သုံးနိုင်ငံခေတ်(၄၆)

အခန်း(၄၆) "ကျူးကဲလျန့်"(Zhuge Liang) သည် ဗျူဟာသုံး၍ မြားတို့ကိုချေးငှားခြင်း။ လှည့်စားမှုအတွက် "ဟွမ်ကိုင်"(Huang Gai) သည် အပြစ်ဒဏ်ကိုလက်ခံခြင်း။

"လူဆု"(Lu Su) သည် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားကာ
"အလုပ်တွေများနေတော့ ခင်ဗျားရဲ့ညွှန်ကြားမှုတွေကိုလာမနားထောင်ရတာကြာပြီ" ဟု စကားစသည်။
"ဟုတ်လား။ ဒါနဲ့ ခင်ဗျားတို့ခေါင်းဆောင်ကိုတောင် ဂုဏ်မပြုရသေးဘူး"
"သူ့ကိုဘာအတွက်ကြောင့် ဂုဏ်ပြုရမှာလဲ?"
"သူ ခင်ဗျားကို ဒီလွှတ်လိုက်တာက အဲ့အကြောင်းကို ကျွန်တော်သိမသိ စုံစမ်းခိုင်းတာမဟုတ်လား။ အဲ့အကြောင်းနဲ့ပတ်သတ်ပြီးတော့ ဂုဏ်ပြုစကားပြောတာပေါ့"

ထိုအခါ "လူဆု"(Lu Su) သည် မျက်နှာပျက်သွားကာ
"ခင်ဗျားက ဘယ်လိုသိတာလဲ" ဟု မေးသည်။
"ကျန်ကန့်(Jiang Gan) ကိုအသုံးချပြီး ချောင်ချောင်း(Cao Cao) ကိုလှည့်စားတာ၊ ချောင်ချောင်း(Cao Cao) က နောက်ပိုင်းမှာ ပြန်ဆင်ခြင်မိမှာပဲ။ ဒါပေမယ့် ချောင်ချောင်း(Cao Cao) က သူ့အမှားသူ အသိအမှတ်ပြုမှာတော့မဟုတ်ဘူး။ အခု ရန်သူဘက်ကရေတပ်စစ်သူကြီးနှစ်ယောက်ကိုရှင်းလိုက်ပြီဆိုတော့ တောင်ပိုင်းပြည်နယ်က စိတ်ပူစရာမလိုတော့ဘူး။ ဒါ ဂုဏ်ပြုစရာကိစ္စရပ်ကြီးမဟုတ်ပေဘူးလား? နောက်ပြီး မောင်ကျဲ(Mao Jie) နဲ့ ယွီကျင့်(Yu Jin) တို့က ရေတပ်စစ်သူကြီးဖြစ်လာတယ်ကြားတယ်။ မြောက်ပိုင်းရေတပ်ရဲ့ အကောင်းအဆိုးက သူတို့အပေါ်မူတည်တယ်"
ထိုအခါ "လူဆု"(Lu Su) သည် စကားပြန်မဟနိုင်ပဲဖြစ်သွား၏။ အချိန်အတန်ကြာမှ ဟိုဟိုသည်သည်ပြောပြီးမှ ပြန်ရန်ပြုသည်။ ပြန်မထွက်ခွာမီတွင် "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျုပ် ဒီကိစ္စကို သိတယ်ဆိုတာကို ကျိုးယွီ(Zhou Yu) ကို ပေးမသိနဲ့။ သူသိသွားရင် ကျုပ်ကိုဒုက္ခပေးလိမ့်မယ်" ဟု သတိပေးသည်။
"လူဆု"(Lu Su) ကလည်း "ကျူးကဲလျန့်"(Zhuge Liang) ပြောသည်ကိုပြန်မပြောပါဟု ကတိပြုလိုက်သည်။

သို့သော်လည်း "လူဆု"(Lu Su) သည် "ကျိုးယွီ"(Zhou Yu) ထံသွားကာ ထိုအကြောင်းအချင်းအရာအလုံးစုံတို့ကိုပြောပြလိုက်လေသည်။
"သူ့ကိုရှင်းပစ်မှပဲဖြစ်မယ်။ သူ့ကိုရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ"
"သူ့ကိုသတ်လိုက်ရင် ချောင်ချောင်း(Cao Cao) ရဲ့လှောင်ရယ်စရာမဖြစ်သွားဘူးလား"
"ဘာမှမုန်းတီးမှုမရှိပဲ သူ့သေတွင်းသူ ဖြောင့်ဖြောင့်သွားအောင် နည်းလမ်းတကျနဲ့သတ်မှာပါ"
"ဘယ်လိုနည်းများလဲ"
"သိပ်များများမမေးနဲ့။ မကြာခင်တွေ့ပါလိမ့်မယ်"

ထို့နောက် အမှုထမ်းများကိုစုဝေးစေကာ အစည်းအဝေးပြုသည်။ "ကျူးကဲလျန့်"(Zhuge Liang) ကိုလည်း ဖိတ်ခေါ်စေသည်။ အစည်းအဝေးတွင် "ကျိုးယွီ"(Zhou Yu) မှ ရုတ်တရတ် "ကျူးကဲလျန့်"(Zhuge Liang) အား
"ရန်သူတွေကို ရေပေါ်မှာတိုက်ဖို့ဆိုရင် ဘာလက်နက်ကိုအသုံးချရင် အကောင်းဆုံးလဲ" ဟု မေးသည်။
"မြစ်ထဲမှာတိုက်ရင်တော့ မြားကိုသုံးရင်တော့ အကောင်းဆုံးပဲ"
"ခင်ဗျားအကြံက ကျုပ်တွေးတာနဲ့ တထပ်တည်းပဲ။ ဒါပေမယ့် လက်ရှိမှာ မြားတွေအလုံအလောက်မရှိဘူး။ ဒါကြောင့် ရေကြောင်းတိုက်ပွဲအတွက် မြားအချောင်းတစ်သိန်းထုတ်လုပ်ဖို့ကို ခင်ဗျားတာဝန်ယူပါ။ ဒီတာဝန်ကိုခင်ဗျားမငြင်းပယ်ဘူးလို့ ယုံကြည်ပါတယ်"
"စစ်သူကြီးတာဝန်ပေးတာမှန်သမျှကို ကျွန်တော်ကြိုးစားပြီးလုပ်ဆောင်ပါ့မယ်။ စစ်သူကြီးက ဘယ်နေ့နောက်ဆုံးထားပြီး မြားတွေကိုလိုချင်လည်းမသိဘူး"
"ဆယ်ရက်အတွင်းမှာရအောင်လုပ်ပေးနိုင်မလား"
" ရန်သူတွေက မကြာခင် လာတိုက်တော့မယ်။ ဆယ်ရက်ဆိုမှီမှာမဟုတ်ဘူး"
"ဒါဆို ဘယ်နှရက်အတွင်းမှာပြီးနိုင်မလဲ"
"ကျွန်တော့်ကို သုံးရက်ပဲအချိန်ပေးပါ။ မြားတစ်သိန်းရပါစေ့မယ်"
"ရယ်စရာမပြောနဲ့၊ စစ်ပွဲကာလအတွင်းမှာ ဟာသမပြောသင့်ဘူး"
"ကျွန်တော် စစ်သူကြီးရှေ့မှာ ဟာသပြောရဲပါ့မလား။ ဒီတာဝန်ကို သုံးရက်အတွင်းမှာမလုပ်နိုင်ရင် အပြစ်ဒဏ်ပေးမယ်လို့ အမိန့်ထုတ်ထားလိုက်ပါ"

