သုံးနိုင်ငံခေတ်(၄၇)

အခန်း(၄၇) "ခန့်ဇယ်"(Kan Ze) သည် သစ္စာဖောက်သည့်စာကိုဆက်သခြင်း။ "ဖန်ထုံ"(Pang Tong) မှ သင်္ဘောများကိုချိတ်ထားရန် အကြံပေးခြင်း။

"ခန့်ဇယ်"(Kan Ze) သည် စန်းရင်ဇာတိဖြစ်ပြီး သာမန်မိသားစုမှဆင်းသက်လာသူဖြစ်သည်။ စာဖတ်ဝါသနာပါသူဖြစ်သော်လည်း ဆင်းရဲသဖြင့် စာအုပ်မဝယ်နိုင်ပဲ ငှားသာဖတ်ခဲ့ရသည်။ သူသည် မှတ်ဉာဏ်အင်မတန်ကောင်းသည်ဟူ၏။ စကားပြောကောင်းသူဖြစ်ပြီး ရဲရင့်သူဖြစ်သည်။ နောက်ပိုင်းတွင် "စွန်းချွမ်"(Sun Quan) သည် သူ့အားအကြံပေးအနေဖြင့် ခန့်အပ်ခဲ့သည်။ သူနှင့် "ဟွမ်ကိုင်"(Huang Gai) တို့မှာ အင်မတန်ရင်းနှီးသောမိတ်ဆွေများဖြစ်သည်။
"ခန့်ဇယ်"(Kan Ze) မှာ စကားရေးရာလိမ္မာကျွမ်းကျင်သူဖြစ်သဖြင့် "ဟွမ်ကိုင်"(Huang Gai) က သူမှတဆင့် "ချောင်ချောင်း"(Cao Cao) ထံ သစ္စာခံသည့်စာဆက်သစေခြင်းဖြစ်သည်။

"ခန့်ဇယ်"(Kan Ze) မှ
"ကျုပ်သူငယ်ချင်းက သူ့သခင်အတွက် ဒီလောက်ခံစားပြီးတာ၊ ကျုပ်လည်း အတူမျှဝေမခံစားပဲ ဘယ်နေနိုင်ပါ့မလဲ? အသက်ရှိနေချိန်မှာ လူတစ်ယောက်က သူ့တာဝန်သူမလုပ်နိုင်ရင် စိုက်ခင်းထဲမှာပုပ်သွားတဲ့ဆေးပင်လိုပဲ ဘာမှမထူးဘူး" ဟု ပြောသည်။ "ဟွမ်ကိုင်"(Huang Gai) သည် အိပ်ယာမှထကာ အရိုအသေပြုသည်။ "ခန့်ဇယ်"(Kan Ze) မှပင် ဆက်ပြီး
"ဒီကိစ္စက နှောင့်နှေးလို့မဖြစ်ဘူး" ဟုပြောသည်။
"ကျွန်တော် စာကိုရေးထားပြီးပြီ"
"ခန့်ဇယ်"(Kan Ze) လည်း ထိုစာကိုယူပြီးနောက် ငါးဖမ်းသမားယောင်ဆောင်ကာ မြောက်ပိုင်းစစ်တပ် တပ်စွဲထားရာ စခန်းအနီးသို့သွားသည်။ တစ်ဖက်မှစစ်သားတို့က ဖမ်းမိသွားပြီး ထိုအကြောင်းကို "ချောင်ချောင်း"(Cao Cao) အား တင်ပြလေသည်။

"ချောင်ချောင်း"(Cao Cao) မှ
"အဲ့လူက သူလျှိုမဟုတ်ဘူးလား" ဟုမေးသည်။
"မဟုတ်ဘူး၊ သူကတစ်ယောက်တည်းပဲ၊ တံငါသည်လိုဝတ်စားထားတယ်။ နောက်ပြီး သူက တောင်ပိုင်းပြည်နယ်ရဲ့အကြံပေး ခန့်ဇယ်(Kan Ze) လို့ပြောတယ်။ ဝန်ကြီးချုပ်နဲ့ လျှို့ဝှက်စကားပြောချင်လို့တဲ့"
"သူ့ကို ဒီခေါ်လာခဲ့"

"ချောင်ချောင်း"(Cao Cao) သည် "ခန့်ဇယ်"(Kan Ze) ဝင်လာသည်ကိုမြင်သည်နှင့်
"ခင်ဗျားက အရှေ့ဝူက အကြံပေး မဟုတ်လား။ ဒီကိုလာပြီးဘာလုပ်တာလဲ" ဟုမေးသည်။
"လူတွေပြောပုံအရကတော့ ခင်ဗျားက အရည်အချင်းရှိသူတွေကို မြှောက်စားတယ်တဲ့။ ဒါပေမယ့် ခင်ဗျားရဲ့မေးခွန်းက သင့်လျော်တဲ့မေးခွန်းမဟုတ်ဘူး။ ကျုပ်သူငယ်ချင်း ဟွမ်ကိုင်(Huang Gai) တော့ ရွေးချယ်မှုမှားသွားပြီ"
"ကျုပ်နဲ့ ဝူပြည်နယ်က စစ်ဖြစ်နေတာ သိတယ်မဟုတ်လား? ခင်ဗျားက ဒီကိုတိတ်တဆိတ်လာတာ၊ ဘာလို့ ခင်ဗျားကိုမေးခွန်းမထုတ်ရမှာလဲ"
"ဟွမ်ကိုင်(Huang Gai) က ဝူပြည်နယ်ရဲ့အမှုထမ်းဖြစ်ပြီး မျိုးဆက်သုံးဆက်တိုင်တိုင် အမှုထမ်းလာသူဖြစ်တယ်။ အခုတော့ ဘာအပြစ်မှမရှိပဲနဲ့ လူတွေအများကြီးရှေ့မှာ ကြိမ်ဒဏ်ပေးခံခဲ့ရတယ်။ ဒါကြောင့် သူကဒေါသထွက်ပြီးတော့ ခင်ဗျားဆီမှာ အမှုထမ်းပြီး ကျိုးယွီ(Zhou Yu) ကိုလက်စားချေမလို့။ သူကကျုပ်နဲ့တိုင်ပင်တယ်၊ ကျွန်တော်တို့က ခွဲခွာလို့မရတဲ့သူငယ်ချင်းတွေဆိုတော့ သူ့အစား သစ္စာခံတဲ့စာကိုလာဆက်သတာပါ"
"စာကဘယ်မှာလဲ"

