သုံးနိုင်ငံခေတ်(၄၈)

အခန်း(၄၈) ရန်စီမြစ်ကမ်းစားသောက်ပွဲဝယ် "ချောင်ချောင်း"(Cao Cao) သီချင်းဆိုခြင်း။ မြောက်ပိုင်းစစ်တပ်တို့သည် သင်္ဘောတို့ကိုကြိုးဖြင့်ချီကာ စစ်ချီတက်ခြင်း။

ရှေ့အခန်းတွင် "ဖန်ထုံ"(Pang Tong) ကို လူတစ်ဦးမှ လှမ်းတားလိုက်သည့်အကြောင်းကိုဖော်ပြခဲ့ပြီးဖြစ်သည်။ "ဖန်ထုံ"(Pang Tong) မှလှည့်ကြည့်လိုက်ရာ ထိုသူမှာ သူ့သူငယ်ချင်းဖြစ်သူ "ရွှီရှူ"(Xu Shu) ဖြစ်နေ၍ စိတ်ပူပန်မှုလျော့သွားသည်။ ဘေးဘီဝဲယာတွင် မည်သူမှမရှိမှန်းသိသောအခါ "ဖန်ထုံ"(Pang Tong) မှ
"ကျုပ်အစီအစဉ်ကို ခင်ဗျားဝင်နှောက်ယှက်ရင်တော့ နှမြောစရာပဲ။ တောင်ပိုင်းမြို့နယ်ကိုးဆယ့်တစ်ခုက လူတွေရဲ့အသက်က ခင်ဗျားလက်ထဲမှာရှိတယ်" ဟုပြောသည်။ "ရွှီရှူ"(Xu Shu) မှ ပြုံးကာ
"ဒါဆို မြောက်ပိုင်းက စစ်သားရှစ်သိန်းသုံးသောင်းနဲ့မြင်းတွေရဲ့ကံကြမ္မာကျတော့ကော?" ဟုမေးသည်။
"ခင်ဗျားက ကျုပ်အကြံကိုဖျက်မလို့လား"
"ဦးရီးတော် လျူဘေ့(Liu Bei) က ကျုပ်အပေါ်ထားခဲ့တဲ့ ကျေးဇူးတရားကိုရော၊ ကျုပ်အမေကိုသေစေခဲ့တဲ့ ချောင်ချောင်း(Cao Cao) ကိုလက်စားချေမယ်ဆိုတာကိုရော မမေ့ပါဘူး။ နောက်ပြီး ချောင်ချောင်း(Cao Cao) ကို အကြံဉာဏ်တွေမပေးဘူးလို့ပြောခဲ့ပြီးပြီပဲ။ ဒါကြောင့် ခင်ဗျားရဲ့အကြံကိုဖျက်ပါဦးပါ့မလား? ဒါပေမယ့် ကျုပ်က ချောင်ချောင်း(Cao Cao) စစ်တပ်နဲ့အတူလိုက်ပါလာတာ၊ သူတို့သာ ဒုက္ခရောက်ရင် ကျုပ်လည်း ဒီအကြပ်အတည်းက ဘယ်လွတ်နိုင်ပါ့မလဲ။ ခင်ဗျားသာ ကျုပ်လုံလုံခြုံခြုံနဲ့လွတ်မြောက်နိုင်မယ့်နည်းလမ်းကိုပြောပြနိုင်ရင် ကျုပ်ပါးစပ်ကိုပိတ်ပြီးထွက်သွားပါ့မယ်"
"ခင်ဗျားက ဒီလောက်ထက်မြက်တာ၊ အလွယ်တကူနဲ့လွတ်နိုင်ပါတယ်"
"ဒါပေမယ့်လည်း ခင်ဗျားအကြံကိုနားထောင်ချင်သေးတယ်"

ထိုအခါ "ဖန်ထုံ"(Pang Tong) က "ရွှီရှူ"(Xu Shu) နားကပ်ကာ တီးတိုးပြောသည်။ "ရွှီရှူ"(Xu Shu) မှာလည်း ကျေနပ်သွားသည့်ဟန်ဖြင့် "ဖန်ထုံ"(Pang Tong) အား ကျေးဇူးတင်ပြီးပြန်ထွက်သွားသည်။ "ဖန်ထုံ"(Pang Tong) သည်လည်း တောင်ပိုင်းဆိပ်ကမ်းသို့ပြန်သွားသည်။
သူငယ်ချင်းဖြစ်သူပြန်သွားသည်နှင့် "ရွှီရှူ"(Xu Shu) သည်လည်း တပ်စခန်းအတွင်းတွင် ကောလာဟလများဖြန့်လေသည်။ စစ်သားတို့သည် ထိုကောလာဟာလတို့ကို အချင်းချင်း တီးတိုးပြောနေကြသည်။
အချို့သော စစ်သူကြီးတို့သည် "ချောင်ချောင်း"(Cao Cao) ဆီသွားကာ
"တပ်စခန်းထဲမှာ ဟန်ဆွေ(Han Sui) နဲ့ မာထန်(Ma Teng) တို့က ရှီလျန်ကနေ မြို့တော်ကိုတိုက်ဖို့ချီတက်လာပြီဆိုပြီး ကောလာဟလတွေ ပြန့်နေတယ်" ဟုပြောသည်။