ထိုအခါ "ကျိုးယွီ"(Zhou Yu) သည် စိတ်အတွင်းတွင် ကျိတ်ပျော်သွားပြီးနောက်
"ဒီတာဝန်ပြီးမြောက်သွားရင်တော့ ခင်ဗျားကိုကောင်းကောင်းဂုဏ်ပြုရမယ်" ဟုပြောလေသည်။
"ဒီနေ့က နောက်ကျနေပြီမို့လို့ထည့်မတွက်ပါနဲ့၊ မနက်ဖြန်ရစရေရင် သုံးရက်မြောက်နေ့မှာ မြားတစ်သိန်းရအောင်လုပ်ပေးပါ့မယ်"
မကြာမီတွင် "ကျူးကဲလျန့်"(Zhuge Liang) သည် နှုတ်ဆက်ကာထွက်သွားသည်။ ထိုအခါ "လူဆု"(Lu Su) က "ကျိုးယွီ"(Zhou Yu) အား
"ဒါ သူတစ်ခုခုလှည့်စားမှုလုပ်တာမဖြစ်နိုင်ဘူးလား" ဟုမေးသည်။
"မဖြစ်နိုင်ပါဘူး။ သူက အခုသူ့ကိုယ်သူသေမိန့်ပေးလိုက်သလိုပဲ။ သူ့ကိုဘာမှတောင်ဖိအားမပေးရသေးပဲနဲ့ သူ့ဟာသူ တရားဝင်အမိန့်ပေးပါလို့ပြောထွက်လာတယ်။  သူ အတောင်ပံရှိရင်တောင် ပြေးမလွတ်ပါဘူး။ အလုပ်သမားတွေကို မြားထုတ်လုပ်တာကို ဖြည်းဖြည်းပဲလုပ်ဖို့ပြောထားလိုက်မယ်။ နောက်ပြီး လိုအပ်တဲ့ပစ္စည်းတွေ မထောက်ပံ့ပေးရင် သူ သုံးရက်အတွင်း ဘယ်လိုမှပြီးနိုင်မှာမဟုတ်ဘူး။ အဲ့အချိန်မှာ သူ့ကိုအပြစ်ဒဏ်ပေးရင် ဘယ်သူက ပြက်ရယ်ပြုနိုင်သေးလဲ? ခင်ဗျား သူ့ကိုစောင့်ကြည့်ပြီးတော့ ကျုပ်ကိုပြန်လာပြောပါ"

ပြီးနောက် "လူဆု"(Lu Su) သည် "ကျူးကဲလျန့်"(Zhuge Liang) ဆီသွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"သူက ကျုပ်ကိုဒုက္ခပေးချင်တာကို ခင်ဗျားသိရက်သားနဲ့ သူ့ကိုသွားပြောပြလိုက်တယ်။ အခုတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျုပ်သုံးရက်အတွင်း မြားအချောင်းတစ်သိန်းရအောင် လုပ်ရတော့မယ်၊ ကျုပ်လုပ်နိုင်မယ်လို့ထင်လား၊ ခင်ဗျား ကျုပ်ကိုကူညီရမယ်" ဟု ပြောသည်။
"ခင်ဗျား ဒုက္ခ ခင်ဗျားရှာတာလေ၊ ခင်ဗျားကိုဘယ်လိုကူညီရမလဲ"
"သင်္ဘောတစ်စီးဆီမှာ လူသုံးဆယ်လောက်ပါတဲ့ သင်္ဘောအစင်းသုံးဆယ်လောက်ငှားပါ။ နောက်ပြီးချည်ထည်တွေနဲ့ ကောက်ရိုးတွေကို လှေပေါ်မှာထားထားပါ၊ ဒါတွေကို ကောင်းကောင်းအသုံးချစရာရှိတယ်။ တတိယမြောက်နေ့မှာ မြားတွေကိုရအောင်လုပ်ပေးပါ့မယ်။ ဒါပေမယ့် ဒီအကြောင်းကို ကျိုးယွီ(Zhou Yu) မသိစေနဲ့"
"လူဆု"(Lu Su) ကလည်း ကတိပေးလိုက်လေသည်။ "ကျိုးယွီ"(Zhou Yu) ထံသို့ပြန်သွားသော်လည်း သင်္ဘောငှားရမ်းသည့်အကြောင်းကိုမပြောပဲ အရိပ်အမြွက်လောက်သာပြောသည်။
"လူဆု"(Lu Su) : "ကျူးကဲလျန့်"(Zhuge Liang) က ငှက်တောင်ပံ၊ ဝါးတွေ၊ ကော်တွေနဲ့ မြားလုပ်မှာမဟုတ်ပဲ တခြားတစ်နည်းနဲ့မြားရအောင်လုပ်လိမ့်မယ်"
ထိုစကားကြောင့် "ကျိုးယွီ"(Zhou Yu) မှာ အတန်ငယ်တွေးကြံမရဖြစ်သွားသော်လည်း ယုံကြည်မှုရှိစွာဖြင့်ပင်
"အချိန်သုံးရက်ပြည့်တဲ့အထိစောင့်သေးတာပေါ့" ဟုပြောသည်။