ထို့နောက် စာကို "ချောင်ချောင်း"(Cao Cao) အားပေးလိုက်ရာ "ချောင်ချောင်း"(Cao Cao) မှ ထိုစာကိုဖတ်သည်။ စာမှာအောက်ပါအတိုင်းဖြစ်သည်။
'ကျွန်တော် ဟွမ်ကိုင်(Huang Gai) ထံတွင် စွန်းမိသားစု၏ကျေးဇူးရှိခဲ့သောကြောင့် ထိုမိသားစုထံတွင် သစ္စာရှိစွာအမှုထမ်းခဲ့သည်။ အခုနောက်ပိုင်းတွင်မူ ကျွန်တော်တို့၏တပ်ဖွဲ့သည် အလယ်ပိုင်းဒေသတပ်ဖွဲ့နှင့်တိုက်ရန်ပြုနေသည်။ ထိုအင်အားကြီးမားသောရန်သူကိုနိုင်မည်မဟုတ်မှန်း တောင်ပိုင်းပြည်နယ်ရှိ ပညာရှိ၊ပညာမဲ့အမှုထမ်းအားလုံးသိကြသည်။ သို့သော်လည်း ကျိုးယွီ(Zhou Yu) သည် ငယ်ရွယ်ပြီး အတွေးအခေါ်သိမ်ဖျင်းသောကြောင့် အောင်နိုင်မည်ဟုထင်ပြီး ကျောက်တုံးကိုကြက်ဥဖြင့်ခွဲရန်ဆန္ဒရှိသည်။ ထို့အပြင် သူသည် စိတ်လိုက်မာန်ပါပြုမူတတ်ပြီး ရက်စက်သူဖြစ်ကာ အပြစ်ပေးသင့်သူကိုအပြစ်မပေး၊ ဆုလာဘ်ပေးသင့်သည့်သူကို မချီးမြှောက်သူဖြစ်သည်။ ကျွန်တော့်လိုလုပ်သက်များသော အမှုထမ်းဟောင်းကို လူပုံအလယ်တွင် အရှက်ခွဲခဲ့သဖြင့် သူ့အပေါ်တွင် မုန်းတီးနေခဲ့သည်။
ဝန်ကြီးချုပ်မှာမူ လူအများကိုကောင်းကောင်းဆက်ဆံကာ အရည်အချင်းရှိသူကို ကြိုဆိုတတ်သူဖြစ်သောကြောင့် ဝန်ကြီးချုပ်ထံတွင် အမှုထမ်းရန်ဆန္ဒရှိသည်။ ကျွန်တော်သည် ဤစာကိုစိတ်ရင်းအမှန်ဖြင့်ရေးလိုက်သည်ဖြစ်သောကြောင့် သံသယမရှိပါလင့်'

"ချောင်ချောင်း"(Cao Cao) သည် ထိုစာကို အထပ်ထပ်အခါခါဖတ်ပြီးနောက် ဘေးနားရှိစားပွဲကိုထုကာ
"ဟွမ်ကိုင်(Huang Gai) က သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်ပြီး ကျုပ်ကိုလှည့်စားဖို့လုပ်တာ။ ခင်ဗျားက ကြားကနေ စာပို့တဲ့လူအနေနဲ့လာတာမလား? ကျုပ်ကိုလာပြီးလှည့်စားရဲတယ်" ဟုပြောပြီး "ခန့်ဇယ်"(Kan Ze) ကိုအပြင်ထုတ်ကာ သတ်ရန်အမိန့်ပေးလိုက်သည်။
"ခန့်ဇယ်"(Kan Ze) သည် အမူအရာတစ်ချက်မှ မယွင်းပဲ ရယ်လေသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က
"ခင်ဗျားအကြံကို ကျုပ်သိသွားလို့ ရယ်တာလား" ဟုမေးသည်။
"ကျွန်တော်က ခင်ဗျားကိုရယ်တာမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းရဲ့ရိုးသားမှုအပေါ်ရယ်တာပါ"
"ဘာကို သူ့ရဲ့ရိုးသားမှုလဲ"
"ခင်ဗျား သတ်ချင်ရင် သတ်လိုက်။ လျှောက်မေးပြီး ဒုက္ခများမနေနဲ့"
"ကျုပ်က စစ်ဗျူဟာကျမ်းတွေအကုန်ဖတ်ခဲ့ပြီး ရန်သူတွေကိုလှည့်စားရာမှာကျွမ်းကျင်တယ်။ သူများကိုတော့အရူးလုပ်လို့ရမယ်။ ကျုပ်ကိုတော့ လှည့်စားလို့မရဘူး"
"ခင်ဗျားဆိုလိုတာက အဲ့စာက လုပ်ကြံထားတဲ့စာပေါ့"
"အဲ့စာသာအစစ်အမှန်ဆိုရင် ဘာလို့စာထဲမှာ သူဘယ်အချိန်လာပါ့မယ်ဆိုတာမရေးထားရတာလဲ"
"ခန့်ဇယ်"(Kan Ze) သည် ပို၍ကျယ်လောင်စွာရယ်ကာ
"ခင်ဗျားက မကြောက်မလန့်နဲ့ခင်ဗျားရဲ့စစ်ဗျူဟာကျမ်းကျေမှုအကြောင်းပြောတာကို ဝမ်းသာတယ်။ ခင်ဗျားစစ်တိုက်ရင် စစ်ရှုံးပြီး ကျိုးယွီ(Zhou Yu) လက်ထဲမှာအဖမ်းခံမိမှာပဲ။ ဒါပေမယ့် ခင်ဗျားလိုလူလက်ထဲမှာ ကျုပ်အဖမ်းခံရတာ နှမြောစရာပဲ" ဟုပြောသည်။
"ခင်ဗျားက ကျုပ်ကို မသိနားမလည်သူလို့ပြောချင်တာလား"
"ခင်ဗျားက စစ်ဗျူဟာတွေကိုနားမလည်ပဲ အကြောင်းအကျိုးကိုသိတတ်သူမဟုတ်ဘူး"
"ဒါဆိုကျုပ်ဘာမှားလည်း ထောက်ပြလေ"
"ခင်ဗျားက ပညာရှိတွေကို ဆိုးဆိုးရွားရွားဆက်ဆံတဲ့အတွက် ခင်ဗျားနဲ့ပြောစရာစကားမရှိဘူး။ ကျုပ်ကိုတခါတည်းသတ်လိုက်ပါ"
"ခင်ဗျား အကြောင်းအကျိုးကိုကောင်းကောင်းပြောနိုင်ရင် ခင်ဗျားကို ကောင်းကောင်းဆက်ဆံပါ့မယ်"
"လူတစ်ယောက်က ကိုယ့်သခင်ဟောင်းကိုစွန့်ပြီး တခြားမှာအမှုထမ်းမယ်ဆိုရင် ဘယ်အချိန်မှာ အခွင့်ကောင်းရမယ်ဆိုတာ သိနိုင်ပါ့မလား? သတ်မှတ်ထားတဲ့အချိန်မှာ လှုပ်ရှားပြီး အစီအစဉ်မအောင်မြင်ရင် လျှို့ဝှက်ချက်ပေါက်ကြားသွားမှာပေါ့။ ဒါကြောင့် အခွင့်ကောင်းကိုစောင့်နေပြီး အဲ့အခွင့်အရေးပေါ်လာတဲ့အချိန်မှ လှုပ်ရှားရမယ်။ ဒါပေမယ့် အဲ့အခွင့်ကောင်းက ဘယ်အချိန်ရောက်လာမယ်ဆိုတာ သိနိုင်ပါ့မလား။ ခင်ဗျားက အထွေထွေသုတကိုတောင်နားမလည်ဘူး။ ခင်ဗျားသိတာက လူကောင်းတွေကို သတ်ဖို့ပဲ၊ ခင်ဗျားက တကယ်မသိနားမလည်တဲ့လူပဲ"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် အမူအယာပြင်ပြီးနောက် ထိုင်နေရာမှထကာ အရိုအသေပြုပြီး
"ကျွန်တော်သေချာမသိမမြင်လို့ အဲ့လိုပြုမူမိတာပါ။ ခင်ဗျားပြောတာမှန်ပါတယ်။ ခင်ဗျားကိုစော်ကားမိတာကို မေ့လိုက်ပါ" ဟုပြောသည်။
"တကယ်တော့ ဟွမ်ကိုင်(Huang Gai) ရော ကျုပ်ရောက ခင်ဗျားဘက်မှာ အမှုထမ်းချင်နေတာ။ ခင်ဗျားကိုလိမ်ပါ့မလား"
"ခင်ဗျားတို့သာ အမှုလာထမ်းမယ်ဆိုရင် ထိုက်ထိုက်တန်တန်ဆုချပါ့မယ်"
"ကျွန်တော်တို့က ရာထူးတွေ၊ စည်းစိမ်တွေမလိုချင်ပါဘူး။ ကောင်းကင်ကြီးရဲ့ဆန္ဒနဲ့တာဝန်ကြောင့်သာ ဒီကိုရောက်လာတာပါ"
ထို့နောက် အရက်တို့ကိုတိုက်ကျွေးကာ "ခန့်ဇယ်"(Kan Ze) အား ဂုဏ်သရေရှိဧည့်သည်တစ်ဦးပမာ ကျွေးမွေးသည်။

