတ်ခေါ်သည့်အကြောင်းပြောပြသည်။ "လျူဘေ့"(Liu Bei) သည်လည်း သံသယအလျဉ်းမရှိပဲ "ကျိုးယွီ"(Zhou Yu) ထံသွားရန်ပြင်သည်။
"ကွမ်းယွီ"(Guan Yu) : "ကျိုးယွီ(Zhou Yu) က လှည့်ပတ်တတ်ပြီး သစ္စာဖောက်တတ်တယ်၊ ကျူးကဲလျန့်(Zhuge Liang) ဆီက ဘာသတင်းမှမကြားသေးခင် သူ့ကိုသွားဖို့ကိုစဉ်းစားပါဦး"
"လျူဘေ့"(Liu Bei) : "ငါ သူ့တို့နဲ့ပူးပေါင်းပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်ဖို့လုပ်ပြီးပြီပဲ။ ငါ ကျိုးယွီ(Zhou Yu) နဲ့သွားမတွေ့ရင် သစ္စာဖောက်သလိုဖြစ်သွားမှာပေါ့။ နှစ်ဦးနှစ်ဖက်လုံးက အချင်းချင်း သံသယဝင်နေရင် ဘာမှပြီးမြောက်မှာမဟုတ်ဘူး"
"ကွမ်းယွီ"(Guan Yu) : "အစ်ကိုကြီးက သွားဖို့ဆုံးဖြတ်လိုက်ရင် ကျွန်တော်လည်းလိုက်ခဲ့မယ်"
"ကျန်းဖေး"(Zhang Fei) : "ကျွန်တော်လည်းလိုက်မယ်"
"လျူဘေ့"(Liu Bei) : "ကွမ်းယွီ(Guan Yu) ပဲ ငါနဲ့လိုက်ခဲ့ပြီးတော့ ကျောက်ယွင်(Zhao Yun) က ဒီမှာစောင့်နေပါ။ ကျန်းယုံ(Jian Yong) က 'အဲရှန်'ကို စောင့်ကြပ်ပါ။ ကျုပ်မကြာခင် ပြန်လာခဲ့မယ်"

ထို့နောက် "လျူဘေ့"(Liu Bei) သည် "ကွမ်းယွီ"(Guan Yu) နှင့်အတူ လှေလေးနှင့် ခရီးထွက်လေသည်။ လိုက်ပါလာသောအစောင့်အကြပ်တို့မှာ နှစ်ဆယ်ပင်မပြည့်ပေ။ "လျူဘေ့"(Liu Bei) ရောက်သော် စစ်သားတို့က "ကျိုးယွီ"(Zhou Yu) အား သတင်းပို့သည်။
"သူ သင်္ဘော ဘယ်နှစင်းပါလာလဲ"
"တစ်စင်းထဲပဲ။ အစောင့်အကြပ်လည်း နည်းနည်းပဲပါတယ်"
"သူတော့ ချောင်ပိတ်ခံရပြီ"
"ကျိုးယွီ"(Zhou Yu) သည် လူသတ်သမားတို့ကို ရွက်ဖျင်တဲထဲဝယ် နေရာယူထားစေပြီးနောက် "လျူဘေ့"(Liu Bei) အား ကြိုဆိုသည်။ ထို့နောက် "ကျိုးယွီ"(Zhou Yu) က "လျူဘေ့"(Liu Bei) ကိုမြင့်မြတ်သောနေရာတွင် ထိုင်ခိုင်းစေရာ "လျူဘေ့"(Liu Bei) မှ
"စစ်သူကြီးက တစ်နိုင်ငံလုံးမှာ ကျော်ကြားတဲ့လူပဲလေ၊ ကျွန်တော်က ဘာမှမပြောပလောက်ပါဘူး။ အဲ့လိုဆက်ဆံဖို့မလိုပါဘူး" ဟု ပြောသဖြင့် နှစ်ယောက်လုံးသည် သာမန်မိတ်ဆွေကဲ့သို့နေရာယူလေသည်။

"လျူဘေ့"(Liu Bei) ရောက်သောအကြောင်းကို "ကျူးကဲလျန့်"(Zhuge Liang) ကြားလျှင်
"ဘာလုပ်ဦးမလို့လဲ မသိဘူး" ဟု ရေရွတ်သည်။ ထို့နောက် "လျူဘေ့"(Liu Bei) ရှိရာ ရွက်ဖျင်တဲအနီးသို့သွားသော် ပုန်းအောင်းနေသော လူသတ်သမားများကိုသတိပြုမိသည်။ သို့သော်လည်း "လျူဘေ့"(Liu Bei) ၏နောက်တွင် ရပ်နေသော "ကွမ်းယွီ"(Guan Yu) ကိုတွေ့လိုက်လျှင် တည်ငြိမ်သွားပြီး စိုးရိမ်စိတ်ပျောက်သွားကာ
"သခင်ကြီးအတွက် စိုးရိမ်စရာမရှိဘူး" ဟု ဆိုပြီး မြစ်ကမ်းနားသို့သွားလေသည်။
"ကျိုးယွီ"(Zhou Yu) သည် မူလကစီမံထားသည့်အတိုင်း အရက်ခွက်ကျချင်ယောင်ဆောင်ပြီး လူသတ်သမားတို့ကိုအချက်ပေးရန် ကြံသော်လည်း "လျူဘေ့"(Liu Bei) နောက်မှ ကြောက်မက်ဖွယ်ကောင်းသောသူကိုမြင်လျှင် ထိုသူမှာ မည်သူနည်းဟုမေးသည်။
"သူက ကျွန်တော့်သွေးသောက်ညီ ကွမ်းယွီ(Guan Yu) ပါ"
ထိုအခါ "ကျိုးယွီ"(Zhou Yu) မှာ ကြောက်လန့်ပြီး ဇောချွေးများထွက်လာသည်။ ထို့နောက် အရက်ခွက်ထဲသို့ အရက်ငှဲ့ပြီးနောက် "ကွမ်းယွီ"(Guan Yu) အားလှမ်းပေးလိုက်သည်။