"လူဆု"(Lu Su) သည် "ကျူးကဲလျန့်"(Zhuge Liang) တောင်းဆိုသည့်အတိုင်းပြင်ဆင်ပြီးနောက် သင်္ဘောတို့ကို "ကျူးကဲလျန့်"(Zhuge Liang) အား လွှဲပေးလိုက်သည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ပထမရက်တွင်လည်း ဘာမျှမလုပ်၊ ဒုတိယရက်တွင်လည်း ဘာမှမလုပ်ပေ။ တတိယရက် နံနက်လေးနာရီအချိန်တွင် "လူဆု"(Lu Su) ထံ စာတစ်စောင်ပို့ကာ လာရောက်ရန်ဖိတ်ခေါ်သည်။
"ခင်ဗျားက ကျွန်တော့်ကို ဘာအကြောင်းရှိလို့များခေါ်ရတာလဲ"
"ခင်ဗျားနဲ့အတူတူ မြားသွားယူမလို့"
"ဘယ်မှာသွားယူမလို့လဲ"
"မမေးနဲ့၊ မကြာခင် သိလိမ့်မယ်"
ထို့နောက် သင်္ဘောအစီးနှစ်ဆယ်တို့ကို ကြိုးရှည်ဖြင့်ချည်နှောင်ပြီးနောက် မြောက်ဘက်ကမ်းစပ်နားသို့သွားသည်။ ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်မှာ မြူတို့ဖုံးအုပ်နေပြီး လူတစ်ယောက်နှင့်တစ်ယောက်ပင် မမြင်ရပေ။ "ကျူးကဲလျန့်"(Zhuge Liang) သည် သင်္ဘောတို့ကို ရှေ့သို့ဆက်သွားစေသည်။

ထိုသင်္ဘောတပ်သည် နံနက်ငါးနာရီအချိန်ဝယ် "ချောင်ချောင်း"(Cao Cao) ၏စခန်းအနီးသို့ရောက်သွားသည်။ ထိုအခါ "ကျူးကဲလျန့်"(Zhuge Liang) သည် သင်္ဘောခေါင်းကိုအနောက်ဘက်သို့လှည့်စေကာ ဗုံတို့ကိုတီးစေပြီး စစ်သားတို့အား အော်စေသည်။ "လူဆု"(Lu Su) မှ
"ရန်သူတွေလာတိုက်ရင် ဘယ်လိုလုပ်မလဲ" ဟုပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) သည် ပြုံးကာ
"ဒီထူထပ်နေတဲ့မြူကြားမှာ သူတို့ရေတပ်တွေထွက်မလာရဲပါဘူး။ အရက်ကိုဆက်သောက်ပြီး ပျော်ပျော်နေစမ်းပါ။ မြူတွေကင်းတဲ့အချိန်မှပြန်ကြတာပေါ့" ဟုပြောသည်။

တစ်ဖက်မှ အော်ဟစ်သံ၊ ဗုံသံတို့ကိုကြားသောအခါ ရေတပ်စစ်သူကြီးနှစ်ဦးဖြစ်သော "မောင်ကျဲ"(Mao Jie) နှင့် "ယွီကျင့်"(Yu Jin) တို့သည် "ချောင်ချောင်း"(Cao Cao) အား သတင်းပို့သည်။ "ချောင်ချောင်း"(Cao Cao) မှ
"သူတို့ ဒီမြူတွေကြားထဲမှာလာတယ်ဆိုတော့ ငါတို့ကို အလစ်တိုက်ဖို့ပြင်ဆင်လာမှာပဲ၊ ဒီတော့ထွက်မတိုက်နဲ့။ မြားတပ်ဖွဲ့ကိုခေါ်ပြီးတော့ ရန်သူတွေကိုလှမ်းပစ်" ဟုပြောသည်။ ထို့နောက် မြားသမားနှင့် ဒူးလေးသမားခြောက်ထောင်တို့အား ရန်သူတို့ကိုပစ်ရန်အမိန့်ပေးလိုက်သည်။ သို့နှင့် မြားမိုးတို့သည် လှေတို့ပေါ်သို့တရစပ်ရွာကျလေသည်။ အချိန်အနည်းငယ်ကြာသော် "ကျူးကဲလျန့်"(Zhuge Liang) သည် သင်္ဘောခေါင်းကိုအရှေ့ဘက်သို့လှည့်စေကာ သင်္ဘောတို့ကို ရန်သူ့အနီးသို့အနည်းငယ်တိုးစေသည်။ သို့မှသာ မြားတို့သည် လှေပေါ်တွင်စိုက်နေမည်ဖြစ်သည်။ ထို့အပြင် ဗုံတို့ကိုလည်း မရပ်မနားတီးနေစေသည်။

မြူတို့ပြိုကွဲစပြုသောအခါတွင် သင်္ဘောတို့ကိုပြန်ဆုတ်ရန်ပြင်သည်။ ဆုတ်ခွာနေသည့်အချိန်တွင် စစ်သားတို့အား
"မြားတွေပေးတဲ့အတွက် ဝန်ကြီးချုပ်ကို ကျေးဇူးတင်ပါတယ်" ဟု အော်ခိုင်းလေသည်။ ထိုအကြောင်းကို "ချောင်ချောင်း"(Cao Cao) သိသောအခါတွင်မူ ရေစီးကြောင်းမှာ ပြောင်းသွားပြီဖြစ်၍ တစ်ဖက်ရန်သူကိုလိုက်ရန် မမှီတော့ပေ။
လမ်းတွင် "ကျူးကဲလျန့်"(Zhuge Liang) မှ "လူဆု"(Lu Su) အား
"သင်္ဘောအစီးတိုင်းမှာ မြားငါးထောင်ခြောက်ထောင်လောက်ရှိမယ်။ ဘာမှခွန်အားအများကြီးသုံးစရာမလိုပဲ ရန်သူဆီက မြားတွေရလိုက်တယ်။ နောက်ရက်မှာ ဒီမြားကိုပဲပြန်သုံးပြီး ချောင်ချောင်း(Cao Cao) ကိုတိုက်ရမယ်" ဟုပြောသည်။
"ခင်ဗျားကတော့ တော်တော်အစွမ်းထက်တဲ့လူပဲ။ ဒါပေမယ့် ခင်ဗျားက ဒီနေ့ မြူတွေအုံ့ဆိုင်းမယ်ဆိုတာဘယ်လိုသိတာလဲ"
"ကောင်းကင်နဲ့မြေကြီးရဲ့နည်းလမ်းတွေကိုမသိပဲနဲ့ လူတစ်ယောက်က ခေါင်းဆောင်ဖြစ်မလာနိုင်ဘူး။ ဓာတ်တွေရဲ့လျှို့ဝှက်ချက်တွေ၊ တစ်ခုနဲ့တစ်ခုအမှီသဟဲပြုမှုတွေ၊ နည်းဗျူဟာတွေရဲ့အံ့မခန်းတွေနဲ့ တပ်ဖွဲ့ရဲ့တန်ဖိုးဆိုတာတွေကိုနားလည်ထားရမယ်။ ဒီအရည်အချင်းတွေက ဘာမှမပြောပလောက်ပါဘူး။ လွန်ခဲ့တဲ့သုံးရက်တုန်းက ဒီနေ့မှာ မြူထူထပ်လိမ့်မယ်လို့ကြိုပြီးတွက်ထားနိုင်ခဲ့တယ်။ ဒါကြောင့် ကျုပ်ကသုံးရက်ပဲအချိန်ယူခဲ့တာ၊ ကျိုးယွီ(Zhou Yu) က ဆယ်ရက်ပေးပေမယ့် အဲ့ဆယ်ရက်အတွင်းမှာ မြားထုတ်လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေရော၊ လူအင်အားရောပေးမှာမဟုတ်ပဲ ကျုပ်ကိုသတ်ဖို့စောင့်နေမှာ သိတာပေါ့။ ဒါပေမယ့် ကျုပ်ရဲ့ကံကြမ္မာက ကောင်းကင်ကြီးနဲ့ဆက်စပ်နေတာ ကျိုးယွီ(Zhou Yu) က ကျုပ်ကို ဘယ်လိုဒုက္ခပေးနိုင်ပါ့မလဲ"