ထိုအချိန်တွင် လူတစ်ယောက်သည် "ချောင်ချောင်း"(Cao Cao) နားကပ်ကာ တီးတိုးပြောသည်။ "ချောင်ချောင်း"(Cao Cao) သည်
"ငါ့ကိုစာပြ" ဟုပြောကာ စာကိုဖတ်ပြီးနောက် ဝမ်းသာသည့်အမူအယာပေါ်နေသည်။ ထိုအခါ "ခန့်ဇယ်"(Kan Ze) စိတ်ထဲတွင်
'ဒါ ချိုက်ညီနောင်နှစ်ဦးစီကစာပဲဖြစ်မှာ။ သူတို့လည်း ငါ့သူငယ်ချင်းကိုအပြစ်ပေးတဲ့အကြောင်းကိုသတင်းပို့တာဆိုရင်တော့ ငါ့စာအတွက် သက်သေဖြစ်တာပေါ့' ဟုတွေးသည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် "ခန့်ဇယ်"(Kan Ze) ဘက်လှည့်ကာ
"ခင်ဗျား သူငယ်ချင်းဆီပြန်သွားပြီး ခင်ဗျားတို့လာမယ့်နေ့ကိုအတည်ပြုပါ။ ကျုပ် စစ်တပ်လွှတ်ပြီးစောင့်နေစေမယ်" ဟုပြောသည်။
"ကျွန်တော်ပြန်လို့မဖြစ်ဘူး။ ဝန်ကြီးချုပ် ယုံကြည်တဲ့လူတစ်ယောက်ယောက်ကိုလွှတ်လိုက်ပါ"
"တခြားတစ်ယောက်ကိုလွှတ်လိုက်ရင် လျှို့ဝှက်ချက်ပေါက်ကြားသွားလိမ့်မယ်"
"ခန့်ဇယ်"(Kan Ze) သည် အကြိမ်ကြိမ်ငြင်းဆိုပြီး နောက်ဆုံးတွင်မူ
"ကျွန်တော်သွားမယ်ဆိုရင်လည်း ဒီမှာအကြာကြီးနေလို့မဖြစ်ဘူး။ အခုချက်ချင်းပြန်မှရမယ်" ဟုပြောသည်။
"ချောင်ချောင်း"(Cao Cao) သည် "ခန့်ဇယ်"(Kan Ze) အား ရွှေနှင့်ပိုးထည်တို့လက်ဆောင်ပေးသော်လည်း "ခန့်ဇယ်"(Kan Ze) ကငြင်းဆိုလိုက်သည်။

"ခန့်ဇယ်"(Kan Ze) သည် တစ်ဖက်ကမ်းသို့ပြန်ရောက်သော် "ဟွမ်ကိုင်"(Huang Gai) ထံသွားပြီး အကြောင်းအရာအလုံးစုံကိုပြန်ပြောပြသည်။
"ခင်ဗျားရဲ့စကားပြောကောင်းမှုကြောင့်သာမဟုတ်ရင် ကျုပ်ဒဏ်ရာရထားတာ အလကားဖြစ်တော့မလို့"
"ကျုပ် ချိုက်ညီနောင်ရဲ့သတင်းကိုသွားစုံစမ်းလိုက်ဦးမယ်"
"ကောင်းပြီ"

ထို့နောက် "ခန့်ဇယ်"(Kan Ze) သည် "ကန်းနင်"(Gan Ning) ၏စခန်းသို့သွားကာ "ကန်းနင်"(Gan Ning) အား
"ခင်ဗျား ဟွမ်ကိုင်(Huang Gai) အတွက် ဝင်ပြောပေမယ့်ခင်ဗျားကိုပါရောပြီး အပြစ်ပေးလိုက်တာစိတ်မကောင်းဘူး" ဟုပြောသည်။ "ကန်းနင်"(Gan Ning) က ပြုံးလိုက်သည်။ ထိုအချိန်တွင် ချိုက်ညီနောင်နှစ်ဦး၏အရိပ်အယောင်ကိုလှမ်းတွေ့လိုက်သဖြင့် နှစ်ဦးသား အချင်းချင်းမျက်လုံးဖြင့် အချက်ပေးလိုက်လေသည်။
"ကန်းနင်"(Gan Ning) မှ
"တကယ်တော့ ကျိုးယွီ(Zhou Yu) က မာန်တက်ပြီးတော့ ကျုပ်တို့တွေကိုမျက်လုံးထဲမထည့်တော့တာ။ အကုန်လုံးက ကျုပ်စော်ကားခံရတယ်လို့ ပြောနေကြတယ်" ဟုပြောသည်။ ထိုသို့ပြီးနောက် အော်ကာဒေါသတကြီးဖြင့် စားပွဲကိုထုလေသည်။ "ခန့်ဇယ်"(Kan Ze) က "ကန်းနင်"(Gan Ning) အနီးကပ်ပြီး တိုးတိုးပြောလိုက်ရာ "ကန်းနင်"(Gan Ning) က သက်ပြင်းချသည်။