"ချောင်ချောင်း"(Cao Cao) သည် အမှုထမ်းတို့ကိုခေါ်ကာ တိုင်ပင်လေသည်။
"စစ်စခန်းထဲမှာ ဟန်ဆွေ(Han Sui) နဲ့ မာထန်(Ma Teng) တို့က စစ်ချီတက်လာမယ်ဆိုတဲ့သတင်းတွေပြန့်နေတယ်။ အဲ့သတင်းက အမှန်လားအမှားလား မသိဘူး၊ ဒါကြောင့် သတိထားရမယ်"
ထိုအခါ "ရွှီရှူ"(Xu Shu) မှ
"ဝန်ကြီးချုပ်က ကျွန်တော့်ကိုသဘောထားကြီးကြီးနဲ့ ရာထူးနေရာပေးထားတာ ကျွန်တော် ဘာမှမလုပ်နိုင်သေးဘူး။ ကျွန်တော့်ကို စစ်သားသုံးထောင်သာပေးရင် ချက်ချင်း စန်းခံတပ်ကိုချီတက်ပြီးတော့ ကာကွယ်ပါ့မယ်။ ကိစ္စထွေထွေထူးထူးရှိရင် သတင်းပို့ပါ့မယ်" ဟုပြောသည်။
"ခင်ဗျားသာ သွားရင်တော့ ကျုပ်လည်း စိတ်အေးနိုင်တာပေါ့။ ခံတပ်မှာ စစ်သားတွေ ရှိပြီးသားပါ။ အဲ့စစ်သားတွေကို ခင်ဗျားစိတ်တိုင်းကျစီမံပါ။ ဒါ့အပြင် စစ်သားသုံးထောင်ရယ်၊ ရှေ့ပြေးတပ်အဖြစ် ကျန်းပါ(Zhang Ba) ကိုချက်ချင်းလွှတ်လိုက်မယ်"
သို့နှင့် "ရွှီရှူ"(Xu Shu) သည်လည်း "ကျန်းပါ"(Zang Ba) နှင့်အတူထွက်သွားသည်။ ၎င်းမှာ "ဖန်ထုံ"(Pang Tong) ၏အကြံပင်ဖြစ်သည်။
ထိုအခါမှ "ချောင်ချောင်း"(Cao Cao) လည်း စိတ်အေးသွားပြီး သူ၏စစ်တပ်တို့ကိုလှည့်လှည်ကြည့်ရှုလေသည်။ ကြည်းတပ်တို့ကိုကြည့်ပြီးနောက် ရေတပ်ကိုသွားသည်။ ရေတပ်ဖွဲ့သည် နှစ်တန်းခွဲကာ စခန်းချထားပြီး သင်္ဘောတိုင်းပေါ်တွင် မြားနှင့်ဒူးလေးသမား တစ်ထောင်စီရှိသည်။

ကျန်းအန်းနှစ် တစ်ဆယ့်သုံးနှစ်မြောက် (အေဒီ ၂၀၈) ၁၁ လပိုင်း၏ တစ်ခုသောလပြည့်ညဝယ် "ချောင်ချောင်း"(Cao Cao) သည် သူ့လက်အောက်ရှိခေါင်းဆောင်တို့ကိုဖိတ်ကာ စားသောက်ပွဲကျင်းပသည်။ စားသောက်ပွဲကျင်းပသောနေရာမှာ အင်မတန်လှပသည်။ တောင်ဘက်ရှိတောင်ကုန်းတို့သည် နောက်ခံပန်းချီကားချပ်သဖွယ်ရှိနေသည်။ အရှေ့ဘက်တွင် ချိုင်စန်းနယ်နိမိတ်ကိုလှမ်းမြင်ရပြီး မြစ်မှတစ်ဆင့် မြောက်ဘက်သို့မျှော်ကြည့်လိုက်လျှင် ရှခိုကိုမြင်ရသည်။ တောင်ဘက်တွင် ဖန်တောင်ကုန်းရှိပြီး အနောက်ဘက်တွင် သစ်တောနက်ရှိလေသည်။