"လူဆု"(Lu Su) မှာ ထိုစကားကိုလက်မခံပဲမနေနိုင်ချေ။ တပ်စခန်းသို့ပြန်ရောက်သောအခါဝယ် မြားတို့ကို စစ်သားတို့အားသယ်စေပြီး "ကျိုးယွီ"(Zhou Yu) ၏ရွက်ဖျင်တဲသို့ပို့စေသည်။ "လူဆု"(Lu Su) သည် "ကျိုးယွီ"(Zhou Yu) ထံသွားကာ "ကျူးကဲလျန့်"(Zhuge Liang) ၏ လုပ်နည်းလုပ်ပုံတို့ကိုပြောပြလေသည်။ "ကျိုးယွီ"(Zhou Yu) မှာ အံ့ဩသွားပြီး သက်ပြင်းချကာ
"သူက ငါ့ထက်တော်တယ်။ သူ့နည်းလမ်းတွေက သာမန်လူနဲ့တောင်မတူတော့ဘူး" ဟုပြောသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် ပြန်ရောက်ပြီး မကြာမီတွင်ပင် "ကျိုးယွီ"(Zhou Yu) နှင့်သွားတွေ့သည်။ "ကျိုးယွီ"(Zhou Yu) မှ
"ခင်ဗျားရဲ့ခန့်မှန်းနိုင်စွမ်းကတော့ အံ့မခန်းပါပဲဗျာ" ဟု ဆိုသည်။
"ဒါ ဘာမှမပြောပလောက်ပါဘူး"
"ကျိုးယွီ"(Zhou Yu) သည် "ကျူးကဲလျန့်"(Zhuge Liang) အား ရွက်ဖျင်တဲအတွင်းသို့ခေါ်သွားပြီး အရက်တိုက်ကာ
"မနေ့က ကျွန်တော့်သခင်ကြီးဆီက စစ်အမြန်ချီတက်ဖို့စာရောက်လာတယ်။ ဒါပေမယ့် ကျွန်တော့်ဆီမှာ ဘယ်လိုတိုက်မယ်ဆိုတာ အစီအစဉ်မရှိသေးဘူး။ ဒါကြောင့် ဆရာကြီးက ကျွန်တော့်ကိုအကြံပေးပါ" ဟုပြောသည်။
"ကျွန်တော့်လိုအရည်အချင်းနည်းတဲ့လူက သခင်ကြီးလိုစီမံကိန်းဘယ်ချနိုင်ပါ့မလဲ"
"ဟိုတလောက ရန်သူရဲ့ရေတပ်စခန်းကိုကြည့်တော့ သူတို့ဖွဲ့စည်းထားတာက ကောင်းမွန်ပြီးစနစ်ကျတယ်။ လွယ်လွယ်နဲ့တိုက်လို့ရမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့်မှာအကြံတစ်ခုတော့ရှိတယ်၊ အဲ့အကြံကအောင်မြင်မလားဆိုတာ မသေချာဘူး။ ဒါကြောင့် ခင်ဗျားက ကျွန်တော့်အစားဆုံးဖြတ်ပေးပါ"
"စစ်သူကြီးက ဘာအကြံရှိတယ်လို့မပြောပါနဲ့။ ကျွန်တော်တို့ကိုယ့်လက်ပေါ်မှာ စာရေးပြီးတော့ ကျွန်တော်တို့တွေးတာတိုက်ဆိုင်မှုရှိလားဆိုတာကြည့်တာပေါ့"

ထိုအခါ စုတ်တံနှင့်မှင်ယူလာစေပြီး "ကျိုးယွီ"(Zhou Yu) သည် သူ့လက်ပေါ်တွင် သူစာရေးသည်။ ထို့နောက် ထိုစုတ်တံကို "ကျူးကဲလျန့်"(Zhuge Liang) ကိုပေးလိုက်ပြီး "ကျူးကဲလျန့်"(Zhuge Liang) သည် ကိုယ့်လက်ပေါ်တွင် ရေးပြန်သည်။ နှစ်ဦးလုံးရေးပြီးနောက်တွင် ရေးထားသောစာကို တစ်ဦးကိုတစ်ဦးပြပြီးနောက်ဝယ် နှစ်ယောက်စလုံးရယ်မောကြသည်။ နှစ်ဦးလုံးရေးသောစာလုံးမှာ မီး - '' ဆိုသောစာလုံးတစ်လုံးတည်းဖြစ်သည်။
"ကျိုးယွီ"(Zhou Yu) သည်
"ကျွန်တော်တို့နှစ်ယောက်လုံးအကြံက အတူတူပဲ၊ ဒါပေမယ့် ဒီအကြံကို တခြားလူတွေသိလို့မဖြစ်ဘူး၊ လျှို့ဝှက်ထားရမယ်"  ဟုပြောသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ
"ကျွန်တော်တို့နှစ်ယောက်လုံးက အမှုထမ်းတွေပဲ။ တခြားလူတွေကိုပြောမှာလည်းမဟုတ်ပါဘူး။ နောက်ပြီး ချောင်ချောင်း(Cao Cao) ကလည်းဒီအတွက် ပြင်ဆင်ထားမှာမဟုတ်ဘူး။ သူ မီးနဲ့တိုက်ခိုက်မှုကိုနှစ်ကြိမ်ခံစားပြီးပေမယ့်လည်း ဒီအကြံအောင်မြင်အောင် တွန်းအားပေးလို့တော့ရပါတယ်" ဟုပြောသည်။
"ကျူးကဲလျန့်"(Zhuge Liang) သည် အရက်သောက်ပြီးနောက်ဝယ် ထွက်သွားသည်။ ထိုအကြံကို မည်သူမျှမသိပေ။