ထိုအချိန်တွင် "လူဆု"(Lu Su) ဝင်လာရာ "လျူဘေ့"(Liu Bei) မှ
"ကျူးကဲလျန့်"(Zhuge Liang) ဘယ်မှာလဲ။ သူ့ကိုဒီခေါ်လိုက်ပါလား" ဟု ပြောသည်။
"ကျိုးယွီ"(Zhou Yu) : "ချောင်ချောင်း(Cao Cao) ကိုတိုက်ပြီးတဲ့အထိစောင့်ပါဦး။ နောက်မှ သူနဲ့တွေ့ပေါ့"
"ကွမ်းယွီ"(Guan Yu) သည် "လျူဘေ့"(Liu Bei) အား မျက်လုံးဖြင့်အချက်ပေးလိုက်ရာ "လျူဘေ့"(Liu Bei) မှ
"ကျွန်တော့်ကိုခွင့်ပြုပါဦး၊ ရန်သူကိုတိုက်ပြီးရင် ကျွန်တော်နောက်တစ်ခေါက်လာပြီး ဂုဏ်ပြုပါဦးမယ်" ဟု ပြောသည်။

"လျူဘေ့"(Liu Bei) သည် သင်္ဘောနားသို့ရောက်လျှင် စောင့်နေသော "ကျူးကဲလျန့်"(Zhuge Liang) ကိုတွေ့သည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"သခင်ကြီး ဒီနေ့ဘယ်လောက်အန္တရာယ်များလည်းဆိုတာ သိလား" ဟုပြောသည်။
"ငါတော့ သတိမပြုမိပါဘူး"
"ကွမ်းယွီ(Guan Yu) သာမပါလာခဲ့ရင် သခင်ကြီးအသတ်ခံရမှာ"
"ကျူးကဲလျန့်"(Zhuge Liang) ပြောသည့်စကားသည်မှန်ကန်ကြောင်း "လျူဘေ့"(Liu Bei) ဆင်ခြင်မိသည်။ "ကျူးကဲလျန့်"(Zhuge Liang) အား သူနှင့်အတူပြန်လိုက်ရန်ခေါ်ရာ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျွန်တော်က စိုးရိမ်စရာမရှိဘူး။ ကျားခံတွင်းနားမှာနေနေပေမယ့်လည်း ထိုက်စန်းတောင်လိုပဲ မားမားမတ်မတ်ရှိနေနိုင်တယ်။ သခင်ကြီးက အရင်ပြန်နှင့်ပြီးစစ်သားတွေ ပြင်ဆင်ပါ။ ဆယ့်တစ်လပိုင်း ၂၀ရက်နေ့မှာ လှေတစ်စင်းနဲ့ ကျောက်ယွင်(Zhao Yun) ကို တောင်ဘက်ကမ်းခြေလွှတ်ပြီး ကျွန်တော့်ကိုလာကြိုခိုင်းပါ။ အဲ့မှာ အမှားအယွင်းမရှိပါစေနဲ့" ဟုပြောသည်။
"ခင်ဗျား ဘာတွေလုပ်ဖို့စဉ်းစားနေတာလဲ"
"အရှေ့တောင်လေတိုက်ခတ်ရင် ကျွန်တော်ပြန်လာခဲ့ပါ့မယ်"
"လျူဘေ့"(Liu Bei) က ထပ်မေးသော်လည်း "ကျူးကဲလျန့်"(Zhuge Liang) က "လျူဘေ့"(Liu Bei) ကိုအရင်သွားရန်ပြောသည်။  "လျူဘေ့"(Liu Bei) ထွက်ခွာသွားသော် "ကျူးကဲလျန့်"(Zhuge Liang) လည်း သူတည်းခိုသည့်နေရာသို့ ပြန်သွားသည်။