ထိုအခါ "ချိုက်ဟဲ"(Cai He) နှင့် "ချိုက်ကျုံး"(Cai Zhong) တို့က ထိုသူနှစ်ဦးတို့အား မိမိတို့ဘက်ပါအောင်ဆွဲခေါ်နိုင်ပြီဟုတွေးကာ ထွက်လာသည်။ သူတို့နှစ်ဦးမှ
"ခင်ဗျားတို့က သူ့ကိုစိတ်ဆိုးအောင်လုပ်မိလို့လား? ဒီလိုခံစားရတာကို တိတ်တိတ်ပဲနေလိုက်ပါလား" ဟုပြောသည်။ "ခန့်ဇယ်"(Kan Ze) မှ
"ခင်ဗျားတို့က ကျုပ်တို့ခံစားရတာကို ဘာနားလည်လို့လဲ" ဟုပြောသည်။
"ကျုပ်တို့အမြင်ကတော့ ခင်ဗျား ချောင်ချောင်း(Cao Cao) ဆီသွားမလို့မဟုတ်လား"
ထိုအခါ "ခန့်ဇယ်"(Kan Ze) သည် မျက်နှာပျက်သွားသည်။ "ကန်းနင်"(Gan Ning) က ဓားကိုဆွဲထုတ်လိုက်ကာ
"သူတို့ ကျုပ်တို့ရဲ့လျှို့ဝှက်ချက်ကိုသိသွားပြီ။ သူတို့ကိုသတ်ပြီးနှုတ်ပိတ်မှဖြစ်မယ်" ဟုပြောသည်။
"မလုပ်နဲ့။ မလုပ်နဲ့။ ကျွန်တော်တို့ ပြောစရာရှိတယ်"
"မြန်မြန်ပြော"

"ချိုက်ဟဲ"(Cai He) : "တကယ်တော့ ကျွန်တော်တို့ ဒီဘက်ကို ဟန်ဆောင်ပြီးသစ္စာခံတာပါ။ ခင်ဗျားတို့သာ ကျုပ်တို့ဘက်ပါမယ်ဆိုရင် စီစဉ်ပေးလို့ရတယ်"
"ကန်းနင်"(Gan Ning) : "ခင်ဗျားပြောတာ တကယ်လား"
ထိုအခါ "ချိုက်"ညီနောင်နှစ်ဦးလုံးကပြိုင်တူပင်
"ကျုပ်တို့က ဒါကိုလိမ်ပြောပါ့မလား" ဟုပြောသည်။ "ကန်းနင်"(Gan Ning) သည် ကျေနပ်သွားသည့်ဟန်ဖြင့်
"ဒါကောင်းကင်ကြီးကပေးတဲ့အခွင့်အရေးပဲ" ဟုပြောသည်။
"ကျုပ်တို့က ဟွမ်ကိုင်(Huang Gai) အကြောင်းကို ချောင်ချောင်း(Cao Cao) ဆီတင်ပြပြီးသွားပြီ"

"ခန့်ဇယ်"(Kan Ze) : "တကယ်တော့ ကျုပ်ကဝန်ကြီးချုပ်ဆီကို ဟွမ်ကိုင်(Huang Gai) ရဲ့သစ္စာခံတဲ့စာပို့ပြီးသွားပြီ။ သူက ကျုပ်ကိုပြန်လွှတ်ပြီး ဟွမ်ကိုင်(Huang Gai) ဘယ်ရက်လာမယ်ဆိုတာ အတည်ပြုခိုင်းတာ"
"ကန်းနင်"(Gan Ning) : "ရိုးသားတဲ့သူက ကောင်းမွန်တဲ့သခင်ဆီမှာပဲ အမှုထမ်းမှာပဲ"
ထိုသူတို့လေးဦးတို့သည် အရက်အတူတူသောက်ကြကာ စိတ်အတွင်းတွင်ရှိသည်ကိုရင်ဖွင့်ပြောဆိုကြသည်။ ချိုက်ညီနောင်တို့သည် "ကန်းနင်"(Gan Ning) ပါ အကြံအစည်ထဲတွင် ပါဝင်မည်ဖြစ်ကြောင်းကို "ချောင်ချောင်း"(Cao Cao) ထံစာရေးလိုက်သလို "ခန့်ဇယ်"(Kan Ze) ကလည်း စာရေးလိုက်သည်။ "ခန့်ဇယ်"(Kan Ze) ၏စာမှာအောက်ပါအတိုင်းဖြစ်သည်။
'ဟွမ်ကိုင်(Huang Gai) က လက်ရှိမှာတော့ အခွင့်ကောင်းမရှိသေးဘူး။ ဒါပေမယ့် သူလာတဲ့အချိန်မှာတော့ သူ့ရဲ့သင်္ဘောမှာ အမည်းရောင်အလံချိတ်ထားပါလိမ့်မယ်'

"ချောင်ချောင်း"(Cao Cao) သည် ထိုစာတို့ကိုရသော်လည်း စိတ်ထဲတွင် သံသယရှိနေသေးသဖြင့် အကြံပေးတို့ကိုခေါ်ကာ တိုင်ပင်သည်။
"ကန်းနင်(Gan Ning) ကလည်း သူတို့ခေါင်းဆောင်က သူ့ကိုအပြစ်ဒဏ်ပေးလိုက်တော့ ကျုပ်တို့ဘက်ပါမယ်လို့ပြောတယ်။ ဒါ့အပြင် ဟွမ်ကိုင်(Huang Gai) လည်း အပြစ်ပေးခံရပြီး ခန့်ဇယ်(Kan Ze) ကိုလွှတ်ပြီးတော့ ကျုပ်တို့ဘက်လာမယ်လို့ပြောတယ်။ ငါ ဒါကိုသံသယရှိနေတုန်းပဲ။ ဘယ်သူဟိုဘက်ကိုသွားပြီးတော့ အမှန်တရားကိုစုံစမ်းမလဲ"
ထိုအခါ "ကျန်ကန့်"(Jiang Gan) မှ
"ကျွန်တော် ဟိုတစ်ခေါက်က တာဝန်မကျေနိုင်ခဲ့တဲ့အတွက် အရှက်ရမိပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်အသက်စွန့်ပြီးတော့ သတင်းကောင်းကိုရအောင်ယူလာပါ့မယ်" ဟု ပြောသည်။ သို့နှင့် "ချောင်ချောင်း"(Cao Cao) ကလည်း သဘောတူလိုက်သည်။