"ချောင်ချောင်း"(Cao Cao) သည် မြားတို့ကို အလဟဿဆုံးရှုံးလိုက်ရသဖြင့် ဒေါသထွက်ကာ လက်စားချေရန် ဆန္ဒရှိသည်။ "ရွှင်ယို"(XunYou) မှ
"ရန်သူဘက်က အကြံပေးနှစ်ယောက်က ကျိုးယွီ(Zhou Yu) နဲ့ ကျူးကဲလျန့်(Zhuge Liang) တို့ပဲ။ သူတို့ကိုယှဉ်နိုင်ဖို့ခက်ခဲတယ်။ သူတို့ဆီမှာ အညံ့ခံတဲ့ပုံစံတဲ့တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ အဲ့လူက ကျွန်တော်တို့အတွက် သူလျှိုဖြစ်ပြီး ကောင်းကောင်းအသုံးချနိုင်တာပေါ့။ သူတို့ဘာလုပ်နေတယ်ဆိုတာသိရင် ကျွန်တော်တို့လည်း ပြင်ဆင်လို့ရတယ်" ဟုပြောသည်။
"ငါလည်း အဲ့လိုပဲတွေးနေတယ်။ ဒါပေမယ့် အဲ့အတွက် ဘယ်သူ့ကိုလွှတ်ရင်ကောင်းမလဲ"
"ချိုက်မောက်(Cai Mao) က သေဒဏ်ပေးတာခံလိုက်ရတယ်၊ ဒါပေမယ့် သူ့နောက်လိုက်တွေ၊ မိသားစုတွေအကုန်လုံးက စစ်တပ်ထဲမှာပဲ။ သူ့ညီနှစ်ယောက်ကလည်း တပ်မှူးနှစ်ယောက်ပဲ။ သူတို့နှစ်ယောက်ကို ကောင်းကောင်းထိန်းချုပ်ပြီးတော့ ရန်သူဘက်ကိုလွှတ်လိုက်ပါ။ တောင်ပိုင်းပြည်နယ်ကလူတွေက ဒါကိုသံသယရှိမှာမဟုတ်ဘူး"

"ချောင်ချောင်း"(Cao Cao) က ၎င်းကိုလက်ခံလိုက်ပြီး ညနေဘက်တွင် "ချိုက်ကျုံး"(Cai Zhong) နှင့် "ချိုက်ဟဲ"(Cai He) တို့ကိုဆင့်ခေါ်ပြီးနောက်
"ငါ မင်းတို့ကိုတောင်ပိုင်းပြည်နယ်တပ်ဖွဲ့ဆီလွှတ်ပြီး ဟန်ဆောင်လက်နက်ချစေချင်တယ်။ ပြီးရင် ဟိုဘက်က သတင်းအချက်အလက်တွေကိုပြန်ပို့ပေးပါ။ တာဝန်ကိုကောင်းကောင်းထမ်းဆောင်နိုင်ရင် ဆုလာဘ်ကောင်းကောင်းပေးမယ်။ သစ္စာဖောက်ဖို့တော့ စိတ်မကူးပါနဲ့" ဟုပြောသည်။
"ကျွန်တော်တို့မိသားစုတွေက ကျင်ကျိုးမှာ၊ ကျင်ကျိုးက ဝန်ကြီးချုပ်လက်အောက်မှာရှိတာ ကျွန်တော်တို့ဘယ်သစ္စာဖောက်ရဲပါ့မလဲ? သံသယမရှိပါနဲ့။ ကျွန်တော်တို့မကြာခင်မှာ ကျိုးယွီ(Zhou Yu) နဲ့ ကျူးကဲလျန့်(Zhuge Liang) တို့ရဲ့ခေါင်းကိုဆက်သပေးပါ့မယ်"
ထိုသူနှစ်ယောက်ကို ဆုလာဘ်များပေးပြီးနောက် စစ်သားငါးရာစီနှင့် တောင်ဘက်ကမ်းဆီသို့သွားစေသည်။

ထိုအချိန်တွင် "ကျိုးယွီ"(Zhou Yu) သည် စစ်တိုက်ရန်ပြင်ဆင်နေရာ မြောက်ဘက်မှစစ်သူကြီးနှစ်ဦးရောက်လာသည့်အကြောင်းကြားလျှင် သွားတွေ့သည်။ ထိုညီအစ်ကိုနှစ်ဦးတို့သည်
"ကျွန်တော်တို့အစ်ကိုကြီးဟာ သေဒဏ်ပေးခံလိုက်ရတယ်။ ကျွန်တော်တို့က သူ့အတွက် လက်စားချေဖို့ဆန္ဒရှိတဲ့အတွက် စစ်သူကြီးဆီလာပြီး သစ္စာခံတာပါ။ ကျွန်တော်တို့နှစ်ယောက်ကို ရှေ့ပြေးတပ်အဖြစ်တာဝန်ပေးပါ" ဟုပြောသည်။
"ကျိုးယွီ"(Zhou Yu) သည် အင်မတန်ဝမ်းမြောက်သည့်ဟန်ဖြင့် ထိုသူနှစ်ဦးအား ကြိုဆိုကာ "ကန်းနင်"(Gan Ning) ၏ရှေ့ပြေးတပ်နှင့်အတူ ထားစေသည်။ ထိုညီအစ်ကိုနှစ်ဦးတို့ကလည်း သူတို့အကြံအောင်ပြီဟုတွေးကာ ပျော်နေသည်။

သို့သော် "ကျိုးယွီ"(Zhou Yu) က "ကန်းနင်"(Gan Ning) အား
"သူတို့တွေက သူတို့မိသားစုမပါပဲ ဒီကိုရောက်လာတယ်။ ဒီတော့ ဒါက ဟန်ဆောင်ပြီးရောက်လာတာပဲဖြစ်မှာ။ သူတို့ရဲ့လှည့်စားမှုကိုလှည့်စားမှုနဲ့ရင်ဆိုင်ရမယ်။ တခြားတစ်ဖက်ကို သတင်းပို့ဖို့မှာ သူတို့ကိုအသုံးချရမယ်။ ဒါကြောင့် သူတို့နှစ်ယောက်ကိုကောင်းကောင်းဆက်ဆံပါ။ ဒါပေမယ့် သတိတော့ထားပါ။ စစ်ထွက်တဲ့အခါမှာတော့ သူတို့နှစ်ယောက်ကို အလံမှာချိတ်ထားရမယ်။ ဘာအမှားမှမပါဖို့ သတိထားပါ" ဟု တိတ်တဆိတ်အမိန့်ပေးထားသည်။
ထို့နောက် "လူဆု"(Lu Su) ရောက်လာပြီးနောက် "ကျိုးယွီ"(Zhou Yu) အား
"ချိုက်ကျုံး(Cai Zhong) နဲ့ ချိုက်ဟဲ(Cai He) တို့လက်နက်ချတာက လှည့်စားမှုတစ်ခုလို့အကုန်လုံးကတွေးကြတယ်။ ဒါကြောင့် သူတို့ကိုလက်မခံသင့်ဘူး" ဟုပြောသည်။
"သူတို့က သူတို့အစ်ကိုအတွက် လက်စားချေချင်တာလေ။ ဟန်ဆောင်တာမဖြစ်နိုင်ဘူး။ ခင်ဗျားသံသယရှိနေရင် ဘယ်သူ့ကိုမှ လက်ခံနိုင်မှာမဟုတ်ဘူး"