သင်္ဘောသည် အတန်ငယ်ခရီးဆက်ပြီးနောက်ဝယ် သင်္ဘောငါးဆယ်ခန့်ကိုတွေ့လေသည်။ ထိုသင်္ဘောတို့ပေါ်တွင် ရန်သူရှိသည်အမှတ်ဖြင့် "ကွမ်းယွီ"(Guan Yu) သည်တိုက်ခိုက်ရန်အဆင်သင့်ပြင်သည်။ သို့သော်လည်း ထိုသင်္ဘောတို့ကိုဦးဆောင်လာသူမှာ "ကျန်းဖေး"(Zhang Fei) ဖြစ်နေသည်။ "ကျန်းဖေး"(Zhang Fei) သည် အစ်ကိုဖြစ်သူ ဒုက္ခရောက်မည်ကိုစိုးရိမ်သဖြင့် ရောက်လာခြင်းဖြစ်သည်။ သို့နှင့် ညီအစ်ကိုသုံးဦးလုံး ရှခိုသို့ပြန်လေသည်။
"လူဆု"(Lu Su) မှ "လျူဘေ့"(Liu Bei) အား
"လျူဘေ့(Liu Bei) ကိုခေါ်တာ လုပ်ကြံဖို့ကို ဘာလို့မလုပ်တော့တာလဲ" ဟုမေးသည်။
"ဒါ ကွမ်းယွီ(Guan Yu) ကြောင့်ပဲ။ သူက ကျားတစ်ကောင်လိုပဲ။ ငါတစ်ခုခုလုပ်ရင် ငါပဲ သူ့လက်ချက်နဲ့အရင်သေမှာ"
ထိုအချိန်တွင် "ချောင်ချောင်း"(Cao Cao) ထံမှသံတမန်သည် စာတစ်စောင်ယူလာကြောင်းသတင်းပို့သည်။ ထိုသံတမန်အား အထဲသို့ဝင်စေပြီး စာကိုဖတ်လိုက်လျှင် ထိုစာမှာ "ကျိုးယွီ"(Zhou Yu) အား အဆင့်တစ်ဝန်ကြီးအဖြစ် ရာထူးပေးသည့်စာဖြစ်နေသည်။ ထိုအခါ "ကျိုးယွီ"(Zhou Yu) သည် ဒေါသထွက်ပြီး စာပေလွှာကိုပစ်ပေါက်ကာ
"ဒီလူကိုသတ်လိုက်" ဟု ပြောသည်။
"လူဆု"(Lu Su) : "နှစ်နိုင်ငံစစ်ဖြစ်နေရင်တောင် သံတမန်ကိုသတ်ရိုးထုံးစံမရှိဘူး"
"ကျိုးယွီ"(Zhou Yu) : "ကိုယ့်ရဲ့သိက္ခာနဲ့လွတ်လပ်မှုကိုပြသဖို့ သံတမန်ကိုသတ်ရမယ်"
ထို့နောက် ထိုသံတမန်ကိုသတ်စေလိုက်ပြီး ခေါင်းကို "ချောင်ချောင်း"(Cao Cao) ထံပြန်ပို့လိုက်သည်။

ထို့နောက် ဘယ်ညာတောင်ပံနှစ်ဖက်ကို "ဟန်တန်"(Han Dang) နှင့် "ကျန်းချင်"(Jiang Qin) တို့ကိုဦးဆောင်စေပြီး "ကန်းနင်"(Gan Ning) အား ရှေ့ပြေးတပ်ကိုခေါင်းဆောင်စေကာ "ကျိုးယွီ"(Zhou Yu) မှာမူ ပင်မတပ်ကိုဦးဆောင်ပြီး စစ်ချီတက်သည်။ ထိုအကြောင်းကို "ချောင်ချောင်း"(Cao Cao) ကြားလျှင် ဒေါသထွက်ပြီး ရေတပ်စစ်သူကြီး "ချိုက်မောက်"(Cai Mao)၊ ဒု-စစ်သူကြီး "ကျန်းယွင်"(Zhang Yun) နှင့် အခြားသော ကျင်ကျိုးပြည်နယ်မှ အမှုထမ်းများအား ရှေ့ပြေးတပ်အဖြစ် စေလွှတ်သည်။ မြစ်သုံးသွယ်အနားသို့ရောက်လျှင် တောင်ပိုင်းပြည်နယ်မှ သင်္ဘောတို့ကို မြင်လေသည်။ သင်္ဘောပေါ်မှ ရဲဝံ့ကာ သူရဲကောင်းဟန်ပန်ရှိသည့်လူတစ်ဦးမှ
"ကျုပ်နာမည်က ကန်းနင်(Gan Ning) ပဲ။ ဘယ်သူ ကျုပ်နဲ့ရင်ဆိုင်ရဲလဲ" ဟုဆိုသည်။ ထိုအခါ "ချိုက်မောက်"(Cai Mao) မှ ညီဖြစ်သူ "ချိုက်ရွှင်"(Cai Xun) ကိုလွှတ်လိုက်သည်။ "ချိုက်ရွှင်"(Cai Xun) ၏သင်္ဘောသည် တစ်ဖက်ရန်သူအနားသို့ကပ်နေစဉ် "ကန်းနင်"(Gan Ning) က မြားဖြင့်ပစ်လိုက်ရာ သေလေသည်။ "ကန်းနင်"(Gan Ning) ၏စစ်တပ်သည် မြားတို့ဖြင့် "ချောင်ချောင်း"(Cao Cao) တပ်ကိုတိုက်သည်။ ထို့အပြင် "ဟန်တန်"(Han Dang) ၏တပ်သည် ဘယ်ဘက်မှလည်းကောင်း၊ "ကျန်းချင်"(Jiang Qin) ၏တပ်သည် ညာဘက်မှလည်းကောင်း ဝင်လာကာ ရန်သူတို့ကိုတိုက်လေသည်။