"ချောင်ချောင်း"(Cao Cao) မှ
"ကျုပ် စစ်တပ်ကိုစပြီးဦးဆောင်ကတည်းက တစ်ခုတည်းသောရည်ရွယ်ချက်က တိုင်းပြည်ကြီးက သူပုန်တွေကိုရှင်းထုတ်ဖို့ပဲ။ ပြီးရင် တိုင်းပြည်ကို ငြိမ်းချမ်းစေမယ်လို့ သန္နိဠာန်ချထားခဲ့တယ်။ အခုတော့ ကျုပ်ကိုဆန့်ကျင်တာ တောင်ပိုင်းပြည်နယ်ပဲကျန်တယ်၊ ကျုပ်ကလည်း ပြည်နယ်ပေါင်းတစ်ရာရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီ။ ခင်ဗျားတို့ကိုအားကိုးပြီး ကျုပ်အောင်မြင်နိုင်မယ်လို့မုချယုံတယ်။ တောင်ပိုင်းကိုသိမ်းပြီးရင် တိုင်းပြည်မှာ ပြဿနာတွေမရှိတော့တဲ့အတွက် ရာထူးတွေ၊ဓနတွေကိုအတူမျှဝေပြီး ခံစားကြမယ်" ဟု ပြောသည်။
အကုန်လုံးကလည်း မတ်တပ်ရပ်ကာ
"မကြာခင်မှာ စစ်ပွဲအနိုင်ရမယ်လို့မျှော်လင့်ပြီး ဝန်ကြီးချုပ်ရဲ့ကံကောင်းမှုအရိပ်အောက်မှာနေနိုင်မယ်လို့မျှော်လင့်ပါတယ်" ဟုပြောသည်။ "ချောင်ချောင်း"(Cao Cao) သည် အစေခံတို့အား အရက်ထပ်ယူလာစေကာ ညဥ့်နက်သည်အထိသောက်စားကြသည်။

"ချောင်ချောင်း"(Cao Cao) သည် တောင်ဘက်ကိုလက်ညှိုးညွှန်ကာ
"ကျိုးယွီ(Zhou Yu) နဲ့လူဆု(Lu Su) က သူတို့ဘက်ကလူတွေ သစ္စာဖောက်မှာကို မသိရှာဘူး။ ကောင်းကင်ဘုံက ငါ့ဘက်မှာရှိတယ်" ဟုပြောသည်။ ထိုအခါ "ရွှင်ယို"(Xun You) မှ
"ဝန်ကြီးချုပ် ဆင်ခြင်ပြီးပြောသင့်ပါတယ်၊ ရန်သူတွေသိသွားလိမ့်မယ်" ဟုပြောသည်။
"ချောင်ချောင်း"(Cao Cao) ကရယ်ကာ
"ခင်ဗျားတို့က ကျုပ်ယုံကြည်ရတဲ့မိတ်ဆွေတွေပဲ။ ဘာလို့ဆင်ခြင်ပြီးပြောရမလဲ" ဟု ဆိုသည်။ ထို့နောက် ရှခိုဘက်သို့လက်ညွှန်ကာ
"လျူဘေ့(Liu Bei) နဲ့ ကျူးကဲလျန့်(Zhuge Liang) က သူတို့ရဲ့စစ်သားနည်းနည်းလေးနဲ့ဘာလုပ်နိုင်မှာမို့လို့လဲ။ သူတို့က ရူးသွပ်ပြီး ထိုက်စန်းတောင်ကိုတောင် လှုပ်ခါချင်သေးတယ်" ဟု ပြောပြန်သည်။ ပြီးနောက် သူ၏အမှုထမ်းတို့ဘက်လှည့်ကာ
"ကျုပ်အခု ၅၄ နှစ်ရှိပြီ။ တောင်ပိုင်းပြည်နယ်ကိုသိမ်းနိုင်ရင်တော့ ပျော်စရာပဲ။ ဟိုးအရင်တုန်းက တောင်ပိုင်းပြည်နယ်က ချောင်နယ်စားနဲ့ကျုပ်ရင်းနှီးခဲ့ပြီး သဘောတူညီမှုတွေရှိခဲ့တယ်။ ဒါ့အပြင် သူ့သမီးနှစ်ယောက်ဖြစ်တဲ့ တချောင်(Da Qiao) နဲ့ ရှောင်ချောင်(Xiao Qiao) တို့က အင်မတန်လှပတယ်။ ဒါပေမယ့် သူတို့က စွန်းချဲ့(Sun Ce) နဲ့ ကျိုးယွီ(Zhou Yu) ရဲ့ဇနီးတွေဖြစ်သွားခဲ့တယ်။ အခုတော့ ကျန်းမြစ်နံဘေးမှာ မျှော်စင်ကြီးဆောက်ထားပြီးပြီ။ တောင်ပိုင်းပြည်နယ်ကိုသိမ်းပြီးရင်တော့ ဒီအမျိုးသမီးနှစ်ယောက်ကို ကြေးနီငှက်မျှော်စင်မှာထားပြီး ကျုပ်ရဲ့ကျန်ရှိနေတဲ့နေ့ရက်တွေကို အေးအေးဆေးဆေးဖြတ်သန်းမယ်။ အဲ့လိုသာဆို ကျုပ်ဆန္ဒတွေပြည့်ဝပြီ" ဟုပြောသည်။
ထို့နောက် "ချောင်ချောင်း"(Cao Cao) သည် ကြိုတွေးကာ ပြုံးသည်။