"ကျန်ကန့်"(Jiang Gan) သည် တစ်ဖက်ကမ်းသို့ရောက်သောအခါ "ကျိုးယွီ"(Zhou Yu) ကို သတင်းပို့စေသည်။ ထိုအခါ "ကျိုးယွီ"(Zhou Yu) သည် ပြုံးကာ
"ဒီအကြံအစည်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုက ဒီလူ့အပေါ်မူတည်တယ်" ဟု ပြောသည်။ ထို့နောက် "ကျိုးယွီ"(Zhou Yu) သည် "လူဆု"(Lu Su) မှတဆင့် "ဖန်ထုံ"(Pang Tong) ကိုဖိတ်ခေါ်စေကာ အကူအညီတောင်းစေသည်။
"ဖန်ထုံ"(Pang Tong) သည် ရှန်းရန်မှဖြစ်ပြီး စစ်ပွဲအရှုပ်အထွေးတို့ကြောင့် မြစ်ကမ်း၏အရှေ့ဘက်တွင် နေ,နေသည်။ "လူဆု"(Lu Su) သည် အရင်က "ဖန်ထုံ"(Pang Tong) အား "ကျိုးယွီ"(Zhou Yu) ထံအမှုထမ်းရန် ဖိတ်ခေါ်ခဲ့သော်လည်း "ဖန်ထုံ"(Pang Tong) မှာ မလာခဲ့ပေ။


"ကျိုးယွီ"(Zhou Yu) ၏အမိန့်ဖြင့် "လူဆု"(Lu Su) သည် "ဖန်ထုံ"(Pang Tong) ထံသွားပြီးနောက် "ချောင်ချောင်း"(Cao Cao) အား မည်သို့တိုက်ရမည်ကိုမေးမြန်းရာ "ဖန်ထုံ"(Pang Tong) မှ
"သူ့ကိုမီးနဲ့တိုက်ရမယ်။ ဒါပေမယ့် မြစ်ကကျယ်ဝန်းတော့ သင်္ဘောတစ်စီးမီးလောင်သွားတာနဲ့ တခြားသင်္ဘောတွေက အဝေးကိုလှည့်ထွက်သွားမှာပဲလေ။ ဒီတော့ သူတို့ကိုတစ်နေရာထဲမှာရှိအောင် လုပ်ရမယ်။ ဒီလိုမှသာအောင်မြင်နိုင်မယ်" ဟုပြောသည်။ ထိုအကြောင်းကို "ကျိုးယွီ"(Zhou Yu) အားပြန်ပြောပြလျှင် "ကျိုးယွီ"(Zhou Yu) မှ
"ဒါကို လုပ်နိုင်တဲ့တစ်ဦးတည်းသောသူက ဖန်ထုံ(Pang Tong) ပဲ" ဟုပြောသည်။ "လူဆု"(Lu Su) မှ
"ဒါပေမယ့် ချောင်ချောင်း(Cao Cao) က ဉာဏ်များတယ်။ ဖန်ထုံ(Pang Tong) ကိုဘယ်လိုလွှတ်မှာလဲ" ဟုမေးသည်။
ထိုမေးခွန်းကို "ကျိုးယွီ"(Zhou Yu) မှာမည်သို့လုပ်ရမည်ကို မဆုံးဖြတ်နိုင်ခဲ့ပေ။ သို့သော်လည်း "ကျန်ကန့်"(Jiang Gan) ရောက်လာသည့်အချိန်တွင်မူ ရုတ်တရတ်အကြံရသွားပြီး "လူဆု"(Lu Su) မှတဆင့် "ဖန်ထုံ"(Pang Tong) အား မည်သို့ပြုမူရမည်ကို မှာလိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် "ကျိုးယွီ"(Zhou Yu) သည် ရွက်ဖျင်တဲထဲတွင် ဧည့်သည်ကိုစောင့်နေသည်။ "ကျန်ကန့်"(Jiang Gan) သည် သူ့သူငယ်ချင်းဖြစ်သူက သူ့ကိုလာမကြိုသဖြင့် စိုးရိမ်ကာ သူစီးလာသည့်သင်္ဘောကို လုံခြုံသည့်နေရာတွင် ထားစေပြီးနောက် "ကျိုးယွီ"(Zhou Yu) နှင့်သွားတွေ့သည်။
"ကျိုးယွီ"(Zhou Yu) သည် "ကျန်ကန့်"(Jiang Gan) ကိုမြင်လျှင် စိတ်ဆိုးသည့်ဟန်ဖြင့်
"သူငယ်ချင်း၊ မင်း ငါ့ကိုဘာလို့ဒီလိုလုပ်ရတာလဲ" ဟုမေးသည်။
"ကျန်ကန့်"(Jiang Gan) က ရယ်ကာ
"ကျုပ်တို့အရင်တုန်းက ညီအစ်ကိုအရင်းအချာပမာ ရင်းနှီးတာပဲလေ။ ကျုပ်က ခင်ဗျားကိုလာတွေ့တာ ခင်ဗျားက ဘာလို့ဒီလိုပြောရတာလဲ" ဟု ပြောသည်။
"ခင်ဗျားက ကျုပ်ဆီလာပြီး ကျုပ်သခင်ကိုသစ္စာဖောက်အောင်လာပြောတာလေ၊ ပင်လယ်ကြီးခမ်းခြောက်ပြီး ကျောက်တုံးတွေ အမှုန့်ဖြစ်သွားရင်တောင် ဒါမျိုးမလုပ်ဘူး။ ဒါပေမယ့် အရင်က သံယောဇဉ်ကြောင့် ခင်ဗျားကို ကျွေးမွေးပြီး အတူတူနေခဲ့တာ။ ဒါကိုခင်ဗျားက ကျုပ်ရဲ့လျှို့ဝှက်စာတွေကိုခိုးသွားပြီး မနှုတ်ဆက်ပဲထွက်သွားတယ်။ ခင်ဗျား လုပ်လိုက်လို့ ချောင်ချောင်း(Cao Cao) ဘက်ကို လွှတ်ထားတဲ့ ကျုပ်လူနှစ်ယောက်သေသွားတယ်။ အခုဘာလို့ထပ်လာသေးတာလဲ။ တကယ်တော့ ခင်ဗျားကိုသတ်ချင်နေတာ။ ဒါပေမယ့် အရင်ကရင်းနှီးမှုကြောင့် ခင်ဗျားကိုပြန်လွှတ်လိုက်မယ်၊ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ချောင်ချောင်း(Cao Cao) ကိုတိုက်မလို့၊ ခင်ဗျားကို အခုပြန်လွှတ်လိုက်ရင် အကြံတွေပေါက်ကြားသွားလိမ့်မယ်။ ဒါကြောင့် အနောက်ဘက်ကတောင်ကုန်းနားမှာခဏနေဦး။ တိုက်ပွဲအောင်နိုင်ပြီးမှ ခင်ဗျားကို ပြန်လွှတ်ပေးမယ်"