"ချောင်ချောင်း"(Cao Cao) ၏တပ်တို့မှာ ရေပေါ်တွင် တိုက်ခိုက်မှု၌ မကျွမ်းကျင်သဖြင့် အလူးအလဲခံရလေသည်။ "ကျိုးယွီ"(Zhou Yu) သည် ရန်သူ၏များပြားသောအင်အားကိုမြင်လျှင်ဆက်မတိုက်စေတော့ပဲ ခေတ္တ တပ်ဆုတ်စေသည်။ "ချောင်ချောင်း"(Cao Cao) ၏တပ်သည်လည်း အရှုံးနှင့်ရင်ဆိုင်လိုက်ရသဖြင့် ကမ်းစပ်အနားတွင် စခန်းချသည်။
"ချောင်ချောင်း"(Cao Cao) မှ သူ၏လက်အောက်ငယ်သားတို့အား
"မင်းတို့တွေ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ ကိုယ့်ထက်အင်အားနည်းတဲ့တပ်က ကိုယ့်ကိုအနိုင်ယူသွားတယ်" ဟု ပြောသည်။ "ချိုက်မောက်"(Cai Mao) မှ
"ကျင်ကျိုးရဲ့ရေတပ်က လေ့ကျင့်တာမကြာသေးဘူး။ တခြားတပ်တွေက ရေတပ်လေ့ကျင့်မှုတောင် မလုပ်ခဲ့ဖူးဘူး။ ရေတပ်စခန်းလုပ်ပြီးတော့ မြောက်ပိုင်းတပ်တွေကိုပါ လေ့ကျင့်ပေးလိုက်ရင် တိုက်ပွဲတွေမှာ အနိုင်ရနိုင်ပါတယ်" ဟု ကိုယ့်ကိုယ်ကို ကာကွယ်ကာ ပြောသည်။
"မင်းက ရေတပ်စစ်သူကြီးပဲ။ ဘာလုပ်ရမယ်ဆိုတာသိရင် ဘာလို့မလုပ်တာလဲ။ ဒါ ငါ့ကိုလာပြောလို့ ဘာထူးမှာလဲ"
သို့နှင့် "ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့သည် မြစ်ကမ်းနားတွင် ရေတပ်စခန်းပြုပြီး သင်္ဘောတို့ပါဝင်သော ' ရေဂိတ်'နှစ်ဆယ့်လေးခုကိုဖွဲ့စည်းကာ ဟိုဟိုသည်သည်လှည့်ပတ်စေသည်။ ထိုသို့လှည့်လည်နေရာ ညဘက်တွင် တစ်ဖက်မှ မီးအလင်းရောင်တို့ကိုမြင်ရသဖြင့် "ကျိုးယွီ"(Zhou Yu) သည် စိုးရိမ်ပြီး ရန်သူ့အင်အားကိုထောက်လှမ်းရန်ပြုသည်။

"ကျိုးယွီ"(Zhou Yu) သည် သူကိုယ်တိုင် ရန်သူ့အင်အားကိုထောက်လှမ်းရန် သင်္ဘောတို့ကိုပြင်ဆင်ပြီး မြားသမား၊ ဒူးလေးသမားတို့နှင့်အပြင် သန်မာသောစစ်သားတို့ကို ထိုသင်္ဘောပေါ်တွင် လိုက်ပါစေသည်။ သင်္ဘောအစီးတိုင်းတွင် ဂီတသမားတို့လည်း ပါဝင်လေသည်။ "ချောင်ချောင်း"(Cao Cao) စခန်းအနီးသို့ရောက်သောအခါ ရေတပ်လေ့ကျင့်နေသည်ကိုမြင်လျှင် "ကျိုးယွီ"(Zhou Yu) က
"ဒီရေတပ်စခန်းဆောက်ထားတာကောင်းလိုက်တာ၊ သူတို့ကိုဦးဆောင်နေတဲ့စစ်သူကြီးနာမည်ကိုသိလား" ဟုမေးသည်။
"သူတို့က ချိုက်မောက်(Cai Mao) နဲ့ ကျန်းယွင်(Zhang Yun) တို့ပဲ"
"သူတို့တွေ တောင်ဘက်မှာနေတာကြာတော့ ရေတပ်ရေးရာကိုကျွမ်းကျင်ကြတယ်၊ ဘာမှမလုပ်ခင် သူတို့ကိုအရင်ရှင်းမှရမယ်"

"ချောင်ချောင်း"(Cao Cao) ၏တပ်တို့သည် ရန်သူတို့လာထောက်လှမ်းသည်ကိုမြင်လျှင် ရန်သူ့သင်္ဘောတို့နောက်သို့လိုက်စေသည်။ သို့သော်လည်း လိုက်မမီတော့ချေ။ ရန်သူ၏ထောက်လှမ်းရေးတပ်ကိုမဖမ်းမိကြောင်းကြားလျှင် "ချောင်ချောင်း"(Cao Cao) က
"ဟိုနေ့က စစ်ရှုံးသွားတော့ စစ်သားတွေစိတ်ဓာတ်ကျသွားတယ်။ အခုတော့ ရန်သူတွေက တပ်စခန်းကိုလာထောက်လှမ်းသွားကြပြီ၊ အဲ့တော့ ဘာများကျန်သေးလဲ" ဟု ပြောသည်။ ထိုအချိန်တွင် တစ်ယောက်သောသူမှ
"ကျွန်တော် ငယ်စဉ်တုန်းက ကျွန်တော်နဲ့ကျိုးယွီ(Zhou Yu) တို့က ပညာအတူတူသင်ခဲ့ပြီး သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့လျာကိုအသုံးချပြီး သူ့ကိုလက်နက်ချဖို့တိုက်တွန်းပါ့မယ်" ဟုပြောသည်။ ထိုပြောသောသူမှာ "ကျန်ကန့်"(Jiang Gan) ဖြစ်သည်။
"ခင်ဗျားက ကျိုးယွီ(Zhou Yu) နဲ့ သူငယ်ချင်းကောင်းတွေလား"
"ဝန်ကြီးချုပ်၊ စိတ်မပူပါနဲ့၊ ကျွန်တော်တစ်ဖက်ကမ်းကိုသာရောက်ရင် အောင်မြင်စေရပါမယ်"
"တခြားဘာတွေလိုအပ်သေးလဲ"
"ကျွန်တော့်နောက်လိုက်လူငယ်တစ်ယောက်နဲ့လှေလှော်တဲ့လူနှစ်ယောက်ရှိရင်ရပါပြီ"
"ချောင်ချောင်း"(Cao Cao) သည် အရက်ပေးလိုက်ကာ အောင်မြင်စေရန် ဆုတောင်းပေးလိုက်သည်။