ထိုအချိန်တွင် ကျီးကန်းတစ်ကောင်သည်အသံကျယ်လောင်စွာအာပြီး တောင်ပိုင်းသို့ပျံသွားသည်။ "ချောင်ချောင်း"(Cao Cao) မှ
"ဒီအချိန်ကြီး ဘာကြောင့် ကျီးအာရသလဲ" ဟုမေးသည်။
"လမင်းကြီးက အင်မတန်တောက်ပတော့ သူကနေ့နဲ့မှားပြီး သစ်ပင်ကနေထွက်သွားတာ"
"ချောင်ချောင်း"(Cao Cao) သည်ရယ်ကာ လှံတစ်ချောင်းကိုကိုင်ကာ သင်္ဘောပေါ်တက်ပြီး ဦးပိုင်းတွင်ရပ်ပြီးနောက် အရက်အနည်းငယ်ကို မြစ်ထဲသို့ပစ်လိုက်ပြီး အရက်ကိုဆက်သောက်နေသည်။ ထို့နောက် ထိုလှံကိုချထားလိုက်ပြီး
"ဒီလှံကိုအသုံးချပြီး အဝါရောင်သူပုန်တွေကို နှိမ်နှင်းခဲ့တယ်၊ လွီပု(Lu Bu) ကိုဖမ်းနိုင်ခဲ့တယ်၊ ယွမ်ရှောက်(Yuan Shao) ကို ချေမှုန်းပြီး ယွမ်ရှု(Yuan Shu) ကိုအနိုင်ယူနိုင်ခဲ့တယ်။ သူတို့ရဲ့စစ်တပ်တွေက ကျုပ်လက်အောက်ရောက်လာခဲ့ပြီ။ ဒီလှံက မြောက်ဘက်ဆို လျောင်တုန်းအထိရောက်ပြီး တောင်ဆိုရင် ဒီတောင်ပိုင်းပြည်နယ်အထိခရီးရောက်ခဲ့တယ်။ ဘယ်တော့မှ မကျရှုံးခဲ့ဘူး။ အခု ဒီလိုလှပတဲ့ရှုခင်းကိုမြင်ရတော့ သီချင်းတစ်ပုဒ်ဆိုချင်လာတယ်၊ ခင်ဗျားတို့လည်း ကျုပ်နဲ့အတူဆိုကြပါ" ဟု ပြောပြီး သီချင်းဆိုလေသည်။

'အရက်ခွက်မှာ အရက်တွေပြည့်နေတဲ့အချိန်မှာ သီချင်းလည်းစတင်တယ်
ဒါပေမယ့် ဘဝဆိုတာ တိုတောင်းပြီး ရယ်မောရတဲ့နေ့ရက်ဆိုတာနည်းတယ်
ရေစက်အနည်းငယ်က အလျင်အမြန်ပျောက်သွားသလို ဘဝဆိုတာလည်း အဲ့လိုပါပဲ
ကောင်းကင်ဘုံသခင်ရဲ့အကြည့်အောက်မှာ
လူသားတွေက အကြီးကျယ်ဆုံးဖြစ်ကောင်းဖြစ်မယ်
ဒါပေမယ့် သူ့ရင်ထဲက ဝမ်းနည်းတဲ့အတွေးတွေထွက်လာခဲ့တယ်
စိတ်ထဲကိုဝင်လာတဲ့ဝမ်းနည်းစရာအတွေးတွေကို ရှင်းလိုက်ကြတာပေါ့
Du Kang ချက်ခဲ့တဲ့အရက်လိုမျိုး အကောင်းဆုံးသောအရက်တွေနဲ့ပေါ့
ငါ့ရဲ့ငယ်ရွယ်နုပျိုတဲ့နေ့ရက်တွေ ကျော်လွန်သွားခဲ့ပြီ
ကျန်ရစ်တာက မဖြည့်ဆည်းနိုင်သေးတဲ့ဆန္ဒတွေပဲ
မြေပြန့်လွင်ပြင်မှာ စားခဲ့တဲ့ သမင်သား
ပျော်ရွှင်စွာနဲ့ထပ်စားပြန်တယ်
မြင့်မြတ်တဲ့ ဧည့်သည်တွေအစုံအလင်နဲ့ပေါ့
ငါ့ရှေ့မှာ အင်မတန်တောက်ပတဲ့အနာဂတ်ကြီးရှိနေတယ်
ဒီမြေပြန့်လွင်ပြင်က လမင်းကြီးလိုပဲ
အဲ့နေရာကိုရောက်ဖို့ကြိုးစားတာ အချည်းနှီးဖြစ်ခဲ့တယ်
ဘယ်တော့မှများ ငါ့ဆန္ဒတွေပြည့်ဝနိုင်မလဲ
ဒါကို ဘယ်သူမှမဖြေနိုင်ဘူး.....ဝမ်းနည်းမှုတွေက
ငါ့နှလုံးသားထဲဝင်ရောက်လာပြန်တယ်
ဝေးကွာတဲ့တောင်ပိုင်းနဲ့မြောက်ပိုင်း
ကျယ်ပြန့်တဲ့အရှေ့နဲ့အနောက်
ငါတို့တောင့်တတဲ့အရာကိုရဖို့
သွားတဲ့ခရီးက အချည်းနှီးဖြစ်ခဲ့တယ်
လူသားတွေရင်ထဲက တောင့်တတဲ့အရာ
ပျော်ရွှင်စွာ စကားပြောကြတယ်
နောက် ငါ့နှလုံးသားက လောင်ကျွမ်းနေပြီ
သူငယ်ချင်းဟောင်းတွေက နှုတ်ဆက်ကြတယ်
ကြယ်တွေက လမင်းကြီးရဲ့အရောင်ကြောင့် မှေးမှိန်ကုန်တယ်
ကျီးဟာ တောင်ပိုင်းကိုပျံသန်းပြီးတော့
သစ်ပင်ကို သုံးကြိမ်သုံးခါ ပတ်နေခဲ့တယ်
အနားယူစရာနေရာ ရှာမတွေ့ပဲနဲ့ပေါ့
သူတို့က မြင့်မားတဲ့တောင်ကိုတက်ရလည်းမပင်ပန်းဘူး
နက်နဲတဲ့ရေပြင်ကိုဖြတ်ကျော်ရလည်း မကျေမနပ်မဖြစ်ဘူး
နယ်စားကျိုး(Duke Zhou) ဟာ မနားမနေနဲ့တည်ထောင်နိုင်ခဲ့တယ်
သင်္ဘောရဲ့နောက်ပိုင်းဟာ တိုင်းပြည်ကြီးကိုပိုင်ဆိုင်ရမယ့်သူရဲ့အရာပါပဲ'