"ကျန်ကန့်"(Jiang Gan) သည် တစ်ခုခုပြောရန်ပြုသော်လည်း "ကျိုးယွီ"(Zhou Yu) က လက်မခံပေ။ "ကျန်ကန့်"(Jiang Gan) သည် ထိုတောင်ကုန်းရှိ တဲအိမ်လည်း တစ်အိမ်တွင်နေရသော်အခါ စိတ်ပျက်ပြီး စားလည်းမစားနိုင်သလို အိပ်၍လည်းမပျော်ပေ။ တစ်ညသော် လမ်းလျှောက်ရင်း အသံတစ်ခုကြားသဖြင့် သွားကြည့်ရာ ထိုနေရာတွင် အိမ်လေးတစ်အိမ်ရှိသည်။ ထိုအိမ်အတွင်းရှိ လူတစ်ဦးသည် မီးအိမ်၏အလင်းရောင်အောက်ဝယ် စာအုပ်တစ်အုပ်ကိုဖတ်နေပြီး မီးအိမ် ဘေးတွင်မူ ဓားတစ်လက်ချိတ်ဆွဲထားသည်။ ထိုသူဖတ်နေသော စာအုပ်မှာ 'ဆွန်ဇု၏စစ်ပညာကျမ်း' ဖြစ်သည်။

"ကျန်ကန့်"(Jiang Gan) မှာ 'ဒီလူ သာမန်လူတော့ မဖြစ်တန်ရာဘူး' ဟုတွေးကာ တံခါးခေါက်လိုက်သည်။ အထဲမှာ လူကတံခါးဖွင့်ပေးကာ သူ့အားအထဲသို့ဝင်လာရန်ဖိတ်ခေါ်သည်။
"ကျန်ကန့်"(Jiang Gan) သည် အိမ်ရှင်၏နာမည်ကိုမေးရာ ထိုသူက
"ကျွန်တော့်နာမည်က ဖန်ထုံ(Pang Tong) ပါ" ဟု ပြောသည်။
"ဒါဆို ခင်ဗျားက ဇာမဏီငယ်လို့သိကြတဲ့ ဆရာကြီးမဟုတ်လား"
"ဟုတ်ပါတယ်"
"လူတွေ ခင်ဗျားအကြောင်းပြောတာကြားဖူးတယ်။ ခင်ဗျားက နာမည်ကြီးပုဂ္ဂိုလ်ပဲ၊ ဘာလို့ဒီလိုနေရာမျိုးမှာ နေ,နေရတာလဲ"
"ကျိုးယွီ(Zhou Yu) က မာနကြီးလွန်းတော့ သူ့ထက်သာရင် မလိုလားဘူး။ ဒါကြောင့် ကျုပ်ကဒီမှာတိတ်တဆိတ်နေနေတာပါ။ ခင်ဗျားက ဘယ်သူပါလိမ့်"
"ကျွန်တော်က ကျန်ကန့်(Jiang Gan) ပါ"

"ဖန်ထုံ"(Pang Tong) သည် ဧည့်သည်ဖြစ်သူကို အထဲသို့ခေါ်ကာ နှစ်ဦးသားထိုင်ပြီး စကားပြောကြသည်။
"ခင်ဗျားရဲ့အရည်အချင်းနဲ့ဆို ဘယ်နေရာသွားသွားအောင်မြင်မှုရမှာပဲလေ။ ခင်ဗျားသာ ဝန်ကြီးချုပ်ချောင်ချောင်း(Cao Cao) ဆီမှာ အမှုထမ်းချင်ရင် ကျွန်တော်ထောက်ခံပေးလို့ရတယ်"
"ကျွန်တော် ဒီနေရာကနေထွက်ချင်တာကြာပြီ။ ခင်ဗျား ကျုပ်ကိုအခုခေါ်သွားဖို့မဖြစ်နိုင်ဘူး။ ကျိုးယွီ(Zhou Yu) သာသိရင် ကျုပ်ကိုသတ်မှာသေချာတယ်"
ထိုအခါ "ကျန်ကန့်"(Jiang Gan) သည် "ဖန်ထုံ"(Pang Tong) ကို တောင်ကုန်းအောက် သင်္ဘောဖွက်ထားသော မြစ်ကမ်းနားသို့ခေါ်သွားပြီး ထိုသင်္ဘောဖြင့်မြောက်ပိုင်းတပ်စခန်းသို့သွားသည်။