"ကျန်ကန့်"(Jiang Gan) သည် "ကျိုးယွီ"(Zhou Yu) ၏တပ်ထံသွားပြီး "ကျိုးယွီ"(Zhou Yu) ၏သူငယ်ချင်းဟောင်းက လာတွေ့ကြောင်းပြောသည်။ ထိုအချိန်တွင် "ကျိုးယွီ"(Zhou Yu) သည် အခြားသောအမှုထမ်းတို့နှင့်အစည်းအဝေးပြုနေသည်။ "ကျိုးယွီ"(Zhou Yu) သည် သူ၏သူငယ်ချင်းရောက်သည့်အကြောင်း ကြားလျှင် ရယ်လိုက်ပြီး
"သူတို့ဘက်ပါအောင် ဆွဲဆောင်မယ့်လူတော့လာပြီ" ဟု ပြောလေသည်။ "ကျိုးယွီ"(Zhou Yu) သည် ဘေးနားမှလူတစ်ယောက်ချင်းစီ၏အနားသို့ကပ်ကာ တီးတိုးပြောသည်။ ထို့နောက် ဧည့်သည်အားထွက်ကာကြိုဆိုသည်။ "ကျန်ကန့်"(Jiang Gan) မှစပြီး
"မတွေ့တာကြာပြီ၊ အဆင်ပြေပါရဲ့လား" ဟုနှုတ်ခွန်းဆက်သည်။
"ချောင်ချောင်း(Cao Cao) ရဲ့သံတမန်အနေနဲ့လာတော့ ပင်ပန်းသွားရပြီ"
"ကျုပ်က ခင်ဗျားနဲ့မတွေ့တာကြာလို့လာတာ၊ ဘာလို့ ချောင်ချောင်း(Cao Cao) ရဲ့သံတမန်အနေနဲ့လာတယ်လို့ပြောရတာလဲ"
"ကျွန်တော်က ရှီခွမ်း(Shi Kuang) လိုမျိုး ဂီတပညာမထူးချွန်ပေမယ့်လည်း ဂီတနောက်ကွယ်ကအတွေးကို နားလည်ပါတယ်"
"ခင်ဗျားက မိတ်ဆွေကိုဒီလိုဆက်ဆံရင် ကျုပ်ကိုခွင့်ပြုပါဦး"

ထိုအခါမှ "ကျိုးယွီ"(Zhou Yu) ကရယ်ကာ
"ကျွန်တော်က ခင်ဗျား ချောင်ချောင်း(Cao Cao) အတွက်နဲ့လာပြီး သူ့ဘက်ပါအောင်လုပ်မယ်ထင်လို့ပါ။ အဲ့လိုမဟုတ်ရင်တော့ အလောတကြီးနဲ့ထွက်မသွားပါနဲ့" ဟု ပြောသည်။ ထို့နောက် ရွက်ဖျင်တဲအတွင်းသို့ဝင်ကာ "ကျန်ကန့်"(Jiang Gan) အား အခြားသောအမှုထမ်းတို့နှင့်မိတ်ဆက်ပေးသည်။ အစားအသောက်တို့နှင့် ကျွေးမွေးပြီးနောက် "ကျိုးယွီ"(Zhou Yu) မှ
"ကျန်ကန့်(Jiang Gan) က ကျုပ်နဲ့ပညာသင်ဖော်သင်ဖက်မိတ်ဆွေပဲ။ သူကမြောက်ဘက်ကလာပေမယ့် ကျုပ်ကိုရန်သူဘက်ပါအောင်ဆွဲဆောင်မယ့်သူမဟုတ်လို့ သူ့ကိုကြောက်စရာမလိုပါဘူး" ဟု ပြောသည်။ "ကျိုးယွီ"(Zhou Yu) သည်  အမိန့်ပေးသည့်ဓားကိုထုတ်ကာ "ထိုက်ရှီချီ"(Taishi Ci) အားပေးလိုက်ပြီး
"ခင်ဗျားက ဒီဓားကိုယူထား၊ ဒီပွဲမှာ သူငယ်ချင်းတွေနဲ့ခင်မင်ရင်းနှီးမှုအကြောင်းပဲပြောမှာ။ တစ်ယောက်ယောက်က ချောင်ချောင်း(Cao Cao) နဲ့တောင်ပိုင်းပြည်နယ်ပြဿနာအကြောင်းစကားစရင် အဲ့လူကိုသတ်ပလိုက်" ဟု ပြောသည်။ "ကျန်ကန့်"(Jiang Gan) သည်အနည်းငယ်လန့်သွားသော်လည်း မည်သို့မျှမပြောပေ။