အခြားသောလူတို့ကလည်း "ချောင်ချောင်း"(Cao Cao) နှင့်အတူဆိုရာ အင်မတန်နားထောင်ကောင်းလေသည်။ သို့သော် တစ်ဦးသောလူမှ
"ဝန်ကြီးချုပ်၊ စစ်တိုက်ခါနီးမှာ ဘာလို့နိမိတ်မကောင်းတဲ့စကားတွေပြောရတာလဲ" ဟု ပြောသည်။
"ချောင်ချောင်း"(Cao Cao) ကလှည့်ကြည့်လိုက်ရာ ထိုသူမှာ ရန်ကျိုးနယ်စား "လျူဖူ"(Liu Fu) ဖြစ်နေသည်။ သူသည် ဟဲဖေးမှဖြစ်ပြီး စပြီး တာဝန်ထမ်းဆောင်သည့်အချိန်တွင် ကြောက်လန့်နေခဲ့သော တိုင်းသူပြည်သားတို့ကို တည်ငြိမ်အောင်လုပ်ခဲ့ဖူးသည်၊ ထို့အပြင် စာသင်ကျောင်းများလည်း ဆောက်လုပ်ခဲ့သည်။ သူသည် "ချောင်ချောင်း"(Cao Cao) လက်အောက်တွင် အမှုထမ်းသည်မှာ နှစ်အတန်ကြာခဲ့ပြီ။
"ချောင်ချောင်း"(Cao Cao) မှ
"ကျုပ်က ဘယ်လိုနိမိတ်မကောင်းတဲ့စကားတွေပြောမိလို့လဲ" ဟု မေးသည်။
"ဝန်ကြီးချုပ်က လမင်းကြီးက ကြယ်တွေရဲ့အလင်းရောင်ကိုမှေးမှိန်စေတဲ့အကြောင်း၊ ကျီးကန်းက ခိုနားရာမရှိပဲတောင်ပိုင်းကိုပျံသွားတဲ့အကြောင်းစပ်ဆိုထားပါတယ်။ ဒါတွေက နိမိတ်မကောင်းတဲ့စကားတွေပါပဲ"
"ကျုပ် ကြိုးစားပမ်းစားနဲ့ဖွဲ့ထားတာကို အထင်သေးရဲတယ်!"
ထိုသို့ပြောပြီးနောက် "ချောင်ချောင်း"(Cao Cao) သည် သူ၏လှံဖြင့် "လျူဖူ"(Liu Fu) အားသတ်လိုက်သည်။ ဧည့်သည်တို့လည်း ကြောက်လန့်ကာ အလျှိုလျှိုပြန်သွားကြသည်။

နောက်ရက်တွင် "ချောင်ချောင်း"(Cao Cao) အမူးပြေသွားပြီး သူလုပ်ခဲ့မိသည်တို့ကို နောင်တရလေသည်။ သေဆုံးသွားသော "လျူဖူ"(Liu Fu) ၏သားဖြစ်သူ "လျူရှီး"(Liu Xi) ရောက်လာသောအခါ "ချောင်ချောင်း"(Cao Cao) မှငိုကာ
"ကျုပ် မင်းအဖေကိုသတ်မိတဲ့အပြစ်ရှိပါတယ်။ မနေ့က အင်မတန်မူးနေခဲ့ပြီး အဲ့လိုလုပ်မိတာကို ဝမ်းနည်းနောင်တရမိတယ်။ မင်းအဖေကို တိုင်းပြည်ကြီးရဲ့အမြင့်မြတ်ဆုံးဝန်ကြီးတစ်ဦးအနေနဲ့ ဂုဏ်ပြုပါ့မယ်" ဟုပြောပြီး စစ်သားတို့ကိုခေါ်ကာ အလောင်းကို  သူ၏ဇာတိသို့ပြန်သယ်သွားစေပြီး ကောင်းမွန်စွာ မြှုပ်နှံစေသည်။