"ချောင်ချောင်း"(Cao Cao) သည် ဇာမဏီငယ် "ဖန်ထုံ"(Pang Tong) ရောက်လာသည့်အကြောင်းကိုကြားလျှင် ဝမ်းသာအားရသွားကြိုဆိုသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ကျိုးယွီ(Zhou Yu) က အသက်ငယ်ပြီး မာနကြီးတော့ သူ့လက်အောက်က အမှုထမ်းတွေပြောတာ မနာယူဘူး။ ကျွန်တော် ခင်ဗျားရဲ့ဂုဏ်သတင်းကိုကြားခဲ့တာကြာပြီ။ အခုကျွန်တော့်ဆီရောက်လာတော့ ကျွန်တော့်ကိုအကြံဉာဏ်တွေပေးပါ" ဟုပြောသည်။
"ကျွန်တော်လည်း ဝန်ကြီးချုပ်က စစ်နည်းဗျူဟာတွေကိုကျွမ်းကျင်သူဖြစ်တယ်ဆိုတာ ကြားဖူးတာကြာပါပြီ။ ဒါပေမယ့် အခုစစ်တပ်ဖွဲ့စည်းထားပုံတွေကိုကြည့်ပါရစေ"
သို့နှင့် သူတို့နှစ်ဦးသားစီးရန် မြင်းတို့ကိုဆောင်ယူလာစေပြီး ထိုမြင်းတို့ကိုစီးကာ စစ်တပ်အတွင်းသို့လှည့်ပတ်ကာ ကြည့်ရှုကြသည်။
ထိုသို့ကြည့်ရှုပြီးနောက် "ဖန်ထုံ"(Pang Tong) မှ
"ရှေးခေတ်ကစစ်သူကြီး ဝူချီ(Wu Qi) သေရာကပြန်ရှင်လာရင်တောင်၊ စစ်ဗျူဟာရှင် ဆွန်ဇု(Sun Zi) ပြန်ပေါ်လာရင်တောင်မှ ဒီတောင်ကုန်းဘေးနားမှာရှိပြီး သစ်တောတွေရဲ့အကာအကွယ်ယူထားတဲ့စခန်းကိုဖျက်စီးနိုင်မှာမဟုတ်ဘူး။ အရှေ့ဘက်နဲ့အနောက်ဘက်က တစ်နေရာနဲ့တစ်နေရာလှမ်းမြင်နိုင်တယ်။ အဝင်အထွက်မှာ ဂိတ်တံခါးတွေရှိပြီး ရှေ့ချီတက်ဖို့နဲ့တပ်ဆုတ်ဖို့လမ်းတွေက ကောက်ကွေးတယ်" ဟုပြောသည်။
"ဆရာကြီး၊ ကျွန်တော့်ကိုသိပ်မချီးမွမ်းပါနဲ့၊ ဘယ်နေရာမှာ ပိုကောင်းအောင်ပြင်ရမလည်းဆိုတာ ပြောပြပါ"
[Wu Qi (or) Wu Zi - နွေဦးဆောင်းဦးခေတ်တွင် နာမည်ကြီးစစ်သူကြီးဖြစ်သည်။ Lu ပြည်နယ်တွင်အမှုထမ်းခဲ့ပြီး နောက်ပိုင်းတွင် Wei ပြည်နယ်တွင်အမှုထမ်းသည်၊ Wei စစ်တပ်ကိုဦးဆောင်ပြီး Qin စစ်တပ်နှင့်တိုက်ခဲ့သည်။ သို့သော်လည်း Wei တိုင်းပြည်တွင် ရန်သူရှိသဖြင့် Chu ပြည်နယ်သို့ထွက်ပြေးခဲ့ပြီး Chu တိုင်းပြည်ဘုရင် Dao ၏မြှောက်စားမှုကြောင့် ထိုပြည်နယ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ Wu Qi သည် Chu ပြည်နယ်ကိုအင်အားကြီးနိုင်ငံဖြစ်အောင်ပြုလုပ်ပြီး Wei ၊ Zhao နှင့် Han ပြည်နယ်တို့ရန်မှကာကွယ်ခဲ့သည်။ သို့သော်လည်း Chu ဘုရင်နတ်ရွာစံပြီးနောက် နန်းတွင်းရှိလူများ၏လုပ်ကြံမှုကြောင့် Wu Qi သည်လည်း သေဒဏ်ပေးခံခဲ့ရသည်။ သူသည်လည်း စစ်ဗျူဟာကျမ်းရေးခဲ့ပြီး ဝူချီ၏စစ်ဗျူဟာကျမ်းဟုခေါ်သည်။

Sun Zi(or) Sun Wu, Sun Tzu - နွေဦးဆောင်းဦးခေတ်အတွင်းရှိ စစ်သူကြီးဖြစ်ပြီး ဆွန်ဇု၏စစ်ပညာကျမ်းကိုရေးခဲ့သူဖြစ်သည်။ သူသည် Wu တိုင်းပြည်တွင်အမှုထမ်းခဲ့ပြီး Chu ကိုစစ်နိုင်ကာ Yue ကိုအနိုင်ရအောင် လုပ်ပေးခဲ့သည်။ သူ၏စစ်ဗျူဟာကျမ်းကို ယနေ့ခေတ်ထိတိုင် လေ့လာသူ၊ ဖတ်ရှုသူများရှိလေသည်။]

ထို့နောက် ထိုသူနှစ်ဦးတို့သည် သင်္ဘောတို့ကိုသွားကြည့်ကြသည်။ "ဖန်ထုံ"(Pang Tong) သည် ကြည့်ရှုပြီးနောက်တွင်
"ဝန်ကြီးချုပ်ရဲ့စစ်ဗျူဟာက အင်မတန်မှကောင်းမွန်လှပါတယ်။ လူတွေချီးကျူးကြတာ တကယ်မှန်တယ်" ဟုပြောသည်။ ထို့နောက် တောင်ဘက်ဆိပ်ကမ်းကို လက်ညွှန်ကာ
"ကျိုးယွီ(Zhou Yu) ၊ ကျိုးယွီ(Zhou Yu) ၊ မင်းတော့သေနေ့စေ့ပြီ" ဟုပြောလေသည်။ ၎င်းကိုကြားလျှင် "ချောင်ချောင်း"(Cao Cao) မှာပီတိဖြစ်သွားသည်။ ပြီးနောက် ရွက်ဖျင်တဲဘက်သို့ပြန်လှည့်ပြန်ပြီး အရက်တို့ဖြင့်တည်ခင်းကာ စစ်ရေးမက်ရာကိစ္စများကိုဆွေးနွေးကြသည်။ "ဖန်ထုံ"(Pang Tong) နှင့် "ချောင်ချောင်း"(Cao Cao) တို့သည် တစ်ဦး၏အတွေးအမြင်တို့ကိုတစ်ဦး အပြန်အလှန်ဆွေးနွေးကြရာ အချိန်ကြာသည်နှင့်အမျှ "ချောင်ချောင်း"(Cao Cao) သည် "ဖန်ထုံ"(Pang Tong) အပေါ်လေးစားလာသည်။