"ကျိုးယွီ"(Zhou Yu) က
"ကျုပ် ဒီတပ်ကိုစပြီးတာဝန်ယူခဲ့တဲ့အချိန်ကစပြီး အရက်မသောက်ခဲ့ဘူး။ အခုတော့ မိတ်ဆွေဟောင်းရောက်လာတော့ သောက်ကြတာပေါ့" ဟု ဆိုသည်။ ထိုသို့သောက်စားပြီးနောက် "ကျိုးယွီ"(Zhou Yu) သည် "ကျန်ကန့်"(Jiang Gan) ကို အပြင်သို့ခေါ်သွားသည်။ အပြင်ဘက်တွင် အစောင့်တို့သည် လက်နက်ကိုကိုင်ကာ ရပ်နေသည်ကိုမြင်ရသည်။
"ကျုပ်စစ်သားတွေကကောင်းတယ်လို့ မထင်ဘူးလား"
"ဝက်ဝံလိုသန်မာပြီးကျားလိုရဲရင့်တယ်"
ထို့နောက် အနောက်ဘက်ရှိ သိုလှောင်ရုံကိုပြပြန်သည်။
"ကျုပ်ဆီမှာ ဆန်စပါးတွေအများကြီးသိုလှောင်ထားတယ်လို့ မထင်ဘူးလား"
"ခင်ဗျားရဲ့စစ်တပ်တွေကရဲရင့်ပြီး စားနပ်ရိက္ခာတွေက ပေါကြွယ်ဝတယ်။ နိုင်ငံအတွင်းက ကောလာဟလတွေက တကယ်မမှားဘူးပဲ"
"ခင်ဗျားတို့၊ ကျုပ်တို့ကျောင်းသားအရွယ်တုန်းက ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူးနော်"
"ခင်ဗျားလို ဉာဏ်ကြီးရှင်အတွက် ဒါက မထူးဆန်းပါဘူး"

"ကျိုးယွီ"(Zhou Yu) မှ
"ကျွန်တော်က တာဝန်ထမ်းဆောင်ရမယ့်သခင်ကောင်းနဲ့တွေ့ခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက်အားကိုးပြီး ဆွေမျိုးပမာရင်းနှီးတယ်။ သူကလည်း ကျွန်တော့်အကြံတွေကိုနာယူတယ်။ ရှေးခေတ်က စကားပြောကောင်းတဲ့လူတွေဖြစ်တဲ့ စူးချင်(Su Qin) ၊ ကျန်းရီ(Zhang Yi) ၊ လုကကျား(Lu Jia) နဲ့ လီရီကျီ(Li Yiji) တို့ကိုယ်တိုင်လာပြီး သူတို့ရဲ့ထက်မြက်တဲ့လျာတွေနဲ့တောင်မှ ကျုပ်သခင်ကိုသစ္စာဖောက်မှာမဟုတ်ဘူး" ဟုပြောသည်။  ထိုသို့ပြောပြီးနောက် "ကျိုးယွီ"(Zhou Yu) သည် ရယ်မောလိုက်သည်။ "ကျန်ကန့်"(Jiang Gan) မှာ မျက်နှာပျက်သွားသည်။
"ကျိုးယွီ"(Zhou Yu) သည် ဧည့်သည်ဖြစ်သူကို ရွက်ဖျင်တဲသို့ပြန်ခေါ်သွားပြီးနောက် အခြားလူတို့ကိုလက်ညှိုးညွှန်ပြပြီး
"သူတို့တွေက တောင်ပိုင်းပြည်နယ်ရဲ့အကောင်းဆုံး အရဲရင့်ဆုံး သူရဲကောင်းတွေပဲ။ ဒါ 'သူရဲကောင်းတို့ညီလာခံ' လို့ဆိုရမယ်" ဟုပြောသည်။ ထိုသူတို့သည် နေဝင်ကာ ညဘက်ရောက်သည်အထိ အရက်တို့သောက်ကြလေသည်။နောက်ဆုံးတွင် "ကျန်ကန့်"(Jiang Gan) က "ကျွန်တော် မသောက်နိုင်ဘူး" ဟု ဆိုကာ ပြန်ရန်ပြုသည်။ "ကျိုးယွီ"(Zhou Yu) မှ
"ငါ သူငယ်ချင်းနဲ့အတူ ခုတင်တစ်ခုတည်းမှာမအိပ်တာကြာခဲ့ပြီ။ တစ်ညတော့အိပ်ပါဦး" ဟုပြောသည်။
အိပ်သောအခါဝယ် "ကျိုးယွီ"(Zhou Yu) မှာ ဟောက်နေသဖြင့် ဧည့်သည်ဖြစ်သူမှာ အိပ်မပျော်ပေ။ နှစ်ချက်တီးခန့်တွင် "ကျန်ကန့်"(Jiang Gan) သည်ထထိုင်နေရာ မီးအိမ်အလင်းရောင်ထဲဝယ် စားပွဲပေါ်တွင်ရှိနေသော စာရွက်များကိုသတိပြုမိသည်။ ထိုစာရွက်တို့ကိုကြည့်ရာ စာရွက်တစ်ရွက်မှာ "ချောင်ချောင်း"(Cao Cao) ၏ရေတပ်စစ်သူကြီး "ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့ထံမှ စာဖြစ်နေသည်။ စာမှာအောက်ပါအတိုင်းဖြစ်သည်။
'ကျွန်တော်တို့ချောင်ချောင်း(Cao Cao) လက်အောက်မှာလက်နက်ချခဲ့တာဟာ ရမ္မက်ကြောင့်မဟုတ်ပဲ အခြေအနေကြောင့်သာလျှင်ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့တွေ မြောက်ပိုင်းတပ်တွေကို ရေတပ်လေ့ကျင့်ပေးနေပေမယ့် အခွင့်အရေးပေးလာရင် အဲ့သူပုန်ခေါင်းကိုဖြတ်ပြီးတော့ ခင်ဗျားဆီမှာ လာပို့ပါ့မယ်။ အခြေအနေပေးရင် နောက်ထပ်သတင်းပေးပို့မှုတွေ ပို့ပေးပါဦးမယ်။'