ရက်အနည်းငယ်ကြာသော် "မောင်ကျဲ"(Mao Jie) နှင့် "ယွီကျင့်"(Yu Jin) တို့ရောက်လာကာ သင်္ဘောတို့ကို သံကြိုးဖြင့်ချီနှောင်ထားပြီဖြစ်ကြောင်းပြောသည်။  ထို့နောက် စစ်ချီတက်ရန် အမိန့်တောင်းခံလေသည်။ ကြည်းရေနှစ်တန်လုံး၏ခေါင်းဆောင်တို့ စုဝေးကြလေသည်။ တပ်ဖွဲ့တိုင်းတွင် မတူညီသောအလံများရှိသည်။ "မောင်ကျဲ"(Mao Jie) နှင့် "ယွီကျင့်"(Yu Jin) တို့သည် ပင်မရေတပ်ကိုဦးဆောင်ကာ အဝါရောင်အလံကိုစိုက်ထူထားသည်။ "ကျန်းဟဲ"(Zhang He) မှာ ရှေ့ပြေးတပ်ကိုဦးဆောင်ပြီး အနီရောင်အလံ၊ "လူချန်"(Lu Qian) သည် အနောက်တပ်ကိုဦးဆောင်ကာ အမည်းရောင်အလံ၊ "ဝင်ဖင်"(Wen Ping)  သည် ဘယ်တောင်ပံ၊ အပြာရောင်အလံ၊ "လီထုံ"(Li Tong) သည် ညာတောင်ပံ၊ အဖြူရောင်အလံ စသည်ဖြင့် အသီးသီးခေါင်းဆောင်ကြသည်။
ကမ်းခြေပေါ်တွင်မူ "ရွှီဟွမ်"(Xu Huang) က မြင်းသည်တော်တပ်၊ အနီရောင်အလံ ၊ "လီတျန်"(Li Dian) ရှေ့ပြေးတပ်၊ အမည်းရောင်အလံ ၊ "ယွဲကျင့်"(Yue Jing) ဘယ်တောင်ပံ၊ အပြာရောင်အလံ ၊ "ရှဟိုယွမ်"(Xiahou Yuan) ညာတောင်ပံ အဖြူရောင်အလံ စသည်တို့ဖြစ်သည်။ "ရှဟိုတွန်း"(Xiahou Dun) နှင့် "ချောင်ဟုန်"(Cao Hong) တို့မှာ အကူတပ်အနေနှင့်ရှိပြီး "ရွှီချူ"(Xu Chu) နှင့် "ကျန်းလျောင်"(Zhang Liao) တို့က အထွေထွေအမှုထမ်းတို့ကိုဦးဆောင်သည်။

အားလုံးပြင်ဆင်ပြီးသည်နှင့် ဗုံတို့တီးစေကာ သင်္ဘောထွက်လေသည်။ သင်္ဘောတို့ကို သံကြိုးတို့ဖြင့်ချီနှောင်ထားသဖြင့် လှိုင်းရေတို့၏လူးလွန့်သောဒဏ်ကိုမခံရသောအခါ စစ်သားတို့သည် ဝမ်းမြောက်ကြလေသည်။ ထိုအရာကို "ချောင်ချောင်း"(Cao Cao) မြင်လျှင် အင်မတန်ပီတိဖြစ်သည်။ ထို့နောက် စစ်တပ်တို့ကိုခဏပြန်လှည့်စေပြီး အကြံပေးတို့ကိုခေါ်ကာ အစည်းအဝေးပြုလုပ်သည်။ "ချောင်ချောင်း"(Cao Cao) မှ
"ကောင်းကင်ကြီးသာ ငါ့ဘက်မှာမရှိရင် ငါ ဇာမဏီငယ်ရဲ့အကြံကိုရနိုင်ပါ့မလား? အခုတော့ သင်္ဘောတွေကို တစ်ခုနဲ့တစ်ခုဆက်ထားတော့ စစ်သားတွေက မြေပေါ်မှာ လမ်းလျှောက်ရသလိုပဲနေမှာ" ဟု ပြောသည်။ "ချန်ယွီ"(Cheng Yu) မှ
"သင်္ဘောတွေကို ဒီလိုချိတ်ထားပေမယ့် ရန်သူတွေရဲ့ မီးနဲ့တိုက်မယ့်ဗျူဟာအတွက် ပြင်ဆင်ထားရမယ်" ဟု ပြောသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) က ရယ်လေသည်။ ပြီးနောက်
"ခင်ဗျားက အဝေးကြီးလျှောက်တွေးလွန်းတယ်။ ခင်ဗျားပြောတာမဖြစ်နိုင်ဘူး" ဟုပြောသည်။ "ရွှင်ယို"(Xun You) မှ
"ချန်ယွီ(Cheng Yu) ပြောတာ နည်းလမ်းကျတယ်။ ဘာလို့ရယ်တာလဲ" ဟုမေးလျှင် "ချောင်ချောင်း"(Cao Cao) မှ
"မီးကိုသုံးရင် လေကိုအားကိုးရမှာပဲလေ။ အခုကဆောင်းရာသီ၊ လေက အနောက်ဘက်ကပဲတိုက်တယ်။ တောင်ဘက်ရော အရှေ့ဘက်ကရော မတိုက်ဘူး။ ကျုပ်တို့က အနောက်မြောက်မှာ၊ ရန်သူက အရှေ့တောင်မှာ။ သူတို့သာ မီးကိုသုံးရင် သူတို့ကိုယ်သူတို့ဖျက်ဆီးရာကျမှာပေါ့။ ဘာမှကြောက်စရာမလိုဘူး။ အကယ်၍ ဒီအချိန်က ၁၀ လပိုင်း ဒါမှမဟုတ် နွေဦးဆိုရင်တော့ မီးဘေးအတွက်ကြိုပြင်ထားရမှာပေါ့" ဟုပြောသည်။ ထိုအခါ လူတို့က
"ဝန်ကြီးချုပ်ကို ဘယ်သူမှဘက်ယှဉ်နိုင်လောက်အောင် ပညာဉာဏ်ကြီးမားပါတယ်" ဟုပြောကြသည်။