"လူဆု"(Lu Su) မှာ စိတ်ပျက်သွားပြီး ထိုအကြောင်းကို "ကျုးကဲလျန့်"(Zhuge Liang) အား သွားပြောလျှင် "ကျူးကဲလျန့်"(Zhuge Liang) မှာ ပြုံးနေသည်။
"ခင်ဗျားက ဘာလို့ရယ်တာလဲ"
"ခင်ဗျားရဲ့ရိုးသားမှုကိုရယ်တာပါ။ စစ်သူကြီးက လူတွေကို ကစားနေတာ။ သူလျှိုတွေက ဒီလိုလွယ်လွယ်နဲ့သွားချင်တိုင်းသွား၊ လာချင်တိုင်းလာလို့မရဘူးလေ။ စစ်သူကြီးက လှည့်စားမှုကို လှည့်စားမှုနဲ့တိုက်ခိုက်မလို့။ သူက သူလျှိုတွေကို သတင်းအမှားပေးမလို့လေ။ စစ်ပွဲမှာ လှည့်စားမှုဆိုတာကိုသုံးရမှာပဲ။ နောက်ပြီး သူ့ရဲ့အကြံက သင့်တော်တဲ့အကြံပဲ"
ထိုအခါ "လူဆု"(Lu Su) သည် သဘောပေါက်သွားလေသည်။

ထိုညတွင် "ဟွမ်ကိုင်"(Huang Gai) က "ကျိုးယွီ"(Zhou Yu) နှင့် တိတ်တဆိတ်လာတွေ့သည်။ "ကျိုးယွီ"(Zhou Yu) မှ
"စစ်သူကြီးက ဒီအချိန်လာတယ်ဆိုတော့ အကြံအစည်ကောင်းတစ်ခုရှိလို့ပဲနေမယ်" ဟု ပြောသည်။
"ရန်သူတွေက ကျွန်တော်တို့ထက် အင်အားများတာ။ သူတို့ကိုမီးနဲ့တိုက်လိုက်ပါလား"
"ဒီအကြံကို ခင်ဗျားကိုဘယ်သူပြောတာလဲ"
"ဘယ်သူမှမပြောပါဘူး၊ ကျွန်တော်ကိုယ့်ဟာကိုယ်တွေးမိတာပါ"
"ကျွန်တော်လည်း အဲ့လိုမျိုးလုပ်ဖို့တွေးနေတာ၊ ဒါကြောင့် ဟိုဟောင်ဆောင်ပြီးအညံ့ခံတဲ့လူတွေကို ထားထားတာ၊ သူတို့ကို သတင်းအမှားပေးချင်လို့။ နှမြောစရာက ကျွန်တော့်ဘက်ကနေပြီး တခြားဘက်ကိုသွားပြီး သူလျှိုလုပ်ပေးမယ့်သူမရှိဘူး"
"အဲ့တာဝန်ကို ကျွန်တော်ထမ်းဆောင်ပါ့မယ်"
"ဒါပေမယ့် ဒဏ်ရာတွေဘာတွေမရှိရင် တစ်ဖက်ရန်သူက ယုံမှာမဟုတ်ဘူး"
"စွန်းမိသားစုက ကျွန်တော့်အပေါ်ကောင်းခဲ့တာ။ အဲ့စေတနာကိုပြန်ပေးဆပ်ဖို့ဆိုရင် သေသွားလည်း မနှမြောပါဘူး"
"ကျိုးယွီ"(Zhou Yu) သည် အရိုအသေပြုကာ ကျေးဇူးတင်ပြီး
"ခင်ဗျားသာ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်ရတာကို ခွင့်ပြုနိုင်တယ်ဆိုရင် တောင်ပိုင်းပြည်နယ်က ခင်ဗျားရဲ့ပေးဆပ်မှုအတွက် ကျေးဇူးတင်နေမှာပါ" ဟုပြောသည်။
"ကျုပ်ကိုသတ်လိုက်ရင်တောင် ကိစ္စမရှိဘူး"

နောက်ရက်တွင် ဗုံတီးကာအချက်ပေးပြီး အမှုထမ်းတို့ကို စစ်သူကြီး၏ရွက်ဖျင်တဲတွင် စုဝေးစေသည်။ "ကျူးကဲလျန့်"(Zhuge Liang) လည်း အခြားသောသူတို့နှင့် ရောက်လာသည်။ "ကျိုးယွီ"(Zhou Yu) မှ
"ရန်သူရဲ့စခန်းတွေက မိုင်တစ်ရာလောက်ရှည်လျားတဲ့အတွက် ဒီစစ်ပွဲက တော်တော်ကြာမယ့်စစ်ပွဲပဲဖြစ်တယ်။ ဒါကြောင့် ခေါင်းဆောင်တိုင်းက သုံးလစာ စားနပ်ရိက္ခာကို ပြင်ဆင်ထားရမယ်" ဟု ပြောသည်။ ထိုအချိန်တွင် "ဟွမ်ကိုင်"(Huang Gai) က ရုတ်တရတ်ထပြီး
"သုံးလမပြောနဲ့။ လပေါင်းသုံးဆယ်ဆိုရင်တောင် စစ်ပွဲပြီးဦးမှာမဟုတ်သေးဘူး။ ခင်ဗျား ရန်သူတွေကို ဒီလချေမှုန်းနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် မလုပ်နိုင်ရင်တော့ ကျန်းကျောက်(Zhang Zhao) ပြောသလိုပဲ လက်နက်ချတာမှကောင်းဦးမယ်" ဟု ပြောသည်။