"သူတို့နှစ်ယောက်က တောင်ပိုင်းပြည်နယ်နဲ့ဆက်သွယ်နေတာပဲ" ဟု တွေးပြီး ထိုစာကိုသူ့အင်္ကျီအတွင်းတွင်ဖွက်ပြီးနောက် အခြားစာတို့ကိုပါ လိုက်ကြည့်လေသည်။ ထိုအချိန်တွင် "ကျိုးယွီ"(Zhou Yu) အိပ်နေရာမှတစ်ဖက်သို့လှည့်သည့်အသံကြားသောအခါ မီးကိုမှုတ်ပြီး အိပ်ယာသို့ပြန်သွားသည်။ "ကျိုးယွီ"(Zhou Yu) သည် အိပ်နေရင်းကယောင်ကတမ်းပြောသည်။
"သူငယ်ချင်း၊ တစ်ရက်နှစ်ရက်အတွင်းမှာ မင်း ချောင်ချောင်း(Cao Cao) ရဲ့ခေါင်းမြင်စေရမယ်"
"ကျန်ကန့်"(Jiang Gan) က "ကျိုးယွီ"(Zhou Yu) စကားဆက်ပြောရန် တစ်ခုခုပြန်ပြောလိုက်သည်။ "ကျိုးယွီ"(Zhou Yu) က
"ရက်အနည်းငယ်အတွင်းမှာ အဘိုးကြီး ချောင်ချောင်း(Cao Cao) ရဲ့ခေါင်းကိုမြင်ရမယ်" ဟုသာပြောသည်။ "ကျန်ကန့်"(Jiang Gan) မှာ ထိုအကြောင်းကိုထပ်မေးသော်လည်း "ကျိုးယွီ"(Zhou Yu) မှာ ကြားပုံမပေါ်၊ ပြန်အိပ်ပျော်သွားသည်။
"ကျန်ကန့်"(Jiang Gan) မှာ မနက်လေးချက်တီးအချိန်အထိ အိပ်ယာအတွင်းတွင်လှဲနေပြီး အိပ်မပျော်ပေ။ ထိုအချိန်တွင် လူတစ်ယောက်ဝင်လာကာ
"စစ်သူကြီး၊ နိုးပြီလား" ဟုမေးသည်။ "ကျိုးယွီ"(Zhou Yu) မှထပြီး
"ဘေးနားက ဘယ်သူလဲ" ဟုမေးသည်။
"စစ်သူကြီး မေ့သွားပြီလား? မနေ့ကလာတဲ့စစ်သူကြီးရဲ့မိတ်ဆွေဟောင်းလေ"
"မနေ့က သောက်တာများသွားတယ်။ အများကြီးမသောက်တာကြာတော့ အမူးလွန်ပြီး မပြောသင့်တာတွေပြောလိုက်လားမသိဘူး"
"မြောက်ဘက်က လူလာတယ်"
"တိုးတိုးပြော"
ထိုသို့ပြောပြီးနောက် "ကျိုးယွီ"(Zhou Yu) သည် "ကျန်ကန့်"(Jiang Gan) အား ခေါ်ကြည့်သည်။ "ကျန်ကန့်"(Jiang Gan) မှာ အိပ်ချင်ယောင်ဆောင်နေသည်။ ထိုရောက်လာသောသူမှဆက်ပြီး
"စစ်သူကြီး ချိုက်မောက်(Cai Mao) နဲ့ ကျန်းယွင်(Zhang Yun) တို့ရောက်လာတယ်" ဟုပြောသည်။ "ကျန်ကန့်"(Jiang Gan) မှာ ဆက်ပြီးနားထောင်သော်လည်း "ကျိုးယွီ"(Zhou Yu) နှင့် ထိုသူတို့ဘာပြောသည်ကိုမကြားရတော့ပေ။ မကြာမီပင် ထိုသူပြန်ထွက်သွားပြီး "ကျိုးယွီ"(Zhou Yu) သည် ပြန်အိပ်သည်။

"ကျိုးယွီ"(Zhou Yu) မှာ သတိကြီးသူဖြစ်ကြောင်းကို "ကျန်ကန့်"(Jiang Gan) သိသည့်အတွက် သူယူထားသည့်စာပျောက်မှန်းသိလျှင် "ကျိုးယွီ"(Zhou Yu) သည် သူ့ကိုသတ်မည်ကိုစိုးရိမ်နေခဲ့သည်။ အရုဏ်တက်ချိန်တွင် "ကျန်ကန့်"(Jiang Gan) သည် "ကျိုးယွီ"(Zhou Yu) အားခေါ်ကြည့်သော်လည်း မနိုးပေ။ သို့နှင့် သူ၏အစေခံကိုခေါ်ပြီး အပြင်သို့ထွက်ရန်ပြုသည်။ အစောင့်တို့က "ဘယ်သွားမလို့လဲ" ဟုမေးရာ
"ငါ ဒီမှာပဲရှိရင် အနှောင့်အယှက်ပေးရာကျမယ်။ စစ်သူကြီးနဲ့နှုတ်ဆက်ပြီးပြီ။ ငါ့ကိုမတားနဲ့" ဟုပြောပြီး လှေပြန်စီးကာ "ချောင်ချောင်း"(Cao Cao) စခန်းချရာသို့ပြန်လေသည်။ "ကျန်ကန့်"(Jiang Gan) သည် "ချောင်ချောင်း"(Cao Cao) နှင့် ဝင်တွေ့ပြီးနောက်
"ကျိုးယွီ(Zhou Yu) က ထက်မြက်ပြီးသစ္စာရှိတယ်။ ကျွန်တော် သူ့ကို ကျွန်တော်တို့ဘက်ပါအောင်ပြောလို့မရဘူး" ဟု ပြောသည်။
"မင်းရှုံးနှိမ့်မှုက ငါမျက်နှာပျက်စေတယ်"
"ကျွန်တော် ကျိုးယွီ(Zhou Yu) ကိုတော့ မခေါ်နိုင်ပေမယ့် အရေးပါတဲ့သတင်းတစ်ခုရလာတယ်။ တခြားလူတွေကို အပြင်ခဏထွက်စေလိုက်ပါ"