"ချောင်ချောင်း"(Cao Cao) မှ
"မြောက်ပိုင်းစစ်တပ်က ရေကြောင်းကျွမ်းကျင်မှုမရှိဘူး။ ဒီလိုကြိုးတွေနဲ့မဆက်ထားရင် ဘယ်လိုမှစစ်ချီနိုင်မှာမဟုတ်ဘူး" ဟုဆိုသည်။ ထိုအခါ လူနှစ်ယောက်မှထပြီး
"ကျွန်တော်တို့က မြောက်ပိုင်းကဆိုပေမယ့် ရေကြောင်းလည်းကျွမ်းကျင်ပါတယ်။ ကျွန်တော်တို့ကိုစစ်တပ်အနည်းငယ်သာပေးပါ။ စစ်တိုက်ရင် ရန်သူတွေကိုဖြိုခွင်းပြီး ရေမှာလည်း ထူးချွန်ကြောင်းသက်သေပြပါ့မယ်" ဟုဆိုသည်။ ထိုပြောသောသူနှစ်ဦးမှာ "ကျောက်ချူ"(Jiao Chu) နှင့် "ကျန်းနန်"(Zhang Neng) တို့ဖြစ်ပြီး "ယွမ်ရှောက်"(Yuan Shao) လက်အောက်တွင် အမှုထမ်းခဲ့ဖူးသူများဖြစ်သည်။
"ရေတပ်က ခင်ဗျားတို့နဲ့သင့်တော်မယ်မထင်ဘူး။ ခင်ဗျားတို့က မြောက်ပိုင်းမှာမွေးပြီး မြောက်ပိုင်းမှာပဲကြီးပြင်းကြတာ။ ကိုယ့်အသက်ကိုယ် ကစားစရာလိုသဘောမထားသင့်ဘူး"
"ကျွန်တော်တို့ ကျရှုံးခဲ့ရင် စစ်တပ်စည်းကမ်းအတိုင်းအရေးယူပါ"
"စစ်တိုက်မယ့်သင်္ဘောတွေအကုန်လုံးကို ကြိုးတွေနဲ့ချည်ထားပြီးပြီ။ ကျန်တာ လှေငယ်လေးတွေပဲရှိတယ်။ အဲ့ဒါတွေနဲ့စစ်တိုက်ဖို့မသင့်တော်ဘူး"
"ကျွန်တော်တို့ကို လှေငယ်တွေပဲ တစ်ယောက်တစ်ဝက်စီပေးပါ။ ပြီးရင်တစ်ဖက်ကမ်းသွားပြီး ရန်သူ့ခေါင်းဆောင်ကိုသတ်ပြီး ပြန်လာပါ့မယ်"
"မင်းတို့ကို လှေအစီးနှစ်ဆယ်၊ လှံစစ်သည်နဲ့ဒူးလေးစစ်သည်ငါးရာ ပေးလိုက်မယ်။ မနက်ဖြန်နံနက်မှာ ပင်မတပ်က မြစ်ပေါ်မှာ အင်အားပြမယ်။ မင်းတို့ကိုကူညီဖို့ ဝင်ဖင်(Wen Ping) နဲ့သင်္ဘောအစီးသုံးဆယ်လွှတ်လိုက်မယ်"
ထိုအခါ ထိုသူနှစ်ဦးတို့လည်း ဝမ်းသာပြီးထွက်သွားလေသည်။