ထိုအခါ "ကျိုးယွီ"(Zhou Yu) သည် ဒေါသထွက်ပြီး
"ကျုပ်တို့သခင်ကြီးက ချောင်ချောင်း(Cao Cao) ကို ချေမှုန်းဖို့ အမိန့်ပေးထားပြီး လက်နက်ချတဲ့အကြောင်းပြောတဲ့သူမှန်သမျှကို သေဒဏ်ပေးမယ်လို့ ဆိုထားပြီးပြီ။ အခု ရန်သူနဲ့ ရင်ဆိုင်ရမယ့်အချိန်မှာ ခင်ဗျားက ဒီလိုပြောတယ်! ခင်ဗျားကိုမသတ်ရင် တခြားလူတွေကိုဘယ်လိုဦးဆောင်နိုင်မလဲ" ဟုဆိုပြီး အာဏာပါးကွက်သားတို့ကိုခေါ်ကာ သေဒဏ်ပေးရန်ပြုသည်။ "ဟွမ်ကိုင်"(Huang Gai) ကလည်း
"ကျုပ်အမှုထမ်းလာတာ မျိုးဆက်သုံးဆက်ရှိပြီ။ ကျုပ် စစ်သူကြီး စွန်းကျန့်(Sun Jian) နဲ့အရှေ့တောင်ဘက်မှာ လှည့်လှည်တဲ့အချိန်က ခင်ဗျားတောင် ဘယ်ရောက်နေမှန်းမသိဘူး" ဟုပြောသည်။
"ကျိုးယွီ"(Zhou Yu) မှာ အင်မတန်ဒေါသထွက်ပြီး သေဒဏ်ချက်ချင်းပေးရန်အမိန့်ချသည်။ ထိုအခါ "ကန်းနင်"(Gan Ning) မှ
"သူက တောင်ဘက်ပြည်နယ်က ဝါရင့်စစ်သူကြီးပါ။ သူ့အပြစ်ကို လျှော့ပေါ့ပေးလိုက်ပါ" ဟု အသနားခံသည်။ "ကျိုးယွီ"(Zhou Yu) က
"ခင်ဗျားက ဘာဝင်ပြောတာလဲ။ တာဝန်အရလုပ်တာကို ဖီဆန်ရဲသလား" ဟု ဆိုပြီး "ကန်းနင်"(Gan Ning) အား ကြိမ်ဒဏ်ပေးစေသည်။

ထိုအခါ အခြားသောအမှုထမ်းတို့ကလည်း ဒူးထောက်ကာ "ဟွမ်ကိုင်"(Huang Gai) အတွက် အသနားခံသည်။
"သူ့ကိုသေဒဏ်ပေးသင့်ပေမယ့် အဲ့လိုလုပ်လိုက်ရင် စစ်တပ်ကြီးအတွက်ဆုံးရှုံးမှုဖြစ်သွားလိမ့်မယ်။ သူ့ကိုလက်ရှိမှာတော့ အပြစ်မပေးပဲနဲ့ ရန်သူနဲ့တိုက်ပြီးမှ အပြစ်ပေးပါ"
သို့သော်လည်း "ကျိုးယွီ"(Zhou Yu) ကလက်မခံသဖြင့် အမှုထမ်းတို့က မျက်ရည်ကျကာ ငိုယိုကြသည်။
အချိန်အတန်ကြာသောအခါတွင်မှ "ကျိုးယွီ"(Zhou Yu) က
"ခင်ဗျားတို့ဝင်မတားရင်တော့ သူ့ကိုသေဒဏ်ပေးမှာပဲ။ ဒါပေမယ့် သူ့အပြစ်ဒဏ်ကိုလျှော့ပေါ့ပြီး ကြိမ်ဒဏ်ပဲပေးတော့မယ်။ သူ့ကိုမသေစေနဲ့" ဟုပြောပြီး ကြိမ်ဒဏ်အချက်တစ်ရာပေးရန် အမိန့်ပေးလိုက်သည်။
အမှုထမ်းတို့က ကြိမ်ဒဏ်ကိုထပ်ပြီးလျှော့ပေါ့ရန် တောင်းဆိုပြန်ရာ "ကျိုးယွီ"(Zhou Yu) သည် ဒေါသဖြင့် ရှေ့တွင်ရှိသောစားပွဲကိုတွန်းလှန်လိုက်ပြီး ထပ်ပြီးအသနားမခံရန် အော်ပြောလေသည်။

"ဟွမ်ကိုင်"(Huang Gai) ကို အဝတ်ချွတ်စေကာ မြေကြီးပေါ်သို့တွန်းချလိုက်ပြီး ကြိမ်ဒဏ်ပေးလေသည်။ ကြိမ်ဒဏ်အချက်ငါးဆယ်အရောက်ဝယ် အမှုထမ်းတို့က ဆက်ပြီး ဒဏ်မပေးရန် တောင်းဆိုကြပြန်သည်။ ထိုအခါ "ကျိုးယွီ"(Zhou Yu) မှာ ထိုင်ခုံပေါ်မှထပြီး "ဟွမ်ကိုင်"(Huang Gai) အား လက်ညှိုးငေါက်ငေါက်ထိုးကာ
"ခင်ဗျား နောက်ထပ်အမိန့်ကို မနာခံရင် ဒီကျန်တဲ့ကြိမ်ဒဏ်အချက်ငါးဆယ်ထပ်ပေးမယ်။ မရိုမသေပြုမူရင်လည်း အပြစ်နှစ်ခုလုံးအတွက် ပေါင်းပြီး ဒဏ်ပေးမယ်" ဟုပြောပြီးနောက် ရွက်ဖျင်တဲအတွင်းသို့ စိတ်ဆိုးမာန်ဆိုးဖြင့်ဝင်သွားသည်။

အမှုထမ်းတို့ကလည်း "ဟွမ်ကိုင်"(Huang Gai) ကိုဝိုင်းပြီးထူပေးကြသည်။ "ဟွမ်ကိုင်"(Huang Gai) ၏ကျောပြင်တွင် ဒဏ်ရာများရနေပြီး သွေးတို့ခြင်းခြင်းနီနေသည်။ "ဟွမ်ကိုင်"(Huang Gai) ၏ပုံစံမှာ သနားစရာပင်ကောင်းနေသည်။ "လူဆု"(Lu Su) သည် "ဟွမ်ကိုင်"(Huang Gai) ၏အခြေအနေကို သွားကြည့်ပြီးနောက်ဝယ် "ကျူးကဲလျန့်"(Zhuge Liang) ထံသွားသည်။ "လူဆု"(Lu Su) မှ
"တခြားအမှုထမ်းတွေက ဘာမှမပြောရဲပေမယ့် ခင်ဗျားက ဧည့်သည်ပဲလေ။ ဘာကြောင့် ဘာမှဝင်မပြောရတာလဲ" ဟုမေးသည်။"ကျူးကဲလျန့်"(Zhuge Liang) သည် ပြုံးပြီး
"ဒါ ကျုပ်ကိုသက်သက်စော်ကားတာပဲ" ဟုပြောသည်။
"ဘာလို့ဒီလိုပြောရတာလဲ။ ခင်ဗျား ဒီရောက်လာကတည်းက ကျွန်တော် ခင်ဗျားကို မစော်ကားခဲ့ပါဘူး"
"အဲ့ကြိမ်ဒဏ်ပေးတာက လှည့်စားမှုအတွက်ဆိုတာ မသိဘူးလား။ ဘာလို့ ကျိုးယွီ(Zhou Yu) ကိုမလုပ်နဲ့လို့ဝင်တားရမှာလဲ"