အစေခံတို့အားအပြင်ထွက်စေပြီးနောက်ဝယ် "ကျန်ကန့်"(Jiang Gan) သည် "ကျိုးယွီ"(Zhou Yu) ရွက်ဖျင်တဲမှယူလာသောစာကိုပြသည်။ ထိုစာကိုမြင်လျှင် "ချောင်ချောင်း"(Cao Cao) မှာဒေါသထွက်သွားပြီး "ချိုက်မောက်"(Cai Mao) နှင့် "ကျန်းယွင်"(Zhang Yun) တို့ကိုခေါ်စေသည်။ ထိုသူနှစ်ဦးရောက်လာလျှင် "ချောင်ချောင်း"(Cao Cao) မှ
"ငါ မင်းတို့ကို အခုရန်သူတွေကိုသွားတိုက်စေချင်တယ်" ဟုပြောသည်။ "ချိုက်မောက်"(Cai Mao) မှ
"ကျွန်တော်တို့ ရေတပ်လေ့ကျင့်ရေးလုပ်နေတာမပြီးသေးဘူး" ဟု ပြန်ဖြေလေသည်။
"ငါ့ခေါင်း ကျိုးယွီ(Zhou Yu) လက်ထဲရောက်သွားတဲ့အချိန်ကျရင်တော့ အဲ့လေ့ကျင့်မှုပြီးမယ်မဟုတ်လား"
ထိုစကားကိုကြားသော် စစ်သူကြီးနှစ်ယောက်လုံးမှာ ကြောင်သွားလေသည်။ "ချောင်ချောင်း"(Cao Cao) သည် အာဏာပါးကွက်သားတို့ကိုခေါ်ပြီး ထိုသူနှစ်ဦးကို ကွပ်မျက်စေလိုက်သည်။

ခဏကြာသော် "ချောင်ချောင်း"(Cao Cao) သည် ထိုအကြောင်းအရာကိုပြန်ဆင်ခြင်ပြီးနောက် ရန်သူ၏လှည့်ကွက်ထဲတွင် ထောင်ချောက်အဆင်ခံလိုက်ရမှန်း သိလိုက်လေသည်။ ရေတပ်စစ်သူကြီးနှစ်ဦးကိုသေဒဏ်ပေးမှုကြောင့် စစ်တပ်အတွင်းဝယ် အရှုပ်အထွေးများဖြစ်သွားသည်။ အခြားသောအမှုထမ်းတို့က အဘယ်ကြောင့် သေဒဏ်ပေးရသည်ကိုမေးလျှင် "ချောင်ချောင်း"(Cao Cao) သည် သူမှားသွားမှန်းသိသော်ငြားလည်း
"သူတို့က တာဝန်ကိုကောင်းကောင်းမလုပ်ဆောင်နိုင်လို့ သေဒဏ်ပေးလိုက်တာ" ဟုပင်ပြန်ဖြေသည်။ ထိုသူနှစ်ဦး၏နေရာတွင် "မောင်ကျဲ"(Mao Jie) နှင့် "ယွီကျင့်"(Yu Jin) တို့ကိုအစားထိုးလိုက်သည်။

"ချောင်ချောင်း"(Cao Cao) ၏ရေတပ်စစ်သူကြီးနှစ်ဦးသေသွားသည့်အကြောင်းကို သူလျှိုတို့မှတဆင့် ကြားသောအခါ "ကျိုးယွီ"(Zhou Yu) သည်
"ကျုပ်က အဲ့ချိုက်မောက်(Cai Mao) နဲ့ ကျန်းယွင်(Zhang Yun) တို့ကိုပဲစိုးရိမ်နေတာ။ သူတို့သေသွားပြီဆိုတော့ စိတ်ပူစရာသိပ်မရှိတော့ဘူး" ဟုပြောသည်။
"လူဆု"(Lu Su) : "စစ်သူကြီး၊ ဒီအတိုင်းသာဆိုရင် ချောင်ချောင်း(Cao Cao) ကိုမှုစရာမလိုဘူး"

"ကျိုးယွီ"(Zhou Yu) : "ကျုပ်ရဲ့လှည့်စားမှုတွေကို ဘယ်သူမှမြင်နိုင်မယ်မထင်ဘူး၊ ကျူးကဲလျန့်(Zhuge Liang) ကလွဲရင်ပေါ့။ သူက ကျုပ်ထက်သာတယ်။ ခင်ဗျား သူ့ဆီသွားပြီးတော့ ဒါကို သူသိလားလို့တီးခေါက်ကြည့်ပါလား"

Comments

Popular posts from this blog

Lookism