နောက်ရက်မနက်ငါးနာရီအချိန်တွင် "ချောင်ချောင်း"(Cao Cao) ၏သင်္ဘောတို့သည် အဆင်သင့်ပြင်ဆင်ကာ ဗုံတို့ကိုတီးခတ်လေသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် လှေအစီးနှစ်ဆယ်ဖြင့် တောင်ဘက်သို့သွားသည်။ တောင်ဘက်မှလူတို့သည် ဗုံသံကိုကြားသောကြောင့် လှမ်းကြည့်သောအခါ လှေတို့ကိုမြင်လေသည်။ တောင်ပိုင်းမှ "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့က လှေငါးစီးစီဖြင့်ထွက်ကာ ရန်သူနှင့် ရင်ဆိုင်သည်။
သတ္တိနှင့်ကံကိုသာအားကိုးသော "ကျောက်ချူ"(Jiao Chu) နှင့် "ကျန်းနန်"(Zhang Neng) တို့သည် ရန်သူတို့လာသည်ကိုမြင်လျှင် မြားတို့ဖြင့်ပစ်စေသည်။ ထိုမြားတို့ကို "ဟန်တန်"(Han Dang) က သူ၏ဒိုင်းဖြင့်ကာလိုက်သည်။ ထိုအခါ "ကျောက်ချူ"(Jiao Chu) က သူ၏လှံကိုကိုင်ကာ "ဟန်တန်"(Han Dang) နှင့်တိုက်သော်လည်း ပထမအကွက်တွင်ပင် အသတ်ခံလိုက်ရသည်။
"ကျိုးထိုက်"(Zhou Tai) သည် "ကျန်းနန်"(Zhang Neng) နှင့်တိုက်ပြီး "ကျန်းနန်"(Zhang Neng) ကိုသတ်လိုက်သည်။ "ကျန်းနန်"(Zhang Neng) ၏အလောင်းသည်ရေထဲသို့ကျသွားသည်။ အခြားသောလှေတို့သည်လည်း ပြန်လှည့်ပြေးကြသည်။ တောင်ပိုင်းစစ်တပ်ကလည်း အနောက်မှလိုက်ရာ တစ်နေရာအရောက်တွင် စစ်ကူအဖြင့်ရောက်လာသော "ဝင်ဖင်"(Wen Ping) ၏တပ်ဖွဲ့ဖြင့်တွေ့ရာတိုက်ကြလေသည်။

"ဝင်ဖင်"(Wen Ping) သည် တောင်ပိုင်းပြည်နယ်ရေတပ်ဖြင့်မယှဉ်နိုင်မှန်းသိသောအခါ ပြန်လှည့်လေသည်။ "ဟန်တန်"(Han Dang) နှင့် "ကျိုးထိုက်"(Zhou Tai) တို့က နောက်မှလိုက်တိုက်သည်။ သို့သော်လည်း စစ်တပ်တို့အဝေးကြီးအထိရောက်သွားမည်စိုးသဖြင့် "ကျိုးယွီ"(Zhou Yu) က အလံဖြူဖြင့်အချက်ပြကာ ပြန်လှည့်ရန် အချက်ပေးလိုက်သည်။ "ကျိုးယွီ"(Zhou Yu) မှ အခြားသောအမှုထမ်းတို့အား
"မြောက်ပိုင်းသင်္ဘောရဲ့ရွက်တိုင်တွေက သစ်ပင်ကြီးလိုကြီးမားတယ်။ ချောင်ချောင်း(Cao Cao) ကလည်း အင်မတန်ဉာဏ်များတယ်။ သူ့ကိုဘယ်လိုချေမှုန်းရမလဲ" ဟုမေးသည်။ မည်သူမှ ပြန်မဖြေကြပေ။ ထိုအချိန်တွင် လေတစ်ချက်တိုက်လိုက်သောကြောင့် "ချောင်ချောင်း"(Cao Cao) သင်္ဘောပေါ်ရှိအလံအဝါရောင်သည် အောက်သို့ကျသွားသည်။ ထိုအခါ "ကျိုးယွီ"(Zhou Yu) က ရယ်ပြီး
"ဒါ နိမိတ်ဆိုးပဲ" ဟုပြောသည်။


ထိုအခိုက်မှာပင် လေကရုတ်တရတ်တိုက်ပြန်ပြီး ကြီးမားသောလှိုင်းတို့က ကမ်းစပ်ကိုရိုက်ခတ်သည်။ မိမိတပ်ဖွဲ့ရှိအလံကပါ လေကြောင့် တလူလူလွင့်သွားသည်ကိုမြင်သောအခါ "ကျိုးယွီ"(Zhou Yu) သည် အကြောင်းအရာတစ်ခုကို သတိပြုမိလိုက်သည်။ ထို့နောက် ကျယ်လောင်စွာအော်ဟစ်ပြီး ပါးစပ်မှသွေးထွက်ကာ ရုတ်တရတ်မေ့လဲသွားလေသည်။

Comments

Popular posts from this blog

Lookism