ထိုအခါ "လူဆု"(Lu Su) ကသဘောပေါက်သွားသည်။ "ကျူးကဲလျန့်"(Zhuge Liang) မှ ဆက်ပြီး
"ဒဏ်ရာမရပဲနဲ့သူ့ဘက်ကိုရောက်လာရင် ချောင်ချောင်း(Cao Cao) က ယုံမှာမဟုတ်ဘူး။ ဒါကြောင့် ကျိုးယွီ(Zhou Yu) က ဟွမ်ကိုင်(Huang Gai) ကို သစ္စာဖောက်အနေနဲ့ ချောင်ချောင်း(Cao Cao) ဘက်ကိုပို့လိမ့်မယ်။ ချောင်ချောင်း(Cao Cao) ရဲ့သူလျှိုတွေရဲ့သတင်းအမှားကို အသုံးချပြီးတော့ပေါ့။ ဒါပေမယ့် သူ့အကြံကိုကျုပ်သိတယ်ဆိုတာကို သူ့ကိုပေးမသိပါနဲ့။ သူမေးရင် ကျုပ်လည်း တခြားအမှုထမ်းတွေလိုပဲ စိတ်ဆိုးနေတယ်လို့ ပြောလိုက်ပါ" ဟုပြောသည်။

သို့နှင့် "လူဆု"(Lu Su) သည် "ကျိုးယွီ"(Zhou Yu) အား သွားတွေ့ပြီး
"စစ်သူကြီးက သစ္စာရှိအမှုထမ်းကိုဘာလို့ အပြစ်ပေးရတာလဲ" ဟုမေးသည်။
"တခြားအမှုထမ်းတွေက ဒါနဲ့ပတ်သတ်ပြီး မုန်းတီးနေကြလား"
"သူတို့တွေအကုန်လုံး စိတ်ပျက်နေကြတယ်"
"ခင်ဗျားရဲ့မိတ်ဆွေရော ဘယ်လိုမြင်လဲ"
"ကျူးကဲလျန့်(Zhuge Liang) လည်း စိတ်ထဲမှာစိတ်တိုနေပြီး ခင်ဗျားအမှားလုပ်မိတယ်လို့ထင်နေတယ်"
"ဒီတစ်ကြိမ်တော့ သူ့ကိုလိမ်နိုင်ခဲ့ပြီ"
"ဘာကိုပြောတာလဲ"
"ဟွမ်ကိုင်(Huang Gai) ကြိမ်ဒဏ်ပေးခံရတာက ကျုပ်ရဲ့လှည့်စားမှုတစ်ရပ်ပဲ။ သူ့ကို ချောင်ချောင်း(Cao Cao) ဆီ သစ္စာဖောက်အနေနဲ့ပို့ဖို့အကြောင်းအရင်းရှာတာ။ ပြီးရင် ရန်သူကို မီးနဲ့တိုက်မလို့"
"လူဆု"(Lu Su) သည် မည်သို့မျှပြန်မပြောသော်လည်း စိတ်အတွင်းတွင်မူ "ကျူးကဲလျန့်"(Zhuge Liang) ပြောသည်မှာ မှန်သွားပြန်ကြောင်း တွေးမိလေသည်။

ထိုအချိန်တွင် "ဟွမ်ကိုင်"(Huang Gai) သည် သူ၏ရွက်ဖျင်တဲအတွင်းတွင်လှဲနေသည်။ အခြားသောသူတို့က လာရောက်ကာ ဖျောင်းဖျပြီး ကျန်းမာရေးအခြေအနေကိုမေးကြသော်လည်း "ဟွမ်ကိုင်"(Huang Gai) က မည်သို့မျှပြန်မဖြေပေ။ အိပ်ယာထဲတွင် လှဲနေပြီး သက်ပြင်းသာချနေသည်။
အကြံပေး "ခန့်ဇယ်"(Kan Ze) ရောက်လာသောအချိန်တွင်မူ အစေခံများကိုအပြင်သို့ထွက်သွားစေသည်။ "ခန့်ဇယ်"(Kan Ze) မှ
"ခင်ဗျား စစ်သူကြီးနဲ့ အကြီးအကျယ်ရန်ဖြစ်ထားလို့လား" ဟုမေးသည်။
"မဖြစ်ပါဘူး"
"ဒါဆို ဒီလိုကြိမ်ဒဏ်ပေးခံတာက လှည့်စားမှုအတွက်လား"
"ခင်ဗျား ဘယ်လိုခန့်မှန်းလိုက်တာလဲ"
"စစ်သူကြီးကိုကြည့်ပြီး အဖြစ်မှန်ရဲ့ဆယ်ပုံကိုးပုံလောက်ကိုခန့်မှန်းနိုင်လိုက်တာ"
"ကျုပ်ကို စွန်းမိသားစုက ကောင်းကောင်းဆက်ဆံခဲ့တာ။ ဒါကိုပြန်ပေးဆပ်ဖို့အတွက် ဒီလှည့်ကွက်မှာ ပါဝင်ဖို့လုပ်ခဲ့တာ။ ကျုပ် ဒဏ်ရာရပေမယ့်နောင်တတော့မရဘူး။ စစ်တပ်ထဲက ကျုပ်သိတဲ့လူတွေထဲမှာ ခင်ဗျားက အရင်းနှီးဆုံးပဲ။ ဒါကြောင့် ခင်ဗျားကို သူငယ်ချင်းအနေနဲ့ပြောလို့ရတယ်"
"ခင်ဗျားက ကျုပ်ကနေတဆင့် ချောင်ချောင်း(Cao Cao) ဆီကို အညံ့ခံတဲ့စာပို့မလို့လား"
"ဟုတ်တယ်၊ ခင်ဗျား ကူညီပေးနိုင်မလား"

"ခန့်ဇယ်"(Kan Ze) ကလည်း ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်သည်။

Comments

Popular posts from this blog

Lookism