"ဖန်ထုံ"(Pang Tong) မှ ရုတ်တရတ်
"ဝန်ကြီးချုပ်ရဲ့စစ်တပ်ထဲမှာ ဆေးပညာကျွမ်းကျင်သူတွေ များလား" ဟုမေးသည်။
"ဆရာကြီးက ဘာလို့မေးရတာလဲ"
"ရေတပ်ထဲမှာ နေမကောင်းဖြစ်တာများတော့ ဆေးတွေကြိုရှာထားသင့်တယ်"
အမှန်တကယ်တွင်လည်း "ချောင်ချောင်း"(Cao Cao) ၏စစ်သားတို့သည် ရာသီဥတုအပြောင်းအလဲကြောင့် အန်ကာသေဆုံးသူအမြောက်အများရှိသည်။ ထိုသို့ဖြစ်ပွားမှုမှာ "ချောင်ချောင်း"(Cao Cao) အတွက် စိတ်ပူစရာပင်။ "ဖန်ထုံ"(Pang Tong) မှစကားစသဖြင့် "ချောင်ချောင်း"(Cao Cao) ကလည်း မည်သို့ပြုရမည်ကိုအကြံတောင်းသည်။
"ခင်ဗျားရဲ့ရေတပ်ကကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့်တစ်ခုလိုနေတယ်"
"ချောင်ချောင်း"(Cao Cao) ကလည်း ထိုလိုအပ်ချက်ကိုမေးသည်။
"ကျွန်တော့်မှာ စစ်သားတွေနေမကောင်းမဖြစ်အောင်လုပ်နိုင်မယ့်နည်းလမ်းကောင်းရှိတယ်"
"အဲ့နည်းလမ်းကောင်းက ဘာများပါလိမ့်"
"မြစ်ရေပြင်က ကျယ်ပြန့်ပြီး ဒီရေကလည်း အတက်အကျရှိသလို လှိုင်းတွေလေတွေလည်းကြီးတယ်။ ခင်ဗျားရဲ့တပ်က မြောက်ပိုင်းတပ်တွေဆိုတော့ သင်္ဘောပေါ်မှာ အလေ့အကျင့်မရှိဘူး။ သင်္ဘောတွေကို သုံးဆယ်စီ၊ ဒါမှမဟုတ် ငါးဆယ်စီခွဲပြီးတော့ သံကြိုးတွေနဲ့ချီနှောင်ထားလိုက်ပါ။ သင်္ဘောတစ်စီးကနေတစ်စီးကို လူတင်မက၊ မြင်းပါဖြတ်လို့ရအောင်လုပ်ထားလိုက်။ ဒီလိုဆိုရင်တော့ လေတွေ၊ လှိုင်းတွေ၊ ဒီရေတွေကိုကြောက်စရာမလိုတော့ဘူး"

ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ကျေးဇူးတင်ကာ
"ခင်ဗျားရဲ့အကြံကြောင့်သာမဟုတ်ရင် တောင်ပိုင်းတပ်တွေကိုတိုက်လို့နိုင်မှာမဟုတ်ဘူး" ဟုပြောသည်။
"ဒါ ကျွန်တော့်အကြံသက်သက်ပါပဲ။ လုပ်တာမလုပ်တာက ဝန်ကြီးချုပ်ဆုံးဖြတ်ပါ"
သို့နှင့် ပန်းပဲဆရာတို့ကိုခေါ်စေကာ နေ့ရောညပါ သံကြိုးကြီးများပြုလုပ်စေသည်။ ထိုသံကြိုးများကိုအသုံးချပြီး သင်္ဘောများကိုချီသည်။ ထိုအကြောင်းကို စစ်သားတို့ကြားလျှင် ဝမ်းသာကြသည်ဟူ၏။

ထို့နောက် "ဖန်ထုံ"(Pang Tong) မှ
"ကျွန်တော် တောင်ပိုင်းက ကျိုးယွီ(Zhou Yu) ကိုမုန်းတဲ့ သူရဲကောင်းတွေအများကြီးနဲ့သိတယ်။ ကျွန်တော်သာပြောလိုက်ရင် သူတို့ဝန်ကြီးချုပ်ဆီမှာ အမှုလာထမ်းလိမ့်မယ်။ ကျိုးယွီ(Zhou Yu) တစ်ယောက်တည်းကိုတော့ ဖမ်းလို့ရတာပေါ့။ လျူဘေ့(Liu Bei) ကတော့ မှုစရာမလိုပါဘူး" ဟုပြောသည်။
"ခင်ဗျားသာ ကောင်းကောင်းလုပ်ဆောင်နိုင်ရင် နန်းတွင်းမှာ ရာထူးကြီးကြီးရအောင် လုပ်ပေးပါ့မယ်"
"ကျွန်တော်က ရာထူးတွေ၊ ဂုဏ်တွေမက်လို့ဒီလိုလုပ်တာမဟုတ်ပါဘူး၊ လူတွေကိုကူညီချင်လို့ပါ။ ဝန်ကြီးချုပ်သာ တောင်ပိုင်းကိုစစ်ချီတက်ရင် သာမန်ပြည်သူတွေကိုသက်ညှာပေးဖို့တောင်းဆိုချင်ပါတယ်"
"ကျုပ်က ကောင်းကင်ကြီးရဲ့အလိုအတိုင်း အမှန်ကိုလုပ်နေတာ အပြစ်မရှိတဲ့လူတွေကိုမသတ်ပါဘူး"
"ဖန်ထုံ"(Pang Tong) သည် ကျေးဇူးတင်ပြီး သူ၏မိသားစုအားကာကွယ်ပေးမည့်အမိန့်တစ်ခုထုတ်ပေးရန်တောင်းဆိုသည်။

"သူတို့တွေ ဘယ်မှာနေလဲ"
"မြစ်ကမ်းနားမှာပဲနေကြပါတယ်"
သို့နှင့် "ချောင်ချောင်း"(Cao Cao) က အမိန့်စာထုတ်စေပြီး ထိုအမိန့်စာကို "ဖန်ထုံ"(Pang Tong) အားပေးလိုက်သည်။ "ဖန်ထုံ"(Pang Tong) မှ
"ကျွန်တော် ဒီကပြန်သွားတာနဲ့ စစ်ချီတက်ဖို့ပြင်ဆင်သင့်တယ်။ ကျိုးယွီ(Zhou Yu) မသိပါစေနဲ့" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) ကလည်း လျှို့ဝှက်ထားပါမည်ဟု ကတိပေးလိုက်သည်။

"ဖန်ထုံ"(Pang Tong) သည် လှေပေါ်သို့ပြန်တက်ရန်အပြုတွင် ဆံပင်တွင်ဝါးဘီးတပ်ထားပြီး တာအိုအင်္ကျီဝတ်ထားသောလူတစ်ယောက်ပေါ်လာပြီး သူ့ကိုတားကာ
"ခင်ဗျားက တော်တော်ရဲရင့်တာပဲ။ ဟွမ်ကိုင်(Huang Gai) က သူ့ကိုယ်သူဒဏ်ရာရအောင်လုပ်ပြီး ခန့်ဇယ်(Kan Ze) ကနေတစ်ဆင့် တောင်ပိုင်းကိုသစ္စာဖောက်ပြီးတော့ ဒီဘက်မှာ အမှုထမ်းမယ်ဆိုပြီးဟန်ဆောင်တယ်။ ခင်ဗျားက သင်္ဘောတွေကိုကြိုးနဲ့ချည်ခိုင်းတာက မီးနဲ့တိုက်ရင် အကုန်လုံးကိုဖျက်စီးနိုင်အောင် မဟုတ်လား။ ဒီအကြံနဲ့ချောင်ချောင်း(Cao Cao) ကိုလိမ်လို့ရချင်ရမယ်၊ ကျုပ်ကိုတော့လိမ်လို့မရဘူး" ဟု ပြောလေသည်။

"ဖန်ထုံ"(Pang Tong) မှာ လန့်သွားလေသည်။

Comments

Popular posts from this blog

Lookism